မအေတစ်ခု၊ သမီးတစ်ခု The Boarding House - မြသန်းတင့်
အမေ တစ်ခု၊ သမီး တစ်ခု
THE BOARDING HOUSE
(၁)
မစ္စက်မွန်နီ၏ အဖေသည် အမဲသားသည် ဖြစ်သည်။ မစ္စက် မွန်နီက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်သူဖြစ်၍ တစ်ခုခုကို လုပ်မည်ဆိုလျှင် မရမနေ လုပ်တတ်သည်။ မစ္စက်မွန်နီသည် သူ့အဖေဆိုင်တွင် အလုပ်လုပ်သည့်လူနှင့် လက်ထပ်ခဲ့သည်။ ထိုနောက် နွေရာသီ ပန်းခြံအနီးတွင် သူတို့လင်မယား နှစ်ယောက် ကိုယ်ပိုင် အမဲသားဆိုင်ကလေး တစ်ဆိုင် ဖွင့်ကြသည်။ သို့ရာတွင် ယောက္ခမကြီး ဆုံးပြီးသည့်နောက်၌ မစ္စက် မွန်နီ၏ ယောက်ျားသည် ဖောက်စ ပြုလာ တော့သည်။ သူ့ယောက်ျားက အရက်သောက်သည်။ ပိုက်ဆံသေတ္တာထဲက ရောင်းရသမျှကို သုံးပစ်သည်။ အကြွေးတွေ ပတ်လည် ဝိုင်းနေသည်။ သူ့ကို အရက်မသောက်ရန်၊ အသုံးအဖြုန်း လျှော့ရန် သစ္စာဆိုခိုင်းသော်လည်း ဘာမျှမထူး။ မကြာမီ ပြန်သောက်သည်သာ ဖြစ်သည်။ ဈေးဝယ်တွေ လာတုန်းလည်း မယားနှင့် ရန်ဖြစ်ချင်ဖြစ်သည်။ တစ်ဆင့်ခံ ဖောက်သည် ဆီက အမဲသားပုပ်များကို ဝယ်၍ လာတတ်လား လာတတ်သည်။ သို့ဖြင့် သူတို့လင်မယား စီးပွားပျက် ကြသည်။ တစ်ည၌မူ မွန်နီသည် သူ့မယားကို အမဲသားခုတ်သည့် ဓါးဖြင့်လိုက်၍၊ မယားခမျာ အိမ်နီးချင်း အိမ်တစ်အိမ် တွင် သွားအိပ်ရသည်။ ထို့နောက်တွင်မူ သူတို့လင်မယား မပေါင်းကြတော့။ မိန်းမက ဘုန်းကြီးထံသွားကာ ကွာခွင့် တောင်းသည်။ ကလေးစရိတ်ထောက်ဖို့ ဆုံးဖြတ်ပေးရန်လည်း လျှောက်သည်။ မစ္စက်မွန်နီသည် သူ့ယောက်ျားကို ပိုက်ဆံ လည်း မပေးတော့၊ ချက်ပြုတ်၍လည်း မကျွေး၊ အိမ်ကိုလည်း အလာမခံတော့။ ဤသို့ဖြင့် မွန်နီသည် ရဲဌာနာတွင် သွား၍ အလုပ်ရှာသည်။
မွန်နီက စုတ်စုတ်ပြတ်ပြတ်၊ ခါးကိုင်းကိုင်း၊ အရက်သမား ဖြစ်သည်။ မျက်နှာက ဖြူရော်ရော်၊ မုတ်ဆိတ်ဖြူဖြူနှင့် ဖြစ်သည်။ မျက်ခုံးမွေးကလည်း ဖြူဆွတ်နေသည်။ သူ့မျက်လုံးပေါ်၌ ခဲတံဖြင့် ဆိုးထားသလို သေးသေးမျှင်မျှင် ကလေး ရှိသည်။ မျက်လုံးကလည်း သွေးကြောတွေ ပေါ်ကာ မျက်ထောင့်နီကြီးနှင့် ဖြစ်သည်။
မွန်နီသည် အလုပ်ရလိုရငြား တစ်နေ့လုံး ရဲစာရေး အခန်းတွင် ထိုင်နေတတ်သည်။ သူ့မယား မစ္စက်မွန်နီက အမဲသားဆိုင်ဖွင့်တုန်းက ကျန်သည့် လက်ကျန်ငွေကလေးဖြင့် ဟားဝပ်လမ်းတွင် အိမ်တစ်ဆောင် ငှားကာ ဘော်ဒါ လက်ခံ သည်။ ထို့ကြောင့် ဝင်ငွေကောင်းသည်။ သူ့ဘော်ဒါ၌ လူ အမြဲပြည့်နေတတ်သည်။ လစ်ဗာပူနှင့် တစ်ဖက်ကမ်း မနုဿ ကျွန်းမှ ခရီးသည်များ မကြာခဏ လာတည်းခို တတ်ကြသည်။ တစ်ခါတစ်ရံတွင်လည်း ဇာတ်ရုံများမှ ဆိုင်းသမားများ လာတည်းခိုတတ်ကြသည်။ အများအားဖြင့် သူ့ ဘော်ဒါတွင် အမြဲနေသူများမှာ စာရေးများ ဖြစ်သည်။ မစ္စက် မွန်နီသည် သူ့ဘော်ဒါကို စည်းကမ်းတကျ ထိန်းနိုင်သည်။ လည်လည်း လည်သည်။ မည်သည့်အချိန်တွင် အကြွေးထားရမည်ကို သိသည်။ မည်သည့်အချိန်တွင် တင်းတင်းမာမာ ဆက်ဆံရမည်ကို နားလည်သည်။ မည်သည့် အချိန်တွင် စလိုက်စရော နေရမည်ကို သိသည်။ ဘော်ဒါတွင်နေသည့် လူငယ်များက သူ့ကို “အဒေါ်ကြီး” ဟု ခေါ်ကြသည်။
