မှန်ကန်ခြင်းနှင့် ရဲရင့်ခြင်း - သော်တာဆွေ
မှန်ကန်ခြင်းနှင့် ရဲရင့်ခြင်း
သတ္တိနှင့် သစ္စာ၊ မှန်ကန်ခြင်းနှင့် ရဲရင့်ခြင်းတို့သည် ဒွန်တွဲနေ၏။ သစ္စာမဲ့ သူသည် သတ္တိမဲ့သူဖြစ်၏။ သစ္စာရှိသူသည် သတ္တိရှိသူဖြစ်၏။ သစ္စာကို သတ္တိနှင့် စောင့်ထိန်းရ၏။ သတ္တိဆိုရာ၌ မှန်ကန်သော ကိစ္စကို ရဲဝံ့စွာ ပြုလုပ်ခြင်းသာ မဟုတ် သေး။ မကောင်းမှုကို စောင့်ထိန်းနိုင်ခြင်း၊ မှားယွင်းသော ဆန္ဒလောဘကို ချုပ် တည်းနိုင်ခြင်း၊ အောင့်အည်း သည်းခံနိုင်ခြင်းတို့သည်လည်း သတ္တိမည်၏။
မှန်ကန်ခြင်းနှင့် ရဲရင့်ခြင်းလည်း ထိုနည်းအတူ တစ်ခုနှင့်တစ်ခု အမှီသဟဲ ပြုနေ၏။ ပင်ကိုယ်မူလက မည်မျှပင် ရဲရင့်သူဖြစ်နေစေကာမူ မမှန်ကန်သောအမှုကို ပြုလိုက်မိပြီဟု မိမိကိုယ်မိမိ ထင်လိုက်သည်နှင့် တစ်ပြိုင်နက်၊ ထိုသူ၏ ရဲရင့်ခြင်းတို့ သည် ပျောက်ကွယ်သွား၍ ကြောက်ရွံ့သူအဖြစ်သို့ ရောက်ရှိသွားတော့၏။
ဝတ္ထုတစ်ခုနှင့် သာဓကပြုပါမည်။
လွန်ခဲ့သော နှစ်ပေါင်း ၃၅ နှစ်ကျော်က ဖြစ်ပါသည်။ ကာယကံရှင်များ မှာမူ လူ့ဘောင်၌ မရှိကြတော့ပြီ။
ဦးအောင်ဒွန်း ...။
ကျွန်တော်တို့ရွာမှ ရွာသူကြီး ဦးအောင်ဒွန်း။ အင်မတန်မှ ရဲရင့်သတ္တိရှိသည်ဟု ကျော်ကြားသည်။ သူခိုးဓားပြကို လက်ရဖမ်းခဲ့ဖူး၍ နာမည်ကောင်းလက် မှတ်နှင့် ဆုတော်ငွေများ ရခဲ့ဖူးသည်။ နှစ်လုံးပြူး သေနတ်ကိုင်ရသည်။ ဆယ်ခိုင် သူကြီးခန့်အပ်ခြင်းခံရ၍ ရွာဆယ်ရွာကို အုပ်ချုပ်ရသည်။ ထိုရွာများ၌ ဖြစ်ပေါ်သော အမှုကြီးငယ်တို့သည် ဆယ်အိမ်ခေါင်းများမှ တစ်ဆင့် သူ့ဆီရောက်ရသည်။ ကြီး သောအမှုဆိုလျှင် ရုံးဂါတ်ပို့၍ ငယ်သောအမှုဆိုလျှင် သူပင်စီရင်ချက်ချလိုက်သည်။ တစ်ညချုပ်နှောင်ခွင့်နှင့် ငါးကျပ်အထိ ဒဏ်ငွေတပ်နိုင်သော အာဏာရှိသည်။
လူကောင်ကြီးမားခံ့ညား၍ ဥပဓိရုပ်လည်း ကောင်းလှသည်။ အားအင် ဗလလည်းပြည့်စုံလှသည်။ နွားထီးတစ်ကောင်ကို လက်ပြင်ရိုး လက်သီးနှင့်ထိုး၍ လှဲနိုင်သည်ဟု ပြောကြသည်။
