လေးဦးသတ္တဝါ - သော်တာဆွေ
လေးဦးသတ္တဝါ
ရွာတစ်ရွာဝယ်၊ အိမ်တစ်ခုတွင် အဘိုးအိုရယ်၊ သမီးပျိုရယ်၊ ဝက်တစ်ကောင်ရယ်၊ ခွေးလေး တစ်ကောင်ရယ်ရှိ၏။
အဘိုးအိုမှာ အသက် ၆ဝ ကျော်ပြီ။ လူကျန်းမာသည် ဆိုရသော်လည်း ဇရာဖြင့် ပိန်ခြောက်ကာ အရိုးပေါ် အရေတွန့်နေသည်။ သမီးပျိုလည်း ဖခင်နည်းတူ ကြုံလှီလှ၍ အပျိုဟုဆိုရသော်လည်း သူ့အသက်ကို ခန့်မှန်းရန်ပင် ခဲယဉ်းသည်။
ဝက်ကား လူများ အသားအရေ ခန်းခြောက်သလောက် ဝက်က ဆူဖြိုးသည်။ ပိဿာ ၅ဝ ကျော်ပြီဟု တွက်ဆရသည်။ ခွေးငယ်ကမူ ဝက်ကကြီးသည်နှင့် အမျှ အကောင်ငယ်လှသည်။ အသက်ကြောင့်မဟုတ်၊ သူ့ပင်ကိုက အပုအညှက် ကလေးဖြစ်သည်။ သူသည် ငါးခါလည်လောက်မျှ ရှိပြီဖြစ်၍ ဝက်ထက် ၄ နှစ်ကျော် ကြီးသည်။ ဝက်နှင့်သူ တွေ့စက ဝက်က သူ့ထက်ပင်နိမ့်သေးသည်။ အလျားတို သေးသည်။ သို့သော် ၃ လကျော်မှစ၍ သိသိသာသာကြီး ကွာခြားလာခဲ့ရာ၊ ယခုဆိုလျှင် ဝက်က မိမိထက် နှစ်ပြန်မြင့်သည်။ အလျား သုံးဆမက ရှိသည်။
ဤအဖြစ်အပျက်မှာလည်း ခွေးငယ်အဖို့ အံ့သြစရာ မဟုတ်တော့ချေ။ သူ ဤအိမ်ရောက်၍ ခွေးလားမြောက်မှ ယင်းသို့ကြုံတွေ့ရသည်မှာ ယခုခါ စတုတ္ထ ဖြစ်သည်။
သူ့တွင် တစ်နှစ်တစ်နှစ်လျှင် တစ်ကောင်၊ တစ်ကောင်သော ဝက်အဖော် နှင့် နေခဲ့ရသည်။ ပထမနှစ်(သူ့သခင်များ မှည့်ခေါ်ကြသည့်အတိုင်း) ‘ဖိုးစိန်၊ ဒုတိယ ‘မဲကြီး၊ တတိယ “ကျားမောင်”၊ ယခုအကောင်မှာ “ရွှေမန်းဖြစ်သည်။
ပထမဦးဆုံးအကြိမ် သူနှင့်ဖိုးစိန် တွေ့စက သူကလည်းငယ်ငယ်၊ ဖိုးစိန် ကလည်း ငယ်ငယ်၊ အကောင်ရွယ်တူချင်း သူက ဖိုးစိန်အပေါ် ဗိုလ်ကျဖို့ကြိုးစားခဲ့သည်။ သို့သော် လူများက အခွင့်မပေး။ ဖိုးစိန်နှင့် မိမိရန်ဖြစ်လျှင် မိမိကိုချည်းနှိပ် ကွပ်ကြသည်။ မိမိဆော်၍ ဖိုးစိန်အော်သံကြားလျှင် မိမိနာမည် မျောက်ညို သို့မဟုတ် 'ဒေါက်တို’ဟို အော်ကာ ဆဲရေးခြင်း၊ ရိုက်နှက်ခြင်း၊ ပစ်ခတ်ခြင်းပြုကြသည်။ ဖိုးစိန်က မိမိအား နှာခေါင်းနှင့် ကော်ပစ်လိုက်၍ နှစ်လိမ့်သုံးလိမ့် လိမ့်သွားသည် ကိုမြင်ကြလျှင်ကား “ကဲ …ကောင်းသကွ၊ ခွေးမသား ကမြင်းထီးကောင်”ဟု မိမိကို ဆဲရေးကာ ဖိုးစိန်ဘက်က သြဘာပေးကြသည်။
အစာ ကျွေးတာမှာလည်း မိမိကိုတော့ ဖြစ်ကတတ်ဆန်း၊ ထမင်းကျန်၊ ဟင်းကျန်ကိုမှ မှန်မှန်မပေးကြ၊ ဝက်အဖို့တော့ ကျကျနနကျို၍ အချိန်မှန်မှန် ကျွေးကြသည်။ အရိပ်တကြည့်ကြည့် စောင့်ရှောက်သည်။ ဝက်လူးရန် သူ့စိတ်ကြိုက် ရွှံ့ဗွက်ရေအိုင်လည်း လုပ်ပေးသည်။ အိမ်အောက်မှာ ညအိပ်ဖို့ ဝက်ခြံကလေးလည်း ဆောက်ပေးသည်။ မိမိကိုဖြင့် ဂုန်နီစုတ်ကလေးမျှ ခင်းမပေးကြ။ ပြာပုံကလေးမှ လုပ်မပေးကြ။ နေ့လယ်နေ့ခင်း အကြောင်းတစ်စုံတစ်ခုကြောင့် မိမိအော်လျှင် ဟောင်လျှင်၊ နားညည်းသည်ဟု ဟန့်တားကြသည်။ ဆဲရေးကြသည်။ ဝက်က အစာဆာတိုင်း တကျွီကျွီ သံဆိုးသံမျှင်းနှင့် အော်သည်ကိုကား သူတို့နားဝင်ချိုလှ၍ ထင့်၊ “ဖိုးစိန်”ဟုပင် နာမည်မှည့်ခေါ်ထားလိုက်ကြသေးသည်။
