ထက်ဝက်စား_သန်းတင့်

ထက်ဝက်စား_သန်းတင့်

ထက်ဝက်စား

 

ငါ သယောစေး သက်တော့ ဖြူဝင်းက ရယ်နေတယ်။ ရေနံဆီတို့ ဓာတ်ဆီတို့ ထိမိရင်လည်း ငါက သက်တတ်သေးတယ်။ လည်ပင်းတွေ ကျောကုန်းတွေမှာဆို အနီဖုတွေ တစ်ပြင်လုံးပဲ။ ရဲရဲကို တောက်နေတာပဲ။ သယောပင်တို့ သယောသားတို့ ဆိုတာကလည်း ဒီနေရာ ဒီဒေသက လူ တွေနဲ့ ကင်းလို့မှ မရတာ။ နွားတဲ၊ ပိုက်တဲ၊ ငါးလှန်းစင်၊ ငပိလှန်းစင် အားလုံးလိုလို သယောသားတိုင်တွေနဲ့ပဲ လွယ်လွယ်သုံးရတာကို။ တော်ရုံဆိုရင်တော့ မထမ်းမိ မကိုင်မိအောင် နေတာပါပဲ။ ပိုက်သူကြီးက ထမ်းဆိုတော့ လည်း ထမ်းပေါ့။ ငါက ထက်ဝက်စားပဲ ဘာပြန်ပြောရဲမှာလဲ။

ငါတို့မှာ လူအယောက်နှစ်ဆယ် ရှိတယ်။ တခြားပိုက်တွေမှာလည်း ပိုက်တစ်ဖောင်ကို လူနှစ်ဆယ် လောက်ပဲ။ ပိုက်သူကြီးရယ် ပဲ့စီးဦးစီးရယ် ကတော့ ရသမျှ တစ်ဝက်ယူတယ်။ ကျန်တဲ့ ထက်ဝက်ကို ငါတို့ လူနှစ်ဆယ် က ဝေယူပေါ့။ ရှင်းတယ်။ အရင်းအနှီးလည်း စိုက်စရာ မလိုဘူး။ စိုက်စရာ အရင်းအနှီးလည်း တစ်ပြားမှ မရှိဘူး။ ရှင်းတယ်။ ထက်ဝက်ရလို့ ထက်ဝက်စားလို့ ခေါ်ကြတာ ရှင်းကို ရှင်းတယ်။ ကြွေချိုင်မှာတော့ ဘာတွေ ဆက်ဖြစ်နေကြလဲ မသိဘူး။ အမေကြီးက ဒီလာခါနီး အကန်တော့ မခံဘူး။ အနားမလာဖို့ ပြောတယ်။ ချောင်းဆိုးတာ အရင်ကထက် သွေးတွေ ပိုပါနေတယ်။ ငရုတ်ကောင်းဆေးရုံက ဒေါက်တာဖေမြင့် မှာတာတွေကို အငယ်ကောင်လေးတော့ မှတ်မိတယ်လို့ ပြောတယ်။ သူနဲ့ ဆေးခန်းသွား ပြကြတာ။ ပိုက်ဆံ မရှိတော့ မှတ်မိလည်း အလကားပဲလေ။ ရှင်းတယ်။

