မိုရီဆာကီ စာအုပ်ဆိုင် နေ့ရက်များ - မိုးရဲ (ဘာသာပြန်)
မိုရီဆာကီစာအုပ်ဆိုင်နေ့ရက်များ - မိုးရဲ (ဘာသာပြန်)
“ဘယ်နေရာကိုပဲ သမီးသွားသွား၊ စာအုပ်တွေ ဘယ်လောက်အများကြီးကိုပဲ သမီး ဖတ်ဖတ်၊ သမီး ဘာကိုမျှ မသိဆဲပဲ၊ ဘယ်အရာကိုမျှ သမီး မမြင်မတွေ့ဖူးဆဲပဲ။ ဒါကပဲ ဘဝပဲလေ။ ဦးလေးတို့က ကိုယ့်ရဲ့ လမ်းကို ရှာဖွေနိုင်ဖို့အတွက် ကြိုးစားရင်းနဲ့ပဲ ဦးလေးတို့ ဘဝကို နေထိုင်နေကြရတာပေါ့။ ဆန်တိုခါတနဲဒါ ရဲ့ ကဗျာတစ်ပုဒ်လို ‘တစ်တောင်ဆင်းဆင်း၊ တစ်တောင်တက်တက်၊ စိမ်းပြာရောင် တောင်တန်းများချည်းသာ’ ဆိုသလို မျိုးပေါ့”
~မိုရီဆာကီ စာအုပ်ဆိုင် နေ့ရက်များ
စာအုပ်တွေကြားမှာ ကိုယ့်ကိုယ်ကိုယ် ပြန်ရှာတွေ့ဖူးကြလား။ ဒီဝတ္ထုလေးကတော့ စာဖတ်ခြင်းနဲ့ပတ်သက်တဲ့ အမှန်တရားကို ရှုထောင့်တစ်မျိုးနဲ့ နူးညံ့သိမ်မွေ့စွာ လှစ်ဟပြထားပါတယ်။
ဝတ္ထုထဲက ဇာတ်ကောင် တာကကိုဟာ ၂၅နှစ် အရွယ်မှာ ဘဝရဲ့ အချိုးအကွေ့ကြီးကြီးမားမားကို ကြုံခဲ့ရတယ်။ လမ်းဆုံးကိုရောက်နေချိန်မှာ သူမရဲ့ ဦးလေး ဆတိုရူက ဂျမ်ဘိုချိုရပ်ကွက်က မိုရီဆာကီ စာအုပ်ဆိုင်ကို စိတ်ပြေလက်ပျောက် လာနေဖို့ ခေါ်လိုက်တယ်။
စာအုပ်အဟောင်းဆိုင်ငယ်လေးမှာ နေထိုင်ရင်းနဲ့ တာကကိုဟာ ဖြည်းဖြည်းချင်း ပြောင်းလဲလာခဲ့တယ်။ ဆိုင်အတွက် စာအုပ်သစ်တွေရှာရင်း၊ ဦးလေးဆတိုရူနဲ့ အန်တီမိုမိုကိုတို့ဆီက မတူညီတဲ့ ချစ်ခြင်းမေတ္တာရဲ့ အနက်တွေကို လေ့လာရင်း၊ ဆိုင်ကိုလာတဲ့ ဖောက်သည်တစ်ယောက်ချင်းစီရဲ့ ဘဝဇာတ်လမ်းတွေကို နားထောင်ရင်း သူမရဲ့ အနာသည်လည်းကျက်သွားခဲ့တယ်။
စာရေးဆရာရဲ့ ရေးဟန်က ဆိတ်ငြိမ်ပြီး နူးညံ့ညင်သာတဲ့ ပုံစံရသကိုပေးတယ်။ စာဖတ်သူကို အတင်းဆွဲခေါ်သွားတာမျိုး မဟုတ်ဘဲ အလိုက်သင့်မျောပါသွားတာ။ စာအုပ်အဟောင်းတန်းတည်ရှိတဲ့ ရပ်ကွက်လေးရဲ့ ကျဉ်းမြောင်းတဲ့ လမ်းလေးတွေ၊ စာအုပ်အဟောင်းတွေရဲ့ အနံ့၊ နွေးနွေးထွေးထွေးရှိလှတဲ့ ကော်ဖီဆိုင်၊ လူသားတွေရဲ့ အထီးကျန်ဆန်မှု၊မိမိကိုယ်ကို ပြန်လည်တွေ့ရှိခြင်း စတာတွေကို တမူထူးခြားစွာ ပေါင်းစပ်ဖန်တီးထားတယ်။ ဘာသာပြန်ဆိုသူကလည်း ဒီခံစားချက်တွေကို မြန်မာစာဖတ်သူတွေဆီ တန်းတန်းမတ်မတ် ရောက်ရှိအောင် လုပ်ပေးနိုင်တယ်လို့ မြင်ပါတယ်။
အတွေးထဲပေါ်လာတာတစ်ခုက တာကကိုကို တကယ်တမ်း ပြောင်းလဲရင့်ကျက်သွားစေတာက စာအုပ်တွေလား ဒါမှမဟုတ် အချိန်က ကုစားပေးသွားတာလား။ စာအုပ်တွေက လူတွေကို မပြောင်းလဲ စေနိုင်ပေမယ့် လမ်းပြပေးနိုင်သလို အချိန်သည်လည်း နာကျင်မှုကို သက်သာစေနိုင်တာပဲ။ သို့သော် ကျွန်တော်တို့ဟာ နှစ်ခုစလုံးမှာ ကိုယ့်ကိုယ်ကို ပြန်ရှာတွေ့ဖို့ ကိုယ်တိုင်အားထုတ်ကြည့်၊ ကြိုးစားကြည့်ရမှာချည်းပါပဲ။