သူ့အိမ်နှင့်ကျွန်တော်တို့အိမ်မှာ မျက်စောင်းထိုး ဓားလွယ်ခုတ် အိမ်နီးချင်း ဖြစ်ပါသည်။
ကျွန်တော်အမှတ်သညာ ထားတတ်သော အရွယ်မှာ သူ့အသက်သည် ၅ဝ မျှဟု ခန့်မှန်းမိပါသည်။ ဆွေမျိုးမတော်သော်လည်း သူ့ကို ကျွန်တော်က “ဘိုး”ဟု ခေါ်ပါသည်။
ဘိုးသည် ကျွန်တော့်ကို ငယ်စဉ်က ချီပိုးလာခဲ့သူဖြစ်သည်။ ဘိုးသည် အသားဖြူရာဝယ် သူ့တစ်ကိုယ်လုံးမှာ ဆေးနီဆေးနက်များ ထိုးထား၍ အလွန်လှသည်ဟု ကျွန်တော်ယူဆခဲ့ပါသည်။ ကျွန်တော့်အဖေ ကိုယ်မှာလည်း ဆေးရုပ်များ ရှိပါသည်။ သို့သော် သူ့လောက်မများ၊ ထို့ပြင် အနက်ရုပ်သာရှိ၍ အနီရုပ်မရှိ၊ဘိုး၏ ကျောပြောင်ကိုကား ကျွန်တော်က အရုပ်ကားဟုခေါ်ပါသည်။
“ဘိုးရယ် ဝမ်းလျားမှောက်စမ်းပါဦး၊ ကျွန်တော် အရုပ်တွေ ကြည့်ချင်လို့ပါ”
“အို ..အခုထိုင်ရင်းကြည့်လည်း မြင်နေရသားပဲ မြေးရဲ့”
“မဟုတ်ဘူး ...မဟုတ်ဘူး၊ မှောက်ကြည့်ရမှ ပိုကောင်းတယ်”
ဘိုး၏ ကျယ်ပြန့်သော ကျောပြင်ဝယ် နဂါးရုပ်၊ ဂဠုန်ရုပ်၊ ဇော်ဂျီရုပ်၊ ကြောင်ရုပ်၊ ကျားရုပ်၊ ခြင်္သေ့ရုပ်စသည်တို့မှာ ဆေးနီ ဆေးနက်တို့ဖြင့် ယခုမျက်စိနှင့် ကြည့်သော် လွန်စွာမှ လက်ရာမြောက်လှ ပါပေသည်။ အချိုးစားနားကျ၍ ပီပီသသ ရှိပါပေသည်။
“ဘိုးရယ် ဒီအရုပ်တွေ ဘိုးကို ဘယ်သူထိုးပေးထားလဲဟင် ...”
“ဘိုးဟာဘိုး ထိုးတာပေါ့ကွ”
“အောင်မယ် မဖြစ်နိုင်တာကြီးကို၊ ဘိုး ညာတယ်၊ ကဲ ...ဘိုးကျောကုန်း ဘိုးမြင်ရလို့လား”
“မှန်ထဲ ...နောက်ပြန်ကြည့် ထိုးတာပေါ့ကွ ...”
“အောင်မယ် ...အောင်မယ် ...ဘိုးအိမ်မှာ ဘိုးကျောကုန်းလောက်ကြီးတဲ့ မှန်တစ်ချပ်မှ မရှိဘဲနဲ့”
ဘိုးသည် ရယ်မောကာ ... “အလကားပြောတာပါကွာ၊ ဆရာဦး ထိုးပေး ထားပေါ့ကွ၊ ဆရာဦးကို မင်သိတယ် မဟုတ်လား ...”
ဆရာဦးသည် ဘိုးအိမ်ခေါင်ရင်းက ထိုးကွင်းထိုးဆရာ ဖြစ်ပါ၏။ ထို့ပြင် ရုပ်သေးရုပ်တွေထုသော ပန်းပုဆရာလည်း ဖြစ်ပါ၏။
“ဘိုး ..ဒီအရုပ်တွေထိုးတော့ မနာဘူးလားဟင် ...”