ဂေါ်ရန်ဂျီကျွန်းကနေ ဒီဘက် ပိုက်ဆိပ်ကို ပြောင်းတော့ ငါတို့ တန်းလျားရှည် တဲကြီးတွေ ထိုးကြရတယ်။ ဝါးနဲ့ ကတ်ပြားတွေ ရက်၊ ခင်း၊ ဓနိမိုး၊ ထရံကိုလည်း ဓနိနဲ့ပဲ ကာ။ တခြားနေရာက ပိုက်သမားတွေလည်း ငါ တို့လိုပဲ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်လာကြတယ်။ သံတွဲ၊ ဂွ၊ ကျိန္တလီ၊ တိုင်ကြိုး ပေါ့လေ။ ဒီဘက်ကဆို ဇီးချိုင်၊ (ကံချိုင်) ကန်ချိုင်၊ မော်တင် လူစုံရောင်စုံပဲ။ ဝါးအတွက်ကတော့ ရိုးမပေါ် တက်ခုတ်တယ်။ လှော်တက်တွေ ခတ်တက် တွေအတွက်လည်း တစ်ခါတည်း ခုတ်ပြီး ထမ်းလာရတာပဲ။ ဝါးတစ်စီးနဲ့ ခတ်တက်ပုံကြမ်း သစ်တစ်ပိုင်းကို ထမ်းပေါ့လေ၊ ရိုးမပေါ်က နှစ်နာရီခွဲ လောက် ထမ်းပြီးဆင်းလာမှ ငါတို့ပိုက်တဲကို ရောက်တယ်။ ခတ်တက်တို့ လှော်တက်တို့က ထိန်သား ကောင်းတယ်။ အကြောရှင်းလို့ ခွဲရစိတ်ရ လွယ်တယ်။ လက်ကိုင်မယ့် နေရာကို ငလိပ်ကျောက်အမြီးနဲ့ ချောအောင်ပွတ် ပေးရင် လှေခတ်တဲ့အခါ လက်အပေါက် သက်သာတယ်။ နောက်တော့လည်း ပေါက်တာပါပဲ။ ထမင်းပူပူလေး ဆုပ်ပေးရင် အသားမာ ခဏလေး တက်လာပြီး နောက်ဆို မနာတော့ဘူးတဲ့။ အရီးလေးပိန်မ ပြောပြတာ။

နတ်တောင်ဘုရားကို ငါတို့ ထုံးတက်သုတ်ကြတယ်။ ဒီဘုရားလည်း ငါတို့လာမှ တစ်နှစ်တစ်ခါ ကြည့်ပျော်ရှုပျော် မြင်ရတယ်။ ဒီတောင်က နတ် ကြီးတယ်၊ တွန်းချတယ် ဘာညာနဲ့ လူသူမနီး ပင်လယ်အစွန်း ဆိုတော့ ပိုက် ရာသီ မဟုတ်ရင် ဘယ်သူမှ မလာကြဘူး။ ထုံးသုတ်ပြီးတော့ ဘုရားအောက် က ဖောင်းရစ်မှာ “အချစ်ဆိုတာဘာလဲ” လို့ ငမိုးက ရေးတယ်။ စလုံးအပေါ် က အသတ်ကို တွန့်လိမ်တွန့်လိမ်နဲ့၊ ဆလိမ်အောက်က ချောင်းငင်ကိုလည်း တွန့်လိမ်တွန့်လိမ်နဲ့ တော်တော်ရှည်ရှည် ဆွဲထားတယ်။ လှိုင်းထိပ်က ရေမြှုပ် ဖြူဖြူလေးတွေလိုပဲ နေမှာပေါ့လို့ ငါပြောလိုက်တယ်။ ငါ့ဟာ ငါ ပြောပြီး ရယ်ချင်သွားတယ်။ ဘာအဓိပ္ပာယ်နဲ့ ပြောမိလိုက်မှန်း မသိဘူး။ ငမိုးက လည်း မမေးဘူး။ ငါ့ထက် သူက ကြီးတယ်လို့ ပြောတာပဲ။ ငါတော့ မထင်ဘူး။ ငါက မတ်လ ၂၉ ရက်ဆိုရင် ဆယ့်ရှစ်နှစ်ပြည့်ပြီလို့ ပြောတော့ သူက ဝါခေါင်လ ကတည်းက ပြည့်ပြီးပြီတဲ့။ ဘာတွေမှန်းလည်း မသိဘူး။ ချိုလို့ ခေါင်းစဉ်တပ်ပြီး ရည်းစားစာတစ်စောင် လာရေးခိုင်းလို့ ရေးပေးဖူးတယ်။

ဘယ်ချိုလည်း မေးလို့ မရဘူး။ ငါ့ညီမဝမ်းကွဲ မိချိုဆိုတာ ရှိတော့ ငါ စိုး ရိမ်မိတာပေါ့။ သူ ခေါ်ပေးတာကို တွန့်တွန့်လိမ်လိမ်တွေ မပါအောင် ရေး ပေးရတာပါ။ နေ့စွဲရေးတော့ လဆုတ်တွေ လဆန်းတွေ ထည့်ရေးခိုင်းသေးတယ်။

