လူလိမ် - သန်းတင့်
လူလိမ်
ထိုသို့ဖြင့် ငါးနှစ်တစ်ခါ ခြောက်နှစ်တစ်ခါ ကျွန်တော် ခဏ ခဏ အလိမ်ခံခဲ့ရဖူးသည်။ အလိမ်ခံရပြီးကာစ သတိထားမှပါလေဟု အသိသတိကြိုးလေး တင်းနေသမျှတော့ ပွတ်ကာသီကာ ရှောင်၍ လွတ်ခဲ့တာတွေလည်း ရှိသည်။ ကြာသွားတော့လည်း အရင် ခံခဲ့ရသည်များကို မေ့မေ့ လျော့လျော့ ဖြစ်နေချိန်မျိုးတွင် ထပ်ခံရပြန်သည်။ ထိုသံသရာမှ ဘယ်တော့ လွတ်မည် မသိ။ သိသိချည်းနဲ့ရော၊ အယုံလွယ်မိ၍ရော၊ အားနာတတ် သနားတတ်လို့ရော လိမ်နည်းပေါင်း စုံလင်စွာ၊ လူအမျိုးအစားပေါင်း စုံ လင်စွာဖြင့် ကျွန်တော့်ဘဝက မြိုင်ဆိုင်လွန်းလှသည်။
ကျွန်တော်နှင့်မစိမ်းသော နယ်မြို့ကြီးတစ်မြို့တွင် စီးနေကျ ဆိုက်ကားသမားလေး တစ်ယောက် ရှိသည်။ တခြား စီးစရာများကို သူငယ်ချင်း မိတ်ဆွေတချို့က ပေးထားသော်လည်း ကျွန်တော် မယူဖြစ်။ ကျွန်တော် တည်းခိုနေသော မြို့လယ်နေရာနှင့် အလုပ်ရှိရာ မြို့ပြင် ဆိပ်ကမ်းက အတော်ကို ဝေးပါသည်။ ထိုသို့ဖြင့် ကျွန်တော့်ကို အကြိုအပို့ လုပ်ရန် သူ့ ဆိုက်ကားကိုပင် အသုံးပြုခဲ့သည်။ သူကလည်း ကျွန်တော့်လို စာသမား ပေသမား သီချင်းသမား ဖြစ်၍ ခင်မင်မိခဲ့သည့်အပြင် ကူညီချင်သည့် စိတ်ကြောင့်လည်း အလုပ်တစ်ခု ပေးဖြစ်ခဲ့ခြင်း ဖြစ်သည်။ သူကိုယ်တိုင်ရော သူ့အမျိုးသမီးနှင့် ကလေးကပါ ကျွန်တော့်ကို လေးလေးစားစား အားကိုးကြသည်။ ကျွန်တော့်အလုပ်နှင့် အနီးအနား ရပ်ကွက်မှာပင် သူတို့မိသားစု နေထိုင်ကြပါသည်။
သူ့အတွေး သူ့စိတ်နေသဘောထားနှင့် သူ့ခံစားနားလည်တတ်ပုံများ ကို ကျွန်တော် သဘောကျ ခင်တွယ်မိနေတတ်သည်။ ကျွန်တော့် အသိမိတ်ဆွေများနှင့်ပင် မိတ်ဆက်ပေး၍ အရေးအရာသွင်း တန်းမြှင့်ပေးခဲ့ဖူး ပါသည်။ ကျွန်တော် ကာလရှည် တည်းခိုနေတတ်သော နေရာသို့ နိုင်ငံခြားသား ဧည့်သည်များလည်း ပုံမှန်လာရောက် တည်းခိုတတ်တာတွေ ရှိသည်။ ထိုအထဲတွင်မှ အချို့နှင့် ကျွန်တော် တော်တော်ခင်မင်ရင်းနှီး ဖြစ်ပါသည်။ အချို့က ဂျပန်နိုင်ငံ ဖီဂျီစီရင်စုမှ စာကြည့်တိုက်ဝန်ထမ်း အရာရှိတစ်ဦး ဖြစ်ပြီး ကျွန်တော့်ကို ဗမာဟိုက္ကူကဗျာတွေ ခဏခဏ ရေးခိုင်းနေတတ်သူလည်း ဖြစ်ပါသည်။ ကျွန်တော်က ဗမာလိုရေးပြီး စာတစ်လုံးချင်း၏ အဓိပ္ပာယ်ကို ခုနက ဆိုက်ကားသမားလေးနှင့်အတူတူ မီးကျိုးမောင်းပျက် အင်္ဂလိပ်စကားလေးများနှင့် ပြန်ရှင်းပြသည့်အခါ အချို့က ဂျပန်စာဖြင့် ဘာသာပြန်ပါသည်။
ကျွန်တော်တို့သုံးယောက် တတွဲတွဲဖြင့် သွားရင်းလာရင်း လက်တန်း စပ်ဆိုထားသော ဆိုက်ကားပေါ်မှ ဟိုက္ကူကဗျာများဟု ဆိုရပါမည်။ ဗမာ - အင်္ဂလိပ် - ဂျပန် သုံးဘာသာဖြင့် ဘာသာပြန် ထားသော ကျွန်တော့် ပေါတောတော ကဗျာများကို အချို့က ငါ့စာကြည့်တိုက်ထဲမှာ ချိတ်ထား မယ်ကွာဟုဆိုပြီး အမြတ်တနိုး ဂျပန်သို့ ပြန်ယူသွားခဲ့သည့်အခါ ကျွန်တော်တို့ ဗမာနှစ်ယောက်မှာ မိုးမမြင် လေမမြင်အောင်ပင် ဖြစ်ရသည်။ ကောက်ရိုးနွယ် ဆိုသည့် ခေါင်းစဉ်ဖြင့် “တိမ်ဖြတ်စလက်ကျန်၊ ဆောင်းဦးနွေယောင် ဥဩဆန်၊ ပန်းထိုက်နဲ့ ပန်းကံ' ဟူသော ကဗျာတစ်ပုဒ်ကိုတော့ ခုထိတိုင် ကျွန်တော် မှတ်မိနေသေးသည်။ ကျန်တာတွေတော့ မေ့ကုန်ပါပြီ။
အချို့ပြန်သွားပြီး လပိုင်းလောက်အကြာတွင် ဖြစ်သည်။ ကျွန်တော်က ငွေကြေးပေးချေစရာ ကိစ္စရှိလျှင် ဘဏ်နှင့် ဟွန်ဒီငွေလွှဲလုပ်ငန်းများ ရှိရာ မြို့ထဲသို့ ပြန်၍ ငွေ ခဏခဏထုတ်ရသည်။ တစ်ရက် ကျွန်တော် ငွေထုတ်ရန် ထိုဆိုက်ကားဖြင့်ပင် လာ၍ ပေးရမည့်သူများထံသို့ သူ့ကို ပေးခိုင်းလိုက်မိသည်။ မြို့ပြင်က ကျွန်တော့်အလုပ်တွင် မယ်မယ်ရရလုပ်စရာ မရှိတော့သည်က တစ်ကြောင်း၊ မြို့ထဲတွင် တချို့ကိစ္စလေးများ လုပ်စရာရှိသည်က တစ်ကြောင်း၊ သူဖြစ်နေသည်မို့လို့လည်း တစ်ကြောင်း ကျွန်တော့် မှာ ပူပန်မှုမရှိ။ ထိုနေ့ကစပြီး ကျွန်တော့်ငွေကြေး တော်တော်များများနှင့် ထိုမြို့ ထိုဒေသ ကျွန်တော့်ပတ်ဝန်းကျင် မှ ထိုဆိုက်ကားသမားလေးတို့ တစ်မိသားစုလုံး ပျောက်သွားခဲ့သည်မှာ ဒီနေ့အထိပင် ဖြစ်သည်။