"နာတာပေါ့ မြေးရဲ့၊ ဒါပေမယ့် ယောက်ျားဆိုတာ ဆေးထိုးခံနိုင်တဲ့ သတ္တိရှိရမယ်ကွယ့်၊ ငါ့မြေးလည်း ကြီးရင် ထိုးကွင်းထိုးရမယ်ကွယ့်”
သို့သော် ကျွန်တော်တို့ အချိန်ရောက်သောကာလ၌ ထိုးကွင်းထိုးခေတ် ကုန်၍ ကံကောင်းသည်ဟု ဆိုရမည်။ သို့ရာတွင် အချို့လူကြီးများက မကြိုက်ကြ။ ကျွန်တော် ၁၄ နှစ်သားလောက်၌ ဆရာဦးက ကျွန်တော့်ပေါင်မှာ ကျားရုပ်ထိုးပေးသည်။ ထိုးရသည်မှာ အနီစင်း၊ အနက်စင်းနှင့် တကယ့်ကျားရောင် ထွက်ရမည်။ အသက်လည်း ပါရမည်။ သို့သော် ဤဖေကိုယ်သတ္တိခဲက အဖေချုပ်ကိုင်ထား သည့် လက်ထဲမှ ကုန်းအော်ရုန်းထွက်သဖြင့် ပထမဆုံးတစ်ကြောင်းမျှ သွားရသေး ရာ ကျားရုပ်မဖြစ်၊ ကြွက်ရုပ်ကလေးလိုလို ရေးရေးမျှထင်တော့၏။ သည်တော့ ဆရာဦးက ကျွန်တော့်အဖေအား ဘာပြောသည် ထင်သနည်း။
“မောင်ဆယ်ရေ ခုခေတ် ကလေးတွေတော့ သတ္တိသုဉ်းကုန်ပါဘိကွာ။ ငါ့သားတွေလည်း အတူတူပဲကွ၊ မင်းတို့လို ငါတို့လို ဆယ်နှစ်၊ ဆယ့်တစ်နှစ်သား လောက်က ထိုးကွင်းထိုးခံလာခဲ့လို့ရှိရင် ဒီကျားရုပ်လောက် ဘယ်ဖြုန်လိမ့်မလဲကွာ။ ခံနိုင်ရည် ရှိနေမှာပဲ။ မိဖုရား ...ကင်းကိုက်တဲ့ အတိုင်းပဲ သွား ...သွား”
ဆရာဦးက ကျွန်တော့်ကို နှင်လွှတ်ပါသည်။ ကျွန်တော်သည် ပေါင်ကလေး ထော့နဲ့ထော့နဲ့၊ မျက်ရည်ကလေး စို့စို့နှင့်။
ဘယ်မျက်ရည် မစို့ဘဲ ခံနိုင်မလဲဗျ။ လေးခွရှိတဲ့ ကြေးစုတ်ကြီးနှင့် တစ်ချက် ထိုးလိုက်ရင်း သွေးတစ်ပေါက် ထွက်လာရင်း ...
ဤအခါ၌ ကျွန်တော်သည် ထိုးကွင်းမျှမက၊ ဆေးရုပ်တွေကိုယ်လုံးတွင် ရှိသော အဖေတို့၊ ဘိုးတို့ သတ္တိကိုချီးကျူးမိပါသည်။ ဘိုးက ပို၍များပါသည်။ ဘိုးသည် ခေါင်းဖြူဖြူတွင် ကတုံးရိတ်ထားသူ ဖြစ်လေရာ၊ ငယ်ထိပ်မှစ၍ ခြေဖမိုး အထိ ကျောကုန်း၊ လက်ပြင်၊ ခြေသလုံး၊ ခြေကျင်းဝတ်ပါမကျန်ဆေးတွေ အပြည့် ရှိ၏။
ဘာရည်ရွယ်ချက်နှင့် ဘာအစွမ်းထက်သည်တော့ ကျွန်တော်မပြောတတ် ချေ။ သို့သော် ခံနိုင်ရည်ရှိသော ယောက်ျားကောင်းတစ်ယောက် ဖြစ်ကြောင်းတော့ ထင်ရှား၏။
ဘိုးသည် ခွန်အားဗလနှင့် ရဲစွမ်းသတ္တိကောင်းရုံသာ မဟုတ်သေး၊ စာပေ ပညာကိုလည်း တတ်ကျွမ်းသူ ဖြစ်၏။ ဘိုးသည် ဘိသိက်ဆရာဖြစ်၏။ ဘုရား ကိုးဆူဆရာဖြစ်၏။ စာဟောဆရာဖြစ်၏။ ရတုသြဘာ စာရေးဆရာဖြစ်၏။