မျှင်ပါးတဲ့ ရက်ဆိုရင် မိုးလင်းမိုးချုပ် ပင်လယ်ထဲက မတက်ရဘူး။ လက်မောင်းတွေ မျက်နှာတွေမှာ ဆားတွေ ပွင့်တယ်။ နေပူရင် အသားတွေ စပ်ရော။ ရက်ကြာလာရင် ဆံပင်လေးတွေပါ နီလာတယ်။ ပြီးရင် မျှင်လှန်း၊ ညနေပြန်ရုပ်။ ပြီးရင် သစ်သားလုံးကို အခေါင်းထွင်းထားတဲ့ ငါးပိခေါင်း ထဲ ထည့်၊ ခြေထောက်နဲ့နင်း။ ငါးပိနင်းချိန်ဆို ငါ ခဏခဏ မျက်ရည်ကျတယ်။ ခြေထောက်မှာ ငါးဆူးလေးတွေ ထိုးထားတဲ့ ဒဏ်ရာတွေ ရှိတော့ ဆားထည့်ပြီး နင်းရတဲ့အခါ အရမ်းစပ်တယ်။ ဖြူဝင်းတို့ အမြွှာညီအစ်ကို တို့ကတော့ အေးဆေးပဲ။ သူတို့ ငါ့ကို ညှာတယ်။ ငါ့ဘက်ကိုပါ လာကူပြီး နင်းပေးတယ်။ ပိုက်သူကြီး ကြည့်နေရင်တော့ ကိုယ့်ဘက်ကိုယ်နင်းပေါ့။ ကိုကိုကြီးက ငါ အဲသလို ဖြစ်နေရင် မျက်နှာမကောင်းဘူး နောက်ခိုင်းနေတယ်။ သူက ဦးစီးဆိုတော့ နင်းစရာ မလိုဘူး။ သူ့မျက်နှာနဲ့မို့ ဒီအလုပ် ဝင် လုပ်လို့ရတာ ဆိုတော့ ငါလည်း စိတ်မကောင်းဘူး။ ရေလည်း သိပ်မကူး တတ်၊ လှိုင်းလည်း မူးတတ်၊ အသားအရည် ဖြူဖျော့ဖျော့နဲ့ ဆိုတော့ ပိုက် သူကြီးက သိပ်မကြိုက်လှဘူး။ ငါးပိက ထက်ဝက်စားတွေပဲ နင်းရတာ။ တစ်ခါတလေ ညစာထမင်းကို မနက်သုံးနာရီလောက်မှ စားရတယ်။ မနက် စာကတော့ မေ့ကို မေ့သွားတာ။

ကမ်းပေါ်ကို ညက ဆွဲတင်ထားတဲ့ လှေကြီးတွေနားမှာ မနက် နေ မထွက်ခင် အားလုံး လူစုရတယ်။ တခြား ပိုက်ဖောင်တွေက ထက်ဝက်စား တွေလည်း ငါတို့လိုပဲ။ သူတို့လည်း လောင်းလှေကြီးတွေ အနားမှာ ကိုယ်စီ ကိုယ်စီ။ ငါ လုပ်ခဲ့တဲ့ နှစ်တွေက ပိုက်ဆယ်ဖောင် ကျော်တယ်။ ဆိုတော့ တစ်ဖောင်ကို လူနှစ်ဆယ်လောက်ပဲထား လူနှစ်ရာကျော်ပေါ့ ကမ်းခြေမှာ။ ပင်လယ်ကမ်းစပ် လှိုင်းချိုးအလွန်လောက်မှာ ငါးအုပ် မျှင်အုပ်တွေ မြင်နေ ရတယ်။ ဒါပေမဲ့ လှေတွေ ဆွဲချ၊ ပိုက်ဝိုင်း၊ ဖမ်းယူလို့ မရသေးဘူး။ သူ့နေ ရာရဲ့ စည်းကမ်း ရှိသေးတယ်။