စင်စစ် မိမိနှင့်ဝက်မှာ အသံချင်းလည်း မိမိက သာသည်ထင်ပါသည်။ အနေအထိုင် အမွေးအမှင် ချင်းမှာလည်း မိမိက သေသပ်သန့်ပြန့်၍ ဝက်ဟာအင် မတန် ညစ်ပတ်တဲ့အကောင်ပါ။ နို့ပြီး ဒီကောင်ဟာ စားပြီးအိပ်၊ အိပ်ပြီးစား၊ အိမ်မှုအတွက် ဘာမျှ ဆောင်ရွက်သည်မဟုတ်။ မိမိမှာ ညမှုညတာသာမက နေ့လယ်နေ့ ခင်းခြံတွင်း နွားဘာဝင်လျှင်လည်း ဟောင်ပါသည်။ လိုက်ကိုက်ပါသည်။ သို့ပါလျက် မိမိကိုတော့ မျက်နှာသာမပေးကြ။ ဟို ...အစာကုန် မြေလေးအကောင်ကို သာ ဂရုတစိုက် ပြုစုကြသည်။
ကြာလတ်သော်... သူသည် ဝက်ကို ဂုဏ်ပြိုင်ဓနပြိုင် မပြုတော့ဘဲ အ လျှော့ပေးလိုက်ကာ ဝက်နှင့် သင့်မြတ်အောင် ချော့မော့ပေါင်းသင်းရတော့သည်။ ဤသည်ပင်လျှင် မိမိအဖို့ အခွင့်အရေးကောင်း ဖြစ်လာလေသည်။
အကြောင်းမှာ သူနှင့်ဝက် သင့်သင့်မြတ်မြတ် ပွက်တီးပွတ်သပ်နေတာ မြင်လျှင် လူတွေက သဘောကျကြသည်။ ဖိုးစိန်ကြည်ဖြူလျှင် သူက ဝက်စာကို နှိုက်စားဦးတော့ လူတွေက ဘာမျှမပြောတော့။ ဝက်စာ ဝင်စားရသည်မှာ ဖွဲနုနှင့် ဆန်ကွဲကျိုထားတာ ဖြစ်လင့်ကစား ပုဇွန်ငါးပိနံ့ပါ၍ သူနှစ်သက်သည်။ သူ့ကိုကျွေးသော အစာထက်ကောင်းသည်။ အကြောင်းမှာ သူ့ကျွေးသော အစာတွင် တစ်ခါတစ်ရံ ထမင်းဖတ်ဟင်းဖတ် မပါဘဲ ထမင်းရေချည်း ဖြစ်နေတတ်သည်။ သို့နှင့်သူသည် ဝက်ကို ကျေးဇူးတင်၍ မိတ်ဆွေကောင်းအဖြစ်နှင့် ဆက်သွယ်ရလေသည်။
နောက်နောင်တွင်ကား သူသည် အတွေ့အမြင်ဖြင့် ဝက်နှင့်မိမိ အမျိုးစားနား၊ အဘိုးသားနား၊ ကွဲပြားပုံ သိရှိလာလေသည်။ ထို့ကြောင့် ဒုတိယနှစ် ဖိုးစိန် မရှိသည့်နောက် ရောက်လာသော မဲကြီး”ခေါ် ဝက်နက်ကလေးကို ဖိုးစိန်တုန်းကလို ရန်သတ္တရု မပြုတော့ဘဲ ချော့မော့ပေါင်းသင်း ရလေသည်။
တစ်နှစ်မှ နှစ်နှစ်ကျော် လွန်လာသည်၌ကား သူသည် ကြီးမှီ၊ ငယ်ချီဆိုသော သဘောတရားကိုပင် နားလည်လာကာ၊ တတိယနှစ် ပေါင်းသင်းရသော “ကျားမောင်”ကို ဝက်ငယ်ကလေးဘဝက ယုယ စောင့်ရှောက်ခဲ့သည်။ ဝက်က မိမိထက် ကြီးပြင်းလာသောအခါ၌ လဲလျောင်းနေသော ဝက်၏ ကိုယ်ခန္ဓာပေါ် တက်၍ အိပ်သည်။ နေ့လယ်နေ့ခင်း ပူပြင်းသော အခါများ၌ ရွှံ့လူးထားသော ဝက်၏ ဝမ်းဗိုက်ပြင်ကြီးပေါ် တက်၍ အိပ်ရသည်မှာ များစွာစည်းစိမ်ရှိလှသည်။
