ကြက်တွန်သံလေးတွေ - သန်းတင့်

 


ကြက်တွန်သံလေးတွေ


သံလွင်တောင်မှနေ၍ ဂေသရှမန်အရပ်သို့ သွားသည့် လမ်းမှာဟု တမန်တော်ရှင်မဿဲနှင့် ရှင်လုကာတို့ လူစုက မှတ်တမ်းတင်ထားပါသည်။ သံလွင်တောင်ကိုတော့ ဂျေရုစလင်မြို့ အနီးအနား ဖြစ်ကြောင်းကိုသာ ကြား ဖူး၍ အတိအကျ ကျွန်တော်မသိ။ ဂေသရှမန်အရပ်ကိုတော့ နာမည်ကျော် ဂေသရှမန်ဥယျာဉ်နှင့် တွဲ၍ ကျွန်တော် သိနေခဲ့သည်။ ထိုဥယျာဉ်ဝယ် သခင်ယေရှု ငိုကြွေးရင်း နောက်ဆုံး ဆုတောင်းခဲ့သည်မို့ ခရစ်ယာန် ဘာ သာဝင်တို့က အထွတ်အမြတ် ထားကြခြင်း ဖြစ်ပါသည်။ ထိုညသည် ယေရှု ခရစ်တော်၏ နောက်ဆုံးညလည်း ဖြစ်သည်။

အဖမ်းခံ အသတ်ခံရမည့်အရေးကို ကြိုတင် မှန်းဆထားသူမို့ သူ့ အတွက်ကို စိတ်ပူပန်ပုံ မရသော်လည်း သံမှိုတွေကို လက်တွေ ခြေထောက် တွေထဲ ရိုက်သွင်း၊ သူခိုး ဓားပြများကို သတ်သော လူသတ်ကုန်းပေါ်မှာ၊ လက်ဝါးကပ်တိုင်ကြီးပေါ်မှာ နိမ့်ကျကဲ့ရဲ့စရာ သူ မသေချင်ပါဘူး တဲ့။ တခြား လူမြင်သူမြင် ကောင်းသည့် သူလိုငါလို သမားရိုးကျ သေလို့ရရင် သေချင်ပါသတဲ့။ ကိုယ်ချင်းစာတရား မေတ္တာတရားကို လိုက်လံဟောပြော မိ၍ ယခုလို အရှက်ရစရာ အသတ်ခံရသည် ဆိုပါလျှင် သူ့တရားဓမ္မများ ကို အထင်သေးကြတော့မည်မို့ ယခုအဖြစ်ဆိုးကြီးမှ ကျော်လို့ရရင် ကျော် ချင်ပါသည့်အကြောင်း ဆုတောင်းခဲ့သော ဥယျာဉ် ဖြစ်ပါသည်။ ထိုသို့ ဆုတောင်း ငိုကြွေးသည့်အခါ မျက်ရည်နှင့် ချွေးတို့သည် သွေးအဖြစ်သို့ ပြောင်းလဲသွားကြောင်း ကျမ်းစာမှတ်တမ်းများက ဆိုကြပါသည်။ ယနေ့ အချိန် ခေတ်မီ ဆေးပညာများအရလည်း စိတ်ဇောအဟုန် အလွန်ကြီးမား သော အခိုက်အတန့်များတွင် လူတို့၏ မျက်ရည်နှင့်ချွေးသည် သွေးရောင် ဖြစ်သွားတတ်ကြောင်း တွေ့ရှိထားပါသည်။

