တော်ကောင်းမင်း

 


သုတ၊ ရသ ဝတ္ထုကောင်းများစွာကို တရုတ်ဘာသာမှ မြန်မာဘာသာပြန်ဆိုရေးသားနေသူ ဆရာတော်ကောင်းမင်း

 

ဘာသာပြန်စာရေးဆရာ တော်ကောင်းမင်းက ၂ဝဝ၈ခုနှစ်မှာ ပထမဆုံး စာအုပ်အဖြစ် ကျန်ဇီမင်း သို့မဟုတ် တရုတ်ပြည်ကိုပြောင်းလဲခဲ့သူ စာ အုပ်ကို တရုတ်ဘာသာမှ မြန်မာဘာသာသို့ ဘာသာပြန်စာအုပ် ရေးသား ခဲ့ပြီး အဲဒီစာအုပ်နဲ့ပဲ၂ဝဝ၈ခုနှစ်အတွက် အမျိုးသားစာပေဆုလည်း ရရှိခဲ့ပါတယ်။

နိုဗယ်ဆုရစာရေးဆရာတွေဖြစ်တဲ့ ဆရာကြီး မော့ယန် (MoYan)ရဲ့ ဝတ္ထု များကို တရုတ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုရေးသားခဲ့တဲ့အပြင် ကမ္ဘာကျော် စာရေးဆရာကြီး ရှိတ်စပီးယားနဲ့ ဂျေအမ်ကူဇေး (J.M. Coetzee) အပါအဝင် အခြားနာမည်ကျော် စာရေးဆရာကြီးများရဲ့ စာအုပ်များကိုလည်း အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုရေးသား ခဲ့သူတစ်ဦး ဖြစ်ပါတယ်။

လက်ရှိမှာ တရုတ်ဘာသာမှ မြန်မာဘာသာသို့ စာအုပ် ၁ဝ အုပ်ကျော် နဲ့ အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ စာအုပ် ၂ဝကျော်ဘာသာပြန် ဆို ရေးသားထုတ်ဝေခဲ့ပြီး ဖြစ်ပါတယ်။

 

ပထမဆုံးဘာသာပြန်စာအုပ် ရေးသားဖြစ်ခဲ့ပုံ


“ပထမဆုံးဘာသာပြန်စာအုပ်ဖြစ်တဲ့ ကျန်ဇီမင်း သို့မဟုတ် တရုတ်ပြည် ကို ပြောင်းလဲခဲ့သူစာအုပ်ကို ဆေးကျောင်းတက်နေတဲ့အချိန် House Surgeon မဆင်းခင်လေးအချိန်ဖြစ်တဲ့ ၂ဝဝ၆ခုနှစ်မှာ စပြီးဘာသာပြန် ဖြစ်ခဲ့တာပါ။

House Surgeon မဆင်းခင်းမှာ အချိန်လေးလလောက်ရတာနဲ့ ကျောင်း လည်းပိတ်တုန်း ဒီစာအုပ်လေးကို အရမ်းလည်းသဘောကျမိနေတာနဲ့ တစ်ခါတည်း ဘာသာပြန်ဖြစ်ခဲ့တာပါ။ အစက စာအုပ်အနေနဲ့ ထုတ်ဖို့ ရည်ရွယ်ချက်မျိုးလည်း မရှိပါဘူး။

စာအုပ်ထုတ်မယ်ဆိုပြီး တကူးတက ဘာသာပြန်ခဲ့တာ မဟုတ်ပေမယ့် စာအုပ်ကိုဖတ်ပြီး သဘောကျလို့ ဘာသာပြန်ကြည့်နေရင်း စာအုပ်ကို နှစ်သက်တာကြောင့် ပြီးအောင် ဘာသာပြန်ဖြစ်ခဲ့ပါတယ်။

မိသားစုမှာ စာပေအသိုင်းအဝိုင်းက စာရေးဆရာတွေ၊ ထုတ်ဝေသူတွေ လည်း မရှိတော့ စာအုပ်အနေနဲ့ထုတ်ဝေဖို့ စိတ်ကူးမျိုးမရှိခဲ့ပါဘူး။

အချိန်လေးလယူပြီး စာအုပ်တစ်အုပ်လုံးပြီးအောင် ဘာသာပြန်ပြီးချိန်မှာ တော့ စာအုပ်အနေနဲ့ပါ ထုတ်ဝေဖို့စိတ်ကူးရပြီး ထုတ်ဝေသူကို ရှာခဲ့ပါ တယ်။

