အရှက် - တော်ကောင်းမင်း

 


ဘာသာပြန်သူ၏ အမှာ

 

နိုဗဲ စာပေဆုရ ကမ္ဘာကျော် ဝတ္ထုရေးဆရာကြီး ဂျေ၊ အမ်၊ ကူဇေး၏ အရှက် ဝတ္ထုသည် ၁၉၉၉ ခုနှစ်တွင် ထုတ်ဝေလိုက်ကတည်းကိုက အကြီးအကျယ် အငြင်းပွားခဲ့ရသည့် စာအုပ် တအုပ်ဟု ဆိုကြပါသည်။ သူ့ဝတ္ထုပါ အကြောင်းအရာများကို နှစ်သက် ထောက်ခံသူများ ရှိသလို ကန့်ကွက်ခဲ့သူများလည်း မနည်းခဲ့ပေ။ သည်လို ဟိုးလေးတကျော် ဖြစ်ခဲ့သော ထို အရှက် ဝတ္ထုကြောင့်ပင် ဂျေ၊ အမ်၊ ကူဇေးသည် ဘွတ်ကာ စာပေဆုသမိုင်းတွင် နှစ်ထပ်ကွမ်း ဆုရသည့် ပထမဆုံး စာရေးဆရာ ဖြစ်လာခဲ့သည်။

ထိုမျှမက အရှက်သည် ဂျေ၊ အမ်၊ ကူဇေး၏ ကိုယ်စားပြု လက်ရာ ဖြစ်လာခဲ့ပေရာ နိုဗဲ စာပေဆု ရရှိရသည့် အဓိကအကြောင်းရင်းလည်း ဖြစ်လာခဲ့သည်။

ကူဇေး၏ ဝတ္ထုများသည် ခေတ်လွန် ရေးဟန်နှင့် ရေးထားပေရာ သူ့ဝတ္ထုတွေက ဖတ်ပြီး ပြီးရော သဘောမျိုး မဟုတ်ဘဲ စာဖတ်သူအဖို့ တွေးစရာတွေ ချန်ထားပေးခဲ့သည်။ သူ့ရေးဟန်က စာရေးဆရာ၏ အာဘော်ကို စာဖတ်သူထံ အတင်းအကျပ် ထိုးပေးတာမျိုး မဟုတ်။ ကူဇေးက နက်နက်နဲနဲ တွေးပြ၍ မေးခွန်းတွေ ထုတ်ခဲ့၏။ သို့သော် သူက တစုံတရာ ကောက်ချက် ချမသွားခဲ့။ ကောက်ချက် ဆွဲရမည့်အလုပ်က စာဖတ်သူ၏အလုပ် ဖြစ်ပေသည်။

အရှက် ဝတ္ထုသည်ကား အသားအရောင် ခွဲခြားခြင်းမှ လွန်မြောက်ခါစ တောင်အာဖရိကကို နောက်ခံပြုထားသော အသက် ငါးဆယ့်နှစ်နှစ်အရွယ် ပါမောက္ခတယောက်၏ ဇာတ်ကြောင်း ဖြစ်ပေသည်။

အိမ်ထောင်ကွဲတဦး ဖြစ်သော ပါမောက္ခ ဒေးဗစ် လူရီသည် သူ သွားလာနေကျ ဆိုရာယာနှင့် လမ်းခွဲခဲ့ရပြီးနောက် သူ့အတန်းထဲက ကျောင်းသူတယောက်နှင့် မဖွယ်မရာ အမှု ကျူးလွန်မိသည်။ ထိုသတင်း ပြန့်သွားသောအခါ ဒေးဗစ် လူရီသည် ကျောင်းဘက်က လမ်းဖွင့်ပေးသည့် အမှား ဝန်ခံ ဝန်ချ တောင်းပန်ခြင်းဖြင့် ရာထူးမြဲအောင် ထိန်းထားဖို့ နည်းလမ်းကို ပယ်ချခဲ့၏။