ဒီဝတ္ထုလေးရဲ့ အထူးခြားဆုံးအချက်ကတော့ စာအုပ်တွေနဲ့ပတ်သက်ပြီး သက်သေထူထားတဲ့ အမြင်လေးပါ။ စာအုပ်တွေဟာ ပြဿနာတွေကို မဖြေရှင်းပေးနိုင်ပေမယ့် ကျွန်တော်တို့အတွက် အဖော်ဖြစ်ပေးနိုင်တယ်။ နာကျင်မှုကို မပျောက်ကင်းစေနိုင်ပေမယ့် သက်သာအောင် လုပ်ပေးနိုင်တယ်။ စာအုပ်တွေကြားထဲ နစ်မြုပ်ရင်းကနေ ကိုယ့်ကိုယ်ကိုလည်း ပြန်ရှာတွေ့ သွားနိုင်တာပဲလေ။
ကျွန်တော်တို့ဘဝတွေမှာ ဆိုးသောလောကဓံတွေနဲ့ကြုံလာတဲ့အခါမှာလည်း ဒီစာအုပ်ထဲကလိုမျိုး ခဏလောက် break time ပေးဖို့လိုပါတယ်။ တာကကိုဟာ စာအုပ်ဆိုင်မှာ နေနေခိုက် ဘာမှမလုပ်ခဲ့ဘူးလို့ ထင်ရပေမယ့် တကယ်တော့ အရေးအကြီးဆုံး အလုပ်တစ်ခုကို လုပ်နေခဲ့တာပါ။ အဲ့ဒီအရာကတော့ “ကိုယ့်ရင်ထဲကအသံ”ကို ပြန်နားထောင်နေတာပါ။
ကျွန်တော်တို့ဟာ ရောင့်ရဲနိုင်ကြသူတွေမဟုတ်ကြပါဘူး။ ဘယ်လောက်စာအုပ်များများဖတ်ဖတ်၊ ဘယ်လောက်နေရာများများသွားသွား၊ ကျွန်တော်တို့မှာ လေ့လာစရာ ရှာဖွေစရာ ရှိနေဆဲပါပဲ။ ဒီလိုဖြစ်နေတာကိုက ဘဝရဲ့ အလှတရား တစ်ခုလို့ စာရေးသူကတင်ပြသွားပတယ်။
ဒီဝတ္ထုလေးက plot twistတွေမပါဘူး။ ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ending လည်းမဟုတ်ဘူး။ ဒါပေမယ့် စာအုပ်တွေကို တကယ်မြတ်နိုးတဲ့သူတွေ၊ ဘဝမှာ အဖြေရှာမတွေ့သေးတဲ့သူတွေ၊ ပြန်စဖို့ အချိန်ယူနေတဲ့ သူတွေအတွက်ကတော့ ဒီစာအုပ်လေးဟာ နွေးထွေးတဲ့ ကော်ဖီပူပူတစ်ခွက်လို့သာ တင်စားလိုက်ချင်ပါတယ်။ မိုရီဆာကီစာအုပ်ဆိုင်လိုမျိုး နေရာတစ်ခုဆိုတာထက် ပိုသာတဲ့အဓိပ္ပာယ်တွေ ရှိနေမယ့် အမှတ်တရနေရာတစ်ခု ကျွန်တော်တို့တတွေမှာလည်း ရှိကောင်းရှိကြမှာပါ။ ဒီစာအုပ်လေးကတော့ စာဖတ်သူတွေကို ဂျပန်အငွေ့အသက်တွေနဲ့ ထုံမွှမ်းထားတဲ့ စာအုပ်အဟောင်းဆိုင်ငယ်လေးထဲ ခေတ္တခဏ ခေါ်ဆောင်သွားပါလိမ့်မယ်။
“တစ်ယောက်ယောက်ကို ချစ်မြတ်နိုးဖို့အတွက် ဘယ်တော့မှ မကြောက်ရွံ့နေနဲ့နော်။ သမီး ချစ်ကျွမ်း ဝင်မိသွားတဲ့ အချိန်ကျရင်လည်း စိတ်ရောကိုယ်ပါ ချစ်ကျွမ်းဝင်သွားစေချင်မိတယ်။ နောက်ဆုံးမှာ အသည်းကွဲမှုတွေနဲ့ အဆုံးသတ်ရမယ် ဆိုရင်တောင်မှ ချစ်ခြင်းမေတ္တာ မရှိတဲ့ အထီးကျန်ဘဝမှာတော့ ကျေးဇူးပြုပြီး မနေပါနဲ့။”
~မိုရီဆာကီ စာအုပ်ဆိုင် နေ့ရက်များ
#မိုရီဆာကီစာအုပ်ဆိုင်နေ့ရက်များ #DaysAtTheMorisakiBookshop #Youths_book_reflections #SataruYuki #မိုးရဲ #bookreview
စာအုပ်ဖတ်ရန်
https://whisper1of.blogspot.com/2026/02/days-at-morisaki-bookshop.html

Download link မရှိပါ
ReplyDeleteစာအုပ်လုပ်တာ မပြီးသေးလို့ မထည့်ရသေးတာပါ။
DeleteDownload ရပြီ။
ReplyDelete