သင်္ခါရ The Dead - မြတ်သစ်

 

တိုင်းမဂ္ဂဇင်း (၈ ဇွန် ၁၉၉၈) ၏ လက်ရာ

သင်္ခါရ

THE DEAD

မြတ်သစ်

ဘဏ္ဍာစိုးသမီး လီလီခမျာ စာဖွဲ့တင်စားခြင်း မဟုတ်၊ တကယ်ကို ခြေထောက်နှင့် ကြမ်းပြင် မထိဘဲ ပြေးလွှား နေရသည်။ မြေညီထပ်ရှိ ဧည့်ခန်းသို့ ဧည့်သည်အား ခရီးဦးကြို ပြုပြီးသည်နှင့် ဧည့်သည်၏ အပေါ်ဝတ်ကုတ်အင်္ကျီ ကူချွတ်ပေးနေစဉ်မှာပင်၊ တံခါးဝမှ ခေါင်းလောင်းသံ ထွက်ပေါ်လာ ပြန်သဖြင့် နောက်ထပ် ရောက်လာသည့် ဧည့်သည်ကို ခရီး ဦးကြိုပြုရန် လူရှင်းလျက်ရှိသော စင်္ကြံအတိုင်း ခြေကုန်သုတ် ရပြန်သည်။ တစ်ခု သူ့အဖို့ သက်သာရာ ရစေသည်က ကြေးရတတ် လူကုံထံ အမျိုးသမီးများအား ဧည့်ခံခြင်း မပြု ရတာပါပဲ။ မစ္စကိတ်သည် လည်းကောင်း၊ မစ္စ ဂျူလီယာ သည် လည်းကောင်း ထိုအရေးကို ကြိုတင်တွေးမိပြီး အိမ် အပေါ်ထပ်ရှိ ရေချိုးခန်းကို အမျိုးသမီးများ အဝတ်အစား လဲခန်းအဖြစ် ပြောင်းလဲထားပြီး ဖြစ်သည်။ မစ္စကိတ်နှင့် မစ္စဂျူလီယာတို့ နှစ်ယောက် ထိုအခန်းထဲမှာ ရှိနေကြ၏။ နှစ်ယောက်သား တွတ်ထိုးလျက်၊ ရယ်မောလျက်၊ စိတ် ဂနာမငြိမ် ဖြစ်လျက်။ တစ်ယောက်နှင့် တစ်ယောက် ရှေ့ဆင့် နောက်ဆင့်ဆိုသလို လှေကားထိပ် ရောက်လာကြသည်။ လှေကားထိပ် လက်ရန်းမှ နေ၍ အောက်ဘက် ငုံ့ကြည့်ကာ လီလီ အမည် အော်ခေါ်ပြီး ဘယ်သူဘယ်ဝါ ရောက်လာပြီလဲ ဟု မေးမြန်းလျက်။

မစ္စမော်ကန်တို့၏ နှစ်ပတ်လည် ကပွဲသဘင်မှာ အမြဲလိုပင် ခမ်းခမ်းနားနား ရှိသည်။ သူတို့နှင့် သိကျွမ်းသူ မှန်သမျှ သည်ပွဲ တက်ရောက်ကြစမြဲ။ မိသားစုများ၊ မိတ်ဟောင်း ဆွေဟောင်းများ၊ မစ္စဂျူလီယာ၏ အဆိုသင်တန်းသူများ၊ မစ္စကိတ်၏ အရွယ်ရောက်ပြီးဖြစ်သည့် တပည့်တပန်း အချို့လည်း သည်ပွဲကို တက်ရောက်ကြမြဲ။ နှစ်စဉ် ကျင်းပမြဲ ဖြစ်သော ကပွဲ အထ မမြောက်သောနှစ် ဟူ၍ မရှိ။ နှစ်ပေါင်းများစွာ ကတည်းက ခမ်းခမ်းနားနား ကျင်းပခဲ့သော ကပွဲကို တက်ရောက်ဖူးသူ မှန်သမျှ သည်ပွဲကို မမေ့နိုင်အောင် တသသ ရှိနေကြမြဲ။ မောင်ဖြစ်သူ ပက်(တ) ကွယ်လွန်ခဲ့ပြီးသည့် နောက် မစ္စကိတ်နှင့် မစ္စဂျူလီယာတို့သည် “စတုံးနီဘက်တာ” အရပ်ရှိ နေအိမ်မှ စွန့်ခွာခဲ့ကြသည်။ ထို့နောက် တစ်ဦးတည်း သော တူမ မေရီဂျိန်းကို “အာရှာကျွန်း” ရှိ လူသူကင်းမဲ့လျက်ရှိသော အိမ်သို့ ခေါ်ဆောင်သွားသည်။ ထိုအိမ်မှာ အလင်းရောင် ကောင်းကောင်း မရ။ အိမ်က နှစ်ထပ်အိမ်။ အပေါ်ထပ်မှာ မစ္စတာ ဖူး(လ)ဟမ်း ထံမှ ငှားရမ်း ထားခြင်း ဖြစ်သည်။ မြေညီထပ်က ဂျုံ ကြိတ်စက် ထားသည့်နေရာ။ ဤသည်ကား လွန်ခဲ့သည့် အနှစ် ၃ဝ ခန့် ခေတ် ကောင်းစဉ် ကာလက အဖြစ်ပေမယ့် ယခုဟုပင် မှတ်ထင်ရလေသည်။ ထိုစဉ်က ဂါဝန်တိုနှင့် ချာတိတ်မလေး မေရီဂျိန်းမှာ ယခုခါတွင် အိမ်မှုကိစ္စ အဝဝ တာဝန်ယူထားရသည့် အိမ်၏ ခြေသည်း လက်သည်း ဖြစ်နေပြီ။ အကြောင်းရင်းကတော့ မေရီဂျိန်းမှာ “ဟက်ဒင် တန်လမ်း” မှာ အော်ဂင်တစ်လုံး ပိုင်ဆိုင်သူတစ်ဦး ဖြစ်နေခြင်းပါပဲ။ မေရီဂျိန်းသည် ကျောင်း တစ်ခု ဖွင့်ထားသည်။ အပေါ်ထပ်ရှိ ကပွဲ ခန်းမသဘင်ထဲမှာ နှစ်စဉ် နှစ်တိုင်း ဆိုသလို တပည့်များကို ကပြ ဖျော်ဖြေခိုင်း လေ့ရှိသည်။ တပည့်အများစုမှာ “ကင်း(စ) တောင်း” နှင့် “ဒေါ်လကီ” မှ ကြေးရတတ် သားသမီးများ ဖြစ်ကြသည်။ မေရီဂျိန်း၏ အဒေါ်နှစ်ယောက်မှာ အိုမင်းလှပြီ ဖြစ်ပေမယ့် နှစ်လည် ကပွဲအတွက် တက်ညီလက်ညီ ဆောင်ရွက်နေ ကြသည်။ မစ္စဂျူလီယာမှာ ဆံပင်တွေ ဖွေးဖွေး လှုပ်နေပြီ၊ သို့သော်လည်း အာဒံနှင့် ဧဝ တေးသီချင်း သီဆိုရာ၌ သူ့ အသံမှာ အစူးရှဆုံး။ မစ္စကိတ် ဆိုလျှင်လည်း တုန်တုန်ချည့်ချည့်၊ သို့ပေမယ့် အိမ်နောက်ဖေးဘက်တွင် အခန်းတစ်ခန်းမှာ စန္ဒရားဟောင်းတစ်လုံးဖြင့် လူသစ်တန်း ကလေးသူငယ်လေးများကို ဂီတသင်တန်း ပေးလျက် ရှိသည်။ လီလီက အိမ်မှု ကိစ္စကို ဆောင်ရွက်ပေးသည်။ သူတို့ ရိုးရိုးကုပ်ကုပ် နေကြသည်။ အစားကောင်းကောင်းတော့ စားသောက်ကြသည်။ ကောင်းပေ့ဆိုသော ပစ္စည်းတွေ သုံးသည်။ အမဲပေါင်ရင်းသား၊ သုံးပဲနိတန် လက်ဖက်ရည်၊ အကောင်းဆုံး စတောက် ဘီယာခါး။ သို့သော် လီလီသည် ခိုင်းသမျှ အမှား သိပ်မလုပ်မိသဖြင့် သခင်မများနှင့် အဆင်ပြေသည်။ သခင်မ သုံးယောက် ချေးများသည်။ ဒါလောက်ပါပဲ။ ဒါပေမဲ့ သူတို့ သုံးယောက်စလုံး မနှစ်သက်တာက ဆင်ခြေဆင်လက် တက်တာ။

ယခုလို ညခင်းမှာ သူတို့ ဂနာမငြိမ် ဖြစ်နေရတာ ခိုင်လုံသော အကြောင်းရှိ၏။ ည ၁ဝ နာရီ ထိုးပြီးသွားပြီ။ ယခုချိန်ထိ ဂါဘရီယယ်နှင့် ဇနီးသည်တို့၏ အရိပ်အယောင် မတွေ့ရသေး။ ပြီးတော့ ဖရက်ဒီမာလင် သူတို့အပေါ် စိတ်ခု သွားမှာလည်း စိုးရိမ်လျက် ရှိသည်။ မေရီဂျိန်း၏ တပည့်များကို ဖရက်ဒီမာလင်၏ သြဇာ လွှမ်းမိုးသွားတာလည်း မဖြစ် စေချင်။ ထိုအခြေနေမျိုး ရောက်သွားခဲ့ပါက ဖရက်ဒီမာလင် ကို ဘယ်နည်းနှင့်မှ လိမ်၍ ရတော့မည် မဟုတ်။ ဖရက်ဒီ မာလင်သည် ဘယ်တော့မှာ စောစီးစွာ ရောက်လာလေ့ မရှိ။ သူတို့ ဝေခွဲ၍ မရသည်က ဂါဘရီယယ်ကို ဘာလို့ နောက်ကျ ရသလဲ ဟူ၍။ သို့ဖြင့် နှစ်မိနစ် တစ်ကြိမ်ဆိုသလို စင်္ကြံဘက် ထွက်လာပြီး ဂါဘရီယယ် သို့မဟုတ် ဖရက်ဒီ ရောက်များ ရောက်လာလေပြီလားဟု လီလီကို မေးမြန်းနေရခြင်း ဖြစ်သည်။

“အိုး၊ မစ္စတာ ကွန်ရိုင်”

တံခါးဖွင့်လိုက်သည်နှင့် ဂါဘရီယယ်ကို တွေ့လိုက်ရသဖြင့် လီလီက တအံ့တသြ ရေရွတ်လိုက်သည်။

“မစ္စကိတ်နဲ့ မစ္စဂျူလီယာတို့က မစ္စတာ ကွန်ရိုင် မလာတော့ဘူး ထင်နေကြတာ၊ မင်္ဂလာညချမ်းပါ ရှင့်”

“ကျုပ်လည်း အဲဒီလို ထင်နေမယ်ဆိုတာ တွက်ပြီးသားပါ၊ ဒါပေမဲ့ ကျုပ်ဇနီး အဝတ်အစားရွေးရင် သုံးနာရီ လောက်ကြာတာ အဘွားကြီးတွေ မေ့ထားပုံ ရတယ်”

ဟု ဂါဘရီယယ်က ပြန်ပြောသည်။

ဂါဘရီယယ်က ခြေသုတ်ခုံပေါ်ရပ်ပြီး ဖိနပ်တွင် ကပ်ငြိနေသော နှင်းဖတ်နှင်းခဲများကို ခြေသုတ်ဖုံဖြင့် သုတ် နေသည်။ ထိုအချိန်တွင် လီလီက ဂါဘရီယယ်၏ ဇနီးကို လှေကားရင်းသို့ ခေါ်ဆောင်သွားသည်။ နှုတ်မှလည်း တကြော်ကြော် အော်ဟစ်လျက်။

“မစ္စကိတ်၊ မစ္စကွန်ရိုင် ရောက်လာပါပြီ”

မစ္စကိတ်နှင့် မစ္စဂျူလီယာတို့ နှစ်ဦးသား လှေကားထစ်မှ အပြေး ဆင်းလာကြသည်။ ဂါဘရီယယ်၏ ဇနီးကို နမ်းသည်။ အသက်ရှည်ရာ အနာမဲ့ကြောင်း ဆုတောင်းစကား ပြောသည်။ ဂါဘရီယယ်ကော ပါလာရဲ့လား ဟု မေးသည်။

“ကျွန်တော်မျိုးကြီး ရောက်လာပါပြီ ခင်ဗျ၊ စာပို့ ရထားကြီးလို အချိန်မှန်ပါပဲ။ ဒေါ်လေးကိတ် အထဲ အရင် ဝင်နှင့်ပါ၊ ပြီးမှ ကျွန်တော် လိုက်လာပါ့မယ်”

အမှောင်ထဲမှ ဂါဘရီယယ်၏ ပြောသံ။

အမျိုးသမီးသုံးယောက် အပေါ်ထပ်ရှိ အမျိုးသမီးများ နားနေခန်းသို့ ရယ်မောပြီး တက်သွားချိန်၌၊ ဂါဘရီယယ် မှာ သူစီးထားသော ဖိနပ်ကို ခြေသုတ်ခုံဖြင့် တရစပ် ပွတ်တိုက်လျက်။ နှင်းပွင့် နှင်းဖတ်ကလေးများက ခြုံထည် တစ်ခု သဖွယ် ကုတ်အင်္ကျီပေါ်မှာ တင်လျက်၊ ဖိနပ်တွေပေါ်မှာလည်း ဖိနပ်ထိပ်ဦးဖုံးတွေကို တင်လျက်၊ ကုတ်အင်္ကျီ ကြယ်သီး များမှာလည်း အတားဆီးမဲ့သော လေသာဆောင်သို့ တိုးဝှေ့ဝင်ရောက်လာသော ပြင်ပမှ အေးစက်မွှေးရီသော လေများ ကြောင့် တဖျပ်ဖျပ် မြည်လျက်။

“နှင်းတွေ သည်းနေတုန်းပဲလား မစ္စတာ ကွန်ရိုင်”

ဟု လီလီက မေးလိုက်သည်။

လီလီက ဂါဘရီယယ်၏ အပေါ်ရုံကုတ်ကို ကူပြီး ချွတ်ပေးရန် စားဖိုဆောင်ထဲသို့ ခေါ်ဆောင်သွားသည်။ ဂါဘရီယယ် သည် မိသားစုအမည်ဖြစ်သော ကွန်ရိုင်ဟု ထုတ်ဖော်နှုတ်ဆက်သည့် လီလီကို တစ်ချက် စောင်းငဲ့ကြည့်ရင်း ပြုံးပြလိုက်သည်။ လီလီက ပိန်ပိန်ပါးပါး၊ အသားက ဖြူဖပ်ဖြူရော်၊ ဆံပင်က ကောက်ရိုးရောင်၊ အပျိုကြီးဖားဖား ဖြစ်နေပြီ။ စားဖိုဆောင်ရှိ မီးရောင်ကြောင့် လီလီမှာ ပို၍ ဖြူဖပ်ဖြူရော် ဖြစ်လျက်ရှိသည်။ ဂါဘရီယယ်က လီလီကို ဥမမည် စာမမြောက်ခင် ကတည်းက သိခဲ့ပြီးသား။ အောက်ဆုံး လှေကားထစ်မှာထိုင်ပြီး အဝတ်စတွေနှင့် ချုပ်ထားသော အရုပ် ကလေးများကို တယုတယ ကစားနေသည့် အချိန် ကတည်းက။

“အေးကွယ့်၊ ဒီလိုညမျိုးမှ ကြုံရတတ်ပလေ” ဂါဘရီယယ် က ပြန်ဖြေသည်။

ဂါဘရီယယ်က စားဖိုဆောင် မျက်နှာကြက်ကို မော့ကြည့်လိုက်၏။ အပေါ်ထပ်မှ သွားလာလှုပ်ရှားမှုများ ကြောင့် မျက်နှာကြက် တုန်ခါလျက်။ ဂါဘရီယယ် လွင့်ပျံ့လာသော စန္ဒရားသံကို ခေတ္တမျှ နားစွင့်လိုက်သည်။ ပြီးမှ လီလီကို စောင်းငဲ့ကြည့်သည်။ လီလီက ဂါဘရီယယ်၏ ကုတ်အင်္ကျီကို သပ်ရပ်စွာ ခေါက်ပြီး စင်ပေါ်တင်လိုက်သည်။

“ပြောစမ်းပါဦး လီလီ၊ မင်း ကျောင်းနေတုန်းပဲလား” ဟု ရင်းရင်းနှီးနှီး မေးသည်။

“မတက်တော့ပါဘူးရှင့်၊ ဒီနှစ်ပဲ ကျောင်းက ထွက်လိုက်ပါပြီ”

“အိုး ဒါဆို တစ်နေ့ကျရင်တော့ ဘသားချော တစ်ယောက်နဲ့ လက်ထပ်ရတော့မယ် ထင်တာပဲဟေ့”

“အဲဒီလူက ဘယ်ဆီနေမှန်းတောင် မသိပါဘူး။ ကလေကဝ မြှောက်ပင့် စကားတွေပြောပြီး သူများဆီက ဘာများ ရမလဲ ဆိုတဲ့ လူစားမျိုးလား”

ဟု လီလီက ဂါဘရီယယ်ဘက် လှည့်ကြည့်ပြီး အလွန်တရာမှ တူးတူးခါးခါး လေသံဖြင့် ပြောလိုက်သည်။

လီလီစကားကြောင့် ဂါဘရီယယ် မျက်နှာပျက်သွားသည်။ အမှားအယွင်းတစ်ခု ပြုလိုက်မိပြီဟူသော ခံစားမှုမျိုး။ လီလီဘက် လုံးဝ လှည့်မကြည့်တော့၊ ဖိနပ်များကို ခြေထောက်မှ ခါထုတ် ချွတ်ပစ်သည်။ ထို့နောက် လည်ပင်းတွင် ပတ်ထားသော မာဖလာဖြင့် ဖိနပ်တွင် ပေရေနေသော နှင်းဖတ်နှင်းခဲများ ပုတ်ခါပစ်လိုက်သည်။

ဂါဘရီယယ်မှာ အရပ်မြင့်မြင့်၊ ခန္ဓာကိုယ် တောင့်တောင့်တင်းတင်း၊ သန်သန်မာမာ။ ပါးပြင်မှာရှိသော နှင်းဆီ သွေးက နဖူးပြင်ထိ။ နီဖျော့ဖျော့ အစက်ပြောက်များသည် ပုံမဲ့ အစက်ပြောက်များနှယ် ဟိုတစ်စ သည်တစ်စ ပြန့်ကျဲ လျက်။ အမွေးအမှင်မဲ့ မျက်နှာပြင်တွင် တပ်ထားသော တလက်လက် တောက်ပသည့် မှန်ဘီလူးများသည် လည်းကောင်း၊ ငွေရောင်တောက်ပ မျက်မှန်ကိုင်းများသည် လည်းကောင်း စူးရှထက်မြက်သော မျက်လုံးအစုံကို ဖုံးထားဘိသကဲ့သို့။ တောက်ပ နက်မှောင်သော ဆံပင်မှာ အလယ်မှ ခွဲပြီး ဖြီးထားသည်။ ဦးထုပ် ဆောင်းထားသဖြင့် ဆံပင်မှာ နားသယ်စပ် အထိ ကွေးကွေးကောက်ကောက်။

ဖိနပ် အတွင်းပိုင်းကို ပြောင်သွားအောင် ကမန်းကတန်း သုတ်ပြီးသည်နှင့် မတ်တတ်ရပ်လိုက်သည်။ တောင့်တင်း သန်မာသည့် ခန္ဓာကိုယ်ပေါ် ဝတ်ထားသော ခါးတို အင်္ကျီကို ခပ်တင်းတင်း ဆွဲစေ့လိုက်သည်။ ပြီးမှ ပိုက်ဆံ အိတ်ထဲမှ အကြွေတစ်စေ့ကို လျင်မြန်စွာ ထုတ်ယူလိုက်သည်။

“အိုး လီလီ၊ နာတာလူးပွဲတော်ရာသီ ရောက်ပြီ၊ ဟုတ်ဖူးလား။ ရော့ မူးစ ပဲစလေး”

ပြောပြောဆိုဆို ဂါဘရီယယ်က လီလီလက်ထဲသို့ အကြွေ ထည့်ပေးလိုက်သည်။

ဂါဘရီယယ် တံခါးပေါက် ရှိရာသို့ ကသောကမျော ထွက်သွားသည်။

“အို မဟုတ်တာပဲ ရှင့်”

လီလီက ဂါဘရီယယ်နောက် လိုက်သွားသည်။

“ကျွန်မ မယူပါရစေနဲ့”

“နာတာလူး ပွဲတော်ကာလ၊ နာတာလူး ပွဲတော် ကာလလေ”

ဂါဘရီယယ်က ငြင်းဆန်သည့်သဘော လက်ကာပြရင်း လှေကားထစ်များပေါ် တက်သွားသည်။

ဂါဘရီယယ် လှေကားထိပ် ရောက်သွားသည့်အခါတွင် လီလီက အောက်မှနေ၍ အော်ဟစ်ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်ရှင့်”

