ပြိုင်ပွဲ အပြီး AFTER THE RACE - ဂျူး

 

လော့ဒ် ဟမ်းစ် ဝပ်တ်၏ လက်ရာ

ပြိုင်ပွဲ အပြီး

AFTER THE RACE

ဂျူး

“နက်စ်” လမ်းမကြီးပေါ်ရှိ ပြေးလမ်းအတိုင်း လောက်စာလုံး ကလေးများ လိမ့်သလို ညီညီညာညာ ပြေးနေသော ကားများသည် ဒဗ္ဗလင်ဆီသို့ ဦးတည်၍ တရိပ်ရိပ် လျင်မြန်စွာ လာနေကြသည်။ အရှိန်ပြင်းစွာ မောင်းနှင် ပြိုင်ဆိုင်ရင်း အိမ်ပြန်လာနေသည့် ကားများကို စောင့်ကြည့်နေသော ပွဲကြည့် ပရိသတ်သည် အိုင်ယာလန်ကျွန်း၏ “အင်ချီကိုး” တောင်ထိပ်ပေါ်မှာ အုတ်အုတ်ကျွတ်ကျွတ် စုပြုံလျက် ရှိကြသည်။ နွမ်းပါး ထိုင်းမှိုင်းသော ဤရေလက်ကြားကို ဖြတ်သန်း၍ ဥရောပတိုက်သည် သူ၏ စက်မှုလုပ်ငန်းနှင့် ကြွယ်ဝ ချမ်းသာမှု အရှိန်အဟုန် လျင်မြန်စွာ မြင့်မားလာခဲ့ခြင်း ဖြစ်သည်။ မကြာခဏပင် လူထုပရိသတ်သည် နေမထိ ထိုင်မသာ အားပေး ဟစ်ကြွေးလျက် ရှိ၏။ သို့သော် သူတို့ ကျေကျေနပ်နပ် အားပေးသည်မှာ အပြာရောင်ကားများ အတွက်သာ ဖြစ်သည်။ အပြာရောင်ကားတို့သည် သူတို့၏ မိတ်ဆွေ ပြင်သစ်လူမျိုးတို့၏ ကားများ ဖြစ်လေသည်။

ပြင်သစ်တို့သည် ပုံစံအားဖြင့် မဟုတ်သည့်တိုင် တကယ်တမ်းတော့ အောင်နိုင်သူများ ဖြစ်ပါသည်။ သူတို့ ရာထူးကို ရလိုက်သောကြောင့် ဖြစ်သည်။ ညီအစ်ကိုဝမ်းကွဲ တော်စပ်သော သူတို့နှစ်ယောက်သည် ပြင်သစ်ကားများ၏ အောင်မြင်မှုကြောင့် ပျော်ရွှင်ကြရခြင်းလည်း ဖြစ်သည်။ ဗီလိုနာ ပျော်ရွှင်နေရခြင်းမှာ ကျေနပ်ပျော်ရွှင်စရာကောင်းသော နေ့လယ်စာကို စားသောက်ခဲ့ရသောကြောင့် ဖြစ်သည့် အပြင်၊ သူသည် သဘာဝအားဖြင့်ကိုက အကောင်းမြင်သမား တစ်ယောက်လည်း ဖြစ်နေ၏။ အုပ်စု၏ စတုတ္ထမြောက် အဖွဲ့ဝင်ကတော့ အလွန်အမင်း စိတ်လှုပ်ရှားနေသောကြောင့် တကယ့် အစစ်အမှန် ပျော်ရွှင်မှုကို မရနိုင်ခဲ့ပေ။

