အနော်မာရှင်းတမ်း - သန်းတင့်

အနော်မာရှင်းတမ်း - သန်းတင့်

အနော်မာရှင်းတမ်း

 

ကိုရုဆိုးရေ

သကျတွေထဲမှာမှ သာကီအနွယ်တော်တွေဟာ အင်မတန်မှ မာန ကြီး မြင့်မြတ် အဆင့်အတန်း မြင့်ကြတယ်လို့ ဆိုပါတယ်။ သူများနဲ့ သွေး နှောမခံဘူး။ သူတို့ အမျိုးချင်း ပြန်ယူတဲ့အထိ မျိုးရိုးဂုဏ်သိက္ခာကို ထိန်း ကြတယ်။ တခြား ဆွေမျိုးအချင်းချင်း ဆိုတာထက် အသက် သိပ်မကွာတဲ့ မောင်နှမတစ်ဝမ်းကွဲကို ပြန်ယူတဲ့ အလေ့အထပေါ့ဗျာ။ ကျွန်တော်တို့ ဗမာ ဘုရင်များ လုပ်လေ့ရှိတဲ့ ဘုရင်ဗဟိုပြု အမျိုးမျိုးသော မိဖုရားမောင်းမ ကိုယ်လုပ်တော်တွေကရတဲ့ သားသမီးအချင်းချင်း ပြန်ပေးစားတာနဲ့ တူ သလို ထင်ရပေမဲ့ အလွန်ပဲ ကွဲပြားတာတွေ ရှိပါတယ်။

ဗမာ့နန်းတွင်းရေးကိစ္စက အဖေတူ အမေကွဲတွေရဲ့ အခြေအနေပဲ ဖြစ်ပြီး နန်းတွင်းအုပ်စုဖွဲ့တဲ့ သဘော၊ ရွှေနန်းရှင်ရဲ့ နန်းပလ္လင်လုံခြုံရေး၊ သွေးစိမ်းတွေ နှောလာရင် စကားစိမ်း၊ အတွေးစိမ်းတွေ ဝင်လာမှာ ကြိုတား ထားတဲ့သဘော၊ မောင်းမတစ်ထောင်ရဲ့ သိပ်ကျယ်ပြန့်လာနိုင်တဲ့ အန္တရာယ် အစုအဖွဲ့ကြီးကို ကြံ့နိုင်သမျှကြံ့ချင်တဲ့ သဘောတွေ ပါနေလိမ့်မယ်ထင် ပါတယ်။ အတွင်းမီးကိုလည်း ငြိမ်းပြီးသား၊ အပြင်ရန်အတွက်လည်း လူစု ပြီးသား ဗျူဟာပေါ့ဗျာ။ အလုပ်ဖြစ်တာလည်း ရှိ၊ အလုပ်မဖြစ်လို့ အဖေကို သားသတ်၊ ဦးလေးတွေ ဘကြီးတွေကို တူတွေ မြေးတွေက သတ်၊ အဖေ တူ မအေကွဲတွေ အချင်းချင်း သွေးချောင်းစီးကြတာတွေ တစ်ပုံကြီး ခင်ဗျားကြားဖူးမှာပါ။

ဒီနေရာမှာ ပြောစရာရှိတာက ရခိုင်မှာ ခုထိတိုင် ရှိနေသေးတဲ့ “သမီး မြောက်သား” ယဉ်ကျေးမှုဟာ ဘီစီခြောက်ရာစုထက် ပိုစောနိုင်တဲ့ မဇ္ဈိမ ယဉ်ကျေးမှုနဲ့ သွားတူနေတယ် ဆိုတာပါပဲ။ အစ်ကိုအရင်းရဲ့သမီးနဲ့ ညီမ ရဲ့သား၊ အစ်မအရင်းရဲ့သားနဲ့ မောင်အရင်းရဲ့သမီး ပေးစားတာကို သမီး မြောက်သားလို့ ခေါ်ပါတယ်။ အရင်ခေတ်တွေမှာ ဆိုရင် အဲဒီလို မွေးလာ တဲ့ ကလေးတွေကို မဖြစ်မနေ ကွပ်ညှပ်ပေးစားတဲ့ ရခိုင်ဇာတ်လမ်း ရာဇ ဝင်တွေ ရှိခဲ့ပေမဲ့လည်း ဒီဘက်ခေတ် အချိန်တွေမှာဖြင့် ကိုယ်သဘော ကိုယ်ဆောင်နိုင်တဲ့ အခွင့်အရေး ရခိုင်လုံမတွေ ရခိုင်လုလင်တွေ ရနေကြ ပါပြီ။ တချို့လည်း နှစ်ဖက်ကြည်ဖြူရင် သမီးမြောက်သား အစဉ်အလာကို ခုထိ ဆက်ထိန်းနေကြတာတွေ ရှိပါသေးတယ်။

