တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့်
အမြွှာညီနောင်စာအုပ် (၂)
တသိမ့်သိမ့်ဒွန်
AND QUIET FLOWS THE DON
MIKHAIL SHOLOKHOV
တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း
တင်မောင်မြင့်
(ဘာသာပြန်)
ရုရှားစာပေဆိုရင် "စစ်နှင့် ငြိမ်းချမ်းရေး" တို့လို ဂန္ထဝင်စာအုပ်ကြီးတွေပြီးရင် မဖြစ်မနေ ဖတ်သင့်တဲ့စာအုပ်ကတော့ မစ်ခေးရှိုလိုခေါ့ဗ်ရဲ့ “တသိမ့်သိမ့်ဒွန် (And Quiet Flows The Don)” ပဲ ဖြစ်ပါတယ်။
ဒီဝတ္ထုကြီးက ၁၉၆၅ ခုနှစ်မှာ ကမ္ဘာ့အမြင့်ဆုံးစာပေဆုဖြစ်တဲ့ နိုဗယ်ဆုကို ဆွတ်ခူးရရှိခဲ့သလို ရုရှားနိုင်ငံရဲ့ အမြင့်ဆုံး လီနင်စာပေဆုကိုလည်း ရရှိထားတာမို့ သူ့ရဲ့အရည်အသွေးကိုတော့ သံသယဖြစ်စရာ မလိုပါဘူး။
ဒီဇာတ်လမ်းရဲ့ အသက်က ရုရှားနိုင်ငံရဲ့ အသက်သွေးကြောဖြစ်တဲ့ ဒွန်မြစ်ကြီးနဲ့ အဲဒီမြစ်ဝှမ်းတလျှောက် နေထိုင်ကြတဲ့ ကော့ဆက် (Cossacks) လူမျိုးတွေရဲ့ အကြောင်းပါပဲ။ စာရေးသူ ရှိုလိုခေါ့ဗ်က ပထမကမ္ဘာစစ်၊ ရုရှားပြည်တွင်းစစ်နဲ့ ရုရှားတော်လှန်ရေးကာလတွေကို နောက်ခံထားပြီး ဇာတ်ကောင်ပေါင်း ၆၀ ကျော်ရဲ့ လှုပ်ရှားမှုတွေနဲ့ ဇာတ်အိမ်ကို ခိုင်ခိုင်မာမာ တည်ဆောက်ထားတာ တွေ့ရပါတယ်။
ဇာတ်လိုက်ဖြစ်သူ ဂရီဂို (Gregor Melekhov) ကတော့ ကော့ဆက်သွေးနဲ့ တူရကီသွေး ရောနှောနေတဲ့ လူရိုင်းဆန်ဆန် ဥပဓိရုပ်ရှိသူ လူငယ်တယောက်ပါ။ သူနဲ့ အိမ်နီးချင်း စတီပင့်ရဲ့ ဇနီးဖြစ်သူ အက်စီနီယာ (Aksinya) တို့ကြားက တားမြစ်ထားတဲ့ အချစ်ဇာတ်လမ်းက တရွာလုံး ဟိုးလေးတကျော် ဖြစ်ခဲ့ရသလို သူတို့ရဲ့ ရမ္မက်ဇောတွေကလည်း ပြင်းထန်လှပါတယ်။ တဖက်မှာလည်း ဖခင်ဖြစ်သူ ပင်တာလီမွန်က ဂရီဂိုကို အကျင့်စာရိတ္တကောင်းမွန်ပြီး အလုပ်အကိုင်နိုင်နင်းတဲ့ နာတာလီယာနဲ့ အတင်းအကျပ် အိမ်ထောင်ချပေးလိုက်တဲ့အခါမှာတော့ ဇာတ်လမ်းက ပိုပြီး အရှုပ်အထွေးတွေ ဖြစ်လာပါတော့တယ်။
ဒီဝတ္ထုမှာ စစ်ပွဲရဲ့ ရက်စက်ကြမ်းကြုတ်ပုံတွေကိုတင်မကဘဲ လူသားတွေရဲ့ သစ္စာတရား၊ မနာလိုဝန်တိုမှုနဲ့ အတ္တတွေကိုပါ အရှိအတိုင်း ဗလာကျင်းပြထားတာ တွေ့ရမှာပါ။ ကော့ဆက်တွေရဲ့ ရိုးရာဓလေ့တွေ၊ မြင်းစီးကျွမ်းကျင်ပုံတွေနဲ့ သူတို့ရဲ့ ခိုင်မာတဲ့ အမျိုးသားရေးစိတ်ဓာတ်တွေကိုလည်း စာမျက်နှာတိုင်းမှာ မြင်တွေ့နိုင်ပါတယ်။
မြန်မာဘာသာပြန်ပိုင်းမှာလည်း ဆရာကြီး တက္ကသိုလ်နန္ဒမိတ်၊ ဆရာမြတ်ငြိမ်း နဲ့ ဆရာတင်မောင်မြင့် တို့ သုံးဦးက အဆင့်ဆင့် လက်ဆင့်ကမ်းပြီး ဘာသာပြန်ဆိုခဲ့ကြတာမို့ ရသပိုင်းမှာတော့ ပြောစရာမလိုအောင် ပြည့်စုံလှပါတယ်။
စာမျက်နှာ ၁၂၀၀ ကျော်ရှိတဲ့ ဒီစာအုပ်ကြီးကို တခိုင်တည်း တအုပ်တည်းအဖြစ် အမြွှာညီနောင်စာပေက ထုတ်ဝေထားတာဖြစ်လို့ ဂန္ထဝင်စာအုပ်ကောင်းတွေကို စုဆောင်းလိုသူတွေ လက်မလွှတ်သင့်တဲ့ စာအုပ်ပါပဲ။
စစ်ပွဲတွေကြားမှာ လူသားတယောက်ရဲ့ ဘဝက ဘယ်လောက်အထိ ရုန်းကန်ရသလဲ၊ အချစ်နဲ့ လူမှုပတ်ဝန်းကျင်ကြားမှာ ဘယ်လိုရွေးချယ်မှုတွေ လုပ်ရမလဲဆိုတာကို သိချင်ရင်တော့ ဒီစာအုပ်ကို အစဆုံးဖတ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ လူသားတွေရဲ့ သဘာဝကို အနုစိတ်ပုံဖော်ထားတဲ့ ဒီကမ္ဘာကျော် ဂန္ထဝင်လက်ရာကြီးကို ဖတ်ရှုခြင်းအားဖြင့် ရုရှားလူမျိုးတွေရဲ့ ဘဝနဲ့ သမိုင်းကြောင်းကို ကောင်းကောင်းကြီး နားလည်သွားမှာ အမှန်ပဲဖြစ်ပါတယ်။
(ပထမအကြိမ်)
အမြွာညီနောင်စာပေ
About Us
ကျွန်တော်တို့အဖွဲ့သည် မြန်မာနိုင်ငံအတွင်းက e-Books Reader အသုံးပြုသူများနှင့် Digital Devices တွေမှာ စာဖတ်သူများ အတွက် မြန်မာစာအုပ်များကို ဖတ်ရှုနိုင်စေရန် ကူညီပေးဖို့ ရည်ရွယ် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ပါသည်။ တိုးတက်လာသော နည်းပညာများအရ e-books Reader အသုံးပြုသူများလည်း များပြားလာပြီ ဖြစ်သော်လည်း နိုင်ငံတွင်းမှတော့ e-books Reader အသုံးပြုသူများ အတွက် မြန်မာစာအုပ် ဖတ်ရှုနိုင်ရန် အလွန် ခက်ခဲလျက်ရှိသည်။ ထို့ပြင်လက်ရှိမှာလည်း မြန်မာစာအုပ်များကို Digital နည်းဖြင့် ဖြန့်ဝေမှု လုံးဝမရှိသလောက် ဖြစ်သည်။ ထိုအခက်ခဲများကို ကျနော်တို့ တတ်နိုင်သည့် ဘက်မှ ကူညီပေးနိုင်ရန် ရည်ရွယ်ပြီး ပြုလုပ်ထားခြင်း ဖြစ်ပါသည်။
မူပိုင်ခွင့်ချိုးဖေါက်ပြီး ကိုယ်ကျိုးအတွက် လုံးဝ(လုံးဝ)အသုံးမပြုပါ။
ပုံနှိပ်မှတ်တမ်း
ပုံနှိပ်ခြင်း - ပထမအကြိမ်၊ အမြွှာညီနောင်စာပေ၊ ၂၀၂၀၊ ဧပြီလ
စီစဉ်သူ - ကိုဂျပန်
မျက်နှာဖုံးဝန်းချီ - ဘဌေးကြည်
စာပြင် - တက္ကသိုလ်တင်ဟန်ကျော်
ကွန်ပျူတာစာစီ - မသိန်းသိန်းအေး ၊ မသီသီထွဏ်း “နန်းဦးလက်ကွန်ပျူတာ”
ထုတ်ဝေသူ - ဒေါ်စန်းစန်းဝေ (ဝဝ၆၁၂)၊ “အမြွှာညီနောင်စာပေ”၊ အမှတ် (၄၇၉/၄၈၁)၊ လမ်း (၃၀)နှင့် ဗိုလ်ဆွန်ပက်လမ်းကြား၊ မဟာဗန္ဓုလလမ်းမကြီး၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။
အတွင်းပုံနှိပ် - ဦးဇော်မြင့်ဝင်း၊ “ကာလာစုန်ပုံနှိပ်တိုက်” (ဝဝ၁၄၂)၊ အမှတ်-၁၈၄၊ ၃၁-လမ်း (အထက်)၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။
အတွင်းဖလင် - Eagle
စာအုပ်ချုပ် - ကိုတင်အေး
အုပ်ရေ - ၂၀၀၀
တန်ဖိုး - ၂၀၀၀၀ ကျပ်
ဖြန့်ချိရေး - အမြွှာညီနောင်စာပေတိုက်
တက္ကသိုလ်နန္ဒမိတ် - မြတ်ငြိမ်း၊ တင်မောင်မြင့်
တသိမ့်သိမ့်ဒွန်/တက္ကသိုလ်နန္ဒမိတ်၊ မြတ်ငြိမ်း၊
တင်မောင်မြင့် ရန်ကုန်။
အမြွှာညီနောင်စာပေ၊ ၂၀ ၂၀။
၁၂၄၆-စာ ၁၈. ၇ စင်တီ× ၂၅ . ၄ စင်တီ
(၁) တသိမ့်သိမ့်ဒွန်
အမြွာညီနောင်စာပေ၏ အမှာ
(၁)
ဘာသာရပ်တခုမှ မြန်မာဘာသာစကားသို့ ပြန်ဆိုရသော တံတားထိုးသည့် လုပ်ငန်းသည် ထင်သလောက် မလွယ်ကူပါ။ ထိုအလုပ်ကို လုပ်သော စာရေးဆရာကြီးများ မကွယ်လွန်မီသာ အများအားဖြင့် ပြုလုပ်နိုင်ခဲ့ကြပါ၏။ ‘တသိမ့်သိမ့်ဒွန်’ ကမူ ထိုသို့မဟုတ်။
စတင်ဘာသာပြန်ဆိုခဲ့သူ ဆရာတက္ကသိုလ်နန္ဒမိတ် ကွယ်လွန်သွားပြီး ဒွန်ကို ဆရာမြတ်ငြိမ်းက ဆက်လက် ဘာသာပြန်ခဲ့ပါသည်။ ဆရာမြတ်ငြိမ်း ကွယ်လွန်သွားသောအခါ၌မူ ဆရာတင်မောင်မြင့်က ဆက်လက် ပြန်ဆိုခဲ့ပါသည်။
ဆိုရသော် ‘တသိမ့်သိမ့်ဒွန်” စာအုပ်ကြီးကို ဘာသာပြန် ထုတ်ဝေရာတွင် အကျိုးအမြတ်ကို ထည့်သွင်း မစဉ်းစားဘဲ ၂၀ ရာစုတွင် ကျော်ကြားထင်ရှားသော ဝတ္ထုကြီးကို မြန်မာပရိသတ် ဖတ်ရလေအောင် ဟူသော စိတ်ကိုသာ အရင်းခံကာ ထုတ်ဝေလိုက်ခြင်း ဖြစ်ပါသည်။
ထိုသို့ထုတ်ဝေရာတွင် အမြွှာညီနောင်စာပေ အနေဖြင့် အခက်အခဲပေါင်းများစွာ ကြုံတွေ့ခဲ့ရပါ၏။ စတင် ဘာသာ ပြန်စဉ်က ဆရာတက္ကသိုလ်နန္ဒမိတ်သည် ဖြူနီညိုပြာမဂ္ဂဇင်းတွင် အခန်းဆက် ပြန်ဆိုခဲ့ခြင်းသာ ဖြစ်သဖြင့် ဖြူနီညိုပြာ မဂ္ဂဇင်း ရပ်သွားသောအခါတွင် ပြန်ဆိုခြင်းသည်လည်း ရပ်ဆိုင်းသွားခဲ့ပါ၏။ ထိုထက် ခက်ခဲသွားခဲ့သည်မှာ ဆရာ ကွယ်လွန် သွားခြင်းပင် ဖြစ်ပါသည်။
ဆရာတင်မောင်မြင့် ဆက်လက်ပြန်ဆိုမည် ဆိုသောအခါ ဆရာတက္ကသိုလ်နန္ဒမိတ်နှင့် ဆရာမြတ်ငြိမ်းတို့က ဘယ်စာအုပ် ကို လက်ကိုင်ထား ပြန်ဆိုခဲ့သနည်း ဆိုသည်လည်း ပြန်လည် အစကောက်ခဲ့ရပါ၏။ ပြန်ဆိုခဲ့သော မူရင်း စာအုပ် ရရှိရေးအတွက်လည်း အမြွှာညီနောင်ကပင် ကြိုးပမ်းခဲ့ရပါသည်။
(၂)
ဒွန်မြစ်ကြီးသည် ရုရှားနိုင်ငံ၏ အသက်သွေးကြော မြစ်ကြီးတစင်း ဖြစ်သည်။ ဒွန်မြစ်သည် ဥရောပတွင် ပဉ္စမ မြောက် အရှည်လျားဆုံးမြစ် ဖြစ်သည်။ ဗော်လ်ဂါ ချိုင့်ဝှမ်းနှင့် ဒွန်မြစ်ဝှမ်းတလျှောက်တွင် ကော့ဆက်လူမျိုးများ ချရပ် နေထိုင်ကြသည်။ ဤဝတ္ထုကြီးတွင် သူတို့၏ လှုပ်ရှားမှုသည် အဓိကအကျဆုံးဖြစ်သည်။
စာရေးဆရာကြီး “မစ်ခေးရှိုလိုခေါ့ဗ်” သည် ဒွန်မြစ်ဝဲယာတလျှောက်တွင် ပေါ်ပေါက်ခဲ့သော ပထမကမ္ဘာစစ်၊ ရုရှား ပြည်တွင်းစစ်နှင့် ရုရှားတော်လှန်ရေးကာလများကို နောက်ခံကားအဖြစ်ထားကာ အဓိကဇာတ်ကောင် ၆ဝ တို့၏ လှုပ်ရှားမှု ဖြင့် အံ့သြလောက်ဖွယ် ရေးဖွဲ့ထားပါသည်။
ဤဝတ္ထုကြီးကို ၁၉၂၅ မှ ၁၉၃၂ ခုနှစ်အတွင်း “Oktyabr” မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည်။ ဆိုဗီယက် ရုရှားနိုင်ငံ တွင် လူမျိုးစု ၇၃ စု၏ ဘာသာဖြင့် အကြိမ်ပေါင်း ၆၇၈ ကြိမ် ပုံနှိပ်ကာ စောင်ရေ ၄၂ သန်း ကျော် ထုတ်ဝေခဲ့သည်။ နိုင်ငံတကာ ဘာသာပေါင်း အမျိုး ၄ဝ ဖြင့် ဘာသာပြန်ဆိုကာ ၄၅၉ ကြိမ်ထိပုံနှိပ်ထုတ်ဝေခဲ့သော ၂၀ ရာစုတွင် အကျော် ကြားဆုံး၊ အခမ်းနားဆုံး ဝတ္ထုရှည်ကြီး ဖြစ်သည်။
ဆိုဗီယက် ပြည်ထောင်စုတွင် အမြင့်မားဆုံး စာပေဆုတခုဖြစ်သော “လီနင်စာပေဆု” ချီးမြှင့်ခံရရုံမျှမက ကမ္ဘာ့စာပေဆုတွင် အမြင့်မားဆုံးဖြစ်သော “နိုဗယ်ဆုကြီး” ကို ၁၉၆၅ ခုနှစ်တွင် ချီးမြှင့်ခြင်းခံရပြန်သည်။
ယခုအခါ ကမ္ဘာကြီးတခုလုံးကို ကိုင်လှုပ်ခဲ့သော အဆိုပါ ဂန္ထဝင်စာအုပ်ကြီးကို ဆရာတက္ကသိုလ်နန္ဒမိတ်၊ ဆရာ မြတ်ငြိမ်းနှင့် ဆရာတင်မောင်မြင့်တို့က ဘာသာပြန်ဆိုပေးပြီး အတွဲ ၇ တွဲ ခွဲကာ အမြွှာညီနောင်စာပေမှ ထုတ်ဝေပြီး ဖြစ်ပါသည်။
ဤကဲ့သို့ တန်ဖိုးကြီးမြင့်လှသော စာအုပ်ကြီးတအုပ်ကို သိမ်းဆည်းရာ၌ စာအုပ်ငယ် ၇ အုပ် သိမ်းဆည်း ရသည်နှင့် နှိုင်းစာလျှင် တအုပ်တည်း သိမ်းဆည်းရသည်က ပျောက်ရှ ပျက်စီးရန် ခဲယဉ်းသည်ဟု ယုံကြည်မိပါသဖြင့် အမြွှာညီနောင် စာပေသည် တအုပ်တည်း အစအဆုံး ပြန်လည်ထုတ်ဝေရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါသည်။
အမြွှာညီနောင် စာပေ
မစ်ခေးရှိုလိုခေါ့ပ်
(၁၉ဝ၅ -၁၉၈၄)
မစ်ခေးရှိုလိုခေါ့ဗ်ကို လူလတ်တန်းစား မိဘနှစ်ပါး က ကော့ဆက်နယ်ထဲမှာ မွေးဖွားတယ်။ အဖေ အလက်ဇန္ဒား ရှိုလိုခေါ့ဗ်က လယ်လုပ်တယ်၊ ဆန်စက်နဲ့ ကျွဲ၊ နွား၊ သိုး၊ ဆိတ် ရောင်းဝယ်ရေး လုပ်ငန်းပါ လုပ်တယ်။ အမေ ချာနီနိုဗာက ယူကရိန်း လယ်သမားရဲ့ သမီး၊ ကလေးအမေဖြစ်မှ သားဆီ စာရေးရင်း စာရေး စာဖတ် တတ်လာတယ်။ မစ်ခေး ၁၃ နှစ်အရွယ် ကျောင်းသား ဘဝမှာ ပြည်တွင်းစစ် ဖြစ်လာတော့ စစ်ထဲ ဝင်လိုက်တယ်။ ၁၇ နှစ်သား အရွယ်မှာ စာစ ရေးတယ်။ ၁၉ နှစ်သားမှာ Birthmark ဆိုတဲ့ဝတ္ထု ထွက်တယ်။
၁၉၂၂ ခုနှစ်မှာ မော်စကိုပြောင်းလာပြီး သတင်းစာ လောကကို ဝင်ဖို့ ကြိုးစားတယ်။ အဆင်မပြေခင် ဆိပ်ကမ်း လုပ်သား၊ ပန်းရန်၊ စာရင်းကိုင် စာရေးဘဝ တွေမှာ ၁၉၂၂ ခုနှစ်ကနေ ၁၉၂၄ ခုနှစ်အထိ ကျင်လည်ရင်း စာပေလောကထဲ ဝင်လုံးတယ်။ ဟောပြောပွဲတွေ တက်နားထောင်တယ်။ ၁၉၂၃ ခုနှစ်မှာ The Test ဆိုတဲ့ ဟာသဆောင်းပါးလေး တပုဒ် စပါလာတယ်။
၁၉၂၄ ခုနှစ်မှာ ကော့ဆက်ပြည်နယ် ဗီရှင်စကာယာ မြို့ကို ပြန်လာပြီး စာပေအလုပ်ကို စောက်ချ လုပ်တယ်။ အဲဒီနှစ်မှာပဲ မာရီယာနဲ့ လက်ထပ်တယ်။ သားနှစ်ယောက်၊ သမီးနှစ်ယောက် ထွန်းကားတယ်။
ပထမဦးဆုံးထွက်တဲ့ စာအုပ်က Tales From The Don (ဒွန်မြစ်ပြောသော ပုံပြင်များ) ဖြစ်ပါတယ်။ ကိုယ်တွေ့ အဖြစ်အပျက်တွေကို အခြေပြုပြီးရေးတာပါ။ ပထမကမ္ဘာစစ်နဲ့ ရုရှား ပြည်တွင်းစစ်အတွင်းမှာ Nakhalyonok ထွက်တယ်။ သူငယ်ဘဝတချို့ကို နောက်ခံထားတဲ့ဝတ္ထု။ နောင်အခါ နာမည်ကျော်ရုပ်ရှင် ဖြစ်လာတယ်။
အဲဒီ့နှစ်မှာပဲ And Quiet Flows The Don ကို စရေးတယ်။ အားလုံးပေါင်း ၁၄ နှစ်ကြာတယ်။ (၁၉၂၆ - ၁၉၃ဝ) ဆိုရှယ်လစ် သရုပ်မှန် စာပေအဖြစ်ရော ပြည်သူအများဆုံးဖြစ်တဲ့ စာအုပ်အဖြစ်ပါ နာမည်ကျော် သွားပြီး ၁၉၆၅ ခုနှစ်မှာ Stalin ဆုရော Nobel စာပေဆုပါ ရရှိခဲ့တယ်။ ပြည်တွင်းစစ်နဲ့ ပထမ ကမ္ဘာစစ် ကို အထင်ဟပ်ဆုံး ဝတ္ထုကြီးအဖြစ် ကမ္ဘာကျော်ခဲ့တယ်။
ရှိုလိုခေါ့ဗ်ရဲ့ နောက် နာမည်ကျော် ဝတ္ထုတပုဒ်က Virgin Soil Upturned (ဆရာကျော်အောင် ဘာသာပြန်တဲ့ “တောရိုင်းမြေ”) ဖြစ်ပါတယ်။ ထို့ပြင် Seeds of Tomorrow (1932), Harvest on The Don (1960) စတဲ့ ကော့ဆက် နောက်ဝတ္ထု အများအပြား ရေးခဲ့သေးတယ်။
၁၉၃ဝ ခုနှစ်မှ စတာလင်နဲ့တွေ့ပြီး ဂုဏ်ပြုခံ ရတယ်။ ၁၉၅၉ ခုနှစ်တွင် ဝန်ကြီးချုပ် ခရုရှက်နဲ့အတူ ဥရောပ နဲ့ အမေရိကန် ခရီးကို လိုက်ပါခဲ့ရတယ်။
မစ်မေးရှိုလိုခေါ့ဗ်ဟာ ၁၉၈၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ဝ ရက်၊ အသက် ၇၉ နှစ်အရွယ်မှာ လည်ချောင်း ကင်ဆာဖြင့် ကွယ်လွန်ခဲ့သည်။
ဝီကီပီးဒီယာ
မြန်မာပြန်သူ၏အမှာ
(က)
ခေတ်၏မီးရှူးတန်ဆောင် သို့မဟုတ် တသိမ့်သိမ့်ဒွန်။
ဆိုဗီယက် ရုရှားနိုင်ငံတွင် လူမျိုးစု ၇၃ စုတို့၏ ဘာသာစကားဖြင့် အကြိမ်ပေါင်း ၆၇၈ ကြိမ် ပုံနှိပ်ကာ စာအုပ် အရေအတွက် ၄၂ သန်းကျော် ထုတ်ဝေခဲ့ရ၏။ နိုင်ငံခြားဘာသာစာပေအားဖြင့် အမျိုးပေါင်း ၄ဝ သို့ ပြန်ဆိုခဲ့ခြင်းခံရကာ နိုင်ငံခြား ပုံနှိပ်ထုတ်ဝေခြင်းဖြင့် ၄၅၉ ကြိမ်တိုင်တိုင် ပုံနှိပ်ထုတ်ဝေခဲ့ရသည်။
ဤသို့ ရိုက်နှိပ်ထုတ်ဝေခဲ့ရသော စာအုပ်ကား နိုဗယ်ဆုရ ရုရှား စာရေးဆရာကြီး မီးခေးရှိုလိုခေါ့ဗ်၏ “တသိမ့်သိမ့်ဒွန် (And Quiet Flows The Don)” ဝတ္ထုကြီးပင်ဖြစ်သည်။
“တသိမ့်သိမ့်ဒွန်” သို့မဟုတ် ခေတ်၏ မီးရှူးတန်ဆောင်။
(ခ)
ရှိုလိုခေါ့ဗ်သည် လီနင်စာပေဆုကို ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်၏။ သူရေးသားခဲ့သော တသိမ့်သိမ့်ဒွန် ဝတ္ထုကြီးမှာ သူ့အဖို့ ဆိုဗီယက် ရုရှားနိုင်ငံတွင် အမြင့်မြတ်ဆုံးသော လီနင်ဆုတံဆိပ်ကို ဆွတ်ခူးနိုင်အောင် ထင်ရှားခဲ့သည့် စာပေ မီးရှူး တန်ဆောင်ကြီး ဖြစ်ခဲ့သည်။ ဤမျှမက ၁၉၆၅ ခုနှစ်တွင် ကမ္ဘာ့အမြင့်ဆုံး စာပေ ဆုကြီးဖြစ်သော နိုဗယ်ဆုကိုလည်း တသိမ့်သိမ့်ဒွန်ဖြင့် ဆွတ်ခူးနိုင်ခဲ့ပြန်လေသည်။
ဆိုဗီယက် ရုရှားနိုင်ငံ၏ အမြင့်ဆုံးသော စာပေဆုကြီးကိုသာမက ကမ္ဘာ့အမြင့်ဆုံးသော စာပေဆုကြီး ဖြစ်သည့် နိုဗယ်ဆုကိုပါ ဆွတ်ယူရရှိနိုင်ခဲ့သည့် တသိမ့်သိမ့်ဒွန်ကို မြန်မာစာဖတ်ပရိသတ် လက်ထဲသို့ ပို့ဆောင်လိုသော စေတနာဖြင့် ဤကဲ့သို့ ပြန်ဆိုရခြင်း ဖြစ်ပါသည်။
ကမ္ဘာကြီးတခုလုံးကို ကိုင်၍လှုပ်နိုင်သော ဝတ္ထုကြီးတပုဒ်ကို မြန်မာဘာသာသို့ ပြန်ဆိုရန်ကား ကျွန်တော့် အဖို့ လွယ်ကူလှသည်မဟုတ်။ သို့ဖြစ်၍လည်း “တငြိမ့်ငြိမ့်ဒွန်လော … တသိမ့်သိမ့်ဒွန်လော” ဟူသည့် ခေါင်းစဉ်ဖြင့် ၁၉၆၉ ခု၊ ဖေဖော်ဝါရီလထုတ် ငွေတာရီ မဂ္ဂဇင်းတွင် ဝတ္ထုအမည်နှင့် ပတ်သက်၍လည်းကောင်း၊ ဝတ္ထုကြီး၏ အဖွင့်ကဏ္ဍဖြစ်သော “ကော့ဆက်” တေးဟောင်းများကို မြန်မာဘာသာသို့ ပြန်ဆိုပုံနှင့် ပတ်သက်၍ လည်းကောင်း ကျွန်တော်သည် ပြည်သူ့ စာဖတ်ပရိသတ် ရှေ့မှောက်သို့ အစီရင်ခံရန် ရောက်လာခဲ့ရလေသည်။
အထူးသဖြင့် ဝတ္ထုကြီး အဖွင့်ကဏ္ဍဖြစ်သော ကော့ဆက်သီချင်း ၂-ပိုဒ် ကပင်လျှင် ဝတ္ထုအမည်ကို မြန်မာဘာသာ ဖြင့် အနက်ထင်အောင် ပြန်ဆိုပါဟု လှုံ့ဆော်လျက်ရှိနေလေသည်။
ရှိုလိုခေါ့ဗ်သည် ရုရှားပြည် “ဒွန်” မြစ်ကမ်း ဝဲယာတလျှောက်တွင် ပေါ်ပေါက်ခဲ့သော ပြည်တွင်းစစ်ကြီးကို နောက်ခံကားအဖြစ် ဇာတ်အိမ်ပန္နက်ရိုက်ရင်း ဆိုဗီယက်ပြည်သူတို့၏ ပြောင်မြောက်လှသော မဟာအောက်တိုဘာ တော်လှန်ရေးကြီး အကြောင်းကို အဓိကဇာတ်ဆောင်သူပေါင်း ၆ဝ ကျော်ဖြင့် ဇာတ်အိမ်တည်ဆောက်ခဲ့ခြင်း ဖြစ်သည့် အလျောက် ဒွန်မြစ်ကမ်းတွင် နေထိုင်ကြသော ကော့ဆက်အမျိုးသားတို့၏ လှုပ်ရှားမှုမှာ ဤတသိမ့်သိမ့်ဒွန် ဝတ္ထုကြီးတွင် အဓိကအကျဆုံး ဖြစ်နေပေသည်။
(ဂ)
မီးတောင်ကြီး ပေါက်ကွဲလာသည်နှင့်အတူ ပင်လယ်ကြီးကလည်း ဆူဝေ၍ တက်လာသည့် အဖြစ်မျိုး ရင်ဆိုင် တိုးခဲ့ရသူမှာ ဤတသိမ့်သိမ့်ဒွန် ဝတ္ထုကြီးကို ရေးသားသော ရှိုလိုခေါ့ဗ်ပင်ဖြစ်၏။
ဇာဘုရင်လက်ထက် ရုရှားပြည်တွင် ပြည်တွင်းစစ်မီးကြီး တလျှံလျှံတောက်နေသည့်အချိန်၌ တနည်းဖြင့် ဆိုရ သော်... ဒွန်မြစ်ကမ်း ဝဲယာတလျှောက်၌ ပြည်တွင်းစစ်ကြီး တငြီးငြီး တောက်လောင်နေသည့် အချိန်၌ ရှိုလိုခေါ့ဗ်မှာ ကလေးသူငယ်အရွယ်မျှသာ ဖြစ်ခဲ့၏။
ဤပြည်တွင်းစစ်မီးကြီးမှနေ၍ မီးတောင်ကြီး ပေါက်ကွဲလာသည်နှင့်တူသော ပင်လယ်ကြီး ဆူဝေ၍ လာပုံနှင့် တူသော၊ ဆိုဗီယက်ပြည်သူတို့၏ မဟာအောက်တိုဘာ တော်လှန်ရေးကြီးသည် ရှိုလိုခေါ့ဗ်အား ကြီးကျယ်သော ပညာသင် ကျောင်းကြီးအဖြစ် ဖြစ်ပေါ်စေခဲ့၏။
ပြည်တွင်းစစ်ကာလနှင့် မဟာအောက်တိုဘာ တော်လှန်ရေးကြီး အတွင်းတွင် ကြီးပြင်းလာခဲ့သည့်အလျောက် ရှိုလိုခေါ့ဗ်လည်း သူနေထိုင်ရာ ဒွန်မြစ်ဝှမ်း ဝဲယာတလျှောက်တွင် ပေါ်ပေါက်လာခဲ့သော ပြည်တွင်းစစ်ကြီး အကြောင်းကို လည်းကောင်း၊ မဟာအောက်တိုဘာ တော်လှန်ရေးအကြောင်းကိုလည်းကောင်း နောက်ခံကားချပ်ကြီး အဖြစ် ထင်ရှားစွာ ခြယ်မှုန်းနိုင်ခဲ့၏။ ဤဝတ္ထုကြီးတွင် အဓိကဇာတ်ဆောင်သူများမှာ ဦးရေ ၆ဝ ကျော်ကျော်မျှ ရှိသည်ဟုသာ ဆိုရ သော်လည်း အမှန်စင်စစ်တွင်မူ ဤဝတ္ထုကြီးတွင် ပါဝင်ဇာတ်ဆောင်သူများမှာ ဆိုဗီယက် ပြည်သူလူထုကြီး တရပ်လုံးပင် ဖြစ်လေတော့သည်။
ရှိုလိုခေါ့ဗ်သည် အသက် ၁၈ နှစ်အရွယ်မှစ၍ သူ၏လက်ရာများကို ရေးသားထုတ်ဝေနိုင်ခဲ့သည်။ တနည်း ဆိုရသော်... စာရေးဆရာဟူသော ဘွဲ့ကို အသက် ၁၈ နှစ်ကပင် ခံယူခဲ့ခြင်းဖြစ်သည်။ အသက် ၂ဝ တွင်ကား ဝတ္ထု အမျိုးမျိုး ထွက်၍နေပေသည်။ အသက် ၂၃ နှစ်တွင် ရုရှားပြည်သူတို့သာမက ကမ္ဘာကြီး တခုလုံးကပင် လက်ဖျားခါရ လောက်အောင် ပြောင်မြောက်သော တသိမ့်သိမ့်ဒွန် ဝတ္ထုကြီး၏ ပထမတွဲသည် ပေါ်ထွက်လာခဲ့လေသည်။
“မြေရိုင်းကို ပြောင်းပြန်လှန်” (Virgin Soil Upturned)” ဝတ္ထုကြီးမှာလည်း ရှိုလိုခေါ့ဗ်၏ လက်ရာကောင်း ဝတ္ထုကြီးတပုဒ်ဖြစ်၏။ တနှစ်က ရန်ကုန်တွင် ရုံတင်ပြသွားသော “လူတစ်ဦး၏ ကြမ္မာ” ဇာတ်ကားမှာလည်း ရှိုလိုခေါ့ဗ်၏ လက်ရာကောင်း ဝတ္ထုကြီးကို ရိုက်ကူးထားခြင်းပင်ဖြစ်သည်။
ရှိုလိုခေါ့ဗ်သည် ဒုန်းစိုင်း၍သွားသော မြင်းခွာသံများဖြင့် ထွားထွားညက်အောင် ထွန်ရေးဆောင်ခဲ့သည့် ဒွန်မြစ်ဝှမ်း တွင် ယခုတိုင် အသက်ထင်ရှား နေထိုင်လျက်ရှိပြီး ယခုတိုင်လည်း စာများရေးသားလျက်ရှိ၏။
ရုရှားပြည်သူတို့သာမက ကမ္ဘာကြီးတခုလုံးက အံ့ဩချီးကျူးရလောက်အောင် ပြောင်မြောက်လှသည့် တသိမ့်သိမ့်ဒွန် ဝတ္ထုကြီးအား မြန်မာစာဖတ်ပရိသတ် ရှေ့မှောက်သို့ ရောက်လာအောင် ကြိုးပမ်းရခြင်း သည်ပင်လျှင် ကျွန်တော့် အဖို့ ဆုလာဘ်တခု ဖြစ်သည်ဟု လေးနက်စွာ ခံယူမိပါသတည်း။ ။
တက္ကသိုလ်နန္ဒမိတ်
တက္ကသိုလ်နန္ဒမိတ်
ကိုယ်ရေးရာဇဝင်
(၈ မတ် ၁၉၂၂ − ၁၅ နိုဝင်ဘာ ၁၉၈၆)
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့ ဇာတိဖြစ်သည်။ ၁၉၂၂ ခုနှစ်၊ မတ်လ ၈ ရက်၊ ကြာသပတေးနေ့၊ မြန်မာသက္ကရာဇ် ၁၂၈၄ ခု၊ တပေါင်း လတွင် အဖ မြို့ပိုင် ဦးမောင်မောင်ကြီး၊ အမိ ဒေါ်ရွှေ တို့မှ ဖွားမြင်သန့်စင်သည့် အမြွှာညီအစ်ကိုနှစ်ဦးအနက် ပထမဖွားမြင်သည့်သားဖြစ်သည်။ မွေးချင်းသုံးဦးအနက် အကြီးဆုံးသားဖြစ်သည်။ အစ္စလာမ် ဘာသာဝင်တစ်ဦး ဖြစ်သည်။ ငယ်စဉ်အခါ မိဘသားချင်းများက ချစ်စနိုး ခေါ်ဝေါ်ခဲ့သည့် အမည်မှာ “ကိုကို” ဖြစ်သည်။ နောင်... ကြီးပြင်းလာသည့်အခါ အမည်ရင်း မောင်တင်အောင် ဟု ခေါ်တွင်လာကြသည်။
တောင်ကုတ်မြို့၊ တိုင်းရင်းမြန်မာ အလယ်တန်းကျောင်းတွင် ပဉ္စမတန်း အောင်မြင်သည်အထိ နေခဲ့ရသည်။ ၁၉၄၂ ခုနှစ်တွင် သံတွဲမြို့ ကျောင်းသားသမဂ္ဂ အမှုဆောင်အဖြစ် ဆောင်ရွက်ခဲ့သည်။ နယ်ချဲ့မောင်းထုတ်ရေး ကျောင်းသား လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။
၁၉၄၅-၄၆ ခုနှစ်တွင် သံတွဲမြို့ ဟိုက်စကူး အစိုးရအထက်တန်းကျောင်းမှ ၁ဝ တန်း စာမေးပွဲကို အင်္ဂလိပ်စာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ပညာသင်ကြားခဲ့သည်။
၁၉၄၉-၅ဝ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ် ရခိုင်ကျောင်းသူ ကျောင်းသားများအသင်း မဂ္ဂဇင်းအယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့ပြင် ရန်ကုန်တက္ကသိုလ် နှစ်ပတ်လည်မဂ္ဂဇင်း၊ ရန်ကုန်တက္ကသိုလ် ဗမာ-မွတ်စလင် ကျောင်းသူ ကျောင်းသားများ အသင်း မဂ္ဂဇင်း၊ ရန်ကုန်တက္ကသိုလ် ရခိုင်ကျောင်းသူ ကျောင်းသားများအသင်း မဂ္ဂဇင်းများတွင် အယ်ဒီတာ၊ တွဲဖက်အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။
ဂျပန်ခေတ် ဖက်ဆစ်ဂျပန်တော်လှန်ရေး လုပ်ငန်းများတွင် မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဦးကျော်ရင်နှင့် အတူ လက်တွဲဆောင်ရွက်ခဲ့သည်။
ထို့နောက် သတင်းစာပညာကို လေ့လာလိုက်စားလိုစိတ်ဖြင့် ၁၉၅ဝ ပြည့်နှစ် မတ်လတွင် ဝိဇ္ဇာ (ဘီအေ) အထက်တန်းစာမေးပွဲကို မဖြေဆိုတော့ဘဲ ရန်ကုန်တက္ကသိုလ်မှ ထွက်ပြီး စာပေနယ်သို့ ဝင်ရောက်ခဲ့သည်။
၁၉၅၃ တွင် ဝါးခယ်မမြို့ အစိုးရအထက်တန်းကျောင်း၌ အထက်တန်းပြဆရာအဖြစ် အမှုထမ်းခဲ့သည်။
၁၉၅၄ ခုနှစ်တွင် ကျောင်းဆရာဘဝမှ ထွက်ပြီး မြဝတီမဂ္ဂဇင်းတိုက်မှ ထုတ်ဝေသော ရောင်ခြည်ဂျာနယ်တွင် အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ ရောင်ခြည်ဂျာနယ် ဖျက်သိမ်းပြီး မြဝတီမဂ္ဂဇင်းသို့ ပြောင်းရွှေ့ဝင်ရောက်ခဲ့သည်။
မြဝတီမဂ္ဂဇင်းတွင် ၁၉၅၄ ခုနှစ်မှ အစပြု၍ တာဝန်ခံစာတည်းမှ စာတည်းချုပ်အဆင့်သို့ တိုးမြှင့် ခန့်ထားခြင်း ခံရပြီး ၁၉၆ဝ ခုနှစ်တွင် နုတ်ထွက်ခဲ့သည်။
