ခြင်ထောင် - ခက်ဇော်

 

ခြင်ထောင်
................


ကျွန်တော် နှစ်တန်းနှစ်တွင် ခြင်ထောင်တစ်လုံး အပိုင်စားရခဲ့ပါသည်။
မိသားစုကုတင်ကြီးပေါ်တွင် အဖေ၊အမေ၊ နှစ်နှစ်အရွယ် ကျွန်တော့်ညီငယ်တို့နှင့် လူကောင်တဖြည်းဖြည်းကြီးလာနေသော ကျွန်တော်ပါ အတူ အိပ်ကြ၍ အဆင်မပြေတော့။ 

ကုတင်ရော၊ခြင်ထောင်ပါ ကြပ်လာသည်ကိုး။ 

ဒီလိုနှင့် ကျွန်တော့်တွင်ကိုယ်ပိုင်ခြင်ထောင်တစ်လုံးရလာသည်။ သို့သော် မိသားစုအခန်းထဲတွင် ကျွန်တော်အိပ်ခွင့်မရ။ အပြင်ဘက်ဧည့်ခန်းတွင် ခြင်ထောင်ထောင်အိပ်ရမည်တဲ့။ 

ဘာဖြစ်ဖြစ် ကျွန်တော်ပျော်သွားခဲ့သည်။ ဒါအတွေ့အကြုံသစ်မဟုတ်လား။ 

ကျွန်တော်ရသည့် ခြင်ထောင်က တစ်ယောက်အိပ် ဇာခြင်ထောင်အဖြူရောင်အဟောင်းလေး။ 

အဖေလူပျိုကတည်းက သုံးခဲ့သည့်ခြင်ထောင်မို့ ဝါကျင့်ကျင့်ပင်ဖြစ်နေပြီ။ 

အဲ့ဒီတုန်းက ကျွန်တော်တို့အိမ်တွင် တီဗွီတစ်လုံးရှိသည်။ 

ကျွန်တော်အိပ်ရမည့်နေရာက တီဗွီနှင့်ကပ်လျက်။ ညည ကိုးနာရီ ပေါင်ချိန်ဇာတ်လမ်းတွဲအပြီး အိပ်ချင်လာလျှင် အဖေအသင့်ထောင်ပေးထားသည့် ခြင်ထောင်ထဲလှိမ့်ဝင်သွားရုံသာ။ 

ကဲ..ဘယ်လောက်တောင်ဇိမ်ရှိလိုက်လဲ။ 

တခါတရံ အိမ်နီးနားချင်းများ တီဗွီလာကြည့်ကြလျှင် ​တော့ နည်းနည်းဂွကျတာရှိသည်။ 

ကိုယ်က အိပ်ချင်သော်လည်း အမေတို့က ခြင်ထောင်မထောင်ပေးသေး။ ဧည့်သည်ရှေ့ ခြင်ထောင်ထထောင်လျှင်နှင်လွှတ်သလိုထင်မည်ကို အားနာကြတာလည်းပါမည်။ 

အဲ့ဒီကျ ကျွန်တော့်မှာ အိပ်ရတာကျောမလုံ။ အရင်က ကလေးပီပီ ကြမ်းပြင်တွင်အိပ်ချလိုက်တတ်သော်လည်း ခြင်ထောင်ရပြီးကတည်းက စိတ်ကြီးက ဝင်ပြီ။ ဒီခြင်ထောင်လေးထဲ ဝင်မှ လုံခြုံသလိုခံစားရသည်။ 

ကျွန်တော် ခုနှစ်တန်းနှစ်တွင် အိမ်ပြင်ဆောက်လိုက်၏။ လူပျိုဘော်ဝင်ခါစ ဖြစ်သော ကျွန်တော့်အတွက် မိဘများက အခန်းတခန်းသက်သက်ပေးသည်။ 