မစ္စက်မွန်နီ၏ ဘော်ဒါတွင် နေလျှင် ဘော်ဒါခ အတွက် တစ်ပတ်ကို ဆယ့်ငါးသျှီလင် ပေးရသည်။ (ထို အထဲ တွင် ညစာနှင့်ကျွေးသည့် ဘီယာနှင့် စပျစ်ချဉ် အရက်ဖိုး မပါ။) ဘော်ဒါနေသည့် လူငယ်များသည် ဝါသနာချင်း တူကြ သည်။ အလုပ်အကိုင်လည်း တူကြသည်။ ထို့ကြောင့် တစ်ယောက်နှင့် တစ်ယောက် ခင်မင်ရင်းနှီးကြသည်။ တစ်ခါ တစ်ရံတွင် ဘော်ဒါသို့ လာတည်းသူ လူစိမ်းများအကြောင်း၊ မြင်းပွဲတွင် မည်သည့်မြင်း “ဖေးဘရိတ်” ဖြစ်ကြောင်းတို့ကို ဆွေးနွေးကြသည်။ “အဒေါ်ကြီး” ၏ သား ဂျက်မွန်နီမှာ ဖလိလမ်းတွင် အရောင်းကုမ္ပဏီတစ်ခု၌ စာရေး လုပ်သည်။ သူ့့ကိုမူ ဘော်ဒါသမားများက သိပ်မကြိုက်ကြ။ သူက ရန်ဖြစ်တတ်သည်ဟု နာမည်ကြီးသည်။ ဂျက်မွန်နီသည် ညစ်ညစ် ညမ်းညမ်း ဆဲတတ်သည်။ သန်းခေါင် သန်းလွဲကျမှ အိမ်သို့ ပြန်လာတတ်သည်။ သူပြန်လာလျှင် ပြောစရာ တစ်ခုခုတော့ ပါလာတတ်သည်။ တစ်ခါတစ်ရံတွင် မြင်း တစ် ပါလာတတ်သည်။ “အဆိုကျော်” တစ်ဦး ဘာဖြစ်သည်ဆိုသည့် သတင်းမျိုး ပါလာတတ်သည်။ ပါးစပ်က ဗျစ်တောက် ဗျစ်တောက် ပြောတတ်သေးသည်။ ရယ်စရာ သီချင်းများကိုလည်း ဆိုတတ်သည်။ တနင်္ဂနွေနေ့ညဆိုလျှင် မစ္စက်မွန်နီ၏ ဧည့်ခန်း လူစုံတတ်သည်။ ဇာတ်ရုံများက “အဆိုကျော်” များလည်း လာတတ်သည်။ ဝေါ့(ဇ်)၊ ပိုလ်ကာ စသည့် အကများကိုလည်း ကကြသည်။ တူရိယာ တီးသူက တီးသည်။ ဤအခါမျိုး၌ “အဒေါ်ကြီး” ၏ သမီး ပေါ်လီမွန်နီကလည်း သီချင်းဆိုတတ်သည်။
ပေါ်လီက သေးသေးသွယ်သွယ်၊ အသက် ၁၉ နှစ် ရှိပြီ။ ဆံပင်က ရွှေရောင်ဖျော့ဖျော့ သန်းကာ ပါးစပ် ကျဉ်းကျဉ်း၊ နှုတ်ခမ်းထူလေးနှင့် ဖြစ်သည်။ သူ့မျက်လုံးများက အစိမ်းရောင် ရိပ်ရိပ်ကလေး ပြေးနေသည့် အပြာရောင် ဖြစ်သည်။ စကားပြောလျှင် မျက်လွှာကလေး ပင့်ကာ မျက်လုံးကို လှန်ကြည့်၍ စကားပြောတတ်သည်။ ထိုအခါမျိုး၌ ပေါ်လီသည် မက်ဒိုနာ ရုပ်တုလို ကြည့်၍ လှသည်။
အစတုန်းက “အဒေါ်ကြီး” သည် သူ့သမီး ပေါ်လီကို ဂျုံစက်တစ်စက်တွင် လက်နှိပ်စက် စာရေးမ အလုပ်ခိုင်း သည်။ သို့ရာတွင် နာမည်ပျက်ရှိသည့် ရဲစာရေး၏ တပည့်တစ်ယောက်က သူ့သမီးကို ရည်းစား စကားပြောရန်၊ ဂျုံစက်သို့ နေ့တိုင်း လာလာ ချောင်းတတ်သဖြင့် သမီးကို အလုပ်မှ ထွက်ခိုင်းလိုက်သည်။ အိမ်မှာပင် အိမ်မှုကိစ္စတို့ကို လုပ်စေသည်။ ပေါ်လီက ခပ်သွက်သွက် ခပ်ပျံပျံဖြစ်၍ ဘော်ဒါ၌ နေသည့် လူငယ်များကို ထိန်းရန်ဖြစ်သည်။ ထိုမျှမက ယောက်ျားလေး ဆိုသည်ကလည်း သူတို့အနားတွင် မိန်းကလေးတစ်ယောက် ရှိသည်ဆိုလျှင် သဘောကျတတ် ကြသည်။
ပေါ်လီကလည်း ဘော်ဒါ၌နေသည့် လူငယ်များနှင့် ပရောပရည်လုပ်သည်။ သို့ရာတွင် သူ့သမီးကို အပျင်းပြေ လောက် သဘောထားကြောင်းကို ချက်ဆို နားခွက်က မီးတောက်သည့် မစ္စက်မွန်နီကလည်း သိသည်။ မည်သူကမျှ အတည်ပေါက် ကြံကြမည် မဟုတ်။ ဤလိုဖြင့် အချိန်ကုန် သွားသည်။ ထိုအတွင်း သူ့သမီးပေါ်လီနှင့် လူငယ်တစ်ယောက် အကဲကိုကြည့်၍ သံသယ ဖြစ်လာသည်။ ထို့ကြောင့် သူ့သမီးကို လက်နှိပ်စက်စာရေးမ ပြန်လုပ်ဖို့ မစ္စက် မွန်နီ စိတ်ကူး ရသည်။ မစ္စက်မွန်နီသည် သူ့သမီး၏ အရိပ်အကဲကို စောင့်ကြည့်ကာ ကြိတ်၍ စဉ်းစားသည်။