မိမိ၏ ဘဝတာမှာ နှစ်စဉ်နှစ်တိုင်း ဝက်တစ်ကောင်၊ တစ်ကောင်နှင့်သာ သင့်တင့်အောင် ပေါင်းသင်း နေထိုင်ခဲ့ရသည်။ အိမ်ရှိဝက်နှင့် မပေါင်းသင်းချင်၍ အခြားက ဘဝတူ ခွေးမျိုးထဲဝင်မည် ဆိုလည်း မဖြစ်၊ မိမိမှာ ခွေးစဉ်မမှီ၊ ခွေးတော မတိုးနိုင်သော ခွေးပု၊ ခွေးညှက်ကလေး ဖြစ်သည့်အတွက် အခြားအကောင်များ၏ အနှိပ်အစက်ကိုချည်း ခံရမည်တည်း။ ထို့ပြင် အိမ်ကဝက်နှင့် သင့်တင့်ခြင်းမှာ၊ ဝက်စာကိုလည်း ဝင်၍စားရသည် မဟုတ်တုံလော။ မိမိအတွက် ဝမ်းရေးဖူလုံလေသည်။ ဝက်စားခွက်ထဲ သူလို ခွေးငယ်တစ်ကောင် ဝင်စားသည်မှာ ဘာမျှမတောင်း တာချေ။ ခွေးနှင့်ဝက် သင့်သင့်တင့်တင့် နေသည်ကိုပင် သူတို့အရှင် မိန်းမပျိုနှင့် အဘိုးအိုက သဘောကျတော့သည်။
တောရွာဒေသ၌ ဝက်မွေးမြူသည်မှာ မရှိဆင်းရဲသားတို့၏ ချွေးနည်းစာ ကို နေ့စဉ်စုဆောင်းခြင်းပင် ဖြစ်လေသည်။ နှစ်လသား၊ နို့ခွဲ၊ ငါးပိဿာမျှရှိသော ဝက်ကလေးကို ၃-၄လ၊ ၈ လမျှ မွေးကျွေးလိုက်ပါက ပိဿာ ၅ဝကျော်ဖြစ်လာသည်။ ကျွေးရသောအစာမှာ အများအားဖြင့် ဖွဲနုနှင့်ဆန်ကွဲဖြစ်သည်။
တောရွာက မရှိဆင်းရဲသား တစ်အိမ်ထောင်အား တစ်နေ့လျှင် ငါးပြားစေ့ တစ်စေ့စုပါဆိုက ခဲယဉ်းလှပေမည်။ သူတို့အိမ်၌ ဝက်ရှိနေပါက၊ ဆယ်ပြားဆယ့် ငါးပြားဖိုးမျှရှိသော ဖွဲဆန်ကွဲကို တစ်နေ့နှစ်ခါ ကျွေးရပေမည်။ မကျွေးခဲ့သော် သူတို့ စုဗူးကောင်က တကျော်ကျော်အော်လတ္တံ့။ ဝက်စာကျွေးရသည်မှာ လည်း ဝက်ကြီး လာလေလေ၊ များလေလေဖြစ်သည်။
ထို့ကြောင့် မရှိဆင်းရဲသားတို့အဖို့ ကောင်းသော လုပ်ငန်းတစ်ရပ်ဖြစ်ချေသည်။
သို့သော်… “ပျားဖွပ်-သားထိုး” ဆိုရိုးစကားဖြင့် ဗုဒ္ဓဘာသာဝင်တို့ တတ်နိုင်သလောက် ရှောင်ကြဉ် ကြသည်။ ဝက်ကို မွေးမြူရသည်မှာ အခြား တိရစ္ဆာန်နှင့် မတူ၊ သူ့အသားကို စားသုံးရန် ရည်ရွယ်ရင်းရှိ၍၊ သူ၏ ကိုယ်လုံး ကိုယ်ထည်ကို ကြည့်ရှုတွက်ဆ နေတတ်သောကြောင့် နေ့စဉ်နှင့်အမျှ အကုသိုလ် ရသည်ဟု ဆိုကြသည်။ ထို့ကြောင့် ထိုအကုသိုလ်ကို မရှောင်နိုင်လောက်အောင် ဆင်းရဲသူများမှာသာ ဝက်ကို မွေးမြူကြ၏။
ဖော်ပြပါ အဘိုးအိုနှင့် မိန်းမပျိုတို့အိမ်မှာ နှစ်စဉ် ဝက်တစ်ကောင် တစ်ကောင် မွေးမြူခဲ့ရသည်မှာ ကာလကြာခဲ့ပေပြီ။ တစ်နှစ်လျှင် တစ်ကောင်သာမက၊ တစ်တက်စားလည်း ကြက်သွန်၊ နှစ်တက်စားလည်း ကြက်သွန် ဆိုသကဲ့သို့ ပို၍ပင် မွေးချင်ပါသေးသည်။ သို့သော် သူတို့ မတတ်နိုင်ပါ။ ဤတစ်ကောင်တောင်မှ တစ်ခါတစ်ရံ နေ့စဉ်ဝက်စာကို ခဲယဉ်းနေကြပါသေးသည်။
အဘိုးအိုနှင့် မိန်းမပျိုလုပ်အားမှာ သူတို့စားသည်ထက် နေ့စဉ် ဝက်တစ်ကောင်အတွက် တယ်ပြီး မလွယ်ကူလှချေ။ အဘိုးအိုမှာ ဇရာထောင်း၍ ပင်ပင်ပန်းပန်း အလုပ်ကြမ်းမလုပ်နိုင်တော့ အိမ်က ဗာဟီရက လေးများနှင့် တစ်နှစ်လျှင် တစ်ခါ နှစ်ခါ ဆိုသလို သူ့ရာသီပေါ်ခိုက်၊ လယ်ကြိုလယ်ကြား၊ ချုံကြိုချုံကြား၌ ထန်းပင် ပေါက်ကလေးတွေ ရှာကာ၊ ထန်းလက်ကလေးတွေခုတ်၍ ထန်းလျှော်နုကလေးတွေ ခွာပြီး ရေပုံးကြိုးအစ၊ နွားနဖားကြိုးအစ ကျစ်၍ ရောင်းသည်။