ရက်ပိုင်းပင်ခြား၍ ကျွန်တော်တည်းခိုရာ ဟော်တယ်သို့ ကျွန်တော့်နာမည် တပ်ထားသော ပါဆယ် တစ်ထုပ်နှင့် စာတစ်စောင် ရောက်လာခဲ့ပါသည်။ ပါဆယ်ထုပ်တွင် ကျွန်တော့်အတွက် လက်ဆောင်တချို့နှင့် ဆိုက်ကားသမားလေးအတွက် တချို့ပါဝင်ပြီး ဂျပန်ပြည်မှ အချို့ ထည့်ပေးလိုက်တာဖြစ်သည်။ စာထဲတွင်တော့ ကျွန်တော်လာဖြစ်ခဲ့လျှင် မင့်တို့ငါတို့ရဲ့ ချစ်စရာ ပတ်တနာလေးကိုပါ ခေါ်လာဖြစ်အောင် ခေါ်လာစေချင်ကြောင်း အောက်ဆုံးစာကြောင်းတွင် မျဉ်းသား၍ပင် မှတ်မှတ်ရရ ရေးထားပါသေးသည်။ အချို့ထံသို့ ဘာအကြောင်းမှ ပြန်စာ မရေးခဲ့ဖြစ်ပါ။ သူ့စာကြည့်တိုက်ထဲမှ သူကပ်ထားမည့် ကဗျာများကို ကျွန်တော် ရှက်ရွံ့ အားနာမိပါသည်။
ထိုသို့ဖြင့် ကျွန်တော့် အသိသတိကြိုးတို့ကို ပြန်တင်းမိပြန်သဖြင့် အေးရာအေးကြောင်း လေးငါးခြောက်နှစ်ကြာ အပြီး ကြိုးကလည်း လျော့ လာပြန်သည်။ တစ်ခါကလည်း မင်္ဂလာဆောင်ရန် ပိုက်ဆံ မရှိသဖြင့် ကျွန်တော် ထုတ်ပေးခဲ့ဖူးသူ တစ်ယောက် ရှိခဲ့ပါသည်။ လူရှေ့သူရှေ့၊ သတို့သမီး၏ မိဘများရှေ့တွင် မျက်နှာငယ်နေရကြောင်း၊ ပွဲပြီးသည်နှင့် ချက်ချင်း လက်ဖွဲ့ငွေမှ ပြန်ဆပ်မည် ဖြစ်ကြောင်း ရှိခိုးဦးတင် ပြောခဲ့သဖြင့် မင်္ဂလာကိစ္စ ကုန်ကျနိုင်မည့် စရိတ်ကို ခန့်မှန်းတိုင်ပင်၍ လွှဲပေးလိုက်ဖူးသည်။ သားဦး သမီးဦးပင် ရနေပြီဖြစ်သော ဒီနေ့ ဒီအချိန်အထိ တစ်ပြားတစ်ချပ်မှ ပြန်မရခဲ့တော့ပါ။ ငယ်ငယ်ကပင် သူ့ကို ကျွန်တော် ခင်တွယ်သည်။ ဒီပြဿနာ ဖြစ်ပြီးသည့်နောက် ငွေကြေးကိစ္စမဟုတ်ဘဲ သူနှင့်တွေ့ချင် စကားပြောချင် အခင်မင်မပျက် ဆက်လက် နေချင်မိသော်လည်း သူက လုံးဝ အတွေ့မခံတော့ဘဲ ယခုအထိကို ရှောင်ထွက်သွားခဲ့သည်။
ကျွန်တော့်ဇာတိ ဂေါ်ရန်ဂျီကျွန်းမှ ဥယျာဉ်များကိုပင် အပ်နှံထားသူ တချို့မှ ဟိုဘက်ဖြတ်ရောင်း ဒီဘက်ဖြတ်ရောင်း၍ ခြေရာဖျောက်သွားတာ မျိုးလည်း ကြုံခဲ့ရဖူးသည်။ ဝယ်သူကိုယ်တိုင် ကျွန်တော်ပိုင် မြေမှန်းသိသည့် အပြင်၊ သူကိုယ်တိုင်ကပင် ဆွေမကင်း မျိုးမကင်းသည့် သူဌေးပေါက်စ။ ကျွန်တော် ပြဿနာတစ်ခုခု