ဘိုးသည် နေ့စဉ် နံနက်တိုင်း ဘုန်းကြီးကျောင်းက အုန်းမောင်းခေါက် တွင် ထ၍ ဘုရားရှိခိုးပြီး စာရွတ်၏။ သူစာရွတ်သည်ကို ဘေးသုံးလေးအိမ်က ကြားရ၏။ သို့သော် ဘာမျှ နားမလည်နိုင်ပေ။ သူ့အသံ “ဟနံနံ - ဟနံနံ”ဟူ၍ သာ ကြားနေရ၏။
“အဖေ …ဘိုးက ဟနံနံ ဟနံနံနဲ့ ဘာလုပ်နေတာလဲ အဖေရ”
ကျွန်တော်ငယ်စဉ်က အိပ်ရာထဲတွင် အဖေ့အား မေးခဲ့၏။
“စာဝါးတာခေါ်တယ် သားရဲ့”
“ဘာလို့ စာဝါးတာလဲ အဖေရ”
“သူရထားတဲ့ စာတွေကို မမေ့၊ မပျောက်အောင် နှုတ်က မြန်မြန်ရွတ်နေတာပေါ့ကွာ…”
“ကျွန်တော်လည်း ဘိုးလိုစာဝါးချင်တယ် အဖေ”
“ဒါဖြင့် စာများများ တတ်အောင်သင်ပေါ့ကွ၊ ထမင်းစားချင်တော့ ထမင်း ရှိမှ စားဖြစ်သလို စာဝါးချင်တော့ ကိုယ်တတ်ထားတဲ့စာ ရှိမှပေါ့ကွ”
ကျွန်တော်သည် ဘိုးကို အစစအရာရာ ချီးကျူးအားကျသူ ဖြစ်ခဲ့၏။ ကျွန်တော်သည် ဘိုးအတုကိုယူကာ ကကြီး၊ ခခွေးကစ၍ စာဝါးခဲ့၏။ နို့ပြီး ဘိုး က(အဆက်ဆက်က အစဉ်သာယာတဲ့ သရက်ပင်ရွာက အထူးအကျိုးပြုတဲ့ ဦးဖိုးနု) ဟု ရှင်ပြုဖိတ်စာတွင်ရေးလျှင် ကျွန်တော်ကလည်း (မချို့အစဉ်သာတဲ့ ကြို့ပင်ရွာက အထူးအကျိုးသယ်ပိုးတဲ့ ဦးဘိုးဆယ်)ဟု ကျွန်တော့်အဖေနှင့် ရွာနာမည်ကို နဘေ ထပ်ဆိုလိုက်သောအခါ ဘိုးကလွန်စွာ သဘောကျလှ၏။ “မောင်ဆယ် မင့်သား ကြီး ငါ့ခြေရာနင်းလိမ့်မယ်”ဟု ဂုဏ်ယူပြောဆို၏။ သို့သော် ဘိုးခြေရာကို နင်းဖို့၊ ဘိုးကိုမီဖို့က ခဲယဉ်းလှပါ၏။
ဘိုးသည် ရပ်ရွာ၌ အုပ်ချုပ်စီမံရာတွင် သူ၊ မင်္ဂလာဆောင်၌ ဘိသိက်သွန်း ရာတွင် သူ၊ ရှင်ပြုပဉ္စင်းခံတို့၌ သြဘာစာများရေးသား ဖတ်ကြားရာတွင်သူ၊ ရပ်သူရွာသားတို့ အပျင်းလည်းပြေ၊ ပညာဗဟုသုတလည်းရအောင် ဇာတ်နိပါတ်တော် တို့ကို သံနေသံထားနှင့် ဟောပြောရာတွင်လည်းသူ။
သူ …သူ …သူ …ထိုသူသည် အသက်ငါးဆယ်ကျော်၌ ကံချော်၍ အကြံ တော်တလွဲကို လိုက်မှားမိချေသည်။
မချောဖြူ…
သူသည် နာမည်နှင့်လိုက်အောင် ဖြူသည်။ ချောသည်။ လှသည်။ ချောသည်။ လှသည်နှင့်အမျှ လင်ငယ်နေတတ်သူ။
သူ၏ ပထမဦးဆုံးယောက်ျားသည် သူနောက်ယောက်ျားထားတာ ပက်ပင်းမိ၍ သူ့အားလယ်ကွင်းထဲ ခေါ်သွားကာ ဓားနှင့်ခုတ်သတ်ပြီး သူ့ကိုယ်သူ တော့ မီးရထားအနင်းခံ၍ ပွဲချင်းပြီးစီရင်ပစ်လိုက်သည်။
သို့သော် မကောင်းမှုပြုရန် အကုသိုလ်ကံ ကျန်နေသေးသော မဟဝါ ကား မသေ၊ လည်ပင်း ဓားဒဏ်ရာတွေနှင့် မေ့မြောနေရာမှ သတိပြန်ရလာခဲ့သည်။