ဦးလေးအောင်မောင်း ဆိုတာ အဲဒီဒေသရဲ့ ပိုက်သူကြီးထဲမှာ ခေါင်းဆောင်ပဲ။ သဘောလည်း ကောင်းတယ်။ ငါဆို သူ့အိမ်တွေ လိုက်သွားဖူး စားဖူး သောက်ဖူးတယ်။ သူကလည်း ငါ့ကို ချစ်တယ်။ ငါ့ကို ဖဲရိုက်တတ်အောင် စနစ်တကျ သင်ပေးခဲ့တဲ့ ဆရာပေါ့။ ဖဲချပ်ထောင့်တွေကို ကျောက်မှာ သွေးပြီး မှတ်တာတို့၊ ဆုံလည် ထည့်တာတို့၊ လက်တစ်ဖက်တည်းနဲ့ ဖုံပြောင်းတာတို့၊ လေပေါက်ပေးထားတဲ့ နေရာကို ချိုးတာတို့ အစုံပဲ။ ငါ အောက်ဖဲဆွဲတာ ကျင့်တော့ အပေါ်ဖဲချပ်တွေ ဝေတာထက် အသံ ပိုမြည်လို့တဲ့ ထိပ်ခေါက်ခံရတယ်။ ကိုကိုကြီးပြောတာ ကိုအောင်မောင်းက အောက် ဖဲ ဆွဲတာကို ကိုယ်လုံးပေါ်မှန်ရှေ့မှာ ကျင့်တာတဲ့။ သူ အောက်ဖဲဆွဲတာ ကို သူကိုယ်တိုင်တောင် မှန်ထဲမှာ မမြင်လိုက်ရတော့ဘူးတဲ့။ ရှင်းတယ်။

အဲဒီဦးလေးက အလံဖြူတစ်ခုကို ဝါးလုံးမှာချည်ပြီး ခပ်မြင့်မြင့် နေ ရာမှာ နေရာယူနေတာပေါ့။ ငါတို့ပိုက်တဲတွေရဲ့ လက်ဝဲဘက်က နေထွက် လာတဲ့ အရှေ့ဘက်၊ လက်ယာဘက်က အနောက်ဘက် နတ်တောင်ပေါ့ လေ။ သူက နေထွက်လာတဲ့ ဘက်ကို ကျောပေးပြီး အနောက်ဘက်က နတ်တောင်ဘုရားကို ကြည့်နေတယ်။ အဲဒီအချိန် ငါတို့ ထက်ဝက်စား အပေါင်း သူတော်ကောင်းတွေကလည်း လှေကြီးတွေကို ပင်လယ်ထဲ ဆွဲချပြီး မျှင်အုပ်ကြီးတွေ ငါးအုပ်ကြီးတွေကို ဝိုင်းဖို့ ဖမ်းဖို့ ဆီးဖို့ အသင့်အနေ အထား လုပ်ထားရပြီ။ အုပ်ကြီးကြီးကို သူ့ထက်ငါ အရင် ဝိုင်းမိဖို့ လိုတာ ကိုး။ ငါးစစ္စလီအုပ်နဲ့ မျှင်အုပ်က အရောင် ခပ်ဆင်ဆင်တူတယ်။ ငါးကုန်း ညိုအုပ် ဆိုရင်တော့ မည်းမည်းလုံးကြီးလိုပဲ၊ ရေယက်ကြမ်းတယ်။

နတ်တောင်ဘုရားပေါ်ကို မနက်ဦး နေရောင်ဝါနုနုလေး ကျပြီ၊ ရောက်ပြီဆို ဦးလေးအောင်မောင်းက သူကိုင်ထားတဲ့ အလံတိုင်ကြီးကို လွှတ်ချလိုက်ရော။ အဲဒီလို အလံလှဲလိုက်တော့မှ အားလုံး လှေတွေ ဆွဲချ ခွင့် ငါးဖမ်းခွင့် ရှိတယ်။ ရှင်းတယ်။ သိပ်မျှတတာ။ ဘယ်သူမှလည်း မငြင်းကြ မခုံကြဘူး။ အဲဒါ နတ်တောင်ကို နေကန်တဲ့ စနစ်လို့ ငါတို့ဘက်မှာ ခေါ်ကြတယ်။

