Skellig by David Almond - ကံကောင်းခြင်း မိတ်ဆွေ - သက်ပိုင် (မြန်မာပြန်သည်။)
စာအုပ်အကျဉ်း
ဒီ၀တ္ထုလေးကတော့
(1)A Micheal L.Printz Honor book
(2)An ALA Notable Children's book
(3)Winner of England's Carnegie Medal and the Witbread Children's book of the year award
(4) A New York Times Notable book
(5) A Publishers Weekly Best book
(6)A Booklist books for Youth Editor's Choice (Top of the List, Fiction)
(7) A Horn book fanfare
(8) A School Library Journal best book
(9) A Parent's Choice Silver Honor book
စတဲ့ Young readers ဆုတွေ ကိုးဆုကို ဆွတ်ခူးထားတဲ့ David Almond ရဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ စာအုပ်တစ်အုပ်လုံးဖတ်ကြည့်မယ်ဆိုရင် ကလေးဖတ်လို့တောင် မထင်ရအောင် စိတ်လှုပ်ရှားမှုပေးနိုင်မဲ့ စာအုပ်မျိုးဖြစ်ပါတယ်။
ဇာတ်လမ်း အကျဉ်းကတော့ အိမ်အသစ်ဆီပြောင်းလာတဲ့ မိုက်ကယ်ဟာ အိမ်နဲ့အတူ ပါလာတဲ့ ဂိုဒေါင်အပျက်ကြီးထဲမှာ ထူးဆန်းတဲ့ လူကြီးတစ်ယောက် ရှိနေတာကို တွေ့လိုက်ရတာနဲ့ အစပြုထားပါတယ်။ အဲ့ဒီလူကြီးက အင်မတန် အားနည်းနေတဲ့အပြင် ဖုတ်တွေ သဲတွေကြားထဲမှာပဲ လဲလျောင်းနေတော့ မိုက်ကယ့်ခမျာ အထူးတဆန်းဖြစ်ရတာပေါ့။ နောက်ပြီး အဲ့ဒီလူကြီးက ဘယ်မှ မထနိုင်တော့တဲ့အတွက်ကြောင့် အနားမှာရှိတဲ့ ယင်ကောင်တွေ၊ ကြွက်တွေ စတဲ့ ဂိုဒေါင်ထဲက ပိုးမွှားတိရိစ္ဆာန်တွေကို စားပြီး အသက်ဆက်နေရတဲ့သူပါ။ မိုက်ကယ့် အမေနဲ့ အဖေကတော့ မိုက်ကယ့်ညီမ မွေးကင်းစကလေးက ချူချာလွန်းလို့ ကလေးကို ဂရုစိုက်နေရတာကြောင့် မိုက်ကယ့်ကို အချိန်မပေးနိုင်ခဲ့ကြပါဘူး။
အဲ့ဒါကြောင့် မိုက်ကယ်ဟာ အိမ်နီးနားချင်း ကောင်မလေးနဲ့အတူ ဂိုဒေါင်ထဲက လူကြီးက ဘယ်သူဖြစ်တယ်ဆိုတာကို ရှာဖွေဖော်ထုတ်ရမှာပါ။
၀တ္ထုလေးဟာ သိပ်ကို ဖတ်လို့ကောင်းတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ ရုပ်ရှင်အဖြစ်လည်း အသက်သွင်းထားသလို ပြဇာတ်များအဖြစ်လည်း အကြိမ်ကြိမ် ပြန်လည် အသက်သွင်းခံရတဲ့ ၀တ္ထုကောင်း တစ်ပုဒ်ဖြစ်ပါတယ်။
အသိပေးချက်
ဤစာအုပ်အား စာရေးသူ ဆရာ သက်ပိုင် ကိုယ်တိုင်မှ Whisper Of Words တွင် အများဖတ်ရှုနိုင်ရန် ရည်ရွယ်၍ မျှဝေပေးထားခြင်း ဖြစ်ပါသည်။
စာရေးသူ၏ ခွင့်ပြုချက် မရှိဘဲ ကိုယ်ကျိုးအတွက် —
- စာအုပ်ဖိုင်များအပေါ် ကြော်ငြာထည့်သွင်းခြင်း
- Website, Application များတွင် အကျိုးအမြတ်အတွက် တင်ခြင်း တို့ကို လုံးဝ ခွင့်မပြုပါ။
စာရေးသူ၏ မူပိုင်ခွင့်နှင့် အခွင့်အရေးများကို လေးစားလိုက်နာ ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Skellig by David Almond
သက်ပိုင် (မြန်မာပြန်သည်။)
ကံကောင်းခြင်း မိတ်ဆွေ
အခန်း (၁)
တနင်္ဂနွေရက်ရဲ့ နေ့လည်ခင်း တစ်ခုမှာပေါ့ဗျာ.... ကျွန်တော် ဂိုဒေါင်ထဲမှာ လဲနေတဲ့ သူ့ကို ပထမဆုံးအကြိမ် တွေ့လိုက်ရပါတယ်။ အဲ့ဒီနေ့က ကျွန်တော်တို့ မိသားစု ဖောကနာလမ်းလေးထဲကို အိမ်ပြောင်းလာပြီး နောက်တစ်ရက်ပါပဲ။ ဆောင်းရာသီကလည်း ကုန်ခါနီးနေပြီဆိုတော့ အမေက ကျွန်တော်တို့ကို နွေရာသီအမှီ အိမ်ကြိုပြောင်းထားကြမယ်ဆိုတာနဲ့ ကျွန်တော်တို့လည်း ပြောင်းဖြစ်ခဲ့တာပါ။ ကျွန်တော် သူ့ကို စတွေတဲ့အချိန်တုန်းက ကျွန်တော့်ဘေးမှာ ဘယ်သူမှ ရှိမနေခဲ့ပါဘူး။ အားလုံးက အိမ်ထဲမှာ ဒေါက်တာ သေမင်း (Doctor Death) နဲ့အတူ ကျွန်တော့် ညီမ မွေးကင်းစလေးကို စိုးရိမ်တကြီး စောင့်ကြည့်နေခဲ့ကြတယ်လေ။
သူက လက်ဖက်ခြောက်ဘူးခွံတွေ နောက်က မှောင်မှောင်မဲမဲ နေရာလေးမှာ လှဲအိပ်ရင်း ဖုန်တွေ သဲတွေနဲ့လူးနေခဲ့တာပေါ့။ ဖုန်တွေ သဲတွေကြားထဲ လှဲအိပ်နေတဲ့ သူ့အမူအရာက ကိုယ့်အိမ်ကိုယ့်ရာလိုကို သဘောထားပြီး နေနေတဲ့ပုံပါ။ သူ့ပုံကလည်း ညစ်ပတ်ပေရေပြီး ဖျော့တော့နေတော့ ကျွန်တော်ဖြင့် သူများ သေသွားပြီလားလို့တောင် တွေးမိလိုက်ပါသေးတယ်။ ဒါပေမယ့် ကျွန်တော် သိပ်မှားသွားခဲ့တာပေါ့ဗျာ။ မကြာခင် အချိန်အတွင်းမှာပဲ ဒီကမ္ဘာပေါ်မှာ နှစ်ယောက် မရှိနိုင်တဲ့ သူ့ရဲ့ဖြစ်တည်မှုကို ကျွန်တော် နားလည် သဘောပေါက်လာခဲ့ရတယ်လေ။
ကျွန်တော်တို့ ဒီနေရာလေးကို ဂိုဒေါင်လို့ ခေါ်ရတဲ့ အကြောင်းအရင်းကတော့ ဒီအိမ်ကို ကျွန်တော်တို့ဆီကို ရောင်းလိုက်တဲ့ အိမ်ပွဲစား မစ္စတာ စတုန်း ကိုယ်တိုင်က အဲ့ဒီလို ခေါ်သွားခဲ့လို့ပါပဲ။ ဒါပေမယ့် ဒီနေရာလေးဟာ ဂိုဒေါင်တစ်ခုဆိုတာထက် အမှိုက်တွေနဲ့ အိမ်ထဲက အပျက်အဆီးတွေကို သီးသန့် စုပုံထားတဲ့ အဆောက်အဦးပျက်ကြီးနဲ့တောင် ပိုပြီး ဆင်တူနေပါသေးတယ်။ ဆိပ်ခံတံတား ဘက်ခြမ်းမှာ အဲ့ဒီလို ဂိုဒေါင်ပျက်ကြီးတွေကို ကျွန်တော် ခဏခဏ မြင်ဖူးနေကြပေါ့။ မစ္စတာ စတုန်း ကပဲ ကျွန်တော်တို့ကို ဥယျာဉ်ထဲ လိုက်ပြရင်း ဒီ ဂိုဒေါင်လေးဆီ ခေါ်လာခဲ့တာပါ။ သူက မှောင်မဲနေတဲ့ ဂိုဒေါင်ခန်းထဲကို အလင်းရောင် ဖျော့ဖျော့ ဓါတ်မီးကလေးနဲ့ ထိုးပြလိုက်တော့ ကျွန်တော်တို့လည်း ဂိုဒေါင်တံခါးပေါက်ကနေ အထဲကို ခေါင်းပြူလို့ ကြည့်လိုက်ကြပါတော့တယ်။
" အခုလောလောဆယ်တော့ ခင်ဗျားတို့ စိတ်ကူးကြည့်ရရုံပဲရှိမှာပေါ့ဗျာ" လို့ သူက ကျွန်တော်တို့ဘက်လှည့်ပြီး ပြောလိုက်ပါသေးတယ်။
" ဒီလိုတွေးကြည့်ဗျာ။ တံခါးကို အသစ်လေးပြန်တပ်ပြီး ခေါင်မိုးလေးပါ ပြန်ပြင်လိုက်မယ်ဆို ဒီ ဂိုဒေါင်လေးက ကားနှစ်စီးစာ အသာလေးဆန့်တဲ့ နေရာလွတ်ဖြစ်သွားမှာ အမှန်ပဲဗျ"
မစ္စတာ စတုန်းက ငါးခူပြုံးပြုံးလို့ ကျွန်တော့်ဘက်ကို လှည့်ကြည့်လိုက်ပါတယ်။
" နောက်ပြီး မင်းအတွက်လည်း နေရာကောင်းလေး ဖြစ်လာဦးမှာကွ ချာတိတ်ရ ။ ဒီနေရာလေးမှာ မင်းသူငယ်ချင်းတွေနဲ့ တူတူပုန်းတမ်းဆော့ရမယ်ဆို မကောင်းဘူးလားကွ ဟေ"
ကျွန်တော် သူ့ဆီကနေ မျက်နှာလွှဲလိုက်ပါတယ်။ ကျွန်တော် သူနဲ့ ပတ်သက်ပြီး ဘာစကားမှ မစချင်ခဲ့တာ အမှန်ပါ။ အိမ်အသစ်ရော အိမ်ရဲ့ပတ်၀န်းကျင်ကပါ ကျွန်တော့်အတွက်တော့ ဘာမှ မထူးခြားခဲ့ပါဘူး။ မစ္စတာ စတုန်းပြောတဲ့အတိုင်း ကျွန်တော် စိတ်ကူးကြည့်လည်း ဘာမှ ထူးမလာခဲ့ဘူးလေ။ ကျွန်တော့်စိတ်ထဲ တွေးမိတဲ့ တစ်ခုတည်းသော အရာကတော့ ဒီအိမ်ကြီးမှာ တစ်ယောက်ထဲ နှစ်ပေါင်းများစွာ နေသွားခဲ့တယ်ဆိုတဲ့ အဘိုးကြီး မစ္စတာ အာနီ မိုင်ယာစ့် အကြောင်းပါပဲ။ အဲ့ဒီအဘိုးကြီးက အိမ်ထဲမှာ တစ်ယောက်ထဲ လူမသိ သူမသိသေနေခဲ့တာတဲ့လေ။ သူ့ရဲ့ အလောင်းကို ဆုံးပြီး တစ်ပတ်လောက်အကြာမှ လူတွေလည်း သိခဲ့ကြပါတယ်။ သူက မီးဖိုချောင်ခန်းထဲက စားပွဲခုံအောက်မှာ မှောက်လျက်ကြီး လဲနေခဲ့တာဆိုပဲ။ ကျွန်တော် ကိုယ်တိုင်တော့ သူ့အလောင်းကို တွေ့ခဲ့ရတာ မဟုတ်ပေမဲ့ မစ္စတာ စတုန်း သူ့အကြောင်းပြောတော့ ကျွန်တော့် စိတ်ထဲ အလိုလိုကို အဲ့ဒီအဘိုးကြီး အကြောင်း တွေးနေမိခဲ့ပါတယ်။ မစ္စတာ စတုန်းကတော့ အိမ်ထဲက ထမင်းစားခန်းကို လိုက်ပြရင်းနဲ့တောင် ကျွန်တော်တို့ကို မစ္စတာ မိုင်ယာစ် အကြောင်း အာပေါင် အာရင်း သန်သန်နဲ့ကို ပြောပြနေသေးတာပါ။ နောက်တော့ ကျွန်တော် ထမင်းစားခန်းရဲ့ ထောင့်မှာ အထပ်သားပြားနဲ့ကာပြီး ရေအိမ်ထိုင်ခုံတစ်ခုလုပ်ထားတာကို တအံ့တဩနဲ့ တွေ့လိုက်ရတာပေါ့။ ကျွန်တော်က အဲ့ဒီ ရေအိမ် သစ်သားပြား အကန့်ကြီးကို ဖြုတ်ပစ်ဖို့ မစ္စတာ စတုန်းကို ပြောတော့ သူကလည်း ရှင်းပြရှာပါတယ်။ မစ္စတာ အာနီ မိုင်ယာစ်က လှေကားထစ်တွေကို မတက်နိုင်လောက်အောင် အသက်ကြီးလွန်းတာမို့ ဒီထမင်းစားခန်းထဲမှာပဲ သူ့အတွက် အိပ်ရာရော၊ ရေအိမ် ပါ လုပ်ထားခဲ့ရတယ်တဲ့။ မစ္စတာ စတုန်းကို ကြည့်ရတာ ကျွန်တော့်ရှေ့မှာ ဒီလို စကားတွေ သိပ်မပြောချင်တဲ့ပုံပါ။ ကျွန်တော်ကတော့ ဒီအိမ်ထဲကနေ ထွက်ပြေးသွားချင် လိုက်ပါတော့တယ်။ ကျွန်တော် အိမ်အဟောင်းမှာ နေရတာကိုပဲ သဘောကျမိပါတယ်။ ဒါပေမယ့် အဖေနဲ့ အမေကတော့ ဒီအိမ်ကို အတော်လေး သဘောကျ သွားခဲ့တာပေါ့။ သူတို့ကတော့ အိမ်လေးကို ကြည့်လိုက် စကားစမြည်ပြောလိုက်နဲ့ကို အတော်လေး စိတ်လှုပ်ရှားနေခဲ့ကြတာပါ။ နောက်ဆုံးတော့ ကျွန်တော်တို့လည်း ဒီအိမ်ကို ၀ယ်ဖြစ်ခဲ့ကြပါ တော့တယ်။ အမေနဲ့ အဖေလည်း အိမ်အသစ်ကို ပြောင်းလာတဲ့ နေ့ကတည်းက တစ်အိမ်လုံးရှိရှိသမျှ အညစ်အကြေးတွေကို ကြေးချွတ်ပြီး ပွတ်တိုက် ဆေးကြောကာ ဆေးအသစ်တွေ ပြန်သုတ်ခဲ့ကြပါတယ်။ နောက်မကြာခင်မှာပဲ အမေ့ဗိုက်ထဲက ကျွန်တော့်ရဲ့ ညီမလေးကလည်း ကျွန်တော်တို့ မိသားစုထဲကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာခဲ့တော့တာပေါ့။ ကဲ...အခုတော့ ကျွန်တော်တို့ တစ်မိသားစုလုံး အိမ်အသစ်မှာ ဘ၀ အသစ် စတင်ဖို့ အဆင်သင့်ဖြစ်ခဲ့ကြပါပြီဗျာ။
အခန်း (၂)
အဲ့ဒီ တနင်္ဂနွေနေ့ မနက်တုန်းက ကျွန်တော် ဂိုဒေါင်ထဲကိုတောင် ၀င်မိတော့မလို ဖြစ်သွားပါသေးတယ်။ ကျွန်တော်လည်း ဓါတ်မီးလေးကိုင်ပြီး ဂိုဒေါင်ထဲကို မီးလှမ်းထိုး ကြည့်လိုက်တာပေါ့။ ဂိုဒေါင်နောက်ပေါက် တံခါးကတော့ ပြုတ်နေခဲ့တာ အတော်လေးကြာ နေခဲ့ပြီထင်ပါတယ်။ အဲ့ဒီနောက်ပေါက်တံခါးကိုတော့ ပျဉ်ပြားချပ်တွေနဲ့ သံရိုက်ပြီး ပိတ်ထားတာကို ကျွန်တော် တွေ့လိုက်ရပါတယ်။ နောက်ပြီး ဂိုဒေါင်အမိုးကို ထောက်ထားတဲ့ သစ်သားတွေကလည်း ဆွေးမြည့်နေသလို ခေါင်မိုးကြီးကလည်း ပြုတ်ကျတော့မဲ့အတိုင်းကို အိကျနေတော့တာပါပဲ။ ကြမ်းခင်းပေါ်မှာလည်း အမှိုက်တွေက ဟိုတစ်စ ဒီတစ်စနဲ့ စုပြုံနေပြီး ကြမ်းကျိုးပေါက်တွေနဲ့ အတော်လေးကို ပျက်ဆီးနေတော့တာပါ။ အမှန်ဆို ကျွန်တော်တို့ကို အိမ်အမှိုက်တွေရှင်းပေးတဲ့ အလုပ်သမားတွေက ဒီဂိုဒေါင်ကိုလည်း တစ်ခါထဲ ရှင်းပေးခဲ့ရမှာဆိုပေမဲ့ သူတို့က ဂိုဒေါင်အခြေအနေကို ကြည့်ပြီး ပိုက်ဆံပိုပေးရင်တောင် မလုပ်နိုင်ဘူးလို့ ငြင်းခဲ့တယ်လေ။ ဂိုဒေါင်ထဲမှာလည်း အံဆွဲအဟောင်းတွေ ၊ ဘေစင် အစုတ်တွေ၊ ဘိလပ်မြေအိတ်တွေနဲ့ ရှေးဟောင်းတံခါးချပ်ကြီးတွေက ပုံနေတာပါပဲ။ အ၀တ်စတပ်ထားတဲ့ ခေါက်ကုလားထိုင်တွေဆို တော်တော်လေးတောင် ဆွေးမြည့်ပျက်ဆီးနေကြပါပြီ။ ကြိုးခွေအထူကြီးတွေ၊ လျှပ်စစ်မီးကြိုး အဟောင်းတွေကလည်း ဂိုဒေါင်နံရံမှာရိုက်ထားတဲ့ သံချောင်းတွေမှာ တွဲလောင်းကျလို့ ရှုပ်ခပ်နေတော့တာပေါ့။ ရေပိုက်ဟောင်းပုံတွေ၊ သံချေးတက်နေတဲ့ သံတွေထည့်ထားတဲ့ သံခွက်တွေကလည်း ကြမ်းပြင်ပေါ် ပြန့်ကျဲကာ ကြည့်ချင်စရာ တစ်ကွက်မှကို မကျန်တော့တာ အမှန်ပါပဲ။ မျက်စိထဲမှာ ဘယ်နေရာကြည့်ကြည့် မလွဲမသွေမြင်ရမှာကတော့ ဖုန်တွေနဲ့ ပင့်ကူအိမ်တွေပါ။ နံရံကို အင်္ဂတေကိုင်ထားတဲ့ အင်္ဂတေပြားတွေတောင် ကွာကျနေပြီဆိုတော့ ဒီနေရာကို ဘယ်လောက်ထိ ပစ်ထားခဲ့သလဲဆိုတာ ခန့်မှန်းကြည့်လို့ ရနိုင်ပါတယ်လေ။ ညစ်ပတ်စုတ်ပြတ်ပြီး ဖွင့်လို့တောင်မရတဲ့ ပြတင်းပေါက်တစ်ခု ကိုလည်း ကျွန်တော် တွေ့လိုက်ပါသေးတယ်။ နံရံထောင့်မှာလည်း ဖုန်တွေနဲ့ ကြပ်နေအောင် ပြည့်သိပ်နေတဲ့ ကြမ်းခင်းပုဆိုးလိပ်တစ်ခုလည်း ထောင်ထားလိုက်သေးရဲ့။ဒီ ဂိုဒေါင်ကြီး တစ်ခုလုံးဟာ ပုပ်အက်အက် အနံ့ကို ထွက်နေတော့တာပါပဲ။ ဂိုဒေါင်ကိုဆောက်ထားတဲ့ အုတ်ချပ်တွေကလည်း နောက်ထပ် ခြေလှမ်းကြမ်းကြမ်းမလှမ်းရဲလောက်အောင်ပါ။ ကြည့်ရတာ ဒီဂိုဒေါင်က ပြန်ပြင်ဖို့တောင် မရတော့ဘဲ ဖြစ်နိုင်ရင် မြေထိုးစက်ကြီးနဲ့သာ ဖြိုချပြီး အသစ်ကနေ ပြန်ဆောက်မှ အဆင်ပြေမဲ့ပုံပေါက်နေတာ သေချာနေပါပြီလေ။
ရုတ်တရက်ဆိုသလို အခန်းထောင့်နားက ကုတ်ခြစ်နေတဲ့ အသံလေးကို ကျွန်တော် ဖျတ်ခနဲ ကြားလိုက်ရပါတယ်။ တခုခုက လှစ်ခနဲ သုတ်သီးသုတ်ပြာပြေးသွားပြီး ရုတ်ခြည်းဆိုသလို ပျောက်ကွယ်သွားခဲ့တာပေါ့။ ခဏနေတော့ ချက်ချင်းဆိုသလို အရာရာက ပြန်လည်ငြိမ်သက် သွားပါတော့တယ်။
ကျွန်တော်လည်း ဂိုဒေါင်အ၀ကနေ အထဲကို ခြေလှမ်း လှမ်းဖို့ သတ္တိမွေးနေခဲ့ရတာပေါ့။
နောက်ဆုံးတော့ ကျွန်တော်လည်း အထဲကို ခြေလှမ်းစလှမ်းဖို့ ပြင်လိုက်တုန်းမှာပဲ အမေ့ရဲ့ အသံကို ကြားလိုက်ရပါတော့တယ်။
" မိုက်ကယ်....သားဘာတွေ လုပ်နေတာလဲဟင်"
အမေက အိမ်တံခါးအပေါက်၀နားမှာ ရပ်နေခဲ့တယ်လေ။
" အမေတို့ သားကို အဲ့ဒီဂိုဒေါင်က အန္တရာယ်ရှိ၊ မရှိ သေချာကြည့်ပြီးမှ ၀င်ရမယ်လို့ ပြောထားတယ် မဟုတ်ဘူးလားကွယ်"
အဲ့ဒီတော့ ကျွန်တော်လည်း ခြေတစ်လှမ်းဆုတ်ပြီး အမေ့ကို ပြန်ကြည့်လိုက်တာပေါ့။
" ကဲ....အမေတို့ သားကို ပြောထားလား မပြောထားဘူးလား သား" လို့ အမေက စိတ်မရှည်တဲ့ လေသံနဲ့ လှမ်းအော်လိုက်ပါသေးတယ်။
" ဟုတ်ကဲ့ပါ အမေ" ဆိုပြီး ကျွန်တော်လည်း ပြန်ဖြေလိုက်တာပေါ့။
" ဒါဖြင့် အဲ့ဒီကနေ ဝေးဝေးမှာနေ...ကြားလား သား"
ကျွန်တော် ဂိုဒေါင်တံခါးကို တွန်းပြီး ပြန်ပိတ်လိုက်တော့ ပတ္တာတစ်ဖက်ပဲ ကျန်တော့တဲ့ တံခါးရွက်က တကျွီကျွီမြည်လို့ တွဲလောင်းကျနေပါတော့တယ်။
" ကဲ...သား အမေပြောတာ နားလည်တယ်နော်"
အမေက လှမ်းအော်လိုက်ပါသေးတယ်။
" ဟုတ်ကဲ့ပါ....ဟုတ်ပါပြီဗျာ...ဟုတ်ပါပြီ"
" အမေတို့မှာ နဂိုကတည်းကမှ စိတ်ပူစရာတွေများနေတာကို သားကပါ အဲ့ဒီ ဂိုဒေါင်ကြီးထဲ လျှောက်၀င်ပြီး အနာတရဖြစ်နေရင် မခက်ချေဘူးလားကွယ်"
" ဟုတ်ကဲ့ပါ အမေ"
" ဒါဖြင့် သား အဲ့ဒီထဲကို မ၀င်ရဘူးဆိုတာ နားလည်တယ်နော်"
" ဟုတ်...ဟုတ်...ဟုတ်...ဟုတ်ကဲ့ပါဗျာ" လို့ ကျွန်တော်လည်း အမေ့ကို အရွဲ့တိုက်ကာ ပြန်ဖြေပြီး ဥယျာဉ်ဘက်ဆီပြေးသွားလိုက်ပါတော့တယ်။ အမေကတော့ အိမ်ထဲက အရှုပ်ထုပ် မွေးကင်းစကလေးဆီကို ခပ်သုတ်သုတ် ပြန်ပြေးသွားတော့တာပေါ့။
အခန်း (၃)
ဥယျာဉ်လေးဆိုလို့ တော်တော်လေး သာယာလိမ့်မယ် မထင်နဲ့ဗျ။ ပုံမှန် ဥယျာဉ်သာဆို ထိုင်ခုံတန်းလေးတွေ၊ စားပွဲခုံ နဲ့ ဒန်းလေးတွေ ရှိမှာသေချာတယ်လေ။ နောက်ပြီး ဘတ်စကတ်ဘော ဂိုးတိုင် လေးကိုလည်း အိမ်သုတ်ထားတဲ့ ဆေးနဲ့ အရောင်တူ ခြယ်ထားမယ်ဆို သိပ်ကို လိုက်ဖက်မှာပေါ့ဗျာ ။ ပြီးတော့ ငါးလေးတွေနဲ့ ဖားလေးတွေရှိတဲ့ ရေကန်လေးပါ ပါလိုက်ဦးမယ်ဆို အင်မတန့်ကို ပျော်စရာကောင်းမှာ အမှန်ပါပဲ။ ဒါပေမယ့် ဒီမှာတော့ ဘာတစ်ခုမှကို မရှိပါဘူး။ ဥယျာဉ်လို့ ခေါ်တဲ့ မြေကွက်လပ်ထဲမှာ ဖက်ယားပင်၊ ဆူးလေပင်နဲ့ ပေါင်းပင်တွေချည်းပဲ ရှိခဲ့ပါတယ်။ အုတ်ခဲအကျိုး အပဲ့တွေနဲ့ ကျောက်တုံးတွေကလည်း ဟိုဟိုဒီဒီ ပြန့်ကျဲလို့နေတော့တာပေါ့ဗျာ။ ကျွန်တော်လည်း အဲ့ဒီအပင်ချုံပုတ်တွေကြားထဲ မတ်တပ်ရပ်နေရင်း အလေ့ကျပေါက်နေတဲ့ အဝါရောင် ဒန်ဒီလီယွန်ပန်းကလေးတွေကို ခြေထောက်နဲ့ ကန်နေလိုက်ပါတော့တယ်။
ခဏနေတော့ အမေက ကျွန်တော့်ကို နေ့လည်စားဖို့ အိမ်ထဲ၀င်လာခဲ့အောင် လှမ်းခေါ်ပါလေရော။ ကျွန်တော်လည်း အမေ့ကို မလာသေးဘူးလို့ ပြန်ဖြေပြီး ဥယျာဉ်ထဲမှာပဲ ဆက်နေလိုက်ပါတော့တယ်။ အဲ့ဒီတော့ အမေက အသားညှပ်ပေါင်မုန့်တစ်ခုနဲ့ ကုတ်ခ် အချိုရည်တစ်ဘူးယူပြီး ကျွန်တော့်ဆီ ရောက်လာရတော့တာပေါ့။
" အခုလို အပျက်အဆီးတွေ ကြားထဲရောက်နေရတဲ့အထဲ အမေတို့ကပါ သားကို စိတ်မကောင်းအောင် လုပ်မိရင် တောင်းပန်ပါတယ် သားရယ်" လို့ အမေက ပြောလိုက်ပါတယ်။
ပြီးတော့ သူက ကျွန်တော့် လက်မောင်းကို ကိုင်လိုက်တယ်လေ။
" သား နားလည်ပေးမယ် မဟုတ်လားဟင် မိုက်ကယ်"
ကျွန်တော်လည်း ပုခုံးပဲ ပြန်တွန့်ပြလိုက်တော့တာပေါ့။
" ဟုတ်ကဲ့ပါ အမေ" ဆိုပြီး ကျွန်တော် ပြန်ဖြေလိုက်ပါတယ်။
အမေက ကျွန်တော့်လက်ကိုကိုင်ထားရင်း သက်ပြင်းလေးချလိုက်ပါတော့တယ်။
" အမေတို့ ပစ္စည်းတွေ အားလုံးကို အစအဆုံး နေရာချသွားပြီးရင်တော့ အရာရာက အဆင်ပြေသွားမှာပါ သားရယ်"
ကျွန်တော် အိမ်နံရံကိုမှီလို့စီထားတဲ့ အုတ်ပုံပေါ်မှာ တက်ထိုင်ပြီး အမေယူလာပေးတဲ့ အသားညှပ်ပေါင်မုန့်နဲ့ အချိုရည်ကို စားလိုက်တယ်လေ။ ပြီးတော့ ကျွန်တော် အရင်ကနေခဲ့တဲ့ ရမ်ဒန် လမ်းလေးအကြောင်းကို ပြန်တွေးမိတာပေါ့။ နောက်ပြီး ကျွန်တော့်သူငယ်ချင်းဟောင်းတွေဖြစ်တဲ့ လီကီနဲ့ ကုထ် တို့ကိုတောင် သတိရမိပါသေးတယ်။ အခုလောက်ဆို သူတို့လည်း လယ်ကွင်းထဲဆင်းပြီး တနေကုန် ဆော့နေကြလောက်ရောပေါ့။
ခဏနေတော့ ကျွန်တော် အိမ်တံခါးခေါက်သံကို ကြားလိုက်ရပါတယ်။ ဒေါက်တာ သေမင်း အိမ်ထဲကို ၀င်လာတယ်ဆိုတာ ကျွန်တော် သိလိုက်တာပေါ့။ ကျွန်တော် သူ့ကို ဒေါက်တာ သေမင်းလို့ ခေါ်ရတဲ့အကြောင်းအရင်းကတော့ ဒီလူကြီးရဲ့ မျက်နှာက ညိုမှိုင်းမှိုင်းရှိပြီး လက်ပေါ်မှာလည်း အမဲရောင် အစက်အပျောက်တွေရှိလို့ပါ။ သူ ပြုံးတာကို ကျွန်တော်ဖြင့် တစ်ခါမှ မမြင်ဖူးပါဘူး။ တစ်နေ့ သူ ကျွန်တော်တို့အိမ်ကနေ ပြန်ဖို့ လုပ်ရင်း ကားပေါ်မှာ ဆေးလိပ်သောက်ဖို့ မီးညှိနေတာကို ကျွန်တော်တွေ့လိုက်ရတယ်လေ။ အဲ့ဒီတော့ အဖေနဲ့ အမေက ကျွန်တော့်ကို ဒေါက်တာ ဒန်ဆိုတဲ့ အဲ့ဒီလူကြီးနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ ကျွန်တော်လည်း သူ့ကို လူရှေ့မှာ ဒေါက်တာဒန်လို့ ခေါ်ခဲ့ပေမဲ့ ကျွန်တော့်ရင်ထဲမှာတော့ ဒေါက်တာသေမင်းဆိုတဲ့ နာမည်က စွဲထင်ကျန်ဆဲပါ။ ဒီနာမည်ကမှ သူ့ရဲ့ ပုံပန်းနဲ့ သိပ်လိုက်ဖက်လှတယ် မဟုတ်ပါလား။
