ဂျိမ်း ဂျွိုက်(စ်) [၁၈၈၂-၁၉၄၁]
ဂျိမ်း ဂျွိုက်(စ်) [၁၈၈၂-၁၉၄၁]
“စိတ်မနောတွင် မကြားရသည့် ဂီတသံကို တေးဆိုနေသည့် စကားလုံး ကွန်ရက်များအဖြစ် ရက်လုပ်ပေးခဲ့သူမှာ ဂျိမ်းဂျွိုက်(စ်) ပင် ဖြစ်သည်။”
[Great People of 20th Century: Time]
နှစ်ဆယ်ရာစု ကမ္ဘာ့စာပေသမိုင်းတွင် သြဇာတိက္ကမ အရှိဆုံး၊ အကြီးမြတ်ဆုံး စာရေးဆရာကြီးတစ်ဦးအဖြစ် လည်းကောင်း၊ မော်ဒန်စာပေ ဖြစ်ထွန်းမှု၏ ရှေ့ဆောင်ပုဂ္ဂိုလ်ကြီး အဖြစ်လည်းကောင်း၊ “သိစိတ်အလျင် ရေးဖွဲ့နည်း” နှင့် “အဇ္ဈတ္တ တစ်ကိုယ်တော် ရေရွတ်နည်း” တို့ကို အပြောင်မြောက်ဆုံး တီထွင်ခဲ့သူ အဖြစ်လည်းကောင်း၊ အနုပညာ သဘော တရားသစ် များကို သင်ကြားပို့ချခဲ့သည့် ဆရာတစ်ဆူ အဖြစ်လည်းကောင်း၊ ကဗျာဆရာ အဖြစ်သာမက ပညာရှိ ကဝိစာဆိုအဖြစ်ပါ ထင်ရှားသူ အဖြစ်လည်းကောင်း တညီတညွတ် လက်ခံခဲ့ရသူမှာ အိုင်းရစ် စာရေးဆရာကြီး ဂျိမ်း ဂျွိုက်(စ်) ပင် ဖြစ်သည်။
၂ ဖေဖော်ဝါရီ ၁၈၈၂ တွင် အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင် မြို့ ရက်သဂါအရပ်မှာ မွေးသည်။ မိဘများမှာ ဂျွန်စတန်း နစ္စလပ် ဂျွိုက်(စ်)နှင့် မေရီဂျိန်းမာရေးတို့ ဖြစ်သည်။ ဖခင်မှာ ဉာဏ်ရည် ထက်မြက်သော်လည်း သောက်သောက်စားစား ပျော်ပျော်ပါးပါး ရည်မှန်းချက် မည်မည်ရရ မထားသူ ဖြစ်သည်။ ဖခင်ထံမှ ရန်လိုမှုနှင့် ယောက်ျားဆန်ဆန် ချိုမြမြ အသံ တို့ကို ဂျွိုက်(စ်) အမွေရသည်ဟု ဆိုသည်။ မိခင်မှာ လောင်းဖို့ဒ် ဇာတိဖြစ်သည်။ ပါရမီရှိသော ဂီတပညာရှင်နှင့် ဘာသာ တရား ကိုင်းရှိုင်းသူ ဖြစ်သည်။
မွေးချင်း ၁ဝ ဦးအနက် ဂျွိုက်(စ်)မှာ အကြီးဆုံးဖြစ်သည်။ အသက် ခြောက်နှစ်မှ နှစ်ဆယ်ပြည့်သည်အထိ ကလွန်ဂိုး ဝက်စ် ဝုဒ် ကောလိပ်၊ ဘယ်ဗဲဒယ် ကောလိပ်၊ ဒဗ္ဗလင် ယူနီဗာစီတီ ကောလိပ်နှင့် ဂျက်ဆူအစ် ဗရင်ဂျီ ကျောင်းများတွင် ပညာသင် ယူသည်။ ကျောင်းပညာ ထူးချွန်သည်။ ကဗျာ၊ လက်တင်နှင့် ဘာသာဗေဒ၊ ဒဿနိကတို့ကို အထူးပြု လေ့လာသည်။ ငယ်စဉ် က ဘာသာတရား အဆုံးအမအောက်တွင် ကြီးပြင်းခဲ့ရာ၊ သာသနာ့ဝန်ထမ်းအဖြစ်ပင် ရည်ရွယ်ခဲ့သေး၏။ သို့သော် နိုင်ငံရပ်ခြား ဘာသာ၊ စာ၊ စကားများကို အကြီးအကျယ် လေ့လာရာမှ အတွေးအခေါ် လမ်းကြောင်း ပြောင်းခဲ့သည်။ အရွယ်အသိ ရလာသည်နှင့်အမျှ ဘာသာအယူနှင့် ဆန့်ကျင်ဘက် ဖြစ်လာသည်။ အိုင်းရစ် ဘာသာစကားကိုလည်း သဘောမကျနိုင်။ အိုင်းရစ် အရေးတော်ကိုလည်း ဘဝင်မကျ။ အဆုံးစွန် မိမိ၏ သွေးရင်းသားရင်း မိသားစုနှင့်ပင် အံဝင်ခွင်ကျ မဖြစ်တော့။ သူ့ဇာတိမြေကို “မိမိမွေးသည့် သားကလေးများအား ပြန်စားသည့် ဝက်အိုမ ကြီး” ဟု ဖော်ပြဖူးသည်။