၁၉၆ဝ ပြည့်နှစ်တွင် ရုပ်ရှင်ပဒေသာမဂ္ဂဇင်း ထုတ်ဝေလာသောအခါ နဝဒေးမဂ္ဂဇင်းမှ နဝဒေးစာတည်းချုပ် အဖြစ် ဆောင်ရွက်ပါရန် မေတ္တာရပ်ခံသဖြင့် နဝဒေးသို့ ပြောင်းရွှေ့ခဲ့သည်။ ထိုနှစ်မှာပင် စာရေးဆရာမိုးဝေနှင့် ပူးတွဲကာ စုံထောက် မဂ္ဂဇင်းကို အယ်ဒီတာအဖြစ် ကိုယ်တိုင် ဦးစီးထုတ်ဝေခဲ့သည်။ တဖက်မှလည်း နဝဒေးမဂ္ဂဇင်း အတိုင်ပင်ခံ စာတည်းအဖြစ် ဆောင်ရွက်ပေးမြဲပေးခဲ့သည်။
၁၉၇၇ တွင် စစ်ပြန်မဂ္ဂဇင်း အယ်ဒီတာအဖွဲ့ဝင်အဖြစ် အမှုထမ်းခဲ့သည်မှ ကွယ်လွန်ချိန်အထိ ဖြစ်သည်။ စာပေ လုပ်သား အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အဖွဲ့ဝင်နံပါတ်မှာ (၃၁၉၄) ဖြစ်သည်။
၁၉၈၆ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့ည ဆယ်နာရီငါးမိနစ်အချိန်တွင် အင်းစိန်မြို့၊ ရွာမအရှေ့၊ အောင်မင်္ဂလာ လမ်းသွယ်၊ အိမ်အမှတ် ၉၉၁ တွင် ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ ဒေါ်သန်းနုနှင့် သမီးဖြစ်သူ စောသီတာ နန္ဒမိတ်၊ စောစန္ဒာနန္ဒမိတ်၊ သားဖြစ်သူ ဇေယျာနန္ဒမိတ်၊ စိန္တာနန္ဒမိတ်၊ ဥက္ကာနန္ဒမိတ်တို့ ကျန်ရစ်ခဲ့သည်။
ဆရာမြတ်ငြိမ်း
ကိုယ်ရေးရာဇဝင်
အမည်ရင်းမှာ ဦးမြင့်ဆွေ ဖြစ်သည်။ ၁၉၃၉ ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့၌ ရေနံချောင်းတွင် မွေးဖွားပြီး ဦးထွန်းငြိမ်း (ဘီအိုစီ-အငယ်တန်း အင်ဂျင်နီယာ)နှင့် ဒေါ်မမတို့၏ သားသမီး ငါးယောက်အနက် အငယ်ဆုံး ဖြစ်သည်။
၁၉၄၄ ခုနှစ်တွင် ဖခင် ကွယ်လွန်ကာ ပေါင်းတည်မြို့ ဆရာစံကျောင်းတွင် မူလတန်းပညာ သင်ကြားခဲ့ပါသည်။ ၁၉၄၇ ခုနှစ်တွင် ရန်ကုန်မြို့သို့ ပြောင်းရွှေ့ နေထိုင်ခဲ့ပါသည်။ ၁၉၄၈ ခုနှစ်တွင် ကြည့်မြင်တိုင် အေဘီအမ် မိန်းကလေး အထက်တန်းကျောင်းနှင့် ၁၉၅၃ တွင် လမ်းမတော် စိန်ဂျွန်း ဒိုင်အိုစီဇင် ယောက်ျားလေး အထက်တန်းကျောင်းတို့တွင် ပညာ သင်ကြားခဲ့သည်။
စိန်ဂျွန်းကျောင်းမှ ၁၉၅၃ တွင် မက်ထရစ်စာမေးပွဲ အောင်မြင်ခဲ့ပြီး ၁၉၅၈ တွင် ဘီအိုစီကုမ္ပဏီ ငွေစာရင်း ဌာနတွင် အလုပ်ဝင်ခဲ့သည်။ ဆရာကြီး ဦးစံရွှေ၏ သက်ကြီးတက္ကသိုလ်ကို ၁၉၆၅ တွင် တက်ရောက်ခဲ့ပြီး ဥပစာဝိဇ္ဇာတန်း အောင်မြင်ခဲ့ကာ ၁၉၆၇ တွင် လုပ်သားများကောလိပ်မှ ဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။ ၁၉၆၇ နိုဝင်ဘာလတွင် ဒေါ်သန်းသန်းအေး နှင့် ထိမ်းမြားလက်ထပ်ခဲ့သည်။
ချင်းတွင်းစာအုပ်တိုက်မှ ထုတ်ဝေသော “ဖိလစ်ပိုင် အမျိုးသား အာဇာနည် ဒေါက်တာရီဇော်” စာအုပ်ဖြင့် ၁၉၇၇ တွင် လုံးချင်းစာပေလောကသို့ စတင်အခြေချခဲ့ပါသည်။ ၁၉၇၉ တွင် “ဟစ်တလာကို ပြန်လည်မွေးဖွားသူ” စာအုပ်ဖြင့် ဘာသာပြန်ဝတ္ထုများ စတင်ရေးသားကာ ၁၉၈၂ တွင် “ငြိမ်းချမ်းစာပေ”ကို ထူထောင်ပြီး စာအုပ်ထုတ်ဝေရေး လုပ်ငန်း စတင်လုပ်ကိုင်ခဲ့ပါသည်။ ၁၉၈၃ တွင် “ငွေကျွန်” တ္ထုကို ဆရာတင်မောင်မြင့်နှင့်တွဲကာ ဘာသာပြန်ဆို ရေးသားခဲ့သည်။
၁၉၈၈ ခုနှစ်တွင် ရေနံဓာတုဗေဒနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဘဏ္ဍာရေးဌာနမှ ငွေစာရင်း အရာရှိအဖြစ် လုပ်သက်ပြည့် အငြိမ်းစားယူခဲ့ပါသည်။
၁၉၉၆ တွင် “သားကောင်း သမီးမွန် ထူးချွန်အောင်မြင်ရေး”၊ “သင့်လက်တကမ်းမှာ အောင်ပွဲရှာ” စသည့် သုတစာပေစာအုပ်များဖြင့် စာပေလောကထဲသို့ ထပ်မံဝင်ရောက်ခဲ့ပါသည်။ ၁၉၉၉ ခုနှစ်တွင် “သို့သော်..သော… ဆီမီးနှစ်တိုင်” စာအုပ်ကို ဆရာတင်မောင်မြင့်နှင့် တွဲ၍ ထပ်မံ ဘာသာပြန်ဆိုခဲ့ပါသည်။ ယင်းနှစ်အတွင်းမှာပင် “ငြိမ်းအေး အတွင်းဖလင်” လုပ်ငန်းကို ထူထောင်လုပ်ကိုင်ခဲ့ပါသည်။
၂ဝဝ၁ ခုနှစ်တွင် တူဒေးစာအုပ်တိုက်မှ ထုတ်ဝေသော “နှလုံးသားထဲမှာ အဖြေရှာ” ဝတ္ထုစာအုပ်ဖြင့် အမျိုးသား စာပေဆု (ဘာသာပြန် ရသစာပေ) ရရှိခဲ့ပါသည်။ ၂၀၀၃ ခုနှစ်တွင် ဆွေမွန်စာပေလုပ်ငန် ထူထောင်ပြီး စာအုပ် ထုတ်ဝေရေးများ ပြန်လည်လုပ်ကိုင်ကာ ယခုအချိန်အထိ ဘာသာပြန် အတ္ထုပတ္တိသုတရသ စာအုပ်ပေါင်း ၆ဝ ခန့် ရေးသား ထုတ်ဝေခဲ့ပြီး ဖြစ်ပါသည်။
ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ၄ဝ ရပ်ကွက်၊ အောင်သုခလမ်း၊ အမှတ်-၁၁၅၁ တွင် နေထိုင်ပြီး ၃-၇-၂၀၁၆ (တနင်္ဂနွေ)နေ့ နံနက် ၁ နာရီ ၅ မိနစ်အချိန်တွင် ပင်လုံဆေးရုံ၌ ကွယ်လွန်သည်။
ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်သန်းသန်းအေး (Kathleen Than) (ဆွေမွန်စာပေ) နှင့် သားနှစ်ဦး။ သမီး သုံးဦး ကျန်ရစ်သည်။
တသိမ့်သိမ့်ဒွန်နှင့် ကျွန်တော်
ဒီနှစ် နှစ်ဆန်းပိုင်းမှာ ဆရာတင့်ခိုင်နဲ့ ဆရာနန္ဒမိတ်ရဲ့ သားကြီး အမြွှာညီနောင်စာပေက ကိုဇေယျာနန္ဒမိတ် ကျွန်တော့် အိမ် ရောက်လာကြတယ်။ အိတ်တွေ၊ ပုံးတွေ မနိုင်မနင်းနဲ့။
ကျွန်တော်က လူမမာမေး ရောက်လာတယ်ထင်ပြီး အိပ်ရာထဲက ကမန်းကတန်း ထကြိုတယ်။ ကိုတင့်ခိုင်နဲ့ မတွေ့တာ ကြာပြီ ဖြစ်လို့ ဝမ်းသာသွားတယ်။ ကိုဇေယျာက ခါးပတ်ကြီးပတ်လို့။ ခါးတုတ်တုတ်ကြီး ကိုင်းလို့။ ထိုင်စကား ပြောကြတော့မှ ကျွန်တော့်မှာ အံ့သြဝမ်းသာခြင်းနဲ့အတူ ဝမ်းနည်းစွာ မရေမရာလည်း ဖြစ်သွားတယ်။ သူတို့က ဆရာ နန္ဒမိတ် နဲ့ ဆရာမြတ်ငြိမ်း ဘာသာပြန်ပြီး တပိုင်းတန်းလန်း ကျန်ခဲ့တဲ့ “တသိမ့်သိမ့်ဒွန်” (And Quiet Flows The Don) ကြီးကို ဆက်ပြန်ဖို့ ကိစ္စနဲ့ ကျွန်တော့်ဆီ ရောက်လာကြတာပါ။ တောအကြောင်း တောင်အကြောင်းတွေ ပြောရင်း သူတို့ တွေသွားတယ်။ ကျွန်တော်လည်း ငိုင်သွားတယ်။ အကြောင်းမှာ... အဲဒီအကြောင်း ပြောရရင် အကြောင်းကြောင်းသော အကြောင်းတွေ ပါလာတော့မှာမို့ လေကြော ရှည်ရပါလိမ့်မယ်။ သည်းခံခွင့်လွှတ် ဖတ်ရှုတော်မူကြပါ။
ကိုမြတ်ငြိမ်း ဆုံးပြီးစ လွန်ခဲ့တဲ့ နှစ်နှစ်က သူတို့ ငါ့ဆီ ရောက်လာရင်... ဆိုပြီး ကျွန်တော် အားမလို အားမရ ဖြစ်နေ မိတယ်။ ခုတော့…။
သည်လိုပါ၊ ကျွန်တော်တို့ သိပ်ကြိုက်ခဲ့တဲ့ သည်စာအုပ်ကြီးကို ကျွန်တော်တို့ရဲ့ ချစ်သောဆရာ ဆရာ နန္ဒမိတ်က ဘာသာပြန်ခဲ့ရာ မပြီးခင် ကွယ်လွန်သွားပါတယ်။ သူငယ်ချင်း မြတ်ငြိမ်းက ဆက်ပြန်တော့လည်း မပြီးခင် တိမ်းပါး သွားရှာပြန်တယ်။
ကျွန်တော့်အခြေအနေကို ကြည့်ပြီး ကိုတင့်ခိုင်က “အစ်ကို အခြေအနေ ကြည့်ပါ၊ လုပ်နိုင်မှ လုပ်ပါ” တဲ့။ ကိုဇေယျာနန္ဒမိတ်ကလည်း “ဆရာ့ကိုပဲ အပ်ချင်လို့ ဆရာ့ဆီ ရောက်လာတာပါ၊ သိပ်အားနာပါတယ်၊ ဆရာ လုပ်နိုင်မှ လုပ်ပါ” တဲ့။ သူ အတော်လေး စိတ်မသက်မသာနဲ့ ပြောလိုက်တာပါ။ စာနာစိတ်နဲ့ ပြောလိုက်ပုံ ရပါတယ်။ စာနာပေမပေါ့။ ကျွန်တော်က အူမကြီး တပေဖြတ်ထားတဲ့ ကင်ဆာလူနာ။ သူက ခြောက်လက်မ။
ကျွန်တော့်ကို “ပြန်” ဖို့ သူတို့ တမင်ရွေးလာကြတာက ဆရာနန္ဒမိတ်နဲ့ ကျွန်တော် ဆက်နွယ် ခင်မင်ခဲ့ပုံကို အမှတ်ရလို့ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ဆရာ့ကဗျာ နာမည်တပ်ပြီး ဆရာ့ကို ဝိုင်းလွမ်းကြတဲ့ “ကောင်းကင်နဲ့ မြေကြီး ငါ့အားပေးလော့” စာအုပ်ထဲမှာ ကျွန်တော် ရေးခဲ့တဲ့ “နန္ဒာပုလဲ ဖန်ဆင်းရှင်နဲ့ တွေ့ဆုံခြင်း”ကို သူတို့ အမှတ်ရလို့လည်း ဖြစ်နိုင်ပါတယ်။
ကီမိုသွင်းနေရတဲ့ ရှစ်ဆယ်ကျော် ကျွန်တော့်ဆီမှာ “စစ်နှင့် ငြိမ်းချမ်းရေး” နဲ့ တတန်းတည်း နေရာ ပေးခဲ့ရတဲ့ ဝတ္ထုရှည်ကြီးကို ထားခဲ့ပြီး သူတို့ စိတ်မသက်မသာနဲ့ ပြန်သွားကြပါတယ်။
“ကြိုးစားကြည့်ပါ့မယ်” လို့ ကျွန်တော် မတင်မကျ ပြောလိုက်ပါတယ်။ အပင်ပန်းမခံဖို့၊ ကျန်းမာလာမှ စဉ်းစားဖို့ ရောဂါသည် အချင်းချင်း စာနာစိတ်ဖြင့် ကိုဇေယျာက အကြိမ်ကြိမ် မှာသွားပါတယ်။
ဒီတော့မှ ကျွန်တော်ရေးသမျှ အမြဲတမ်းကူပေးတဲ့၊ ကူးပေးတဲ့၊ စာလုံးပေါင်း ပြင်ပေးတဲ့၊ ရံခါမှာ တည်းပေးတဲ့ သမီးကြီး မရွှေထားနဲ့ တိုင်ပင်ရပါတယ်။ ရုရှားဝတ္ထုတွေကို ကျွန်တော် ဘယ်လောက်ကြိုက်မှန်; သိနေတဲ့ သမီးက မီးစိမ်း ပြ ပါတယ်။
ဒီတော့မှ သူတို့ ယူလာတဲ့ စက္ကူပုံးတွေကို ဖွင့်ဖောက် စစ်ဆေးရေး လုပ်ရပါတယ်။ “And Quiet Flows The Don” (Foreign Publishing House, Moscow) မူရင်းစာအုပ်က လေးတွဲ၊ ဘာသာပြန်ပြီးသား၊ ကွန်ပျူတာစီပြီးသား ဖိုင်တွဲ ရှစ်တွဲ။ စာအုပ်ရိုက်ဖို့ အသင့်။ ဟုတ်ပြီ။ စာမူကိုဖတ်၊ မူရင်းနဲ့ တိုက်ပေါ့။ အဲဒီမှာ ကျွန်တော်တို့ သားအဖ ဦးနှောက် ခြောက်ရတော့တာပါပဲ။ အခန်းခွဲပုံတွေ မတူ။ မြို့နာမည်၊ လူနာမည်ကလွဲ။ အဲဒီမှာ ခြေရာကောက်တော့ ဆရာတွေ ကိုင်ပြီး “ပြန်” သွားတာက Penguin မူတဲ့။ ပင်ဂွင်မူ ရှာလို့ရပါတယ်။ ကိုမြတ်ငြိမ်း ပြီးသွားတာက ပင်ဂွင်မူ ပထမတွဲ။ (တိုက်ကြည့် တော့ Moscow တိုက်ထုတ် ဒုတိယတွဲ အဆုံးနဲ့ သွားကိုက်တယ်။)
အဲဒီ အဆင့်ဆင့်ကို ဖြတ်ရတာ နှစ်လ၊ သုံးလ ကြာသွားတယ်။
ပင်ဂွင်တိုက်ထုတ် ဒုတိယတွဲ ရှာတာ ဘယ်မှ မရ။ ဒီတော့ Moscow ထုတ် တတိယတွဲ ကနေ ကျွန်တော် ဆက်ပြန်ပါတယ်။ သုံးလေးခန်းပြီးမှ ကျွန်တော့်မြေး ပန်းချီရူးမ မင်းမင်းသီတာ (YIT, Achi) က အင်တာနက်မှာ ဝင်ရှာပြီး Download လုပ်ပေးလို့ အစအဆုံး ရပါတယ်။ နာမည်က The Don Flows Home to the Sea တဲ့။ ထုတ်တဲ့ တိုက် က Putnam, London ပါ။
သည်တော့ Moscow မူကို ရပ်ထားပြီး London မူကို ကျွန်တော် ဆက် “ပြန်” ပါတယ်။
· · ─ ·✶· ─ · ·
တနေ့မှာ ကိုမြတ်ငြိမ်း သမီးလတ် သင်းသင်း ဖုန်းဆက်လာတယ်။
“ဦး ‘ဒွန်ကြီး’ ဆက်ပြန်နေတယ်ဆို”
“အေး .. ဘာပြုလို့လဲ” ပြန်မေးတော့-
“မလုပ်ပါနဲ့ ဦးရယ်၊ ဆရာနန္ဒမိတ်လည်း မပြီးခင် ဆုံးသွားတယ်၊ အဖေလည်း မပြီးခင်...”
“အင်း .. သူတို့ စိုးရိမ်သလို ဖြစ်လာနိုင်တာပဲ” လို့ တွေးမိလိုက်တယ်။ ဒါပေမဲ့ ကျွန်တော်က ဓားဆွဲထုတ် ထားပြီးပြီ။
ဒါကြောင့် ‘ကီမို’ သွင်းရင်း၊ ‘ကီ’ သွင်းရင်းနဲ့ ဧပြီလ ၂ ရက်က စပြီး ကျွန်တော် တွန်းရေးလိုက်တာ ခုနစ်လ အကြာ နိုဝင်ဘာလ ၁ ရက်နေ့မှာ ပြီးဆုံးခြင်းသို့ ရောက်သွားပါတော့တယ်။
စိတ်ရှည်ရှည်ထားပြီး ကျွန်တော့်အမှာကို ဆက်ဖတ်စေချင်ပါတယ်။ ဒီဝတ္ထုကြီးက ရှည်လျားသလို နောက်ခံ သမိုင်းကြောင်း ကလည်း ရှည်လျား ရှုပ်ထွေးလှသမို့ တတ်နိုင်သမျှ ကြိုပြောပြထားချင်တာကလေးတွေ ရှိနေလို့ ကျွန်တော် လျှာရှည်ရခြင်း၊ စကားဦးသန်းရခြင်း ဖြစ်ပါတယ်။
· · ─ ·✶· ─ · ·
ကော့ဆက် လူမျိုးတွေဟာ ရုရှားတောင်ပိုင်း ပြည်နယ်သားများ ဖြစ်ပါတယ်။ ရာစုနှစ်အဆက်ဆက် လေး၊ မြား၊ ဓား၊ လှံတွေနဲ့ မြင်းပေါ်က မဆင်းဘဲ စစ်တိုက်လာကြသူတွေပါ။ ဇာဘုရင်အဆက်ဆက်က သူတို့ပြည်နယ်ကို အခွန် ကင်းလွတ်ခွင့် ပေးထားခဲ့ရတယ်။ လိုအပ်ရင် ပြည်မက သူတို့ကို တပ်ခွဲ တပ်ရင်း အလိုက်၊ တပ်မအလိုက် ငှားပြီး သုံးတယ်။ နပိုလီယံနဲ့ ရုရှားတို့ တိုက်တဲ့ ကမ္ဘာကျော် ဘိုရိုဒင်နို စစ်ပွဲမှာ ကော့ဆက် မြင်းတပ်တွေ အဓိကအခန်းက ပါခဲ့တယ်။
ဒီဝတ္ထုကြီးထဲမှာ ပထမကမ္ဘာစစ်ကြီး ဖြစ်တော့ ဂျာမန်တွေ ရုရှားနဲ့ ပိုလန်ကို ဝင်တိုက်တဲ့ အခန်းတွေ ပါတယ်။ အဲဒီမှာ ကော့ဆက်မြင်းတပ်တွေ ရှေ့တန်းက ပါတယ်။ ပြည်တွင်းစစ်ဖြစ်တော့ ကော့ဆက် ပြည်နယ်တခုလုံး အုံကြွပြီး တော်လှန်ရေးထဲ ပါခဲ့တယ်။ တချို့က ဇာဘုရင့် တပ်မတော်သားဟောင်းတွေရဲ့ တပ်ဖြူနဲ့ ပေါင်းပြီး တပ်နီတွေကို တိုက်တယ်။ တချို့က တပ်နီထဲ ဝင်ပြီး တပ်ဖြူတွေကို တိုက်တယ်။ ရွာတွေမှာ ကလေးနဲ့ မိန်းမတွေသာ ကျန်ခဲ့ပြီး အဘိုးအို တွေပါ စစ်ထွက်ကြရတယ်။
ပြည်တွင်းစစ်နဲ့ ကမ္ဘာစစ်မှာ ကော့ဆက်လူမျိုးပေါင်း ၃ဝဝဝဝဝ ကနေ ၅၀၀၀၀၀ အထိ ကျဆုံးတယ်လို့ ခန့်မှန်းကြတယ်။
၁၉၁၇ မှာ စတဲ့ လီနင်တို့ရဲ့ အလုပ်သမား၊ လယ်သမား အခြေပြု ဘော်လ်ရှီဗစ် တော်လှန်ရေးမှာ တပ်ဖြူတွေ ဘက်က စစ်ကူတိုက်တဲ့ ကွန်မြူနစ် ဆန့်ကျင်ရေး တပ်ဖွဲ့တွေ ပေါ်လာတယ်။
အစားအသောက် ရှားပါးငတ်ပြတ်လာလို့ ပီထရိုဂရက် အနီး ခံတပ်ကနေ သင်္ဘောသားတွေ ပုန်ကန်တဲ့ သင်္ဘောသား စစ်တပ်ဆိုတာ ပေါ်လာတယ်။
နောက် ဘော်လ်ရှီဗစ်တွေက ဂျုံနဲ့ စပါးကို ဈေးကန့်သတ်ပြီး လယ်သမားတွေဆီက ဝမ်းစာပါမကျန် အတင်းဝယ်၊ အတင်းသိမ်းတော့ အစိမ်းရောင် ယူနီဖောင်းနဲ့ လယ်သမားတပ်တွေလည်း ပေါ်လာတယ်။ ပြီးတော့ ဗိုလ်သင်တန်းကျောင်း တွေမှာ လူငယ်တွေကလည်း ဗိုလ်လောင်းတပ်တွေဖွဲ့ပြီး တပ်ဖြူတွေ ဘက်မှ ဝင်တိုက်ကြတယ်။
ဒါ့အပြင် စစ်တက္ကသိုလ် ကျောင်းသားများ၊ ဗိုလ်လောင်းများနဲ့ ကော့ဆက်များ ပေါင်းပြီး အပျော်တမ်း တပ်ဖွဲ့ကာ တပ်ဖြူတွေဘက်က ဝင်တိုက်ကြတယ်။ ကွန်မြူနစ်ဝါဒ ကျယ်ပြန့်လာမှာ စိုးရိမ်ပြီး အင်္ဂလိပ်၊ အမေရိကန်နဲ့ ပြင်သစ်တို့ ကလည်း တပ်ဖြူတွေကို အကူအညီပေးတယ်။
ပြည်တွင်းစစ်ကြောင့် ကော့ဆက်အားလုံး စစ်မြေပြင် ရောက်နေတဲ့အခါ ဆန်ရေစပါး ရှားလာတယ်။ အစိုးရက တာဝန်ကျေစပါး အတင်းလိုက်ဝယ်တော့ အငတ်ဘေး ဆိုက်ကုန်တယ်။ ရွာတွေမှာ အဖြူတွေ ဝင်လာရင် အနီတွေကို ရှာသတ်၊ အနီတွေ ဝင်လာရင် အဖြူနဲ့ နွယ်သမျှတွေ လိုက်သတ်။ ကျွဲ နွားတွေ သိမ်း၊ ရွာတွေ မီးရှို့၊ ညီအစ်ကို အချင်းချင်း၊ သူငယ်ချင်း အချင်းချင်း ကမ္ဘာရန်တွေဖြစ်။ ချစ်သူတွေ ကွေကွင်း၊ တချို့ သေကွဲ၊ တချို့ ရှင်ကွဲ။ အိမ်တွေ ယာတွေကို ထားခဲ့ပြီး ရွာလုံးကျွတ် စစ်ပြေးဘဝ ရောက်ကြရနဲ့ ကော့ဆက်တို့၏ဘဝ ကမ္ဘာပျက်သည့်နှယ်..။
ကျွန်တော့် “ပြည်တည်ခန်း” ဒါလောက်နဲ့ပဲ “ဤတွင် နိဋ္ဌိတံ” သင့်ပါတယ်။
ခင်မင်လေးစားစွာ...။
တင်မောင်မြင့်
၁၅-၁၁-၂၀၁၈
တင်မောင်မြင့်
ကိုယ်ရေးရာဇဝင်
ဧရာဝတီတိုင်း၊ ဟင်္သတခရိုင်၊ စစ်ကျွန်းရွာတွင် အဖဦးမောင်ဒွေး၊ အမိဒေါ်ကျော့စိန်တို့က ၁၉၃၆ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့တွင် မွေးဖွားသည်။
ရန်ကုန်မြို့ ရေကျော်ဦးမောင်မောင် အလွတ်ပညာသင်ကျောင်းတွင် အလယ်တန်း အောင်ပြီး တောင်ကြီးမြို့ အစိုးရ အထက်တန်းကျောင်း (ယခု အ.ထ.က ၁) မှ ၁၉၅၈ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်သည်။
၁၉၆၁ ခုနှစ်တွင် ဘီအိုစီကုမ္ပဏီ (ယခု MOGE) တွင် အလုပ်ဝင်ပြီး ၁၉၉၄ ခုနှစ်တွင် ငွေစာရင်း အရာရှိ အဖြစ်ဖြင့် အငြိမ်းစားယူသည်။
၁၉၈၅ ခုနှစ်တွင် သည်းဦးပန်းမဂ္ဂဇင်း အယ်ဒီတာအဖွဲ့ဝင်၊ ၁၉၈၈ ခုနှစ်တွင် အထောက်တော်လှအောင်၏ သတင်းမဂ္ဂဇင်း တွင် ဒုတိယ အယ်ဒီတာချုပ် တာဝန်များ ထမ်းဆောင်ခဲ့သည်။
၁၉၈၃ ခုနှစ်တွင် နာမည်ရင်းဖြင့် ငွေကျွန် (World Rapers by Jonathan Black) ကို မြတ်ငြိမ်းနှင့် တွဲပြီး ဘာသာပြန်ခဲ့သည်။ ယနေ့အထိ သံယောဇဉ်ကမ်းခြေ (၁၉၈၃) (Man on Fire by A.J.Quinnell)၊ အချစ်၏ အခြားသောမျက်နှာစာ (၁၉၈၄) (Rendezvous by Evelyn Anthony)၊ ငယ်စာရင်းဝင်မို့ (၁၉၈၄) (Not as a Stranger by Morton Thompson) သံမဏိ လိပ်ပြာ (၁၉၈၇) (Philadelphian by Richard Powell) အရိပ်မဲ့ ရုပ်ပုံလွှာ (၁၉၈၅) (Snap Shot by A.J.Quinnell) မဟာရံတံတိုင်းကို ဖြတ်ကျော်ခြင်း (၁၉၈၅) (This side of Glory by Gwen Bristow)၊ မေတ္တာရှာပုံတော် (၁၉၈၅) (Where Love has Gone by Harold Robin)၊ တမ်းတတတ်သည် (၁၉၈၅) (Remembrance by Danielle Steel)၊ အချစ်များစွာနဲ့ပါဆရာ (၁၉၈၇) (To Sir With Love by E.R.Braithwaite)၊ နွေကန္တာ (၁၉၈၈) (Deep Summer by Gwen Bristow)၊ မြကတ္တီပါလမ်း (၂၀၀၇) (Handsome Road by Gwen Bristow)၊ မာနမီးလျှံ (၁၉၉၉) (Body of Love by Charles Keats)၊ မဒမ်ကျူရီ (၂၀၀၁) (Madame Curie by Eve Curie)၊ လေရဟတ်နီ (၂ဝဝ၄) (Moulin Rouge by Pierre La Mure)၊ တောင်ပံမဲ့ သင်းကွဲတေးဆိုငှက် (၂၀၀၄) (To Kill a Mocking Bird by Harper Lee)၊ စကားလက်် (၂၀၀၆) (Scarlet by Alexandra Ripley)၊ အင်နာ ကာရနီနာ (၂၀၁၀) (Anna Karinina by Leo Tolstoy)၊ မျှော် (၂၀၁၁) (Waiting by he Jun)၊ ပြစ်မှု နှင့် ပြစ်ဒဏ် (၂၀၁၂) (Crime and Punishment by Dostoevsky)၊ မိစ္ဆာဝင်္ကပါ (၂၀၁၄) (Les Miserable by Victor Hugo)၊ ဘဝအနှောင် (၂၀၁၅) (Of Human Bondage by W.S. Maugham) အပါအဝင် ဘာသာပြန်စာအုပ်ပေါင်း ၁ဝဝ ကျော် ရေးသားပြီးဖြစ်သည်။
အမျိုးသားစာပေဆုရ (ဘာသာပြန်) စာအုပ်များမှာ -
၁။ မဒမ်ကျူရီ (၂၀၀၁) (သုတ)
၂။ တောင်ပံမဲ့ သင်းကွဲတေးဆိုငှက် (၂၀၀၄) (ရသ)
၃။ အနက်ရောင်အိပ်မက်စိမ်းမြမေတ္တာ (၂၀၀၇) (ရသ)
၄။ မျှော် (၂၀၁၁) (ရသ)
၅။ ပြစ်မှုနှင့် ပြစ်ဒဏ် (၂၀၁၂) (ရသ)
၆။ ၂၀၁၈ တွင် တသက်တာ အမျိုးသားစာပေဆု ရရှိသည်။
အဓိကဇာတ်ဆောင်များစာရင်း
၁။ အင်ဒရီယာနော့ဗ် (ဗိုလ်မှူးကြီး) - ရုရှားတပ်ဖြူ စစ်ဦးစီးချုပ်
၂။ အင်နီကွတ်ရှ်ကာ (ကော့ဆက်)
၃။ အက်စတာကော့ခါ့ဗ် စတီပင် - အက်စီနီယာ့ ခင်ပွန်း
၄။ အက်စီနီယာ - စတီပင့် စနီး
၅။ ဗက်စ်ခလီနော့ဗ် ဖီးလစ်အက်ဂျီဗစ်ချ် – ကော့ဆက် အဘိုးကြီး
၆။ ဘိုဂါဒီရိဗ် ပိုင်အိုတျာ - ဒွန်ကော့ဆက် သူပုန်တပ်မှူး
၇။ ချူမာကော့ဗ် – ဖိုမင့်တပ်မှ တပ်စိတ်မှူး
၈။ ဖစ်စီလော်ရော့ဗ် - အပျော်တမ်း တပ်ဖြူ ဗိုလ်ချုပ်
၉။ ဖိုမင် - ကော့ဆက်ဗိုလ်၊ ပထမတပ်နီ၊ နောက် တပ်ဖြူသူပုန်
၁၀။ ဂေါ်ချာကော့ဗ် - တပ်ဖြူး ဗိုလ်ကြီး လစ္စနစ်စကီ သူငယ်ချင်း
၁၁။ ကာပါရင် - တပ်နီဗိုလ်ကြီး၊ နောင် ဖိုမင်၏ တပ်ဗိုလ်
၁၂။ ကိုပီလော့ဗ် မစ်ခေးလ်ဂရီဂိုရီမစ်ချ် – ဗိုလ်ကြီး၊ ဂရီဂို၏ ကိုယ်ရေး အရာရှိ
၁၃။ ကော်ရှူနော့ဗ် ဂရစ်ရှကာ - ကော့ဆက်အဘိုးအို၊ နာတာလီယာ၏အဘိုး
၁၄။ ကော်ရှူနော့ဗ် မီရွန် - နာတာလီယာ၏အဖေ
၁၅။ လူကီနစ်ချနာ – မီရွန့်စနီး၊ နာတာလီယာ့အမေ
၁၆။ ကော်ရှူနော့ဗ် မစ်ကာ – မီရွန့်သား
၁၇။ ကော်ရှူနော့ဗ် အဂရီပိနာ - မီရွန့်သမီး၊ နာတာလီယာ့ညီမ
၁၈။ ကိုရှီလီရော့ဗ် – ဖိုမင်တပည့် ကော့ဆက်လူငယ်
၁၉။ ကိုရှီဗွိုင်း မစ်ခေးလ် (မစ်ရှကာ) – တပ်နီကော့ဆက်
၂၀။ ကော့တလီယာရော့ဗ် အီဗန်အလက်ဆီဗစ် – တပ်နီကော့ဆက်
၂၁။ ကူဒီနော့ဗ် - ဒွန်ကော့ဆက်သူပုန်ဗိုလ်ချုပ်
၂၂။ လစ္စနစ်စကီ နီကိုလေ - မြေပိုင်ရှင်သူဌေး
၂၃။ လစ္စနစ်စကီ ယူဂျင်း - နီကိုလေ့သား
၂၄။ မီလက်ကော့ဗ် ပင်တာလီမွန် - ဂရီဂိုအဖေ
၂၅။ အီလီနစ်ချ်နာ - ဂရီဂို့အမေ
၂၆။ မီလက်ကော့ဗ် ပိုင်အိုတျာ - ဂရီဂို့အစ်ကို
၂၇။ မီလက်ကော့ဗ် ဂရီဂို (ဂရစ်ရှာ) - ပိုင်အိုတျာ့ညီ
၂၈။ မီလက်ကော့ဗ် ဒူနီယာ - ဂရီဂို ညီမ
၂၉။ ဒါရီယာ - ပိုင်အိုတျာ့စနီး
၃၀။ နာတာလီယာ - ဂရီဂို့ဇနီး
၃၁။ မစ်ရှာ - ဂရီဂိုနှင့် နာတာလီယာ့သား
၃၂။ ပိုလီယာ (ပိုလီ) - ဂရီဂိုနှင့် နာတာလီယာ့သမီး
၃၃။ ရယက်ချီကော့ဗ် - ကော့ဆက်သူပုန်ဗိုလ်
၃၄။ ဆက်ခရီတော့ဗ် – ရုရှားတပ်ဖြူဗိုလ်ချုပ်
၃၅။ ရှမီးလ် မာတင် အလက်ဆီ - ကော့ဆက်ညီအစ်ကို
၃၆။ စတော့မင်း အိုဆစ်ဒါဗီဒိုဗစ်ချ် - ကွန်မြူနစ် စည်းရုံးရေးမှူး
၃၇။ ခရစ္စတိုးနီးယား တိုကင် - ကော့ဆက်လူကြီး
၃၈။ ယာမာကော့ဗ် - ကော့ဆက်သူပုန်ဗိုလ်
၃၉။ စိုင်ကော့ ပရိုခေါ် – ဂရီဂို့ အော်ဒလီ
· · ─ ·✶· ─ · ·
ချစ်သောရွှေမြေ ၊ ငါတို့မြေသည်
သရေဆင့်ပွား ၊ ထွန်တံများဖြင့်
လားလားငါတို့ ထယ်မထွန်။
ဒုန်းစိုင်း၍သွား ၊ မြင်းခွာများက
ထွားထွားညက်အောင် ထွန်ရေးဆောင်၏။
ချစ်သောရွှေမြေ ၊ ငါတို့မြေ၏
သရေဆင့်လောင်း ၊ ထွန်ရေးကြောင်းတွင်
ဦးခေါင်းပြတ်များ ၊ ပျိုးကြဲထား၏။
တသိမ့်သိမ့်ဒွန် ၊ ငြိမ့်ငြိမ့်ဒွန်၏
အမွန်တန်ဆာ ၊ ရတနာကား
နုပျိုထွားသည့် ၊ မုဆိုးမများ။
ဒွန်ဖခင်၏ ၊ ကြင်နာဆပွား
ရင်ခွင်ကြား၌ ၊ ဖွံ့ဖွံ့ထွားထွား
ပွင့်၍ကားသည် ၊ မိဘမဲ့ငြား ကလေးများ။
ဒွန်...ငြိမ့်ငြိမ့်၏ ၊ တသိမ့်သိမ့်ဆွေး
လှိုင်းဖွေးဖွေးသည် ၊ ငိုကြွေးနေသည့် မျက်ရည်ပေါက်
ဖွေးဖွေးလှိုင်းသည် ၊ မိဘတိုင်း၏ မျက်ရည်ပေါက်။
ကြင်နာဆပွား ၊ မေတ္တာထားသည့်
သားများအရှင် ၊ ဒွန်ဖခင်
နူးညံ့မေတ္တာ ၊ စေတနာဖြင့်
သာယာစေချင် ၊ လယ်မြေခွင်ကို
ရေတင်၍လောင်း ၊ ဖခင်ကောင်းသည်
အကြောင်းဘယ်ကြောင့် ဆိုးလေသနည်း။
ဆိုးကောင်းကြမ္မာ ၊ ဓမ္မတာမို့
ငါ့မှာကြုံရ ၊ ဘေးဒုက္ခသည်
သဘာဝသာ ဖြစ်ချေသည်။
လောကဓံကြောင့် ၊ ပြန်လှန်မှောက်ခုံ
ဒုက္ခကြုံလည်း ၊ မတုန်မလှုပ်
ကြုတ်ဖြင့်မြှုပ်ထား ၊ ကဲ့အလားသို့
အသည်းကြားမှာ ၊ ဖွားဖွားအစဉ်
စမ်းရေယဉ်သည် ၊ အမျှင်မပြတ် စီးဘိ၏။
စီးသည့်ရေလျဉ် ၊ ငါ့ရင်ခွင်မှ
ငွေစင်အလား ၊ ကြီးသောငါးသည်
ဘွားဘွားပေါ်၍ လာသတည်း။
အပိုင်း [၁]
စစ်တွင်းကာလ
အခန်း [၁]
မီလက်ကော့ဗ်၏ ထွန်ယက်စိုက်ပျိုးမွေးမြူရာ မြေကွက်သည် တတာ့ရက်(စ)ခ်ရွာ အဖျားဘက်စွန်း ကျကျတွင် တည်ရှိနေ၏။
မွေးမြူရေးခြံတံခါးဝသည် ဒွန်မြစ်ရှိရာ မြောက်ဘက်သို့ ရှေ့ရှုလျက် တည်ရှိနေသည်။
ဒွန်မြစ်၏ တဖက်တချက်တွင် မြေဖြူကဲ့သို့ ဖြူဖွေးသော ကမ်းပါးနှစ်ဖက်က မြက်များဖြင့် ဖုံးအုပ်လျက် ရှိနေသည်။ တတာ့ရက်(စ)ခ်ရွာ တည်ရှိရာ ဤမှာဘက်ကမ်းတွင် ဒွန်မြစ်ကမ်းပါးသည် ပေခြောက် ဆယ်လောက်အထိ မြင့်တက် နေပြီးနောက် အောက် ဘက်သို့ ဆင်ခြေလျှော ဆင်းသွားသည်။
ကမ်းစပ်ပေါ်တွင် ပုလဲရောင်ထနေသော ဂုံးခွံများ ဖြင့် ပြန့်ကျဲနေ၏။ အဖြူရောင်ဖြင့် ထိုးထိုးထောင်ထောင် ရှိနေသော ကျောက်စရစ်ခဲများကလည်း ကမ်းခြေ တလျှောက်တွင် မင်းမူလျက်ရှိသည်။
ကမ်းစပ်မှအလွန်တွင် သွန်းသစ်စ သံမဏိရောင် ကဲ့သို့ တပြောင်ပြောင်ပြာနေသော ဒွန်မြစ်ရေပြင်…
လေနတ်မောင် လူပျိုအလှည့်ကြမ်းသဖြင့် ဒွန်စလာ မေပျိုဖြန်းသည် ရှက်သွေးကလေးများလွှမ်းကာ.