ကျွန်တော် အချိုရည်သောက်ပြီး ခဏလောက်ကြာတော့ ဂိုဒေါင်ဘက်ဆီ ပြန်သွားလိုက်ပါသေးတယ်။ ဒီတစ်ခါတော့ ကျွန်တော် ဂိုဒေါင်ထဲက ကုတ်ခြစ်သံတွေကိုတောင် နားထောင်ဖို့ ရပ်စောင့်မနေတော့ပါဘူး။ ကျွန်တော် ဓါတ်မီး ခလုတ်ကို ဖွင့်ပြီး အသက်၀၀ရှူကာ အထဲကို ခြေဖျားထောက်လို့ တိတ်ဆိတ်စွာ ၀င်သွားလိုက်ပါတော့တယ်။
ဂိုဒေါင်ထဲက အမှောင်ထုထဲမှာ ကျွန်တော် မမြင်ရတဲ့ ခပ်သေးသေးအရွယ် သက်ရှိသတ္တဝါကောင်လေးတစ်ကောင်က သုတ်သီးသုတ်ပြာနဲ့ပြေးသွားတာကို ကျွန်တော် သတိထားမိလိုက်ပါတယ်။ ပတ္တာတစ်ဖက်ပြုတ်နေတဲ့ ဂိုဒေါင်တံခါးကြီးကလည်း တကျွီကျွီမြည်လို့ လေထဲမှာ တိုးလို့ တန်းလန်းနဲ့ လှုတ်ခတ်လိုက်သေးတယ်လေ။ ဓါတ်မီးအလင်းတန်းထဲမှာတော့ ဂိုဒေါင်ထဲက ဖုန်မှုန့်တွေက တလိမ့်လိမ့် ပြန့်နှံ့နေတာကို ကျွန်တော် တွေ့လိုက်ရတာပေါ့။ ကုတ်ခြစ်နေတဲ့ အသံဆီကို ကျွန်တော် တဖြည်းဖြည်းနဲ့ နီးကပ်လာခဲ့ပါပြီ။ ကျွန်တော်လည်း ရှေ့ဆက်တိုးရင်းက နေ ကျွန်တော့် တံတောင်ဆစ်ကို ပင့်ကူအိမ်တွေပါ ကပ်လာတာကို ခံစားမိလိုက်ရပါတယ်။ ရှေးဟောင်း ပရိဘောဂပစ္စည်းတွေ၊ မီးဖိုချောင်သုံး ပရိဘောဂ၊ ကော်ဇောလိပ်၊ ပိုက်တို ပိုက်စ၊ ပျဉ်ပြားရိုက် သေတ္တာတွေနဲ့ ပျဉ်ပြားတွေ စုပုံထားတဲ့ဆီကို ကျွန်တော် တိုးကပ်သွားခဲ့တယ်လေ။ ဂိုဒေါင်အမိုးကနေ ချိတ်ဆွဲထားတဲ့ ရေပိုက်ခေါင်းတွေ၊ ကြိုးခွေတွေနဲ့ ရှုံ့အိတ်တွေကို ရှောင်ရင်း ကျွန်တော် ကုန်းကုန်းကွကွနဲ့ ဆက်လျှောက်သွားခဲ့တာပေါ့။ ကျွန်တော့်တစ်ကိုယ်လုံးရော အင်္ကျီတွေပေါ်မှာပါ ပင့်ကူအိမ်တွေကလည်း ပြည့်လို့ပါ။ ဂိုဒေါင်ကြမ်းပြင်ကလည်း ကျိုးတဲ့နေရာကကျိုးပြီး လှုတ်ခတ်နေတော့တာပါပဲ။ ကျွန်တော် ဗီရိုလေးကို တစ်လက်မလောက်ဖွင့်ပြီး အထဲကို ဓါတ်မီးအလင်းရောင်နဲ့ ထိုးကြည့်လိုက်တဲ့ အခါမှာတော့ အထဲကနေ သစ်သားကို လှိုက်စားနေတဲ့ ပိုးကောင်တွေက ရှဲခနဲ ဆိုသလို ပြေးထွက်လာကြပါတော့တယ်။ နောက်ပြီး ဗီရိုထဲက ကျောက်တုံးနဲ့လုပ်ထားတဲ့ ကရားလေးထဲကို ကျွန်တော် ကြည့်လိုက်တော့ အထဲမှာ ဘယ်တုန်းကတည်းက သေနေမှန်းမသိတဲ့ သတ္တဝါကောင်လေး တစ်ကောင်ရဲ့ အရိုးစုကို တွေ့လိုက်ရပါတယ်။ နောက်ပြီး ကျွန်တော့်အနားမှာလည်း အပြာရောင်ရင့်ရင့်နဲ့ ယင်မည်း အသေကောင်တွေကလည်း ပုံအောနေတာပါပဲ။ ရှေးဟောင်း သတင်းစာတွေ၊ မဂ္ဂဇင်းတွေကိုတွေ့လို့ ကျွန်တော်လည်း တွေ့ကရာ သတင်းစာတစ်ရွက်ကို ဓါတ်မီးနဲ့ ထိုးကြည့်လိုက်တော့ ဒီသတင်းစာတွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးဆယ်လောက်ကတည်းက ထုတ်ဝေခဲ့တာဖြစ်ကြောင်း ကျွန်တော် သိလိုက်ရပါတယ်။ ကျွန်တော် ဖြည်းဖြည်းချင်းစီ ဘေးကို ဆက်လျှောက်လိုက်ပါတယ်။ ကျွန်တော်ဖြင့် အခုနေများ ဒီဂိုဒေါင်ကြီး ပြိုကျသွားမှာကို ကြောက်မိပါရဲ့ဗျာ။ ကျွန်တော့် လည်ချောင်းနဲ့ နှာခေါင်းထဲမှာလည်း ဖုန်တွေနဲ့ မွှန်ထူလို့နေပါပြီ။ အဖေနဲ့ အမေတို့လည်း မကြာခင် ကျွန်တော့်ကို လှမ်းခေါ်တော့မှာဆိုတော့ ကျွန်တော် ဒီထဲကနေ အခုချက်ချင်းပဲ ထွက်သွားသင့်ပြီလေ။ ကျွန်တော်လည်း လက်ဘက်ခြောက်ပုံးခွံ အပုံကြီးကို မှီပြီး အမောဖြေလို့ အသက်ရှူနေရင်းက အမှောင်ထုထဲ ဓါတ်မီးနဲ့ လျှောက်ထိုးကြည့်လိုက်တဲ့အခါမှာပဲ ကျွန်တော် သူ့ကို တွေ့လိုက်ရပါတော့တယ်။
ကျွန်တော်က သူ့ကို သေသွားပြီလို့ ထင်ခဲ့တာဗျ။ သူက ခြေထောက်တွေကို ကားပြီး နံရံကို ခေါင်းမှီကာ ငူငူကြီး ထိုင်နေခဲ့တာလေ။ သူ့ကိုယ်ပေါ်မှာလည်း ဒီဂိုဒေါင်ထဲက ပစ္စည်းပစ္စယတွေလို ဖုန်တွေနဲ့ ပင့်ကူအိမ်တွေက အထပ်ထပ်တင်နေတော့တာပါပဲ။ သူ့မျက်နှာကလည်း ဖျော့တော့ပြီး ပိန်လှီနေခဲ့တာပေါ့။ အပြာရင့်ရင့် ယင်မည်းရိုင်း အသေကြီးတွေကတော့ သူ့ဆံပင်နဲ့ ပုခုံးတွေပေါ်မှာ ပြန့်ကျဲ့နေပါတော့တယ်။ ကျွန်တော် ဓါတ်မီးနဲ့ သူ့ကို လှမ်းထိုးကြည့်လိုက်တော့ သူ့မျက်နှာက ဖြူဖွေးဆွတ်နေပြီး သူက နက်မှောင်နေတဲ့ ၀တ်စုံကို ၀တ်ထားတာကို ကျွန်တော် တွေ့လိုက်ရပါတယ်။
" မင်း ဘာလိုချင်လို့လဲ" လို့ သူက စကားစပြောလာတယ်လေ။ ပြီးတော့မှ သူက မျက်လုံးကို ဖြည်းညှင်းစွာဖွင့်ပြီး ကျွန်တော့်ကို ကြည့်လိုက်ပါတော့တယ်။
နား၀င်မချိုလှတဲ့ သူ့အသံရဲ့စူးဝါးပုံက သူ စကားမပြောတာဟာ အတော်ကြာနေတဲ့ပုံပါပဲ။
" မင်း ဘာလိုချင်လို့လဲ"
ကျွန်တော်လည်း ရင်တုန် ပန်းတုန်နဲ့ကို ဖြစ်နေခဲ့ရတာ အမှန်ပါ။
" မင်း ဘာလိုချင်လဲ လို့ ငါမေးနေတယ်လေကွာ"
အဲ့ဒီအချိန်မှာပဲ အိမ်ဘက်က ကျွန်တော့်နာမည်ကို လှမ်းခေါ်တာကို ကျွန်တော် ကြားလိုက်ရပါတော့တယ်။
" မိုက်ကယ်....သား....မိုက်ကယ်..."
ကျွန်တော်လည်း အထဲကနေ ရုတ်တရက်ထပြီး အပေါက်၀ဆီ ပြေးသွားတော့တာပေါ့။
ကျွန်တော့်ကို လှမ်းခေါ်တာ အဖေရယ်ပါ။ အဖေက ကျွန်တော့်ဆီကို တဖြည်းဖြည်းချင်း လမ်းလျှောက်လာပါတော့တယ်။
" အဖေတို့ သားကို အဲ့ဒီအထဲ မ၀င်....." ဆိုပြီး အဖေ့စကား မဆုံးနိုင်ခင်မှာပဲ ကျွန်တော် သူ့ကို စကားဖြတ်ပြောလိုက်တော့တာပေါ့။
" ဟုတ်ကဲ့ပါ အဖေ ။ ဟုတ်ကဲ့ပါ..."
ပြီးတော့ ကျွန်တော်လည်း ကိုယ်ပေါ်က ပင့်ကူအိမ်တွေကို ဖယ်နေလိုက်ပါတော့တယ်။ ပင့်ကူ တစ်ကောင်ကတောင် ကျွန်တော့် မေးစေ့နားကနေ ပင့်ကူမျှင်တွေထုတ်ရင်း ဆင်းသွားတာ ကျွန်တော် တွေ့လိုက်ရပါသေးတယ်။
အဖေက ကျွန်တော့်ကို ဖက်လိုက်ပါတယ်။
" အဖေတို့က သားကို စိတ်ပူလို့ပါကွာ" လို့ သူက ပြောတယ်လေ။
အဖေက ကျွန်တော့်ခေါင်းပေါ်မှာတင်နေတဲ့ ယင်မည်းအသေကြီး တစ်ကောင်ကို ဖယ်ပေးလိုက်ပါတယ်။ ပြီးတော့ သူက ဂိုဒေါင်ကို လက်တစ်ဖက်နဲ့ ဖိတွန်းလိုက်တော့ ဂိုဒေါင်ကြီး တစ်ခုလုံးလည်း သိမ့်ခနဲနဲ့ကို လှုပ်သွားတော့တာပေါ့။
" တွေ့လား...သား။ မင်း ဒီထဲရောက်နေတုန်း ဘာဖြစ်သွားမယ်ဆိုတာ မပြောနိုင်ဘူးကွ" လို့ အဖေက ကျွန်တော့်ဘက်လှည့်ကာ ပြောလိုက်တော့တာပေါ့။
ကျွန်တော်လည်း အဖေ နောက်ထပ်တစ်ခါ မတွန်းနိုင်အောင် သူ့လက်ကို ဆွဲထားလိုက်တယ်လေ။
" မလုပ်ပါနဲ့ အဖေ" လို့ ကျွန်တော် သူ့ကို ပြောလိုက်ပါတယ်။
" သား နားလည်ပါပြီ"
အဲ့ဒီတော့မှ အဖေလည်း ကျွန်တော့် ပုခုံးကို ဖျစ်ညှစ်ပြီး အားလုံးက အဆင်ပြေသွားမှာပါလို့ အားပေးနေလေရဲ့။ ပြီးတော့ အဖေက ရယ်လိုက်ပါသေးတယ်။
" ကဲ....ဒါဖြင့် မင်းအမေ မတွေ့ခင် အဲ့ဒီ ဖုန်တွေ ခါလိုက်ဦးကွ ဟုတ်ပြီလား"
အခန်း (၄)
အဲ့ဒီညက ကျွန်တော် အိပ်ဖို့ အတော်လေး ကြိုးစားလိုက်ရပါတယ်။ ကျွန်တော် အိမ်ထဲကနေ ဂိုဒေါင်ဘက်ကို လှမ်းကြည့်လိုက်တိုင်း ဂိုဒေါင်ထဲကထွက်ပြီး အိမ်နောက်ဖေးပေါက်ကနေ ၀င်လာတဲ့ သူ့ကို ကျွန်တော် ဖျတ်ခနဲဆိုသလို တွေ့လိုက်ရတာပေါ့။ နောက်ပြီး သူ့က ကျွန်တော့် အခန်းထဲကိုပါ ရောက်လာပါတော့တယ်။ သူက ကျွန်တော့် ခုတင်နားအထိရောက်လာပြီး စိုင်စိုင်ကြီးကို ကြက်သေသေလို့ ရပ်နေတော့တာပေါ့။ သူ့တစ်ကိုယ်လုံးလည် ဖုန်အလိမ်းလိမ်းနဲ့ ညစ်ပေပြီး အပြာရင့်ရင့်ယင်မည်းရိုင်း အသေတွေကလည်း သူ့ခန္ဓာကိုယ်အနှံ့မှာ ကပ်တွယ်လို့ နေပါတော့တယ်။
" မင်း ဘာလိုချင်တာလဲ" လို့ သူက ကျွန်တော့်ကို တီးတိုးလေးပြောလိုက်ပါတယ်။
" မင်း ဘာလိုချင်တာလဲလို့ ငါမေးနေတယ်လေ"
ဒါက အိပ်မက်သက်သက်ပဲ ဖြစ်ရပါမယ်။ ကျွန်တော် သူ့ကို စိတ်ထဲကနေ မြင်ယောင်နေမိရုံပါ။ ဟုတ်တယ်။ ဒါက အိပ်မက်တစ်ခုပါပဲ။ ကျွန်တော်လည်း ညအမှောင်ထဲမှာ လဲလျောင်းရင်း နားစွင့်ကြည့်လိုက်တော့ အဖေ့ရဲ့ ဟောက်သံကို ကြားလိုက်ရတယ်လေ။ ကျွန်တော် သေသေချာချာကို အာရုံစူးစိုက်ပြီး နားထောင်ကြည့်လိုက်တော့ ကျွန်တော့် ညီမလေးရဲ့ ပုခက်ထဲက အသက်ရှူသံကိုပါ ကျွန်တော် ထပ်ကြားလိုက်ရတော့တာပေါ့။ သူ့အသက်ရှူသံလေးက ခြောက်ကပ်ကပ်နဲ့ မာန်ဖီနေတဲ့ အသံလေး အတိုင်းပါပဲ။ ကျွန်တော်လည်း အထွေအထူးမရှိလှတာမို့ ပြန်အိပ်ဖို့ ကြိုးစားနေတုန်းမှာပဲ ကလေးက ပုခက်ထဲကနေ အသံကုန်ခြစ်လို့ အော်ငိုလိုက် ပါတော့တယ်။ ခဏနေတော့ အမေလည်း ကသုတ်ကကယက်နဲ့ ပုခက်ဆီ ပြေးလာပြီး ကလေးကို နို့တိုက်ရပါလေရော။ အမေရဲ့ သားချော့တေး ညည်းသံလေးကို ကျွန်တော် ကြားလိုက်ရပါတယ်။ ခဏနေတော့လည်း အရာအားလုံးက တဖန် ပြန်လို့ တိတ်ဆိတ်သွားပြန်တော့တာပေါ့။ အဖေ့ ဟောက်သံကလည်း ကျွန်တော့် နားထဲ ပြန်ပြီး နေရာယူလာပြန်တယ်လေ။ ကျွန်တော် ကလေး အသက်ရှူသံကို ကြားအောင် အာရုံစူးစိုက်ပြီး ကြိုးစားပေမဲ့လည်း ကလေးဆီကတော့ ဘာအသံမှ ထပ်မထွက်လာတော့ပါဘူး။
မနက်မိုးလင်းတော့ ကျွန်တော်လည်း အိပ်ရာက နိုးနိုးချင်း အဖေနဲ့ အမေတို့ အခန်းထဲကို ခြေဖျားထောက်ပြီး ၀င်သွားလိုက်ပါတယ်။ ကျွန်တော့် ညီမလေးရဲ့ ပုခက်ကတော့ အဖေနဲ့ အမေတို့ ကုတင်နားမှာပဲလေ။ အဖေနဲ့ အမေကတော့ တစ်ယောက်နဲ့ တစ်ယောက် ဖက်ထားရင်း အိပ်မောကျနေကြလေရဲ့။ ကျွန်တော်လည်း ပုခက်ထဲက ကလေးကို ငုံကြည့်လိုက်ပါတော့တယ်။ ကျွန်တော် ပုခက်ကို ဖုံးထားတဲ့ စောင်လေးထဲကို လက်နှိုက်ပြီး ကလေးကို ကိုင်ကြည့်လိုက်တာပေါ့။ ကလေးလေးရဲ့ နှလုံးကတော့ ကျွန်တော့် လက်အောက်မှာ တဆတ်ဆတ်နဲ့ ခုန်နေခဲ့တယ်လေ။ အသက်ကို ခပ်မြန်မြန်ရှူလို့ နိမ့်ချည် မြင့်ချည်ဖြစ်နေတဲ့ သူ့ရင်ဘတ်ရဲ့ လှုပ်ရှားပုံလေးကိုလည်း ကျွန်တော် သတိထားမိပါသေးတယ်။ နွေးထွေးလှတဲ့ ကလေး ပုခက်လေးရဲ့ အထိအတွေ့၊ နူးညံ့ပျော့ပျောင်းလှတဲ့ ကလေးလေးရဲ့ အရိုးလေးတွေနဲ့ အင်မတန့်ကို သေးကွေးလှတဲ့ သူ့ခန္ဓာကိုယ်လေးကို ကျွန်တော် ကိုင်တွယ် ကြည့်မိပါတယ်။ သူ့ရဲ့ လည်ပင်းနောက်မှာတော့ သွားရည်တွေနဲ့ မှောက်ကျထားတဲ့ နို့ရည်စက်တွေက တစက်စက်နဲ့ စီးကျနေခဲ့တယ်လေ။ ကျွန်တော်ဖြင့် သူများ သေတော့မှာလားလို့တောင် တွေးနေမိပါသေးတယ်။ တကယ်တော့ အဖေနဲ့ အမေလည်း ဆေးရုံမှာကတည်းက အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး စိတ်ပူနေခဲ့ကြတာပါ။သူ့ကို အိမ်ပြန်မခေါ်လာခင်တုန်းကဆို ဆရာ၀န်တွေက သူ့ကို ပြွန်တွေ၊ ဝိုင်ယာကြိုးတွေ တပ်ပြီး ဖန်အိမ်လေးထဲမှာ ထည့်ထားတော့ ကျွန်တော်တို့လည်း ငါးကန်လေးကို ကြည့်သလို ကြည့်ခဲ့ကြရတာပေါ့။
ကျွန်တော်လည်း ပုခက်ထဲက လက်ကို ဆွဲထုတ်ပြီး စောင်လေးကို ပြန်ဖုံးလိုက်ပါတော့တယ်။ ကလေးလေးရဲ့ မျက်နှာက ဖြူဆုတ်နေပြီး ဆံပင်တွေကတော့ နက်မှောင်နေတာပါပဲ။ အဖေနဲ့ အမေက ကျွန်တော့်ကို ညီမလေးအတွက် ဆုတောင်းပေးဖို့ ပြောကြပေမဲ့ ဘာကို ဘယ်လို ဆုတောင်းရမလဲ ဆိုတာတော့ ကျွန်တော်လည်း မသိပါဘူးလေ။
" ညီမလေး နင် အသက်ရှင်ချင်တယ်ဆို သန်သန်မာမာဖြစ်အောင် ကြိုးစားနော်" လို့ ကျွန်တော် ပုခက်လေးထဲက သူ့ကို တီးတိုးလေး ပြောလိုက်ပါတယ်။
အမေက အိပ်မှုန်စုံမွှားနဲ့ နိုးလာတော့ ကျွန်တော့်ကို တွေ့သွားတော့တာပေါ့။
" သား...ဘာလိုချင်လို့လဲဟင်" လို့ အမေက လှမ်းမေးလိုက်တယ်လေ။
" ဘာမှ မလိုပါဘူး အမေ" လို့ပဲ ပြန်ဖြေရင်း ကျွန်တော် ခြေဖျားလေးထောက်လို့ ကျွန်တော့် အခန်းဆီ ပြန်လာခဲ့ပါတော့တယ်။
အခန်းထဲရောက်တော့ ကျွန်တော် အိမ်နောက်ဖေးဘက်ဆီ လှမ်းကြည့်မိလိုက်ပါတယ်။ ဂိုဒေါင်ကြီးရဲ့ အမိုးပေါ်မှာတော့ အနက်ရောင် ငှက်ကလေးတစ်ကောင်က နားလို့ သီချင်းဆိုနေလေရဲ့။ ကျွန်တော်လည်း ဆံပင်တွေကြားထဲမှာ ပင့်ကူအိမ်တွေနဲ့ ငြိတွယ်ရင်း လက်ဘက်ခြောက်ပုံးခွံတွေကြားထဲမှာ လဲလျောင်းနေမဲ့ သူ့အကြောင်းကို တွေးလိုက်မိပါတော့တယ်။ သူ အဲ့ဒီမှာ ဘာတွေများ လုပ်နေတာပါလိမ့်နော်။
အခန်း (၅)
ဒီလိုနဲ့ ကျွန်တော်လည်း မနက်စာစားရင်းနဲ့ အမေနဲ့ အဖေ့ကို ဂိုဒေါင်ကြီး အကြောင်း မေးဖြစ်ခဲ့တော့တာပေါ့။
" အလုပ်သမားတွေက ဂိုဒေါင်ရှင်းဖို့ ပြန်လာကြဦးမှာလား အဖေ" လို့ ကျွန်တော် မေးလိုက်တော့ အမေက သက်ပြင်းလေးချလို့ မျက်နှာကျက်ဆီ မော့ကြည့်ကာ ကျွန်တော့်အမေးကို ရှောင်နေလိုက်ပါတယ်။ အဲ့ဒီတော့ အဖေကပဲ ပြီးပြီးရောဆိုသလို ပြန်ဖြေလိုက်တယ်လေ။
" အဖေတို့ အလုပ်သမား ရှာလို့ရမှာပါ သားရာ.... ဒီကိစ္စက သားအတွက် အရေးမကြီးပါဘူး။ အခုတော့ ဒီကိစ္စကို မပြောပဲ နေကြရအောင်ပါကွာ"
" ဟုတ်ကဲ့ အဖေ"
အဖေကတော့ အိမ်အလုပ်တွေလုပ်ဖို့အတွက် ဒီနေ့ အလုပ်ကနေ ခွင့်ယူထားမယ်တဲ့လေ။ အမေကလည်း ဒီနေ့ ကလေးအတွက် ဆေးရုံကိုသွားပြီး စစ်ဆေးစရာတွေ လုပ်ရဦးမယ် မဟုတ်ပါလား။
" သားလည်း ဒီနေ့ ကျောင်းကနေ ခွင့်ယူလိုက်ရမလား အဖေ။ ဒါဆို အဖေ့ကို ကူညီပေးလို့ရတာပေါ့" လို့ ကျွန်တော် အဖေ့ကို မေးလိုက်ပါတယ်။
အဲ့ဒီတော့ အဖေက
" ကောင်းပြီလေ။ သား ဒီနေ့ကျောင်းမသွားချင်ဘူးဆိုရင် အဖေကလည်း သားကို မစ္စတာ အာနီရဲ့ ရေအိမ်ကိုဖြုတ်ဖို့နဲ့ ရေအိမ်ကာထားတဲ့အထပ်သားတွေကို ကြမ်းတိုက်ဖို့ ခိုင်းရတာပေါ့ကွ" လို့ဆိုလာတော့ ကျွန်ဝောာ်လည်း ချက်ချင်းဆိုသလို
"သား ကျောင်းပဲသွားပါတော့မယ် အဖေ" လို့ဖြေကာ ကျောပိုးအိတ်ဆွဲလို့ ထွက်လာခဲ့လိုက်ပါတော့တယ်။
ကျွန်တော်တို့ ဒီကိုမပြောင်းလာခင်ကတည်းက အဖေနဲ့အမေက ကျွန်တော့်ကို ကျောင်းပြောင်းချင်လားလို့ မေးခဲ့ပါသေးတယ်။ ဒါပေမယ့် ကျွန်တော် မပြောင်းခဲ့ပါဘူး။ ကျွန်တော် လီကီနဲ့ ကုထ် တို့နဲ့အတူ ကန်နီလမ်းပေါ်က ကျောင်းလေးမှာပဲ အတူတက်ချင်ခဲ့တယ်လေ။ အခု အိမ်သစ်ကနေ ကျောင်းရောက်ဖို့ ဘတ်စ်ကားစီးရပေမဲ့လည်း ကျွန်တော် သည်းခံနိုင်ပါတယ်။ အခုလို ဘတ်စ်ကားစီးပြီး ကျောင်းသွားရတော့ ကျွန်တော့်အတွက် ဟိုဟိုဒီဒီလျှောက်တွေးဖို့ အချိန်ရတာပေါ့။ ကျွန်တော် ဂိုဒေါင်ထဲက လူကြီးအကြောင်းကို တွေးဖို့ ကြိုးစားပေမဲ့ ဘယ်ကနေ စတွေးရမှန်း မသိခဲ့ပါဘူး။ အဲ့ဒီတော့ ကျွန်တော်လည်း ဘတ်စ်ကားပေါ်ထိုင်ရင်း တက်လိုက် ဆင်းလိုက် လုပ်နေကြတဲ့ ခရီးသည်တွေကိုပဲ လိုက်ကြည့်နေဖြစ်ခဲ့ပါတော့တယ်။ ဘတ်စ်ကားပေါ်မှာတော့ လူတချို့က သတင်းစာဖတ်နေကြသလို၊ တချို့ကတော့ လက်သည်းခွံ ကိုက်နေကြလေရဲ့။ တချို့များ ကြပြန်တော့လည်း ပြတင်းပေါက်ကနေ ဟိုးအဝေးကို စိတ်တွေပြန့်လွင့်နေတာ တွေ့ရတော့ လူတစ်ယောက်က ဘာတွေတွေးနေတယ်၊ သူ့ဘ၀ထဲမှာ ဘယ်လိုကိစ္စတွေနဲ့ ကြုံတွေနေရတယ် ဆိုတာကို မျက်နှာကြည့်ပြီး ဆုံးဖြတ်လို့ မရမှန်း ကျွန်တော် သဘောပေါက်မိပါတယ်။ တကယ်ဆို စိတ်မနှံ့တဲ့သူတွေ၊ အရက်မူးနေတဲ့သူတွေနဲ့ အလိုက်ကမ်းဆိုးမသိ သူတို့အကြောင်းချည်း တတွတ်တွတ်ပြောနေတတ်ကြတဲ့ သူတွေကိုတောင်မှ သူတို့တွေက ဘယ်လိုစိတ်ထားရှိတယ်ဆိုတာ ခန့်မှန်းဖို့ ခက်ခဲလွန်းတယ်လေ။
ကျွန်တော့်စိတ်ထဲမှာတော့
" ကျွန်တော်တို့အိမ်က ဂိုဒေါင်ထဲမှာ သူစိမ်းတစ်ယောက်ရှိနေတယ်။ ကျွန်တော့် ညီမလေးက နေမကောင်းဖြစ်နေတယ်။ နောက်ပြီး ဒီနေ့က ကျွန်တော့်အတွက်တော့ အိမ်သစ်ကနေ ကျောင်းဟောင်းဆီကို ပထမဆုံး ကားစီးပြီး သွားရတဲ့ နေ့ပဲဗျ" လို့ ထအော်ပြောပစ်လိုက်ချင်တာ အမှန်ပါ။
ဒါပေမယ့်လည်း ကျွန်တော် မပြောဖြစ်ခဲ့ပါဘူးလေ။ ကျွန်တော် ထိုင်ခုံပေါ်မှာထိုင်ရင်း ဘတ်စ်ကားကွေ့တိုင်း လှုပ်ခတ်သွားကြတဲ့ သူတို့ရဲ့ မျက်နှာတွေကိုပဲ ထိုင်ကြည့်နေခဲ့ပါတော့တယ်။ တကယ်လို့ တယောက်ယောက်သာ ကျွန်တော့်ကို သတိထားမိရင်လည်း သူတို့တွေ ကျွန်တော် ဘယ်လိုခံစားနေရတယ်ဆိုတာ သိမှာ မဟုတ်လောက်ပါဘူးလေ။
ဒီကျောင်းကို တက်ရတာ အခုတော့ ကျွန်တော့်အတွက် ထူးဆန်းနေခဲ့ပါပြီ။ ဒီရက်ပိုင်းအတွင်း ကျွန်တော့်ဘ၀ထဲမှာ အပြောင်းအလဲတွေ အများကြီး ဖြစ်ပျက်သွားပေမဲ့ ကျောင်းကတော့ အရင်လိုပဲမို့ ကျွန်တော် အံ့ဩမိပါသေးတယ်။ ရက်စ်ပူတင်လို့ ကျွန်တော် နာမည်ပြောင်ပေးထားတဲ့ ဆရာက ဟောခန်းကြီးထဲမှာ သူ့၀သီအတိုင်းပဲ ဇာတိမာန်အပြည့်နဲ့ သီချင်းဆိုဖို့ ဆော်ဩနေလေရဲ့။ နောက်ပြီး ခန္ဓာကိုယ်ကြီးကြီးမားမားကြီးနဲ့မို့ နှင်းလူကြီးလို့ နာမည်ပြောင်ပေးထားတဲ့ စည်းကမ်းထိန်းသိမ်းရေး ဆရာကလည်း ကျွန်တော်တို့ကို ဘယ်ဘက်ကပ်ပြီး တန်းစီဖို့ အော်နေမြဲပါ။ မျောက်မျက်နှာနဲ့ တူတဲ့ သင်္ချာဆရာ မစ်ဖော့ဒ် ကဆို သူသင်ပေးထားတဲ့ အပိုင်းဂဏန်းသင်္ချာကို နားမလည်ကြလို့ ဆိုပြီး မျက်နှာကြီးကို နီရဲလာတော့တာပါပဲ။ မစ္စ ကလာ့စ်ကလည်း အစ်ကရပ်စ်ရဲ့ သမိုင်းပုံပြင် ပြောပြရင်း မျက်ရည်စတွေတောင် စို့လာပါသေးတယ်။ အစ်ကရပ်စ် တစ်ယောက် နေမင်းကြီးရဲ့ အနီးကို ပျံသန်းသွားတော့ သူ့ရဲ့ အတောင်ပံတွေ အရည်ပျော်ကျသွားပြီး အဖေဖြစ်သူ ဒက်ဒလပ်စ် ကိုပါကျော်လို့ ပင်လင်ပြင်ကြီးထဲကို ကျောက်တုံးတစ်တုံးလို ပြုတ်ကျသွားတဲ့ အကြောင်းပေါ့။ နေ့လည်စာ စားချိန်ရောက်တော့လည်း လီကီနဲ့ ကုထ်တို့ရဲ့ အရည်မရ အဖတ်မရ ငြင်းခုံနေတာကို ကျွန်တော် ထိုင် နားထောင်ခဲ့ရပါသေးတယ်။
ကျွန်တော်ကတော့ စိတ်နဲ့ ကိုယ်နဲ့ကို မကပ်နိုင်တော့ပါဘူးလေ။
ကျွန်တော် ကျောင်းခြံစည်းရိုးလေးနားမှာ ရပ်ရင်း လယ်ကွင်းတွေရဲ့အဆုံးမှာရှိတဲ့ ဟိုးအဝေးက ကျွန်တော်တို့ အိမ်အသစ်ရှိရာဆီ လှမ်းမျှော်ကြည့်မိပါတယ်။ ကျွန်တော် အဲ့ဒီလို တစ်ယောက်ထဲ ရှိနေတုန်း လယ်ကွင်းပိုင်ရှင်တွေထဲက တစ်ယောက်ဖြစ်တဲ့ မစ္စ ဒန်ဒို ရောက်ချလာတော့တာပေါ့။ သူက ကျွန်တော့်မိဘတွေနဲ့ သိလာခဲ့တာကြာပါပြီ။
" မိုက်ကယ်...သား နေကောင်းရဲ့လားကွဲ့" လို့ သူက မေးလိုက်ပါတယ်။
" ဟုတ်ကဲ့ အဒေါ်"
" သား ညီမလေးရော..."