တိုင်းပြည်အပေါ်၊ မိသားစုအပေါ်၊ ဘာသာအယူအပေါ် ယုံကြည်သက်ဝင်မှု လုံးပါး ပါးခဲ့သော ဂျွိုက်(စ်)သည် ယုံကြည် အားထားရာ အသစ်ကို တပ်မက်စွာ ရှာဖွေခဲ့သည်။ ယင်းမှာ အနုပညာအပေါ်တွင် အကြွင်းမဲ့ ယုံကြည်သက်ဝင် ရူးသွပ်လိုက်ခြင်း ဖြစ်သည်။ ဤသို့ဖြင့် သူ့မိသားစု၊ တိုင်းပြည်၊ ဘာသာ အယူတို့နှင့် သီးခြားကင်းလွတ်သော လွတ်လပ် သည့် အနုပညာရှင် စစ်စစ် ဖြစ်ရေး ဦးတည်ချက်ဖြင့် ၁၉ဝ၄ တွင် အိုင်ယာလန်မှ ဥရောပသို့ ထွက်ခွာခဲ့သည်။ သူနှင့် အတူ စာမတတ် ပေမတတ် ဟိုတယ်အလုပ်သမ ဂယ်လ်ဝေးမြို့သူ နိုရာဘာနေကယ်ကို တစ်ပါတည်း ခေါ်ဆောင်ခဲ့သည်။ “ကျုပ်ရဲ့ မိသားစုဖြစ်ဖြစ်၊ ကျုပ်ရဲ့ တိုင်းပြည်ဖြစ်ဖြစ်၊ ကျုပ်ရဲ့ ဘာသာအယူဖြစ်ဖြစ်၊ ဘယ်လိုပဲ ကင်ပွန်းတပ်ထားသည် ဖြစ်စေ၊ ကျုပ် မယုံကြည်နိုင်တော့တဲ့ အရာကိစ္စကို ကျုပ်က ဘာမှ ဆက်ပြီး ခေါင်းခံနေစရာ မရှိတော့ဘူး” ဟူ၍ အနုပညာရှင် တစ်ဦး၏ ငယ်ရွယ်စဉ်ဘဝ ရုပ်ပုံလွှာ စာအုပ်တွင် ဖော်ပြထားသည်။
အီတလီ၊ ဆွစ်ဇာလန်၊ ပြင်သစ်တို့တွင် စာသင်လိုက်၊ စာရေးလိုက်၊ ဘာသာပြန်အလုပ် လုပ်လိုက်နှင့် ကြုံရာ ကျပန်း အလုပ်မျိုးစုံ လုပ်ကိုင်ပြီး ဆင်းရဲနိမ့်ကျစွာ အသက်မွေး ဝမ်းကျောင်းခဲ့ရသည်။ သူငယ်ချင်း မိတ်ဆွေများက ဝိုင်းဝန်း ထောက်ပံ့ရသည်အထိ ဖြစ်သည်။ “နိုင်ငံရပ်ခြားတွင် ပြည်နှင်ဒဏ် ခံရသူတစ်ဦးသဖွယ် တစ်ဖက်သားကို လှည့်စားနေထိုင်” ခဲ့သော်လည်း သူ့ဇာတိမြို့တော်၏ ဖမ်းစားညှို့ယူချက်များကိုမူ သူကိုယ်တိုင် စွဲလမ်းမြတ်နိုးဆဲဖြစ်သည်။ သူသည် ပါရီတွင် နေသည်ဖြစ်စေ၊ ထရီယယ်စတီးတွင် နေသည်ဖြစ်စေ ဒဗ္ဗလင် သတင်းစာများကို နှစ်စဉ်ကြေးပေး၍ မှာယူကာ ဇာတိမြေနှင့် စပ်လျဉ်းသည့် သူ့ဗဟုသုတများကို အမြဲတမ်း စိမ်းစိုလန်းဆန်းအောင် ထိန်းသိမ်းခဲ့သည်။ အိုင်းရစ် လူမျိုးတို့၏ အသိတရားကို စကားလုံးများဖြင့် ပီပြင်ရှင်းလင်းအောင် ဖွင့်ဆိုရန်မှာ သူ၏ အန္တိမရည်မှန်းချက်ပင် ဖြစ်သည်။
အစဉ်အလာ အင်္ဂလိပ်စာပေ သြဇာသက်ရောက်မှု ရှိသော်လည်း ခေတ်ပေါ် အင်္ဂလိပ်ဘာသာစကားကို အထူးပြု သင်ယူခဲ့သည်။ ဂီတနယ်ပယ်တွင်လည်း ကျွမ်းဝင်နှံ့စပ်ခဲ့သည်။ ဆေးပညာသင်ယူဖို့ ကြိုးစားခဲ့သည်။ “အိုင်းရစ် နေ့စဉ် သတင်းစာ” ထုတ်ဝေဖို့ စိုင်းပြင်းခဲ့သည်။ ပြဇာတ်ရုံ တည်ထောင်ခဲ့သည်။ ဤသို့သော ကျယ်ပြန့်လေးနက်သည့် စိတ်ဝင်စားမှု အဖုံဖုံက သူ့စာပေလက်ရာများထဲ၌ ရိုးရာဆန်မှုနှင့် စမ်းသပ်တီထွင်မှုတို့၊ သာမန်ထက် ထူးကဲစွာ မည်သို့ ပေါင်းစပ်ထားကြောင်း ရှင်းပြထားသည်။ ဇာတ်ကြောင်းပြန်မှုနှင့် ပီပြင်ရွှန်းပြက် တင်ဆက်မှုများအတွက် ရှေးရိုးပုံစံများကို အစိတ်စိတ် အမြွှာမြွှာ ချေဖျက်ထားသည်။ ရာစုနှစ်၏ အတွေးအခေါ်များကို ဖမ်းစားပုံဖော်မည့် စိတ်ကူးယဉ် ဝတ္ထုပုံစံ သစ်ကို ဖန်တီးခဲ့သည်။ ဇာတ်ကောင်၊ ဘာသာစကား၊ အကြောင်းရပ်ဆိုင်ရာ ဗဟုသုတများကို ဟာသ၊ အဓိပ္ပာယ်နှစ်ခွ ပြည့်နှက်သည့် စကားလုံး၊ မကွဲပြားသည့် သွယ်ဝိုက်ညွှန်းဆိုချက်များ၊ စိတ်ထဲ ရုတ်ခြည်းပေါ်ထွန်းလာသည့် ရှည်လျား ထွေပြား စကားများ၊ ဝေါဟာရသစ်များဖြင့် တငွေ့ငွေ့ စီးဆင်းပေါင်းစည်းခဲ့သည်။ သူ့တွင် အဟောင်းကို ပြန်လည် အသက် သွင်းလိုစိတ် တစိုးတစိမျှ မရှိ။ အသစ်ကို မက်မက် စက်စက် ပုံသွန်းလိုသည့် ဆန္ဒသာ ရှိသည်။ ယင်းမှလွဲ၍ အခြား မရှိတော့ပြီ။
ဂျွိုက်(စ်) ပထမဦးဆုံး ပုံနှိပ်ထုတ်ဝေခဲ့သည့် စာပေ လက်ရာမှာ ခန်းဆောင်ဂီတ (Chamber Music-1907) ဖြစ်သည်။ အဲလိဇဘက်ခေတ် ရိုးရာဆန်ဆန် လိရစ်ကဗျာအဖွဲ့နှင့် ပြင်သစ် သင်္ကေတဝါဒ အငွေ့အသက်များ ရောစွက် နေသည်။ မအောင်မြင်ချေ။ ခန်းဆောင်ဂီတ တွင်ပင် အသစ်တစ်ပုဒ် ဖြည့်စွက်၍ ကဗျာပေါင်းချုပ် (Collected Poems-1936) အမည်ဖြင့် ထုတ်ဝေခဲ့ပြန်သည်။ နောက်ထပ် Pomes Penyeach (1927) ကဗျာစာအုပ် ထွက်ပေါ် လာသေးသည်။
၁၉ဝ၃ ခု မိခင်ကြီး ကွယ်လွန်ပြီးနောက် ဒဗ္ဗလင်မြို့သားများ (Dubliners) ဝတ္ထုတိုပေါင်းချုပ်အတွက် ပထမဆုံး ဝတ္ထုတို များကို စတင် ရေးဖွဲ့သည်။ ဒဗ္ဗလင်မြို့သူမြို့သားများ၏ စိတ်ပျက် ငြီးငွေ့ဖွယ်၊ စိတ်မချမ်းမြေ့ဖွယ် ဘဝဇာတ်လမ်း စုံကို သရုပ်ဖော်ထားသည်။ ဇာတ်ကောင်တစ်ဦးစီ၏ အဇ္ဈတ္တဘဝ မီးမောင်း ထိုးပြမည့် အမှတ်တမဲ့ အခိုက်အတန့် ကလေးများကို ဖန်တီးရန် ကြိုးစားခဲ့သည်။ သဘာဝ အဖွဲ့အနွဲ့များမှာ ပြိုးပြက် စိုလက်နေသည်။ သရုပ်မှန် အရေးအဖွဲ့တွင် သင်္ကေတပုံစံ ရောစွက်ထားသည်။ ၁၉ဝ၄ ခုတွင် ပြီးစီးသည်။ ဝတ္ထုတို ၁၅ ပုဒ်တိတိ ပါဝင် သည်။ ထုတ်ဝေသူနှင့် ပြဿနာမျိုးစုံ ဖြစ်ပြီးမှ ၁၉၁၄ တွင် လန်ဒန်၌ ထုတ်ဝေဖြစ်သည်။ “ကျွန်တော့်နိုင်ငံ အိုင်ယာလန်ရဲ့ စိတ်ဓာတ်ရေးရာ အနှစ်ချုပ် သမိုင်းစာမျက်နှာများကို ရေးဖွဲ့ တင်ပြဖို့ ရည်ရွယ်တယ်။ ဇာတ်ကွက် အခင်းအကျင်းအဖြစ် ဘာ့ကြောင့် ဒဗ္ဗလင်ကို ရွေးချယ်ခဲ့သလဲ...တဲ့။ ဒီမြို့ဟာ ကျွန်တော့်အတွက်တော့ သွက်ချာပါဒ လိုက်နေသူများရဲ့ ဗဟိုချက်မလို့ မြင်သိ ခံစားမိတယ်။ ဒီအချက်ကို သာမန်လူသားတွေဆီ ရှုထောင့်လေးရပ်ကနေ တင်ပြဖို့ ကျွန်တော် ကြိုးစားခဲ့တာပါ။ ကလေး ဘ၀၊ ဆယ်ကျော်သက်၊ အရွယ်ရောက်စနဲ့ အများပြည်သူဘဝ ဆိုတဲ့ ရှုထောင့်တွေကပေါ့။ ဝတ္ထုတိုတွေကို အဲဒီ အစီအစဉ် အတိုင်း နေရာချထားပါတယ်။ ဝတ္ထုတိုတိုင်းကို ရေးဖွဲ့ရာမှာ ယေဘုယျ အပြုအမူကအစ၊ အမှတ်တမဲ့ ဟန်ပန် အဆုံး ဂရုတစိုက် အသေးစိတ် စူးစိုက်ခံစားထားပါတယ်” လို့ ဂျွိုက်(စ်) က ဖွင့်ဟခဲ့သည်။ ရေးဟန်မှာ အထေ့အငေါ့နှင့် ခံစားမှု တွဲဖက်ထားသဖြင့် အင်္ဂလိပ်နှင့် အမေရိကန် ဝတ္ထုတိုဆရာများ အပေါ် များစွာ သြဇာလွှမ်းခဲ့သည်။ ဤစာအုပ်ဖြင့် ဂျွိုက်(စ်) နာမည် ရခဲ့ပေသည်။