စာအုပ်အနေနဲ့ တကယ်ထုတ်ဝေမယ့်အချိန်မှာ အချိန်ယူပြီး စာအုပ် တစ်အုပ်လုံးကို သုံးခေါက်လောက် ပြန်လည်တည်းဖြတ်ခဲ့ပါတယ်။

စာအုပ်တစ်အုပ်လုံးထွက်ဖို့အတွက် တစ်နှစ်ကျော်လောက်တော့ အချိန် ယူခဲ့ရပါတယ်။ နောက်ဆုံးမှာ သီဟရတနာ စာအုပ်တိုက်က ဦးသိမ်းစိုး က ထုတ်ဝေပေးခဲ့ပါတယ်။

ဒီစာအုပ်ကို ၂ဝဝ၈ ခုနှစ် ဩဂုတ်လမှာ ပထမအကြိမ် စတင်ထုတ်ဝေခဲ့ ပါတယ်။ ၂ဝ၁၈ ခုနှစ်မေလမှာလည်း စွယ်တော်စာပေကနေ ဒုတိယ အကြိမ် ပြန်လည်ထုတ်ဝေထားပါသေးတယ်။

 

ပထမဆုံးစာအုပ်အနေနဲ့ ကျန်ဇီမင်း စာအုပ်ကို တရုတ်ဘာသာမှ ပြန်ဆိုရေးသားခဲ့


ကျန်ဇီမင်းစာအုပ်ကို အမေရိကန်နိုင်ငံက နာမည်ကျော်ရုပ်မြင်သံကြား အစီအစဉ် တင်ဆက်သူ တစ်ဦးဖြစ်ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူဘဏ် လုပ်ငန်းရှင်နဲ့ ကုမ္ပဏီဗျူဟာ ပညာရှင်တစ်ဦး ဖြစ်တဲ့ Robert Lawrence Kuhn က ရေးသားခဲ့တာ ဖြစ်ပါတယ်။

သူက တရုတ်ပြည်အကြောင်း၊ အထူးသဖြင့် ကျန်ဇီမင်းအကြောင်းကို ကာလကြာရှည် စောင့်ကြည့်လေ့လာခဲ့တဲ့အပြင် ကျန်ဇီမင်းရဲ့ ဆွေမျိုး တွေ၊ မိတ်ဆွေတွေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေကို အနီးကပ်အသေးစိတ် တွေ့ဆုံမေးမြန်းပြီး အချက်အလက် အထောက်အထား အပြည့်အစုံနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ကျန်ဇီမင်းရဲ့ မူရင်းစာရေးဆရာ Kuhn က စာအုပ်ကို တရုတ်နဲ့အမေ ရိကန်နှစ်နိုင်ငံမှာ ၂ဝဝ၅ခုနှစ်၊ မေလမှာတစ်ချိန်တည်း တစ်ပြိုင်တည်း ထုတ်ဝေခဲ့ပါတယ်။

ကျန်ဇီမင်း သို့မဟုတ် တရုတ်ပြည်ကို ပြောင်းလဲခဲ့သူ- ဆိုတဲ့အမည်နဲ့ တရုတ်ဘာသာနဲ့ ရေးသားထားတဲ့ စာအုပ်ကနေ ဆရာတော်ကောင်းမင်း က မြန်မာဘာသာကို ပြန်ဆိုရေးသားခဲ့တာ ဖြစ်ပါတယ်။

 

ပထမဆုံးစာအုပ်နဲ့ အမျိုးသားစာပေဆုရရှိခဲ့


ဒီအတ္ထုပ္ပတ္တိစာအုပ်မှာ ကျန်ဇီမင်းက တရုတ်ပြည်ရဲ့ အဓိကခေါင်းဆောင် နေရာမှာ ဆယ်စုနှစ် တစ်ခုကျော် တာဝန်ထမ်းဆောင်ခဲ့တဲ့ သမိုင်းတွင်တဲ့ စွမ်းဆောင်ချက်တွေနဲ့ သူ့ရဲ့ ဘဝဖြတ်သန်းမှုတွေကို ရေးသားထား တာပါ။

