ကိုယ့်ဘဝ ကိုယ်ပဲပျော်
လွန်ခဲ့သောလက တစ်ခုသော နေ့လယ်ခင်းဝယ် ကျွန်တော်သည် မြေနီကုန်းသို့ ကိစ္စတစ်ခုနှင့် သွားရင်း ဓနိရည်ဆိုင်ရှေ့ ဖြတ်လျှောက်မိသည်၌ ထိုဆိုင်မှ သင်းပျံလာသည့် ကဇော်ရနံ့သည် ကျွန်တော်၏ အတိတ်ဘဝကို ရုတ်တရက်သတိရစေစဉ်မှာပင် “ဗျို့ … ကိုကြင်ဆွေကြီးရဲ့ အတိတ်ကို အတိတ်မှာပဲ ထားတော့မှာလား။ ဒီများ ခဏမဝင်တော့ဘူးလား”ဟူသော သရော်တော်တော်အသံကို ကြားရ၍ လှမ်းကြည့်လိုက်တော့ ကျွန်တော်၏ မိတ်ဆွေဟောင်းကြီး နှစ်ယောက် ...။
အခုန လှမ်းပြောလိုက်သူက ကိုမြဟန်။ နောက်တစ်ယောက်က ကုလား အပ္ပနား ...။ သူတို့ ဓနိရည်ဆိုင်တံစက်မြိတ်အောက် မြေပြောင်ပြောင်တွင် မျက်နှာချင်းဆိုင် ထိုင်လျက်၊ သူတို့ရှေ့မှာတော့ ပလတ်စတစ်ခွက်ကလေး တစ်လုံးစီနှင့်၊ အလယ်ခေါင်က ဓနိရည်ပုလင်းငယ် ခေါင်းပြတ်ကလေးတစ်လုံး၊ ဓနိရည်က ဖင်ကပ်။ ယခု ဘီဘီအယ်လ်ခေတ်တွင် သောက်ခွက်သည် ရှေးတရုတ်လိုင်စင်စီများ လက်ထက်တုန်းကလို ပုလင်းဖင်ပြတ်များ မဟုတ်။ ပလတ်စတစ်ခွက်များကို သပ်သပ်ရပ်ရပ် ထုတ်၍ ပေးထားသော်လည်း ဓနိရည်ထည့်သော အာတားဝင် ဘိလပ်ရည် ပုလင်းဖြူများကိုကား မညီမညာ ခေါင်းများကိုရိုက်ချိုးထား၏။ ဤပုလင်းမျိုး အကောင်းဖြစ်၍ ရောင်းစားသော် ၁၅ ပြား၊ပြား ၂ဝ ရသောကြောင့် အသောက်သမားတွေ လစ်လစ်သွားတတ်ကြသဖြင့် ဖျက်ဆီးထားရခြင်း ဟူလို။
ဘုံဆိုင်တို့မည်သည် ကျက်သရေတော့ တစ်မျိုးမဟုတ် တစ်မျိုးတော့ တုံးရသည်သာ။ ဤကျက်သရေတုံးသော ဌာနမျိုးမှာပင် ကျွန်တော်လည်း နှစ်ပေါင်း များစွာ ကျက်သရေတုံးခဲ့သူဖြစ်ရာ ကျွန်တော်၏ အတိတ်ဘဝကို မမေ့ပါ။ အတိတ်က မိတ်ဆွေများကိုလည်း မပစ်ပယ်ပါ။ ထို့ကြောင့် ကျွန်တော် သူတို့ဆီဝင်ကာ သူတို့နှင့် ဖိုခနောက်ဆိုင် ထိုင်လိုက်ပြီး ...
“ခုန ကိုမြဟန်ပြောလိုက်တဲ့ စကားလေးက ချွန်ပါ့ဗျာ …ကျွန်တော့်ဘဝင်ကို ခိုက်သွားတာပဲ ..”
ကိုမြဟန်သည် သူတို့လက်ကျန် ပုလင်းဖင်ကပ်ကလေးကို ခွက်ထဲငှဲ့ပြီး ကျွန်တော့်ပေးရင်း ...
“မသိပါဘူးဗျာ၊ ကိုကြင်ဆွေကနေပြီး နိုင်ငံကျော် ဦးသော်တာဆွေ ဖြစ်သွားတော့ ဒီဓနိရည်များ ဘာရည်တွေလဲ မေးနေဦးမလားလို့ …”
“ကျွန်တော် ငယ်ကကြိုက်ကို ဘယ်မေ့မှာတုန်းဗျ”ဟု ပြောပြီး သူပေးသော ခွက်ကို အားရပါးရ ယူမော့ပစ်လိုက်တော့မှ ဘာမျှမပြောသေးသော အပ္ပနား က ပြုံးပြုံးကြီး ကြည့်နေရာမှ ...
“ဟေး ...မြဟန်၊ ကြင်ဆွေ မမိုက်သေးပါဘူးကွ”
အပ္ပနားသည် ဂေါ်ရင်ဂျီကုလားအစစ်ဖြစ်သော်လည်း ဗမာလို ပီသရုံမက သီချင်းတောင် ကျအော ဆိုတတ်သူ ဖြစ်၏။
သူတို့၏ ပုလင်းငယ်ကို ကျွန်တော်နောက်ဆုံးရှင်းပြီးနောက် သူတို့၏ ဆန္ဒနှင့် ကျွန်တော်၏တာဝန်ကို သိသည်ဖြစ်၍ ...
“ဟေးလူတွေ ခင်ဗျားတို့ ဖောင်ကို သောက်ကြပါလားဗျ”
ဖေါင်ဆိုသည်မှာ ကွပ်ပုလင်းဖြူကြီးထဲက ဓနိရည်ကို အပေါ်က ဖော့ဆို့ ကြိုးသိုင်းနှင့် လေလုံအောင် ပိတ်ထား၍ ဖွင့်လိုက်သော် ဘီယာလိုအမြှုပ်များဝေကာ အရသာရှိသော ဓနိရည်အကောင်းစား ဖြစ်၏။ အခုန သူတို့သောက်နေကြသည့် ပုလင်းငယ်က ပြား ၂ဝ၊ ဤဖေါင်ပုလင်းကြီးက ပြား ၅ဝ၊ ထို့ကြောင့် အပ္ပနားက…
“ဟ ...ကြင်ဆွေရာ ...ဖောင်မတတ်နိုင်လို့ ဒါလေးသောက်နေရတာပေါ့ ကွ …မင့်မလဲ …ငါ့လခွေး ...”
ကျွန်တော် ကျပ်တန်တစ်ရွက်ထုတ်ပေး၍ ...
“ရော့ ...ကိုမြဟန် ယူချေဗျာ ...”
