ဟင်္သာငှက်တို့ အမြင့်ပျံကြရာ အရပ်ဝယ် - သန်းတင့်
ဟင်္သာငှက်တို့ အမြင့်ပျံကြရာ အရပ်ဝယ်
စစ်ပွဲတွေဆီကနေပြီးတော့ နှစ်လိုဖွယ် ပြန်ပြောင်း ပြောပြစရာတွေ ကျန်ခဲ့တယ်ဆိုတာမျိုးဟာ အတော်ကို ကမောက်ကမနိုင်တဲ့ ကိစ္စတစ်ခုပါ။ သတ်ကြသေကြ၊ လုကြယက်ကြ၊ သိမ်းပိုက်ကြ၊ စတေးကြ မျက်ရည်တို့၊ သွေးတို့လောက်သာ စွန်းထင်းကျန်ရစ်တတ်တယ် ဆိုပေမဲ့ ဒီစစ်ပွဲတွေ ထဲကပဲ သူရဲကောင်းတွေ၊ သစ္စာရှိမှုတွေ၊ လူသားဆန်စွာ မျှော်ခေါ်စဉ်းစားပုံတွေ စသည်ဖြင့်လည်း တွေ့ရတတ်ပါတယ်။ မထင်ရှားဘူး ဆိုရင်တောင် မဖြစ်မနေ ပါဝင်နေတတ်တဲ့ ချစ်ခြင်းမေတ္တာတချို့ကိုလည်း ရန်ဘက်အချင်း ချင်းကြားမှာ တစ်ခါတလေ တွေ့ဖူးကြမှာပါ။ ဒါပေမဲ့ စစ်ရိပ်စစ်ငွေ့တွေနဲ့ ဖုံးနေတဲ့ မြင်ကွင်းမို့ ကြည်လင်လှတယ် ရယ်လို့တော့ မဟုတ်ဘူးပေါ့လေ။
သမိုင်းတစ်လျှောက် ကမ္ဘာမှာကော၊ မြန်မာမှာကော ခေါင်းစဉ်အမျိုးမျိုးနဲ့ စစ်ပွဲတွေ ဒုနဲ့ဒေး ရှိခဲ့ပါတယ်။ အလက်ဇန္ဒားတို့က စလို့၊ ဆီဇာရယ် မက်အန်ထော်နီနဲ့ ကယ်လီယိုပက်ထရာရယ်၊ ဘာသာရေး အကြောင်းပြုတဲ့ ခရူးဆိတ် စစ်ပွဲလိုမျိုးရယ်၊ ဇမ္ဗူဒိတ်ကျွန်း အိပ်မက်နဲ့ အသောကရာမ ဖန်တီးတဲ့ နယ်ချဲ့စစ်ရယ်၊ တော်လှန်စစ်ကနေ လောဘလွန်သွားတဲ့ ကိုရီးယားဧကရာဇ် ဂျိုယောင်းရဲ့ ဘားဟယ်အင်ပါယာ တည်ထောင်ခန်းလိုမျိုး၊ လူပုပု နပိုလီယံရဲ့ စစ်ရက်ရှည်ရှည်နှစ်များ၊ ဟစ်တလာတို့ ဗိုလ်ချုပ်ကြီး ယာမာမိုတိုတို့ တက်ညီလက်ညီခဲ့တဲ့ ကမ္ဘာစစ်လိုမျိုး။
ဒီလိုဆိုမှဖြင့် ကျွန်တော်တို့ မြန်မာပြည်လည်း အလွန် ခေတ်မီတယ် ဆိုရမှာပါပဲ။ အင်းဝနဲ့ ဟံသာဝတီ နှစ်လေးဆယ်လုံးလုံး စစ်တိုက်ကြတာများ သူငယ်ချင်းရေ နားကြရအောင်ဆို နားလိုက်ကြ။ ယောက်ဖရေ မိုးလေ လွတ်ပြီ၊ နွေရောက်လို့ ခြေခင်းလက်ခင်းလည်း သာပြီမို့ ပြန်တိုက်ကြတာပေါ့ကွာ ဆိုရင် ချလိုက်ကြ။ အာရှမှာဖြင့် ဒီအရှည်ဆုံးစစ်ပွဲကို နှစ်လေးဆယ် စစ်ပွဲလို့ ကျော်ကြားပါသတဲ့။
