မင်းရယ် သူရယ် မိုးပြေးလေးတွေရယ် - သန်းတင့်
မင်းရယ် သူရယ် မိုးပြေးလေးတွေရယ်
ကျွန်တော် တစ်ခုခုလုပ်ချင်သည်။ လုပ်ပေးချင်သည်။ တစ်ခုခု ထိထိရောက်ရောက် လုပ်လိုက်ချင်သည်။ လုပ်ပစ်လိုက်ချင်သည်။ ဒီမှာ သွေး၊ ဒီမှာ မျက်ရည်၊ ဒီမှာ မီးလောင်ပြင်ဟု မိုးအဆုံး မြေအနှံ့ သံစုံအော်ဟစ် ပစ်လိုက်ချင်သည်။ ချစ်သူကိုလည်း အလိုမကျ၊ မုန်းသူတွေကိုလည်း အလို မကျ၊ ကိုယ့်ကိုယ်ကိုယ်လည်း အလိုမကျ။ ဘယ်နေရာရောက်ရောက် နေ သာထိုင်သာ မရှိလှ။ လမ်းတွေ တစ်ထပ်ပြီးတစ်ထပ်၊ မြစ်တွေ တစ်ကွေ့ ပြီးတစ်ကွေ့၊ အရိပ်တွေ တစ်ပင်ပြီးတစ်ပင်။
ထိုအချိန်က ကဗျာတွေ စာတွေ ရေးချင်သည်။ နေ့တိုင်းလိုလိုလည်း ရေးကြည့်ဖြစ်ခဲ့သည်။ ကျွန်တော် ပြန်ဖတ်ကြည့်သည့်အခါ မကြိုက်တော့ ပြန်၊ အလိုမကျမိပြန်၊ ထိုမှတစ်ဆင့် ကိုယ့်ကိုယ်ကိုယ် အထင်သေးလာမိပြန်သည်။ ထိုသို့ဖြင့် ရေးလိုက် ဖျက်လိုက်၊ ပြန်ရေးလိုက် ပြန်ဖျက်လိုက်နှင့် အခါခါ စိတ်တိုခဲ့ရသည်။ အကြီးမားဆုံး ပြဿနာက အရင်ရေးခဲ့သမျှထက် ပိုကောင်းအောင်၊ ပို၍ အချီးကျူးခံရအောင်၊ ပို၍ မျက်ရည်ချူဖြစ်အောင်၊ ပိုပြီး လက်ခုပ်သံ ခပ်ဆူဆူ ကြားရအောင် လောဘတက်မိနေသော စိတ် ဖြစ်သည်။ ကိုယ်အမှန်တကယ် ကြွေးကြော်လိုသော အသံမျိုးကို မရေးနိုင် ရကောင်းလားဟု ဝမ်းနည်းလာမိသည်။ အပြင်မှာ တကယ်မြင်နေရသော သွေးပွက်ပွက်နှင့် ထပ်တူ ‘နီ’ နေအောင် တစ်ပါဒ နှစ်ပါဒမျှပင် ကျွန်တော် ဘာကြောင့် မရေးချနိုင်ရသည်လဲ၊ ခုနက လောင်နေသော မီးနှင့် ထပ်တူပူနေအောင် ကျွန်တော့် နရီလင်္ကာများက ဘာကြောင့် မခင်းကျင်းနိုင်ရသည် လဲ၊ တကယ်ကျနေသော မျက်ရည်များကို အနီးစပ်ဆုံး ထင်သာ မြင်သာ အောင် ကျွန်တော့် စာညွန့် စာပန်းများဖြင့် အဘယ်ကြောင့် မဖွဲ့ဆိုနိုင်ရ သည်လဲ အဖြေရှာမရ။ တစ်ခါတလေများဆိုလျှင် သုံးခွက်မြောက် နတ်ဆိုး နှင့်မှ ကျိုးနွံအိပ်မောကျသွားခဲ့ရသည်။ သန်းခေါင်ကျော်လို့ပင် တစ်နာရီ နှစ်နာရီ။