သူ့ကို အမေက အကဲခတ်နေကြောင်းကို ပေါ်လီကလည်း သိသည်။ သို့ရာတွင် အမေလုပ်သူက တစ်ခွန်းမျှ မဟသောအခါ အမေကလည်း ကြည်ဖြူသည်ဟု ပေါ်လီ ယူဆသည်။ အမေနှင့်သမီးသည် တစ်ယောက်ကို တစ်ယောက် ဖွင့်လည်း မပြောကြ၊ ဖွင့်၍လည်း မတိုင်ပင်ကြ။ ဘော်ဒါတွင်နေသည့် လူငယ်တွေကြားထဲတွင် ဟိုးလေးတကျော် ဖြစ်နေ သည့်တိုင် မစ္စက်မွန်နီသည် ဤကိစ္စကို ကြားမဝင်၊ မသိလိုက် မသိဘာသာ နေသည်။ ဤအတွင်း ပေါ်လီ၏ အမူအရာ သည် ဆန်းပြားလာသည်။ လူငယ်၏ အမူအရာကလည်း ဂနာမငြိမ် ဖြစ်လာသည်။ နောက်ဆုံး အချိန်ရောက်ပြီဟု ထင်သည့် အခါကျမှ မစ္စက်မွန်နီ ကြားဝင်သည်။ အမဲသားလှီးဓားသည် အမဲသားတစ်ကို ဆက်ဆံသကဲ့သို့၊ မစ္စက်မွန်နီ သည်လည်း လူမှုရေးပြဿနာများကို တိခနဲနေအောင် ကိုင်တွယ်သည်။
(၂)
ထိုနေ့မှာ နွေဦးပေါက် တနင်္ဂနွေနေ့တစ်နေ့ ဖြစ်သည်။ နေရောင်က တောက်နေသည်။ တစ်နေ့ခင်းလုံး နေသာမည့် နိမိတ် ဖြစ်သည်။ လေကလည်း တညင်းညင်း တိုက်နေသည်။ ဘော်ဒါဆောင်ရှိ ပြတင်းများအားလုံး ဖွင့်ထားသဖြင့် ဇာခန်းဆီးများသည် လေသွင်းထားသလို ဖောင်းနေကြသည်။ စိန့်ဂျော့ ဘုရားရှိခိုးကျောင်းမှ ခေါင်းလောင်း သံများ ကလည်း တဒင်ဒင် မြည်နေကြသည်။ ဝတ်တက်သူများ သည် ဘုရားရှိခိုးကျောင်းရှေ့က ကွက်လပ်ကို ဖြတ်နေကြ သည်။ တချို့ တစ်ယောက်တည်း၊ တချို့က ကိုယ့်အုပ်စုနှင့် ကိုယ်။ လက်အိတ်စွပ်ထားသည့် လက်များထဲက ကျမ်းစာ အုပ်များသဖွယ် သူတို့အမူအရာကလည်း တည်ငြိမ်သည်။ ဘော်ဒါတွင် နံနက်စာ ကျွေးပြီးပြီ၊ စားပွဲပေါ်တွင် ပန်းကန်များ ပျံ့ကြဲလျက် ရှိသည်။ ပန်းကန်များထဲတွင် ကြက်ဥ အနှစ်ဖတ်များ၊ ဝက်ပေါင်ခြောက်ဆီများ၊ ဝက်ပေါက်ခြောက် အခေါက် ဖတ်များ ကျန်ရစ်ခဲ့သည်။
မစ္စက်မွန်နီသည် ကောက်ရိုးခင်းထားသည့် ကုလားထိုင်တွင်ထိုင်ရင်း အိမ်စေမေရီ စားပွဲရှင်းနေသည်ကို စောင့် ကြည့်နေသည်။ ကြာသပတေးနေ့တွင် ပေါင်မုန့်ပူတင်း ဖုတ်ရန် စားပွဲပေါ်၌ ကျန်နေသည့် ပေါင်မုန့်အပဲ့များကို စု၍ သိမ်းခိုင်းသည်။ ခဏကြာလျှင် စားပွဲရှင်းပြီးပြီ။ ပေါင်မုန့် အပဲ့များကို စုသိမ်းပြီးပြီ။ သကြားခွက်နှင့် ထောပတ်ဘူးကို ကြောင်အိမ်ထဲ၌ လုံခြုံစွာ သိမ်းပြီးပြီ။ ထိုအခါ ကျတော့မှ မစ္စက်မွန်နီသည် မနေ့ညက သူသမီး ပေါ်လီနှင့် တွေ့ဆုံ မေးမြန်းခဲ့ကြသည့် စကားများကို ပြန်၍ စဉ်းစားချိန် ရတော့သည်။
သမီးကို မေးကြည့်တော့ သူထင်သည့်အတိုင်း မှန်နေပြီ။ မအေ မေးပုံကလည်း ပွင့်လင်းသည်။ သမီး ဖြေပုံ ကလည်း ပြောင်ကျသည်။ သို့ရာတွင် သားအမိ နှစ်ယောက်စလုံး နည်းနည်းတော့ အမ်းတမ်းတမ်း ဖြစ်မိကြသည်။ အမေ က အမ်းတမ်းတမ်း ဖြစ်ရခြင်းမှာ သမီးထံက ဤလို ပြောင်ကျကျ အဖြေမျိုး မကြားလိုသောကြောင့် ဖြစ်သည်။ သမီးက ဖွင့်ပြောပြီးလျက်သားနှင့် အမေက သည်အတိုင်း ကြည့်နေလျှင် သူပါ အလိုတူ အလိုပါဟု အထင်ခံရမည် စိုးသည်။ သမီး အမ်းတမ်းတမ်း ဖြစ်ရခြင်းမှာ သူ့ကိုယ်၌က ဤစကားမျိုးပြောလျှင် အိုးတိုးအမ်းတမ်း ဖြစ်တတ်သောကြောင့် ဖြစ်သည်။ မအေကွယ်ရာ၌ ဟု အထင်ခံရမည် စိုးသောကြောင့်လည်း ဖြစ်သည်။