သိဒ္ဒတ္ထနဲ့ ယသော်ဓရာဒေဝီဟာလည်း အခု ကျွန်တော် ပြောတဲ့ သဘောအရ သမီးမြောက်သား တော်စပ်ပါတယ်။ တစ်ခု သတိချပ်ရမှာ က မောင်နှမနှစ်ယောက်ကမွေးမှ (အစ်ကို့သမီး + ညီမသား၊ အစ်မသား + မောင်သမီး) ပေးစားလို့ရတာပါ။ ညီအစ်ကိုချင်း မွေးလာတဲ့ နှစ်ယောက် နဲ့ ညီအစ်မချင်း မွေးလာကြတဲ့နှစ်ယောက်ကိုတော့ဖြင့် ထိမ်းမြားရိုး ရှေး ထုံးစဉ်လာ မရှိပါဘူးတဲ့ဗျာ။ သူတို့ကို မောင်နှမလို့သာ သတ်မှတ်ပါတယ် တဲ့။ ဒီယဉ်ကျေးမှုဟာ အိန္ဒုမြစ်ဝှမ်းယဉ်ကျေးမှုမှ ဆင်းသက်လာပုံရတယ် ဆိုပေမဲ့ ကျွန်တော့်အဆင့်နဲ့ ခိုင်မာအောင် မပြောနိုင်တာ တောင်းပန်ပါတယ်။ သိဒ္ဒတ္ထတို့ နန္ဒတို့ရဲ့ ဖြစ်ပုံပျက်ပုံအရပဲ ခြေရာခံမိတာလေး ပြောပြ နိုင်တယ်ပေါ့လေ။

တစ်ဆက်တည်း ပြောချင်သေးတယ်ဗျ။ လူသားမျိုးနွယ်တွေအပေါ် ဇာအဆီနှစ်များစွာ သက်ရောက်စေမယ့် နှစ်ရှည်လွှမ်းမိုး ထိန်းကျောင်းနိုင် တဲ့ အယူဝါဒတွေကို စတင်ခဲ့ရာ မြစ်ဝှမ်းယဉ်ကျေးမှုတွေ အကြောင်းကို ကျွန်တော် သိပ်ပြီး စိတ်ဝင်စားတာပဲ။ အိန္ဒုနဲ့ ဂင်္ဂါမြစ်ဝှမ်း ယဉ်ကျေးမှုရဲ့ ဖိအားသက်ရောက်ခဲ့ရာ ဗုဒ္ဓရဲ့ အစိုးမရခြင်းဆိုတဲ့ အယူဝါဒရယ်၊ နိုင်းမြစ် ဝှမ်း ယဉ်ကျေးမှုနဲ့ ရောမရဲ့ ဓားသွားတွေအောက်က သူတစ်ပါးကိုပြုမယ့် အပြုအမူကို ကိုယ်ကိုယ်တိုင် ခံနိုင်ရဲ့လား စဉ်းစားပြီးတော့ ပြုမူပါ ဆိုတဲ့ နာဇရက်မြို့ လက်သမားဆရာရဲ့သား ယေရှုရဲ့ ကိုယ်ချင်းစာတရားဝါဒ ရယ်၊ ယူဖရေးတီးနဲ့ တိကရစ်မြစ်ဝှမ်း အသိုင်းအဝိုင်းက အရှင်မိုဟာမက် ရဲ့ မကောင်းတာတွေ လုပ်နေသူအဖို့ လောကကြီးဟာ နိဗ္ဗာန်ဘုံဆိုပေမဲ့ ကောင်းတာတွေ လုပ်နေသူအဖို့ ငရဲနဲ့ မခြားဘူးဆိုတဲ့ ကောင်းကင်ဘုံသို့ အနစ်နာခံ နေထိုင်ခြင်း အယူဝါဒတွေရယ်လို့ ဆိုရပါမယ်။ ကျွန်တော့် အတိုင်းအတာ ဉာဏ်ပညာနဲ့ မလုံလောက်မှန်း သိပေမဲ့ ကျွန်တော်သိသမျှ လေး ပြောကြည့်တာပါ။