ကျွန်တော်က ပုံမှန် ဆေးစစ်သည်။ ကျန်းမာရေးနှင့် ပတ်သက်၍ လေ့ကျင့်ခန်းလည်း လုပ်ဖြစ်ပါသည်။ ကျွန်တော့် ပေပုံတေပုံက ကိုယ့်ဘေး ကို ကိုယ်သိသည့် လူလည်၊ လူနပ်၊ လူပါးတစ်ယောက်၏ တေပုံပေပုံမျိုး ဖြစ်သည်။ အစားအသောက်ကအစ ဆင်ခြင်လွန်းသဖြင့် တချို့က အမြင် ကတ်ကြသည်။ တစ်ခါတစ်ရံ အစာအိမ်ရောင်တတ်သည်က လွဲ၍ တခြား ဘာမှ မဖြစ်တတ်။ ဘဝတစ်လျှောက် ဆေးရုံပင် တစ်ခါမှ မတက်ဖူးခဲ့။ ဖြစ်ချင်လာသည့်အခါ “အလောင်းလှေ” ကဗျာကို ရေးပြီး နောက်တစ်ရက် ကျောရိုးမကြီးကို အကြီးစား ခွဲစိတ်မှုလုပ်ရန် ရုတ်တရက် လိုအပ်လာပါသည်။ ချက်ချင်းကြီးပင် မိနစ်ပိုင်းအတွင်း လူသေအလောင်းတစ်ခုလို ဖြစ် သွားသည်။ အရေးပေါ်ကားဖြင့် ကျွန်တော့်ကို ခက်ခက်ခဲခဲ သယ်ဆောင် ခဲ့ရသည်။ ခန္ဓာကိုယ်တစ်ခုလုံး လှုပ်မရတော့သော အခြေအနေဖြင့် အာရှ တော်ဝင်ဆေးရုံပေါ်သို့ ရောက်သွားခဲ့ပါသည်။ ကျွန်တော် မုန်းနေကျ ဩဂုတ် လ၊ ကျွန်တော် ရွံရှာစက်ဆုပ်နေကျ စက်တင်ဘာလ။ ထို့နောက် အိပ်ရာ ပေါ်မှာ ရက်တစ်ရာ။
လှုပ်မရသည်ကို စိတ်တိုရသည်။ အဆက်မပြတ် နာကျင်နေမှုကို ချောက်ချားလာသည်။ လက်ဖျံမှ ဆေးလွှတ်သည့် အပ်ပေါက်ရာ ဗရပွကို စိတ်ကုန်လာရသည်။ သံလိုက်ဓာတ်မှန် (M.R.I) လိုဏ်ခေါင်းထဲမှ အထီး ကျန် ၃၈ မိနစ်ကို အခုထိတိုင် တုန်လှုပ်နေမိပါသည်။ ကျောရိုးခွဲစိတ်မှု သည် အန္တရာယ်များလှသဖြင့် ဆေးဖြင့်သာ ထိန်းထားရန် ကျွန်တော် အပါ အဝင် မိသားစုအားလုံးက သဘောတူကြသည်။ သို့သော် ‘လိုင်ရစ်ကာ’ သောက်ဆေးဒဏ်ကလည်း ချာချာလည်အောင် နှိပ်စက်နေခဲ့ပြန်သည်။
ဝေဒနာကြားမှာ ရောက်နေသည့်အခါ ကုန်လွန်ခဲ့သည့် အတိတ်ရက်များကို အလွန်အကျွံ တမ်းတလွမ်းဆွတ်လာမိသည်။ ဂေါ်ရန်ဂျီကျွန်း ဒေသမှ တစ်ခေတ်တစ်ခါက ဆုတွေ ခဏခဏရခဲ့သည့် နာမည်ကျော် ပိုက်ကျော်ခြင်းသမားလေးကို ကျွန်တော် ပြန်လွမ်းနေမိသည်။ အနောက် ရိုးမကို အခေါက်ခေါက် အခါခါ ခြေလျင်ကျော်ဖြတ်နေသော အရိပ်ဖြူဖြူ လေးတစ်ခုကို ပြန်ပြီး အိပ်မက်မက်နေမိသည်။ လူဆိုးတစ်အုပ်ကို ဆယ် စက္ကန့်အတွင်း မျက်ခြေဖြတ်ထားနိုင်ခဲ့သော ပန်းဆိုးတန်းမှ ဇာတ်လိုက် မင်းသားလေးကို ကျွန်တော် မြင်ယောင်ဝမ်းနည်းလာမိရသည်။ ခွဲစိတ်လိုက် လျှင် အရင်လို အကောင်းအတိုင်း ပြန်ဖြစ်ဖို့ဆိုသည်က သိပ်မသေချာလှ။ ထိုသို့ဖြင့် ကျွန်တော် မရှာဖွေရပါဘဲ အလင်းတစ်စက် လက်သွားသည်ဟု ဆိုရပါမည်။