ကပွဲ မပြီးမချင်း ဂါဘရီယယ်က ဧည့်ခန်းတံခါး ရှေ့တွင် ရပ်နေလိုက်သည်။ တံခါးဝမှာ ရပ်ရင်း ခြေထောက် နှင့် ကြမ်းပြင် ထိရုံဆိုသည်မျှ ထိပြီး ရွေ့လျားနေသော ခြေအစုံ၊ ကြမ်းပြင်နှင့် ဂါဝန်စများ ပွတ်သပ်နေသံကို နားစွင့် နေလိုက်သည်။ ဂါဘရီယယ်၏ စိတ်သည် လီလီ၏ အငေါ်တူး ပြောသံကြောင့် မကြည်မလင်။ စိတ်အာရုံ ဖြေဖျောက် သည့် အနေဖြင့် လက်ကြယ်သီးများကို လည်းကောင်း၊ လိပ်ပြာပုံ လည်စီးကို လည်းကောင်း ပြင်လိုက်သည်။ ပြီးမှ ခါးတို အင်္ကျီအိတ်ထဲမှာ ထည့်ထားသော စာရွက်ကို ထုတ်ယူပြီး ကြည့်သည်။ စာရွက်မှာ သူ ပြောရမည့် မိန့်ခွန်း၊ ကိုယ်တိုင် ရေးထားသော မိန့်ခွန်း။ သူ ကိုးကားထားသော ရောဘတ် ဘရောင်းနင်း၏ စာသားများနှင့် ပတ်သက်၍ စိတ်ထဲမှာ ဇဝေ ဇဝါ ဖြစ်နေသည်။ ကြားနာရမည့် ပရိသတ်များ သဘောပေါက်ပါ့မည်လား ဟု ပူပန်နေမိသည်။ ရှိတ်စပီးယား သို့မဟုတ် တေးဂီတ တစ်ပုဒ်ထဲမှ အပိုင်းအစ ဆိုလျှင် နားလည်ကြသဖြင့် အဆင်ပြေမည်။ နားမခံသာသော ဖိနပ်ချင်း ပွတ်တိုက်သံ များ၊ ဖိနပ်သားရေနှင့် ကြမ်းပြင်ထိသံများ။ အချင်းယောကျ်ားများနှင့် မိမိ ယဉ်ကျေးမှု အဆင့်အတန်း ကွာခြားနေပုံကို ဂါဘရီယယ် တွေးနေမိသည်။ သူတို့ နားမလည် သဘောမပေါက်သည့် ကဗျာများကို ကိုးကား ရွတ်ဖတ်ခြင်းမှာ လူရယ်စရာ ဖြစ်အောင် လုပ်ခြင်း ပါပဲ။ ဒီငတိ ပညာအရည်အချင်း တခြားသူတွေထက် သာကြောင်း ဝါကြွားတာဟု ယူဆ ချေမည်။ လီလီနှင့် ပတ်သက်ပြီး မိမိ ရှုံးနိမ့်ခဲ့ပြီ။ သူတို့နှင့် ဆက်ဆံရာတွင်လည်း ရှုံးနိမ့်ရပေဦးမည်။ အချိန်အခါ တွက်ဆ တာနဲ့ မှားယွင်းခဲ့ပြီ။ သူ့မိန့်ခွန်း တစ်ခုလုံး အစမှ အဆုံးတိုင် မှားနေခဲ့ပြီ။ လုံးဝ ဥဿုံ ရှုံးနိမ့်ခြင်း ပါပဲ။

ဂါဘရီယယ်၏ အဒေါ်နှစ်ယောက်နှင့် ဇနီးသည်တို့၊ သုံးယောက်သား အမျိုးသမီး အဝတ်အစားလဲခန်းထဲမှ ထွက်လာကြသည်။ အဘွားကြီး နှစ်ယောက်စလုံး ပိန်ပိန်ပါးပါး။ ဝတ်ထားသော အဝတ်အစားကလည်း ခပ်ရိုးရိုး။ မစ္စ ဂျူလီယာက မစ္စကိတ်ထက် အရပ် အတန်ငယ် မြင့်သည်။ နားသယ်စပ် ထိနေသော ဖြီးသင်ထားသည့် ဆံပင်တွေက ဖွေးဖွေးဖြူနေပြီ။ ပြည့်ဖြိုးသော မျက်နှာပြင်မှာ ပါးရေတွေ တွန့်နေပြီ။ အိုမင်းမှု အရိပ်တွေ စွန်းထင်းလျက်။ ခန္ဓာကိုယ် တည်ဆောက်မှုမှာ သန်မာဆဲ၊ ခါး မကိုင်းသေး။ သို့သော် မျက်လုံးတွေ၊ နှုတ်ခမ်းတွေက လေးလံလျက်။ သူ မည်သည့် အရပ်မှာ ရှိနေသည်၊ မည်သည့်အရပ်သို့ ဦးတည်နေသည်ကို မသိရသော လူတစ်ယောက်၏ သရုပ်သကန် ဖော်ဆောင် လျက် ရှိသည်။ မစ္စကိတ်မှာ ပို၍ တက်ကြွရွှင်လန်းလျက်၊ ဖျတ်လတ်လျက်။ မစ္စဂျူလီယာထက် ပို၍ လန်းဆန်းသည်။ ဒါပေမဲ့ ပါးရေက တွန့်နေပြီ၊ သွေ့ခြောက်သော ပန်းသီးတွေနှယ်။ ဆံပင် ထုံးဖွဲ့ထားပုံမှာ ခပ်ရိုးရိုး။ အမှည့်လွန် နေသော သစ်ကြားသီးရောင်က ပျောက်မသွားသေး။

မစ္စကိတ်နှင့် မစ္စဂျူလီယာက ဂါဘရီယယ်ကို နမ်းရှုပ်လိုက်ကြသည်။ ဂါဘရီယယ်သည် သူတို့နှစ်ယောက်၏ အသည်းကျော်။ သူတို့၏ ကွယ်လွန်ခဲ့ရှာသော အစ်မ အယ်လန်၏ သား။ အယ်လန်မှာ ဆိပ်ကမ်းသင်္ဘောကျင်း သူဌေး တီဂျေ ကွန်ရိုင်နှင့် လက်ဆက်ခဲ့သူ။

“ဂါဘရီယယ်၊ မင်း ဒီည မောင့်(စ်)တောင်း ကို ပြန်တဲ့အခါ မြင်းရထားနဲ့ မပြန်ဘူးလို့ ဂရီတာက တို့ကို ပြောနေတယ်”

ဟု မစ္စကိတ်က ပြောလိုက်သည်။

“မဟုတ်ပါဘူး”

ဂါဘရီယယ်က ဂရီတာဘက် ကြည့်လိုက်သည်။

ပြီးမှ .....

“မနှစ်တုန်းက မြင်းရထားနဲ့ ပြန်ခဲ့ပြီးပြီလေ၊ ရထား ပြတင်းပေါက်က တဂျုန်းဂျုန်းမြည်လို့။ မာရီယွန်လည်း လွန်ရော၊ အရှေ့လေတွေက တိုက်လိုက်တာ အရမ်းပဲ။ သိပ် ပျော်စရာ ကောင်းတာပဲ၊ ဂရီတာလည်း အအေးဒဏ် အလူး အလဲ ခံခဲ့ရတယ်”

ဟု ဆက်ပြောသည်။

မစ္စကိတ်က မျက်မှောင်တင်းတင်း ကုတ်လျက်၊ စကားလုံးတိုင်းကို ခေါင်းတညိတ်ညိတ်လုပ်လျက်။

“မှန်တယ် ဂါဘရီယယ်၊ မင်း သိပ်ပြီး ဂရုစိုက်ဖို့ မကောင်းဘူးကွယ့်”

ဟု မစ္စကိတ်က ပြောသည်။

“ဒါပေမဲ့ ဂရီတာ ဆန္ဒရှိတယ်ဆိုရင် နှင်းတောထဲ လျှောက်ပြီး ပြန်ကြတာပေါ့”

ဂါဘရီယယ်က ပြောလိုက်သည်။

ဂရီတာက သဘောကျ၍ ရယ်မောလိုက်လေသည်။

“သူပြောတာတွေ ယုံမနေနဲ့ ဒေါ်လေးရေ့၊ သူတစ်ပါး ဒုက္ခပေးရမယ်ဆိုရင် သူက ထိပ်က။ ညဘက်မှာ တွမ့် မျက်လုံးတွေကို အစိမ်းရောင် ခြယ်ပေးထားတယ်၊ ဒမ်ဘယ်လ်ဝိတ်ပြားတွေ အမခိုင်းတယ်။ အီဗာကိုလည်း ဂျုံယိုနို့ထမင်း တွေ စားခိုင်းတယ်။ ကလေးတွေ တကယ့်ကို သနားစရာ။ အီဗာဆိုလည်း အဲဒီမြင်ကွင်းကို တကယ် ရွံရှာနေတာ။ အို ခုလည်း ကျွန်မကို ဘယ်လို အဝတ်အစားတွေ ဆင်ပေးထားတယ် ဆိုတာ ဒေါ်လေးတို့ ရိပ်စားမိမှာ မဟုတ်ဘူး”

ဂရီတာက ဟက်ဟက်ပက်ပက် ရယ်မောရင်း ခင်ပွန်းသည်ဘက် တစ်ချက် စောင်းငဲ့ကြည့်လိုက်သည်။ ဂါဘရီယယ် ၏ မြတ်နိုးစုံမက်သော၊ ပျော်ရွှင်နေသော မျက်ဝန်းများက ဂရီတာ၏ အဝတ်အစားမှနေ၍ မျက်နှာပြင်သို့။ ထိုမှတစ်ဆင့် ဦးခေါင်းရှိ ဆံပင်များဆီသို့ ရွေ့လျားလျက်။ ဂါဘရီယယ်၏ အဒေါ်နှစ်ယောက်ကလည်း အူလှိုက်သည်းလှိုက် ရယ်မောလျက်။ ဂါဘရီယယ်၏ မျက်စေ့အောက်က အပျောက်မခံနိုင်အောင် သည်းလွန်းလှသည့် အဖြစ်က အဘွားကြီး နှစ်ယောက်အဖို့ ရယ်စရာ ကောင်းနေသည်။

“မိုးတွင်းစီး ရာဘာဖိနပ်၊ ဒါ နောက်ဆုံးပေါ်တွေ ပေါ့။ လမ်းပေါ် ရေတွေဝပ်နေရင် ဒါတွေ ကျွန်မ စီးတယ်။ ဒီည မှာတောင် ဒေါ်လေးတူတော်မောင်က အဲဒီဖိနပ်တွေ စီးစေချင်တာ၊ ကျွန်မက ငြင်းပေလို့ပေါ့။ နောက်တစ်ခုက ရေကူး ဝတ်စုံ တစ်စုံ ဝယ်ပေးမယ် ပြောနေတာပဲ”

ဟု ဂရီတာက ပြောလိုက်သည်။

ဂါဘရီယယ် ဟန်မဆောင်နိုင်တော့ပဲ စိတ်လွတ်ကိုယ်လွတ် ရယ်မောလိုက်သည်။ ပြီးမှ လည်စီးကို စည်းရင်း သတိကို ပြန်ထိန်းသည်။ မစ္စကိတ်ကလည်း ခါးကြီးကုန်း၍ တဟားဟား ရယ်မောသည်။ မစ္စဂျူလီယာ၏ မျက်နှာပြင်မှာ အပြုံးရိပ်တွေ လွင့်ပြယ်သွားသည်။ ကြည်နူးရိပ် ကင်းစင်သော မျက်လုံးများက တူဖြစ်သူ၏ မျက်နှာပေါ်မှာ။ အတန် ကြာတွင် မေးခွန်းတစ်ခု မေးသည်။

“ဂါဘရီယယ်၊ မိုးတွင်းစီး ရော်ဘာဖိနပ်ဆိုတာ ဘာလဲ”

“မိုးတွင်းစီး ဖိနပ်ဆိုတာ မိုးတွင်းစီးပဲပေါ့ ဂျူလီယာ ရဲ့။ မမ မသိဘူးလား၊ ဖိနပ်မှာ အပေါ်က ထပ်စွပ်စီးရတာ မျိုး။ ဟုတ်တယ် မဟုတ်လား ဂရီတာ”

ဟု မစ္စကိတ်က မစ္စဂျူလီယာကို ရှင်းပြသည်။

“ဟုတ်တယ်၊ ရော်ဘာနဲ့ လုပ်ထားတာမျိုးပဲပေါ့။ ကျွန်မတို့ နှစ်ယောက်မှာ တစ်ယောက် တစ်ရန်စီ ရှိတယ် လေ။ ဟောဒီ ဥရောပမှာ လူတိုင်း စီးနေကြတာပဲလို့ ဂါဘရီယယ်က ပြောတာပဲ”

ဟု ဂရီတာက ပြန်ဖြေသည်။

ဂါဘရီယယ်က မျက်မှောင်ကြုတ်လိုက်သည်။ ကျွဲမြီးတိုသည့် သဘော။

“ဘာမှတော့ မဆန်းပါဘူး၊ ဒါပေမဲ့ ဂရီတာက အဆန်းလုပ်ပြီး ပြောနေတာ။ သူပြောတာနဲ့ ကျွန်တော်တောင် ဘာသာရေး လင်္ကာတွေ ပြန်သတိရလာပြီ”

“ဒါနဲ့ ပြောစမ်းပါဦး ဂါဘရီယယ်၊ တို့ ပြင်ထားတဲ့ အခန်း မင်း တွေ့ပြီးပြီပဲ။ ဂရီတာ ကတော့ ပြောနေတာ....”

မစ္စကိတ်က စကားလမ်းကြောင်းကို လွှဲပစ်လိုက်သည်။

“အို အခန်းက ဘာမှ ပြောစရာ မရှိပါဘူး၊ ဂရီရှမ်မှာ အခန်းတစ်ခန်း ကျွန်တော် ယူထားခဲ့ဖူးတာပဲ”

ဟု ဂါဘရီယယ်က ပြောသည်။

“အကောင်းဆုံးဖြစ်အောင် သေသေချာချာ လုပ်ထားတာပဲကွယ့်။ ကလေးတွေနဲ့ ပတ်သက်လို့တော့ ဘာမှ ပူမနေ ပါနဲ့ ဂရီတာ”

မစ္စကိတ်က ပြောလိုက်သည်။

“အို တစ်ညတလေပဲ ဥစ္စာ၊ ဘက်စီ ထိန်းပေးမှာပါ”

ဂရီတာက ပြန်ဖြေသည်။

မစ္စကိတ်က စကားကို ဆက်သည်။

“ဒီလို သမီးလေးတစ်ယောက် ရထားတာ ကံ ကောင်းတယ် ပြောရမှာပဲ။ တကယ် အားကိုးရမှာ။ ဒီမှာတော့ လီလီ ရှိတာပဲ။ နောင်တော့ ဘာဖြစ်လာမလဲဆိုတာ မခန့်မှန်းနိုင်သေးဖူး။ ကောင်မလေးက မငယ်တော့ဘူးလေ”

ထိုအချက်နှင့် ပတ်သက်ပြီး ဂါဘရီယယ်က အဒေါ်ဖြစ်သူအား တစ်စုံတစ်ခု မေးမြန်းရန် စိတ်ကူးလိုက်စဉ် မှာပင်၊ မစ္စကိတ်က စကားဖြတ်လိုက်ပြီး လှေကားလက်ရန်းမှ နေ၍ အောက်ဘက် ငုံ့ကြည့်ကာ မစ္စဂျူလီယာကို ရှာဖွေ နေသည်။

“ငါ မေးစမ်းပါရစေ၊ ဂျူလီယာ၊ ဂျူလီယာ ဘယ်သွားနေသလဲ။ ဂျူလီယာ မင်း ဘယ်မှာလဲ ဟေ့”

ဟု မစ္စကိတ်က စပ်စုလိုက်သည်။

မစ္စဂျူလီယာ အခြား အခန်းတစ်ခု သွားနေရာမှ ပြန်ရောက်လာပြီး သိမ်မွေ့ညင်သာစွာ ပြန်ဖြေသည်။

“ဟောဒီမှာ၊ ဖရက်ဒီ ရောက်လာပြီ”

ထိုအချိန်မှာပင် လက်ခုပ်သံတဖြောင်းဖြောင်း ထွက်ပေါ်လာသည်။ ဝေါ့(ဇ်) တေးသွား ပြီးဆုံးကြောင်း စန္ဒရား ဆရာက ကြေညာလိုက်သည်။ ဧည့်ခန်းတံခါး ပွင့်သွားသည်။ စုံတွဲအချို့ အပြင်ဘက် ထွက်လာကြသည်။ မစ္စကိတ် က ဂါဘရီယယ်ကို လက်ဖြင့် လှမ်းဆွဲလိုက်ပြီး လေသံသဲ့သဲ့ ဖြင့် ပြောသည်။

“ဟန်မပျက်နဲ့၊ လူကြီးလူကောင်းလိုပေါ့ ငါ့တူ။ ဖရက်ဒီ သူ သဘောကျ နေပါစေ၊ အရက်မူးနေတာ မသိချင် ယောင် ဆောင်နေပေးလိုက်ပေါ့။ ဒေါ်လေးအထင်တော့ သူ ရေချိန်ကိုက်နေပြီဆိုတာ သိပ်သေချာသပေါ့”

ဂါဘရီယယ် လှေကားထစ်များအတိုင်း အပေါ်ထပ်သို့ တက်သွားသည်။ လှေကားလက်ရန်းများကို ကျော်ဖြတ် ထွက်ပေါ်လာနေသည့် အသံများကို နားစွင့်လိုက်သည်။ ကြက်သရေခန်းထဲမှ လူနှစ်ယောက် စကားပြောနေသည့် အသံ များ။ ဒါ ဖရက်ဒီမာလင်၏ ရယ်မောသံ။ ဂါဘရီယယ် ခြေသံပြင်းပြင်းဖြင့် လှေကားမှ ပြန်ဆင်းလာခဲ့သည်။

“အင်း ဂါဘရီယယ် ရှိနေတာ ခပ်ကောင်းကောင်းပဲ ဂျူလီယာရေ့၊ သူရှိနေရင် ငါ စိတ်ချမ်းသာတာပဲ။ မစ္စ ဒါလီနဲ့ မစ္စပါဝါ စားဖို့ တစ်ခုခု စီစဉ်ပေးပါလား။ မစ္စဒါလီ၊ ရှင့်ရဲ့ လှပငြိမ့်ညောင်းတဲ့ ဝေါ့(ဇ်) အတွက် ကျေးဇူးပါပဲ။ အင်မတန်မှ ကြည်နူးစရာကောင်းတဲ့ အချိန်တွေပဲ”

ဟု မစ္စကိတ်က ဂရီတာကို ပြောပြလျက် ရှိသည်။

အရပ်ရှည်ရှည်၊ ရှုံ့တွတွ မျက်နှာပြင်၊ မုတ်ဆိတ်တွေ ပါးသိုင်းမွေးတွေက ဆွတ်ဆွတ်ဖြူလျက်၊ အသားရေ က နက်မှောင်လျက်ရှိသော လူတစ်ယောက်။ နံဘေးမှ အဖော်တစ်ယောက်နှင့်အတူ လျှောက်လာပြီး

“ကျွန်တော်တို့ အတွက်လည်း စားသောက်စရာ တစ်ခုခု စီစဉ်ပေးပါဦးဗျာ မစ္စမော်ကန်”

ဟု ပြောသည်။

မစ္စမော်ကန်ဟု ရည်ညွှန်းခံရသော မစ္စကိတ်က ပြုံးရယ်လျက်....

“ဂျူလီယာ၊ မစ္စတာဘရောင်းနဲ့ မစ္စတာ ဖာလောင်း တို့ လူကြီးမင်းနှစ်ယောက်ကို မစ္စဒါလီ၊ မစ္စပါဝါ တို့နဲ့အတူ ခေါ်သွားလိုက်ပါ အေ”

“ကျွန်တော်က ဣတ္ထိယတွေ စိတ်ဝင်စားခံရသူပါဗျ”

မစ္စတာဘရောင်းက နှုတ်ခမ်းကို လျှာဖြင့် သပ်တင်လိုက်၏။ မုတ်ဆိတ်မွေးတွေ ထိုးထိုးထောင်ထောင် မဖြစ် လာမီ၊ ပါးရေနားရေများ တွန့်လာအောင် ပြုံးသည်။

“မစ္စမော်ကန်၊ ခင်ဗျား သိတဲ့အတိုင်းပဲ မိန်းမတွေ ကျွန်တော့် သဘောကျရတဲ့ အကြောင်းက……”

မစ္စတာဘရောင်း စကားကို ဆုံးအောင် မပြောနိုင်။ မစ္စကိတ်သည် သူ့စကားတွေ မကြားနိုင်သော နေရာသို့ ရောက်သွားပြီး၊ မိန်းမပျိုသုံးဦးကို ဦးဆောင်၍ အခန်းထဲသို့ ခေါ်ဆောင်လာသည်။ ခန်းမ၏ အလယ်ဗဟိုမှာ လေးထောင့် စားပွဲခုံနှစ်ခုံ ထိပ်ချင်းဆိုင်ပြီး ခင်းထားသည်။ မစ္စ ဂျူလီယာနှင့် လီလီဖခင်တို့က စားပွဲခင်းများကို ညီညာအောင် ခင်းနေ ကြသည်။ နံရံကပ်စင်တွင် ထမင်းစားပန်းကန်များ၊ ပန်းကန်လုံးများ၊ ဖန်ခွက်များ၊ ဓားများ၊ ခက်ရင်းများကို စနစ်တကျ ထည့်ထားသည်။ စန္ဒရားအပေါ်ဘက် လေးထောင့် သေတ္တာထဲမှာ သစ်သီးများနှင့် ချိုချဉ်များ ထည့်ထားသည်။ ဗီရိုပုလေး နံဘေးမှာ လူရွယ်နှစ်ယောက် မတ်တတ်ရပ်ရင်း ဗျစ်ရည်ခါး စုပ်နေကြသည်။

မစ္စတာဘရောင်းက ခန်းမထဲမှာ ဟိုသည်လျှောက် သွားရင်း ဧည့်ခံလျက်၊ ရယ်မောစရာများ ပြောလျက်။ အမျိုး သမီး အချို့ကို အရက်မျိုးစုံ ရောစပ်ပြီး တိုက်လျက်။ အရက် ခပ်ပြင်းပြင်း မသောက်သူများအတွက် မစ္စတာဘရောင်းက လိမ္မော်ရည်ပုလင်း သုံးပုလင်း ဖောက်ပြီး ဧည့်ခံသည်။ ထို့နောက် လူရွယ်တစ်ယောက်ကို ခေတ္တ ဘေးဖယ်ခိုင်းပြီး အရက် ဖန်ဘူးပုလင်းကို လက်ထဲမှာကိုင်လျက်၊ ဝီစကီကို ဖန်ခွက်ထဲ လောင်းထည့်လိုက်သည်။ သူ အရက်ကို တစ်ကျိုက်ခန့် မြည်းနေပုံကို လူရွယ်က တလေးတစား ကြည့်နေသည်။

“ဘုရားသခင် စောင်မ ထားတော်မူတာလေ” မစ္စတာ ဘရောင်း ပြုံးလိုက်သည်။ ပြီးမှ ... “ဆရာဝန်ရဲ့ မှာကြားချက်နဲ့ အညီပေါ့”

ရှုံ့တွနေသော မျက်နှာပြင်တွင် အပြုံးများ စွန်းထင်းသွားသည်။ အမျိုးသမီး သုံးယောက်က မစ္စတာဘရောင်း၏ နှစ်လိုဖွယ် အမူအရာကို ကြည့်ရင်း ဂီတသံစဉ် လှိုင်းများနှယ် ခိုးခိုးခစ်ခစ် ရယ်မောနေသည်။ သူတို့၏ ခန္ဓာကိုယ်များမှာ ယိမ်းထိုးလျက်၊ ပခုံးများ တွန့်လျက်။ ရဲရဲတင်းတင်း ရှိသူ တစ်ယောက်က ပြောလိုက်၏။

“အိုး မစ္စတာဘရောင်းရယ်၊ ဆရာဝန်က ဒီလို မှာထားတယ်လို့ မကြားဖူးပေါင် ရှင်”

မစ္စတာဘရောင်းက ဝီစကီကို နောက်တစ်ကျိုက် သောက်လိုက်သည်။ ပြီးမှ ဟန်လုပ်လျှောက်ရင်း....