သူသည် အသက် ၂၆ နှစ်ရှိပြီး အညိုနုရောင် နူးညံ့သော နှုတ်ခမ်းမွေး ရှိသည်။ အပြစ်ကင်းစင်ဟန် မီးခိုးရောင် မျက်လုံးများ ရှိသည်။ တိုးတက်သည့် အမျိုးသားရေးဝါဒီ တစ်ယောက် ဖြစ်ခဲ့သော သူ့ဖခင်သည် အမြင်များကို စောစော စီးစီး ပြောင်းလဲလိုက်သည်။ “ကင်းစ်တောင်း” တွင် အသားရောင်းသူ အဖြစ် ဝင်ငွေ ရှာခဲ့ပြီးနောက်၊ ဒဗ္ဗလင်နှင့် ဆင်ခြေဖုံးဒေသ တို့တွင် ဆိုင်များ ထပ်မံ တိုးချဲ့ခဲ့ခြင်းဖြင့် ဝင်ငွေ အဆများစွာ တိုးပွားလာခဲ့သည်။ ရဲနှင့် သက်ဆိုင်သော အမှုကိစ္စတို့တွင် လုံခြုံစွာ အကာအကွယ် ရခဲ့၏။ သူ ကံကောင်းသည်ဟု ဆိုနိုင်ပါသည်။ နောက်ဆုံးမှာတော့ ဒဗ္ဗလင် သတင်းစာများက သူ့အား “ကုန်သည် မင်းသားကြီး” ဟု စောင်းမြောင်း ရေးသားရလောက်အောင်ပင် သူ ကြွယ်ဝ ချမ်းသာ လာသည်။ သားကို အင်္ဂလန်သို့ ပို့၍ နာမည်ကျော် ကက်သိုလစ်ကောလိပ် တစ်ခုတွင် ပညာ သင်ကြားစေ၏။ ထို့နောက် ဒဗ္ဗလင်တက္ကသိုလ်သို့ ဥပဒေ ပညာ သင်ယူရန် စေလွှတ်ခဲ့ပြန်၏။ ဂျင်မီသည် ပညာကို စိတ်ပါလက်ပါ သင်ကြားခဲ့ခြင်း မရှိ။ ဦးတည်ချက်ပင် တစ်ခဏ လွဲမှားသွားခဲ့သေး၏။ သူ့မှာ ငွေရှိသည်၊ သူ့ကို လူသိများသည်။ ထူးဆန်း စွာပင် မော်တော်ကားဖြင့် လှည့်ပတ် ခရီးသွားခြင်း၊ ဂီတ ပျော်မွေ့ခြင်း စသည်တို့ဖြင့် သူ အချိန်များကို ခွဲဝေ သုံးစွဲ ခဲ့သည်။ ထို့နောက် ကိန်းဘရစ်(ဂျ်) သို့ သင်တန်းပတ် ကာလတစ်ခု တက်ရောက် သင်ကြားရသည်။ အပျော်အပါး နည်းလှသော ဘဝတစ်ခုပင် ဖြစ်၏။ သူ့ဖခင်သည် သားကို ဆန့်ကျင် ကန့်ကွက်ရင်းမှပင် မိမိ၏ ရက်ရောမှုအတွက် တိတ်တခိုး ဂုဏ်ယူရ၏။ သား၏ ကုန်ကျစရိတ် ရှင်းတမ်းများကို ပေးဆပ်ပြီး သားကို အိမ်ပြန်ခေါ်ခဲ့၏။ ထို ကိန်း ဘရစ်(ဂျ်) မှာပင် ဂျင်မီသည် ဆေဂွမ်နှင့် တွေ့ဆုံခဲ့ရခြင်း ဖြစ်သည်။ ထိုစဉ်က တစ်ယောက်ကို တစ်ယောက် သိကြရုံ ထက် မပိုပေ။ သို့သော် ပြင်သစ်နိုင်ငံတွင် အကြီးဆုံးဟိုတယ်ကြီး တချို့ကို ပိုင်ဆိုင်မှုဖြင့် ကျော်ကြားသော၊ ကမ္ဘာ အနှံ့အပြား လှည့်ပတ်ခဲ့ပြီးသော လူကုံထံ အသိုင်းအဝိုင်း တစ်ခုထဲသို့ တိုးဝင်ရန် ဂျင်မီသည် အလွန် ကျေနပ် နှစ်သိမ့် နေခဲ့၏။ အကယ်၍ ထိုသူသည် မိမိအတွက် ချစ်ခင်စရာကောင်းသော မိတ်ဆွေတစ်ယောက် မဟုတ်ခဲ့လျှင် တောင်မှ ထိုကဲ့သို့ လူတန်းစားနှင့် ပတ်သက်ရခြင်းမှာ ထိုက်တန်လှသည်။ (သူ့အဖေကလည်း ထိုကဲ့သို့ပင် သဘော ရှိ၏။) ဗီလိုနာ သည်လည်း ထူးချွန်သော စန္ဒရားဆရာ တစ်ယောက် ဖြစ်ပါ၏။ သို့သော် ကံအကြောင်း မလှစွာ အလွန်ဆင်းရဲလေသည်။

ကားသည် ဆူညံပျော်ရွှင်သော လူငယ်တစ်စုကို တင်ဆောင်လျက် မြူးထူးစွာ ပြေးနေသည်။ ရှေ့ထိုင်ခုံတွင် ညီအစ်ကိုဝမ်းကွဲ နှစ်ယောက် ထိုင်၏။ ဂျင်မီနှင့် သူ ဟန်ဂေရီယန် သူငယ်ချင်းသည် နောက်ထိုင်ခုံမှာ ထိုင်၏။ ဗီလိုနာ သည် ထင်ထင်ရှားရှားပင် ကျေနပ်လျက် ရှိသည်။ မိုင်ပေါင်းများစွာ ရှိသော လမ်းခရီးတစ်လျှောက်လုံး သူသည် တေးသွား တစ်ခု ညည်းလျက် လိုက်လာသည်။ ပြင်သစ်နှစ်ယောက်သည် ပေါ့ပါးသွက်လက်စွာ စကား လှည့်ပြောလျက် ရယ်မော လာကြသည်။ မကြာခဏပင် သူတို့၏ မြန်ဆန်သော စကားကို ဖမ်းမိအောင် ကိုယ်ကို ရှေ့သို့ ကိုင်းကာ နားထောင် ရ၏။ စကားအဓိပ္ပာယ်ကို ကျင်လည်စွာ မှန်းဆရင်း မျက်နှာကို တိုက်ခတ်နေသည့် လေကို ဆန်လျက် သူတို့အား ပြန် အော်ဟစ် ဖြေကြားရခြင်းမှာ သူ့အတွက် လုံးဝ မသက်သာပေ။ အရေးထဲမှာ ဗီလိုနာ၏ သီချင်း ညည်းသံကလည်း ဝင်ရှုပ်နေ၏။ ကား၏ ဆူညံသံကလည်း ဝင်ရှုပ်နေ၏။