ကျွန်တော်ပြောလိုသည်က သံလွင်တောင်မှ ထိုဥယျာဉ်ဆီသို့ သူတို့ လာကြစဉ်က အဖြစ်အပျက်လေး တစ်ခုအကြောင်း ဖြစ်ပါသည်။ တပည့် သာဝက ဆယ့်နှစ်ယောက်တွင် စိန့်ပီတာ (ပေတရု) သည် ယေရှု၏ အား အကိုးရဆုံး၊ သစ္စာ အရှိဆုံးနှင့် စိတ်ကြမ်းကိုယ်ကြမ်းကြီး ဖြစ်သည်။ လမ်း တစ်လျှောက် စကားပြောလာကြရင်း ယေရှုက တပည့်သာဝက အရင်းများ ပင်ဖြစ်စေ အကြောင်းတစ်စုံတစ်ရာ ရှိလာပါက သစ္စာဖောက်တတ်ကြောင်း မျက်ကွယ်ပြုသွားတတ်ကြောင်း စသဖြင့် စကားဆိုပါသည်။ ထိုအခါ တမန် တော်များက သူတို့ကို စိတ်ချရပါမည့်အကြောင်း ကိုယ်တော့်အပေါ် ကိုယ် တော်၏ တရားဓမ္မအပေါ် မည်သည့်အခါတွင်မှ မတိမ်းမစောင်း လိုက်နာ ပါမည့်အကြောင်း အထပ်ထပ် ကတိပေးကြ ကျိန်ဆိုကြပါသည်။

ထိုအထဲတွင်မှ စိန့်ပီတာက ဒေါနှင့်မောနှင့် လက်သီးလက်မောင်း တန်းကာ အဆိုးဆုံး ဖြစ်ပါသည်တဲ့။ ကိုယ်တော့်ကို သစ္စာဖောက်မှာ ဘယ် တစ်ယောက်လဲ၊ ပြောပြစမ်းပါ။ သူနဲ့ အရင် စာရင်းရှင်းမယ် ထွက်ခဲ့စမ်း စသည်ဖြင့် စိတ်ကြီးမာန်ကြီး ဒေါသတကြီး အော်ဟစ်နေပါသတဲ့။ ထိုအခါ သခင်ယေရှုက “တခြားလူတွေတော့ ထားလိုက်ပါ ပီတာရေ၊ အခုလို သဲသဲ လှုပ် ချစ်ပြနေတဲ့ မင်းတောင်မှ ငါ့ကို ထားချင် ထားခဲ့မှာပါကွာ”ဟု ပြောပါ သည်တဲ့။ ပီတာကလည်း မည်သည့်အခြေအနေ၊ မည်သည့်အခက်အခဲတို့ ရှိနေသည် ဖြစ်ပါစေ ကိုယ်တော်ကို မစွန့်ပစ်ပါကြောင်း ကတိ အထပ်ထပ် ပေးနေပါတော့သည်။ ခရစ်တော်ကလည်း “အေးပါကွာ၊ မင်းရဲ့ချစ်စိတ် ယုံကြည်စိတ်ကို ငါနားလည်ပါတယ်၊ ဒါပေမဲ့ ဒီနေ့ည ကြက်နှစ်ကြိမ် မတွန် မီမှာတင်ဘဲ မင်းငါ့ကို သုံးကြိမ်တိုင်တိုင် စွန့်ပစ်ငြင်းပယ်လိမ့်မယ် ပီတာ ရေ” ဟု ပြောပါသတဲ့။

ညတစ်ညတွင် ညဉ့်ဦးယံ၌ တစ်ကြိမ်၊ သန်းခေါင်ယံ၌ တစ်ကြိမ်၊ မိုး သောက်ယံ၌ တစ်ကြိမ် ကြက်သုံးခါတွန်တတ်ပါသည်။ ကြက်နှစ်ကြိမ် မတွန်ခင်ဟု သခင်ယေရှုပြောသည်က သန်းခေါင် မကျော်ခင်မှာပင် ပီတာ သူ့ ကို ငြင်းပယ်လိမ့်မည်ဟု ဆိုလိုရင်း ဖြစ်သည်။ ပီတာကတော့ သူ့ဆရာ ပြောသည်ကို ဘယ်လိုမှ လက်မခံခဲ့ပါ။ မကြာမီမှာပင် ယေရှု အဖမ်းခံခဲ့ရ သည်။ ယုဒအနမ်းဟု ရာဇဝင်တွင်ကျန်ရစ်ခဲ့မည့် သစ္စာဖောက်အနမ်းဖြင့် ယေရှုခရစ်တော် အဖမ်းခံခဲ့ရသည်။ ငါသွားပြီး နမ်းပြမယ်၊ အဲဒီလူဟာ ယေရှုပဲ၊ မင်းတို့ ဖမ်းပေတော့ ဆိုသည့် ယုဒဟု ခေါ်သော ရှင်ယုဒကာရုဒ် သည်လည်း တပည့် ဆယ့်နှစ်ယောက်ထဲမှ တစ်ယောက်ပင် ဖြစ်၍ ယုံ ကြည်ရသဖြင့် ဘဏ္ဍာတော်ထိန်း ခန့်ထားသူလည်း ဖြစ်ပါသည်။