ဒီစာအုပ်က ကျန်ဇီမင်းရဲ့ အကြောင်းအပြင် အကောင်းအဆိုး ဒွန်တွဲ ရောနှောနေတဲ့ တရုတ်ပြည်ရဲ့ မျက်မှောက်ခေတ် နှစ်(၈ဝ) သမိုင်းကို ပါ နားလည်နိုင်ပါတယ်။ ဒါ့အပြင် တရုတ်ပြည်ရဲ့ စူပါစီးပွားရေးနဲ့ ကျန် ဇီမင်းရဲ့ စွမ်းဆောင်ချက်တွေကနေ မှတ်သားဖွယ်ရာ ဗဟုသုတများကို လည်း ရရှိနိုင်ပါတယ်။

“ကျန်ဇီမင်းစာအုပ်ကို စာအုပ်အနေနဲ့ ထုတ်ဝေဖို့တောင် စိတ်ကူးမရှိခဲ့ဘဲ စာအုပ်ကိုကြိုက်နှစ်သက်လို့ပဲ ဘာသာပြန်ဖြစ်ခဲ့တာဆိုတော့ အမျိုးသား စာပေဆုကိုလည်း လုံးဝမမှန်းထားပါဘူး။

တစ်ရက် ဆရာက ဖုန်းဆက်ပြီး မင်းစာအုပ်က အမျိုးသားစာပေဆု ဒီ ၂ဝဝ၈ခုနှစ်အတွက် ရွေးချယ်ခံရတယ်ပြောတော့ လုံးဝကိုမယုံနိုင်ဘူး။”

 

ပထမဆုံးစာအုပ်ကို ဘာသာပြန်ခဲ့တဲ့ အမှတ်တရလေးတွေက


“ပထမဆုံးစာအုပ်ဖြစ်ပြီး စစချင်းပြန်တာဆိုတော့ အရမ်းကြီးမစဉ်းစားဘဲ ကောင်းမယ်ထင်တဲ့ ဝေါဟာရ အသုံးအနှုန်းလေးတွေ ရွေးချယ်ဘာသာ ပြန်ခဲ့ပါတယ်။

စာအုပ်လေးက ကောင်းတော့၊ ဘာသာပြန်သင့်တယ်လို့ ယူဆပြီးဘာသာ ပြန်ခဲ့တာပါ။ စာအုပ်အနေနဲ့ ထုတ်ဖြစ်အောင် ဘာသာပြန်ရမယ်ဆိုပြီး တော့လည်း ရည်ရွယ်ချက်တွေ အများကြီးမထားဘူး။

စာအုပ်ကို ဘာသာပြန်နေချိန်မှာတော့ သက်ဆိုင်တဲ့စာအုပ်အများစုကို လည်း လိုက်ဖတ်ခဲ့ရတယ်။

ငယ်ငယ်ကတည်းက ကျောင်းစာထက် အပြင်က စာအုပ်တွေ အဖတ် များတာလည်း ပါပါလိမ့်မယ်။

တရုတ်ဘာသာက ပြန်ဆိုရတယ်ဆိုတော့ လူနာမည်တွေ၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အသုံးအနှုန်းတွေ၊ ၄ လုံးတွဲ တရုတ်ရိုးရာ ဆိုရိုးစကားတွေ အတွက် စာအုပ်တွေ လိုက်ရှာဖတ်ခဲ့ရပါတယ်။

တရုတ်နိုင်ငံနဲ့ ပတ်သက်တဲ့ နာမည်ကြီးတွေအကြောင်း မြန်မာလိုရေး ထားတဲ့စာအုပ်တွေ၊ ဥပမာ မော်စီတုန်းအကြောင်းလိုမျိုး စာအုပ်တွေ လည်း လိုက်ရှာဖတ်ခဲ့ရပါတယ်။

မူရင်းတရုတ်စာအုပ်မှာ ပြောချင်တဲ့အဓိပ္ပာယ်ကို သိပြီးသွားရင်တောင် မြန်မာလူမျိုးတွေ သုံးနေကျဖြစ်တဲ့ စကားလုံးလေးတွေကို ရှာဖို့အတွက် အချိန်ယူပြီး စာအုပ်တွေဖတ်၊ ဝေါဟာရတွေ စုဆောင်းပြီး ဘာသာပြန်ခဲ့ တာပါ။”

 