သတိထားမိလိုက်သည့်အခါ ကျွန်တော့်ကိုယ်ကျွန်တော် ပြိုင်ဆိုင် နေမိသည်က ဘယ်လောက်ပင် ကြာခဲ့ပြီလဲ မသိ။ မရနိုင်တော့မှန်း သိလျက်ကပင် ကိုယ့်နုပျိုခဲ့မှုများကို ပြန်ပြိုင်ဆိုင်နေမိသည်။ တောက်ပနေခဲ့ မည် ဖြစ်သော ယခင်က မျက်ဝန်းမျက်ဆံများ၊ ပျော့ပျောင်းထူထဲခဲ့မည် ဖြစ်သော ဆံပင်ညိုမောင်းများ၊ ကျစ်လျစ် စင်ကြယ်ခဲ့ကြသည့် ကိုယ်နေ ခါး ကျများ၊ နက်ရှိုင်းကြည်လင်ခဲ့ဖူးသည့် နှလုံးသားနှင့် သွက်လက်ရဲရင့်ခဲ့သည့် ဉာဏ်ပညာများ စသဖြင့်။
ကဗျာဆရာကြီး ဆာအက်ဒွင်အာနိုး၏ “အာရှတိုက်ရဲ့အလင်းရောင်” ကဗျာရှည်ကြီးတွင် သူတော်စင် ‘အသိတ’ ရသေ့ကြီးက သိဒ္ဓတ္ထမင်းသား လေးကို တွေ့သည့်အခါ “အို ကလေးရေ၊ ငါရှိခိုးပါတယ်၊ မင်းဟာ သူပဲ” ဟု မြည်တမ်းပါသည်တဲ့။ အခု တွေ့နေရသော ကလေးလေးသည် ပါရမီ အဆက်ဆက် ပြည့်ခဲ့ပြီးသော၊ ရသေ့ကြီး မျှော်နေသောသူပဲဟု ဆိုချင်တာ ဖြစ်ပါလိမ့်မည်။ သူတို့ကတော့ သူတို့ကိစ္စနှင့် သူတို့ပြောတာ ဖြစ်သော် လည်း ‘မင်းဟာ သူပဲ” ဆိုသော စကားက ကျွန်တော့်ကို အလင်းတစ်ခု ရ စေခဲ့သည်။ မင်းဟာ သူပဲဟု ကျွန်တော် ဘယ်လောက်ပင် ဂုဏ်မောက်နေ ပါစေ ကျွန်တော် လွမ်းနေမိသည့် အရင်က ‘သူ့’ အခြေအနေမျိုးတွေ ပြန် မရနိုင်တော့။ ပိုက်ကျော်ခြင်းကွင်းမှ သူ၊ ရိုးမတောင်ပေါ်မှ သူ၊ ပန်းဆိုး တန်းမှ ခြေသွက်လက်သွက်ကလေး သူ။ သူက ကျန်ခဲ့ပြီး၊ အခုက မင်းသာဖြစ်ကြောင်း ကျွန်တော် သိလိုက်ပြီ။
ခွဲစိတ်ရန် ကိုယ်တိုင် လက်မှတ်ထိုး ခွင့်ပြုပေးလိုက်သည့်နေ့က စိုး ရိမ်စိတ်ဖြင့် အားလုံး မျက်နှာ မကောင်းကြသော်လည်း ကျွန်တော့်အဖို့မှာ အလွန် ကြည်လင်ပေါ့ပါးနေခဲ့သည်။ ကျွန်တော့်ကိုယ်ကျွန်တော် မပြိုင်ဆိုင် လိုတော့သည့်အခါ အကြောက်တရားရော၊ အနာရော သက်သာလာသည် ကို အံ့ဩဝမ်းသာစွာ ခံစားလာရသည်။ တစ်ခုခု ချွတ်ချော်ခဲ့လျှင် ပျောက် ပျက်သွားမည် စိုးသောကြောင့် ကျွန်တော့် ရေးပြီးသား စာမူတချို့ကို ကိုဝေး ခေါင်ထံသို့ လှမ်းပို့ပေးခဲ့ပြီး ခွဲစိတ်ခန်းသို့ ရောက်ရှိသွားခဲ့ပါသည်။