" သူလည်း နေကောင်းပါတယ်"
" ဒီနေ့တော့ သားက ဘောလုံးမကန်တော့ဘူးလားကွဲ့"
ကျွန်တော် သူ့ကို ခေါင်းပြန်ခါပြလိုက်တော့
" သားရဲ့ မိဘတွေကိုလည်း အဒေါ်က မေးတယ်လို့ ပြောလိုက်ပါဦးကွယ်" ဆိုပြီး သူက အိတ်ကပ်ထဲကနေ သကြားလုံးလေးထုတ်လို့ ကျွန်တော့်ဆီ လက်လှမ်းလိုက်ပါတော့တယ်။ သူက အခုလို ၀မ်းနည်းနေတဲ့ ကျောင်းသားသစ်လေးတွေနဲ့ ကြုံတိုင်း အဲ့ဒီလို သကြားလုံး ကျွေးနေကြပါ။
" သား အတွက် သီးသန့်နော်" လို့ ပြောရင်း မစ္စ ဒန်ဒိုက မျက်လုံးမှိတ်ပြလိုက်ပါသေးတယ်။
" ဟင့်အင်း...အဒေါ်။ ကျေးဇူးတင်ပါတယ်"
ကျွန်တော်လည်း ချက်ချင်းဆိုသလို ခြံစည်းရိုးနားကနေ ကစားကွင်းထဲ ပြန်ပြေးလို့ ကျွန်တော့် သူငယ်ချင်း ကုထ်ကို ၀င်လုံးလိုက်တော့တာပေါ့။
ဒီလိုနဲ့ပဲ ကျွန်တော်လည်း တစ်နေ့လုံး အိမ်အသစ်မှာ တွေ့ခဲ့ရတဲ့ ထူးဆန်းတဲ့လူကြီး အကြောင်းကို တယောက်ယောက်ကို ပြောပြဖို့ စဉ်းစားနေခဲ့ပါတော့တယ်။ ဒါပေမယ့်လည်း ကျွန်တော် မပြောဖြစ်ခဲ့ပါဘူးလေ။ ဒါက အိပ်မက်တစ်ခု သက်သက်သာဖြစ်ရမယ်ဆိုပြီးတော့တောင် ကျွန်တော့် ကိုယ့်ကိုယ်ကို အယုံသွင်းလိုက်ပါသေးတယ်။ ဟုတ်တယ်။ ဒါက အိပ်မက် တစ်ခုပဲ ဖြစ်ရပါမယ်။
အခန်း (၆)
အိမ်ရောက်တော့ မစ္စတာ အာနီ ရဲ့ ရေအိမ်နေရာကြမ်းပြင်မှာ အပေါက်ကြီး ဖြစ်နေတာကို ကျွန်တော် တွေ့လိုက်ရပါတယ်။ အဲ့ဒီနေရာကိုတော့ အဖေက ဘိလပ်မြေနဲ့ သိပ်ထားပုံပါပဲ။ ရေအိမ်ကိုကာထားတဲ့ အထပ်သားပြားကြီးလည်း မရှိတော့ပါဘူး။ အာနီရဲ့ ဂတ်စ်မီးဖိုဟောင်းကြီး ကိုလည်း ဖြုတ်ထားတာမို့ မီးလင်းဖိုနေရာမှာတော့ စတုရန်းအကွက်လိုက်ကြီး ထင်ကျန် နေခဲ့တော့တာပေါ့။ ကြမ်းပြင်ကလည်း စိုစွတ်နေတဲ့ အပြင် ပိုးသတ်ဆေးနံ့တွေနဲ့ မွှန်ထူနေတော့တာပါပဲ။ အဖေက တကိုယ်လုံးညစ်ပတ်နေတဲ့ မျက်နှာနဲ့ ကျွန်တော့်ကို ပြုံးပြကာ အိမ်နောက်ဖေးဘက်ဆီ ခေါ်သွားခဲ့ပါတယ်။ မစ္စတာ အာနီရဲ့ ရေအိမ်ထိုင်ခုံ ကြွေကမုတ်ကြီးကတော့ အိမ်နောက်ဖေးကွက်လပ်ထဲက ဆူးလေပင်တွေနဲ့ ပေါင်းပင်တွေကြား ထီးထီးကြီးရှိနေလေရဲ့။
" အဖေက သား ပန်းခြံထဲ ထိုင်ဖို့ ထိုင်ခုံလုပ်ပေးထားတာကွ" လို့ အဖေက ကျွန်တော့်ကို နောက်လိုက်ပါသေးတယ်။
ဂတ်စ်မီးဖိုဟောင်းကြီးနဲ့ အထပ်သားပြားကြီးကိုတော့ ဂိုဒေါင်တံခါးမှာ မှီထားတာကို ကျွန်တော် တွေ့လိုက်ရပါတယ်။ ကြည့်ရတာ အဖေ အဲ့ဒီပစ္စည်းတွေကို ဂိုဒေါင်ထဲ ထည့်ဖို့ မလုပ်ရသေးတဲ့ ပုံပါပဲ။
အဖေက ကျွန်တော့်ကို တချက်ကြည့်ပြီး မျက်စိမှိတ်ပြလိုက်ပါတယ်။
" အဖေ ဘာရှာတွေ့ထားလဲဆိုတာ သားသိချင်လား" ဆိုပြီး သူက ကျွန်တော့်ကို ဂိုဒေါင်တံခါးနားဆီ ခေါ်သွားလိုက်ပါတော့တယ်။
" အသက်အောင့်ထားနော် သား"
ဆိုတဲ့ စကားနဲ့အတူ အဖေက ထိုင်ချလိုက်ကာ သတင်းစာ ပါဆယ်ထုပ်လေးကို ဖွင့်လိုက်တယ်လေ။
" သား အဆင်သင့်ဖြစ်ပြီလား"
သတင်းစာ ပါဆယ်ထုပ်လေးထဲမှာတော့ ငှက်ကလေး လေးကောင်ကို ကျွန်တော် တွေ့လိုက်ရပါတယ်။
" အဖေ ဒီငှက်ကလေး လေးကောင်ကို မီးလင်းဖို နောက်ထဲက တွေ့တာကွ" လို့ အဖေက ပြောလိုက်ပါတယ်။
" ကြည့်ရတာ မီးခိုးခေါင်းတိုင်ထဲကနေ ပြုတ်ကျပြီး ပြန်မတက်နိုင်ကြတော့တဲ့ပုံပဲ သားရဲ့"
ကျွန်တော် ငှက်ကလေးတွေကို ကြည့်လိုက်ရုံနဲ့ပဲ သူတို့ထဲက သုံးကောင်ဟာ အညိုရောင်နဲ့ အဖြူရောင် အမွှေးလေးတွေရှိတာမို့ ခိုငှက်တွေမှန်း တန်းသိလိုက်တာပေါ့။ ကျန်တဲ့တစ်ကောင် ကတော့ ခိုငှက်နဲ့ သဏ္ဍာန်တူပေမဲ့ တကိုယ်လုံး မည်းနက်နေတော့ ကျွန်တော်လည်း မခွဲတတ်တော့ပါဘူးလေ။
" ဒီတစ်ကောင်က အဖေ နောက်ဆုံးတွေ့တဲ့ ကောင်လေးပဲကွ" လို့ အဖေက ပြောလိုက်ပါသေးတယ်။
" ဒီငှက်ကလေးက မီးခိုခေါင်းတိုင်ကြားထဲက ကြပ်ခိုးတွေနဲ့ ဖုန်တွေကြားမှာ ညှပ်နေခဲ့တာလေ"
" ဒါ...ဒါဆို ဒီငှက်ကလေးကလည်း ခိုငှက်ပဲလား အဖေ"
" ဟုတ်တယ် သား။ ငှက်ကလေးက မီးခိုးခေါင်းတိုင်ကြားထဲ ရောက်နေတာ ကြာလှပြီမို့ အရောင်ပြောင်းသွားတာ ဖြစ်မယ်ကွ"
အဖေက ကျွန်တော့်လက်ကို ကိုင်လိုက်ပါတယ်။
" ငှက်ကလေးတွေကို ကိုင်ကြည့်ပါလား သား။ လုပ်ကြည့်လေ။ မကြောက်ပါနဲ့ကွ"
အဲ့ဒီတော့ ကျွန်တော်လည်း အဖေ့လက်ထဲမှာ ငြိမ်နေလိုက်တော့ အဖေက ကျွန်တော့်လက်နဲ့ ငှက်ကလေးတွေကို ထိတွေ့ပေးလိုက်တော့တာပေါ့။ ငှက်ကလေးတွေကတော့ တကိုယ်လုံး မာကျောနေတာပါပဲ။ အမွှေးအတောင်တွေကတောင် ကျောက်တုံးတစ်တုံးလို အေးစက်မာကျော နေခဲ့တာပါ။
" ဒီငှက်လေးတွေက အဲ့ဒီမီးခိုးခေါင်းတိုင်ထဲမှာ ညှပ်နေတာ အတော်ကြာပြီ သားရဲ့။ အဲ့ဒါကြောင့် အခုလို သေသွားတာတောင် ကျောက်ဖြစ်ရုပ်ကြွင်းလို မာတောင်နေတာပေါ့ကွ"
" ငှက်ကလေးတွေရဲ့ ခန္ဓာကိုယ်က ကျောက်တုံးလို မာနေတာပဲနော် အဖေ" လို့ ကျွန်တော် ပြောလိုက်ပါသေးတယ်။
" ဟုတ်တယ် သား။ ကျောက်တုံးလိုကို မာကျောနေတာလေ"
ခဏနေတော့ ကျွန်တော်လည်း မီးဖိုချောင်ထဲ၀င်ပြီး လက်ဆေးလိုက်ပါတော့တယ်။
" ဒီနေ့ ကျောင်းတက်ရတာ အဆင်ပြေလား သား" လို့ အဖေက ကျွန်တော့်ကို မေးလိုက်ပါတယ်။
" ဟုတ်ကဲ့ အဖေ။ လီကီနဲ့ ကုထ်ကလည်း တနင်္ဂနွေနေ့ရောက်ရင် လာလည်ဦးမယ်လို့ ပြောတယ်"
" ကောင်းသားပဲ။ ဒါဖြင့် သားက ဘတ်စ်ကားတောင် ကောင်းကောင်းစီးတတ်နေပြီပေါ့ကွ ဟုတ်လား"
ကျွန်တော် အဖေ့ကို ခေါင်းပဲ ပြန်ငြိတ်ပြလိုက်တော့တာပေါ့။
" အဖေလည်း နောက်တစ်ပတ်လောက်ဆို သားကို ကားမောင်းပြီး ပို့ပေးဖို့ အားလောက်မှာပါ သားရာ။ အဖေတို့ အိမ်ကို နည်းနည်း နေရာချပြီးပြီဆိုရင်လေ"
" ရပါတယ် အဖေ။ မစ္စ ဒန်ဒိုကတောင် ကလေး နေကောင်းလား မေးနေသေးတယ်ဗျ"
" ကလေး နေကောင်းပါတယ်လို့ သားပြန်ဖြေလိုက်တယ် မဟုတ်လား"
" ဟုတ်ကဲ့ အဖေ"
" ကောင်းတယ် သား။ ဒါဆို သား အချိုရည်နဲ့ အသားညှပ်ပေါင်မုန့်ပဲဖြစ်ဖြစ် သားကြိုက်တာ ယူစားထားနှင့်လေ။ ကျန်တဲ့လူတွေ ပြန်လာရင် အဖေ လက်ဘက်ရည်ပွဲ ပြင်ပေးထားလိုက်မယ်" ဆိုပြီး အဖေက အပေါ်ထပ်က ရေချိုးခန်းဆီကို တက်သွားပါတော့တယ်။
ကျွန်တော် မီးဖိုချောင်ထဲကနေ အိမ်နောက်ဖေးဆီကို လှမ်းကြည့်နေမိပါတယ်။ ကျွန်တော် အဖေ့ ရေချိုးခန်းထဲကနေ ရေကျတဲ့ အသံကို ကြားဖို့ စောင့်နေခဲ့ရတာပေါ့။ နောက်တော့ ကျွန်တော် မီးဖိုချောင်စင်ပေါ်က ဓါတ်မီးကို တုန်ရီစွာ လှမ်းယူလိုက်ပါတော့တယ်။ ပြီးတော့ ကျွန်တော် မစ္စတာ အာနီရဲ့ ရေအိမ်ကြွေကမုတ်၊ ဂတ်စ်မီးဖိုဟောင်းကြီးနဲ့ ခိုငှက်အသေ တွေထည့်ထားတဲ့ဘူးကို ကျော်ပြီး ဂိုဒေါင်တံခါးရှေ့မှာ မတ်တပ်ရပ်ကာ ဓါတ်မီးခလုတ်ကို ဖွင့်လိုက်ပါတယ်။ ကျွန်တော် အသက်၀၀ရှူပြီး ဂိုဒေါင်ထဲကို ခြေဖျားထောက်လို့ တစ်လှမ်းချင်းစီ လှမ်း၀င်လာခဲ့တယ်လေ။ ဂိုဒေါင်ထဲက အမှောင်ထုထဲမှာ ကျွန်တော် ပင့်ကူအိမ်တွေနဲ့ ဖုန်တွေကို ခံစားမိတော့ ဒီဂိုဒေါင်ကြီး အခုပဲ ပြိုကျတော့မှာလားလို့တောင် တွေးလိုက်မိပါသေးတယ်။ ဒါ့အပြင် ဂိုဒေါင် ထဲမှာ ဟိုဟိုဒီဒီ ပြေးတဲ့ အသံတွေနဲ့ ကုတ်ခြစ်နေတဲ့ အသံတွေကိုပါ ကျွန်တော် ကြားလိုက်ရသေးတယ် မဟုတ်ပါလား။ အမှိုက်တွေစုပုံထားတဲ့နေရာနဲ့ ရှေးဟောင်း ပရိဘောဂတွေ ကို ကျော်လာတော့ ကျွန်တော့် ရင်လည်း တဒိတ်ဒိတ်နဲ့ကို ခုန်ပြီးရင် ခုန်လာပါတော့တယ်။ ကျွန်တော်ကိုယ် ကျွန်တော်လည်း စိတ်ထဲကနေ ဒီဂိုဒေါင်ထဲကို ပြန်၀င်လာမိလို့ ရူးမိုက်လှချည်ရဲ့ဆိုပြီး အပြစ်တင်နေမိပါရဲ့။ ကျွန်တော် အိပ်မက်များ မက်နေသလားလို့တောင် တွေးနေမိပါသေးတယ်။ ကျွန်တော် သူ့ကို နောက်တခါ ပြန်တွေ့ရမှာ မဟုတ်တော့ဘူးလို့လည်း ကိုယ့်ကိုယ်ကို အယုံသွင်းနေခဲ့မိပါတယ်။
ဒါပေမယ့်လည်း ကျွန်တော် သူ့ကို ပြန်တွေ့ခဲ့ရပါတယ်လေ။
အခန်း (၇)
ကျွန်တော် လက်ဘက်ခြောက်ပုံးခွံ အပုံကြီးကိုကျော်ပြီး ဓါတ်မီးအလင်းရောင် ထိုးကြည့်လိုက်တော့ သူ့ကို အရင်နေရာမှာပဲ ပြန်တွေ့လိုက်ရပါတော့တယ်။ သူက နဂိုနေရာကနေ တစ်လက်မမှ မခွာဘဲ ကျောက်ချလို့ကို နေ နေခဲ့တာပါ။သူက မျက်လုံးလေးဖွင့်ကြည့်ပြီး ချက်ချင်းဆိုသလို ပြန်မှိတ်သွားတော့တာပေါ့။
" မင်း ပါလား..." လို့ သူက အက်ကွဲကွဲ လည်ချောင်းသံနဲ့ ရေရွတ်လိုက်ပါတယ်။
" ဦးက ဒီမှာ ဘာလုပ်နေတာလဲ ဟင်" လို့ ကျွန်တော်လည်း အရဲစွန့်ပြီး တီးတိုးလေး မေးကြည့်လိုက်တာပေါ့။
သူကတော့ အတော်ပင်ပန်းနေတဲ့ ပုံနဲ့ သက်ပြင်းရှည်ကြီးကို ခက်ခက်ခဲခဲ ချလိုက်ပါတော့တယ်။
" ဘာမှ မလုပ်ဘူး။ ဘာဆို ဘာမှ မလုပ်ဘူး" လို့သာ သူက ကျွန်တော့်ကို ပြန်ပြောခဲ့ပါတယ်။
ကျွန်တော်လည်း သူ့မျက်နှာပေါ်ကနေ စိမ်ပြေနပြေလျှောက်သွားတဲ့ ပင့်ကူကို ကြည့်နေမိလိုက်ပါသေးတယ်။ ပင့်ကူရဲ့ ခြေထောက်က သူ့ပါးစပ်နားရောက်လာတော့ သူက ချက်ချင်းဆိုသလို အဲ့ဒီပင့်ကူကို တိရိစ္ဆာန်တစ်ကောင်လို လျှာနဲ့ ဖမ်းယူစားသောက် လိုက်ပါတော့တယ်။
" အမှိုက်တွေရှင်းဖို့ အလုပ်သမားတွေ ရောက်လာတော့မှာဗျ" လို့ ကျွန်တော် သူ့ကို သတိပေးလိုက်ပါတယ်။
" ပြီးတော့ ဒီဂိုဒေါင်ကြီးကလည်း ပြိုကျတော့မှာ"
သူကတော့ သက်ပြင်းသာချလို့ နေပါတော့တယ်။
" မင်းမှာ အကိုက်အခဲပျောက်ဆေးပြား ပါလား"
" အကိုက်အခဲပျောက် ဆေးပြား ဟုတ်လား"
" ထားပါတော့ မင်း သိမှာလည်း မဟုတ်ပါဘူး"
သူ့မျက်နှာက အိမ်သုတ်ဆေးအဖြူရောင်သုတ်ထားတဲ့ ပလာစတာပြားလိုကို ဖွေးဆုတ်လို့နေပါတယ်။ သူ့ရဲ့ အရိုးပေါ် အရေတင် ခန္ဓာကိုယ်ကြောင့် ၀တ်ထားတဲ့ အနက်ရောင် ၀တ်စုံက ထုတ်တန်းပေါ် အ၀တ်တင်လှန်းထားသလို ကပိုကရိုနဲ့ အိကျနေတော့တာပေါ့။
ကျွန်တော့် ရင်တွေလည်း တဒိတ်ဒိတ်နဲ့ကို ခုန်နေမိပါတယ်လေ။ ဂိုဒေါင်ထဲက ဖုန်တွေကြောင့်လည်း ကျွန်တော့်မှာ အသက်ကို မနည်း ရှူဖို့ ကြိုးစားလိုက်ရပါသေးတယ်။ နောက်တော့ ကျွန်တော်လည်း နှုတ်ခမ်းလေးကိုက်လို့ သူ့ကို သေချာ အကဲခတ်နေမိပါတော့တယ်။
" ဦးက မစ္စတာ အာနီ မိုင်ယာစ် တော့ မဟုတ်ပါဘူးနော်" လို့ ကျွန်တော် မေးကြည့်တော့ သူက
"ဟို အရုပ်ဆိုးဆိုးနဲ့ အသက်ထွက်မတတ် ချောင်းဆိုးတတ်တဲ့ အဘိုးကြီးလား။ ဘယ်ကသာကွာ" တဲ့လေ။
" တောင်းပန်ပါတယ်" လို့သာ ကျွန်တော် သူ့ကို ပြန်ပြောလိုက်ပါတယ်။
" မင်း ဘာလိုချင်လို့လဲ" လို့ သူက ထပ်မေးလိုက်ပါသေးတယ်။
" ဘာမှ မလိုချင်ပါဘူး"
" မင်းမှာ အကိုက်အခဲပျောက်ဆေးပြားလေးများ ပါသလားကွာ"
" မပါ,ပါဘူးဗျာ"
" ကျေးဇူးပဲ"
" ဦး ဘာဆက်လုပ်မှာလဲ" လို့ ကျွန်တော် သူ့ကို မရရအောင် ထပ်မေးလိုက်ပါတယ်။
" သူတို့က ဒီနေရာကို ရှင်းကြတော့မှာဗျ။ ဒီဂိုဒေါင်ကြီးကလည်း ပြိုကျတော့မှာလေ။ ဦး ဘာဆက်လုပ်...."
" ဘာမှ မလုပ်ဘူး။ ဝေးဝေးမှာ သွားနေစမ်းပါကွာ"
ကျွန်တော့်ခမျာ သူ့ကို စကားပြောနေရင်းကနေ အပြင်က အသံကိုလည်း နားစွင့်ထားရပါသေးတယ်။
" ဦး ကျွန်တော်တို့ အိမ်ထဲမှာ နေချင်လည်း လာနေပေါ့ဗျာ" လို့ ပြောတော့ သူက ရယ်ပါတယ်။ အခုထိတော့ သူပြုံးတာ ကျွန်တော် တစ်ခါမှ မတွေ့ဖူးသေးပါဘူး။ သူက
" ဝေးဝေးမှာ သွားနေစမ်းပါကွာ" လို့သာ သူက တတွတ်တွတ် ရေရွတ်လို့ နေပါတော့တယ်။
နောက်တော့ သူက အင်္ကျီအိပ်ကပ်နားကပ်နေတဲ့ အပြာရောင်ရင့်ရင့်နဲ့ ယင်ကောင်ကြီးကို လက်နဲ့ကိုင်ကာ နှုတ်ခမ်းကိုတေ့လို့ ပါးစပ်ထဲစုပ်သွင်းလိုက်ပါတော့တယ်။
" ကျွန်တော် ဦးအတွက် တခုခု ယူလာပေးခဲ့ရမလားဟင်" ဆိုပြီး ကျွန်တော်လည်း ကြံရာမရတဲ့ အဆုံး ဆက်မေးလိုက်ပါတယ်။
" အကိုက်အခဲပျောက်ဆေးပြား...." လို့ သူက အက်ကွဲကွဲအသံနဲ့ ပြန်ဖြေတယ်လေ။
" ဦး တခုခု စားချင်တာများ မရှိဘူးလား"
" ၂၇ နဲ့ ၅၃ "
" ဗျာ..."