လှိုင်းကြက်ခွပ် ကလေးများ ထနေသည့် မီလက်ကော့ဗ်လယ်ယာမြေရှိ တလင်းပြင်ကို မိုးမခပင် မှ အကိုင်း အခက် များဖြင့် ခြံကာ၍ထားသည်။ ဤ ခြံမှကျော်၍ အရှေ့ဘက်သို့မျှော်လိုက်လျှင် ကော့ဆက် အမျိုးသား ဗိုလ်ချုပ်ကြီး တစ်ဦး၏ အမိန့်ဖြင့် ဖောက်လုပ်ထားခဲ့သော လမ်းမကြီးကို တွေ့မြင်ရ၏။
လမ်းမကြီးတလျှောက် ဝဲယာတဖက်တချက်တွင် ဖြူတူတူရှိနေသော ဒေါနပင်ချုံပုတ်များ၊ မြင်းဒုန်းစိုင်း၍ နင်းသွား သဖြင့် အညိုရောင်ထနေသော မြက်ထုံးများ ရှိနေသည်။ လမ်းခွဆုံတွင် ဘုရားရှိခိုး ကျောင်းတကျောင်း တည်ရှိ နေသည်။ ဤမှ လွန်သော် တောတောင်ဟူ၍ လုံးဝမရှိသည့် မြေညီကွင်းပြင်ကြီး သည် တံလျှပ်ရောင် တောက်လျက် ကျယ်ပြန့်စွာ လဲလျောင်းနေ၏။
တောင်ဘက်တွင် မြေဖြူရောင်ထနေသော တောင်တန်း တောင်စွယ်များ …
အနောက်ဘက်တွင် လမ်းမသည် ရွာလယ် ကွက်လပ်ကို ဖြတ်လျက် မြက်ခင်း၊ ကွင်းပြင်နှင့် လယ်တောများ ရှိရာသို့ ဆန့်တန်းကာ ရှေ့ရှုနေလေသည်။
ကော့ဆက်အမျိုးသား ပရိုကိုဖေမီလက်ကော့ဗ် သည် တူရကီနှင့် ရုရှားတို့ နောက်ဆုံးတိုက်ခဲ့သော စစ်ပွဲတွင် စစ်သည်တော် တစ်ဦးအဖြစ် ပါဝင်ဆင်နွှဲခဲ့ပြီး နောက် တတာ့ရက်(စ)ခ်ရွာသို့ ပြန်လည်ရောက်ရှိခဲ့၏။
စစ်ပြန်လက်ဆာင်အဖြစ် ပရိုကိုဖေနှင့် အတူပါ လာသောအရာမှာ မိန်းမတစ်ယောက် ဖြစ်၏။ ခေါင်းမှ ခြေဖျား အထိ ပိုးရှောစောင်ဖြင့် လွှမ်းခြုံထားသော မိန်းမတည်း။
ပရိုကိုဖေ၏ မိန်းမသည် မျက်နှာကို ရှောစောင်ဖြင့် အမြဲလိုလိုဖုံးအုပ်ထားတတ်၏။ မျက်နှာကို ဖွင့်လိုက် သည့်အခါ များ၌လည်း လွမ်းရိပ်သန်းနေသော မျက်လုံး များကိုသာ တွေ့ရတတ်သည်။
ပိုးရှောစောင်မှာ ထူးဆန်းသော ရေမွှေးနံ့ဖြင့် တပျံ့ပျံ့သင်းပျံ့နေကာ သက်တံ့ရောင်ကွက်စုံများ ကလည်း ထူးခြား ဆန်းကြယ်၍ နေသောကြောင့် ရွာရှိမိန်းမများအဖို့ မနာလိုစရာ ဖြစ်နေလေသည်။
စစ်အတွင်းတွင် ဖမ်းဆီးရမိရာမှ ပရိုကိုဖေ၏ မိန်းမ ဖြစ်လာရသော တူရကီသူမမှာ လင်ဘက်မှ ဆွေမျိုးသားချင်း များနှင့် မသင့်မမြတ် ဖြစ်လာခဲ့၏။ သို့ဖြစ်၍လည်း ဖခင်ဖြစ်သူ အဘိုးကြီး မီလက်ကော့ဗ်က သားဖြစ်သူ ပရိုကိုဖေမီ လက်ကော့ဗ်အား ရသင့်ရထိုက်သော လယ်ယာခြံမြေနှင့် ကျွဲနွား တိရစ္ဆာန်များကို ခွဲဝေ၍ပေးလိုက်ပြီး အိမ်ခွဲ၍ နေစေ သည်။ အဘိုးကြီး မီလက်ကော့ဗ်မှာ သားနှင့် အိမ်ခွဲ၍ နေရသည်အထိ ဖြစ်ပေါ်လာသော အကြောင်းကို စိတ်နာလှသဖြင့် သားဖြစ်သူ အိမ်သို့ အသက်နှင့်ကိုယ် မြဲနေသမျှ ကာလ ပတ်လုံး ခြေချ၍သွားခဲ့ခြင်းမပြုခဲ့။
ပရိုကိုဖေသည် အိမ်ခွဲ၍ထွက်ရန် မြန်မြန်ဆန်ဆန် ပင် အားထုတ်ခဲ့၏။
လက်သမားကို သူရသော မြေကွက်ပေါ်၌ တဲ တစ်လုံး ဆောက်စေသည်။ ကျွဲနွားတိရစ္ဆာန်များ မွေးမြူရေး အတွက် ခြံကို သူကိုယ်တိုင် ကာသည်။ သို့ဖြင့် ဆောင်းဦးစအချိန်တွင် အိမ်ခွဲထွက်နိုင်ခဲ့လေသည်။
လှည်းပေါ်တွင် ပိုင်သမျှဆိုင်သမျှ အိမ်ထောင် ပစ္စည်းများကို တင်ပြီးနောက် ပရိုကိုဖေက မိန်းမဖြစ်သူ နှင့်အတူ လှည်းနောက်က လျှောက်၍ ရွာလမ်းကို ဖြတ်လာခဲ့ကြ၏။
ပရိုကိုဖေတို့လင်မယားကို တရွာလုံးရှိ လူများက ထွက်၍ကြည့်ကြ၏။ ရွာသားကော့ဆက်များက ပရိုကိုဖေနှင့် တနိုင်ငံသူ သူ့မိန်းမကို ကြည့်လျက် မုတ်ဆိတ်မွေး တလှုပ်လှုပ်ဖြင့် တိတ်တခိုးရယ်ကြ၏။ ကော့ဆက်မိန်းမများ ကမူ တစ်ယောက်နှင့် တစ်ယောက် လှမ်း၍ အော်ကြီးဟစ်ကျယ်ဖြင့် ထင်မြင်ချက် ပေးနေကြ၏။ ညစ်ပတ်ပေရေနေသော ကော့ဆက်ကလေး တအုပ်က ပရိုကိုဖေ၏ နာမည်ကို ဖော်ထုတ်၍ ခေါ်နေကြ၏။
သို့သော် ပရိုကိုဖေက ကုတ်အင်္ကျီကို ကြယ်သီးလည်း မတပ်။ မည်သူ့ကိုမှလည်း မမှုသော အမူအရာ ဖြင့် ဖော့ဖယောင်းလို ပျော့ပျောင်းသော မိန်းမဖြစ်သူ၏ လက်ကို သူ၏ အသားမာတက်နေသည့် ကြမ်းတမ်း ညိုမောင်းသော လက်ဝါးကြီးဖြင့် လက်ကောက်ဝတ်မှ ဆုပ်ကိုင်ကာ ထွန်သစ်စမြေပေါ်၌ သွားသကဲ့သို့ ဖြည်းဖြည်းပင် လျှောက်နေ လေသည်။
ပြောင်းဖူးမွေးကဲ့သို့ ဖြူဖွေးကာ ဖရိုဖရဲဖြစ်နေသော ဆံပင်ဖြင့်ပင် ခေါင်းကိုမော့၍ မည်သူကိုမျှမမှု ဟူသော အမူအရာ ရှိနေလင့်ကစား ပရိုကိုဖေသည် အတွင်းသဏ္ဌာန်အားဖြင့် ဝိုင်းဝန်းကြည့်ရှုနေသော ရွာအသိုင်းအဝိုင်း၏ ကဲ့ရဲ့ သင်္ဂြိုဟ် စကားတင်း ဆိုနေကြသော ဒဏ်ကို မခံချိမခံသာ ဖြစ်နေကြောင်း မှာကား ထင်ရှားနေ၏။ အဘယ်ကြောင့် ဆိုသော် သူ၏ ပါးရိုးနှစ်ဖက် အောက်ရှိ အသားများမှာ မာန်ထနေသော ဖားပြုပ်ကဲ့သို့ ဖောင်းပွလှုပ်ရှား၍ နေကာ ထူထပ် မည်းမှောင်နေသော မျက်ခုံးမွေးနှစ်ခု အကြားတွင် ချွေးသီးကြီးတလုံးက တွဲလောင်းခို၍ နေသောကြောင့်တည်း။
ဝေစုရသည့် မြေကွက်ပေါ်တွင် အိမ်သစ်ခွဲ၍ နေခဲ့သည့် အချိန်မှစ၍ ပရိုကိုဖေသည် ရွာထဲသို့ တခါတရံ မှသာ ရောက်လာလေ့ရှိသည်။ ရောင်းရေးဝယ်တာများ ကို စည်စည်ကားကား ပြုလုပ်ရသည့် ဈေးကဲ့သို့သော နေရာမျိုးတွင်ပင် ပရိုကိုဖေ ကို တွေ့ရခဲ၏။
ဒွန်မြစ်အနီးတွင် ထီးထီးကြီး တည်ရှိနေသော သူ့တဲ၌ သူသည် မယားဖြစ်သူနှင့်သာ နှစ်ယောက်တည်း လွတ်လွတ် ကင်းကင်း နေထိုင်ခဲ့၏။
ဤသို့ သီးခြား ကင်းလွတ်စွာ နေထိုင်ခဲ့သော ကြောင့်လည်း သူတို့ လင်မယား နှစ်ယောက်အကြောင်း နှင့် ပတ်သက်၍ တတာ့ရက်(စ)စ် ရွာထဲတွင် သတင်း အမျိုးမျိုး ပျံ့နှံ့စပြုခဲ့လေသည်။
မြက်ခင်းပြင်ကြီး ရှိရာသို့ သွားသောလမ်း အလွန်တွင် နွားကလေးများကို ကျောင်းရသော နွားကျောင်းသား လေးများက ပရိုကိုဖေတို့ လင်မယားနှစ်ယောက် အကြောင်းနှင့် ပတ်သက်၍ ဤသို့ပြောဆိုကြ၏။
တညနေ မှောင်ရီပျိုးစအချိန်တွင် ပရိုကိုဖေသည် မယားဖြစ်သူအား လက်နှစ်ဖက်ဖြင့် ချီပွေ့လျက် တာတာ တောင်ကုန်း ရှိရာသို့ ခေါ်ဆောင်သွားကြောင်း၊ တောင်ကုန်းထိပ်တွင် ရှိသော အပေါက်အပေါက်များ ရှိသည့် ကျောက်တုံး ကြီးကို နောက်မှီလျက် ပရိုကိုဖေက သူ့မိန်းမကို နေစေကြောင်း၊ သူက သူ့မိန်းမအနီးတွင် ထိုင်ကာ နှစ်ဦးသား ကွင်းပြင်ကြီးကို ဖြတ်ကျော်လျက် အဝေးသို့ ငေးစိုက်မျှော်ကြည့် နေတတ်ကြောင်း၊ အနောက်ဘက်တွင် နေရောင်ခြည် များ စုံးစုံးမြုပ် ပျောက်ကွယ် သွားသည်အထိ စိုက်၍ ကြည့်နေကြပြီးနောက် ပရိုကိုဖေ သည် မိန်းမဖြစ်သူ အား သူ့ကုတ်အင်္ကျီဖြင့် ထွေးပတ်လျက် အိမ်သို့ ချီပွေ့၍ ခေါ်ယူလာတတ်ကြောင်း။
နွားကျောင်းသားများထံမှ ကြားရသော စကားကြောင့် ရွာသူရွာသားများက ပရိုကိုဖေတို့လင်မယား နှစ်ယောက် အကြောင်း ကိုသာ ထူးဆန်းသည့် အကြောင်း အရာကြီးတခု လုပ်၍ ပြောဆိုလာကြ၏။ တာတာတောင်ကုန်း ဆိုသည်မှာ ရုရှားပြည်သို့ ဝင်ရောက် တိုက်ခိုက်သော တာတာလူမျိုးများအား ကော့ဆက် အမျိုးသားများက တိုက်ခိုက်သုတ်သင် ပြီးနောက် အလောင်းများကို မြှုပ်နှံထားသော သင်္ချိုင်းမြေနေရာ ဖြစ်သည်ဟု ဘိုးစဉ်ဘောင်ဆက် ပြောခဲ့ကြသော စကား အစဉ်အလာ ရှိ၏။ ဤသို့သောနေရာကိုမှ ရွေး၍ သွားပြီးနောက် မိုးကြီးစုပ်စုပ်ချုပ်သည် အထိ ကွင်းပြင်ကြီး ကို ဖြတ်လျက် နှစ်ဦးသား ငေးစိုက်၍ ကြည့်နေသည်ဟု ဆိုခြင်းမှာ ထူးဆန်းသော အကြောင်းအချက် ဖြစ်နေ လေသည်။
တစ်ရွာလုံးမှာ ပရိုကိုဖေတို့လင်မယား၏ ထူးဆန်းသော အပြုအမူကိုသာ အကြောင်းခံလျက် တောရမ်းမယ်ဖွဲ့ ပြောဆို နေကြခြင်းဖြင့်သာ အချိန်ကုန်နေရလေသည်။
တောရမ်းမယ်ဖွဲ့ အတင်းအဖျင်းပြောသူများအနက် မိန်းမများမှာ အဆိုးဆုံးဖြစ်၏။ ပရိုကိုဖေတို့ လင်မယား နှစ်ယောက်အကြောင်းကို အတင်းအဖျင်း ပြောရလွန်းသဖြင့် သန်းရှာရန်ပင် အချိန်မရကြ။
ပရိုကိုဖေ၏ မိန်းမဖြစ်သူ တူရကီသူမနှင့် ပတ်သက်၍လည်း ထင်မြင်ချက် အမျိုးမျိုးထွက်လျက်ရှိ၏။
အချို့က ပရိုကိုဖေ၏ မိန်းမသည် အလွန်တရာ ချောမောလှသည်ဟု ဆိုကြသည်။ အချို့က ရုပ်ဆိုး အကျည်းတန် သည်ဟု ပြောကြသည်။ ဤသို့ အငြင်းထွက်လျက်ရှိစဉ် စစ်သားမယား တစ်ယောက်က ပရိုကိုဖေ၏ အိမ်သို့ ဝင့်ဝင့် စားစား သွားရောက်ပြီး ပရိုကိုဖေ၏ မိန်းမကို အကဲခတ်နိုင်ခဲ့သောကြောင့် အငြင်းပွားချက်မှာ ပြီးပြယ်၍သွားခဲ့ရ၏။
မာရုရ ဟုဆိုသော စစ်သားမယား တစ်ယောက်သည် ပရိုကိုဖေ၏အိမ်သို့ တဆေးလိုချင်သည် ဟူသော ပရိယာယ်ဖြင့် ဝင့်ဝင့်စားစား သွားရောက်ခဲ့၏။
ပရိုကိုဖေက အိမ်အောက်ရှိ စပျစ်ရည်လှောင်သည့် မြေတိုက်အတွင်းသို့ တွား၍ ဝင်သွားပြီးနောက် တဆေး များကို ယူနေသည့်အချိန်တွင် စစ်သားမယား မာရုရ မှာ ပရိုကိုဖေ၏ မိန်းမ တူရကီသူကို လေ့လာအကဲခတ်ခွင့် ရခဲ့ လေသည်။
ပရိုကိုဖေ၏တဲမှ တဆေးအချို့ကို ရယူလာနိုင်ခဲ့သော စစ်သားမယား မာရုရသည် ခဏအကြာ၌ တူရကီသူမ အကြောင်းကို ဝယ်ရင်းတိုင်းဖြင့် ပြန်၍ ဖောက်သည်ချနိုင်တော့သည်။
လမ်းကြားကလေးတခုထဲရှိ အိမ်တအိမ်တွင် စစ်သားမယား မာရုရက တူရကီသူ သုံ့ပန်းလက်ရ မိန်းမ အကြောင်းနှင့် ပတ်သက်၍ စကားဖောင်ဖောင် ဖြင့် ပြောဆိုနေလေသည်။
“ပရိုကိုဖေက…ဒီမိန်းမအပေါ်မှာ…ဘယ်လိုစွဲမက် စရာများတွေ့ခဲ့လို့လဲ မသိဘူး၊ တကယ့်ကို အကျည်းတန်တဲ့ မိန်းမ။ မွေးဖို့ နေ့စေ့လစေ့လောက်နီးနီး ဖြစ်နေပေမယ့် တူရကီမရဲ့ ဗိုက်က နည်းနည်းမှ မပူဘူး။ နကျယ်ကောင် လို ခါးကလေး သေးသေးကလေးပဲ။ အံ့ပါရဲ့တော်။ ကျုပ်တို့ရွာမှာ တူရကီမ ထက်သာတဲ့ မိန်းမတွေ ပြည့်လို့။ ဒီလို အကောင်မ မျိုး ကျုပ်တို့ ရွာထဲ ရောက်လာတာ ရွာနာသတော့။ မျက်လုံးကလေးတွေ ငယ်ပေမယ့် အရောင်ကတော့ တဖိတ်ဖိတ် ထွက်လို့။ မျက်တောင် ခတ်ပုံကလည်း စုန်းမကျနေတာပဲ။ နေ့စေ့ လစေ့ကြီး တော်ရေ့။ ဘုရားစူးရပါစေရဲ့”
“နေ့စေ့လစေ့ကြီးဖြစ်နေတာတောင် ဗိုက်က မပူဘူး ..ဟုတ်လား”
“ကျုပ်ကိုယ်တိုင် ကလေးသုံးယောက်မွေးဖူးတဲ့ ကောင်မ။ မသိဘဲနေပါ့မလား”
မိန်းမများက အံ့ဩစွာမေးလိုက်၏။
စစ်သားမယား မာရုရက ပြန်၍ အဖြေပေး၏။
“တူရကီမရဲ့ မျက်နှာကရော... ဘယ့်နှယ့်နေသလဲ... အေ့"
“မျက်နှာကလား …ညှိုးညှိုးငယ်ငယ်နဲ့ ဖျော့တော့ နေတာပေါ့အေ။ ကိုယ့်အရပ် ကိုယ့်ဒေသ မဟုတ်တဲ့ နေရာမှာ နေရတော့ ဘယ်လိုလုပ်ပြီး ပျော်နိုင်မှာလဲ။ ဒါထက်… တူရကီမက သူ့လင် ပရိုကိုဖေရဲ့ ဘောင်းဘီ ကို ဝတ်ထားသတော့”
“ဟယ်”
ဝိုင်း၍နားထောင်နေကြသော မိန်းမများက ပြိုင်တူလိုပင် “ဟယ်”လိုက်ကြ၏။
“နင်တို့က….ဟယ်မနေကြနဲ့။ ကျုပ်ကိုယ်တိုင် မြင်ခဲ့ရတာ။ သူ့လင် ဘောင်းဘီရှည်မှ အရှည် အစစ် တော့။ အစင်းတွေ မပါတာပဲ ထူးတယ်။ တူရကီမ ဝတ်နေတဲ့ ဘောင်းဘီရှည်ဟာ သူ့လင် နေ့တိုင်းဝတ်နေကျ ဘောင်းဘီရှည်ပဲ ဖြစ်ရမယ်။ ဝတ်စရာလည်း ဒါပဲ ရှိပုံရတယ်။ တူရကီမ ကိုယ်ပေါ်မှာ အတွင်းခံအင်္ကျီရှည်ပဲ ဝတ်ထားပြီး အောက်ပိုင်း မှာတော့ သူ့လင် ဘောင်းဘီကို ဝတ်ထားသတော့။ အဲဒီဘောင်းဘီရှည် အဖျားကို ခြေအိတ်တိုထဲမှာ လုံးထွေးပြီး သွင်းထား သတော့။ ဒါကိုမြင်လိုက်ရတော့ ကျုပ်တော့ ကြက်သေတောင် သေသွားမိတယ်”
ဤသို့ဖြင့် ပရိုကိုဖေ၏မိန်းမမှာ စုန်းမဖြစ်သည် ဟူသော တီးတိုးစကားသည် တရွာလုံးသို့ ပျံ့နှံ့သွားလေသည်။
ပရိုကိုဖေ၏မြေကွက်နှင့် တဆက်တည်း ရှိရာတွင် နေသော အက်စ်တာကော့ဗ် မိသားစုမှ ချွေးမတော်သူက ပရိုကိုဖေ၏ မိန်းမနှင့် ပတ်သက်၍ ဘုရားစူး မိုးကြိုးပစ်ခံကာ ဤသို့ပြောပြန်၏။
“ထရီနတီ ဘုရားသုံးဆူပွဲတော်1 ဒုတိယနေ့မှာ ပေါ့တော်... အရုဏ်မတက်ခင်အချိန်ပေါ့၊ ပရိုကိုဖေရဲ့ မိန်းမ- တူရကီမဟာ ဆံပင်ကို ဖားလျားဖြန့်၊ ခြေထောက် မှာလည်း ဖိနပ်မပါဘဲ ကျုပ်တို့ယောက္ခမကြီးရဲ့ နွားမ တစ်ကောင်ကို နို့ညှစ်နေတာ တွေ့ရတယ်တော့။ အဲဒီ အချိန်ကစပြီး နို့စားနွားမကြီးရဲ့ နို့အုံကြီးဟာ ကလေး လက်သီးဆုပ်လောက်အထိ ပိန်ချုံးသွားပြီး နို့လည်း လုံးလုံးမထွက်တော့ဘူး။ အဲဒီနွားမကြီးဟာ မကြာပါဘူး သေသွားပါရောလားရှင်”
အက်စတာကာ့ဗ်၏ ချွေးမက ဤသို့ပြောသည့်နှစ် တွင်ပင် တတာ့ရက်(စ်)ခ် ရွာရှိ ကျွဲနွားများမှာ မကြုံဖူးအောင် အတုံးအရုံး ကျွဲနာ နွားနာကျ၍ သေဆုံးသည် နှင့် ကြုံရလေသည်။
ဒွန်မြစ်အတွင်းရှိ သောင်များ ကမ်းစပ်များတွင် နွားသေကောင်၊ ကျွဲသေကောင်များမှာ နေ့စဉ်လိုပင် ပေါ်၍ နေသည်။
ကျွဲများ၊ နွားများ အတုံးအရုံးသေဆုံးပြီးနောက် မြင်းများ အနာကျ၍ သေဆုံးပြန်သည်။
ရွာရှိစားကျက်များတွင် အမြဲတမ်း လာရောက် ကျက်စားလေ့ရှိသော ကျွဲအုပ်၊ နွားအုပ်များမှာလည်း တစ်ကောင် တလေ မှ မကျန်အောင် အစပျောက်သွားကြသည်။
သို့ဖြင့် ရွာရှိ လမ်းကြီး လမ်းငယ် အသွယ်သွယ် တွင် ကောလာဟာလ သတင်းများ ပျံ့နှံ့၍နေတော့သည်။
ကော့ဆက် လူကြီးသူမများက ဦးစီးဦးဆောင်ပြုလျက် ရပ်ရွာအစည်းအဝေးတရပ် ခေါ်ဆောင်ကြသည်။ တရွာလုံး ရှိ ကျွဲများ၊ နွားများ၊ မြင်းများ သေဆုံးရပုံကို တစ်ယောက်တပေါက် ပြောကြရင်း လက်သည် တရားခံကို ရှာကြသည်။ စောစောကပင် စုန်းမဟု အစွပ်စွဲခံနေရသော တူရကီသူမ ပေါ်သို့သာ လူတိုင်းက အပြစ်ဖို့လာကြ၏။ သို့ဖြင့် ရပ်ရွာလူကြီးများ သည် လက်သည်တရားခံကို အပြစ်ပေးရန်အတွက် ပရိုကိုဖေ၏ အိမ်ရှိရာသို့ ချီတက်၍ လာခဲ့ကြ တော့၏။ အိမ်ရှေ့သို့ စုရုံးရောက်ရှိလာသော ရပ်ရွာလူကြီးများအား လေးစားသည့်အနေဖြင့် ပရိုကိုဖေက တဲအိမ် အဝရှိ လှေကားထစ်များ အထိ ဆင်း၍လာပြီး ကိုင်းညွတ် အရိုအသေပြုရင်း …
“ဘယ်အကြောင်းများထူးလို့ ကြွရောက်လာပါ သလဲ” ဟု မေးမြန်းလိုက်၏။
လူအုပ်ကြီးက တစုံတရာ အဖြေမပေးကြဘဲ အိမ်ရှင်ပရိုကိုဖေ ရပ်လျက်ရှိသော လှေကားထစ် ရှိရာသို့ တိုး၍ လာကြ၏။
လူအုပ်ကြီးထဲမှ အရက်မူးနေသော အဘိုးကြီး တစ်ယောက်က..
“မင်းအိမ်က စုန်းမကို အပြင်ဆွဲထုတ်ခဲ့စမ်း။ သူ့ကို ကျုပ်တို့ စစ်ဆေးစရာ ရှိတယ်” ဟု အော်၍ ပြောလိုက်၏။
လှေကားထစ်ပေါ်တွင် ရပ်နေသော ပရိုကိုဖေက အိမ်အတွင်းဘက်သို့ လှည့်ဝင်ရန် ကြိုးစားလိုက်၏။ သို့ရာတွင် တဲအိမ် အဝင်ဝ၌ပင် သူ့ကို ဖမ်းမိသွားကြ၏။
လူအုပ်ကြီးထဲမှ သန်မာထွားကျိုင်းသော လူကြီးတစ်ယောက်က ပရိုကိုဖေ၏ ခေါင်းကို တဲအိမ်နံရံဖြင့် ကိုင်၍ ဆောင့်လိုက်ရင်း ကြိမ်းဝါးရင်း ပြောဆိုလိုက်၏။
“ပော့ကောင်...တိတ်တိတ်နေစမ်း၊ အသံမထွက်နဲ့။ နင့်ကို…တို့ ဘာမှမလုပ်ဘူး။ ဒါပေမဲ့ နင့်မိန်းမကိုတော့ … မြေကြီး ထဲမှာ မြုပ်ဝင်သွားအောင် ဖနောင့်နဲ့ ပေါက်ရလိမ့်မယ်။ ကျွဲတွေ၊ နွားတွေ မရှိလို့ တစ်ရွာလုံး ငတ်ပြီး သေရတာ ထက် နင့်မိန်းမကို သတ်ပစ်တာက ပိုကောင်းတယ်။ ဟေ့ … နည်းနည်းမှမလှုပ်နဲ့၊ အသံလည်း မထွက်နဲ့။ ပြောတဲ့အတိုင်း မလုပ်ရင်... နင့် ခေါင်းကို နံရံနဲ့ ဆောင့်ခွဲပစ်လိုက်မယ်”
ဤသို့ ကြုံးဝါးပြောဆိုလိုက်သူမှာ ရွာသူရွာသားများက လူရှီနီးယားဟု ပြောင်လှောင် ခေါ်ဝေါ်နေကြသော လူကြီးပင် ဖြစ်၏။
လူရှီနီးယား၏ စကားအဆုံးတွင် လှေကားများ ပေါ်သို့ ရောက်နေသော လူများထံမှ အသံတစ်သံ ပေါ်ထွက် လာ၏။
“ခွေးမကို အိမ်ရှေ့က ကွက်လပ်ထဲ ရောက်အောင် ဆွဲချပါတော့လား”
ပရိုကိုဖေနှင့် ရုရှား-တူရကီ စစ်ပွဲဖြစ်နေစဉ်က တစ်တပ်တည်း အတူနေခဲ့ဖူးသော ရဲဘော်ရဲဘက် တစ်ယောက် က တဲအိမ်အတွင်းသို့ ပြေးဝင်သွားပြီး ပရိုကိုဖေ၏ မိန်းမဖြစ်သူ တူရကီသူမအား ဆံပင်ကို လက်တဖက်ကဆွဲ၊ အော်ဟစ် နေသော ပါးစပ်ကို လက်တဖက်က ပိတ်ကာ တဲအိမ်အတွင်းမှ အပြင်ဘက်သို့ ရောက်သည်အထိ တရွတ်တိုက်၍ဆွဲ ယူလာပြီး တဲရှေ့ကွက်လပ်ပေါ်တွင် ချထားလိုက်၏။
လူအုပ်ကြီးက တူရကီသူမကို ညာသံပေး၍ ဖနောင့်များဖြင့် ပေါက်နေကြ၏။
ဆဲရေးရေရွတ်နေသော လူအုပ်ကြီး၏အသံဗလံ များအကြားမှ ငယ်သံပါအောင် အော်ဟစ်လိုက်သော မိန်းမသံ တစ်သံက စူးရှစွာပေါ်ထွက်လာလေသည်။
ပရိုကိုဖေသည် မိမိအား ဝိုင်းဝန်းချုပ်နှောင်ထား သောလူများအနက် ဒါစင်ဝက်ခန့်ရှိ ရွာသားများကို တွန်းထိုး ကန်ကျောက်၍ ပစ်လိုက်ပြီးနောက် တဲအိမ် အတွင်းဘက်သို့ဝင်ကာ မြင်းစီးစစ်သည်တော်များ ကိုင်ဆောင်လေ့ရှိသော ဓားလွတ်တချောင်းကို ကိုင်ဆွဲလျက် ပြန်ထွက်လာ၏။
စောစောက မင်းမူလျက်ရှိသော လူအုပ်ကြီးသည် တစ်ယောက်နှင့် တစ်ယောက် တိုးဝှေ့လျက် တဲအိမ်ဝမှ ထွက်ပြေး သွားကြ၏။
ထက်လှစွာသော ဓားလွတ်ကြီးကို တဝှီမြည်အောင် ဘယ်ညာသိုင်း၍ ခုတ်ရင်း ပရိုကိုဖေက လှေကားထက်မှ ပြေးဆင်းလာ၏။
လူအုပ်ကြီးသည် ကြောက်လန့်တုန်လှုပ်စွာဖြင့် တကွဲတပြားစီ ပြေး၍သွားကြလေသည်။
စောစောက ပရိုကိုဖေအား ခေါင်းကို တဲအိမ်နံရံ ဖြင့်ဆောင့်၍ ရိုက်ခွဲပစ်မည်ဟု ကြုံးဝါးခဲ့သော လူရှီနီးယား မှာ သန်မာဝဖြိုးသလောက် အသွားနှေးသူ ဖြစ်သည့်အလျောက် သူများတကာလို ခပ်ဝေးဝေးသို့ မရောက်နိုင်ဘဲ တလင်းပြင် အထိသာ ရောက်နေ၏။
လူရှီနီးယားအား လိုက်၍မီလာသော ပရိုကိုဖေ သည် နောက်မှနေ၍ လူရှီနီးယား၏ ဘယ်ဘက်ပခုံးကို လက်ထဲ တွင် ကိုင်ထားသော ဓားလွတ်ဖြင့် ခုတ်ချလိုက်၏။
ဓားသွားသည် ဘယ်ဘက်ပခုံးထိပ်မှ ခါးအထိနစ်မြုပ်၍ ဝင်သွားလေသည်။
ဤအခြင်းအရာကို တွေ့မြင်လိုက်ရသော လူအုပ်ကြီးသည် တလင်းပြင်ကို ကာထားသော ခြံစည်းရိုးကို အတင်း တိုးဝှေ့ဖြတ်ကျော်လျက် ကွင်းပြင်ကြီးရှိရာသို့ ထွက်ပြေးသွားကြလေသည်။
နာရီဝက်ခန့် အကြာလောက်တွင် ကွင်းပြင်ကြီးရှိရာ သို့ တကွဲတပြားစီ ထွက်ပြေးသွားကြသော လူများသည် ပရိုကိုဖေ၏ တဲအိမ်ရှိရာ အနီးတဝိုက်သို့ တစ တစ ချဉ်းကပ်၍ လာဝံ့ကြ၏။
တဲအိမ်အနီးသို့ ရောက်လာသောလူများအနက် အရပ်သားနှစ်ယောက်က တဲအိမ်အဝင်ဝ အထိ သတိကြီးစွာ ထား၍ ဝင်လာကြပြီး အရိပ်အခြည်ကို အကဲခတ် ကြည့်ကြ၏။
မီးဖိုချောင်သို့ ဝင်သည့် တံခါးခုံပေါ်တွင် သွေးအိုင် ထွန်း၍ လဲကျနေသော ပရိုကိုဖေ၏ မိန်းမကို မြင်ရ၏။
ခေါင်းက နောက်သို့လန်၍ကျနေ၏။ နှုတ်ခမ်း အစုံက အလွန်နာကျင်သော ဝေဒနာကြောင့် တွန့်လန် လျက်ရှိနေသည်။ နာကျင်စွာကိုက်၍ထားဟန်တူသော လျှာကလည်း အပြင်သို့ တိုးထွက်နေ၏။
ခေါင်းကို စိတ်ပျက်စွာ ခါယမ်းလျက်ရှိသော ပရိုကိုဖေက ဆိတ်သားရေဖြင့် ထုပ်ထားသော နီနီ တွတ်တွတ် လုံးလုံး ကလေးတခုကို စူးစိုက်၍ ကြည့်နေလေသည်။
မွေးနေ့မစေ့မီ မွေးဖွား၍လာခဲ့သော မွေးကင်းစ ကလေးတစ်ဦးက ဆိတ်သားရေအတွင်းတွင် ရှိနေလေသည်။
ပရိုကိုဖေ၏ မိန်းမသည် ထိုနေ့ညနေတွင် သေဆုံး သွားခဲ့လေသည်။ ပရိုကိုဖေ၏ မိခင်ဖြစ်သူက ကလေးကို သနားသဖြင့် လာရောက်ယူငင်ကာ မွေးစားထားခဲ့၏။ မွေးကင်းစ ကလေးငယ်ကို ဂျုံစေ့အခွံကို ပြုတ်ထားသော အရည် များဖြင့် သုတ်လိမ်းပေးကာ မြင်းနို့ကိုတိုက်၍ မွေးမြူခဲ့ရာ တစ်လသားအရွယ်၌ ကလေးမှာ ကျန်းကျန်းမာမာနှင့် ညိုညို တုတ်တုတ် ရှိလာသောကြောင့် သေနိုင်တော့မည် မဟုတ်ဟု စိတ်ချပြီး ဘုန်းကြီးကျောင်းကို ခေါ်သွားကာ ကင်ပွန်းတပ် ပေးခဲ့လေသည်။
တူရကီနှင့်တူပြီး သားယောက်ျားကလေး ဖြစ်သောကြောင့် အဘိုး၏ နာမည်ဖြစ်သော ပင်တာလီမွန် ကိုပင် ဘုန်းတော်ကြီးက မှည့်ခေါ်စေခဲ့၏။
ပရိုကိုဖေသည် လူရှီနီးယားအား သတ်မှုဖြင့် ဆယ်နှစ်တိုင်တိုင် ထောင်ကျသွားပြီးနောက် တာတာ့ရက်(စ)ခ် ရွာသို့ ပြန်လည်ရောက်ရှိလာခဲ့၏။
အဖြူရောင်များ ရောစွက်နေသော မုတ်ဆိတ်မွေး နီနီကို တိုအောင် ကိုက်ဖြတ်ထားသောကြောင့် လည်းကောင်း၊ ရုရှားအမျိုးသားများ ဝတ်ဆင်လေ့ရှိသော အဝတ်အစားကို ဝတ်စားထားသောကြောင့် လည်းကောင်း ထောင်မှ ပြန်လည် ရောက်ရှိလာသော ပရိုကိုဖေ မှာ ကော့ဆက်တစ်ယောက်နှင့် မတူတော့။
သူသည် ဆယ်နှစ်အရွယ်ရှိသော သားငယ်ကို အဘွားအိမ်မှ ခေါ်ယူပြီးနောက် သူ့တဲအိမ် ရှိရာသို့ လာကာ ခါတိုင်းလုပ်နေကျ အလုပ်ကိုပင် လုပ်၍ နေထိုင်ခဲ့လေသည်။
ပင်တာလီမွန် ကလေးမှာ ညိုညိုမည်းမည်း ကြမ်းကြမ်းတမ်းတမ်းပင် ကြီးပြင်းလာခဲ့၏။ ဆိုဆုံးမ၍ မရနိုင် အောင်လည်း စရိုက်ကြမ်းနေလေသည်။ မျက်နှာ နှင့် ကိုယ်ပုံလက်ပုံမှာ သူ့အမေနှင့် တထေရာတည်း ဖြစ်သည်။ အရွယ်သို့ ရောက်လာသော သားဖြစ်သူအား ဖခင်ဖြစ်သူက အိမ်အနီးအနားမှ ကော့ဆက်အမျိုးသမီး တစ်ယောက်နှင့် အိမ်ထောင်ချ ပေးလိုက်လေသည်။
ဤအချိန် ဤအခါမှစ၍ တူရကီသွေးသည် ကော့ဆက်သွေးနှင့် စတင် ရောနှောခဲ့ပါသတည်း။ လင်းယုန်နှုတ်သီး ကဲ့သို့ ကောက်သောနှာခေါင်း၊ လူရိုင်း ဆန်ဆန်လှသော ဥပဓိရုပ်ရှိသော မီလက်ကော့ဗ် ကော့ဆက်မိသားစုသည် တတာ့ရက်(စ)ခ် ရွာတွင် “တူရကီ” ဟူသော ပြောင်လှောင်ခေါ်ဝေါ်ခြင်း ခံရသည့် အမည်ဖြင့် ပေါ်ပေါက်လာခဲ့ပုံ ဇာတ်လမ်းစုံပင် ဖြစ်ပါသတည်း။
ဖခင်ဖြစ်သူ သေဆုံးသွားသောအခါ ပင်တာလီမွန် သည် ဖခင်၏ လက်ငုတ်လက်ရင်း ဖြစ်သော လယ်ယာ ခြံမြေနှင့် မွေးမြူခြင်းအလုပ်ကိုပင် ဆက်၍လုပ်ကိုင်ခဲ့၏။
တဲအိမ်ကို အမိုးသစ်များ ပြန်၍မိုးသည်။ လက်ရှိ လယ်ယာခြံမြေတွင် နောက်ထပ်တစ်ဧကအထိ တိုးချဲ့ လုပ်ကိုင်သည်။ ပြောင်း၊ ပဲ စသော သီးနှံများကို များများစားစား သိုလှောင်ထားနိုင်ရန် အတွက် စည်များ၊ ပုတ်များ ထပ်၍ လုပ်သည်။ ဂျုံများကို များများစားစား သိုလှောင်ထားနိုင်ရန်အတွက်လည်း ကျီတစ်ခုကို သံဖြူမိုး၍ ဆောက်သည်။ ကြွင်းကျန်နေသော သံဖြူအစအန များမှနေ၍ ကြက်ဖရုပ် နှစ်ရုပ်ကို သံဖြူဆရာအား ပြုလုပ်စေပြီး ကျီခေါင်မိုးပေါ်တွင် တပ်ဆင်ထားစေသည်။ သို့ဖြင့် ပင်တာလီမွန် မီလက်ကော့ဗ်၏ လယ်ယာခြံမြေ ဥယျာဉ်မှာ ကြက်ဖနှစ်ကောင်၏ တပြောင်ပြောင် တောက်သောအရောင်ကြောင့် ကြွယ်ဝချမ်းသာ အေးချမ်းသည့်အသွင်ကို ဆောင်နေလေသည်။
နှစ်ပေါင်း ကြာညောင်းလာ၍ လာခဲ့သည်နှင့်အမျှ ပင်တာလီမွန်မှာ အသက်ကြီး၍ လာခဲ့ပြီ ဖြစ်သော်လည်း ကျန်းမာသန်စွမ်းလျက်ပင် ရှိ၏။ ခန္ဓာကိုယ်က တုတ်တုတ်ခိုင်ခိုင် ရှိနေသည့်တိုင် ခပ်ကိုင်းကိုင်း ဖြစ်နေသည်ဟု ထင်ရ၏။ ငယ်ငယ်က အပြေးအလွှား ခုန်ကျော်၍ အသွားတွင် ပင်တာလီမွန်၏ ခြေတဖက်မှာ ကျိုးသွားခဲ့၏။ သို့ဖြစ်၍လည်း အသက်ကြီး လာသည့် အချိန်တွင် သန်မာတောင့်တင်းသည့် တိုင်အောင် ကိုယ်မှာ ခပ်ကိုင်းကိုင်း ဖြစ်နေသည်ဟု ထင်ရလေသည်။
ပင်တာလီမွန်၏ လက်ဝဲဘက်နားတွင် လခြမ်း ပုံသဏ္ဌာန်ရှိသော နားဆွဲတခုကို ဝတ်ဆင်ထား၏။ ဆံပင်နှင့် မုတ်ဆိတ်မွေးမှာ အသက်ကြီး လာသည့်အချိန်တွင်ပင် တောကျီးကန်းကဲ့သို့ မည်းနက်လျက် ရှိနေသေးသည်။ စိတ်ဆိုးလာသည့် အချိန်များတွင် သူ့ကိုယ်ကိုသူ မထိန်းနိုင်အောင်ပင် ဖြစ်တတ်၏။ ဤသို့ ဒေါသကြီး တတ်သောကြောင့် လည်း အလွန်ဝဖြိုးသော မယားဖြစ်သူ အီလီနစ်ချ်နာမှာ ငယ်ငယ်ရွယ်ရွယ်ဖြင့် အိုစာ၍သွားသည်ဟု ဆိုရမည်ဖြစ်၏။ ဝဝဖြိုးဖြိုး နှင့် တစ်ခါက အလှကျက်သရေ တိုး၍နေခဲ့သော အီလီနစ်ချ်နာ ၏ မျက်နှာမှာ ယခုအခါတွင် အရေးအကြောင်း များထကာ ပင့်ကူအိမ်ကဲ့သို့ ဖြစ်နေလေတော့သည်။
ပင်တာလီမွန်နှင့် အီလီနစ်ချ်နာတို့မှ ဖွားမြင်သော သားသမီးသုံးယောက်အနက် အိမ်ထောင်ကျနေပြီ ဖြစ်သော ပိုင်အိုတျာ မှာ အကြီးဆုံးသား ဖြစ်သည်။ မိခင်နှင့်တူသူ ဖြစ်၏။ ဝဝဖြိုးဖြိုး၊ တုတ်တုတ်ခိုင်ခိုင်၊ နှာခေါင်းပြားပြား၊ ဆံပင် ကောင်းကောင်း ပြောင်းဖူးရောင်၊ မျက်စိအစုံကမူ ဇော်ဂျီရောင်။
လူပျိုပေါက်အရွယ်သို့ ရောက်နေပြီဖြစ်သော သားငယ် ဂရီဂိုမှာ ဖခင်နှင့်တူသည်။
အစ်ကိုထက် ခြောက်နှစ်ခန့် ငယ်သော်လည်း ခေါင်းတစ်ခြမ်း ပို၍ မြင့်သည်။ ဖခင် ကဲ့သို့ပင် လင်းယုန် နှုတ်သီးနှင့် တူသော ကောက်သောနှာခေါင်း ရှိသည်။ အနည်းငယ်စွေသည် ဟုထင်ရသော မျက်စိပေါက်များ၌ သူငယ်အိမ် မှာ အလျှံတပြောင်ပြောင် တောက်နေပြီး မျက်စိတစုံလုံးမှာ အပြာဘက်သို့ လုနေသော ဗာဒံစေ့လုံး။ ပါးရိုးကြီးကြီး၊ အသားနီစပ်၏။
ဖခင်ဖြစ်သူတို့ကဲ့သို့ပင် ကိုယ်က ခပ်ကိုင်းကိုင်း၊ ပြုံးလိုက်သည့်အခါများ၌ပင် ထိုအပြုံးနှင့်ဆက်လျက် အမုန်းစိတ် များ ကိန်းအောင်းနေသည်ဟု ထင်ရ၏။ ဤအချက်တွင်လည်း ဂရီဂိုသည် ဖခင်ဖြစ်သူနှင့် ချွတ်စွပ်တူ နေပြန်လေသည်။
ဒူနီယာမှာ ဖခင်ဖြစ်သူ ပင်တာလီမွန်၏ အဆက်ခံ ပင်ဖြစ်၏။ ခြေတံ လက်တံ ရှည်ရှည်၊ မျက်စိ ကျယ်ကျယ် ဝိုင်းဝိုင်း ဖြင့် လှသော လုံမကလေးဖြစ်၏။
သားကြီး ပိုင်အိုတျာ၏ မယားဖြစ်သူ ဒါရီယာနှင့် သူတို့နှစ်ယောက်၏ ကလေးကိုပါ ပေါင်း၍ထည့်လိုက်လျှင် မီလက်ကော့ဗ် အိမ်သားစုမှာ လူစုံလက်စုံ ပြီးပြည့်စုံပြီ ဖြစ်တော့သည်။
· · ─ ·✶· ─ · ·
အခန်း [၂]
နံနက်စောစော ဖြစ်သည့်အလျောက် ကောင်းကင်ပြင်မှာ ပြာရောင်ပြေးနေ၏။ ပြာရောင်ကောင်းကင်တွင် ပင် ကြယ်ကလေးများကို ဟိုတပွင့် သည်တပွင့် တွေ့မြင်နေရသေး၏။
လောကတိမ်တိုက် တခု အောက်မှနေ၍ တိုက်ခတ်နေ၏။ ဒွန်မြစ်ပေါ်တွင် မြူများလိပ်ပတ်လျက် အုံဖွဲ့ နေရကြရင်း မြေဖြူရောင် တောင်ဆင်ခြေလျှော တခုပေါ်သို့ ထိုးဆင်းနေကြ၏။ ဤသို့ ထိုးဆင်းရင်းက ကျောက်ထရံ တခု အတွင်းသို့ ခေါင်းမပါသော မြွေဖြူကြီး တကောင်လို တွား၍ဝင်နေလေသည်။
လက်ဝဲဘက် ကမ်းတွင် ရှိသော သဲသောင်များ၊ ရေအိုင်များ၊ ကျောက်စရစ်ခဲများဖြင့် ပြည့်နှက်နေသော စည်းများ၊ သောင်တိမ်များနှင့် နှင်းခနေသော ပေါင်းပင်များမှာ အေးမြ၍ ကြည်နူးဖွယ်ကောင်းသော နံနက်ခင်း၏ အလှအပကြောင့် အသက်ဝင် လှုပ်ရှားနေသည်ဟု ထင်ရ၏။
မိုးကုပ်စက်ဝိုင်းတခုတွင် နေမင်းမှာ အိပ်ရာမှ နိုးကာ သမ်းဝေလျက်ရှိနေပြီဖြစ်သော်လည်း စက်ရာမှ ထခြင်းကား မရှိသေး။
မီလက်ကော့ဗ်အိမ်သားစုတွင် အိပ်ရာမှ ပထမ နိုးလာသူမှာ ပင်တာလီမွန် ဖြစ်၏။
ရှပ်အင်္ကျီမှ ကော်ကြယ်သီးကို တပ်ရင်း အိမ်ဝ လှေကားထစ်များမှ လျှောက်၍ထွက်လာခဲ့၏။
တဲအိမ်ရှေ့ကွက်လပ်တွင် ပေါက်နေသော မြက်ခင်းပေါ်၌ ငွေရောင်နှင်းများ ကပ်နေ၏။
ပင်တာလီမွန်သည် နွားခြံမှ နွားများကို လမ်းမပေါ် သို့ မောင်းထုတ်လိုက်၏။ ဤအချိန်တွင်ပင် ချွေးမဖြစ်သူ ဒါရီယာက အတွင်းခံ အဝတ်အစားများဖြင့်ပင် နို့စားနွားမများရှိရာသို့ နို့ညှစ်ရန် ပြေးသွားသည်ကို တွေ့ လိုက်ရ၏။
ဖြူဖွေးသော ချွေးမဖြစ်သူ၏ သလုံးသားများပေါ်တွင် နှင်းများ ကျရောက်လာသည်ကို လည်းကောင်း၊ ချွေးမ ဖြစ်သူ ဖြတ်၍ ပြေးသွားသောနေရာမှ နှင်းငွေ့များ တထောင်းထောင်း ထ၍ လာသည်ကို တွေ့လိုက်ရ၏။
ချွေးမဖြစ်သူ နင်း၍ သွားသောနေရာမှ မြက်များ ပြန်၍ ခေါင်းထောင်လာသည်ကို အတန်ကြာအောင် ကြည့်နေ ပြီးမှ ပင်တာလီမွန်က မီးဖိုချောင် ရှိရာသို့ ဝင်လာခဲ့၏။
ကျယ်ပြန့်သော ပြတင်းတံခါးခုံပေါ်တွင် ညှိုးနွမ်းနေသော ချယ်ရီပွင့်ချပ်များကို တွေ့ရ၏။ အိမ်ရှေ့ ဥယျာဉ်တွင် ချယ်ရီပန်းပင်များ ရှိနေသည်မဟုတ်လား။
ဂရီဂိုက ခုတင်ပေါ်တွင် မှောက်လျက်ကြီး အိပ်ပျော်နေပြီး လက်တဖက်ကို အပေါ်ဘက်သို့ မ,၍ တင်ထား၏။
“ဂရီဂို၊ ငါးမျှားဖို့ လိုက်မလား”
ပင်တာလီမွန်က သားဖြစ်သူကို ခေါ်လိုက်၏။ ဂရီဂိုက ခြေထောက်တဖက်ကို အိပ်ရာပေါ်မှ ချလိုက်ရင်း ... “ဘာလဲအဖေ” ဟု အသံတိုးတိုးဖြင့် မေးလိုက်၏။
“လှေတစင်းနဲ့ နေထွက်လာတဲ့အထိ ငါးမျှား ထွက်ကြရအောင်”
ဂရီဂိုက အသက်ကို ပြင်းပြင်းတချက် ရှူလိုက်ပြီး နေ့စဉ်ဝတ်နေကျ ဘောင်းဘီရှည်ကို တိုင်မှ ဖြုတ်ယူလိုက်ပြီး ကိုယ်တွင် စွပ်လိုက်၏။ ဘောင်းဘီအစ နှစ်ဖက်ကို မြေအိတ်အဖြူအတွင်းသို့ ထိုးသွင်းပြီး ဖိနပ်ကို ဖြည်းဖြည်းဝတ်နေ၏။
အတွင်းသို့ ဝင်ခေါက်၍နေသော ဖိနပ်လျှာကို ပြန်၍ ဆန့်ထုတ်ရင်း ...