ဒုတိယမြောက်စာအုပ် ရှန်ဟိုင်းဂျင် စာအုပ်ကို ၂ဝဝ၉ ခုနှစ်က ထုတ်ဝေခဲ့


ဒုတိယစာအုပ်အနေနဲ့ ရှန်ဟိုင်းဂျင်စာအုပ်ကို တရုတ်ဘာသာကနေပြန် ဆိုရေးသားခဲ့တာ ဖြစ်ပါတယ်။

အောက်စဖို့ဒ်တက္ကသိုလ်ကနေ စာပေဝိဇ္ဇာဘွဲ့ကို ရရှိခဲ့ပြီး တက္ကသိုလ် ပါမောက္ခဟောင်းတစ်ဦးဖြစ်တဲ့ စာရေးဆရာချန်ကျုံးဆူ (Qian Zhong shu) က ပညာရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး တစ်ခုမှ မထွန်းပေါက် တဲ့ ရှန်ဟိုင်းသားတစ်ယောက်အကြောင်းကို ဇာတ်အိမ်တည်ပြီး ပထမ ကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်ကြား ဂျပန်တွေလက်အောက်ကို ကျရောက် နေတဲ့ တရုတ်ပြည် လူ့ဘောင်အဖွဲ့အစည်းရဲ့ တစ်စိတ်တစ်ဒေသ အ ကြောင်းကို ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။

စာရေးဆရာရဲ့ ခနဲ့တဲ့တဲ့ သရော်ဟန်တွေ၊ ဇဝနဉာဏ်တွေကအင်မ တန် ဆွဲဆောင်မှုရှိလှပါတယ်။

ရှန်ဟိုင်းဂျင်စာအုပ်ကို ၂ဝဝ၉ ခုနှစ်က ထုတ်ဝေခဲ့ပြီး အိုင်းစတိုင်း အိပ်မက် (Einstein's Dreams by Allan Lightman) နဲ့ မနုဿပျက်ခန်း (The Fall by Albert Camus) စာအုပ်နှစ်အုပ်ကို ၂ဝ၁ဝ ပြည့်နှစ်က ထုတ်ဝေခဲ့ပါတယ်။

၂ဝ၁ဝ နောက်ပိုင်းမှစတင်ကာ ဘာသာပြန်စာအုပ်များကိုသာ ရေးသားလျက်ရှိ


“၂ဝဝ၈ ခုနှစ်မှာ ရန်ကုန်မြို့၊ ဆေးတက္ကသိုလ်(၁)က ဆေးပညာဘွဲ့ရပြီး တော့ ၂၀၀၉ ကနေ ၂၀၁၀ ထိ (၂)နှစ်ကို ရခိုင်ပြည်နယ်၊စစ်တွေပြည် သူ့ဆေးရုံကြီးမှာ အမှုထမ်းခဲ့ပါတယ်။

၂ဝ၁ဝပြည့်နှစ်နောက်ပိုင်းမှာတော့ ဘာသာပြန်စာပေ ရေးသားတဲ့ဘက် ကို ပိုအချိန်ပေးထားပြီး အဓိက အနေနဲ့ ဘာသာပြန်စာပေတွေရေးသား နေပါတယ်။”

 

လက်ရှိမှာ စာအုပ် ၃ဝ ကျော်ကို ထုတ်ဝေပြီးဖြစ်


“လက်ရှိမှာ ဘာသာပြန်စာအုပ် ၃ဝ ကျော်ကို ပြန်ဆိုရေးသားပြီးဖြစ်ပါ တယ်။ ဘာသာပြန်စာအုပ် အများစုက တရုတ်ပြည်နယ်နဲ့ပတ်သက်တာ လေးတွေများပြီး တခြားနာမည်ကြီးစာအုပ်တွေလည်း ပါဝင်ပါတယ်။ တရုတ်ဘာသာကနေ တိုက်ရိုက်ပြန်ဆိုထားတာက ၁ဝ အုပ်နီးပါးလောက် ပဲ ရှိပါတယ်။ တခြားစာအုပ်တွေကတော့ အင်္ဂလိပ်ဘာသာစကားကနေ ပဲ ဘာသာပြန်ဆို ရေးသားထားတာပါ။

နိုဗယ်ဆုရ စာရေးဆရာ မော့ယန်နဲ့ ဆရာ ယွီဟွာတို့ရဲ့စာအုပ်ကောင်း တွေကို ဘာသာပြန်တာများပြီး လူကြိုက်လည်းများကြလို့ တရုတ်ဘာသာ က ပြန်ဆိုရေးသားတာကို လူသိများသွားတာပါ။

