သတ္တဝါတို့၏ သံသရာ - သော်တာဆွေ

 

သတ္တဝါတို့၏ သံသရာ - သော်တာဆွေ

    စာရေးသူ သော်တာဆွေဟာ သူ့ရဲ့ စာရေးသက် ၁၇ နှစ်ကျော်အတွင်းမှာ ဟာသစာပေကနေ သဘာဝသရုပ်ဖော် ဝတ္ထုများ ဘက်ကို ကူးပြောင်းလာခဲ့တာ ဖြစ်ပါတယ်။ "သတ္တဝါတို့၏ သံသရာ" မှာတော့ ဆရာက ရယ်မောခြင်းတွေရဲ့ နောက်ကွယ်က သက်ရှိတွေရဲ့ ရုန်းကန်မှုကို ပကတိအတိုင်း ချပြထားပါတယ်။ ဒီစာအုပ်ထဲမှာ လူတွေအကြောင်းတင် မကဘဲ ကျွန်တော်တို့နဲ့ နီးစပ်တဲ့ တိရစ္ဆာန်တွေရဲ့ ဘဝကွက်လပ်တွေကိုပါ မြင်သာအောင် ရေးပြထားတာ တွေ့ရတယ်။ ဝတ္ထုတို ၁၅ ပုဒ်စလုံးမှာ သတ္တဝါတွေဟာ ကိုယ့်ဘဝကို ကိုယ်တွယ်တာကြပေမဲ့ နောက်ဆုံးမှာ သေခြင်းနဲ့ပဲ လမ်းဆုံးကြရပုံကို အရှိအတိုင်း တင်ပြထားတာပါ။

    အထူးသဖြင့် တိရစ္ဆာန်တွေရဲ့ နေရာကနေ ဝင်စားပြီး ရေးထားတဲ့ အခန်းတွေက ဖတ်ရတာ တစ်မျိုးပဲ။ ကျားပေါက်ကလေး "တာတီး" နဲ့ သူ့သခင်ကြားက သံယောဇဉ်ဖြစ်ဖြစ်၊ ခွေးကလေး "သက်ပြင်း" ရဲ့ မောင်နှမအပေါ် ထားတဲ့ စိတ်ဓာတ်ဖြစ်ဖြစ်၊ ဒါတွေဟာ လူတွေထက်တောင် ပိုပြီး အနှစ်သာရ ရှိနေသလားလို့ ထင်ရတယ်။ တစ်ဖက်မှာလည်း "သူဌေးမ" လို ဝက်ကလေးတစ်ကောင်ရဲ့ ဇာတ်သိမ်းက ဘဝရပ်တည်ရေးအတွက် ဘယ်လောက်အထိ အပေးအယူ လုပ်ကြရသလဲဆိုတာကို ဖော်ပြနေပါတယ်။ ဆရာက ဇာတ်လမ်းတွေကို ဟိတ်ဟန်ထုတ်မနေဘဲ လယ်ကွင်းထဲက ဖားနဲ့ ပုစွန်လုံး တိုက်ပွဲကအစ၊ ဓနိရည်ဆိုင်က အသောက်သမားတွေရဲ့ ဘဝအထိ အရှိတိုင်း ချပြသွားတာပါ။

    ဒီစာအုပ်ကို ဖတ်ကြည့်ရင် သတ္တဝါဆိုတာ ကိုယ့်ကိုယ်ကိုယ် အမြတ်နိုးဆုံး (အတ္တ သမံ ပေမံ နတ္ထိ) ဆိုတဲ့ အချက်က ဘယ်လောက်ထိ လက်တွေ့ကျသလဲဆိုတာကို ဇာတ်ကောင်တွေရဲ့ လုပ်ရပ်တွေကတစ်ဆင့် တွေ့နိုင်ပါတယ်။ အောက်ခြေလူတန်းစားတွေရဲ့ ဘဝဓလေ့၊ တောရွာက အတွေ့အကြုံတွေကို ဟာသနှောပြီး ရေးထားပေမဲ့ ဖတ်ပြီးသွားရင်တော့ ရင်ထဲမှာ အမှန်တရားတစ်ခုခု ကျန်ရစ်ခဲ့မှာပါ။ လူနဲ့ တိရစ္ဆာန် ဘယ်သူက ပိုပြီး မေတ္တာကြီးသလဲ၊ ဘယ်သူက ပိုပြီး ဝဋ်ကြွေးတွေ များသလဲဆိုတာကို ဒီစာမျက်နှာတွေထဲမှာ ကိုယ်တိုင် ရှာဖွေကြည့်စေချင်ပါတယ်။

