ဆန်ပြောင်းနီမိသားစု - တော်ကောင်းမင်
RED SORGHUM
Mo Yan
ဆန်ပြောင်းနီမိသားစု
တော်ကောင်းမင်း
မူရင်း တရုတ်ဘာသာမှ ပြန်ဆိုသည်
红高粱家族 莫言
ကံ့ကော်ဝတ်ရည်စာပေ
အမှတ်- ၅၁ (ပထပ်/ဝဲ)၊ ရေကျော်လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း- ဝ၉ ၂၅ဝဝ၁၂၃၄၈ ၊ ၀၉ ၄၄ ၃၀ ၄၁၁၃၇
email: kantkawwutyee@gmail.com
www.facebook.com/KantKawWutYeePublishing
တို့တွင် ဝင်ရောက်ကြည့်ရှု မှာယူနိုင်ပါသည်။
ဘာသာပြန်သူ၏ အမှာ
ဆန်ပြောင်းနီမိသားစု ဝတ္ထုရှည်၏ လက်ရာရှင် စာရေးဆရာကြီး မော့ယန်ကို တရုတ်နိုင်ငံ၊ ဆန်းတုန်းပြည်နယ်၊ ကောင်းမိမြို့နယ် (ယခု ဆန်းတုန်းပြည်နယ်၊ ကောင်းမိမြို့) ၌ ၁၉၅၅ ခုနှစ်တွင် ဖွားမြင်သည်။ အမည်ရင်းမှာ ကွမ်မောယဲ့ ဖြစ်သည်။ ကလောင်အမည် “မော့ယန်” မှာ တရုတ်ဘာသာတွင် “စကားမဆိုနှင့်”ဟု အဓိပ္ပာယ်ရသည်။
မော့ယန်သည် ၁၉၈၁ ခုနှစ်တွင် ဝတ္ထုတိုများဖြင့် စာပေလောကထဲသို့ စတင် ဝင်ရောက်လာခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် “အလင်းဖောက် မုန်လာဥအနီ” ဖြင့် နာမည်ကျော် လာခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် ပြည်သူ့စာပေမဂ္ဂဇင်း၌ ဖော်ပြခြင်း ခံရသော “ဆန်ပြောင်းနီ” ဝတ္ထုလတ်ကြောင့် တရုတ်စာပေလောက တစ်ခုလုံး သိမ့်သိမ့်တုန်သွားခဲ့သည်။ ဆန်ပြောင်းနီ မှာလည်း မော့ယန်၏ ကိုယ်စားပြု လက်ရာတစ်ပုဒ် ဖြစ်လာခဲ့လေသည်။ ၁၉၈၇ ခုနှစ်တွင် “ဆန်ပြောင်းနီ” နှင့် “ဆန်ပြောင်းအရက်” ဝတ္ထုတိုနှစ်ပုဒ်ကို ဆန်ပြောင်းနီ အမည်ဖြင့် ထိုစဉ်က ဒါရိုက်တာ ဖြစ်ခါစ ကျန်းယိမိုးက ရုပ်ရှင် ရိုက်ခဲ့သည်။ ထိုဇာတ်ကားသည် ၃၈ ကြိမ်မြောက် ဘာလင်နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် ရွှေဝက်ဝံဆုနှင့် ၁၉၈၈ ခုနှစ် တွင် တရုတ်နိုင်ငံရုပ်ရှင်အစည်းအရုံးက ချီးမြှင့်သော ရွှေကြက်ဖဆုတို့ကို ရရှိခဲ့သည်။