" ဘာမှ မဟုတ်ဘူး။ ဝေးဝေးမှာ သွားနေစမ်းပါကွာ"
ဒီလိုနဲ့ ကျွန်တော်လည်း ဂိုဒေါင်ထဲကနေ ထွက်လာခဲ့ရပါတော့တယ်။ ဂိုဒေါင်အပြင် ရောက်တော့မှပဲ ကျွန်တော့် အင်္ကျီပေါ်ကပ်နေတဲ့ ပင့်ကူမျှင်တွေ၊ ဖုန်တွေနဲ့ ယင်ရိုင်းတွေကို ခါချရတော့တာပေါ့။ ကျွန်တော် ဂိုဒေါင်နားကနေ အိမ်အပေါ်ထပ်က ရေချိုးခန်းပြတင်းဆီ လှမ်းကြည့်လိုက်တော့ ရေခိုးငွေ့တွေကပ်နေတဲ့ အခန်းထဲမှာ အဖေ ရေချိုးလို့ မပြီးသေးတာကို တွေ့လိုက်ရပါတယ်။ အဖေကတော့ ရေချိုးခန်းထဲမှာ " ဒက်ကိုတာမြို့ရဲ့ တောင်ကုန်းညိုပြာ" သီချင်းတောင် ညည်းနေလိုက်ပါသေးတယ်။
" နင်က အိမ်ပြောင်းလာတယ်ဆိုတဲ့ ကောင်လေးလား" ဆိုတဲ့ အသံကြောင့် ကျွန်တော် နောက်ကို ဖျတ်ခနဲ လှည့်ကြည့်လိုက်တော့တာပေါ့။ အသံပိုင်ရှင်ကတော့ အိမ်နောက်ဖေးနားက ခြံစည်ရိုးနံရံကို မမှီမကမ်း ခေါင်းတင်ပြီး ကျွန်တော်တို့အိမ်ဘက်ကို လှမ်းစပ်စုနေတဲ့ ကောင်မလေးတစ်ယောက်ရယ်ပါ။
" နင်က အိမ်ပြောင်းလာတဲ့ ကောင်လေးလားလို့ မေးနေတယ်လေ" လို့ သူက ထပ်ပြောလိုက်ပါတယ်။
" ဟုတ်တယ်လေ"
" ငါ့ နာမည်က မီနာပါ"
ကျွန်တော် သူ့ကို စိုက်ကြည့်နေလိုက်ပါတယ်။
" အဲ့ဒီတော့ နင်က...." ဆိုပြီး သူက ကျွန်တော့်ကို အ,ရန်ကော ဆိုတဲ့ အကြည့်နဲ့ ပြန်ကြည့်နေတော့တာပေါ့။
" ဘာလဲ"
မီနာက ခေါင်းလေးခါလို့ ကျွန်တော့်ကို ကြပ်မှပြည့်ရဲ့လားဆိုတဲ့ လေသံနဲ့
" ငါ့နာမည်က မီနာဆို နင့်နာမည်က ဘာလဲလို့ မေးတာလေဟယ်" ဆိုတော့မှ ကျွန်တော်လည်း
" ငါ့နာမည်က မိုက်ကယ်ပါ" လို့ ပြန်ဖြေလိုက်ပါတော့တယ်။
" ကောင်းသားပဲ" ဆိုပြီး သူက ခြံစည်းရိုးပေါ်ကနေ ပြန်ခုန်ချသွားတော့တာပေါ့။
" တွေ့ရတာ ၀မ်းသာပါတယ် မိုက်ကယ်" ဆိုပြီး သူက ပြေးထွက်သွားရင်း အော်သွားပါသေးတယ်။
အခန်း (၈)
အဖေလည်း ရေချိုးခန်းဆီကပြန်လာပြီး မီးဖိုချောင်ထဲမှာ ပေါင်မုန့်ရော ကြက်ဥပါ ဘာမှမရှိတာ သိလိုက်ရတော့ ညည်းတော့တာပေါ့။
" ထင်တော့ထင်သားပဲ။ ဒါဖြင့်လည်း အဖေတို့ သားအဖ ဒီညတော့ ရယ်ဒီမိတ်ပဲ ၀ယ်စားကြတာပေါ့ကွာ မဟုတ်လား သားရေ"
အဖေ့စကားကို ကြားကြားချင်း ကျွန်တော့်ခေါင်းထဲ ဖျတ်ခနဲဆိုသလို ကိစ္စတစ်ခုကို သဘော ပေါက်လိုက်ပါတယ်။
အဖေကတော့ အိမ်သစ်နားမှာရှိတဲ့ တရုတ်စာ စားသောက်ဆိုင်ရဲ့ မီနူးကတ်ပြားကို ကိုင်ထားရင်း ဘာစားရင်ကောင်းမလဲ စဉ်းစားနေလေရဲ့။
" အဖေတို့ အခုနေမှာမယ်ဆို မင်းအမေ မလာခင် အစားအသောက်တွေ ပြင်လို့ ရမယ် ထင်တယ်ကွ" လို့ အဖေက ပြောလိုက်ပါတယ်။
" ကဲ... သား ဘာစားချင်လဲပြော"
" ၂၇ နဲ့ ၅၃ ပါ အဖေ" လို့ ကျွန်တော် ချက်ချင်းဆိုသလို ပြန်ဖြေလိုက်တယ်လေ။
" တော်လှချည်လားကွ ဟေ။ သားက မီနူးတောင် ကြည့်စရာမလိုဘဲ ပြောချလိုက်တာ တန်းနေတာပဲ။ ငါ့သားက တော်တော့်ကို တတ်နေတာပဲ"
အဖေက ကျွန်တော် မှာတဲ့ နံပါတ်ကို ရေးပြီး မှတ်ထားလိုက်ပါတော့တယ်။
" သားအမေ အတွက်က တရုတ်ထမင်းကြော်၊ ကော်ပြန့်လိပ်နဲ့ ၀က်သားပြားကြော်က သားအတွက်၊ အမဲသားနဲ့ မှိုက အဖေ့အတွက်၊ သားညီမလေးအတွက်ကတော့ ရေညှိကျွတ်ကျွတ်နဲ့ ပုစွန်မုန့်ပြားကြော်ဆိုပြီး အဖေ မှာလိုက်မယ်ကွာ။ သား ညီမလေးက အဖေမှာတာ မစားဘူးဆိုရင်တော့ အဖေတို့ပဲ ဝိုင်းရှင်းပေးလိုက်ကြတာပေါ့ကွာ...ဟုတ်တယ် မဟုတ်လား။ သူကတော့ သားအမေရဲ့ နို့ပဲ ပြန်စို့ရတော့မှာပေါ့"
အဖေက တရုတ်စားသောက်ဆိုင်ဆီ ဖုန်းဆက်ပြီးတော့ ကျွန်တော့်လက်ထဲ ပိုက်ဆံထည့်ပေးလိုက်ပါတော့တယ်။ ကျွန်တော်လည်း အဖေပေးတဲ့ ပိုက်ဆံကိုင်ပြီး စားသောက်ဆိုင်ဆီ ပြေးလို့ မှာထားတာတွေ သွားယူရတော့တာပေါ့။ဒီလိုနဲ့ ကျွန်တော် အိမ်ပြန်ရောက်လာတော့ အမေနဲ့ ညီမလေးတောင် ဆေးရုံကနေ အိမ်ပြန်ရောက်နေခဲ့ကြပါပြီ။ အမေကတော့ ကျွန်တော့်ကို ဂရုတစိုက်နဲ့ အိမ်အသစ်ကနေ ကျောင်းသွားရတဲ့ အတွေ့အကြုံကို မေးနေလိုက်ပါသေးတယ်။ ခဏနေ ညီမလေးက အမေ့ပုခုံးပေါ် အန်ချလိုက်တော့ အမေ့ခမျာ စကားစဖြတ်ပြီး ကလေးကို သန့်ရှင်းရေး လုပ်ပေးရပြန်တာပေါ့။
အဖေကတော့ ညစာ စားပွဲမှာ သူ့အတွက်မှာလိုက်တဲ့ အမဲသားနဲ့ မှိုအပြင် ညီမလေးအတွက် မှာလိုက်တဲ့ ရေညှိကျွတ်ကျွတ်နဲ့ ပုစွန့်မုန့်ပြားကြော်ကိုပါ ခေါင်းမဖော်တမ်း လွေးနေပါတော့တယ်။ သူက တစ်နေ့လုံး မစ္စတာ အာနီရဲ့ အရှုပ်တွေရှင်းထားရလို့ အမှုန်အမွှားတွေ ခန္ဓာကိုယ်ထဲက လျှောကျအောင်ဆိုပြီး ဘီယာကိုတောင် တကျိုက်လောက် မော့လိုက်သေးတာပါ။ နောက်ပြီး ကျွန်တော်က ပန်းကန်ထဲက ညစာတွေကို တ၀က်လောက် ချန်ထားတာတွေ့တော့ အဖေက သူ့ပန်းကန်ထဲက ခက်ရင်းကို ကိုင်ပြီး ကျွန်တော့် ပန်းကန်ဘက်ဆီ လက်လှမ်းဖို့ ပြင်လိုက်တယ်လေ။
အဲ့ဒီတော့ ကျွန်တော်လည်း အဖေ လှမ်းမနှိုက်နိုင်အောင် လက်မောင်းနဲ့ ကာထားလိုက်ရပါတော့တယ်။
" အဖေ ဒီလောက် စားရင်တော့ တော်တော်၀လာတော့မှာနော်" လို့ ကျွန်တော် ပြောလိုက်တော့ အမေကပါ ရယ်ရင်းကနေ
" အခုလည်း အတော့်ကို ၀နေပါပြီလေ" ဆိုပြီး ၀င်ပြောလိုက်ပါသေးတယ်။
" ငါက ဗိုက်ဆာလို့ပါကွ" လို့ အဖေက ဖြေရှင်းချက်ထုတ်လိုက်ပါတယ်။
" ငါက တစ်နေ့လုံး မင်းတို့အတွက် အိမ်အလုပ်တွေ ကြိုလုပ်ပေးထားတာကွ"
ပြီးတော့ အဖေက ညီမလေးဆီကို သွားလို့ နဖူးလေးကို လက်နဲ့ ပွတ်သပ်ကာချော့မြူရင်း အနမ်းလေးပေးလိုက်ပါတော့တယ်။
" အထူးသဖြင့် ဒီအသည်းတုံးလေး အတွက် အလုပ်ပိုလုပ်ပေးရတာပေါ့ကွာ"
ကျွန်တော်လည်း ပန်းကန်ကို လက်မောင်းနဲ့ ကာရင်းကနေ ပြောဖြစ်အောင် ပြောလိုက်ပါသေးတယ်။
" ဘာပဲဖြစ်ဖြစ် ၀တာက ၀တာပါပဲဗျာ"
အဲ့ဒီတော့ အဖေက ကျွန်တော့်ကို နောက်ပြီး ရှပ်အင်္ကျီကိုမလို့ စူထွက်နေတဲ့ သူ့ ၀မ်းဗိုက်ကို လက်ညှိုးနဲ့ ပွတ်သပ်ပြလိုက်တော့
" ကြည့်ပါလား ကလေးပြောလည်း ပြောချင်စရာ....." လို့ အမေကပါ ၀င်ပြောလာရတော့တာပေါ့။
အဖေကတော့ ပြောင်စပ်စပ်နဲ့ ကျွန်တော့် ပန်းကန်ဘေးက အချဉ်ရည်ပန်းကန်ထဲ လက်ညှိုးနှစ်ပြီး ပြွတ်ခနဲ စုပ်ပြလိုက်ပါသေးတယ်။
" အရသာ ရှိလိုက်တာကွာ။ ဒါပေမယ့် ငါလည်း တော်သင့်ပါပြီလေ။ ဒီညအတွက်တော့ အတော်လေး ၀ သွားပြီကွ"
ပြီးတော့ အဖေက သူ့စကားဆုံး,ဆုံးချင်း စားပွဲကနေ ထလို့ ရေခဲသေတ္တာဆီသွားပြီး ဘီယာတစ်လုံးနဲ့ ချိစ်အတုံးကြီးတစ်တုံးကို ပြေးနှိုက်လိုက်ပါတော့တယ်။
ကျွန်တော်ကတော့ ပန်းကန်ထဲမှာ ကျန်သေးတဲ့ မီနူးနံပါတ် ၂၇ နဲ့ ၅၃ ဟင်းလျာတွေကို ဆိုင်ကထုပ်ပေးလိုက်တဲ့ တစ်ခါသုံး ဗန်းလေးထဲထည့်လို့ အိမ်အပြင်ဘက်က အမှိုက်ပုံးဆီ သွားထည့်လိုက်တော့တာပေါ့။
အခန်း (၉)
အဲ့ဒီနေ့ညနေခင်းမှာပဲ ကျွန်တော် မီနာနဲ့ နောက်တစ်ခါ ပြန်ဆုံဖြစ်ခဲ့ပါတယ်။ ကျွန်တော်ကတော့ အဖေနဲ့အတူ အိမ်ရှေ့ ဥယျာဉ်ထဲက ပေါင်းပင်တွေနဲ့ ဒန်ဒီလီယွန် ပန်းပင်တွေ ကြားထဲမှာ ရှိနေခဲ့ကြတာပေါ့။ အဖေက သူပြောနေကြစကားအတိုင်း သစ်ပင်တွေကို ဟိုနေရာ၊ ပန်းပင်တွေကို ဒီနေရာနဲ့ အိမ်ရှေ့ပြတင်းပေါက်အောက်နားမှာသာ ထိုင်ခုံရှည်လေးထားလိုက်မယ်လို့ ဘယ်လောက်တောင် ကျက်သရေရှိလိုက်မလဲဆိုတာကို ကရားရေလွှတ် တတွတ်တွတ်နဲ့ကို ပြောနေတော့တာပါ။ အဲ့ဒီအချိန်မှာပဲ ကျွန်တော် မီနာ့ကို လှမ်းမြင်လိုက်ရပါတယ်။ သူက ကျွန်တော်တို့ အိမ်ဘက်အခြမ်းက ခြံတစ်ခုထဲမှာရှိတဲ့ သစ်ပင်ရဲ့ အကိုင်းပေါ်မှာ တက်ထိုင်နေခဲ့တယ်လေ။ မီနာ့လက်ထဲမှာ စာအုပ်တစ်အုပ်နဲ့ ခဲတံတစ်ချောင်းကိုလည်း ကျွန်တော် တွေ့လိုက်ရပါသေးတယ်။ သူကတော့ သစ်ကိုင်းပေါ်ထိုင်ရင်းကနေ ခဲတံကို ပါးစပ်ထဲထည့်ကိုက်ရင်း ငေးကြည့်နေလေရဲ့။
" ဟိုးက ကောင်မလေးက ဘယ်သူများလဲကွ" လို့ အဖေက မေးတော့ ကျွန်တော်ကလည်း
" သူ့နာမည်က မီနာပါ အဖေ" လို့ ပြန်ဖြေလိုက်ပါတယ်။
" ဪ...."
မီနာလည်း သစ်ပင်ပေါ်ကနေ ကျွန်တော်တို့ သားအဖ နှစ်ယောက်ကိုလှမ်းမြင်လိုက်တယ် ထင်ပါတယ်။ ဒါပေမယ့် သူက တချက်မှတောင် မလှုပ်ဘဲနဲ့ကို ငြိမ်သက်နေတာပါပဲ။
ခဏနေတော့ အဖေက ထမင်းစားခန်းရဲ့ ဘိလပ်မြေ အနေအထားကို စစ်ကြည့်ဖို့ အိမ်ထဲ ပြန်၀င်သွားပါတော့တယ်။
အဲ့ဒီတော့ ကျွန်တော်လည်း ခြံထဲကနေထွက်ပြီး မီနာ ရှိတဲ့ သစ်ပင်အောက်ကို လျှောက်သွားကာ သူ့ကို မော့ကြည့်နေလိုက်တော့တာပေါ့။
" နင် အဲ့ဒီအပေါ်မှာ ဘာလုပ်နေတာလဲ" လို့ ကျွန်တော် သူ့ကို လှမ်းမေးလိုက်ပါတယ်။ သူကတော့ စိတ်ပျက်ပျက်နဲ့ တောက်တစ်ချက်တောင် ခေါက်လိုက်သေးရဲ့။
" ဟာ သွားပါပြီဟာ။ နင် လုပ်လို့ ဟိုမှာ လန့်ပြီး ပျံပြေးသွားပြီဟ။ ဖြစ်ရမယ်"
" ဘာက ပျံ ပြေးသွားတာလဲ"
" ငှက်မည်းလေးလေ"
မီနာက ခဲတံရော စာအုပ်ကိုပါ ပါးစပ်နဲ့ကိုက်ပြီး သစ်ကိုင်းကို လက်နဲ့ဆွဲခိုလို့ ခြံထဲ ပြန်ခုန်ဆင်းလာခဲ့ပါတော့တယ်။ သူက မြေကြီးပေါ်ရောက်တော့ ကျွန်တော့်ကို စိုက်ကြည့် နေလိုက်တယ်လေ။ အဲ့ဒီတော့မှ မီနာ့မှာ ခန္ဓာကိုယ်သေးသေး သွယ်သွယ်လေးနဲ့ နက်မှောင်နေတဲ့ ဆံကေသာတွေ ရှိတယ်ဆိုတာကို ကျွန်တော် သတိထားမိလိုက်ပါတယ်။ သူ့မျက်လုံး တွေရဲ့ အကြည့်စူးရှပုံကလည်း လူတစ်ယောက်ကို ဖောက်ထွင်းပြီး မြင်နိုင်လောက်မယ် ထင်ပါတယ်။
" ထားပါတော့လေ။ ငှက်က ပြန်လာဦးမှာပါပဲ" လို့ သူက ရေရွတ်ကာ အိမ်ခေါင်မိုးဆီ လက်ညှိုးထိုးပြလိုက်ပါတယ်။ ငှက်မဲလေးကတော့ အမိုးပေါ်မှာ အမြှီးလေး တခါခါနဲ့ လူးလားခေါက်ပြန် လမ်းလျှောက်နေလေရဲ့။
" အဲ့ဒါ နိမိတ်ပြနေတာဟ သိလား" ဆိုပြီး သူက ပြောလိုက်ပါသေးတယ်။
" ငှက်မည်းက အဲ့ဒီလိုလုပ်ပြနေတယ်ဆိုရင် အဲ့ဒီအိမ်က မိသားစုတွေမှာ အန္တရာယ်ရှိနေပြီလို့ အဓိပ္ပါယ်ရတယ်။ အဲ့ဒါက နင့်ကို ပြောတာလေ"
ပြီးတော့ မီနာက သစ်ပင်ဘက်ဆီ လက်ညှိုးထိုးပြလိုက်တာပေါ့။
" ခုနက ငါထိုင်နေတဲ့ သစ်ပင်ကိုင်းဆီ နင်သာတက်ကြည့်မယ်ဆို ငှက်သိုက်လေးကို တွေ့ရလိမ့်မယ် သိလား။ ငှက်သိုက်လေးထဲမှာ ငှက်ကလေး သုံးကောင်တောင် ရှိတယ်ဟ။ ဒါပေမယ့် နင် ငှက်သိုက်နားကိုတော့ ယောင်လို့ေတာင် ကပ်မသွားမိစေနဲ့နော်"
မီနာက ခြံစည်းရိုးနံရံပေါ်တက်ပြီး ကျွန်တော့်ကို မျက်နှာမူကာ ထိုင်ချလိုက်ပါတယ်။
" ငါက ဒီအိမ်မှာနေတာလေ။ အိမ်နံပါတ် ၇ ပေါ့။ နင့်မှာ ညီမလေး ရှိလား"
" အင်း"
" သူ့နာမည်က ဘယ်လိုခေါ်လဲ"
" ငါတို့ သူ့ကို နာမည်တောင် မပေးရသေးဘူးဟ"
မီနာက လျှာနဲ့ တက်ခေါက်သံလုပ်ရင်း ကောင်းကင်ကြီးဆီ မော့ကြည့်လိုက်ပါတော့တယ်။ ပြီးတော့ သူက စာအုပ်လေးကို ဖွင့်လိုက်တော့တာပေါ့။
" ဒီမှာ ကြည့်စမ်း မိုက်ကယ်" လို့ သူက ကျွန်တော့်ကို ပြောလိုက်ပါတယ်။
သူ့စာအုပ်ထဲမှာတော့ ငှက်ပုံတွေနဲ့ ပြည့်နှက်နေတာပါပဲ။ ခဲတံနဲ့ ဆွဲထားတဲ့ ပုံလေးတွေကို သူက အပြာရောင်၊ အစိမ်းရောင်နဲ့ အနီရောင်တွေ စပ်ပြီး အရောင်တောင် ခြယ်ထားလိုက်ပါသေးတယ်။
" ဒါက ငှက်မည်းလေးလေ။ သူတို့ကို ဒီနားမှာ ခဏခဏ တွေ့ဖူးနေကြဆိုပေမဲ့ သူတို့က သိပ်လှတဲ့ ငှက်လေးတွေပဲဟ။ ဒါက စာကလေး၊ ဒါလေးတွေက စာ၀တီးလေးတွေ၊ ဟောဒါကတော့ စာကျွဲခေါင်းငှက်လေးတွေပေါ့။ ဒီမှာ ဒီမှာ....ဒါလေးက ပြီးခဲ့တဲ့ အပတ် ကြာသပတေးနေ့က တွေ့လိုက်ရတဲ့ စာရွှေဝါငှက်လေးလေ" ဆိုပြီး မီနာက အရောင်တောက်တောက်တွေ ဖိခြယ်ထားတဲ့ စာရွှေဝါငှက်ကလေးပုံကို လက်နဲ့ ထောက်လို့ ကျွန်တော့်ကို ပြလိုက်ပါတယ်။
" ငါ အကြိုက်ဆုံး ငှက်လေးပေါ့ဟ"
သူက စာအုပ်ကို ပြန်ပိတ်လိုက်ပါတော့တယ်။
" နင်ရော ငှက်လေးတွေကို သဘောကျလားဟင်" လို့ သူကမေးပြီး ကျွန်တော့်က်ို စိတ်မကြည်တဲ့ မျက်နှာနဲ့ စိုက်ကြည့်လိုက်ပါသေးတယ်။
" မပြောတတ်ဘူးလေ" လို့သာ ကျွန်တော် သူ့ကို ပြန်ဖြေလိုက်ပါတယ်။
" ဖြစ်ရမယ်။ နင် ပုံဆွဲရတာကိုရော ကြိုက်လား"
" တခါတလေ ပေါ့"
" ပုံဆွဲတယ်ဆိုတာ ကမ္ဘာကြီးကို အနီးကပ် ကြည့်မြင်နိုင်တဲ့ နည်းလမ်းပဲဟ။ ပုံတွေက နင် ကြည့်ချင်တဲ့ အရာတွေကို ပိုပြီး နီးနီးကပ်ကပ်နဲ့ အသေးစိတ်မြင်နိုင်အောင် ကူညီပေးတယ်လေ။ နင် အဲ့ဒါရော သိလား"
ကျွန်တော် သူ့ကို ဘာမှ ပြန်မဖြေလိုက်ပါဘူး။
"ငှက်မည်းလေးရဲ့ အရောင်က ဘာအရောင်ရှိလဲဆိုတာ နင် သိလား" လို့ သူက တခြား မေးခွန်းပြောင်းမေးပြန်တော့ ကျွန်တော်လည်း
" အမည်းရောင် ပေါ့ဟ" လို့ ပြန်ဖြေလိုက်တယ်လေ။
"ဟင်း...ဒီလိုဖြေမယ်ဆိုတာ ထင်သားပဲ" ဆိုပြီး မီနာက ခြံစည်းရိုးနံရံပေါ်ကနေ ခုန်ဆင်းသွားပါတော့တယ်။
" ငါ အိမ်ထဲ ၀င်တော့မယ် မိုက်ကယ်။ ငါ နင့်ကို နောက်တစ်ခါ ပြန်တွေ့ချင်ပါသေးတယ်ဟာ။ နင့် ညီမလေးကိုလည်း တွေ့ချင်သေးတယ်ဟ"
အခန်း (၁၀)
ကျွန်တော် အဲ့ဒီညက အိပ်ပျော်မသွားအောင် အတော်လေးကြိုးစားခဲ့ရပါတယ်။ ဒါပေမယ့်လည်း ကျွန်တော် အိပ်ပျော်မိတာပါပဲ။ ကျွန်တော် အိပ်ပျော်ပျော်ချင်းပဲ အိပ်မက်ဆိုးကြီးကို မက်ပြန်တော့တာပေါ့။ ဒီတစ်ခါ အိပ်မက်ထဲမှာတော့ ကျွန်တော့် ညီမလေးက မီနာတို့ခြံထဲက သစ်ပင်ပေါ်မှာရှိတဲ့ ငှက်မည်းရဲ့ အသိုက်ထဲကို ရောက်နေတယ်တဲ့လေ။ ငှက်မည်းက ကျွန်တော့်ညီမလေးကို ပင့်ကူတွေနဲ့ ယင်မည်းကြီးတွေကျွေးရင်း ကျွေးရင်းနဲ့ သူက တဖြည်းဖြည်း ကြီးပြင်းလာပါတော့တယ်။ ပြီးတော့ ကလေးက ငှက်မည်းရဲ့ အသိုက်ထဲကနေ ပျံသန်းသွားပြီး ကျွန်တော့်တို့ခြံထဲက ဂိုဒေါင်အမိုးပေါ်မှာ နားနေတော့တာပေါ့။ မီနာကတော့ ခြံစည်းရိုးနံရံပေါ် တက်ထိုင်ရင်း ကျွန်တော့် ညီမလေးကို ကြည့်လို့ ပုံတူဆွဲနေခဲ့ပါတယ်။ ကျွန်တော် မီနာ့အနားကို ကပ်ဖို့ ကြိုးစားလိုက်တုန်းမှာပဲ မီနာက ကျွန်တော့်ကို တိုးတိုးလေး လှမ်းလို့ သတိပေးလိုက်တာပေါ့။
" ဝေးဝေးမှာနေစမ်း။ နင့်ကြောင့် သူ လန့်ပြီး ပျံပြေးသွားဦးမယ်ဟဲ့"
ရုတ်တရက်ဆိုသလို ထွက်ပေါ်လာတဲ့ ဘေးခန်းက ညီမလေးရဲ့ ငိုသံနဲ့အတူ ကျွန်တော်လည်း အိပ်မက်ဆိုးကြီးကနေ လန့်နိုးလာပါတော့တယ်။
ကျွန်တော် ဟိုဘက်ခန်းက အမေတစ်ယောက် ကလေးကို ချော့မြူပြီး ပြန်သိပ်နေတာကို နားထောင်ရင်း အိပ်ရာပေါ်မှာ လှဲနေလိုက်ပါတယ်။ ကလေးကတော့ စူးစူးဝါးဝါးနဲ့ကို အော်ငိုနေတော့တာပါ။ ငှက်တွေကတော့ ညအမှောင်ထဲမှာ ကျွက်ကျွက်ညံအောင် အော်နေကြတော့ တာပေါ့။ ညီမလေးရော အမေ့ အသံပါ ပြန်ငြိမ်သွားတော့ အရာအားလုံးလည်း ပြန်လည်လို့ တိတ်ဆိတ်သွားကြပါတော့တယ်။ တစ်အိမ်သားလုံး အိပ်လောက်ပြီဆိုတော့ ကျွန်တော်လည်း အိပ်ရာပေါ်ကထလို့ ဓါတ်မီးလေးယူကာ အပေါ်အင်္ကျီထပ်၀တ်ပြီး အမေနဲ့ အဖေတို့ အခန်းရှေ့ကနေ ခြေဖျားထောက်ကာ ရေချိုးခန်းဆီ လျှောက်သွားလိုက်ပါတော့တယ်။ ကျွန်တော် ရေချိုးခန်းဆီ ရောက်တော့ ဗီရိုထဲကနေ အကိုက်အခဲပျောက် ဆေးပုလင်းကိုယူပြီး အောက်ထပ် ဆင်းလာခဲ့တော့တာပေါ့။ ပြီးတော့ အိမ်နောက်ဖေး တံခါးကို အသာအယာဖွင့်ပြီး ကျွန်တော် ခြံထဲကို ဆင်းလာခဲ့ပါတယ်။
သတင်းစာအောက်မှာဖွက်ပြီး ပေါင်းပင် အပုံနဲ့ ဖုံးထားခဲ့တဲ့ အသင့်စားဗန်းကလေးကို ကျွန်တော်ကြည့်လိုက်တော့ အချဉ်ရည်တွေတောင် ခြောက်ကပ်နေပြီဆိုတာကို တွေ့လိုက်ရပါတယ်။ ကျွန်တော် ဗန်းထဲက ဟင်းကျန်တွေကို လှန်ကြည့်လိုက်တော့ ၀က်သားပြားကြော်က ကော် လို ပျော့အိကျပြီး အေးစက်ကာ နီရဲနေပါရောလား။ ကျွန်တော်လည်း အစာသွပ်တွေပျော့အိကျနေတဲ့ ကော်ပြန့်လိပ်တွေကိုပါ ဗန်းတစ်ခုထဲ စုထည့်ပြီး ဂိုဒေါင်ဆီကို ခပ်သုတ်သုတ် လျှောက်သွားလိုက် ပါတော့တယ်။
" ငါ တော်တော် တုံးပါလား" လို့တောင် ကျွန်တော် တစ်ယောက်ထဲ တွေးလိုက်မိပါသေးတယ်။
" ငါ အဲ့ဒီနေရာကြီးကို ထပ်သွားဖို့ ဆုံးဖြတ်လိုက်တာ သိပ်ကို ရူးမိုက်လွန်းတာပဲ"
ကျွန်တော် ဂိုဒေါင်ဆီရောက်တော့ ခေါင်မိုးမှာနားနေတဲ့ ငှက်မည်းဆီကို တချက် လှမ်းကြည့်မိလိုက်ပါတယ်။ ငှက်မည်းကတော့ အဝါရောင် နှုတ်သီးကို အသားကုန်ဖြဲလို့ အသံပြုနေတော့တာပါပဲ။ ငှက်မည်းရဲ့ နက်မှောင်နေတဲ့ ခန္ဓာကိုယ်ပေါ်မှာ တချက် တချက် ဆိုသလို ရွှေရောင်နဲ့ အပြာရောင် စပ်ထားတဲ့ အလင်းရောင်တန်းလေး ပြေးသွားတယ်လို့တောင် ကျွန်တော် ထင်မိလိုက်ပါသေးတယ်။
ကျွန်တော်လည်း ဓါတ်မီးခလုတ်ဖွင့်ကာ အသက်ပြင်းပြင်း တစ်ခေါက် ရှူလိုက်ပြီးတော့မှ ဂိုဒေါင်ထဲကို ခြေလှမ်းလိုက်ပါတော့တယ်။
ဂိုဒေါင်ထဲကို ရောက်ပြီဆိုတာနဲ့ တခုခုကို ကုတ်ခြစ်တဲ့ အသံတွေ၊ လူးလွန့်နေတဲ့ အသံတွေက ကျွန်တော့်ကို နှုတ်ဆက်လိုက်ကြတာပေါ့။ နောက်ပြီး ဘာမှန်းမသိတဲ့ သတ္တဝါလေးတစ်ကောင်က ရုတ်တရက် ကျွန်တော့် ခြေထောက်ကြားက ဖြတ်ပြေးသွားလို့ လန့်ပြီး လက်ထဲက ဗန်းပါ လွတ်ကျမိမလိုတောင် ဖြစ်မိလိုက်ပါတယ်။ ဒီလိုနဲ့ ကျွန်တော်လည်း လက်ဘက်ခြောက်ပုံးခွံ အပုံဆီရောက်လာတော့ ကျွန်တော့် ဓါတ်မီးနဲ့ နံရံဘက်ဆီ လှမ်းထိုးကြည့်လိုက်ပါတော့တယ်။
" မင်း လာပြန်ပြီလား" ဆိုတဲ့ ခြောက်ကပ်ကပ် အသံကြီးက သူ့ဆီကနေ ထွက်လာတော့တာပေါ့။
" ငါက မင်း ထွက်သွားပြီ ထင်နေတာ"
" ကျွန်တော် ဦးအတွက် တခုခု ယူလာတယ်ဗျ" လို့ ကျွန်တော် ပြောလိုက်ပါတယ်။ သူက မျက်လုံးဖွင့်ပြီး ကျွန်တော့်ကို ကြည့်လိုက်တယ်လေ။
" အကိုက်အခဲပျောက် ဆေးပြားရယ်၊ နံပါတ် ၂၇ ရယ်၊ ၅၃ ရယ်ပါ, ပါတယ်ဗျ။ ကော်ပြန့်လိပ်နဲ့ ၀က်သားပြားကြော်လေ"
သူက ရယ်လိုက်ပါတယ်။ ပြုံးတော့ မပြုံးပါဘူး။
" မင်းက ငတုံးတော့ မဟုတ်ဘူးပဲကွ" လို့ သူက ခြောက်ကပ်ကပ် လေသံနဲ့ ပြောလိုက်တာပေါ့။
ကျွန်တော်လည်း သူ့ရှေ့မှာရှိတဲ့ လက်ဘက်ခြောက်ပုံးခွံပေါ်ကို ဟင်းဗန်းလေး တင်ပေးလိုက်ပါတယ်။ သူက ဟင်းဗန်းဆီကို လက်လှမ်းလိုက်ပေမဲ့ သူ့လက်တွေက တုန်ချိနေတာမို့ ဟင်းဗန်း ပြုတ်မကျသွားအောင် ကျွန်တော်လည်း ထိန်းကိုင်ထားပေးလိုက်ရတော့တာပေါ့။
" အားလည်း မရှိတော့ပါဘူးကွာ" လို့ သူက ငြီးလိုက်ပါသေးတယ်။
အဲ့ဒီတော့ ကျွန်တော်ကပဲ သူ့အနားမှာ ငုတ်တုပ်ထိုင်ချပြီး ဟင်းဗန်းကို ထိန်းကိုင်ကာ ဟင်းတွေကို သူမြင်သာအောင် ဓါတ်မီးနဲ့ထိုးပြလိုက်ရပါတော့တယ်။ သူလည်း အခုမှပဲ ဟင်းဗန်းဆီ ဖြောင့်ဖြောင့်တန်းတန်း လက်လှမ်းနိုင်တော့တာပေါ့။ သူက ဟင်းဗန်းထဲကို လက်နှစ်ပြီး လက်ချောင်းတွေကို လျှာနဲ့လျက်ကာ သံရှည်ကြီးစွဲလို့ ညည်းလိုက်ပါသေးတယ်။ သူက ဟင်းဗန်းထဲကို နောက်တစ်ခါ လက်နှိုက်လို့ ပဲပင်ပေါက်ကို အချဉ်ရည်ထဲနှစ်ကာ လျှာထုတ်ပြီး စုပ်စားလိုက်ပါတယ်။ နောက်တော့ သူက ၀က်သားပြားနဲ့ မှိုကို ပါးစပ်ထဲထည့်ကာ တပြွတ်ပြွတ်မြည်အောင် စုပ်ယူလိုက်တယ်လေ။ နောက်တစ်ခါ လက်လှမ်းပြီး သူက ကော်ပြန့်လိပ်ကို အချဉ်ရည်သုတ်ပြီး ပါးစပ်ထဲထည့်လိုက်တော့ အချဉ်ရည် အေးစက်စက်တွေက နှုတ်ခမ်းဆီကနေ စီးကျလာတော့တာပေါ့။ အချဉ်ရည်နီနီတွေက နှုတ်ခမ်းကနေတဆင့် မေးစေ့နဲ့ အနက်ရောင် အပေါ် အင်္ကျီအထိပါ တဖြည်းဖြည်း စီးကျသွားပါတော့တယ်။
" အား......အိုး......" လို့လည်း သူက စားရင်း သောက်ရင်းကနေ အသံပြုလိုက်ပါသေးတယ်။
သူ့အသံကိုကြားပြီး ဒီဟင်းတွေကို သူက သဘောကျနေတာလား၊ ဝေဒနာ ခံစားနေရတာ လားဆိုတာ ကျွန်တော်လည်း မပြောတတ်တော့ပါဘူးလေ။ ကျွန်တော်ကတော့ ဟင်းဗန်းကို သူ့မေးစေ့နား နီးသထက်နီးအောင်သာ ကပ်ပေးထားလိုက်ပါတော့တယ်။ သူက အချဉ်ရည် အကျန်တွေထဲကို လက်နှိုက်လိုက်၊ လျှာနဲ့သပ်လိုက်၊ ညည်းတွားလိုက်နဲ့ကို အလုပ်ရှုပ်နေ တော့တာပေါ့။
သူ့ရဲ့ လက်ချောင်းတွေက ပိန်လှီပြီး တွန့်လိမ်နေတာကို ကျွန်တော် သတိထားမိ လိုက်ပါတယ်။ နောက်ပြီး လက်ဆစ်တွေကလည်း ဖူးယောင်နေတာပါပဲ။
" အကိုက်အခဲပျောက်ဆေးလေးပါ ထည့်ပေးပါလားကွာ" လို့ သူက ပြောတော့ ကျွန်တော်လည်း ဆေးနှစ်ပြားကို အချဉ်ရည်ခွက်ထဲထည့်ပေးလိုက်တယ်လေ။ သူက ဆေးပြားတွေကို အချဉ်ရည်နဲ့ရောပြီး မျိုချလိုက်ပါတော့တယ်။
ခဏနေတော့ စားပြီးသောက်ပြီးတော့ သူလည်း တအေ့အေ့နဲ့ လေ စတက်လာပါတော့တယ်။ သူ့လက်တွေကတော့ စောစောကအတိုင်း ဘေးမှာ ပုံလျက်သား ပြန်ကျသွားတော့တာပေါ့။ သူက နံရံလေးကို ခေါင်းမှီလို့ နဂိုအတိုင်းပြန်လှဲနေပါတော့တယ်။
" နတ်သုဒ္ဓါပဲကွ" လို့ သူက တီးတိုးလေးပြောလိုက်ပါတယ်။
" ၂၇ နဲ့ ၅၃ ဆိုတာ နတ်သုဒ္ဓါပဲ..."