“ကောင်းပါရဲ့၊ ခင်ဗျား သိတော်မူတဲ့ အတိုင်းပဲ၊ ကျွန်တော်ဟာ နာမည်ကျော် မစ္စတာဆစ်ဒီနဲ့ ခပ်ဆင်ဆင် ဖြစ်နေပါရဲ့။ “ကိုင်း မေရီဂရမ်းရေ၊ ကျွန်မ မယူခဲ့ရင် ကျွန်မကို ယူအောင်သာ လုပ်ပေါ့၊ ဘာလို့လဲဆိုတော့ ကျွန်မ က လိုချင်တဲ့ လူကိုး” ဆိုတဲ့ စကားမျိုး ပြောရမယ့် အဖြစ် ကိုးဗျ”

မစ္စတာဘရောင်းသည် နွေးထွေးသောမျက်နှာ အတန်ငယ် မော့လိုက်သည်။ အတန်ငယ်မျှ မိမိကိုယ်မိမိ ယုံကြည်မှုဖြင့်။ သူ့လေသံမှာ လွန်စွာမှ တိုးတိတ်သော ဒဗ္ဗလင်သားတစ်ယောက်၏ လေသံ ဖြစ်နေသဖြင့် အမျိုးသမီးပျို ကလေးများသည် သူ့စကားကို ငြိမ်သက်စွာ နားထောင်နေကြသည်။ မေရီဂျိန်း၏ တပည့်တစ်ဦး ဖြစ်ခဲ့ဖူးသည့် မစ္စ ဖာလောင်းက မစ္စဒါလီကို ခပ်စောစောပိုင်းက လှပစွာ ကပြသွားခဲ့သော ဝေါ့(ဇ်)အကသည် မည်သည့် အကမျိုး ဖြစ်သလဲ ဟု မေးမြန်းလိုက်သည်။ ဤသို့ဖြင့် အမျိုးသမီးများက မိမိကို ဥပေက္ခာပြုထားမှန်း သိလိုက်သည်နှင့် တစ်ပြိုင်နက် မစ္စတာ ဘရောင်းသည် သူ့အား လိုလားဟန် ပြနေသော လူရွယ်နှစ်ယောက်ဘက် လှည့်လိုက်သည်။

မျက်နှာ အသားရေမှာ နီစပ်စပ်၊ မိန်းမလျှာဝတ်စုံနှင့် လူရွယ်တစ်ယောက် အခန်းထဲ လက်ခုပ်လက်ဝါးတီးရင်း ဝင်လာသည်။ နှုတ်မှလည်း....

“လေးယောက် စုံတွဲအက၊ လေးယောက် စုံတွဲအက က ပါ “

ဒေါက်မြင့်ဖိနပ် တခွပ်ခွပ်နှင့် မစ္စကိတ် ဝင်လာ သည်။ ပြီးမှ

“မေရီဂျိန်းရေ၊ လူကြီးလူကောင်း နှစ်ဦးနဲ့ အမျိုးသမီး သုံးယောက် ထွက်ခိုင်းပါ”

ဟု ပြောသည်။

“အို ဟောဒီမှာ မစ္စတာဘီဂင်နဲ့ မစ္စတာ ကီရင်ဂန်”

ဟု မေရီဂျိန်းက ပြောလိုက်သည်။

“မစ္စတာ ကီရင်ဂန်နဲ့ မစ္စပါဝါ၊ မစ္စတာဘီဂင်နဲ့ မစ္စ ဖာဂူဆန် တွဲကကြပါ။ မကြာခင် ကပွဲ စ တော့မှာ ဖြစ်ပါတယ် ရှင်”

“အမျိုးသမီးသုံးယောက်ကကော မေရီဂျိန်း”

မစ္စကိတ်က မေးသည်။

လူရွယ်နှစ်ယောက်က အမျိုးသမီးများကို လက်ကမ်းပေးလိုက်ကြသည်။ မေရီဂျိန်းက မစ္စဒါလီဘက် လှည့်ကြည့် လိုက်သည်။

“အို မစ္စဒါလီ၊ ပြီးခဲ့တဲ့ ကကွက်နှစ်ကွက်ဟာ သိပ်ပြီး ကြည့်လို့ကောင်းတာပဲ။ ဒါပေမဲ့ ဒီည အမျိုးသမီးဦးရေ နည်းတယ်ရှင့်”

“မစ္စမော်ကန်ရယ်...လူဦးရေနည်းတာ အကြောင်း မဟုတ်ပါဘူးရှင်”

“ဒါပေမဲ့ ရှင့်အတွက် အဖော်ကောင်း ရှိပြီးသား ပါ မစ္စတာ ဘာတဲ ဒီ အာစီ။ သူက တုန်ခါသံနဲ့ ဆိုရမယ့် အဆိုတော်လေ၊ သီချင်းဆိုဖို့ မကြာခင် ခေါ်လိုက်ပါမယ်။ ဒဗ္ဗလင်မှာရှိတဲ့ လူတွေ သူ့နောက်က တကောက်ကောက် လိုက်နေကြတယ်”

“အသံ သိပ်ကောင်းတယ်၊ အရမ်း ကောင်းတယ်” ဟု မစ္စကိတ်က ပြောလိုက်သည်။

စန္ဒရား အတောသံ နှစ်ချက် ထွက်ပေါ်လာသည်။ မေရီဂျိန်းက အုပ်စုကို ဦးဆောင်ပြီး အခန်းထဲ ခပ်သွက်သွက် ဝင်လာသည်။ မစ္စဂျူလီယာ ဖြည်းနှေးစွာ အခန်းထဲ လျှောက်သွားနေစဉ် သူတို့အုပ်စုက မရှိကြတော့။ မစ္စဂျူလီယာ နောက်ဘက်လှည့်ပြီး တစ်စုံတစ်ရာကို ကြည့်နေသည်။

“ဘာဖြစ်နေတာလဲ ဂျူလီယာ၊ ဘယ်သူ ရောက်လာလို့တုံး”

ဟု မစ္စကိတ်က စိုးရိမ်ပူပန်စွာ မေးလိုက်လေသည်။ မစ္စဂျူလီယာ လက်ထဲတွင် လက်သုတ်ပဝါ တစ်ထုပ် ကိုင်ထားရင်း အစ်မဖြစ်သူကို ငေးကြည့်နေသည်။ မေးခွန်း က သူ့အား အံ့အားတသင့် ဖြစ်စေသည်ပဲ။ ခပ်ရိုးရိုးလေး ပြန်ဖြေသည်။

“ဖရက်ဒီလေ၊ ဂါဘရီယယ်ပါ အတူပါလာတယ်” ဧည့်ပရိသတ်ကို ဖြတ်ကျော်လျက် ဂါဘရီယယ်က ဖရက်ဒီ မာလင်ကို ဦးဆောင် ခေါ်လာနေသည်။ ဖရက်ဒီ မာလင်မှာ ဂါဘရီယယ်နှင့် လုံးတူ ရပ်တူ။ အသက် လေးဆယ်ခန့် လူလတ်ပိုင်း တစ်ယောက်။ ပခုံး လက်ရုံး သန်သန်မာမာ။ မျက်နှာပြင်က ဖြူဖပ်ဖြူရော်။ မျက်မှန် တပ်ဆင်ထားသော နားသယ်စပ်နှင့် နှာတံထက်မှာ အနီရောင် အစက်ပြောက်များ ထင်ထင်ရှားရှား။ ရွက်ကြမ်း ရေကျို မျက်နှာ။ နှာတံတိုတို၊ နဖူးမောက်မောက်၊ မျက်ခုံးလန်လန်၊ နှုတ်ခမ်းထူထူ၊ ထူထဲလေးလံသော မျက်ခွံ၊ ဆံပင်က ကျိုးတိုးကျဲတဲ။ သူ့ ကြည့်ရ သည်မှာ အိပ်ချင်မူးတူး ဖြစ်နေသည့် ပုံစံ။ လှေကားထစ်မှာ ရပ်ရင်း ဂါဘရီယယ်ကို ပုံပြင်တစ်ခု အားပါးတရ ပြောလျက်။ လက်ဝဲလက်ကလည်း မျက်လုံးကို ပွတ်သပ်လျက်။

“မင်္ဂလာညချမ်းပါ ဖရက်ဒီ”

မစ္စ ဂျူလီယာက နှုတ်ခွန်းဆက်လိုက်သည်။

ဖရက်ဒီမာလင်ကလည်း မစ္စဂျူလီယာနှင့် မစ္စကိတ်တို့ကို မင်္ဂလာညချမ်းပါဟု ပြန်လည်နှုတ်ခွန်းဆက်လိုက်သည်။ သူပြောသည့် စကားသံမှာ သူ့ဝသီအတိုင်း အ ဂါဝရ လေသံမျိုး။

“ကောင်လေး ကြည့်ရတာ သိပ်ဆိုးပုံတော့ မရပါဘူး၊ ဟုတ်တယ်နော်”

မစ္စကိတ်က ဂါဘရီယယ်ကို ပြောသည်။

ဂါဘရီယယ်၏ မျက်ခုံးတွေက နက်မှောင်လျက်။ သူ မျက်မှောင်ကြုတ်လိုက်ပြီး ချက်ချင်း ပြန်ဖြေသည်။

“အိုး ပြောရတော့ ခက်ပါတယ်”

“ခုတော့ သိပ်မဆိုးတော့ပါဘူး၊ သူ့မိခင်အိုကြီးက သူ့သားကို နှစ်သစ်ကူးမှာ ဘုရားဝတ်ပြု ခိုင်းထားခဲ့ပုံ ရတယ်။ ကဲ ဧည့်ခန်းထဲ လိုက်ခဲ့စမ်းပါ ငါ့တူကြီးရယ်”

ဟု ဒေါ်လေးကိတ် က ပြောလိုက်သည်။

မစ္စကိတ်က ဧည့်ခန်းထဲမှ ထွက်ခွာသွားစဉ် မစ္စတာ ဘရောင်းဘက် မျက်မှောင်ကြုတ်ကာ ကြည့်နေသည်။ လက်ညှိုး ကိုလည်း ဟိုသည် ထိုးပြလိုက်သည်။ မစ္စတာဘရောင်း က နားလည် သဘောပေါက်ဟန်ဖြင့် ခေါင်းညိတ် ပြသည်။ မစ္စကိတ် ထွက်သွားသည်နှင့် ဖရက်ဒီ မာလင်အား.....

“ကိုင်း မောင်ရင့်ကို မြောက်သွားအောင် လိမ္မော်ရည် တစ်ခွက်လောက် သွားဖြည့်ဦးမယ်ဟေ့”

ဖရက်ဒီမာလင် ပြောပြနေသော ဇာတ်လမ်းမှာ အထွတ်အထိပ်ကို ရောက်ခါနီးပြီ။ မစ္စတာဘရောင်း၏ ကမ်းလှမ်း ချက်ကို ဖရက်ဒီမာလင်က လက်မခံ။ ဒါပေမဲ့ ကပိုကရို အဝတ်အစားတွေက ဖရက်ဒီမာလင်အား စိတ်ဝင်တစားဖြစ်အောင် ညှို့ငင်ဆွဲယူထားပြီ ဖြစ်သည်။ မစ္စတာ ဘရောင်းက ဖန်ခွက်ထဲသို့ လိမ္မော်ရည် လောင်းငှဲ့လိုက်ပြီးနောက် ဖရက်ဒီမာလင် အား လှမ်းပေးလိုက်သည်။ ဖရက်ဒီ မာလင်က စက်ရုပ်ဆန်စွာ လက်ဝဲလက်ဖြင့် လှမ်းပေးသော ဖန်ခွက်ကို ယူလိုက်သည်။ လက်ယာလက်ကလည်း စက်ရုပ် ဆန်ဆန် အင်္ကျီကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ဆွဲဆန့်လိုက်သည်။ မစ္စတာဘရောင်း၏ မျက်နှာပြင်မှာ ပါးရေတွေ တွန့်လာသည်အထိ ရယ်မောလျက်။ သူ့အတွက် ဝီစကီ ထည့်လိုက်သည်။ ပြောနေသည့် ဇာတ်လမ်းက အထွတ်အထိပ် ရောက်လုရောက်ဆဲမှာ သံကုန်မြှင့်ပြီး ဟက်ဟက် ပက်ပက် ရယ်မောလိုက်၏။ ပြည့်လျှံ နေသော အရက်ခွက်ကို နှုတ်ခမ်းမှာ တေ့လိုက်သည်။ လက်ဖမိုးဖြင့် ဝဲဘက်မျက်လုံးကို ပွတ်သပ်လိုက်သည်။ ပြောပြီးသား စကားကို ထပ်မံ ပြောဆိုလိုက်သည်။ ရယ်မောသံများ အဆက်မပြတ်ကြားမှာ ဇာတ်လမ်း၏ နောက်ဆုံး စာသားများ ထပ်ကာထပ်ကာ ပြောနေ၏။

မေရီဂျိန်းက ဂန္ထဝင်တေးသွားတစ်ပုဒ် တီးနေချိန်တွင် ဂါဘရီယယ်သည် စိတ်ဝင်စားမှု အပြည့်ဖြင့် နားထောင် လျက်။ မေရီဂျိန်း တီးနေသော တေးသွားမှာ အတောများသည်။ ခက်ခဲသော အပိုဒ်တွေ များသည်။ ဂီတကို သူ နှစ်သက် ပါရဲ့။ သို့သော် မေရီဂျိန်း တီးနေသော တေးသွားက သံစဉ် မပါဟု သူ့စိတ်ထဲမှာ ခံစားနေရသည်။ တခြားသူတွေ အတွက်လည်း သံစဉ် ပါမှ ပါပါ လေစဟု ဂါဘရီယယ် တွေးတောနေမိသည်။ ပရိသတ်က တခြားတစ်ပုဒ် ပြောင်းတီးရန် အဘိယာစက ပြောကြသည်။ အဖျော်ယမကာခန်းမှ ထွက်လာသော လူရွယ်လေးယောက်သည် စန္ဒရားသံ ကြားလိုက် သဖြင့် တံခါးဝမှာ ရပ်ပြီး နားထောင်နေသည်။ ပြီးမှ အုပ်စုလိုက် ခြေသံလုံလုံဖြင့် မိနစ်ပိုင်း အတွင်းမှာပင် ပြန်ထွက်သွား ကြသည်။ စန္ဒရားလက်သံကို နားသောတ ဆင်နေသူ ဆို၍ တစ်ယောက်တည်းသာ ရှိသည်။ ထိုသူမှာ စန္ဒရား တီးနေသည့် မေရီဂျိန်း ကိုယ်တိုင်ပါပဲ။ မေရီဂျိန်း၏ လက်ချောင်းကလေးများသည် စန္ဒရားခလုတ်များပေါ်မှာ ကျိန်စာ သင့်ထားသည့် သီလရှင်တစ်ယောက်ပမာ ထိလိုက်၊ ခွာလိုက်၊ ခေတ္တ ရပ်လိုက်။ မစ္စကိတ်ကမူ စန္ဒရားခုံပေါ် တံတောင်ထောက်လျက်၊ ဂီတ သင်္ကေတ စာရွက်ကို လှန်လှောပေးလျက်။

ဂါဘရီယယ်၏ မျက်လုံးအစုံမှာ ကြမ်းပြင်ကို ငေးစိုက်ကြည့်နေရသည်မှာ ကြာပြီဖြစ်၍ ညောင်းအီလာသည်။ ဖယောင်းဆီဖြင့် တိုက်ထားသော ကြမ်းပြင်ထက်သို့ ကြီးမားသော မီးဆိုင်းမှ ထွက်ပေါ်လာသော မီးရောင်ဖြာကျနေသဖြင့် တလက်လက် တောက်ပလျက်။ ဂါဘရီယယ်က အကြည့်ကို စန္ဒရားခုံ နံဘေးရှိ နံရံဆီသို့ ရွှေ့လိုက်သည်။ ရိုမီယိုနှင့် ဂျူးလိယက်ပုံ၊ မစ္စ ဂျူလီယာကိုယ်တိုင် ရေးဆွဲထားသော ပန်းချီကား ချိတ်ဆွဲထားသည်။ ပန်းချီကားမှာ မျှော်စင်ထက်တွင် သတ်ဖြတ်ခံရသည့် မင်းသမီးနှစ်ယောက်ပုံ။ အနီ၊ အပြာ၊ အညိုရောင် သိုးမွေးများဖြင့် ရက်ဖောက်ထားပြီး ကလေးဘဝက ရေးဆွဲထားခြင်းပါပဲ။ ကျောင်းသူဘဝမှာ နေ့စဉ်ဆိုသလို သိုးမွေးချည်ဖြင့် ပန်းချီ ပန်းထိုးအတတ် သင်ကြားခဲ့ကြရသည်။ ဂါဘရီယယ်၏ မိခင်ကလည်း မစ္စကိတ်၏ မွေးနေ့လက်ဆောင်အဖြစ် သိုးမွေးဖြင့် ရက်ဖောက်ထားသော ခါးတိုအင်္ကျီ တစ်ထည် ပေးခဲ့သည်။ ခါးတို အင်္ကျီက မရမ်းရောင် သိုးမွေးထည်။ မြေခွေးခေါင်းကလေး ပုံများ ပါသည်။ နံဘေး အနားကွပ် မျဉ်းက အညိုရောင်ဖဲနှင့် ကွပ်ထားသည်။ ကြယ်သီးများက ပိုးစားသီးနှယ် ခပ်ဝိုင်းဝိုင်း။ ထူးဆန်းသည်ကတော့ သူ၏ မိခင်ကြီးခမျာ ဂီတနှင့် ပတ်သက်၍ ပါရမီ နုန့်နဲ့လှခြင်း ပါပဲ။ သို့သော် မစ္စကိတ်က သူ့မိခင်ကြီးအား မော်တန် မိသားစု၏ ဦးနှောက်ဟု သတ်မှတ်ခဲ့ပေသည်။ မစ္စကိတ်သည် လည်းကောင်း၊ မစ္စဂျူလီယာသည် လည်းကောင်း လေးစား ရသော၊ မိခင် တစ်ယောက်သဖွယ် ချစ်ခင်သော သူ့မိခင်အတွက် ဂုဏ်ယူခဲ့သည်။ မိခင်ဖြစ်သူ၏ ဓာတ်ပုံကို မှန်ချပ် ရှေ့တွင် ထောင်ထားသည်။ ဓာတ်ပုံထဲမှာက ဖွင့်ထားသော စာအုပ်ကို ဒူးပေါ် တင်ထား၏။ ကွန်စတင်တိုင်းကို တစ်ခုခု လက်ညှိုး ထိုးပြလျက် ရှိသည်။ ကွန်စတင်တိုင်းမှာ ရေတပ်ဝတ်စုံ ဝတ်ထားသည်။ သူ၏ ခြေရင်းတွင် ထိုင်လျက်။ မိသားစု၏ မျိုးရိုးနှင့် ဂုဏ်သိက္ခာကို လွန်စွာမှ တန်ဖိုးထားလေ့ရှိသော သားများ၏ အမည်နာမကို သူကိုယ်တိုင်ပဲ ရွေးချယ် ပေးခဲ့သည်။ သူ့မိခင်ကြီး၏ စောင်မကြည့်ရှုမှုကြောင့်ပင် ကွန်စတင်တိုင်းသည် ဘာဘရီတန်တွင် သာသနာ့ဘောင် ဝင်လျက် ရှိသည်။ မစ္စကိတ်၏ ကျေးဇူးကြောင့်လည်း ဂါဘရီယယ်သည် တော်ဝင်တက္ကသိုလ်မှ ဘွဲ့တစ်ခု ရရှိခဲ့ပြီးပြီ။ ဂါဘရီယယ်၏ မျက်နှာပြင်မှာ မှိုင်းညို့ ရီဝေသော အရိပ် ယှက်သန်းသွားသည်။ အလိုမကျသည့် ပုံစံ။ အဒေါ်ဖြစ်သူက မိမိ၏ အိမ်ထောင်ရေးနှင့် စပ်လျဉ်းပြီး တူးတူးခါးခါး ဆန့်ကျင်ခဲ့ပုံများကို ပြန်ပြောင်းသတိရ၍ ပါပဲ။ အဒေါ်ဖြစ်သူ ပြောဆို ခဲ့သော စကားများ သူ့နားထဲမှာ ကြားယောင်နေဆဲ။ ဂရီတာသည် တောသူ မိန်းမလည် တစ်ယောက် ဖြစ်သတဲ့။ ဂရီတာ သည် သစ္စာရှိသူတစ်ယောက် မဟုတ်ဘူး တဲ့။ မွန့်(ခ)မြို့မှာ မိမိနေထိုင်ခဲ့စဉ်က နာမကျန်းဖြစ်ခဲ့လေရာ ထိုစဉ်က ပြုစု စောင့်ရှောက်ပေးခဲ့သူမှာ ဂရီတာ ကိုယ်တိုင် ဖြစ်သည်။

မေရီဂျိန်း၏ စန္ဒရားလက်သံ ပြီးဆုံးတော့မည် ဖြစ်ကြောင်း အဖွင့်တေးသွားကို ပြန်ကျော့လိုက်ခြင်းက သတိပေး လိုက်ဘိသကဲ့သို့ ရှိလေသည်။ ထိုအချိန်မှာ သူ့နှလုံးသားထဲမှာ ပေါ်ပေါက်နေသည့် သောကဝေဒနာများ ပျောက်ကွယ် သွားမည့် အချိန်ကို စောင့်ဆိုင်း နေဘိသကဲ့သို့ ရှိသည်။ တုန်ယင် ဆွဲငင်သွားသော ခြောက်ပေါက်သံစဉ် အမြင့်ဆုံး မှ နေ၍ သံစဉ်နိမ့်မြင့် နစ်မြုပ်အဆုံးသတ် သွားသည်အထိ။ ကျယ်လောင်သော လက်ခုပ်သံများက မေရီဂျိန်းကို နှုတ်ခွန်း ဆက်သလိုက်သည်။ မေရီဂျိန်းက ဧည့်ပရိသတ်ကို တစ်ချက် လှည့်ကြည့်ပြီးနောက် အခန်းထဲမှ ထွက်ခွာသွားတော့သည်။ လက်ခုပ်သံ တဖြောင်းဖြောင်းဖြင့် ဂုဏ်ပြုသူမှာ တံခါးပေါက်တွင် ရပ်ကြည့်နေသော လူရွယ်လေးယောက် ဖြစ်သည်။ လက်ခုပ်သံက သူတို့ထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ စန္ဒရားလက်သံ တီးခတ်နေချိန်တွင် လူရွယ်လေးယောက်က ရေအိမ်ဘက် ထွက်ခွာသွားခဲ့ကြပြီး၊ တေးသွား ပြီးဆုံးချိန်ကျမှ ပြန်လည်ရောက်ရှိ လာကြခြင်း ဖြစ်သည်။