မော့ယန်သည် တရုတ်ပြည်တွင်းစာပေဆုများသာမက နိုင်ငံတကာစာပေဆု များစွာကိုလည်း ရရှိခဲ့သည်။ ထိုအထဲက အထင်ရှားဆုံး ဆုနှစ်ခုမှာ ၂ဝ၁၁ ခုနှစ်တွင် ဖား ဝတ္ထုဖြင့် ရရှိသည့် တရုတ်ပြည်၏ အမြင့်ဆုံးစာပေဆု ဖြစ်သော “မော်တွန်းစာပေဆု” နှင့် ၂ဝ၁၂ ခုနှစ်တွင် ရရှိသည့် ကမ္ဘာ့အဆင့် စာပေဆုကြီးတစ်ခု ဖြစ်သော “နိုဗဲ စာပေဆု”တို့ ဖြစ်ပေသည်။
မော့ယန်သည် ဆန်ပြောင်းနိမိသားစု၊ သေပြည်ကြီး၊ ရင်ထွားတင်ကား၊ စန္ဒကူး ဒဏ်၊ နွမ်းလျသေရှင်၊ ဖား အစရှိသော ဝတ္ထုရှည် ၁၁ ပုဒ်၊ အလင်းဖောက်မုန်လာဥအနီ၊ တပ်မှူး၏မိန်းမ အစရှိသော ဝတ္ထုတို၊ ဝတ္ထုလတ် အပုဒ် တစ်ရာကျော်တို့အပြင် ပြဇာတ်၊ အက်ဆေး များစွာကိုလည်း ဖန်တီးရေးဖွဲ့ခဲ့လေသည်။ သူ၏ လူသိများ ထင်ရှားသော ဝတ္ထုရှည်များထဲက ဖား နှင့် နွမ်းလျသေရှင် တို့ကို မြန်မာဘာသာသို့ ပြန်ဆိုပြီးပြီ ဖြစ်ပါသည်။
ဆန်ပြောင်းနီမိသားစု မှာ မော့ယန်ဝတ္ထုများထဲက တတိယမြောက် မြန်မာပြန်ဆိုသည့် ဝတ္ထုရှည် ဖြစ်ပါသည်။ မြန်မာပြန်အနေဖြင့် တတိယမြောက် ဆိုသော်ငြားလည်း ၁၉၈၆ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် ယင်းဝတ္ထုရှည်မှာ မော့ယန်၏ နုစဉ်အခါက အစောပိုင်း လက်ရာမွန်တစ်ပုဒ် ဖြစ်ပါသည်။ “နုစဉ်အခါက လက်ရာ ဖြစ်သည့်အလျောက် အတတ် ပညာပိုင်းတွင် လစ်ဟာမှုများ ရှိမည် ဖြစ်သော်လည်း ဝတ္ထုထဲက သူရဲကောင်းသာမက လူမိုက်ပါ ဆန်သည့် အငွေ့အသက် များမှာမူ သွေးဆူလွယ်သည့် ပျိုရွယ်စဉ်အခါ နွားပျို သန်တုန်း မာန်အားကိုးဖြင့်သာ ရေးထွက်လာနိုင်ခဲ့ခြင်း ဖြစ်သည်”ဟု နောင်အခါတွင် မော့ယန်က ဆိုခဲ့ပေသည်။
ဆန်ပြောင်းနီမိသားစု မှာ “ဆန်ပြောင်းနီ”၊ “ဆန်ပြောင်းအရက်”၊ “ခွေးလမ်း”၊ “ဆန်ပြောင်းအသုဘ”၊ “အသေဆန်း” ဟူသော အပိုင်းငါးပိုင်းဖြင့် ဖွဲ့စည်းတည်ဆောက် ထားသော ဝတ္ထုရှည် ဖြစ်ပါသည်။ အပိုင်းတစ်ပိုင်းစီကို ၁၉၈၆ ခုနှစ်အတွင်းတွင် မဂ္ဂဇင်းအသီးသီး၌ ဝတ္ထုလတ်များအနေဖြင့် သီးခြားရေးခဲ့ခြင်း ဖြစ်၏။ ၁၉၈၇ ခုနှစ်ကျမှ ထို ဝတ္ထုလတ် ငါးပုဒ်ကို ပေါင်းစည်း၍ ဆန်ပြောင်းနီမိသားစု ဟု အမည်ပေးကာ လုံးချင်းဝတ္ထုရှည်အဖြစ် လွတ်မြောက်ရေး တပ်မတော် စာပေတိုက်က ထုတ်ဝေခဲ့ခြင်း ဖြစ်ပေသည်။
