ဂျာနယ်ကျော်မမလေး (သို့မဟုတ်) မေတ္တာပန်းပွင့်

 


၁။

 

အိုးဝေမဂ္ဂဇင်းအတွက် ရွှေလင်းယုန်ထံ ဆောင်းပါးယူရန် ဆူးလေဘုရားလမ်း ဒဂုန်ဓာတ်ပုံကူးတိုက်အနီး အပေါ်ထပ် ‘ဂျာနယ်ကျော်’ တိုက်သို့ တက်ခဲ့လေသည်။

အဝင်စားပွဲတွင် မိန်းမတယောက်က စာရေးလျက်ရှိသည်။ စာရင်းအင်းစာအုပ်၊ မင်ခွက်၊ ကလောင်တံများ စားပွဲပေါ်တွင် ဆင်ယင်ထားသည်။ ထိုမိန်းမမှာ အသားညိုညို၊ ပိန်ပိန်ပါးပါး၊ သွယ်လျလျ၊ ရေညှိရောင်နုအင်္ကျီလား မသိ ဝတ်ထားသည်။

မျက်နှာထားမှာ ပြုံးကြောင့်ခြင်းမရှိ။ တည်တည်တင်းတင်းပင် သိက္ခာကို ဆင်ယင်ထားသည်။ အလုပ်၌ ဝင်စားနေဟန်ရှိသည်။ စာရေးမကလေးများလားဟု သာမန်ပင် အောက်မေ့လိုက်သည်။

ရွှေလင်းယုန်ထံမှ စီးပွားရေးဆောင်းပါးတပုဒ် ရခဲ့သည်။ သတင်းစာ ရိုက်သည့်စက္ကူ ဝါကျင်ကျင်ပေါ်တွင် မင်နီဖြင့် ရေးထားသည်။ ကျွန်တော်သည် ဂျာနယ်ကျော်မှအပြန် ကပ်လျက်ရှိ ဒဂုန်မဂ္ဂဇင်းတိုက်သို့ ဝင်လိုက်သည်။ ကိုလှဘူး၊ ရွှေညာမောင်တို့နှင့်အတူ ထောင့်ရှိ သဟာယ လက်ဖက်ရည်ဆိုင်သို့ ကူးသွားကြသည်။ လက်ဖက်ရည်ပန်းကန် တိုက်မိဖိတ်ကျ၍ ရွှေလင်းယုန်၏ ဆောင်းပါးမှာ လက်ဖက်ရည်များ ပေစိုကုန်ပြီး မင်နီများမှာ ဝါးမှုန်သွားလေသည်။ ဖတ်၍ မရတော့ချေ။ ကျွန်တော်မှာ အားနာသည်နှင့် နောက်ထပ် ရွှေလင်းယုန်ထံသို့ မရောက်တော့ပေ...။

ဂျပန်ခေတ် ရွှေတောင်ကြား ဗိုလ်လက်ျာအိမ်တွင် ဖြစ်၏။ တညနေ ဦးချစ်မောင်နှင့်ဇနီး လာလည်ကြသည်။ ကျွန်တော်မှာ စန္ဒရားတီးလျက်ရှိ၏။ ထိုအခိုက် ဦးချစ်မောင်မှာ မူးသည်ဆိုကာ အန်လေသည်။ သူ၏ဇနီးမှာ ဘေးမှပြုစုလျက်ရှိရာ ဝိုင်းအုံနေသော လူများထဲမှ ကျွန်တော့်အား “ရေတခွက်ပေးစမ်းပါ” ဟု ခိုင်း၏။ ကျွန်တော်မှာ လက်တိုကလေး ဝတ်ထားရာ ခိုင်းရန်သင့်သော လူငယ်လေးဟု မှတ်လေသလား မပြောတတ်ပေ။ ခိုင်းသည်ဟူ၍ အောင့်သက်သက်နှင့် ရေတခွက် ခပ်ပေးလိုက်သည်။

တညနေ ရန်ကုန်ဂေဇက်တွင် တာရာမဂ္ဂဇင်းအဖုံး လာရိုက်ရင်း သူမကို တွေ့ပြန်သည်။ ပန်းရောင် ဆင်ယင်ထားသည်။ ဂျာနယ်ကျော်အဖုံး အပ်နေခြင်းဖြစ်၏။ အလုပ် ပင်ပင်ပန်းပန်း လုပ်ရသဖြင့် နွမ်းနယ်နေဟန်ရှိသည်။ ထိုအခါက ဂျာနယ်ကျော်မမလေးအမည်ဖြင့် ‘သူလိုလူ’ ထွက်ပြီးနေပေပြီ။

‘သူလိုလူ’ ပထမတွဲ ဝေဖန်စာတွင် “လူကုံထံ အထက်တန်းစားမှ ဖြစ်သည်ဟူသောအသိနှင့်ပင် သိသိသာသာ ရေးထားလေသည်။ မတင်တင်သည် အင်္ဂလိပ်စာတတ်၊ ခေတ်ဆန်သူတဦးဖြစ်သည်။ အဝတ်အထည်ကို ဗီရိုအပြည့်ထား၍ သန့်သန့်ရှင်းရှင်း၊ ကြော့ကြော့လွင်လွင် အဖုံဖုံအနည်းနည်း ပြောင်းလဲ ဆင်ယင် ဝတ်တတ်သည်။ တလလျှင် (၁၇၅) ကျပ် အသက်အာမခံ ပေးသွင်းသည်။ မတင်တင်ကား လူကုံထံ အထက်တန်းစား၊ ခေတ်ဆန်သူ။ ဦးချစ်မောင်ကား…” စသည့်ဖြင့် တာရာ၌ ရေးခဲ့ဖူးသည်။