စုံတွဲအက ကရန် အချိန် ကျရောက်လာပြီ။ ဂါဘရီယယ်က သူနှင့် တွဲကဖော်အဖြစ် မစ္စအီဗော်ကို ရွေးချယ် လိုက်၏။ မစ္စအီဗော်မှာ စကားဖောင်အောင် ပြောတတ်သူ၊ ပွင့်ပွင့်လင်းလင်း ပြောတတ်သူ။ မျက်နှာပြင်တွင် မှည့်ခြောက် တွေ အပြည့်။ မျက်ဝန်း ညိုစစ၊ ဘော်လီခါးတို ဝတ်ထားခြင်း မရှိ။ အင်္ကျီကော်လာပေါက်တွင် ရင်ထိုးတပ် ထားသည်။ အိုင်းရစ်ပျိုဖြူ၏ အမှတ်သင်္ကေတ။

သူတို့ ခန်းမရှိ ကွက်လပ်ထဲ ထွက်သွားကြသည်။ မစ္စအီဗော်က ရုတ်တရက် ပြောလိုက်သည်။

“ကျွန်မ စပ်စုချင်တာတစ်ခု ရှိတယ်”

“ကျွန်တော့်... ဆီက”

ဟု ဂါဘရီယယ်က ပြန်မေးလိုက်သည်။

မစ္စအီဗော်က လေးနက်စွာ ခေါင်းညိတ်ပြသည်။

“ဘာများပါလိမ့်”

မစ္စအီဗော်၏ လေးနက်သော အမူရာကို ပြုံးစေ့စေ့ဖြင့် ကြည့်ရင်း ဂါဘရီယယ်က ပြန်မေးလိုက်သည်။

“ဂျီစီ ဆိုတာ ဘယ်သူလဲ ဟင်”

မစ္စအီဗော်က ဂါဘရီယယ်ကို စောင်းငဲ့ကြည့်ရင်း မေးခွန်းထုတ်လိုက်သည်။

ဂါဘရီယယ် အမူရာ ပျက်သွားသည်။ မျက်မှောင် ကြုတ်လိုက်သည်။ တဲ့တိုး မေးလိုက်သည့် မေးခွန်းကို နား မလည် သဘောမပေါက်သည့် ပုံစံ။

“အို၊ အပြစ်ကင်းလိုက်ပါတဲ့ အေမီ။ ဒေးလီး အိပ်ပရက်(စ) သတင်းစာထဲမှာ ရှင် ရေးထားတာ ကျွန်မ ဖတ်ပြီး ပြီ။ ရှင်.....မရှက်ဖူးလား”

“ကျွန်တော် ဘာကို ရှက်ရမှာလဲ”

ဂါဘရီယယ် မျက်တောင် တဖျပ်ဖျပ် ခတ်လျက်၊ ပြုံးရီလျက် ပြောသည်။

“ဟုတ်တယ်၊ ရှင့်အစား ကျွန်မ ရှက်တယ်။ ရှင့် အနေနဲ့ အဲဒီလို သတင်းစာထဲမှာ ရေးတဲ့အတွက် ရှက်စရာ ကောင်းတယ်။ ရှင်ဟာ ဘရစ်တန် အနောက်ပိုင်းသား မဟုတ်တန်ဘူးလို့ ကျွန်မ ယူဆ မထားပါဘူးနော်”

မစ္စအီဗော်က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

ဂါဘရီယယ်၏ မျက်နှာပြင်မှာ နားမလည်နိုင်သော အမူရာ ပေါ်သွားသည်။ မှန်သည်။ ဒေးလီး အိပ်ပရက်(စ) သတင်းစာတွင် ဗုဒ္ဓဟူးနေ့တိုင်း ပါရှိသည့် စာပေကဏ္ဍမှာ အပတ်စဉ် ဆောင်းပါးရေးသားခဲ့သည်။ စာမူခ တစ်ပတ် ဆယ့်ငါး သျှီလင် ရသည်။ ဒါပေမဲ့ ဤသို့ စာပေရေးသားခြင်း အတွက် မိမိအနေဖြင့် ဘရစ်တန် အနောက်ပိုင်းသား အဖြစ်မှ ယုတ်လျော့သည်ဟု မထင်မှတ်ခဲ့။ စာပေရေးရာများ ရေးသား၍ရသော ငွေကြေးသည် အပေါစားချက်လက်မှတ် တစ်ခုထက် နှစ်လိုဖွယ် ကောင်းသည်။ ပုံနှိပ်ထုတ်ဝေထားသော စာအုပ်သစ်များကို လက်နှင့် ထိတွေ့ရသော ခံစားချက်ကို နှစ်သက်သည်။ နေ့တဓူဝ ဆိုသလို ကောလိပ်ကျောင်းမှ စာသင်ခန်းများတွင် စာပေသင်ကြား ပို့ချပြီးသည်နှင့် လမ်းဘေး စာအုပ်အဟောင်းဆိုင်များသို့ ခြေဦးလှည့်ခဲ့ စမြဲ။ ဘမ်ချလာလမ်းမှ ဟစ်ကီရဲ့ဆိုင်၊ အက်(စ)တွန် စာအုပ်တန်းဘက်မှာ ဝက်(စ) နှင့် မာဆေး၊ လမ်းတစ်ဖက်မှာ ရှိသော အိုကလိုဟစ်ဆီတို့၏ စာအုပ်ဆိုင်များဆီသို့။ မစ္စအီဗော်၏ စွပ်စွဲချက်ကို သူ မည်သို့ တုံ့ပြန်ရမလဲ။ စာပေသည် နိုင်ငံရေး၏ အထက်မှာ ရှိကြောင်း ပြောပြချင်ပါရဲ့။ သူတို့ နှစ်ယောက် ခင်မင် ရင်းနှီးခဲ့ကြသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ နှစ်ယောက်စလုံး၏ အသက်မွေးဝမ်းကျောင်း ကလည်း အပြိုင်အဆိုင်။ ပထမ တက္ကသိုလ်ကျောင်းမှာ ဆရာများ။ မစ္စအီဗော်ကို စကားလုံး ကြီးကြီးကျယ်ကျယ်တွေနှင့် ပြောမနေချင်။ ဂါဘ ရီယယ် က မျက်တောင် တဖျပ်ဖျပ် ခတ်လိုက်သည်။ ကြိုးစားပြီး ပြုံးသည်။ သူ ရေးသားသော စာအုပ် ဝေဖန်ချက် များတွင် နိုင်ငံရေးကင်းရှင်းကြောင်း အေးအေး သက်သာ ဖြေရှင်းသည်။

လူချင်းလဲရန် အချိန်ကျရောက်လာသည်။ ဂါဘရီယယ်၏ စိတ်က နောက်ကျိဆဲ၊ ဝေဝါးဆဲ။ မစ္စအီဗော်က ဂါဘရီယယ်၏ လက်ကို ရုတ်တရက် ဆွဲယူလိုက်သည်။ ခင်မင်ရင်းနှီးသော လေသံဖြင့်....

“ဟုတ်ပါပြီ၊ ကျွန်မ နောက်ပြောင် ပြောနေတာပါ။ ကဲပါ လူချင်း လဲက ကြပါစို့”

မစ္စအီဗော်က ပြောလိုက်လေသည်။

နှစ်ယောက်သား အတူ ကရင်း မစ္စအီဗော်က တက္ကသိုလ်အကြောင်း စကား စ သည်။ သည်တော့မှ ဂါဘရီယယ် စိတ်သက်သာရာ ရသွားတော့သည်။ မစ္စအီဗော်အား မိတ်ဆွေတစ်ယောက်က ဘရောင်းနင်း၏ ကဗျာနှင့် စပ်လျဉ်း၍ ဂါဘရီယယ်၏ ဝေဖန်ချက်များကို ပြသခဲ့သည်။ ဂါဘရီယယ်၏ လျှို့ဝှက်ချက်ကို ဤနည်းဖြင့် မစ္စအီဗော် သိခဲ့ခြင်းပါပဲ။ ဂါဘရီယယ်၏ ရေးသားချက်များကို မစ္စ အီဗော် သိပ် သဘောကျသွားခဲ့သည်။ မစ္စအီဗော်က ရုတ်တရက် ပြောလိုက် လေသည်။

“အိုး မစ္စတာကွန်ရိုင်၊ ဒီနှစ် နွေရာသီမှာ အာရန် ကျွန်းစုတွေဘက် လေ့လာရေး သွားဦးမှာလား ဟင်၊ ကျွန်မတို့ တစ်လလုံးလုံး အဲဒီမှာ ရှိနေကြမှာ။ အတ္တလန္တစ်က သိပ်ကို သာယာတယ်ရှင့်၊ ကြွခဲ့ပါလား။ မစ္စတာကလင်ဆီ လည်း လာမှာ။ မစ္စတာကစ်ကယ်လီတို့၊ ကက်သလင်း ကီယာနေတို့လည်း လိုက်လာကြမှာ။ ဂရီတာ ပါလာရင် ပိုပြီး အဆင်ပြေ သွားမှာပေါ့၊ သူလည်း ကွန်နာချက် ဇာတိကပဲ မဟုတ်လား”

“သူ့ မိဘမျိုးရိုးကတော့ အဲဒီဇာတိကပဲ”

ဂါဘရီယယ်က တုံးတိတိ ဖြေသည်။

“ဒါပေမဲ့ ရှင်လာမယ် မဟုတ်လား”

မစ္စအီဗော်က ဂါဘရီယယ်၏ လက်မောင်းကို လက်ဖြင့် ဆုပ်ကိုင်ရင်း အားတက်သရော မေးသည်။

“ဟုတ်ကဲ့၊ အစီအစဉ်တော့ ရှိပါတယ်”

“ဘယ်များပါလိမ့်”

“ခင်ဗျား သိတဲ့အတိုင်းပဲ၊ သူငယ်ချင်းတွေနဲ့ နှစ်စဉ် ဆိုင်ကယ်ခရီး ထွက်လေ့ရှိတယ် လေ”

“ဟုတ်ပါပြီ၊ ဘယ်သွားမှာပါလိမ့်”

“သွားလေ့ရှိတဲ့ နေရာတွေကတော့ ပြင်သစ်၊ ဘယ်ဂျီယံ ဒါမှမဟုတ် ဂျာမနီပဲပေါ့”

ဂါဘရီယယ်က ခိုးလို့ခုလု လေသံဖြင့် ပြောသည်။

“ဘာလို့ ကိုယ့်ဇာတိကို မသွားဘဲ တခြားနေရာ သွားရတာလဲ”

ဟု မစ္စအီဗော်က မေးလိုက်သည်။

“ကျွန်တော် ခရီးထွက်တဲ့ ရည်ရွယ်ချက်က ဘာသာစကားတွေ အဆက်မပြတ် ထိတွေ့ချင်တာလည်း ပါတယ်။ ပြီးတော့ အပြောင်းအလဲ တစ်ခုခု ဖြစ်ဖို့ပေါ့ဗျာ”

“ရှင့် ဘာသာစကားဖြစ်တဲ့ အိုင်းရစ်ကိုကော မထိတွေ့ချင်ဖူးလား”

ဟု မစ္စအီဗော်က မေးသည်။

“ဟုတ်တယ်၊ အဲဒီအကြောင်း စကား စ လာရင်တော့ ပြောရလိမ့်မယ်။ အိုင်းရစ်က ကျွန်တော့် ဘာသာ စကားမှ မဟုတ်တာ”

နံဘေး ရှိသူများသည် သူတို့နှစ်ယောက် အပြန်အလှန် ပြောနေသည်ကို နားစွင့်နေကြသည်။ ဂါဘရီယယ် က ဘေးဘီဝဲယာကို ကြည့်လိုက်ပြီး အပျော်အပျက်စကား ပြောရန် ကြိုးစားလိုက်သည်။ သူ့နဖူးပြင်မှာ သွေးနီရောင်များ လျှမ်းလာသည် အထိ။

မစ္စအီဗော်က စကားကို ပြန်ဆက်သည်။

“ရှင် ကိုယ့်ဇာတိကို ခြေမချတော့ဘူးလား။ ရှင်ဟာ ကိုယ့်တိုင်းပြည် အကြောင်းလည်း ကိုယ်မသိ၊ ကိုယ့်လူမျိုး အကြောင်းလည်း ကိုယ်မသိ”

“အိုး ခင်ဗျားကို အမှန်အတိုင်း ဖွင့်ဟ ဝန်ခံရရင် ကိုယ့်တိုင်းပြည် ကိုယ် စိတ်ကုန်နေပြီဗျ၊ စိတ်ကုန်နေပြီ”

“ဘာဖြစ်လို့လဲ”

မစ္စအီဗော်က မေးလိုက်သည်။

ဒေါသကို နှိုးဆွလိုက်သော အငေါ်တူးစကားကို ဂါဘရီယယ် ဥပေက္ခာ ပြုထားလိုက်၏။

“ဘာဖြစ်လို့လဲ ရှင့်”

ဒုတိယအကြိမ် အမေးစကား။

သူတို့နှစ်ယောက် ခရီးအတူသွားဖို့ စီစဉ်ထားတာ ရှိသည့်တိုင် ဂါဘရီယယ်ဘက်က အဖြေမပေးသည့် အနေ အထား။ မစ္စအီဗော်က တရင်းတနှီး ပြောသည်။

“ရှင့်မှာ ဖြေစရာ အဖြေ မရှိတော့ဘူး မဟုတ်လား”

ဒေါသကို ချိုးနှိမ်ရန်အလို့ငှာ ဂါဘရီယယ်သည် စိတ်အာရုံကို အက ထဲမှာပဲ နှစ်ထားလိုက်သည်။ မစ္စအီဗော် ၏ မျက်လုံးများကိုလည်း ရင်မဆိုင်မိအောင် လွှဲရှောင်ထား ရသည်။ မစ္စအီဗော်၏ မျက်နှာတွင် အလိုမကျမှု အရိပ် အယောင်များ ထင်ဟပ်နေခြင်းကြောင့် ဖြစ်သည်။ သို့သော် ခေတ္တနားချိန်တွင် ဂါဘရီယယ်၏ လက်အစုံက မစ္စအီဗော် ၏ ခန္ဓာကိုယ်အား ခပ်တင်းတင်းလေး ဆုပ်ကိုင်ထားမိကြောင်း သိလိုက်ရသည့်အတွက် ကိုယ့်ကိုယ်ကိုယ် အံ့အား သင့်နေမိ တော့သည်။ ဂါဘရီယယ် ပြုံးလိုက်မိလေသည်။ ထို့နောက် အကကို ပြန်လည် စတင်လိုက်ကြသည်။ မစ္စ အီဗော်က ခြေဖျား ထောက်လိုက်ပြီး ဂါဘရီယယ်အား လေသံသဲ့သဲ့ဖြင့် ပြောလိုက်လေသည်။

“ကရစ်တန် တောင်ပိုင်းနော်”

စုံတွဲကပွဲ ပြီးဆုံးသွားသည်နှင့် ဂါဘရီယယ်က ဖရက်ဒီမာလင်၏ မိခင် ထိုင်နေသော အခန်းထောင့်သို့ ထွက်လာ ခဲ့သည်။ အဘွားကြီးမှာ ချည့်ချည့်နဲ့နဲ့၊ ခန္ဓာကိုယ် က ဝဝဖိုင့်ဖိုင့်၊ ဆံပင်တွေက ဖွေးဖွေးဖြူနေပြီ။ အဘွားကြီး ၏ အသံက သားဖြစ်သူနှင့် ခပ်ဆင်ဆင်။ အဘွားကြီးက ထစ်ထစ်အအနှင့် မေးမြန်းသည်။ ဖရက်ဒီမာလင် ရောက်လာပြီ ဖြစ်ကြောင်း၊ အစစ ချောချောမောမော ဖြစ်ကြောင်း အဘွားကြီးအား ပြောပြထားပြီး ဖြစ်သည်။ ခရီးသွားလာရတာ အဆင်ပြေ မပြေ ဂါဘရီယယ်က မေးသည်။ အဘွားကြီးက အိမ်ထောင်သည် သမီးနှင့်အတူ ဂလပ်စကိုတွင် နေသည်။ တစ်နှစ် တစ်ကြိမ် ဒဗ္ဗလင်သို့ လာရောက်လည်ပတ်လေ့ ရှိသည်။ ဂါဘရီယယ်၏ မေးခွန်းကို အဘွားကြီးက အေးအေးသက်သာပြန်ဖြေသည်။ လမ်းခရီးမှာ ဖြောင့်ဖြူးသာယာကြောင်း၊ သင်္ဘောကပ္ပတိန်ကလည်း ဂရုတစိုက် ရှိကြောင်း၊ ဂလပ်စကိုမြို့တွင် ရှိသော သမီး မှာလည်း အိမ်လှလှလေး တစ်လုံး ရှိကြောင်း၊ မိတ်သင်္ဂဟများလည်း စုစုဝေဝေး လာရောက်လေ့ရှိကြောင်း စသည်ဖြင့်။ အဘွားကြီး က ကရားရေလွှတ် တတွတ်တွတ် ပြောနေချိန်မှာ ဂါဘရီယယ်၏ အာရုံထဲတွင် မစ္စအီဗော်နှင့် အဆင်မချောခဲ့ပုံများကို ပျောက်သွားစေရန် မနည်းကြိုးစား ဖျောက်ဖျက်ပစ်နေရသည်။ မိန်းမပျိုပဲ ဖြစ်ဖြစ်၊ မိန်းမအိုပဲ ဖြစ်ဖြစ် ဘယ်အမျိုးစား ဖြစ်စေ၊ မိန်းမ မှန်သမျှ ချစ်စရာကောင်းသည်ချည်း ပါပဲ။ ဒါပေမဲ့ သူ သိပ်ပြီး အချိန်မပေးနိုင်။ သို့ရာတွင် မစ္စအီဗော်ကို ယခုလို ပြောလိုက်ဖို့တော့ မကောင်း။ မစ္စ အီဗော်ကလည်း ကျီစယ်ပြောသည် ဖြစ်စေဦး၊ လူရှေ့ သူရှေ့တွင် မိမိအား အနောက်ပိုင်းသားဟု မခေါ်သင့်။ ခေါ်ရန် အခွင့်အရေးလည်း မရှိ။ မစ္စအီဗော်သည် လူရှေ့သူရှေ့တွင် မိမိအား နောက်ပြောင်စော်ကားတာပဲ ဖြစ်သည်။ ဒုက္ခ ပေးတာပဲ ဖြစ်သည်။ မစ္စအီဗော်က ယုန်သူငယ် မျက်လုံးများနှင့် ကြည့်နေခဲ့သည်။

ဝေါ့(ဇ်) တေးသွားအက ကနေသည့် စုံတွဲများထဲမှာ ဂရီတာ ပါဝင်နေပြီး၊ ကပွဲရပ်ချိန်တွင် မိမိရှိရာသို့ ဦးတည်ပြီး လျှောက်လာနေသော ဇနီးသည်ကို ဂါဘရီယယ် တွေ့ လိုက်ရသည်။ ဂရီတာက လေသံသဲ့သဲ့ဖြင့် မေးသည်။

“ရှင် ငန်းသားချက်ကို ခါတိုင်းလိုပဲ ပြင်ပေးမှာလား တဲ့။ အဲဒါ ဒေါ်လေးကိတ်က သိချင်နေတာ။ ဝက်ပေါင် ချက်တာ ကတော့ မစ္စဒါလီပဲ ချက်ပေးမှာ။ ပူတင်းကိုတော့ ကျွန်မ ဖုတ်မှာ”

“အေး … အေး”

“ကပွဲပြီးတာနဲ့ တစ်ပြိုင်နက် ချက်ချင်းပဲ လုပ်စရာတွေ လုပ်ဖို့ လူငယ်လူရွယ်တွေကို လွှတ်လိုက်မယ် တဲ့။ စားပွဲ ခင်းကျင်းဖို့ကတော့ ကျွန်မတို့ပဲ လုပ်ကြရမှာ”

“မင်းကော က ဖြစ်သေးလား”

ဂါဘရီယယ်က မေးလိုက်သည်။

“က ဖြစ်တယ်၊ ရှင် မမြင်ဘူးလား။ မစ္စအီဗော်နဲ့ ရှင်ကော ဘာတွေ ကတောက်ကဆတ် ပြောနေကြတာလဲ”

“ဘာမှ ကတောက်ကဆတ် မဖြစ်ပါဘူး၊ ဘာဖြစ်လို့ လဲ၊ သူက ဘာပြောလို့လဲ”

“အဲဒီလိုမျိုး ပြောနေလို့။ ကျွန်မကတော့ မစ္စတာ ဒီ-အာစီကို သီချင်းဆိုဖို့ တိုက်တွန်းနေတာ။ ဒီလူက မနာလို တိုရှည် ဖြစ်နေတယ် ထင်တာပဲ”

“ဘာမှ မဖြစ်ပါဘူးကွာ၊ သူကသာ သူနဲ့အတူ အိုင်ယာလန် အနောက်ပိုင်း လိုက်လည်ဖို့ ခေါ်နေတာ။ ကိုယ်က မလိုက်နိုင်ဘူးလို့ ငြင်းလိုက်တယ်”

ဂါဘရီယယ်က ရီရီမောမော ပြန်ဖြေသည်။

ဂရီတာက လက်ခုပ်လက်ဝါး တီးပြီး ခိုးခိုးခစ်ခစ် ရယ်မောလိုက်သည်။ အနည်းငယ်မျှ ခုန်ပေါက်လိုက်သည်။

“အိုး လိုက်သွားကြရအောင်၊ ကျွန်မ ဂဲလဝေးကို နောက်တစ်ခေါက် ရောက်ချင်လို့”