Whisper Of Words 


စာပေဆု ရွေးချယ်ရေးအဖွဲ့၏ မှတ်ချက်

    ဤဝတ္ထုတိုကလေးများမှာ ၁ဝ နှစ်သော ကာလအတွင်း ရှုမဝ၊ မြဝတီ၊ ငွေတာရီ၊ သွေးသောက်၊ ပေဖူးလွှာ မဂ္ဂဇင်းကြီးများ၌ ရေးသားခဲ့သည်ဖြစ်၏။ ယင်းတို့၌ လူ့သဘာဝသာမက တိရစ္ဆာန်များ၏ သဘာဝနှင့် ဘဝကိုပါ စုံလင်စွာ ရေးခြယ်တင်ပြထားရာ အောင်မြင်သော သရုပ်ဖော် ဝတ္ထုတိုပေါင်းချုပ် ဖြစ်သည်။

    ကိုယ့်ဘဝ ကိုယ်ပျော်ကြသည်။ သတ္တဝါတို့မည်သည် ဘဝကိုတွယ်တာ ကြသည်။ သို့သော် သေခြင်းသာ အဆုံးရှိ၏။ တစ်ဦးကိုတစ်ဦး အတွယ်အတာ ပြုရင်း အနှောင်အဖွဲ့ဖြင့် ရပ်တည်နေကြကုန်၏။ ဘဝတစ်ကွေ့တွင် တွေ့လာရ သော သတ္တဝါမျိုးစုံသည် မိမိကိုယ် မိမိ ဆန်းစစ်သတိရစေ၏။ ထိုသဘဝနှင့် ဘဝအတွေ့အကြုံမှ သတ္တဝါစုံတို့၏အကြောင်းကို ပျော်စရာ၊ ရင်နင့်စရာ၊ လွမ်းစရာ တို့ဖြင့် ရသစုံပေးရင်း ဖော်ထုတ်ထားသော ဘဝအဖုံဖုံကို တွေ့ရလေသည်။

    ရင်နင့်စရာ ဘဝများကို “လူတစ်ယောက်အကြောင်း၊ လေးဦးသတ္တဝါ၊ နတ်ပန်းတစ်ပွင့် ငရဲပန်းတစ်ငုံ၊ ဦးစိန္ဒာနှင့် သူဌေးမ”တို့တွင် တွေ့ရ၏။ လေးဦး သတ္တဝါသည် ဘဝအတွယ်အတာကို ဖော်ကျူးရာတွင် ရင်နင့်စဖွယ် ပြနိုင်၏။ အဘိုးအိုတစ်ဦး၊ သမီးပျိုတစ်ယောက်၊ ဝက်တစ်ကောင်၊ ခွေးတစ်ကောင်၏ ဘဝရပ် တည်မှုကို သနားစရာ မြင်တွေ့ရရင် သတ္တဝါမည်သည် ကိုယ့်ဘဝသာလျှင် ကိုယ်မြတ်နိုးဆုံးဟူသော ‘အတ္တ သမံ ပေမံ နတ္ထိ' ကို ဖော်ထုတ်ပြနိုင်၏။ ကြည့်ပါလေ။

    “အဘိုးအိုသည် ချိန်ခွင်ကိုင်လျက် မိမိမှန်းဆချက် ကိုက်ပါ့မလားဟု စိတ်စောနေ၏။ အိမ်ပေါ်က မိန်းမပျိုက ဟင်းအိုးကို မီးထိုးရင်း ဝက်သားဖိုးတွေ ရခဲ့သော် ကြွေးဆပ်၍ ပိုငွေကို ဘာတွေညာတွေ သုံးလိုက်မည်ဟု စိတ်ကူးနေသည်။ “ဖိုးစိန်တုန်းက အော်ပြေးပုန်းနေခဲ့သော ဒေါက်တိုကလည်း ယခု ဝက်ဖျက် သည့်အနီးတွင် ရွှေမန်း၏ အရိုးစများကို မြိန်ရည်ယှက်ရည် ဝါးနေလေသတည်း"

    မိမိကိုယ်ကို ဆန်းစစ်မိစေသော လူတစ်ယောက်အကြောင်း၊ မေတ္တာ မဏ္ဍိုင်၊ 'ကြက်နှင့် ဘဲ”ဘဝကားချပ် မှန်ရိပ်များ ဖြစ်လေသည်။ လူ့လောကတွင် မတည်မြဲသော သဘော၊ သေခြင်းသာ အဆုံးရှိသော ဘဝကို- 