“အမေကရော ငါးစာကို ကျိုထားရဲ့လား” ဟု အသံသြသြကြီးဖြင့် မေးလိုက်၏။
ဤသို့မေးနေရာမှ အဖေဖြစ်သူနောက်သို့ အိမ်ဝ ရောက်သည်အထိ လိုက်လာခဲ့၏။
“အေး … ကျိုပြီးပြီ၊ လှေကိုသွားတော့။ ငါ လိုက်လာခဲ့မယ်”
ပင်တာလီမွန်သည် သားဖြစ်သူအား ပြောလိုက် ပြီးနောက် ကျိုထားသော “ရိုင်”2 ကို လက်ကိုင်ပါသည့် အိုးတခု အတွင်းသို့ လောင်းထည့်နေ၏။ ကျိုထားသော “ရိုင်” မှာ အနံ့ပြင်းပြင်း ထွက်နေသည်။
ပင်တာလီမွန်သည် ကြမ်းပြင်သို့ ဖိတ်ကျသွားသော “ရိုင်” စေ့အချို့ကို လက်ဖြင့် ကောက်ယူပြီးနောက် မြစ်ဆိပ် သို့ ထော့နဲ့ ထော့နဲ့ဖြင့် ဆင်းလာခဲ့၏။
ပရီဂိုသည် လှေပေါ်တွင် မှိန်း၍ထိုင်နေလေသည်။
“ဘယ်ကိုသွားမလဲ အဖေ”
“ကျောက်ဆောင် မည်းမည်းကြီး ရှိတဲ့ နေရာကိုပေါ့။ အဲ့ဒီ ကျောက်ဆောင်နားမှာ သစ်တုံးကြီးတတုံး ရှိတယ် မဟုတ်လား။ တနေ့တုန်းက အဲဒီသစ်တုံးတဝိုက်မှာ ငါးတွေ အောင်းနေတာ တွေ့ရတယ်”
ဂရီဂိုက လှေပဲ့ပိုင်းကို သဲသောင်ရေစပ်မှ တက်မဖြင့် ထောက်၍ တွန်းချလိုက်သည်နှင့် တပြိုင်နက် လှေသည် ကမ်းစပ်မှ ရေလယ်ရှိရာဘက်သို့ ရေစီးဖြင့် တလူးလူး တလိမ့်လိမ့် ပါသွားလေသည်။
ဂရီဂိုက လှေကို မလှော်ဘဲ ပဲ့သာကိုင်ပေးနေ လေသည်။
“ဘာဖြစ်လို့မလှော်တာလဲဟေ့ ….”
“ရေလယ်ကို ရေစီးနဲ့ရောက်သွားမှာပဲ အဖေ”
လှေသည် လျင်မြန်စွာစီးဆင်းနေသော မြစ်လယ်မှ ရေစီးကြောင်းကို ဖြတ်လျက် လက်ဝဲဘက်လမ်းရှိရာသို့ ရွေ့လျား နေလေသည်။
ရေစီးသံနှင့် လှိုင်းရိုက်သံများအကြားမှနေ၍ ရွာထဲမှ ကြက်များတွန်သံကို ကြားရသည်။
မိုးထိအောင် မြင့်တက်နေသည်ဟု ထင်ရသော ကျောက်ဆောင်နားသို့ လှေက ချဉ်းကပ်လာပြီး ကျောက်ဆောင် အောက်ဘက်တွင် ရှိသော ရေအိုင်တွင်း သို့ ရောက်လာ၏။
လက်ဝဲဘက်ကမ်းခြေနှင့် ပေလေးဆယ်လောက် အကွာတွင် ရှည်လျားတုတ်ခိုင်သော သစ်တုံးကြီးမှ အခေါက်များ ကွာနေသော သစ်ကိုင်းများသည် ရေ မျက်နှာပြင်ပေါ်တွင် ပေါ်နေလေသည်။
ရေအောက်တွင် နစ်မြုပ်နေသော သစ်တုံးကြီး တဝိုက်တွင် ရေပွက်များ၊ ဝဲဂယက်များ အဆက်မပြတ် ထွက်ပေါ် နေလေသည်။
“လှေကို ကြိုးခိုင်အောင် ချည်နေတုန်း နင်က ငါးမျှားကြိုးကို ငါးပွက်တဲ့နေရာမှာ ချပေးထားစမ်း”
ဖခင်ဖြစ်သူ ပင်တာလီမွန်က ဂရီဂိုအား လေသံဖြင့် ပြောလိုက်ပြီးနောက် အငွေ့တထောင်းထောင်း ထွက်နေသော လက်ကိုင်ပါသည့် အိုးထဲသို့ မိမိလက် ကို နှိုက်ရင်း ငါးစာအဖြစ် ယူလာသော “ရိုင်” စေ့များကို ဆယ်ယူနေ၏။
ကျိုထားသော “ရိုင်” စေ့များသည် ရေမျက်နှာပြင် ပေါ်တွင် ပြန့်ကျဲ၍ ကျသွားပြီး ကျသံကလည်း တစုံ တစ်ယောက် က တီးတိုးပြောလိုက်သလို ရွှတ်ခနဲ ပေါ်ထွက်လာသည်။
ဂရီဂိုက ပြုတ်ထားသဖြင့် ပွနေသော “ရိုင်” စေ့များ ကို ငါးမျှားချိတ်တွင် ချိတ်တပ်ရင်း ပြုံးနေမိလေသည်။
“ဒီနေရာတဝိုက်မှာ ငါးကြီးတွေရော ငါးကလေး တွေပါ အောင်းနေတယ်ဟေ့ ..”
ပင်တာလီမွန်က စကားဆိုလိုက်၏။
ငါးမျှားကြိုးသည် ရေပြင်ပေါ်တွင် အခွေလိုက် ကျနေရာမှ ရေအောက်သို့ တဖြည်းဖြည်းထိုးဆင်းသွား ကာ တင်း၍ လာသည်။ ပြီးမှ ပြန်လျော့လာပြန်၏။
ဂရီဂိုက ငါးမျှားတံကို ခြေတဖက်ဖြင့် ထိန်းထားရင်း အိတ်ထဲမှ ဆေးနှင့် ဆေးလိပ်လိပ်ရန် ထည့်ထားသော စက္ကူအိတ်ကလေးကို ရှာကြည့်နေလေသည်။
“ဒီနေ့တော့ ဘာငါးမှ ရမှာ မဟုတ်ပါဘူး၊ လကလည်း ဆုတ်၊ ရေကလည်း ရေသေရက် မဟုတ်လား”
ဂရီဂိုက ထင်မြင်ချက်ပေးလိုက်၏။
“မီးခဲတွေနဲ့ ထင်းစတွေကို အိုးနဲ့ထည့်ပြီး ယူခဲ့ရဲ့လား”
“ယူခဲ့တယ်”
“ငါ့ကိုပေးစမ်း၊ မီးညှိရအောင်”
ပင်တာလီမွန်က စီးကရက်တလိပ်ကို စ၍ဖွာလိုက်ရင်း သစ်တုံးကြီးတဖက် ဟိုမှာဘက်ဆီတွင် ယခုတိုင် သောင်တင်လျက် ရှိသော နေမင်းကြီးအား စောင်းငဲ့ကြည့်လိုက်၏။
“ငါးက ဘယ်အချိန်မှာ ငါးမျှားချိတ်ကို လာပြီး ဟပ်မယ်ဆိုတာ ဘယ်သူ ပြောနိုင်မလဲ။ ရေသေရက် ဖြစ်ပေမယ့် ငါးက လာဟပ်တတ်တာပဲ”
လှေပတ်ဝန်းကျင်တွင် ရေပွက်သံများ ဆူညံစွာ ပေါ်ထွက်လာပြီးနောက် လေးပေခန့်ရှည်သော ငါးသိုင်းကြီး တကောင် က နီရဲလျက်ရှိသော ကြေးနီတုံးကို တူဖြင့် ထုရိုက်လိုက်ရာတွင် မီးပွင့်များ ပေါ်ထွက်လာသကဲ့သို့ ရေပြင် ပေါ်သို့ အမြီးကြီးနှစ်ခွကို တွန့်လိမ်ရင်း ညည်းညူသံကို ပြုလျက် ပေါ်ထွက်လာ၏။
ငါးသိုင်းကြီး၏ ရုန်းကန်လှုပ်ရှားမှုကြောင့် ငါးစာအဖြစ် ပြုတ်၍ယူခဲ့သော ရိုင်စေ့များသည် လှေပေါ်တွင် ပြန့်ကျဲ၍ နေလေသည်။
ရေစိုနေသော မုတ်ဆိတ်မွေးကို အင်္ကျီလက်ဖြင့် သုတ်ရင်း ပင်တာလီမွန်က…
“အရင်မလိုနဲ့၊ စောင့်နေဦး”
ဟု သားဖြစ်သူအား ညွှန်ကြားချက်ပေးလိုက်၏။
ရေထဲတွင် မြုပ်နေသော သစ်တုံးကြီးတဖက်ရှိ သစ်ခက်သစ်ကိုင်းများ အကြားမှ ငါးသိုင်းနှစ်ကောင်က ပြိုင်တူပင် ရေပြင်ပေါ်သို့ ခုန်တက်လာ၏။ တတိယမြောက် ငါးတစ်ကောင်က ပထမငါး နှစ်ကောင်ထက် ငယ်ပင် ငယ်သော်လည်း ရေပြင်ပေါ်သို့ တွန့်လိမ်၍ ပေါ်ထွက်လာကာ ကျောက်ဆောင်ခြေရင်းဘက်သို့ အတင်းရုန်းကန်၍ ပြန်ဝင်သွားသည်။
ဂရီဂိုက စိတ်မရှည်နိုင်ဘဲ စိုနေသော ငါးမျှားကြိုး အရင်းဘက်ကို တမြုံ့မြုံ့ဝါး၍ နေလေသည်။
နှင်းဖုံးနေသော နေမင်းက မိုးကုပ်စက်ဝိုင်းရှိရာမှ တဝက်တပျက် ပေါ်နေပြီ ဖြစ်၏။ ပင်တာလီမွန်သည် အိုးထဲတွင် ကျန်နေသော ငါးစာများကို ရေတွင် ဖြန့်ကြဲ၍ ချလိုက်ပြီးနောက် သူ့နှုတ်ခမ်းအစုံကို သုန်မှုန်စွာ ကိုက်ထား လိုက်ရင်း မလှုပ်မယှက် တည်ငြိမ်လျက် ရှိသော ငါးမျှားတံ အရင်းကိုသာ စိုက်၍ စောင့်ကြည့် နေလေသည်။
ဂရီဂိုက စီးကရက်တိုလေးကို နှုတ်ခမ်းနှစ်ခုအဖျား မှ ပစ်ထုတ်လိုက်ရင်း ရေစီးအရှိန်ဖြင့် လျင်မြန်စွာ မျောပါ သွားသော စီးကရက်တိုလေးကို ကြည့်ကာ မနက်အစောကြီး အချိန်မရှိအခါမရှိ သူ့အားနှိုးခဲ့သော အဖေဖြစ်သူကို စိတ်ထဲမှ နေ၍ အပြစ်တင်နေ၏။
ဗိုက်ထဲတွင် အစာမရှိသောအချိန်၌ ဆေးလိပ် သောက်လိုက်သည့်အတွက် ဂရီဂို၏ပါးစပ်မှာ ဝက်မွေးကို မီးလောင်သကဲ့သို့ အငွေ့များများ ထလာလေသည်။ ခြောက်သွေ့ပူလောင်နေသော နှုတ်ခမ်းဖျားကို သက်သာရာ ရစေရန် အတွက် ရေဖြင့်ဆွတ်မည်ဟု ကြံဆကာ မြစ်ထဲမှရေကို လက်ခုပ်ဖြင့် ကုန်း၍ခပ်ရန် ဟန်ပြင်နေစဉ် ငါးမျှားတံမှ ငါးမျှားကြိုး က ရေထဲတွင် ဟိုဘက် သည်ဘက်ယမ်း၍ တဖြည်းဖြည်း နစ်မြုပ်သွားသည်ကို သတိထားလိုက်မိ၏။
“အဲဒီအကောင်ကြီးကို... ရအောင်... ဆွဲစမ်း”
ပင်တာလီမွန်က လေသံဖြင့် ပြောလိုက်၏။ ဂရီဂိုသည် ငါးမျှားတံကို မြဲမြဲဆုပ်ကိုင်ထား လိုက်သည့်အချိန် တွင် ငါးမျှားတံက စက်ဝိုင်းခြမ်းသဏ္ဌာန်အထိ ကွေးကောက်၍သွားပြီး ကိုင်းတံအဖျားက ရေထဲသို့ စုပ်စုပ်မြုပ်၍ သွားသည်ကို တွေ့လိုက်ရ၏။
ပင်တာလီမွန်က လှေကို ကမ်းဘက်မှ ခွာထုတ်ရင်း ...
“မိအောင်ဆွဲထားစမ်း” ဟု လှမ်း၍ပြောလိုက်၏။ ရေထဲသို့ ကိုင်းညွှတ်၍ကျနေသော ကိုင်းတံ အဖျားကို အပေါ်သို့ မတင်ရန် ကြိုးစားခဲ့၏။ သို့ရာတွင် လေးပေခန့် ရှည်သော ငါးသိုင်းကြီးက ရေထဲတွင်ပင် ရှိနေပြီး ရုန်းကန်အား အလွန်ကောင်း နေသောကြောင့် ငါးမျှားကြိုးက ထောင်းခနဲပြတ်၍သွားသည်။
ဂရီဂိုသည် ခဏမျှ အံ့အားသင့်၍နေပြီးမှ လှေဝမ်းထဲသို့ ဖင်ထိုင်လျက် လဲကျသွား၏။
“ကဲ…သေပေတော့”
လှေနံပေါ်မှ လျှောခနဲကျသွားသော ကြိုးစကို လိုက်ဖမ်းသော်လည်း မမိလိုက်သော ပင်တာလီမွန်က ကျိန်ဆဲ လိုက်၏။
မခံချင်သော်လည်း ဂရီဂိုက ပြုံးလျက်ပင် ငါးများတံတွင် ကြိုးအသစ်တခု တပ်လိုက်ပြီး ငါးမျှားချိတ်ကို ရေထဲသို့ ပစ်ချလိုက်၏။
ငါးမျှားချိတ်သည် ရေထဲသို့ ရောက်မသွားမီပင် ငါးမျှားကိုင်းတံက ကွေးညွတ်၍လာလေသည်။
“ဒီကောင်ကြီးက…ဒီမှာပဲရှိနေတာကို”
ဂရီဂိုက ငါးမျှားချိတ်တွင် ရုန်းကန်လှုပ်ရှားနေသော ငါးသိုင်းကြီးကို ဖမ်းယူရန် ကြိုးစားရင်း ပြောလိုက်၏။ ငါးသိုင်းကြီးကမူ ရေလယ်ဘက်သို့ လွတ်မြောက်သွားနိုင်ရန် အတင်းရုန်းကန်လျက်ရှိနေ လေသည်။
ငါးမျှားကြိုးသည် ရေမျက်နှာပြင်ကို အသံကျယ်လောင်စွာ ဖောက်ခွင်းလျက် အပေါ်သို့ တက်လာ၏။ ငါးမျှားကြိုး နှင့်အတူ စောင်းတောင်းတောင်း စိမ်းတိမ်းတိမ်း အရာတခုကလည်း ခုန်ပေါက်လျက် တက်လာသည်။
ပင်တာလီမွန်က ပက်ခွက်မှ လက်ကိုင်ကို သန်မာတုတ်ခိုင်သော လက်ချောင်းများဖြင့် ဆုပ်ထားလိုက်သည်။
ရွှေရောင်နှင့် ပတ္တမြားရောင် ရောစပ်လျက်ရှိသော ငါးသိုင်းကြီးသည် ရေမျက်နှာပြင်ပေါ်သို့ ပေါ်ထွက် လာပြီး နောက် ရေမျက်နှာပြင်တွင် ရေပွက်များ ထစေကာ နက်ရှိုင်းသော မြစ်အတွင်းသို့ ပြန်၍ ထိုးဝင်သွား ခဲ့လေသည်။
“ငါးကြီးကို ရိုက်ချစမ်းပါ ၊ နေဦး ... နေဦး စောင့်နေဦး”
ဂရီဂိုက ဖခင်ဖြစ်သူအား အော်၍ပြောလိုက်၏။
“မလွတ်စေနဲ့၊ မြဲမြဲဆွဲထား”
ဖခင်ဖြစ်သူ ပင်တာလီမွန်က အော်ဟစ်လိုက်၏။
“ခုအထိဆွဲထားတုန်းပဲ”
“ဒီကောင်ကြီး … လှေအောက်ထဲ ရောက်မသွားစေနဲ့”
ဂရီဂိုက အသက်ကို မှန်မှန်ရှူလိုက်ပြီး ငါးသိုင်းကြီးကို လှေနားအထိ ဖြည်းဖြည်းချင်းဆွဲယူနေသည်။ ဖခင်ဖြစ်သူ ပင်တာလီမွန်က လှေနံအနီးသို့ ချဉ်းကပ် လာသော ငါးသိုင်းကြီးကို ဖမ်းယူနိုင်ရန်အတွက် ပက်ခွက်ဖြင့် လှမ်း၍ ဆယ်ယူ လိုက်၏။ သို့သော် ငါးသိုင်းကြီးက နောက်ဆုံးကျန်နေသော အားမာန်ဖြင့် ရေထဲသို့ ပြန်၍ငုပ်သွားပြန်သည်။
“ခေါင်းကို ဖော်ထုတ်လိုက်ပြီး … လေကလေး ရှူပါစေ၊ ဒီကောင်ကြီး ငြိမ်လာမှာပဲ”
ပင်တာလီမွန်က သားဖြစ်သူအား အကြံပေးလိုက်၏။
ဂရီဂိုသည် ခြေကုန်လက်ပန်းကျနေသော ငါးသိုင်းကြီးကို လှေရှိရာသို့ တဖြည်းဖြည်း ဆွဲ၍ယူလိုက်၏။ ငါးသိုင်းကြီး က လှေနံရံကို အရှိန်ပြင်းပြင်းဖြင့် ဝင်၍ တိုးလိုက်ပြီးနောက် ပသိကြီးကို ဖြဲ၍နေ၏။ လိမ္မော်ရောင်နှင့် ရွှေရောင် ရှိသော ငါးသိုင်းကြီး၏ ဆူးတောင်များက တဖျပ်ဖျပ် ခတ်လျက် ရှိလေသည်။
ပင်တာလီမွန်က လေးပေခန့်ရှိသော ငါးသိုင်းကြီးကို ပက်ခွက်ဖြင့် မ,တင်ရင်း ...
“ဒါကတော့ … တို့ရဲ့ အောင်ပွဲပဲ”ဟု ဆိုလိုက်သည်။
ဂရီဂိုနှင့် ဖခင်ဖြစ်သူသည် သစ်တုံးကြီးတစ်ဝိုက်တွင် နောက်ထပ် နာရီဝက်ကြာသည်အထိ ငါးမျှား၍ နေသော် လည်း နောက်ထပ် ငါးတစ်ကောင်မှမရတော့ …
“ငါးမျှားကြိုးကို လိပ်ပြီးတင်လိုက်စမ်း။ ဒီနေ့တော့ နောက်ထပ် ငါး တစ်ကောင်မှ တက်လာမှာ မဟုတ်တော့ဘူး”
ဖခင်ဖြစ်သူက အမိန့်ပေးလိုက်သဖြင့် ဂရီဂိုသည် ငါးမျှားကြိုးကို လိပ်တင်ကာ ရောက်ရှိလာသည့်နေရာမှ လှေကို ခွာ၍ ထွက်လာခဲ့၏။
လှေကိုလှော်ခတ်ရင်း ဖခင်ဖြစ်သူက မိမိအား တစုံတခု ပြောကြားလိုသည့် အမူအရာ ရှိသည်ဟု ဂရီဂိုက တွက်ချက် မိသည်။ သို့သော် ဖခင်ဖြစ်သူ ပင်တာလီမွန်က တောင်အောက်ဘက်တွင်ရှိသော ပြန့်ကျဲလျက် ရှိနေသည့် တဲအိမ်များကို ငေးစိုက်ကြည့်ရှုရင်း တိတ်ဆိတ်စွာ လှေပေါ်တွင် ထိုင်၍လိုက်ပါခဲ့၏။
ဖခင်ဖြစ်သူ ပင်တာလီမွန်သည် သူ့ခြေရင်းတွင် နေသော ဂုံနီအိတ်မှ လက်ကိုင်ကို ဆွဲရင်း မရေမရာ မသေချာ သော အမူအရာဖြင့် စကား စ၍ဆိုလိုက်၏။
“ဒီမှာ…ဂရီဂို နင်နဲ့ တို့အိမ်နားက စတီပင်ရဲ့ မယား အက်စီနီယာဟာ ဘာလိုလို ဆိုတာ ငါ သိရတယ်”
ဂရီဂိုက ရှက်သွေးမွှန်ထူသွားပြီး မျက်နှာကို တဖက်သို့ လှည့်ထားလိုက်၏။ ရှပ်အင်္ကျီကော်လာက ကြွက်သား ဖြိုင်းဖြိုင်း ထနေသော နေပူလောင်သဖြင့် နီညိုနေသော ဂရီဂို၏ လည်ပင်းမှ အသားများကို အဖြူစင်းများ ထင်စေသည် အထိ ဂရီဂိုက သူ့ခေါင်းကို လှည့်လိုက်ခြင်းဖြစ်၏။
“လူကလေး စတီပင်က တို့ရဲ့ အိမ်နီးနားချင်း မဟုတ်လား။ အိမ်နီးနားချင်းရဲ့ မိန်းမကို မစော်ကားရဘူး။ စော်ကားရင် လည်း ငါက မခံဘူး။ သတိထားစမ်းပါ။ ဒီကိစ္စမျိုးဟာ နောက်ကျရင် ပိုပြီး ဆိုးလာတတ်တယ်။ ဒါကြောင့် စောစောကပဲ နင့်ကို သတိပေးထားတာ။ စတီပင်ရဲ့ မယားဆီကို သွားတာတွေ့ရင် နင့်ကို အသားနီလန်အောင် ကြာပွတ်နဲ့ ရိုက်မှာပဲ”
ပင်တာလီမွန်က သူ့လက်ချောင်းများကို ချိုးရင်း ရှက်သွေးတဖြန်းဖြန်း တက်နေသော သားဖြစ်သူ၏ မျက်နှာကို ငေးစိုက်၍ ကြည့်နေလေသည်။
“မဟုတ်တာတွေ ပြောကြတာပါ အဖေ”
ဂရီဂိုက ဖခင်ဖြစ်သူအား ပြန်၍ဟောက်လိုက်ရင်း ဖခင်ဖြစ်သူ၏ မျက်နှာကို စူးစိုက်၍ ကြည့်လိုက်၏။
“တိတ်စမ်း”
“လူတွေက ပြောတော့ရော ဘာဖြစ်သလဲ”
ဂရီဂိုက စောဒကတက်နေပြန်သည်။
“ဟေ့ကောင်...တိတ်တိတ်နေစမ်း ခွေးမသား”
ဂရီဂိုက တခွန်းမှ ပြန်၍မပြောတော့ဘဲ လှေကို သာ ကျုံး၍လှော်နေ၏။
လှေက ရှေ့သို့တက်၍လာသည်နှင့်အမျှ နောက် ဘက်တွင် ရေပွက်ကလေးများက လှိုင်းထ၍ ကျန်နေရစ်ခဲ့ လေသည်။
လက်ယာဘက် ကမ်းစပ်သို့ နီးကပ်လာသည့် အချိန်အထိ နှစ်ယောက်စလုံး ရေငုံနှုတ်ပိတ် နေခဲ့ကြ၏။ ကမ်းစပ် နှင့် ပို၍နီးလာသည့်အချိန်တွင် ဖခင် ဖြစ်သူက ဂရီဂိုအား ထပ်၍သတိပေးနေလေသည်။
“သတိထားပြီးနေစမ်း၊ ငါပြောတာကို မမေ့နဲ့၊ မေ့သွားရင် နင်တို့ အမြီးနှန့်ပြီးနေတာကို ငါက ရိုက်ပစ်ရလိမ့်မယ်။ ခြံဝင်းအတွင်းက ခြေတလှမ်းမှ မထွက်ရအောင် ငါက စည်းကမ်း သတ်မှတ်ထားလိမ့်မယ်”
ဖခင်ဖြစ်သူ၏ စကားကို ဂရီဂိုက မည်သို့မှ တုံ့ပြန်ခြင်းမပြုဘဲ တုံဏှိဘာဝေ တိတ်ဆိတ်နေခဲ့၏။
ကမ်းသို့ လှေဆိုက်တော့မှပင်…။
“ငါးကို အိမ်ကိုပဲ ပို့လိုက်ရမလား”
ဟု မေးလိုက်၏။
“မပို့နဲ့၊ မိုကော့ဆီမှာ သွားပြီးရောင်းချေ။ ဆေးရွက်ဝယ်ဖို့ ပိုက်ဆံရတာပေါ့”
ပင်တာလီမွန်က ယခုမှ လေအေးဖြင့် ပြောလိုက်၏။
ဂရီဂိုက ငါးကိုထမ်းရင်း ရှေ့မှသွားနေသော ဖခင် အား မကျေမချမ်းနိုင်သည့်မျက်နှာဖြင့် နှုတ်ခမ်းကို
ကိုက်လျက် လိုက်၍ကြည့်ကာ…
“စမ်းကြည့်စမ်းပါလား၊ အဖေက ဘယ်လိုပဲ တားတား ကျွန်တော်တော့ သွားဖြစ်အောင် သွားမှာပဲ၊ ခြေထောက် နှစ်ဖက်ကို ချည်ထားတဲ့တိုင်အောင် ဒီနေ့ညတောင် သူ့ဆီကို သွားလိုက်ဦးမယ်” ဟု စိတ်ထဲမှ ရေရွတ်ပြောဆို နေလေသည်။
(ခ)
ခြံဝင်းဝသို့ရောက်သောအခါ သူငယ်ချင်းဖြစ်သူ မစ်ကာကို သွား၍တွေ့ရ၏။
လမ်းလျှောက်လာသော မစ်ကာသည် ငွေစီထားသော ခါးပတ်ကြိုးကို ကိုင်လျက် ဝှေ့ယမ်း၍ ကစားနေ၏။ ဝိုင်းစက် ၍ အဝါရောင်ရှိသော မျက်စိများက သူ၏ ကျဉ်းသော မျက်လုံးအိမ်များ အတွင်းတွင် အဆီဝေ့လျက် ထွန်းတောက် နေကြ၏။ မစ်ကာ၏ မျက်လုံးမှ သူငယ်အိမ်များမှာ ကြောင်တကောင်၏ သူငယ်အိမ်များကဲ့သို့ ရှည်လျား လျက် ရှိပြီး မစ်ကာအား ဂနာမငြိမ်သောမျက်နှာမျိုးကို ဖန်တီးပေးနေ၏။
“ငါးကြီးကိုထမ်းပြီး ဘယ်လမ်းကိုသွားမလဲဟေ့” မစ်ကာက ဂရီဂိုအား မေးလိုက်သည်။
“ကုန်သည်ကြီး မိုကော့အိမ်ကို သွားပြီး ရောင်းမလို့၊ ဒီနေ့ပဲ...ဒီငါးကြီးကို ရလာတယ်”
မစ်ကာက ငါးကြီးကို တချက်မျှ လှည့်၍ကြည့် လိုက်ပြီး အလေးချိန် မည်မျှရှိမည်ကို စိတ်ထဲမှ တွက်လိုက်၏။
“ဆယ့်ငါးပေါင်3 လောက်တော့ ရှိမှာပဲ”
“ဆယ့်ငါးပေါင်နဲ့တဝက်ရှိတယ်၊ ချိန်ကြည့်ပြီးပြီ”
“ငါ့ကိုပါ ခေါ်သွားပါလား။ ငါလည်း မင်း အတွက် ကူပြီးရောင်းပေးမှာပေါ့”
“လိုက်ခဲ့လေ…”
“ကူပြီးရောင်းပေးလို့ မင်းက ငါ့ကို ဘယ်လောက် ပေးမှာလဲ”
“ပူမနေစမ်းပါနဲ့ကွာ … မင်းနဲ့ ငါနဲ့က ပိုက်ဆံ အကြောင်း ပြောရမယ့် သူငယ်ချင်းတွေ မဟုတ်ပါဘူး”
ဂရီဂိုက ရယ်၍ပြောလိုက်လေသည်။
ဘုရားဝတ်ပြု စည်းဝေးပွဲမှာ ပြီးဆုံးစဖြစ်သည့် အလျောက် ဘုရားရှိခိုးကျောင်းမှ ပြန်လာကြသော ရွာသူရွာသား များမှာ လမ်းများပေါ်တွင် ပြန့်ကျဲလျက် သွားလာနေကြလေသည်။
ရှာမီဟု ပြောင်လှောင်ခေါ်ဝေါ်ခြင်း ခံရသော ညီအစ်ကိုသုံးယောက်က တစ်ယောက်နှင့်တစ်ယောက် ရင်ပေါင် တန်းလျက် လမ်းတလမ်းကို ခွကာ လျှောက်လာကြသည်။
လက်တဖက် ပြတ်နေသော အလက်ဇီမှာ ညီအစ်ကို သုံးယောက်အနက် အကြီးဆုံးဖြစ်၏။ သူသည် ညီနှစ်ယောက် အလယ်မှ နေ၍ လိုက်ပါလာသည်။ စစ်ကိုယ်ကျပ် အင်္ကျီမှ ကော်လံနှစ်ဖက်က တင်းကျပ်၍ နေသည့် အလျောက် အလက်ဇီ၏ လည်ပင်းနှင့် ခေါင်းမှာ ပလွှားစွာ ထောင်လျက် ရှိနေလေသည်။ ချွန်၍ အမွေးပါးသော မုတ်ဆိတ်မွေး ချွန်ချွန်လေးက မေးအောက်တွင် တိတိမနေဘဲ ရန်စ,သည့် အနေဖြင့် တဖက်တချက်သို့ တွန့်လိမ်၍ ထွက်နေ၏။ လက်ဝဲဘက် မျက်စိက ဂနာမငြိမ်နိုင်ဘဲ ပုတ်ခတ် ပုတ်ခတ် ဖြင့် ရှိနေလေသည်။
နှစ်ပေါင်း အတော်ကြာက သေနတ်ပစ်လေ့ကျင့် ပွဲတွင် လက်ထဲ၌ ကိုင်ထားသော ကာဘိုင်မှ အမှတ်မဲ့ ကျည်ဆန်ထွက်၍ သွားခဲ့သဖြင့် ပျံတက်လာသော ကျည်ဆန်တစ်တောင့်က အလက်ဇီ၏ ပါးပြင်ကို ထွန်ရေးကြောင်း အဖြစ် ဖြတ်သွားခဲ့၏။ ဤအချိန်အခါမှ စ၍ သူ၏ လက်ဝဲဘက်မှ မျက်စိမှာ တသက်လုံး ပုတ်ခတ် ပုတ်ခတ် ဖြစ်နေ တော့၏။ ပါးပြင်ကို ဖြတ်၍သွားသော ကျည်ဆန်ထွန်ရေးကြောင်း မှာလည်း သူ၏ နဖူးဆံစအထိ တံဆိပ်ခတ်ကာ ပေးသွား၏။
လက်ဝဲဘက် လက်မှာလည်း တံတောင်ဆစ်မှနေ၍ ပြုတ်ကျသွားခဲ့၏။ မည်သို့ပင်ဖြစ်စေ လက်တဖက်တည်း ရှိသော အလက်ဇီမှာ စီးကရက်လိပ်ရာတွင် အတော်ဆုံး ဖြစ်နေလေသည်။
ဆေးမျှင်နှင့် ဆေးလိပ်စက္ကူများ ထည့်ထားသော အိတ်ကလေးကို ရင်ဘတ်တွင် မှေးလျက်ကပ်ထားပြီး နောက် သင့်တော်သမျှသော ဆေးလိပ်စက္ကူကို သွားဖြင့် ကိုက်၍ ထုတ်ယူနိုင်ကာ အလုံးအတောင့် ဖြစ်အောင် လုပ်နိုင်ပြီး ဆေးမျှင်ကို လိုအပ်သလောက် ထည့်လျက် စီးကရက်တလိပ် ဖြစ်အောင် လျင်မြန်စွာ လိပ်နိုင်စွမ်း ရှိသည်။ လျင်မြန်ပုံမှာ မည်သို့ လုပ်၍ မည်သို့ ကိုင်နေမှန်း သတိမထားနိုင်မီပင် စီးကရက်တလိပ် လိပ်၍ ပြီးနေသည်အထိ ဖြစ်၏။
လက်တဖက် ပြတ်နေစေကာမူ လက်ဝှေ့ ထိုးသတ်ရာတွင် အလက်ဇီမှာ ရွာထဲတွင် ဗိုလ်စွဲသူဖြစ်၏။ သူ၏ ညာဘက် လက်သီးမှာ ပို၍ထူးခြားစွာ ကြီးလှသည် မဟုတ်။ ကြီးသောလက်သီး ဆိုသည်မှာ ဘူးသီးလောက် ရှိတတ်သည် မဟုတ်လား။ အလက်ဇီ၏ လက်သီးကမူ ဘူးသီးလောက်လည်း မကြီး။ သို့ပါလျက် ထွန်ရေးငင်နေစဉ် ထွန်တုံးကို ဆွဲသော နွားများက စိတ်တိုင်းမကျအောင် လုပ်လာသောအခါများ၌ တံပြာကလည်း တနေရာရာ၌ အထားမှားသည်နှင့် ကြုံနေလျှင် စိတ်တိုင်းမကျသော ထွန်နွားကြီးကို အလက်ဇီက ညာလက်သီးဖြင့် တချက်သာ ထိုးလိုက်ရသည်။ ထွန်နွားကြီးမှာ ထွန်ရေးကြောင်း များပေါ်၌ လေးဘက် ကြီးကား၍ လဲကျနေပြီး နားနှစ်ဖက်မှာလည်း သွေးများ ယိုစီး၍လာလေသည်။ လဲကျနေသည့် ထွန်နွားကြီးမှာ မထသောအိပ်ခြင်းဖြင့် အိပ်ရတော့၏။
လက်ပြတ်အလက်ဇီ၏ ညီနှစ်ယောက်ဖြစ်သော မာတင်နှင့် ပရိုခိုမှာ အစ်ကိုကြီး ဖြစ်သူနှင့် အစစ အရာရာတွင် တူသူများ ဖြစ်၏။ ကိုယ်လုံးကိုယ်ထည် ကြီးကြီးမားမားဖြင့် ပခုံးကျယ်သူများ ဖြစ်၏။ ညီ နှစ်ယောက်တွင် လက်နှစ်ဖက်စီ ရှိနေခြင်းကသာ အစ်ကိုကြီးဖြစ်သူနှင့် ခြားနားတော့သည်။
မျက်နှာချင်းဆိုင်အရပ်မှ လာနေသော ဂရီဂိုနှင့် မစ်ကာတို့ အနီးသို့ ရောက်လာသည့် အချိန်တွင် လက်ပြတ် အလက်ဇီက သူ၏ဘယ်ဘက်မျက်စိကို ငါးခါလောက် ပုတ်ခတ် ပုတ်ခတ်လုပ်လိုက်ပြီး ...။
“မင်းတို့ ငါးကို ရောင်းမှာလား”ဟု မေးလိုက်၏။
“ဝယ်ချင်လို့လား”
“ဘယ်လောက်နဲ့ ရောင်းမလဲ"
“နွားထီး တရှဉ်းနဲ့၊ ကျုပ်အတွက် မိန်းမ တစ်ယောက်ကိုပါ ပေးမှ ရောင်းမယ်”
ဂရီဂိုက ရောင်းဈေးကို ပြောလိုက်၏။
အလက်ဇီက လက်ဝဲဘက်မျက်လုံး ပို၍မြန်စွာ ပုတ်ခတ် ပုတ်ခတ်လုပ်ရင်း ပြတ်နေသော လက်တိုကို လှုပ်လိုက်၏။