“ရောက်ဖူးချင်ရင် မင်းဘာသာ သွားပေါ့”

ဂါဘရီယယ်၏ လေသံက အေးတိအေးစက်။

ဂရီတာက ဂါဘရီယယ်ကို ခေတ္တခဏ စိုက်ကြည့်နေလိုက်သည်။ ပြီးမှ မစ္စမာလင်ဘက် လှည့်ပြီး ပြောသည်။

“မစ္စမာလင် ရှင်ကတော့ လင်ကောင်း ရထားတယ်နော်”

ဂရီတာက စကားဆုံးသည်နှင့် လှည့်ထွက်သွား၏။ မစ္စမာလင်က စကားပြောဖို့ အခွင့်ကောင်း ဆိုက်သွားသည် နှင့် စကော့တလန်မှ သာယာလှပသော အရပ်ဒေသများ၊ ရင်သပ်ရှုမောဖွယ်ကောင်းသော ရှုမျှော်ခင်းများကို ဖွဲ့ဖွဲ့နွဲ့နွဲ့ သီကုံး လျက်။ သူ၏ သမက်က နှစ်စဉ်နှစ်တိုင်း စကော့တလန်ရှိ ရေကန်များမှာ အပျော်ခရီး ထွက်လေ့ရှိကြောင်း၊ ရေကန်မှာ ငါးမျှားကြကြောင်း၊ သမက်ဖြစ်သူမှာ ငါးမျှား တော်ကြောင်း၊ တစ်နေ့တွင် သမက်ဖြစ်သူ ငါး ခပ်ကြီးကြီး တစ်ကောင် မိကြောင်း၊ ဟိုတယ်မှ စားဖိုမှူးက ဖမ်းမိထားသော ငါးကို ချက်ပြုတ်ကျွေးမွေးခဲ့ကြောင်း စသည်ဖြင့်။

ဂါဘရီယယ်မှာ အဘွားကြီး ပြောနေသည့် စကားတွေ နားထဲ မဝင်။ ညစာစားဖို့ အချိန် တဖြည်းဖြည်း နီးကပ် လာပြီ။ သူ ပြောရမည့် မိန့်ခွန်း၊ ထုတ်နှုတ် ပြောရမည့် ကောက်နုတ်ချက်များ စဉ်းစားနေမိသည်။ ဖရက်ဒီမာလင် အခန်းထဲ ဝင်လာသည်။ မိခင်ဖြစ်သူနှင့် တွေ့ဆုံရန် ဖြစ်သည်။ ဂါဘရီယယ် ထိုင်ခုံမှ ထ ပေးသည်။ သူကတော့ ပြတင်း ပေါက်မှာ သွားရပ်သည်။ စိတ်သက်သာသွားအောင် ဖြစ်သည်။ အခန်းထဲမှာ လူသူရှင်းနေသည်။ တစ်ဖက်ခန်းမှာတော့ ခက်ရင်းသံ၊ ဇွန်းသံများ တချွင်ချွင် ထွက်ပေါ်လျက်။ ဧည့်ခန်းမထဲ၌ ကျန်ရှိနေသော ဧည့်ပရိသတ် အချို့မှာလည်း ကခုန် ထားကြရသဖြင့် ပင်ပန်းနွမ်းနယ် နေကြပြီ။ အုပ်စုလိုက် ဝိုင်းဖွဲ့ စကားပြောနေကြသည်။ ဂါဘရီယယ်၏ နွေးထွေး တုန်ယင် နေသော လက်ချောင်းများက ပြတင်းပေါက် သစ်သားပေါင်ကို တဒေါက်ဒေါက် ခေါက်လျက်။ အပြင်ဘက်မှာ အဘယ်မျှ အေးစက်နေပြီနည်း။ တစ်ကိုယ်တည်း အပြင်ဘက်မှာ လမ်းလျှောက်နေရဗါက ဘယ်လောက် ကြည်နူးစရာ ကောင်းလိုက်မည်လဲ။ ပထမဆုံး မြစ်ကမ်း နံဘေး၊ ပြီးတော့မှ ပန်းခြံထဲ ဖြတ်လျှောက်။ သစ်ကိုင်းတွေ ပေါ်မှာ နှင်းခဲတွေ ဖုံးနေပေတော့မည်။ ဝဲလင်တန် ကျောက်ရုပ်တု ပေါ်မှာလည်း နှင်းတွေ ဖုံးလွှမ်းနေရော့မည်။ ညစာ စားပွဲမှာ နေမည့်အစား အပြင်ဘက် ထွက်လည်တာက ပိုပြီး ကြည်နူးစရာ ကောင်းမှာပါပဲ။

မိမိ ပြောရမည့် မိန့်ခွန်း ခေါင်းစဉ်ကို ပြန်စဉ်းစား ကြည့်၏။ အိုင်းရစ် နွေးထွေးခြင်း၊ ကြေကွဲဖွယ် အမှတ်ရခြင်း၊ ကျက်သရေမင်္ဂလာ သုံးဖြာ၊ ပါရီ၊ ဘရောင်းနင်း၏ စာမှ ကောက်နုတ်ချက်များ။ စာအုပ်ဝေဖန်ချက်များမှာ သူ ရေးသား ခဲ့သော စာပိုဒ်တစ်ပိုဒ်ကို တစ်ကိုယ်တည်း ရေရွတ်နေမိသည်။ “တွေးတောမှုက ညှဉ်းပန်းနှိပ်စက်ထားသော တေးဂီတအား နားထောင်ဘိသကဲ့သို့ ခံစားနေရပေသည်” ဟူသော စာကြောင်း။ သည်ဝေဖန်ချက်ကို မစ္စအီဗော်က ချီးကျူးသွားလေရဲ့။ တကယ်ပဲ ရိုးရိုးသားသား ပြောသွားတာ ဟုတ်မှ ဟုတ်ပါလေစ။ မစ္စအီဗော် ပြောကြားခဲ့သည့် ဝါဒဖြန့်ချက်၏ နောက်ကွယ်၌ သူ၏ ဘဝ အစစ်အမှန်ကော တကယ် ရှိနေပါရဲ့လား။ ယခုည မတိုင်မီအထိ သူနှင့် မစ္စ အီဗော် ကြားတွင် ပြဿနာတစ်ခုမှ မရှိခဲ့ဘူး။ ယခုတော့ မစ္စအီဗော် ညစာစားပွဲ တက်ရောက်လာပြီး၊ မိမိ မိန့်ခွန်း စကား ပြောကြားချိန်တွင် ဝေဖန်ဆန်းစစ်သော ကြောင်စီစီ အကြည့်ဖြင့် ကြည့်နေမည့် မစ္စအီဗော်၏ မျက်လုံးများကို ဂါဘရီယယ် တွေးပင် မတွေးဝံ့ တော့။ မစ္စအီဗော် အနေဖြင့် မိန့်ခွန်းစကားတွင် ချို့ယွင်းချက်များ ရှိနေမည်ဆိုပါက စိတ်မကောင်း ဖြစ်နေမည် မဟုတ်။ မစ္စကိတ်နှင့် မစ္စဂျူလီယာကို ဦးတည်ပြီး ယခုကဲ့သို့ ပြောလိုက်မည်လေ။ “ဂုဏ်သရေရှိ အမျိုးကောင်းသမီးနှင့် အမျိုးသား ကောင်း အပေါင်းတို့ ခင်ဗျား၊ ကျွန်တော်တို့ရဲ့ မျိုးဆက်တွေဟာ ဆုတ်ကပ်ထဲမှာ ဝင်ရောက်လို့ နေခဲ့ပါပြီ။ ဒါကြောင့်လည်း ကျွန်တော်တို့ တစ်တွေဟာ ချို့ယွင်းချက်တွေ တွေ့ကြုံနေရမှာ ဖြစ်တယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ပြောရမယ် ဆိုရင်တော့ ဒီ ဆုတ်ကပ်ကာလမှာပဲ တစ်စုံတစ်ရာ အရည်အသွေးကောင်းတွေ ဖြစ်တဲ့ ဧည့်ဝတ်ကျေပွန်မှု၊ စိတ်ကြည်လင် အေးမြမှု၊ လူသားဆန်မှု စတာတွေကို ရှိနေတုန်းပဲလို့ ယူဆထား ပါတယ်။ သစ်လွင်တဲ့၊ အလွန်တရာမှပဲ လေးနက်တဲ့၊ ပညာဉာဏ် အလွန်ထက်မြက်တဲ့ မျိုးဆက်သစ်တွေဟာ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ မရှိသလောက် ရှားပါးနေတယ်လို့ ကျွန်တော် ထင်ပါတယ်” ဟူ၍။ သိပ်ကောင်း၊ ဤမိန့်ခွန်းက မစ္စအီဗော်ကို ရည်ညွှန်းတာပါပဲ။ သူ ဂရုတစိုက် ပြုရမှာက အသိဉာဏ် ချို့တဲ့ရှာသော အဘွားကြီး နှစ်ယောက်ပဲ မဟုတ်ပါလား။

တီးတိုးပြောသံများက ဂါဘရီယယ်၏ အာရုံကို ချုပ်ကိုင်လိုက်သည်။ မစ္စတာဘရောင်းက တံခါးကို တွန်းဖွင့်ပြီး ဝင်လာသည်။ သူက မစ္စဂျူလီယာကို ဟန်တစ်ခွဲသားဖြင့် တွဲခေါ်လာသည်။ မစ္စဂျူလီယာက မစ္စတာဘရောင်း၏ လက်မောင်းကို ချိတ်လျက်၊ ပြုံးရယ်လျက်၊ ခေါင်းကို လက်မောင်းမှာ မှီလျက်။ စန္ဒရားခုံမှ ထ လာသော မစ္စဂျူလီယာ အား ပြတ်တောင်းပြတ်တောင်း လက်ခုပ်သံ တဖြောင်းဖြောင်းက ခရီးဦးကြိုပြုလျက်။ မေရီဂျိန်းက ခုံပုကလေးတွင် ထိုင်ချ လိုက်သည်။ မစ္စဂျူလီယာက ပြုံးရယ်မနေတော့။ အခန်းတစ်ခုလုံးနှင့် ရင်းနှီးကျွမ်းဝင်နေသော သီချင်းသံ လည်း တဖြည်းဖြည်း တိမ်မြုပ် ပျောက်ကွယ်သွားလျက်။ ဂါဘရီယယ်က အတောပိုဒ်ကို မှတ်မိသည်။ ဒေါ်လေး ဂျူလီယာ တီးလေ့ ရှိသော သီချင်းတစ်ပုဒ်။ “မင်္ဂလာဧည့်ခံပွဲ အတွက် ဝတ်စားဆင်ယင်ခဲ့ပြီ”။ အသံက ကြည်ချိုမြ၊ ပီပီ သသ။ လေပြေကို ကြီးမားခွန်အားပြည့် စိတ်ဓာတ်ဖြင့် တန်ဆာ ဆင်ယင်လျက်။ သီဆိုပုံက အနည်းငယ် မြန်သည်မှအပ ကျက်သရေ မင်္ဂလာ ရှိသော အချက်များကိုကား ပျောက်ကွယ်မသွားအောင် ဂရုစိုက်ထားသည်။ သီချင်းသီဆိုသူ၏ မျက်နှာပြင်ကို မကြည့်ဘဲ သီချင်းသံ သက်သက်ကိုသာ နားစိုက်ထောင်မည်ဆိုပါက မြန်ဆန်မှုနှင့် စည်းစည်းပိုင်ပိုင် ရှိမှုကိုပါ ခံစားရမည်သာ ဖြစ်သည်။ တေးသံ ဆုံးသွားသည်နှင့် ဂါဘရီယယ် ကပါ လက်ခုပ်လက်ဝါး တီးပြီး သြဘာပေး လိုက်သည်။ မမြင်ရသော ညစာ စားပွဲဘက်ဆီမှ ကျယ်လောင်သော လက်ခုပ်သံများ တဖြောင်းဖြောင်း ထွက်ပေါ် လာသည်။ လက်ခုပ်သံမှာ အစစ်၊ မစ္စဂျူလီယာ၏ မျက်နှာပြင်မှာ အရောင်အသွေး တစ်မျိုးတစ်ဖုံ ပြောင်းသွားသည်။ သူ၏ လက်မှတ် ရေးထိုးထားသော၊ သားရေဖုံးနွမ်းနွမ်း ဖုံးထားသော ဂီတစာအုပ်ကို ဂီတသင်္ကေတ ထားရှိရာ ခုံ ကလေး ပေါ်သို့ ကိုယ်ကို ကိုင်းညွတ်ပြီး တင်လိုက်သည်။ ဖရက်ဒီမာလင်က ခေါင်းကို တစ်ဖက်သို့ စောင်းငဲ့ကာ မစ္စဂျူလီယာ၏ လက်သံကို နားသောတ ဆင်နေခဲ့သည်။ တခြားသူများ၏ လက်ခုပ်သံများ ရပ်သွားသည့်တိုင် သူက တော့ လက်ခုပ်တီး၍ ကောင်းနေတုန်း။ အေးအေးဆေးဆေး ပဲ ခေါင်းတညိတ်ညိတ် ပြနေသော သူ့မိခင်ဖြစ်သူအား ဖရက်ဒီမာလင်က အားတက် သရော ပြောလိုက်လေသည်။ နောက်ဆုံးတွင် ဖရက်ဒီမာလင်က လက်ခုပ်တီးနေတာကို ရပ်လိုက်၏။ အခန်းထဲမှ ခပ်သွက်သွက် လျှောက်သွားနေသော မစ္စဂျူလီယာ၏ လက်နှစ်ဖက်ကို တရင်းတနှီး ဆုပ်ကိုင်လိုက်ပြီး နှုတ်ဆက် စကားပြောသည်။ သို့သော် နှုတ်ဆက် စကားက လည်ချောင်းဝမှာပဲ တစ်ဆို့ကာ အပြင်ဘက်သို့ ထွက်လာခြင်း မရှိ။ ထုတ်ဖော်ပြောရမည့် စကား ရှာဖွေ၍ မရ။

“ခုပဲ ကျွန်တော့်မေမေကို ပြောနေခဲ့သေးတယ်။ ဒေါ်လေး ဂျူလီယာ ခုလောက်ကောင်းတဲ့ သီချင်းဆိုပုံမျိုး ကျွန်တော် နားမထောင်ဖူးသေးဘူး။ ဒီလောက်ကောင်းတဲ့ သီချင်း ကြားလည်း မကြားဖူးသေးဘူး ခင်ဗျ။ ဒီညမှာပဲ ကြုံဖူး၊ ကြားဖူးတာ။ ကျွန်တော် ပြောတာ ဒေါ်လေး ယုံရဲ့ လား။ ကျွန်တော် အမှန်တွေ ပြောနေတာ။ ကျွန်တော် အမှန် တွေ ပြောနေတယ် ဆိုတာ ကျိန်ပြောဝံ့ပါရဲ့။ ဒေါ်လေးရဲ့ အင်မတန်မှ လတ်ဆတ်တဲ့၊ ပီသကြည်မြတဲ့ သီချင်း ကျွန်တော် ဘယ်တုန်း ကမှ နားမထောင်ခဲ့ဖူးဘူး”

မစ္စဂျူလီယာ ဖရက်ဒီမာလင်၏ ဆုပ်ထားသော လက်ကို ဖြည်းလေးညင်သာစွာ ရုန်းထွက်ရင်း လှိုက်လှဲစွာ ပြုံးလျက် ကျေးဇူးတုံ့ပြန်စကားကို ခပ်တိုးတိုး ပြောသည်။ မစ္စတာဘရောင်းက လက်နှစ်ဖက် ရှေ့ဘက် ဆန့်တန်းရင်း မစ္စဂျူလီယာအား နှုတ်ဆက်လိုက်သည်။ သူ့အမူရာက ဧည့်ပရိသတ်များအား ပွဲ မစခင် နှုတ်ဆက်စကား ပြောသည့် အမူရာ။

“မစ္စဂျူလီယာ မော်ကန်၊ ကျွန်တော် နောက်ဆုံး ရှာဖွေတွေ့ရှိချက် ပါပဲ”

ဟု ပြောလိုက်၏။ သူ့စကားကို သူ သဘောကျဟန်ဖြင့် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ ဖရက်ဒီ မာလင် က မစ္စတာဘရောင်းဘက် လှည့်ပြီး ပြောသည်။

“မှန်ပါရဲ့ မစ္စတာဘရောင်း၊ ခင်ဗျားအနေနဲ့ အလေးအနက် လုပ်လိုက်တာ ဆိုရင် ခင်ဗျားဟာ အဆိုးဝါးဆုံး ရှာဖွေ တွေ့ရှိမိတဲ့ လူတစ်ယောက် ဖြစ်နေပြီဗျ။ ကျွန်တော် ပြောနိုင်တာ တစ်ခုကတော့ ကျွန်တော် ဒီကို အရင်လာဖူးတုန်းက အခု ဆိုတာရဲ့ တစ်ဝက်လောက် ကောင်းတာမျိုး မကြားခဲ့ဖူးဘူး၊ ဒါ မှန်သော စကားပါပဲ”

“ကျွန်တော်လည်း မှန်တာ ပြောတာ၊ မကြားဖူးဘူး။ မစ္စဂျူလီယာရဲ့ အသံက အတော်ကြီး ကောင်းလာတယ်လို့ ကျွန်တော် ထင်တာပဲ”

မစ္စတာဘရောင်းက ပြောလိုက်သည်။

မစ္စဂျူလီယာ ပခုံးနှစ်ဖက်တွန့်ပြီး နှိမ့်ချသော လေသံဖြင့်-

“လွန်ခဲ့တဲ့ အနှစ် ၃ဝ လောက်တုန်းက ခုလို ဆိုးဝါးတဲ့ အသံမျိုး မရှိခဲ့ပါဘူးရှင်”

ပြောသည်။

“ငါ မကြာခဏ ပြောခဲ့ဖူးပါတယ်အေ၊ ညည်း ရိုးရိုးသားသားနဲ့ ဝတ်အဖွဲ့ထဲ ဝင်ခဲ့တာလို့။ ဒါပေမဲ့ ငါပြော သလို ဖြစ်မလာဘူး”

မစ္စကိတ်က ပြောလိုက်သည်။

ခေါင်းမာသော ကလေးတစ်ယောက်အား တခြားသူများက ချီးကျူးစကား ပြောနေခြင်းကို ဆန့်ကျင်စကား ပြောနေ သကဲ့သို့ မစ္စဂျူလီယာသည် တုဏှိဘာဝေ တွေဝေ ငေးမောလျက်။ ငယ်နုစဉ်ကာလ အတိတ်ကို ပြန်လည် တသ ခြင်း ဟူသော အပြုံးစက လင်းလက်လျက်။

“သူ့ကို ဘယ်သူကမှ ဦးဆောင်လို့၊ တိုက်တွန်းလို့ မရဘူး။ နေ့ရောညပါ ဝတ်အဖွဲ့သွားပြီး အချိန်ဖြုန်းနေခဲ့တာ။ နာတာလူးပွဲတော်နေ့ဆိုရင် မနက်ခြောက်နာရီလောက် က စပြီး ရောက်သွားပြီး ကျေးကျွန်လုပ်ခဲ့ရတာ ဘာမှ အဓိပ္ပာယ် မရှိဘူး”

“ဘုရားသခင်ကို အောက်မေ့ ပူဇော်တဲ့အချိန် မဟုတ်လား ဒေါ်လေးကိတ်”

ဆုံလည်ကုလားထိုင်နေရာမှ တစ်ဖက်လှည့်ပြီး ရယ်မောရင်း မေရီဂျိန်းက ပြောလိုက်သည်။

မစ္စကိတ်က တူမဖြစ်သူ မေရီဂျိန်းကို ဒေါသမာန် မျက်နှာထားဖြင့် ကြည့်လိုက်ပြီး....