ယခု ဝေဖန်စာထဲမှ ‘ခေတ်ဆန်သူ’ နှင့် တွေ့ရပေပြီ။ စာပေအကြောင်း အနည်းငယ်ပြောကြပြီး စကားပြောရင်း လမ်း (၄ဝ) ဂျာနယ်ကျော်သို့ အတူသွားကြသည်။ သူမသည် ညသန်းခေါင်သန်းလွဲ အထိ နောက်ဆုံး ဖောင်ပိတ်သည်အထိ စောင့်ကြည့်စစ်ဆေးပြီးမှ အိမ်သို့ ပြန်တတ်သည်...။

ဂျာနယ်ကျော် ပိတ်လိုက်ပြီးနောက် ထပ်မံထုတ်ရန် စီစဉ်နေစဉ် ပုံနှိပ်တိုက်ခန်းတွင် လာတွေ့သည်။ ဗိုလ်လက်ျာက ကျွန်တော့်အား အယ်ဒီတာအဖြစ်ထားရန် အကြံပေးသည်ဆို၍ ဗိုလ်လက်ျာနှင့် တွေ့ပြီးနောက် မမလေးနှင့် တွေ့ခြင်း ဖြစ်သည်။ ထိုအခါက ကျွန်တော်က တာရာ ထုတ်လျက်ရှိ၍ မလုပ်နိုင်ပေ။

ထိုစဉ်က မမလေးသည် အမျိုးသမီးကလောင်ရှင်အဖွဲ့မှ ထုတ်ဝေသော ကလောင်ရှင် ဂျာနယ်ကို စီစဉ်နေ၏။ ယခင်မြင်ရသကဲ့သို့ ပိန်ပိန်လျလျ မဟုတ်တော့။ ပြည့်တင်းကာ နုပျို ရွှင်လန်းလာသည်ဟု မှတ်ရသည်။

ဖျတ်ခနဲ ဖျတ်ခနဲ တွေ့လိုက်ရတိုင်း ရုပ်ပုံလွှာမှာ ပြောင်းလဲနေပေသည်။ အရောင်များမှာ အမှိုင်းမှ အနုသို့ ကူးပြောင်းနေသည်။ ပန်းပွင့်များ အဆုပ်မှ အနွယ်သို့ တွန့်ယှက်နေသည်။

၂။

 

လူချင်း ခင်မင်သိကျွမ်းသည်ကား စာရေးဆရာအသင်းတွင် အမှုဆောင်အဖွဲ့ထဲ၌ အတူလုပ်ကိုင်စဉ်က ဖြစ်၏။

မမလေးမှာ ကုန်သည်လမ်း၌ ‘တင်လှိုင်ကုမ္ပဏီ’ ဖွင့်ကာ၊ ဘောက်ထော်၌ နေသည်။ ဗန်းမော်တင်အောင်မှာလည်း ဘောက်ထော်တွင် နေထိုင်လျက်ရှိ၏။ ဗန်းမော်တင်အောင်နှင့် ပတ်သက်သော မိတ်ဆွေများအား ထမင်းဖိတ်ကျွေးရာ၌ ပထမတခေါက် ကျွန်တော်မေ့နေ၍ မသွားဖြစ်၊ နောက်တခေါက်မှ သွားဖြစ်၏။

ကျွန်တော်တို့သည် ဆုံကြလျှင် စာပေအကြောင်း ငြင်းကြခုံကြ၏။ မောင်ကြည်လင်နှင့် မြသန်းတို့မှာ မီးရထားမမီသဖြင့် နောက်ကျ၍ ရောက်လာ၏။

မမလေးမှာ ကျွန်တော်၏ အရေးအသားများကို ဝေဖန်လျက်ရှိသည်။ ထိုအခါက ကျွန်တော်တို့မှာ ‘စာပေသစ်နန်းတော်’ ကို တည်ဆောက်လျက်ရှိသည်။

‘စံပယ်ဦး’ ဟု အစချီကာရေးသော တာရာခေါင်းကြီးများနှင့်ပတ်သက်၍ မမလေးက

“ရှင်ရေးတာက တင်စားတာတွေ သိပ်များနေတယ်... ဆန်းပါတယ်၊ သစ်ပါတယ်... ဒါပေမဲ့ ပြွတ်သိပ်ပြီး လူက အဓိပ္ပာယ်ကို ဒက်ခနဲ မကောက်နိုင်ဘူး ဖြစ်နေတယ်... ကျွန်မက စာဖတ်သူတယောက်အနေနဲ့ စာဖတ်သူဘက်ကနေပြီး ပြောနေတာ... ကျွန်မအထင်တော့ လွန်ကဲနေပြီလို့ပဲ ပြောချင်တယ်ရှင့်…”

ထို ‘စံပယ်ဦး’ ကို သူက ကျွန်တော်၏ အဖြတ်အတောက် အသုံးအနှုန်းမျိုး မဟုတ်ဘဲ၊ ရိုးရိုးပင် စီစဉ်ကာ ထပ်ရေးထားသောစာ ပြမည်ဟု ပြော၏။ နောက် ထိုစာမှာ ပျောက်သွား၍ မကြည့်ဖြစ်တော့။

တာရာခေါင်းကြီးပိုင်းများကို ခေါင်းကြီးပိုင်းနှင့် မတူအောင် ရေးစမ်းကြည့်ခြင်းဖြစ်သည်။ ခေါင်းကြီးဖတ်လိုက်သကဲ့သို့ မဟုတ်ဘဲ၊ ကဗျာတပုဒ်၊ လင်္ကာတပုဒ်ကို ဖတ်လိုက်ရသကဲ့သို့ ရေးခြင်း ဖြစ်၏။ နဝဒေး၊ နတ်ရှင်နောင်တို့၏ ရတုကို ကိုးကားကောက်နုတ်ချက်များပင် ပါ၏။

“ကျွန်မပြောချင်တာကတော့ အရေးအသားပါပဲ... အတွေးအခေါ်ကို ပြောစရာမရှိပါဘူး... လူတွေ နားမလည်ပဲ ဖြစ်နေမှာကို သတိပေးတာ”