ကိုမြဟန်ရော အပ္ပနားပါ ကျွန်တော့်ထက် ၁ဝနှစ်မျှ ကြီးကြပေသည်။ ကျွန်တော်နှင့်သူတို့ ဂျပန်ခေတ်ဦးက စတင်သိကျွမ်းကြစဉ်က ကျွန်တော်က အသက် ၂ဝလောက်၊ သူတို့ ၃ဝ မျှ။ထို့ကြောင့် ကျွန်တော်က ကိုမြဟန်ကို ခင်ဗျား ကျွန်တော်ပြောရသည်။ အပ္ပနားကိုတော့ ကုလားမို့ ကျွန်တော်က (အများနည်းတူ) မင်း၊ ငါပဲပြောသည်။ အပ္ပနားကလည်း ကျွန်တော့်ကို ဒီလိုပဲ ပြောသည်။
ယခုဆို ကျွန်တော့်အသက်က ၄၅ ရှိ၍ သူတို့လည်း ၅၅ ရှိကြပေမည်။ သို့သော် သူတို့ဘဝကား ဟိုတုန်းက အတိုင်းပင်။
ကိုမြဟန်ကား ဟိုယခင်ရှေး အင်္ဂလိပ်ခေတ်ကပင် စမ်းချောင်းရပ်တွင် မြင်းလှည်းသမားဖြစ်ခဲ့၍ ကျွန်တော် ဂျပန်ခေတ်က မြင်းလှည်းသမားဘဝ ရောက်သည်၌ ကျွန်တော့်ဆရာဖြစ်ခဲ့ဖူးပါသည် ဆိုလည်း မမှားပေ။ အပ္ပနားကား ဒိုဘီ ကုလားဖြစ်၏။ ယင်း၌ ဒိုဘီကုလားနှင့် မြင်းလှည်းသမားတွေ ဘယ်လိုများ အကြောင်းဆက် ပေါင်းဖက်ကြပါသနည်းဟူသော မေးခွန်းလာလိမ့်မည်။ အဖြေကတော့့ လွယ်ပါ၏။ ဒိုဘီကုလားလည်း အသောက်သမား၊ မြင်းလှည်းသမားလည်း အသောက်သမား၊ အသောက်သမားချင်းသည် ဘယ်လိုပဲ ဘဝခြားခြား ပေါင်းသင်း၍ ရသည်မှာ ဓမ္မတာတည်း။ထို့အပြင် အပ္ပနားသည် ကျွန်တော်တို့၏ မြင်းလှည်း အသင်းဝင်။
“ဟဲ - ဟဲ ဘယ့်နှယ် ဒိုဘီကုလားက မြင်းလှည်းအသင်းဝင် ဖြစ်ရတာတုန်း။ အလန့်တကြား မေးစမ်းပါဦးတော့”
မအံ့သြပါနဲ့ ခင်ဗျာ။ အဲသည်ခေတ် အဲသည်အခါမှာ ခေါက်ဆွဲတရုတ်လည်း မြင်းလှည်းအသင်းဝင် ဖြစ်နေရတာပဲ။ ဒန်ပေါက်ကုလား၊ လက်ဘက်ရည် ဆိုင်သမားတွေလည်း မြင်းလှည်းအသင်းဝင် ဖြစ်ရတာပဲ။
အတိုချုပ်ပြောမယ်ဗျာ။ ကျွန်တော်တို့၏ မြင်းခေါင်းတံဆိပ် မြင်းလှည်း အသင်းကြီးတည်ရာ စမ်းချောင်းရပ်ကွက်၊ မြင်းလှည်းဂိတ်အနီး ရှမ်းလမ်းမကြီးနှင့် ဗားဂရာလမ်းဖြတ်သန်းရာ လမ်းလေးမြွှာ ဘေးမှာရှိသည့် မုန့်ဟင်းခါးဆိုင်ကအစ ကျွန်တော်တို့ မဟာမြင်းလှည်း အသင်းကြီးကို ဝင်ကြရ၏။ ဝင်ကြေးပေးကြရ၏။ လစဉ်ကြေးပေးကြရ၏။
“မဆီမဆိုင်ကွယ် မဝင်ဘဲနေတော့ ဘာဖြစ်လဲ”ဟု မေးအံ့။
အန္တရာယ် သိပ်ကြီးတယ်။ ညအချိန်တွင် ဆိုင်မှာ အမူးသမားတွေ ရုတ်ရုတ် ရုတ်ရုတ်လည်း ဖြစ်တတ်တယ်။ မြင်းလှည်းအသင်း ဝင်ထားလိုက်မှ ဒီ အန္တရာယ်က ကင်းတယ်။ ဒီလို ဝင်ထားပါလျက် မတော်တဆ ဖြစ်ပွားအံ့။ မြင်းလှည်းအသင်း ဥက္ကဌကြီးကို သွားတိုင်ပါ။ ချင်းချင်းပဲ ငဖြူ၊ ငနီ၊ ငကြောင်၊ ငကျား ခေါ်ပြီး ဆုံးမပေးလိမ့်မယ်။ အဲဒီငတိတွေက သူ့တပည့်လက်သား မြင်းလှည်း သမားတွေကို ခင်ဗျား။
နားလည်လောက် ရောပေါ့နော်။ နိုင်ငံရေးသမားတွေ အသင်းဖွဲ့စားတဲ့ ပါလီမန် ဒီမိုကရေစီခေတ် မရောက်ခင်ကတည်းက ကျွန်တော်တို့ မြင်းလှည်းသမား အသင်းကြီးက ဒီအပေါက်ချိုးလာတာ ခေတ်နောက် မကျပါဘူးဗျာ။ အခု ရန်ကုန် မှာ မြင်းလှည်းတွေ ပိတ်ပစ်လိုက်လို့သာ၊ မပိတ်ခင်တုန်းကဆိုရင် ကျွန်တော် စာရေးဆရာဘဝ ရောက်တော့တောင် တစ်ခါတစ်ခါ မြင်းလှည်း တက်မောင်းလိုက်သေး။
ပျော်တယ်ဗျ။
တစ်နှစ် ကျွန်တော် အဲဒီမြင်းလှည်းအသင်းကြီးမှာ အမှုဆောင်ဖြစ်ခဲ့သေးတယ်။ စာရေးဆရာ အသင်းနဲ့များ အပြတ်အသက်ကွာပါ့ဗျာ။ စာရေးဆရာအသင်း ဆိုတာက အသင်းသားချင်းလည်းကောင်း၊ အမှုဆောင်ချင်းလည်းကောင်း၊ တစ်ဦးနဲ့တစ်ဦး တစ်ဖက်နဲ့တစ်ဖက် အချင်းချင်း အာရိုက်ပြီး နှက်ကြတဲ့ အမျိုးကလားဗျ။