“မောင်ရင်က… တယ်ပြီးရယ်စရာကောင်းတဲ့ အကောင်ပဲ။ မိန်းမတစ်ယောက် တောင် အဆစ်ပေးရဦး မတဲ့။ နွားဝယ်ရင် နွားမနဲ့အတူ အလိုက်ကလေးပါရင် မကြိုက်ဘူးလား”
အလက်ဇီက ပြောင်လှောင်ရယ်မောရင်း မေးခွန်း ထုတ်လိုက်၏။
“မဆိုင်တာ ဝင်ပြီးရှုပ်မနေစမ်းပါနဲ့။ ခင်ဗျားတို့ သုံးယောက်အနက် တစ်ယောက်ယောက် အသက်ပျောက် နေလိမ့်မယ်…”
ဂရီဂိုက စိတ်ဆိုးမာန်ဆိုးဖြင့် အော်၍ပြောလိုက်၏။
(ဂ)
ရွာအလယ်ကွက်လပ်တွင် လူများ စုဝေးလျက် ရှိ၏။ စုဝေးနေသောနေရာမှ ဘုရားရှိခိုးကျောင်း ဝင်းခြံ အပြင်ဘက် တွင် ဖြစ်၏။
ဝိုင်း၍ထားသော လူများအလယ်တွင် မည်းညစ်သည့် အဆင်းကိုဆောင်သော အဘိုးကြီးတစ်ယောက် ကို တွေ့ရ၏။ အဘိုးကြီး၏ စစ်အင်္ကျီရင်ဘတ်ပေါ်တွင် တိုက်ပွဲမှ ရရှိခဲ့သည့် သူရဲကောင်းတံဆိပ်များ၊ အမှတ်အသားများဖြင့် ပြည့်လုဘနန်း ရှိနေ၏။ စစ်ဝတ်စုံကို ဆင်မြန်းထားသော စစ်သားဟောင်းကြီးသည် လက်နှစ်ဖက်ကို ဝှေ့ယမ်းလှုပ်ရှား လျက် အတိတ်က အကြောင်းကို ပြန်ပြောင်း ပြောပြလျက်ရှိလေသည်။
“ငါတို့အဘိုး ဂရစ်ရှကာက တူရကီနဲ့ တိုက်ခိုက်ရတဲ့ စစ်ပွဲမှာ သူတွေ့ခဲ့ရတဲ့ အတွေ့အကြုံကို ပြောပြနေတာ ဖြစ်မှာပဲ။ လာ..သွားပြီးနားထောင်ရအောင်”
မစ်ကာက ဂရီဂိုအား ဆွဲဆောင်လိုက်၏။
“အဘိုးကြီးပြောတာတွေကို နားထောင်နေရင်း နဲ့ပဲ... ဟောဒီငါးကြီးက ပုပ်ပြီး ပွလာလိမ့်မယ်”
ရွာလယ်ကွက်လပ် ပေါ်မှနေ၍ ကြည့်လိုက်လျှင် မီးသတ်ရုံနောက်ဘက်မှနေ၍ ပေါ်ထွက်နေသော အစိမ်းရောင် သုတ်ထားသည့် အိမ်မိုးတစ်ခုကို တွေ့ရ၏။ ကုန်သည်ကြီးမိုကော့၏ ဂေဟာပင်တည်း။
မီးသတ်ရုံရှိရာလမ်းကို ဖြတ်လျက် ဂရီဂိုနှင့် မစ်ကာ လူပျိုပေါက်ကလေးနှစ်ယောက်က ကုန်သည်ကြီး မိုကော့၏ ဂေဟာလှေကားထစ်ရှိရာသို့ ချဉ်းကပ်၍ လာနေကြ၏။
ကုန်သည်မိုကော့၏ဂေဟာကို ပွတ်လုံးလက်ရန်း များဖြင့် ရှေ့ဘက်မှနေ၍ တန်ဆာဆင်ထား၏။ ထို ပွတ်လုံးလက်ရန်း များတွင် စပျစ်ရိုင်းနွယ်များက လှပစွာ ချိတ်တွယ်လျက်ရှိနေကာ လက်ရန်းတိုင်များ၏ အရိပ်ပုံ က လှေကားထစ်များ အပေါ်တွင် အရိပ်အစွန်းများဖြင့် ခြယ်မှုန်းထားသကဲ့သို့ ရှိနေလေသည်။
“ကဲ.. ကြည့်စမ်းပါဦးကွာ၊ တချို့ကျတော့ ဘယ်လောက် ခမ်းခမ်းနားနား ကြီးကြီးကျယ်ကျယ် နေသလဲ”
ဂရီဂိုက ထင်မြင်ချက်ပေးလိုက်၏။
“တံခါးကို ဆွဲပြီးဖွင့်ရတဲ့ လက်ကိုင်ကိုတောင် ကြေးနီရောင်တောက်အောင် လုပ်ထားတယ်မဟုတ်လား”
မစ်ကာက ဝရန်တာသို့ အဝင်လမ်းတွင် ရှိနေသော တံခါးမှ လက်ကိုင်ကို ဆွဲ၍ဖွင့်လိုက်ရင်း မကျေမချမ်းသည့် လေသံဖြင့် စကားဆိုလိုက်၏။
“ဘယ်သူတွေလဲ”
တံခါးတဖက်တွင် ရှိနေသော အိမ်သား တစ်ယောက်က လှမ်း၍မေးလိုက်၏။ ရုတ်တရက်အားဖြင့် ရှက်ကြောက် အားနာ၍သွားသော ဂရီဂိုက ပွင့်နေသော တံခါးမှ အိမ်ထဲသို့ ဝင်၍သွားသည်။ လက်တွင် ဆွဲ၍ ယူလာခဲ့သော ငါးသိုင်းကြီး၏ အမြီးက လှပစွာ ခြယ်လှယ်၍ထားသော ကြမ်းပြင်အခင်းပေါ်တွင် တရွတ်တိုက်၍ နေလေသည်။
“ဘယ်သူနဲ့ တွေ့ချင်လို့လဲ”
အသံလာရာဆီသို့ လှည့်ကြည့်လိုက်သောအခါ မိုးမခသားဖြင့် ပြုလုပ်ထားသော လှုပ်ကုလားထိုင်ပေါ် တွင် ထိုင်နေသည့် မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ကြရ၏။ မိန်းကလေး၏လက်တွင် စတော်ဘယ်ရီသီးများ ထည့်ထား သော ပန်းကန်လှလှလေးတချပ် ကို ကိုင်လျက်ရှိနေလေသည်။
အသည်းနှလုံးပုံနှင့်တူသော နီတျာတျာရှိသော မိန်းကလေး၏ နှုတ်ခမ်းအစုံကို ဂရီဂိုက ငေး၍ကြည့် လိုက်မိ၏။ နှုတ်ခမ်းအစုံတွင် စတော်ဘယ်ရီသီး တလုံးကို လှအောင်ကိုက်၍ထားသည်။
လှုပ်ကုလားထိုင်ပေါ်တွင် ဇိမ်ဖြင့် ထိုင်နေသော မိန်းကလေးသည် လူပျိုပေါက်နှစ်ယောက်အား ခေါင်းထောင် လျက် ခြေဖျားမှ ခေါင်းအထိ ကြည့်လိုက်၏။ မိန်းကလေး၏ နွေးထွေးသော နှုတ်ခမ်းအစုံတွင် စတော်ဘယ်ရီသီးက ယခုတိုင် တစ်လစ်ကလေး စံမြန်းလျက် ရှိနေလေသည်။
မစ်ကာက ချောင်း တချက် ဟန့်လိုက်ပြီး တုဏှိဘာဝေရှိနေသော ဂရီဂိုကို အကူအညီ ပေးလိုက်၏။
“ငါးများ မလိုချင်ဘူးလား”
မိန်းကလေးက မြားနတ်မောင်၏ လေးကိုင်း သဏ္ဌာန်နှင့်တူသော နှုတ်ခမ်းအစုံကို စတော်ဘယ်ရီသီး ဝင်သာရုံ လောက်သာ ဖွင့်လိုက်၏။ ပြီးမှ လျှပ်ပြက်သကဲ့သို့ ပြုံးလိုက်၏။ ရုတ်တရက်မသိမမြင်နိုင်အောင် ပြုံးလိုက်သော အပြုံးပင် တည်း။
“ငါး ….ဟုတ်လား၊ မေးကြည့်လိုက်ဦးမယ်”
မိန်းကလေးက ဤသို့ဆိုရင်း လှုပ်ကုလားထိုင်ကို မတ်မတ်ကြီးနေအောင်ပြုကာ ထိုင်ရာမှ ထလိုက်၏။ ထပြီးသည်နှင့် တစ်ပြိုင်နက် ဇာပန်းများ စီခြယ်ထားသော ရှေ့ထိုးဖိနပ်ကို ရုတ်ခြည်းပင် စီးလိုက်၏။ နေရောင်ခြည်က မိန်းကလေး၏ ဖြူဖွေးပါးလျားသော ဂါဝန်ကို ထိုးဖောက်လျက်ရှိနေ၏။ နေရောင်၏ အလင်းကြောင့် ဆင်နှာမောင်းကဲ့သို့ ပျော့ပျောင်းသော ပေါင်တံကို ခပ်ရေးရေး မြင်ရ၏။ အတွင်းမှ လှိုင်းတံပိုး ထသကဲ့သို့သော စာပြန့်ကျယ်ကြီး ကိုပင် မြင်နေရ၏။ သလုံးသားလေးများက မြူညစ်မတင်ဘဲ ဆင်စွယ်ကဲ့သို့ ချောမောဖြူစင်နေ၏။ ရှေ့ထိုးဖိနပ်၏ အမြီးပိုင်း တွင်ရှိသော ခြေဖနောင့်များသည်သာလျှင် နို့အဆီလွှာ ကဲ့သို့ ဝင်းဝင်းထိန်လျက်ရှိလေသည်။
“ဟေ့ … ဂရီဂို ကြည့်စမ်း ဘယ်လိုဂါဝန်မျိုးလဲ၊ မှန်လိုပါပဲလား။ ဂါဝန်ကိုဖောက်ပြီး အားလုံးမြင်နေရတယ်”
မစ်ကာက ဂရီဂိုအား ကြည့်၍ ပြောရမည့်အစား ငါးသိုင်းကြီးကို ကြည့်၍ ပြောနေလေသည်။
အိမ်စင်္ကြံဘက်သို့ ရှေ့ရှုနေသော တံခါးပေါက်မှ နေ၍ မိန်းကလေးက ပြန်လည် ဝင်ရောက်လာပြီးနောက် လှုပ်ကုလားထိုင် ပေါ်တွင် ဖြည်းလေးစွာထိုင်လိုက်၏။
“မီးဖိုချောင်ကို သွားပါ”
မိန်းကလေးက အာဏာသံဖြင့် ပြောလိုက်၏။ ငါးသိုင်းကြီးကို ဆွဲလာသော ဂရီဂိုက ခြေဖျား ထောက်လျက် မီးဖိုချောင်ရှိရာသို့ ဝင်သွားလေသည်။
မစ်ကာကမူ ရောက်သည့်နေရာတွင် မတ်တတ်ရပ်ရင်း မျက်တောင်ကို တဖျပ်ဖျပ်ခတ်လျက် မိန်းကလေး ၏ ရွှေရောင် စက်ဝိုင်းခြမ်း ပုံသဏ္ဌာန်ရှိသည့် ဆံပင် ဆင်ယင်ထုံးဖွဲ့မှုကို ပိုင်းခြား၍ထားသော ငွေရောင်ဖဲပြား ကို စူးစိုက်၍ ကြည့်နေမိ၏။
မိန်းကလေးက မစ်ကာအား ရဲဝံ့သောအကြည့်၊ ဂနာမငြိမ်သောအကြည့်ဖြင့် အကဲခတ်၍ နေလေသည်။
“ရှင်က ဒီရွာကပဲလား”
“ဟုတ်တယ်”
“ဘယ်သူ့သားလဲ”
“မီရွန်ရဲ့သားပဲ”
“ရှင့်နာမည်က ဘယ်လိုခေါ်သလဲ”
“မစ်ကာ”
မိန်းကလေးက မေးခွန်းများကို မေးရင်း သူ၏ နှင်းဆီရောင်ခြေသည်းများကို ဂရုစိုက်ကြည့်နေမိသည်။ ဤသို့ ကြည့်နေရာမှ သူ၏ ခြေထောက်နှစ်ဖက်ကို လှုပ်ကုလားထိုင်အတွင်းဘက်သို့ လျင်မြန်စွာ ခေါက်၍ သွင်းလိုက်သည်။
“ဘယ်သူက ငါးသိုင်းကြီးကို ရလာတာလဲ”
မိန်းကလေးက ဆက်၍ မေးခွန်းကို ထုတ်နေပြန်သည်။
“ကျွန်တော့်သူငယ်ချင်း ဂရီဂိုပါ”
“ရှင်ကလည်း … ငါးမျှားတာပဲလား”
“မျှားချင်တဲ့အချိန်မှ မျှားတာပါ”
“ငါးမျှားတံနဲ့ပဲ မျှားတာပဲလား”
“ဟုတ်တယ်”
“ကျွန်မလည်း တခါတလေတော့ ငါးမျှား ထွက်ချင်တယ်”
မိန်းကလေးက ခဏမျှတိတ်ဆိတ်နေပြီးမှ ပြောလိုက်ခြင်းဖြစ်၏။
“ငါးမျှားထွက်ချင်ရင် ကျွန်တော်ခေါ်သွားမှာပေါ့”
“ဘယ်လိုမျှားရသလဲရှင်၊ တကယ်ပဲခေါ်မှာလား၊ အဟုတ်ပြောနေတာလား”
“ငါးမျှားထွက်မယ်ဆိုရင် အိပ်ရာက အစောကြီး ထရလိမ့်မယ်”
“ထပါ့မယ်ရှင့်၊ ရှင်ကသာ ကျွန်မကို လာပြီးနှိုးဖို့ လိုတာပါ”
“လာပြီးနှိုးနိုင်ပါတယ်၊ ဒါပေမဲ့ ခင်ဗျာ့အဖေကြီး က ဘယ့်နှယ့်လုပ်မလဲ”
“ကျွန်မအဖေကလား”
မိန်းကလေးက မစ်ကာ၏အမေးကို နားမလည်သောကြောင့် ထပ်၍မေးလိုက်၏။
“ခင်ဗျားတို့အဖေက ကျွန်တော့်ကို သူခိုးလို့ ထင်နေရင်ရော၊ နို့ပြီး ခွေးတွေကိုလည်း အစာခွံ့ထား ရဦးမယ် မဟုတ်လား”
မစ်ကာက ပြုံး၍ ပြောလိုက်သည်။
“ဒါကတော့ အလွယ်ကလေးပါရှင်၊ ကျွန်မက တစ်ယောက်တည်း ထောင့်ဆုံးခန်းမှာ အိပ်တာပါ။ ကျွန်မအိပ်ခန်း မှာ ပြတင်းပေါက်လည်း ရှိပါတယ်”
မိန်းကလေးက ပြတင်းပေါက်ရှိရာသို့ ညွှန်ပြ လိုက်၏။ ပြီးမှ...
“ရှင်လာရင် ပြတင်းတံခါးကို ခေါက်လိုက်ပါ၊ ကျွန်မ ထလာမှာပေါ့”
မီးဖိုချောင်ဘက်မှ ဂရီဂို၏ တုန်လှုပ်နေသော အသံ နှင့် ထမင်းချက်၏ ပျစ်ချွဲချွဲအသံကြီးက အိမ်ရှေ့ခန်းသို့ ကြိုးကြား ကြိုးကြား ပျံ့လွင့်လာသည်။
မစ်ကာက သူ့ခါးပတ်တွင် စီခြယ်ထားသော ငွေကြယ်များကို လက်ဖြင့်ကစားရင်း ငြိမ်သက်နေ၏။
“ရှင်က မိန်းမနဲ့လား”
မိန်းကလေးက လျှို့ဝှက်သော၊ နွေးထွေးသော အပြုံးဖြင့် မစ်ကာအား ကြည့်ရင်း မေးလိုက်၏။
“ဘာဖြစ်လို့များ မေးတာပါ လိမ့်”
“အို….သိချင်လို့ မေးလိုက်တာပါ”
“ကျွန်တော်က လူပျိုပါ”
မစ်ကာက ဤသို့အဖြေပေးလိုက်ရင်း ရှက်သွေးဖြင့် မွှန်ထူ၍သွားမိ၏။
မိန်းကလေးက အပူကြိုက်သော အပင်များကို စိုက်ပျိုးပြုစုရာ မှန်အိမ်ထဲမှ စတော်ဘယ်ရီ အကိုင်းအခက် ကလေးများကို ကြမ်းပြင်ပေါ်သို့ချ၍ ကစားရင်း အပြုံးဖြင့်ပင် စောဒနာထုတ်နေ၏။
“ရှင်က လူပျိုဆိုတော့ မိန်းကလေးတွေက ကြိုက်ကြမှာပေါ့နော်”
“တချို့ကတော့လည်း ကြိုက်တယ်၊ တချို့က တော့လည်း မကြိုက်ဘူး”
“ရှင်က ဟိုဟာတော့ …ဒါထက်… ရှင့်မျက်စိက ဘာဖြစ်လို့ ကြောင်မျက်စိနဲ့ တူနေရတာလဲ”
“ကြောင်နဲ့တူတယ်”
မစ်ကာက ရှက်လည်း ရှက်၊ မျက်နှာလည်း ပျက်ပျက်ဖြင့် စကားဆိုလိုက်၏။
“ဟုတ်တယ်၊ ကြောင်နဲ့တူတယ်”
“အမေနဲ့တူလို့ ဖြစ်မှာပါပဲ၊ ကျွန်တော်လည်း ဘယ်လိုမှ မတတ်နိုင်ဘူး”
“နို့ပြီး မိန်းကလေးတွေက ရှင့်ကို ဘာဖြစ်လို့ မယူကြတာလဲ”
ရှက်သွေးမွှန်နေသော မစ်ကာက အိမ်ရှင် မိန်းကလေး၏ စကားနောက်ကွယ်တွင် ရှိနေသော လျှို့ဝှက်ချက်ကို အနံ့ခံမိလာသည်။ မိမိအား ဤမျှ သရော်ပင့်ချီ ပြော၍နေခြင်းမှာ အိမ်ရှင်မိန်းကလေးတွင် တစုံတခုသော အလိုဆန္ဒ ရှိနေသောကြောင့် သာဖြစ်သည် ဟူ၍လည်း သဘောပေါက်လာ၏။ သို့ဖြစ်၍လည်း မျက်လုံးအစုံမှ အဝါရောင် ရောင်ခြည် များကို မှိတ်တုတ် မှိတ်တုတ်လွှတ်ရင်း ...
“ကျွန်တော်ယူမယ့် မိန်းမက လက်ထပ်နိုင်မယ့် အရွယ် မရောက်သေးလို့ပါ” ဟု စကားဆိုလိုက်၏။
မိန်းကလေးက အံ့သြသည့်အမူအရာဖြင့် မျက်ခုံး နှစ်ဖက်ကို ပင့်ချီလိုက်ပြီး ထိုင်ရာမှ ထလိုက်၏။
လျှပ်ပြက် သကဲ့သို့ ရှိသော မိန်းကလေး၏အပြုံးက မစ်ကာအား ဖက်ယားပင်မှ ဖက်ယားကိုင်းဖြင့် ရိုက်သကဲ့သို့ ရှိနေလေသည်။
ဤအချိန်တွင်ပင် လမ်းပေါ်မှနေ၍ လှေကားပေါ် သို့ တက်လာသော ခြေသံများ ပေါ်ထွက်လာလေသည်။
ဆိတ်ကလေးသားရေဖြင့် ပြုလုပ်ထားသော ဖိနပ်ကြီးကို လှေကားထစ်များပေါ်တွင် ညင်သာစွာ ပွတ်တိုက်ရင်း အိမ်ကြီး၏ အရှင်သခင်ဖြစ်သော ဆီဂရီ မိုကော့သည် သူ၏ အလွန်ဆူဖြိုးသော အတ္တဘောကြီးကို ဣန္ဒြေဟန်ပတ္တိဖြင့် သယ်ဆောင်လျက် အိမ်ရှေ့ခန်းတွင် ရှိနေသော မစ်ကာကို ဖုတ်လေသည့် ငါးပိရှိလေသည်ဟု မမှတ်ဘဲ ဖြတ်ကျော်၍ အိမ်တွင်းသို့ ဝင်ရောက်လာသည်။
ပြီးမှ...
“ကျုပ်ကို တွေ့ချင်လို့လား” ဟု သူ့ခေါင်းကို မလှည့်ဘဲ မေးလိုက်၏။
“ငါးရောင်းဖို့ လာတာပါ ဖေဖေ”
မိန်းကလေးက မစ်ကာအစား အဖြေပေးလိုက်၏။
ဤအချိန်တွင်ပင် ဂရီဂိုသည် ငါးသိုင်းကြီးကို ထမင်းချက်ထံတွင် ရောင်းခဲ့ပြီးနောက် မီးဖိုချောင်မှ အိမ်ရှေ့ခန်း ရှိရာသို့ ထွက်လာလေသည်။
အခန်း [၃]
ညနေဘက်တွင် ရွာထဲသို့ အလည်ထွက်ရာမှ ဂရီဂိုအဖို့ အိမ်ခြံဝင်းဝသို့ ပြန်၍ရောက်လာသည့် အချိန်တွင် လင်းကြက်များပင် ဆော်နေသည့်အချိန်သို့ ရောက်နေပြီ ဖြစ်၏။
အိမ်အနီးသို့ ရောက်လာသောအခါ အချဉ်ပေါက်နေသော ဗျစ်ရည်တွင် ခတ်ရသည့် ဆေးနံ့နှင့်အတူ ရနံ့ မွှေးကြိုင်သော ဟင်းရွက်နံ့က ဂရီဂို၏ နှာညွှန့်ကို လာ၍ ကလိနေလေသည်။
ဂရီဂိုသည် အိမ်ထဲသို့ ခြေဖျားထောက်၍ ဝင်ရောက်လာပြီးနောက် ညနေက ဝတ်စားသွားသော အဝတ်အစား များကို လဲလှယ်လိုက်၏။ တနင်္ဂနွေနေ့ များတွင်သာ ဝတ်ဆင်လေ့ရှိသော မတ်တတ်အစင်းများ ပါသည့် ဘောင်းဘီရှည်ကို တန်းပေါ်တွင် ဂရုတစိုက် ဖြန့်၍ထားလိုက်၏။ ပြီးမှ သူ့ကိုယ်ကိုသူ လက်ဝါး ကပ်တိုင်သဏ္ဌာန် လက်ဖြင့် အထိမ်းအမှတ် ပြုလိုက်ပြီး နောက် အိပ်ရာပေါ်တွင် တက်၍ လှဲချလိုက်၏။
ကြမ်းပြင်ပေါ်သို့ ထိုး၍ကျနေသော လရောင်ရိပ်က စာကွန်ရက်ကဲ့သို့ ရှိနေလေသည်။
အခန်းထောင့် စာပန်းများဖြင့် ခြယ်လှယ်ထားသော မျက်နှာကြက်များအောက်တွင် ငွေဖြင့် ထုလုပ်ထားသော ခရစ်တော် ဆင်းတုများက အညှိတက်ကာ အရောင်မှေးမှိန်လျက် စံပယ်နေကြ၏။
အိပ်ရာအပေါ်ပိုင်းထက်ရှိ စင်ပေါ်မှနေ၍ ယင်ကောင်များ ဒေါသတကြီးဖြင့် လှုပ်ရှားပျံဝဲနေသံကို ကြားရသည်။
အိပ်ပျော်လုဆဲဆဲအချိန်တွင် မီးဖိုချောင်ဘက်မှ ပေါ်ထွက်လာသော ကလေးငိုသံကြောင့် ဂရီဂိုမှာ အိပ်၍ မရ နိုင်အောင် ဖြစ်လာရပြန်သည်။ အစ်ကိုဖြစ်သူ ပိုင်အိုတျာနှင့် မရီးဖြစ်သူ ဒါရီယာတို့၏ ကလေးငိုသံ ပင်တည်း။
ဆီထည့်မထားသော လှည်းပဒေါင်းကဲ့သို့ ပုခက်လွှဲရာမှ ပေါ်ထွက်လာသော အသံက နားငြီးဖွယ်ရာ ကောင်းလှ သည်။ မရီးဖြစ်သူ ဒါရီယာက ကလေးကို အိပ်ချင်မူးတူး အသံဖြင့် ပြောနေသော စကားကိုလည်း ကြားလာရသည်။
“အိပ်ပါတော့လား … အိပ်ပါတော့လား ကလေးရယ်၊ မင်းကြောင့် အိပ်ကောင်းတိုင်း မအိပ်ရ၊ စားကောင်းတိုင်း မစားရပါလားကွယ်”
ဒါရီယာက ကလေးကို ပုခက်လွှဲသီချင်းဖြင့် တီးတိုးသံကို ပြုကာ ချော့၍သိပ်နေသည်။
မှန်မှန်ကြီးပေါ်ထွက်နေသော ပုခက်မှ ပွတ်ကြိတ်သံက ဂရီဂိုအဖို့ ချော့၍သိပ်နေသော သီချင်းတစ်ခုလို ဖြစ်နေ သည်။ မှိန်းနေရာမှ ဂရီဂိုက သူလုပ်ရမည့် အလုပ်ကို သတိရလာသည်။
“နက်ဖြန်ခါ ပိုင်အိုတျာက စစ်သင်တန်းတက်ဖို့ စစ်ရေးအခြေခံစခန်း ရှိရာကို သွားရမယ် မဟုတ်လား၊ ဒါရီယာ က ကလေးတစ်ယောက်နဲ့ ကျန်နေရစ်ခဲ့မယ်၊ မြက်ကို ပိုင်အိုတျာမရှိဘဲ မိမိတို့ချည်း ရိတ်ရတော့မယ် မဟုတ်လား”
ဤသို့ သတိရလာသည့် အချိန်တွင်ပင် အဆက်မပြတ် ပေါ်ထွက်လာသော မြင်းဟီသံကြောင့် ဂရီဂိုမှာ အိပ်ချင်စိတ် ပင် ပျောက်၍ သွားရသည်။
ပေါ်ထွက်လာသော မြင်းဟီသံအားဖြင့် ပိုင်အိုတျာ စစ်သင်တန်းသို့ သွားရန်အတွက် ဝယ်ယူထားသော မြင်း ဖြစ်ကြောင်း ပရီဂိုက သိလိုက်၏။
အိပ်၍ မရနိုင်တော့သည့် အဆုံးတွင် ဂရီဂိုက ရှပ်အင်္ကျီကို ကောက်၍စွပ်လိုက်၏။ အိပ်ချင်မူးတူး ဖြစ်နေ သောကြောင့် ရှပ်အင်္ကျီမှ ကြယ်သီးများကို တပ်ရာတွင် လက်များက နှေးကန်လျက်ရှိနေကြ၏။ ရှပ်အင်္ကျီမှ ကြယ်သီး များကို လေးကန်စွာ တပ်နေရင်းမှပင် ကြားနေရသော မရီးဖြစ်သူ၏ ကလေးချော့ သီချင်းသံကြောင့် မှေးခနဲ အိပ်ပျော် သလိုလို ဖြစ်သွားပြန်၏။
“အသံကြမ်းကြမ်း၊ ကိုရွှေငန်း
ဘယ်လမ်းကိုတဲ့ သွားလေတယ်၊
ဗေဒါချုံတော၊ ဗျိုက်တွေပေါ၊
ဘယ်တော ဘယ်တောင် ရောက်လေတယ်၊
အတောမသတ် သွားလေတယ်၊
ဗေဒါချုံတော၊ ဗျိုက်တွေပေါ၊
ဗေဒါ စိမ်းစို၊ ဗျိုက်တောအို၊
အပျိုတသိုက် နုတ်လေတယ်၊
အပျိုတသိုက်၊ ဘယ်ကိုလိုက်၊
ပြိုက်ပြိုက်ပြုန်းလို့ ပျောက်လေတယ်၊
အပျိုတသိုက်၊ လင်နောက်လိုက်၊
ရွာတဝိုက်မှာ ပျောက်လေတယ်၊
သူတို့လင်တွေ၊ ကော့ဆက်တွေ
ဘယ်မြေကိုများ သွားလေတယ်၊
ဓားလွှတ်ကိုဆွဲ၊ စိတ်မာန်ခဲ
စစ်ပွဲကိုတဲ့ သွားလေတယ်....”
မျက်စိများကို ပွတ်သပ်ရင်း ဂရီဂိုသည် မြင်းဇောင်း ရှိရာသို့ ထလာပြီးနောက် ပိုင်အိုတျာ၏မြင်းကို ခြံဝင်း အတွင်းမှ မြစ်ဆိပ်ရှိရာသို့ ထုတ်ယူလာခဲ့၏။
မြင်းဇောင်းမှ အထွက်တွင် ပင့်ကူအိမ်တခုကို ခေါင်းဖြင့် ဝင်၍တိုးမိသဖြင့် ရှိနေသော အိပ်ချင်မူးတူးစိတ်မှာ လုံးဝ ပျောက်၍ သွားခဲ့ရတော့၏။
ဒွန်မြစ် ဤမှာဘက်ကမ်း ထိပ်သို့ ရောက်လာသော အခါ မြစ်ကမ်းတလျှောက်တွင် လရောင်ထိုးကျနေ ပုံမှာ လူသွားလမ်း ကလေးနှင့် တူနေ၏။ လရောင်ဆမ်းသော လမ်းမှာ လူသူဟူ၍ တခါဖူးမျှ မသွားဖူးသော လမ်းပင် မဟုတ်လား။
ဒွန်မြစ်ရေပြင် ပေါ်တွင် နှင်းငွေ့များက တွဲလောင်းခို၍ ကျနေ၏။ တွဲလောင်းခိုနေသော နှင်းငွေ့များ အထက်တွင် ကြယ်စုံပေါက်ထားသည့် ငွေလမင်းက ကောင်းကင်ယံတွင် ထွန်းလက်နေသည်။
မြင်းက ကမ်းပါးထိပ်မှ ရေဆိပ်သို့ ဆင်းလာရာတွင် အဆင်းလမ်းက ဆိုးသည့်အလျောက် နောက်ခြေ နှစ်ဖက်မှ ခွာများကို သတိကြီးစွာထား၍ လှုပ်ရှားနေသည်။
ဒွန်မြစ် ဟိုမှာဘက်ကမ်းမှနေ၍ ဘဲအော်သံများ ပေါ်ထွက်လာ၏။
ငါးတစ်ကောင်က ရေပြင်ပေါ်တွင် ရှပ်တိုက်ပြေးရင်း ပို၍ငယ်သောအစာကို ကမ်းခြေအနီးတွင် လိုက်၍ ရှာနေလေသည်။
မြင်းကို ရေတိုက်ရင်း ဂရီဂိုက မြစ်ကမ်းစပ်တွင် အချိန်အတော်ကြာအောင် ရပ်နေ၏။ ကမ်းပါးဆီမှ စိုစို ထိုင်းထိုင်း နံနံစော်စော်ရှိသော အနံ့အသက်များက ပျံ့လွင့်လာ၏။
မြင်းပါးစပ် အတွင်းမှ ရေစက် တစက် ပြန်၍ ကျလာသည်။
ရွှင်လန်းပေါ့ပါး သောစိတ်က ဂရီဂို၏ နှလုံးအိမ် ထဲတွင် ကိန်းအောင်းလာ၏။ ဘဝက သာတောင့် သာယာဖြင့် သောကကင်း၍နေသည် မဟုတ်လား။ ပတ္တမြားရောင်အ မြီးရှိသော အရုဏ်ဦး ဒေါင်းယာဉ်ပျံက လ,တည်းဟူသော ကြယ်စုံ ပေါက်နေသည့် ငွေပွင့်ကို နှုတ်သီးဖြင့်ဆိတ်ကာ နိဗ္ဗာန်ဘုံ၏ ကြမ်းပြင်နှင့်တူသော ချိုးဖြူရောင် ကောင်းကင်ပြင်မှ နှင်ထုတ် နေလေသည်။
ရေတိုက်ရာမှ ပြန်လာသော ဂရီဂိုသည် မြင်းဇောင်း အနီး၌ မိခင်ဖြစ်သူနှင့် ဝင်၍တိုးမိသည်။
“ဂရီဂိုလားဟေ့”
“ကျွန်တော့်အပြင် ဘယ်သူများရှိဦးမှာလဲ အမေ”
“မြင်းကို ရေချခဲ့ပြီလား”
“ဟုတ်တယ်...”
ဂရီဂိုက တိုတောင်းစွာပင် အဖြေပေးလိုက်၏။ မိခင်ဖြစ်သူက မီးဖိုတွင် ထင်းထည့်ရန်အတွက် ခြောက်နေသော နွားချေးများကို ယူပြီး တဲအိမ်ရှိရာသို့ ပြန်၍ ပြေးသွားသည်။ တွန့်ရှုံ့နေသော မိခင်ဖြစ်သူ၏ ခြေဖဝါး များသည် မြေကြီး ပေါ်တွင် တဖတ်ဖတ် ရိုက်ခတ်လျက် ရှိနေလေသည်။
“စတီပင်တို့ လင်မယားလည်း သွားပြီး နှိုးလိုက်စမ်း၊ စတီပင်က ပိုင်အိုတျာနဲ့ အတူတူ စစ်လေ့ကျင့်ရေး စခန်းကို ဒီနေ့ပဲ သွားရမယ် မဟုတ်လား”
မိခင်ဖြစ်သူက အော်၍ပြောလိုက်၏။
နံနက်စောစော ဖြစ်သည့်အလျောက် ဂရီဂို၏ တကိုယ်လုံးမှာ အအေးဓာတ်ဖြင့် တုန်နေလေသည်။ စူးရှသော အအေးဒဏ်ကြောင့် တကိုယ်လုံးမှာ ထုံကျင်နေ၏။
ဂရီဂိုသည် စတီပင်တို့ခြံဝင်းအတွင်းသို့ ရောက်လာခဲ့ပြီးနောက် သုံးထစ်မျှရှိသော လှေကားကို ပဲ့တင်သံများ ပေါ်ထွက်သွားအောင် ပြေး၍တက်သွားလေ၏။
အိမ်တံခါးကို အပြင်မှနေ၍ မင်းတုပ်ချထားလေသည်။
အိမ်အတွင်းသို့ ရောက်သွားသော ဂရီဂိုက စတီပင်တို့လင်မယား အိပ်ပျော်နေပုံကို တွေ့ရ၏။
မီးဖိုချောင်တွင် ဖြန့်၍ခင်းထားသော စောင်ကြမ်း တခုအပေါ်၌ စတီပင်က အိပ်မောကျနေ၏။ မယား ဖြစ်သူ အက်စီနီယာက လင်၏ ရင်ဘတ်ပေါ်တွင် ခေါင်းတင်လျက် အိပ်ပျော်နေသည်။
မှေးမှိန်သော အရုဏ်ဦးရောင်ခြည်ဖြင့် အက်စီနီယာ ၏ အောက်ပိုင်းအတွင်းခံမှာ ဒူးအထက် ပေါင်ပေါ်အထိ လှန်၍နေပြီး ဘာချ်သစ်သားကဲ့သို့ ဖြူဖွေးချောမွတ်နေသော ပေါင်တံနှစ်ချောင်းမှာလည်း အရှက်မရှိသည့် အလား ကားယား ဟလျက်ရှိနေလေသည်။
ဂရီဂိုသည် မြင်ရသော ရှုခင်းကို ငေးစိုက်၍ ကြည့်ရင်း အာခေါင်များ ခြောက်လာပြီး သူ့ခေါင်း မှာလည်း သံချောင်း တခုနှင့် ထိရိုက်နေသကဲ့သို့ ညိုးညိုးညံလျက် ရှိနေသည်ဟု ထင်မိ၏။
ဂရီဂိုသည် တောင်မြောက်လေးပါးသို့ လှည့်၍ ကြည့်လိုက်ပြီးနောက် အသံသြကြီးဖြင့် ခေါ်လိုက်၏။ အသံမှာ နဂိုအသံနှင့်မတူတော့။
“ဒီမှာ…ဘယ်သူမှ မရှိဘူးလား၊ ထကြပါဗျို့” အက်စီနီယာက အိပ်ပျော်နေရာမှ ပထမဆုံး နိုးလာပြီး ...