ကျွန်တော်လည်း ဟင်းဗန်းကို သူ့ဘေးက ကြမ်းပြင်ပေါ်ချပြီး သူ့ကို ဓါတ်မီးနဲ့ ထိုးကြည့်
လိုက်ပါတယ်။ သူ့ရဲ့ဖြူဆုတ်ဆုတ် မျက်နှာပေါ်မှာ အရေးအကြောင်းတွေနဲ့ ခေါက်ရိုးကျိုးနေသလို အရာတွေ အပြည့်ပဲဆိုတာကို ကျွန်တော် တွေ့လိုက်ရတာပေါ့။ အရောင်မရှိတဲ့ မှုတ်ဆိတ်မွှေးအချို့ကလည်း သူ့ရဲ့ မေးစေ့တဝိုက်မှာ ပေါက်ရောက်နေကြတယ်လေ။ အဲ့ဒီလောက်တောင် အရောင်အဆင်းမရှိလှတာမို့ သူ့နှုတ်ခမ်းအောက်မှာ ပေနေတဲ့ အချဉ်ရည် နီနီက အေးခဲနေတဲ့ သွေးတွေအတိုင်းကို တောက်ပနေပါတော့တယ်။ သူ နောက်တစ်ခါ မျက်လုံးပြန်ဖွင့်လာတော့ နက်မှောင်လှတဲ့ မဟူရာရောင် သူ့မျက်စံရဲ့ အထဲမှာ အင်မတန် သေးငယ်တဲ့ သွေးကြောသဏ္ဍာန် အလင်းရောင်အစက်လေးကို ကျွန်တော် တွေ့လိုက်ရပါတယ်။ သူ့ဆီကနေတော့ ဖုန်နံ့၊ အ၀တ်ဟောင်းနံ့နဲ့ ချွေးစော်တွေက နံဟောင်နေပါတော့တယ်။
" ဘာလဲ ငါက ကြည့်ကောင်းနေလို့လား" လို့ သူက ရေရွတ်လိုက်ပါတယ်။
" ဦးက ဘယ်ကလာတာလဲ"
" ဘယ်ကမှ မဟုတ်ဘူး"
" အဖေတို့က ဒီနေရာကို ဖျက်ပစ်ကြတော့မှာဗျ။ ဦး ဘာဆက်လုပ်မှာလဲ"
" ဘာမှ မလုပ်ဘူး"
" ဦး ဘာဆက်လုပ်..."
" ဘာဆို ဘာမှ....ဘာမှကို မလုပ်ဘူးကွာ....ကဲ"
သူ့မျက်လုံးတွေက တဖန် ပြန်မှိတ်သွားပါတော့တယ်။
" အကိုက်အခဲပျောက်ဆေးလေး ထားခဲ့စမ်းပါဦး" လို့ သူက မျက်စိမှိတ်ထားရင်း ကပြောလိုက်ပါတယ်။
ကျွန်တော်လည်း အကိုက်အခဲပျောက်ဆေးပုလင်းကို ဖွင့်ပြီး ကြမ်းပြင်ပေါ် ချပေးလိုက်တော့တာပေါ့။ ဆေးပုလင်းကို ကြမ်းပြင်ပေါ်ချဖို့ ကျွန်တော် ကြမ်းပြင်ပေါ်မှာ အပုံလိုက်ကျနေတဲ့ အမွှေးအတောင်ပုံလေးကို ဖယ်လိုက်ရပါသေးတယ်။ ကျွန်တော် အဲ့ဒီအပုံလေးထဲက တစ်ခုကို လက်နဲ့ကောက်ပြီး ဓါတ်မီးအလင်းရောင်နဲ့ ကြည့်မိတော့ ဒီအမွှေးအတောင်လုံးလေးတွေဟာ ငှက်မွှေးတွေလို အရိုးနဲ့ အမွှေးတွေဆက်စပ်နေတဲ့ အပိုင်းအစတွေမှန်း ကျွန်တော် တွေ့လိုက်ရတာပေါ့။
" မင်း ဘာတွေ ကြည့်နေတာလဲကွ" လို့ သူက မေးလိုက်ပါတယ်။
ကျွန်တော်လည်း ချက်ချင်းဆိုသလို လက်ထဲက အရိုးလေးကို ပြန်ချလိုက်ပါတယ်။
" ဘာမှ မဟုတ်ပါဘူး ဦး"
ငှက်မည်းလေးကတော့ ခေါင်မိုးပေါ်ကနေ ပိုသထက်ပိုပြီး ကျယ်လောင်စွာနဲ့ အသံပြုနေတော့တာပါပဲ။
" ကျွန်တော့် ညီမလေးကို အမြဲလာကြည့်ပေးနေတဲ့ ဆရာ၀န်တစ်ယောက် ရှိတယ်ဗျ" လို့ ကျွန်တော် သူ့ကို ပြောလိုက်ပါတယ်။
" ဦးလည်း သူနဲ့တွေ့ချင်ရင် ကျွန်တော် ဒီနေရာကို ခေါ်လာပေးမယ်လေ"
" ဟင့်အင်း...ဘာဆရာ၀န်မှ မလိုချင်ဘူး။ ဘယ်သူမှ မလိုဘူး"
" ဒါဖြင့် ဦးက ဘယ်သူလဲဟင်"
" ဘယ်သူမှ မဟုတ်ဘူး"
" ကျွန်တော် ဦးအတွက် ဘာလုပ်ပေးရမလဲဟင်"
" ဘာမှ မလုပ်ပေးနဲ့"
" ကျွန်တော့် ညီမ မွေးကင်းစလေးက နေမကောင်းဘူးဗျ"
" ဪ မွေးကင်းစကလေးလား"
" ဦး ကျွန်တော့်ညီမလေးအတွက် တခုခု လုပ်ပေးလို့ရလားဗျ"
" ကလေးတွေကကွာ... တံတွေးတွေကထွက် အညစ်အကြေးလည်း မထိန်းနိုင်တဲ့အပြင် ဟိုအန်ချ ဒီအန်ချနဲ့ ငိုကလည်း ငိုတတ်သေးသကွ"
သူ့စကားကြားပြီး ကျွန်တော် သက်ပြင်းချလိုက်မိပါတယ်။ ကြားရသလောက်ဆို သူလည်း ဘာမှ မကူညီပေးနိုင်လောက်ပါဘူးလေ။
" ကျွန်တော့် နာမည်က မိုက်ကယ်ပါ ဦး။ အခုတော့ ကျွန်တော် သွားတော့မယ်နော်။ ကျွန်တော် ဦးအတွက် ဘာယူပေးခဲ့ရဦးမလဲဟင်"
" ဘာမှ မယူနဲ့....နေဦး....၂၇ နဲ့ ၅၃ ..." ဆိုပြီး သူက အေ့ခနဲ လေတစ်ခါ ထပ်တက်လိုက်တာပေါ့။ သူ့ရဲ့ ခံတွင်းနံ့က အင်မတန့်ကို ဆိုးရွားလွန်းလှပါတယ်။ ဒါက အချိန်လွန်နေတဲ့ တရုတ်စာ ဟင်းတွေကြောင့်မဟုတ်ဘဲ သူ အရင်ကစားထားတဲ့ ယင်ရိုင်းတွေနဲ့ ပင့်ကူတွေကြောင့် ထွက်တဲ့ အနံ့တွေရယ်ပါ။ သူက လည်ချောင်းသံပြုပြီး လေတွေအန်ရင်း လူမမာတစ်ယောက်လို နံရံကို မှီထားလိုက်ပါတော့တယ်။ ကျွန်တော်လည်း သူ့ကို သက်သောင့်သက်သာရှိအောင် နေရာချပေးဖို့ သူ့ပုခုံးအောက်ဆီကို ကျွန်တော့်လက် ထိုးသွင်းလိုက်တော့တာပေါ့။ အဲ့ဒီ အချိန် တဒင်္ဂလေးအတွင်းမှာပဲ ကျွန်တော် သူ့ အပေါ်ရုံအင်္ကျီရဲ့ အောက်က တခုခုကို လက်နဲ့ စမ်းသပ်မိလိုက်တယ်လေ။ သူက နောက်တစ်ခါ လေထပ်တက်လိုက်ပါသေးတယ်။ ကျွန်တော်ကတော့ သူ့အနားမှာ အသက်မရှူမိအောင် အသက်အောင့်လို့သာ နေလိုက်ပါတော့တယ်။ ကျွန်တော့် သူ့ရဲ့ ပုခုံးနောက်တစ်ဖက်ဆီ လက်နဲ့ စမ်းကြည့်တော့လည်း စောစောကလို ထူးဆန်းတဲ့ အထိအတွေ့ကို ထပ်ခံစားလိုက်ရပါတယ်။ သူ့ရဲ့ ပုခုံးတွေရဲ့ ဆက်စပ်ထားတဲ့ လက်မောင်းရိုးက ခေါက်သိမ်းထားတဲ့ အရိုးတွေလိုပါပဲ။ ပျော့ပျော့ပြောင်းပြောင်းနဲ့ နုအိနေတယ်လေ။
သူကတော့ လှုပ်လိုက်တာနဲ့ကို လေတွေချည်း ဆက်အန်နေတော့တာပါပဲ။ သူ့ခန္ဓာကိုယ်ကို နံရံနဲ့ သေချာ မှီလို့ နေရာချပေးပြီးတော့မှ ကျွန်တော်လည်း လက်ပြန်ရုပ်လိုက်ပါတော့တယ်။
" ဦးက ဘယ်သူလဲဟင်" လို့ ကျွန်တော် သူ့ကို အရဲစွန့်လို ထပ်မေးကြည့်လိုက်ပါသေးတယ်။
ဂိုဒေါင် ခေါင်မိုးက ငှက်မည်းလေးကတော့ အသံစာစာ စာစာနဲ့ကို အော်မြည်နေပါတော့တယ်။
" ဦး ဘယ်သူလဲဆိုတာ ကျွန်တော် ဘယ်သူ့ကိုမှ ပြန်မပြောပါဘူးဗျာ" လို့ ထပ်ပြောတော့ သူက ဓါတ်မီးအလင်းရောင်ထိုးထားတဲ့ သူ့မျက်လုံးကို လက်နဲ့ကာရင်း ပြန်ဖြေလိုက်တယ်လေ။
" ငါက ဘယ်သူမှ မဟုတ်တော့ဘူးကွ။ ငါ့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေက အဆစ်ရောင်ရောဂါတွေ ခံစားနေရပြီ"
သူကခြောက်ကပ်ကပ် ရယ်လိုက်ပေမယ့် ပြုံးတော့မပြုံးခဲ့ပါဘူး။
" အဆစ်ရောင်နာတဲ့ကွ" လို့ သူက အက်ကွဲကွဲအသံနဲ့ ထပ်ပြောလိုက်ပါတယ်။
" သူကပဲ ငါ့ရဲ့ အရိုးတွေထဲမှာ ရှင်သန်နေတာလေ။ ဒီရောဂါက ငါ့ကို အရိုးချည်းပဲကျန်တဲ့အထိ တိုက်စားနေခဲ့တာ"
ကျွန်တော် ဖူးယောင်နေတဲ့ သူ့လက်ဆစ်ကို ကိုင်ကြည့်လိုက်ပါတယ်။
" ဦးရဲ့ ကျောကုန်းက ဘာကြီးလဲဟင်" လို့ ကျွန်တော် သူ့ကို ထပ်မေးလိုက်တာပေါ့။
"အပေါ်ရုံအင်္ကျီလေ...ပြီးတော့ ငါ့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းအချို့ပေါ့။ ကျန်တာတွေကတော့ အဆစ်ရောင်ရောဂါရဲ့ အစိတ်အပိုင်းတွေပေါ့ကွာ"
ကျွန်တော် သူ့ပုခုံးအောက်ကို နောက်ထပ်တစ်ခါလက်ထိုးသွင်းပြီး စမ်းကြည့်ဖို့ ကြိုးစားလိုက်တော့ သူက
" မင်း အဲ့ဒီလို မလုပ်သင့်ဘူးကွ" ဆိုပြီး အက်ကွဲကွဲအသံကြီးနဲ့ ကျွန်တော့်ကို တားလိုက်ပါတယ်။
" အဲ့ဒီနောက်က ဘယ်အစိတ်အပိုင်းကမှ အကောင်းပကတိမရှိတော့ဘူးကွ"
" ကျွန်တော် သွားတော့မယ်ဗျ။ ကျွန်တော် သူတို့ ဒီနေရာကို မဖြိုဖြစ်အောင် ကြိုးစားပေးပါ့မယ်။ နောက်ပြီး ကျွန်တော် စားစရာတွေ ပိုယူလာပေူမယ်လေ။ ကျွန်တော် ဒေါက်တာ သေမင်းကိုတော့ မခေါ်လာတော့ပါဘူးဗျာ"
သူကတော့ နှုတ်ခမ်းနားက စီးကျနေတဲ့ အချဉ်ရည်ကို လျှာနဲ့ သပ်လိုက်ပါတော့တယ်။
" ၂၇ နဲ့ ၅၃ .....၂၇ နဲ့ ၅၃...." လို့သာ သူက ရေရွတ်နေပါတယ်။
ကျွန်တော်လည်း သူ့ကို အမှောင်ထဲထားခဲ့ပြီး ဂိုဒေါင်အပြင်ဘက်ဆီ ထွက်လာခဲ့တော့တာပေါ့။ ခေါင်မိုးမှာ နားနေတဲ့ ငှက်မည်းကလည်း အခုမှပဲ စူးစူးရှရှအော်မြည်ရင်း ခြံထဲကနေ ပျံသန်းသွားပါတော့တယ်။ ကျွန်တော် အိမ်ထဲကို ခြေဖျားထောက်လို့ တိုးတိုးလေး ပြန်၀င်လာရင်း ညီမလေးရဲ့ ပုခက်နားမှာ ခဏ ရပ်လိုက်ပါတယ်။ ကျွန်တော့်လက်ကို သူ့ပုခက်လေးထဲ ထိုးထည့်ပြီး ကျွန်တော် ညီမလေးရဲ့ အသက်ရှူသံလေးကို ခံစားကြည့်လိုက်တယ်လေ။ သူကတော့ ပုခက်လေးထဲမှာ နွေးနွေးထွေးထွေးနဲ့ အိပ်စက်နေဆဲပါ။ ကျွန်တော် ညီမလေးရဲ့ အရိုးလေးတွေကလည်း နူးညံ့ပျော့ပြောင်းလှတယ် ဆိုတာကို သတိထားမိလိုက်ပါတယ်။
အမေကတော့ လူရိပ်မြင်လို့ ထင်ပါတယ်....အိပ်နေရင်းက ဆတ်ခနဲ လှမ်းကြည့်ရင်း
" ဘယ်သူလဲ" ဆိုပြီး အိပ်မှုံစုံမွှားနဲ့ လှမ်းမေးလိုက်ပါတယ်။
နောက်ဆုံးတော့ ကျွန်တော်လည်း အခန်းထဲကို ခြေဖျားထောက်လို့ တိုးတိုးလေး ပြန်၀င်သွားတော့တာပေါ့။
ကျွန်တော် အဲ့ဒီညက ပြန်အိပ်ပျော်သွားတော့ အိပ်မက်ထပ်မက်ဖြစ်ပါသေးတယ်။ ဒီတစ်ခါတော့ အိပ်မက်ထဲမှာ ကျွန်တော့် အိပ်ရာက သစ်ကိုင်းခြောက်တွေ၊ ငှက်မွှေးတွေ နဲ့ သစ်ရွက်တွေဖြစ်နေပြီး ကျွန်တော်က ငှက်တစ်ကောင်ရဲ့ အသိုက်ထဲမှာ အိပ်စက်နေခဲ့တယ်တဲ့လေ။
အခန်း (၁၁)
နောက်တစ်နေ့ မနက်မိုးလင်းတော့ အဖေက တကိုယ်လုံးကိုက်ခဲနေလို့ဆိုပြီး ငြီးပါလေရော။ သူ့ခမျာ ကျောကုန်းနာလို့ ကုန်းကုန်းကွကွကြီးကို ဖြစ်နေရတော့တာပါ။ တကယ်လည်း အဖေ့ကို ကြည့်ရတာ သစ်သားပြားထူထူကြီးလို တကိုယ်လုံးတောင့်တင်းနေတဲ့ပုံပါပဲ။
"အကိုက်အခဲပျောက်ဆေးပြားတွေ ဘယ်ရောက်သွားပြီလဲကွ" လို့ အဖေက အောက်ထပ်ကနေ လှမ်းအော်လိုက်ပါတော့တယ်။
အမေကတော့ သူ့အဖြစ်ကို ကြည့်ပြီး ရယ်နေတော့တာပေါ့။
" ရှင့်မလည်း ဒီလို လေ့ကျင့်ခန်းများများ လုပ်ပေးမှ ခန္ဓာကိုယ်က ပေါ့လာမှာပေါ့ရှင်။ အဲ့ဒါမှ အဆီပိုတွေကျသွားလိမ့်မယ် ရှင့်" တဲ့လေ။
" အကိုက်အခဲပျောက်ဆေးတွေ ဘယ်ရောက်နေပြီလဲ မေးနေတယ်လေကွာ" လို့ အဖေက စိတ်မရှည်တဲ့ လေသံနဲ့ ထပ်အော်လိုက်တဲ့အခါမှာတော့ ကျွန်တော်လည်း ညီမလေးကို နမ်းပြီး ဘတ်စ်ကားဂိတ်ဆီ ကသုတ်ကယက်နဲ့ ပြေးတော့တာပေါ့။
အဲ့ဒီမနက်ခင်းတုန်းက ကျွန်တော်တို့ ရက်စ်ပူတင်လို့ နာမည်ပြောင်ပေးထားတဲ့ ဆရာရဲ့ သိပ္ပံအတန်းချိန်မှာ လူသားမျိုးစိတ်ရဲ့ ဘိုးဘေးဘီဘင်တွေက တဖြည်းဖြည်း ပုံသဏ္ဍာန် ပြောင်းလဲလာတဲ့ ပုံတွေအကြောင်း သင်ခဲ့ရပါတယ်။ ကျွန်တော်တို့လို လူတွေပုံဖြစ်မလာခင် ဘိုးဘေးဘီဘင် မျိုးဆက်က မျောက်တွေ၊ မျောက်ဝံတွေနဲ့ မျောက်ဝံတွေနဲ့ အလားသဏ္ဍာန်တူတဲ့ သတ္တဝါတွေအဖြစ် အဆင့်ဆင့် ပြောင်းလဲလာကြတယ်ဆိုပဲ။ ပုံထဲမှာတော့ ကျွန်တော်တို့ ဘယ်လို ခါးမတ်မတ်နဲ့ လမ်းလျှောက်လာနိုင်ကြတယ်၊ ကျွန်တော်တို့ ခန္ဓာကိုယ်က ထူထဲတဲ့ အမွှေးတွေ ဘယ်လို တဖြည်းဖြည်းနဲ့ ပါးလွှာလာကြတယ်၊ ကျွန်တော်တို့ လက်နက်ကိရိယာတွေကို ဘယ်လို အသုံးပြုလာတတ်ကြတယ် ဆိုတာနဲ့ ကျွန်တော်တို့ရဲ့ ဦးခေါင်းတွေကို တည့်တည့်မတ်မတ် ဖြစ်လာအောင်လို့ ဦးခေါင်းခွံပုံသဏ္ဍာန်က ဘယ်လို ပြောင်းလဲလာခဲ့တယ်ဆိုတဲ့ အချက်ပေါင်းများစွာ ကို ရှင်းပြထားတာပေါ့။ ကုထ်ကတော့ ဒါတွေက အပိုတွေပါကွာဆိုပြီး ကျွန်တော့်ကို တီးတိုးပြောလိုက်ပါသေးတယ်။ဒီ မျောက်တွေကနေ လူအဖြစ်ပြောင်းလဲလာတယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ သူ့အဖေက ပြောထားတယ်တဲ့လေ။ ကျွန်တော့်ကိုတောင် သူက မယုံရင် မျောက်တစ်ကောင်ကိုပဲ သွားကြည့်လိုက်စမ်းပါကွာ ဆိုပြီး သက်သေ သာဓက အတိအကျနဲ့ကို ဖြေရှင်းချက် ထုတ်နေပါတော့တယ်။
ကျွန်တော် ဆရာ ရက်စ်ပူတင်ကို တကယ်လို့များ လူသားမျိုးနွယ်စိတ်တွေက ဒီထက်ပိုပြီး ပြောင်းလဲခဲ့ရင်ရောဆိုပြီး ထမေးလိုက်ပါတယ်။
" ဘယ်ပြောတတ်မလဲ မိုက်ကယ်ရာ။ ဆင့်ကဲ ပြောင်းလဲခြင်း ဖြစ်စဉ်ဆိုတာ အမြဲတမ်း ဖြစ်နေတာလည်း ဖြစ်နိုင်တယ် မဟုတ်လား။ အဲ့ဒီတော့ သားမေးသလို လူသားတွေက အမြဲဆက်ပြီးပြောင်းလဲနေဦးမှာလားဆိုတာကလည်း ဖြစ်ကောင်းဖြစ်နိုင်တဲ့ အဆိုပြုချက်ပဲကွ"
" ဟား...အပိုတွေ...." လို့ ကုထ် ကအနားကနေ ရေရွတ်လိုက်ပါတယ်။
နောက်တော့ ကျွန်တော်တို့တွေ မျောက်ဝံတစ်ကောင်ရဲ့ အရိုးဖွဲ့စည်းပုံနဲ့ လူရဲ့ အရိုးဖွဲ့စည်းပုံအကြောင်း ပုံဆွဲခဲ့ရတယ်လေ။ ကျွန်တော်လည်း ပုံဆွဲရင်းကနေ ရုတ်တရက် မီနာ ပြောဖူးတဲ့ စကားကို သတိရပြီး ပိုစတာပုံကြီးကို ကျွန်တော် အာရုံစိုက်ကာ နီးနီးကပ်ကပ် စိုက်ကြည့်နေလိုက်ပါတော့တယ်။ ပြီးတော့ ကျွန်တော် လက်မြှောက်ပြီး ဆရာ့ကို မေးခွန်းထုတ်လိုက်တော့တာပေါ့။
" လက်ပြင်ရိုးတွေက ကျွန်တော့်တို့ ခန္ဓာကိုယ်မှာ ဘာလို့ပါနေတာလဲ ဆရာ"
ဆရာ ရက်စ်ပူတင်က မျက်နှာရှုံ့မဲ့လို့ သူ့လက်ပြင်ရိုးကို မမှီမကမ်းနဲ့ စမ်းကြည့်ကာ တချက် ပြုံးလိုက်ပါတယ်။
" ဆရာ့အမေက အဲ့ဒီ လက်ပြင်ရိုးတွေနဲ့ ပတ်သက်ပြီး ပြောဖူးတာလေးရှိတယ်ကွ" လို့ သူက ဆိုတယ်လေ။
" ဒါပေမယ့် တကယ်တမ်းပြောရမယ်ဆိုရင်တော့ ဆရာလည်း သေချာတော့ မသိပါဘူးကွာ"
နောက်တော့ ကုထ် က ပုခုံးကိုကိုင်းကာ ခေါင်းငုံ့ပြီး မေးစေ့ကို ရှေ့ထုတ်လို့ မျောက်ဝံသဏ္ဍာန်နဲ့ စင်္ကြံလမ်းမှာ ဒယီးဒယိုင် လျှောက်သွားပြနေပါတော့တယ်။ သူက လမ်းလျှောက်ရင်းကနေ အသံမျိုးစုံလုပ်ပြီး ကောင်မလေးတွေကို ဝင်တိုက်တော့ လူစီ ကားရ် ခမျာ ကြောက်လွန်းလို့ အော်ရတော့တာပေါ့။
" တော်စမ်းပါ...၀က်စုတ်ရာ..." လို့ လူစီက စိတ်တိုတိုနဲ့ ကုထ် ကို ပြောလိုက်ပါတယ်။
ကုထ် ကတော့ အူတက်အောင်ကို ရယ်နေတယ်လေ။
" ၀က်စုတ် ဟုတ်လား... ။ငါက ၀က်မဟုတ်ဘူးဟ။ ငါက ဂေါ်ရီလာ မျောက်ဝံကြီးလေ" ဆိုပြီး သူက လူစီ့ကို ထပ်စနေပါတော့တယ်။
ကျောင်းခြံ၀င်းထဲမှာ ဘောလုံးကစားကြဖို့အချိန် ရောက်တော့ ညက အတော်လေး အိပ်ရာနောက်ကျမှ ၀င်တဲ့ အကျိုးဆက်အနေနဲ့ ကျွန်တော် နုံးချိချိကြီးဖြစ်နေတော့တာပေါ့။ လီကီကတော့ အနားကနေ ကျွန်တော့်မှာ ဘာပြဿနာရှိနေလဲဆိုပြီး စကားအစ်နေတော့တာပါပဲ။ ကျွန်တော်ကလည်း ဒီနေ့တစ်နေ့လုံး တလွဲတွေချည်း လုပ်နေမိတော့တာကိုး။ ကျွန်တော် ခြံစည်းရိုးလေးနားမှာ ရပ်နေမိတုန်း မစ္စဒန်ဒိုနဲ့ ထပ်ဆုံဖြစ်ပါသေးတယ်။
" ဘာဖြစ်နေတာလဲ သား" လို့ သူက ကျွန်တော့်ကို မေးတယ်လေ။
" ဘာမှ မဖြစ်ပါဘူးဗျာ"
" သား ညီမလေးရော..."
" နေကောင်းပါတယ်"
ကျွန်တော် မြေကြီးကို ငုံ့ကြည့်နေလိုက်ပါတယ်။
" တခါတလေတော့ ညီမလေး အသက်ရှူများရပ်သွားပြီလား လို့တောင် ကျွန်တော် ထင်မိသေးတယ်ဗျ။ ပြီးတော့မှ သူ့ကိုသေချာကြည့်တော့ သူ အိပ်နေရုံလေးပဲ ဆိုတာ သိလိုက်ရတယ်လေ" လို့ ကျွန်တော် ဆက်ပြောတော့ မစ္စ ဒန်ဒိုက
" ညီမလေးက နေကောင်းသွားမှာပါကွယ်။ သားလည်း နောက်တော့ တွေ့လာမှာပေါ့။ ကလေးသေးသေးလေးတွေက လောကကြီးကို ရောက်လာလာချင်းမှာ အားနည်းသယောင်ရှိပေမဲ့ မကြာခင်မှာပဲ သန်သန်မာမာနဲ့ ကြီးပြင်းလာတတ်ကြတာကွဲ့။ နောက်ဆို သူက သားနဲ့တောင်မှ နပမ်းသတ်နေဦးမှာ"
သူက ကျွန်တော့် ပုခုံးကို ကိုင်လို့ နှစ်သိမ့်ပေးလိုက်ပါတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော် စဉ်းစားနေမိတာကတော့ မစ္စဒန်ဒိုကို ဂိုဒေါင်ထဲက လူကြီးအကြောင်း ပြောပြရင် ကောင်းမလားဆိုတာပါပဲ။ နောက်တော့ လီကီက ကျွန်တော်တို့ဘက် လှမ်းကြည့်နေတာကို တွေ့လိုက်တော့ ကျွန်တော်လည်း ကစားကွင်းထဲဆီ ပြန်ပြေးသွားပါတော့တယ်။
" ငါလည်း ပါမယ်ဟေ့...ငါလည်း ပါမယ်"
နေ့လည်ခင်းအတန်းတွေကတော့ အတော်လေး အိပ်ငိုက်ချင်စရာပါ။ သင်္ချာအချိန်က အတော်လေး လွယ်ပေမဲ့ မစ္စ ကလာ့စ်အချိန်ရောက်တော့ သူက ယူစီးလီးစ် နဲ့ သူ့အပေါင်းအပါတွေကို မျက်စိတစ်ဖက်ပဲရှိတဲ့ လူ့ဘီလူးကြီး ပိုလီဖီးမက်စ်က ဂူထဲမှာ အကျဉ်းချထားတဲ့ ပုံပြင်အကြောင်း ဖတ်ပြပါလေရော။ ယူစီးလီးစ်တို့ အဖွဲ့က သိုးယောင်ဆောင်ပြီး ဂူထဲကနေ ထွက်ပြေးတဲ့အခန်း ရောက်ရော ကျွန်တော်လည်း နိုးတစ်၀က်၊ အိပ်တစ်၀က်ကို ဖြစ်နေခဲ့ပါပြီ။
ကျွန်တော် အတန်းထဲမှာ ဆွဲထားတဲ့ အရိုးစုပုံလေးကို အိမ်ပြန်ယူလာခဲ့ပါတယ်။ ကျွန်တော် ကားစီးနေရင်းနဲ့တောင် အဲ့ဒီပုံကို ကြည့်နေမိတယ်လေ။ ကျွန်တော့်ဘေးမှာတော့ အဘိုးကြီး တစ်ယောက်က ဂျက်ရပ်ဆဲလ် အမျိုးအစား ခွေးလေးကို ပေါင်ပေါ်တင်လို့ ထိုင်နေတော့တာပေါ့။ သူ့ဆီက အနံ့ကလည်း သေးနံ့နဲ့ ဆေးတံနံ့တွေ ရောထွေးလို့ပါ။
" အဲ့ဒါက ဘာပုံလေးလဲကွ" လို့ သူက မေးလိုက်ပါတယ်။
" ကျွန်တော်တို့ လူသားမျိုးစိတ်ရဲ့ အစဦးဆုံး ပုံပေါ့ဗျာ" လို့ ကျွန်တော် ပြန်ဖြေလိုက်တယ်လေ။
" ဟေ...ဟုတ်လား။ ငါတော့ မမှတ်မိပေါင်ကွာ။ အသက်ကလည်း ကြီးပြီ မဟုတ်လား"
အဲ့ဒီကနေစပြီး အဲ့ဒီအဘိုးကြီးက သူ ငယ်ငယ်တုန်းက မျောက်တစ်ကောင်ကို ဆက်ကပ်ပွဲမှာ တွေ့ဖူးတဲ့အကြောင်းကို စာစီလို့ ဖွဲ့နွဲ့ပြီး ပြောတော့တာပါပဲ။ အဲ့ဒီမျောက်ကို လက်ဘက်ရည် ငှဲ့တတ်အောင် ကျင့်ထားပေးကြပေမဲ့ မျောက်တွေကနေ လူဖြစ်လာတယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးတဲ့လေ။ ဒါမှမဟုတ် အဲ့ဒီမျောက်တွေက လေ့ကျင့်ရေး အပြည့်အ၀ မလုပ်ရသေးလို့လည်း ဖြစ်ပါလိမ့်မယ် ဆိုပဲ။ အဘိုးကြီးကတော့ စကားလည်းပြောရင်း နှုတ်ခမ်းထောင့်ကနေ တံတွေးတွေ စီးကျရင်းနဲ့ပါ။ သူ ပြောတဲ့ စကားကို နားထောင်နေရင်းကနေ ကျွန်တော် ရုတ်တရက် ဆိုသလို စကားတစ်ခွန်း ဖြတ်ပြောလိုက်ပါတော့တယ်။
" ကျွန်တော်တို့ ဂိုဒေါင်ထဲမှာ လူတစ်ယောက် ရောက်နေတယ်ဗျ"
" ဟေ...."