မြင်းလှည်းသမားများကတော့ ကိုယ့်အသင်းအတွက်ဆိုရင် အသက်ပေးပြီး ကာကွယ်ကြတယ် ခင်ဗျာ။ ဥပမာ-ကိုယ့်အသင်းဝင် မောင်ဖြူဟာ အခြားမြင်း လှည်းသမားတွေနဲ့၊ သို့မဟုတ် ဆိုက်ကားသမားတွေနဲ့ သို့မဟုတ် မြင်းလှည်းခ တောင်းတိုင်းမရ၊ မတန်တဆပေးလို့ ဘယ်အရပ်သားတွေနဲ့ ပဋိပက္ခဖြစ်ခဲ့သည် ဆိုပါတော့။ တစ်ယောက်တည်းမို့ ခံခဲ့ရပေမယ့် ချက်ချင်းလူပြန်စု၊ အမှုဆောင်တွေ မြင်းလှည်းက ရှေ့မှချီတက်၊ အကျိုးအကြောင်းပြော၊ ရသင့်တာတောင်း၊ အခြေအနေ မကောင်းရင် ရိုက်ပွဲကြီး ကျင်းပပစ်ခဲ့သတည်း။ အမှုဖြစ်ခဲ့သော် လူများစု ရုန်းရင်း ဆန်ခတ်မှု၊ အသင်းရန်ပုံငွေကလည်း ဂျပန်ခေတ်က ပုလိပ်လက်သိပ်ထိုးဖို့ အသင့်။
ကဲ ...မနိပ်ဘူးလားဗျာ။ ကျုပ်တို့ အသင်းဖွဲ့စည်းပုံ၊ ဆောင်ရွက်ပုံ။ အသင်းဝင်တို့မှာ မှန်တာ၊ မှားတာ၊ တရားတာ၊ မတရားတာ အပထား။ အကျိုးကျေးဇူး ခံစားရသည်ကတော့ အမှန်ပင်။ ထို့ကြောင့် အပ္ပနား၏ ဒိုဘီဆိုင် ကလည်း ကျုပ်တို့မြင်းလှည်းသမား အသင်းဝင်၊ သူအသင်းဝင်ဖြစ်လာလေတော့ “ကုလားပေမယ့် မစော်ကားကြနဲ့ဟေ့...၊ တို့အသင်းဝင်ကွ” ဆိုသော စကားတစ်လုံးနှင့်ပင် အပ္ပနားအဖို့ အကျိုးကျေးဇူး ကြီးလှပေပြီ။
အပ္ပနားက ကျွန်တော်တို့ကို အကျိုးကျေးဇူးပြန်ပြုသည်များလည်း ရှိ၏။ ကျွန်တော်တို့အား ကစော်တိုက်ခြင်း၊ ကြက်သားချက်ကျွေးခြင်း၊ သူ့ပင်းမင်းဆိုင် ရောက်လာသော အဝတ်အထည်များမှ ကိုယ်နှင့်တန်သော အင်္ကျီရှိလျှင် ခေတ္တငှား ဝတ်ခြင်းများ ပြုရ၏။
ဟုတ်သလေ.. ဤခေတ်တွင် ကျွန်တော်တို့ မြင်းလှည်းသမားတွေမှာ သန်းချေးတထွေးထွေးနှင့် ဝါစေ့ကွဲဖျဉ်ကြမ်းတွေသာ ဝတ်ရတာ။ တစ်ခါတစ်ရံ ပွဲလမ်းသဘင်ရှိတော့ အပ္ပနား ဒိုဘီက ပေါ်ပင်မီးပူတိုက်တွေ ဘာတွေ ယူဝတ်ရတာ ပေါ့ဗျာ။ အပ္ပနားကတော့ အင်္ကျီရှင်လာရင်ကြည့်ပြော၊ မိုးရွာနေလို့တို့၊ ဝါရှင်ဆိုဒါ ကုန်နေလို့တို့။
အပ္ပနား၏ ဒိုဘီဆိုင်မှာ မြင်းခေါင်းတံဆိပ် ဆွဲချိတ်ထား၍ ကျွန်တော်က 'အာကာဘဘုံ ပင်းမင်း'ဟု ဆိုင်းဘုတ် ချိတ်ထားစေ၏။ အပ္ပနားက အဓိပ္ပာယ်ကို မေးသဖြင့် ကျွန်တော်က ပြာနှမ်းသောကောင်းကင်ကို လက်ညှိုးထိုးပြပြီး "မင်းဆိုင်က လျှော်လိုက်တဲ့ အဝတ်ဟာ မဲနယ်လဲနိုင်လို့ ဒီမိုးသားတွေလို လှပတဲ့ အဓိပ္ပာယ်ပေါ့ ကွ”ဟု ပြောပြတော့ သူသဘောကျ၏။
သို့သော်လည်း ရွှတ်နောက်တတ်ကြသူများပီပီ နောက်ပိုင်း၌ ခေါ်ကြသည်ကတော့ အာပုံပင်းမင်း၊ အာပုံအပ္ပနားပဲ ဖြစ်သွားတော့၏။
ကျွန်တော်သည် ဓနိရည်ခွက်ကို ကိုင်ရင်း ရှေးနှစ်ပေါင်း နှစ်ဆယ်ကျော် က အထက်ဖော်ပြပါ အကြောင်းများကို ပြန်ပြောင်းစဉ်စားမိရင်း ပြုံးမိရာ အပ္ပနားက “ဟေ့ - ကြင်ဆွေ ...မင်းဘာပြုံးတာလဲကွ”
“ဟေ့ အပ္ပနား မင်းဒိုဘီဆိုင်မှာ ငါရေးပေးတဲ့ ဆိုင်းဘုတ်ရှိသေးရဲ့လား”
“မင်း အာပုံပင်မင်းဆိုတာကြီး မရှိတော့ပါဘူးကွာ။ မြင်းခေါင်းလည်း မရှိတော့ဘူးကွ”ဟုပြောပြီး မြင်းလှည်းအသင်းကြီး ပျက်စီးရသည်ကို နှမြောတသ ပုံပေါ်လျက် ...
“ဟေ့ ...ကြင်ဆွေ ...ဟိုတုန်းက တို့သိပ်ပျော်တယ်နော်”
ယင်းအခိုက် ကိုမြဟန်သည် ဓနိရည်ပုလင်းနှစ်လုံးပိုက်ပြီး ပြန်ရောက်လာ၍ အပ္ပနားက ယူပြီး ငှဲ့နေစဉ် ကျွန်တော်က ကျပ်တန်တစ်ရွက်ထုတ်ပြ၍ ...