သမီးပျိုမှာလည်း ပျိုရွယ်သူဟု ဆိုရစေကာမူ၊ ပိန်ပိန်ကပ်ကပ် မီးယပ် သယ်ကလေး ဖြစ်၍ တခြားဆင်းရဲသူမတွေလို ဘာမဆို ကြုံရာလုပ်လိုက်မဟဲ့ ဆိုသော အင်အားမျိုး မရှိ၊ အိမ်မှာ တကုတ်ကုတ်နှင့် ရက်ကန်းခတ်ခြင်းသာ ပြုနိုင်သည်။ ဤလို မီးယပ်သည်က အညောင်းထိုင်ရတော့၊ မကြာခဏနာမကျန်းဖြစ် တတ်သည်။ ယင်းသို့ သမီးအလုပ်ပျက်လျှင် ဘခင်၏ နဖားကြိုးနှင့် ရေပုံးကြိုးကလည်း ထာဝစဉ် အားကိုးရသည် မဟုတ်သောကြောင့် သူတို့မှာ စားရေးသောက်ရေးအတွက် အခက်အခဲတွေ့လေသည်။ ဤအခါ၌ ၎င်းပြဿနာကို ဖြေရှင်းပေးသူ မှာ ဝက်သတ္တဝါသာ ဖြစ်တော့၏။
အကြောင်းမှာ ဒီဝက်ရှိနေသောကြောင့် အကြွေးယူ၍ရသည်။ ချေး၍ငှား၍ ရသည်။ ဝက်က ငွေဖြစ်ချိန်တန်လျှင် ပြန်ပေးပါမည်ဟု အာမခံနိုင်သည်။ သို့မ ဟုတ်လျှင်ကား၊ သူတို့ သားအဖမျိုးကို ဘယ်သူမျှ လက်လွန်ခံကြမည် မဟုတ်ချေ။
ထို့ကြောင့် ဤဂေဟာရှိ လေးဦးသတ္တဝါအနက် ဝက်သည် အရေးပါ အရာရောက်ဆုံးသော အကောင်ဖြစ်သတည်း။
အဘိုးအိုသည် သမီးမကြာခဏ နေထိုင်မကောင်းဖြစ်သည်ထက်၊ ဝက်၏ ကျန်းမာရေးကို ဂရုစိုက်ရသည်။
သမီးသည် အဖေအို ထမင်းစားပျက်သည်ထက် ဝက်အစာစားနည်းမှာ ကို စိုးရိမ်ရသည်။
ဒေါက်တို – မျောက်ညိုမှာလည်း လူသခင်များထက် ဝက်နှင့်အဆင်ပြေ ဖို့ အရေးကြီး၏။ သို့မှ သူအစာဝအောင် စားရပေမည်။
စင်စစ်ကား ဝက်သည် စည်းစိမ်ရှင်ဖြစ်၏။ သူသည် ဘာမျှအပူအပင် အကြောင့်အကြမရှိ၊ စားပြီးအိပ်၊ အိပ်ပြီးစား၏။ နေ့လယ်နေ့ခင်း ပူပြင်းလျှင်သူ့ဖို့ အသင့်လုပ်ပေးထားသော ရွှံ့အိုင်တွင် ဆင်း၍လူး၏။ ညနေခင်း ခြံဝင်းထဲ လျှောက်လည်လျှင် ဒေါက်တို၊ မျောက်ညိုက သူ့နံဘေး ပွတ်သီးပွတ်သပ်နှင့် အစောင့်လိုက်၏။
အဘိုးအို အိမ်တည်ရာ ခြံဝင်းကြီးမှာ ကျယ်ဝန်းလှသည်။ သူပိုင်မြေတော့ မဟုတ်၊ အခြားသူ၏ ခြံလွတ်ကြီးထဲတွင် တစ်နေရာစာ ဆောက်ပါရစေဟု ပြောပြီး နေခြင်းဖြစ်၏။
အဘိုးအို၏ အိမ်မှာ သက်ငယ်မိုး ထရံကာ၊ ဝါးပိုးတိုင် ကြမ်းခင်းဖြစ်၏။ အိမ်သက်သည် ဆယ်နှစ်ကျော်ပြီ။ ဘယ့်နှယ် ဝါးအိမ်က ဤမျှခံပါသလောဟု မေးဖွယ်ရှိ၏။ အနည်းဆုံး ဥပမာနှင့်ဖြေရသော် “ငါ၏ ပေါက်ဆိန်သည် အနှစ် အစိတ်ကျော်ပါပြီ။ အရိုးဆယ်ခါနှင့် အသွားငါးခါသာ လဲရသေး၏”ဆိုသည်နှင့် တူ၏။
အကြောင်းမှာ ဝါးပိုးအိမ်တို့ မည်သည် ၃ နှစ်တစ်ခါ ပြန်ဆောက်ရသည်ကို အဘိုးအိုက တစ်အိမ်လုံး ဖျက်၍ အသစ် မတည်နိုင်သည့်အတွက် ဒေါက်ထောက်ခြင်း၊ ကျားကန်ခြင်း၊ ကြမ်းလဲခြင်း၊ ထရံပေါက်ဖာခြင်း၊ တိုင်လဲခြင်းစသည် ဖြင့် ချို့ယွင်းသော အရာကိုသာ တစ်ခုစီ ပြုပြင်သွားသောကြောင့် ဖြစ်၏။