ကျွန်တော်တို့ အရှေ့တိုင်းမှာရော ယန်စီကျန်းနဲ့ ဟွန်ဟိုမြစ်ဝှမ်း မြစ်ဝါမြစ်ဝှမ်းတွေမှာရော ဘယ်လိုတွေ ပေါ်ခဲ့ဖူးသလဲ သိချင်မိသေးတယ်။ တစ်ခါက ကွန်ဖြူးရှပ်ကြီး ခေတ်ကောင်းခဲ့ပေမဲ့ နောက်ပိုင်းမှာ တက်ကျမ်း သာသာ ကျန်ရစ်တော့တာ သတိထားစရာပါ။ ဧရာဝတီနဲ့ မစ္စစ္စပီ မြစ်ဝှမ်း လွင်ပြင်တွေမှာတော့ ထင်ရှားတဲ့ ဖလော်ဆော်ဖာတွေ သိပ်ပြီး ပေါ်ခဲ့တယ် ရယ်လို့ မတွေ့မိ မလေ့လာမိဘူး။ ကျွန်တော် အလေ့အလာ နည်းခြင်းရဲ့ ရလဒ်လည်း ဖြစ်နေနိုင်ပါတယ်။ ထားပါတော့။

သိဒ္ဓတ္ထကို ဖွားမြင်ချိန် အဲဒီခေတ် အဲဒီကာလ မဇ္ဈိမအဝန်းအဝိုင်း မှာ ရှိတဲ့ မြို့ပြနိုင်ငံတွေမှာ ဇာတ်အနိမ့်အမြင့် မျိုးရိုးအနွယ် အနိမ့်အမြင့် သိသာစွာ ခွဲခြားကြတယ် ဆိုရပါမယ်။ နာမည်ကို ကြည့်တာနဲ့ ဦးညွှတ်ရ မယ့် လူ၊ အရိုအသေတန်ရမယ့် လူ၊ မော်ကြည့်ခွင့်တောင် မရနိုင်လောက် တဲ့ သတို့သမီး စသဖြင့်ပေါ့လေ။ ဂေါတမဆိုတာ သိဒ္ဒတ္ထရဲ့ မျိုးနွယ်နာမည် ပါ။ ဘုရားဖြစ်လို့ခေါ်တာ မဟုတ်ပါဘူး။ သူတို့မျိုးနွယ်မှာ ယောက်ျားဆို ဂေါတမ၊ မိန်းမဆိုရင် ဂေါတမီ ဒီလို သုံးရတယ်လို့ ဆိုပါတယ်။ မိထွေးတော် ဂေါတမီဆိုတာ အဲဒီကလာတာပါပဲ။ ကရင်မလေး၊ မွန်လေး၊ ရှမ်းကြီး စ သဖြင့် ဖြစ်နိုင်မလားတော့ မသိဘူး။ သူတို့အမျိုးဇာတ်ဟာ အဲဒီပြည်ထောင် တွေကြားမှာဖြင့် မာန၊ သိက္ခာ၊ ဂုဏ် အမြင့်ဆုံးတွေထဲကပေါ့လေ။ သူတို့ တွေဟာ တောင်းစားတာ၊ နိမ့်ယုတ်တဲ့ အိုးအိမ် အိပ်ရာမှာ အိပ်တာ၊ နိမ့် ပါးတဲ့ အလုပ်မျိုးတွေ၊ ဥပမာ အညစ်အကြေးသိမ်း အသုဘမြှုပ် သူတစ်ပါး အဝတ် လျှော်ဖွပ်တာ၊ ပန်းကန်ဆေးတာတောင် မလုပ်ရဘူးတဲ့။

စကားစပ်လို့ သူတို့ဇာတ်အဆင့် ခွဲပုံ ကျွန်တော်သိတာလေး ပြောပြပါဦးမယ်။ သုဘရာဇာတောင် အနိမ့်အမြင့် လေးမျိုးလောက် ခွဲထားသေး တယ်ဗျာ။ လူသေကောင် ထမ်းတဲ့ သုဘရာဇာကို သူကောင်ထမ်းတဲ့၊ နောက်တစ်ဆင့် အလောင်းမြှုပ်ဖို့ ကျင်းတူးပေးရတဲ့သူကို စဏ္ဍာလတဲ့၊ နောက်တစ်ဆင့် မသာပီသအောင် အငှားဝင် ငိုပေးရသူတွေကို ဧယဉ်ကျူး တဲ့၊ နောက်ဆုံးတစ်ခုက အသုဘဆိုင်းတီးရသူတွေပေါ့။ ဒီလူတွေဟာ အချိန် ပိုင်း ဝင်လုပ်နေတာ မဟုတ်ဘူးနော်။ ရပ်ရွာတည်၊ ရပ်ကွက်တည်ပြီးကို တာဝန်ယူ လုပ်ကြရတာ။ ဒီလိုအခြေအနေမှာ သိဒ္ဓတ္ထကဖြင့် ပိုဆိုးတာ ပေါ့ဗျာ။