ယေရှုကို ကြိုးများဖြင့် တုပ်နှောင်၍ ရိုက်ပုတ်ကြ၊ ကန်ကျောက်ကြ၊ ကျောက်ခဲများဖြင့် ပစ်ပေါက်ကြ၊ အရူးအသွမ်းအဖြစ် စွပ်စွဲပြောဆိုကြ၊ တချို့လူများက သေဒဏ်ပေးရန်ပင် တောင်းဆိုကြပါသည်။ တပည့်များ လည်း လွတ်ရာကျွတ်ရာ ရှောင်တိမ်း ပုန်းခိုနေကြပြီး ကိုယ်လွတ်ရုန်းသွား ကြသည်။ မရုန်းလျှင်လည်း သူတို့၏ အသက်အန္တရာယ်ပါ စိုးရိမ်ရသည့် အခြေအနေမို့ ယေရှုနှင့် သူ့သစ္စာ သူ့ဓမ္မကို မည်မျှလောက် ချစ်သည်ပင် ဖြစ်စေ ဒုတိယနေရာကိုသာ ပို့ထားလိုက်ကြရသည်။

ပီတာတစ်ယောက်သာ သွေးသံရဲရဲနှင့် အနှိပ်စက် ခံနေရသော သူ့ ဆရာနှင့် ခပ်လှမ်းလှမ်းမှာ တဝဲလည်လည်။ အနီးအပါးသို့လည်း မကပ်ရဲ၊ သူ့ကိုပါ ဖမ်းသွားကြမှာ သူစိုးရိမ်နေမိသည်။ အမှုစစ်မည့်နေရာကို ရောက် တော့လည်း လူအုပ်ကြီးနှင့် ရောယောင်ပြီး ခပ်လှမ်းလှမ်းမှာပင် မီးလှုံ၍ အခြေအနေ ကြည့်နေရပါသည်။

ထိုအခါ လူအုပ်ထဲမှ အမျိုးသမီးတစ်ယောက်က ရှင်လည်း အဲဒီ အရူးနဲ့ တစ်ဖွဲ့တည်း မဟုတ်လားဟု စိန့်ပီတာကို လာမေးပါသည်တဲ့။ ပီတာကလည်း ပျာပျာသလဲဖြင့် မဟုတ်သည့်အကြောင်း ငြင်းပါသည်။ ထို့နောက် မကြာမီပင် ရှင်လည်း ဟိုလက်သမားဆရာသား ယေရှုနောက် ကို လိုက်နေတာမဟုတ်လား၊ ရှင်တို့က ဂါလိလဲ စကားပြောတဲ့ တစ်နယ် တည်းသားတွေ မဟုတ်လားဟု တစ်ယောက်က ထပ်မေးလာပြန်ပါသည်။ ပီတာကလည်း မဟုတ်သည့်အကြောင်း အဲဒီလူနှင့် ဘာမှ မဆိုင်သည့် အကြောင်း စိတ်ဆိုးမာန်ဆိုးဖြင့် ငြင်းပြန်ပါသည်။ နောက်ထပ်တစ်ခါ သုံးကြိမ်မြောက် အမေးခံရပြီး၊ စိန့်ပီတာကလည်း သုံးကြိမ်မြောက် ခါးခါးသီးသီး ယေရှုခရစ်တော်အပေါ် ငြင်းပယ်အပြီးတွင် သန်းခေါင်ကြက်တွန်သံ ထွက် ပေါ်လာပါသည်။