အချစ်ဆိုတာ ဘာလဲက ဗီဒီယို သွားကြည့်ကြမယ်လို့ အဖော်စပ်တယ်။ လှိုင်းလေကြမ်းတဲ့အခါ နားနေရတဲ့ရက်တွေ ရှိတယ်။ တချို့လည်း အနီးအနားက ရွာတွေကို သွားလည်ကြတယ်။ အဘစန်းကြွေက ကြောင်ငိုပလိုင်းရက်တာ သင်ပေးနေတော့ မလိုက်ချင်ဘူး။ ငါးရလို့ အဲဒီအထဲမှာ ထည့်ထားရင် ကြောင်နှိုက်စားလို့ မရအောင် ပညာပါပါ ရက်ထားလို့ ကြောင်တောင် ငိုသွားရတဲ့ ပလိုင်းမို့ ‘ကြောင်ငိုပလိုင်း’ တဲ့။ ကြောင်ငိုပလိုင်း အနားကွပ်တာက ပညာပါတယ်။ ကိုကိုကြီးတောင် မတတ်ဘူး။ မရပါဘူး၊ ယောင်လည်လည်နဲ့ ဖြူဝင်းပါ ငါနဲ့ ပါလာတယ်။ ဒီကောင်တွေ လမ်းမှာ ပြောလာကြတာက ဗီဒီယိုကြည့်ချင်တာထက် ပိုနေတာကို သတိထားမိတယ်။ ပြေးပေါက်မှားနေမယ်တို့ ဘာတို့လည်း ပါတယ်။ ရွာကတော်တော် တော့ လှမ်းတယ် မိနစ်လေးဆယ် တစ်နာရီလောက် လမ်းလျှောက်ရတယ်။ ပိန်းစမ်းကို ကျော်မှ ရွာကို လှမ်းမြင်ရတာ။

ဒီလို လှိုင်းလေထန်တဲ့ ရက်တွေဆို ကမ်းခြေဟာ မြူတွေ ရေခိုး ရေ ငွေ့တွေနဲ့ မှုန်မှိုင်းနေတယ်။ ငါ့ကို တစ်ယောက်ယောက် ဖက်ထားသလိုလို တစ်ခုခုနဲ့ အုပ်ထားသလိုလို ခံစားရတယ်။ ငါးပိပေးနဲ့ ပိုက်ဆံလိုရင် ယူသုံး ထားဖို့ အမေကြီးကို မှာထားတယ်။ အိုင်ဆိုနစ်လား၊ ဆက်ထရိုမိုင်ဇင်လား ဆေးလိုတယ်လို့ သတင်းကြားတယ်။ ဒီရေတက်ချိန် ရေပြည့်ချိန်ဆိုတော့ ကမ်းခြေလမ်းက ကျဉ်းတယ်။ ဆပ်သွားဖူး တောတန်းနားက ကပ်ပြီး လျှောက်ရတယ်။ တစ်ချို့နေရာတွေမှာ လှိုင်းရိုက်လို့ ဆပ်သွားဖူးတောထဲ တောင် တက်ပြေးရသေးတယ်။ အနံ့တော့ မွှေးပါရဲ့၊ ငါတော့ သိပ်မကြိုက်ဘူး သူ့ကို။ အရွက်စောင်းက ဆူးတွေက စူးမိရင် အဆိပ်တက်ရော။

ညဆယ်နာရီလောက်မှ ငါတို့ပြန်ရတယ်။ တိုက်နေတဲ့လေက ရင်းနှီးနေကျ လေထက် ပိုပြီး စိမ်းသက်နေတယ်လို့ ငါထင်တယ်။ ကမ်းဝေး ငါးဖမ်းသင်္ဘောကြီးတွေရဲ့ မီးရောင်တွေကို မမီမကမ်း လှမ်းမြင်နေရတယ်။ လရောင်ကို မမြင်ရပေမဲ့ သူရှိနေကြောင်းတော့ ငါသိတယ်။ မင်း မတွေ့ ဘူးလားလို့ ငမိုးက မေးတယ်။ ဒီလောက် ပိုက်သူကြီးသားတွေ ရွာကကောင်တွေ အဲဒီတစ်ယောက်အရှေ့မှာ ကိုယ်ရောင်ပြနေကြတာလေ ဆိုတော့၊ မင်းတို့ကိစ္စတွေကွာ ငါက ဘာတွေ့ရမှာတုန်း ဆိုတော့၊ နာမည်လေးလုံး ပါတာကို ရှေ့တစ်လုံး အဖျားဆွတ် ခေါ်ပြီး သီချင်းဆိုနေတယ်။ တွန့်လိမ် တွန့်လိမ်ရယ် တွေ့တဲ့ နာမည် အဖျားဆွတ် ခေါ်တတ်တာရယ် ဟိုဟာဘာလဲ ဒီဟာဘာလဲ ဆိုတာရယ်မှာ ဒီကောင်က ဆရာကျတယ်။