ဒီလောက်မြတ်သော အဖွဲ့အစည်းမှာမှ ဘုရင့်သား လာဖြစ်နေတယ်။ သားမှာတောင်မှ တစ်ဦးတည်းသောသား။ ဟိုဘက် ဒေဝဒဟနိုင်ငံဘုရင် ရဲ့ တူအရင်း သမက်အရင်း။ နှစ်ဖက်မင်းတွေရဲ့ ချစ်လှစွာသော မာယာ မင်းသမီးက အသက်နဲ့လဲပြီး ပေးဆပ်ရွေးနုတ်ထားတဲ့ မင်းပျိုရွှေစင်။ ခင်ဗျား စဉ်းစားသာကြည့်ပေါ့လေ။

သူလုပ်တော့မယ့် ကိစ္စဟာ တိုင်းပြည်တစ်ခုရဲ့ နန်းလျာအနေနဲ့ရော၊ မျိုးရိုးဂုဏ်အရရော၊ သူ့အဖေ သူ့သား သူ့အိမ်သူသက်ထားအတွက်ရော ဘယ်လိုမှ လက်ခံနိုင်စရာ မရှိနိုင်ပါဘူး။ နောက်ပြီး သခင်ကြီး ဗဟိုပြုဝါဒ၊ ရေမြေ့ပိုင်ရှင် မင်းကြီးဗဟိုပြုဝါဒ အားကောင်းနေတဲ့ ပဒေသရာဇ်အချိန် မှာ ဘုရင်မရှိတဲ့နိုင်ငံ၊ နန်းဆက်ပြတ်သွားတဲ့ ပြည်ဆိုတာ အင်မတန်မှ သိမ် ငယ်ရပြီး အန္တရာယ်လည်း ကြီးလှတယ်။ သူမှ ဒီထီး ဒီနန်းကို မယူရင် ကပ္ပိလဝတ်ရဲ့ အခြေအနေဟာ အဲဒီခေတ် ဒေသတွင်း ပေါ်လစ်တစ်ကယ်လ် အရ အတော်ကို မတွေးရဲစရာပါပဲ။ ဒီအတွက်ကြောင့် သူ့ကို ဘုရင်ဖြစ်ဖို့ မျှော်လင့်ကြတာ။ ဒီအတွက်ကြောင့် မာယာမင်းသမီး ကိုယ်လေးလက်ဝန် ဖြစ်တော့ ပြည်နဲ့အဝှမ်း ပျော်ကြပါးကြတာ။ ဒီအတွက်ကြောင့်ပဲ “ဟေ့ ကော ဏ္ဍည ငါ့သားက ငါ့ပလ္လင်ကို ဆက်ထိုင်မယ်လို့ ပြောင်းပြီး ဟောစမ်း” လို့ ရာဇသံမှတ်တာ။ ဒီကြောင့်ပဲ တခြား ပြည်ထောင်တွေကို သားသမီး ကိုယ် ဝန်ရှိကြောင်း မာယာဒေဝီက ခရီးသွားပြီး မီဒီယာအော်ပရေးရှင်းလုပ်တာ လို့ ကျွန်တော်တော့ ထင်တယ်ဗျာ။ ခင်ဗျား တွေးကြည့်စမ်းပါဗျာ။ သူ သစ္စာ တရားကို သိဖို့ သစ္စာဖောက် ခံလိုက်ရတဲ့လူတွေ မနည်းဘူးဗျနော။ အကျွမ်းလောင်ရဆုံး မိန်မသားက ယသော်ဓရာဖြစ်ပြီး နောက်ဆုံးလူသားက မွေး ကင်းစအရွယ်လေးနဲ့ ကျန်ခဲ့ရှာသူ ရာဟုလာလေးပဲပေါ့။