    ဤအရာတို့သည်ပင်လည်း ယခု တမိုးကျပြီဖြစ်၍ မိုးရေတို့ဖြင့် ပို့စေမည်ဖြစ်ရကား နောက်တစ်ခေါက် ကျွန်တော် ရောက်သွားလျှင် တွေ့ရတော့မည် မဟုတ်။ ဦးထွန်းစိန်သည် ဤလူ့မြေမှ ဘာတွေယူသွားပါသနည်း၊ ဘာမျှ ယူမသွားပါ။ ဘာတွေကော ထားခဲ့ပါသနည်း၊ ဘာတွေမှလည်း မထားခဲ့ပါ။” ဟု လူတစ်ယောက်အကြောင်းတွင် သတ္တဝါတို့၏ သံသရာလည်ပုံကို တရားသံဝေဂ နှင့် ဆန်းစစ်ထားသည်မှာ တစ်ကွေ့တစ်ကြိမ်တွင် ကြုံကြမြဲ နောင်တသံဟု ထင်မြင် လာစေလေသည်။

    လူတို့၏ဘဝတာတွင် စံပြအတုယူစရာ ပုံတစ်ခုကို မှန်ကန်ခြင်းနှင့် ရဲရင့်ခြင်း”တွင် ခွဲခြားပြထား၏။ မှန်ကန်သူသာ သတ္တိရှိပုံကို ရွာသူကြီးတစ်ဦး၏ မိမိအမှားကြောင့် ဘဝဆုံးရသည်အထိ သတ္တိကြောင်ခဲ့သူ အဖြစ် ပုံစံပြခဲ့သည်မှာ ဘဝဇာတ်လမ်းကောင်း တစ်ပုဒ်ပေတည်း။

    ဝဋ်ရှိသမျှ ခံရသည်ဟူသော ဘာသာရေးအယူအဆကို ကြက်မအိုကြီး တစ်ကောင်၏ ဒုက္ခအဖုံဖုံနှင့် ပမာတင်ပြသော 'ခံလေဦးတော့ သင့်ဝဋ်ကြွေး”မှာ တရားသဘောနှင့် ယှဉ်ရသော် သံသရာအထုံကို ကြောက်စရာဟု မြင်လာစေသည်။ ကြက်မကြီးကို ခြေတပေါင်ကျိုးနှင့် ဘဝကို တွယ်တာလျက် အနှိပ်စက် အညှဉ်းဆဲခံရင်း အသက်ဇိုးရှည်နေခြင်းမှာ ဝဋ်ပေတကားဟု ဆိုထားသော ဘဝ တစ်ခုသည် သတ္တဝါတစ်ကောင်၏ သံသရာပေတည်း။

    သတ္တဝါတို့သည် အခါအလိုက် ပေါ်လိုက်၊ ပျောက်လိုက်ဖြင့်လည်းကောင်း၊ သူ့ကိုယ်စား ကိုယ့်သူစား ဘဝအထွေထွေကိုလည်းကောင်း ဖော်ထုတ်ရင်း သတ္တဝါတို့၏ အသက်အိုးအိမ် လုပွဲကြီးကို ပမာပြသော 'လယ်ကွင်း မိုးတွင်း ဇာတ်လမ်း' သည် ပုစွန်လုံးနှင့် ဖားတို့၏ သတ်ဖြတ်ပွဲကို စံပြုလျက် လူ့ဘုံ လောကကို ထေ့လှောင်ထားသည်ဟု ထင်စရာ ရှိလေသည်။ ဘာပဲဖြစ်ဖြစ် သတ္တဝါ တို့ကား ဘဝကို တွယ်တာ၏။ ထိုတွယ်တာသော ဘဝကြောင့် သံသရာသည် အတိုင်းမရှိ ရှည်လျားလှကုန်သည်။ ထို ‘သတ္တဝါတို့၏ သံသရာသည် ဤ လောက ဘုံပေတကား’ ဟု လူ့စရိုက် လူ့ဘုံလောက ဓလေ့ကို ပီသစွာ ဖော်ထုတ် နိုင်ခြင်းကြောင့်သည်ပင် ထိုဝတ္ထုတို တို့ကို စာကောင်းတို့၏ လက္ခဏာဟု သတ်မှတ်ကြကုန်၏။