ရှာတော့မည်ဟု သိသောအခါ ဖုန်းလှမ်းဆက်လာပုံက ချစ်စရာပင် ကောင်းနေသေး တော့သည်။ “သူခိုးလက်ခံဆိုရင် ကျွန်တော့် ပတ်ဝန်းကျင်မှာ ရှက်စရာကောင်း သိက္ခာလည်း ကျတော့မှာပေါ့ အစ်ကိုရာ ညီ့ကို ငဲ့ညှာပါဦး” ဟူ၍ ဖြစ်သည်။ သူရှက်တတ်ပုံက တစ်မျိုးလေး ဖြစ်နေသည်မို့ စတော်ဘယ်ရီရောင် ရေခဲပန်းပုငှက်ကလေး၏ အရှက်ဟု ကျွန်တော် မှတ်တမ်းတင်ထားလိုက်ပါသည်။ ဘာအဓိပ္ပာယ်လဲဟု ကျွန်တော်လည်း မသိ။ ထိုစကားကို ပြောခဲ့သူ မောင်ချောနွယ် ကိုယ်တိုင်လည်း မသိပါတဲ့။ ထိုသို့ အရောင်အသွေး စုံလင်စွာ ဖူးပွင့်ဝေဆာနေသော လိမ်နည်းပေါင်းစုံ ပန်းခင်းကြီးထဲဝယ် ကျွန်တော့်ခမျာ ပျားပိတုန်းလေးလို၊ လိပ်ပြာလေးလို လှပတင့်တယ်စွာ တဝဲလည်လည်။ ကြီးကြီးကျယ်ကျယ် အလိမ်ခံခဲ့ရသည့် အကြောင်းကိုလည်း ဂုဏ်ယူကျေနပ်စွာ တင်ဆက်ချင်ပါသေးသည်။ ကျွန်တော် ပင်လယ်လုပ်ငန်း ရေထွက်ပစ္စည်း ဝယ်ယူရေး လုပ်ကိုင်နေစဉ်က အဝယ်တော် နိုင်ငံခြားသား တစ်ယောက်နှင့် အရောင်းအဝယ် အရရော သူငယ်ချင်းလိုရော ရင်းနှီးဖြစ်ခဲ့ဖူးသည်။ သူက နိုင်ငံခြားတိုင်းပြည်ကြီး တစ်ခုမှ သင်္ဘောဖေါက်ကျင်း အင်ဂျင်နီတစ်ယောက်ဖြစ်ပြီး ပညာရော အဆင့်အတန်းရော ရုပ်ရည် သိမ်မွေ့မှုရော အတော်ပင် အဆင့်အတန်းမြင့်သူ ဖြစ်သည်။ ကျွန်တော့်ကြိုး အလျော့တွင်တော့ ကျွန်တော်ရောင်းထားသော ကုန်ဖိုးငွေ အတော်များများကို လိမ်ပါတော့သည်။
သူ့ပတ်စ်ပို့ကို ကျွန်တော့်ထံ အပ်နှံ၍ မင်းကဒါတောင် မယုံဘူးလား ကွာ၊ ကုန်နည်းနည်းထပ်ပေးပါ အရင်ကြွေးတွေပါ တစ်ခါတည်း ဆပ်ပါ့မယ် ဆိုသဖြင့် ကျွန်တော့်ခမျာ လိုက်ပွဲရော အတို့အမြှုပ်ရော အချိုတည်းစရာ ထန်းလျက်ခဲလေးထိပင် ပါသွားခဲ့ရဖူးသည်။
ပတ်စ်ပို့ကြီး ကျန်ခဲ့တာပဲ၊ ဘာကြောက်စရာရှိလို့လဲ ဟု အားကိုးတကြီး ဟိုရုံးကို သွားပြ၊ ဒီရုံးကို အကူ အညီတောင်းဖြင့် ကျွန်တော် အတော်အတန် အစွမ်းအစပြ၍ လှုပ်ရှားပြလိုက်သည့်အခါ ထူးခြားမှုတော့ ရှိလာခဲ့ပါသည်။ နိုင်ငံခြားသားတစ်ယောက်၏ ပတ်စ်ပို့ကို တရားမဝင် ကိုင်ဆောင်ထားသော အမှုဖြင့် ရန်ကုန်လေဆိပ် အနီး မင်္ဂလာဒုံရဲစခန်းသို့ ရဲအစောင့်အရှောက်ဖြင့်ပင် ကျွန်တော် ရောက်သွားပါတော့သည်။