ဂျက်ရပ်ဆဲလ်ခွေးလေးက အသံစူးစူးနဲ့ ထဟောင်တော့တာပေါ့။ အဘိုးကြီးလည်း ခွေးလေးရဲ့ ပါးစပ်ကို ပိတ်ထားတာ တခုခုကို တွေးလိုက်ပါတယ်။ ပြီးတော့မှ သူက
" ဟုတ်လား..." တဲ့လေ။
" ပြီးတော့ ပြောရဦးမယ်။ အဲ့ဒီဆက်ကပ်ထဲမှာ အရမ်းလှတဲ့ ကောင်းကင် ကျွမ်းဘားမယ်လေး တစ်ယောက်လည်း ရှိသေးတယ်ကွ။ သူ့ကိုကြည့်ရတာ လေထဲမှာ ပျံနေတဲ့အတိုင်းပါပဲကွာ...."
အခန်း (၁၂)
ကျွန်တော် အိမ်ပြန်ရောက်တော့ ဒေါက်တာ သေမင်း က အ ဖေနဲ့ အမေတို့နဲ့အတူ မီးဖိုချောင်ထဲ ရောက်နေတာကို တွေ့လိုက်ရပါတယ်။ သူက ကျွန်တော်ညီမလေးကို ချီလို့ စွပ်ကျယ်အင်္ကျီလေး ၀တ်ပေးနေတာပေါ့။ ကျွန်တော် မီးဖိုခန်းထဲ၀င်လာတာတွေ့တော့ သူက ကျွန်တော့်ကို မျက်စိမှိတ်ပြလိုက်ပါတယ်။ အဖေကတော့ ကျွန်တော့်ကို ဖျတ်ခနဲ လှမ်းပုတ်ရင်း စလိုက်ပါသေးတယ်။ အမေ့ကို ကြည့်ရတာတော့ စိတ်ညစ်နေတဲ့ပုံပါပဲ။
ဒေါက်တာ ပြန်ပြန်ချင်း အမေက
" ဒီနေရာကြီး ကြောင့်ပေါ့ရှင်" ဆိုပြီး တွတ်ထိုးပါတော့တယ်။
"ဒီလောက် စုတ်ပြတ်ပြီး ညစ်ပတ်နေတဲ့နေရာကြီးမှာ နေရတော့ ကလေးက ဘယ်နှယ့်ကြောင့် ကျန်းကျန်းမာမာ ရှိပါတော့မလဲ"
အမေက ပြတင်းပေါက်ကနေ ခြံထဲကို လက်ညှိုးထိုးပြလိုက်ပါသေးတယ်။
"ဟိုမှာ ကြည့်ပါလား။ ခြံထဲမှာလည်း အိမ်သာကြေကမုတ် အဟောင်းကြီးကလည်း ငုတ်တုပ်၊ ပစ္စည်းဟောင်း အစုတ်အပြတ်တွေကလည်း ပုံနေတဲ့အပြင် ခြံကလည်း ညစ်ပတ်နေတာပဲရှင်"
အမေက အသံတိုးတိုးနဲ့ တွတ်ထိုးနေရာကနေ အသံကျယ်ကျယ်နဲ့ ညည်းလာပါတော့တယ်။ နောက်တော့ အမေက ကျွန်တော်တို့ ရန်ဒမ် လမ်း အိမ်ကနေ ဒီလောက် အစွန်အဖျားအထိ မပြောင်းလာခဲ့ရင် ကောင်းသားလို့ ညီမလေးကို ချီရင်း မီးဖိုချောင်ထဲမှာ ခေါက်ချည် ပြန်ချည် လမ်းလျှောက်ကာ ပြောနေတော့တာပေါ့။
" ဪ သမီးလေးရယ်..." လို့တောင် အမေက ရေရွတ်လိုက်ပါတယ်။
" သနားစရာ ငါ့သမီးလေး...."
" သား ညီမလေးက ဆေးရုံမှာ ခဏလောက် ပြန်နေရမယ်တဲ့" လို့ အဖေက ကျွန်တော် ဇာတ်ရည်လည်အောင် တီးတိုးလေး ပြောပြရှာပါတယ်။
" ခဏလောက်ပဲပေါ့ကွာ။ ဆေးရုံမှာ ရှိနေတော့ ဆရာ၀န်တွေက အမြဲ ကလေးကို စောင့်ကြည့်နေလို့ရတာပေါ့။ ပြီးရင်တော့ ညီမလေးလည်း နေပြန်ကောင်းလာမှာပါ သားရာ"
ပြီးတော့ အဖေကလည်း ပြတင်းပေါက်ကနေ ခြံထဲကို လှမ်းကြည့်နေပါတော့တယ်။
" အဖေ ဒီထက်ပိုပြီး အလုပ်ကြိုးစားမှာပါကွာ။ သား ညီမလေး ဆေးရုံကပြန်ဆင်းလာရင် အိမ်အသစ် စက်စက်ကလေးနဲ့ ကြိုနိုင်အောင် အဖေ လုပ်ပေးရမယ်ကွ"
" သားလည်း အဖေ့ကို ကူညီပေးပါမယ် အဖေ" လို့ ကျွန်တော် ၀င်ပြောလိုက်ပါတယ်။ အဖေကတော့ ကျွန်တော့် စကားကိုမကြားဘဲ သူ့အတွေးနဲ့သူ နစ်မြောနေလေရဲ့။
ကျွန်တော်တို့ ပေါင်မုန့်နဲ့ ချိစ့်ကို လက်ဘက်ရည်နဲ့ တွဲကာ အဆာပြေစားလိုက်ကြပါတယ်။ ညီမလေးကတော့ ကျွန်တော်တို့ဘေးက ပုခက်လေးထဲ မှာ လှဲနေခဲ့တာပေါ့။ အမေကတော့ အပေါ်ထပ်မှာ ဆေးရုံကိုယူသွားဖို့ ပစ္စည်းပစ္စယတွေ ထုပ်ပိုးနေပါတော့တယ်။ ကျွန်တော် ကျောင်းက ယူလာတဲ့ အရိုးစုပုံလေးကို စားပွဲပေါ်တင်ပြီး စိုင်စိုင်ကြီး ငေးကြည့်ရင်း ဟိုဟိုဒီဒီ လျှောက်တွေးနေမိတယ်လေ။
" သား ပုံဆွဲတာ တော်သားပဲကွ" လို့ အဖေက စားပွဲခုံပေါ်က ပုံကိုကြည့်လို့ ချီးကျူးလိုက်တာပေါ့။ ဒါပေမယ့် အဖေ့စိတ်တွေက ပုံမှာ မရှိမှန်း ကျွန်တော် သဘောပေါက် ပါတယ်လေ။
ကျွန်တော် အပေါ်ထပ်တက်ပြီး လှေကားထိပ်မှာထိုင်လို့ အမေ့ကို ကြည့်နေလိုက်ပါတယ်။ အမေက ကလေးစွပ်ကျယ်လေးတွေ၊ အနှီးတွေနဲ့ သိုးမွှေးရင်ကွဲအင်္ကျီလေးတွေကို သေတ္တာထဲ ထိုးထည့်ရင်း စုပ်တသပ်သပ်နဲ့ စိတ်ပျက်နေလေရဲ့။ ကျွန်တော့်ကို မြင်လိုက်တော့ အမေက ပြုံးပြဖို့ကြိုးစားလိုက်ပါသေးတယ်။ မကြာပါဘူး။ အမေ သေတ္တာဘက်လှည့်ပြီး စုပ်သပ်လို့ အ၀တ်တွေ ဆက်ခေါက်ထည့်နေတော့တာပေါ့။
ပစ္စည်းတွေအားလုံး ထုပ်ပိုးပြီးတော့ အမေက ကျွန်တော့်ကို ပြောလိုက်ပါတယ်။
" စိတ်မပူပါနဲ့ သားရယ်။ အမေတို့ ဆေးရုံမှာ အကြာကြီးနေရမှာ မဟုတ်ပါဘူး" ဆိုပြီး အမေက သူ့လက်တွေကို ကျွန်တော့် ပုခုံးပေါ်တင်လိုက်တယ်လေ။
" အမေ...လက်ပြင်ရိုးတွေက ဘာလုပ်ဖို့ရှိတာလဲဟင်" လို့ ကျွန်တော် အမေ့ကို စကားအဆက်အစပ်မရှိ မေးလိုက်ပါတော့တယ်။
" ဪ...မိုက်ကယ်ရယ်...ငါ့သားနှယ်..."
အမေက ကျွန်တော် သူ့ကို ခေါင်းရှုပ်အောင်လုပ်နေတဲ့ အသွင်နဲ့ ခေါင်းခါပြီး အောက်ကိုဆင်းသွားပါတော့တယ်။ ဒါပေမယ့် လှေကားတ၀က်လောက်ရောက်တော့ အမေက ရပ်ပြီး ကျွန်တော့်ဆီ ပြန်လျှောက်လာခဲ့တယ်လေ။ ပြီးတော့ အမေက ကျွန်တော့် လက်ပြင်ရိုးကို သူ့လက်နဲ့ သပ်လိုက်ပါတယ်။
" လူတွေက ပြောကြတယ် သားရဲ့။ လက်ပြင်ရိုးဆိုတာ အမေတို့တွေ လူ့ဘ၀ကို မရောက်ခင်တုန်းက အတောင်ပံလေးတွေ ပေါက်ခဲ့တဲ့ နေရာတဲ့လေ။ အမေတို့တွေ နတ်သား၊ နတ်သမီးလေးတွေ ဖြစ်ခဲ့တဲ့ အချိန်တုန်းကပေါ့" လို့ အမေက ပြောလိုက်ပါတယ်။
" နောက်ပြီး တစ်နေ့ကျရင် အဲ့ဒီနေရာကပဲ အတောင်ပံလေးတွေ ပြန်ပေါက်လာလိမ့်မယ်တဲ့"
" အဲ့ဒါက လူတွေ လုပ်ကြံပြီးပြောကြတာ မဟုတ်လား အမေ" လို့ ကျွန်တော် အမေ့ကို မေးခွန်းပြန်ထုတ်လိုက်ပါတယ်။
"ဒါက ကလေးငယ်လေးတွေအတွက် နတ်သား၊ နတ်သမီး ပုံပြင်သာသာပဲ မဟုတ်လား"
" ဒါကတော့ ဘယ်သူက အတပ် ပြောနိုင်မှာလဲကွယ်။ တစ်နေ့ အမေတို့လည်း အတောင်ပံလေးတွေ ပြန်ပေါက်လာရင် ပေါက်လာမှာပေါ့။ ဒါမှမဟုတ် ဒီကမ္ဘာပေါ်က လူသားတွေအားလုံး တစ်နေ့ အတောင်ပံတွေ ပြန်ရမယ်ဆိုတာလည်း ဖြစ်နိုင်တာပဲ မဟုတ်လား"
" ညီမလေးမှာရော အတောင်ပံတွေရှိတယ်လို့ အမေ ထင်လားဟင်"
" အိုး...သေချာတာပေါ့ကွယ်။ အမေဆို ကြည့်လိုက်တာနဲ့ကို သိတယ်။ တခါတလေဆို အမေဖြင့် သား ညီမလေးက ကောင်းကင်ဘုံကိုလည်း အပြီးအပြတ် မစွန့်လွှတ်နိုင်ဘဲ လူ့ပြည့်ကိုလည်း ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာနဲ့ မဆင်းလာနိုင်ဘူးလို့ ထင်နေမိသေးတယ်ကွဲ့"
အမေက မျက်ရည်စတွေနဲ့ ပြုံးလိုက်ပါတယ်။
"ဒါကြောင့်လည်း သားညီမလေးက အခုလို နေမကောင်း ခဏခဏ ဖြစ်နေရတာပေ့ါသားရယ်"
ကျွန်တော့် အမေ့ကို ကြည့်နေရင်းနဲ့ ဂိုဒေါင်ထဲက လူကြီးအကြောင်း ပြောလိုက်ရင်း ကောင်းမလားလို့ တွေးနေမိပါတော့တယ်။ ဒါပေမယ့်လည်း ကျွန်တော် မပြောဖြစ်ခဲ့ပါဘူးလေ။
အမေ ဆေးရုံမသွားခင် ကျွန်တော် ညီမလေးဆီ သွားလိုက်ပါသေးတယ်။ ကျွန်တော့် သူ့ရဲ့ နူးညံ့တဲ့ အရေပြားနဲ့ အရိုးလေးတွေကို ကိုင်ကြည့်မိပြန်ပါတယ်။ အထူးသဖြင့် သူ့အတောင်ပံလေးတွေ ရှိခဲ့ဖူးမဲ့ နေရာလေးကိုပေါ့။ နောက်တော့ ကျွန်တော်တို့ တစ်မိသားစုလုံး ကားပေါ်တက်ပြီး ဆေးရုံဆီ မောင်းထွက်လာပါတော့တယ်။ ပြီးတော့ အမေနဲ့ ညီမလေးကို ကလေးလူနာဆောင်မှာ ထားခဲ့ပြီး အဖေနဲ့ ကျွန်တော်ကတော့ ဖောကနာ လမ်းဆီ ပြန်လာခဲ့ကြတယ်လေ။ အိမ်ပြန်ရောက်တော့ အဖေနဲ့ကျွန်တော်လည်း အိမ်အလွတ်ကြီးထဲမှာ နှစ်ယောက်ထဲထိုင်ရင်း ဘယ်ကနေ အလုပ်စလုပ်ရမလဲ မသိဖြစ်နေခဲ့ကြတာပေါ့။ ခဏနေတော့ အဖေက ထမင်းစားခန်းနံရံကို ဆေးဆက်သုတ်ဖို့ ထသွားလိုက်ပါတော့တယ်။
ကျွန်တော်လည်း လက်ပြင်ရိုးကနေ ထောင်ထွက်လာတဲ့ အရိုးစုပုံလေး ဆွဲနေလိုက်တော့တာပေါ့။
ကျွန်တော် ပြတင်းပေါက်ကနေ အပြင်ကို ငေးကြည့်လိုက်တော့ မီနာတစ်ယောက် နောက်ဖေးခြံစည်းရိုးနံရံပေါ်မှာ တစ်ယောက်ထဲထိုင်နေတာကို တွေ့လိုက်ရပါတယ်။
အခန်း (၁၃)
"နင်က စိတ်မကောင်းဖြစ်နေတာပဲ ဟုတ်တယ် မဟုတ်လား မိုက်ကယ်" လို့ မီနာက ပြောလိုက်ပါတယ်။
ကျွန်တော်ကတော့ အောက်ကနေ မတ်တပ်ရပ်ရင်း သူ့ကို ကြည့်နေမိတာပေါ့။
" ငါ့ညီမလေးက ဆေးရုံပြန်တက်နေရလို့ပါ" လို့ပဲ ကျွန်တော် သူ့ကို ပြန်ဖြေလိုက်ပါတယ်။
မီနာက သက်ပြင်းလေးချလို့ မိုးကောင်းကင်ပေါ် ပျံတက်သွားတဲ့ ငှက်ကလေးကို ငေးကြည့်နေလိုက်ပါတော့တယ်။
" ကလေးလေးက အသက်ဆက်မရှင်နိုင်တော့မဲ့ ပုံပဲဟ" လို့ ကျွန်တော် ဆက်ပြောတော့ မီနာက နောက်တစ်ခါ သက်ပြင်းလေးထပ်ချလိုက်ပါသေးတယ်။
" ငါ နင့်ကို တစ်နေရာ ခေါ်သွားလို့ရလား မိုက်ကယ်" လို့ မီနာက မေးလိုက်ပါတယ်။
" တစ်နေရာ ဟုတ်လား"
" ဟုတ်တယ်။ ဘယ်သူမှ မသိသေးတဲ့ လျှို့ဝှက်နေရာလေးပေါ့"
ကျွန်တော် အိမ်ဘက်ကို တချက် လှမ်းကြည့်လိုက်တော့ ထမင်းစားခန်း ပြတင်းပေါက်နေ အဖေ့ကို လှမ်းမြင်လိုက်ရပါတယ်။ ပြီးတော့ ကျွန်တော် မီနာ့ဘက် ပြန်လှည့်လိုက်တော့ မီနာက ကျွန်တော့်ကို အကြည့်စူးစူးနဲ့ ကြည့်နေတာကို တွေ့လိုက်ရတာပေါ့။
" ငါး မိနစ်လောက်ပဲ ကြာမှာပါဟ" လို့ သူကပြောလိုက်ပါတယ်။ နင်ထွက်သွားတာ နင့်အဖေတောင် သိလိုက်မှာ မဟုတ်ဘူး"
ကျွန်တော်လည်း မီနာပြောတာ မှန်ပါစေလို့သာ ဆုတောင်းလိုက်ရပါတော့တယ်။
" လာပါဟ" လို့ သူကပြောတော့ ကျွန်တော်လည်း ခြံတံခါးဖွင့်ပြီး နောက်ဖေးလမ်းကြားထဲကို တိုး၀င်လိုက်ပါတော့တယ်။
" လာ မိုက်ကယ်....မြန်မြန်"
မီနာက ကျွန်တော့်ကို ရှေ့ကနေ ဦးဆောင်လို့ ကုန်းကုန်းကွကွနဲ့ နောက်ဖေးလမ်းကြားလေး ဆုံးတဲ့အထိကို ပြေးသွားတော့တာပေါ့။
လမ်းကြားလေးဆုံးတော့ သူက နောက်ထပ် နောက်ဖေးလမ်းတစ်ခုထဲကို ဆက်ပြေးသွားတယ်လေ။ ခြံစည်းရိုးရဲ့ နောက်ဖက်ခြမ်းမှာရှိတဲ့ အိမ်တွေက ကျွန်တော်တို့ ဘက်ခြမ်းက အိမ်တွေထက် ပိုကြီးသလို ပိုပြီးလည်း မြင့်မားလွန်းလှပါတယ်။ နောက်ပြီး ဒီဘက်ခြမ်းမှာရှိတဲ့ အိမ်တွေရဲ့ ခြံ၀န်းတွေက ပိုကျယ်ပြီး သစ်ပင်ကြီးကြီးမားမားကြီးတွေပါ ပေါက်ရောက်နေတာကို ကျွန်တော် မြင်လိုက်ရတာပေါ့။ ဒါက ခရိုးလမ်းမကြီးပေါ်မှာ ရှိတဲ့ အိမ်တွေရယ်ပါ။
အစိမ်းရောင် ရင့်ရင့်ရှိတဲ့ ခြံတံခါးဆီရောက်တော့ မီနာက ပြေးနေတာကို ရပ်လိုက်ပါတော့တယ်။ သူက ဘယ်ကနေရလာမှန်းမသိတဲ့ သော့နဲ့ ခြံတံခါးကို ဖွင့်ကာ အထဲကို ၀င်သွားတော့တာပေါ့။ ကျွန်တော်လည်း သူ့နောက်ကနေ ဘာမသိ ညာမသိလိုက်၀င်သွားရင်း ကျွန်တော့်ခြေထောက်ကို တစုံတခုက လာပြီး ပွတ်သပ်နေတာကို ခံစားမိလိုက်ပါတယ်။ ကျွန်တော် အောက်ကို ငုံ့ကြည့်လိုက်တော့ ကြောင်လေးတစ်ကောင်က ကျွန်တော်တို့နဲ့အတူ ခြံထဲ လိုက်၀င်လာတာကို တွေ့လိုက်ရတယ်လေ။
" ဟေး...၀စ်စပါးပါလား" ဆိုပြီး မီနာက ပြုံးလိုက်ပါတယ်။
" ဘာဖြစ်တယ်"
" အဲ့ဒီကြောင်လေး နာမည်က ၀စ်စပါးတဲ့ဟ။ နောက်ဆို နင်လည်း သူ ဟိုဟိုဒီဒီ လျှောက်သွားနေတာကို တွေ့ရလိမ့်မယ်"
ခြံထဲက အိမ်ကြီးကတော့ မည်းမှောင်နေတဲ့ကျောက်တုံးကြီးတစ်တုံးကို ချထားတဲ့ အတိုင်းပါပဲ။ ပြတင်းပေါက်တွေကလည်း အတော်လေး ကျယ်ပြန့်လွန်းလှပါတယ်။ မီနာကတော့ အိမ်တံခါးဆီ ပြေးသွားပြီး ဆွဲဖွင့်လိုက်ပါတော့တယ်။ တံခါးပေါ်မှာ စာလုံးနီနီနဲ့ ရေးထားတာကတော့ " အန္တရာယ်ရှိသည်" တဲ့လေ။
" ဂရုစိုက်မနေစမ်းပါနဲ့ဟာ" လို့ မီနာက ပြောလိုက်ပါတယ်။
" သတိပေးစာကပ်ထားတာက သူစိမ်းတွေ ၀င်နှောင့်ယှက်မှာ စိုးလို့ပါ" ဆိုပြီး သူက အိမ်ထဲ ပြေး၀င်သွားတော့တာပေါ့။
" လာလေ မိုက်ကယ်။ မြန်မြန်...."
ကျွန်တော် အိမ်ထဲ၀င်လိုက်တော့ ကျွန်တော့်နောက်က ၀စ်စပါးကလည်း ထပ်ကြပ်မကွာ လိုက်၀င်လာပါတော့တယ်။
အိမ်ထဲမှာတော့ အပြင်ကထက်ကို ပိုပြီး မှောင်မည်းနေပါသေးတယ်။ ကျွန်တော်ဖြင့် ဘာကိုမှ မမြင်ရတော့တာ အမှန်ပါ။ မီနာက ကျွန်တော့်လက်ကို ဆွဲထားလိုက်ပါတယ်။
" မရပ်လိုက်နဲ့နော် မိုက်ကယ်" ဆိုပြီး သူက ရှေ့ဆက်လျှောက်သွားပါတော့တယ်။
မီနာက ကျွန်တော့်ကို လှေကားထစ်တွေဆီ လက်တွဲခေါ်သွားခဲ့တာပေါ့။ ကျွန်တော်လည်း အမှောင်ထဲလျှောက်ရင်း နည်းနည်းကျင့်သားရလာတော့ ဘေးမှာရှိတဲ့ ပြတင်းပေါက်ကျယ်ကြီးတွေ၊ တံခါးပေါက်ကျယ်ကြီးတွေ နဲ့ လှေကားထစ်တွေကို သတိထားမိလိုက်ပါတယ်။ ကျွန်တော်တို့ လှေကားသုံးထစ်လောက် တက် အပြီးမှာတော့ ရှေ့ကလှေကားထစ်တွေက တဖြည်းဖြည်းနဲ့ ကျဉ်းလာတယ်လို့ ကျွန်တော် ခံစားမိလိုက်ရပါတယ်။
" ထပ်ခိုးခန်းလေ...." လို့ မီနာက ကျွန်တော့်ကို သတိပေးလိုက်ပါတယ်။
" နင် ငြိမ်ငြိမ်လေးနေနော် မိုက်ကယ်။ သူတို့က နင့်ကို သဘောကျချင်မှ ကျမှာ သိလား။ သူတို့က နင့်ကို သူစိမ်းဆိုပြီးတောင် တိုက်ခိုက်နေရင် ဒုက္ခ...."
" ဘယ်သူက ငါ့ကို တိုက်ခိုက်မှာလဲ မီနာ"
" နင် ဘယ်လောက် သတ္တိရှိလဲ မိုက်ကယ်။ သူတို့က ငါ နဲ့ ၀စ်စပါးကို သိပေမဲ့ နင့်ကိုတော့ မသိကြသေးဘူးလေ။ နင် ဘယ်လောက် သတ္တိရှိလဲ။ ငါ့လောက် သတ္တိရှိလား..."
ကျွန်တော် မီနာ့ကိုသာ ကြောင်ကြည့်နေလိုက်ပါတော့တယ်။ ကျွန်တော် ဘယ်လောက်သတ္တိရှိတယ်ဆိုတာ ဘယ်နှယ့်လုပ် သိနိုင်ပါ့မလဲ။
" နင် သတ္တိရှိမှဖြစ်မယ်...မိုက်ကယ်"လို့ မီနာက ပြောလိုက်ပါသေးတယ်။
ပြီးတော့ သူက တံခါးလက်ကိုင်ကိုလှည့်ပြီး အသက်အောင့်ထားလိုက်ပါတော့တယ်။ သူက ကျွန်တော့်လက်ကို ဆွဲပြီး ထပ်ခိုးခန်းထဲ၀င်ကာ တံခါး ကိုပါ ပြန်ပိတ်လိုက်တော့တာပေါ့။ နောက်တော့ မီနာရော ကျွန်တော်ပါ ကြမ်းပြင်ဆီ ငုတ်တုပ်အနေအထားနဲ့ ကုန်းကုန်းကွကွလုပ်ကာ ငြိမ်နေလိုက်ကြပါတယ်။ ၀စ်စပါးဆိုတဲ့ ကြောင်ကလည်း မီနာ့အတိုင်း တသွေမတိမ်းကို လိုက်လုပ်နေတယ်လေ။
" ငြိမ်ငြိမ်လေးနေနော်...တိတ်တိတ်လေးနေပြီး မျက်စိကို ရှင်ရှင်ထား ဟုတ်ပြီလား" လို့ မီနာက သတိပေးလိုက်ပါတယ်။
ကျွန်တော််တို့တွေက အစောင်းသဏ္ဍာန်မိုးထားတဲ့ အိမ်ခေါင်မိုးရဲ့ ညာဘက်ခြမ်းဆီကို ရောက်နေခဲ့ကြတာပါ။ ထပ်ခိုးထပ်ရဲ့ ကြမ်းခင်းတွေက ကွဲတဲ့နေရာကလည်း ကွဲနေသလို နံရံကပ် ပလာစတာပြားတွေကလည်း ကွာကျနေတော့တာပေါ့။ အဲ့ဒီ ထပ်ခိုးထဲကို အလင်းရောင်၀င်နေတဲ့ တစ်ခုတည်းသော အပေါက်ကတော့ အခုံးသဏ္ဍာန် ပြုလုပ်ထားတဲ့ ထပ်ခိုးပြတင်းပေါက်လေး ဆီကပါပဲ။ ပြတင်းပေါက်အောက်နားမှာတော့ မှန်ကွဲစတွေက ဟိုနေရာ ဒီနေရာဆီမှာ ပြန့်ကျဲကျနေပါတော့တယ်။ အဲ့ဒီအပေါက်လေးကနေဆို တခြားအိမ်ခေါင်မိုးတွေနဲ့ မြို့ထဲက ဘုရားရှိခိုးကျောင်းကြီးရဲ့ ထိပ်ဖျားကိုတောင် လှမ်းမြင်နိုင်ပါတယ်။ နောက်ပြီး အချိန်ကလည်း လင့်လာတာမို့ တဖြည်းဖြည်း အနီရောင်သမ်းလာတဲ့ ကောင်းကင်ကြီးကိုရောပေါ့။
ကျွန်တော် သူပြောတဲ့အတိုင်း အသက်ရှူအောင့်ထားလိုက်ပါတယ်။ နေ၀င်လာတာနဲ့အမျှ အခန်းထဲမှာလည်း မှောင်သထက်မှောင်လာသလို နီညိုရောင် အလင်းတန်းတွေက ပိုပြီး ဖုံးလွှမ်းလာခဲ့တယ်လေ။
" ဘာဖြစ်မှာ မို့လို့လဲဟ" လို့ ကျွန်တော် သူ့ကို တီးတိုးလေး ကပ်မေးလိုက်တော့တာပေါ့။
" ရှူး တိုးတိုး....ဒီအတိုင်း ငြိမ်ငြိမ်လေး ထိုင်စောင့်ရင်း ကြည့်နေစမ်းပါ"
အဲ့ဒီအချိန်မှာပဲ မီနာက စတင်ပြီး လှုပ်ရှားလာပါတော့တယ်။
" ကဲ...ကြည့်စမ်း။ ဟိုမှာ တွေ့လား"
အရောင်ဖျော့တော့တော့နဲ့ ငှက်တစ်ကောင်က အခန်းထောင့်တစ်ခုကနေ ပျံသန်းလာပြီး ပြတင်းပေါက်မှာ နားနေလိုက်တာကို ကျွန်တော် တွေ့လိုက်ရပါတယ်။ ခဏနေတော့ နောက်ထပ်တစ်ထောင့်ကနေ ငှက်တစ်ကောင် ထပ်ရောက်လာပါလေရော။ အဲ့ဒီ ငှက်က ကျွန်တော်တို့နားကနေ ဖြတ်ပျံသွားတာမို့ သူ့ရဲ့ အတောင်ပံနဲ့ ကျွန်တော်တို့ မျက်နှာကို ခတ် မိတော့မလိုတောင် ဖြစ်သွားရပါသေးတယ်။
ကျွန်တော်ကတော့ အသက်ရှူဖို့တောင် မေ့လျော့မိနေတော့တာပေါ့။ မီနာကလည်း ကျွန်တော့်လက်ကို ဆုပ်ကိုင်ထားလိုက်ပါတယ်။ ကျွန်တော် ငှက်တွေရဲ့ ဝိုင်းစက်ပြီး ပြားချပ်နေတဲ့ မျက်နှာလှုပ်ရှားပုံနဲ့ ပြတင်းပေါက် ကျည်းပေါင်ကို ကုပ်ထားတဲ့ သူတို့ရဲ့ ခြေသည်းကို ကြည့်နေမိတယ်လေ။ ခဏနေတော့ ငှက်တွေအားလုံးက ရောင်နီသမ်းနေတဲ့ ဝေဟင်ဆီကို ပျံသန်းထွက်ခွာသွားကြပါတော့တယ်။
" အဲ့ဒါ ဇီးကွက်တွေလေ။ ညိုဝါရောင် ဇီးကွက်တွေပေါ့" လို့ မီနာက ကျွန်တော့်ကို ပြောလိုက်ပါတယ်။ ပြီးတော့ သူက ကျွန်တော့်မျက်နှာကို ကြည့်ပြီး ရယ်ပါလေရော။
" တခါတလေဆို သူတို့တွေက လူစိမ်းတွေဆို တိုက်ခိုက်တတ်ကြတယ်ဟ။ ဒါပေမယ့် သူတို့က နင့်ကို ငါနဲ့အတူ ပါလာတာမှန်းသိတော့ အန္တရာယ်မပြုကြတော့ဘူး မဟုတ်လား။ သူတို့က ငါ့ကို ယုံတယ်လေ"
မီနာက နံရံကပ် ပလာစတာပြားတွေကွာကျပြီး အုတ်ခဲတွေပါ ပြုတ်ကျနေတဲ့ နံရံတစ်ခုဆီ လက်ညှိုးထိုး ပြလိုက်ပါတယ်။
" အဲ့ဒီဟာက သူတို့ရဲ့ အသိုက်ပဲ။ အဲ့ဒီ အသိုက်ထဲမှာ ဇီးကွက်ပေါက်စလေးတွေတောင် ရှိသေးတယ်။ အနားတော့ ကပ်မယ် မကြံနဲ့နော်။ သူတို့က နင့်ကို သေအာင် လိုက်ဆိတ်လိမ့်မယ်ဟ" ဆိုပြီး အံ့ဩမင်သက်ကာ ကြက်သေသေနေတဲ့ ကျွန်တော့်မျက်နှာကိုကြည့်လို့ သူက ရယ်လိုက်ပါသေးတယ်။
" ကဲ...လာပါ...မြန်မြန်"
ကျွန်တော်တို့လည်း ထပ်ခိုးကနေ လှေကားဆီ ပြန်ဆင်းပြီး အိမ်အပြင်ဘက်ခြံထဲကို ထွက်လာခဲ့ကြပါတော့တယ်။ မီနာက အိမ်တံခါးနဲ့ ခြံတံခါးကို သေချာ သော့ပိတ်လိုက်ပါသေးတယ်။ ပြီးတော့မှာ ကျွန်တော်တို့လည်း နောက်ဖေးလမ်းကြားကနေ အိမ်ကို ပြန်ပြေးကြတော့တာပေါ့။
" နင် ဘယ်သူ့ကိုမှ ပြန်မပြောနဲ့နော် မိုက်ကယ်" လို့ မီနာက ကျွန်တော့်ကို သတိပေးလိုက်ပါတယ်။
" အင်း...ငါ ပြန်မပြောပါဘူး မီနာ" လို့ ကျွန်တော်ကလည်း ကတိပြန်ပေးလိုက်တာပေါ့။
" ဘုရားစူး လို့ကျိန်ပြ "
" ဘာ...."