အခန်းဆိုသော်ငြား အဖေတို့အိပ်သည့်နောက်ဖေးဆောင်အခန်းနှင့် အိမ်ရှေ့ဧည့်ခန်းသွားသည့်လမ်းလိုဖြစ်နေသည့်အခန်း။ 

လူလတ်တန်းစားတို့၏ ပျဉ်ထောင်အိမ်များထုံးစံအတိုင်း လက်သမားဆရာနှင့် အဆင်ပြေသလို သက်သာသလို လုပ်ကြရသည်ကိုး။ 

ဒီတော့ အခန်းမှာတံခါးလည်းမရှိ။ လိုက်ကာသာတပ်ထားရသည်။ ကျွန်တော့်အတွက်တော့ ကုတင်တစ်လုံး အသစ်ဝယ်ပေးထား၏။ အဲ..ခြင်ထောင်ကတော့ အရင်လို ဇာခြင်ထောင်အဖြူမဟုတ်တော့။ 

စစ်ခြင်ထောင်အစိမ်းရောင်ပိတ်ပိတ်ဖြစ်သွားလေပြီ။ 

လူပျိုပေါက်ဖြစ်နေပြီဖြစ်သည့်အတွက် အပြင်က ထိုးဖောက်မမြင်ရသည့် ဒီခြင်ထောင်မျိုး ကို အဖေတို့က တမင် ဝယ်ပေးခြင်းပင်။ 

ခြင်ထောင်ကို ကျွန်တော်တို့နိုင်ငံတွင် ဘယ်ကာလထဲက စတင်အသုံးပြုခဲ့သည်ကို မခန့်မှန်းတတ်။ 

ကမ္ဘာ့သမိုင်းတွင်တော့ ဘီစီ ၂၇၀၀ လောက်ကတည်းက တရုတ်ပြည်၊ မြစ်ဝါမြစ်ကမ်းတလျှောက်မြို့ပြနိုင်ငံများတွင် ခြင်ထောင်အသုံးပြုကြောင်း စာပေအထောက်အထားများတွေ့ရသည်ဟုဆိုသည်။ 

ရှေးဂရိ လူမျိုးများက Conopeum ဟုခေါ်သော ခြင်ထောင်တမျိုးကို အသုံးပြုခဲ့ကြသည်။ အီဂျစ်ဘုရင်မ ကလီယိုပက်ထရာ သည် ဂရိအနွယ်ဝင်ဖြစ်ပြီး ခြင်ထောင်ကိုအသုံးပြုရာမှ ခြင်ပေါများသော နိုင်းမြစ်ဝမ်းနှင့် အရှေ့အလယ်ပိုင်းဒေသတွင် ခြင်ထောင်သုံးသည့်ယဉ်ကျေးမှုပြန့်ပွားလာသည်ဟုလည်း ဆိုကြသည်။ 

ရောမအင်ပါယာခေတ်တွင်တော့ cubiculare ခေါ်သော ခြင်ထောင်များကို ရောမစစ်သည်များစစ်ထွက်ရာတွင်ရော အရပ်သားများပါ သုံးစွဲနေကြပြီဖြစ်သည်။ 

အလယ်ခေတ် အိန္ဒိယ တေလဂူကဗျာဆရာ Annamayya ရေးစပ်ထားသောအချစ် ရမ္မက် ကဗျာတပုဒ်တွင် "နှစ်ကိုယ်တူ ချစ်ရည်လူးသည့် ခြင်ထောင်ရံကြား" ဆိုသော အသုံးကိုတွေ့ရှိရသဖြင့် အာရှနိုင်ငံများတွင်လည်း သမိုင်းမတင်မီခေတ်ကတည်းက ခြင်ထောင်ကိုသုံးစွဲကြပြီဟု ယူဆကြသည်။ 