အိမ်မှာ သုံးပင်ရှစ်ခန်းဖြစ်၍ မီးဖိုဆောင်တွင် ခြေရင်းဘက်က သတ်သတ် ထုတ်သည်။ ခေါင်းရင်းပိုင်းမှာ အလယ်က ထရံတားလိုက်၍ သားအဖနှစ်ယောက် အိပ်စရာ အခန်းကိုယ်စီ ရ၏။ ခြေရင်းပိုင်းမှာ နောက်ဘက်က သမီး၏ ရက်ကန်းစင်၊ ရှေ့ပိုင်းမှာ အဘိုးအို ထိုင်သည့်ကပြင်၊ လှေကားကို မီးဖိုဆောင်က အိမ်ရှေ့ဘက် ယွန်းကွက်နေသော အိမ်ဦးကြမ်းပြင်မှာထောင်၍ အထစ်ငါးထစ်ရှိသည်။ အိမ်အဆင့်က မီးဖိုဆောင်အဆင့်ထက် တစ်တောင်ခန့်မြင့်သည်။
အိမ်၏ ခြေရင်းဘက်မှာ မီးဖိုဆောင်နှင့်ကပ်၍ မန်ကျည်းပင်ကြီးတစ်ပင် ရှိသည်။ ခေါင်းရင်းဘက်မှာ မိုးအခါတွင် မြေရှင်က အသီးအပင်စိုက်သော ခြံကျယ်ကြီးဖြစ်သည်။ အိမ်အောက်မှာ ဝက်ခြံ၊ မီးဖိုဆောင် ကြမ်းပြင်အောက်မှာ ရွှံ့လူးအိုင်၊ အိမ်ရှေ့တွင် ဝက်စာခွက်တစ်လုံး၊ သစ်တုံးကို ထုထွင်းထားခြင်းဖြစ်သည်။
သူတို့အိမ်ကိုသွား၍ ကြည့်လျှင် တအစ်အစ်မြည်နေသော ဝက်သံကို ကြားရမည်။ မိန်းမပျို၏ ရက်ကန်းသံကို နာခံရမည်။ ကြိုးကျစ်နေသော အဘိုးအိုကို မြင်ရမည်။ သို့မဟုတ် ကန်စွန်းနွယ် သော်လည်းကောင်း၊ ပိန်းရိုးကိုသော် လည်းကောင်း၊ ငှက်ပျောတုံးသော် လည်းကောင်း ဝက်စာစင်းနေသည်ကို တွေ့ရမည်။
“ဒီကန်စွန်းနွယ်တွေ၊ ပိန်းရိုးတွေ၊ ငှက်ပျောပင်ဖတ်တွေ ဝက်စာထဲ ထည့် ကျိုတာက ဝက်အဖို့ ပိုကောင်းသလား”ဟု အဘိုးအိုကိုမေးကြည့်ပါ။
“ဟာ …ဘယ်ကောင်းမလဲကွာ၊ ဖွဲနဲ့ဆန်ကွဲချည်း မတတ်နိုင်လို့ ဖြည့်ရတာပဲ။ ဒါတွေက ဝက်သား ပွတယ်ကွ၊ အချိန်မစီးဘူး၊ တတ်နိုင်ရင် ဖွဲနုတောင် မထည့်နဲ့ ဆန်ကွဲချည်းကျိုကျွေး၊ ဝက်အကောင်ချင်းတူရင် အချိန်ပိုစီးတယ်။ အသားပိုထွက်တယ်။ အကောင်းဆုံးကတော့ကွာ တတ်နိုင်ရင် ဆန်ကွဲတောင် မဟုတ်ဘူး၊ ဆန်ကိုချည်းကျွေးတာ ဝက်အချိန်ပိုထွက်ရုံတောင် မကဘူး၊ အသားကို ကျစ်ပြီး၊ စားလို့ကို လေးလေးပင်ပင် ကောင်းတယ်။ ချမ်းသာတဲ့ ကရင်တွေဟာ သူတို့အိမ်စားဝက်ဆိုရင် ဆန်ကိုကျွေးမွေးတာပေါ့ကွ။ အဲ… စားတဲ့အခါမှာလည်း သိပ်အကောင်မကြီးရဘူး။ ပိဿာနှစ်ဆယ်ထွက် အစိတ်ထွက်ဟာ အကောင်းဆုံး ပေါ့ကွာ… ဘယ်ဒီ့ပြင်အသားနဲ့ တူလိမ့်မတုန်း။ အဲဒီဆန်ကျွေးမွေးတဲ့ ဝက်ကျတော့ မာကျစ်ပြီးတော့ သုံးထပ်သားတောင် မကဘူး။ လေးထပ်သားကွ စားလို့မအီဘူး။ လေးလေးပင်ပင်နဲ့ ချိုဆိမ့်နေတာပဲ ...”ဟု သွားရည်ကျစဖွယ် ဝက်သားဋီကာကို ခင်းပြပါလိမ့်မည်။
အကြောင်းမှာ သူသည် ငယ်စဉ်ကာလသားဘဝက တောရပ်တောစာ ကို အတော်ပင်နှံ့စပ်ခဲ့သည်။ ဝက်သားနှင့် စကားဆက်၍ အမဲသားအကြောင်းကို မေးဦးမည်လား။
“နွားဟာ မတမ်းမ ၁၅ ပိဿာ၊ ၁၆ ပိဿာထွက်ဟာ အကောင်းဆုံးကွ။ ဒါမှလည်း နွားမွေးအရောင်နဲ့ မွေးတို၊ မွေးရှည်လိုက် ကွဲသေးတယ်။ နွားကျား စားမကောင်းဘူးကွ။ နွားနီ၊ နွားဝါ၊ နွားညို အမွေးရှရင်လည်း မကောင်းဘူးကွ။ နွားအမွေးတို၊ အရေပါးပြီး ကြိမ်ဆတ်တဲ့နွားမှ စားကောင်းတယ်။ ကုလားတွေတော့ နွားနက်ကို ကြိုက်ကြတယ်။ နွားနက်က ဒိပြင်နွားသားတွေထက် လေးပင်သတဲ့ကွယ် ..."