၁၉၁၆ ခုတွင် အနုပညာရှင်တစ်ဦး၏ ငယ်ရွယ်စဉ်ဘဝ ရုပ်ပုံလွှာ (A Portrait of the Artist as a Young Man) ဝတ္ထု ထွက်ပေါ်လာသည်။ ၁၉ဝ၁ ခုနှင့် ၁၉ဝ၆ အကြား စတင် ရေးသားခဲ့သည့် စတီဖင် သူရဲကောင်း (Stephen Hero) မူကြမ်းကို အသစ်ထပ်မံ ရေးသားခြင်း ဖြစ်သည်။ မူလက Egoist စာစောင်တွင် အခန်းဆက် ဝတ္ထုရှည်အဖြစ် ဖော်ပြခဲ့သည်။ စတီဖင် ဒီဒယ်လပ် ဆိုသည့် လူငယ်တစ်ဦး၏ အတွင်းစိတ် ဖွံ့ဖြိုးလာပုံကို သက္ကရာဇ်စဉ်အလိုက် ဖော်ပြ ထားသော စာရေးသူ၏ ထည်ဝါခံ့ညားသည့် ကိုယ်ရေးအတ္ထုပ္ပတ္တိ ဝတ္ထုပင် ဖြစ်သည်။ ကြမ်းတမ်းသော ငယ်ဘဝ၊ ချောက်ချားစရာ ပတ်ဝန်းကျင်၊ အိမ်တွင်း ကျောင်းတွင်း အဆင်မပြေမှု၊ ဘာသာရေး၊ နိုင်ငံရေး ယုံကြည်မှုများနှင့် ယင်းတို့အပေါ် သံသယ စိတ်ထားများကို ရောမွှေ ရေးခြယ်ထားသည်။ ဘာသာအယူ ကိုင်းရှိုင်းမှုမှသည် အနုပညာ ရူးသွပ်မှု ဆီသို့ ရွေ့လျောသွားပုံ မြင်ကွင်းများမှာ ဂျွိုက်(စ်)၏ ဘဝနှင့် တစ်သားတည်းပင်။ ဂျွိုက်(စ်)၏ ပထမဆုံး နှင့် အပြည့်စုံဆုံးသော သိစိတ်အလျင် ရေးဖွဲ့နည်း ကို အဓိက ဇာတ်ဆောင် ရှုထောင့်မှ ပူးကပ်ရေးဖွဲ့ခဲ့သည်။ ဒဗ္ဗလင်မြို့၏ အသေးစိတ် မြင်ကွင်းအလွှာနှင့်၊ နုနယ်ပျိုမျစ် မရင့်ကျက်သေးသော လူငယ်တစ်ဦး စကားလုံးများ၏ ဖမ်းစားမှု၊ အသံ၏ နိုးကြားလှုပ်ရှားမှု မြင်ကွင်းအလွှာ ဟူ၍ အလွှာနှစ်ထပ် ဖြစ်နေသည်။ လူတစ်ဦး၏ စိတ်နေသဘောထားကို ပြောင်းလဲ စေခဲ့သည့် အတွေ့အကြုံများအကြောင်း ရေးသားထားသမျှ ဝတ္ထုများထဲတွင် အကောင်းဆုံး ဖြစ်သည်ဟု မှတ်ချက်ချခဲ့ ရသည် အထိ အနုပညာ ဂုဏ်တက်ခဲ့ရသော ဝတ္ထုပင် ဖြစ်သည်။
၁၉၁၈ တွင် ပြည်နှင်ဒဏ် (Exiles) ပြဇာတ်တစ်ပုဒ်ကို ထုတ်ဝေသည်။ နော်ဝေ စာရေးဆရာကြီး အစ်ဘဆင်၏ နည်းနာများကို သုံးစွဲရေးဖွဲ့ထားခြင်းပင် ဖြစ်သည်။ အသက် ၁၈ နှစ်တွင် ရေးသားခဲ့ဖူးသည့် “အစ်ဘဆင်၏ ပြဇာတ်သစ်” ဆောင်းပါး၏ လှုံ့ဆော်စူးနစ်ချက်ပင် ဖြစ်သည်။ အမှန်တရားကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ဖန်တီးသည့် အစ်ဘဆင်ကို လေးစား ရာမှ ပေါက်ဖွားလာမှု ဖြစ်သည်။