ထိတ်လန့်တုန်လှုပ်စွာ သူ့နားဖြင့် ဆတ်ဆတ် ကြားလိုက်ရပြီး သူ့ ဆရာကို အားနာစိတ်မကောင်းစွာ လှမ်းကြည့်သည့်အခါ ယေရှုကလည်း သွေးသံတရဲရဲကြားမှ သိမ်မွေ့သော၊ နူးညံ့သော၊ စာနာခွင့်လွှတ်သော အကြည့်များဖြင့် ပြန်ကြည့်နေပါသတဲ့။ ထိုအခါ လူကြမ်းကြီးတစ်ယောက် ချုံးပွဲချငိုပါတော့သည်။ ထိုကြက်တွန်သံလေးကြောင့်ပင် ခရီးလွန်သွားသော ပီတာ အချိန်မီ ပြန်ရောက်လာခဲ့ပါသည်။ ခရစ်ယာန်သာသနာ၏ သမိုင်း တွင် အလွန်အရေးပါသော ကြက်တွန်သံလေး ဖြစ်သည်ဟု ကျွန်တော် တော့ ထင်မိသည်။ သူ့ဆရာ အသတ်ခံရပြီးသည့် နောက်ပိုင်း ချစ်ခြင်း မေတ္တာနှင့် ကိုယ်ချင်းစာတရားကို ပီတာ ဆက်လက် သယ်ဆောင်ခဲ့ပါသည်။ နောက်ဆုံး အဖမ်းခံရပြီး အသတ်ခံရခါနီးမှာပင် ပီတာ ဘယ်ကိုမှ ထွက် မသွားခဲ့တော့ပါ။ ထိုကြက်တွန်သံလေးကို ကြားခဲ့ရသည့် ညမှ စ၍ ပီတာ တစ်ယောက် အချိန်မီ ပြန်လာနိုင်ခဲ့သည်ဟု ဆိုရပါမည်။ ထို အခြေအနေ မျိုး၊ ထိုကဲ့သို့ အသက်နှင့် ဘဝနှင့် ရင်းနေရသော ညမျိုးတွင် စိန့်ပီတာ့ နေ ရာမှာ မင်းသာ ဖြစ်နေမည် ဆိုလျှင်ရော ခရစ်တော်ကို ငြင်းပယ်မိမှာလား ဟု ကျွန်တော့်ကိုယ် ကျွန်တော် ပြန်မေးနေမိသည်။

ကျွန်တော်တို့လည်း အကြောင်းတစ်ခုခုကြောင့် မျက်စိစုံမှိတ်၍ ငြင်း ပယ်ခဲ့ကြဖူးပါလိမ့်မည်။ စီးပွားဥစ္စာအတွက်၊ ဂုဏ်မာနအတွက်၊ အသက် အန္တရာယ်နှင့် တခြားပြဿနာပေါင်း သောင်းခြောက်ထောင်အတွက် ချစ် လျက်ခင်လျက်လည်း ဇွတ်မှိတ် ငြင်းပယ်လိုက်ရတာမျိုး ကြုံဖူးသူများ ရှိပါ လိမ့်မည်။ တချို့ကလည်း နိုင်ငံရေး အလှည့်အပြောင်းကြောင့် ဒီလူကို မသိပါဘူး မဆိုင်ပါဘူးဟု ငြင်းပယ်လိုက်ကြတာတွေ ရှိပါသေးသည်။ တချို့ဆို လျှင်လည်း မိဘအရင်းခေါက်ခေါက်ကိုပင် ပညာမဲ့၍၊ ဥစ္စာမဲ့၍၊ စာရိတ္တ မဲ့၍၊ ကိုယ်ခန္ဓာ ချို့ယွင်း၍ စသဖြင့် အကြောင်းကြောင်းကြောင့် ငြင်းပယ် ပစ်လိုက်ကြတာမျိုး ကိုယ်တိုင် တွေ့ခဲ့ရဖူးပါသည်။ တချို့ကတော့ ကြက် တွန်သံ ကြားသော်လည်း ဆက်လက် ငြင်းပယ်နေကြသူများရှိသလို၊ သန်းခေါင် ကြက်တွန်သံလေးကြောင့် ဂငယ်ကွေ့ ကွေ့လာကြသူများလည်း ရှိနေတတ်ပါသေးသည်။