အာကာသကို ဖြတ်လျက် လျင်မြန်စွာ ရွေ့လျားရခြင်းသည် လူတွေကို စိတ်အားတက်ကြွစေ၏။ နာမည်ဆိုးဖြင့် ကျော်ကြားရခြင်းလည်း ထိုနည်းတူ၊ ငွေကြေး ပိုင်ဆိုင်ရခြင်းသည်လည်း ထိုနည်းတူ ဖြစ်သည်။ ၎င်းတို့သည် ဂျင်မီ စိတ်လှုပ်ရှားနေရခြင်း၏ အခိုင်မာဆုံး အကြောင်းရင်း သုံးခု ဖြစ်၏။ သည်နေ့ သူငယ်ချင်းအများက မိမိအား ဥရောပ တိုက်သား တို့နှင့်အတူ ပူးတွဲ မြင်တွေ့ခဲ့ရပြီးပြီ။ ထိန်းချုပ်စခန်း၌ ဆေဂွမ်က မိမိအား ပြင်သစ် ပြိုင်ဘက်များထဲမှ တစ်ယောက်နှင့် မိတ်ဆက်ပေးခဲ့၏။ မိမိ၏ နှုတ်ခွန်းဆက် စကား ခပ်ဝါးဝါးကို အဖြေပေးသည့် အနေဖြင့်၊ မည်းနက်သော မျက်နှာပိုင်ရှင် ကားမောင်းသူသည် ဖြူဖွေးသော သွားတန်းကို ထုတ်ဖော်ပြခဲ့လေသည်။ ပွဲကြည့် ပရိသတ်ထံ ပြန်လာပြီး သူတို့၏ လှိုက်လှဲသော နှုတ်ဆက်အကြည့်များကို တုံ့ပြန်ရင်း ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူရသည့် အဖြစ်မှာ ကျေနပ်စရာ တော်တော် ကောင်းပါသည်။ ငွေကြေးအနေနှင့်လည်း... သူသည် ကိုယ်တိုင် ကြိုးစားအားထုတ်မှုဖြင့် များပြားသည့် ပမာဏကို ရခဲ့ပြီ။ ဆေဂွမ်ကတော့ ဤငွေပမာဏကို များလှသည်ဟု ထင်မှာ မဟုတ်။ သို့သော် ဂျင်မီ အနေဖြင့်တော့ တစ်ခဏ မှားယွင်း ဖြုန်းတီးခဲ့ဖူးသည့်တိုင်၊ နှလုံးသားမှ သိသော မျိုးရိုးစဉ်ဆက် အမွေသိဖြင့် ဤမျှငွေကို စုဆောင်းရရှိဖို့ မည်မျှ ခက်ခဲမည်ဆိုတာ သိလေသည်။ ဤ အသိကြောင့်ပင် သူ၏ အသုံးစရိတ်များကို သင့်မြတ်သော အကန့်အသတ် အတွင်းမှာ ရှိစေခဲ့ခြင်း ဖြစ်သည်။ အသိဉာဏ် မြင့်မားသော လူကြောင် တချို့သည် ငွေကြေး ရှာဖွေမှု အတွက် အာရုံ စိုက်သည့် ကိစ္စအပေါ်မှာ သံသယ ဖြစ်တတ်၏။ အကယ်၍ သူသာ အဲသည်လို အာရုံစိုက်ခဲ့မိမည်ဆိုပါက သူ့ပိုင်ဆိုင်မှု၏ ရာခိုင်နှုန်း တော်တော်များများ ရင်းနှီးမြှုပ်နှံရန် လိုအပ်လာသည့် ယခုလို အချိန်မျိုးတွင် ယခုထက်ပို၍ ရင်းနှီးစိုက်ထုတ် နိုင်မှာ သေချာသည်။ ၎င်းမှာ သူ့အတွက် အလေးအနက် ထားရမည့် အချက်တစ်ခု ဖြစ်သည်။