The Little Review စာစောင်၌ အခန်းဆက် ဝတ္ထု ရှည်အဖြစ် တစ်စိတ်တစ်ပိုင်း ဖော်ပြခဲ့ပြီး တစ်ပိုင်းတန်းလန်း ရပ်ဆိုင်းခဲ့ရသော ယူလီဆီး (Ulysses) ဝတ္ထုကြီးမှာမူ ၁၉၂၂ ခုနှစ် ဂျွိုက်(စ်) အသက် ၄ဝ ပြည့် မွေးနေ့တွင် ထွက်ပေါ် ခဲ့သည်။ အနုပညာရှင်တစ်ဦး၏ ငယ်ရွယ်စဉ်ဘဝ ရုပ်ပုံလွှာ ၏ အဆက် ဟုလည်း ဆိုနိုင်သည်။ စတီဖင် ဒီဒယ်လပ်၊ လီယိုပိုဘလွန်းနှင့် ဘလွန်း၏ဇနီး မော်လီဘလွန်း၊ ဒဗ္ဗလင်မြို့သား သုံးဦး၏ ၁၉ဝ၄ ခု ဇွန်လ ၁၆ ရက် တစ်နေ့တာ အဖြစ်အပျက်များကို ရေးဖွဲ့ထားခြင်း ဖြစ်သည်။ ၂၀ ရာစု စာပေသမိုင်းတွင် ဂယက်အထဆုံး၊ ပြဿနာအပေါ်ဆုံးနှင့် ဖတ်ရှုနားလည်ရ အခက်ဆုံး ဝတ္ထုကြီး အဖြစ် မှတ်တမ်းတင် ခံရသည်။ ဂျွိုက်(စ်)သည် ဤဝတ္ထုကို ခုနစ်နှစ်ကြာအောင် ကျားကုတ်ကျားခဲ ရေးခဲ့ရသည်။ ဟိုးမား၏ အိုဒက်ဆီ (Odyssey) ဂန္တဝင် ပုလင်းထဲတွင် ဂျွိုက်(စ်) ချက်လုပ်သည့် ၂ဝ ရာစု ဝိုင်အရက်ကို ထည့်သွင်းခဲ့ခြင်းပင် ဖြစ်သည်။ အစဉ်အလာ ကမ္ဘာလောကနှင့် ခေတ်သစ် ကမ္ဘာလောက နှစ်ခု စလုံး ကို ပကတိရှုမြင် သုံးသပ်မှုဖြင့် တင်ပြထားခြင်း ဖြစ်သည်။ ထို့ပြင် ဤဝတ္ထုကို အနောက်တိုင်း မြို့ပြယဉ်ကျေးမှု သမိုင်းအား ဆန့်ကျင်သည့် လမ်းကြောင်းပေါ် ပစ်တင်လိုက်ခြင်းဖြင့် ဝတ္ထု၏ ကြီးကျယ်ခမ်းနားမှုသည် တအား ကျယ်ပြန့် သွားတော့သည်။ ဝတ္ထု၏ အဓိကဖြစ်ရပ် ၁၈ ခုအနက် တစ်ခုစီကို သီးခြားရေးနည်း ပုံစံများဖြင့် ဖွဲ့စည်းထားသည်။ တီထွင်မှု ပါသည့် စကားလုံး ကစားပွဲအား လွတ်လပ်စွာ ဇက်ကြိုး လွှတ်ပေးထားသည်။ ပြေပြစ် ချောမွေ့သည့် ထပ်ပြန်ကျော့ အရှိန်မြှင့်ချက်များဖြင့် လက်ရာမြောက် ရက်ဖောက်ထားသည်။ အဓိက ဇာတ်ဆောင် တစ်ဦးစီ၏ ဖြစ်တည်စ အတွေးများနှင့် ခံစားချက် အပိုင်းအစများကို အကွက်ချ မရေးဘဲ စိတ်ထဲ ဖြစ်ပျက်လာမှုအတိုင်း ခင်းကျင်း ပြခဲ့သည်။
ဤဝတ္ထု၌ ဂျွိုက်(စ်)သည် ကမ္ဘာတစ်ခုလုံးက အညီအညွတ် လက်ခံထားသည့် ကြီးကြီးကျယ်ကျယ် ခံ့ခံ့ညားညား ဝေါဟာရ စကားလုံးများကို ပါရဂူမြောက် သုံးနှုန်းထားသည်။ ထို့ပြင် ပညာရှိနှင့် ပညာမဲ့၊ ယဉ်ကျေးသူနှင့် ရိုင်းစိုင်းသူ မည်သူမဆို မသုံးနှုန်းသင့်ဟု သဘောကြိုက်ညီသည့် အောက်တန်းစား ယုတ်ညံ့သိမ်ဖျင်း ကြမ်းတမ်းသော ဗန်းစကားများ ကိုလည်း တစ်ပုံတစ်ပင် သုံးထားသည်။ ထို့ကြောင့်ပင် ညစ်ညမ်းသည်ဟု ဝေဖန်ရှုတ်ချ ပိတ်ပင်တားမြစ်ခဲ့ခြင်း ဖြစ်သည်။ “...သည်နိုင်ငံ၊ သည်လူမျိုးနဲ့ သည်ဘဝကြီးက ကျုပ်ကို သည်အတိုင်း ထုတ်လုပ် ပေးလိုက်တာပဲ။ ဒီတော့ ကျုပ်ကလည်း အရှိအတိုင်း ဖော်ကျူးရမှာပဲ” ဟူ၍ ဂျွိုက်(စ်)က ရှင်းခဲ့သည်။ ဂျွိုက်(စ်)သည် သူ့ ရှိသမျှ အတွေးများ၊ သူ ရခဲ့သမျှ အတွေ့အကြုံများ၊ သူ တွေ့ဖူးခဲ့သမျှ လူပုဂ္ဂိုလ်များ၊ သူ ဖတ်ခဲ့သမျှ စာကောင်းစာသန့်များနှင့် စာညံ့စာဖျင်းများ အားလုံးကို ယူလီဆီး ၏ ပွင့်လင်းမှု သို့မဟုတ် ကွယ်ဝှက်မှုများထဲတွင် စုစည်းခင်းကျင်းခဲ့သည်။