ထိုသို့ စာပေ ဆွေးနွေးဝေဖန်ရင်းက စာရေးဆရာအသင်းရေးရာများ ရောက်သွားသည်။ မမလေးသည် ဥက္ကဋ္ဌဖြစ်စဉ်က စာပုံနှိပ်တိုက် ဥပဒေကို အသင်းအနေဖြင့် ကန့်ကွက်သင့်ကြောင်း ပြောလျက်ရှိပေသည်။ နောက်တွင် ကန့်ကွက်ရန် အမှုဆောင်အဖွဲ့တွင် အဆိုသွင်းခဲ့ပေသည်။

ကျွန်တော် စာရေးဆရာအသင်း ဥက္ကဋ္ဌဖြစ်သောအခါ အမှုဆောင်ထဲ၌ မမလေးလည်း ပါဝင်သည်။ ထိုအခါ အသင်း၌ စိတ်ထက်သန်ခြင်းနှင့် ဇွဲကို တွေ့လာရတော့သည်။

နတ်ရှင်နောင်ပြဇာတ်အတွက် တနေ့လုံး ကားတစင်းနှင့် မြို့ထဲလှည့်ကာ တရာတန် အထူးလက်မှတ် ငွေ ၅ဝဝဝ ဖိုး ရောင်းပေးသည်။ ပြဇာတ် ပြသည့်ရက်များတွင် တနေ့လုံး လက်မှတ်ရောင်းသည့်အခန်းတွင် ထိုင်သည်။

လက်မှတ်ကုန်သွား၍ အပြင်က ဆူကြဆဲကြသည်။ စစ်သားများ အတင်းဝင်လာ၍ စားပွဲအောက်၌ ပုန်းနေရသည်။ ပုလိပ်ပင် အကူအညီ ခေါ်ထားရသည်။ ညဘက် ပွဲသိမ်း (၁) နာရီလောက်မှ ငွေများကိုပိုက်ကာ ဘောက်ထော်ပြန်ရလေ၏။ ကျွန်တော်တို့နှစ်များတွင်သာ မဟုတ်၊ ၁၉၄၇ ခုံတော်မောင်ကျဘမ်း ကသည့်နှစ်ကလည်း ထို့အတူပင်၊ လက်မှတ်တာဝန်ယူ၍ ငွေတသောင်းကျော် အမြတ်ကျန်ရစ်ခဲ့သည်။

နတ်ရှင်နောင်ပြဇာတ်အတွက် အဝတ်အစားများ ဝယ်ရာတွင်လည်း လိုက်ပါဝယ်ခြမ်း ပေးလိုက်သေးသည်။ ထိုအတွင်း တဆိုင်ထွက် တဆိုင်ဝင် ဝယ်ရင်း ငွေရှစ်ရာ ကျပျောက်သွားရာ အသင်းကို စိုက်လျော်ပေးလိုက်ရသေးသည်။

မြို့မမောင်က

“အသင်းအပင်းလုပ်တာတော့ သိပ်အံ့သြဖို့ကောင်းတာပဲ… ဇွဲနပဲ သိပ်ကြီးတယ်”

ဟု အံ့သြနေလေသည်။

ကျွန်တော် အံ့သြသည်ကား အသင်းမှ ခရီးစရိတ် တပြားမှ မယူဘဲ မိမိအိတ်ထဲက အကုန်စိုက်ကာ ပြဇာတ်မပြီးမချင်း မအိပ်မနေ လုပ်ခြင်းပင်ဖြစ်၏။ ရုံးကုလားထိုင်နေရာများချကာ စာရင်းယူစဉ်ကဆိုလျှင် တညလုံး ကာဌေးရုံထဲတွင် အချိန်ကုန်လေသည်။

ထိုနှစ်က နတ်ရှင်နောင်ပြဇာတ်မှာ အမြတ်ငွေ တသောင်းရခဲ့လေသည်။

၃။

 

ကျွန်တော် မမလေး၏စာပေ စဖတ်ရသည်ကား ‘သူမ’ ဝတ္ထုဖြစ်၏။ ဂျပန်ခေတ်က လယ်ယာစိုက်ပျိုးရေးဝန်ကြီး သခင်သန်းထွန်း၏ လူပျိုဘဝကို ကြည့်ကာ စိတ်ကူးပေါ်လာတာပဲဟု အောက်မေ့လိုက်သည်။ လူပျိုဝန်ကြီးမှာ အိမ်ထောင်ထိန်းသိမ်းမှု မရှိသဖြင့် ထိန်းသိမ်း စောင့်ရှောက်ရန် မိန်းမပျိုတဦးကို လခနှင့် ငှားထားရာမှ ဝန်ကြီးက ထိုသူမကို စွဲလမ်းနေသော ဇာတ်လမ်းဖြစ်၏။

ထို့နောက် ‘အဖြူ’ ကို ဖတ်ရ၏။ အဖြူမှာ တော်လှန်ရေးဗိုလ်ချုပ်၏ ကြေကွဲဖွယ် အဖြစ်အပျက်ကို ရေးထားသည်။ ‘သူလိုမိန်းမ’ ဝတ္ထုမှာ အချစ်ဝတ္ထုသက်သက် ဖြစ်၏။

ရွှေလင်းယုန်၏ လေယူလေသိမ်းကိုပင် ယူသည်ဟု ထင်ထားသည်။ ဝတ္ထုစပုံများမှာ ရွှေလင်းယုန်နှင့် တူလှသည်။ အဖြစ်အပျက်၏ အပြုအမူတခုခုနှင့် စတတ်၏။ စစ်ပြီးစ ဂျာနယ်ကျော်တွင် မမလေး၏ ဝတ္ထုတိုများကို မကြာခဏ ဆိုသလို ဖတ်ရတတ်၏။