ရင်းနှီးမြုပ်နှံမှု ဆိုသည်မှာ တော်တော် အကျိုးရှိသည်။ မိမိမှာရှိသော အိုင်ယာလန်သုံး ငွေကြေး မဖြစ်စလောက် ကလေးကို အရင်းအနှီးအဖြစ် ပါဝင်ခွင့်ရသည်မှာ လူချင်း ခင်မင်မှုကြောင့်ဖြစ်ကြောင်း ဂျင်မီ သဘောပေါက်အောင် ဆေဂွမ်က ပြောထားခဲ့၏။ ဂျင်မီသည် စီးပွားရေးကိစ္စများနှင့် ပတ်သက်၍ ဖခင်၏ ပါးနပ်မှုအပေါ် လေးစားသည်။ ဤကိစ္စမှာတော့ ရင်းနှီးမြှုပ်နှံမှုအတွက် စတင် တိုက်တွန်းသူမှာ သူ့ဖခင် ဖြစ်သည်။ မော်တော်ကားလုပ်ငန်းဖြင့် ငွေကြေး ရှာဖွေခြင်း...။ ၎င်းမှာ ငွေတွင်းကြီးပင် ဖြစ်သည် ဟူ၏။ ထို့အပြင် ဆေဂွမ်မှာ ဘယ်လိုမှ မမှားနိုင်သည့် ကြွယ်ဝ ချမ်းသာမှု လည်း ရှိနေသည်။ ဂျင်မီသည် မိမိ လိုက်ပါနေသော ကားနှင့် ပတ်သက်သည့် လုပ်ငန်း အတွက် လက်တွေ့ စဉ်းစားစ ပြုလေသည်။ ကြည့်စမ်း၊ ဒီကား ပြေးပုံက ဘယ်လောက် ချောမွေ့လိုက်ပါသလဲ။ မြို့ပြင်လမ်းမတွေ တစ်လျှောက် ဤကားဖြင့် တရိပ်ရိပ် မောင်းနှင်လာခဲ့ရသည်မှာ မည်မျှ ကြည့်ကောင်းလိုက်မယ့် အဖြစ်လဲ။ ဤခရီးသည် ပဉ္စလက် အတတ်ဖြင့် ဘဝ၏ ရင်ခုန်ဖွယ်ရာ ခံစားချက် အစစ်အမှန် တစ်ခုကို ဖန်တီးပေး လိုက်သလို ရှိသည်။ တရိပ်ရိပ် လျင်မြန်စွာ ပြေးသော ဤ အပြာရောင် သတ္တဝါ၏ ခုန်ပေါက်မှုဒဏ်ကို အလိုက်သင့် ခံနိုင်ရန် အားထုတ်ရသည့်အခါ၊ လူ့ အာရုံကြောဆိုင်ရာ ယန္တရားတို့၏ အလုပ်သည် ရဲရင့်မှုဖြင့် ကျေနပ်ဖွယ်ရာ ဖြစ်သွားခဲ့သည်။

သူတို့သည် “ဒိန်း(မ်)” လမ်းသို့ မောင်းလာခဲ့ကြ၏။ လမ်းသည် ပုံမှန်ထက် ပို၍ ယာဉ်ကြော ရှုပ်ထွေးနေသည်။ မော်တော်ကား ဟွန်းသံများ၊ စိတ်မရှည်သော ဓာတ်ရထား ဒရိုင်ဘာတို့၏ မောင်းတီးသံများဖြင့် ဆူညံနေသည်။ ဘဏ် အနီးမှာ ဆေဂွမ်က ကားကို ရပ်လိုက်သည်။ ဂျင်မီနှင့် သူ သူငယ်ချင်းတို့ ဆင်းလိုက်ကြ၏။ စက်မသတ်သော ကားကို လေးစားစွာ ခရီးဦးကြိုပြုရန်အတွက် ပလက်ဖောင်းပေါ်မှာ လူတစ်စု ဝိုင်းအုံလာ၏။ မိမိတို့ အုပ်စုသည် ဤညနေ ဆေဟွမ်၏ ဟိုတယ်တွင် ညစာစားရန် ရှိသည်။ ယခု လောလောဆယ်မှာ အိမ်မှာတည်းသော သူငယ်ချင်းနှင့် ဂျင်မီတို့ အိမ်ပြန်၍ အဝတ်အစား လဲကြရမည်။ ငေးမော ကြည့်ရှုနေသော လူတစ်စုအကြားမှ သူငယ်ချင်းနှစ်ယောက် တိုးထွက်၍ လမ်းလျှောက်သွားကြစဉ်၊ သူတို့ကားသည် “ဂရစ်(ဖ်)တန်” လမ်းဆီသို့ ဖြည်းညင်းစွာ မောင်းသွားသည်။ ဤလေ့ကျင့်ခန်း လှုပ်ရှားမှုအတွက် မကျေမနပ် စိတ်ကလေးဖြင့် မြောက်ဘက်သို့ သူတို့ လမ်းလျှောက်လာကြသည်။ နွေညနေ၏ မြူငွေ့များအောက်တွင် ဒဗ္ဗလင်မြို့သည် သူ၏ ခပ်ဖျော့ဖျော့ မီးအုပ်ဆောင်းဖြင့် သူတို့ နှစ်ယောက်အပေါ် အလင်းဖြာကျ စေလျက် ရှိလေသည်။