ပီတာအကြောင်းကို ဖတ်မိရင်း ကိုလိုနီခေတ်က ကျွန်တော့်တို့ မိတ် ဆွေကြီး မင်းကတော်ညွန့်မေကို ဘာမဆိုင် ညာမဆိုင် သတိရမိလိုက်ပါ သည်။ မညွန့်မေကို အရင်က ကျွန်တော် အလွန်မုန်းပါသည်။ အကြော် သည် အမေအိုကို ပစ်ထားရက်သော၊ ငြင်းပယ်ရက်သော ဆရာကြီးဦးဖိုး ကျား၏ ကိုယ်တွေ့ဝတ္ထုမှ မင်းကတော်ညွန့်မေကို ကျွန်တော့် ငယ်စဉ်ဘဝ ၌ ဘယ်လိုမှ နားလည်ပေးလို့ မရခဲ့။ ဒီအမေ ဒီသမီးမှအပ တခြား ဘာမှ မရှိသော သူတို့ဘဝတွင် မင်းကတော်ညွန့်မေက သူ့အမေကို ငြင်းပယ်လိုက် မိပါသည်။

အကြော်သည်အမေ ဆင်းဆင်းရဲရဲကို ပညာမဲ့ ဂုဏ်ဒြပ်မဲ့ကို သူ့ချစ် သူ သူ့ခင်ပွန်းလောင်း မြို့အုပ်မင်းနှင့် သူတို့၏ အသိုင်းအဝိုင်းရှေ့ကို ခေါ် မလာရဲရှာပါ။ သူ့အဒေါ် သူ့အစေအပါး ဟုသာ သူ ဆိုပါသည်။ ဒီအမေ ကြောင့် တစ်ခုခု လွဲချော်ခဲ့လျှင် သူ့ချစ်သူနှင့် ကွဲရတော့မည်။ သူ့ဘဝတက် လမ်း သူ အင်မတန် ဖြစ်ချင်သော အထက်တန်းစား မင်းကတော် ဖြစ်မည့် အရေးကို စွန့်လွှတ်ရတော့မည်။ ထိုသို့ ဘေးကျပ်နံကျပ် အခြေအနေတွင် မင်းသာ ညွန့်မေ ဆိုလျှင်ရောဟု အခုအချိန်တွင်မှ ကျွန်တော် ကိုယ့်ကိုယ် ကိုယ် ပြန်မေးနေမိသည်။ ခင်ဗျားတို့သာ ညွန့်မေ ဆိုလျှင်ရော ဟုလည်း ဒီနေရာက တစ်ဆက်တည်း မေးလိုပါသေးသည်။

တစ်ချိန်ချိန်တွင်မှ တဖြည်းဖြည်း အသိပေး၍ သူ့အမေကြီးကို စောင့် ရှောက်ရန် စိတ်ကူး ညွန့်မေမှာ ရှိခဲ့သည်ဟု ယခုအခါ ကျွန်တော် ယုံကြည် နားလည်နေခဲ့ပြီ။ သန်းခေါင်ကြက်တွန်သံကို ရေထမ်းကုလားလေးထံမှ ကြားရသောအခါ စိန့်ပီတာကြီး ငိုသလို ညွန့်မေ ငိုခဲ့ပါသည်။ သူ မချစ်ဘဲ သူ တစ်ခုခု သူ့အမေအတွက် စီစဉ်ထားတာ မရှိဘဲ ညွန့်မေ သည်းသည်း ထန်ထန် ငိုလိမ့်မည်ဟု ကျွန်တော် မထင်ပါ။