ဘိုးနှင့် အခင်းဖြစ်ပွားရန်အချိန်မှာ ထိုမိန်းမသည် အသက် ၃ဝခန့်၊ လည်ပင်းမှာ ဓားဒဏ်ရာနှစ်ချက် ရှိသည်။ အသားရောင် ဖြူဖြူဝင်းဝင်းနှင့် ပြည့်ပြည့် တင်းတင်း၊ ထိုအချိန်၌ သူ၏ ဒုတိယလော၊ တတိယလော၊ မပြောတတ်သည့် လင်ယောက်ျားမှာ ဘိန်းစားဖိုးဆိုင်။
ကျွန်တော် သတိပြုမိသောအချိန်မှာ မချောဖြူသည် ရွာထဲမှာ ခံတောင်း ရွက်၍ ငရုတ်၊ ကြက်သွန်၊ ဆီ၊ ဆားစသော ကုန်စုံရောင်းသည်။ ဘိုးသည် ထို ကုန်စုံဝယ်ရင်းမှ စတင်သည်။
ကျွန်တော်သည် အမှတ်သညာထားတတ်သော အရွယ်မှစ၍၊ ဘိုးအိမ်မှာ အနေအစားများသည်။ အကြောင်းမှာ ဘိုးအိမ်သည် ဘယ်တော့မှ ဟင်းကောင်း မပြတ်ချေ။ မပြတ်ခြင်းမှာ ကျေးရွာဓလေ့ထုံးစံရှိ၏။ ရွာတွင် ကျွဲနွားသေ၍လည်း ကောင်း၊ သတ်၍လည်းကောင်း၊ အမဲသားပေါ်လျှင် သူကြီးအိမ်ကို တစ်တွဲပို့ရသည်။ ဝမ်းတွင်းသားအစုံလည်း ပါရသည်။ ဘိုးအုပ်ချုပ်သော ရွာက ဆယ်ရွာဆိုတော့ ဘိုးအိမ်မှာ အမဲဟင်းလျာ ပြတ်သည်မရှိချေ။
ဘိုးကိုယ်တိုင်ကတော့ အမဲသားမစားချေ။ ကျွန်တော့် အဖေလည်း မစားချေ။ ကျွဲနွားဖြင့် အသက်မွေးရသော ကျေးရွာတို့တွင် အမဲသားမစားခြင်းသည် လူကြီးလူကောင်းတို့၏ ဂုဏ်အင်္ဂါတစ်ရပ် ဖြစ်ပေသည်။
ဘိုးတို့ ဂေါ်ပုံတစ်ရပ်ကို တွေး၍ ရယ်ချင်ပါသေးသည်။
ဝါတွင်း မိုးရာသီဆိုတော့ ကျွန်တော်တို့ လယ်တောဒေသမှာ ငါးပေါသည်။ သည်တော့ မချောဖြူက ကုန်စုံရောင်းခြင်းကို ရပ်ဆိုင်း၍ မုန့်ဟင်းခါးရောင်းသည်။ ထိုအခါ ဘိုးက ကျွန်တော့်ကို ခုတုံးလုပ်၍ မနက်ကိုင်း မချောဖြူ မုန့်ဟင်းခါး ရောင်းလာတိုင်း ...
“ဟေ့ မင်းဒီနေ့ မုန့်ဟင်းခါး စားဦးမလား"မေးသည်။ ကျွန်တော်ကတော့ ၁ဝ နှစ်သားအရွယ်လောက် ဘယ်သိလိမ့်ဦးမှာတုန်း။ အမြဲတမ်း ခေါင်းညိတ်သည်ပေါ့။ ဘိုး၏ အိမ်သားများကတော့ နှာခေါင်းရှုံ့ကြပြီ၊ ရိပ်မိနေကြပြီ။ ထိုအခါ ဘိုးမှာ ဇနီးအမယ်ကြီးနှင့် သမီးနှင့်သမက်ရှိသည်။
ကျွန်တော့်ကို မုန့်ဟင်းခါးကျွေးတော့ ဝါတွင်းမှာ သတ်သက်လွတ်သမား ဘိုးက မုန့်ကို ဘယ်လိုစားပါသနည်း ဟူမူ ဟင်းရည်မစမ်းစေဘဲ၊ သူ့အိမ်က နို့ဆီနှင့်ဆမ်း၍ စားပါသည်ခင်ဗျား။
ဩော် ...အာဂဘိုး၊ လူကြီးလူကောင်း ဂေါ်ပုံ မဆိုးဘူးနှော။ ဦးကြီးတို့ နည်းယူကြ။
