“ရယ်မောခြင်းပေါင်းချုပ်” - မင်းလူ - Whisper Of Words Review

 

“ရယ်မောခြင်းပေါင်းချုပ်”

မင်းလူ

 

ဆရာမင်းလူရဲ့ “ရယ်မောခြင်းပေါင်းချုပ်” စာအုပ်ဟာ တကယ်တော့ ကျွန်တော်တို့ပတ်ဝန်းကျင်က လူတွေအကြောင်းကို ဟာသမျက်မှန်တပ်ပြီး ကြည့်ထားသလိုပါပဲ။ ‘ဌ’ ရပ်ကွက်နဲ့ ‘ဍ’ ရပ်ကွက်ဆိုတဲ့ ကပ်လျက်ရပ်ကွက်နှစ်ခုမှာ ဖြစ်ပျက်တတ်တဲ့ လူစုံ၊ စရိုက်စုံ အကြောင်းကို ဟာသနှောပြီး ရေးဖွဲ့ထားတာ တွေ့ရပါတယ်။ ဇာတ်လမ်းတွေက ဖတ်နေရင်းနဲ့ ကိုယ့်ဘေးအိမ်က လူတွေအကြောင်း ကြားနေရသလိုမျိုး ရင်းရင်းနှီးနှီး ရှိလှပါတယ်။

စာအုပ်ထဲက ဇာတ်ကောင်တွေဖြစ်တဲ့ ကိုကြီးငွေ၊ ကိုစာကလေး၊ မောင်ဝ၊ ရွှေကြည်၊ ဉာဏ်စိန် စတဲ့သူတွေဟာ ကျွန်တော်တို့ လက်ဖက်ရည်ဆိုင်သွားရင်ဖြစ်ဖြစ်၊ လမ်းထိပ်ထွက်ရင်ဖြစ်ဖြစ် အမြဲတွေ့နေရမယ့် လူမျိုးတွေပါပဲ။

နေရာတကာ သိပ္ပံနည်းကျသလိုလို၊ နည်းပညာဆန်သလိုလိုနဲ့ တတ်ယောင်ကားလုပ်ချင်တဲ့ ကိုကြီးငွေ နဲ့ သူ့ရဲ့ ငယ်နိုင်ပြိုင်ဘက် ကိုစာကလေး၊ သူတို့နှစ်ယောက်ဟာ ငယ်စဉ်ကတည်းက စာခိုးချတာကအစ၊ အချစ်ရေးကိစ္စနဲ့ ဘောလုံးပွဲတွေအထိ တစ်ယောက်ကိုတစ်ယောက် အလျော့မပေးဘဲ အမြဲတိုက်ခိုက်နေကြတာက လူ့သဘာဝရဲ့ မာနနဲ့ အားပြိုင်မှုကို ပေါ်လွင်စေပါတယ်။ အထူးသဖြင့် ကိုကြီးငွေက ဘုရားဂေါပကလုပ်ချင်လို့ မဲဆွယ်တဲ့အခါ အမေရိကန်သမ္မတတွေလို စကားစစ်ထိုးပွဲ (Debate) လုပ်မယ်ဆိုပြီး ဟန်ကြီးပန်ကြီးနဲ့ လုပ်ပုံတွေ၊ နားသယ်စပ်က ဆံပင်ဖြူကို ဒယ်အိုးဖင်က အိုးမဲနဲ့ ပွတ်ပြီး မိတ်ကပ်လိမ်းပုံတွေက ဖတ်ရင်းနဲ့ ပြုံးမိစေတာမျိုးပါ။

စာအုပ်ထဲမှာ အူကြောင်ကြောင်နိုင်တဲ့ ‘အ’ ကွက်လေးတွေနဲ့ အနှစ်သက်ဆုံး ဟာသဇာတ်ကောင်ကတော့ လှထုံ ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ထုံအပုံကတော့ တစ်ခါတစ်ခါ ဆရာဝန်တောင် အူလည်လည်ဖြစ်သွားရတဲ့အထိပါပဲ။ တစ်ခါက သူ့ယောက်ျား ကျော်ကွန့်အတွက် ဖိနပ်သွားဝယ်တာ၊ ညာဘက်ဖိနပ်တစ်ဖက်ကို စာရွက်ပေါ်တင် အနားသတ်မျဉ်းဆွဲပြီး အတိုင်းယူသွားပါတယ်။ ဆိုင်ရောက်တော့ ဖိနပ်ပုံစံနဲ့ အံကျဖြစ်မဖြစ် လိုက်တိုင်းကြည့်တာ တစ်စုံမှ အံမကျဖြစ်ဘူးဆိုပြီး ပြန်လာခဲ့တယ်။ အကြောင်းကတော့ သူယူတိုင်းတဲ့ ဖိနပ်တွေက ဘယ်ဘက်တွေချည်းဖြစ်နေလို့ပါ။ ဒါတင်မကသေးဘဲ သူ့မှာ အတိတ်မေ့ရောဂါရနေပြီထင်လို့ဆိုပြီး ယောက်ျားဖြစ်သူကို ခေါင်းကို တုတ်နဲ့ တစ်ချက်လောက် ရိုက်ပေးဖို့ ပူဆာတာမျိုးတွေက လှထုံရဲ့ ထူးခြားတဲ့ စရိုက်ကို ပေါ်လွင်စေပါတယ်။