သိဒ္ဓတ္တမင်းသား တောထွက်ရာတွင်ပင် ယသော်ဓရာကို ခြင်ထောင်လှန်ကြည့်သွားသည်မဟုတ်လား။ 

​ခြင်ထောင်သည် ထိုကာလကတည်းက ခြင်ရန်ကို ကာကွယ်သည့်ပစ္စည်းတခုအပြင် အရှက်သိက္ခာ၊ ဖိုမသဘာဝဆက်ဆံရေး၊ ချစ်ခြင်းရမ္မက် အိမ်​ထောင်မိသားစုဘဝကို ကာရံရာ ခြုံလွှာတာဝန်ကိုယူရဟန်ရှိသည်။ 

ထို့ကြောင့် ခြင်ထောင်လှန်သည်။ ခြင်ထောင်ထဲဝင်သွားကြသည်။ ခြင်ထောင်ကူးသည် ဆိုသည့် အသုံးများသည် လူမှုကိစ္စသဘောဆောင်သည့် ဘန်းစကား စကားလုံးများအဖြစ် မြန်မာစကားတွင် ရှိနေသည်ပင်။ 

ဘာပဲဖြစ်ဖြစ် ဤမျှသမိုင်းကြောင်းရှည်လျားသော လူ့အသုံးအဆောင်ပစ္စည်းကို ကျွန်တော်အပိုင်ရထားခဲ့သည်။ 

ကိုယ်ပိုင်အခန်းမရှိသော လူလတ်တန်းစားမိသားစုမှလူငယ်တစ်ယောက်အနေဖြင့် ကျွန်တော်သည် ခြင်ထောင်ထဲတွင်ပင် ရည်းစားစာခိုးဖတ်ခိုးရေးရသည်။ 

အသည်းကွဲသည့်အခါလည်း ခြင်ထောင်ထဲပဲ ကြိတ်ငိုရသည်။ 

ကျောင်းတွင်ဘော်ဒါချင်း လက်သိပ်ထိုးမျှဝေသည့် ဟိုပုံဒီပုံ၊ ဟိုစာအုပ်ဒီစာအုပ်လည်းခြင်ထောင်ထဲပဲဖတ်ရသည်။ 

ယုတ်စွအဆုံး အရွယ်ရောက်စ ယောက်ျားလေးပြဿနာ အချို့ကို ခြင်ထောင်အားကိုးနှင့်ပင် ဖြေရှင်းရသည်လည်းရှိသည်။ 

ဒါကတော့ တဖြည်းဖြည်းမှောင်သွားပြီမို့ ထားတော့။ 

အခုပြောပြချင်သည်က ကြံကြံဖန်ဖန် ဝင်ခဲ့ရသည့် ခြင်ထောင်တစ်လုံးအကြောင်း။ 

၂၀၂၁ အာဏာသိမ်းပြီးသည့်နောက် ရန်ကုန်မြို့မှ ဆန္ဒပြပွဲများတွင် ကျွန်တော်တို့လည်းပါဝင်ခဲ့ကြသည်။ 

တစ်ရက် အနော်ရထာလမ်းပေါ်တွင် ဆန္ဒပြလူအုပ်ကြီးနှင့် စစ်တပ်တို့ထိပ်တိုက်ရင်ဆိုင်ကြရသည်။ 

ထိုလူအုပ်ထဲတွင် ကျွန်တော်တို့လင်မယားပါသလို... ကွယ်လွန်သူ ဆရာမင်းလူ၏ သမီး မယုယ နှင့်သူ့ဘဲကြီး ကိုဇော်လတ်လည်းပါသည်။ 

စစ်တပ်က စတင်ပစ်ခတ်ချိန်တွင်တော့ ကျွန်တော်တို့အားလုံး ဝရုန်းသုန်းကားဖြစ်ပြီး နီးစပ်ရာလမ်းတွေထဲဝင်ပြေးကြ၏။ 

ကျွန်တော်တို့လေးယောက်သား ၃၆ လမ်းအပေါ်ဘလောက်သို့ အခြားသူများနှင့်အတူ ဝင်ပြေးကြသည်။ 