‘သည်မိုး’ ဝတ္ထုမှာ အဝတ်အစား ချို့တဲ့ရှာသော ဆင်းရဲသူမကလေး ဂုန်နီအဝတ်ကို သွားခိုးရင်း ဂိုဒေါင်အစောင့်၏ မတရားကျင့်ခြင်းခံရကာ နောက်ဆုံး၌ တထည်မျှသာရှိသော သူ၏ အဝတ်အစားကို ချွတ်ထားခဲ့ပြီး (သူ့သူငယ်ချင်း ဝတ်ပါစေတော့ဟု) ရေထဲ ခုန်ဆင်းသေသော အလွမ်းဝတ္ထုကလေး ဖြစ်သည်။ ဆင်းရဲချို့တဲ့ခြင်း၏ သရုပ်ကို ကြေကွဲဖွယ်ရာ ဖော်ထား၏။

‘သူလိုလူ’ တွင်ကား တဟုန်ထိုး ကျော်ကြားလာပေသည်။ ခင်ပွန်းသည် သတင်းစာဆရာ၏ အတ္ထုပ္ပတ္တိကို ဇနီးဖြစ်သူက ရေးသည့်အတွက် စာပေနှင့် မေတ္တာ ပေါင်းစပ်လိုက်ခြင်းဖြစ်၍ ထူးဆန်းသောဝတ္ထုကို တွေ့မြင်ကြရလေ၏။ မမလေးမှာ သူ၏ခင်ပွန်းသည်ကို ခင်လည်းခင် ကြည်လည်းကြည်ညိုသည်။

သူ့အဖို့ အယ်ဒီတာဦးချစ်မောင်မှာ ဘုရားကလေးတဆူ ဖြစ်၏။ လဆန်း (၂) ရက်နေ့တိုင်း သုသာန်သို့သွားကာ ပန်းများ သွားတင်လျက်ရှိ၏။ ပျက်ကွက်သည်ဟူ၍ မကြားဖူး။ သူလိုလူပါ တကားဟု မြတ်နိုး၏။

သူလိုလူဝတ္ထု၌ သတင်းစာလောကနှင့် နိုင်ငံရေးလောက ပုံပြင်များမှာ နောက်ခံကားများ ဖြစ်ကြသည်။

ဦးချစ်မောင် ကွယ်လွန်သောအခါမှ မမလေးအရောင်သည် ပေါ်ထွက်လာလေသည်။ စာများလည်း ရေးလာသည်။ ခင်ပွန်းသည်ရှိစဉ်ကမူ အိမ်၏ ဝေယျာဝစ္စတို့၌သာ အချိန်ကုန်ခဲ့ရဟန် တူ၏။ ချစ်လင် အယ်ဒီတာ၏ စာမူများကို ဖတ်ကာ ထင်မြင်ချက်ပေးနေရ၏။ ရေချိုးရန် တိုက်တွန်း နေရ၏။ ချစ်လင် ထမင်းစားကောင်းမကောင်း ပူပန်နေရ၏။ သူလိုလူ၏ဘေး၌ ရေပူရေချမ်း ကမ်းလှမ်းကာ နေခဲ့ရ၏။

ဦးချစ်မောင် ကွယ်လွန်သောအခါ သူ့တွင် ပုံနှိပ်စက်၊ ဂျာနယ်လုပ်ငန်း၊ လူမမည်ကလေးများနှင့် ကျန်ရစ်ခဲ့လေသည်။ ထိုအခါ ဂျာနယ်ကျော် အပတ်စဉ် ဂျာနယ်သာမက၊ ပြည့်သူဟစ်တိုင် နေ့စဉ်သတင်းစာပါ တွဲဖက်ထုတ်ဝေလေသည်။ ‘ပြည်သူ့ဟစ်တိုင်’ မှာ ချစ်လင် ဦးချစ်မောင် ရည်မှန်းထားသော အလုပ်ဖြစ်၍ မဖြစ်ဖြစ်အောင်ထုတ်ရန် ပိုင်းဖြတ်ထားသည်။

ထိုအခါ၌ မမလေးသည် ဖဆပလ ဆိုရှယ်လစ်များအား ဝေဖန်သော သတင်းစာထုတ်သဖြင့် တိုက်ပွဲများစွာနှင့် ရင်ဆိုင်ရလေ၏။ မိန်းမသားအနေနှင့် ယင်းတိုက်ပွဲများမှာ ကြီးမားပြင်းထန်လှ ချေ၏။

၄။

 

ညဘက် နောက်ဆုံးဖောင်ကို ကြည့်ရှုခဲ့ရပြီးနောက် မောမောနှင့် အိပ်ကာ မှေးမှေးပျော်ခိုက် “ဆရာကတော် ထပါဦး” ဟု နေအိမ် ပန်းဆိုးတန်းအပေါ်ထပ်သို့ လာနှိုးလေသည်။ လာနှိုးသူမှာ ဂျာနယ်ကျော် စာပုံနှိပ်စက်မှ ဖြစ်လေသည်။

“ဘာဖြစ်ပြန်ပြီလဲ”

ဟု တထိတ်ထိတ်နှင့် မေးရသည်။ ညဘက် ပုံနှိပ်စက်၌ တခုခု အခက်အခဲ တွေ့လျှင် လာနှိုးတတ်၍ ထိတ်ရပြန်၏။

“စာဖောင်ကြီး အောက်ပြိုကျသွားလို့”

“ဟယ်...”