နောက်ထပ် ဖတ်ရတာက ဉာဏ်စိန် ရဲ့ အလွန်အမင်း အားနာတတ်တဲ့ အလွဲလေးတွေပါပဲ။ ဘတ်စ်ကားပေါ်မှာ သူ့အိတ်ထဲက ပိုက်ဆံကို လာနှိုက်တဲ့ ခါးပိုက်နှိုက်ကို မိတာတောင် ‘မလုပ်ပါနဲ့ဗျာ၊ အချင်းချင်းတွေပဲဟာ’ လို့ သွားပြောမိတာမျိုးပါ။ သူက ခရီးသည်အချင်းချင်းလို့ ဆိုလိုတာကို ခါးပိုက်နှိုက်က သူ့ကို လုပ်ဖော်ကိုင်ဖက် ခါးပိုက်နှိုက်အချင်းချင်း ထင်သွားပြီး ‘ကားထဲမှာ အချဉ်တစ်ယောက်ရှိတယ်ကွ မင်းနဲ့ငါ ပေါင်းလုပ်ရအောင်’ ဆိုပြီး ဆွယ်တာခံရတဲ့ အကွက်မျိုးက တကယ့်ကို သဘာဝကျကျ ရယ်မိစေပါတယ်။

အိမ်သာကျင်း ပြန်ဖော်တဲ့ ပုရစ် ဆိုတဲ့ လူကို အားနာလို့ အရက်ဝယ်တိုက်မိရာကနေ နောက်ဆုံးမှာ ပုရစ်က သရက်ပင်အောက်မှာ အရက်မူးကာ ဇိမ်ခံနေပြီး ဉာဏ်စိန်က ထုံးမှုန့်တွေပေကျံပြီး အိမ်သာကျင်းထဲက ချေးပုံတွေပေါ် ထုံးလိုက်ဖြူးနေရတဲ့ မြင်ကွင်းမျိုးကလည်း ဖတ်ရင်းနဲ့ မျက်စိထဲ မြင်ယောင်လာလို့ တခစ်ခစ် ရယ်မိပါသေးတယ်။

ဘောလုံးပွဲ အခန်းတွေမှာလည်း ဉာဏ်စိန်က ဂိုးသမားလုပ်ရင်း လေထဲခုန်ပျံပြီး ဘောလုံးကို ဟန်ပါပါဖမ်း၊ တစ်ပတ်ကျွမ်းထိုးပြီးမှ ကန်တင်လိုက်တာ၊ ဘောလုံးက ရှေ့တန်းမရောက်ဘဲ နောက်တန်းလူရဲ့ နောက်စေ့ကို သွားမှန်ပြီး ကိုယ့်ဂိုးထဲကိုယ် ပြန်ဝင်သွားတာမျိုးတွေ၊ ဘောလုံးကို ဒိုင်ဗင်ထိုးဖမ်းလိုက်ပေမယ့် လက်ထဲပါလာတာက ဘောလုံးမဟုတ်ဘဲ တစ်ဖက်လူရဲ့ ဖိနပ်ဖြစ်နေတာမျိုးတွေက ဆရာမင်းလူရဲ့ ဟာသဉာဏ်ကို ပေါ်လွင်စေပါတယ်။

ဒီစာအုပ်ဟာ ဖတ်နေရင်းနဲ့ အားရပါးရ ရယ်နေရတာမျိုးထက် ဇာတ်ကောင်တွေရဲ့ ပြောဆိုပြုမူပုံလေးတွေကို ကြည့်ပြီး "အေး ဟုတ်သားပဲ၊ ငါတို့ဆီမှာလည်း ဒီလိုပဲ" ဆိုတဲ့ အသိမျိုးနဲ့ ခေါင်းတညိတ်ညိတ် ဖြစ်စေမယ့် စာအုပ်မျိုးပါ။

ရပ်ကွက်ထဲက ကောလာဟလတွေ၊ အယူသီးမှုတွေနဲ့ လူမှုရေးပြဿနာတွေကို ဆရာမင်းလူက သရော်စာဆန်ဆန် ဖန်တီးထားတာမို့ စာမျက်နှာတိုင်းမှာ ပေါ့ပေါ့ပါးပါးနဲ့ စီးမျောသွားလို့ ရပါတယ်။ လူ့စရိုက်ကို အရှိကိုအရှိအတိုင်း ခံစားချင်သူတွေအတွက်တော့ လက်မလွတ်သင့်တဲ့ စာအုပ်တစ်အုပ်ပါပဲ။

Review By Whisper Of Words

Epub Kfx Coming Soon


Comments

Most Popular

ဖား - တော်ကောင်းမင်း

တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့်

ငြိမ်းတယ် ချမ်းတယ် မိုး - မင်းကျော်

နှင်းရိပ်ပြာ‌မှောင် - မောင်ရှင်စော

တစ္ဆေ - မင်းကျော် - Book Review

ရူးမူရာကာမိ - တိုကျိုကျဆုံးခန်း လက်ရွေးစင်ဝတ္ထုတိုများ - မိုးသက်ဟန်

စကားလက် သို့မဟုတ် လေရူးသုန်သုန် အဆက် - တင်မောင်မြင့်

ရွက်လှပန်း - မိုးမိုး(အင်းလျား)

မာန် - မောင်ထွန်းသူ - Book Review