မေ့ဆေးဆရာဝန်က မေ့ဆေးပေးသော လေရှူခွက်ဖြင့် ကျွန်တော့် နှာ ခေါင်းနှင့်ပါးစပ်ကို လာအုပ်သည့်အခါ ကိုယ့်လက်ဖြင့် ကိုယ်အုပ်၍ မေ့ သွားချင်ကြောင်း တောင်းဆိုဖြစ်ခဲ့သည်။ ကျွန်တော့် ပြုံးပြုံးရွှင်ရွှင်ပုံစံကို သူတို့ အံ့ဩနေကြကြောင်း ပြောပြီး ကျွန်တော့်ဆန္ဒအတိုင်း ခွင့်ပြုပေးကြ ပါသည်။ ထို့နောက် မေ့ဆေးခွက်ကို ကိုင်ထားသော ကျွန်တော့်လက်ပေါ် သို့ သူ့လက်တစ်ဖက်ကို အုပ်ကိုင်လာသည့်အခါ ထိုမေ့ဆေးဆရာဝန်မလေး ကို အဆင်သင့်ဖြစ်ပြီ ဖြစ်ကြောင်း ကျွန်တော် ခေါင်းညိတ်ပြလိုက်သည်။ ထိုသို့ဖြင့် အလွန် အေးချမ်းလုံခြုံသော အမှောင်တစ်ခုသို့ ကြည်လင်ဣန္ဒြေ ရစွာ ကျွန်တော် ရောက်ရှိသွားခဲ့သည်။
ထိုအခြေအနေမှသည် ကိုယ့်ကိုယ်ကိုယ် ပြိုင်ဆိုင်နေမိတတ်သော လောဘကြီးသည့် လူတစ်ယောက်အဖြစ် သံဝေဂ ပါးပါးလေးကို ထပ်မံ ရရှိလာခဲ့သည်။ ကျွန်တော် အရင်က ရေးခဲ့သည့် ကောင်းနိုးရာရာ စာများ ကဗျာများကို နောက်ထပ် ရေးသမျှနှင့် ပြိုင်ဆိုင် တုပနေတတ်တာမျိုး ဖြစ်သည်။ လူအများ ကြိုက်ခဲ့ကြသည် ဆိုသော လက်ခုပ်သံ တညံညံ မြှောက် ထိုးပင့်ကော် ခံခဲ့ရသည့် ကဗျာများနှင့် မတူတူအောင်၊ မနိုင်နိုင်အောင်၊ လက်ခုပ်သံ မကြား ကြားရအောင် ကြိုးစားတုပနေခြင်းကပင် ကျွန်တော့် အဖို့ရာ ဝဋ်နာကံနာ တစ်ခုလို ဖြစ်လာကြောင်း ရိပ်မိလာရသည်။ အရင်က ‘သူ့’ ကို အထင်ကြီးရင်း အခု ‘မင်း’ ကို အထင်အမြင် သေးတတ်လာခဲ့သည်။
ထို့နောက် ယခုအခြေအနေကို အားငယ် စိတ်ဝင်လာသည်။ ငါမလုပ်နိုင်တော့ဘူး ဆိုသည့် မိုးသားနက်နက်တွေ မှောင်တက်လာသည်။ လျှပ်စီးနီကြင်ကြင်များအောက် ရှစ်စိတ်ကွဲတော့မည့် ခေါင်းကို ထမ်းပိုးထား ရသည်က လေးလံလွန်းလာသည်။ ဗလာမရှိ၊ နတ္ထိမရှိ၊ အရာရာက ရှိပြီး သား အမှောင်များနှင့် တိုးမပေါက်အောင် ပြည့်သိပ်နေကြသည်။ ဥဩသံ သာနှင့် တိမ်တောက်ချိန် ညနေခင်းများပင် တိုး၍ မပေါက်နိုင်လောက် အောင် ပြည့်သိပ်နေသော အခန်းမျိုး ဖြစ်ပါသည်။ ကိုယ့်လက်ပေါ်မှာ ကိုယ်တိုင် သေဆုံးသွားသော ကဗျာဆရာကို လွတ်အောင် ကျွတ်အောင် ဝေစရာ ‘အမျှ’ မရှိ။