တရုတ်ဝတ္ထုတွေကို ဘာသာပြန်မယ်ဆိုရင် စာရေးဆရာရဲ့ ဆိုလိုရင်းနဲ့ အာဘော်တွေ၊ မူရင်းအရသာတွေ လုံးဝမပျက်အောင် မူရင်းတရုတ်ဝတ္ထု တွေကနေပဲ ဘာသာပြန်ဆိုပါတယ်။

အင်္ဂလိပ်ဘာသာကနေ ဘာသာပြန်ဆိုထားတဲ့အထဲမှာတော့ မူရင်းစာ အုပ်တွေက ပြင်သစ်ဘာသာတို့၊ တခြားဘာသာတွေ ဖြစ်နေတဲ့စာအုပ် တွေလည်း ရှိပါတယ်။

မနှစ်က ထုတ်ထားတဲ့ မုသားပေါင်းချုပ်စာအုပ်ဆိုရင် မူရင်းစာအုပ်က ပြင်သစ်ဘာသာနဲ့ ရေးပြီး အင်္ဂလိပ်ဘာသာစကားနဲ့ ဘာသာပြန်ထားတဲ့ စာအုပ်ကနေ ဘာသာပြန်တာပါ။

၂ဝ၁၈ခုနှစ်မှာ နွမ်းလျသေရှင် (၂) အုပ်တွဲ၊ ဆန်ပြောင်းနီ၊သက်ရှင်နေ စာအုပ်တွေ ထွက်ရှိခဲ့ပြီး ၂ဝ၁၉ ခုနှစ်မှာ ရွှီစန်းကွမ်း သွေးရောင်းမှတ် တမ်းစာအုပ် ထွက်ရှိထားပါတယ်။

စာရေးဆရာကြီး ယွီဟွာ ရေးသားထားတဲ့ The Seventh Day စာအုပ် ကို ရေးသားပြန်ဆိုထားတဲ့ သတ္တမနေ့စာအုပ်လည်း မကြာခင်ထွက်ရှိတော့မှာပါ။”

 

၂ဝ၁၅ခုနှစ်မှာ တရုတ်နိုင်ငံမှ ချီးမြှင့်တဲ့ လူငယ်ဘာသာပြန်စာပေဆုရရှိခဲ့


၂၀၁၅ ခုနှစ်မှာ တရုတ်နိုင်ငံက ချီးမြှင့်တဲ့ Special Book Award of China for Young Scholars ဆုကို ရရှိခဲ့ပါတယ်။

"Special Book Award of China" ဆိုတာ တရုတ်နိုင်ငံနဲ့ သက်ဆိုင်တဲ့ စာအုပ်စာပေတွေကို ရေးသား၊ ပြန်ဆို၊ ထုတ်ဝေပြီး တရုတ်နိုင်ငံနဲ့ နိုင်ငံ တကာအကြား ယဉ်ကျေးမှုဖလှယ်ရေးမှာ ထူးချွန်စွာ စွမ်းဆောင်ခဲ့ကြတဲ့ ကမ္ဘာတစ်ဝန်းက နိုင်ငံခြားသားစာရေးဆရာတွေ၊ ဘာသာပြန်ဆရာတွေ၊ ထုတ်ဝေသူတွေ ကို တရုတ်နိုင်ငံက ဂုဏ်ပြုချီးမြှင့်တဲ့ဆု ဖြစ်ပါတယ်။

ဒီဆုကို ၂၀၀၅ခုနှစ်က စတင်ကာ ဆုချီးမြှင့်ခဲ့ပြီးတော့ ကိုးကြိမ်မြောက် ဖြစ်တဲ့ ၂ဝ၁၅ခုနှစ်မှာတော့ လူငယ်တွေကိုလည်း ဆုချီးမြှင့်နိုင်ဖို့အတွက် Special Book Award of China for Young Scholars ဆိုတဲ့ လူငယ်ဆု ကိုပါ စတင်ပေးအပ်ခဲ့ပါတယ်။

အဲ့ဒီနှစ်မှာ လူ၂ဝကိုရွေးချယ်ကာဆုချီးမြှင့်ခဲ့ပြီး ဆရာတော်ကောင်းမင်း အပါအဝင် ဆုရရှိတဲ့သူ ၅ ဦးက လူငယ်ဆုရရှိသူတွေ ဖြစ်ပါတယ်။