ဘုရားရှိခိုးကျောင်းမှ ခေါင်းလောင်းသံ တိတ်သွားပြီ။ ထိုအခါကျမှ မစ္စက်မွန်နီသည် ကြောင်အိမ်ပေါ်က ပေါင်ခွေထားသည့် နာရီကို အလိုအလျောက် လှမ်းကြည့်လိုက်သည်။ ၁၁ နာရီ ထိုးပြီး၍ ၁၇ မိနစ် လွန်နေပြီ။ သူ့သမီးနှင့် ကျူးလွန်သူ ဒူရန်ကို သွားတွေ့ရမည်။ ၁၂ နာရီ မထိုးခင် “မာလဘာရိုလမ်း” က တရားရုံးကို သွားရမည်။ အချိန် ရှိသေး သည်။ ဤပွဲတွင် သူနိုင်မည်ဟု မစ္စက်မွန်နီ စိတ်ချသည်။ လူများစု၏ ထင်မြင်ချက်က သူ့ဘက်မှာ ရှိသည်။ စင်စစ် သူသည် သမီးရှင် မဟုတ်လော။
သူသည် ဒူရန်ကို သူ့အိမ်၌ နေခွင့်ပေးခဲ့သည်။ သူ့ကို လူကြီးလူကောင်း တစ်ယောက်လို ဆက်ဆံခဲ့သည်။ ယခု ဒူရန်သည် သူ သဘောကောင်းသည်ကို အခွင့်ကောင်း ယူသွားပြီ။ ဒူရန်သည် ငယ်တော့သည်အရွယ် မဟုတ်။ အသက် ၃၀ ကျော်၊ ၃၅ နှစ်ထဲသို့ ရောက်နေပြီ။ ထို့ကြောင့် လူငယ်မို့ မိုက်မှားမိပါသည်ဟု ထုချေရန်လည်း ယုတ္တိမရှိ။ စာမတတ် ပေမတတ်၍ ဖြစ်သည်ဟု ပြောရန်ကလည်း သူသည် လောကအကြောင်းကို ကောင်းကောင်း သိနေပြီ။ နောကျေနေပြီ။ ဒူရန်သည် သူ့သမီး နုနုထွတ်ထွတ်ကလေးကို မုန့်ပေး၍ ကြိုက်ခြင်းသာ ဖြစ်သည်။ ဤမျှဆိုလျှင် ဒူရန် ရုန်း၍ မထွက်နိုင်၊ အစဉ်းသား မိနေပြီ။ သူ့ထံက မည်သည့် လျော်ကြေးမျိုး တောင်းရမည်နည်း ဆိုသည့် ပြဿနာတစ်ခု သာ ကျန်တော့ သည်။
ဤလိုကိစ္စမျိုးတွင် လျော်ကြေးမတောင်း၍မဖြစ်၊ လျော်ကြေးရအောင် တောင်းရမည်။ ယောက်ျားသားက ကိစ္စ မရှိ။ မိန်းကလေးတစ်ယောက်ကို ကျောရရုံ ကြံပြီးလျှင် ဣန္ဒြေမပျက် နေ၍ရသည်။ မိန်းကလေးက ဤသို့မဟုတ်၊ အထုပ်အထည် ကျန်ရစ်မည်၊ အရှက်တကွဲ အကျိုးနည်း ဖြစ်ရမည်။ အချို့သမီးရှင်များကမူ ဤလို ကိစ္စမျိုးတွင် ပိုက်ဆံ နည်းနည်းပါးပါးရလျှင် ကျေအေးလိုက်ကြသည်။ ဤအဖြစ်မျိုးကို သူ တွေ့ခဲ့ဖူးပြီ။ သို့ရာတွင် မစ္စက်မွန်နီက ဤလို ပြီးနိုင်ရိုးလား။ သမီး အပျိုရည်ပျက်သည့်အတွက် သူလိုချင်သည့် လျော်ကြေးမှာ တစ်ခုတည်းသာ ဖြစ်သည်။ ဤသည်မှာ အခြားမဟုတ်၊ တင့်တောင့်တင့်တယ် လက်ထပ်ယူရေး ဖြစ်သည်။ မစ္စက်မွန်နီသည် ဤသို့ ဘက်စုံ စဉ်းစားသည်။ ပြီးမှ မေရီကို အပေါ်ထပ်သို့တက်၍ ဒူရန်ကို အခေါ်လွှတ်လိုက်သည်။ သူနှင့် စကားပြောစရာ ရှိသည်ဟု ပြောရန်လည်း မှာလိုက်သည်။ သူ့ဘက်က ဧကန္တ နိုင်ရမည်ဟု မစ္စက်မွန်နီ ယုံကြည်သည်။