“ဘယ်သူလဲတော့်”
ဟုမေးလိုက်ရင်း၊ ဒူးအထက်သို့ တွန်းလန်၍နေသော အတွင်းခံကို ပြန်၍ဖုံးဖိနိုင်ရန် ကြိုးစားလိုက်၏။ ဤသို့ အလျင်စလို ကြိုးစားလိုက်သည်တွင် သူ့လက်မောင်းပြင်မှာ ခြေထောက်နှစ်ဖက်အကြားတွင် ညပ်၍နေပြန်၏။
အာပုပ်ရည်တစ်စက်က အက်စီနီယာ၏ ခေါင်းပေါ်တွင် စွန်းထင်းလျက် ကျန်နေရစ်ခဲ့လေသည်။ မိန်းမ တို့သည် အရုဏ်ဦးအချိန်၌ ဆင်အော်၍ မနိုးအောင် အိပ်တတ်ကြသည်တကား။
“ကျုပ်ပါ၊ အမေကလွှတ်လို့ ခင်ဗျားတို့ကို နှိုးဖို့ လာတာပါ”
ဂရီဂိုက ပြောလိုက်၏။
“အေး … တို့ ခုပဲထတော့မလို့၊ ခုတင်ပေါ်မှာ ကြမ်းပိုးကိုက်တာနဲ့ ကြမ်းပြင်ပေါ်မှာ လာပြီးအိပ်နေတာဟေ့”
ဤသို့ပြောရင်း အက်စီနီယာက သူ့လင်ကို လှုပ်၍ နှိုးလိုက်၏။
အက်စီနီယာ၏ အသံက တမျိုးဖြစ်နေခြင်းကို ထောက်၍ မနေတတ် မထိုင်တတ် ဖြစ်နေကြောင်း သိရှိပြီး ဂရီဂိုက အိမ်ထဲမှ လျင်မြန်စွာ ပြန်၍ ထွက်ခဲ့လေသည်။
(ခ)
တတာ့ရက်(စ)ခ် ရွာမှ အမျိုးသား ယောက်ျား သုံးဆယ်မှာ စစ်သင်တန်းစခန်း ရှိရာသို့ သွားရမည် ဖြစ်၏။ နံနက် ခုနစ်နာရီ မထိုးမီ ကတ္တရာစေး သုတ်ထားသော ရွက်ထည်အမိုးများ ပါရှိသည့် လေးဘီးတပ် လှည်းများသည် လည်းကောင်း၊ ရွက်ထည်အင်္ကျီဖြင့် ချုပ်လုပ်ထားသော အင်္ကျီများကို ဝတ်ဆင်ထားသည့် စစ်သင်တန်းသို့ လိုက်ပါရမည့် ကော့ဆက်အမျိုးသား များသည်လည်းကောင်း သက်ဆိုင်ရာ အသုံးအဆောင် ကိရိယာများကို ယူဆောင်လျက် မြင်းများ ဖြင့် တဖုံ၊ ခြေလျင်ဖြင့် တမျိုး ရွာကွက်လပ် ရှိရာသို့ စတင်စုရုံး ရောက်ရှိလာကြပြီ ဖြစ်၏။
မြင်းကို ရေချရာမှ ပြန်၍လာသော ဂရီဂိုသည် သင်တန်းသို့သွားရမည့် အစ်ကိုဖြစ်သူ ပိုင်အိုတျာအား အိမ်ရှေ့ လှေကားထစ် ပေါ်တွင် ပြတ်သွားသော မြင်းဇက်ကြိုးတခုကို အဆောတလျင် ပြန်၍ချုပ်နေသည်ကို တွေ့ရ၏။
ဖခင်ဖြစ်သူ ပင်တာလီမွန်က စားကျင်းထဲတွင် ‘အုတ်’ များကို ထည့်ပေးရင်း ပိုင်အိုတျာ၏မြင်းကို အစာကျွေး နေလေသည်။
“ခုတောင် ဒီကောင်ကြီးက အစာစားလို့ မပြီးသေး ဘူးလား …”
ပိုင်အိုတျာက မြင်းရှိရာသို့ ခေါင်းညိတ်၍ပြရင်း မေးလိုက်သည်။
“ဒီကောင်ကြီးက ဆာနေတာ၊ ဘယ်ပြီးဦးမလဲ” ဖခင်ဖြစ်သူ ပင်တာလီမွန်က အသံပြတ်ပြတ်ဖြင့် ပြန်၍ပြောရင်း မြင်းကုန်းနှီး အောက်တွင်ခံသည့် စောင်ကြမ်းကို ကြမ်းတမ်းသော သူ၏ လက်ကြီးဖြင့် စမ်းသပ်ကြည့်ရှုနေရာက ပြန်၍ ပြောလိုက်၏။
“ကုန်းနှီးအောက်က ခံတဲ့ စောင်ကြမ်းက အစွန်းအစ တွေကို သေသေသပ်သပ်ဖြစ်အောင် လုပ်ထားမှပေါ့။ လုပ်မထားရင် ခရီးတထောက်သွားရုံနဲ့ မြင်းကျောကုန်းမှာ ပွန်းပြီး အနာဖြစ်လာမှာပေါ့”
“စားပြီးရင် ဒီကောင်ကြီးကို ရေတိုက်ရဦးမယ် အဖေ”
“ဂရီဂို မြစ်ထဲကို ယူသွားပြီး တိုက်လိမ့်မယ်”
အရိုးပေါ်တွင် အသားများများ မရှိသော ဒွန်နယ် တဝိုက်တွင် မွေးသည့် ဒေါက်ကောင်းကောင်း မြင်းကို ဝင်းခြံ အပြင်ဘက်သို့ ဆွဲထုတ်သွားသည်။ မြင်းနဖူးတွင် အဖြူရောင်ဗွေတခုက ကြယ်ပွင့် တပွင့်လို လှပစွာ ရှိနေလေသည်။
ခြံဝင်းပြင်သို့ အရောက်တွင် ဂရီဂိုက မြင်းပခုံးရိုး နှစ်ခုအကြားတွင် သူ့ဘယ်လက်ကို အသာလေး တင်ထားရင်း မြင်းကျောကုန်းပေါ်သို့ လွှားခနဲ ခုန်တက်လိုက်ကာ မြင်းကို အသော့ကလေးနှင်၍ မြစ်ကမ်း ရှိရာသို့ ထွက်လာခဲ့၏။
ကမ်းပါးထိပ်မှ ရေဆိပ်သို့ အဆင်းတွင် ဂရီဂိုက မြင်းကို ထိန်းကိုင်ထားရန် ဟန်ပြင်လိုက်စဉ်မှာပင် မြင်းက တစုံတခုဖြင့် ခလုတ်တိုက်မိရာက ဆင်ခြေလျှော ရှိနေသော အဆင်းလမ်းအတိုင်း လျင်မြန်စွာပြေး၍ ဆင်းလိုက် သောကြောင့် ဂရီဂိုက မြင်းကျောကုန်းပေါ်သို့ ပက်လက်လန်၍ လဲကျသွား၏။
မြင်းကျောရိုးပေါ်တွင် နောက်ပြန် လန်နေစဉ် ကမ်းပါးထိပ်မှ ရေဆိပ်ရှိရာသို့ ရေပုံး နှစ်ပုံးကို ထမ်းလျက် ဆင်းလာသော မိန်းမတစ်ယောက်ကို တွေ့မြင်လိုက်ရ၏။
ဂရီဂို သွားသည့်လမ်းမှ တဖက်သို့ လျင်မြန်စွာ ခွဲထွက်လိုက်ပြီး ရေထဲသို့ အရှိန်ဖြင့် ပြေးဆင်းလိုက်၏။ သူ့နောက်တွင် ဖုန်တထောင်းထောင်းထ၍ ကျန်ရစ်ခဲ့လေသည်။
အက်စီနီယာက ဆင်ခြေလျှော လမ်းကလေးအတိုင်း ကိုယ်ကိုလှုပ်၍ ဆင်းလာလေသည်။ ဂရီဂိုနှင့် ခပ်လှမ်းလှမ်း နေရာသို့ အရောက်တွင်ပင် အက်စီနီယာက အော်၍ ပြောလိုက်၏။
“အရူးကောင်လေး … နင်မြင်းစီးလာပုံက ငါ့ကို တက်နင်းတော့မယ့်အတိုင်းပဲ၊ နင် ဘယ်လို မြင်းကို စီးတယ် ဆိုတာ နင့်အဖေကို တိုင်ပြောလိုက်မယ်”
“စိတ်မဆိုးပါနဲ့ဗျာ၊ ခင်ဗျားနဲ့ ကျုပ်က အိမ်နီးချင်း မိတ်ဆွေတွေပဲ မဟုတ်လား၊ ခင်ဗျားယောက်ျားကြီး စစ်သင်တန်း တက်ဖို့ သွားရင် ကျုပ်က ခင်ဗျားတို့ လယ်ယာလုပ်ငန်းမှာ အကူအညီပေးနိုင်တယ် မဟုတ်လား”
ဂရီဂို၏ ချေပချက်ကို အက်စီနီယာက ပြန်၍ မေးခွန်းထုတ်လိုက်၏။
“နင်က ငါ့ကို ဘယ်လိုများ အကူအညီ ပေးနိုင်မှာတုံး”
“မြက်ရိတ်တဲ့အချိန် ရောက်လာတော့ ခင်ဗျားက ကျုပ်ကို ကူညီပါဟယ်နဲ့ အပူကပ်လာရမယ် မဟုတ်လား”
ဂရီဂိုက ဤသို့ပြောရင်း ပြုံးလိုက်၏။
အက်စီနီယာက မြစ်ထဲမှ ရေတပုံးကို ခပ်ယူလိုက်ပြီးနောက် လေတိုက်၍ လွင့်နေသော ဂါဝန်စကို ဒူးနှစ်ဖက် အကြားတွင် ညှပ်ထားလိုက်၏။
“ခင်ဗျားယောက်ျားကြီး စတီပင်ကိုလည်း သင်တန်းတက်ဖို့ ခေါ်နေပြီ မဟုတ်လား”
“ဒါနဲ့ နင်နဲ့ ဘာဆိုင်လို့တုံး”
“ဒေါသကြီး လှချည်လားဗျာ၊ မေးတောင် မမေးရတော့ဘူးလား”
“သူ့ကို စစ်သင်တန်းတက်ဖို့ ခေါ်ပြီလေ၊ ခေါ်တော့ရော ဘာဖြစ်သလဲ”
“ခေါ်တော့ ခင်ဗျားက လင်နဲ့ခွဲပြီး နေရစ်ခဲ့ရတော့မယ် မဟုတ်လား”
“ဟုတ်တယ်လေ”
ရေသောက်ပြီးနေပြီဖြစ်သော မြင်းက ခေါင်းကို ပြန်၍ထောင်လိုက်ရင်း ဒွန်မြစ်ရေပြင်ကို ဖြတ်လျက် တဖက် ကမ်းသို့ ငေးကြည့်နေ၏။ မြင်း၏ ရှေ့ခြေ နှစ်ချောင်းက ရေထဲတွင် ရှိနေလေသည်။
အက်စီနီယာက နောက်ထပ် ရေတပုံး ခပ်လိုက်ပြီးနောက် ထမ်းပိုးတွင်လျှိုကာ ပခုံးပေါ်တွင် ထမ်းလျက် ကမ်းပါး ပေါ်သို့ တက်ရန် ဟန်ပြင်လိုက်၏။
ဂရီဂိုက တဖက်ကမ်းသို့ ငေးကြည့်နေသော မြင်းကို ဆွဲ၍လှည့်လိုက်ပြီး ရှေ့မှ သွားနှင့်နေသော အက်စီနီယာ နောက်သို့ မြင်းကိုစီးလျက် လိုက်လာခဲ့၏။
တဖျပ်ဖျပ် တိုက်ခတ်နေသော လေကြောင့် အက်စီနီယာ၏ ဂါဝန်စက လွင့်၍နေပြီး လှပနူးညံ့သော ဆံစဆံခွေ ကလေးများက ညိုမှောင်သော လည်ပင်းပေါ် တွင် ပျံဝဲလျက်ရှိနေလေသည်။
ဆံထုံးပေါ်တွင် ဆောင်းထားသော စာပန်းများ ထိုးထားသည့် ဦးထုပ်ပြားပြားက အရောင်တလက်လက် တောက်နေ၏။ ကိုယ်ပေါ်တွင် ဝတ်ဆင်ထားသော နှင်းဆီရောင်အင်္ကျီက ခါးလယ်ဆီတွင် ဂါဝန်စထဲသို့ ထိုးသွင်းလျက် ရှိကာ ချပ်ချပ်ရပ်ရပ် ရှိနေသောကြောင့် အက်စီနီယာ၏ အချိုးအစားကျသော ကျောကုန်းနှင့် ပခုံးနှစ်ဖက်ကို ပေါ်လွင်နေ စေသည်။
တောင်စောင်းကို လှမ်း၍ တက်ရသည့်အခါတိုင်း ရေပုံးနှစ်လုံးကိုလည်း ထမ်းထားရသည် ဖြစ်ရကား အက်စီနီယာ ၏ ကိုယ်ခန္ဓာမှာ ရှေ့သို့ ကိုင်း၍ ညွတ်၍ သွားကာ လည်ပင်းတော် အောက်တွင် မို့မောက်လျက် ရှိသော ပစ္စည်းအစုံကို မြင်းပေါ်တွင် စီး၍ လိုက်ပါ လာသော ဂရီဂိုအား အထင်းသား ဖော်၍ ပြသကဲ့သို့ ရှိနေ၏။
ဂရီဂိုက အက်စီနီယာ၏ လှုပ်ပုံရှားပုံ သွားပုံလာပုံ မှန်သမျှကို ရွှန်းရွှန်းစားစား လိုက်၍ကြည့်ရင်း စောစောက ပြောလက်စ စကားကို ဆက်၍ပြောချင်စိတ် ပြင်းထန်လာသည်။
သို့ဖြစ်၍လည်း ...
“ခင်ဗျာ့ ယောက်ျားကြီး စစ်သင်တန်း တက်ဖို့ သွားတော့ .. ခင်ဗျားက အဖော်မရှိဘဲ ဖြစ်နေမယ် မဟုတ်လား၊ လွမ်းနေမယ် မဟုတ်လား”
အက်စီနီယာက ခေါင်းကို လှည့်၍ကြည့်ရင်း ပြုံးလိုက်၏။ အသွားကတော့ မရပ်။
“နင်က ငါ့အကြောင်းချည်းပဲပြောနေ၊ နင်ရော မိန်းမ မယူသေးဘူးလား၊ မိန်းမ ယူလိုက်ရင်...မိန်းမနဲ့ ခွဲနေရတော့ ဘယ်လိုဆိုတာ နင်လည်း သိလာမှာပေါ့”
အက်စီနီယာက အသက်ကို ပြင်းပြင်းရှူရင်း ပြောလိုက်၏။ ဂရီဂိုက မြင်းကို အက်စီနီယာနှင့် ရင်ပေါင်တန်း နေအောင် ရှေ့သို့ မောင်းလာပြီး အက်စီနီယာ၏ မျက်နှာကို ရွှန်းရွှန်းစားစား ကြည့်နေလေသည်။
“ခင်ဗျားကသာ လင်နဲ့ ခွဲရမယ့်အတွက် လွမ်းနေ၊ တခြားမိန်းမတွေ ကတော့ သူတို့ယောက်ျား စစ်သင်တန်း တက်ဖို့ သွားရတဲ့ အတွက် ဝမ်းတောင်သာနေကြသေး၊ ကျုပ်တို့မရီး ဒါရီယာဆိုတာ သူ့လင် မရှိတဲ့အချိန်မှာ ဝတောင်လာ လိမ့်ဦးမယ်”
ဂရီဂို၏ မှတ်ချက်ကို အက်စီနီယာက ပြန်၍ ထင်မြင်ချက်ပေးလိုက်၏။
“လင်ဆိုတာ.. မျှော့တော့ မဟုတ်ဘူး၊ ဒါပေမဲ့ သွေးစုပ်တဲ့နေရာမှာတော့ မျှော့နဲ့အတူတူပဲ၊ နင်ရော… မကြာခင် မင်္ဂလာ မဆောင်ဘူးလား၊ တို့တော့ နင် မင်္ဂလာဆောင်တာကို မြင်ချင်လှပြီ”
“ကျုပ်…ဘယ်တော့မင်္ဂလာဆောင်မယ်ဆိုတာ အဖေ့ဆန္ဒပေါ်မှာ တည်တယ်၊ စစ်မှုထမ်းပြီးမှ မင်္ဂလာဆောင် ဖြစ်လိမ့်မယ် ထင်တယ်”
“နင်က ငယ်ပါသေးတယ်ဟယ်၊ မိန်းမ မယူပါနဲ့ဦး”
“ဘာဖြစ်လို့ မယူရမှာလဲ”
“အိမ်ယာထူထောင်တယ်ဆိုတာ ကိုယ့်ဒုက္ခ ကိုယ် ရှာတာနဲ့ အတူတူပဲကွာ”
အက်စီနီယာက ဤသို့ဆိုရင်း မျက်လွှာကိုပင့်၍ ဂရီဂိုအား မော့ကြည့်လိုက်၏။ ပြီးမှ နှုတ်ခမ်းအစုံကို မဖွင့်ဘဲ ရင့်ကျက်သော ဣန္ဒြေဖြင့် ပြုံးလိုက်၏။
အက်စီနီယာ၏ နှုတ်ခမ်းအစုံမှာ ရမ္မက်ဆန္ဒ ပြင်းထန်သည့် အသွင်ကို ဆောင်နေကြောင်း ဂရီဂိုက ပထမဆုံး အကြိမ်အဖြစ် သတိထားလိုက်မိ၏။ ထူ၍ ရမ္မက်ပြင်းသည့် နှုတ်ခမ်းအစုံ။
ဂရီဂိုက မြင်းလည်ဆံမွေးများကို လက်ချောင်းများဖြင့် ဖြီးပေးရင်း ပြန်၍အဖြေပေးလိုက်၏။
“မင်္ဂလာဆောင်ဖို့လည်း ဆန္ဒမရှိပါဘူး၊ ခုတောင် ကျုပ်မှာ...ကျုပ်ကို... ချစ်တဲ့လူ ရှိနေပြီ”
“ဘယ်သူ့ကိုများ တွေ့နေပြီလဲ”
“ဘယ်သူ့ကိုများ တွေ့နေရဦးမှာလဲ၊ ခုဆိုရင် ခင်ဗျားယောက်ျား စတီပင်က စစ်သင်တန်းတက်ဖို့ သွားရတော့မှာပဲ မဟုတ်လား”
“ငါ့ကိုတော့ ယီးတီးယားတားလုပ်မယ် မကြံနဲ့ နော်၊ စတီပင်ကို တိုင်ပြောလိုက်မယ်”
“တိုင်ပြောလိုက်ရင်ရော... ကျုပ်က ကြောက်မှာတဲ့လား၊ ဘယ်လိုအကောင် ဆိုတာ ကျုပ်ကလည်း သတ္တိပြ လိုက်မှာပေါ့”
“သတ္တိပြလိုက်မယ်ဆိုပြီး ဟိုက ထိုးလိုက် ကြိတ်လိုက်လို့ ငိုတော့မငိုနဲ့ သူရဲကောင်းကြီးရယ်”
“ဒီလိုခြောက်လို့တော့..ဘယ်ကြောက်မလဲဗျာ”
“နင့်ကို ခြောက်နေတာ မဟုတ်ဘူး၊ စတီပင်က ထိုးလို့ ကြိတ်လို့ နင်ငိုရင် နင့်မျက်ရည်တွေကို သုတ်ဖို့အတွက် မျက်ရည်သုတ်ပဝါတွေကို တခြား မိန်းကလေးတွေဆီမှာ အနားလုံးခိုင်းထားစမ်းပါ၊ ကျုပ်ကိုတော့ မျက်စိနဲ့တောင် စေ့စေ့ မကြည့်ပါနဲ့”
“မကြည့်နဲ့ဆိုမှ ကျုပ်က ပိုပြီးကြည့်မယ်ဗျာ”
“ကဲ…ဒါလောက်တောင် ရှိလှတာ၊ ကြည့်ချင် သလောက် ကြည့်တော့ဟေ့”
အက်စီနီယာက ကျေအေးသည့် လေသံဖြင့် ပြန်ပြောရင်း ပြုံးလိုက်ပြီးနောက် ရင်ပေါင်တန်းနေသော မြင်းကို ဝိုက်၍ သွားနိုင်ရန်အတွက် လမ်းပေါ်မှ ဘေးဘက်သို့ ဆင်းလိုက်၏။ ဂရီဂိုက အက်စီနီယာ ဆင်း၍ သွားသည့်ဘက်သို့ မြင်းကိုလှည့်လိုက်ပြီး ရှေ့မှ ဆီးတား လိုက်၏။
“ငါ…သွားမယ်ကွယ်”
“မသွားရဘူး”
“ရူးမနေစမ်းပါနဲ့၊ ခရီးထွက်ခါနီးနေတဲ့ ငါ့ ယောက်ျားကို လုပ်ကိုင်ပေးစရာ ရှိသေးတယ်”
ဂရီဂိုက ကျီစယ်သည့် သဘောဖြင့် မြင်းကို ရှေ့သို့ တိုးပြီး အက်စီနီယာအား ကျောက်တောင်ရှိရာသို့ ရောက်အောင် ပြုံးရယ်လျက် တွန်းပေးနေ၏။
“ဟဲ့…. သေနာကောင်… ငါသွားပါရစေ၊ ဟိုမှာ လူတွေရှိတာ မမြင်လား၊ တို့ကို သူတို့ မြင်သွားရင် ဘယ်လို ထင်သွား ကြမလဲ”
အက်စီနီယာက ဤသို့ပြောရင်း ဘေးဆီသို့ ထိတ်လန့်တုန်လှုပ်စွာ တချက်မျှ ကြည့်လိုက်ပြီးနောက် မျက်မှောင် ကြုတ်လျက် ဂရီဂို၏မြင်းကို ပန်းဝိုက်ကာ ထွက်သွားသည်။ နောက်သို့ပင် စောင်းငဲ့၍ လှည့်ကြည့်ဖော် မရတော့။
ခြံဝင်းအတွင်းသို့ ပြန်လည်ရောက်ရှိသွားသောအခါ အစ်ကိုဖြစ်သူ ပိုင်အိုတျာက လှေကားထစ်များပေါ်တွင် ရှိသော အိမ်သူအိမ်သားများအား နှုတ်ဆက်နေသည် ကို ဂရီဂိုက တွေ့ရ၏။
ပိုင်အိုတျာသည် လှေကားထစ်များပေါ်မှ လျင်မြန်စွာ ဆင်းလာပြီး မြင်းဇက်ကြိုးကို ကိုင်ထားလိုက်၏။
ခရီးထွက်ရတော့မည်ဟု တိရစ္ဆာန်တို့ဘာဝ အနံ့ရသောမြင်းက မြူးလျက်ရှိပြီး ဇက်ကြိုးကို စိတ်မရှည်နိုင်သည့် အနေဖြင့် ဝါးနေသည်။
ပိုင်အိုတျာက ခြေတဖက်ကို မြင်းခြေနင်းကွင်းတွင် ထိုးသွင်းထားရင်း ဖခင်ဖြစ်သူအား လှမ်း၍ မှာနေ၏။
“နွားတွေကို သိပ်ပြီးမခိုင်းနဲ့ အဖေ၊ လာမယ့် ဆောင်းဦးပေါက်အချိန်မှာ ဒီကောင်ကြီးတွေကို ရောင်းထုတ် ပစ်လိုက်ရမှာပဲ၊ ဂရီဂိုက စစ်သင်တန်း တက်ရမှာ ဖြစ်တော့ သူ့အတွက် မြင်းတစ်ကောင်ဝယ်ဖို့ လိုလာလိမ့်မယ်၊ နို့ပြီး… ဝေစုရတဲ့ မြက်ခင်းပြင်က မြက်တွေကိုလည်း ရောင်းမပစ်လိုက်နဲ့ဦး၊ ဒီနှစ်မှာ... မှန်းသလောက် မြက်တွေ မရနိုင်ဘူး ဆိုတာလည်း အဖေ အသိပဲ မဟုတ်လား”
“အေး …ကောင်းပါပြီကွာ၊ ဘုရားသခင် မင်းကို စောင်မပါစေ၊ ခရီးထွက်ဖို့ အချိန်တော်ပြီ”
ဖခင်ဖြစ်သူ ပင်တာလီမွန်က မိမိကိုယ်ပေါ်တွင် လက်ဝါးကပ်တိုင်သဏ္ဌာန် အထိမ်းအမှတ်ပြုလုပ်ရင်း သားဖြစ်သူအား ပြောလိုက်၏။
ပိုင်အိုတျာက လေးလံသောသူ့ကိုယ်ခန္ဓာကြီးကို မြင်းကုန်းနှီးပေါ်၌ တည့်တည့်ကျအောင် လွှား၍တက် လိုက်ပြီး ခါးပတ် စည်းထားသော အင်္ကျီကို နောက်ကျော ဘက်တွင် ချပ်ချပ်ရပ်ရပ်ဖြစ်အောင် ပြုပြင်လိုက်၏။
မြူးနေသော မြင်းက ခြံဝင်းဝဆီသို့ ဦးတည်၍ သွားနေလေသည်။
မြင်းစီးဓားလွယ်က လှုပ်ရှားနေသော မြင်းနှင့် ကာရန် နဘေကိုက်အောင် ဟိုမှ သည်သို့ တဖျတ်ဖျတ် ခုန်နေ၏။ ဓားအိမ်ရှေ့ဘက်တွင် ထွက်နေသော လက်ကိုင်ရိုးက နေရောင်တွင် ဖျော့တော့စွာ တောက်နေ၏။
ဇနီးဖြစ်သူ ဒါရီယာက ကလေးကို ပွေ့ချီလျက် နောက်မှ လိုက်လာသည်။ မိခင်ဖြစ်သူက ခြံဝင်း အလယ်ကောင် တွင် မတ်တတ်ရပ်နေရင်း မျက်စိအစုံ ကို အင်္ကျီလက်ဖြင့် သုတ်နေသည်။
ဤအချိန်တွင်ပင် နှမငယ်ဖြစ်သူ ဒူနီယာက အထုပ်တထုပ်ကို ကိုင်လျက် အိမ်ပေါ်မှ ပြေးဆင်းလာပြီး ...
“အစ်ကိုကြီးရဲ့မုန့်တွေ မေ့ကျန်ရစ်ခဲ့ပြီ၊ အာလူးနဲ့ လုပ်ထားတဲ့မုန်တွေ ကျန်ရစ်ခဲ့ပြီ” ဟု တကြော်ကြော် အော်ရင်း ခြံဝရှိရာသို့ ရောက်လာ၏။
ခြံတံခါးတိုင်ကို မှီ၍ရပ်လိုက်သော ဒူနီယာ၏ မျက်နှာမှာ အဆီပြန်လျက်ရှိပြီး မျက်ရည်များက ဝမ်းနည်းမှုဖြင့် တောက်လောင်နေသော သူ၏ ပါးပြင်ပေါ်သို့ စိမ့်ယို၍စီးကျကာ အင်္ကျီပေါ်သို့ တပေါက်ပေါက် ကျနေလေသည်။
မိန်းမဖြစ်သူ ဒါရီယာက ထိုးနေသော နေရောင်ကို လက်တဖက်ဖြင့်ကာရင်း လင်ဖြစ်သူကို ငေးစိုက်၍ ကြည့်နေ သည်။ ပိုင်အိုတျာ၏ ကိုယ်ပေါ်တွင် ဝတ်ထားသော အင်္ကျီဖြူဖြူမှာ ဖုန်မှုန့်များတင်လျက် ရှိနေလေသည်။
ခြံတံခါးတိုင် တခုကို ဖခင်ဖြစ်သူ ပင်တာလီမွန်က လက်ဖြင့်ကိုင်လှုပ်ရင်း ဂရီဂိုအား လှမ်း၍ကြည့်လိုက်၏။
တံခါးတိုင်မှာ နှစ်ကြာသဖြင့် ဟောင်းနွမ်းဆွေးမြည့်နေပြီ ဖြစ်လေသည်။
"ခြံဝင်းတံခါးကိုလည်း ပြင်ပါဦးကွာ၊ တိုင်သစ် တခုလဲဖို့ လိုနေတယ်”
“ပိုင်အိုတျာတို့ သွားကြပြီ” ဟု အိမ်သူအိမ်သားများအား သတင်းပေးလိုက်၏။
အိမ်သူအိမ်သားများက ခွဲခွာ၍သွားရသော ပိုင်အိုတျာအတွက် စိတ်စက်မကောင်း ဖြစ်နေကြသည့် အချိန်တွင် ဂရီဂိုက မိုးမခ သစ်ကိုင်းသစ်ခက် များဖြင့် ကာထားသော ခြံစည်းရိုးအကြားမှနေ၍ တစ်ဖက်ရှိစတီပင်တို့ ခြံဝင်းကို စောင့်ကြည့်နေလေသည်။
စတီပင် ခရီးထွက်ရန် အတွက် အစစအရာရာ အသင့်ဖြစ်နေသည်ကို တွေ့မြင်ရ၏။
သိုးမွေးဂါဝန်ကို ဝတ်ဆင်ထားသော အက်စီနီယာ က စတီပင်၏မြင်းကို ခြံဝင်းဝရှိရာသို့ ဆွဲယူလာသည်။ စတီပင်က ပြုံးရယ်၍ တစုံတခု ပြောနေသည်ကို လည်း မြင်ရ၏။
စတီပင်က အက်စီနီယာအား စစ်မြေပြင်သို့ ထွက်သည့် စစ်သူကြီးတစ်ယောက်ကဲ့သို့ အမူအရာဖြင့် မိန်းမ ဖြစ်သူအား အချိန်ဆွဲ၍ နမ်းရှုပ်နေ၏။ သူ့လက်မောင်း တဖက်ကလည်း မို့မောက်သော အက်စီနီယာ၏ ရင်တလျှောက် တွင် အချိန်အတော်ကြာအောင် အလုပ်များနေလေသည်။
နေလောင်ထားပြီး အလုပ်ကြမ်းလုပ်ထားသော စတီပင်၏လက်က ဖြူဖွေးသော အက်စီနီယာ၏ အင်္ကျီဖြင့် နှိုင်းစာ၍ကြည့်လိုက်လျှင် မီးသွေးတုံးလို မည်းမှောင်လျက် ရှိသည်ဟု ဂရီဂိုက ထင်မိ၏။
စတီပင်က ဂရီဂိုအား ကျောပေးလျက်ရှိသည် ဖြစ်ရာ စတီပင်က မိန်းမအနီးသို့ ငုံ့လိုက်သည့် အခါတိုင်း ဂရီဂိုက စတီပင်၏ ပြောင်လက်စွာ ရိတ်ထားသော လည်ပင်းကိုလည်းကောင်း၊ ကျယ်သော်လည်း သွက်လက်ခြင်းမရှိသလို ဖြစ်နေသော ပခုံးနှစ်ဖက်ကို လည်းကောင်း၊ လေးကဲ့သို့ ကော့ထောင်၍ ထွက်နေသော အညိုနုရောင် နှုတ်ခမ်းမွေးကို လည်းကောင်း ခြံစည်းရိုး ကိုကျော်၍ မြင်နေရ၏။
အက်စီနီယာက စတီပင်ထံမှ ကြားလိုက်ရသော စကားတစုံတရာကြောင့် အသံကလေး ကျယ်ကျယ် ထွက်အောင် ရယ်လိုက်ရင်း ခေါင်းကို ခါ၍ပြနေသည်။
ကုန်းနှီးပေါ်တွင် သံမှိုဖြင့်စွဲထားသကဲ့သို့ စွဲစွဲမြဲမြဲ ထိုင်နေသော စတီပင်က အနက်ရောင်မြင်းကြီးကို ခပ်သွက်သွက်ကလေး နှင်ကာ ခြံဝင်းဝရှိရာသို့ တိုး၍ လာသောအခါ အက်စီနီယာက မြင်းခြေနင်းကွင်း တခုကို ကိုင်လျက် ဘေးမှ လိုက်လာကာ လင်ဖြစ်သူ၏ မျက်နှာကို ချစ်စဖွယ်ကောင်းသော အမူအရာ၊ အလို ရမ္မက်ပြင်းပြသော အကြည့်ဖြင့် မော့၍ကြည့်နေလေသည်။
မျက်တောင်မခတ်ဘဲ ဂရီဂိုက စတီပင်တို့ လင်မယားကို လမ်းချိုးတခုတွင် ပျောက်ကွယ်သွားသည် အထိ အချိန်ကြာမြင့်စွာ ငေးစိုက်၍ကြည့်နေလေသည်။
(ဂ)
ညနေစောင်းလာသည့်အချိန်တွင် မိုးမုန်တိုင်းတခု က တိုက်ခိုက်ရွာသွန်းတော့မည့်ဟန် ပြင်လာလေသည်။
ရွာအထက်ဘက်ရှိ ကောင်းကင်ယံတွင် မည်းမှောင်သော တိမ်တောင် တိမ်လိပ်တခုက ဟီးလေးခိုလျက် ရှိနေ၏။
လေက အဟုန်ဖြင့် တိုက်ခတ်၍ လာသည့်အလျောက် ဒွန်မြစ်ရေပြင်တွင် လှိုင်းခေါင်းဖြူကြီးများ ရုတ်ခြည်း ပေါ်လာပြီး ကမ်းစပ်သို့ လာ၍ ရိုက်လာကြ၏။
မိုးမရွာသေးဘဲ လျှပ်စီးများပြက်နေသောကြောင့် ကောင်းကင်ပြင်မှာ တဝင်းဝင်းတောက်နေ၏။ ရံဖန်ရံခါ ပေါ်ထွက်၍ လာသော မိုးချုန်းသံများက မြေအပြင်ကို ကိုင်၍လှုပ်သကဲ့သို့ ဖြစ်နေစေသည်။
တိမ်တောင် တိမ်လိပ်များအောက်တွင် လင်းတ တစ်ကောင်က အတောင်နှစ်ဖက်ကို ဖြန့်လျက် ဝဲပျံနေ၏။ တအာအာမြည်နေသော တောကျီးကန်းများက တကောင်တည်း ပျံဝဲနေသော လင်းတကို နောက်မှ လိုက်၍ ဝိုင်းအုံ ထိုးသုတ်ရန် ကြိုးပမ်းနေကြ၏။
မည်းမှောင်နေသော တိမ်တောင်တိမ်လိပ်တို့က အေးမြသော အခိုးအငွေ့များကို ထုတ်လွှတ်ရင်း အရှေ့ဘက်မှ နေ၍ ဒွန်မြစ်ကို ဖြတ်သန်းသွားကြသည်။
မြေနိမ့်ပိုင်း မြက်သောက်တောများရှိရာ ဟိုမှာ ဘက်အလွန်တွင် ကောင်းကင်ပြင်က ပြိုတော့မည်ကဲ့သို့ ငြိုးမာန် ဖွဲ့လျက်ရှိနေသေးသည်။ တောမရှိသည့် မြေညီကွင်းပြင်ကြီးက မိုးကို ငံ့မျှော်လျက် တိတ်ဆိတ် ငြိမ်သက်စွာ လဲလျောင်း နေ၏။ တတာ့ရက်(စ)ခ် ရွာထဲတွင် အိမ်တံခါးအားလုံး ပိတ်လျက်ရှိပြီး ပြတင်းတံခါးများတွင် တပ်ဆင်ထားသည့် တရုတ်ကပ် များမှာ လေအဟုန်ကြောင့် တဖျပ်ဖျပ်မြည်နေကြ၏။
အသက်အရွယ်ကြီးသော လူကြီးသူမများက မိမိတို့ ကိုယ်ပေါ်တွင် လက်ဝါးကပ်တိုင် အမှတ်အသားပြုရင်း မိမိတို့အိမ်ရှိရာသို့ သုတ်ခြေတင်၍ လာနေကြ၏။
ရွာရှိ ကွက်လပ်ပေါ်တွင် ဖုန်မှုန့်များက အဖြူရောင် ကျောက်တိုင်ကြီး တခုလို အုံကြွလျက် ရှိနေ၏။ ခြောက်သွေ့သော အပူဒဏ်ကို ကုန်း၍ ခံနေခဲ့ရသော မြေကြီးမှာ မိုးဦး၏ ရေစက်များဖြင့် ပျံ့နှံ့ဖုံးလွှမ်းခြင်းကို ခံယူရန် အသင့်ကြိုဆိုလျက် ရှိနေလေသည်။
ဖွတ်မြီးကျစ်ထားသော ဆံပင်လိပ်များကို ဟိုမှ သည်သို့ လှုပ်ရှား၍နေအောင် ဒူနီယာက ဝင်းခြံကို ဖြတ်၍ ပြေးရင်း ကြက်ခြံမှ တံခါးကို လုံအောင် ပိတ်လိုက်၏။ ပြီးမှ ကွက်လပ်အလယ်တွင် ရပ်လျက် မြင်းတစ်ကောင်ကဲ့သို့ နှာဝနှစ်ဖက်ကို ဆန့်ကား၍ ထုတ်နေ၏။
အန္တရာယ်ဖြစ်လာလိမ့်မည်ဟု တိရစ္ဆာန်တို့ဘာဝ အနံ့ရနေသော မြင်းတစ်ကောင်ကဲ့သို့တည်း။
အသက်ရှစ်နှစ်ခန့်ရှိသော မီရှကာက သူ့အဖေ၏ ဦးထုပ်ကြီးကို မျက်စိများ ဖုံးအုပ်နေသည်အထိ ကိုးရိုးကားရား ဆောင်းရင်း၊ လှည့်၍ ဝိုင်း၍ကရင်း သီချင်းတပုဒ်ကို အော်၍ဆိုနေလေသည်။
“မိုးရေ... မိုးရေ တိတ်ပါတော့၊ လည်လည်သွား ချင်ပေါ့၊ မြတ်ဘုရားရှင်ထံတော်ပါး၊ ဖူးဖို့သွားမယ်ဗျား”
ဒူနီယာက မီရှကာကို အားကျနေလေသည်။ အရှအန များနေသော ခြေထောက်နှစ်ဖက်ကို မြေကြီး ပေါ်တွင် ဆောင့်၍ခုန်ရင်း မိုးရေထဲတွင် လှည့်ပတ်၍ မီရှကာ က,နေသလို ဒူနီယာကလည်း က,လိုက် ချင်၏။ မိုးရေထဲသို့ထွက်၍ က,လိုက်ခြင်းဖြင့် ခေါင်းတွင် မိုးရေစိုကာ ဆံပင်များ သန်စွမ်းလာပြီး ကောက်၍ လာမည်ကို ဒူနီယာက လိုချင်သည်။
မီရှကာ၏ သူငယ်ချင်းကစားဖော်များလို လမ်းဘေးရှိ ဖုန်ထဲတွင် ကင်းမြီးကောက်ထောင်ချင်သည်။ ဤသို့ ထောင်ရင်း လမ်းဘေးအလွန်တွင်ရှိသော ဖက်ယားပင်များပေါ်သို့ လဲကျရခြင်းကပင် အရသာတစ်မျိုး ရှိမည်ဟု ထင်မှတ်နေမိ၏။
သို့ရာတွင် မိခင်ဖြစ်သူက ပြတင်းပေါက်မှနေ၍ မိမိအား ကြည့်နေရုံမက ပါးစပ်တလှုပ်လှုပ်ဖြင့် ဆဲဆို ရေရွတ်နေသည်ကို တွေ့မြင်နေရသော ဒူနီယာ က မိမိ၏ ဆန္ဒကို သက်ပြင်းတချက်ချ၍ ချုပ်ထိန်းထားလိုက်ပြီး အိမ်ထဲသို့ ပြန်၍ပြေးဝင်လာခဲ့လေသည်။
မိုးမှာ ယခုအချိန်တွင် သည်းထန်စွာ ရွာချနေပြီ ဖြစ်၏။ အိမ်ခေါင်မိုးတည့်တည့်ပေါ်တွင် မိုးချုန်းသံ တစ်ခုက တည့်တည့်မတ်မတ်ပေါ်ထွက်လာပြီး ဒွန်မြစ် ကို ဖြတ်ကျော်လျက် ဝေးရာဆီသို့ တဖြည်းဖြည်း ရွေ့၍သွားသည်။
အိမ်ခန်းဝတွင် ဖခင်ဖြစ်သူ ပင်တာလီမွန်နှင့် ချွေးစို့နေသော ဂရီဂိုတို့က အခန်းကျဉ်းလေး တခုထဲ တွင် သိမ်းထားသော ကြမ်းပိုက်4 တခုကို ဖြန့်၍ ကြည့်ရှုနေကြ၏။
“ပိုက်ချည်နဲ့ အပ်ကြီးကြီးတစ်ချောင်း မြန်မြန် ယူခဲ့စမ်းဟေ့”
ဂရီဂိုက ဒူနီယာအား အော်၍ပြောလိုက်၏။ ဒါရီယာက ပေါက်နေသော ပိုက်ကို စတင်ဖာနေ၏။ ယောက္ခမ ဖြစ်သူက မြေးကလေးကို ပုခက် လွှဲပေးရင်း သူ့ယောက်ျား ပင်တာလီမွန်ကို မြည်တွန် တောက်တီးနေလေသည်။
“အဘိုးကြီး …ဘာတွေများလုပ်နေတာလဲ၊ ဒီအချိန်ကြီးမှာ ဒါတွေလုပ်နေတယ် ဆိုတာ ယုံတောင် မယုံနိုင်ဘူး၊ အသက်ဆိုတာ ဘယ်လောက်အဖိုးတန်သလဲ၊ အဖိုးတန်တဲ့ အသက်ကို ရှင်က ဖျက်လိုဖျက်ဆီး လုပ်နေတာ မဟုတ်လား၊ ခုအချိန်မှာ အိပ်နေမယ်ဆိုရင်လည်း နေနိုင်သားပဲ၊ ခု... ဘယ်သွားမလို့ ဘယ်လိုသေဖို့ သွားဖို့ ... ဒီပိုက်ကို ဖာခိုင်းရတာလဲ၊ ငါးမရဘဲ ရေနစ်ပြီး သေနေဦးမယ်၊ ခုနက …အိမ်ခေါင်မိုးပေါ် တည့်တည့်မှာ မိုးချုန်းသံကြီးပေါ်လာတာ..ဘုရားသခင် က အပြစ်ပေးဖို့ ကြံစည်ကြောင်း ကြိုတင်ပြီး နိမိတ်ပြနေတာပဲ။ အိမ်တခုလုံး ဘယ်လိုတုန်သွားတယ် ဆိုတာ ကိုယ်တွေ့ပဲ မဟုတ်လား၊ ကြီးကျယ်မြင့်မြတ်လှသော ခရစ်တော်...နိဗ္ဗာန်ဘုံရဲ့ဘုရင်မဖြစ်တဲ့...”
ဤအချိန်တွင်ပင် မိုးခြိမ်းသံနှင့် လျှပ်စီးများ တဝင်းဝင်းလက်မှုကြောင့် မျက်စိကျိန်း လောက်အောင် အပြာရောင်များ ကွန့်မြူးသွားပြီး မီးဖိုချောင်ထဲတွင် စကားသံများ တိတ်ဆိတ်၍ သွားသည်။ တရုတ်ကပ် များပေါ်သို့ သွန်ချ၍နေသော မိုးရွာနေသံကိုသာ ကြားနေရ၏။
မိုးချုန်းသံက ပေါ်ထွက်လာ၏။ ဒူနီယာက ကြောက်လန့်ညည်းညူလျက် မျက်နှာကို ပိုက်အကြားတွင် မြုပ်၍ ထားလိုက်သည်။
ဒါရီယာက တံခါးနှင့် ပြတင်းပေါက်များရှိရာသို့ လက်ညှိုး ညွှန်လျက် လက်ဝါးကပ်တိုင် အထိမ်းအမှတ် များကို ပြုလုပ်လိုက်၏။ မိမိ ခြေထောက်နှစ်ဖက်ကို လာ၍ပွတ်သပ်နေသော ကြောင်ကို အဘွားကြီးက ကြောက်ရွံ့တုန်လှုပ်သော မျက်စိများဖြင့် ငေးစိုက်၍ ကြည့်ရင်း ..
“ဒူနီယာ ဒီကြောင်ကို မောင်းပြီးထုတ်လိုက်စမ်း” ဟု အမိန့်ပေးလိုက်၏။
“နိဗ္ဗာန်ဘုံ၏အရှင်သခင်မ၊ ကျွန်တော်မ၏ အပြစ်များကို ချမ်းသာပေးတော်မူပါ”
အဘွားကြီးက ဤသို့ဆုတောင်းရင်း သမီးဖြစ်သူ ဒူနီယာဘက်သို့ လှည့်၍ အမိန့်ပေးနေပြန်၏။
“ဒီကြောင်ကို ခြံဝင်းထဲလွှတ်ပစ်လိုက်စမ်း၊ ငါ့ကို လာပြီး ပွတ်မနေစမ်းနဲ့၊ အမှောင့်ပယောဂ ခိုနေတဲ့ အကောင်၊ ယခုပြုရသော..”