“တရုတ်နိုင်ငံ၊ ပေကျင်းမြို့မှာ ကျင်းပတဲ့ Multilingual Translation Workshopကို ဒီဩဂုတ်လထဲမှာ သွားရောက်လေ့လာခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက စာပေပြန့်ပွားရေးအဖွဲ့အစည်း တွေဖွဲ့ပြီး အဓိက ဆောင်ရွက်တာ ဖြစ်ပါတယ်။

နိုင်ငံတကာက ဘာသာပြန်စာပေရေးသားနေသူတွေကို တရုတ်နိုင်ငံက မူရင်းစာရေးဆရာတွေနဲ့ တွေ့နိုင်အောင်လည်း စီစဉ်ပေးထားပါတယ်။ ပီကင်းတက္ကသိုလ်ကိုလည်း လေ့လာရေးသွားခဲ့ရပါတယ်။

ဒီလို ဘာသာပြန်အခမ်းအနားကို ၂ဝ၁၇ ခုနှစ်ကနေစပြီး ယခုနှစ်ထိဖိတ်ကြားခံရလို့ သုံးနှစ်ဆက်တိုက် တက်ရောက်ဖြစ်ခဲ့ပါတယ်။”

 

ဆရာတော်ကောင်းမင်းရဲ့ ဘာသာပြန်အလေ့အထတွေက


“သဘောကျတဲ့ စာရေးဆရာတွေ ရေးထားတဲ့ စာအုပ်တွေထဲကနေ အကြိုက်ဆုံးစာအုပ်ကို ရွေးချယ် ဘာသာပြန်ပါတယ်။

အဓိကကတော့ ကိုယ်နှစ်သက်သဘောကျတဲ့ စာပေတွေကို တခြားသူ တွေအတွက်လည်း သိအောင် မျှဝေပေးတဲ့ သဘောပေါ့။

မူရင်းစာအုပ်တွေရဲ့ ဟန်နဲ့ tone ကို သေချာသိအောင် အဲဒီစာရေးဆရာ ရေးသားထားတဲ့ တခြားစာအုပ်တွေကိုလည်း ထပ်ဖတ်လေ့ရှိပါတယ်။

စာအဓိပ္ပာယ်ကို သိနေရင်တောင် ပိုမိုထိမိတဲ့ အဓိပ္ပာယ်ကို ရေးသားနိုင် အောင် ဝေါဟာရကြွယ်ဝဖို့ စာကိုလည်း အချိန်ယူဖတ်ပါတယ်။ ဝေါဟာရသစ်တွေအတွက် အင်တာနက်ကနေ ရှာရသလို အဘိဓာန်ကိုလည်း သုံးပါတယ်။

နိုဗယ်ဆုရ စာရေးဆရာကြီး မော့ယန်ရဲ့ စာအုပ်တွေဆို တရုတ်စကား ကိုပုံမှန်တတ်ရုံနဲ့ ဘာသာပြန်လို့ မရပါဘူး။ သူ့ဝတ္ထုကို အခြေပြုရေးဖွဲ့တဲ့ ဒေသရဲ့ ဒေသိယသုံးစကားတွေကိုသိမှပဲ ဘာသာပြန်ဆိုလို့ရမှာပါ။

လက်ရှိမှာ ဘာသာပြန်တာကို အဓိကထားပြီး လုပ်နေပေမယ့် စာရေး ချိန်ဆိုပြီး တိတိကျကျ သတ်သတ်မှတ်မှတ် မထားထားပါဘူး။ လုံးဝ ဘာသာမပြန်ဖြစ်တဲ့ နေ့ရက်တွေရှိခဲ့သလို ဘာသာပြန်ထဲမှာပဲ မျောပြီး တစ်ရက်လုံးကို ဘာသာပြန်တာပဲလုပ်ဖြစ်တဲ့နေ့တွေလည်း ရှိပါတယ်။”

 