ငါက ဖြတ်သွားဖြတ်လာပါပဲ။ ငါက မဖြတ်မသွားရဘဲရော ဘယ်သူက လာတတ်လဲ။ နှစ်ခါ သုံးခါလောက် ငါတို့ပိုက်အဖွဲ့တွေ စုပြီး သူတို့ ဗီဒီယိုကို ငှားကြည့်ဖြစ်တယ်။ မုန့်ဈေးတန်းနဲ့ ဘာနဲ့ ငါတို့အနားမှာ အိုကေ စိုပြေ။ ပွဲမိန့်လျှောက်တော့ ဘာထည့်ရမလဲတဲ့ သူ့ကိုယ်သူ လူကြီးလေး လိုလို ဘာလိုလိုနဲ့ ကြိုးကြာဦးထုပ် ဆိုလား ဘာလား ဆောင်းပြီး လူအများ ကြီးထဲမှာ ငါ့ကို လာရွေးမေးတယ်။ နတ်တောင်ဘုရားပွဲလို့ ထည့်လိုက်ပေါ့ လို့ ငါပြောလိုက်တော့ မဆိုးဘူး ဆိုပြီး သူရယ်နေတယ်။ နတ်တောင်ပေါ် မှာ မြင်နေကျ နေခြည်နုဝါထက် ပိုနု ပိုဝါတယ်။ ပိတောက်လို၊ ငုလို ရွှေ ယောင်ဆောင်ထားတဲ့ ရွှေရောင်။ ဆပ်သွားဖူးလမ်းကလေးမှာပဲ။ ဒီရေ ကျချိန် လမ်းကျယ်နေတော့ ဆူးစူးမှာ မကြောက်မိလိုက်ဘူး။

ပိုက်သူကြီး အသိရဲ့ မွေးစားသား မင်္ဂလာဆောင်တယ်။ ငါတို့ မင်္ဂလာဆောင်အိမ် ရောက်တော့ ပိုက်သူကြီးက ဘာကူရမလဲလို့ အိမ်ရှင်တွေကို မေးသံကြားတယ်။ အဲဒါနဲ့ ဟင်းပွဲလိုက် ရေနွေးကျို ပန်းကန်ဆေး ဟိုကောင်တွေကို ပိုက်သူကြီးက နေရာချတယ်။ ငါ့ကို လက်ဖွဲ့ပစ္စည်း လက်ခံတဲ့ ဝိုင်းမှာ စာရင်းမှတ်ပေးဖို့ ခေါ်သွားတယ်။ လက်ဖွဲ့ဝိုင်းရောက်တော့ ဘယ်ဘက်က တစ်ယောက်ကို ငါမသိဘူး။ ညာဘက်က တစ်ယောက်ကို ရော ဆိုတော့ ငါမသိချင်ဘူး။ ဘယ်သူတွေ ဘယ်လိုမျက်လုံးတွေနဲ့ ကြည့် နေကြမလဲ ဆိုတာလည်း ငါမသိချင်ဘူး။ ငါ့ကို အရမ်းဆရာ လုပ်တယ်။ မျဉ်းကြောင်းကို ငါက ဝါးခြမ်းပြားနဲ့ ဆွဲတာလည်း အဆူခံရတယ်။ နေရပ် လိပ်စာဆိုတဲ့ အကွက်ကို အကျယ်ကြီး ဆွဲတာလည်း ဆူတယ်။ ငါးရာ ငါးထောင်ရေးရင် ငါက အပေါ်မှာ သုညတစ်လုံးတင်ပြီး မျဉ်းစောင်းလေး လုပ်တာကိုလည်း မကြိုက်ဘူး။ အဲဒီအလုံးက အောက်နည်းနည်း ကျသွား လို့ ငါးရာကနေ ငါးထောင် စာရင်း ပေါင်းမိရင် ဘယ်လိုလုပ်မလဲတဲ့။ ငါ မရှင်းဘူး။ သူ့နာရီကြိုးက ရွှေအစစ် ဆိုတာတော့ ငါမသိဘူး ဆိုတဲ့ ဘေးက တစ်ယောက် ပြောပြလို့ သိလိုက်ရတယ်။ ရှင်းတယ်။