စစ်တပ်ကလည်း ပစ်ခတ်ရိုက်နှက်ရင်း ရရာလူကို ဖမ်းကာကားပေါ်တင်နေပြီ။ 

"ဒီကိုလာ...ဒီထဲကိုဝင်...ဒီထဲကိုဝင်" 

ခပ်နွမ်းနွမ်းအဝတ်အစားနှင့် အဒေါ်ကြီးနှစ်ယောက်က ရှေးတိုက်ခံအဆောက်အဦကြီးရှေ့မှ လက်ယက်ခေါ်သည်။ 

စစ်တပ်ကလမ်းထဲထိလိုက်ဆွဲနေသည်ဟုအော်ဟစ်သံများကြောင့် ကျွန်တော်တို့လင်မယားလည်း အဒေါ်ကြီးတွေ ခေါ်ရာသို့..ဝင်လိုက်၏။ 

"ယောက်ျားလေးဆိုသူတို့ကရိုက်နှက်ဖမ်းတာ...သမီးက ဒီမှာနေ..သား အပေါ်ကို တက်ပုန်း တက်ပုန်း" 

ဇနီးသည်ကိုအောက်ထပ်တွင်နေရာပေးပြီး အဒေါ်ကြီးတစ်ယောက်က ကျွန်တော့်ကိုအပေါ်သို့ ခေါ်သည်။ 

အပေါ်ထပ်တွင် ဘာပရိဘောဂမှမရှိ။  ခြင်ထောင်တစ်လုံးသာ။ 

ထိုအချိန်တွင် လမ်းထဲထိ စစ်တပ်က ဝင်လာပြီဟုအော်သံများကြားရပြန်သည်။ 

"ကောင်လေး..ခြင်ထောင်ထဲဝင်နေ..ခြင်ထောင်ထဲဝင်နေ" 

ကျွန်တော်လည်း..ဘာမှ ထွေထွေထူးထူးစဉ်းစားမနေ။ 

ကြောက်အားလန့်အားဖြင့် ခြင်ထောင်လှန်ကာ ဝင်လိုက်သည်။ 

"ကောင်လေး...ဟိုကောင်တွေဝင်လာနေပြီထင်တယ်...ငါမခေါ်မချင်း...နင်အဲ့ဒီထဲမှာပဲနေ..ငါခေါ်မှထွက်လာခဲ့နော်" 

အပြင်က အဒေါ်ကြီးအသံ။ ထို့နောက် အဒေါ်ကြီးက အောက်သို့ပြန်ဆင်းသွားပုံရသည်။ 

ခြင်ထောင်ထဲရောက်ပြီးမှ အနံ့အသက်ကို ခံစားရသည်။ 

ဒဏ်ကြေလိမ်းဆေးနံ့။ ဆေးရုံများတွင်ရတတ်သည့်အနံ့မျိုးတခု။ 

"အင်း..အင်း" 

ညည်းညူသံကြောင့် ကျွန်တော်နောက်လှည့်ကြည့်လိုက်သည်။ 

စောင်ကလေးခြုံကာ ကွေးကွေးကလေးဘေးတစောင်းလှဲနေသည့် အဘွားအိုတယောက်။ 

လေဖြတ်သည်လား ။အောက်ပိုင်းမလှုပ်ရှားနိုင်သည်လားမသိ။ 

အဘွားအိုက အခုမှ အိပ်ရာနိုးလာသည့်ပုံဖြင့် ကျွန်တော့်ကိုပြူးကြောင်ကြောင်ကြည့်နေသည်။ 

သူ့ခြင်ထောင်ထဲ ဂက်စ်ကာမျက်နှာဖုံးလည်ပင်းဆွဲထားသည့် ငတိတကောင် ဘယ်ကဘယ်လိုရောက်လာသလဲ..ဆိုသည့် အနေအထား။ 

"အာ..ဝါး...အူ အဲ" 