ဂျင်မီ့အိမ်တွင် ဤညစာစားပွဲကို အခွင့်အရေး တစ်ခု အဖြစ် ပြောနေကြသည်။ ကြီးကျယ်သော နိုင်ငံခြား မြို့တော်ကြီးများတွင် ယှဉ်ပြိုင်ပြီး ရှုံးနိမ့်ရစေဦးတော့၊ အနည်းဆုံးတော့ ဂုဏ်သိက္ခာ တစ်ရပ်ပါပဲ… ဟူသော အတွေးဖြင့် သူ့ မိဘများသည် စိတ်အားထက်သန်မှု၊ စိတ်လှုပ်ရှားမှု၊ ဂုဏ်ယူမှုတို့ ရောစပ် ခံစားနေကြရ၏။ ဂျင်မီ ကိုယ်တိုင်လည်း အဝတ်အစား လဲနေစဉ်၊ ထို့နောက် ဧည့်ခန်းမမှာ မတ်တတ်ရပ်လျက် ဝတ်စုံ လည်စီးကို နောက်ဆုံးအကြိမ် ညှိနေစဉ် တော်တော် ကျေနပ် တက်ကြွနေဟန် ရှိသည်။ သူ့ဖခင်မှာ မိမိ ဝယ်ယူပေး၍ မရနိုင်သည့် သား၏ အရည်အချင်းများ အပေါ် အပြည့်အဝပင် ကျေနပ်လျက် ရှိ၏။ ထို့ကြောင့်လည်း ဖခင်သည် ဗီလိုနာအပေါ် အရေးတယူ ဆက်ဆံနေသည်။ နိုင်ငံခြားသားတို့၏ ကျွမ်းကျင်မှုကို တကယ်ပင် လေးစားကြောင်း သူ့ အပြုအမူက ဖော်ပြနေသည်။ သို့သော် သူ့အိမ်ရှင် ၏ အလေးအနက်ထားမှုသည် ဟန်ဂေရီသား အတွက် အမှတ်ထင်ထင် ဖြစ်မလာခဲ့။ သူသည် ညစာစားရန် စိတ်စော နေသည်။ သူ ဆာလောင်မွတ်သိပ်စ ပြုလာပြီ။

ညစာသည် အထူးပင် ကောင်းမွန်လှ၏။ ဆေဂွမ် သည် အစားအသောက်ကို အရသာခံတတ်၊ နှစ်သက်တတ်သူ ဖြစ်ကြောင်း ဂျင်မီ သိလိုက်သည်။ ညစာစားပွဲကို ပို၍ စည်ကားအောင် လူအင်အား ဖြည့်လိုက်သူက ရို(သ်) ဟု ခေါ်သော အင်္ဂလိပ် လူငယ် တစ်ယောက် ဖြစ်သည်။ သူ့ကို ဆေဂွမ်နှင့်အတူ ကိန်းဘရစ်(ဂျ်)တွင် ဂျင်မီ သိကျွမ်းခဲ့ရခြင်း ဖြစ်သည်။ လူငယ်တို့သည် လျှပ်စစ်ဖယောင်းတိုင်များ အလင်းဖြင့် နွေးနွေးထွေးထွေး သက်သောင့်သက်သာ ရှိသော အခန်းထဲတွင် ညစာ စားကြခြင်း ဖြစ်သည်။ ဣန္ဒြေ နည်းနည်းထိန်းလျက်က သူတို့သည် အာဝဇ္ဇန်းရွှင်ရွှင် စကား ပြောနေ ကြသည်။ အင်္ဂလိပ်လူငယ်၏ ခိုင်မာသောဟန်ကို တွယ်ငြိလျက်ရှိသည့် ပြင်သစ်လူငယ်တို့၏ စိတ်တက်ကြွမှုကို ဂျင်မီ ပုံဖော်မိ၏။ ဂျင်မီသည် အတွေးပေါင်းစုံဖြင့် စိတ်လှုပ်ရှားနေသည်။ အလွန် တင့်တယ်သော အထင်ကြီး ခံရမှု ပါလား ... ဒီတစ်ခုသာ ပါပဲ… ဟု သူ တွေးနေ၏။ အိမ်ရှင် ဖြစ်သူက ကျွမ်းကျင်စွာ စကားလမ်းကြောင်း ဆွဲခေါ်သွား နိုင်ခြင်းကို သူ ချီးကျူးမိသည်။ လူငယ်ငါးယောက်သည် ခံစားမှု အကြိုက်တစ်မျိုးစီ ဖြစ်နေကြပြီး အာနည်းနည်း ချောင်လာကြသည်။ ဗီလိုနာသည် ဂန္တဝင် နည်းစနစ်တို့ ဆုံးရှုံးသွားရသည့်အတွက် စိတ်မကောင်း ဖြစ်မိကြောင်း ဖော်ထုတ်ပြောကြားရင်းက အနည်းငယ် အံ့သြသွားသော အင်္ဂလိပ်လူငယ်အား အင်္ဂလိပ် အချစ်ကဗျာတိုကလေးများ၏ အလှအပကို လေးလေးစားစား ဆွေးနွေးစ ပြုလာသည်။ ရီဗီယဲသည် ဂျင်မီအား ပြင်သစ်စက်မှုပညာရှင်များ၏ အောင်ပွဲအကြောင်း သာသာထိုးထိုး ရှင်းပြ နေ၏။ ဟန်ဂေရီသား၏ လိုဏ်သံပါသော အသံက ရိုမန်းတစ် ပန်းချီဆရာတို့၏ အတုအယောင် ရေးဟန်များကို လှောင်ပြောင် သရော်ဆဲ ... ။ ဆေဂွမ်က သူ့အဖွဲ့ကို နိုင်ငံရေး စကားများဆီသို့ ဦးဆောင် ခေါ်သွား၏။ အားလုံးအတွက် သဘောတူညီမှုရသော အကြောင်းအရာပင် ဖြစ်သည်။ သိသိသာသာကြီး လွှမ်းမိုးခံရသူ ဂျင်မီအဖို့ သူ့ဖခင်၏ မြုပ်ကွယ် နေသော စိတ်ထက်သန်မှုက သူ့ကိုယ်တွင်းမှာ လှုပ်နှိုးလိုက်သလို ခံစားရသည်။ နောက်ဆုံးတော့ သူသည် မထုံတက်သေး ရို့(သ်) ကို ဆွ ပေးနိုင်လိုက်သည်။ အခန်းသည် နှစ်ဆတိုး၍ ပူလောင်တက်ကြွလာ၏။ သူတို့ ရှူးရှူးရှားရှား ဖြစ်လာ ကြသည်။ ဆေဂွမ်၏ တာဝန်မှာ စက္ကန့်တိုင်း စက္ကန့်တိုင်း ပို၍ ခက်ခဲလာသည်။ တစ်ယောက်ကို တစ်ယောက် အာဃာတ ထားတော့မည့် အခြေအနေ အန္တရာယ်သို့ပင် ရောက်လာသည်။ တက်ကြွသော အိမ်ရှင်သည် အခွင့်အရေး ရခိုက် တစ်ခဏ... သူ့ဖန်ခွက်ကို ကိုင်မြှောက်ကာ လူသား မျိုးနွယ်အတွက်... ဟု ဆုတောင်းလိုက်သည်။ သောက်ပြီးသောအခါ သူသည် ပြတင်းပေါက်တစ်ခုကို အဓိပ္ပာယ်ပါပါဖြင့် ဖွင့်ပစ်လိုက်သည်။