“ဘုရားသခင်ကို အောက်မေ့ပူဇော်တဲ့ကိစ္စ ကျုပ် ကောင်းကောင်း သိပါတယ်အေ။ ဒါပေမဲ့ ပုပ်ရဟန်းမင်း အနေ နဲ့ ကျေးကျွန်တစ်ယောက်လို ဝတ်အဖွဲ့ထဲ ပါဝင်နေတဲ့ မိန်းမသားတစ်ယောက်ကို မောင်းနှင်ပစ်တဲ့ ကိစ္စဟာ ဂုဏ်သရေ ရှိတဲ့၊ မြင့်မြတ်တဲ့ လုပ်ငန်းတစ်ခု မဟုတ်ပါဘူး တော်။ ဘာမှ အသုံးမကျတဲ့ လူပေါ်ကြော့တွေကို ဝတ်အဖွဲ့ ခေါင်းဆောင် အဖြစ် တင်မြှောက်ခဲ့တယ်လေ။ တကယ်လို့သာ ပုပ်ရဟန်းမင်းက ဒီလိုလုပ်ခဲ့တယ် ဆိုသပ ဆိုရင် ဘုရားရှိခိုးကျောင်း အတွက် လုပ်တာလို့ ကျုပ် ယူဆတယ်။ ဒါပေမဲ့ ဒီလုပ်ရပ်ဟာ တရားမျှတမှု မရှိဘူး၊ နည်းလမ်း မကျဘူး”

မစ္စကိတ်က စိတ်လိုက်မာန်ပါ ပြောနေခြင်း ဖြစ်သည်။ ပြောနေသည့် အကြောင်းအရာက နားမခံသာသော အကြောင်းချက်တွေ။ ဒါပေမဲ့ သူ ခုလို ပြောနေရတာက ညီမဖြစ်သူအတွက် ခုခံကာကွယ်သလို ပြော့နေရခြင်း ဖြစ်သည်။ သို့ပေမယ့် ကပွဲ ပြန်လည် စ တော့မည် ဖြစ်ရာ က မည့် ဧည့်ပရိသတ်များ ရောက်လာကြတာ တွေ့လိုက် ရသဖြင့် စကား ကို ဖြတ်ပစ်သည်။

“ဘာသာရေးကို အလေးနက်ထားတဲ့ မစ္စတာ ဘရောင်းကို သိမ်ဖျင်းတဲ့စကားတွေ ပြောပြနေတာလား”

မစ္စကိတ်က မစ္စတာဘရောင်းဘက် လှည့်ကြည့်သည်။ သူယုံကြည်သော ဘာသာရေးကို ပုတ်ခတ်ပြောကြား နေသည့် အတွက် မစ္စတာဘရောင်း မျက်နှာသည် သုန်သုန် မှုန်မှုန်။ မစ္စကိတ်က လေးတွဲ့စွာ ပြောသည်။

“အိုး ကျုပ်က ပုပ်ရဟန်းမင်း လုပ်တာ မှန်သလား မှားသလား မေးခွန်းထုတ်နေတာ မဟုတ်ဘူးအေ့။ ကျုပ်က အနုညာတ မိန်းမတစ်ယောက် ဖြစ်ပေမယ့် ဒီလို လုပ်ရပ်မျိုးကို မထောက်ခံဘူး။ ဒါပေမဲ့ ဒီလိုလုပ်ရပ်မျိုးဟာ နေ့တဓူဝ ဖြစ်ပျက်နေတဲ့ ယဉ်ကျေးသိမ်မွေ့မှု၊ ကျေးဇူးသိတတ်မှု သဘောမျိုး သက်ရောက်နေတယ်။ အေး တကယ်လို့ ကျုပ်သာ ဂျူလီယာ နေရာမှာသာဆိုရင် ဘုန်းတော်ကြီး ဟီကလေးရဲ့ မျက်နှာကို စေ့စေ့ကြည့်ပြီး တစ်ခုခုတော့ ပြောပစ်လိုက်မှာပဲ အေ့”

“တော်လောက်ပါပြီ ဒေါ်လေးရယ်၊ ငြင်းခုံနေရတာနဲ့ ဗိုက်တောင် ဆာလာပြီ။ ဆာလာရင် ရန်လုပ်တတ်တယ်”

ဟု မေရီဂျိန်းက ပြောသည်။

“ဟုတ်ပါရဲ့၊ ကျွန်တော်တို့တော့ အရက်သောက်ချင် လာရင် ရန်ဖြစ်လိုက်ကြတာပဲ”

မစ္စတာဘရောင်းက ပြောသည်။

“ကဲ...ညစာ စားကြရအောင်၊ စားပြီးမှပဲ ဆက် ဆွေးနွေးကြတာပေါ့”

မေရီဂျိန်းက ပြောလိုက်သည်။

ဧည့်ခန်း အပြင်ဘက်တွင် ဇနီးသည်ဖြစ်သူနှင့်အတူ မေရီဂျိန်းက မစ္စအီဗော်အား ညစာ စားပြီးမှ ပြန်ရန် ပြောကြားနေသည်ကို ဂါဘရီယယ် တွေ့မြင်လိုက်ရသည်။ ဒါပေမဲ့ မစ္စအီဗော်က ဦးထုပ်ပင် ဆောင်းပြီးနေပြီ၊ ကုတ်အင်္ကျီ ကြယ်သီးတွေပင် တပ်ပြီးနေပြီ။ မစ္စအီဗော် ဗိုက်ဆာ၍မဟုတ်၊ ကြာသင့်သည်ထက် ပိုပြီး ကြာကြာ နေခဲ့ပြီးပြီ ဖြစ်ခြင်း ကြောင့် ပြန်ဖို့ ပြင်နေတာပါပဲ။

“နောက်ထပ် ဆယ်မိနစ်လောက်ပဲ စောင့်ရတော့မှာပါ၊ သိပ်မကြာတော့ပါဘူး”

ဂါဘရီယယ်၏ ဇနီး ဂရီတာက ပြောလိုက်သည်။

“ဒါလောက် ကခုန်ပြီးမှ နည်းနည်း အားပြည့် လန်းဆန်းလာအောင်လို့ပါ”

“ကျွန်မ တကယ် မနေနိုင်တော့လို့ပါ” ဟု အီဗော်က ပြောသည်။

“ရှင် ဒီပွဲမှာ တကယ်ကို မပျော်ဘူးလို့ ထင်တယ်” ဟု မေရီဂျိန်းက စိတ်ပျက်စွာ ပြောသည်။

“တကယ်ပါ၊ ဘယ်တုန်းကမှ ဒါလောက် မပျော်ဘူး၊ ကျွန်မ အသေအချာ ပြောနိုင်ပါတယ်။ ဒါပေမဲ့ အခုတော့ ကျွန်မကို သွားခွင့်ပြုပါ” ဟု အီဗော်က ပြောလိုက်သည်။

“အိမ် ဘယ်လို ပြန်မှာလဲ”

ဂါဘရီယယ်၏ ဇနီးဖြစ်သူ ဂရီတာက မေးသည်။

“အိုး မြင်းရထားရပ်တဲ့ မှတ်တိုင်က ခြေလှမ်း နှစ်လှမ်း သုံးလှမ်းလောက် ဆင်းရုံနဲ့ ရောက်တာပဲ ဥစ္စာ”

မစ္စအီဗော်က ပြန်ဖြေလိုက်သည်။

ဂါဘရီယယ် အတန်ငယ်မျှ စဉ်းစားသည်။ ပြီးမှ ယခုလို ပြောသည်။

“မစ္စအီဗော်၊ ခင်ဗျား ခွင့်ပြုမယ်ဆိုရင် ကျွန်တော် တစ်ခုလောက် ပြောချင်ပါတယ်။ တားမရဘဲ ပြန်မယ်ဆိုရင် တော့ ကျွန်တော်ကိုယ်တိုင် လိုက်ပို့ပါရစေ”

ဒါပေမဲ့ မစ္စအီဗော်မှာ တားဆီး၍ မရတော့။

“ကျွန်မကို တားမနေပါနဲ့၊ ရှင်တို့ဘာသာပဲ စားကြပါ။ ကျွန်မအတွက် ဘာမှ ပူမနေပါနဲ့၊ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနိုင်ပါတယ်”

မစ္စအီဗော်က အော်ဟစ်ပြီး ပြောသည်။

“အင်း၊ မော်လီ မင်းက တကယ့်ကို ရယ်စရာကောင်းတဲ့ မိန်းကလေး တစ်ယောက် ပါပဲလားကွယ်”

ဂရီတာက ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ပြောသည်။

“မင်း အတော် အပြောကောင်းပါလား” ဟု မစ္စအီဗော် က ဟက်ဟက်ပက်ပက် ရယ်မောလျက် လှေကားထစ်မှ ဆင်းသွားလေသည်။

မေရီဂျိန်းက မစ္စအီဗော်၏ ကျောပြင်ကို ငေးကြည့်နေမိသည်။ သူ့မျက်နှာပြင်မှာ ဝေခွဲမရသော ဝေဒနာတစ်ခု က ထင်ဟပ်လျက်။ ဂရီတာက လက်ရန်းကို မှီလျက်သား အဝင်ပေါက် တံခါးဘက် နားစွင့်နေသည်။ မစ္စအီဗော် ဘာကြောင့် ဗြုန်းစားကြီး ပြန်သွားရတာလဲဟု ဂါဘရီယယ်က သူ့ဘာသာသူ မေးခွန်းထုတ်နေမိသည်။ မစ္စအီဗော် စိတ်ဆိုးနေသော လက္ခဏာ မတွေ့ရ၊ ရယ်ရယ်မောမောနှင့် ပြန်သွားတာပါပဲ။ လှေကားထစ်များကို မျက်တောင်မခတ် စိုက်ကြည့်လျက်။

ထိုအချိန်မှာပဲ မစ္စကိတ် တစ်ယောက် ထော့နဲ့ ထော့နဲ့ဖြင့် ညစာစားပွဲ ကျင်းပမည့် ခန်းမထဲမှ ထွက်လာသည်။ လက်နှစ်ဖက် ပွတ်လျက်၊ စိတ်ပျက်လက်ပျက် အမူအရာ။

“ဂါဘရီယယ် ဘယ်မှာလဲကွယ့်၊ ဘယ်များ သဝေထိုးနေသလဲ။ အားလုံး သူ့ မျှော်နေကြတယ်၊ ငန်းသား ခုတ်ပေး မယ့်သူ မရှိသေးဘူး”

မစ္စကိတ်က ပြောလိုက်သည်။

“ကျွန်တော် ဒီမှာပါ ဒေါ်လေးကိတ်၊ လိုအပ်ရင် ကျွန်တော် ငန်းတစ်အုပ်လုံး လာလှီးပေးပါမယ်”

ဟု ဂါဘရီယယ်က ပြောလိုက်၏။

ဝဖီးနေသော၊ အကောင်အထည်မပျက် ထည့်ထားသော ငန်းသားချက်ပန်းကန်မှာ စားပွဲ၏ တစ်ဖက်စွန်းမှာ ရှိသည်။ စက္ကူခေါက်များပေါ်မှာ မုန်လာစည်းများ။ ပြီးတော့ ဝက်ပေါင်၊ အပေါ်ရေခွံကို ခွာထားသည်။ ငရုတ်ကောင်းမှုန့်၊ ပေါင်မုန့်ကြေများ နိုင်းချင်းဖြူးထားသည်။ ဒူးဆစ်ရိုးနံဘေးမှာ သန့်ရှင်းသော စက္ကူများ ချထားသည်။ နံဘေးတွင် ခပ်ပါးပါး လှီးထားသော အမဲသားတုံးများ။ ဟင်းလျာများ၏ ဘေးတစ်ဖက်တစ်ချက် စားပွဲခုံတွင် အချိုပွဲထည့်ထားသော ပန်းကန် ပြားများ။ အနီရောင်နှင့် အဝါရောင် ကျောက်ကျောတုံးများ၊ ပန်းကန်လုံးပက်လက်ထဲမှာ နို့နှင့် လုပ်ထားသော ကျောက်ကျော နှင့် ယို အနီရောင်တုံးကလေးများ ထည့်ထားသည်။ လက်ကိုင်ရှည် တပ်ထားသော သစ်ရွက် ပုံသဏ္ဌာန် ပန်းကန်ပြားထဲတွင် လေးထောင့်ပုံသဏ္ဌာန် ဆီမရီဒါ သဖန်းသီးများ၊ ပန်းကန်တစ်ခုထဲမှာ ဇာတိပ္ဖိုလ်သီးများ၊ ကြက်ဥ၊ နွားနို့၊ သကြားဖြင့် ပြုလုပ်ထားသော မုန့်များ။ ခွက်သေးသေး ခွက်ငယ်ငယ်ထဲမှာ ရွှေ၊ ငွေနှင့် ပတ်ထားသော ချောကလက် နှင့် သကြားလုံးများ၊ ဖန်တကောင်း တစ်ခုထဲမှာ ပိန်ပိန်ရှည်ရှည် ရိုးတံရှည် မုန်ညင်းများ။ စားပွဲ၏ အလယ်ဗဟိုမှာ သစ်သီးစုံ ထည့်ထားသော သစ်သားခုံကို စောင့်ကြပ်နေသည့် အစောင့်များနှယ် ပိရမစ် ပုံသဏ္ဌာန် ပြုလုပ်ထားသော အမေရိကန် ပန်းသီးများနှင့် လိမ္မော်သီးများ၊ ရှေးခေတ်လက်ရာ ရှည်မျောမျော အရက်ဖန်ဘူး နှစ်လုံး။ တစ်ပုလင်းက ဝိုင်ပုလင်း၊ ကျန်ပုလင်း တစ်ပုလင်း က အနက်ရောင်သန်းနေသော စပိန်ဖြစ် ရှယ်ရီ စပျစ်ရည် ပုလင်း။ စန္ဒရားခုံပေါ်ရှိ ဗီရိုသေးလေးပေါ်က ပန်းကန်ပြား ထဲတွင် ပူတင်းများ၊ စတောက်ဗျစ်ခါးနှင့် ဘီယာပျော့ပုလင်း များ။ အရောင်အသွေးနှင့် ညီညွတ်သော အချိုရည်ပုလင်းမှာ သုံးပုလင်း။ တစ်ခုက အညိုနှင့် အနီပတ်၊ တစ်ခုက အနက်၊ တတိယ တစ်ခုက အသေးဆုံး၊ အရောင်က အဖြူ-အစိမ်း ရောင် အစင်းများ ပတ်ထားသည်။

ဂါဘရီယယ်က စားပွဲထိပ်ဆုံးရှိ ထိုင်ခုံမှာ ရဲဝံ့စွာ ထိုင်ချလိုက်သည်။ အသားလှီး ဓားကိုလည်း တစ်ချက် စွေကြည့်သည်။ ခက်ရင်းကို ငန်းသားပေါ်သို့ ခပ်ပြင်းပြင်း ထိုးစိုက်ချလိုက်သည်။ ဂါဘရီယယ်၏ အမူရာက သက်သောင့် သက်သာ။ သူက အသားလှီးရာတွင် ကျွမ်းကျင်သူ၊ ခံ့ညားထည်ဝါလှသော စားပွဲခုံ၏ထိပ်မှာ ထိုင်နေရသူ။ သည့်ထက် ကြီးမြတ်သော အခွင့်အရေးက မရှိ။

“မစ္စတာဘရောင်း၊ ဘာများ သုံးဆောင်လိုပါသလဲ။ အတောင်ပံလား၊ ရင်အုံသားလား ခင်ဗျ”

ဟု ဂါဘရီယယ်က မေးလိုက်သည်။

“ရင်အုံသား နည်းနည်းလောက် ရရင် တော်ပါပြီ”

“မစ္စ ဟစ်ဂင်းကော ဘာများ အလိုရှိပါသလဲ”

“ဘာပဲဖြစ်ဖြစ်ပေါ့ရှင်”

ဂါဘရီယယ်နှင့် မစ္စဒါလီတို့နှစ်ယောက် ငန်းသား၊ ဝက်သားခြောက်ကြော်၊ အမဲသားထည့်ထားသော ပန်းကန်များ လဲလှယ်ပေးနေချိန်တွင်၊ လီလီတစ်ယောက်ခမျာ အဝတ်ဖြူ ပတ်ထားသော ဂျုံနှင့် အာလူး ရောထည့်ထားသည့် ဟင်းအိုး ပူပူကို ကိုင်လျက်၊ ဟင်းရည်ကို ဧည့်သည်များအား လိုက်လံထည့်ပေး နေသည်။ အကျွေးအမွေးနှင့် ပတ်သက်သည့် စိတ်ကူးမှာ မေရီဂျိန်း၏ စိတ်ကူးပါပဲ။ သူက ပန်းသီးအချဉ်ရည်နှင့် ငန်းသားမှာ လိုက်ဖက်ကြောင်း အကြံပေးခဲ့သည်။ ဒါပေမဲ့ မစ္စကိတ်က လက်မခံ။ ပန်းသီး ချဉ်ရည် မပါသော ငန်းသားချက် ခံတွင်းလိုက်သည်။ သူ အရသာ မတွေ့သော ဟင်းလျာများ မစားပါရစေနဲ့ဟု တောင့်တ မျှော်လင့်ထားခဲ့သည်။ မေရီဂျိန်းက တပည့်များကို စောင့်ကြပ် ကြည့်ရှု နေသည်။ တပည့်တပန်းတွေသည် ကောင်းပေ့ကြီးပေ့ ဆိုသော အသားတုံးများကို စားနေကြသည်။ မစ္စကိတ်နှင့် မစ္စ ဂျူလီယာတို့ နှစ်ယောက်သည် စန္ဒရား စင်ပေါ်မှာ ရှိနေသော ဖျော်ရည်ပုလင်းများကို ဧည့်သည်များအား လိုက်လံဝေငှ ပေးလျက် ရှိသည်။ အမျိုးသားများအတွက် အပြင်းအပျော့ ဘီယာပုလင်းများ၊ အမျိုးသမီးများအတွက် အချိုရည် ပုလင်းများ၊ အခန်းထဲမှာ လွန်စွာရှုပ်ယှက်ခတ်လျက်။ ရယ်မောသံများ၊ ဆူညံစွာ အော်ဟစ်ပြောဆိုသံများ။ စားသောက်ဖွယ် မှာကြားသံ၊ နောက်တစ်မျိုး ပြောင်းလဲ မှာကြားသံ၊ ဇွန်းခက်ရင်း ထိသံ၊ ဖန်ခွက်ခြင်း ထိသံ။ ဂါဘရီယယ်ခမျာ သူ့အတွက် အသင့် ရှိနေသော စားသောက်ဖွယ်ရာများ လက်နှင့်ပင် မထိရသေးခင်မှာ၊ ငန်းသားချက်ကို နောက်တစ်ကြိမ် ဓားနှင့် လှီးဖြတ်ရန် ပြင်ဆင်လိုက်သည်။ အားလုံး တညီတညွတ်တည်း ကန့်ကွက်စကား ပြောကြသည်။ ဂါဘရီယယ်သည် ငန်းသား လှီးရတာ ပင်ပန်းလာ၍ ဗျစ်ခါး ခပ်များများကို ကျိုက်၍ မော့ချလိုက်သည်။ မေရီဂျိန်းက ငြိမ်သက်စွာထိုင်ရင်း ညစာ စားလျက် ရှိသည်။ မစ္စကိတ်နှင့် မစ္စဂျူလီယာတို့မှာ ဒေါက်ဖိနပ်သံ တညံညံဖြင့် ဧည့်ပရိသတ်များအား လိုအပ်သော စားသောက်ဖွယ်ရာများကို မလစ်ဟင်းရလေအောင် ဧည့်ဝတ်ပြုနေကြသည်။ မစ္စတာဘရောင်းက မစ္စကိတ်နှင့် မစ္စ ဂျူလီယာ တို့ကို အေးအေးသက်သာ ထိုင်ခုံမှာထိုင်ပြီး စားစရာများ စားသောက်နေရန် တောင်းပန်စကား ပြောသည်။ ဂါဘရီယယ် ကလည်း ထောက်ခံသည်။ သို့ပေမယ့် အဘွားကြီး နှစ်ယောက်က ပြော၍မရ၊ နောက်ဆုံးမတော့ ဖရက်ဒီ မာလင် က ထိုင်ရာမှ ထ တွဲပြီး၊ မစ္စကိတ်၏ လက်ကို ဆုပ်ကိုင်၍ ထိုင်ခုံမှာ အတင်း ထိုင်ခိုင်းလိုက်သည်။ ဧည့် ပရိသတ်၏ ရယ်မောသံ ဝါးခနဲ။

ဧည့်ပရိသတ်အသီးသီး ဧည့်ခံပြီးစီးသည်နှင့် ဂါဘရီယယ်က ပြုံးလျက်....

“ယခုချိန်ကစပြီး ခပ်ရိုင်းရိုင်းပြောရရင် အစားပုတ်တာပေါ့။ အဲဒါ ဘယ်သူ ထပ်ယူဦးမလဲ၊ ပြောကြနော်”

ဟု ပြောကြားလိုက်သည်။

ဂါဘရီယယ်ကို ဧည့်ပရိသတ်က ညစာ စားသုံးပါရန် တညီတညွတ်တည်း ပြောကြားလိုက်သည်နှင့် လီလီက ဂါဘရီယယ်အနီးသို့ ချဉ်းကပ်လာပြီး၊ ဂါဘရီယယ်အတွက် သီးသန့်ဖယ်ထားသော အာလူးသုံးလုံးကို ပန်းကန်ထဲသို့ ထည့်ပေး လိုက်သည်။

“ကောင်းပါပြီ ဗျာ”

ဂါဘရီယယ်က ဝမ်းပန်းတသာ ပြောလိုက်ပြီး ဗျစ် ခါး တစ်ကျိုက် မော့လိုက်၏။

“လေးစားအပ်သော ဂုဏ်သရေရှိ အမျိုးသမီးများနဲ့ အမျိုးသားတို့ ခင်ဗျား၊ ကျွန်တော် ခေတ္တခဏမျှ အစာ စားခွင့် ပြုပါ”

ဟု ဂါဘရီယယ်က လေးစားစွာ ပြောကြားလိုက်၏။

ဂါဘရီယယ် အစာကိုသာ ငုံ့စားနေလိုက်သည်။ မည်သူနှင့်မျှ စကားမပြောတော့။ လီလီက စားသောက် ပြီးစီးပြီ ဖြစ်နေသော ပန်းကန်များကို သိမ်းဆည်းလျက် ရှိသည်။ ဧည့်ပရိသတ်အချို့ ပြောနေသည့် စကားမှာ တော်ဝင် ဇာတ်ရုံ တွင် ကပြနေသည့် အော်ပရာအဖွဲ့အကြောင်း ဖြစ်သည်။ အသားညိုစစ၊ မုတ်ဆိတ်မွေး တသသနှင့် လူရွယ် တစ်ယောက် ဖြစ်သည့် မစ္စတာ ဘာတ်(လ) ဒေ အာစီက အော်ပရာ အဖွဲ့ဝင်တစ်ဦးဖြစ်သော အသံစူးစူးရှရှ အဆို ခေါင်းဆောင်အား တခမ်းတနား ချီးကျူးလျက်ရှိစဉ်၊ မစ္စ ဖာလောင်းကမူ သူ သီဆိုပုံမှာ အတန် ကြမ်းတမ်းကြောင်း ချေပစကား ဆိုသည်။ ဖရက်ဒီမာလင်ကတော့ တောက်ပသော ဒဏ္ဍာရီအဖွဲ့တွင် ဒုတိယခေါင်းဆောင် ကပ္ပလီ အဆိုကျော် တစ်ယောက် ရှိကြောင်း၊ သူ့အသံမှာ စူးစူးရှရှ ရှိကြောင်း၊ မိမိ တစ်သက်တွင် သူ့လောက်ကောင်းသည့် အသံမျိုး မကြားဖူးသေးကြောင်း ပြောပြလိုက်သည်။

“ခင်ဗျားကော သူ့အသံ ကြားဖူးသလားဗျ”

ဟု ဖရက်ဒီမာလင်က သူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် မစ္စတာ ဘာတ်(လ)အား လှမ်းမေးလိုက်၏။

“မကြားဖူးပေါင်ဗျာ”

မစ္စတာ ဘာတ်(လ) က ခပ်ပေါ့ပေါ့ ပြန်ဖြေသည်။

“ဘာလို့ မေးရလဲဆိုတော့ အဲဒီလူနဲ့ ပတ်သက်တဲ့ ခင်ဗျားရဲ့ သဘောထားကို ကျွန်တော် သိချင်နေလို့ပါ။ သူ့ အသံ က အလွန်မှ ခမ်းနားတယ်လို့ ကျွန်တော် ယူဆပါတယ်”

ဟု ဖရက်ဒီမာလင်က ရှင်းလင်းပြသလိုက်သည်။ အနားရှိ မစ္စတာဘရောင်းက ဝင်ပြီး ပြောလိုက်သည်။

“တကယ့် အကောင်းတွေကို တက်ဒီ ကောင်းကောင်း သိတာပဲ”

“သူကကော အသံ ဘာလို့ မကောင်းရတာလဲ၊ သူက အသား မမည်းလို့လားဗျ”