“ကဲ ...ကိုမြဟန် အမြီးလုပ်ဦးဗျာ”
ယင်း၌ အပ္ပနားသည် ရုတ်တရက်တစ်ခုခုကို ပြန်သတိရဟန်ဖြင့် သူ၏ ဖြူဖွေးသော သွားများပေါ်အောင်ပြုံးလျက် ...
“ဟေ့ ...မြဟန်၊ ကြင်ဆွေက ကြက်အမြစ် ကြိုက်တယ်ကွ ...၊ ကြက် အမြစ်ကြီးကြီးနဲ့ ငါ့ဖို့တော့ ခြေထောက်ရိုးပဲ ဝယ်ခဲ့ပါကွာ။ ဂေါ်ရင်ဂျီပီပီ ခြေထောက်ရိုးပဲ ဝါးပါ့မယ်။ ဟားဟား ...ဟား...ဟား”ဟု ပြောသည်၌ ကိုမြဟန်ကရော ကျွန်တော်ပါ နားလည်ကာ အားရပါးရ ရယ်မောကြပါတော့သည်။
အတိတ်က ဖြစ်ရပ်ကား လွန်ခဲ့သော အနစ်နှစ်ဆယ်ကျော်က ပဲပေါ။ တစ်နေ့သော ညနေရီတမှောင်၌ ကျွန်တော်နှင့် ကျွန်တော့်မြင်းလှည်း ဒရိုင်ဘာ ကိုမြတ်သာသည် ထိုနေ့အဖို့ လုပ်ငန်းကုန်ဆုံးပြီး နေ့တွက်ကိုက်ပြီဖြစ်၍ အပန်းတော်ဖြေအံ့ဟု ဤဓနိရည်ဆိုင်ရှေ့မှာပင် မြင်းလှည်းထိုးရပ်လိုက်သည်၌ ဤသို့လျှင် ဘုံဆိုင်တံစက်မြိတ်အောက်မှာပင် ကိုမြဟန်နှင့် အပ္ပနားတို့ ဖြိုးနေနှင့်ကြပြီကို တွေ့၍ ကျွန်တော်တို့နှစ်ယောက်ပါ ဗင်ဝိုင်းလိုက်သည်။ တစ်ယောက် တစ်လှည့် တစ်ပုလင်းစီ ဆွဲကြလျက် အတန်ငယ်မူးလာကြသည်၌ အပ္ပနားက ခုညဒီ ဆိုင်မှာတင် အပြီးမသောက်ကြဘဲ သူ့အိမ်ရောက်မှ ဆက်လက်သောက်ကြရန်၊ ထိုနေ့ညနေက လမ်းထဲက ကြက်ဖကြီးတစ်ကောင် ခွေးကိုက်၍ သူအချောင်ရထား သဖြင့် ယခု သူ့မိန်းမက ချက်နေပြီဖြစ်ကြောင်း ပြောသဖြင့် ကျွန်တော်တို့သည် ပုလင်းပေါင်ပေး၍ ဓနိရည်ပုလင်းများဆွဲကာ အပ္ပနားအိမ်သို့ ကျွန်တော်တို့ မြင်းလှည်းနှင့်ပင် တပျော်တပါးကြီး ယွန်းခဲ့ကြသည်။
အပ္ပနားတို့အိမ် ရောက်သည်၌ သူ့မိန်းမ မငွေစိန်သည် ဟင်းလည်းချက် ပြီးပြီ။ တော်တော်လည်း မူးနေပြီဖြစ်၍ ကုလားမူ၊ ကုလားချွဲဖြင့် တော်တော်ပဲ လေများနေလေပြီ။
မဟူရာခဲ၊ သပိတ်ကွဲ၊ အိုးမဲက အစ်မခေါ်ရသော ကုလားမတို့အား ‘မငွေစိန်” ဟု အမည်ပေးကြသည်မှာ ကျွန်တော်တို့၏ ဓမ္မတာ။ သူ့ကိုယ်သူ “ကိုလှ’ဟု နာမည်ပေးထားသော အပ္ပနားကလည်း နှစ်သက်သည်ဖြစ်၍ ကျွန်တော်တို့ရောက်သွားသည် ဆိုလျှင်ပဲ…
“ဟေ့ …မငွေစိန် စကားသိပ်များမနေနဲ့။ ဒီမှာ ငါ့သူငယ်ချင်းတွေ ပါလာတယ် ...ဟင်းခတ်စမ်း ..."
မငွေစိန်က ဆာဒီကားယားနှင့် လက်တား၍ ...
“ကိုယ့်ဟာကိုယ် ခတ်ပြီးမျိုဆို့တော်မူ ...ကျုပ်တော့စားလည်း ပြီးပြီ။ မူးလည်းနေပြီ”ဟု စက်ရာထဲ လဲလျောင်းတော်မူ၏။
ထိုအခါ ကိုလှခေါ် အပ္ပနားက “ကုလားမကြီး အမရာ၊ ကိန္ဒရီ၊ မဒ္ဒီ၊ သမ္ဗူလဆိုတာ နင့်လိုဟာမျိုးနေမှာပဲ”ဟု အမြီးအမောက်မတည့် ပြောချင်ရာပြောပြီး သူ့ဟာသူ ဟင်းအိုးထဲ သွားခတ်၏။ ပါလာသည်များမှာ အသဲ(သည်း)၊ အမြစ်နှင့် ခြေထောက်ရိုး၊ တောင်ပံရိုးနှင့် အခြားအသားစများဖြစ်လေရာ အကောင်းကြိုက်သော ကျွန်တော်က အမြစ်အသဲ(သည်း)တစ်တွဲကို လှမ်းဆွဲလိုက်ပြီး ... “ကိုယ့်တော့ ဒါပဲစားမယ်ဟေ့ ... အပ္ပနားတို့က ဂေါ်ရင်ဂျီပဲ ခြေထောက်ရိုး ဝါးလကွာ..” ဟု ပြောလိုက်ပြီး ရေနံမီးရောင် မှောင်တောင်တောင် မလင်းတလင်း၌ အမြစ်တုံးကို မူးမူးနှင့် ကျွန်တော်ကိုက်လိုက်တော့ ...တောက် …လားလား ကြက်ချေးတွေ ပါးစပ် ထဲ ထွက်လာ၏။
ထွီ ...ထွီ..တွမ်..ထွမ် နှင့် အော့အန်ပြီး မငွေစိန်အား ခြေနှင့်ကန်နှိုးပြီးတော့ ...