အမှတ်တရအရှိဆုံး ဘာသာပြန်သုတနဲ့ ရသစာအုပ်က


အမှတ်တရအရှိဆုံး သုတဘာသာပြန်စာအုပ်ဆိုရင် ကွန်ဖျူးရှပ်ကထာကျမ်း ဖြစ်ပါတယ်။ တရုတ်ကျမ်းစာကို ဘာသာပြန်တာ ဖြစ်ပါတယ်။ ကျမ်းအမျိုးအစားကို ပထမဆုံးဘာသာပြန်ဆိုဖူးတာဖြစ်လို့ အမှတ်တရ ရှိပါတယ်။ အဲဒီစာအုပ်ကို ပုဂံစာအုပ်တိုက်က အန်တီဒေါ်ခိုင်ခိုင်ဦးထုတ် ပေးခဲ့တာပါ။ ဒါကလည်း အမှတ်တရတစ်ခုပါပဲ။

ဒီစာအုပ်က အမြင်မှာ ပါးပါးလေးဖြစ်ပေမယ့် အဲဒါကို ဘာသာပြန်ဆိုနိုင်ဖို့အတွက် လေ့လာခဲ့ ရတာတွေကတော့ မနည်းပါဘူး။ ကွန်ဖျူးရှပ်ဝါဒ က တရုတ်ယဉ်ကျေးမှုအပေါ် အင်မတန်လွှမ်းမိုးမှုရှိပါတယ်။ ဒါကြောင့် တရုတ်အကြောင်းကို လေ့လာချင်ရင်ကွန်ဖျူးရှပ်ကထာကျမ်းကို လေ့လာ ထားမှ ဖြစ်မယ်လို့ ယုံကြည်ပြီး လေ့လာဖြစ်ခဲ့ရာကဘာသာပြန်ဆို ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ဘာသာပြန်ရသထဲမှာဆိုရင် ရှိတ်စပီးယားရဲ့ ရိုမီယိုနဲ့ဂျူးလိယက်ပြဇာတ် ဖြစ်ပါတယ်။ ၁၆ရာစု အဲလစ်ဇဘက်ခေတ်က အင်္ဂလိပ်ဘာသာနဲ့ ရေး ထားတဲ့ပြဇာတ်ကို ပထမဆုံးပြန်ဆိုတာဖြစ်လို့ အမှတ်တရ စာအုပ်ပါ။

ဒီစာအုပ်က စာမျက်နှာအနေနဲ့ ပါးပါးလေးဆိုပေမယ့် ဘာသာပြန်ရတဲ့ အလုပ်ကတော့ ပါးပါးလေးမဟုတ်ခဲ့ပါဘူး။ အခုချိန်မှာပြန်စဉ်းစားကြည့် ရင်တော့ အဲ့ဒီတုန်းက တကယ့်ကို စိတ်အား ထက်သန်ခဲ့လွန်းလို့သာ ပြန်ဆိုဖြစ်ခဲ့တာပါ။

ဘာသာပြန်ပြီးတဲ့နောက်မှာလည်း Unity စာအုပ်တိုက်က ဆရာဦးသန်းဆွေက လိုလိုလားလား ထုတ်ပေးခဲ့လို့ စာအုပ်အနေနဲ့ ဖြစ်လာခဲ့တာပါ။ အဲ့ဒီအချက်လေးတွေကြောင့်ပဲ ဟမ္မလက် (Hamlet)၊ မက္ကဘက်(Mac-beth) ၊ မစွာကျယ်ချွတ်ခန်း (The Taming of the Shrew)စတဲ့ ရှိတ်စပီး ယားပြဇာတ်တွေကို ဆက်လက်ပြန်ဆို ထုတ်ဝေနိုင်ခဲ့တာ ဖြစ်ပါတယ်။

 

လက်ရှိဘာသာပြန်နေတဲ့စာအုပ်က


လတ်တလောမှာ နိုဗယ်ဆုရ တရုတ်စာရေးဆရာကြီးမော့ယန် ရေးသား ထားတဲ့ဝတ္ထုဖြစ်တဲ့ The Republic of Wine စာအုပ်ကို တရုတ် ဘာသာ ကနေ တိုက်ရိုက်ပြန်ဆိုရေးသားနေပါတယ်။

 

ဆရာတော်ကောင်းမင်းရေးသားထုတ်ဝေပြီးစာအုပ်များ

 

၂ဝဝ၈


၁။ ကျန်ဇီမင်း သို့မဟုတ် တရုတ်ပြည်ကို ပြောင်းလဲခဲ့သူ (The Man Who Changed China: The Life and Legacy of Jiang Zemin by Robert Lawrence Kuhn)

 

၂၀၀၉


၂။ ရှန်ဟိုင်းဂျင် (Wei Cheng by Qian Zhongshu)