ဖရက်ဒီမာလင်က ပြတ်သားစွာ မေးလိုက်သည်။

သူ့အမေးကို ဘယ်သူကမှ မဖြေ။ မေရီဂျိန်းက စကားလမ်းကြောင်းကို တရားဝင် ကပြနေသည့် ပြဇာတ် ဘက်သို့ မြားဦးလှည့်လိုက်သည်။ မေရီဂျိန်း၏ တပည့်တစ်ဦးက မီနွမ်လက်မှတ်ပေးဖူးသည်။ လှပသေသပ်သော လက်ရာ တစ်ခုပါပဲ။ ဒါပေမဲ့ သနားစရာကောင်းသည့် ဂျော်ရီယာဘန်းကို အောက်မေ့ကြောင်း ပြောပြသည်။ မစ္စတာဘရောင်း ကတော့ သည်ထက်ပို၍ ရှေးဟောင်းနှောင်းဖြစ်တွေ နောက်ကြောင်းပြန်သည်။ ဒဗ္ဗလင်သို့ ရောက်ရှိလာသော အဖွဲ့စည်းများ ဖြစ်သည့် တီယက်ဂျန်း၊ အီလမာ ဒေ မူဇကာ၊ ကမ်ပီယာနီ၊ မဟာ တရီဘယ်လီ၊ ဂယူလီနီ၊ ရာဗယ်လီ၊ အရမ်ဘူရို စသည့် အီတလီအဖွဲ့အစည်းများ။ ထိုနေ့ရက်များတွင် တေးသီချင်းသံများ ဒဗ္ဗလင်တစ်မြို့လုံး ညံနေကြောင်း မစ္စတာဘရောင်းက ပြောပြသည်။ တော်ဝင် ဇာတ်ရုံကြီးတွင် လူတွေက ကြက်ပျံမကျ စည်ကားနေခဲ့သည်။ တစ်ညတွင် အီတလီ ဂီတအဆိုရှင် တစ်ယောက်က “စစ်သားတစ်ယောက်လို ငါ ကျဆုံးပါရစေ” သီချင်းကို ငါးကြိမ်တိတိ စီကီး မြင့်မြင့်ဖြင့် သီဆိုပြသသွားခဲ့သည်။ မြင်းရထားမောင်းသည့် သူငယ်လေးများကလည်း နာမည်ကြီး အဆိုကျော် စီးသည့် မြင်းများကို မြင်းရထားမှနေ၍ ဖြုတ်ပစ်လိုက်ကြပြီး၊ အဆိုကျော်အမျိုးသမီး နေထိုင်သည့် ဟိုတယ် လမ်းမပေါ်သို့ ထွက်ပြေး သွားကြကြောင်း ပြောပြလျက် ရှိသည်။ ကြီးကျယ်ခမ်းနားသည့် အော်ပရာပြဇာတ်များ ဖြစ်သော ဒီနော်ရာ၊ လူခရီဇီယာ၊ ဘော်ဂျီယာတို့ ဘာကြောင့် မကပြတော့သနည်း။ သူတို့အသံတွေက အဆင့် မမီကြတော့သည့် အတွက် လား၊ ဘာကြောင့်လဲ။

“အို ခုလည်း အသံကောင်းတဲ့၊ ဆိုနိုင်တဲ့ လူတွေ ရှိပါသေးသဗျ”

ဟု မစ္စတာဘာကယ်က ပြောလိုက်သည်။

“သူတို့က ဘယ်မှာလဲ”

မစ္စတာဘရောင်းက မခိုးမခန့် လေသံဖြင့် ပြောလိုက်သည်။

“လန်ဒန်၊ ပါရီ၊ မီလန်မှာပေါ့ဗျာ”

မစ္စတာ ဘာတ်(လ)က နွေးထွေးစွာ ပြန်ပြောသည်။ သူကပင် ဆက်ပြီး ပြောသည်။

“ကျွန်တော့်အထင်ပေါ့ဗျာ။ ဥပမာ ကာရူဆို၊ ခင်ဗျား ပြောတဲ့လူတွေထက် မသာရင်နေမယ်၊ ကောင်းတာတော့ အမှန်ပဲ”

“ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော် သံသယ ဝင်တာ ရှိတယ်”

“ကာရူဆိုအသံသာ နားထောင်ရရင် ဘာကိုပဲ ပေးရပေးရ ပေးပြီး နားထောင်မှာပဲ”

ဟု မေရီဂျိန်းက ပြောလိုက်သည်။

“ကျွန်မ အဖို့ကတော့ တဲနာဆိုတဲ့ အဆိုတော် တစ်ယောက်ကို ကြိုက်တယ်။ အဲဒါ ကျွန်မ နှစ်သက်သဘော ကျလို့ပါပဲ။ ဒါပေမဲ့ ရှင်တို့ တစ်ယောက်မှ သူ သီဆိုသံ ကြားဖူးကြမယ် မထင်ပါဘူး”

မစ္စကိတ်က အရိုးထွင်ပစ်ရင်း ပြောလိုက်သည်။

“ဘယ်သူပါလိမ့် မစ္စမော်ကန်”

မစ္စတာ ဘာတ်(လ)က ရိုသေစွာ မေးလိုက်သည်။

“သူ့နာမည်က ပါကင်ဆန်တဲ့၊ သူ နာမည် မကြီးခင် ကတည်းက ကြားဖူးခဲ့တာ။ ယောက်ျားတစ်ယောက်ရဲ့ လည်ချောင်း ထဲက ထွက်လာတဲ့ ရှတသန့်ရှင်းတဲ့ အသံမျိုး”

ဟု မစ္စကိတ်က ရှင်းပြသည်။

“ဆန်းတယ်ဗျာ၊ ကျွန်တော် သူ့နာမည် တစ်ခါမှ မကြားဖူးဘူး”

မစ္စတာ ဘာတ်(လ) က ပြောသည်။

“ဟုတ်တယ်၊ ဟုတ်တယ်ဗျ၊ မစ္စမော်ကန်ပြောတာ မှန်တယ်။ မစ္စတာပါကင်ဆန်ဆိုတာ ကျွန်တော် ပြန်ပြီး အောက်မေ့နေမိပါသေးရဲ့၊ ကျွန်တော်တို့နဲ့ အတော်ကြီး အလှမ်းဝေးနေပါရဲ့”

မစ္စတာဘရောင်းက ပြောသည်။

“ပီသ ချိုမြတဲ့၊ သာယာတဲ့ အင်္ဂလိပ်လူမျိုး အသံ ပါပဲ”

ဟု မစ္စကိတ်က အားတက်သရော ပြောသည်။

ဂါဘရီယယ် စားသောက်၍ ပြီးစီးသွားလေပြီ။ ကြီးမားသော ပူတင်း စားပွဲခုံပေါ် ရောက်ရှိလာသည်။ ဇွန်းသံ၊ ခက်ရင်းသံများ တစ်ဖန် ပေါ်ထွက်လာခဲ့ပြီ။ ဂရီတာက ပူတင်း တစ်ဇွန်းစာကို ဧည့်သည်တိုင်း၏ ပန်းကန်ထဲသို့ ထည့်ပေးလျက် ရှိသည်။ လမ်းခုလတ်မှနေ၍ မေရီဂျိန်းက ရက်စဘယ်ရီ သို့မဟုတ် လိမ္မော်သီးယိုများ သို့မဟုတ် ကျောက်ကျော မုန့်နှပ်နှင့် ယိုများကို ကမ်းပေးလျက် ရှိသည်။ ပူတင်းမှာ မစ္စဂျူလီယာ၏ လက်ရာ။ ရပ်ကွက်ရှိ လူများက သူ့ပူတင်းလက်ရာကို ကြိုက်ကြ၍ ချီးကျူးစကား ပြောကြား ကြသည်။ သူကိုယ်တိုင်ကတော့ သူ့ပူတင်းသည် သိပ်မညို လှဟု ပြောသည်။

“ဟုတ်ပါတယ်၊ ကျွန်တော်ဟာ မစ္စကိတ်အတွက် အတော်လေး ညိုနေပြီလို့ မှတ်ယူထားပါတယ်။ သိတဲ့ အတိုင်းပါပဲ၊ ကျွန်တော်က အားလုံး ညိုတဲ့လူ”

ဟု မစ္စတာဘရောင်းက ပြောလိုက်လေသည်။

ဂါဘရီယယ်မှအပ ဧည့်သည်များအားလုံး ပူတင်း စားနေကြသည်။ မစ္စဂျူလီယာ၏ ပူတင်းလက်ရာကို လူတိုင်း က ချီးကျူးစကား ပြောပြကြ။ ဂါဘရီယယ်က သူ့အတွက် သတ်မှတ်ထားရှိပေးသော အချိုပွဲကို လက်ဖျားနှင့်ပင် မတို့။ ဖရက်ဒီမာလင်ကမူ မုန်ညင်းရွက်တထွေးနှင့် ပူတင်းကို ရောပြီး စားသည်။ မုန်ညင်းက သွေးအားတိုးစေသည်ဟု ဖရက်ဒီ မာလင်က ပြောသည်။ သူက ဆရာဝန်နှင့် ကုသခြင်း ခံနေရသူ။ ညစာစားပွဲမှာ တစ်ချိန်လုံး နှုတ်ဆိတ် နေခဲ့သည့် မစ္စ မာလင်က သူ့သားဖြစ်သူ မီလီရေးတောင်ထိပ်သို့ တစ်ပတ်ခန့်မျှ တက်ရောက်ခဲ့ကြောင်း ပြောပြလိုက်သည်။ သို့ဖြင့် ညစာစားပွဲတွင် မီလီရေးတောင် အကြောင်း စကား ရောက်သွားကြပြန်သည်။ ထိုအရပ်၌ သန့်ရှင်း လတ်ဆတ်သောလေ၊ ရဟန်းများ၏ ဧည့်ဝတ် ကျေပွန်မှု၊ ဧည့်သည်များထံမှ အလှူငွေ မကောက်ခံခြင်းများ။

မစ္စတာဘရောင်းက မယုံနိုင်သော လေသံဖြင့် ပြောသည်မှာ –

“ခင်ဗျား ဆိုလိုတဲ့သဘောက ချာတိတ်တစ်ယောက် အဲဒီအရပ် ရောက်အောင်သွား၊ ဟိုတယ်တစ်ခုမှာ တည်းခို နေထိုင်တဲ့ ပုံစံမျိုးနဲ့ နေထိုင်၊ ပိုက်ဆံ တစ်ပြားတစ်ချပ်မှ မပေးဘဲ ပြန်လာ၊ ဟုတ်လား”

“အိုး ဘုန်းကြီးကျောင်းက ပြန်လာရင် အလှူငွေတော့ ထည့်ရမှာပေါ့ ရှင်”

ဟု မေရိဂျိန်းက ဖြေသည်။

“ကျွန်တော်တို့ ခရစ်ယာန်ဘုရားကျောင်းမှာလည်း အဲဒီစနစ်မျိုး လုပ်ရင် ကောင်းမယ်လို့ ကျွန်တော် ဆန္ဒပြု ပါတယ်”

မစ္စတာဘရောင်းက ပွင့်ပွင့်လင်းလင်း ပြောချလိုက်သည်။

ရဟန်းတော်များ ၀စီပိတ် နေကြသည်။ နံနက် နှစ်နာရီ အိပ်ရာမှထ၊ အိပ်စက်လျှင် ခေါင်းတလားထဲမှာ။ ထိုစကားများ ကြားရသောအခါ မစ္စတာဘရောင်းမှာ မအံ့သြဘဲ မနေနိုင်။ ဘာလို့ ဒီလို နေနိုင်ကြရတာလဲ ဟု မေးမြန်း လိုက်သည်။

“ဒါက ဝိနည်းတော်အရပဲပေါ့”

မစ္စကိတ်က ပြောလိုက်သည်။

“ဟုတ်ကဲ့၊ ဒီလိုပြုရတဲ့ သဘောက”

မစ္စတာဘရောင်းက မေးသည်။

မစ္စကိတ်က ဝိနည်းတော်အရဟု နောက်တစ်ကြိမ် ပြောသည်။ မစ္စတာဘရောင်းမှာ နားမလည်၊ သဘော မပေါက် နိုင်သေးဘဲ ရှိသည်။ ဖရက်ဒီမာလင်က သူ သိနားလည်သရွေ့ ကြိုးစားပြီး ရှင်းလင်းသည်။ ပြင်ပကမ္ဘာလောက တွင် ရှိနေသော ဒုစရိုက်လုပ်ငန်း ပြုလုပ်သူများအနေဖြင့် အပြစ်မှ ကင်းလွတ်စေရန် အလို့ငှာ ရဟန်းတော်များက ကူညီ ထောက်ပံ့ပေးနေတာ ဖြစ်ကြောင်း ပြောပြသည်။ ဤ ရှင်းလင်းပြချက်များသည် မစ္စတာဘရောင်းအတွက် ဘာမှ မထူးခြား။ မစ္စတာဘရောင်းက မချိပြုံး ပြုံးပြီး ယခုလို ပြောလိုက်၏။

“သူ့ စိတ်ကူးကို ကျွန်တော် သဘောကျပါတယ်၊ ဒါပေမဲ့ ခေါင်းတလားကို ဖဲမွေ့ရာ သဘောမျိုးနဲ့ အိပ်ရတာ သိပ်ပြီးတော့ မသက်သာဘူးနော”

“ခေါင်း ဆိုတာက လူ့ဘဝရဲ့ နောက်ဆုံးကာလကို ဆင်ခြင်စရာပေါ့ ရှင်”

ပြောနေသည့် စကားများ တဖြည်းဖြည်း လေးအီ လာသည်။ စကားဝိုင်းက တဖြည်းဖြည်း ငြိမ်သက်သွားသည်။ နံဘေးရှိ ဧည့်သည်နှင့် မစ္စမာလင်တို့ တီးတိုး ပြောဆိုသံ သဲ့သဲ့ ထွက်ပေါ်လာသည်။

“အဲဒီ ရဟန်းတွေက သူတော်စင်တွေ၊ ဘာသာရေး သိပ် အလေးထားကြတာ”

လိမ္မော်သီး၊ သဖန်းသီး၊ ပန်းသီး စသည်ဖြင့်။ ပြီးတော့ ချော့ကလက်၊ သကြားလုံး၊ ချိုချဉ်များ.... အချိုပွဲများ စားပွဲခုံပေါ်သို့ တစ်ယောက်ချင်း လက်ဆင့်ကမ်း ပေးလိုက်ကြသည်။ မစ္စဂျူလီယာက ဧည့်သည်များကို ပို့ ဒါမှ မဟုတ် ရှယ်ရီ သောက်ကြပါရန် ဆော်သြလိုက်သည်။ မစ္စတာဘာတ်(လ)က နှစ်ခုစလုံး တစ်ခုမှ လက်မခံ။ သို့သော် သူ့နံဘေးရှိ ဧည့်သည်တစ်စုက တစ်ခုခုတော့ မှီဝဲပါရန် တိုက်တွန်းလိုက်သဖြင့် လက်ထဲမှ ဖန်ခွက်ကို ဖြည့်ထည့်ခိုင်းလိုက်သည်။ ဝိုင်များ ဖန်ခွက်ထဲ စီးဆင်းသွားသည်။ သည်နောက် စကားသံတွေ ရပ်တန့်သွားသည်။ ငြိမ်သက်ခြင်း၏ နောက်ပိုင်းတွင် ပုလင်းဖုံး ဖွင့်သံ၊ ကုလားထိုင် ရွှေ့သံများ။ မစ္စကိတ်တို့ အိမ်ရှင်သုံးယောက်စလုံး စားပွဲခင်းကို ငုံ့ကြည့်လိုက်ကြသည်။ ချောင်းဟန့်သံ နှစ်ကြိမ် သုံးကြိမ်ခန့်မျှ ကြားကြရသည်။ ယောက်ျားအချို့က စားပွဲခုံကို လက်ဖြင့် ပုတ်ကာ ငြိမ်သက် ကြရန် အချက်ပေးလိုက်ကြသည်။ အားလုံး တိတ်ဆိတ်ငြိမ်သက်သွားကြသည်။ တုတ်တုတ်ပင် မလှုပ်တော့။ ဂါဘရီယယ် က ကုလားထိုင်ကို နောက်ဘက် ရွှေ့လိုက်ပြီး မတ်တတ်ရပ်လိုက်သည်။

အားပေးချီးမြှောက်သည့် သဘောဖြင့် စားပွဲကို လက်နှင့်ပုတ်သံများ ပို၍ပို၍ ကျယ်လောင်စွာ ထွက်ပေါ်လျက်။ သည်နောက် အားလုံး တစ်ပြိုင်နက်တည်း ငြိမ်ကျသွားသည်။ စားပွဲခင်းပေါ်သို့ မိမိ၏ တုန်ရီနေသော လက်ချောင်း ကလေးများကို ဂါဘရီယယ် တင်ထားသည်။ စိတ်လှုပ်ရှားစွာဖြင့် ပရိသတ်ကို ပြုံးပြသည်။ တဖျတ်ဖျတ် ပြောင်းလဲ နေသော မျက်နှာများကို သူ တွေ့မြင်နေရသည်။ ဂါဘရီယယ် အကြည့်ကို မျက်နှာကျက်ရှိ မီးဆိုင်းဆီသို့ လွှဲလိုက်သည်။ ဝေါ့(ဇ်)တေးသွားကို စန္ဒရားဖြင့် တီးခတ်သံ ထွက်ပေါ်လျက်။ ဂါဝန်စနှင့် ကြမ်းပြင်ထိသံများ ထွက်ပေါ်လျက်။ အိမ်ပြင် ဘက်ရှိ လူများက ပြတင်းမှ လျှံထွက်နေသော အလင်းတန်းများကို လည်းကောင်း၊ တေးဂီတသံများကို လည်းကောင်း ရပ်ငေးနေကြ ရှာပေလိမ့်မည်။ ပြင်ပမှ လေသည် သန့်ရှင်းစင်ကြယ်သည်။ ခပ်လှမ်းလှမ်းတွင် ပန်းခြံ ရှိသည်။ သစ်ပင်၊ သစ်ကိုင်း၊ သစ်ခက်များပေါ်မှာ နှင်းတွေ ဖုံးလွှမ်းလျက်။ နှင်းတွေ ဖွေးဖွေးလှုပ်နေသော ဆယ့်ငါးဧကခန့် ကျယ်ဝန်းသည့် ပန်းခြံထဲမှာရှိသော ဝဲလင်တန်၏ ရုပ်တုသည်လည်း နှင်းတွေ ဖုံးလျက်။

ဂါဘရီယယ်က နှုတ်ခွန်းဆက်စကား ပြောလိုက်သည်။

“ဂုဏ်သရေရှိ အမျိုးကောင်းသမီးများနှင့် အမျိုးကောင်းသား အပေါင်းတို့ ခင်ဗျား။ ဟိုး ဟိုးက နှစ်တွေလိုပါ ပဲ၊ ဒီညမှာလည်း အလွန်တရာမှ နှစ်လိုဖွယ်ကောင်းတဲ့ တာဝန်တစ်ခု ထမ်းဆောင်ဖို့ တာဝန်ကျလာပြန်ပါပြီ။ ဒါပေမဲ့ ဒီတာဝန် ကို ထမ်းဆောင်ဖို့နေရာမှာ အခက်ခဲတစ်ခု ကြုံတွေ့နေရပါတယ်။ ဘာလဲဆိုတော့ မိန့်ခွန်းစကား ပြောကြားရမယ့် ကျွန်တော် ဟာ ခွန်အားသတ္တိနဲ့ မပြည့်စုံလို့ပါပဲ။ မိန့်ခွန်းမြွက်သူ တစ်ယောက်အနေနဲ့ အရည်အချင်း ချို့တဲ့ကြလို့ပါပဲ ခင်ဗျား”

“မဟုတ်ပါဘူး၊ မဟုတ်ပါဘူး”

ဟု မစ္စတာဘရောင်းက ပြောလိုက်သည်။

“ဒါပေမဲ့ ဘယ်လိုပဲ ဖြစ်နေပါစေ၊ ကျွန်တော် လူကြီးမင်းများကို တစ်ခုပဲ မေတ္တာရပ်ခံချင်ပါတယ်။ ယခုလို ညချမ်းမှာ ကျွန်တော်ပြောကြားမယ့် စကားတွေဟာ ကျွန်တော့်ရဲ့ ခံစားချက်ကို ထင်ဟပ်ထုတ်ဖော်တာ ဖြစ်တဲ့ အတွက်၊ ကျွန်တော် ပြောကြားတဲ့ စကားတွေကို အချိန် အနည်းငယ်ပေးပြီး စိတ်ဝင်တစားနဲ့ နားထောင်ပေးဖို့ ပါပဲ။

“အမျိုးကောင်းသမီးနဲ့ အမျိုးကောင်းသား အပေါင်းတို့၊ ခုလို နွေးထွေးချစ်ကြည်စွာနဲ့ အမိုးအကာ တစ်ခု အောက်မှာ စုစည်းခဲ့ကြတာ ခုအကြိမ်ဟာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ဧည့်သည်တော်တွေ အဖြစ်နဲ့ တက်ရောက်ခွင့် ကြုံရတာလည်း ခုအကြိမ်ဟာ ပထမဆုံးအကြိမ် မဟုတ်ခဲ့ပါဘူး။ ဂုဏ်သရေရှိ အမျိုးသမီးတွေရဲ့ နွေးထွေးပျူငှာမှု၊ အဲ သူတို့ရဲ့ သားကောင်အဖြစ်လို့ ပြောပါရစေ ခင်ဗျာ။ ဒါကလည်း ပထမဆုံးအကြိမ် မဟုတ်ခဲ့ပါဘူး ခင်ဗျာ”

ဂါဘရီယယ်က လက်ကို လေထဲမှာ စက်ဝိုင်း သဏ္ဌာန် ရေးပြသည်။ ခေတ္တခဏ ရပ်နားသည်။ မစ္စကိတ်၊ မစ္စ ဂျူလီယာနှင့် မေရီဂျိန်း၏ မျက်နှာပြင်တွင် ပီတိတွေ ဖြာလျက်။ ကြက်သွေးရောင် မျက်နှာပြင်။ ဧည့်ပရိသတ်များကလည်း ပြုံးလိုက်ကြသည်။ ဂါဘရီယယ်က အားတက်သွားပြီး ရဲဝံ့စွာ ဆက်ပြောသည်။