အဘိုးအိုမှာ ရှေးယခင်က နွားပွဲစားလုပ်ခဲ့ဖူး၍ နွားသတ်ကုလား၊ကုလား သူဋ္ဌေးများနှင့် ပေါင်းသင်းခဲ့သဖြင့် နွားအကြောင်းသာမက အမဲသားအကြောင်းကိုပါ နားလည်လေသည်။ အပြောအဆို လည်ပတ်ရသည် မဟုတ်ပါလော။ အဘိုးအိုမှာ နွားပွဲစားမှ ပထမတန်းထဲက ဖြစ်ခဲ့သည်။ သာမန်(ကြိုးကိုင်) ပွဲစားသည် နွားတစ်ကောင် အရောင်းအဝယ်တည့်လျှင်၊ အမြီးတစ်ကျပ်၊ ခေါင်းတစ်ကျပ်မျှရသည်။ အဓိပ္ပာယ်မှာ ရောင်းသူဆီက (အမြီး)တစ်ကျပ်၊ ဝက်သူဆီက(ခေါင်း)တစ်ကျပ်၊ ပေါင်းနှစ်ကျပ်ရသည်ကို ဆိုသည်။ အဘိုးအိုလို ပထမတန်းပွဲစားကား နွားရှင်ကို ကြိုက်ဈေးဖြတ်ပေး၍ သူကပိုရအောင် ရောင်းနိုင်သောကြောင့် ပွဲခမက ငွေရင်းမပါဘဲ အမြတ်ရလိုက်သည်။ ဤစဉ်၌ သူ့မှာ ငွေစရွှင်လှသည်။ မြို့ပေါ်က တရုတ်ဆိုင်များတွင် ခေါက်ဆွဲကို အရက်နှင့် စားပွဲထိုင်ခဲ့သည်။ လူတစ်ယောက်တွင် တစ်သက် မှာတစ်ခါ သူ၏ အကောင်းဆုံးအချိန်နှင့် ကြုံကြိုက်တတ်ပေရာ ဤအခါသည် အဘိုးအို၏ အချိန်ကောင်း ဖြစ်သည်။
နောက် သူ တက်ရာမှ ကျရန် အလှည့်ရောက်သောအခါကား မြွေဆရာသည် မြွေနှင့်သေ၊ ရေကူးသမားသည် ရေနှင့်ဒုက္ခရောက် ဆိုဘိသကဲ့သို့ သူ့လက်ထဲတွင် နွားပေါ့” မိ၍ ထောင်ကျလေသည်။ “နွားပေါ့”ဆိုသည်မှာ ခိုးရာပါ နွားကိုခေါ်သည်။
သူထောင်ထဲနေစဉ်မှာ သူ့ဇနီးကွယ်လွန်သည်။ သူထောင်က လွတ်သောအခါကား၊ နွားပွဲစား အလုပ်မှာ ပြန်၍ မစွံတော့ချေ။ အကြောင်းမှာ နာမည်ပျက် လည်း ရှိသွားသည်။ လုပ်ငန်းအလှမ်းဝေးခဲ့တော့ မိတ်ဟောင်း၊ ဆွေဟောင်းတွေလည်း ပြတ်သွားသည်။ ထို့ပြင် နောက်ခေတ် တက်လူကလေးတွေကြား၌လည်း သူမတိုးနိုင်တော့ပြီ။
ဤမှ သူယိုယွင်းခဲ့ရာ ယခုအခါမှာဆိုလျှင် နွားတစ်ကောင်မှ နိုင်နိုင်နင်းနင်း မကိုင်စွမ်းနိုင်တော့ဘဲ အိမ်၌ သမီးကလေးလုပ်စာနှင့် ဝက်တစ်ကောင်ကိုသာ အမှီသဟဲ ပြုနေရတော့သည်။
တစ်နှစ်တစ်နှစ်တွင် တစ်ကောင် တစ်ကောင်သောဝက်မှာ သူတို့သားအဖ၏ အသက်သွေးခဲဖြစ်သည်။ စိတ်ကူးပေါက်ရာ နာမည်ကလေးတွေ ပေး၍ ယုယစွာ မွေးမြူသည်။
ယခုနှစ် ဝက်၏နာမည်မှာ “ရွှေမန်း ဖြစ်သည်။ ဝက်ကလေး အိမ်ရောက်စ အခိုက် မြို့မှာ ရွှေမန်းတင်မောင် ကသည်နှင့် ကြုံကြိုက်၍ ရွာသူတို့နှုတ်ဖျားဝယ် ရွှေမန်းတင်မောင်နာမည် သီးသည်တွင် ဤအမည်ကို မှည့်ခေါ်လိုက်ခြင်းဖြစ်သည်။ သူတို့သားအဖမှာ ဝက်ကို တိရစ္ဆာန်တစ်ကောင်ထက် အိမ်သားတစ်ဦး သဖွယ် ယုယချစ်ခင်စွာ ပြုစုကြသောကြောင့် ဝက်သည် နာမည်ခေါ်လျှင် လာ တတ်သည်။ ကိုယ်ကို ပွတ်ပေး၍ “အိပ် အိပ်’ဆိုလျှင် ဝက်က တုံးလုံးလှဲချလိုက်သည်။ ဤမျှ လူနှင့်ရင်းနှီးဘိ၏။ အဘိုးအိုက “သား”ဟူ၍လည်း ခေါ်သည်။