ကမန်းကတန်း လမ်း (၄ဝ) ပုံနှိပ်တိုက်သို့ မမလေးသည် ပြေးသွားရလေသည်။ စာဖောင်ကြီးထဲမှ စာလုံးများ ဖရိုဖရဲနှင့် စက်ဘေးတွင် ပြန့်ကျဲလျက် ရှိသည်။ စီပြီးသား ပြိုကျသွား၍ နောက်ဆုံးဖောင် မရိုက်နိုင်လျှင် မနက်ဖြန် သတင်းစာ မထွက်နိုင်ခဲ့သော်…

“ကော်ပီတွေရှိလား”

“ရှိပါတယ်”

မမလေးသည် နဖူးပေါ်ကျလာသော ဆံပင်ကိုသပ်တင်လိုက်ကာ

“ကဲ… စာစီသမား သွားရှာမယ်…”

သန်းခေါင်ကျော်ည၏ လေတဟူးဟူးဝယ် ဂျစ်ကားကလေးသည် တလမ်းဝင် တလမ်းထွက် အသော့မောင်းလေသည်။ သတင်းစာတိုက် တံခါးများကိုခေါက်ကာ ဟိုတိုက်က တယောက်၊ သည်တိုက်က တယောက် တောင်းပန်၍ ဆွဲခေါ်ရ၏။ စာဖောင်ကို ဆက်၍စီရ၏။ သို့သော် ဖောင်စ၍ တင်ကာ ရိုက်ဆဲ၌ လင်းအရုဏ်ရောင်နီသည် မှန်တံခါး၌ ရေးရေးပေါ်နေလေပြီ။

မမလေးသည် စက်ဘေး၌ စောင့်ရပ်ကာ ကျလာသမျှ စာရွက်များကို ကိုယ်တိုင်သယ်၍ ခေါက်၏။ ပြီးချင်ဇော၊ မနက်ဘက်ကအမီ ထွက်ချင်ဇောနှင့် မီးရထားအမီ ပို့ရမည့်အထုပ်များကို တံဆိပ်ကပ်နေလေ၏။

ညတို့သည် ထမင်းလုံးတစ္ဆေခြောက်သော အိပ်မက်များနှင့် နိုးတဝက်ရှိနေစဉ်

“ဆရာကတော် ထပါဦး” ဟု နှိုးသံကြားရ၏။

မိုးတစိမ့်စိမ့် ရွာနေသဖြင့် သက္ကလတ် ကုတ်ရှည်ကြီးရုံကာ ဝတ်ပြီးသား ထွက်လာပြီး

“ဘာဖြစ်ပြန်ပြီလဲဟေ့...”

“မီးပျက်သွားတယ် ဆရာကတော်”

“ဘယ်ကပျက်တာလဲ... တို့တိုက် ခလုတ်ကလား”

“မဟုတ်ဘူး ဆရာကတော်... ဓာတ်တိုင်ကထင်တယ်”

လမ်း (၄ဝ) သို့ ရောက်သောအခါ တတိုက်လုံး မှောင်နေ၏။

“ကဲ… အာရ်အီးတီလိုက်မှပဲ”

မိုးရေစက်များကြားထဲမှ အာရ်အီးတီသို့ ဂျစ်ကားနှင့် သုတ်ချေတင်ရ၏။ တံခါးတဝက် ဟထားသည်။

“ကျွန်တော်တို့ အလုပ်သိမ်းပြီ… ညအလုပ်သမားတွေတောင် ပြန်ကုန်ပြီ”

“တယောက်ဖြစ်ဖြစ် ရအောင်ရှာပေးပါ ရှင်... ကျွန်မတို့ သတင်းစာတိုက်ကပါ... ဒီည မီးမရရင် မနက်ဖြန် သတင်းစာထွက်နိုင်မှာ မဟုတ်ပါဘူး...”

ငြိမ်သက်နေကြ၏။

“တဆိတ်... တယောက်ဖြစ်ဖြစ် ရအောင်ရှာပေးပါလားရှင်...”

မိန်းမသားဖြစ်၍ အားနာလာကာ

“ကဲ... မင်းလိုက်သွားစမ်း… လှေကားနဲ့ ကားတော့ မရှိဘူး”

“ကျွန်မတို့ လှေကားရှာပေးပါ့မယ်ရှင်”

“လှေကားရှိမှ ဖြစ်မှာဗျ”

“လိုက်သာ လိုက်ခဲ့ပါ”

၃၉ လမ်း တိုက်တတိုက်၌ ခေါင်မိုးမိုးသဖြင့် ဘေးမှလှေကားကြီးကို ကွက်ခနဲ မြင်မိ၍ ပြောခြင်းဖြစ်သည်။ ညမှောင်ကြီးထဲ တိုက်ဘေးတွင် လက်နှိပ်ဓာတ်မီးနှင့် စမ်းတဝါးဝါးသွားကာ ဝါးလှေကားကြီးကို သယ်မလာကြ၏။ မမလေးသည် လက်ပတ်နာရီကို ကြည့်လိုက်၏။ ၂ နာရီ ကျော်ပေပြီ။

“ဟာ… ဝါးလုံးက ချောတယ်ဗျ... ကျွန်တော် မတတ်ဝံ့ဘူး...”

အခက်အခဲတခု ထပ်တွေ့ရပြန်လေပြီ။

“ဒါဖြင့် ဘယ့်နှယ့်လုပ်မလဲရှင်”

ငြိမ်သက်သွားကြပြန်၏။

“အလုံရုံးကြီးမှာတော့ လှေကားမော်တော်ကား ရှိမလား မပြောတတ်ဘူး”

“ကဲ… လာသွားမယ်”

ဂျစ်ကားသည် အလုံသို့ ဝူးခနဲပြေးသွားလေပြီ။ မိုးရွာထားသဖြင့် လမ်းတို့မှာ ချောပြောင်နေ၏။

“ဟော.. ဟော... ဟိုမှာ”

လမ်းတလမ်းမှာ လှေကားမော်တော်ကားတစင်း ထွက်လာသည်ကိုမြင်၍ ထိုကားနောက်သို့ လိုက်ကြသည်။ ရှေ့ကလည်း အပြင်းမောင်းသွားသည်။ နောက်က စက်ကုန်ဖွင့်ကာ လိုက်၏။ ရုပ်ရှင်ထဲက လူဆိုးကားနှင့် ပုလိပ်ကား လိုက်သည့်ပမာ။ လမ်းတကွေ့တွင် ကျွီခနဲ မြည်ကာ လှေကား မော်တော်ကားရှေ့မှ ထိုး၍ရပ်လိုက်၏။ ဒရိုင်ဘာမှာ ကြောင်နေ၏။

“အခုလိုက်ခဲ့ပါရှင်… အရေးကြီးနေလို့ပါ...”