ထိုညတွင် ဒဗ္ဗလင်သည် မြို့တော်ကြီး မျက်နှာဖုံးကို စွပ်ထား၏။ လူငယ်ငါးယောက်သည် “စတက်ဖင်(စ်) ဂရင်း” တစ်လျှောက် မီးခိုးငွေ့ တိမ်လိပ်တို့အောက်မှာ လမ်းလျှောက်နေကြသည်။ သူတို့သည် ကျယ်ကျယ်လောင်လောင် စကားပြောရင်း ပျော်နေကြသည်။ သူတို့၏ ဝတ်ရုံစများ ပခုံးဆီမှ တွဲလောင်းကျနေသည်။ လူတွေက သူတို့ကို နေရာ ဖယ်ပေး ကြရ၏။ ဂရစ်ဖ်တန်လမ်းထောင့် အရောက်တွင် ပုပုဝဝ လူတစ်ယောက်သည် အခြား လူဝ တစ်ယောက်၏ တာဝန်ယူမှုဖြင့် ခပ်ချောချော အမျိုးသမီးနှစ်ယောက်ကို ကားပေါ် တင်ပေးလိုက်သည်။ ကားမောင်း ထွက်သွား ပြီးနောက် ကျန်ခဲ့သော ထိုလူဝသည် သူတို့အဖွဲ့ကို မြင်သွား၏။

“အွန်ဒရေ”

“ဖာလေ ပါလား”

ထို့နောက် စကားတွေ အမျှင်မပြတ် ပြောကြသည်။ ဖာလေသည် အမေရိကန်တစ်ယောက် ဖြစ်သည်။ သူတို့ ဘာတွေ ပြောမိသည်ဟု မည်သူမျှ အသေအချာ မသိ။ ဗီလိုနာနှင့် ရီဗီယဲတို့က အဆူညံဆုံး ဖြစ်၏။ သို့သော် အားလုံး တကယ် စိတ်လှုပ်ရှားနေကြသည်။ ရယ်သံများအကြား တစ်ယောက်ကို တစ်ယောက် ဖျစ်ညှစ်ရင်း သူတို့ ကားတစ်စီးပေါ် တက်လိုက်ကြသည်။ ယခုအခါ စိတ်ဝင်စားမှု နည်းနည်းလျော့သွားသော လူအုပ်၏ ဘေးမှပင် ရွှင်မြူးသော ခေါင်းလောင်း သံ ဂီတရှိရာသို့ ကားမောင်းလာခဲ့သည်။ “ဝက်စ်လဲင်းရိုး” တွင် သူတို့ ရထားစီးကြ၏။ (ဂျင်မီ့ အထင်တော့) စက္ကန့် အနည်းငယ် အတွင်း “ကင်းစ်တောင်း” ဘူတာထဲမှ သူတို့ ထွက်ခဲ့ကြပြီ။ အသက်အရွယ်ကြီးကြီး လက်မှတ်သိမ်းသူက ဂျင်မီအား နှုတ်ဆက်သည်။

“သာယာတဲ့ ညချမ်းပါ ခင်ဗျာ”

ကြည်လင်သော နွေည ဖြစ်ပါသည်။ ဆိပ်ကမ်းသည် သူတို့ ခြေဖဝါးအောက်ဆီတွင် မှန်ပြင်သားကဲ့သို့ နက်မှောင် ပြန့်ပြူးနေ၏။ ဆိပ်ကမ်းဆီသို့ သူတို့ လက်ချင်းချိတ် လမ်းလျှောက် ချဉ်းကပ်လာကြသည်။ “ကာဒေး ရူးဆယ်လ်” သီချင်းကို သံပြိုင် သီဆိုကြသည်။

“ဟိုး... ဟိုး... ဟိုးဟေး... တကယ်ပါပဲ” ဟူသော စာသားများ သီဆိုတိုင်း ခြေတစ်ချက်စီ ဆောင့်လိုက်ကြသည်။