ဒူရန်က လူတည်လူအေး ဖြစ်သည်။ အခြားလူငယ် များလို ဟော့ဟော့ရမ်းရမ်း မဟုတ်။ အာမကျယ်။ အကယ်၍ သာ သူ့သမီးသည် ဒူရန်နှင့်မဟုတ်ဘဲ ရှရီဒန်တို့လို၊ လီယွန်တို့လို လူစားနှင့် ဖြစ်သည်ဆိုလျှင် တစ်မျိုး စဉ်းစားရလိမ့်မည်။ ပြဿနာမှာ ခက်လိမ့်မည်။ ယခု ဒူရန်ကမူ ဤအစားထဲက မဟုတ်။ ဒူရန်သည် ထိုကိစ္စမျိုးကို လူသိခံနိုင်မည့် လူစား မဟုတ်။ ယခုပင် ဤကိစ္စကို ဘော်ဒါနေသူတွေ အကုန်သိနေကြပြီ။ တချို့ကလည်း သာသာထိုးထိုးကလေး ချဲ့ကား ပြောကြသည်။ ဒူရန်သည် ဗရင်ဂျီဘာသာဝင်။ ဝိုင် အရက် ကုမ္ပဏီကြီးတစ်ခုတွင် အလုပ်လုပ်နေသည်မှာ ၁၃ နှစ် ရှိပြီ။ ဤလိုကိစ္စမျိုး လူသိရှင်ကြားဖြစ်လျှင် အလုပ်ပင်လျှင် ပြုတ်ကောင်း ပြုတ်သွားနိုင်သည်။ အကယ်၍ သူ့အစီအမံကို လိုက်နာမည် ဆိုလျှင်မူ အားလုံး အဆင်ပြေလိမ့်မည်။ ဒူရန်က လခလည်း ကောင်းသည်၊ စုပြီးဆောင်းပြီး ကလေး လည်း ရှိလိမ့်မည်ဟု သူ ထင်သည်။
နာရီဝက်နီးပါး ကြာသွားပြီ။ မစ္စက်မွန်နီသည် မတ်တတ် ထရပ်ကာ သူ့မျက်နှာကို နံရံက မှန်ထဲတွင် လှမ်းကြည့် သည်။ ပြတ်သားတင်းမာသည့် သူ့မျက်နှာထားကို သူ ပြန်မြင်ရသည့်အခါတွင် ကျေနပ်အားရသွားသည်။ သမီး တစ်ယောက် အတွက် လင်ကောင်းကောင်း တစ်ယောက်ကို အမိ ဖမ်းမပေးနိုင်သော သမီးရှင်အချို့ကို သူ သတိရသည်။
ဤတနင်္ဂနွေနေ့ တစ်မနက်လုံး ဒူရန် ဂနာမငြိမ် ဖြစ်နေသည်။ ယနေ့မနက် မုတ်ဆိတ်ရိတ်ရန် နှစ်ကြိမ်တိုင်တိုင် ကြိုးစားပြီးပြီ။ သို့ရာတွင် လက်တွေ ကတုန်ကယင် ဖြစ်နေသဖြင့် နောက်ဆုံး လက်လျှော့လိုက်ရသည်။ သုံးရက် စာ ရှိနေပြီ ဖြစ်သော နီကြင့်ကြင့် မုတ်ဆိတ်မွေးများက သူ့မေးကို အနားကွပ်ထားကြသည်။ ရေငွေ့ သန်းလာသဖြင့် သူ့မျက်မှန်ကို ချွတ်၍ အိတ်ထဲမှ လက်ကိုင်ပဝါကို ထုတ်ကာ မကြာခဏ သုတ်ပေးရသည်။ မနေ့ညက ဗရင်ဂျီ ဘုန်းတော်ကြီး ထံတွင် အပြစ်ကို ဝန်ခံချက်ပေးကာ သီလဆေးခဲ့ရသည်။ ဤအကြောင်းကို တွေးမိတိုင်း သူ့စိတ် ထိခိုက်ရ သည်။ ဘုန်းတော်ကြီးက သူတို့နှစ်ယောက် ကျူးကျူးလွန်လွန် ဖြစ်ကြသည့် ကိစ္စကို အသေးစိတ် မေးသည့်အခါတွင် ပြန်ပြောရသည်မှာ ရှက်စရာ ကောင်းသည်။ ဘုန်းတော်ကြီးထံ သီလဆေးပြီးသည့် အဆုံး၌ သူ့အပြစ်သည် သူ ထင်သည် ထက် ကြီးလေးကြောင်းကို တွေ့ရသည်။ လျော်ကြေးပေးခြင်းဖြင့် အပြစ်မှလွတ်မည့် ထွက်ပေါက်ကလေးတစ်ခု ရှိသေး၍ တော်သေးသည်ဟုပင် အောက်မေ့ရသေးသည်။ ယခု မိန်းကလေးတစ်ယောက်ကို သူ ကျူးလွန်ခဲ့ပြီ။ လက်ထပ်ယူမည် လော၊ ရှောင်ပြေးမည်လော။ ဒူရန် ဘာလုပ်ရမည်နည်း။ ဤအဖြစ်မျိုးကို သူ မျက်နှာပြောင် မတိုက်ရဲ။ မကြာခင် သူတို့ ကိစ္စသည် ဖုံးမရ ဖိမရဖြင့် အုတ်အော်သောင်းတင်း ဖြစ်တော့မည်။ သို့ဆိုလျှင် ဤသတင်းကို သူ့အလုပ်ရှင်ကလည်း မကြားဘဲ နေမည်မဟုတ်။ ဒဗ္ဗလင် မြို့က အကျဉ်းကလေး ဖြစ်သည်။ တစ်ယောက်အကြောင်းကို တစ်ယောက် သိကြ သည်။ သူ့အလုပ်ရှင် မစ္စတာ လီယိုနာ့ဒ်က “မစ္စတာ ဒိုရန်ကို ငါ့ဆီ ခဏလွှတ်လိုက်စမ်းဟေ့” ဟု အသံအက်အက်ဖြင့် ပြောသံကို သူ့စိတ်ကူးထဲတွင် ကြားယောင်နေသည်။ ဤအသံကြောင့် သူ့နှလုံးသည် လည်ပင်းတွင်လာ၍ တစ်ဆို့ နေသည် ဟု သူ ခံစားရသည်။