ထိုညလွန်မြောက်၍ လင်းအရုဏ်တွင် စက်ဘေး၌ထိုင်ကာ စက္ကူခေါက်နေသော မမလေးကို တွေ့ရပြန်လေ၏။

မတ်လ ၁၅ ရက်။ ဗန္ဓုလပန်းခြံဆီမှာ လူစီတန်းကြီး ချီတက်လာသံ ကြားရ၏။ မမလေးသည် ဝရန်တာမှ မျှော်ကြည့်ကာ “ဪ… သတင်းထောက်တွေလာရင် သိရမှာပဲ” ဟု သာမန်တွေးကာ အိမ်ထဲပြန်ဝင်လိုက်၏။

ထိုလူအုပ်ကြီးသည် ဆိုရှယ်လစ် တောင်သူလယ်သမား အစည်းအရုံး “လူထုအစည်းအဝေး” မှ ချီတက်လာကြခြင်းဖြစ်၏။

လူတအုပ်သည် အိုးဝေသတင်းစာတိုက်ဘက်သို့ သွား၏။ တအုပ်ကား လမ်း (၄၀) သို့ ကွေ့လိုက်သည်။

တောင်သူလယ်သမား အစည်းအရုံးဥက္ကဋ္ဌ သခင်တင်၏ မီးခွက်မှုတ်သောသတင်းကို ရေးရပါမည်လောဟု ဒေါသအမျက်ခြောင်းခြောင်းထွက်သော သခင်-----သည် ဘလေဇာအနက် ဝတ်ကာ လွယ်အိတ်တွင် ခြောက်လုံးပြူး ထည့်လျက် အရှေ့ဆုံးမှ တက်လာသည်။

အရက်တိုက်ထားသဖြင့် မူးနေသောသူများသည် ရဲတင်း၊ တူ၊ ပုဆိန်တို့ကို ကိုင်ဆောင်လျက် ပုံနှိပ်စက်များကို ရိုက်ချိုးကြကုန်၏။ အလယ်ထပ် အချို့တက်ကာ စာခုံများကို ခုတ်ထစ်၍ စာခွက်များကို မှောက်ချပြီး ပုဆိန်နှင့် ခဲစာလုံးများကို ထုကြ၏။ အမှိုက်ဂေါ်နှင့်တူသော ဂယ်လီနှင့် ခဲများကို ကော်ခတ် ကာအောက်သို့ တဝေါဝေါ သွန်ချလိုက်ကြ၏။ အလုပ်သမားများကား ပြေးကုန်ကြလေပြီ။ တချို့လည်း ပြေးချိန်မရသဖြင့် တောက်တဲ့များပမာ ထုပ်ဆင့်တို့၌ တွယ်ကပ် နေကြရ၏။ အပေါ်ဆုံးထပ်၌နေသော အယ်ဒီတာချုပ် ဦးစောဦးမှာ ရေတိုင်ကီပေါ်၌ ပုန်းနေရလေ၏။

(၂) နာရီခန့် ကြာသောအခါ ဂျာနယ်ကျော်တိုက်ရှင် မမလေးသည် ခဲစာလုံးတို့၏ ငွေရောင်ဖြင့် ဖွေးနေသောလမ်း၌ ခဲစာလုံးများကို နင်းလျှောက်ကာ တိုက်ပေါ်သို့ တက်ရလေ၏။ မြောင်းထဲ၌ပင် ခဲများသည် ပုံနေ၏။

တိုက်အောက် လှေကားရင်း၌ နယ်ကိုယ်စားလှယ် အကြွေးစာရင်း စာအုပ်မှာ လောင်ပုံထဲတွင် မီးလောင်ကျွမ်းလျက် ပြာအဖြစ်သာ ငွေ့ငွေ့ကျန်ရစ်သည်။

စက်ကြီး (၄) လုံးအနက် စက် (၂) လုံးမှာ အခွံသာကျန်တော့၏။ ဗမာ့ခေတ်၊ ဒီးဒုတ်၊ ပြည်သူ့အာဏာ စသည့်တို့တွင် ငှားရိုက်ထားသော စာဖောင်များကို ညသန်းခေါင်ကျော် လင်းအားကြီး၌လိုက်ကောက်ကာ ‘ပြည်သူ့ဟစ်တိုင်’ ကို ဆက်ထုတ်နေရလေ၏။ စက်တလုံးပြင်ကာ ပုံနှိပ်စက်ဆင်၏။ သံတံခါးတပ်ကာ သံကြိုးဖြင့် ပတ်၍ သော့ခလောက်ခတ်ကာ သတင်းစာ ရိုက်ရသည်။ အစိုးရက ရိုက်ပြီးသား စာရွက်များ သိမ်းသွားပြန်သည်။

သို့သော် ညဘက် ဆက်ရိုက်ကာ မနက်မိုးလင်းတွင် သူငယ်လေး တယောက်လွှတ်၍ ဖာတလုံးထဲ၌ သတင်းစာလိပ်များထည့်လျက် မီးရထားဖြင့် လိုက်ပါသွားကာ ဘူတာတို့တွင် ပစ်၍… ပစ်၍ ချပေးခဲ့ရသည်။

အအိပ်ပျက် အစားပျက်နှင့် လုပ်လာရာ လူမှာ ဖျော့ဖျော့လာသည်။ တညနေ လှေကားမှ ဆင်းမည်အလုပ် မူးကာ မိုက်ခနဲဖြစ်သွားပြီး အောက်သို့ ဒလိမ့်ခေါက်ကွေးကျသွားသည်။ (၂) ရက်ခန့် မေ့နေလေ၏။

“အဲဒီတုန်းကများရှင်… လူကို အရိုးပေါ်အရေတင်ပြီး လျလျလေး ရှိတော့တယ်... ပင်ပန်းလိုက်တာများ မ‌ပြောပါနဲ့တော့... အဲဒါ ဘာမှ မဟုတ်ဘူး... မဖြစ်ဖြစ်အောင် ထုတ်မယ် ဆိုပြီး ထားတဲ့စိတ်... မေ့လဲသွားတော့မှပဲ သတင်းစာကို ရပ်ပစ်ပြီး ဂျာနယ်ပဲထုတ်ရတယ်...”