မိခင်ဖြစ်သူ၏ ကြောက်လန့်တကြား ဆုတောင်းပြောဆိုချက်ကို ဂရီဂိုက လက်ထဲတွင် ကိုင်ထားသော ပိုက်ကို လွှတ်ချရင်း တိတ်တခိုးရယ်နေ၏။ ခိုး၍ ရယ်ရသောကြောင့် ဂရီဂို၏ တကိုယ်လုံးမှာ တဆတ်ဆတ် တုန်နေလေသည်။
“ဟေ့ကောင် ဘာကို ကြိတ်ပြီး ရယ်နေတာလဲ၊ ဒါမျိုး မလုပ်နဲ့”
ဖခင်ဖြစ်သူ ပင်တာလီမွန်က ဂရီဂိုအား ကြိမ်းမောင်းလိုက်ပြီး ပိုက်ဖာနေသော အမျိုးသမီးများကိုပါ ဆက်၍ မာန်မဲ နေပြန်သည်။
“မြန်မြန်ဖာကြစမ်းဟေ့၊ တနေ့ကပဲ ဖာပါလို့ ပြောထားတာ ဘယ်သူမှ လှည့်ကြည့်ဖော်မရဘူး”
“ပိုက်ကိုသာ အဖာခိုင်းနေ၊ ဘာငါးများ ရမယ် လို့ ထင်နေတာလဲ”
ဇနီးဖြစ်သူက ပင်တာလီမွန်အား မြည်တွန် လိုက်၏။
“နားမလည်ရင်လည်း တိတ်တိတ်နေစမ်း၊ မုန်တိုင်း ထလာတော့ ငါးတွေဟာ ရေလယ်မှာ မနေရဲဘဲ ကမ်းပါး ဘက်ကို ခိုပြီးနေလိမ့်မယ်၊ ခုချိန်မှာ ရေက နောက်မသွားဖို့ပဲ အရေးကြီးတယ်။ ကိုင်း သမီးရဲ့… ရေမြောင်းတွေမှာ ရေတွေလျှံနေပြီလား ပြေးပြီး ကြည့်ချေစမ်း”
ဒူနီယာက မသွားချင်သော်လည်း ဖခင်၏အမိန့်ကို မလွန်ဆန်ဝံ့ဘဲ အိမ်ဝရှိရာသို့ ထွက်သွား၏။
ဇနီးဖြစ်သူ အီလီနစ်ချ်နာမှာ မကျေနိုင် မချမ်းနိုင်ဘဲ..
“ငါးဖမ်းဖို့သွားတာတော့ ဟုတ်ပါပြီ၊ ရှင်နဲ့အတူ ဘယ်သူက ရေထဲကို ဆင်းမှာတဲ့လဲ၊ ကျုပ်သမီးကိုတော့ ရေထဲ မဆင်းခိုင်းရဘူး၊ ရင်မှာ အအေးမိမှာ ကြောက်ရတယ်”ဟု အတင်း ကန့်ကွက်နေပြန်၏။
“ငါနဲ့ ဂရီဂိုက တပိုက်၊ နောက်ပိုက်တခု အတွက်ကတော့ အက်စီနီယာနဲ့ မိန်းမ တစ်ယောက်ယောက်ကို ခေါ်ပြီး ဖမ်းခိုင်းရမှာပေါ့”
အပြင်သို့ ထွက်သွားသော ဒူနီယာက အိမ်ထဲ ပြေးဝင်လာ၏။ အသက်ရှူပင် မှားနေလေသည်။
မျက်တောင်ကော့ကြီးများ ပေါ်တွင် မိုးရေပေါက်များက ဟီးလေးခို၍နေကြ၏။ ဒူနီယာထံမှ စိုစွတ်၍ မည်းညစ် နေသော ရွှံ့နံ့များ ပျံ့လွင့်နေသည်။
“မြောင်းတွေက ရေလျှံပြီး အရမ်းစီးနေတာပဲ” ဒူနီယာက ပင့်သက်ကလေးဖြာလိုက်ရင်း ပြောလိုက်၏။
“မိုးကာအင်္ကျီဝတ်ပြီး အက်စီနီယာဆီကို ပြေးစမ်း၊ တို့နဲ့ ငါးဖမ်းဖို့ လိုက်မယ်ဆိုရင် မာလက်ချ်ကာကိုပါ တခါတည်း ခေါ်ခဲ့လို့ …”
ခဏအတွင်းပင် ဒူနီယာက မိန်းမနှစ်ယောက်နှင့် အတူ ရောက်ရှိလာခဲ့၏။
အပြာရောင်ဂါဝန်နှင့် အင်္ကျီအစုတ်ကို ဝတ်ထားပြီး ခါးတွင် ခါးပန်းကြိုးတပင် စည်းထားသော အက်စီနီယာမှာ ခါတိုင်းထက် အရပ်တိုသွားပြီး ခါတိုင်းထက် ပိန်သွားသည်ဟု ထင်ရ၏။
ဒါနီယာနှင့် ပြောင်လှောင်ရယ်မော ပြောဆိုရင်း အက်စီနီယာက ခေါင်းမှ ခေါင်းဆောင်းပဝါကို ချွတ်လိုက်ကာ ဆံပင်ကို ပြန်၍ နောင်းအောင်ထုံးရင်း အက်စီနီယာက ဂရီဂိုအား အေးစက်စက် အမူအရာဖြင့် စိုက်၍ကြည့်၏။
ဆူဖြိုးသော မာလက်ချ်ကာက ခြေအိတ်ရှည်ကို ကြိုးချည်နေရာမှ အသံသြသြကြီးဖြင့် လှမ်း၍ ပြောနေသည်။
“အိတ်တွေ မရှိဘူးလား၊ ဒီနေ့တော့ ငါးတွေ တထမ်းကြီးရမှာ သေချာတယ်၊ ဘုရားစူးရမှာပဲ”
ငါးဖမ်းထွက်မည့်သူများသည် အိမ်ထဲမှ ပိုက်များ၊ အိတ်များကိုယူလျက် အပြင်သို့ထွက်သွားကြ၏။ မိုးက သည်းထန်စွာ ရွာနေဆဲဖြစ်၏။ အိုင်ကလေးများမှ ရေများက ချောင်းငယ် မြောင်းငယ်များသို့ စီးဝင်ပြီး ချောင်းငယ် မြောင်းငယ်များမှ ရေများကို ဒွန်မြစ်ရှိရာ သို့ စီးဆင်းနေလေသည်။
ဂရီဂိုက ရှေ့ဆောင်ကာ ရေဆိပ်ရှိရာသို့ လာခဲ့ကြ၏။
“တို့ … ခုတောင် ရေဆိပ်နားကို မရောက်သေးဘူးလား”
ဖခင်ဖြစ်သူ ပင်တာလီမွန်က ခဏအကြာတွင် မေးလိုက်၏။
“ရောက်ပါပြီ အဖေ”
“ဒီနေရာကစပြီး ဖမ်းရအောင်”
တဝူးဝူးမြည်အောင် တိုက်နေသော လေသံထက် ကျယ်အောင် ပင်တာလီမွန်က အော်၍ပြောလိုက်၏။
“အဘိုးပြောတာကို ဘာမှမကြားရဘူး”
မာလက်ချ်ကာ လည်ချောင်းသံ ပါလာအောင် အော်၍ပြောလိုက်သည်။
“ရေထဲကိုဆင်းပြီး ငါးဖမ်းဖို့ပြင်ကြလေ၊ ကျုပ်က ရေနက်တဲ့ဘက်က နေမယ်။ ဘုရားရေ… ဘယ်သူမှ ကျုပ်ပြောတာကို မကြားကြဘူးလား၊ ရေနက်တဲ့ဘက်က ကျုပ်နေမယ်၊ မာလက်ချ်ကာ.. ဟဲ့… အပင်းမ၊ ဘယ်ဘက်ကို သွားနေတာလဲ၊ ရေနက်ဘက်ကို ငါ ဆင်းမယ်လို့ ပြောနေတာ မကြားဘူးလား၊ ဟဲ့ ဂရီဂို… အက်စီနီယာက ကမ်းပါးဘက် က ဆွဲပါစေ”
ပင်တာလီမွန်က ညွှန်ကြားချက်ပေးနေစဉ် ဒွန်မြစ် က ရေစီးသံ တဟဲဟဲဖြင့် စီးဆင်းလာ၏။ စောင်း၍ ရွာကျ လာသော မိုးကမ္ဗလာက စုတ်ဖွား၍သွားအောင် တညင်းညင်းတိုက်ခတ်နေ၏။
ခြေဖြင့် တလှမ်းချင်းစမ်းရင်း ဂရီဂိုက ရေထဲတွင် ခါးထိရောက်အောင် ဆင်းနေသည်။ အေး၍ စိမ့်နေသော အတွေ့က သူ့ရင်ဘတ်ထဲသို့ ဝင်လာသည်ဟု ထင်ရပြီး အသည်းနှလုံးအိမ်ကို ဝိုင်းလျက် တည်ရှိနေသည်ဟု ထင်လာရ၏။
လှိုင်းများက ဂရီဂို၏မျက်နှာကို ကြိုးဖြင့်လာ၍ ရိုက်နေသကဲ့သို့ရှိပြီး သူ့မျက်စိအစုံကိုလည်း ဝက်အူလှည့်ဖြင့် ထိုး၍ ထုတ်နေသကဲ့သို့ ဖြစ်နေစေသည်။
ကိုင်ထားသောပိုက်က ဝမ်းဗိုက်မှ စူ၍ထွက်ကာ ရေနက်ထဲသို့ ပါသွားသည်။
သိုးမွေးခြေအိတ်တိုများကို ဝတ်ထားသော ဂရီဂို ၏ ခြေထောက်များက သဲပေါသော အောက်ခြေကို နင်းမိပြီး ကျွံ၍သွားခဲ့၏။ ကိုင်ထားသော ပိုက်က လက်ထဲမှ လွတ်၍သွားသည်။
ပို၍ ပို၍ နက်သော ရေထဲသို့ ရောက်သွားပြီး ချက်ချင်းပင် ခြေထောက်က မြေကို မထောက်နိုင်ဘဲ အောက်ခြေ လွတ်၍ သွားသည်။
ရေစီးက ဂရီဂိုအား အလယ်ကောင်ရေစီးကြောင်း ရှိရာသို့ တွန်းပို့နေသည်။
ဂရီဂိုက ညာလက်ကို အားပြု၍ ကူးခတ်ရင်း ကမ်းဘက်သို့ရောက်ရန် အပြင်းအထန်ကြိုးစားနေသည်။
လှိုင်းပွက်ပွက် ထနေသော နက်ရှိုင်းသည့် ရေက ဂရီဂိုအား ခြိမ်းခြောက်၍နေသည်။ ဒွန်မြစ်ထဲတွင် မကြာခဏ ဤအဖြစ်မျိုးနှင့် ကြုံခဲ့ဖူးပြီဖြစ်သော်လည်း ယခုအခါလောက် ဂရီဂိုက တခါမှ မကြောက်စဖူး။
မကြာခင်ပင် ခြေထောက်နှစ်ဖက်က မြစ်ရေပြင် အောက်တွင် ရှိသော မြေပြင်ကို ပြန်၍ နင်းမိ၏။ ရွှံ့ထူသော အောက်ခြေကို နင်းမိပြီး ငါးတစ်ကောင်က ဂရီဂို၏ ဒူးကို ခေါင်းဖြင့်တိုက်လျက် ဝေးရာသို့ ပြေးထွက်သွားသည်ကို သတိထားလိုက်မိ၏။
ပိုက်က နောက်တကြိမ် စောင်းထောင်လာကာ ရေနက်ထဲသို့ မျောပါသွားပြန်၏။ ပိုက်ကို လိုက်၍ ဖမ်းသော ဂရီဂို က ရေစီးကြောင်း အောက်ခြေလွတ်၍ သွားကာ ပါးစပ်ထဲသို့ ဝင်လာသော ရေများကို အန်ထုတ်ရင်း လက်ပစ်ကူး နေပြန်သည်။
ကမ်းခြေသို့နီးလာသော ဂရီဂိုက...
“အက်စီနီယာ...ခင်ဗျားရော ဘယ့်နှယ့်နေသလဲ” ဟု အော်၍မေးလိုက်၏။
“ငါက ဘာမှမဖြစ်ဘူး”
“မိုးက အရွာ မရပ်သေးဘူးလား”
“နည်းနည်းရွာနေတဲ့ မိုးက ရပ်သွားပြီ။ များများ ရွာတဲ့မိုးက…ဒလဟော သွန်ချနေပြန်ပြီ”
အက်စီနီယာ အနီးသို့ ရောက်လာသော ဂရီဂိုက သတိပေးစကား ပြောလိုက်၏။
“အော်ပြီးပြောမနေနဲ့၊ တိုးတိုးပဲပြော၊ အဖေ ကြားသွားရင် လှမ်းပြီးခေါ်နေလိမ့်မယ်”
“ဒီလိုတော့လည်း အဖေကို ကြောက်သားပါလား”
အက်စီနီယာက ဂရီဂို မခံချင်အောင် လှောင်လိုက်၏။
ဂရီဂိုက မည်သို့မျှ နှုတ်လှန်ထိုးဖော် မရသောကြောင့် သူတို့နှစ်ယောက်သည် တိတ်ဆိတ်စွာပင် ပိုက်ဆွဲ၍ နေကြလေသည်။
“ဂရီဂို ကမ်းပါးနားမှာ မြုပ်နေတဲ့ သစ်တုံးတတုံး ရှိတယ်၊ အဲဒီနေရာမှာ သွားပြီးဆွဲရရင် ကောင်းမယ် ထင်တယ်”
အက်စီနီယာ၏ အကြံပေးချက်မဆုံးမီ ရေနက်ဘက်၌ ရှိနေသောကြောင့် ပို၍ရေနက်ရာသို့ လွင့်ပါရ ပြန်သည်။
“အို … အား”
ပေါ်ထွက်လာသော အက်စီနီယာ၏ နာကျင်စွာ အော်ဟစ်မြည်တွန်သံကြောင့် ရေနက်ထဲသို့ ရောက်သွားသော ဂရီဂိုက အသံကြားရာဆီသို့ ဦးတည်၍ ကူးလာခဲ့၏။
“အက်စီနီယာ”
ဂရီဂိုက အော်၍ခေါ်လိုက်သည်။ လေသံနှင့် လှိုင်းသံများကြောင့် မိမိအသံကို အက်စီနီယာက ရုတ်တရက် ကြားနိုင်လိမ့်မည် မဟုတ်ဟု ယူဆကာ အက်စီနီယာ၏ အမည်ကို ထပ်၍ခေါ်လိုက်၏။ ဤသို့ ခေါ်ရင်းလည်း ကြောက်စိတ် ကြောင့် တကိုယ်လုံး ရေခဲလို တောင့်၍နေသည်ဟု ထင်နေမိ၏။
ဂရီဂိုက လက်စုံပစ်၍ အရမ်းကူးခတ်လာသည်။ ခြေအောက်တွင် တခုခုက မျော၍ ပါနေသည်ကို တွေ့ရ၏။ လက်ဖြင့် ကုန်း၍ကိုင်ကြည့်လိုက်သောအခါ လက်မှ လွတ်သွားသောပိုက် ဖြစ်နေသည်ကို တွေ့ရလေသည်။
ဤအချိန်တွင်ပင် ထိတ်လန့်တကြား အော်၍ မေးလိုက်သော အက်စီနီယာ၏အသံကို ကြားလိုက်၏။
“ဂရီဂို…နင် ဘယ်မှာရောက်နေတာလဲ”
ဂရီဂိုက ကမ်းစပ်သို့ ရောက်သည်အထိ လက်များ၊ ခြေများဖြင့် ကူးခတ်လာရင်း …
“ကျုပ်ခေါ်တာကို ခင်ဗျားက ဘာဖြစ်လို့ မထူးဘဲ နေတာလဲ” ဟု စိတ်ဆိုးမာန်ဆိုး မေးလိုက်၏။
ကမ်းစပ်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ကာ ရှုပ်ထွေးနေသော ပိုက်ကို ချမ်းတခိုက်ခိုက် တုန်ရင်း ဂရီဂိုက ပြန်၍ ရှင်းနေ၏။
ကွဲပြို၍သွားသော တိမ်တိုက်နှစ်ခု အကြားမှ လက ပေါ်ထွက်နေ၏။ ရေနိမ့်ပိုင်း မြက်သောက်တောများ၏ ဟိုမှာ ဘက်တွင် ကြိုးကြားကြိုးကြား မိုးထစ်ချုန်းနေ၏။
မြေကြီးမှာ ရေဖြင့် အခိုးပျံကာ အလျှံတပြောင်ပြောင် တောက်နေသည်။ မိုးရေဖြင့် ဆေးကြော၍ ချလိုက်ခြင်းခံ ရသော ကောင်းကင်ပြင်မှာ ကြည်လင်၍ လာကာ တည်ငြိမ်သည့်အသွင်ကို ဆောင်လာ၏။
ပိုက်ကို ချမ်းတခိုက်ခိုက်တုန်ရင်း ရှင်းနေသော ဂရီဂိုရှေ့တွင် ရှိနေသော အက်စီနီယာကို ငေးစိုက်၍ ကြည့်နေသည်။
အက်စီနီယာ၏ မျက်နှာမှာ မြေဖြူလို ဆွတ်ဆွတ် ဖြူနေသော်လည်း ထူနေသော နီထွေးနေသော နှုတ်ခမ်း အစုံ ကမူ အပြုံးပန်းပွင့်နေလေသည်။
“လှိုင်းပုတ်တဲ့ အရှိန်နဲ့ ကမ်းကို ဝင်တိုက်မိတော့ ငါဖြင့် အကြောက်ကြီး ကြောက်သွားတာပဲ၊ ကိုယ့်ဟာ ကိုယ်တောင် ဘယ်လိုဖြစ်သွားမှန်း မသိဘူး၊ နင်လည်း ရေနစ်ပြီးနေပြီလို့ ထင်လိုက်တာပဲ…”
ပိုက်ကို ကူ၍ရှင်းပေးနေသော အက်စီနီယာ၏ လက်က ဂရီဂို၏ လက်နှင့် သွား၍ထိမိသည်။ အက်စီနီယာက အအေးဒဏ်ဖြင့် တုန်သော သူ့လက်ကို ဂရီဂို၏ အင်္ကျီလက်အတွင်းသို့ ထိုးသွင်းရန် အားထုတ် လိုက်၏။
“နင့်လက်မောင်းအထိ လက်ကို ထိုးသွင်းလိုက်ရတာ သိပ်ကိုနွေးသွားတာပဲ၊ ငါတော့ တောင့်ပြီး သေသွားတော့ မလောက် ချမ်းနေပြီ”
အက်စီနီယာက သူ့လက်ကို ဂရီဂို၏ အင်္ကျီ လက်မောင်းရင်း အထိ ထိုးသွင်းပြီးနောက် အသံကလေး တုန်တုန်ဖြင့် ပြောလိုက်၏။
ကမ်းစပ်တလျှောက်မှ တစုံတယောက် ပြေးလာသည့် ခြေသံကို ကြားရ၏။ ဒူနီယာပင် ဖြစ်မည်ဟု ဂရီဂိုက မှန်းလိုက်ပြီး အော်၍မေးလိုက်၏။
“ပိုက်ဖာဖို့ ချည်တွေ ယူခဲ့ရဲ့လား”
“ယူခဲ့တယ်၊ အစ်ကိုလေးက ဒီမှာထိုင်ပြီး ဘာလုပ်နေတာလဲ၊ အဖေက အခေါ်လွှတ်လိုက်တယ်၊ ချက်ချင်း လာပါတဲ့၊ ကျွန်မတို့တော့ ငါးကြီးတွေ တအိတ်လောက်တောင် ရနေပြီ”
ဒူနီယာ၏အသံတွင် ဝမ်းမြောက်သည့်အသံ ပေါ်လွင်နေလေသည်။
အေးလှသဖြင့် သွားနှစ်ဖက်ကိုခိုက်ရင်း ပိုက်မှ အပေါက်များကို အက်စီနီယာက ဖာလိုက်၏။ ဖာ၍ ပြီးသွားသော အခါ အနွေးဓာတ် ရလာရန်အတွက် ဖခင်ဖြစ်သူ ပင်တာလီမွန် ရှိနေသော ကမ်းခြေရှိရာသို့ သုံးယောက်သား အားကုန် ပြေး၍ လာခဲ့ကြ၏။
အရှအနများကာ ရေနူးနေသဖြင့် ပွ၍နေသော လက်ချောင်းများဖြင့် စီးကရက် တလိပ်ကို လိပ်နေသည့် ပင်တာလီမွန် က ဂရီဂိုတို့ လူစုကို မြင်သောအခါ ထိုင်ရာမှ ထ၍ လက်သီးလက်မောင်းတန်းလိုက်ရင်း ဝါကြွားသော အသံဖြင့် ပြောလိုက်၏။
“ပထမအကြိမ်မှာ ရှစ်ကောင်တောင် မိတယ်၊ ဒုတိယအကြိမ်မှာ...”
ပင်တာလီမွန်က နေရာမှ ရပ်လိုက်ပြီး ငါးအပြည့် ရှိနေသော အိတ်ကို ခြေထောက်တဖက်ဖြင့် ထိုး၍ ပြလိုက်၏။
အက်စီနီယာက ငါးများထည့်ထားသည့်အိတ်ကို စူးစမ်းသည့်အမူအရာဖြင့် စိုက်၍ကြည့်နေ၏။ ငါးအိတ် ထဲမှ အသက်ပြင်းသော ငါးများ၏ တွန်းကန်လှုပ်ရှား နေသံကို ကြားရလေသည်။
“အင်း … တခါလောက်တော့ ဒူးအထိနက်အောင် ရေထဲဆင်းပြီး ငါးဖမ်းကြရအောင်၊ ပြီးရင် အိမ်ပြန်ကြတာပေါ့၊ ကဲ..ဂရီဂို ရေထဲကိုဆင်းလေကွာ၊ ဘာများ စောင့်နေရတာလဲ...”
ဖခင်ဖြစ်သူက ဆော်သြ လိုက်သောကြောင့် ဂရီဂို က ထုံကျင်နေသော ခြေထောက်များဖြင့် ရေထဲသို့ ဆင်းလာ၏။
ပိုက်ကို တဖက်မှ ကိုင်၍ထားသော အက်စီနီယာ မှာ အအေးဒဏ်ကြောင့် တုန်တုန်ခိုက်ခိုက် ဖြစ်နေသည့် အလျောက် ပိုက်ကို ကိုင်ရာတွင် လက်က မငြိမ်နိုင်အောင် ဖြစ်နေသည်။
ပိုက်တဖက်မှ ကိုင်၍နေသော ဂရီဂိုက လှုပ်ခါ၍ နေသော ပိုက်ကို ငုံ့ကြည့်ရင်း …
“လှုပ်မနေနဲ့လေ” ဟု ပြောလိုက်၏။
“ကျုပ်ကလည်း ပိုက်ကို မလှုပ်ချင်ပါဘူး၊ ဒါပေမဲ့ အသက်မရှူနိုင်လောက်အောင် ချမ်းနေတော့ အခက်သားပဲ”
“ဒါဖြင့်...ဒီမှာ နားထောင်စမ်း ... ဖြည်းဖြည်း ကလေးသွားပြီး ငါးကို ဖမ်းရအောင်”
ဂရီဂို၏ စကားအဆုံးတွင်ပင် ငါးသိုင်းကြီး တစ်ကောင်က ရွှေရောင် ဖော့ထုပ်ဝက်အူ ကဲ့သို့ ပိုက်ကို လူးလွန့် ထိုးဖောက်၍ ထွက်လာသည်။ ဂရီဂိုက ဖောက်၍ ထွက်လာသော ငါးသိုင်းကြီးပေါ်တွင် ပိုက်ကို အတင်းထိုး၍ ဖုံးလိုက်၏။ အက်စီနီယာက ကမ်းပါး ပေါ်သို့ တက်၍ပြေးသွားသည်။ လှိုင်းတလုံးက ကမ်းခြေ သောင်စပ်တွင် ချိုးလိုက်ပြီး နောက်သို့ ပြန်၍ ဆုတ်လာ၏။
ငါးတစ်ကောင်က ပိုက်ထဲတွင် လူးလွန့်လှုပ်ရှား လျက် ရှိနေလေသည်။
“မြက်သောက်တောကို ဖြတ်ပြီးပြန်ကြမလား…”
အက်စီနီယာက မေးလိုက်၏။
“သစ်တောအုပ်က ပိုပြီးနီးပါတယ်”
ဂရီဂိုက ပြန်ပြောလိုက်၏။
အက်စီနီယာက မျက်မှောင်တစ်ချက် ကြုတ်လိုက်ပြီး ရေစိုနေသော ဂါဝန်ကို ရေညှစ်လိုက်၏။ ပြီးမှ ငါး ထည့်ထားသော အိတ်ကို ပခုံးပေါ်တွင် တင်လျက် သုတ်ခြေတင်၍ တက်သွားသည်။
ဂရီဂိုက ပိုက်ကိုသိမ်း၍ နောက်မှလိုက်လာခဲ့၏။
နှစ်ယောက်သား ကိုက်နှစ်ရာကျော်ကျော်သို့ ရောက်လာသည့်အချိန်တွင် အက်စီနီယာ ညည်းညူစ ပြုလာ၏။
“ငါတော့ အေးလွန်းအားကြီးလို့ ရှေ့ဆက်ပြီး သွားဖို့တောင် အားမရှိတော့ဘူး”
“ဟော.. ဟိုမှာ… ကြည့်စမ်း၊ မနက်က ပုံထားတဲ့ ကောက်ရိုးပုံက ခုထက်ထိရှိတုန်းပဲ၊ ကောက်ရိုးပုံထဲ ဝင်နေရင် နွေးလာလိမ့်မယ်” ဟု ဂရီဂိုက အကြံပေးလိုက်၏။
“ကောင်းတယ်၊ ဒီအတိုင်းသာ အိမ်ကိုပြန်သွားရင်... လမ်းမှာ အေးပြီး သေမှာပဲ”
အက်စီနီယာ၏ သဘောတူညီချက်ကို နားထောင်ရင်း ဂရီဂိုက ကောက်ရိုးပုံထိပ်မှ ကောက်ရိုးများကို လှန်လိုက်ပြီး ကောက်ရိုးပုံထဲတွင် လူတစ်ယောက် နေသာရုံသာ တွင်းတတွင်းဖြစ်အောင် လုပ်နေသည်။ အချိန်ကြာအောင် စုပုံ၍နေခဲ့ရသော ကောက်ရိုးပုံက အနွေးဓာတ်များ ထွက်နေသည့်နည်းတူ ပုပ်စော်လည်း နံနေလေသည်။
“ကောက်ရိုးပုံအလယ် ရောက်အောင် တွားပြီး ဝင်သွား၊ မီးဖိုနားမှာ နေသလို နွေးနေလိမ့်မယ်”
အက်စီနီယာက ပခုံးပေါ်တွင် ထမ်းလာသော ငါးများပါသည့် အိတ်ကို ပစ်ချလိုက်ပြီး ကောက်ရိုးပုံ ထဲသို့ လည်ပင်း အထိ မြုပ်သွားအောင် ဝင်၍ ထိုင်လိုက်၏။
ချမ်းတခိုက်ခိုက်ဖြစ်နေသော ဂရီဂိုကလည်း အက်စီနီယာအနားသို့ တိုး၍ဝင်ထိုင်လိုက်၏။
ရေစို၍နေသော အက်စီနီယာ၏ ဆံကေသာဆီမှ သင်းသော်လည်း လှုံ့ဆော်သောအနံ့က ပျံ့လွင့်လာ၏။
အက်စီနီယာက ခေါင်းကို နောက်လှန်၍ထားရင်း ပါးစပ်ကို မဟတဟဖွင့်ကာ အသက်ကို မှန်မှန်ရှူ နေသည်။
“ခင်ဗျားဆံပင်က အဖြူပွင့်တွေပွင့်တဲ့ အဆိပ်ပန်းလို အနံ့ရတယ်၊ အဲဒီပန်းကို သိတယ်မဟုတ်လား”
ဂရီဂိုက အက်စီနီယာဆီသို့ ကိုယ်ကို ကိုင်းညွတ်ရင်း တီးတိုးသံဖြင့် စကားဆိုလိုက်၏။ အက်စီနီယာက တုံဏှိ ဘာဝေ ဆိတ်ဆိတ်နေ၏။
အက်စီနီယာ၏ အကြည့်မှာ ဝေးလံသော အရပ်ဆီသို့ ရီဝေသော မျက်လုံးများဖြင့် ကြည့်နေသော အကြည့်မျိုး ဖြစ်၏။ ဆုတ်နေသော လတခြမ်းပဲ့ကို ငေး၍ကြည့်နေခြင်းဖြစ်၏။
ထုံကျင်နေသောလက်ကို အိတ်ထဲတွင် လျှိုသွင်း ထားရာမှ ဂရီဂိုက ထုတ်လိုက်ပြီး အက်စီနီယာ၏ ခေါင်းကို သူ့ဘက်သို့ ရုတ်တရက် ဆွဲယူလိုက်၏။
အက်စီနီယာက အတင်းရုန်းကန်၍ထွက်လိုက်ပြီး ကောက်ရိုးပုံထဲမှလည်း ခုန်ချလိုက်၏။
“ငါသွားမယ်”
“တိတ်တိတ်နေစမ်း”
“ငါ သွားပြီ၊ မသွားရရင် အော်လိုက်မယ်”
“ခဏလေးနေစမ်းပါဦး ... အက်စီနီယာရယ်”
အက်စီနီယာက ဂရီဂို တောင်းပန်နေသည့် အကြားမှ လှမ်း၍ခေါ်လိုက်၏။
“အဘ....ပင်တာလီမွန်”
“လမ်းစပျောက်နေသလား”
ပင်တာလီမွန်၏ အသံက အလွန်နီးကပ်သော နေရာမှ ပေါ်ထွက်လာသည်ဟု ထင်ရ၏။ နှင်းဆီရိုင်း ချုံပုတ်များ ရှိရာ ဟိုမှာဘက်မှ ပေါ်ထွက်လာသော အသံနှင့်တူသည်။
ဂရီဂိုက အံသွားကို တချက်ကြိတ်လိုက်ရင်း ကောက်ရိုးပုံထဲမှ မြေကြီးပေါ်သို့ ခုန်ဆင်းလိုက်၏။ အနားသို့ ရောက်လာသော ပင်တာလီမွန်က..
“ဘာတွေ လျှောက်ပြီးအော်နေရတာလဲ၊ လမ်းစ ပျောက်နေလို့လား” ဟု လှမ်း၍မေးလိုက်၏။
ကောက်ရိုးပုံနားတွင် မတ်တတ်ရပ်နေသော အက်စီနီယာက ခေါင်းဆောင်းအဝတ်ကို ပြန်၍ ပြုပြင်ရင်း..
“လမ်းစပျောက်လို့ မဟုတ်ဘူး၊ အေးပြီး တောင့်သေတော့မလောက် ဖြစ်နေလို့ပါ” ဟု အဖြေ ပေးလိုက်၏။
အက်စီနီယာ၏ ကိုယ်မှ ရေဖိုးရေငွေ့များ တထောင်းထောင်း ထနေလေသည်။
“ဒီမှာ ကောက်ရိုးပုံ ရှိတယ် မဟုတ်လား၊ ကိုယ့်ဟာကိုယ် နွေးအောင် လုပ်နိုင်တယ် မဟုတ်လား”
ပင်တာလီမွန်၏ အဆိုကို အက်စီနီယာက ပြုံး၍ နားထောင်ရင်း ငါးများထည့်ထားသောအိတ်ကို ကုန်း၍ ကောက်လိုက်၏။
(ဃ)
တတာ့ရက်(စ်)ခ် ရွာမှ စစ်သင်တန်းစခန်းဖြစ်သော ဆီတျာကော့ဗ်သို့ မိုင်လေးဆယ်ခန့်ဝေးသည်။ ပိုင်အိုတျာ နှင့် စတီပင်တို့က လေးဘီးတပ် အမိုးပါသည့် မြင်းနှစ်ကောင် က,သော လှည်းတွင် အတူတူပင် စီး၍ လာခဲ့ကြ၏။ လှည်းပေါ် တွင် ရွာမှ သင်တန်းတက်မည့် ဖီအိုဒေါ့၊ ခရစ္စတိုနီယာနှင့် တိုမီလင်တို့လည်း ပါလာ၏။
ဖီအိုဒေါ့က မျက်နှာတွင် ကျောက်ပေါက်ရာ ရှိသော ကော့ဆက်အမျိုးသား ဖြစ်၏။
ခရစ္စတိုနီယာက ဗိုလ်ချုပ်ကြီး၏ သက်တော်စောင့် အရံတပ်ရင်းတွင် ဒုတိယအဆင့်ကို ရရှိထားသူဖြစ်၏။ တိုမီလင် က အမြောက်ပစ်သမား ဖြစ်သည်။
ခရီးထွက်လာပြီးနောက် နံနက်စာ စားသောက်ရန်အတွက် ခရီးတထောက် နားပြီးသောအခါ လှည်းတွင် ခရစ္စတိုနီယာ နှင့် စတီပင်တို့၏ မြင်းကို ‘က’ လိုက်ပြီး အခြားမြင်းများကိုမူ လှည်းနောက်တွင်ဆွဲ၍ ခရီးဆက်ခဲ့ကြ၏။
ဗိုလ်ချုပ်ကြီး၏ ကိုယ်ရံတော် တပ်ရင်းတွင် အမှုထမ်းလေ့ရှိသော စစ်သားများလိုပင် ခရစ္စတိုနီယာ က ဗလ ကြီးသလောက် ဦးနှောက်ချောင်သူ ဖြစ်၏။
သူက လှည်းကို မောင်းသည်။
ရှေ့တစ်ဖက်တွင် ခါးကို ကိုင်း၍ ထိုင်နေသောကြောင့် ခရစ္စတိုနီယာက လှည်းအတွင်းမှ ပေါ်ထွက်လာသော အလင်းရောင်ကို ကာ၍ထား သကဲ့သို့ ဖြစ်နေ၏။ အသံဩ အသံကြောင် အသံနက်ကြီးဖြင့် မြင်းများကို ငေါက်၍ မောင်းနေသည်။
ပိုင်အိုတျာ၊ စတီပင်နှင့် တိုမီလင်တို့က ကျဉ်းကျပ်သော အမိုးအောက်တွင် ဆေးလိပ်သောက်ရင်း လှဲ၍ လိုက်ပါ လာ၏။ ဖီအိုဒေါ့က လှည်းနောက်မှ လျှောက်၍ လိုက်ပါလာ၏။ ရှေ့မှ လမ်းပြ၍ မောင်းလာသော ခရစ္စတိုနီယာ၏ လှည်းနောက်ဘက်တွင် လှည်း ခုနစ်စီး၊ ရှစ်စီးခန့်က လှည်းနောက်ဘက်တွင် မြင်းများကို ဆွဲလျက် လိုက်ပါလာခဲ့ကြ၏။ အချို့မြင်းများတွင် ကုန်းနှီးတင်ထားပြီး အချို့မြင်းများတွင် ကုန်းနှီးမရှိ။
လမ်းတလျှောက်လုံးမှာ ရယ်သံ၊ အော်ဟစ်သံ၊ သီချင်းသံ၊ မြင်းများ နှာမှုတ်သံ၊ မြင်းကကြိုးများတွင် စည်းထားသော ခြူကလေးများ လှုပ်သံဖြင့် ဆူညံလျက် ရှိနေလေသည်။
ပိုင်အိုတျာက ဘီစကွတ်ထည့်ထားသော အိတ်ကို ခေါင်းခုလျက် လှဲရင်း ညိုဝါရောင်ရှိသည့် နှုတ်ခမ်းမွေး ကျင်စွယ် များကို လက်ဖြင့် ကျစ်၍နေသည်။
“စတီပင်”
ပိုင်အိုတျာက ခေါ်လိုက်သဖြင့် စတီပင်က ပြန်၍ ထူးလိုက်၏။
“သီချင်းတပုဒ်လောက် ဆိုကြရအောင်ကွာ”
“ပူအားကြီးတယ်၊ ကျွန်တော့် ပါးစပ်တောင် ခြောက်နေပြီ”
“အနီးတဝိုက်မှာ စားသောက်ဆိုင်ဆိုလို့ တဆိုင်မှ မရှိဘူး။ ဒီတော့ စားသောက်ဖို့ မျှော်မနေနဲ့”
“ခင်ဗျားပဲ ဆိုပါဗျာ။ ခင်ဗျားက သီချင်းဆို မကောင်းပေမဲ့ ခင်ဗျားညီ ဂရီဂိုက မင်းသားကျနေတာပဲ။ သူ့အသံက တကယ့်အသံပဲ။ ငွေကြောမျှင်ကလေးကို တီးခတ်လိုက်သလိုပဲ မဟုတ်လား”
စတီပင်က ဤသို့ပြောနေရာမှ ခေါင်းကို နောက်သို့လှန်ပြီး ချောင်းတချက်ဟန့်လိုက်၏။ ပြီးမှ အသံနေ အသံထား ဖြင့် သီချင်းတပုဒ်ကို စတင်၍ တိုးတိုး ပင် ညည်းလိုက်၏။
“ဟေး… နေနီနီရဲလို့ဖြာ….ကောင်းကင်မှာ စောစော ကြီးထွက်လို့လာ...”
တိုမီလင်က သူ့လက်ဝါးကို သူ့ပါးတွင် ကပ်ထားပြီး အောက်သံဖြင့် သီချင်းကို လိုက်ပေးနေ၏။ ဤသို့ လိုက်ပေးနေသည့် အချိန်တွင် တိုမီလင်၏ နားထင် များမှ အကြောကလေးများမှာ ထောင်၍ လာသည်ကို ပိုင်အိုတျာက ကြည့်ရင်း ပြုံးနေလေသည်။
“လုံမပျို ချောကညာ၊ စမ်းချောင်းကိုတဲ့ ဆင်းလို့လာ”
ခရစ္စတိုနီယာဘက်သို့ ကြည့်လျက် လှဲနေသော စတီပင်က တံတောင်ဆစ်ကို အားပြု၍ တဖက်သို့ လှည့်ရင်း...
“ခရစ္စတိုနီယာ လိုက်ဆိုပါကွာ..” ဟု ပြောလိုက်၏။
“လုလင်မောင် နီညိုရောင်မြင်းနဲ့မကြာ၊
ကညာပျို ရေခပ် အဆင်းမှာ...