သွားပြီ။ သူ တစ်သက်လုံး အလုပ်တွင် နာမည်ကောင်း ရခဲ့သမျှ တစ်ချက်ကလေးဖြင့် သွားပြီ။ သူ အလုပ် ကြိုးစားခဲ့သမျှ၊ ဝီရိယ ကောင်းခဲ့သမျှတို့သည် အဟောသိကံ ဖြစ်ကြရပြီ။ မှန်သည်၊ သူသည် လူငယ်တစ်ဦးပီပီ ပေခဲ့ တေခဲ့သည်များ ရှိသည်။ သူ့ကိုယ်သူ လွတ်လပ်စွာ တွေးခေါ် နိုင်စွမ်းရှိသူဟု ကြွားခဲ့ဖူးသည်။ ဘုရားသခင် ဆိုသည်ကို မယုံကြည်ဟု အရက်ဆိုင်များထဲတွင် မူးမူးနှင့် ပြောခဲ့ဖူးသည်။ သို့ရာတွင် ယခု ဤသို့ မဟုတ်တော့ပြီ။ အရွယ် ကလေး ထောက်လာပြီ။ ဒူရန်သည် လွတ်လပ်သော တွေးခေါ်မှုကို အသားပေးသည်။ “ရေးနိုး” သတင်းစာကို ဝယ်ဖတ်လေ့ ရှိသော်လည်း ဘုရားရှိခိုးကျောင်းကို မှန်မှန် တက်သည်။ တစ်နှစ်ကို ဆယ်ပုံ ပုံလျှင် ကိုးပုံလောက်က အသောက်အစား အပျော်အပါး မရှိ။ ရိုးရိုးကုပ်ကုပ် နေသည်။ ဒူရန်တွင် အိုးနှင့်အိမ်နှင့် အခြေတကျနေရန် ငွေလေး ကြေးလေးလည်း အတော်အတန် စုဆောင်းမိပြီ။ ယခု အမဲသားသည် သမီးနှင့်တော့ လားလားမှ မဖြစ်နိုင်။ သူ့ ဘက်က ဆွေမျိုးများက သူ့မိန်းမကို အထင်သေးကြလိမ့်မည်။ ပထမဆုံး သူ့ဘက်က နာမည်ပျက်ရှိသော သူ့အဖေကို လက်ညှိုးထိုးကြမည်။ ထို့နောက် တဖြည်းဖြည်း နာမည်ပျက်စ ပြုနေသော သူ့အမေ၏ ဘော်ဒါဆောင်ကို မေးငေါ့ ကြလိမ့်မည်။ သူ “အမဲဖမ်း” ခံရပြီဟု ဒူရန် သတိထားမိသည်။ သူ့မိတ်ဆွေတွေက သူ့အကြောင်းကို ပြောကာ ရယ်ကြလိမ့်မည်။ ပေါ်လီက အောက်တန်း ကျသည်။ သဒ္ဒါ ကိုမျှ မှန်အောင် မပြောတတ်။ သို့ရာတွင် သူ့ကိုယ်၌က ပေါ်လီကို တကယ်ချစ်သည် ဆိုလျှင်တော့ ကိစ္စမရှိ။ သဒ္ဒါ မမှန်ခြင်းသည် ဘာအရေးနည်း။ သို့ရာတွင် ယခုတိုင် ဒူရန် သည် ပေါ်လီကို ချစ်သလော၊ မုန်းသလောဟု စဉ်းစား၍ မရသေး။ သူ့အပေါ်၌ အညှာလွယ်ခဲ့သည့် ပေါ်လီအပေါ် မည်သို့ သဘောထားရမည်ဟု သူ မစဉ်းစားတတ်သေး။ စင်စစ် ဤကိစ္စတွင် သူကိုယ်တိုင်ကလည်း မထိန်းနိုင် မသိမ်းနိုင် ဖြစ်ခဲ့ရသည် မဟုတ်လော။ သူ့ပကတိဉာဏ်က ပေါ်လီကို လက်မထပ်ရန်၊ ရှောင်ပြေးရန် တောင်းဆိုနေသည်။ မိန်းမ ယူလိုက်သည်နှင့် တစ်ပြိုင်နက် ဘဝတုံးပြီဟု အသိဉာဏ်က ပြောသည်။
(၃)
ဒူရန်သည် ရှပ်အင်္ကျီနှင့် ဘောင်းဘီကို ဝတ်ထားကာ ခုတင် ပေါ်တွင် ထိုင်နေတုန်း ပေါ်လီက တံခါးကို အသာ ခေါက်၍ ဝင်လာသည်။ ပေါ်လီက သူ့အမေကို အကုန်ဖွင့်ပြောလိုက်ကြောင်း၊ ယနေ့နံနက် သူ့အမေက သူ့ကို ဖွင့်မေး လိမ့်မည် ထင်ကြောင်းဖြင့် ပြောပြသည်။ ပေါ်လီက ငို၍ ဒူရန် လည်ပင်းကို ဖက်လိုက်သည်။
“ပေါ်လီ ဘယ်လိုလုပ်ရမလဲဟင်၊ ပေါ်လီ ဘယ်လို လုပ်ရမလဲ”
ပေါ်လီက သူ့ကိုယ်သူ သတ်သေချင်သည်ဟု ဆိုသည်။
ဒူရန်က သူ့ကို မငိုရန် နှစ်သိမ့်သည်။ အဆင်ပြေ သွားလိမ့်မည် ဖြစ်ကြောင်း၊ မကြောက်ဖို့အကြောင်း အားပေးသည်။ သို့ရာတွင် သူကိုယ်တိုင်ကလည်း အားမရှိလှ။ ပေါ်လီ ၏ ဖိုလှိုက်သောရင်သည် သူ့ရင်ဘတ်ကို လာထိ သည်။
စင်စစ် သည်အဖြစ် ရောက်ခဲ့ရခြင်းသည် သူ့အပြစ် မဟုတ်။ လူပျိုကြီးများ၌ ထူးဆန်း၍ မမေ့တတ်သော မှတ်ဉာဏ်မျိုး ရှိသည့်အလျောက် သူနှင့် ပေါ်လီ စတွေ့စတုန်းက အဖြစ်ကို သူ ယခုတိုင် သတိရသေးသည်။ ပေါ်လီက ပွတ်သီးပွတ်သပ် လာလုပ်ပုံ၊ သူ့ကိုယ်က မွှေးကြိုင်နေပုံ၊ သူ့လက်ချောင်းကလေးများဖြင့် သူ့ကို လာကလိပုံတို့ကို သူ အမှတ်ရသည်။ တစ်ညတွင် အိပ်တော့မည်ဟု အဝတ်အစား လဲနေစဉ် ပေါ်လီက သူ့တံခါးကို