နေ့စဉ် သူတို့ သားအဖနှစ်ယောက် စကားပြောရာမှာလည်း ဤဝက်ပင် အရေးကြီးသည်။
“သမီးရေ… ဝက်စာကျိုပြီးပြီလား ... ပုဇွန်ငါးပိကလေးတော့ တတ်နိုင်သလောက် ထည့်ပေးပါကွယ်။ ဒီကောင်က ငါးပိနံ့မပါရင် တယ်မစားချင်တော့ဘူး” “အဖေရေ… ဒီနေ့… ရွှေမန်း အစာစားနည်းတယ်။ မကုန်ဘူး။ ဘာကြောင့် မှန်း မသိဘူး”
“မနေ့က နေ့ခင်းလွှတ်ပြီး နေပူထဲလျှောက်လည်တယ်… နှာများပိတ် သလား… လာစမ်း ..သား သားလာစမ်း ...”
“အဖေရေ… ဒီနေ့ ရွှေမန်းစားလိုက်တာ ဒေါက်တိုတောင် ငတ်ကရော” ယင်းသို့နှင့် ရွှေမန်း ချမ်းသာစွာ ကြီးခဲ့ရသည်။
ယခုဆိုလျှင် … ရွှေမန်းသည် ဤအိမ် မရောက်မီ နှစ်လ၊ အဘိုးအိုလက်ထဲ ၇ လနှင့် ၉ လသားမျှရှိ၍ ပိဿာချိန် ၅ဝ ကျော်မျှ မှန်းဆရလေပြီ။
အဖိုးအိုသည် သူ့ကိုကြည့်၍ စဉ်းစားခန်းဝင်လေပြီ။
အကောင်ကြီးသလောက် စားလုံးထွားလာ၍ ရှေ့ဆက်မွေးရန် ခဲယဉ်း လာပြီ။
သူ့ပြ၍ အကြွေးယူထားသော ကြွေးရှင်များကလည်း မေးကြစမ်းကြပြီ။ ထို့ပြင် ဤအချိန်သည် စပါးပေါ်ချိန် ဖြစ်၍ ရွာသူရွာသားတို့ ဝပြောကြသည်။ စပါးတစ်တင်း တစ်ပိဿာ တစ်တွဲတော့ မုဆိုးမကပင် တစ်ခွဲဖိုး (၅ဝ)သား တော့ ဆွဲချိမ့်မည်။
ထို့ကြောင့် အဘိုးအိုသည် တစ်ခုသော နေ့လည်ခင်း၌ …
“သမီးရေ … ခုညနေ ဝက်စာမကျိုနဲ့တော့”ဟု ပြောလိုက်လေသည်။
ညနေခင်းတွင် ဓားဦးချွန်တွေ ခြေသလုံးမွေးကျအောင် သွေး၍ ခါးထိုး ထားသော လူရွယ်နှစ်ယောက် ရောက်လာလေသည်။
အိမ်ခြေရင်းက မန်ကျည်းပင်ကြီးအောက်တွင် သံပုံးနှင့်ကျိုထားသော ရေနွေးအိုးကြီးက ပွက်ပွက်ဆူ နေသည်။ မန်ကျည်းပင်ရင်းမှာ နှီးချောဖျာနှစ်ချပ် ခင်းထားသည်။ အိမ်အဆင့်မှ ဝါးလုံးတန်းကြီး ထိုးထား၍၊ ကြမ်းစွန်းပေါ်တွင် ဝက်သားတွဲရန် နှီးစည်းတင်ထားသည်။
အဘိုးအိုက ရွှေမန်းကို လည်ပင်းကြိုးချည်၍ ဆွဲလာသည်။ ဒေါက်တိုက နောက်မှ ပွတ်သီးပွတ်သတ် နှင့် ကပ်လိုက်လာသည်။ အဘိုးအိုက ပုဆိန် ကိုင်ထားသော တစ်ယောက် လူရွယ်လက်ထဲသို့ ဝက်ကြိုးကို ကမ်းလိုက်သောအခါ၌ ဒေါက်တိုသည် ရွှေမန်းနောက်ကခွာပြီး ဆောင့်ကြောင့်ထိုင်လိုက်၏။ လူယဉ်နေသော ရွှေမန်းကား ဘာမျှမသိရှာဘဲ ပုဆိန်ကိုင်ထားသူ၏ ခြေသလုံးကိုပင် နှာခေါင်း နှင့် ပွတ်လိုက်သေးသည်။ သူသည် ဝက်ပြည်ရောက်မှ လူ၏ အယုအယကိုသာ ခံခဲ့ရသည် မဟုတ်ပါလား။ လူတို့သည် သူ့အဖို့နဘယံဟု အောက်မေ့ခဲ့သည်။