“ကျွန်တော့်အနေနဲ့ နှစ်စဉ်နှစ်တိုင်း ထပ်ခါတလဲလဲ ပြင်းပြင်းထန်ထန် သတိတရ ရှိနေတာကတော့ ကျွန်တော်တို့ တိုင်းပြည်မှာ ဂုဏ်ပြုချီးမြှောက်တာတွေ မရှိတာပါပဲ။ ဒါကလည်း ဘာကို ဖော်ပြနေသလဲဆိုတော့ ဧည့်ဝတ်ပျူငှာမှုကို တားမြစ်ပိတ်ပင်တဲ့ မစ္ဆေရ စိတ်ထားပါပဲ။ ကျွန်တော့် အတွေ့အကြုံအရ ဒီအစဉ်လာဟာ ထင်ရှားအားကောင်းနေကြောင်း သိရှိခဲ့ပါတယ်။ (ကျွန်တော် နိုင်ငံခြားတိုင်းပြည်တွေ အနည်းအကျဉ်းလောက်သာ ရောက်ဖူးသူ မဟုတ်ပါဘူး)။ ခေတ်မီ တိုးတက်တဲ့ နိုင်ငံတွေ ရောက်ဖူးတဲ့ အတွေ့အကြုံ အရပေါ့ ခင်ဗျား။ တချို့ကတော့ ပြောကြလိမ့်မယ်၊ ဒီလို ဂုဏ်ပြုချီးမြှင့် မှုတွေ မရှိတာဟာ ကြွားစရာ မဟုတ်ဘူး၊ ဒါ မအောင်မြင်မှုသာ ဖြစ်တယ်လို့။ ဖြစ်တယ်ပဲ ထားတော့၊ အဲဒါတွေကို အချိန် တော်တော်ကြာ ပြုစုပျိုးထောင်ကြရလိမ့်မယ်။ ကျွန်တော် ယုံကြည်ထားတဲ့ အချက်တွေထဲက တစ်ခုကတော့ ခိုင်ခိုင်မာမာ ရှိနေပါတယ်။ အဲဒါ ဘာလဲဆိုတော့ ခု ဒီမှာရှိနေတဲ့ အမျိုးကောင်းသမီးတွေရဲ့ နေအိမ် အမိုးအကာဟာ ဆက်လက် တည်ရှိနေသမျှ ကာလပတ်လုံး ကျွန်တော် ရှေ့ပိုင်းမှာ ပြောခဲ့သလိုပါပဲ၊ နောင်နှစ် နောင်နှစ်တွေမှာလည်း ခုလိုပဲ ဧည့်ခံ ကျွေးမွေးမှာပဲလို့ ကျွန်တော့် စိတ်ထဲမှာ ယုံကြည်ထားရှိနေတဲ့ အချက်ပါ။ ဒီအစဉ်အလာ က အင်မတန်မှ မွန်မြတ်တဲ့၊ ကောင်းမွန်တဲ့ အိုင်းရစ်တွေရဲ့ နွေးထွေးပျူငှာမှု၊ ဖော်ရွေမှုပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဘေးဘိုးတွေက လက်ဆင့်ကမ်း ပေးခဲ့တဲ့ အမွေအနှစ်ပါပဲ။ ဒီ အမွေအနှစ်၊ အစဉ်အလာတွေကို ကျွန်တော်တို့နဲ့ အတူ ရှိနေတဲ့ ကျွန်တော်တို့ရဲ့ သားစဉ် မြေးဆက်တွေဟာ ဆက်လက် သယ်ပိုးဝေငှ ပေးဆောင်ရမှာပဲ ဖြစ်ပါတယ်”

သဘောတူ လက်ခံသံများ ထွက်ပေါ်လာသည်။ မစ္စ အီဗော် ရှိမနေပါလား ဟူသော အတွေးစက ဂါဘရီယယ်၏ နှလုံးအိမ်ကို လာရောက်ထိမှန်သွားသည်။ မစ္စအီဗော် တစ်ယောက် ယဉ်ကျေးမှု ကင်းမဲ့စွာဖြင့် ဧည့်ခံပွဲ မပြီးခင် ထပြန် သွားခဲ့တာပါပဲ။ ဂါဘရီယယ် မိမိကိုယ်မိမိ ယုံကြည်စိတ်ချမှု အပြည့်အဝဖြင့် စကားကို ဆက်ပြောသည်။

“အမျိုးကောင်းသမီးနှင့် အမျိုးကောင်းသားအပေါင်းတို့ ခင်ဗျား၊ ကျွန်တော်တို့ မျက်မှောက်မှာပဲ မျိုးဆက်သစ် တစ်ခု ပေါ်ထွန်းလျက် ရှိပါတယ်။ အတွေးခေါ်သစ်တွေ၊ နည်းနာသစ်တွေကို နှစ်သက်မက်မော ဖက်တွယ်ထားကြတဲ့ မျိုးဆက်သစ်တွေပဲ ဖြစ်ပါတယ်။ ဒီ အတွေးသစ်၊ နည်းနာသစ်တွေဟာ လမ်းမှားကို ပို့ဆောင်နေတယ်ပဲ ထားပါဦး။ ဒီ အတွေးသစ်၊ နည်းလမ်းသစ်တွေကို မျိုးဆက်သစ် လူငယ်တွေဟာ ထက်သန်စွာနဲ့ ယုံကြည်သက်ဝင် နေကြတယ်လို့ ကျွန်တော် ယုံကြည်ထားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တစ်တွေဟာ ကုက္ကုစ္စတွေ၊ သံသယတွေနဲ့ နေကြရတဲ့လူတွေ ဖြစ်နေကြပါတယ်။ ကျွန်တော့်ကို စာပိုဒ်တစ်ပိုဒ် သုံးခွင့်ပြုကြပါ။ ဘာလဲဆိုတော့ တွေးခေါ်မြော်မြင်မှု ညှဉ်းပန်းနှိပ်စက် တဲ့ ခေတ်ကာလ ပါပဲ။ တစ်ခါတလေ ကျွန်တော်တောင် ကြောက်ရွံ့စိတ်တွေ ဝင်လာပါတယ်။ လူငယ်မျိုးဆက်သစ် တွေဟာ ပညာတတ်ပဲ ဖြစ်ဖြစ်၊ အလွန်ပညာတတ်သူပဲ ဖြစ်ဖြစ် သူတို့တွေအနေနဲ့ ခေတ်ဟောင်းမှာရှိတဲ့ လူသားဆန်မှု၊ ဖော်ရွေ ပျူငှာမှု၊ ကြင်နာစွာ ရယ်မောပျော်ရွှင်နိုင်မှုတွေ လျော့ပါးပျောက်ကွယ်သွားကြမှာ စိုးရိမ်ပါတယ်။ ဒီညမှာ ကျွန်တော် နားသောတ ဆင်ခဲ့ရတဲ့ ဟိုး ခေတ်ဟောင်း ခေတ်ကောင်းကာလက နာမည်ကျော်ကြားခဲ့တဲ့ အဆိုပညာရှင်တွေရဲ့ နာမည် တွေကို အောက်မေ့သတိရရင်း ကျွန်တော့် စိတ်ထဲမှာ တစ်ခုခု ခံစားနေရပါတယ်။ ကွယ်လွန်သွားရှာ ခဲ့ကြပြီးဖြစ်တဲ့ ပုဂ္ဂိုလ်တွေကို ကျွန်တော်တို့ နှလုံးသားထဲမှာ သတိတရ ရှိနေကြမယ်။ အဲဒီလို ကွယ်လွန်သွားရှာခဲ့ပြီ ဖြစ်ကြတဲ့ ပုဂ္ဂိုလ် တွေရဲ့ အမည်နာမဟာ ကမ္ဘာလောကကြီး ကနေ ဘယ်တော့မှ၊ ဘယ်သောအခါမှ သေဆုံးသွားမှာ၊ ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။ သေဆုံးပျောက်ကွယ်ဖို့လည်း လောကကြီးက ခွင့်ပြုမယ် မဟုတ်ပါဘူး”

“ဟုတ်တယ်၊ ဟုတ်တယ်”

မစ္စတာဘရောင်းက ကျယ်လောင်စွာ အော်ဟစ် ပြောဆိုလိုက်သည်။

“ဒါပေမဲ့ ခင်ဗျာ”

ဂါဘရီယယ် အသံက နူးညံ့သိမ်မွေ့သွားသည်။

“ခုလို တွေ့ဆုံပွဲတွေမှာ ကျွန်တော်တို့ရဲ့ နှလုံးသားထဲကို ဝမ်းနည်းဖွယ်ကောင်းတဲ့အတွေးတွေ တစ်ပတ်ကျော့လို့ ရောက်ရှိလာခဲ့ ပြန်ပါပြီ။ အဲဒါတွေကတော့ အတိတ် ကာလ ဖြစ်ရပ်တွေ၊ ငယ်နုစဉ်ကာလတွေ၊ ဖြစ်ပျက်ပြောင်းလဲမှုတွေ၊ ဒီညချမ်းမှာ မတွေ့ရ မမြင်ရတော့ပြီဖြစ်တဲ့ မျက်နှာပြင်တွေကို သတိတရ ရှိနေတာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဘဝရဲ့ လမ်းမှာ ဒီလို ကြေကွဲဖွယ်ကောင်းတဲ့ အမှတ်ရခြင်းတွေနဲ့ ပျံ့နှံ့လို့ နေပါတယ်။ ကျွန်တော်တို့ အသက်ရှင်နေခိုက်၊ အလုပ် တစ်ခုကို ရဲရဲဝံ့ဝံ့နဲ့ ရင်ဆိုင်ရဲတဲ့ သတ္တိ မရှိတဲ့ အခါမှာ စောစောက ဖော်ပြထားတဲ့ ပုဂ္ဂိုလ်တွေရဲ့ စိတ်ဓာတ်တွေကို အသိုက်မြုံထဲမှာ ရှိနေတဲ့ ငှက်ကလေးတွေကို စောင့်ရှောက် မွေးမြူထားသလို ကျွန်တော်တို့ မွေးမြူကြရပါမယ်။ ကျွန်တော်တို့ နေနေကြရတဲ့ အခိုက်အတန့်ကလေးမှာ တာဝန်ဝတ္တရားတွေ၊ လိုချင်တပ်မက်မှု လောဘတွေ၊ ရမ္မက် ဆန္ဒ တဏှာတွေနဲ့ အမြဲတမ်း ကြုံတွေ့နေကြရမှာပါ။ ဒီ လိုအပ်ချက်ဆန္ဒ မှန်သမျှဟာ မှန်ကန်တဲ့၊ တရားမျှတတဲ့ ဆန္ဒတွေ ချည်းပါပဲ။ ကျွန်တော်တို့ရဲ့ စွမ်းစွမ်းတမံ ဆောင်ရွက်ချက်တွေချည်းပါပဲ။

“ဒါကြောင့် ကျွန်တော် အတိတ်ကိုချည်း တမ်းတ မနေပါဘူး၊ ခုလို ညချမ်းချိန်ခါမှာလည်း မှုန်ဝါးတဲ့ ကျင့်ဝတ် နီတိတွေ ဖိစီးလွှမ်းမိုးခြင်းလည်း မခံပါဘူး။ ကျွန်တော်တို့ စုစည်း တွေ့ဆုံကြတာဟာ ကျွန်တော်တို့တစ်တွေ ကသုတ် ကရက်နဲ့ တွေ့ကြုံဖြေရှင်းရတဲ့ကိစ္စ ခဏတစ်ဖြုတ် ဖယ်ထားပြီး တွေ့ဆုံကြရတာပါ။ ကျွန်တော်တို့တစ်တွေ မိတ်သင်္ဂဟတွေ အဖြစ်နဲ့ တွေ့ဆုံကြတာ ဖြစ်ပါတယ်။ ရဲဘော်ရဲဘက် စိတ်ဓာတ်၊ မိတ်ဆွေဟောင်း ခင်ပွန်းကောင်းတွေ ဆိုတဲ့ ကောင်းမြတ်သော မနသီကာရနဲ့ ဆုံစည်းကြတာ ဖြစ်ပါတယ်။ တစ်စုံတစ်ခုသော အတိုင်းအတာထိတော့ ရဲဘော် နောက် စိတ်ဓာတ်နဲ့ တွေ့ကြတာပါပဲ။ ဧည့်သည်တော်ကြီးများ ကျွန်တော် ဘယ်လို နာမည်ပေး ကင်ပွန်းတပ်ရပါ့မလဲ။ ဒဗ္ဗလင် ဂီတ လောကရဲ့ ကျက်သရေမင်္ဂလာ သုံးဖြာနဲ့ ပတ်သက်လို့ပေါ့ဗျာ”

ဂါဘရီယယ်၏ ဥပမာစကားကို လက်ခုပ်လက်ဝါး တီး၍ အားပေးလိုက်ကြသည်။ ရယ်မောလိုက်ကြသည်။ မစ္စ ဂျူလီယာက နံဘေးမှာ ရှိနေသူကို ဂါဘရီယယ် ဘာတွေ ပြောနေတာလဲ ဟု မေးလိုက်လေသည်။

နံဘေးမှာ ရှိသော မေရီဂျိန်းက ယခုလို ပြန်ဖြေလိုက်သည်။

“ကျက်သရေမင်္ဂလာ သုံးဖြာလို့ ဂါဘရီယယ်က ပြောလိုက်တာလေ”

မစ္စဂျူလီယာ ဘာမှန်း သဘောမပေါက်။ သို့ပေမယ့် တူဖြစ်သူ ဂါဘရီယယ်မျက်နှာကို စေ့စေ့ကြည့်ပြီး ပြုံးလိုက် သည်။ ဂါဘရီယယ်ကတော့ သူ့ခံစားမှုနှင့်သူ ဆက်ပြောဆဲ။

“တခြား အခြေအနေ တစ်ခုမှာ ပါရီမှာ ပြုလုပ်တာမျိုးကို ယခုည ဒီမှာလုပ်ဖို့ ကျွန်တော် မကြိုးစားပါဘူး။ ဒီ အခြေအနေ နှစ်ခုထဲက တစ်ခုခု ရွေးဖို့လည်း မကြိုစားပါဘူး။ ဒီလို ရွေးချယ်တဲ့ လုပ်ငန်းဟာ မှန်ကန်ကောင်းမြတ်တယ် လို့လည်း မခံယူသလို ကျွန်တော်ကိုယ်တိုင်လည်း ဒီလိုလုပ်ဖို့ စွမ်းရည် မရှိလှပါဘူး။ ဒါနဲ့ပဲ ကျွန်တော်ဟာ ကိုယ့်နေရာ ဘက်ပဲ ကိုယ်ပြန်ကြည့်လိုက်တဲ့ အခါမတော့ ကျွန်တော်တို့ရဲ့ ပွဲတော်ကို ကျင်းပပေးတဲ့ အိမ်ရှင်ပေါ့ ခင်ဗျာ၊ သူက သဘောသက္ကာယ ကောင်းတယ်၊ စိတ်ထား ဖြောင့်မတ်တယ်၊ သူ့ကို သိတဲ့လူ မှန်သမျှက လေးစားမြတ်နိုးခြင်း ခံရသူ ဖြစ်တယ်။ ဒါမှမဟုတ် အဲဒီ အိမ်ကြီးရှင်ရဲ့ ညီမ ဆိုပါတော့၊ အသက်အရွယ် ထောက်လာပေမယ့် နုပျိုဆဲလို့ ဆိုရမယ့် မိန်းမသားတစ်ယောက် ပါပဲ။ သူ့အသံဟာ သိပ်ကို အံ့သြဖို့ ကောင်းတယ်။ တစ်ညလုံးကိုပဲ ကျွန်တော်တို့ကို ကယ်တင် လွတ်မြောက်သွားလောက်တဲ့ ခွန်အားရှိ ဂီတသံစဉ် သီဆိုဖျော်ဖြေပေးခဲ့သူလည်း ဖြစ်ပါတယ်။ ဒါမှမဟုတ် နောက် တစ်ယောက် ဆိုပါတော့၊ အိမ်ရှင်ထဲက အငယ်ဆုံး။ သူက အနုပညာဗီဇ ရှိတယ်၊ ကြိုးစားတယ်။ တူမတွေထဲမှာ အယဉ်ကျေးဆုံး၊ အသိမ်မွေ့ဆုံးလည်း ဖြစ်ပါတယ်။ အမျိုးကောင်း သမီးများနဲ့ အမျိုးကောင်းသား အပေါင်းတို့ခင်ဗျား၊ ဒီ သုံးယောက်ထဲမှာ ဘယ်သူ့ကို ဆု ရွေးချယ်ပေးရမယ် ဆိုတာ မသိကြောင်း ဝန်ခံရပါမယ်”

ဂါဘရီယယ်က အဒေါ်များကို ငုံ့ကြည့်လိုက်လေသည်။ မစ္စဂျူလီယာ၏ မျက်နှာပြင်၌ အားပါးတရပြုံးသော အပြုံးများ။ မစ္စကိတ် ပါးပြင်ပေါ်သို့ ပီတိမျက်ရည်များ စီးကျလျက်။ ဂါဘရီယယ် နီးကပ်စွာ တွေ့နေရလေသည်။ ဂါဘရီယယ် က လက်ထဲက ဖန်ခွက်ကို လေထဲ မြှောက်ပြသည်။ ကျန် ပရိသတ်များကလည်း လက်ထဲက ဖန်ခွက်များ ကို မြှောက်ပြရန် အသင့် ရှိနေကြသည်။ ဂါဘရီယယ်က လေသံမြှင့်လိုက်ပြီး-

“အိမ်ရှင်သုံးဦးအတွက် ကျွန်တော်တို့ ဆုတောင်း ပတ္ထနာ ပြုကြပါစို့။ လူကြီးသူမ သုံးယောက် အသက်ရှည် ကြောင်း၊ အနာမဲ့ကြောင်း၊ ကျန်းမာစေကြောင်း၊ ချမ်းသာစေကြောင်း ရည်ရွယ်ပြီး လည်းကောင်း၊ ဇာတိပုည ဂုဏ် မာနကို ဆက်လက် ထိန်းသိမ်းစောင့်ရှောက်ရန် အလို့ငှာ လည်းကောင်း၊ ကျွန်တော်တို့တစ်တွေ အားလုံးရဲ့ အသည်း နှလုံးမှာ ရှိနေတဲ့ ဂုဏ်သိက္ခာနဲ့ လေးစားမြတ်နိုးမှုများကို ရည်စူးပြီး လည်းကောင်း ယမကာများကို မှီဝဲသုံးဆောင် ကြပါစို့”

ဟု ပြောလိုက်သည်။

ဧည့်ပရိသတ်အပေါင်းက ပြိုင်တူ မတ်တတ်ရပ် လိုက်ကြသည်။ ဖန်ခွက် ကိုယ်စီကိုင်လျက်၊ မစ္စကိတ်တို့ သုံးယောက်သားဘက် မျက်နှာမူထားလျက်။ မစ္စတာ ဘရောင်းက ဦးဆောင်ပြီး တေးသီချင်းတစ်ပုဒ်ကို ပြိုင်တူ သီဆိုလိုက် ကြသည်။

“သူတို့အားလုံး ပျော်ပျော်နေတတ်တဲ့ လူတွေပါ။

သူတို့အားလုံး ပျော်ပျော်နေတတ်တဲ့ လူတွေပါ။

သူတို့အားလုံး ပျော်ပျော်နေတတ်တဲ့ လူတွေပါ။

ဒါ ဘယ်သူမှ ငြင်းနိုင်မယ် မထင်ပါ။”

မစ္စကိတ် ဟန်မဆောင်နိုင်တော့ဘဲ လက်ကိုင်ပဝါ ထုတ်ပြီး မျက်ရည်ကို သုတ်လျက်။ မစ္စဂျူလီယာလည်း စိတ်တင်း မထားနိုင်တော့။ ဖရက်ဒီမာလင်က ခက်ရင်းဖြင့် စားပွဲခုံကို စည်းချက်မှန်မှန် ခေါက်လျက်။ သီချင်းသီဆိုရင်း တစ်ယောက်မျက်နှာ တစ်ယောက် ပြိုင်တူကြည့်နေကြလျက်။ တေးသံသာ စည်းဝေးပွဲတစ်ခု ကျင်းပနေကြသည့်အလား၊ သူတို့ လေးလေးနက်နက် တေးသီချင်း သီဆိုကြလျက်။

“သူ မုသားစကား ပြောခဲ့ရင်တောင်မှလေ၊

သူ မုသားစကား ပြောခဲ့ရင်တောင်မှလေ”

ထို့နောက် အိမ်ရှင်သုံးဦးဘက် လှည့်ကြည့်ရင်း ပြိုင်တူ သီဆိုကြပြန်သည်။

“သူတို့အားလုံး ပျော်ပျော်နေတတ်တဲ့ လူတွေပါ၊

သူတို့အားလုံး ပျော်ပျော်နေတတ်တဲ့ လူတွေပါ၊

သူတို့အားလုံး ပျော်ပျော်နေတတ်တဲ့ လူတွေပါ၊

ဒါ ဘယ်သူမှ ငြင်းနိုင်မယ် မထင်ပါ။”

ခန်းမကျယ်ထဲက သံပြိုင်သီဆိုနေကြသည့် ဧည့်ပရိသတ်ကြီး၏ တေးသံသာသည် တံခါးပေါက်ကို ကျော်လွှားပြီး၊ လွန်စွာ ကျယ်ဝန်းသော ခန်းမထဲရှိ မြောက်မြားလှစွာသော ဧည့်ပရိသတ်ထံသို့ ကူးစက်သွားသည်။ ဧည့်သည်များ၏ နှုတ်ဖျားတွင် တေးသီချင်းကို ထပ်ခါတလဲလဲ ကျော့လျက်။ ဖရက်ဒီမာလင်ကလည်း ခေါင်သူကြီး ပုံစံဖြင့် ခက်ရင်းကို ဟန်ပါပါဖြင့် ဝှေ့ယမ်းပြလျက်။

Comments

Most Popular

ဖား - တော်ကောင်းမင်း

တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့်

ငြိမ်းတယ် ချမ်းတယ် မိုး - မင်းကျော်

နှင်းရိပ်ပြာ‌မှောင် - မောင်ရှင်စော

တစ္ဆေ - မင်းကျော် - Book Review

ရူးမူရာကာမိ - တိုကျိုကျဆုံးခန်း လက်ရွေးစင်ဝတ္ထုတိုများ - မိုးသက်ဟန်

စကားလက် သို့မဟုတ် လေရူးသုန်သုန် အဆက် - တင်မောင်မြင့်

ရွက်လှပန်း - မိုးမိုး(အင်းလျား)

မာန် - မောင်ထွန်းသူ - Book Review