ဟု မုန်တိုင်းထဲမှာ ရုန်းကန်ခဲ့သော ဂျာနယ်ကျော်၏ ပုံပြင်များကို စပ်မိရင်း ပြောပြတတ်သည်။

ကျွန်တော်ကမူ ဇွဲကို အံ့သြနေ၏။

၅။

 

စာပေပြဿနာများ၌ သူသည် စိတ်ဝင်စားသည်။ စာပေသစ် အယူအဆများကို မပစ်ပယ်ဘဲ၊ စာဖတ်သူကို မမေ့အပ်ကြောင်း သတိပေးလေ့ရှိ၏။

“ကျွန်မစာရေးတာမှာ ထိန်း... ထိန်းရေးတယ်... ဟိုဘက်ဒီဘက် ချိန်ထိုးပြီး မျှမျှတတ ဖြစ်အောင် ဇာတ်ကောင်တွေကိုကိုင်တယ်... ကျွန်မစာအုပ်ကို ဝေဖန်ရင် စာဖတ်တဲ့လူ ဘက်ကနေပြီး ကြည့်တာပဲ...”

သူသည် ဇာတ်လမ်းဇာတ်အိမ်ကို ချိန်ဆစဉ်းစား တွေးတောပြီးမှ ရေးချလေသည်။ ကျွန်တော့်မှာမူ ကြိုတင်ရေးထား၍မရ။ စိတ်နှင့်မှန်းကြည့်၍လည်း ဇာတ်အိမ်ကိုမမြင်။ အစအနလောက်သာရ၏။ ထိုအစအနကိုကောက်၍ စိတ်ကူးခေါ်ရာသို့ လိုက်ပါတတ်၏။ အစက်တစက်လောက်သာ ဝိုးတဝါး လက်ခနဲ မြင်ရ၏။ ဆေးစက်ကျရာသို့သာ စုတ်တံကို တို့ကာ ရေးချင်၏။ နိဂုံးကို ဘယ်တော့မှ မတွေးတတ်။ ကျွန်တော် ဝတ္ထုရေးလျှင် အဘယ်ပုံ အဆုံးသတ်မည် ကို ဘယ်တော့မှ မသိ။

‘နတ်ရေးငယ်ရွှေစာ၊ ‘မုန်း၍မဟူ’ စသော ဝတ္ထုများရေးစဉ်က ဇာတ်ကောင်များ၏ အပြုအမူ၊ စိတ်မှာ ဖြစ်ပေါ်ပုံ စသည့်များကို ပင်ပန်းစွာ ချင့်ချိန်ကြံစည်နေသည်ကို မြင်ဖူးသည်။

“ကျွန်မ ဝတ္ထုရေးရင် စာနာပြီး ရေးတယ်... မေတ္တာစိတ်ထားပြီး ရေးတယ်... လူတွေမှာ ခံစားရပုံတွေကို ကိုယ်ချင်းစာနာစိတ်ထဲကို ဝင်ကြည့်ပြီး ရေးတာပဲ”

ထို့ကြောင့်ပင် သူ၏ဝတ္ထုများမှာ လူ၏နှလုံးကို ရိုတ်ခတ်အောင် လာထိသောအချက်များ ပါနေသည်ဟုထင်သည်။ သူသည် နှလုံးသားနှင့်ရေး၏။ ဖတ်ရသူ နှလုံးသားကို သွား၍တိုးတွေ့၏။

‘မုဆိုးမ’ ဆိုလျှင် ဇော်ဂျီက အတော်ကြိုက်၏။ ကျွန်တော်ကမူ သိပ်မကြိုက်။

“ရှင့်မှာ နှလုံးသားမရှိဘူး”

ဟု သူက ဆို၏။

ကမ္ဘာမြေဝယ်ဝတ္ထု (၁၉၅၂) တွင် သူသည် တောရွာကျေးလက်ကို နောက်ကားခံပြီး မြေယာ ပြုပြင်ပြောင်းလဲရေးကို ခေတ်အခြေအနေနှင့် ဟပ်လျက် ဝေဖန်ဖော်ပြထားသည်။ လယ်လုပ်သူ လယ်ပိုင်ရေးကို ရည်စူးထား၏။

မျက်မြင်ကြုံတွေ့ရချက် ရေးရာ၌ နှစ်သက်ဖွယ်ရာရှိ၏။ အတ္ထုပ္ပတ္တိဆန်သောစာများတွင် အသက်ပါ၏။ ‘ဒိုးနက်’ တွင် ဂျပန်မကလေးများ၏ ချစ်တတ်ခင်တတ်သော လူ့မေတ္တာစိတ်ကို တွေ့ရ၏။ စစ်ပြီးခေတ် ငြိမ်းချမ်းရေး လိုလားသော ဂျပန်လူထုလှုပ်ရှားမှုနှင့် စစ်ဒဏ်၊ စစ်တန်ပြန်ချက်ကို ‘ငြိမ်းချမ်းရေး အလံ’ ခရီးသွားခြင်းဆောင်းပါး၌ ဖော်ပြ၏။ ‘မြက်ကလေးတပင်’ မှာ လွတ်လပ်ရေးကဗျာတပုဒ်နှင့်တူ၏။ ရောင်းစားခြင်းခံရသော အစေခံကလေးမကလေး၏ လွတ်လပ်ရေး ရ၍ ပျော်မြူးပီတိဖြစ်ခြင်းကို ဖွဲ့သီထားပေ၏။