မြန်မာနိုင်ငံရဲ့ အထင်ကရ အရေးတော်ပုံကျမ်းငါးစောင်မှာ ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းဟာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဟံသာဝတီဘုရင် ဗညားဦးရဲ့သား ဗညားနွဲ့ရဲ့ ဘယ်ပုံဘယ်နည်း နန်းသိမ်းခဲ့ပုံမှ အစပြုလို့ အင်းဝနဲ့ စစ်ပြိုင်ခဲ့တဲ့ နှစ်ပေါင်းလေးဆယ်ကို မွန်ဘာသာနဲ့ မှတ်တမ်းတင်ထားခဲ့တာပါ။ ဒီကျမ်းကို ဘုရင့်နောင်မင်းတရားကြီး လက်ထက်မှာ မွန်ဝန်ကြီး ဗညားဒလကလည်း မြန်မာလိုတစ်ကြိမ် ဘာသာပြန်ခဲ့ ဖူးပါတယ်။ ဆယ်တန်းကျောင်းသားတွေကို သင်ကြားနေတဲ့ စီးချင်းတိုက်ပွဲဆိုတာ ဗညားဒလရေးတဲ့ ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းက အပိုဒ်ခွဲတစ်ခု ဖြစ်ပါတယ်။
ကျွန်တော် ဖတ်ခဲ့ရတာတော့ မွန်ပညာရှိကြီး ဒေါက်တာနိုင်ပန်းလှ ရဲ့ မြန်မာပြန်မူပါ။ ယိုးဒယားရောက် မွန်ပေမူတွေ၊ အရင်ရှိတဲ့ မွန်ကျမ်းရိုး ကျမ်းရင်းတွေ၊ နောက်ပြီးတော့ အင်းဝဘက်မှ မှတ်တမ်းတွေကို အခြေပြု တယ်လို့ ဘာသာပြန်သူက ဆိုထားပါတယ်။ ပဲခူးအခြေပြု မွန်မင်း အဖွဲ့အစည်းနဲ့ အင်းဝဗဟိုပြု ဗမာဘုရင်မင်းခေါင်ရဲ့ အစုအဖွဲ့ကြားက အားစမ်း အားပြိုင် စစ်ပွဲပေါ့လေ။ အားစမ်းစစ် အားပြိုင်စစ်လို့ ကျွန်တော်ပြောရတာက ဖိနှိပ်လို့ တော်လှန်ရတဲ့စစ် မဟုတ်ပါဘူး။ ဘာသာအယူဝါဒ မတူလို့ တစ်နေရာနဲ့ တစ်နေရာ ဖီလာပက္ခဖြစ်ရတဲ့ စစ်မျိုးလည်း မဟုတ်ပါဘူး။ ဟယ်လင်လို မိန်းမလှလေးကို ဗဟိုပြုပြီး ခုတ်ကြ၊ ထစ်ကြ၊ အာခီလိတို့ တိုက်ကြတဲ့ ထရိုဂျန်စစ်ပွဲလို အသည်းနုသူရဲ့ စစ်ပွဲမျိုးလည်း မဟုတ်ပြန်ဘူး။ ပဒေသရာဇ်ပြည်ထောင်တွေ ဖြစ်လေ့ရှိသလို ဘုန်းသမ္ဘာတည်ဆောက်ကြတဲ့ စစ်ပွဲဖြစ်လေတော့ ဘာအကြောင်းမှ မည်မည်ရရ မရှိပေမဲ့ နှစ်လေးဆယ်လုံး ဘယ်သူမှ မနိုင်၊ ဘယ်သူမှ မရှုံးဘဲ မပန်းမရှုံးသရွေ့ တိုက်နေကြ တော့တာပါပဲ။
ရာဇာဓိရာဇ်ရဲ့ငယ်နာမည်က ဗသုန်ဗန်စက်လို့ ခေါ်ပါတယ်။ လျှာမှာ အမှတ်အသား အစက်ပါလို့ ဒီလိုခေါ်ရခြင်း ဖြစ်ပါသတဲ့။ မင်းသားဘွဲ့အမည်ကတော့ ဗညားနွဲ့လို့ ခေါ်ပါတယ်။ ဘုရင်ဖြစ်လာတော့မှ ရာဇာဓိရာဇ် (ဘုရင်တကာ့ဘုရင်) လို့ ဘွဲ့ခံခဲ့သူပါ။ သူ့အဖေ ဆင်ဖြူရှင်ဗညားဦးက မင်းသားဗညားနွဲ့ကို သိပ်ပြီး ကြည့်မရပါဘူးတဲ့။ ခြေဆန်လက်ဆန် ကြီးတယ်။ မျက်လုံးနားရွက် ကြီးတယ်။ ဒီမင်းသားဟာ ရက်စက်မယ့်သူ စစ်မက်လိုလားနိုင်သူမို့ နန်းလျာမပေးဖို့ မှူးကြီးမတ်ရာတွေကို အမှာရှိဖူးပါတယ်။ ဒါပေမဲ့ အလှည့်အပြောင်း များစွာကြောင့်လည်း တစ်ပိုင်း၊ ဗညားနွဲ့မင်းသားရဲ့ ကြံရည်ဖန်ရည်ကြောင့်ကလည်း တစ်ပိုင်းကြောင့် ဟံသာဝတီ ထီးနန်းကို ရခဲ့ပါတယ်။ သူ့ရဲ့ အဓိက အားသာချက်ကတော့ အကြံပေးတွေ၊ သစ္စာခံတွေ လက်ရုံး ကျွန်ယုံကောင်းတွေ ရခဲ့တာက အဓိကကျတယ်လို့ ကျွန်တော် ထင်မိတယ်။ သမိန်သံဗြတ်၊ သမိန်ဗြဇ္ဇ၊ ကိုယ်ရင်လူထွက် ပညာရှိမင်းကန်စီ၊ အမတ်ဒိန်၊ မတ်သံလုံလို့ခေါ်တဲ့ စစ်သူရဲလဂွန်းအိမ်၊ မသောက်၊ မပိုင်ဆရာတော် စသဖြင့် တစ်ခေတ်တည်းမှာ ပေါ်ထွန်းဖို့ ခဲယဉ်းတဲ့ သူရဲကောင်း သစ္စာခံတွေ ပညာရှိတွေ သူ့ကိုဝန်းရံနေတာကပဲ သူ့ဘုန်း သူ့အရှိန်တောက်ပဖို့ အခွင့်သာခဲ့ရတယ် ဆိုရပါမယ်။ ရာဇာဓိရာဇ်ဟာ သူရဲကောင်းတွေကိုလည်း အလိုလိုက် ချစ်တတ်သူပါ။ သတိရတာ တစ်ခုပြောရရင် ပုသိမ်ကို သိမ်းမယ့်တိုက်ပွဲမှာ စစ်သည်လက်နက် အနည်းငယ်မျှနဲ့ လဂွန်းအိမ်ကို တာဝန်ပေးပါတယ်။ ဒီတော့ လဂွန်းအိမ်က အရှင့်မိဖုရား ခေါင်ကြီးနဲ့ တစ်ညအိပ်ရရင် နိုင်အောင်တိုက်ပါ့မယ် ပြောတဲ့အခါ ရာဇာဓိရာဇ်ကလည်း မိန်းမဆိုတာ ပေါမှပေါပဲ၊ သူရဲကောင်းဆိုတာတော့ ရှားပါ ဘိခြင်းဆိုပြီး သူ့မိဖုရားကို လဂွန်းအိမ်ဆီကို လွှတ်လိုက်ပါတယ်။ လဂွန်းအိမ်လည်း အရှင့်ရဲ့ သူရဲကောင်းချစ်စိတ်ကို စမ်းတာပါ၊ အခုသိပြီမို့ ပုသိမ်ကို ရအောင် တိုက်ပါ့မယ်ဆိုပြီး မိဖုရားကြီးကို ရိုရိုသေသေ ရှိခိုးလို့ ပြန် လွှတ်လိုက်ပါတယ်။ ပြီးတော့ သူ့ထက် အင်အား အဆမတန်များပြားတဲ့ ရန်သူ့စစ်မျက်နှာကို နိုင်အောင် တိုက်ခဲ့ပါတယ်။ ဒီလို သခင်နဲ့ ကျွန်ရဲ့ နှောင်ဖွဲ့ထားတဲ့ စည်းတွေ ရာဇာဓိရာဇ် အရေးတော်ပုံစာအုပ်မှာ အများကြီးဖတ်ရ တွေ့ရပါတယ်။