ထို့ပြင် ဘိုးတွင် သူများနှင့်မတူသော ထူးခြားချက်တစ်ရပ် ရှိသေးသည်။ ဘိုးသည် ထမင်းစားပြီး ပလုပ်ကျင်းသော အခါ၌လည်းကောင်း ၊တစ်ခုခုစားသောက် ပြီး၊ ပလုတ်ကျင်းသောအခါ၌ လည်းကောင်း၊ ဘယ်တော့မှ ထွေးမပစ်ချေ။ ပါးလုတ် ရည်ကို မျိုချလိုက်သည်သာ ဖြစ်၏။
ကျွန်တော်က “ဘိုးလုပ်ပုံဟာ သူများနဲ့မတူဘူး။ မရွံဘူးလား”ဟု မေးသောအခါ “ဟ ... ကိုယ့်ပါးစပ်ထဲကဟာ ကိုယ်ရွံနေမှဖြင့် ငါ့လဦးတဲ့၊ လည်းပင်းလှီး ပစ်ဖို့သာ ရှိတော့တာပေါ့ကွ”ဟု ပြန်ဖြေပါသည်။
ဟုတ်တုတ်တုတ်။
ယင်းသို့လျှင် မချောဖြူသည် ကုန်စုံ ရောင်းရင်းဖြင့်လည်းကောင်း၊ မုန့်ဟင်းခါး ရောင်းရင်းဖြင့် လည်းကောင်း၊ ဘိုးအိမ်နေ့တိုင်းလိုလို ဝင်ထွက်နေရာမှ လေး ငါးလမျှကြာသော် မချောဖြူယောက်ျား ဘိန်းစား ကိုဖိုးဆိုင်မှာ အိတ်ထဲဘိန်းငါး ကျပ်သားခန့်နှင့် လက်ပူးလက်ကြပ် ဘိုးက ဖမ်းမိလေ၍ ခမျာ ထောင်ကျသွားရှာ လေသည်။
ဒါဘိုးက သူ့နောက်လိုက် မတရားသက်သေများနှင့် သက်သက်အမှု ဆင်တာဖြစ်ကြောင်းကို တစ်ရွာလုံးက သိကြ၍ တဖျစ်တောက်တောက် နေကြ၏။ ကိုဖိုးဆိုင်သည် ဘိန်းစားသော်လည်း မခိုးတတ်၊ မဝှက်တတ်၊ လူကောင်းတစ် ယောက်ဖြစ်၏။ သူ့ဟာသူ ထန်းတက်၍စား၏။ ပုံးမြုံး ထောင်၍ စား၏။
ထိုမှ အရပ်ထဲက လူကြီးများသည် ဘိုးကို ဝိုင်းကြဉ်စပြုလာ၏။ သည့် နောက် မကြာမီတွင် ဘိုးသည် သူ့အိမ်သူအိမ်သားများနှင့် ရန်ဖြစ်ကြလေ၍ အမယ် ကြီးသည် သမီးနှင့်သားမက်ကိုခေါ်ကာ သူ့ဇာတိရွာသို့ ပြန်သွားလေတော့သည်။
ဘိုးကိုကား မည်သူမျှ တရားချ၍ မရတော့ပြီ။ ယခင်တုန်းက ရပ်ရွာအိမ် ထောင်ရေးကိစ္စတို့မှာ သူကသာ ဖြန်ဖြေစီမံခန့်ခွဲပေးခဲ့သည်။ သူ့ဇာတ်တွင်ကား သူသာ ဇာတ်ဆရာ၊ အခြားဇာတ်ဆရာကို လက်မခံတော့ပြီ။
နောက်ဆုံးတစ်နေ့၌ကား မချောဖြူသည် ဘိုး၏အိမ်ပေါ်သို့ ရောက်လာ လေသတည်း။ သို့သော် ဤဖြစ်ရပ်တွင် ဘိုး၏ရလဒ်ကား ကျဆုံးခြင်းပင်တည်း။
မချောဖြူ ဘိုးအိမ်ရောက်ပြီး ဒုတိယမြောက်နေ့ နံနက်တွင် အသက် ၆ဝ မျှရှိမည်ဖြစ်သော အမယ်ကြီးတစ်ယောက် ဆောင်ဓားရှည်ကြီးတစ်လက်ကို ကိုင်ကာ ဘိုး၏အိမ်ဝင်းထဲ ရောက်နေလျက် ဓားတစ်လက်လက်နှင့် ဆဲရေးကြိမ်း မောင်းနေပေတော့သည်။
“ဟဲ့ ...အောင်ဒွန်း၊ နင် ဗလကောင်းလှတယ်။ သတ္တိကောင်းလှတယ် ဆို၊ ကြိုက်တဲ့လက်နက်ကိုင်ပြီး တံခါးဖွင့် ဆင်းခဲ့စမ်း ...”
ချလွမ်…
အိမ်ရှေ့နံရံအကာကို သူ့ဓားနှင့်ပစ်လိုက်သည်။ ထို့နောက် ပြန်ကောက်ကာ ...