ထိုအဖြစ်ထဲမှ ဂုဏ်ယူစရာအကောင်းဆုံးမှာ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်ကြီး၏ ဝါဏိဇ္ဇခုံရုံး (ငွေကြေးဆိုင်ရာ အရပ်ဘက် ပဋိပက္ခဖြေရှင်း ရေးခုံရုံး)သည် ကျွန်တော့်အမှုကြောင့် စတင်ဖွဲ့ခဲ့ရတာဖြစ်ပြီး ယခုအထိ လည်ပတ်လှုပ်ရှားနေဆဲဟု သတင်းကြားရသည်။ ထိုခုံရုံး၏ အဖွဲ့ဝင်များမှာ ထိုစဉ်ကရော ခုထိရော ထိတ်ထိတ်ကြဲ နိုင်ငံကျော်များမို့ နာမည်တော့ ထည့်မရေးချင်တော့ပါ။ သူတို့ ကျွန်တော့်ကို အများကြီး ကူညီ ပံ့ပိုးပေးခဲ့သော်လည်း ပိုက်ဆံတစ်ပြားမှ ပြန်မရသည့်အပြင် ရဲစခန်းကပင် ကိုယ့်အိမ် ကိုယ်ယာကို ရောက်အောင် မနည်းပြန်လာခဲ့ရပါသည်။
တဖြည်းဖြည်း ကျွန်တော် လူရည်လည်လာခဲ့ပါပြီ။ တော်ရုံတန်ရုံ လည်သည်တော့ မဟုတ်။ မွှတ်နေအောင်ပင် လည်ပတ်ခဲ့ပါပြီ။ ဒဿနတစ်ခုကိုလည်း ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ခဲ့သည်။ “ငါ သူများ အလိမ်တော့ ဘယ်တော့မှ မခံတော့ဘူး၊ လိမ်စရာရှိရင် ငါကပဲ သူများကို လိမ်တော့မယ်” ဟူ၍ လှလှပပ ဒဿနလေးတစ်ခုကို တည်ဆောက်ထားလိုက်သည်။ ထိုသို့ဖြင့် လိမ်စရာ လူကို ရှာနေခဲ့မိသည်။ မုဆိုးအဖြစ် လေးတစ်လက် မြားပလိုင်း တစ်ဖက်နှင့် တစ်တောဝင် တစ်တောင်ထွက် သားကောင် ရှာနေမိသည်။
ကျွန်တော့်သားကောင်ကို တွေ့သည့်နေ့က အေးချမ်းသာယာသော ဆောင်းရက်တစ်ရက်မှာ ဖြစ်ပါသည်။ အမှတ်မထင် တွေ့ရှိခဲ့တာလည်း ဖြစ်သည်။ တောနယ်ဘက်မှ မျက်စိဝေဒနာရှင်များကို ကုသိုလ်ဖြစ် ခွဲစိတ်ကုသပေးရန် ရွှေပြည်ဟိန်းဆရာတော် (ရန်ကင်း၊ ရွှေပြည်ဟိန်း ကုသိုလ်ဖြစ် မျက်စိဆေးရုံ)နှင့် ကျွန်တော် စီစဉ်နေဖြစ်သည်။ ထိုနယ်ထိုဒေသကို ကျွန်တော်က ကျွမ်းကျင်သဖြင့် ရှေ့ပြေးဆင်းသွားရန် ဆရာတော်က လွှတ်ပါသည်။ ကျွန်တော် ရောက်သွားသည့်အခါ ဒေသခံ နာရေးကူညီမှုအသင်းများ၊ တခြားပါဝင်နိုင်သူများ၊ ငွေကြေးအလှူ ထည့်ဝင်ကြမည့်သူများနှင့် အစည်းဝေး အထပ်ထပ် လုပ်ရပါသည်။ ဆရာတော်များ၊ ဆရာဝန်ကြီးများ၊ လူနာများ၊ တခြား ဧည့်သည်များ နေရန် စားရန် အထပ်အထပ် ပြင်ဆင်ရပြန်သည်။ ငွေကြေးနှင့် တခြား အကူအညီ လိုအပ်ချက်များလည်း အလွန် များပါသည်။
အစည်းအဝေးတစ်ခု အပြီးတွင် လူအုပ်ထဲမှ ကျွန်တော့်ကို လူတစ်ယောက်က လက်ဆွဲ၍ အပြင်သို့ ခေါ်ထုတ်သွားခဲ့သည်။ အရင်ထဲက အလွန်ရင်းနှီးပြီး အဖေအရွယ် ဦးလေးအရွယ်မို့ ဦးဦးဟုပင် ကျွန်တော်က ခေါ်ပါသည်။ စိတ်ကောင်း နှလုံးကောင်းရှိပြီး ကျွေးတတ်မွေးတတ် မတွန့်တိုတတ်သူ ဖြစ်မှန်း ကျွန်တော် ကောင်းကောင်း သိသည်။ ယခုပွဲမှ လိုအပ်ချက်များကို ကူညီချင်သော်လည်း သူမပြေလည်ကြောင်း၊ ကျွန်တော့်ကိုလည်း ကျေးဇူးတင်ကြောင်းဖြင့် ပြောရှာသည်။ ထို့နောက် သူ့အနွေးထည် အိတ်ထဲမှ မှတ်စုစာအုပ် သေးသေးလေးကို ထုတ်၍ ဖုန်းနံပါတ်တစ်ခုကို ကျွန်တော့်အား ကူးယူစေပါသည်။ ထိုဖုန်းနံပါတ်အပေါ်တွင် သားလေး ဟု မှတ်ထားသည်ကိုတွေ့မှ ကျွန်တော် သဘောပေါက်သွားရသည်။ သူ့ သားက ရာထူးတော်တော်ကြီးကြီးဖြင့် တော်တော်အရာရောက်သော နေရာမှာ တာဝန်ကျနေသည်ကို ကျွန်တော်လည်း သတင်းကြားထားပြီးဖြစ်သည်။ မင်း ဖုန်းဆက်ဖြစ်အောင်ဆက်ကွာ၊ ငါကမှာတယ်လို့လည်း ပြောပါ၊ မင်းတို့ လူရင်းတွေပဲဟာဟု အထပ်ထပ် မှာနေခဲ့သည်။ သူတို့သားအဖတွေ ကျွန်တော့်အိမ်မှာပင် တည်းခို၍ စာမေးပွဲဖြေရန်၊ သင်တန်းတက်ရန် သွားခဲ့ လာခဲ့သည်များလည်း ရှိခဲ့ဖူးပါသည်။ ကျွန်တော်လည်း ဆက်သွယ်ပါမည့် အကြောင်း၊ အားတက်ရကြောင်း ပြောပြီးသည့်နောက် ထိုဖုန်းနံပါတ်ကို တခြား ဘယ်သူ့ကိုမှ မပေးရန်မှာပြီး သူ့အဖော်တစ်သိုက်နှင့် သူတို့ သွားနေကျ သေရည်ဌာနေတစ်ခုသို့ ထွက်သွားပါသည်။ သူ အသောက်အစား များနေတာရော ကျန်းမာရေး ချို့ယွင်းနေတာရော သတင်းတွေ ကြားထား ပြီးပါပြီ။ ပို၍ဆိုးသည့် သတင်းက အဆင့်ခပ်မြင့်မြင့် မိသားစု၏ သားမက် ဖြစ်နေပြီဖြစ်သော သူ့သား၏ မင်္ဂလာဆောင်ကိုပင် မိဘတွေ တက်ရောက်ခွင့် မရလိုက်ကြောင်း ကျွန်တော် ကြားခဲ့ဖူးပါသည်။ ဒီလောက် လက်ကိုင်ဖုန်းတွေ ပလူပျံနေသော ခေတ်ဝယ် ဖုန်းလေးတစ်လုံးပင် မရှိရှာဘဲ ဖုန်းနံပါတ် မှတ်သော စာအုပ်လေးနှင့်သူ့ကို ကျွန်တော် ငေးကြည့်ကျန်နေရစ်ခဲ့ရသည်။