“ဟုတ်တယ် အကို့၊ ကျွန်မ မူးနေတာနဲ့ အမြစ်ထဲက ချေးခွဲမထုတ်လိုက် မိဘူး ထင်တယ်"
ဤနေရာ၌ အပ္ပနားတို့၊ ကိုမြဟန်တို့၊ ကိုမြတ်သာတို့ ပွဲကျကြကုန်၏။ ကိုမြတ်သာကား ၁၉၅၂ ခုနှစ်လောက်ဆီက သူ့ကိုယ်သူ သတ်၍သေခဲ့ပြီ။ ယခု ဤအကြောင်း ပြန်ပြောင်းသတိရကြမည့် သူများကတော့ ဒီအပ္ပနားနဲ့ ကိုမြဟန်တို့ပဲ ပေါ့။ ဒါကြောင့် သူတို့ ဤအကြောင်းပြော၍ ရယ်မောကြပြီးနောက် အပ္ပနားက လွမ်းဘေးတစ်ပုဒ်ရွတ်ဆို၏။
“မငွေစိန် မရှိတော့တာ နာတယ် ကြင်ဆွေရာ၊ သူအားကြီး ဟင်းချက် ကောင်းတယ်"
(မငွေစိန်လည်း ကက်စ်ဘီခေတ်က ဆုံးခဲ့သည်။)
ကျွန်တော်က ဟိုရှေးက အဖြစ်အပျက်ပြန်တွေး၍ အော်ကလီဆန်ဆန်နှင့် “အားကြီးကောင်းတယ် …ထွီး ...ကြက်မြစ်ထဲက ကြက်ချေးတောင် ထုတ်ရမှန်းမသိဘဲနဲ့”
“ဟ …ဒါက သူမူးနေလို့ကိုကွ။ ကဲ …မငွေစိန် ဝက်ခေါင်းချက်တာတော့ နိုးတူးပဲလို့ မင်းပဲပြောတယ် မဟုတ်လား”
“အင်း...ဟုတ်ပါတယ်။ ဂေါ်ရင်ဂျီချက်တော့ ကောင်းပါတယ်"
“ဟ …ကြင်ဆွေ ဂေါ်ရင်ဂျီမ ဂေါ်ရင်ဂျီချက်မကောင်းလို့ တရုတ်ချက် ကောင်းနေရဦးမှာလားကွ ... ထပ်သရီးတဲ့ ထွီ”
တံတွေးကို ဂေါ်ရင်ဂျီထွေး ထွေး၍ နှုတ်ခမ်းမွေး သပ်လိုက်ပါတယ်။
အပ္ပနားသည် မြန်မာလို ဤမျှ ရေရေလည်လည် ပြောနိုင်ဆိုနိုင်သော် လည်း ဂေါ်ရင်ဂျီပီပီ ပေါ်ရင်ဂျီလိုပဲ ကဗ္ဗလာနှင့် ဒိုဘီနှင့်ဝတ်သည်။
“ဒိုဘီကုလားဟာ … ဒိုဘီကုလားလိုဝတ်မှ ဒိုဘီလို ဆက်ဆံကြမှ၊ တို့ဒိုဘီ အလုပ် ကောင်းမယ ်မဟုတ်လားကွ”
သူ့ဆောင်ပုဒ်သည် မဆိုးပါချေ။ မငွေစိန်လည်း သေသည်အထိ ကုလား မလို ဝတ်သွားခဲ့၏။
ဟုတ်၏။ ယခုမှ သတိပြန်ရသည်။ မငွေစိန်သည် ဝက်ခေါင်းကို အရိုး အသားလွှာမနေဘဲ လက်သုံးသစ်ကွင်း၊ လေးသစ်ကွင်း အတုံးကြီးကြီးတွေ ခုတ်ကာ ဂေါ်ရင်ဂျီမဆလာနှင့် ပျစ်ပျစ် ချက်ထားသည်ကိုး။ အသောက်သားများအဖို့ ကိုက်၍ကောင်း၊ ဖဲ့၍ကောင်း၊ ဆွဲ၍ကောင်း၊ ဝါး၍ကောင်း၊ စား၍ကောင်း နှာသီး ဖျားနှင့် နားရွက်သားကလေးများ ခဲလိုက်ရ ထုတ်ထုတ်ထုတ်ထုတ်နှင့် ဒါပြန်သတိရသည်နှင့် ….။
“ဟေ့ ...အပ္ပနား မငွေစိန်ချက်တဲ့ ဝက်ခေါင်းဟင်းမျိုး စားချင်သေးတယ်ကွာ”
“အား ...စားချင်ရင်ရတယ်ကွ။ ဟိုဘက်က အရက်ဆိုင်ကြီးမှာ ရှိတယ်။ ဂေါ်ရင်ဂျီချက်ပဲ၊ မင်းစားချင် အဲဒီသွားမယ်ကွာ ...”ဟု ပြောရင်း ကျွန်တော့် တက်ထရွန် အင်္ကျီအိတ်ထဲမှ ဆယ်တန်စိမ်းစိမ်း အခေါက်ကြီးကို ကြည့်၍ ...