သူတို့သည် ဆိပ်ခံ လျှောပေါ်မှတစ်ဆင့် လှေတစ်စင်းပေါ် တက်လိုက်သည်။ ထို့နောက် အမေရိကန်၏ ရွက်လှေကြီး ရှိရာသို့ လှော်ခတ်လာကြသည်။ အဲသည်မှာ ညလယ်စာ ရှိသည်၊ ဂီတ ရှိသည်၊ ဖဲဝိုင်း ရှိသည်။ ဗီလိုနာသည် အသေအချာ ယုံကြည်မှုဖြင့် “ပျော်စရာကြီးပဲ” ဟု ရေရွတ်၏။ ကေဗင် အခန်းလေးထဲတွင် စန္ဒရားတစ်လုံး ရှိသည်။ ဗီလိုနာသည် ဖာလေနှင့် ရီဗီယံတို့အတွက် ပေါ့(လ်)(ဇ်) တေးသွားကို တီးလိုက်သည်။ ဖာလေက မြင်းတပ်ဗိုလ် ဟန်ဖြင့် သရုပ်ဆောင်ပြီး ရီဗီယဲက လုံမပျိုတစ်ဦး ဟန်ဖြင့် သရုပ်ဆောင်လေသည်။ ထို့နောက် လူငယ်များသည် သူတို့ နဂို ပုံစံ ဖြင့်ပင် လက်တန်း ကကွက်တစ်ခု ဖန်တီးကာ မျက်နှာချင်းဆိုင် က ကြသည်။ ဘယ်လောက် မြူးကြွစရာ ကောင်းလိုက် ပါလိမ့်။ ဂျင်မီသည် စိတ်ပါလက်ပါပင် ဝင်က၏။ ဤသည်မှာ အနည်းဆုံးတော့ ဘဝကို ရှုမြင်ခြင်းပင် ဖြစ်သည်။ ထို့နောက် ဖာလေသည် အသက်မရှူနိုင်လောက်အောင် ဖြစ်လျက် “ရပ်ဦး” ဟု အော်ဟစ်သည်။ လူတစ်ယောက် အစာ ကြေလွယ်မည့် ညလယ်စာကို သယ်ဆောင်လာသည်။ လူငယ်များသည် ပုံစံတကျ ထိုင်လိုက်ကြပြီး ယမကာ သောက်ကြ သည်။

“ဒါကတော့ ဘိုးဟီးမီးယန်း”

ထို့နောက် သူတို့ အိုင်ယာလန်ကို သောက်သည်၊ အင်္ဂလန်ကို သောက်သည်၊ ပြင်သစ်ကို သောက်သည်၊ ဟန်ဂေရီကို သောက်သည်၊ အမေရိကန်ပြည်ထောင်စုကို သောက်သည်။ ဂျင်မီက ရှည်လျားသော မိန့်ခွန်းတစ်ခု ချွေ၏။ ဗီလိုနာက ဂျင်မီစကား တစ်ခဏ နားလိုက်တိုင်း “ကြားလား... ကြားလား” ဟု ပြောနေသည်။ ဂျင်မီ ထိုင်ချလိုက်သော အခါ လက်ခုပ်သံ တဖြောင်းဖြောင်း ထွက်ပေါ် လာသည်။ တော်တော်ကောင်းတဲ့ မိန့်ခွန်းတစ်ခု ဖြစ်ရမယ်လေ...။ ဖာလေ က သူ့နောက်ကျောကို ခပ်ပြင်းပြင်း ပုတ်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်၏။ တော်တော် ပျော်တတ်သော အုပ်စု ပါလား၊ နွေးထွေး နှစ်လိုဖွယ် အုပ်စုပါပဲ။

ဖဲချပ်များ... ဖဲချပ်များ၊ စားပွဲကို ရှင်းလိုက်ကြသည်။ ဗီလိုနာသည် စန္ဒရားဆီ ပြန်သွားကာ ပါတီပွဲအတွက် သီချင်းတွေ တီးလေသည်။ တခြားသူတွေကတော့ တစ်ပွဲပြီး တစ်ပွဲ ကစားကြ၏။ စွန့်စားမှုတွေဖြင့် ရဲရဲရင့်ရင့် အစွမ်းကုန် ပုံအော ကစားကြသည်။ စိန်တုံးပုံ ဘုရင်မကြီး (ဒိုင်ယာမွန်း ကွင်းဖဲချပ်)၏ ကျန်းမာရေးအတွက် သူတို့ သောက်ကြသည်။ နှလုံးပုံ ဘုရင်မကြီး (ဟာ့(တ်)ကွင်း ဖဲချပ်) ၏ ကျန်းမာရေးအတွက် သောက်ကြသည်။ ဂျင်မီသည် ပရိသတ် မရှိခြင်း အဖြစ်ကို မသဲမကွဲ ခံစားနေရသည်။ ခဏအကြာတွင် သူ့ဖြတ်ထိုးဉာဏ် ပေါ်လာ၏။ ကစားရှိန် တစ်ဟုန်ထိုး မြင့်မား လာပြီး အကြွေးကတ်ပြားတွေ ဝေရသည်။ ဂျင်မီသည် မည်သူ နိုင်နေမှန်း အတိအကျ မသိ၊ သူ ရှုံးနေသည်ကိုတော့ သူ သိလေသည်။ ဒါလည်း သူ့အမှားသာ ဖြစ်၏။ သူသည် ဖဲချပ်များကို ခဏခဏ မှားဆွဲလေ့ရှိပြီး တခြားလူများက သူ့အကြွေးများကို ပေါင်းတွက် ပေးနေရသည်။ သူတို့သည် အတိုက်အခံ ငြင်းခုံကြသည့် ရဲဘော်ရဲဘက်များ ပါပဲ၊ သို့သော် ကစားပွဲကိုဖြင့် ရပ်စေချင်လှပြီ။ တော်တော့်ကို အချိန်လင့်နေပြီ။ ဆုတောင်းပတ္ထနာပြုဖို့ တစ်ယောက်ယောက်က အရက် ခွက် လာပေး၏။ “နယူး ပို့(တ်)၏ မိန်းမချော” ဟု အမည်ပေးထားသည့် ဤရွက်လှေကြီးအတွက်...။ ထို့နောက် တစ်ယောက်ယောက်က ပွဲသိမ်းအဖြစ် အချီကြီး ကစားရန် အကြံပြု တောင်းဆိုလိုက်သည်။