သူ့အဖေနဲ့ ပိုက်သူကြီးတွေ ငါးတို့ငါးပိတို့ ဈေးစကားတွေ ပြောနေကြတော့ ငါ ဝါးကုလားထိုင် လုပ်နေတာကို သူလာကြည့်နေတယ်။ ငါက လိပ်ကလေးပင်အောက် အရိပ်ထဲမှာ ထိုင်နေတာ။ ငမိုး ဘယ်ရောက်နေလဲ မသိဘူး၊ တော်သေးတယ်။ ဟိုဟာဆိုတာ ဘာလဲလို့ လာမေးနေရင် ပင်လယ်ရေလှိုင်းတွေ ပေါ်က အမြှုပ်ဖြူဖြူလေးတွေ ပေါ့လို့ ငါဖြေလိုက်မိရင် ဒုက္ခ။ ဟိုကောင်တွေကတော့ ပြုံးစိစိနဲ့။ အရင်ရက်တွေက ဟိုင်းကြီး ကျွန်းက သူ့အိမ်ကို ပြန်နေတာလို့ ပြောတယ်။ ငါမေးတာက ဘာလဲမသိဘူး၊ သူဖြေတာက တခြား။ မော်တင်စွန်းဘုရားပွဲရက် လာလည်ပါလား ဆိုတော့ အဲဒါ ငါ့မွေးနေ့ပေါ့လို့ ငါဖြေလိုက်တယ်။ သူမေးတာက ဘာမှန်း မသိ၊ ငါ ဖြေလိုက်တာကလည်း တခြား။ ဟိုင်းကြီးနဲ့ မော်တင်က နီးနီးလေး ရယ်။

ငါ လတွေ ရက်တွေတော့ အတိအကျ မမှတ်မိတော့ဘူး။ ငါတို့ ရောက်ခါစက သီးနေ မှည့်နေတဲ့ ဆီးပင်တွေ တစ်ခါတုံးသွားပြီးလို့ နောက် တစ်ခါ မပြန်သီးတွေ ပြန်သီးနေကြပြီ။ အဲဒါ ဘယ်အချိန်လည်း မသိ။ ငါ ငါးလိပ်ကျောက်ဆူး အထိုးခံရတယ်။ ခြေဖနောင့်ကြောကို။ ပင်လယ်ဘယ်ဘက် တောင်ဘယ်ဘက်မှန်း မသိအောင် ငါ ဝေ့လည်လည် ဖြစ်သွားတယ်။ အသားထဲကို တစ်လက်မခွဲလောက် ဝင်သွားတယ်။ ကျောက်ချောင်းဆေးရုံကို စက်လှေ ငှားသွားပြီး ခွဲထုတ်ရတယ်။ ကျောက်ချောင်း ဆေးရုံအုပ် ဒေါက်တာကြည်ဝင်းက ငါ့ကို ခွဲထုတ်ပေးတာပေါ့။ (ဒေါက်တာကြည်ဝင်း ဆိုတာ ငါတို့ဒေသရဲ့ ဇီဝကပဲ၊ ပထမဆုံး မီးအိမ်ရှင်ပဲ။ သိပ်မကြာသေးခင် နှစ်က မဟေသီမဂ္ဂဇင်းတိုက်မှာ အယ်ဒီတာ ဆရာဝင်းသူရက မိတ်ဆက် ပေးလို့ ပြန်ဆုံကြတယ်။ “သရဖီပန်းရယ်က လက်လှမ်းလို့ မမီတမီ” ဆိုပြီး ငါတို့ ပင်လယ်ဒေသအကြောင်း အခန်းဆက်ဝတ္ထုရှည် သူရေးနေတယ်တဲ့။ ငါ့ကိုတော့ သူ မမှတ်မိပါဘူး။ ဆပ်သွားဖူးလမ်းလေးကိုလည်း သူ မသိပါ ဘူး)။ ထားပါတော့။

ကိုကိုကြီးတို့က ငါ့ကို ကုန်းပိုးပေးရ၊ ဆေးတိုက်ရ၊ ရေချိုးပေးရ၊ ညှော် ရှောင်ပေးရတယ်။ “ကုက္ကလံ မြောက်ကို လှည့်ခါမှ ပြန်ခဲ့မယ် ရွှေညာသူရယ် ငွေရှာသူမှာ မအေး” ဆိုပြီး ရှေးသီချင်း ရှိတယ်။ ငါအရင်က သိပ် နားမလည်ဘူး။ နောက်မှ သိတယ်။ တံခွန်တို့၊ အလံတို့ မြောက်ဘက်ကို လွင့်နေရင် တောင်လေ တိုက်ပြီပေါ့။ တောင်လေပြန်ပြီပေါ့။ ရာသီပြောင်းပြီပေါ့။