အရူးဂေဟာ အပြင်ဘက်မှာ တွေ့ရသော လူ တစ်ယောက်ကဲ့သို့ မိမိ၏ ရှောင်တခင် ပေါ်လာသမျှ အတွေးများ၊ ခံစားချက်များ၊ စိတ်လှုပ်ရှားမှုများ၊ တုံ့ပြန်ရိုက်ခတ်မှုများကို ကလောင်ဖျားမှ စီးဆင်းသွန်ချရာတွင် အစီအစဉ်တကျလည်း မလုပ်၊ ရှေ့နောက်ညီညွတ်အောင်လည်း မကြိုးစား၊ လွတ်လွတ်လပ်လပ် ပေါ်လာသည့်အတိုင်း ကစဉ့်ကလျား ဖော်ပြ ထားသည်။ မသိစိတ်ကို စာရွက်ပေါ် ချပြရာတွင် သိစိတ်၏ အတည်ပြုမှုကို မရယူခဲ့။ ဆစ်ဂမန်ဖရွိုက် ၏ “မသိစိတ် ဟူသည် အစစ်အမှန် လူသား၊ သဘာဝလူသားကို ကိုယ်စားပြုပြီး၊ သိစိတ်က အတုအယောင်လူသား၊ ပကာသနလူသားကို ကိုယ်စားပြုသည်” ဟူသော သဘောတရားကို ကိုင်စွဲ ပုံဖော်ခဲ့သည်။ ဤသို့ဖြင့် ဤဝတ္ထုကြီးသည် စာဖတ်သူ ၁ဝဝ တွင် ၁ဝ ဦးသာ အဆုံးထိဖတ်ဖြစ်၍၊ ယင်း ၁ဝ ဦးတွင်လည်း ၅ ဦးမှာ ခက်ခဲစွာ ကြိုးပမ်းသည့်တိုင်၊ တစ်ဦးမျှသာပဲ နားလည် သည်ဟု အဆိုရှိသည်။ မည်သို့ပင် ဖြစ်စေ ဤဝတ္ထုကြီး၏ ကျယ်ဝန်းမှု၊ သိပ်သည်းမှုနှင့် ပုံသဏ္ဌာန်မျိုးပေါင်း စုံလင်မှုတို့က ဖြစ်ရပ်မှန် မဟုတ်သော စာပေလက်ရာ တစ်ခုတွင် ဖော်ကျူးနိုင်သည့် အာရုံခံစားမှုများကို အပြောင်းအလဲများစွာ ချဲ့ထွင် ပေးသည်ကိုကား မငြင်းနိုင်။ ထို့ကြောင့်ပင် ဤဝတ္ထုကြီးသည် ရာစုနှစ်၏ ကမ္ဘာ့ဂန္တဝင် အမြောက်ဆုံး ဝတ္ထုကြီးအဖြစ် နံပါတ်တစ်စွဲကာ၊ ဂျွိုက်(စ်)မှာလည်း ရာစုနှစ်၏ အကြီးမြတ်ဆုံး စာရေးဆရာကြီးတစ်ဦးအဖြစ် သတ်မှတ်ကြရတော့သည်။
ထို့နောက် ဂျွိုက်(စ်)သည် ပို၍ကြီးမားသည့် စိန်ခေါ်မှု တစ်ရပ်ကို သူကိုယ်တိုင် ချမှတ်ပြန်သည်။ စကားလုံး ကင်းမဲ့သည့် အိပ်မက်ကမ္ဘာအကြောင်းကို လူအများ နားလည် သဘောပေါက်အောင် စကားပြေဖြင့် ရေးသားတင်ပြဖို့ ဖြစ်သည်။ သူသည် “တိုးတက်မှု ရရှိနေသည့် သူ၏လက်ရာ” ကို ၁၇ နှစ်တိုင်တိုင် ပင်ပင်ပန်းပန်း အားထုတ်ခဲ့ရသည်။ ဖင်နီဂန်ဝိတ် (Finnegans Wake) ကို ၁၉၃၉ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေသည့်အခါ၊ “အများ အသိအမှတ်ပြုထားသည့် ပါရမီရှင် ပုဂ္ဂိုလ်တစ်ဦးက သိလျက်နှင့် တမင်သက်သက် ရေးသားပြုစုထားသည့် နားလည်ရ အခက်ဆုံး လက်ရာ ဖြစ်ပါ သည်” ဟု တိုင်းမ်မဂ္ဂဇင်းက ရေးသားခဲ့သည်။ ယူလီဆီး ကို ပြောင်းပြန်ရေးသားထားသည့် ဖင်နီဂန်ဝိတ် တွင် အဓိက ဇာတ်ကောင် အိပ်ချ်စီအီးယားဝစ်ကာ၏ အိပ်မက်မက်နေသော စိတ်ထဲမှ တစ်ဆင့် စိမ့်ဝင်လာသည့်၊ ရှည်လျားသည့် ဒဗ္ဗလင် ညတစ်ညအကြောင်းကို ပုံဖော်ထားသည်။ ထပ်တလဲလဲ သုံးထားသော စကားလုံးများ၊ အဓိပ္ပာယ် မကွဲပြားသည့် စကားဝှက်များ၊ ပုံသဏ္ဌာန် ပြောင်းလဲနေသည့် ဇာတ်ကောင်များ၊ ဘာသာစကား၊ သမိုင်းနှင့် ယဉ်ကျေးမှုတို့ဖြင့် သွယ်ဝိုက် ညွှန်းဆိုမှုများဖြင့် အတိပြီးသည့် ဖင်နီဂန်ဝိတ် တွင်၊ ပင်လယ်အတွင်းသို့ မြစ်တစ်စင်း စီးဆင်းသွားသည့်အလား ဖော်ကျူး တင်ပြချက်များမှာ ထိရောက် အားကောင်းလှသည်။ ဂျွိုက်(စ်)က သူ၏လက်ရာကို “တားမြစ်ထားသည့် ပိုင်နက်နယ်မြေ အတွင်းသို့ လိုသည်ထက် ပို၍ ဝင်ရောက်လေ့လာခြင်း” ဟု ခေါ်ဆိုခဲ့သည်။ လိုသည်ထက် ပိုလွန်းသော သည်ဝတ္ထုရှည် သည် စာဖတ်သူ အများစု အတွက် နားလည်ရ အလွန်ခက်ခဲကြောင်းကိုလည်း သက်သေ ပြခဲ့သည်။
၁၉၄၄ ခုနှစ်၌ အနုပညာရှင်တစ်ဦး၏ ငယ်ရွယ်စဉ်ဘဝရုပ်ပုံလွှာ ၏ ပထမမူကြမ်း တစ်စိတ်တစ်ဒေသဖြစ်သော စတီဖင် သူရဲကောင်း ထွက်ရှိလာသည်။ ဤဝတ္ထုက ဂျွိုက်(စ်)အပေါ် သတိရဖွယ် အချက်နှစ်ချက်ကို ဖော်ညွှန်းသည်။ ပထမ အချက်မှာ ယူလီဆီး အပါအဝင် သူ၏ အစောပိုင်း စာအုပ်များမှာ စွဲစွဲလမ်းလမ်း ဖတ်ရှုနိုင်ဖွယ် လက်ရာများ ဖြစ်သည် ဟူသော အချက် ဖြစ်သည်။ ဒုတိယအချက်မှာ ပြည်နှင်ဒဏ်ခံ အနုပညာရှင်အဖြစ် ကိုယ့်ကိုယ်ကိုယ် ပုံစံချ ထားသော ဂျွိုက်(စ်)မှာ သူ့ခေတ် သူ့ကာလ၏ အကြီးကျယ်ဆုံး ပုံပြောကောင်းသူ တစ်ဦး ဖြစ်သည် ဟူသော အချက် ဖြစ်၏။
ဆင်းရဲမွဲတေမှု၊ မကျန်းမမာဖြစ်မှု၊ စိတ်ရောဂါကု ဆေးရုံရောက် သမီး လူစီယာအတွက် သောကထွေပြားရမှု စသည့် လောကဓံ၏ အထုအထောင်းကို အန်တုလျက်၊ ဗြိတိသျှနှင့် အမေရိကန်တို့၏ စာပေထုတ်ဝေမှု ပိတ်ပင်ချက်များ ကို ရင်ဆိုင် နေရသည့်ကြားမှ၊ ဂျွိုက်(စ်)သည် ယုံကြည်ချက် ခိုင်ကျည်စွာ ရေးသားဖန်တီးခဲ့ရာ တဖြည်းဖြည်း အောင်မြင် လာခဲ့တော့သည်။ ဒဗ္ဗလင်မြို့သားများ ဖြင့် အဆုံးစွန် ဝတ္ထုတို ကျွမ်းကျင်သူ ဖြစ်လာသည်။ အနုပညာရှင်တစ်ဦး၏ ငယ်ရွယ်စဉ်ဘဝ ရုပ်ပုံလွှာ ဖြင့် မှတ်တိုင်စိုက်ရမည့် ဝတ္ထုရေးဆရာကြီး စာရင်းဝင်ခဲ့သည်။ ယူလီဆီး ဖြင့်မူ ပထမ ကမ္ဘာစစ်ကြီး အပြီး ပြိုကွဲပျက်စီးနေသော လူ့အဖွဲ့အစည်းကြီးကို စာပေဖြင့် ထင်ဟပ်ရာတွင် အသစ် တီထွင်ဖန်တီးသူ အဖြစ် သာမက၊ ရာစုနှစ်၏ အကြီးကျယ်ဆုံး စာရေးဆရာ အဖြစ်လည်း ကမ္ပည်းထိုးခဲ့သည်။ အငြင်းပွားမှု၊ ဝိဝါဒကွဲပြားမှု အရပ်ရပ်၏ မဏ္ဍိုင်တစ်ရပ်လည်း ဖြစ်ခဲ့သည်။ သူ့ခေတ်ပြိုင် လက်ရာများကို ကျော်လွှား၍ ကျယ်ကျယ်ပြန့်ပြန့် သြဇာ ညောင်းခဲ့သည်။ သိစိတ်အလျင် ရေးဖွဲ့နည်း၊ အဇ္ဈတ္တ တစ်ကိုယ်တော် ရေရွတ်နည်းတို့ဖြင့် ခေတ်သစ် စိတ်ဝိညာဉ် အပိုင်းအစများကို အနုမြူဝဲသြဃအတွင်း သွတ်သွင်းလိုက်ရာ၊ မည်မျှခြားနားသော ဝိရောဓိများ ရောယှက်လာသနည်း ဆိုသော် ဟိုးမားပင်လျှင် သူ့နည်းကို အသုံးပြုပါမှ သူ့အနုပညာ ဖန်တီးမှုအပေါ် ကျော်လွှားနိုင်တော့မည်ဟု ဆိုရမတတ် ပင်။ သူ့စာပေလက်ရာ အားလုံးကို မော်ဒန်စာပေ၌ ကွယ်ဝှက်မှုအရာတွင် အစွန်းရောက် စာပေအဖြစ် နေရာသတ်မှတ် ပေးသင့်သည် ဟူ၏။