 

၂၀၁၀


၃။ အိုင်းစတိုင်းအိပ်မက် (Einstein's Dreams by Alan Lightman)

 

၂၀၁၁


၄။ မနုဿပျက်ခန်း (The Fall by Albert Camus)

၅။ ကွန်ဖျူးရှပ်ကထာကျမ်း (Lunyu by Confucius)

၆။ ကွန်ဖျူးရှပ်ကို နှလုံးသွင်း၍ (Confucius from the Heart by Yu Dan)

၇။ ရိုမီယိုနှင့် ဂျူးလိယက် (Romeo and Juliet by WilliamShakespeare)

 

၂၀၁၂


၈။ အရှက် (Disgrace by J.M.Coetzee)

 

၂၀၁၃


၉။ ဟမ္မလက် (Hamlet, Prince of Denmark by William Shakespeare)

၁၀။ ဖား ၂၀၁၃ (Wa by Mo Yan)

၁၁။ ကွန်ဖျူးရှပ်ကို မျက်မှောက်ပြု၍ (Lunyu Ganwu by Yu Dan)

၁၂။ ဆော်ဒီမှတ်တမ်း (Paramedic to the Prince by Patrick (Tom) Notestine)

၁၃။ မိုက်ကယ်ကေ၏ ဘဝနှင့်ခေတ် (Life & Times of Michael K by J.M.Coetzee)

၁၄။ ခုနစ်စဉ်ကြယ် (7 Men by Eric Metaxas)

 

၂၀၁၄


၁၅။ မက္ကဘက် (Macbeth by William Shakespeare)

၁၆။ ကာလို့စ်စလင်း (Carlos Slim by Jose Martinez)

၁၇။ စက္ကန့် ၃ဝ ခန္ဓာဗေဒ (30 Second Anatomy edited by Gabrielle M.Finn)

၁၈။ အာကာသမှတ်တမ်း (An Astronaut's Guide to life on Earth by Col. Chris Hadfield)

 

၂၀၁၅


၁၉။ အနှေးလူ (Slow Man by J.M. Coetzee)

၂၀။ စမတ်ပြောင်းလဲရေး (Smart Change by Art Markman)

၂၁။ မစွာကျယ်ချွတ်ခန် (The Taming of the Shrew by William Shakespeare)

 

၂၀၁၆


၂၂။ အောင်မြင်သူတို့၏ အတွေးအခေါ် (Change Your Thinking, Change Your Life by Brian Tracy)

 

၂၀၁၇


၂၃။ ခေါင်းဆောင်မှုစိတ်ကူးကောင်း ၁ဝဝ (100 Great Leadership Ideas by Jonathan Gifford)

 

၂၀၁၈


၂၄။ နွမ်းလျသေရှင် ပထမတွဲ (Life and Death Are Wearing Me Out by Mo Yan)

၂၅။ နွမ်းလျသေရှင် ဒုတိယတွဲ (Life and Death Are Wearing Me Out by Mo Yan)

၂၆။ မုသားပေါင်းချုပ် (The Notebook, The Proof, The Third Lie by Agota Kristaf)

၂၇။ ဆန်ပြောင်းနီ ၂ဝ၁၈ (Red Sorghum by Mo Yan)

၂၈။ သက်ရှင်နေ (To Live by Yu Hua)

 

၂၀၁၉


၂၉။ ရွှီစန်းကွမ်း သွေးရောင်းမှတ်တမ်း (Chronicle of a blood Merchant by Yu Hua)

၃ဝ။ သတ္တမနေ့ (The Seventh Day by Yu Hua)

Comments

Most Popular

ဖား - တော်ကောင်းမင်း

တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့်

ငြိမ်းတယ် ချမ်းတယ် မိုး - မင်းကျော်

နှင်းရိပ်ပြာ‌မှောင် - မောင်ရှင်စော

တစ္ဆေ - မင်းကျော် - Book Review

ရူးမူရာကာမိ - တိုကျိုကျဆုံးခန်း လက်ရွေးစင်ဝတ္ထုတိုများ - မိုးသက်ဟန်

စကားလက် သို့မဟုတ် လေရူးသုန်သုန် အဆက် - တင်မောင်မြင့်

ရွက်လှပန်း - မိုးမိုး(အင်းလျား)

မာန် - မောင်ထွန်းသူ - Book Review