“မင့်မှာ ပိုက်ဆံတွေအရှိသားပဲ။ တို့လည်း အရက်တိုက်ပါလားကွာ ဟင်"
ဂျပန်ခေတ်က ဓနိရည်နှင့် စခဲ့ကြသည်မှန်သော်လည်း ယခုအချိန်၌ အသောက်ဝါရင့်ကြ၍ အရက်သမားဖြစ်ကုန်ကြပြီကို အထူးပြောစရာ မလိုတော့ပါ။ ယခု ကိုမြဟန်နှင့် အပ္ပနားတို့ ဓနိရည်ချနေရသည်ကား တစ်ပုလင်းသုံးကျပ်နှစ် ဆယ့်ငါးပြားတည်းဟူသော အသပြာကို မတတ်နိုင်ကြ၍ ဖြစ်၏။
ထိုအချိန်၌ ကျွန်တော့်အိတ်ထဲ ငွေသုံးလေးဆယ် ပါခဲ့သည်ဖြစ်သောကြောင့် မိတ်ဟောင်းဆွေဟောင်း များအား သူတို့၏ လောကနိဗ္ဗာန်ပို့မည်ဟု။
“ကဲ …ကောင်းပြီ ဒီဓနိရည်လေး နှစ်ပုလင်း ရှင်းလိုက်ကြ၊ အဲဒါကုန်တော့ သွားကြတာပေါ့”
သူတို့လို ဓနိရည် ဟဲနေရသူများအား ချက်အရက်ဆိုင် ပို့မည်ဆိုတော့ ကျွန်တော်တို့ အရက်သမားများအား ဝီစကီနှင့်ဟိုတယ်သို့ ပင့်ခေါ်သည်နှင့် မခြားပေ။
မျက်လုံးပြူးပြူး၊ မျက်ကွင်းကျယ်ကျယ်၊ မျက်နှာဝိုင်းဝိုင်းကြီးနှင့် ကိုမြဟန်၏ မျက်နှာမှာ ပို၍ တောက်ပြောင်လာပေသည်။
ဤနေရာ၌ သူ့အကြောင်းကို ဖော်ပြရပါဦးမည်။
အင်္ဂလိပ်ခေတ် ကျွန်တော် ကျောင်းသားဘဝတည်းကပင် သူစမ်းချောင်းထဲမှာ နေ၍ မြင်းလှည်းမောင်းလာလိုက်တာ ဗိုလ်ချုပ်ကြီး အိမ်စောင့်အစိုးရလက်ထက် မြင်းလှည်းတွေ ပိတ်ပင်ပစ်သည် အထိ၊ သူ၏ အသက်မွေး... အဲ…၊ အရက် မွေးဝမ်းကျောင်း အလုပ်ဖြစ်ပေသည်။ သူသည် အရက်ကို အင်မတန်ကြိုက်လှ၏။ သူလူ့ပြည်မှာနေသည်မှာ အရက်သောက်ဖို့ကလွဲ၍ ဘာရည်ရွယ်ချက်မှ မရှိ။ မိုးလင်းကတည်းက အရက်သောက်ဖို့ ရှာကြံပြီး၊ မိုးချုပ်သည်၌ အရက်မူးပြီး အိပ်ဖို့မှာ သူ၏ တစ်ခုတည်းသော ဘဝလမ်းစဉ်ကြီးဖြစ်တော့၏။
သူသည် ယခု အသက်(၆ဝ)ချဉ်းသည်အထိ မည်သည့်အခါတုန်းကမှ အိမ်ထောင်မပြုခဲ့ချေ။ သူ့လို ရသမျှ သောက်စားနေသော အရက်သမားကိုလည်း ယူမယ့်သူမရှိ၊ သူကလည်း မည်သူ့ကိုမျှ မရည်ရွယ်။ သူ့မှာ အိုးအိမ်ရယ်ဟူ၍ လည်း ဘယ်တုန်းကမှ မရှိခဲ့။ သူမြင်းလှည်းမောင်းသော အိမ်က မြင်းဇောင်းထဲ၌ လည်းကောင်း၊ အိမ်ရှေ့လှေကားပြင်၌လည်းကောင်း၊ အိမ်မပြန်နိုင်လောက်အောင် ဇိမ်တွေ့နေသော နေ့များဆိုလျှင် သစ်ပင်တစ်ပင်အောက်၌လည်းကောင်း၊ လမ်းဘေး ပလက်ဖောင်းပေါ်၌လည်းကောင်း၊ အိပ်စက်ခြင်းကိစ္စကို ပြီးစေလေသည်။ အဝတ် ဆို၍လည်း သူကိုယ်တိုင်ဝယ်ခဲ၏။ သူမြင်းလှည်းမောင်းသော အိမ်က အကျအနများဖြင့် ပြီးသည်ကများ၏။ သူသည် ဤစမ်းချောင်းအရပ်သို့ ဘယ်အရွယ်က ဘယ်က ဘယ်လိုရောက်လာခဲ့သည်မသိ၊ ဆွေမျိုးဉာတိဟူ၍လည်း တစ်ယောက်မျှ မရှိ၊ တကယ့်တစ်ကောင်ကြွက် စစ်စစ် ဖြစ်၏။
ယင်းသို့လျှင် ကိုမြဟန်သည် တစ်သက်နှင့်တစ်ကိုယ် သူများထံမှာချည်း မြင်းလှည်းကျွန်အဖြစ်နှင့် ယနေ့ရသောပိုက်ဆံ နောက်တစ်နေ့ ရက်ကူးသည်မရှိဘဲ နေလာခဲ့ရာ၊ တစ်ရံရောအခါ၌ အံ့ဩဖွယ်ရာ လူ့ကံသည် ဆန်းကြယ်လှသည်အတိုင်း ကိုမြဟန်သည် တောင်ထိပ်ကြာပေါက် အနောက်နေထွက် ဆိုသကဲ့သို့ ရုတ်တရက် မြင်းပိုင်လှည်းပိုင်နှင့် ဖြစ်သွားလေ၏။
အသို့ဟူမူ သူသည် ဂျပန်များ အရေးရှုံးနိမ့်ခါနီး အချိန်၌ ဂျပန်စစ်တပ် က မြင်းလှည်းတစ်စီးကို မောင်းနေရာ၊ ဂျပန်များ ရန်ကုန်မြို့က ထွက်ပြေးရသည်၌ ဂျပန်စစ်ဗိုလ်သည် ဤမြင်းလှည်းကို ကိုမြဟန်အား ရက်ရောစွာ ပေးအပ်ပစ်ခဲ့၏။ ဤမြင်းနှင့်လှည်းသည် ပထမတန်းစားထဲက ဖြစ်၏။
ထိုအခါ ကိုမြဟန်သည် သူ့မြင်းနှင့်လှည်းကို ထားဖို့လိုလာပြီဖြစ်ပေရာ။ အိမ်ရာက မရှိသည့်အတွက် မြင်းလှည်းသမားတို့နှင့် သဟဇာတဖြစ်ရာ၊ ပန်းပဲဖိုတစ်ခု၏ရှေ့ ကုက္ကိုပင်ကြီးအောက်၌ သူ့မြင်းလှည်းကို ထား၍ သူကတော့ ပန်းပဲဖို ထဲက ကွပ်ပျစ်တစ်ခုပေါ်မှာ အိပ်စက်လေသည်။ သူဤမြင်းနှင့်လှည်းရသည်မှာ နွေရာသီဖြစ်၍ မိုးကျလောက်မှ မြင်းမအတွက် သင့်လျော်ရာ တစ်နေရာရာတွင် မြင်းဇောင်းဆောက်မည်ဟု စိတ်ကူးထား၏။ သို့သော် သူ့မြင်းမ ဂျပန်မ(သူပေးထားသည့် နာမည်)မှာ မိုးတွင်းရောက်အောင် သက်ဆိုးမရှည်ရှာချေ။