“ဟဲ့ …အောင်ဒွန်း၊ နင်သတ္တိနည်းလှချေလား။ ငါလို အမယ်ကြီးနဲ့မှ ရင်မဆိုင်ဝံ့တော့ဘူးလား။ လူချင်းကြောက်ရင် နင့်မှာ နှစ်လုံးပူးသေနတ်ရှိတယ် မှုတ်လား၊ ဟောဒီမှာ ပစ်လိုက်စမ်းဟေ့”
ရင်ကို ကော့ပြပြီး သူ့ဓားတစ်ဖန် ပစ်လိုက်ပြန်လေသည်။ အိမ်ပေါ်ကတော့ ဘာသံမျှ မကြားရ၊ ဆိတ်ငြိမ်လှသည်။ လူတစ်ယောက်မှ မရှိဘူးထင်ရသည်။ သို့သော် ဘိုးနှင့်မချောဖြူရှိတာ အမှန်၊ ညကပင် မီးအိမ်ထွန်းတာ မြင်ရသေးသည်။ ယခုမနက် အစောကြီးမှ စောစောစီးစီး ဒီအမယ်ကြီးက ကျွန်တော် အိပ်ရာက မနိုးမီပင် လာရောက်ဆူပူနေခြင်းဖြစ်သည်။
ဘိုးအိမ်သည် တစ်ထပ်အိမ်မြင့်၊ အောက်ဆင့်မရှိ၊ မြေကြီးပေါ် စားပွဲ ကုလားထိုင်ထားသည်။ အိမ်အကာမှာ နှစ်တစ်လက်မ သစ်သားတန်းတွေကို ကြက်ခြေခတ် ရိုက်ကပ်ထားသည်။ ထိုနံနက်၌ အပေါ်ထပ်ရော၊ အောက်ထပ်ရော တံခါးတွေ အားလုံးပိတ်ထားသည်။
ကျွန်တော်သည် အိပ်ရာမှထကာ ပြတင်းပေါက်မှ အံ့သြစွာနှင့် လှမ်း၍ ကြည့်နေသည်။ အမယ်ကြီးသည် ပိန်သော်လည်း စိတ်ကဆောင်နေ၍ တော်တော်ပဲ မာကျောပုံပေါ်သည်။ သူသည် အော်ဟစ်ဆဲရေးရင်း အောက်နံရံကို ဓားနှင့်ခုတ်လိုက်၊ အိမ်အပေါ်ထပ်ကို လှမ်းပစ်လိုက်၊ မောလျှင် ထိုင်ပြီးနားလိုက်၊ နောက်ပြီး တစ်စခန်းထလိုက်နှင့် အရွယ်နှင့်မလိုက်အောင်ပင် ဒေါသနှင့်ဇွဲသတ္တိက ကြီးလှပါသည်။
“ဟေ့ ...အောင်ဒွန်း မယားခိုးရဲ့၊ လူ့တိရစ္ဆာန်ရဲ့၊ နင်ငါ့သားမက်အိပ်ထဲ အတင်းဘိန်းထည့်ပြီး နင့်နောက်တော်ပါ သက်သေလိမ်တွေနဲ့ အမှုဆင်ပြီး ထောင် ချတယ်ဆိုတာ လူတိုင်းသိကြတယ်ဟဲ့ ..."
ချလွမ်…
ဓားနှင့်တစ်ချက်ပစ်လိုက်ပြန်သည်။
“နင်ဟာ ဆယ်ခိုင်သူကြီး၊ ဘုရားကိုးဆူဆရာကြီး၊ ဘိသိက်ဆရာကြီး၊ ရတုသြဘာဆရာကြီး၊ ကွက်စိပ်ဆရာကြီးဆိုတဲ့ ဂုဏ်တွေမှမထောက်ဘူး ငအောင် ဒွန်းရယ်၊ ဟိုမျောက်မထားမရော ဆင်းခဲ့၊ နင့်ပါ ငါနုတ်နုတ်စဉ်းပစ်မဟဲ့။ နင့်အတွက် ငါတစ်ခါက၊ နှစ်ခါ ရှက်၊ နှစ်ခါက သုံးခါ ရှက်၊ တစ်သက်လုံး ရှက်နေရမှာလား.. နင့်တို့သတ်ပြီး ငါပါသေပစ်လိုက်မဟဲ့ ...”