သူ့အမေ မရှိရှာတော့သည့် အကြောင်း ပြောသည့်အခါ ညွန့်မေ ငို သည်။ ကုလားလေး၏ ဗမာစကား မပီတပီဖြင့် ပြောပြသော အစ်မကြီးက မျက်ရည်တွေလည်း ကျနေတယ်နော် ဆိုသည့်အခါ ညွန့်မေ ပို၍ ငိုသည်။

“သမီး ညွန့်မေ၊ အမေသိဘီ” ဟု သတ်ပုံမမှန် စာသွားစာလာ ပုံပန်းမကျ သော အကြော်သည်မကြီး၏ နောက်ဆုံးစာလေးကို ဖတ်ရင်း ညွန့်မေခမျာ ဆို့ဆို့နင့်နင့်ပင် ငိုနေရှာခဲ့သည်။

ထိုသို့ဖြင့် သန်းခေါင်ကြက်တွန်သံ ကြားသောအခါ ညွန့်မေ တစ် ယောက် ရောက်ရာအရပ်မှ ပြန်လာခဲ့ပါသည်။ မင်းကတော်ညွန့်မေသည် တွေ့သည့် လူတိုင်းကို သူ့အဖြစ်အပျက်ကို ပမာထား၍ သူ့ငြင်းဆိုခဲ့မှုနှင့် နောင်တတရားကို ဟောပြောနေတတ်သည်ဟု ဆရာကြီး ဦးဖိုးကျားက ကိုယ်တွေ့မှတ်တမ်းတင်ထားပါသည်။ ယေရှုခရစ်တော်၏ ချစ်ခြင်းမေတ္တာ အကြောင်းနှင့် အကြော်သည်မကြီး၏ မိခင်မေတ္တာအကြောင်းကို စိန့်ပီတာ နှင့် မညွန့်မေတို့ ထွေးပွေ့သယ်ဆောင်ရင်း ရဲရဲရင့်ရင့် ချီတက်လာခဲ့သည့် အကြောင်းကို ဘာမဆိုင် ညာမဆိုင် ကျွန်တော် ဆက်စပ်စဉ်းစားရင်း ကြည်နူးနေမိပါသည်။ ကျွန်တော်တို့တွင်လည်း အကြောင်းကြောင်းကြောင့် ပစ်ပယ်ထားခဲ့မိသည့် ချစ်ရသူများ ရှိကို ရှိနေကြပါလိမ့်မည်။ အကြောင်း ကြောင်းကြောင့် သူတို့ကို တန်ဖိုးထားရန် မေ့လျော့နေခဲ့သော အချိန်များ ကျွန်တော့်မှာလည်း ရှိခဲ့ဖူးသည်။

ကျွန်တော့်အမေကိုပင် သူဆုံးသည့် ဇူလိုင်လ ၃၀ ရက် (၂၀၁၇) အထိ နှစ်ပေါင်း ဆယ်စုနှစ်နှင့် ချီ၍ နှစ်ရှည်လများ ကျွန်တော် ခါးခါး သီးသီး ငြင်းပယ်ခဲ့ဖူးပါသည်။ ရိုင်းစိုင်းနိမ့်ကျစွာ ထိုသို့ပင် အမှန်တကယ် ကျွန်တော် လျစ်လျူရှုခဲ့ဖူးတာ ဝန်ခံရပါသည်။ နာမကျန်းဖြစ်သည့်အခါတွင် တော့ အတတ်နိုင်ဆုံး ပြုစုကုသပေးခဲ့သည်။ ဆုံးမည့်ညက ဗိုလ်တထောင် ဆိပ်ကမ်းရှိ ဆရာနွေလယ်နေ၏ ရုံးခန်းတွင် ခေတ္တခဏ ကျွန်တော် ရောက် ရှိနေခဲ့သည်။ ဆရာပင်စင်ယူသည့် နှုတ်ဆက်ညဖြစ်၍ ကျွန်တော်နှင့် ကိုနှင်း ခါးမိုးကို ဖိတ်သဖြင့် မေမေ့ကို ညီမနှင့်ထားခဲ့ပြီး ခဏလာခဲ့တာဖြစ်သည်။