အလုပ်ပြုတ်ပြီးနောက် ဒေးဗစ် လူရီသည် သမီးရှိရာ ကျေးလက်ဒေသသို့ ထွက်ခွာလာပြီး သမီးနှင့်အတူ ခဏတဖြုတ် နေထိုင်လေသည်။ ဤတွင် သူနှင့် နှစ်ပေါင်းများစွာ ကွဲကွာနေခဲ့သည့် သမီးနှင့် အဆင်ပြေအောင် ကြိုးစားခဲ့ရ၏။ ထိုမျှမက သူ အလျင်က အထင်မကြီးခဲ့သည့်သူတွေနှင့် ဆက်ဆံလာရရုံသာမက အိပ်မက်ပင် မမက်ဖူးသည့်၊ သူ သေချာပေါက် နှာခေါင်းရှုံ့မည့် အလုပ်တွေကို လုပ်လာခဲ့ရသည်။ ကျေးလက်သို့ ရောက်နေလင့်ကစား မြို့ပြမှာ သူ ကျူးလွန်ခဲ့သော ကျောင်းသူ မေလာနီကို ခေါင်းထဲက ထုတ်မရနိုင်သေးချေ။

သည်လိုနှင့် သမီးနှင့်အတူ အေးအေးလူလူ နေရဖို့ မကြံသေး၊ မုန်တိုင်းကြမ်းကြီး ဝင်လာတော့သည်။ သူတို့ အနုကြမ်းစီးခံရပြီး သူ့သမီး လူစီကို အနုကြမ်းစီးသူ သုံးယောက်က အဓမ္မ ပြုကျင့်လိုက်ကြသည်။ ဒေးဗစ်လူရီကိုယ်တိုင်မှာလည်း ဒဏ်ရာ ပြင်းစွာ ရရှိခဲ့သည်။ ထိုအဖြစ်အပျက် ဖြစ်ပြီးနောက် ကိစ္စရပ်များအပေါ် ထားရှိသော သဘောထားနှင့် ကိုင်တွယ် ဖြေရှင်းပုံတို့နှင့် ပတ်သက်ပြီး ဖအေနှင့် သမီး သဘောထား ကွဲလွဲကြရာမှ စာရေးသူက သူ့အမြင်တချို့ကို ထင်ဟပ် ပြထားသည်။ ဒေးဗစ် လူရီ ရေးမည်ဟု ကြံရွယ်ထားသည့် အင်္ဂလိပ် စာဆိုကြီး ဘိုင်ရွန်အကြောင်း ပြဇာတ်သည်လည်း ဝတ္ထုတပုဒ်လုံးမှာ ကြိုကြားကြိုကြား ပေါ်လာတတ်ပေရာ စာဖတ်သူအား တခုခု ပြောပြချင်နေသယောင်။

မေလာနီနှင့် ကျူးလွန်ခဲ့သည့်ကိစ္စမှာ မူလက ဒေးဗစ် လူရီသည် မိမိကိုယ်ကို အပြစ်မရှိဟု ခံယူခဲ့လင့်ကစား သမီး အစော်ကားခံရပြီးနောက်မှာမူ သူကိုယ်တိုင် မေလာနီ၏ မိဘအိမ်သို့ သွားရောက်၍ ဝန်ချသည့်သဘော ပြုခဲ့ရသည်။ နောက်ဆုံးတွင် အနုကြမ်း စီးမှုနှင့် မုဒိမ်းမှုတို့ သည်အတိုင်း ပြီးသွားရ၏။ လူစီ့မှာ ကိုယ်ဝန် ရှိလာ၏။ ဒေးဗစ် လူရီ ရေးချင်သည့် ဘိုင်ရွန် ပြဇာတ်မှာလည်း သူ့အတွေးထဲမှာသာ တဝဲလည်လည် ရှိနေချေ၏။ တချိန်တည်းမှာ ခွေးပျိုတကောင်ကို ကယ်တင်ဖို့ ကြံရွယ်ခဲ့သည့် သူ့အကြံကိုလည်း နောက်ဆုံးတွင် လက်လျှော့လိုက်လေသည်။

အရှက်ဝတ္ထုတွင် ကိုယ်ကျင့်သိက္ခာ စောင့်ထိန်းခြင်းနှင့် ပတ်သက်၍လည်း ထင်ဟပ် ပြထားပေသည်။ တက္ကသိုလ် ပါမောက္ခတဦးဖြစ်သည့် ဒေးဗစ် လူရီသည် လူ့ဘောင် အသိုက်အဝန်းက လက်ခံထားသည့် ဆရာ တပည့် စည်းကို ဖောက်ဖျက်ခဲ့သည်။ မိမိ၏ တပည့်ကျောင်းသူ မေလာနီကို ဆရာဆိုသည့် အရှိန်အဝါကို အလွဲသုံး၍ ကျူးလွန်ခဲ့သည်။ ထို့အတွက် သူ ပေးဆပ်ခဲ့ရသည်။