ဆန်ပြောင်းနီမိသားစု မှာ မော့ယန်က တရုတ်စာပေလောက ထံသာမက ကမ္ဘာ့ စာပေလောကထံသို့ပါ တင်ဆက် လိုက်သည့် သြဇာလွှမ်းမိုးမှု ကြီးမားသော လက်ရာတစ်ပုဒ် ဖြစ်ပေသည်။ ဝတ္ထုမှာ ဇာတ်ကြောင်းပြောသူ “ကျွန်တော်” က တစ်ဆင့် ဂျပန်ခုခံရေး စစ်ပွဲကာလအတွင်း “ကျွန်တော်” ၏ ဘိုးဘွားများက ကောင်းမိတုန်းပေ တိုက်နယ်တွင် ရဲဝံ့စွန့်စား၊ ကြေကွဲလှိုက်လှဲဖွယ်ကောင်းစွာ ခြိမ့်ခြိမ့်သဲ ကပြအသုံးတော်ခံခဲ့ကြသည့် ဇာတ်လမ်းအကြောင်း ကို ပြောပြထားပေသည်။ ဇာတ်ကြောင်းပြောသူ၏ ဘိုးဘိုး၊ ဘွားဘွား၊ အဖေ၊ အရီးလေး အစရှိသော ရှေးလူကြီးသူမ များသည် တစ်ဖက်မှာ ကျူးကျော်သူ ဂျပန်တို့ကို ခုခံတိုက်ခိုက်ရင်း တစ်ဖက်မှာလည်း နောင်လာနောက်သား မျိုးဆက် သစ်များ မယှဉ်သာလောက်သည့် ဂန္ထဝင်မြောက် အချစ်ပွဲများကို ဆင်နွှဲခဲ့ကြပေသည်။ စိတ်ကူးအတွေး နယ်ချဲ့နိုင်စရာ များစွာတို့ ထုံမွမ်းနေသော ဤဝတ္ထုဖြင့် မော့ယန်က “ကောင်းမိတုန်းပေတိုက်နယ်” ကို ကမ္ဘာ့စာပေထံသို့ ဆောင်ကြဉ်း မိတ်ဆက်ပေးလာ ခဲ့ပေသည်။
မော့ယန်ဝတ္ထုများကို မြန်မာဘာသာသို့ စတင်ပြန်ဆိုစဉ်ကတည်းက ဆန်ပြောင်းနီ မိသားစု ကို မြန်မာဘာသာ သို့ ပြန်ဆိုရန် ဆန္ဒရှိသော်လည်း အကြောင်းကြောင်းကြောင့် မပြန်ဖြစ်သေးဘဲ ရှိနေခဲ့ရာ တစ်နေ့သ၌ ကံ့ကော်ဝတ်ရည် ထုတ်ဝေသူနှင့် စကားစမြည် ပြောဖြစ်ရာက ထိုဝတ္ထုကို ဘာသာပြန်ဖို့ ဖြစ်လာခဲ့ပါသည်။ ယခုအခါ ဆန်ပြောင်းနီ မိသားစု ကို မူရင်းတရုတ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုပြီးပါပြီ။ ဤစာအုပ်ကို ထုတ်ဝေပေးသော ကံ့ကော်ဝတ်ရည်ကို ကျေးဇူး တင်ပါသည်။
၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလ။
🍚🍚🍚
ဖား - https://whisper1of.blogspot.com/2026/01/blog-post_48.html

Comments
Post a Comment
တခုခု ပြောထားခဲ့ပါ။