ဆရာတို့ထံမှ ပြန်လာသည့်လမ်းတွင်ပင် မေမေဆုံးသွားပြီ ဖြစ် ကြောင်း ဖုန်းဝင်လာခဲ့သည်။ ကျွန်တော့်ငယ်ဘဝ အစိတ်အပိုင်း တချို့ကို သိသော ပန်ဒိုရာထံနှင့် ကိုနှင်းခါးမိုးထံသို့ အကျိုးအကြောင်း ဖုန်းဆက် ပြောလိုက်ပြီးသည့်နောက် မေ့မေ့အတွက် တစ်ခုခုလုပ်ပေးချင်သော စိတ် ပေါ်လာမိသည်။ ထိုသို့ဖြင့် အင်းစိန်ဆေးရုံ ရေခဲတိုက်ထဲသို့ ရောက်နေပြီဖြစ်သော မေမေ့အတွက် ‘ချမ်းနေလား မေမေ” ကဗျာကို ရေးပြီး ကျွန်တော့် ဆိုရှယ်မီဒီယာပေါ်တွင် ထိုညက တင်ဖြစ်ခဲ့သည်။ သူများတွေထက် မေမေ က ပို၍ ချမ်းတတ်တာ သတိတရရှိနေခဲ့သောကြောင့် ဖြစ်ပါသည်။ မိုးရော လေရော သဲသဲမဲမဲ ရွာနေခဲ့သော ညဖြစ်သဖြင့် ကြက်တွန်သံလေးများကို တော့ ကျွန်တော် သတိမထားနိုင်လိုက်မိပါ။