အဝတ်သင်တိုင်း အစုတ်အပြတ်ကြီးကို ရုံလို့၊ အမြတ်တနိုး ထားအပ် တဲ့ ခေတ်ကာလမှာ ဆံပင်ဦးကင်းကို ရိတ်ပယ်လို့၊ လမ်းတကာလျှောက် ကျရာ အပင်အောက်မှာ အိပ်လို့၊ တွေ့ရာလူ ပေးတဲ့ ကမ်းတဲ့ အစာကို စား လို့၊ ခွက်တစ်လုံး ပိုက်ပြီး တွေ့ရာအိမ်ရှေ့ မတ်တတ်ရပ် အစွန့်အကျဲခံလို့။ သူထွက်သွားစဉ်က ဘာဖြစ်စေရပါ့မယ် ညာဖြစ်စေရပါ့မယ်လို့ သူလည်း မပြောတတ်ဘူး။ ကျန်ခဲ့သူတွေလည်း ဘာဖြစ်ဖို့မှန်း သိကြမယ် မထင်ဘူး။ သဗ္ဗညုတဉာဏ်ကို ရလို့သာ အမျိုးစပ်ကြ ချီးကျူးကြ အောင်မြင်သွားသူ မို့ သုံးလူ့ထွတ်တင်မြတ်ရှင်ပင် လုပ်ကြတာ။ အနော်မာသောင်ကမ်းမှာ ရပ်နေချိန်က ဘေးလူတွေရဲ့ အမြင်မှာ အရူးသာသာပဲလို့ ကျွန်တော်တော့ ထင်မိတယ်။ တော်တော်များများ ပြောတာတွေနဲ့ ကျွန်တော်ပြောတာတွေ ထင်တာတွေနဲ့ တူချင်မှ တူပါလိမ့်မယ်။ သူတို့က ဂေါတမကို ကိုးကွယ်ပြီး ပြောတာကိုးဗျ။ ကျွန်တော်ကတော့ သူငယ်ချင်းလို ညီအကိုလို ဆရာတစ် ယောက်လို ချစ်မိနေတော့တာပါပဲ။ တချို့ပြဿနာတွေကို သူ့တရားနဲ့ သူ့ဓားနဲ့ ကျွန်တော် ရှင်းလို့ရပေမဲ့ တချို့ဟာတွေတော့ ကျွန်တော့်အဖို့ရာ မှာ ကူသူကယ်သူ ဝေးနေတုန်းပါပဲ။

အချုပ်ပြောရင်ဖြင့် သူ့အမျိုး သကျတွေ၊ သူ့အနွယ်တော် သာကီဝင် တွေ အတွက်တော့ သူက သစ္စာဖောက်ပဲလို့ ကျွန်တော် ထင်တာ ရေးမိပါတယ်။ အဲဒီထက် သူ့အလွမ်း သူ့ဇောတွေကို သူ့နေရာက စိတ်ကူးယဉ် တည်ဆောက်မိတယ် ဆိုပါတော့။ ဟောလိဝုဒ်မင်းသားကြီး မဲဂစ်ဆင်ရိုက် တဲ့ ‘ခရစ်တော်ရဲ့ဇော” ရုပ်ရှင်ကို ကျွန်တော် ကြည့်ဖြစ်တဲ့အခါ အနော်မာ သောင်ကမ်းက လူတစ်ယောက်ရဲ့ ဇောကို ကျွန်တော် မြင်ရသလို ရှိလာတယ်။ ခရစ်တော်ကို သူ့လူတွေကပဲ ရောင်းစား၊ သူချစ်တဲ့ လူသားတွေက ပဲ ခေါင်းတွေ လက်တွေကို သံစိုက်သွင်း၊ ကိုယ့်ကို သတ်မယ့် ကားစင်တင် မယ့် လက်ဝါးကပ်တိုင် အလေးကြီးကို မနိုင့်တနိုင် ထမ်း၊ နောက်က ကျာ ပွတ်သံ တရွှမ်းရွှမ်းက ကျောမှာ သွေးစက်စက် အရှိုးရာ အထပ်ထပ်ကို ဖြစ်ပေါ်စေလို့။ အဲဒီအချိန် ဖြစ်ပေါ်နေတဲ့ ချစ်ခြင်း မုန်းခြင်း ယူကြုံးမရခြင်း လက်လျှော့ခြင်း နောင်တနဲ့ ခွင့်လွှတ်ခြင်း၊ ပြီးတော့ စွန့်လွှတ်၍ မြတ် သော အနစ်နာခံခြင်း ဆိုတဲ့ လူယဉ်ကျေးကြီးတစ်ယောက်ရဲ့ ရုပ်ရှင်ထဲက မျက်လုံးတွေကို ကျွန်တော် ခုထိ မမေ့သေးဘူးဗျာ။