‘မုန်း၍မဟူ’ ဝတ္ထုတွင် ချစ်မေတ္တာ၏ အသွားနှစ်ဖက်ကို ပြထား၏။ တယောက်က ချစ်လွန်းသဖြင့် တယုယုတယယ လုပ်ရာ၊ အချစ်ခံရသူမှာ မလွတ်လပ်တော့ဘဲ အရုပ်ပမာဖြစ်ကာ စိတ်မချမ်းမသာ ဖြစ်ရလေ၏။ သူသည် ဝေဝေ၏စိတ်၌ ကျဉ်းမြောင်း ကျပ်တည်းစွာ ခံစားရချက်တို့ကို လူ့စိတ်နှလုံးနှင့် စာနာ၍ ရေးသားထားသည်။

သူသည် အစွဲအလမ်းထားတတ်သူဖြစ်၏။ ငယ်စဉ်က အိပ်မက်တခုကို စွဲလမ်းလျက်ရှိ၏။ ထိုအိပ်မက်ကိုမှီး၍ ဇာတ်လမ်းဆင်ကာ ဝတ္ထုတပုဒ် ရေးလိုက်၏။ ဦးချစ်မောင်၏ဂူသို့ လဆန်း (၂) ရက်နေ့တိုင်းသွားကာ ကန်တော့၊ ပန်းတင်ခြင်းသည်လည်း စွဲလမ်းခြင်း၏ လက္ခဏာတရပ်ဖြစ်၏။

သူ၏လုပ်ရပ်များမှာ ဤအစွဲအလမ်းစိတ်က စေ့ဆော်ဖန်တီးတတ်ပေ၏။ အစွဲအလမ်း နောက်သို့ လိုက်တတ်၏။ အစွဲအလမ်း ယုံကြည်ချက်က လွှမ်းနေတတ်၏။

သူသည် စွဲလမ်းမှုတရပ်ကြောင့် အားမာန်ခွန်တိုက် လုပ်၏။ ဦးချစ်မောင်၏ ဂျာနယ်ကျော် လုပ်ငန်းကို မပျက်ရအောင်ဟူသော အစွဲအလမ်းဖြင့် မေ့လဲကျသည်အထိ လုပ်၏။

အတိတ်နမိတ်တို့၌ ထင်မြင်စူးစမ်းတတ်၏။ ကျွန်တော်ကား ဤကိစ္စများကို နားလည်းမလည်၊ အယုံအကြည်လည်း မရှိလှ၊ ပြင်ပအမြင်အထင် တွေ့ရှိချက်တို့ကိုသာ အခြေပြုလိုသည်။

အမျိုးသားဆေးပညာ လေ့လာလိုက်စားရာ၌ ဝါသနာကြီးလှ၏။ သစ်ပင်ရုက္ခများကို စိုက်ကာ၊ သတ်ကာ၊ ရုက္ခဗေဒမှ လေ့လာပညာရှာခဲ့၏။ သူ၏အလုပ်ခန်းတွင် လူနာများနှင့် မပြတ်မလပ် တွေ့ရတတ်၏။ ကျွန်တော်သည် အစက မြန်မာဆေးများအကြောင်း သိလည်းမသိ၊ အယုံအကြည် လည်း မရှိ၊ နောက် သူ ဆေးပညာရှာမှီးပုံ တွေ့ရသောအခါ အမျိုးသားဆေးပညာ၌ ဓာတုဗေဒ သိပ္ပံသဘောများ ပါနေသည်ကို တွေ့ရ၏။ ရုပ်နှင့်နာမ်တို့ ဆက်ဆံရေးများလည်း ပါနေ၍ “ရုပ်နဲ့နာမ် ဘယ်ဟာအဓိကထားပြီး ဆေးကုသလဲ” ဟုမေးရာ “ရုပ်က အဓိကပေါ့” ဟု ဖြေသဖြင့် နှစ်သက် လက်ခံနိုင်သောအချက်များကို တွေ့ရသည်။ သို့သော် ကျွန်တော် လက်ခံ၍မရသော အချက်များ လည်း တွေ့၍ အငြင်းပွားရာ၊ သူက “ကဲ… ဒါဖြင့် ရှင်နဲ့ မတည့်တာ စားဝံ့မလား” ဟု မေးလိုက်၏။

ကျွန်တော့်မှာ လက်တွေ့ဖြစ်၍ ပြုံးရယ်၍သာ နေရလေ၏။

မမလေး၏ ဘဝမာတိကာများကား တို့ဗမာသခင်မ၊ ဆောင်းပါးရှင် ရဝေလှိုင်၊ အယ်ဒီတာ ကတော်၊ မုဆိုးမ၊ ဂျာနယ်ကျော်ထုတ်ဝေသူ၊ ဆေးဆရာမ၊ အမျိုးသမီးစာရေးဆရာ… စသည့်ဖြင့် အခန်းခန်းရှိ၏။

လူအဖြစ်ကား တဖက်သား၏စိတ်၌ နာကျင်သွားမည်ကို သူစိုးရိမ်တတ်သော မေတ္တာဓာတ် ရှိ၏။ ဤမေတ္တာဓာတ်ဖြင့် ပေါင်းသင်းဆက်ဆံ၏။ သူသည် လူများကို ချစ်တတ်ခင်တတ်၏။ ဤမေတ္တာစိတ်ဓာတ်ဖြင့် ဝတ္ထု ဇာတ်ကောင်တို့၏ စိတ်ထားအပြုအမူတို့ကို ခြယ်ရေး၏။

ကျွန်တော်သည် မေတ္တာပန်းပွင့်အဖြစ် မြင်နေမိလေ၏။

၃၁-၅-၁၉၅၅

Comments