စန္ဒရားသံ ရပ်သွားသည်။ ဗီလိုနာသည် ကုန်းပတ်ပေါ်မှာ မတ်တတ်ရပ်လိုက်ပြီ။ ယခု ကစားပွဲသည် တော်တော် လန့်စရာ ကောင်း၏။ ပွဲသိမ်းခါနီးတွင် ခဏနားပြီး ကံကောင်းဖို့အတွက် အရက်သောက်ကြပြန်၏။ ရို(သ်) နှင့် ဆေဂွမ် နှစ်ယောက်ချင်းအတွက် ကစားပွဲ ဖြစ်နေကြောင်း ဂျင်မီ နားလည်လိုက်သည်။ ဘယ်လောက်များ စိတ်လှုပ်ရှားဖွယ် ကောင်းလိုက်ပါသလဲ။ ဂျင်မီကိုယ်တိုင် စိတ်လှုပ်ရှားနေ၏။ ရှုံးလည်း ရှုံးနေသည်။ အကြွေးကတ်တွေ ဘယ်လောက် များများ လက်မှတ်ထိုးပေးနေခဲ့ရပါလိမ့်။ လူငယ်များသည် အဆုံးသတ် လှည့်ကွက်ဖြင့် ကစားနိုင်ဖို့ ခဏ မတ်တတ်ရပ် လိုက်ကာ ခြေဟန်လက်ဟန်ဖြင့် စကားတွေ ပြောနေကြပြန်သည်။ နောက်ဆုံးတော့ ရို(သ်) နိုင်သွား၏။ အခန်း တစ်ခုလုံး သည် လူငယ်တို့၏ မြူးထူးစွာ ဟစ်ကြွေး ချီးကျူးသံဖြင့် တုန်ခါသွားသည်။ ထို့နောက် ဖဲချပ်တွေကို စုသိမ်း လိုက်ကြ သည်။ သူတို့ နိုင်သမျှကို တွက်ချက်စုဆောင်း လိုက်ကြသည်။ ဖာလေနှင့် ဂျင်မီမှာ တော်တော်ကြီး ရှုံး လေသည်။

နံနက်မိုးလင်းလျှင် သူ နောင်တရမည်ဖြစ်ကြောင်း သူ သိ၏။ သို့သော် လောလောဆယ်တော့ သူ့မိုက်မဲမှုကို ဖုံးအုပ်ပေးထားသည့် မိန်းမူးမှု အမှောင်ကို ကျေနပ်ဝမ်းသာ နေသည်။ စားပွဲပေါ် တံတောင်နှစ်ဖက် ထောက်ကာ ဦးခေါင်း ကို လက်နှစ်ဖက်ဖြင့် ညှပ်ဖိထားလျက်က နားထင်မှ သွေးခုန်နှုန်းကို သူ ရေတွက်နေသည်။ ကေဗင်ခန်းတံခါး ပွင့်သွားပြီး မှုန်ဝါးဝါး အလင်းတန်းအတွင်းမှာ မတ်မတ် ရပ်နေသည့် ဟန်ဂေရီသားကို မြင်လိုက်ရ၏။

“လူကြီးမင်းတို့ ... မိုးလင်းသွားပါပြီ”

ဂျူး


ဂျိမ်း ဂျွိုက်(စ်) ၏ ဝတ္ထုတိုများ

https://whisper1of.blogspot.com/2026/03/blog-post_26.html

Comments

Most Popular

ဖား - တော်ကောင်းမင်း

တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့်

ငြိမ်းတယ် ချမ်းတယ် မိုး - မင်းကျော်

နှင်းရိပ်ပြာ‌မှောင် - မောင်ရှင်စော

တစ္ဆေ - မင်းကျော် - Book Review

ရူးမူရာကာမိ - တိုကျိုကျဆုံးခန်း လက်ရွေးစင်ဝတ္ထုတိုများ - မိုးသက်ဟန်

စကားလက် သို့မဟုတ် လေရူးသုန်သုန် အဆက် - တင်မောင်မြင့်

ရွက်လှပန်း - မိုးမိုး(အင်းလျား)

မာန် - မောင်ထွန်းသူ - Book Review