အနောက်တောင်မုတ်သုန်ရဲ့ ရှေ့ပြေးပေါ့။ ပင်လယ်အလုပ်တွေ နောက်ဆုတ်ရမယ့် အချိန်ပေါ့။ ပင်လယ်သူ ပင်လယ်သားတွေအဖို့ ကိုယ့်လယ် ကိုယ်ယာ ကိုယ့်အိမ်ကို စခန်းသိမ်း ပြန်ဝင်ရမယ့် အချိန်ပေါ့။ ငါတို့ဆောက်ထားတဲ့ တဲတွေ ဖျက်ကြ၊ ယူစရာရှိတာ ယူကြ၊ သိမ်းကြ၊ ဆည်းကြတယ်။ ဘုရားပွဲရက်တော့ ဘုရားပွဲရက်တွေပဲ။

ပစ္စည်းတွေ လှေပေါ်တင်တော့ ဖျက်ထားတဲ့ ငါ့တဲနေရာလေးရှေ့က ဟိုအရင် လိပ်ကလေးပင် အောက်မှာ ငါ့ကို ထိုင်ခိုင်းထားကြတယ်။ ငါ့ ဒဏ်ရာက မပျောက်သေးဘူး။ သယောသားတွေ ဘာတွေလည်း ထမ်းစရာ မလိုတော့ဘူး။ ငမိုးက လူတစ်ယောက်နာမည် ပြောပြီး မင်းသိလား ဆိုပြီး လာမေးတယ်။ ငါ ခေါင်းညိတ်ပြလိုက်တယ်။ အဲဒီလူ အသည်းအသန်ကွာ တဲ့၊ ငါ့ကို အဖော်ခေါ်ပြီး ရည်းစားစကား သွားပြောတာ၊ ဟိုက ငြင်းတယ် တဲ့၊ မင်းနာမည်တွေလည်း ပါတယ်၊ ဘာမှ မပြောသေးလို့ မဆိုင်သေးတာ ပြောရင် ဆိုင်ပြီတဲ့၊ မင်းနာမည်ကို ထည့်ပြောတာကွာတဲ့၊ ဘာတွေမှန်းတော့ အတိအကျ မသိဘူး၊ ငါက ခပ်လှမ်းလှမ်း ဆိုတော့ သိပ်မကြားရဘူးတဲ့။ ဆပ်သွားဖူးလမ်းလေး ရေတက်နေလို့များ သတင်းမေး မရောက်တာလား လို့ ငါတွေးမိနေသေးတယ်။

ငါ့ကို လှေပေါင်းမိုးပေါ် ပွေ့တင်ကြတယ်။ ငါလုပ်ထားတဲ့ တောင်းတွေ၊ ပလုံးတွေ၊ ဝါးကုလားထိုင် လေးတွေကိုလည်း အမြွှာညီအစ်ကိုတို့ တစ်တွေ သယ်တင်ပေးပါတယ်။ ပိုက်သူကြီးက လူစုံပြီလား ပစ္စည်းစုံလား နဲ့ အားလုံးကိုမေးတယ်။ မင်းမှာက လုပ်ထားကိုင်ထားတွေ အများဆုံး၊ မင်းပစ္စည်းတွေစုံရဲ့လား ဘာကျန်သေးလဲလို့ ငါ့ကို အရေးတယူနဲ့ လာမေး ရှာတယ်။ ဘာမှ မရှိတော့တဲ့ ငါတို့တဲနေရာတွေကို လှမ်းကြည့်မိတယ်။ လိပ်ကလေးပင်အောက်မှာ အကြွင်းအကျန်တွေကို မီးရှို့ထားတဲ့ မီးဖိုလေး က ရေဖျန်းခဲ့တာတောင် မီးခိုးလေးတွေ တွန်လိမ်တွန့်လိမ်နဲ့ အူထွက်နေ သေးတယ်။ ငမိုးရေးခဲ့တဲ့ တွန့်လိမ်လိမ် စာလေးလိုပဲ။ လှေတွေကမ်းက ခွာတော့ လူရိပ်လူယောင် မမြင်ရတဲ့ ဆပ်သွားဖူးလမ်းလေးဘက်ကို ကြည့် ပြီး ဘာမှ မကျန်ခဲ့တော့ပါဘူးလို့ ပိုက်သူကြီးကို ငါဖြေလိုက်တယ်။

◆︎◆︎◆︎


Comments