" ဘုရားစူး၊ မိုးကြိုးပစ်လို့ ကျိန်ပါဆို..."
" အင်း...ဘုရားစူး၊ မိုးကြိုးပစ် ပါဟာ"
" ကောင်းပြီလေ" ဆိုပြီး မီနာက ၀စ်စပါးနဲ့အတူ ပြေးထွက်သွားပါတော့တယ်။
ကျွန်တော်လည်း ခြံထဲကို ပြန်၀င်လာတော့ ထမင်းစားခန်း ပြတင်းပေါက်ကနေ နံရံကို ဆေးသုတ်ဖို့ အကြောဆန့်နေတဲ့ အဖေ့ကို လှမ်းမြင်လိုက်ရတော့တာပေါ့။
အခန်း (၁၄)
နောက်တစ်နေ့တော့ ကျွန်တော် ကျောင်းမသွားဖြစ်ခဲ့ပါဘူး။
ကျွန်တော်လည်း အဖေနဲ့အတူ မနက်စာစားရင်း အကြောင်းအရင်းမရှိ တစ်ကိုယ်လုံးကို တုန်တက်လာတော့ အဖေက ကျွန်တော့်ကို ဖက်ထားလိုက်တာပေါ့။
" သား ဒီနေ့ အဖေနဲ့ပဲ အိမ်အလုပ် ဝိုင်းလုပ်ပြီး နေမလားဟင်" လို့ အဖေက မေးတော့ ကျွန်တော် ခေါင်းငြိတ်ပြလိုက်ပါတယ်။
" ဒါဖြင့် တို့သားအဖ လက်စွမ်းပြလိုက်ကြတာပေါ့ကွာ မဟုတ်ဘူးလား။ အဖေနဲ့ သား အတူတူပေါ့"
ခဏနေတော့ အဖေက ကျွန်တော့်ကျောင်းကို ဖုန်းဆက်နေတာကို ကျွန်တော် ကြားလိုက်ရတယ်လေ။
" သူ့ညီမလေးက...." ဆိုပြီး အဖေ့ရဲ့ ဆင်ခြေကို ကျွန်တော် ကြားလိုက်ရပါတယ်။
"ဟုတ်တယ်ဗျ။ ကလေးက အပြောင်းအလဲတွေ တအားများသွားတော့ဗျာ..... စိတ်ညစ်နေတယ်ထင်ပ....ဟုတ်ကဲ့ပါဗျာ....ဟုတ်ကဲ့"
ကျွန်တော်လည်း ဂျင်းဘောင်းဘီဟောင်းလေး ကောက်စွပ်ပြီး ထမင်းစားခန်းနံရံကို သုတ်ဖို့အတွက် အိမ်သုတ်ဆေး အစိမ်းရောင်အဆီကို မွှေနေလိုက်ပါတော့တယ်။ ပြီးတော့ ကျွန်တော် ကြမ်းပြင်ပေါ်မှာ အ၀တ်စုတ်တွေကို ဖြန့်ခင်းထားလိုက်တော့တာပေါ့။
" ကျွန်တော် ဘာလုပ်ရမလဲ အဖေ" လို့ လှေကားပေါ်တက်နေတဲ့ အဖေ့ကို ကျွန်တော် လှမ်းမေးလိုက်ပါတယ်။
အဖေက ပုခုံးလေးပြန်တွန့်ပြတယ်လေ။ ပြီးတော့ သူက ပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်လိုက်ပါတယ်။
" သားက အဖေ့ကို ဟောဟိုက တောကို ကြိုရှင်းပေးထားမယ်ဆိုရင်ရော" ဆိုပြီး အဖေကပြောလိုက်ပါတယ်။
" အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် လုံလုံခြုံခြုံ၀တ်ထားနော် သား။ ကျားတွေနဲ့ တွေ့လာရင်လည်း ကြည့်ရှောင်ဦး" ဆိုပြီး အဖေက သူ့စကားနဲ့သူ ရယ်လိုက်ပါသေးတယ်။
ကျွန်တော်လည်း လက်အိတ်အဟောင်းတစ်စုံကို လက်မှာ စွပ်လိုက်ပါတယ်။ လက်နဲ့ဆွဲချိုးလို့ မကျိုးတဲ့ ရိုးတံခြောက်တွေကိုတော့ ကျွန်တော် ကတ်ကြေးဟောင်းကြီး တစ်လက်နဲ့ တရွှမ်းရွှမ်းမြည်အောင် ညှပ်ပစ်ခဲ့တယ်လေ။ ရိုးတံတွေကို အမြစ်ကနေ ရှင်းနိုင်အောင်လည်း ကျွန်တော့်ဆီမှာ ဥယျာဉ်သုံး ဂေါ်ပြားငယ်လေးက ရှိပါသေးတယ်။ ဆူးလေပင်ရဲ့ အစူးလေးတွေ ကတော့ ကျွန်တော့်တစ်ကိုယ်လုံးကို ကပ်နေတော့တာပေါ့။ သစ်ပင်ကိုင်းကထွက်တဲ့ အစိမ်းရောင် သစ်စေးတွေနဲ့ ကျွန်တော့်တစ်ကိုယ်လုံးလည်း စေးထိုင်းနေပါတော့တယ်။ ကျွန်တော် ချုံပင်တွေနဲ့ ကျောက်ခဲတွေကိုရှင်းပြီး အိမ်နံရံကို မှီကာ အပုံလိုက် ပုံထားလိုက်ပါတယ်။ ကျွန်တော့်ဆံပင်နဲ့ အင်္ကျီတွေကတောင် ပင့်ကူငယ်တချို့က အမျှင်တဖွားဖွားနဲ့ ခုန်ဆင်းနေကြပါလေရော။ အနက်ရောင် တောက်တောက်နဲ့ နွားချေးပိုးကောင်ကလည်း ကျွန်တော့်ကိုမြင်တော့ သုတ်သီသုတ်ပြားနဲ့ ပြေးသွားသလို ကင်းခြေများကောင်တွေကလည်း ပျော့အိအိဖြစ်နေတဲ့မြေကြီးထဲကို တိုး၀င်ကာ ပျောက်ကွယ်သွားကြပါတော့တယ်။ မနက်ခင်းလည်း တဖြည်းဖြည်းနဲ့ ကုန်ဆုံးလာခဲ့သလို ကျွန်တော် ရှင်းနေတဲ့နေရာကွက်ကလည်း တဖြည်းဖြည်းနဲ့ ကျယ်ပြောလာတော့တာပေါ့။ အဖေ အိမ်အပြင် ထွက်လာတော့ ကျွန်တော်တို့လည်း အိမ်နံရံကိုမှီထိုင်လို့ ဖျော်ရည်အတူသောက်ရင်း ကျွန်တော်ရှင်းထားတဲ့ တောလေးဆီ လူးလားခေါက်ပြန် ပျံသန်းနေကြတဲ့ ငှက်မည်းလေးတွေကို ထိုင်ကြည့်နေခဲ့ကြပါတယ်။ ငှက်တွေက ရိုးပင်တွေနှုတ်ထားလို့ ပွတက်နေတဲ့ မြေကြီးတွေထဲ နှုတ်သီးနဲ့ထိုးဖွကာ တီကောင်တွေနဲ့ အင်းဆက်တွေကို ဖမ်းဆီးပြီး သူတို့ရဲ့ ငှက်သားပေါက်လေးတွေ ရှိရာဖြစ်တဲ့ အသိုက်ဆီကို ဥယျာဉ်နဲ့ ခေါင်မိုးတွေကို ကျော်ဖြတ်လို့ ပျံသန်းသွားကြတယ်လေ။
ကျွန်တော်တို့လည်း ဥယျာဉ်မြေကွက်လပ်နေရာမှာ ထားဖို့ရည်ရွယ်ထားတဲ့ အရာလေးတွေ အကြောင်း ပြောဖြစ်ခဲ့ကြပါတယ်။ ရေကန်တစ်ကန်၊ ရေပန်းတစ်ခု၊ အမေ့အတွက် နေပူစာလှုံဖို့ နေရာလေးနဲ့ ညီမလေးအတွက် ကလေးဒန်းပုခက်လေးထားဖို့နေရာလေးရောပေါ့။
" သား ညီမလေးက လေးဖက်ထောက်သွားတတ်ပြီဆိုရင်တော့ အဖေတို့လည်း ရေကန်ကို ပြန်ဖုံးထားရလိမ့်မယ်ကွ" လို့ အဖေက ပြောလိုက်တယ်လေ။
" အဖေတို့ သားညီမလေးအတွက် အန္တရာယ်ရှိစေမဲ့ အရာတွေမှန်သမျှကို ကြိုတင် ဖယ်ရှားထားရမယ်လေ"
ခဏနေတော့ ကျွန်တော်နဲ့ အဖေလည်း ကိုယ်စီ ကိုယ်စီ လုပ်ငန်းရှိရာဆီ ပြန်သွားလိုက်ကြပါတော့တယ်။
ကျွန်တော့် လက်မောင်းတွေလည်း နာလွန်းလှသလို အရေပြားတွေလည်း တဆစ်ဆစ်နဲ့ကို နာကျင်လှတာ အမှန်ပါ။ ဖုန်မှုန့်တွေနဲ့ ပန်း၀တ်မှုန်တွေကြောင့် ကျွန်တော့် နှာခေါင်းနဲ့ လည်ချောင်းတောင် ပိတ်တော့မလို ဖြစ်သွားရပါသေးတယ်။ ကျွန်တော် ပေါင်းပင်တွေ ကြားတိုး၀င်းရင်း ကုန်းကုန်းကွကွနဲ့ ရိုးပင်တွေကို ညှပ်သင့်တန်ညှပ်၊ နှုတ်သင့်တန်နှုတ်၊ အမြစ်က တူးသင့်တန်တူးနဲ့ ဆက်လုပ်နေလိုက်ပါတယ်။ ကျွန်တော် ရုတ်တရက်တောင် ကျွန်တော့် ညီမလေး ဒီပေါင်းပင်တွေကြားထဲက တိုးထွက်လာတယ်လို့တောင် စိတ်ကူးယဉ် ကြည့်မိပါသေးတယ်။ ကျွန်တော့် စိတ်ကူးထဲမှာတော့ သူက သန်သန်မာမာရှိလှတဲ့အပြင် ငှက်တွေကို လက်ညှိုးထိုးပြီး တခိုးခိုးတခစ်ခစ် ရယ်နေဦးမှာတဲ့လေ။ နောက်တော့ ကျွန်တော် ပေါင်းပင်တွေကြားတိုးလာရင်း ဂိုဒေါင်နဲ့ တဖြည်းဖြည်း နီးကပ်လာတာကို ကျွန်တော် သတိထားမိလိုက်ပါတော့တယ်။ အဲ့ဒီတော့ ဂိုဒေါင်ထဲမှာ သေခြင်းတရားကို စောင့်နေသယောင် ထိုင်နေမဲ့ လူကြီးအကြောင်းကို ကျွန်တော် တွေးမိပြန်ပါရေုလား။
ကျွန်တော် မတ်တပ်ထပြီး ဂိုဒေါင်တံခါးဆီကို လျှောက်သွားလိုက်ပါတယ်။ ကျွန်တော် တံခါးရှေ့မှာ မတ်တပ်ရပ်လို့ အထဲကို နားစွင့်နေလိုက်တာပေါ့။ အထဲမှာတော့ အရင်လို ဟိုဟိုဒီဒီ လျှောက်ပြေးနေတဲ့ အသံလေးကလွဲရင် ဘာသံမှကို မကြားရတာ အမှန်ပါ။
" ဦး... အဲ့ဒီအထဲမှာ ထိုင်နေလို့ချည်းပဲ မရဘူးလေ" လို့ ကျွန်တော် အပေါက်၀ကနေ အော်ပြောလိုက်ပါတယ်။
" ဦး...အဲ့ဒီထဲမှာ သေတော့မဲ့သူလို ထိုင်နေလို့ မရဘူးဗျ"
အထဲကတော့ ဘာသံမှ ပြန်မလာခဲ့ပါဘူး။ ကျွန်တော်လည်း ရပ်ပြီး ဆက် နားစွင့်နေခဲ့ပါတယ်။
" ဦး...အဲ့ဒီလို လုပ်လို့ မရဘူးလေဗျာ"
ဘာပြန်ဖြေသံမှတော့ မကြားခဲ့ရပါဘူး။
အဲ့ဒီနေ့ရဲ့ နေ့လယ်ပိုင်းရောက်တော့ ကျွန်တော်တို့ ဆေးရုံကိုလိုက်သွားခဲ့ကြပါတယ်။ ကျွန်တော်နဲ့ အဖေက ကားမောင်းရင်း ခြံပြင်ကိုထွက်လာတော့ မီနာက သူ့ခြံထဲက သစ်ပင်တစ်ပင်ပေါ် တက်ထိုင်နေတာကို ကျွန်တော်တွေ့လိုက်တယ်လေ။ သူ့လက်ထဲမှာ မှတ်စုစာအုပ်လေး ကိုင်ထားတာ တွေ့တော့ သူက ပုံဆွဲနေတာ ဒါမှမဟုတ် စာရေးနေတာပဲ ဖြစ်ရပါမယ်။ သူ ကျွန်တော်တို့ကို လှမ်းမြင်တော့ လက်လှမ်းပြရှာပါတယ်။ ဒါပေမယ့် သူ မပြုံးခဲ့ပါဘူး။
" အဲ့ဒီကောင်မလေးက ဆန်းတော့ အဆန်းသားကွ" လို့ အဖေက ရေရွတ်လိုက်တော့
" ဟုတ်တယ် အဖေ" ဆိုပြီး ကျွန်တော်လည်း တီးတိုးလေး ထောက်ခံလိုက်ပါတော့တယ်။
ဆေးရုံရောက်တော့ ကျွန်တော့်ညီမလေးက အရင်ကလို ဖန်ပုံးလေးထဲမှာ ရောက်နေတာကို တွေ့လိုက်ရပါတယ်။ သူ့ခန္ဓာကိုယ်ပေါ်မှာလည်း ဝိုင်ယာကြိုးတွေနဲ့ ပြွန်တွေက ပြည့်နှက်နေတာပါပဲ။ သူကတော့ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေလေရဲ့။ အမေကတော့ အားလုံးက အဆင်ပြေသွားမှာပါ လို့ တတွတ်တွတ် ရေရွတ်နေဆဲပါ။ ဆရာ၀န်တွေကလည်း ကလေးဟာ တစ်ရက်၊ နှစ်ရက်အတွင်း ဆေးရုံကနေပြန်ဆင်းနိုင်ပါလိမ့်မယ်တဲ့လေ။ ကျွန်တော်တို့ ဖန်ပုံးလေးထဲက သူ့ကို ငုံ့ကြည့်နေတုန်း အမေက ကျွန်တော့် ပုခုံးကို ဖက်ထားလိုက်ပါတယ်။ ကျွန်တော့် အသားပေါ်က နီစပ်စပ် အကွက်တွေကို မြင်တော့ အမေက သူနာပြုဆရာမ တစ်ယောက်ကို အကူအညီတောင်းပြီးတောင် ကျွန်တော့်ကို ဆေးလိမ်းခိုင်းလိုက်ပါသေးတယ်။
ခဏနေ ညီမလေးက နိုးလာတော့ သူက ကျွန်တော့်မျက်လုံးကို တည့်တည့်ကြည့်ပြီး ပြုံးသယောင်လေး လုပ်ပြပါတယ်။
"တွေ့လား သား။ ညီမလေးက အမေတို့အတွက် နေကောင်းအောင် နေတော့မှာကွဲ့... ဟုတ်တယ် မဟုတ်လား မေမေ့ အသည်းလေးရယ်" လို့ အမေက ကျွန်တော့်အနားကပ်လို့ ပြောလိုက်တာပေါ့။
ပြီးတော့ သူက မျက်လုံးလေး ပြန်ပိတ်သွားပါတော့တယ်။ အမေက ဒီတစ်ညလည်း ကလေးကို စောင့်ရင်း ဆေးရုံမှာနေခဲ့မယ်ဆိုတော့ အဖေနဲ့ ကျွန်တော်လည်း အိမ်ကို ပြန်ခဲ့ကြတော့တာပေါ့။
" ကဲ...ငါ့သား ၂၇ နဲ့ ၅၃ ပဲ မှာစားကြဦးမလားကွ ဟေ" ဆိုပြီး အဖေက ကားမောင်းနေရင်းက မေးတော့
" ဟုတ်ကဲ့ အဖေ" လို့ ကျွန်တော် ပြန်ဖြေလိုက်ပါတယ်။
" ကောင်းပြီလေ။ ဒါဖြင့် အိမ်ရောက်ရင် အလုပ်လေး နည်းနည်းပိုလုပ်၊ ပြီးရင် တရုတ်ဆိုင်မှာ သားကြိုက်တာ ၀ယ်စားပေါ့ ဟုတ်ပြီလား"
ကျွန်တော်တို့ တဖြည်းဖြည်းနဲ့ လမ်းထဲ မောင်း၀င်လာတော့ မီနာက သူတို့အိမ်ရှေ့ခြံက နံရံပုလေးပေါ်မှာ ထိုင်ရင်း စာအုပ်ဖတ်နေတာကို တွေ့လိုက်ရပါတယ်။ ကျွန်တော်တို့ ကားမောင်းလာတာကို သူက မျက်စိတဆုံး လိုက်ကြည့်နေခဲ့တယ်လေ။ ကျွန်တော်လည်း ခြံထဲရောက်ပြီး အိမ်ထဲ ၀င်ခါနီးမှာ သူတို့ခြံဘက်လှည့်ပြီး လက်ဝေ့ပြလိုက်တော့ မီနာက ပြန်ပြုံးပြပါတယ်။
" သား..နားရင်လည်း နားလိုက်ဦးလေ" လို့ အဖေက ပြောလိုက်ပါတယ်။
" အပင်ရှင်းတာက မနက်ဖြန်ကျမှ ဆက်လုပ်လည်း ရတာပါပဲကွာ။ သား သွားချင်ရင် သွားလေ။ မင်းသူငယ်ချင်း မီနာ့ကို သွားတွေ့လိုက်ပါဦး"
အခန်း (၁၅)
" ငါ့ညီမလေးက မသေတော့ဘူးတဲ့ဟ" လို့ ကျွန်တော် မီနာ့ကို ပြောလိုက်တော့ သူက
" ကောင်းသားပဲ" တဲ့လေ။
ကျွန်တော်လည်း သူနဲ့ မလှမ်းမကမ်း အကွာအဝေးလောက်ကနေ နံရံလေးပေါ် တက်ထိုင်နေလိုက်ပါတယ်။
" နင် ဒီနေ့ ကျောင်းမတက်ဘူးလား" လို့ မီနာက ကျွန်တော့်ကို မေးလိုက်ပါတယ်။
" ငါ သိပ်နေမကောင်းလို့ပါ"
သူက ခေါင်းတငြိတ်ငြတ်နဲ့ပေါ့။
" ဖြစ်သင့်ပါတယ်လေ။ နင် တွေ့ကြုံနေရတာတွေကလည်း တော်ရုံမှ မဟုတ်တာ"
" နင်လည်း ဒီနေ့ ကျောင်းမတက်ဘူးနော်" လို့ ကျွန်တော် သူ့ကို ပြန်ပက်တော့ မီနာက
" ငါက ကျောင်းမှ မနေဘဲကိုး" လို့ ပြန်ဖြေတော့တာပေါ့။
ကျွန်တော် သူ့ကို စိုက်ကြည့်နေမိပါတော့တယ်။
" ဟုတ်တယ်။ ငါ့အမေက ငါ့ကို အိမ်မှာပဲ စာသင်ပေးတာလေ" လို့ သူက ဆက်ပြောလိုက်ပါသေးတယ်။
"စာသင်ကျောင်းဆိုတာ ကလေးတွေရဲ့ ဉာဏ်ပညာ၊ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ သဘာ၀အလျှောက် ဖြစ်ပေါ်တတ်တဲ့ ဝေဖန်စူးစမ်းမှုတွေကို ကန့်သတ်ထားတဲ့ နေရာလို့ ငါတို့က ယုံကြည်တယ်ဟ။ လူတွေရဲ့ စိတ်ဆိုတာ စိတ်ပျက်စရာကောင်းတဲ့ စာသင်ခန်းထဲမှာ ငြိမ်နေရတာထက် ကမ္ဘာကြီးနဲ့အမျှ ပွင့်လင်း မြင်သာနေဖို့လိုတယ်လေ"
" အိုး..." လို့သာ ကျွန်တော် ရေရွတ်နိုင်လိုက်ပါတယ်။
" နင်ရော ငါပြောတာကို သဘောတူလား မိုက်ကယ်"
ကျွန်တော် လီကီနဲ့အတူ လယ်ကွင်းထဲပြေးဆော့ရတဲ့ အချိန်၊ မျောက်မျက်နှာနဲ့ ဆရာ မစ်ဖော့ဒ် ဒေါသထွက်တဲ့အချိန် နဲ့ မစ္စ ကလာ့စ်ရဲ့ ပုံပြင်ဖတ်ပြချိန်တွေကို သတိရမိလိုက်ပါတယ်။
" မသိဘူးလေ" လို့ ကျွန်တော် သူ့ကို ပြန်ဖြေလိုက်တာပေါ့။
" ငါတို့ရဲ့ ဆောင်ပုဒ်ကို ငါ့အိပ်ခန်းက နံရံမှာ ရေးထားတယ်ဟ" လို့ မီနာက ဆက်ပြောပါတယ်။
"လောကကြီးမှာ ပျံသန်း ပျော်ရွှင် ဖို့မွေးဖွားလားတဲ့ ငှက်လေးတစ်ကောင်က ဘယ်နှယ့်ကြောင့် လှောင်ချိုင့်ထဲမှာ ငုပ်တုပ်ထိုင်ပြီး သီချင်းဆိုနိုင်မှာလဲ'
ဝီလီယမ် ဘလိတ်"
ပြီးတော့ သူက သစ်ပင်ကြီးဆီကို လက်ညှိုးထိုးပြလိုက်ပါသေးတယ်။
" ဟိုး....အသိုက်ထဲမှာရှိတဲ့ ငှက်ပေါက်လေးတွေတောင် ပျံသန်းဖို့ စာသင်ခန်းတွေလိုတယ်လို့ နင်ထင်လား"
ကျွန်တော် ခေါင်းခါလိုက်ပါတယ်။
" ကောင်းပြီလေ" လို့ သူက ပြောလိုက်ပါတယ်။
" ငါ့အဖေကလည်း ဒီလိုပဲ ယုံထားတာဟ"
" နင့် အဖေ ဟုတ်လား"
" အင်း ဟုတ်တယ်။ သူက သိပ် အံဩစရာကောင်းတဲ့သူလေ။ သူက ငါမမွေးခင်ကတည်းပ သေသွားတာဟ။ ငါတို့လည်း တခါတလေတော့ အဖေက ငါတို့ကို ကောင်းကင်ဘုံကနေ ကြည့်နေမယ်လို့ တွေးတတ်ကြပါတယ်" ဆိုပြီး မီနာက စူးရှတဲ့ အကြည့်တွေနဲ့ ကျွန်တော့်ကို ဖောက်ထွက်မတတ် ကြည့်လိုက်ပါတော့တယ်။
" နင်က အတော် အနေအေးတာပဲနော်" တဲ့လေ။
ကျွန်တော်ဖြင့် သူ့ကို ဘာပြန်ပြောရမှန်းတောင် မသိတော့ပါဘူး။ မီနာကတော့ သူ့လက်ထဲက စာအုပ်ကို ဆက်ဖတ်နေတော့တာပေါ့။
" ငါတို့လူသားတွေက မျောက်တွေကနေ ဆင်းသက်လာတယ်ဆိုတာကို နင်ယုံလား မီနာ" လို့ ကျွန်တော် သူ့ကို မေးလိုက်ပါတယ်။
" ယုံကြည်သလားတဲ့လားဟယ်" လို့ သူက ကျွန်တော့်ကို ပြန်ပြောပါတယ်။
" ဒါက သက်သေပြထားတဲ့ အကြောင်းအရာဟဲ့။ အဲ့ဒါကို ဆင့်ကဲပြောင်းလဲခြင်း ဖြစ်စဉ်လို့ ခေါ်တယ်။ နင်လည်း သိသားပဲကို။ ဟုတ်တယ်ဟ...ငါတို့တွေက မျောက်ကနေ ဆင်းသက်လာ ကြတာလေ"
မီနာက စာအုပ်ကနေ မျက်နှာခွာလို့ အပေါ်ကို မော့ကြည့်လိုက်ပါတယ်။
" ငါကတော့ မျှော်လင့်မိတယ် သိလား" ဆိုပြီး သူက စကားဆက်လိုက်ပါသေးတယ်။
" ငါတို့ရဲ့ ဘိုးဘွားမျိုးဆက်ထဲမှာလည်း အင်မတန် လှပတဲ့ မျိုးနွယ်တွေပါခဲ့ကြမယ်လို့လေ။ နင်ရော အဲ့ဒီလို မတွေးဖူးဘူးလား"
မီနာက ကျွန်တော့်ကို ကြည့်နေတော့ ကျွန်တော်လည်း
" အင်း" တစ်လုံးပဲ ခပ်ပြတ်ပြတ် ပြန်ဖြေလိုက်တာပေါ့။
သူက စာအုပ်ပြန်ဖတ်နေလိုက်ပါတယ်။ ကျွန်တော်လည်း နှုတ်သီးမှာ တီကောင်ကို တွဲလောင်းကျအောင် ကိုက်ဆွဲလို့ သစ်ပင်ကိုင်းတွေကြားထဲ ပျံ၀င်သွားတဲ့ ငှက်မည်းကို ကြည့်နေလိုက်တယ်လေ။
" ဇီးကွက်တွေကို မြင်ရတာ အတော် စိတ်၀င်စားဖို့ကောင်းတယ်နော်" လို့ ကျွန်တော် စကားစလိုက်တော့ မီနာက ပြုံးပါတယ်။
" ဟုတ်တယ်ဟ။ သူတို့တွေက အရိုင်းမျိုးတွေလေ...သားသတ်သမား အရိုင်းအစိုင်းတွေပေါ့။ သူတို့တွေကို ကြည့်ရတာ စိတ်၀င်စားဖို့ကောင်းပါတယ်"
" ငါ သူတို့အသံကို ကြားရတယ်လို့ တစ်ညလုံး အိပ်မက်မယ်တယ်ဟ"
" ဟုတ်လား။ ငါလည်း သူတို့အသံကို နားထောင်တတ်တယ်လေ။ တခါတလေ ကားသံတွေငြိမ်တဲ့ ညဉ့်နက်ပိုင်းရောက်တဲ့အခါ သူတို့တွေ တစ်ကောင်နဲ့ တစ်ကောင် ခေါ်တဲ့အသံတွေ ငါ ကြားဖူးတယ်"
ကျွန်တော်လည်း လက်ဝါးနှစ်ဖက်ကို ပူးကပ်ကာ လက်မကြားမှာ နေရာလွတ်ထားရင်း အသင့်ပြင်ထားလိုက်ပါတော့တယ်။
" နားထောင်ကြည့်စမ်း" လို့ ကျွန်တော် သူ့ကို ပြောလိုက်ပါတယ်။
ကျွန်တော် လက်မနှစ်ခုကြားထဲကို လေ ဖြည်းဖြည်းချင်း မှုတ်သွင်းလိုက်တော့ ဇီးကွက်တွန်သံနဲ့ တူညီတဲ့ အသံတစ်ခု ထွက်ပေါ်လာတော့တာပေါ့။
" တော်လိုက်တာ..." လို့ မီနာက တအံ့တဩနဲ့ ပြောပါလေရော။
" ငါ့ကိုလည်း လုပ်ပြပါလား"
ကျွန်တော် သူ့ကို လက်ဘယ်လိုထားရမလဲဆိုတာနဲ့ လေကို ဘယ်လို မှုတ်သွင်းရမလဲ ဆိုတာကို သင်ပေးလိုက်ပါတယ်။ ပထမဆုံးတော့ သူလည်း မလုပ်တတ်သေးပေမဲ့ နောက်တော့ တဖြည်းဖြည်း ကျွမ်းကျင်လာတယ်လေ။ မီနာက ဇီးကွက်တွန်သံလေးပြုရင်း ကျွန်တော့်ကို ပြုံးပြပါတယ်။
" တော်လိုက်တာဟာ...သိပ်တော်တာပဲ" လို့တောင် သူကပြောနေသေးတာပါ။
" လီကီ ငါ့ကို သင်ပေးတာပါ။ ငါ့ကျောင်းက သူငယ်ချင်းလေး"
" ညဘက် ဇီးကွက်တွေလာတဲ့အခါ နင်အဲ့ဒီလို အသံပြုသလားလို့ ငါ သိချင်လိုက်တာဟာ"
" မပြောတတ်ဘူးလေ။ ဒီည နင့်ဘာသာ လုပ်ကြည့်လို့လည်း ရတာပဲ"
" ငါကတော့ ဒီည လုပ်ဖြစ်အောင်ကို လုပ်ဦးမှာ"