ဗညားနွဲ့မင်းသားဘဝနဲ့ ရန်ကုန်ကနေပြီး ဟံသာဝတီကို ပုန်ကန်တဲ့ အခါ မောင်နှမလည်းတော်တဲ့ သူ့မိဖုရား တလမေဒေါဟာ သားလေး ဗောလောကျန်းဒေါနဲ့အတူ ပဲခူးနန်းတော်ထဲမှာ ကျန်နေရစ်ပါတယ်။ မင်းသားဟာ ရွှေတိဂုံစောင်းတန်းက လင်ယောက်ျားရှိတဲ့ ပန်းသည်မလေး မွေ့မနိပ်ကို တွေ့တော့ ကြိုက်လွန်းလို့ လုယူသလို ယူခဲ့တယ်။ အလွန်လှပ ကျက်သရေ ရှိတယ်လို့လည်း ရာဇဝင်ဆရာများ ဆိုပါတယ်။ တချို့စာတွေ မှာ ပန်းသည် မဟုတ်ဘဲ ဆီသည်လို့ ပြောကြတယ်။ ဘုရားကို ဆီမီးပူဇော် ရတဲ့ ဆီလား၊ ခေါင်းလိမ်းတာတို့၊ စားရတဲ့ ဆီတို့လားတော့ သေချာ မတွေ့မိပါဘူး။ နောက်ပိုင်း ဘုရင်ဖြစ်လာတော့လည်း မွေ့မနိပ်ကိုပဲ ပီယရာဇာ ဒေဝီဘွဲ့နဲ့ မိဖုရားခေါင်ကြီး နေရာထားပါတယ်။ အသည်းကွဲသူ တလမေဒေါ ခမျာ အဆိပ်သောက်ပြီး သေကြောင်းကြံသွားရရှာတယ်။ ဒီမီးဟာ ဒီမှာတင် မငြိမ်းပဲဘဲ သားတော် ဗောလောကျန်းဒေါ အရွယ်ရောက်လာတော့ သူ့တုန်းကလို ပုန်ကန်မှာစိုးတာက တစ်ကြောင်း အမေ့နာကြည်းမှုတွေကို မြင်တွေ့ခဲ့ရသူမို့ အဖေ့ကို မုန်းရိပ် မုန်းယောင် မြင်တာက တစ်ကြောင်းကြောင့် ရာဇာဓိရာဇ်ဟာ သူ့သားကြီး ဗောလောကျန်းဒေါကို သတ်ခိုင်းခဲ့တယ်။
ဒီကလေး မသေခင်မှာ ရာဇာဓိရာဇ်ကို စစ်တိုက်နိုင်တဲ့သူ အင်းဝ ဘုရင်ရဲ့သား ဖြစ်ချင်တယ်လို့ ပဲခူး ရွှေမော်ဓောဘုရားကုန်းတော်မှာ ဆုတောင်းပြီး အဆိပ်သောက် သေသွားပြန်ပါတယ်။ မီးတစ်တောက်တော့ ပြန်တောက်လာရပြန်ပါပြီ။ အင်းဝဘုရင်မင်းခေါင်လို့ ဖြစ်လာမယ့် မင်းဆွေရဲ့ မိဖုရားထံမှာ ဒီကလေး ဝင်စားပြီး မင်းရဲကျော်စွာဆိုတဲ့ ဆယ့်ခြောက်နှစ်နဲ့ ရန်သူတွေ ဖိမ့်ဖိမ့်တုန် ကြောက်ရသော ဗမာသူရဲကောင်းလေး ဖြစ်လာပြန်ပါသတဲ့။ သားအဖကြားက သံသရာဟာ တစ်ဘဝပြီး တစ်ဘဝ ထပ်ရှည်ကြပြန်ပါတယ်။ ဗမာရာဇဝင်တွေမှာလည်း ဒီအကြောင်းကို တိတိကျကျ ကို မှတ်တမ်းတင်ထားတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။
နောက်တစ်ခုက ဒီအနှစ်လေးဆယ် စစ်ပွဲမှတ်တမ်းကို ဗမာနဲ့ မွန် နှစ်ဖက်လုံး မှတ်တမ်းတင်ထားပုံ တွေဟာ တစ်ဖက်ကိုတစ်ဖက် သိပ်ပြီးနှိမ်တာ၊ ငါသာစေ သူ့ဘက်နာစေ ဆိုတာမျိုး မတွေ့ရပါဘူး။ ကောင်းရင် ကောင်းတဲ့အကြောင်း တော်ရင်တော်တဲ့အကြောင်း ဆိုးရင် ဆိုးတာကို နှစ်ဖက်စလုံးညီညွတ်စွာ မှတ်တမ်းတင်ထားတာ တွေ့မိတယ်။ ဗမာမူနဲ့ မွန် မူကွဲလွဲချက် နည်းနည်းရှိတာကို ကျွန်တော် အခုပြောနေတဲ့ ဆရာနိုင်ပန်းလှရဲ့ စာအုပ် စာမျက်နှာတိုင်းရဲ့ အောက်ခြေမှတ်စုမှာ ဘယ်လိုကွဲတယ် ဆိုတာ ဖော်ပြထားပါတယ်။ မှန်နန်းတို့၊ ဦးကုလားတို့ရဲ့ မှတ်တမ်းတွေနဲ့ လည်း သိပ်ပြီး ကြီးကျယ်တဲ့ အကွဲအလွဲမျိုး မပါဝင်တာ သတိထားစရာပါ။ တစ်ဖက်ပိတ်ပြီး ယောင်ဝါးဝါး စာမှတ်တမ်းမျိုး၊ လက်ျာတောင်ကျွန်း တစ်ခုလုံး ကိုယ်မှ အကောင်း၊ သူများတွေ သူခိုးကြီးပဲဆိုတဲ့ အုန်းမှုတ်ခွက်အောက် က သမိုင်းမျိုးတွေ မဟုတ်တာ မှတ်တမ်းရေးခဲ့သူ ရာဇဝင်ဆရာများကို ကျေးဇူးတင်ရမှာပါပဲ။
လဂွန်းအိမ်ဆိုတဲ့ စစ်သူရဲငယ်လေးအကြောင်းကို ပြန်စရရင် ငယ်နာမည် မတ်သံလုံလို့ ခေါ်တဲ့ ဒီသူရဲငယ်ဟာ ခဏခဏ ပြဿနာရှာတတ် သူပါ။ သူရှာလိုက်တဲ့ ပြဿနာတွေမှာ လူသားဆန်မှုနဲ့ ခုထိတိုင် ကျွန်တော်တို့ကို တသသဖြစ်နေစေတဲ့ ဒဿနတွေ ပါဝင်နေတတ်တာတော့ အံ့စရာ ချစ်စရာ ကောင်းနေတတ်ပြန်ပါတယ်။ မွန်မင်းနဲ့ မြန်မာမင်းတို့ စစ်ပြေငြိမ်းပွဲတစ်ခု စီစဉ်တဲ့အခါ မွန်ဘုရင်က အကောက်ကြံပါတယ်။ ပွဲကျင်းပမယ့် ပန်းကျော်ချောင်းက သောင်ပြင်မှာ ဓားတွေကို ကြိုမြှုပ်ထားပြီး ဆွေးနွေး နေကြတုန်း ထခုတ်ကြမယ်ပေါ့။ ထင်ရှားတဲ့ မှူးကြီးမတ်ရာ သေနာပတိတစ်ဖက်ကို လူသုံးဆယ် တက်ရောက်ကြတဲ့ပွဲပါ။ အဲဒီမှာ အသက်နှစ်ဆယ်ကျော် သားလေး လဂွန်းအိမ်လည်း ပါဝင်ပါတယ်။ မြစ်ရေနဲ့ ခေါင်းဆေး မင်္ဂလာပြုပြီး မွန်တစ်ယောက် ဗမာတစ်ယောက် နှစ်ယောက်တစ်တွဲ တက်လာကြတာမှာ နောက်ဆုံးလည်းဖြစ် အသက်အငယ်ဆုံး အတွဲလည်းဖြစ် တဲ့ ဗမာဘက်က လက်ခွင်ခွင်နဲ့ မိုးညှင်းသတိုးရယ်၊ မွန်ဘက်က ခြေခွင်ခွင်နဲ့ လဂွန်းအိမ်ရယ်ကို သူ့တပ်ကိုယ့်တပ်အားလုံးက လိုက်ဖက်ကြောင်းတွေ စနောက်ကြပါသတဲ့။
လျှောက်လာကြရင်း သတိုးက ဒီငြိမ်းချမ်းရေးသစ္စာပြုပွဲကို မင်းဘယ်လိုမြင်လဲ ယုံကြည်ရပါ့မလားလို့ လဂွန်းအိမ်ကို မေးပါတယ်။ ဒီအခါ မွန် သူရဲကောင်းလေးက တော်တော်ရူးတဲ့ကောင်ကွာ၊ စစ်အတွင်းမှာ မင်းကို ငါ သတ်လို့ရလည်း သတ်မှာပဲ။ ငါ့ကို မင်းတို့ရလည်း သတ်မှာပဲ။ ဒါကိုများ မင်းယုံနေသေးလားကွာလို့ ပြန်ပြောပါသတဲ့။ ပြောပုံဆိုပေါက် ကြည့်တာနဲ့ မဟန်မှန်း သိတော့ သတိုးက သူ့လူ အမတ်ကြီးတွေကို အော်ခေါ်ပြီး ဗမာတပ်ရှိရာကို ပြန်ပြေး လွတ်မြောက်သွားကြပါတယ်။ ရာဇာဓိရာဇ်လည်း ဒီလို အခွင့်အရေးကြီး လက်လွတ်ခဲ့ရလို့ တရားခံ လဂွန်းအိမ်ကို သတ်မယ် လုပ်ပါတယ်။ တကယ်လည်း မြန်မာ့သမိုင်းကြီးတစ်ခုလုံး ဇောက်ထိုးမိုးမျှော် ဖြစ်သွားနိုင်လောက်တဲ့ အခိုက်အတန့်ပါပဲ။ မင်းဘာကြောင့် ဒီလိုလုပ်ရတာလဲလို့ မေးတဲ့အခါ လဂွန်းအိမ်က နိုင်တော့ နိုင်မှာပါ၊ ဒါပေမဲ့ ဒီလိုနိုင်ရတာမျိုးကို သူ ရှက်ပါသတဲ့။ ပဲခူးသားတွေ မလိမ့်တပတ် လုပ်ပြီး နိုင်သွားတယ်ဟေ့လို့ နှောင်းလူတွေ ပြောနေကြမှာကို သေတာထက်တောင် ပိုရှက်မိပါသတဲ့။ ရတယ် သူ့ကိုသတ်လိုက်ပါလို့ ပြောတော့ ဘေးက အမတ် ဒိန်တို့ ဝိုင်းတောင်းပန်တဲ့ အတွက်ကြောင့်သာ လဂွန်းအိမ် သက်သာရာရခဲ့တာပါ။ နောက်ပိုင်း သူ့စွမ်းဆောင်ရည်တွေ ကြောင့် ရာဇာဓိရာဇ်က သူ့ မိဖုရားငယ် တစ်ပါးလည်းဖြစ် အမျိုးနီးစပ် နှမလည်းဖြစ်တဲ့ မေနှင်းကေသရာ နဲ့ လက်ဆက်ပေးခဲ့ပါတယ်။ တချို့ စာအုပ်တွေမှာတော့ နှင်းပန်းရိုင်းလို့လည်း နောက်ထပ်နာမည် တွေ့ရပါသေးတယ်။ အလွန်လှပ ချစ်စရာကောင်းတဲ့ နာမည်လေးတွေကို ပိုင်ဆိုင်သူ ချစ်စရာ ဟင်္သာမလေးပဲ ဖြစ်မှာပေါ့လေ။ ဆရာချစ်ဦးညိုရဲ့ “နှင်းကေသရာချစ်တဲ့ သူရဲကောင်း” ဝတ္ထုရှည်ကို ထပ်ပြီး ဖတ်ကြည့်လိုက်ရင် စစ်ထွက်သူရဲ့ နှလုံးသားနဲ့ လွမ်းကျန်ရစ်ခဲ့သူရဲ့ ညောင်ရေပန်းလေးတွေ အကြောင်း ပိုသိလာရမှာပါ။
နောက် မကြာခင်နှစ်မှာပဲ လဂွန်းအိမ် ကျဆုံးပါတယ်။ ဗမာဘုရင်နဲ့ မှူးကြီးမတ်ရာများက သူ့ကို ဖမ်းမိတော့ ချစ်ခင်လေးစားကြလို့ မသတ်ဘဲ ထားပေမဲ့ သူ့ကိုသတ်ပစ်ဖို့သာ တောင်းဆိုတာကြောင့် ကွပ်မျက်လိုက်ရပါတယ်။ ပြီးတော့ အလောင်းကို ခမ်းခမ်းနားနား ဖောင်ဖွဲ့ပြီး တစ်ဖက်ကမ်း မွန်တပ်တွေ ရှိရာကို မျှောပေးလိုက်ကြတယ်။ ပြီးတော့ သူ့ကို မီးသင်္ဂြိုဟ် ကြပါတယ်။ မေနှင်းကေသရာ ရှိတဲ့အရပ်ကို တိမ်ညိုညိုတစ်အုပ် ရွေ့လျား ထွက်ခွာသွားတဲ့ နေ့တစ်နေ့ကပေါ့လို့ ကျွန်တော့်ရင်ထဲမှာ မှတ်တမ်းတင် ထားလိုက်မိတယ်။
◆︎◆︎◆︎

best essay
ReplyDeleteGood
ReplyDelete