မရဲတရဲ လာခေါက်သည်။ သူ့အခန်းက ဖယောင်းတိုင် လေတိုက်၍ ငြိမ်းသွားသဖြင့်၊ ဒူရန်အခန်းက ဖယောင်းတိုင်မှ မီးကူးချင်၍ဟု ဆိုသည်။ ထိုည က ပေါ်လီ ရေချိုးထားသည်။ ပန်းပွင့်လေးတွေ ဖော်ထားသည့် ဖလန်နယ် ညဝတ်အင်္ကျီ ပွပွကို ဝတ်ထားသည်။ သိုးမွေး ခြေညှပ်ဖိနပ်မှ ဖြူဖွေးသော ခြေထောက်များသည် ဝင်းလက်နေကြသည်။ မွှေးကြိုင်နေသော အရေပြားအောက်က သွေးများသည်ပင် နီမြန်း တောက်ပလျက် ရှိသည်။ ဖယောင်းတိုင် မီးကူးနေစဉ် သူ့လက်နှင့် လက်ကောက်ဝတ်များ ဆီက ရေမွှေးနံ့သည် သင်းနေသည်။
ည သူအိမ်ပြန် နောက်ကျလျှင် ပေါ်လီက လာ၍ တံခါးဖွင့်ပေးတတ်သည်။ ညစာကို နွေးပေးတတ်သည်။ ပေါ်လီနှင့် နှစ်ယောက်တည်း ထိုင်၍ ညစာ စားရလျှင် ဒူရန်သည် သူစားနေသည့် ဟင်းလျာတွေကိုပင် မမှတ်မိတော့။ လေပြင်းသည့်ည၊ ရာသီဥတု အေးသည့်ညဆိုလျှင် သူ့အတွက် ပေါ်လီက အရက်ကလေး တစ်ခွက်တလေကို လည်း အသင့် ချထားတတ်သေးသည်။ ဤလိုနေရလျှင် မည်မျှကောင်းမည်နည်းဟု ဒူရန် တွေးခဲ့ဖူးသည်။
ညစာ စားပြီးလျှင် လက်တွင် ဖယောင်းတိုင် ကိုယ်စီ ကိုင်ကာ သူတို့နှစ်ယောက်သား လှေကားကို ခြေဖျား ထောက်၍ တက်လာခဲ့ကြသည်။ တတိယထပ်သို့ ရောက်လျှင် မခွဲချင် ခွဲချင်ဖြင့် ကိုယ့်အခန်းကိုယ် ပြန်ခဲ့ကြသည်။ နမ်းကြသည်။ အရောင်တဖျတ်ဖျတ် လက်နေသော ပေါ်လီ၏ မျက်လုံးများ၊ သူ့ကို ပွတ်သပ်နေသော ပေါ်လီ၏ လက်ချောင်းများ၊ ငန်းဖမ်းသလို ဖြစ်လာသော သူ့အဖြစ်များကို သူ မြင်ယောင် ကြားယောင်လာသည်။
သို့ရာတွင် ငန်းဖမ်းသည်မှာ ခဏမျှသာ ကြာသည်။ အာသာပြေသွားပြီးနောက် မည်သို့ စဉ်းစားမည်နည်း ဟူသော ပေါ်လီ၏မေးခွန်းသည် သူ့နားထဲ၌ ပဲ့တင်ထပ်လာသည်။ လူပျိုကြီး၏ အသိစိတ်က သူ့ကို ရပ်တန်းကရပ်ရန် တားသည်။ သို့ရာတွင် ယခု ကျူးလွန်မိခဲ့ပြီ။ ဤအပြစ်အတွက် တန်ရာတန်ဖိုး လျော်ကြေးမျိုးကို ပေးရမည်ဟု သူ့ဂုဏ်သိက္ခာ က သူ့ကို ပြောနေပြီ။
သူတို့နှစ်ယောက် ခုတင်ပေါ်တွင် ဘေးချင်းယှဉ်၍ ထိုင်နေစဉ်၊ မေရီ ရောက်လာကာ မစ္စက်မွန်နီက သူ့ကို တွေ့လိုကြောင်း၊ ဧည့်ခန်းသို့ ဆင်းလာရန် မှာလိုက်ကြောင်း ဖြင့် ပြောပြသည်။
ဒူရန်သည် မတ်တတ်ထကာ ကုတ်အင်္ကျီကို ကောက်ဝတ်လိုက်သည်။ သူ့ကိုယ်ထဲတွင် ခွန်အား မရှိတော့။ အဝတ်အစား လဲပြီးနောက် ပေါ်လီအနီးသို့ သွားကာ နှစ်သိမ့်အားပေးသည်။ အဆင်ပြေသွားမည် ဖြစ်ကြောင်း၊ စိုးရိမ်ဖို့ မလိုကြောင်း ပြောပြသည်။ ပေါ်လီက ခုတင်ပေါ် တွင် တရှုပ်ရှုပ်ငို၍ ကျန်ရစ်ခဲ့သည်။ လှေကားကိုဆင်းရင်း သူ့မျက်မှန် တွင် အခိုးတွေရိုက်သဖြင့် မျက်မှန်ကို ချွတ်၍ သုတ်ရသေးသည်။ ဒူရန်သည် ခေါင်မိုးပေါ် တက်ကာ ဤ ကိစ္စကို မကြားရသည့် တိုင်းပြည်တစ်ပြည်သို့ ငှက်ကလေးလို ပျံသွားလိုက်ချင်သည်။ သို့ရာတွင် သူ့ကိုယ်ခန္ဓာထဲမှ ခွန်အားတစ်ခု က လှေကားကို တစ်ထစ်ချင်း အဆင်းခိုင်းနေသည်။ အလုပ်ရှင်နှင့် အဒေါ်ကြီး၏ တင်းမာသော မျက်နှာများကို မြင်ယောင် နေသည်။