ကျွန်တော့် တစ်ကိုယ်စာအတွက် အလင်းလေးတစ်စက်ကို တွေ့ပါ ပြီ။ ကိုယ့်ကိုယ်ကိုယ် ရှာဖွေသည်၊ ကိုယ့်ကိုယ်ကိုယ် တွေ့ရှိပြီဟု ဆိုကြသူ များကို ကြည့်ရင်း ကျွန်တော် ရယ်မောပစ်လိုက်ချင်သည်။ ကျွန်တော့်အဖို့ ရာ ကိုယ့်ကိုယ်ကိုယ် မေ့ပစ်လိုက်ခြင်းသည်ပင် အကောင်းဆုံး ကဗျာရေး နည်းဖြစ်သည်ဟု ယုံကြည်နေမိပါပြီ။ ကဗျာရေးသူတစ်ယောက်အနေဖြင့် ကိုယ့်ကဗျာကို ကိုယ်တိုင် ပြန် မခိုးချခြင်းကပင်လျှင် အကောင်းဆုံး အရိုး သားဆုံး ကဗျာ ဖြစ်သည်။ ထိုကဗျာသည်သာ စစ်မှန်သော၊ တုပပြိုင်ဆိုင် ခြင်း ကင်းသော၊ အရိပ် အညစ်အကြေးတို့ စင်ကြယ် ဝင်းပသော သယံ ဇာတပစ္စည်း ဖြစ်သည်။
မာစတာပိစ်က မာစတာပိစ် ဖြစ်သည်။ သယံဇာတက သယံဇာတ ဖြစ်သည်။ မာစတာပိစ်က နိုင်ငံတော်သီချင်းမျိုးနှင့် တူနိုင်ကောင်းပါသည်။ မဆိုမဖြစ် သီချင်း ဖြစ်သော်လည်း အလံတင် အလံချ အခမ်းအနားများမှ လွဲ၍ ဆိုရကြားရ သိပ်မကောင်းလှ။ အဖန်ဖန် အထပ်ထပ်ဖြင့် ငြီးငွေ့စရာ ကောင်းလှသည်။ သယံဇာတ ဆိုသည်ကတော့ဖြင့် အချိန်၊ နေရာ၊ ရာသီ၊ နက္ခတ်၊ ငယ်ဂုဏ်၊ ကြီးဂုဏ် အဆင့်ဆင့်ကို ရိုးရိုးသားသား ခံစားသိမြင် ခြင်း သံစဉ်မျိုးဖြစ်သည်။ ချစ်မည်၊ မုန်းမည်၊ ဆုံမည်၊ ဝေးမည်၊ လွမ်းမည်၊ ပေါက်ကွဲမည်၊ သည်းထန်မည်၊ တည်ဆောက်မည်၊ ပုန်ကန်မည်၊ အနိစ္စ မည်၊ ဒုက္ခမည်၊ ဓမ္မမည်၊ သံသရာနှင့် သံသရာမှ လွတ်မြောက်ရာ လွတ် မြောက်ကြောင်း ဟုလည်း မရောင်ရာရော ရောင်သည့်နေရာရော ကိုယ် ထင်သည့်နေရာကို တစ်ခါတလေ ဆီလူးချင် ဝင်လူးပါမည်။ ရှာတတ် တွေ့တတ်လျှင် သယံဇာတလေးများက ကိုယ့်ဘေးနားမှာ ဒုနဲ့ဒေးမှန်း သိလာ ခဲ့ရသည်။
ဘယ်လို သိမ်းသွင်းလို့မှ မမည်းသည့် အဖြူမျိုးလို မနက်ခင်းတချို့ ရှိခဲ့ဖူးပါမည်။ ဘယ်လို ဖြားယောင်းလို့မှ ဖြူမလာသည့် ကျီးကန်းတချို့က ထိုမနက်ခင်းများတွင် တအာအာဖြင့် တွန်ကျူးနေကြသည်။ နားဝင် ဆိုး လိုက်တာဟု ဆိုကြစေဦးတော့၊ ထိုမနက်ခင်းလေး၏ သယံဇာတသည် ထို ကျီးအာသံကလေးပင် ဖြစ်ပါသည်။ နှင်းရည်နှင်းစက် တွဲလွဲလေးများသည် မည်သူ၏ သယံဇာတနည်းဟု မေးခွန်းများ တွေ့ရလျှင် ဘယ်သူ့ မျက်နှာ ကိုမှ မထောက်ဘဲ ဆောင်း၏ သယံဇာတပေါ့ဟု ရဲရဲတောက် ဖြေလိုက်ကြ စေချင်သည်။ ထိုအဖြေသည်ပင် နှစ်လိုဖွယ် ကဗျာလေးတစ်ပုဒ် ဖြစ်နေပါ လိမ့်မည်။