အတင်းနှင်လို့လိုက်လာ…”
စတီပင်က ပိုင်အိုတျာအား ပြုံး၍လှည့်ကြည့်ရင်း အသံကို မြှင့်၍ ဆိုလိုက်၏။
ပါးမြိုင်းမွေးနှင့် မုတ်ဆိတ်မွေးများ ထူလပျစ်ကြီး ရှိနေသော မေးရိုးကြီးကို ဖြဲလျက် ခရစ္စတိုနီယာက မောင်းကွဲ သံကြီးဖြင့် သီချင်းလိုက်၍ ဆိုနေရာ အပေါ်တွင် မိုးထားသော ကတ္တရာစေး သုတ်ထားသည့် ရွက်ထည်ပင် လှုပ်ခါ၍ နေတော့၏။
ခရစ္စတိုနီယာက ဖိနပ်မပါသော ခြေထောက်တဖက်ကို လှည်းတန်းပေါ်တွင် ကန်၍ တင်ထားလိုက်ရင်း ပိုင်အိုတျာ သီချင်းစ၍ ဆိုမည့်အချိန်ကို စောင့်နေလေသည်။
အရိပ်ထဲသို့ ရောက်နေသော စတီပင်က မျက်နှာတွင် ချွေးများစို့လျက် မျက်စိအစုံကို ပိတ်လျက် သီချင်းကို ဆွဲငင်ဓာတ်ပါအောင် တိုးသင့်သည့်နေရာ တွင် တိုး၊ ကျယ်သင့်သည့်နေရာတွင် ကျယ်ဖြင့် သာယာညင်းပျောင်းစွာ သီဆိုနေ၏။
“စမ်းချောင်းကိုတဲ့ ရောက်တဲ့အခါ၊
နှမထွေး ဗျာပါဆံရာ၊
မောင်ကြီးမြင်း နီတျာတျာ၊
ရေတခါ ချစမ်းပါရစေဗျာ…”
ခရစ္စတိုနီယာက အသံကြောင်ကြီးဖြင့် ဟစ်၍ လိုက်ဆိုနေပြန်၏။ အနီးရှိလှည်းများမှ စစ်သင်တန်း တက်သွားမည့် သူများကလည်း သီချင်းကိုလိုက်၍ ဆိုသံများ ပေါ်ထွက်လာသည်။ လှည်းဘီးများပေါ်တွင် ပတ်ထားသော သံခွေများ၏ လမ်းကြိတ်သံနှင့် ဖုန်မှုန့်များကြောင့် ခဏ ခဏ နှာမှုတ်၍နေသော မြင်းသံများကလည်း ဆူညံနေ၏။
ခြေတံရှည်ရှည် အမြီးတိုတိုရှိသော ငှက်တကောင် က ဖြူဖွေးသော အတောင်ကိုဖြန့်ရင်း ခြောက်သရောင်း နေသော လယ်တောမှ ပျံ၍ပြေးသွား၏။
တစီးနောက်မှ တစီးလိုက်လာသော လှည်းတန်းကြီးကိုလည်းကောင်း၊ လမ်းကို ဖုန်တထောင်းထောင်း ထအောင် ခွာများဖြင့် ကန်ကျောက်လျက် ရုန်းနေသော မြင်းများကို လည်းကောင်း၊ ဖုန်တက်နေသော အင်္ကျီများကို ဝတ်လျက် လမ်းဘေးမှလျှောက်၍ လိုက်ပါလာသော လူများကို လည်းကောင်း အတောင်ဖြူဖြူရှိသော ငှက်က ကြည့်လျက် ပျံသန်း နေရာမှ တချက်မျှ အော်လိုက်ပြီး အခေါင်းတခုထဲသို့ ပြေးဝင် သွားသည်။
စတီပင်က လှည်းပေါ်တွင် မတ်တတ်ရပ်လိုက်ရင်း လက်တဖက်က အမိုးကို ကိုင်လျက် အခြားလက် တဖက်က အများနှင့်အတူ ဆိုင်းလိုက်နေပြီး ပါးစပ် ကလည်း သီချင်းတပုဒ်ကို ဆိုနေသည်။
ဖီအိုဒေါ့က လေချွန်လိုက်သည်။ မြင်းနှစ်ကောင်က ဇက်ကြိုးကို တင်းအောင် အဆွဲခံထားရသဖြင့် အတင်း ရုန်းကန်နေ၏။
ပိုင်အိုတျာက လှည်းအပြင်ဘက်သို့ ပြူ၍ ထွက်ပြီး အားရပါးရရယ်လျက် ဦးထုပ်ကို ဝှေ့ယမ်း၍ပြနေ၏။
စတီပင်က တောက်ပသော အပြုံးကို ရွှင်ပျစွာ ပြုံးလျက် သူ့ပခုံးနှစ်ဖက်ကို ကာဣန္ဒြေ မဲ့လောက်အောင် လှုပ်၍ က,နေသည်။ လမ်းတလျှောက်လုံးတွင် ဖုန်များက တထောင်းထောင်းထ၍နေသည်။
ခရစ္စတိုနီယာက လှည်းပေါ်မှ ခုန်ဆင်းလိုက်ပြီး ခါးပတ်လည်း မစည်း၊ အင်္ကျီစကလည်း ဖြန့်လျက်၊ ချွေးများဖြင့် စိုစွတ်ကာ ဖွာရာကြဲနေသော ဆံပင်ဖြင့် ကော့ဆက်အမျိုးသား အကကို လှည့်ပတ်၍ လှုပ်၍ ဝိုင်း၍ က,နေသည်။
မျက်မှောင်ကြုတ်လိုက်၊ ကျားဟိန်းသလို ဟိန်းလိုက် ပြုရင်း မြေပေါ်တွင် ဝိုင်းကြီးပတ်ချာလှည့်လျက် က,နေ သဖြင့် ခရစ္စတိုနီယာ၏ အလွန်တရာကြီးမားသော ခြေရာများမှာ ပိုးသားအဖြူရောင် ဖုန်မှုန့်များ ပေါ်တွင် ဘီလူးခြေရာ ကဲ့သို့ ထင်းထင်းကြီး တင်၍ ကျန်ရစ်လေသည်။
(င)
ပိုင်အိုတျာတို့ လူစုက သင်္ချိုင်းမြေပုံတခုအနီးတွင် ညအိပ်စခန်းချကြ၏။ မြေပုံထိပ်ဘက်တွင် သဲမြေများ ဖုံးလွှမ်းလျက် ရှိနေလေသည်။
အနောက်ဘက်တခိုမှ မိုးတိမ်တိုက်များက အငြိုး သို၍လာ၏။ တိမ်တိုက်တိမ်လွှာတို့၏ မဟူရာရောင် အတောင်ပံများ ဆီမှ မိုးစက်မိုးပေါက်များ ကျဆင်းလာသည်။
မြင်းများကို ရေကန်တကန်ထဲသို့ ဆွဲယူ၍ ရေတိုက်ရ၏။
တမံတာရိုးပေါ်တွင် ပေါက်ရောက်နေသော မိုးမခပင်များက လေတိုက်တိုင်း ညွှတ်ယိမ်းထိုး လှုပ်ရှားနေ ကြ၏။ တစ္ဆေလာ၍ ခြောက်နေသကဲ့သို့တည်း။
တမံတာရိုးအောက်ဘက်တွင် ရှိသော ရေမှာ ဗေဒါပင်များဖြင့် ပြည့်ကျပ်လျက် ရေဗလုံလေးများ စီနေသည်။ လျှပ်ပြက်လိုက်သည့်အခါတိုင်း တာရိုးအောက်ဘက်ရှိ ရေမျက်နှာပြင်ပေါ်တွင် တွန့်လိပ်လှုပ်ရှားနေသော လျှပ်ရောင် များက ရောင်ပြန်ဟပ်လျက် ပေါ်ထွက်လာသည်။
လေက မိုးစက်မိုးပေါက်များကို မြေကြီးပေါ်သို့ ဖြန့်ကြဲ၍ကျနေစေ၏။
မိခင်မြေကြီး၏ ညိုမှောင်သောလက်ဝါးများပေါ်သို့ ဆုပဏ္ဏာလက်ဆောင်များ ကြဲချနေသကဲ့သို့တည်း။
လှည်းနောက်မှ ဆွဲ၍ယူလာခဲ့သော မြင်းများကို မြက်ခင်းများပေါ်တွင် လှန်၍ထားလိုက်ပြီး အဖွဲ့သား သုံးယောက်ကို အစောင့်တာဝန် ပေးထားလိုက်၏။ ကျန်လူများက မီးဖိုသူဖို၊ ညစာချက်သူချက်ဖြင့် အလုပ်များနေ ကြသည်။
ခရစ္စတိုနီယာက မီးဖိုပေါ်တွင် တင်ထားသည့် လူးဆပ်အိုးကို စွန်းတခုဖြင့် မွှေပေးရင်း ဝိုင်း၍ ထိုင်နေသော ကော့ဆက်များအား အဖြစ်အပျက် ဇာတ်လမ်းတခုကို ပြောပြနေလေသည်။
“သင်္ချိုင်းမြေပုံက ဟောဒီဟာလိုပဲ၊ မြင့်မြင့်ပဲ၊ ကျွန်တော်က အဖေ့ကိုပြောတယ်၊ သူကြီးအမိန့်မရဘဲ.. ဒီသင်္ချိုင်း မြေပုံကို တူးရင် လာပြီး မဟန့်ဘူးလားလို့ မေးတယ်”
ခရစ္စတိုနီယာ၏ စကားကို ဖြတ်လျက် မြင်းများကို ကြည့်ရာမှ ပြန်လည်ရောက်ရှိလာသော စတီပင်က ကြားဖြတ်၍...
“ဒီလူက ဘာတွေလိမ်ပြီး ဇာတ်ထုပ်ခင်းနေတာ လဲ” ဟု မေးလိုက်သည်။
“ကျွန်တော့်အဖေနဲ့ ကျွန်တော် ဘယ်လို သိုက်တူးတယ်ဆိုတာ ပြောပြနေတာ”
ခရစ္စတိုနီယာက ပြန်၍အဖြေပေးလိုက်ရင်း သူ့ ဇာတ်လမ်းကို ဆက်နေပြန်၏။
“ဒီ…သင်္ချိုင်းမြေပုံက မာကူလော့ဗ်ရဲ့ သင်္ချိုင်း မြေပုံပဲ၊ ကျွန်တော့်အဖေက…လာဟဲ့ ခရစ္စတိုနီယာ ဘာပဲဖြစ်ဖြစ် ဒီသင်္ချိုင်းမြေပုံကို တူးကြမယ်လို့ပြောတယ်၊ မာကူလော့ဗ်ရဲ့ သင်္ချိုင်းမြေပုံထဲမှာ ရွှေငွေရတနာတွေ မြှုပ်နှံထားတယ်ဆိုတာ ကျွန်တော့်အဖေက ကျွန်တော့် အဘိုးဆီက တဆင့်ကြားခဲ့ရတာကို၊ အဖေက… ဘုရားသခင်ကို တိုင်တည်လိုက်ပြီး ကျွန်တော်မျိုးသာ သင်္ချိုင်းမြေပုံအတွင်းက ရွှေငွေရတနာတွေကို တူးဖော်ရရှိခဲ့ရင်... အင်မတန်လှပတဲ့ ဘုရားရှိခိုးကျောင်း တခု ဆောက်ပါ့မယ်လို့ သစ္စာပြုခဲ့တယ်။ ဒီလို သစ္စာကတိပြုပြီး အဖေနဲ့ ကျွန်တော်က သင်္ချိုင်းမြေပုံကို တူးကြတာပဲ။ မာကူလော့ဗ်ရဲ့ သင်္ချိုင်းမြေပုံဟာ ပုဂ္ဂလိကပိုင် မဟုတ်တဲ့ မြေကြီးပေါ်မှာ တည်ရှိနေတော့ ကျွန်တော်တို့ကို ဘယ်သူမှ လာပြီး မတူးပါနဲ့လို့ မတားနိုင်ဘူး၊ သူကြီးတစ်ယောက်ကပဲ လာပြီးတားနိုင်ခွင့်ရှိတယ်။
“အဲဒီသင်္ချိုင်းမြေပုံရှိရာကို ညနေအတော်စောင်းမှ ကျွန်တော်တို့ ရောက်လာကြတယ်၊ မိုးစုပ်စုပ်ချုပ်တဲ့ အထိ စောင့်နေပြီးမှ အဖေနဲ့ ကျွန်တော်က သင်္ချိုင်း မြေပုံကို ထိပ်ကနေပြီး တူရွင်းပြားတွေနဲ့ စ,တူးကြတယ်။
“ခြောက်ပေလောက် နက်တဲ့အထိ တူးမိကြတော့ မြေကြီးက ကျောက်ခဲလို မာလာတယ်၊ ကျွန်တော့် တကိုယ်လုံး မှာ ချွေးတွေနဲ့ ရွှဲနေတော့တာပဲ၊ အဖေ ကတော့ ဘုရားစာကို ရွတ်ရင်း တူးမြဲ ဆက်ပြီး တူးနေတယ်၊ ကျွန်တော်ကတော့ ဗိုက်ထဲက မနေနိုင် မထိုင်နိုင်လောက်အောင် ဆာလာတော့ ခက်လာတာပေါ့။
"နွေဘက်ဆိုရင် ကျွန်တော်တို့ ဘာတွေစားရတယ် ဆိုတာ ခင်ဗျားတို့လည်း သိကြသားပဲမဟုတ်လား၊ နို့ချဉ်နဲ့ ဂျုံနဲ့ချက်တဲ့ ဗျစ်အရက်ပဲ မဟုတ်လား၊ အဖေက ဘုရားစာတွေ ရွတ်နေပေမယ့် ကျွန်တော်ကတော့ နို့ချဉ်ကိုစားလိုက်၊ ဗျစ်အရက်ကိုသောက်လိုက် လုပ်နေမိတယ်။ ဒီတော့ အဖေက ဖွီခနဲ တံတွေးထွေးလိုက်ပြီး ဒါ ခရစ်ယာန်တဲ့လား၊ ခရစ်ယာန်မဟုတ်ဘူး၊ မိစ္ဆာဒိဋ္ဌိပဲ။ ငါကတော့ ဘုရားစာ တရားစာတွေ ရွတ်လို့၊ မင်း ကတော့ နို့ချဉ်နဲ့ ဗျစ်အရက်ကို သောက်လို့ ဆိုပြီး ကြိမ်းမောင်းလိုက်တယ်။ ဒီတော့ ကျွန်တော်က တွင်းထဲက ထွက်လာတဲ့ အပုပ်နံ့ကို မခံနိုင်လို့ သောက်မိတာပါ အဖေလို့ ပြောလိုက်မိတယ်။
“ဒီတော့ အဖေက တွင်းထဲက ထွက်သွားစမ်း၊ မထွက်ရင် မင်းခေါင်းကို တူးရင်းပြားနဲ့ ရိုက်ပြီး ခွဲပစ်လိုက်မယ်လို့ ကြိမ်းမောင်းလိုက်ပါတယ်။ မင်း လုပ်ပုံကိုင်ပုံနဲ့ဆိုရင် ရွှေငွေရတနာတွေဟာ မြေကြီးထဲကို နက်သထက်နက်အောင် မြုပ်သွားတော့မှာပဲ လို့လည်း အဖေက ပြောပါတယ်။ အဖေ့ရန်ကို ကြောက်တာနဲ့ ကျွန်တော်ဟာ မြေတွင်းထဲက ထွက်ပြီး အပြင်ဘက်မှာ ပက်လက်ကြီးလှန်ပြီး လှဲနေတယ်။ အစာကိုလည်း ဆက်ပြီးမစားရတော့ ဗိုက်ထဲက တကြုတ်ကြုတ်နဲ့ ဖြစ်နေတာပေါ့ဗျာ။ ကျွန်တော့်အဖေကတော့ သန်စွမ်းတဲ့ လူကြီးတစ်ယောက်မို့လို့ တစ်ယောက်တည်း ဆက်ပြီး တူးနေ တယ်။ တူးရင်းတူးရင်းနဲ့ တွင်းအောက်မှာ ကျောက်ဖျာကြီးတချပ် ခံနေတာကို တွေ့ရပါလေရော။
“ဒီတော့မှ အဖေက ကျွန်တော့်ကို ခေါ်တယ်၊ ကျွန်တော်က သံကုတ်တခုကို ယူပြီး ကျောက်ဖျာကြီးကို မ,တာ ပေါ့။ လကလည်း ထိန်ထိန်သာလို့ဗျာ၊ ကျွန်တော်ပြောတာကို ယုံစမ်းပါ။ ကျောက်ဖျာကြီးကို သံကုတ်နဲ့ ဆွဲလို့ မ,လိုက် တော့ လား…လား ကျောက်ဖျာအောက်မှာ ဘာတွေ့ရသလဲဆိုတော့ အရောင် တလက်လက်နဲ့”
ခရစ္စတိုနီယာက သူ့ဇာတ်လမ်းကို အဆုံး မသတ်နိုင်မီ ပိုင်အိုတျာက ရယ်ရယ်မောမောဖြင့် ကြားဝင်၍ ပြောလိုက်ရင်း သူ့နှုတ်ခမ်းမွေး ကျင်စွယ်များကို လက်ဖြင့် လိမ်ဆွဲနေသည်။
“ဒါကတော့ မောင်ရင် ညာနေတာပဲ မဟုတ်လား”
“ဘာလို့ညာရမှာလဲ၊ မညာပါဘူးဗျာ၊ သေမင်းကြီး ငင်ရပါစေရဲ့၊ သေမင်းကြီး တင်မက သေမင်းကြီး အမေပါ ငင်ရပါစေရဲ့”
ခရစ္စတိုနီယာက ဘောင်းဘီဖင်ကြားကို လက်ဖြင့် ကုတ်ရင်း အနားတွင် ဝိုင်း၍ နားထောင်နေသော သူများကို လှည့်၍ကြည့်လိုက်၏။
ပြီးမှ...
“ကျွန်တော် ညာနေတာ မဟုတ်ပါဘူးဗျာ... ဘုရားစူးပါစေရဲ့၊ အရောင်တလက်လက်နဲ့။ ကျွန်တော် ကြည့်လိုက်တော့ အရောင်တလက်လက်နဲ့ ရှိနေတာတွေဟာ မီးသွေးတွေ ဖြစ်နေပါလေရောဗျာ၊ မီးသွေး တင်းပေါင်း လေးဆယ်လောက် ရှိလိမ့်မယ်ထင်တယ်။ အဖေက ကျွန်တော့်ကို ဟေ့ကောင်... အထဲကိုဝင်ပြီး တူးကြည့်ပါဦးကွာလို့ ပြောတယ်။ အဖေပြောတဲ့အတိုင်း ကျွန်တော်ကလည်း မီးသွေးပုံကြီးကို စ,ပြီးတူးတာပဲ။ တူးနေလိုက်တာ မနက် မိုးလင်းတဲ့ အထိပါပဲဗျာ၊ မိုးလင်းတော့ တွင်းပေါ်ကို မော့ကြည့်လိုက်မိရင်ပဲ တွင်းနှုတ်ခမ်း ပေါ်မှာ သူ.. သူ… ရောက်လာ တော့တာပဲဗျာ”
“ဘယ်သူရောက်လာတာလဲဗျာ” ကိုမီလင်က မေးလိုက်၏။
“ဘယ်သူဖြစ်ရဦးမှာလဲ။ သူကြီးပေါ့။ သူကြီးလေ… သူကြီး။ ကျွန်တော်တို့တူးနေတဲ့ တွင်းနားကို မြင်းစီး ထွက်ရင်း သူကြီးက ရောက်လာတာပေါ့။ သူကြီးက ဘယ်သူက တူးဖို့ အမိန့်ပေးသလဲ၊ ဘာလဲ..ညာလဲ.. စသဖြင့် ဆက်တိုက်ကြီး မေးမြန်းပြီး အဖေနဲ့ ကျွန်တော့်ကို ဖမ်းပြီး ရွာထဲကို ခေါ်သွားပါလေရောဗျာ။ ဒီအမှုနဲ့ ပတ်သက်ပြီး အဖေနဲ့ ကျွန်တော့်ကို ကာမန်စကာယာ မှာရှိတဲ့ ရုံးကို အစစ်ခံဖို့ ခေါ်တယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး ဘာတွေ ဖြစ်လာမယ် ဆိုတာ သိနေတဲ့ အဖေကတော့ အမှုစစ်ဖို့ ခေါ်တဲ့ မနှစ်တနှစ် မရောက်ခင်ကပဲ သေဖြစ်အောင် သေသွားပါလေရောဗျာ...။ ဒီတော့ ကျွန်တော်တို့ ကလည်း တစ် တရားခံဖြစ်တဲ့ ကျွန်တော့် အဖေ သေဆုံးသွားပြီ ဖြစ်တဲ့အကြောင်း ရုံးကို အကြောင်းကြားရတာပေါ့ဗျာ”
ခရစ္စတိုနီယာက လူးဆပ်များကို ကျိုထားသော အိုးကို ယူလျက် လှည်းရှိရာသို့ ဇွန်းများယူရန် ထသွားသည်။
“ဒါဖြင့် ခင်ဗျားအဖေက ဘုရားရှိခိုးကျောင်း တဆောင် ဆောက်ပါ့မယ်လို့ ကတိသစ္စာပြုထားခဲ့ တာကိုရော မဆောက်ခဲ့ဘူးလား”
စွန်းယူရာမှ မီးဖိုအနားသို့ ပြန်ရောက်လာသော ခရစ္စတိုနီယာအား စတီပင်က မေးလိုက်၏။
“ခင်ဗျားက အရူးလား၊ မီးသွေးတွေနဲ့ ဘယ်လိုလုပ်ပြီး ဆောက်မှာလဲ”
“ဘုရားသခင်ဆီမှာ ကတိသစ္စာပြုထားရင်တော့ ဆောက်ရမှာပေါ့ဗျာ”
“အဖေက မီးသွေးရရင် ဆောက်ပါ့မယ်လို့မှ ကတိထားတာမှ မဟုတ်ဘဲ။ နို့ပြီး …”
မီးဖိုနားတွင် ဝိုင်း၍ထိုင်နေကြသူများ၏ ရယ်သံကြောင့် မီးဖိုမှ မီးတောက်မီးလျှံများပင် ယိမ်းထိုး လှုပ်ရှား၍ နေကြ၏။
လူးဆပ်အိုးပေါ်တွင် ခေါင်းငုံ့လျက် ခပ်ယူနေသော ခရစ္စတိုနီယာက အခြားသူများ ဘာကြောင့် တဟားဟား ရယ်မောနေသည်ကို မသိဘဲ အခြားသူ များထက် အသံကျယ်အောင် ဟားတိုက်၍ ရယ်လိုက် လေသည်။
(စ)
အက်စီနီယာကို စတီပင်နှင့် ပေးစားသည့်အချိန် တွင် အသက် (၁၇) နှစ်မျှသာ ရှိသေး၏။ အက်စီနီယာ ကို ဒွန်မြစ် တဖက်ကမ်း ပေါ်ရှိ ဒူဘရော့ဗ်ကာရွာတွင် ဖွားမြင်ခဲ့၏။ သဲသောင်ပြင် ပေါများသော ဒွန်မြစ် လက်ဝဲဘက် ကမ်းတွင် ရှိသည့် ရွာတည်း။
စတီပင်နှင့် လက်ထပ်ပေးစားခြင်းမပြုမီ တစ်နှစ်ခန့်က အက်စီနီယာသည် ဖခင်ဖြစ်သူနှင့်အတူ ရွာမှ (၅) မိုင်ခန့် ဝေးကွာသော လယ်တောသို့ လယ်ထွန်ရာတွင် အကူအညီပေးရန် လိုက်ပါသွားခဲ့ရ၏။
ညအချိန်တွင် အသက် (၅၀) ခန့်ရှိသော ဖခင်ဖြစ်သူက အက်စီနီယာအား လက်ကို ကြိုးဖြင့် ချည်နှောင် ပြီးနောက် မုဒိမ်းကျင့်လေသည်။
“ဒီအကြောင်းကို နည်းနည်းကလေးမှ စကားမဟနဲ့ ဟရင် နင့်ကို သတ်ပစ်မယ်၊ ဘယ်သူ့ကိုမှ စကားမဟ ဘဲ တိတ်တိတ်ကလေးနေရင် နင့်အတွက် ကတ္တီပါ အင်္ကျီတထည်နဲ့ ဖိနပ်အပေါ်က ထပ်ရတဲ့ ခြေပတ်နဲ့ အပေါ်ထပ် ကြက်ပေါင်စေးဖိနပ် ဝယ်ပေးမယ်၊ သတိသာ ထားနေဟေ့၊ တကယ်လို့သာ ဒီအကြောင်းကို ဟရင် နင့်ကို ငါသတ်မှာပဲ”
ဖခင်ဖြစ်သူက ချော့တခါ ခြောက်တလှည့်ဖြင့် အက်စီနီယာကို ဟန့်တားထားခဲ့၏။ သို့ရာတွင် ထိုနေ ည၌ပင် မှောင်ကြီးမည်းကြီးထဲ၌ အတွင်းခံအင်္ကျီစုတ် ဖြင့်ပင် ရွာသို့အရောက် ထွက်ပြေးလာခဲ့ပြီး မိခင်၏ခြေကို ဖက်လျက် ငိုကြွေးရင်း ဖြစ်သမျှအကြောင်းကို ဇာတ်စုံဖွင့်၍ တိုင်တမ်းပြောဆိုခဲ့၏။
မိခင်ဖြစ်သူနှင့် အစ်ကိုဖြစ်သူသည် မြင်းနှစ်ကောင် ကို လေးဘီးတပ်သော လှည်း၌ က,ပြီးနောက် အက်စီနီယာကို လှည်းပေါ်သို့ အတင်းဆွဲ၍ တင်ပြီးလျှင် ဖခင်ရှိရာ လယ်တောသို့ မောင်း၍လာခဲ့ကြ၏။ (၅) မိုင် လောက်ရှိသော ခရီးကို မရပ်မနားဘဲ အပြင်းမောင်း၍ လာခဲ့သောကြောင့် မြင်းများမှာလည်း သေလုမတတ် မောဟိုက် နေကြ၏။
ဖခင်ဖြစ်သူကို လယ်တဲနှင့် ခပ်နီးနီးတွင် တွေ့ရ၏။ အပေါ်ဝတ်ကုတ်အင်္ကျီပေါ်တွင် မူးမူးဖြင့် အိပ်ပျော်နေပြီး အနားတွင်လည်း ဗော့ကာအရက် ပုလင်းလွတ် တလုံးက ရှိနေလေသည်။
အက်စီနီယာက ကြည့်နေစဉ်မှာပင် အစ်ကို ဖြစ်သူက လှည်းမှ လှည်းဒေါက်ကို ဖြုတ်ယူလိုက်ပြီး ဖခင်ဖြစ်သူကို ခြေထောက်နှစ်ဖက်မှဆွဲ၍ နှိုးလိုက်ကာ ဖြစ်ပျက်ခဲ့သော ဇာတ်ထုပ်ကို တိုတိုတုတ်တုတ်ပင် မေးလိုက်ပြီးနောက် ဖခင်ဖြစ်သူ၏ နဖူးအလယ် တည့်တည့်ကို သံကွပ်ထားသော လှည်းဒေါက်ဖြင့် ရိုက်ချလိုက်၏။
အစ်ကိုဖြစ်သူနှင့် မိခင်တို့သည် ဖခင်ဖြစ်သူနှင့် လင်ဖြစ်သူအား တစ်နာရီခွဲခန့် ကြာအောင် စိတ်ရှိလက်ရှိ စိမ်ပြေနပြေ ရိုက်နှက်နေကြ၏။
စိတ်သဘော ကောင်းသလောက် ဒေါသကြီးတတ်သော မိခင်ဖြစ်သူက အသက်လည်း ကြီးနေသူပီပီ သတိလစ် နေသော လင်ယောက်ျားကို ဆံပင်မှ ဆွဲ၍ ရိုက်နေ၏။ အစ်ကိုဖြစ်သူက ခြေထောက်ဖြင့် ကန်ကျောက်နေသည်။
လှည်းအိမ်အောက်တွင် ဝင်၍ပုနေသော အက်စီနီယာက ခေါင်းကို အဝတ်တခုဖြင့် ခြုံထားရင်းကပင် ကြောက်စိတ်ဖြင့် တဆတ်ဆတ် တုန်နေလေသည်။
နံနက် အရုဏ်မသောက်မီကလေးတွင် သူတို့ သုံးယောက်က ဒဏ်ရာဒဏ်ချက်များဖြင့် သတိလစ်နေသော ဖခင် ဖြစ်သူအား လှည်းဖြင့် တင်ဆောင်၍ ရွာရှိအိမ်သို့ ခေါ်လာခဲ့ကြ၏။
ဖခင်ဖြစ်သူက နာကျင်စွာ အော်ဟစ်ညည်းညူရင်း သတိရလာသည့်အချိန်တွင် အခန်းပတ်ပတ်လည်ကို လှည့်ကြည့်လျက် သမီးဖြစ်သူအား ရှာနေ၏။ အက်စီနီယာက ဖခင်နှင့် ဝေးသည့်နေရာတွင် ပုန်းနေလေသည်။
ဖခင်ဖြစ်သူ၏ စုတ်ပြတ်ပဲ့ရွဲ့နေသော နားမှ သွေးနှင့် သားနံရည်များ ခေါင်းအုံးပေါ်သို့ တသွင်သွင် စီးကျ လာသည်။ ညနေ စောင်းလာသည့်အချိန်တွင် ဖခင်ဖြစ်သူ သေဆုံးသွားလေသည်။
ဤသို့သေဆုံးရခြင်းမှာ လှည်းပေါ်မှ လိမ့်ကျသောကြောင့် ဖြစ်သည်ဟု အိမ်သူအိမ်သားများက အိမ်နီးချင်း များအား ပြောပြကြ၏။
ဤသို့သော အဖြစ်အပျက်များ ပေါ်ပေါက်ခဲ့ပြီး နောက်တစ်နှစ်လောက် အတောအတွင်းတွင်ပင် လှပ ဆန်းကြယ်စွာ တန်ဆာဆင်ထားသော အမိုးမပါသည့် လှည်းဖြင့် အောင်သွယ်တော်များ ရောက်ရှိလာကြပြီး အက်စီနီယာ အား မိမိတို့ သတို့သားနှင့် ထိမ်းမြား လက်ထပ်ရန် စေ့စပ်ပြောဆိုကြ၏။
အရပ်ရှည်ရှည်၊ တည်တည်ခန့်ခန့်ရန့်ရန့်၊ ကိုယ် အချိုးအစားကျသော သတို့သားလောင်း စတီပင် ကလည်း သတို့သမီးလောင်း အက်စီနီယာကို သဘောကျသည်။ သို့ဖြင့် မင်္ဂလာဆောင်ကို ဆောင်းဦးပေါက်တွင် ကျင်းပပြုလုပ်ရန် နှစ်ဖက်သော မိဘများက သတ်မှတ်လိုက်ကြတော့သည်။
စတီပင်နှင့် အက်စီနီယာတို့ မင်္ဂလာဆောင်သည့် နေ့မှာ နှင်းများခဲနေပြီး ခိုက်ခိုက်တုန်အောင် အေးသည့်နေ့ ဖြစ်၏။ အက်စီနီယာမှာ စတီပင်မိသားစုတွင် အသစ်စက်စက် အိမ်ရှင်မကလေးအဖြစ် ရောက်ရှိလာရလေသည်။
မင်္ဂလာဆောင်ပြီးသည့် နောက်တနေ့ နံနက်တွင် ယောက္ခမဖြစ်သူက အက်စီနီယာကို လာ၍ နှိုးပြီး မီးဖိုဆောင် ရှိရာသို့ ခေါ်ယူသွား၏။ ယောက္ခမကြီးမှာ မီးယပ်ရောဂါဖြင့် တရှောင်ရှောင်ဖြစ်ကာ အိပ်ရာထဲတွင် ခွေ၍နေလေ့ရှိသူ ဖြစ်သည်။
မီးဖိုဆောင်ထဲသို့ ရောက်သောအခါ အရပ်ရှည်ရှည် နှင့် ယောက္ခမကြီးက မီးဖိုချောင်ထဲမှ ပစ္စည်းပစ္စယများ ကို ဟိုဘက် သည်ဘက် အဓိပ္ပာယ်မဲ့ ရွှေ့ရင်း ...
“ဒီမှာမိန်းကလေး၊ မိန်းကလေးကို ချွေးမအဖြစ်နဲ့ အိမ်ကိုခေါ်လာတာ ချစ်လို့လည်းမဟုတ်ဘူး၊ အိပ်ရာထဲမှာ အငြိမ့်သားလှဲနေဖို့လည်း မဟုတ်ဘူး၊ နွားမတွေကို သွားပြီးနို့ညှစ်ပါ၊ ပြီးရင် နံနက်စာစားဖို့ အသင့်ချက်ပြုတ်ထားပါ။ ငါက အသက်လည်းကြီးပြီး မာလည်း မမာဘူး။ ဒီတော့ နင်ကပဲ အိမ်တာဝန် တခုလုံးကို ပြောင်းပြီး ယူရလိမ့်မယ်။ အိမ်မှုကိစ္စ အားလုံးဟာ နင့်တာဝန်ပဲ ဖြစ်ရလိမ့်မယ်” ဟု ပြောလိုက်၏။
ထိုနေ့တွင်ပင် လင်ဖြစ်သူ စတီပင်က အက်စီနီယာ ကို စပါးကျီထဲသို့ ခေါ်ပြီး ရက်ရက်စက်စက်နှင့် အကြောင်းမဲ့ သက်သက် ရိုက်ပြန်၏။
ဤသို့ ရိုက်ရာတွင်လည်း ဒဏ်ရာဒဏ်ချက်ကို အခြားသူများ မမြင်မတွေ့စေရန်အတွက် အက်စီနီယာ ၏ ဝမ်းဗိုက်၊ ရင်သားနှင့် ကျောပေါ်တွင်သာ ရိုက်နှက်သည်။ ဤသို့ရိုက်နှက်ပြီးနောက် အက်စီနီယာအား လင်ဖြစ်သူက ဖုတ်လေသည့် ငါးပိ ရှိသည်ဟုပင် မအောက်မေ့ဘဲ လင်နှင့် ကွဲနေသော ပျံတံတံ မိန်းမများ ရှိရာသို့သာ ညတိုင်းလိုလို သွား၍ အပျော်ကြူးနေလေ့ ရှိသည်။ ဤသို့ သွားရာတွင်လည်း အက်စီနီယာကို စပါးကျီထဲတွင် ဖြစ်စေ၊ အခန်းထဲတွင် ဖြစ်စေ ပိတ်၍ လှောင်ထားခဲ့ပြီးမှ သွားလေ့ရှိ၏။
လက်ထပ်သည့်အချိန်မှစ၍ (၁၈) လထိ ကြာသည့်တိုင် အက်စီနီယာတွင် ကလေး မရရှိခဲ့သော ကြောင့်လည်း သူ့တွင် ရပ်ထဲရွာထဲ၌ အရှက်ကွဲရ ပါသည်ဟုဆိုကာ လင်ဖြစ်သူ စတီပင်က အက်စီနီယာ အား အမျိုးမျိုး နှိပ်စက် ညှဉ်းပန်း ခဲ့၏။
ကလေးကို ကိုယ်ဝန်ရှိလာတော့လည်း စတီပင်က ယခင်ကထက် ငြိမ်၍လာစေကာမူ အက်စီနီယာပေါ်တွင် ယုယုယယ ချစ်ချစ်ခင်ခင်မရှိလှဘဲ အိမ်တွင် အိပ်သည့် ရက်များမှာ အလွန်နည်းလှချေသည်။
များလှစွာသော ကျွဲနွားတိရစ္ဆာန်များဖြင့် ပြည့်နေသည့် ခြံကြီးတစ်ခုလုံးကို အက်စီနီယာ တဦးတည်း ကသာ ဒိုင်ခံ၍ ကျွေးမွေးကြည့်ရှု နေရသောကြောင့် အလုပ်က ပိနေ၏။ စတီပင်က လူပျင်းတစ်ယောက် ဖြစ်နေသည်သာမက ဖဲရိုက်ရန်၊ မြို့နယ်သတင်းများကို နားထောင်ရန်၊ ဆေးလိပ်သောက်ရန် ဟူသော အကြောင်းပြချက်များဖြင့် အပြင်သို့သာ တထွက်တည်း ထွက်၍နေသဖြင့် အက်စီနီယာမှာ ရှိသမျှ အလုပ်အားလုံးကို ကျုံး၍လုပ်ရတော့သည်။
ယောက္ခမဖြစ်သူက ကူညီလုပ်ကိုင်ပေးသည်ဟု ဆိုသော်လည်း သာမညမျှသာ ဖြစ်၏။ ဟိုတစပ် သည်တစပ် တောက်တိုမည်ရ လုပ်ကိုင်ပြီးနောက် ယောက္ခမဖြစ်သူသည် အိပ်ရာထဲသို့သာ ခွေ၍ဝင်သွားပြီး ညည်း၍သာနေတတ်၏။ နှုတ်ခမ်းအစုံကို စေ့စေ့ကိုက်၊ မျက်စိအစုံက အထက်မျက်နှာကြက် ရှိရာသို့ နာကျင်သည့် ဝေဒနာဖြင့် စူးစိုက်၍ကြည့်ရင်း တညည်းညည်း ညည်းကာ အိပ်ရာထဲတွင် အထုပ်ကလေးတထုပ်လို ခွေ၍ လုံး၍ နေတတ်၏။
ဤအခါမျိုးတွင် အက်စီနီယာက လုပ်နေသည့် အလုပ်ကို ပစ်ထားရပြီး အခန်းထောင့် တထောင့်မှနေ၍ ယေက္ခမကြီးကို သနားလည်း သနား၊ ကြောက်လည်း ကြောက်စိတ်ဖြင့် ကြည့်နေတတ်၏။
စတီပင်နှင့် အက်စီနီယာတို့ မင်္ဂလာဆောင်ပြီး နောက် (၁၈)လ လောက်အကြာတွင် ယောက္ခမကြီးက သေဆုံး သွားခဲ့သည်။
မနက်ဘက်တွင် အက်စီနီယာက သားဖွားသည့် ဝေဒနာကို ခံစားနေရပြီး နေ့လယ်အချိန် လောက်တွင် ကလေးမျက်နှာ မြင်ခဲ့၏။ လူ့ပြည်သို့ ကလေးဝင်ရောက် မလာမီ တစ်နာရီခန့်လောက် အလိုတွင် ဘွားအေဖြစ်သူ အက်စီနီယာ ၏ ယောက္ခမကြီးမှာ မြင်းဇောင်းတံခါးဝတွင် လဲကျ သေဆုံးသွားခဲ့လေသည်။
ဝမ်းဆွဲမိန်းမကြီးက အရက်မူးနေသော စတီပင် အား သားဖွားခန်းထဲသို့ ဝင်မလာရန် ခြံဝသို့ ပြေးထွက်၍ ပြောရန်သွားစဉ် မြင်းဇောင်းတံခါးဝ၌ ခြေထောက်နှစ်ချောင်းကို ဖိလျက် လဲကျသေဆုံးနေသော စတီပင် ၏ မိခင်ဖြစ်သူ အား တွေ့မြင်သွားခဲ့၏။
ကလေးရပြီးနောက် အက်စီနီယာက လင်ကိုသာ ဂရုစိုက်၍ ပြုစုယုယပေးခဲ့၏။ ဤသို့ပေးနေခြင်းမှာ လင်ဖြစ်သူ အား ချစ်၍မဟုတ်ဘဲ မိန်းမတို့၏ သနားတတ်သော အကျင့်ကြောင့်သာ ဖြစ်၏။
လူ့ပြည်သို့ ရောက်ရှိလာသော ကလေးမှာ တစ်နှစ်အတွင်းတွင်ပင် သေဆုံးသွားခဲ့ပြန်သည်။ ငြိမ်၍ လာခဲ့သော စတီပင်မှာ ပြန်၍ ရောဂါပေါ်လာပြီး ယခင်ကကဲ့သို့ပင် ဆိုးလာပြန်၏။
အိမ်ထောင်သည်ဘဝ၏ ခါးသီးသော အရသာ ကိုသာ တွေ့ကြုံလာရသော အက်စီနီယာသည် ဂရီဂို က လင်ယောက်ျား ဖြစ်သူ စတီပင် ရှိနေလင့်ကစား မိမိအား ချစ်ကြိုက်ရန် ကြိုးပမ်းလာသည်ကို တွေ့ လိုက်ရသောအခါ၌ မိမိက ညိုမောင်းသော အသားအရေ ရှိသည့် လူပျိုပေါက် ဂရီဂိုအပေါ်တွင် တိမ်းညွတ်လျက်ရှိနေပြီ ဖြစ်ကြောင်း ကြောက်လန့် တုန်လှုပ်စွာဖြင့် သတိထားလိုက်မိလေသည်။
ဂရီဂိုက မိမိထံမှ အချစ်ကို ရယူရန် ခွေးဘီလူး တစ်ကောင်၏ ဇွဲမျိုးဖြင့် ခေါင်းမာစွာ ကြိုးပမ်းလျက် ရှိသည်ကို အက်စီနီယာက တွေ့ရ၏။ စတီပင် ကိုလည်း ဂရီဂိုက ကြောက်လန့်ပုံ မတွေ့ရ။ စတီပင် ကြောင့် ဂရီဂိုက နောက်ဆုတ်၍ သွားလိမ့်မည် မဟုတ်ဟုလည်း ထင်မှတ်နေမိ၏။
မိမိက အသိစိတ်ဖြင့် လိုလားခြင်း မရှိပါဘဲလျက်၊ ပေါ်ပေါက်လာသော ဆန္ဒကို တွန်းလှန်ဖယ်ရှားနေ ပါလျက်၊ အစွမ်းကုန် ဖီဆန်ရန် အားထုတ်နေပါလျက် တနင်္ဂနွေနေ့များနှင့် အခြားသောရက်အားများတွင် မိမိသည် ပို၍ ပို၍ ဂရုစိုက် အလှပြင် ခြယ်မှုန်းလာမိသည်ကို အက်စီနီယာက သတိထားမိလာသည်။
မိမိကိုယ်မိမိ ဆင်ခြေပေးလျက် ဂရီဂို သွားတတ်လာတတ် ရှိနေတတ်သော နေရာများသို့ ပို၍ ပို၍ ဟန်ရေး တပြပြဖြင့် အက်စီနီယာက သွားလာသည်။
ဂရီဂိုက မည်းနက်သော မျက်စိအစုံဖြင့် မိမိအား ချစ်တုံ့တင်သည့် အမူအရာ၊ ပီတိကျသည့် အမူအရာ မျိုးဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရလျှင် အက်စီနီယာ ၏ စိတ်ထဲတွင် ပျော်၍နေမိ၏။
နံနက်အိပ်ရာမှ ထပြီးနောက် နွားများကို နို့ညှစ်ရန် သွားသည့်အခါ၌လည်း အက်စီနီယာသည် တကိုယ်တည်း ပြုံးနေမိ၏။ ဘာကြောင့်မှန်းလဲ မသိဘဲ ဒီနေ့ဟာ ပျော်စရာကောင်းတဲ့ နေ့တနေ့ပါကလား..ဟု ထင်နေ မိပြီး ဘာဖြစ်လို့ ပျော်စရာ ကောင်းရပါလိမ့်ဟု တွေးလိုက် သောအခါ အသည်းနှလုံးထဲတွင် ဂရီဂို… ဂရီဂို…
ဟူသောအသံက မြည်၍လာလေသည်။
အသည်းထဲ နှလုံးထဲတွင် ခံစားလာခဲ့ရသော အာရုံသစ်ကြောင့် အက်စီနီယာက ကြောက်လန့် တုန်လှုပ်၍ပင်လာမိ၏။ သို့ဖြစ်၍လည်း ဒွန်မြစ်ပေါ် တွင် မတ်လအချိန် ရေခဲများ ကွဲစပြုသည့်အခါ၌ မြစ်ကို ခြေဖြင့် ဖြတ်ကျော်၍ သတိကြီးစွာထားကာ မလှမ်းခင် စမ်း၍သွားသကဲ့သို့ အက်စီနီယာသည်လည်း မိမိ၏စိတ်အလိုနောက်သို့ လိုက်ပါ၍မသွားမိရန် အထူး သတိထားလျက် ခြေလှမ်း လှမ်းနေသည်ဟု ထင်နေ မိ၏။
သို့ရာတွင် အတွေးထဲ၌သာ ထင်နေခြင်း ဖြစ်လေသည်တကား။
စစ်သင်တန်းစခန်းသို့ သင်တန်းတက်ရန် သွား ရောက်ရမည့် စတီပင်ကို ရွာလယ်ကွက်လပ်ကြီးရှိရာသို့ ရောက်သည်အထိ လိုက်ပို့ပြီးနောက် အိမ်သို့ ပြန်လာ ခဲ့သော အက်စီနီယာက ဂရီဂိုနှင့်မတွေ့အောင် တတ် နိုင်သလောက် ရှောင်နေပါတော့မည်ဟု ဆုံးဖြတ်ချက် ချထားခဲ့၏။
ငါးဖမ်းထွက်သည့်နေ့က ဖြစ်ပျက်ခဲ့သည့် အတွေ့ အကြုံကြောင့် အက်စီနီယာ၏ ဆုံးဖြတ်ချက်မှာ ပိုမို ခိုင်မြဲ လာခဲ့လေသည်။
အပိုင်း(၁) စစ်တွင်းကာလ အခန်း (၄) မှ အခန်း (၇) ဆက်ဖတ်ရန်
https://whisper1of.blogspot.com/2026/02/blog-post_87.html





ကျေးဇူးပါ နောက်အခန်းတွေ မျှော်နေပါတယ်ရှင့်
ReplyDeleteဟုတ်ကဲ့ပါ
DeleteThank
ReplyDelete💕
DeleteDownload link မရှိပါ
ReplyDelete✔️
Delete