ဂျွိုက်(စ်)သည် အစဉ်အလာ ထိန်းသိမ်းသည့် ဣန္ဒြေမျိုးဖြင့် ဝတ်စားဆင်ယင် တတ်ပြီး လမ်းလျှောက် တုတ်ကောက် တစ်ချောင်း ဆောင်ထားရသည်ကို သဘောကျသူ၊ အနုပညာနှင့် အလှအပကို ခုံမင်သူ ဖြစ်သည်။ မျက်နှာ သေးသွယ်ပြီး ကျန်းမာရေး မပြည့်စုံသည့် ဂျွိုက်(စ်)သည် လေတိုးရုံဖြင့် လဲကျသွားမည့် ပုံစံမျိုး ရှိသည်။ သို့သော်လည်း သူ၏ စိတ်က သံမဏိတမျှ မာကျောသည်။ နှစ်ပေါင်းများစွာအတွင်း မျက်လုံး ၁၁ ကြိမ် ခွဲစိတ်ကုသ ခံခဲ့ရသည်။ မေ့ဆေး တစ်ခါမှ မသုံးဘဲ ခွဲစိတ်ခံခဲ့ခြင်း ဖြစ်သည်။ ဖင်နီဂန်ဝိတ် ထုတ်ဝေပြီးကာစနောက်ပိုင်း ဒုတိယ ကမ္ဘာစစ် ဖြစ်ပွားလာသည့် အခါ ဂျွိုက်(စ်) ဇနီးမောင်နှံသည် ပါရီမှနေ၍ ရန်သူ မသိမ်းပိုက်သေးသည့် ပြင်သစ်နိုင်ငံအတွင်း ဗီချီအရပ်အနီးရှိ ရွာကလေး တစ်ရွာသို့ ပြောင်းရွှေ့သွားကြသည်။ ဂျွိုက်(စ်)သည် အပေါက်များ ဖြစ်နေသည့် အနာခွက်ရောဂါ ကြောင့် မမာမကျန်း ဖြစ်နေသည်။ သူသည် ၁၉၄၁ ခုနှစ် ဇန်နဝါရီ ၁၃ ရက်တွင် ဝမ်းတွင်းမြှေး ရောင်ရမ်းသည့် ရောဂါဖြင့် ဆွစ်ဇာလန် နိုင်ငံ ဇူးရစ်မြို့၌ ကွယ်လွန်ခဲ့သည်။ နိုင်ငံရပ်ခြားတွင် စာပေအနုပညာ ရေးသားပြုစုခဲ့သည့် စာရေးဆရာကြီးကို နိုင်ငံရပ်ခြားတွင်ပင် မြှုပ်နှံသင်္ဂြိုဟ်ခဲ့သည်။
ဂျွိုက်(စ်)၏ အားထုတ်မှု အစုစုကို တီအက်(စ်) အိလိယော့ က ဤသို့ မှတ်ချက်ပြုခဲ့၏။ “ဂျော့ချ်မီလ်တန် နောက်ပိုင်း ဂျွိုက်(စ်)သည် အင်္ဂလိပ်ဘာသာစကား၏ အကြီးဆုံး ဆရာ တစ်ဆူ ပါရဂူ တစ်ယောက်ပင် ဖြစ်သည်” ဟူ၏။
ရာပြည့်စာတည်းအဖွဲ့
စာကိုး
၁။ တင်ဆွေမိုး၊“ဂျိမ်းဂျွိုက်ရာပြည့်”၊ ရှုမဝ။ စက်တင်ဘာ၊ ၁၉၈၂။
၂။ နိုင်ဇော်၊“ဂျွိုက်(စ်)”၊ မြတ်လေးမဂ္ဂဇင်း။ ဧပြီ၊ ၁၉၈၇။
၃။ နတ်နွယ်၊ ကမ္ဘာ့ဝတ္ထုအညွှန်း။ ပထမအကြိမ်၊ ရာပြည့် စာအုပ်တိုက်၊ ရန်ကုန်။ ဇွန်၊ ၁၉၉၆။
၄။ နွယ်သစ်၊ ကမ္ဘာကျော် စာအုပ် ၁ဝဝ။ ဒုတိယအကြိမ်၊ ရာပြည့်စာအုပ်တိုက်၊ ရန်ကုန်။ ၁၊ သြဂုတ်၊ ၁၉၉၉။
၅။ လင်းဝေမြိုင်၊ “ဂျိမ်းဂျွိုက်စ်”၊ သင့်ဘဝမဂ္ဂဇင်း။ အမှတ်(၁၁)၊ ၁၉၉၉။
၆။ James Joyce, Dubliners; Penguin Books, 1972.
၇။ James Joyce, Dubliners; The Viking Press, 1973.
၈။ Arland Ussher, Three Great Irishmen; A Mentor Book, 1957.
၉။ TIME; Great People of 20th Century
၁၀။ Time Magazine; 8 June 1998.
၁၁။ Encyclopaedia Britannica Vol: 13; 1962.
၁၂။ Amanda Cross, The James Joyce Murder; Macmillan, July 1982.

Comments
Post a Comment
တခုခု ပြောထားခဲ့ပါ။