အကြောင်းမှာ တစ်သက်လုံးမှ သူများ၏ မြင်းလှည်းကျွန်ဖြစ်လာခဲ့သော ကိုမြဟန်သည် ယခု မမျှော်လင့်ဘဲနှင့် မြင်းလှည်း(သူတို့အများသုံး) အုံနာ ဖြစ်လာလာတော့ အုံနာ၏ စည်းစိမ်ကို သူခံစားချင်ဟန်တူ၏။ သူကိုယ်တိုင် မမောင်းတော့ဘဲ ဒရိုင်ဘာနှင့် လွှတ်ထားလိုက်လေတော့၏။ သူကတော့ နံနက်ထွက်စ မြင်းလှည်း ပေါ် ခဏလိုက်ထိုင်ပြီး ပိုက်ဆံကလေး ပုလင်းဖိုးရသည်ဆိုလျှင်ပင် အရက်ဆိုင်မှာ ဆင်းကျန်ခဲ့တော့၏။
ကိုမြဟန်သည် အရက်လည်း အမြဲတမ်းမူးနေသည်။ သူ့ကို တစ်သက် လုံး မည်သူကမျှလည်း လေးစားကြသည် မဟုတ်သောကြောင့် သူမောင်းခိုင်းသော ဒရိုင်ဘာကောင်ကလေးကလည်း အခိုးသန်သန်နှင့် အများဆုံး ဗုံးရအောင် မြင်းမကို မညှာမတာ ခိုင်းရကား မိုးဦးမကျမီပင် ဂျပန်မ နာလံမထနိုင်သော လဲခြင်းဖြင့် အမိုးဗလာ အကာမဲ့သော လမ်းဘေးကုက္ကိုပင်အောက်မှာ လဲလေ၏။
ထိုအချိန်၌ ကက်စ်ဘီခေတ် ရောက်နေပြီ။ အင်္ဂလိပ်ငွေနှင့် ထောင့်လေးငါးရာ တန်သော ထိပ်တန်းမြင်းမတစ်ကောင် သေဆုံးသော်လည်း ကိုမြဟန်သည် မည်သို့မျှ နှမြောသတဟန်မပြ၊ အရက်ကလေး တမြမြနှင့်ပင်။ မြင်းသားကို အပေါင်းအသင်း အရက်ပုလင်းများနှင့် စည်ပင်စွာပင် ဝိုင်းဝန်းခုတ်ဖျက်၍ ရောင်းချ လိုက်သေးသည်။ ထို့နောက် လှည်းကို တစ်ထောင်ကျော်ကျော်နှင့် ရောင်းလိုက်ပြန် ကာ တစ်လကိုးသီတင်းမျှ ဖြိုးဖြိုးဝေနေသေး၏။
ဤမှ တပြီးကား... ကိုမြဟန်သည်ပိုနေမြဲ၊ ကျားနေမြဲအတိုင်း ဒုံရင်း ပြန်ရောက်ကာ သူများအိမ်မှ မြင်းလှည်းကျွန်ပင် ပြန်ဖြစ်လာခဲ့လေရာ နောက်ဆုံး ရန်ကုန်ဧရိယာ၌ မြင်းလှည်းမောင်းခြင်းကို ပိတ်သည်အထိ။
ယခုအချိန်ကား ကိုမြဟန်သည် မြင်းလှည်းမောင်းခြင်းမှ တစ်ပါးအခြား ဘာမျှလည်း မလုပ်တတ်၊ လုပ်လည်းမလုပ်ချင်၊ သားမယားတာဝန်လည်း မရှိလေ သောကြောင့် မိမိကိုယ်တည်းတစ်ယောက်၊ အသောက်ကလေးရဖို့နှင့် ဖြစ်သလို အစာကလေး ဝဖို့သာလိုသဖြင့် မိတ်ဆွေငယ်ပေါင်း ရောင်းရင်းကြီး အပ္ပနားအိမ်မှာပင် အဝတ်ကူရိုက်၊ မီးပူတိုက်ဖြင့် သူ၏ကျန်သည့်ဘဝတာကို ခိုအောင်းနေခြင်း ဖြစ်လေသည်။
ကိုမြဟန်သည် တစ်ခုဉာဉ်ကောင်းရှိသည်မှာ မရှိဆင်းရဲသားအသောက်သမားပင် ဖြစ်သော်လည်း ဘယ်ပစ္စည်းကိုမျှ ခြေဆော့လက်ဆော့မလုပ်၊ မရှိလျှင် တောင်းသည်၊ မြင်းလှည်းမောင်းရင်း သူသောက်လာခဲ့လျှင် ကျွန်တော် ဘယ်လောက်ဖိုးတော့ သုံးလာခဲ့တယ်ခင်ဗျာ၊ ကျွန်တော့် အခထဲက လျှော့ပေးပါ ပြောတတ်၏။
အပ္ပနားလည်း ယခုအချိန်မှာ သားမယားလည်းမရှိ၊ တစ်ကိုယ်တည်း ဖြစ်နေရာ ကိုမြဟန် သူနှင့် လာနေခြင်းသည် ငါးထမ်းရွက်နှစ်ခု ပေါင်းမိခြင်းတည်း။
သူတို့၏စီးပွားရေးမှာ နက်ဖြန်ခါအတွက်မရှိ၊ ယနေ့ရတာ ယနေ့သောက်စားပစ်၍ နက်ဖြန်ခါအတွက် မနက်မှတစ်ဖန် အလုပ်ဆက်မည်။ ပိုက်ဆံများများမရှိလျှင် ဓနိရည်လောက်ဖြင့်ပြီး၍၊ ရှိလျှင်ကား ချက်ဆိုင်ကြီးမှ ထွက်ပြီး လမ်းဘေးလဲသည် အထိ…
ထိုနေ့ ကျွန်တော်နှင့် တွေ့ရသောအချိန်သည် ဓနိရည်ဆိုင်တွင် ဖြစ်၍ သူတို့ ဂိုင်မတောင့်မှန်း ထင်ရှားသည်။ ယခု ကျွန်တော်က ချက်ကြီးမှာ ဒကာခံမည် ဆိုတော့ သူတို့အလွန်ဝမ်းသာနေကြသည်။ ကျွန်တော်သည် မိမိစကားအတိုင်း ဓနိရည် နှစ်ပုလင်းရှင်းသွားသောအခါမှ မလှမ်းမကမ်းရှိ ချက်ဆိုင်ကြီးသို့ သူတို့နှင့် အတူ ယွန်းခဲ့တော့၏။
ရောက်လျှင် အပ္ပနားအား အကြီးတစ်လုံးဆွဲစေလျက် ကိုမြဟန်အား ဂေါ်ရင်ဂျီဝက်ခေါင်းဟင်းဖိုးကို ထုတ်ပေးရင်း“ ကိုမြဟန် ကျွန်တော်ကြိုက်တာကတော့...” ကျွန်တော့်စကားမဆုံးသေးမီ ကိုမြဟန်က ဖြတ်၍...