လှေကားအောက်ဆုံးထစ် အရောက်တွင် အရက် နှစ်ပုလင်းကို ပိုက်၍ မီးဖိုခန်းဘက်ဆီမှ ထွက်လာသော ဂျက်မွန်နီနှင့် ပက်ပင်း တိုးနေသည်။ တစ်ယောက်ကို တစ်ယောက် ဝတ်ကျေတမ်းကျေ နှုတ်ဆက်ကြသည်။ ဒူရန်၏ မျက်လုံးများသည် ဂျက်မွန်နီ၏ ထူအမ်းအမ်း ခွေးဘီလူး မျက်နှာကြီးနှင့်၊ တုတ်ခိုင်သန်မာသော လက်မောင်းအိုးကြီး နှစ်ဖက်ကို တစ်စက္ကန့် နှစ်စက္ကန့်မျှ စိုက်ကြည့်နေမိသည်။ လှေကားရင်းသို့ ရောက်လျှင် သူ့အား ခပ်တည်တည် လှမ်းကြည့် နေသော ဂျက်မွန်နီကို သတိထားလိုက်မိသည်။
ချက်ချင်း ပေါ်လီနှင့် ကြိုက်နေသော လန်ဒန်သား “အဆိုကျော်” တစ်ယောက်ကို ဒူရန် သွားသတိရမိသည်။ ထိုညက အဆိုတော်သည် သူ့အဆက် ပေါ်လီထံ ပြန်လာကာ နှစ်ယောက်သား အလွမ်းသယ်ကြသည်။ ဤတွင် ဂျက် မွန်နီ ရောက်လာကာ ဒေါသူပုန် ထသဖြင့် သူ့ကို ဝိုင်း၍ ဖျောင်းဖျကြရသည်။ “အဆိုကျော်” ၏ မျက်နှာတွင် သွေး မရှိ တော့။ ဖြူဖပ်ဖြူရော် ဖြစ်နေပြီ။ ရိုးရိုးတန်းတန်း အလည်လာခြင်းပါဟု ရှင်းပြသည်။ သို့ရာတွင် ဂျက်မွန်နီက အော်မြဲ အော်သည်။ သူ့နှမကို ယီးတီးယားတား လာလုပ်သူ မှန်သမျှကို သွားကျိုးအောင်ထိုးမည်ဟု ကြိမ်းသည်။ တကယ်လည်း လုပ်သည်။
(၄)
ပေါ်လီသည် ခုတင်ပေါ်တွင်ထိုင်ကာ ငိုကျန်ရစ်သည်။ ထို့နောက် မျက်ရည်ကိုသုတ်၍ မှန်ရှေ့၌ရပ်သည်။ မျက်နှာသုတ်ပဝါ ထောင့်စွန်းကို ရေကရားတွင်ထည့်၍ နှစ်ပြီး နောက် မျက်လုံးကို သုတ်သည်။ သူ့ကိုယ်သူ မှန်ထဲတွင် ဘေးစောင်းကြည့်ရင်း နားရွက်အထက်က ဆံညှပ်ကို ပြင်ညှပ်သည်။ နောက် ခုတင်ခြေရင်းတွင် သွားထိုင်နေသည်။ ပေါ်လီသည် ခေါင်းအုံးများကို အတန်ကြာ ငေးစိုက်ကြည့်သည်။ ခေါင်းအုံးများကို မြင်သည့်အခါ၌ ကြည်နူးဖွယ် ကောင်းသော သူတို့နှစ်ဦး၏ တိတ်တခိုး အချစ်စခန်း ဖွင့်ပုံများကို ပြန်၍ မြင်ယောင်လာသည်။ ပေါ်လီသည် အေးစက် နေသော သံခုတင်ပေါင်တွင် ကုတ်ကို မှေး၍မှီရင်း ကြည်နူးစရာများကို တသိမ့်သိမ့် တွေးနေသည်။ ယခု ပေါ်လီ၏ မျက်နှာပေါ်တွင် စိုးရိမ်ကြောင့်ကြသည့် အရိပ်အယောင်များ မရှိတော့ပြီ။
ပေါ်လီသည် ရွှင်လန်းစိတ်ရှည်စွာ စောင့်သည်။ ထိတ်လန့် စိုးရိမ်ခြင်း မရှိတော့။ သူ့စိတ်ကူးများ သည် မျှော်လင့်ချက် အပြည့်ဖြင့် ကြည်နူးစရာ အနာဂတ်သို့ ရောက်နေသည်။ သူ့အနာဂတ် စိတ်ကူးကမ္ဘာသည် တောက်ပ ထိန်လင်းလျက် ရှိခြင်းကြောင့် သူ ငေးစိုက်ကြည့်ရှုနေသည့် ခေါင်းအုံးဖြူဖြူများကိုလည်း မမြင်တော့။ တစ်စုံတစ်ရာကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်ကိုလည်း သတိမရတော့။
နောက်ဆုံး၌ သူ့အမေ၏ ခေါ်သံကို ပေါ်လီ ကြားရသည်။ ပေါ်လီသည် မတ်တတ်ထကာ လှေကားထိပ်သို့ ပြေးလာခဲ့သည်။
“ပေါ်လီရေ ပေါ်လီ”
“လာပြီ မေမေ”
“အောက်ထပ်ကို ခဏလာခဲ့ဦး သမီးရေ။ ဟောဒီက မစ္စတာဒူရန်က သမီးနဲ့ စကားပြောချင်လို့တဲ့”
ထိုအခါ၌ ပေါ်လီသည် သူ စောင့်ဆိုင်းနေသော အရာကို ပြန်၍ သတိရပြီ။
မြသန်းတင့်
[၂ဝ ရာစု ကမ္ဘာ့ဂန္ထ ဝင် ဝတ္ထုတိုများ၊ ဝတ္ထုတိုများ၊ ပထမအကြိမ်။ စာပေလောက၊ ၁၉၇၄]

Comments
Post a Comment
တခုခု ပြောထားခဲ့ပါ။