သယံဇာတများကို ပိုင်ဆိုင်ကြပုံများမှာ အသက်အရွယ်နှင့် ဘဝပေး အခြေအနေအရ မတူ ခြားနားနေတတ်သည်ကိုလည်း တွေးကြည့်နေမိသည်။ အပျိုရိုင်းမလေး တစ်ယောက်တွင် မျက်မှောင်စိမ်းစိမ်းတွေ ရှိမည်။ အသွားနှစ်ဖက်ကို လက်လက်ထနေအောင် သွေးထားသော နှုတ်ခမ်းများ ရှိမည်။ ထို့ထက် ပို၍ အသိမ်းအနုတ် ယဉ်ကျေးသော ပန်းနုခြေရာ၊ လွင် သော်လည်း မပြတ်သားတတ်သေးသော ရယ်သံ၊ ရုန်းရင်းဆန်ခတ်နေသည့် တိတ်ဆိတ်မှု စသဖြင့် သူ့သယံဇာတနှင့်သူ ပြည့်စုံလှပလွန်းနေတတ်ပါသည်။ လူငယ်လေးတစ်ယောက်အဖို့ မြွေမကြောက် ကင်းမကြောက် ရေး မည်ဆိုလျှင် ထိုအရာသည်လည်း ကဗျာကောင်းလေးတစ်ပုဒ် ဖြစ်လာနိုင် ကြောင်း အကြံပေးလိုပါသည်။
သက်လတ်ပိုင်းအရွယ် မုဆိုးမလေးတစ်ယောက်တွင်ရော မည်သို့ သော သယံဇာတများ ရှိပါလိမ့်မလဲဟု ကျွန်တော် ဆက်တွေးကြည့်နေလိုက်သည်။ ရှေ့ရေးမျှော်တွေးမှု၊ ခိုလှုံစရာ လုံခြုံကောင်းကင်၊ မထိုးတာကြာပြီ ဖြစ်သော မျက်စောင်းအနွမ်းများ၊ ကြယ်ကြွေချိန်ကိုတောင် လူတကာနှင့် အပြိုင်အဆိုင် ဆုမတောင်းနိုင်ရှာဘဲ ကျောခိုင်း အရှုံးပေးသွားတတ်သော ကျစ်ဆံမြီးလေး တစ်ပင်တလေ စသည်ဖြင့် ကျွန်တော် တွေ့ရှိလာရသည်။ ထိုအရာများသည်ပင် လောက၌ ရှိသင့်ရှိအပ်သော ချစ်စရာကောင်းသည့် သူမ၏ သယံဇာတများ ဖြစ်နေပြန်ပါသည်။ ထိုအရာသည်လည်း ကဗျာ လေးတစ်ပုဒ် ဖြစ်နိုင်ကောင်းပါသည်။ ကျစ်ဆံမြီးအဖျားမှ တရုတ်စကား ပန်းဖြူဖြူလေးတစ်ပွင့်ကိုတော့ မပါမဖြစ် ထည့်သွင်းရေးသားသင့်ပါသည်။
နွေနှောင်းကာလ၏ သယံဇာတသည် ဘာများ ဖြစ်နိုင်မလဲဟု မေး ခွန်းလေးတစ်ခုလောက် မေးကြည့်ချင်ပါသည်။ ထိုမေးခွန်းကို ဖြေနိုင်လျှင် ခင်ဗျားရော ကျွန်တော်ရော ကဗျာဆရာစစ်စစ် ဖြစ်လို့ရပါပြီ။ သူ့အမြင် ကိုယ့်အမြင်၊ သူ့နှလုံးသား ကိုယ့်နှလုံးသား မတူကွဲပြားခြင်းဖြင့် အဖြေတွေ ကတော့ အများကြီးကို ရှိနေနိုင်ပါသည်။
အညှာညောင်းနေသည့် တောင်ပိန္နဲရွက်ကလေးဟု ဖြေဆိုသူများ မှန်ပါသည်။ ဂီတနက်သန်ကိုစောညိန်းဟု ဖြေသူများလည်း မှန်ပါသည်။ ဟုတ်ကဲ့၊ ကျွန်တော် ဖြေသလို မိုးပြေးလေးပေါ့ဟု ဖြေဆိုသူ အားလုံးလည်း အဖြေမှန်ပါသည်။
မကြာမီ ပန်းငုဝါတွေ ပွင့်တော့မည်။
◆︎◆︎◆︎

Comments
Post a Comment
Comments