အဘွားက တခုခုကို ပြောသည်။ သို့သော် ပီပီသသထွက်မလာ။ စကားသေချာပြောနိုင်ပုံမရ။ 

သူ့ရဲ့လုံခြုံရာကမ္ဘာခြင်ထောင်ထဲ ဘယ်ကမှန်းမသိသည့်လူစိမ်းတယောက်ရောက်နေသည်ကိုး။ အဘွားလန့်မှာပေါ့။

ကျွန်တော်လည်း ဘာပြောရမည်မသိ။ ထို့ကြောင့် ပြုံးပြလိုက်သည်။ 

​ကျွန်တော်၏မျက်ခွက်သည် ပြုံးပြလေမှ ပိုကြောက်စရာကောင်းသည်လားမသိ။ 

အဘွားသည် လက်နှစ်ဖက်ကို ရသလောက်ဆန့်တန်းလှုပ်ရှားကာ အော်ဟစ်ရုန်းကန်တော့၏။ 

သေမင်းတမန်များ ငါ့ခြင်ထောင်ထဲရောက်လာတာဟု နာတာရှည်အဘွားအို ထင်သွားပုံပင်။ 

ကြောက်လန်တကြား အော်ဟစ်တော့သည်။ 

မထူးတော့ပြီမို့...ကျွန်တော်လည်း စောင့်ကြောင်ထိုင်ကာ အဘွားအား ပေါက်ဆိန်ပေါက်ကန်တော့ချလိုက်သည်။ သူ့အား ရန်မူသူမဟုတ်ဆိုသည့်အနေအထားကိုပြသသည့်သဘော။ 

မရတော့။ 

အဘွားကရှိသမျှအား ဆန့်တန်းကာ ရုန်းလိုက်သဖြင့် ခြင်ထောင်သေးသေးလေး၏ ရှေ့ကြိုးနှစ်ချောင်းမှာ ပြတ်ကျသွားလေတော့သည်။ 

အဘွားရယ်။ကျွန်တော်ရယ်။ခြင်ထောင်ပျက်ကြီးရယ်။ 

ထိုအချိန်ထိ ခြင်ထောင်ထဲက ထွက်လိုက်ဖို့ကို ကျွန်တော်မစဉ်းစားမိ။ 

စစ်တပ်ကကောင်တွေတက်လာလျှင်တောင် အဘွား၏ခြင်ထောင်လေးက လုံခြုံသည်ဟု ကျွန်တော်အူလည်လည်နှင့်တွေးနေမိဆဲ။ 

"ဟဲ့..ကောင်လေး...လာ..ထွက်လာတော့...ဟဲ့..ခြင်ထောင်ကဘယ့်နှယ့်ဖြစ်" 

အဒေါ်ကြီးအသံကြားမှ ကျွန်တော်ခြင်ထောင်ထဲက ခေါင်းလေးပြူထွက်လာသည်။ 

အဒေါ်ကြီးနောက်မှပါလာသည့် ကျွန်တော့်ဇနီးခက်ကတော့ ခြင်ထောင်ထဲခေါင်းထွက်လာသည့် သူ့လင်တော်မောင်ကိုကြည့်ကာ အားပါးတရရယ်ပါတော့သည်။ 

သပိတ်တိုက်ပွဲကာလ..မှတ်မှတ်ရရ ကြုံခဲ့ရသည့် ခြင်ထောင်တစ်လုံး။ 

ကူညီပေးခဲ့ကြသည့်..(၃၆)လမ်းမှအဒေါ်ကြီးများနှင့် ခြင်ထောင်ရှင်အဘွားအား ဒီနေရာကနေ ကျေးဇူးတင်စကားပြောလိုက်ရပါသည်ဗျား။ 

ဗြိတိသျှကိုကိုမောင်
6July 2024

ခြင်ထောင်မလိုပဲ ခြင်လုံသံဇကာဝယ်တပ်နိုင်ဖို့ရာ


CMX


Comments