ကျွန်တော် ပြန်ရောက်ပြီး ကိုလှမင်းနိုင်တို့ သက်ခိုင်ဇော်တို့၊ ဆရာတော်တို့နှင့် စီစဉ်စရာ ရှိသည်များကို စီစဉ်ရင်း ထိုဖုန်းနံပါတ်လေးကို သတိရလိုက်သည့်အခါ ဖုန်းဆက်ဖြစ်လိုက်သည်။ ကျွန်တော် အကျိုးအကြောင်း နည်းနည်းပါးပါးပင် စ၍ ပြောရသေးသည်၊ စကားပြောရန် အဆင်မပြေသည့် နေရာတစ်ခုသို့ ရောက်နေလို့ ပြီးရင် ပြန်ဆက်မယ်ဟု အကြောင်းပြန်လာသည့်အခါ ကျွန်တော်ကလည်း အလိုက်သိစွာ ဖုန်းချပေးလိုက်ပါသည်။ ဒီနေ့အထိပင် သူဖုန်းပြန်ဆက်မလာခဲ့ပါ။ ကျွန်တော်လည်း သိပ်မျှော်လင့်ထားသည့် ကိစ္စမဟုတ်သဖြင့် နောက်လည်း ထပ်မဆက်ဖြစ်တော့ပါ။ အေးရာအေးကြောင်း ဖြင့်ပင် မျက်စိဝေဒနာရှင်များထံ ကျွန်တော်တို့ ထွက် ခွာခဲ့ကြပါသည်။
မအေးရာ မအေးကြောင်းက မျက်စိခွဲကြမည့် နေရာသို့ ရောက်မှပင် စတင်ခဲ့ပါသည်။ ဦးဦးတစ်ယောက် ကျွန်တော့်ကို လိုက်ရှာပြီး သူတို့လူစု ထိုင်နေကျဆိုင်ထဲသို့ ဆွဲသွင်းပါတော့သည်။ ထို့နောက် ဖုန်းဆက်ဖြစ်သေးလားနှင့်၊ ဘာတွေ အကူအညီပေးလိုက်သေးလဲနှင့်၊ ဘယ်လိုဘယ်ပုံ အကြံဉာဏ်တွေ ပေးလိုက်သေးလဲနှင့် သူ့အပေါင်းအသင်းများ ရှေ့တွင် ဟန်ပါပါ မာန်ပါပါ ကျွန်တော့်အား မေးနေပါတော့သည်။ သူ့အဖွဲ့ကို သူ ဘာတွေ ပြောထားသည်မသိ၊ အားလုံးက ကျွန်တော်ပြောမည့် စကားကို တိတ်ဆိတ်စွာ အာရုံစိုက်နေကြတာ သတိထားဖြစ်ခဲ့သည်။
ဘယ်သူ့ခွက်မှန်း မေးမနေတော့ဘဲ၊ ရေနှင့်အရက် ဆတူရောထားပုံရသည့် ဝိုင်းအလယ်မှ ငါးကြင်းဖန်ခွက် ပြည့်လုလုတစ်ခွက်ကို ကျွန်တော် တစ်ခါတည်း မော့ချပစ်လိုက်မိပါသည်။ ဒီလိုမှ မဟုတ်လျှင် ကျွန်တော် ဘယ်လိုမှ စကားပြောမထွက်နိုင်မှန်း ကိုယ့်ဘာသာ သိနေသည်။ လူက ငယ်ငယ် ရာထူးနှင့်တာဝန်က