စာသုသီ

၁၉ရ၃ ခု၊ မေလ၊ ရှုမဝရုပ်စုံမဂ္ဂဇင်း


စာရေးသူ၏ အမှာ

    ကျွန်တော်သည် ၁၉၄၇ ခုနှစ် သြဂုတ်လမှစ၍ စာပေနယ်သို့ ရောက်ရှိခဲ့ရာ ယခု ဤစာအုပ်ထုတ်သည့် ၁၉၆၄ ခု ဒီဇင်ဘာလဆိုလျှင် စာရေးသက် ၁၇ နှစ်နှင့် ၄ လ ရှိခဲ့လေပြီ။ ဤစဉ်ကာလအတွင်း လစဉ်မပြတ် မဂ္ဂဇင်း ဝတ္ထုမျိုးစုံကို ရေးသားခဲ့ရာ၊ ပထမ နာမည်ရခဲ့သည်မှာ ဟာသ၊ ဒုတိယပိုင်းတွင် အသက်ပေး အသိဉာဏ်နှင့် ဘဝပေး အတွေ့အကြုံအရ၊ သဘာဝသရုပ်ဖော်ဝတ္ထုများ ဘက်သို့ ကူးပြောင်းခဲ့သည်။

    ဤတွင် ကျွန်တော်မှာ စာဖတ်ပရိသတ် နှစ်မျိုးကို တွေ့ရတော့သည်။ ပထမတစ်မျိုးက “အခု ဘယ့်နှယ့်ဟာကြီးတွေ လျှောက်ရေးနေတာလဲ၊ အရင်လို ဟာသဝတ္ထုချည်း ရေးပါ”ဟူ၍လည်းကောင်း၊ ဒုတိယအမျိုးက “ကျွန်မတို့ ဟာသ စာပေကို နှစ်သက်တတ်တဲ့ ကလေးဘဝအရွယ်က တဖြည်းဖြည်း ကြီးရင့်လာသလို အစ်ကိုဆွေ့ စာတွေဟာလည်း ဟာသကနေ သဘာဝဘက် ဘဝသရုပ်ဖော်ဘက် ကို ပြောင်းလာပြန်တော့လည်း ရင့်ကျက်တဲ့ အတွေးအခေါ် ခံစားချက်တွေကို မြတ်နိုးရပြန်ပါတယ်” ဆိုတဲ့ ပရိသတ်ကိုလည်း တွေ့ရပြန်ပါသည်။

    ထို့အပြင် ယခင်က ကျွန်တော်၏ ပြောင်ချော်ချော် ဟာသဝတ္ထုမျိုးကို မနှစ်သက်ခဲ့သူတို့ကလည်း ယခုလို ဘဝသရုပ်ဖော်ဝတ္ထုတွေ တွေ့ရလေတော့၊ အချို့က ..

    “ဟ … သော်တာဆွေ ဒါမျိုးလည်း ရေးတတ်သားပါလားကွ၊ နောက် အဲဒါမျိုးတွေချည်း ရေးတော့ကွ။ ဒါမှ … စာပေ” ဟု အားပေး အားမြှောက် ပြုကြပါသည်။ ကျေးဇူးတင်ပါသည်။

    သို့ဖြင့် ကျွန်တော်သည် နောက်ပိုင်းတွင် ဟာသထက် သဘာဝသရုပ် ဖော် အတွေးအခေါ် ဝတ္ထုများ၊ စာပေများဘက်သို့သာ ရောက်သွားခဲ့ရာ၊ ယခု ဤ “သတ္တဝါတို့၏ သံသရာ” စာအုပ်မှာ ရှုမဝ၊ မြဝတီ၊ သွေးသောက် မဂ္ဂဇင်းတို့၌ (၁ဝ)နှစ်အတွင်း ရေးသားခဲ့သည်များမှ၊ စာပေရင့်ကျက်သော ပရိသတ်၏ နှစ်သက်ခြင်းလည်း ခံရသော ကျွန်တော်၏ စိတ်ကြိုက်လည်းဖြစ်သော ဝတ္ထုတိုများကို ရွေးချယ်စုပေါင်း ထုတ်ဝေလိုက်ခြင်း ဖြစ်ပါသည်။

    ဤစာအုပ်တွင် လူတို့၏ သဘာဝသာမက၊ လူနှင့် နီးစပ်ရာ တိရစ္ဆာန် တို့၏အကြောင်းချင်းရာ များလည်း ပါလေ၍၊ “သတ္တဝါတို့၏ သံသရာ” နာမည် ပေးလိုက်ပါ၏။

    စာဖတ် ရင့်ကျက်သူတို့ နှစ်သက်ကြလိမ့်မည်ဟု မျှော်လင့်ပါသည်။

သော်တာဆွေ (၁-၁၂-၆၄)


Download Epub Kfx 

Post a Comment

3 Comments

  1. Anonymous09 March

    စာအုပ်မျှော်နေမယ်ကွာ

    ReplyDelete
  2. Batman09 March

    Waiting....

    ReplyDelete

Comments

0%