“အောင်မလေး... ကိုကြင်ဆွေ၊ ခင်ဗျားကြိုက်တာတွေ ကျွန်တော် မမေ့သေးပါဘူးဗျ။ ဝက်နှာသီးဖျားရယ်... နှာခေါင်းရိုးရယ် မဟုတ်လား”
ကျွန်တော် ရယ်မောလိုက်ရတော့သည်။
ဟုတ်ကဲ့ … ကျွန်တော် မြင်းလှည်းသမားဘဝ အရက်ဆိုင်များ၌ ဂေါ်ရင်ဂျီ ချက်ဟင်းတွင် ကြက်သားကို အမြစ်နှင့် တောင်ပံရိုး၊ ဝက်ခေါင်းဟင်းဆိုလျှင် နှာသီးဖျားနှင့် နှာခေါင်းရိုး၊ ၎င်းနှာခေါင်းရိုး အောက်ဖက်တွင် ဝက်အာခေါင်သား ပါလေရာ၊ ဇတ်တောက် ... ဇတ်တောက်နှင့် ဝါး၍ ကောင်း၏။ နှာသီးဖျားက ကိုက်လျှင် ဇင်းခနဲ... ဇင်းခနဲ နေ၏။ မယုံ ... မိတ်ဆွေစားကြည့်ပေါ့။
မကြာမီအတွင်း ကျွန်တော်တို့သည် အမြည်း အရက်ကို အသီးသီးနှက်ကြရင်း ရှေးဟောင်း နှောင်းဖြစ်ကို စကားကောင်းနေကြရာမှ အပ္ပနားက …
“ဟေး ... ကြင်ဆွေ၊ ကိုမြဟန်က ပြောတယ်၊ မင်းယွတ်ယှပြေကို ရောက် ခဲ့တယ်ဆို”
“အေးလေကွာ ..”
“အဲဒီမှာ ဓနိရည်ကောင်းလားကွ”
“ဟ... သူတို့ပြည်မှာ ဓနိရည်မရှိဘူး”
“ထန်းရေကော ..”
“အဲဒါလည်း မရှိဘူး ...”
“ဟ ကြင်ဆွေရ လူ့ပြည်မှာ ထန်းရည်နဲ့ဓနိရည်မှ မရှိဘူးဆိုရင်ဖြင့် နိယာမ... ဒင်္ဂါး၊ အဲဒီတိုင်းပြည် ဘာလုပ်တော့မှာလဲကွ … ထွီ ...” "
“အပ္ပနားရ သူတို့တိုင်းပြည်မှာက ဓနိပင်၊ ထန်းပင်၊ အုန်းပင်မရှိဘူးကွ…”
“ဟ…ဒါဖြင့် သူတို့လူမျိုးတွေ ဘာသောက်နေကြတုန်း၊ စိမ်ရည်နဲ့ချက်ပဲ ဟဲနေကြရတော့မှာပေါ့”
“တို့ စိမ်ရည်ဆိုတာက ကောက်ညှင်းကိုပေါင်းပြီး ဆေးနဲ့နှပ်တာ မဟုတ်လား”
ဒိန်း...တတ်တတ်...ဒိန်း...ဒိန်း၊
တီးသံကား တဖြည်းဖြည်း နီးလာသည်။ ကျွန်တော်တို့ဝိုင်းမှာ အရက် ပုလင်းကြီး နှစ်လုံး (ကျွန်တော်က နည်းနည်းပါ) ကုန်၍ အပ္ပနားတို့တော်တော် အရှိန်ရနေပေပြီ။
ဒိန်း...တတ်တတ်... ဒိန်း...ဒိန်း၊
ပျော်ပျော်ပါးပါး အကအခုန် မသာချလာသည့် လူစုကိုမြင်ရသည်နှင့် တစ်ပြိုင်နက် အပ္ပနားသည် ထိုင်ရာမှ စွေ့ခနဲ ထလိုက်ကာ…
“လာ...မြဟန်ရေ ...ကြင်ဆွေ မင်းရောလိုက်ပါလားကွ၊ တို့နဲ့ပျော်ရအောင် ..”ဆိုပြီး တစ်ခါတည်း ပြေးထွက်သွားလေရာ ကိုမြဟန်လည်း တစ်ပါတည်း လိုက်သွားလေ၏။
ခဏအတွင်း သူတို့သည် အခြားကုလားများနှင့် ရော၍ကရင်း မသာရှေ့မှ ပါသွားကြလေ၏။
မသာချရာ၌ ပျော်ပျော်ပါးပါး ကခုန်၍ ချကြသည်မှာ ကမ္ဘာပေါ်တွင် သူတို့ လူမျိုးမှတစ်ပါး အခြားလူမျိုး ရှိပါလေသေးစ။
တကယ်တော့ ပျော်စရာကောင်းသော မသာမျိုးပါပေ။ ကသောသူများမှာ အရက်ကို ထွေနေအောင်သောက်ထားကြလျက်၊ သင်္ချိုင်းရောက်သောအခါ နနွင်း ဆိုးထားသော ကြက်အရှင်များကို လွှတ်မည်။ ဒီတော့ လိုက်ပြီး ဝိုင်းရိုက်ကြကာ အိမ်ပြန်၍ ချက်ပြုတ်ကြလျက် အရက်နှင့်စားပွဲထိုင်ကြဦးမည်။
အပ္ပနားနှင့် ကိုမြဟန်တို့သည် ယခုကျွန်တော်တိုက်ထား၍လည်း မူးနေပြီ ဖြစ်ရာ ထိုည မသာက ကြက်သားနှင့် မသာ့ရှင်၏ အရက်နှင့်ဆိုလျှင် သူတို့သည် အိမ်ပြန်ရောက်ကြတော့မည်မဟုတ်။ သစ်တစ်ပင်အောက်၌လည်းကောင်း၊ လမ်းဘေး ပလက်ဖောင်းပေါ်၌လည်းကောင်း သူတို့၏ တစ်ညတာ စည်းစိမ်ကို ခံစား ကြပေတော့မည်။
သူတို့၏ဘဝတာမှာ စီးပွားရေးအတွက်လည်းကောင်း၊ အစားအသောက် အနေအထိုင်အတွက် လည်းကောင်း ဘယ်အတွက်မှ ပူပင်ကြောင့်ကြမရှိခဲ့ရကြ။
ဒိန်း..တတ်တတ်...ဒိန်း...ဒိန်း။
ဤအသံနှင့်အတူ သူတို့သည် သင်္ချိုင်းသို့ ကရင်း ပါသွားကြပေပြီ။
ဪ..ကိုယ့်ဘဝကိုယ် ကျေနပ်မှုသည် ကောင်းခြင်းတစ်ရပ်ပါကလား။
※※※
သတ္တဝါတို့၏သံသရာ - သော်တာဆွေ

0 Comments
Comments