ဤအချိန်၌ ကျွန်တော့်မှာ အသက် ၈နှစ်၊ ၉နှစ်မျှ ရှိဦးမည်ဖြစ်၍ အဖေ့အနားသို့ ချဉ်းကပ်သွားကာ …
“အဖေရယ် ဘိုးက ဒီအမယ်ကြီး ပိန်ပိန်ကလေးများ ဘာလို့ကြောက်နေ ရသလဲ။ အောက်ဆင်းပြီး ဖမ်းလိုက်ရောပေါ့။ ဘိုးက အားအများကြီးကြီးတာပဲ မဟုတ်လား။ နို့ပြီး ဘိုးက သူကြီး”
“ဟဲ့... ဘာကြီးဖြစ်နေနေ ကိုယ်အမှားလုပ်မိတဲ့အခါမှာ မှန်သူကို ရင် မဆိုင်ဝံ့တော့ဘူး။ ကြောက်နေရော၊ ဒါဟာ တရားသဘောပဲ”
“ကျွန်တော် နားမလည်ပါဘူး အဖေရာ"
“အေး ...ငါ့သား ကြီးတော့ နားလည်ပါလိမ့်မယ်”
ထိုအချိန်၌ ကျွန်တော်သည် ဘိုးကိုသာ သနားနေတော့သည်။ ဘိုးဘက် က ဘယ်သူမျှ ကူညီမည့်လူလည်း မရှိပါလား။ ဒီအမယ်ကြီးကို လာတားခြင်း၊ ဆွဲငင်ခြင်းလည်း မည်သူမျှ မပြုကြ။ အကယ်တိ အခြားအိမ်၌သာ ဤသို့ဖြစ်နေပါ မူ ဘိုးကိုယ်တိုင် သွားရောက်စီစဉ် ဖြန်ဖြေချေမည်။
စင်စစ်တော့ သူကြီးဦးအောင်ဒွန်း၏ မတရားပြုမှုကို တစ်ရွာလုံးက မုန်း တီးရွံရှာနေခြင်းဖြစ်သည်။ ဖြစ်နိုင်လျှင် အမယ်ကြီးဘက်ကပင် အကူအညီပေးကြဦး မည်။ သို့သော် ကူညီစရာပင် မလို၊ အမယ်ကြီးကား အံ့ဖွယ်ကောင်းလောက်အောင် ပင် ဇွဲသတ္တိကြီးလှပါဘိ။ ဤနေ့ ပထမနေ့က နံနက်ဝေလီဝေလင်းမှသည် ၁ဝနာရီ ခန့်ထိ ဆဲရေးကြိမ်းမောင်းပြီး ထမင်းဆာသောကြောင့် ပြန်သွားသည်။ နောက်နေ့ နံနက် ဝေလီဝေလင်း၌ ယမန်နေ့ကအတိုင်း ပြန်ရောက်လာပြီး ယမန်နေ့ကအတိုင်း ပြုမူပြန်တော့သည်။
အမယ်ကြီးသည် ဤသို့ချည်း မနက်တိုင်းလာလုပ်၏။
ပဉ္စမမြောက် ညနေခင်းဝယ် ဦးအောင်ဒွန်းနှင့် မချောဖြူတို့သည် ပစ္စည်း မစ္စယများကို လှည်းတစ်စီးနှင့် တင်၍ ထွက်ခွာသွားကြတော့သည်။
ဤအခင်းဖြစ်နေချိန် ဘိုးအိမ်သို့မသွားရန် ကျွန်တော့်အား တားမြစ်ထား ၍ ယင်းညနေလှည်းပေါ် ပစ္စည်းတွေတင်နေတုန်းမှာ ဘိုးကို ကျွန်တော်နောက်ဆုံး မြင်လိုက်ရခြင်းပင် ဖြစ်သည်။ ထိုအချိန်၌ သူ့အား မည်သူကမှလည်း လာ၍ နှုတ်မဆက်ကြချေ။
ရွာတွင် သူကြီးမရှိတော့ကြောင်း ကြားသိရသောအခါ၌ ဆယ်အိမ်ခေါင်း တွေ ခေါ်၍ ဖြစ်ပုံကို စစ်ဆေးမေးမြန်းပြီး ဦးအောင်ဒွန်းအား သူကြီးရာထူးမှ ချလိုက်ကာ နောက်ထပ် သူကြီးအသစ် ရွေးကောက်ပွဲ လုပ်လိုက်လေသည်။
ဦးအောင်ဒွန်းကား ဂုဏ်သိက္ခာ အဖတ်ဆယ်မရလောက်အောင် ကျဆင်း လေ၍ ရွာသို့ပြန်ပြီး မချဉ်းကပ်ရဲတော့ပေ။ သူ့အိမ်ကို သူ့အမယ်ကြီးနှင့် သမီး သားမက်တို့ ပြန်၍နေကြသည်။
ဦးအောင်ဒွန်းသည် ဤမှ မကြာမီတွင် စိတ်ရောလူရော ပင်ပန်းဆင်းရဲစွာ ဖြင့် သေဆုံးသွားသည်ဟု ကြားသိရလေသည်။
※※※

Comments
Post a Comment
Comments