◆︎

ချမ်းနေလား မေမေ


ချမ်းနေလား မေမေ

ရေခဲတိုက်ကို တွန်းသွားတဲ့လှည်းသံ တကျွီကျွီက

သိပ်ဆူလွန်းတာပဲ

မေမေ မကြိုက်ဘူးမဟုတ်လား

ကျွန်တော့်ဂစ်တာလေး မေမေကြိုးလျှော့ထားဖူးခဲ့သလို

ဆူဆူညံညံတွေ မကြိုက်ဘူးမဟုတ်လား မေမေ။

ဆေးရုံဘေးက ညောင်မုတ်ဆိတ်ပင်လေး

မိုးထဲလေထဲ

ပျာယာခတ်နေတာ တွေ့တော့လည်း

မေမေကြောက်တတ်တာ ကျွန်တော် သတိရမိပြန်ရော။

တစ်ယောက်တည်း မဟုတ်ပါဘူး မေမေရဲ့

ညီမလေးလည်း ပါတယ်လေ

ကြက်ပေါင်းရည်ပုလင်းလေး ယောင်နနကိုင်လို့

အဲဒါထားခဲ့လေ ဆိုတော့

မေမေ ဆက်သောက်ရအောင်တဲ့

ဒီကောင်မလေး တုံးအလွန်းတာ မေမေ သိမှာပါ။

ပင်လယ်ငါးများများနဲ့ ချက်တဲ့ မုန့်ဟင်းခါးကို

မေမေကြိုက်တာ သူသိသားနဲ့

ဒီကောင်မလေးဟာ တုံးအလွန်းတယ် မေမေရယ်။

ဒါနဲ့ပြောရဦးမယ် မေမေ

နောက်ဆုံး နှာခေါင်းပိုက်တွေ ဖြုတ်တုန်းက

ကျွန်တော့်ကို အကြာကြီးကြည့်နေတာ တစ်ခုခုပဲလို့

ထင်တော့ ထင်မိသား။

နောက်ပြောင်တတ်လွန်းတဲ့ သားကြီးပါမေမေရဲ့

ခွင့်လွှတ်တတ်လွန်းတဲ့ သားကြီးပါမေမေရဲ့

ဘယ်ပန်းဖြစ်ဖြစ် ဘုရားတင်လိုက်မှာပါ မေမေရဲ့

စိတ်ချပါ ညီမလေးကြားအောင် ကျွန်တော်မငိုပါဘူး။

ချမ်းနေတော့မှာပဲ မေမေတော့လေ။

မကြာပါဘူး မေမေရယ်

သိပ်နွေးထွေးတဲ့ လွင်ပြင်လေးတစ်ခုရယ်

ဦးဦးဖျားဖျား နေရောင်ဇာပါးလေး တစ်လွှာရယ်

ကျွန်တော်တို့ ပို့လိုက်မယ်နော်။

ကြည့်စမ်း ဆံပင်တွေပြေပြီး

သံချေးအထပ်ထပ် ခုတင်ပေါ်ကတောင်

မေမေ့ပြုံးနေပုံက အကြီးကောင်ကတော့ အပြောပဲ

လုပ်ရင်သာ အလွဲလွဲ အချော်ချော်လို့

မေမေ ပြောချင်တာ မဟုတ်လား။

သိတာပေါ့

ကိုယ့်ကိုမွေးတဲ့အမေပဲ သိတာပေါ့။

စိတ်ချပါမေမေရေ

သစ္စာပန်သုံးပွင့်၊ ဆီမီးတောက်ပန်း သုံးပွင့်

မေမေ့အကြိုက် ကံ့ကော်မရလည်း

ခတ္တာပန်းလေး သုံးပွင့်ဆို ပြည့်စုံတယ် မဟုတ်လား

ဆုတောင်းတာတော့ ညီမလေးက တော်တယ်လေ။

ကျွန်တော်က မေမေသင်လို့မှ မယုံတာ

ဘယ်တတ်ပါ့မလဲ

ခေါင်းကိုဖွဖွလေးထုလို့ မေမေပြောတတ်တဲ့

ဒိဋ္ဌိလေးပေါ့။

ဒါပေမဲ့ ဒီတစ်ခါ ယုံရမယ်လေနော်

မေမေချမ်းနေမှာတော့ စိုးရိမ်တယ်။

သူစိမ်းတွေနဲ့ တွေ့တဲ့အခါ

ကျွန်တော်သီချင်းဆိုကောင်းတာတို့

လက်ရေးလှတာတို့

မူလတန်းလောက်ကတည်းက နောက်ပိုးတတ်နေပြီတို့

မပြောနဲ့နော် မေမေ။

ဒီကလူတွေတောင် အကောင်းကြီးပဲ ပြောလို့ မယုံတာ

အဲဒီမှာဆိုရင် ရှေ့ဖြစ်နောက်ဖြစ်

သိပ်သိတဲ့လူတွေချည်းပဲတဲ့

တော်တော်ကြာ မေမေရှက်စရာ။

ကမ္ဘာပေါ်မှာ မေမေအလှဆုံးဆိုတာ

ကျွန်တော်နဲ့ ညီမလေးသိသလို

မေမေသိထားတာတွေ တိတ်တိတ်လေးနေ

ကျွန်တော်က အတော်ဆုံး

ညီမလေးက ကျစ်ဆံမြီးကျစ်တဲ့အခါ အကောင်းဆုံးဆိုတာတွေ

တိတ်တိတ်လေးသာနေ။

ချမ်းနေသေးလား မေမေ

မျက်လုံးလေး မှိတ်ထား တိတ်တိတ်လေးသာနေ။

ပြီတော့ ကျွန်တော်တို့ပို့မယ့် လွင်ပြင်နွေးထွေးလေးကိုစောင့်

တိတ်တိတ်လေးသာစောင့်။

အမျှ အမျှ လို့

အသံစူးစူးနဲ့ ဆိုရင် ညီမလေးအသံဆိုတာ

မေမေမှတ်မိမှာပါ

ကျွန်တော်က မေ့မေ့ဂီတလုလင်လေးပဲဟာကို

နွေးပါစေ နွေးပါစေ ကျွန်တော့်မေမေ နွေးပါစေလို့

သီချင်းလေးစပ်ပြီး ပို့မှာပေါ့။

ချမ်းနေတုန်းလား မေမေ။


(ဖက်ရှင်မဂ္ဂဇင်း၊ အောက်တိုဘာလ၊ ၂၀၁၇]

◆︎◆︎◆︎

Comments