ကြီးကြီးမို့ မအားလပ်ကြောင်း၊ သို့သော် ခဏခဏ ဖုန်းဆက်၍ အကြံဉာဏ်တွေ ပေးကြောင်း၊ သူကိုယ်တိုင် ဇွတ် လိုက်လာချင်သော်လည်း ကျွန်တော်က တားခဲ့ရကြောင်း၊ အခု ခရီးစဉ်ကိုလည်း လမ်းခရီး အခက်အခဲရှိလျှင် သူ့ထံ အချိန်မရွေး ဖုန်းဆက်ရန်မှာကြောင်း၊ ဒေသတွင်း၌ လိုအပ်နေသော လူနာတင်ကား ဝယ်ရန်လည်း ဦးဦးနှင့်ကျွန်တော် တိုင်ပင်၍ သူ့ဆီ ပြန်ဆက်သွယ် စေချင်ကြောင်း စသဖြင့် တစ်တစ်ခွခွကို အရသာရှိရှိ လိမ်ဖြစ်လိုက်ပါသည်။
ဦးဦးကတော့ “ကဲ ငါမပြောဘူးလား” ဟူသော မျက်နှာပေးဖြင့် သူ့ လူစုတွေနှင့် ဘေးဝိုင်းက နားထောင်နေကြသူများထံ ကြည့်နေသည်ကို ကျွန်တော် ခုထိမမေ့နိုင်ပါ။ ငြိမ်သက်နေသည့် အရက်ဆိုင် တစ်ဆိုင်လုံးကို သူဝေ့ကြည့်လိုက်ပုံက အောင်လံစိုက်ပြီးခါစ တောင်ကုန်းကို ကြည့်နေသော စစ်သူကြီး တစ်ယောက်၏ မျက်လုံးမျိုး ဖြစ်သည်။ ဘယ်နတ်ဒေဝါ သကြားမင်းမှ မတုမပြိုင်ရဲအောင် အဖေတစ်ယောက်၏ အခံ့ညားဆုံးအချိန် ဖြစ်ပါလိမ့်မည်။
ကျွန်တော် ရှိနေခဲ့သည့် ရက်များတစ်လျှောက် သူက ခဏခဏ လာရှာနေတတ်သည်။ ကျွန်တော့်မှာလည်း ငါးကြင်းခွက်ကြီးတစ်ခွက်ကို အရင်ဆုံး ကိုင်လိုက်ပြီး တစ်နေ့တစ်မျိုး မရိုးနိုင်အောင် လိမ်ပြီးရင်းကို ဆက်လိမ်နေရပြန်ပါသည်။ နောက်နှစ်အနည်းငယ်တွင် ဦးဦး ဆုံးသည့်အကြောင်းကို သူ့လူရင်းတစ်ယောက်ထံမှ ကြားခဲ့ရသည်။ မင်းအကြောင်းကိုတော့ သူ အမြဲ သတိတရ ပြောပါတယ်၊ သူ့သားအကြောင်းနဲ့ ပတ်သက်လို့ ငါတို့က အားမလိုအားမရ ဝိုင်းပြောကြရင် အရင်ကဆို ငုံ့ခံနေတတ်တာ၊ မင်းနဲ့လည်း တွေ့ပြီးရော အဲဒီကောင် လိမ်ပြောမလားကွ၊ အဲဒီကောင် ဘယ်တုန်းက လိမ်ဖူးလို့လဲဆိုပြီး ငါတို့ကို ပြန်ပြန်ပက်တယ်ဟ ဟု အမှတ်တရလည်း ထည့်ပြောသွားပါသေးသည်။ ကျွန်တော့် အလိမ်အညာကို ယုံကြည်ခဲ့သည့်အတွက် ဦးဦးကို ကျေးဇူးတင်နေမိသည်။ အောင်မြင်သော လူလိမ်တစ်ယောက် ဖြစ်ဖို့ရာ ငါးကြင်း ဖန်ခွက် ခပ်ကြီးကြီးတစ်ခွက်သာ လိုအပ်ပါသည်။
◆︎◆︎◆︎

Comments
Post a Comment
Comments