ကျွန်တော် ရုပ်ရှင်ကြည့်ပြီးတော့ အဲဒီအချိန်မှာ ဂျေရုစလင်ကို ပညာ သင်သားအဖြစ် ရောက်နေတဲ့ မွေးချင်းတစ်ယောက်ကို လှမ်းမေးကြည့် မိတယ်။ “ဟေ့ ကရာနီ (လူသတ်ကုန်း)နဲ့ ပိလပ်မင်း နန်းတော်ရာ ဘယ် လောက်ဝေးလည်းကွ ဆိုတော့၊ မိနစ်နှစ်ဆယ် နာရီဝက်လောက် လမ်း လျှောက်ရင် ရောက်တယ်ကွာ” တဲ့။ အဲဒီ မိနစ်နှစ်ဆယ်ကို မဲဂစ်ဆင်က အနုပညာမြောက်စွာ နှစ်နာရီခွဲ ရုပ်ရှင်ရိုက်ပြလိုက်တာ ကျွန်တော့်မှာ တစ်ဘဝစာ အမှတ်ရနေမိတော့တယ်။ ကပ္ပိလဝတ်ရဲ့ မင်းသားလေးမှာ လည်း သူ့ဇောနဲ့သူ ရှိကို ရှိနေလိမ့်မယ်လို့ ထင်မိလာပါတယ်။ အဲဒါကြောင့် ယသော်ဓရာကို သောင်ကမ်းစပ်မှသည် လှမ်းရင်း လွမ်းရင်း တိုင်တည် တယ်ပေါ့ဗျာ။

“ပုံမှန်မနက်ခင်းများလိုပဲ

နံ့သာသွေးပါ ဆီလိမ်းပါ၊

ပြီးတော့ ခိုစာကျွေးပါ ပန်းသီပါ” လို့ သိဒ္ဓတ္ထမင်းသားအစား ကျွန် တော် ကဗျာလေးတပုဒ် ရေးမိလိုက်တာပါပဲ။

ကျွန်တော်တော့ မထင်ပါဘူးဗျာ။ အရင်လို ခိုယဉ်ကျေးလေးတွေ အစာ လာစားနေကြလိမ့်မယ်လို့။ တစ်ခါကလို မွှေးလွန်းတဲ့ ပန်းလေးတွေ ယသော်ဓရာဒေဝီ သီဖြစ်နေလိမ့်မယ်လို့။

ကျွန်တော်တော့ မထင်ရဲပါဘူးဗျာ . . . ။

◆︎

အနော်မာ

 

တိုးတိုးသာသာ ကြွေးကျော်လိုက်တာတောင်

သဲသဲလှုပ်သွားတဲ့ လှိုင်းတွေ လှိုင်းတွေ

ဒီညွန်၊ ဒီရေ၊ ဒီလေပြည်နဲ့

ဂင်္ဂါဘယ်နှမြို့ တိုင်ခဲ့ပြီလဲ

သံသရာမှာ။

အသက်လျော် အသက်စား

အမေ့ရဲ့ အင်ကြင်းဖွားပေါ့။

အမျှော်လင့်ကြီး မျှော်လင့်ခဲ့ကြသမျှ

တိုင်းပြည်ရဲ့ လောက်ကောင်။

မိမရှိ ဖမနိုင်

သကျသာကီတွေရဲ့ သစ္စာဖောက်။

အခုများ

သဝဏ်ပင် ကမ်းစပ်ဘေးက

ရွက်ကျပင်ပေါက် မြင်းသည်တော်။

ဒီတစ်ညကပဲ စပြီး

ရေတွက်ကြပါစို့ကွယ်။

ဒေဝီ ဒေဝီဟု ထိုသို့ပင် တစ်ခါက

တည်ခဲ့ဖူးပါသည်

ဒေဝီ ဒေဝီလို့ ထိုသို့ပင် တည်ခဲ့ဖူးသည့် ပန္နက်

ယခု ပျက်ခဲ့ရပါပြီ။

ပုံမှန် မနက်ခင်းများလိုပဲ

နံ့သာသွေးပါ၊ ဆီလိမ်းပါ

ပြီးတော့

ခိုစာကျွေးပါ၊ ပန်းသီပါ။

မတ်တတ်မျက်ရည်မို့ ထင်ရဲ့

သောင်ခြေမှာ တိမ်သူစိမ်းတွေနဲ့

တိမ်သူစိမ်းတွေနဲ့။

◆︎◆︎◆︎


Comments

Post a Comment

Comments