တစ်ခဏအတွင်း၌ကား ရွှေမန်းသည် ကျီကနဲ စူးစူးဝါးဝါးတစ်ချက်အော် ပြီး တုံးလုံးလဲသွားလေ၏။
ဒေါက်တိုသည် ဆောင့်ကြောင့်ထိုင် ကြည့်နေရာမှ ဦးခေါင်းစောင်းကာ နားရွက်တစ်ချက် ပေလိုက်သည်။
ဟိုယခင် ပထမဦးဆုံးအကြိမ် သူတွေ့ရတုန်းကမူ ဤသို့မဟုတ်။ မိမိနှင့် တပူးတွဲတွဲကြီးခဲ့သော ဖိုးစိန်ကို ပုဆိန်နှင့်ထုလိုက်သောအခါ မိမိကိုပါ သတ်တော့ မည်ထင်၍ အော်မြည်ကာ တော်ရာသို့ ပြေးပြီး ပုန်းနေခဲ့၏။ ယခုကား …ဖိုးစိန်ပြီး၊ မဲကြီး။ မဲကြီးပြီး ကျားမောင် တစ်ကောင်ပြီးတစ်ကောင် ကြုံခဲ့ရပြီဖြစ်၍ မိမိအတွက် ဘေးအန္တရာယ် မရှိရုံမက ထူးခြားသော အာဟာရကိုပင် မှီဝဲရတော့မည်မှန်း သိနေ၍ ရွှေမန်း၏အသံနှင့်အတူ လျှာကပါ သွားရည်ယူလာလေသည်။
မကြာမီ၌ကား ရွှေမန်း၏ ကိုယ်လုံးကြီးသည် ဖျာကြမ်းပေါ်တွင် ဖြူဖြူ ဖွေးဖွေးကြီး ဖြစ်သွားလေသည်။
အမွေး သဲလဲစင်သောအခါ၌ ဝက်၏ရင်ကိုခွဲပြီး အူအသဲ(သည်း)တို့ကို ထုတ်လိုက်သည်။
အနီးတွင် လင်ပန်းနှင့် အသင့်စောင့်နေသော မိန်းမပျိုသည် ဝမ်းတွင်းသား အချို့ကို အိမ်ပေါ်သို့ ယူသွား၏။ ဤဝက်ကိုလာ၍ ဖျက်ပေးသူများ ကိစ္စအပြီး၌ စားပွဲထိုင်နိုင်ရန် မြန်မြန်ချက်ပေးရမည်။
နွားဖျက်၊ ဝက်ဖျက် ကျင်လည်သူနှစ်ဦးက ခါးတောင်းမြှောင်အောင် ကျိုက်လျက်၊ ခွဲစိတ်ခုတ်ဖြတ်၍ အရိုးအသားမျှကာ၊ တစ်ပိဿတွဲစီ တွဲပြီး ဝါးလုံး တန်းမှာ ဆွဲသည်။
အဘိုးအိုသည် ချိန်ခွင်ကိုင်လျက် မိမိမှန်းဆချက် ကိုက်ပါမည်လားဟု စိတ်စောနေသည်။
အိမ်ပေါ်က မိန်းမပျိုက ဟင်းအိုးကို မီးထိုးရင်း ဝက်သားဖိုးတွေ ရခဲ့သော် ကြွေးဆပ်၍ ပိုငွေကို ဘာတွေညာတွေ သုံးလိုက်မည်ဟု စိတ်ကူးနေသည်။ ဟိုးယခင် ပထမဆုံး အကြိမ်တုန်းကမူ မိမိ တယုတယ ကျွေးမွေးပြုစုခဲ့သော ဝက်ကလေး သတ်မှာကို မကြည့်ရက်၊ မကြားရက်၍ တခြားအိမ်သို့သွားနေခဲ့သည်။ အိမ်သား တစ်ယောက် ဆုံးရှုံးသည့်အလား တရှုံ့ရှုံ့ ငိုခဲ့သည်။ ဝက်သားကို လက်ဖျားနှင့်မျှ မတို့ခဲ့။ ယခုကား ဟင်းအိုးဆူပွက်၍ ကျက်လောက်သည်၌ လက်ဦးလက်ဖျား ပင် မြည်းလိုက်လေ၏။
ဖိုးစိန်တုန်းက အော်ပြေးပြီး ပုန်းနေခဲ့သော ဒေါက်တိုလည်း ယခု ဝက်ဖျက်သည့်အနီးတွင် ရွှေမန်း၏ အရိုးစများကို မြိန်ရေယှက်ရေ ဝါးနေလေသတည်း။
※※※

Comments
Post a Comment
Comments