ထို့ပြင် ကြမ္မာရဟတ်က တပတ် ပြန်လည်တတ်သည် ဆိုသလိုပင် မကြာခင်မှာ သူ့သမီး လူစီ အစော်ကားခံရသည်။ ထိုအဖြစ်ပြီး နောက်ပိုင်း ဒေးဗစ် လူရီသည် မိမိကျူးလွန်ခဲ့သည့်အမှုကို မှားပါသည်ဟု နှုတ်က ဝန်မခံသော်ငြားလည်း အမူအရာအားဖြင့်မူ ဝန်ချသည့်သဘော ပြုခဲ့ပေသည်။

အရှက် ဝတ္ထုကို ၂ဝဝ၈ ခုနှစ်က ရုပ်ရှင်အဖြစ် ရိုက်ကူးရာ ဒေးဗစ် လူရီ နေရာမှာ မင်းသားကြီး ဂျွန် မဲလ်ကိုဗစ်ချ် John Malkovich သရုပ်ဆောင်ထားသည်။ ထိုဇာတ်ကားသည် တိုရွန်တို ရုပ်ရှင်ပွဲတော်မှာ ပါဝင် ပြသခဲ့ရာ နိုင်ငံတကာ ရုပ်ရှင် ဝေဖန်သူများဆု International Critics' Award ကို ရရှိခဲ့သည်။

ဂျေ၊ အမ်၊ ကူဇေး၏ ဝတ္ထုများကို ၂၀၀၉ ခုနှစ်မှာ စတင် ဖတ်ရှုခွင့် ရခဲ့သည်။ ပထမဆုံး ဖတ်ရသည့် သူ့ဝတ္ထုမှာလည်း အရှက် ဝတ္ထုပင် ဖြစ်၏။ ထိုစဉ်က သုတစာပေများသာမက ရသစာပေများကိုလည်း ဘာသာပြန်ချင်သည့် အာသီသ ပြင်းပြနေချိန်လည်း ဖြစ်သည်။ မြန်မာ စာဖတ်ပရိသတ်များအဖို့လည်း အသစ်ဖြစ်၍ ကမ္ဘာ့စာပေ လောကတွင်လည်း အောင်မြင် ကျော်ကြားနေသည့် ဆရာကြီးတယောက်၏ လက်ရာမွန်များကို မြန်မာ စာဖတ်ပရိသတ်များနှင့် မိတ်ဆက်ပေးလိုသည့် ဆန္ဒ ရှိသည့်အလျောက် ဂျေ၊ အမ်၊ ကူဇေး၏ လက်ရာမွန် သုံးအုပ် (အရှက် Disgrace၊ မိုက်ကယ် ကေ၏ ဘဝနှင့် ခေတ် Life & Times of Michael K၊ အနှေးလူ Slow Man) ကို ဘာသာပြန်ဖို့ ဆုံးဖြတ်ဖြစ်ခဲ့သည်။ အရှက် ဝတ္ထုကို ပြန်ဆိုရာတွင် အမြင် ရိုင်းမည်ဟု ယူဆရသည့် အရေးအသား အချို့မှတပါး အပြည့်အစုံ ပြန်ဆိုထားပါသည်။

တော်ကောင်းမင်း

၂၇ ဇူလိုင် ၂၀၁၂

Comming Soon

Comments

Most Popular

ဖား - တော်ကောင်းမင်း

တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့်

ငြိမ်းတယ် ချမ်းတယ် မိုး - မင်းကျော်

နှင်းရိပ်ပြာ‌မှောင် - မောင်ရှင်စော

တစ္ဆေ - မင်းကျော် - Book Review

ရူးမူရာကာမိ - တိုကျိုကျဆုံးခန်း လက်ရွေးစင်ဝတ္ထုတိုများ - မိုးသက်ဟန်

စကားလက် သို့မဟုတ် လေရူးသုန်သုန် အဆက် - တင်မောင်မြင့်

ရွက်လှပန်း - မိုးမိုး(အင်းလျား)

မာန် - မောင်ထွန်းသူ - Book Review