မီနာကတော့ စကားပြောလိုက် ဇီးကွက်တွန်သံလေးလုပ်လိုက်နဲ့ အူကိုမြူးနေတော့တာပါပဲ။
"တော်လိုက်တာဟာ" လို့လည်း ရေရွတ်ကာ တစ်ယောက်တည်း လက်ခုပ်လက်ဝါး တီးနေလိုက်ပါသေးတယ်။
" ငါ နင့်ကို နောက်တစ်ခု ပြစရာရှိသေးတယ်ဟ သိလား" လို့ ကျွန်တော် သူ့ကို ပြောလိုက်ပါတယ်။
" ဟိုတခါ နင် ငါ့ကို ဇီးကွက်တွေ လိုက်ပြသလိုမျိုးလေ"
" ဘာများလဲဟ"
" ငါလည်း မသိဘူး။ ဒါက အမှန်တကယ်လား အိပ်မက် မက်နေတာလားဆိုတာ ငါလည်း သေချာ မသိသေးပါဘူးဟာ"
" ရပါတယ်။ အမှန်တရားနဲ့ အိပ်မက်တွေဆိုတာ အမြဲတမ်း ရှုပ်ထွေးနေကြပဲဟာကို"
" ငါ နင့်ကို အဲ့ဒီကိုခေါ်သွားပြီး ကိုယ်တိုင်ပြမှပဲဖြစ်မှာဟ" လို့ ပြောတော့ မီနာက မျက်လုံးတွေပြူးလို့ ပြုံးဖြီးဖြီးလုပ်ရင်း အခုချက်ချင်းပဲ သွားတော့မလိုကို အဆင်သင့် ပြင်နေပါတော့တယ်။
" အခုတော့ သွားလို့မရဘူးဟ" လို့ ကျွန်တော် သူ့ကို ပြောလိုက်ပါတယ်လေ။
အဖေကလည်း အိမ်ရှေ့တံခါးဖွင့်ပြီး ကျွန်တော့်ကို လက်လှမ်းပြလိုက်ပါတယ်။
" ငါ သွားရတော့မယ်ဟ။ ငါ ၂၇ နဲ့ ၅၃ သွား၀ယ်ရဦးမယ်"
မီနာက မျက်ခုံးလေးပင့်လို့ ကျွန်တော့်ကို ကြည့်လိုက်ပါတယ်။
" တော်တော် ထူးဆန်းတဲ့သူပဲနော်...နင်ကလေ"
ငှက်မည်းကလည်း သစ်ပင်ထဲကနေ အပြင်ကို ပျံသန်းထွက်သွားပါတော့တယ်။ ကျွန်တော်လည်း ပြန်ဖို့ ထရပ်လိုက်တော့တာပေါ့။
" ဒါနဲ့ လက်ပြင်ရိုးတွေက ခန္ဓာကိုယ်မှာ ဘာအတွက် ပါတာလဲဆိုတာ နင်သိလား" လို့ ကျွန်တော် အဆက်အစပ်မရှိမေးတော့ သူက တခစ်ခစ် ရယ်လိုက်ပါတယ်။ သူကပြန်မေးတယ်။
" နင် ဒါလေးတောင် မသိဘူးလား" တဲ့လေ။
" နင်ရော သိလို့လား"
" အဲ့ဒါက လူတိုင်းသိကြတဲ့ကိစ္စပဲကို။ အဲ့ဒီနေရာမှာ တချိန်တုန်းက နင့်ရဲ့ အတောင်ပံတွေ ရှိခဲ့ဖူးတာလေ။ ပြီးတော့ တစ်နေ့ကျရင် အဲ့ဒီနေရာကနေ အတောင်ပံတွေ ပြန်ပေါက်လာလိမ့်မယ်တဲ့" ဆိုပြီး သူက ထပ်ရယ်လိုက်ပါသေးတယ်။
" သွားတော့လေ လူထူးဆန်းလေးရဲ့။ နင့်ရဲ့ ထူးထူးဆန်းဆန်း နံပါတ်တွေကို ပြေး၀ယ်လိုက်စမ်းပါဦးဟယ်"
အခန်း (၁၆)
နောက်တစ်နေ့ မနက်မိုးမလင်းခင် အချိန်လေးမှာပေါ့။
ကျွန်တော် သူ့ရဲ့ ဖြူဖပ်ဖြူလျော် မျက်နှာကို ဓါတ်မီး အလင်းရောင်နဲ့ ထိုးကြည့်လိုက်ပါတယ်။
" မင်း...လာပြန်ပြီလား" လို့ သူက အက်ကွဲကွဲအသံနဲ့ မေးလိုက်တာပေါ့။
" ၂၇ နဲ့ ၅၃ ထပ်ယူလာခဲ့တယ်ဗျ" လို့သာ ကျွန်တော် သူ့ကို ပြန်ဖြေလိုက်ပါတယ်။
" အို...နတ်သုဒ္ဓါတွေပါလား" ဆိုပြီး သူက ရေရွတ်လိုက်တယ်လေ။
ကျွန်တော်လည်း လက်ဘက်ခြောက်ပုံးခွံတွေ ကြားထဲတိုး၀င်ကာ သူ့ဘေးမှာ ၀င်ထိုင် လိုက်ရင်း သူ့အတွက် ဗန်းကို ကိုင်ထားပေးလိုက်ပါတော့တယ်။ အဲ့ဒီတော့မှ သူလည်း လက်ညှိုးနဲ့ ဟင်းတွေကို ချိတ်ချိတ်ပြီး သွားရည်တမျှားမျှားနဲ့ ရှူးရှူး ရှားရှားမြည်အောင် စားနေတော့တာပေါ့။
" ပန်း၀တ်ရည်တွေလိုပဲကွာ" လို့ သူက မြည်တမ်းလိုက်ပါသေးတ။
" ဦးက ဘယ်လိုလုပ် ၂၇ နဲ့ ၅၃ အကြောင်း သိတာလဲဗျ" လို့ ကျွန်တော်လည်း သူ့ကို မေးလိုက်တော့တာပေါ့။
" အာနီ့ရဲ့ အကြိုက်ဆုံး အစားအစာတွေလေ။ သူ ဖုန်းဆက်ပြောတာကို ကြားဖူးနေကြပေါ့။
'၂၇ နဲ့ ၅၃ တဲ့လေ' သူကတော့ အဲ့ဒီလောက်ပဲ ပြောတာ။ 'မြန်မြန်ပြင်ပြီး မြန်မြန် ယူလာခဲ့' လို့လေ"
" ဒါဆို ဦးက အိမ်ထဲမှာ ရှိနေခဲ့တာပေါ့ ဟုတ်လား"
" ခြံထဲမှာပါ။ သူ့ကို ငါက ပြတင်းပေါက်ကနေ အမြဲတမ်း ကြည့်နေခဲ့တာလေ။ သူ့ စကားတွေကို နားထောင်ဖူးတယ်။ သူက အမြဲ နေမကောင်းဖြစ်နေတဲ့ လူပဲ။ ဘယ်တော့မှ ဟင်းကို ကုန်အောင် မစားနိုင်ဘူး။ နောက်နေ့မနက်ဆို သူကျန်တဲ့ ဟင်းတွေကို အမှိုက်ပုံးထဲမှာ တွေ့နေကြပဲကွ။ ၂၇ နဲ့ ၅၃ ပေါ့။ အချိုမြိန်ဆုံး ၀တ်ရည်တွေပါပဲလေ။ ပင့်ကူနဲ့ ကြွက်တွေကို စားရတာထက်စာရင်တော့ နတ်သုဒ္ဓါပဲပေါ့ကွာ"
" သူကရော ဦးကို မြင်လားဟင်။ ဦးရှိနေတယ်ဆိုတာ သူသိလား"
" ငါလည်း မသိဘူးလေ။ သူက င့ါကို တခါတလေ စိုက်ကြည့်ဖူးသားပဲ။ ဒါပေမယ့် သူ ငါ့ကို ကြည့်တဲ့ အကြည့်က လေကို ဖောက်ထွင်းပြီး ကြည့်နေတဲ့ပုံပါ။ အဘိုးကြီးခင်မျာ...ငါ့ကို သူ့စိတ်ကူးထဲ မြင်ချင်ရာ မြင်နေတယ် ထင်နေမှာပေါ့"
သူက ၀က်သားပြားကြော် အမြှောင်းလိုက်ကြီးနဲ့ ပဲပင်ပေါက်ကို လက်ညှိုးနဲ့ဆွဲလို့ ဖြူဖပ်ဖပ် လျှာပေါ်တင်လိုက်ပါတယ်။
ပြီးတော့ သူက ကျွန်တော့်ကို သွေးကြောတွေ ထောင်ထနေတဲ့ မျက်လုံးနဲ့ ကြည့်လိုက်ပါတော့တယ်။
" မင်းရော ငါ့ကို စိတ်ကူးထဲမြင်နေတဲ့ အရာလို့ မြင်လား"
" ဦးက ဘယ်သူမှန်း ကျွန်တော်မှ မသိတာ"
" ဒါဖြင့်လည်း ကောင်းပြီလေ"
" ဦးက သေသွားပြီလားဟင်"
" ဟမ်"
" ဟုတ်လားဟင်"
" အေး...သေသွားပြီးတဲ့လူတွေက ၂၇ နဲ့ ၅၃ ကိုထစားတတ်ပြီး အဆစ်ရောင်နာ ခံစားရတတ်တယ်ပဲ ဆိုပါတော့ကွာ"
" ဦး အကိုက်အခဲပျောက်ဆေး လိုသေးလားဟင်"
" ဟင့်အင်း...အခုတော့ မလိုသေးဘူး"
" တခြားဟာရော"
" ၂၇ နဲ့ ၅၃"
သူက ဗန်းကို လက်နဲ့သပ်ပြီး နောက်ဆုံးအကြိမ်အနေနဲ့ အချဉ်ရည်ကို စုပ်စားလိုက်ပါ သေးတယ်။ ပြီးတော့ သူက လျှာနဲ့ နှုတ်ခမ်းကို သပ်နေလိုက်တော့တာပေါ့။
" ကလေးက ဆေးရုံမှာဗျ" လို့ ကျွန်တော် သူ့ကို ပြောလိုက်ပါတယ်။
" ဟို...အညိုရောင်..." လို့ သူက ရေရွတ်လိုက်ပါလေရော။
" ဘာ အညိုရောင် လဲဗျ"
" အညိုရောင် ဘီယာလေ။ အာနီ သောက်နေကြ အရည်ပေါ့။ သူ အမြဲတမ်း ကုန်အောင် မသောက်နိုင်တဲ့ အရည်တစ်မျိုးပါပဲ။ ငါ အဲ့ဒါကို အမှိုက်ပုံးထဲကနေ ရှာသောက်ဖူးတယ်။ တခါတလေတော့လည်း ဘူးကမှောက်နေတော့ အထဲက လက်ကျန် အရည်တွေပါ မှောက်ကုန်တာပေါ့ကွာ"
" ကောင်းပြီလေ"
" အညိုရောင် ဘီယာလေး...ပန်း၀တ်ရည်တွေလို ချိုမြိန်လိုက်တာ...."
သူက ရုတ်တရက် လေတွေအန်ရင်း ရှေ့ကို ပုခုံးစိုက်ကျလာပါတော့တယ်။ ကျွန်တော်လည်း သူ့အပေါ်ရုံအင်္ကျီအောက်က ဖောင်းထနေတဲ့ လက်ပြင်ရိုးကို ဓါတ်မီးအလင်းရောင်နဲ့ ထိုးကြည့်လိုက်တယ်လေ။
" ကျွန်တော် ဦးကို လူတစ်ယောက်နဲ့ ပေးတွေ့ချင်တယ်ဗျ" ဆိုပြီး သူ နေရာကျသွားတော့ ကျွန်တော် ပြောကြည့်လိုက်ပါတယ်။
" ငါက အစစ်အမှန် ဟုတ် မဟုတ် မင်းကို ပြောပြနိုင်မယ့် သူလား"
" သူက ခင်တတ်ပါတယ်ဗျာ"
" ဟင့်အင်း"
" သူက တော်လည်း တော်တယ်"
" ဘယ်သူ့ကိုမှ မတွေ့ချင်ဘူးကွာ"
" သူသာဆိုရင် ဦးကို ဘယ်လိုကူညီပေးရမလဲဆိုတာ သိမှာ"
" ဟား..."
သူက ခြောက်ကပ်ကပ်နဲ့ ရယ်လိုက်ပေမယ့် ပြုံးတော့ မပြုံးခဲ့ပါဘူး။ ကျွန်တော်လည်း ရုတ်တရက်ဆိုတော့ လန့်တောင် လန့်သွားမိပါသေးတယ်။
သူက လျှာနဲ့ တောက်ခေါက်တဲ့အသံပြုပြီး အသက်ပြင်းပြင်းရှူလို့ သက်ပြင်းချလိုက် ပါတော့တယ်။
"ကျွန်တော်လည်း ဘာလုပ်ရမလဲ မသိတော့ဘူးဗျာ" လို့ ကျွန်တော် ပြောလိုက်တော့တာပေါ့။
" ဂိုဒေါင်ကလည်း မကြာခင် ပြိုတော့မှာဗျ။ ဦးကလည်း အဆစ်နာရောဂါနဲ့ နေမကောင်းဖြစ်နေတာ။ ဦးက အစားတောင် ကောင်းကောင်း စားရတာ မဟုတ်ဘူးလေ။ ကျွန်တော်လည်း အိပ်ရာကနိုးတိုင်း ဒီကိစ္စကိုပဲ တွေးနေမိတယ်။ ကျွန် တော့် မှာ တခြား တွေးပူစရာတွေလည်း ရှိသေးတယ်ဗျ။ ကျွန်တော့် ညီမလေးက နေမကောင်းဖြစ်နေတာမို့ ကျွန်တော်တို့က သူ သေမသွားပါစေနဲ့လို့ ဆုတောင်းနေရတာပါ။ ဒါပေမယ့် သူက သေကောင်း သေသွားနိုင်တယ်လေ။ သူ တကယ် သေသွားနိုင်တယ်ဗျ"
သူက ဂိုဒေါင်ကြမ်းပြင်ပေါ်မှာကျနေတဲ့ အမွှေးလုံးလေးကို လက်နဲ့ လှိမ့်နေလိုက်ပါတော့တယ်။
" သူက ခင်တတ်ပါတယ်ဗျာ" လို့ ကျွန်တော် ထပ်ပြောလိုက်ပါသေးတယ်။
" သူက ဘယ်သူ့ကိုမှ ပြောမှာ မဟုတ်ပါဘူး။ သူက တော်လည်းတော်တယ်။ သူသာဆို ဦးကို ဘယ်လို ကူညီရမလဲဆိုတာ သိမှာ"
သူကတော့ ခေါင်းကို တွင်တွင်ခါဆဲပါ။
" ကလေးတွေကတော့ကွာ...." လို့ သူက ရေရွတ်လိုက်ပါတယ်။
" သူ့နာမည်က မီနာတဲ့" ဆိုပြီး ကျွန်တော်က အထွန့်တက်တော့ သူက
" တစ်လမ်းလုံးခေါ်ခဲ့ကွာ။ တစ်မြို့လုံးသာ ခေါ်လာခဲ့ချေ" လို့ ရွဲ့ပြောလိုက်တယ်လေ။
" မီနာနဲ့ ကျွန်တော်ပဲ လာမှာပါဗျာ"
" ကလေးတွေနဲ့တော့ ခက်တယ်"
" ဦးလေးကို ကျွန်တော် ဘယ်လိုခေါ်ရမှာလဲဗျ"
" ဟေ"
" ဦးကို ခေါ်ဖို့နာမည်ကို မီနာ့ကို ဘယ်လိုပြောရမှာလဲ"
" ဘယ် သူမှမဟုတ်ဘူးဟေ့။ အရေးမကြီးတဲ့လူ၊ အရိုးပေါ် အရေတင်လူ၊ စိတ်ပျက်စရာလူ၊ အဆစ်ရောင် ရောဂါသည်လို့သာခေါ်တော့။ ကဲ အခုတော့ ဒီကနေ ထွက်သွားပြီး ငါ့ကို အေးအေးဆေးဆေး နေရအောင် ထားခဲ့ပါတော့ကွာ"
"ကောင်းပြီလေ" လို့ပြောရင်း ကျွန်တော်လည်း မတ်တပ်ရပ်ထပြီး လက်ဘက်ခြောက် ပုံးခွံတွေ ကြားထဲကနေ အပြင်ပြန်ထွက်ဖို့လုပ်လိုက်ပါတော့တယ်။
ဒါပေမယ့် ကျွန်တော် တချက် တွန့်ဆုတ်သွားမိတယ်လေ။
" ဦး ကျွန်တော့် ညီမလေးအကြောင်း တွေးပေးမှာလားဟင်" လို့ ကျွန်တော် သူ့ကို ပြန်လှည့်မေးလိုက်ပါတယ်။
" ဟေ"
" ဆေးရုံတက်နေရတဲ့ ကျွန်တော့် ညီမလေးအကြောင်း တွေးပေးမှာလားလို့ မေးတာပါ။ သူနေကောင်းလာပါစေလို့ ဦး ဆုတောင်းပေးမှာလား"
သူက လျှာနဲ့ တောက်ခေါက်တဲ့အသံလေး ပြုလိုက်ပါသေးတယ်။
" ကျေးဇူးပြုပြီး တွေးပေးပါနော် ဦး" လို့ ကျွန်တော် ပြောလိုက်ပါတယ်။
" အင်း...ဟုတ်ပါပြီကွာ။ ဟုတ်ပါပြီ"
အဲ့ဒီတော့မှ ကျွန်တော်လည်း တံခါးဆီ ဆက်လျှောက်သွားလိုက်ပါတော့တယ်။
" အင်း...။ငါ ဆုတောင်းပေးပါ့မယ်" ဆိုတဲ့ သူ့ရဲ့တိုးညှင်းညှင်းအသံကို ကျွန်တော် ကြားလိုက်ရပါသေးတယ်။
အပြင်ဘက်အခြမ်းမှာတော့ ညအမှောင်ကနေ မနက်ဝေလီဝေလင်းဆီကိုတောင် ရောက်လုနီးနေပါပြီ။ ငှက်မည်းကတော့ ဂိုဒေါင်အမိုးမှာနားရင်း အသံစူးစူးဝါးဝါးနဲ့ကို အော်ဟစ်နေလေရဲ့။ ကောင်းကင်ကြီးကလည်း အမည်းရောင်၊ ပန်းရောင်နဲ့ အပြာရောင်တို့ ရောယှက်ကာ မှောင်ရီပြာဝေလို့ နေပါတော့တယ်။ ကျွန်တော်လည်း ကိုယ်ပေါ်မှာကပ်နေတဲ့ ပင့်ကူမျှင် နဲ့ ယင်မည်းတွေကို အရင် ဖယ်ရှားလိုက်တော့တာပေါ့။ ကျွန်တော် အိမ်ထဲပြန်၀င်ဖို့ ပြင်လိုက်တုန်း ဇီးကွက်တွန်သံကို ရုတ်တရက် ကြားလိုက်ရတယ်လေ။
" အူး....အူး....အူး...အူး...."
ကျွန်တော် ကောင်းကင်ဆီကို မော့်ကြည့်လိုက်တော့ အသိုက်ရှိရာဆီ တိတ်တိတ်လေး ပျံသန်းလာကြတဲ့ ဇီးကွက်တွေကို တွေ့လိုက်ရတာပေါ့။ ကျွန်တော်လည်း လက်ဝါး နှစ်ဖက်ကို ပူးကပ်ကာ လက်မကြားမှာ နေရာလွတ်ချန်ရင်း အသင့်ပြင်လိုက်ပါတော့တယ်။
"အူး...အူး...အူး....အူး..."
ခဏနေတော့ မီနာတို့အိမ်ရဲ့ အပေါ်ထပ် ပြတင်းပေါက်နားက မျက်နှာဝိုင်းဝိုင်းလေးတစ်ခုကို ကျွန်တော် လှမ်းမြင်သလို ရှိလိုက်ပါတယ်။ ကျွန်တော် လက်နှစ်ဖက်ကို ပူးကပ်ကာ အသင့်ပြင်ပြီး အသံ ဆက်ပေးလိုက်တယ်လေ။
"အူး....အူး...အူး....အူး...."
တနေရာရာကနေ ကျွန်တော့်ရဲ့ အသံအတိုင်း လိုက်ပြီး အသံပေးတာကို ကျွန်တော် ကြားလိုက်ရပါတော့တယ်။
"အူး...အူး...အူး...အူး...."
အခန်း (၁၇)
နေ့လည်စာ စားချိန်ရောက်တော့ ကျွန်တော် မီနာတို့ အိမ်ရှေ့ခြံဆီ သွားဖြစ်ခဲ့ပါသေးတယ်။ သူကတော့ သစ်ပင်ကြီးအောက်က မြက်ခင်းပေါ်မှာ စောင်ရှည် ဖြန့်ခင်းလို့ ထိုင်နေခဲ့တာပေါ့။ သူ့ဘေးမှာလည်း စာအုပ်တွေ၊ ခဲတံတွေ နဲ့ ပုံဆွဲကိရိယာတွေကလည်း ပြန့်ကျဲလို့ နေပါတော့တယ်။ ဒီနေ့လည်း ကျွန်တော် ကျောင်းမတက်ဖြစ်ပါဘူး။ တစ်မနက်လုံးလည်း ကျွန်တော် နောက်ဖေးခြံကို ရှင်းပေးနေခဲ့ရတယ်လေ။ အဖေကတော့ အိမ်ရှေ့ခန်းကို ဆေးသုတ်လိုက်၊ နံရံကပ်စက္ကူခွာလိုက်နဲ့ လုပ်နေပြီး နံရံကပ်စက္ကူအသစ်ကပ်ဖို့အတွက် အလုပ်ရှုပ်နေခဲ့ပါတယ်။
"အိုး...လူထူးဆန်းလေးပါလား" လို့ သူက ကျွန်တော့်ကို မြင်မြင်ချင်း ရေရွတ်လိုက်တယ်လေ။
" မင်္ဂလာပါရှင်"
သူ့ ရှေ့မှာ ဖွင့်ထားတဲ့ စာအုပ်ထဲမှာတော့ ငှက်တစ်ကောင်ရဲ့ အရိုးစုပုံကို ကျွန်တော် တွေ့လိုက်ရပါတယ်။ သူက အဲ့ဒီထဲက ပုံကို ပုံဆွဲစာအုပ်ထဲ ပုံတူ ကူးဆွဲနေခဲ့တာပါ။
" နင် သိပ္ပံလေ့ကျင့်ခန်းလုပ်နေတာလား" လို့ ကျွန်တော် သူ့ကို မေးလိုက်ပါတယ်။ သူကတော့ ရယ်တာပေါ့။
" ကြည့်လေ။ စာသင်ကျောင်းတွေကြောင့် အခုတော့ နင်လည်း အမြင်ကျဉ်းနေပြီ မဟုတ်လား။ ငါက ပုံတူဆွဲ၊ ပန်းချီဆွဲတာနဲ့ စာဖတ်တာလုပ်ရင်း အပျင်းပြေ ဟိုကြည့် သည်ကြည့် လျှောက်ကြည့်နေရုံပါဟ။ ငါက နေအလင်းရောင်နဲ့ လေညှင်း ကို ခံစားနေတာလေ။ နောက်ပြီးတော့ ငှက်မည်းရဲ့ တေးဆိုသံကိုရောပေါ့။ ပြောရမယ်ဆိုရင်တော့ ငါ့ရဲ့ စိတ်ကို ဖွင့်ပေးနေတာပါ။ ဟင်း... စာသင်ကျောင်းတွေကတော့ ပြောကို မပြောချင်ဘူး"
မီနာက သူထိုင်နေတဲ့ စောင်ပေါ်က ကဗျာ စာအုပ်တစ်အုပ်ကို ကောက်ကိုင် လိုက်ပါတော့တယ်။ ပြီးတော့ ပြောလိုက်သေးတယ်။
" နားထောင်နော်" တဲ့လေ။
သူက ခါးဆန့်ဆန့်ထိုင်ပြီး လည်ချောင်းရှင်းလို့ သူ့လက်ထဲက စာအုပ်ကို ဖွင့်လိုက်ပါတယ်။
" နွေနံနက်မှာ ကျောင်းတက်သောခါ
အပျော်တွေလည်း ပျောက်ခဲ့ရပလေ
ရက်စက်ကြမ်းကြုတ် မျက်စုံအောက်မှာ
အကြင်သူလည်း သက်ပြင်းဆွဲရင်း
စိတ်ပျက်၀မ်းနည်း ခဲ့ရပလေ" ဆိုပြီး မီနာက စာအုပ်ကို ပြန်ပိတ်လိုက်ပါတော့တယ်။
" ဒါလည်း ဝီလီယမ် ဘလိတ် ရေးတာပဲ။ နင်ရော ဝီလီယမ် ဘလိတ်ဆိုတာကို ကြားဖူးလား"
" ဟင့်အင်း"
"သူက ပန်းချီကားတွေဆွဲပြီး ကဗျာတွေလည်း ရေးတတ်တယ်လေ။ သူ အသက်ရှင်နေစဉ် ကာလ တော်တော်များများမှာလည်း အ၀တ်အစား မ၀တ်ဘူးဆိုပဲ။ သူ့ဥယျာဉ်ထဲမှာ ကောင်းကင်တမန်တွေကိုလည်း တွေ့ဖူးတယ်လို့ ပြောကြသေးတယ်"
မီနာက ကျွန်တော့်ကို သူ့ဘေးလာဖို့ လက်ယပ်ခေါ်လိုက်ပါတယ်။ ကျွန်တော်လည်း ခြံစည်းရိုးနံရံကို ကျော်တက်သွားပြီး သူ့ဘေးမှာ ၀င်ထိုင်လိုက်တော့တာပေါ့။
" တိုးတိုးလေးနေနော်" လို့ သူက ကျွန်တော့်ကို သတိပေးလိုက်ပါသေးတယ်။
" တကယ့်ကို တိုးတိုးလေး နေရမယ်နော်။ နားထောင်ကြည့်စမ်း"
" ဘာကို နားထောင်ရမှာလဲ"
" နားထောင်မှာသာ ထောင် စမ်းပါဟာ"
ကျွန်တော်လည်း နားစွင့်နေလိုက်တယ်လေ။ ခရိုးလမ်းမပေါ်နဲ့ ဟိုးအဝေးက ကားသံတွေကို ကျွန်တော် ကြားလိုက်ရပါတယ်။ ပြီးတော့ ကျွန်တော် ငှက်တွေ တေးဆိုတဲ့အသံကို ကြားလိုက်ရတာပေါ့။ သစ်ပင်ဆီကို တိုက်ခတ်လာတဲ့ လေညင်းရဲ့အသံ၊ နောက်ဆုံး ကျွန်တော့်ရဲ့ အသက်ရှူသံကိုပါ ကျွန်တော် ပြန်ကြားလိုက်ရပါတော့တယ်။
" နင် ဘာတွေ ကြားနေရလဲ မိုက်ကယ်"
ကျွန်တော်ကြားနေရတဲ့ အသံတွေအကြောင်း သူ့ကို ပြောပြလိုက်ပါတယ်။
" နည်းနည်းပိုပြီး အားစိုက်နားထောင်စမ်းပါဦးဟ"
" ပိုပြီး အားစိုက်လိုက်ဦး။ နင့်နားထဲမှာ အင်မတန် ချိုမြိန်တဲ့ အသံလေးကို ကြားရတဲ့အထိ အားစိုက်လိုက်ပါဦးဟာ"
ကျွန်တော်လည်း မျက်စိမှိတ်လို့ နားစွင့်လိုက်ပါတော့တယ်။
" ငါက ဘာကို နားစွင့်နေရမှာလဲဟ" လို့ ကျွန်တော် သူ့ကို ပြန်မေးလိုက်တာပေါ့။
" နင့်ခေါင်းပေါ်က လာနေတဲ့ အသံကိုလေ...သစ်ပင်ထဲကပေါ့"
" သစ်ပင်ထဲက ဟုတ်လား"
" လုပ်မှာသာ လုပ်စမ်းပါ မိုက်ကယ်ရယ်"
ကျွန်တော်လည်း သစ်ပင်ကြီးဆီက သစ်ရွက်တွေ၊ အကိုင်းအခက်တွေရဲ့ အသံနဲ့ သစ်ကိုင်းတွေကြားကို တိုက်ခတ်လာတဲ့ လေညှင်းရဲ့ အသံကို အားစိုက်ကာ နားစွင့်နေ လိုက်ပါတော့တယ်။ အဲ့ဒီတော့ ကျွန်တော်လည်း လေညှင်းလေးကြောင့် လှုတ်ခတ်သွားတဲ့ သစ်ရွက်သံလေးတွေကို ကြားလိုက်ရတာပေါ့။
"အသံက အသိုက်ဆီက လာတာဟ" လို့ သူက ထပ်ပြောလိုက်ပါသေးတယ်။
" သေချာ နားစွင့်စမ်းပါဟာ"
ကျွန်တော်လည်း နောက်ဆုံးတော့ အဲ့ဒီအသံလေးကို ကြားလိုက်ရပါတယ်။ အဲ့ဒီ တကျွိကျွိ အော်မြည်သံလေးဟာ တခြားကမ္ဘာဆီက ပျံ့လွင့်လာတဲ့ အတိုင်း တိုးညှင်းညင်သာနေတော့တာပါပဲ။
ကျွန်တော် အသက်ရှူအောင့်ထားလိုက်ပါတယ်။
" ဟုတ်တယ်ဟ" လို့ ကျွန်တော် သူ့ကို ပြန်ဖြေလိုက်တာပေါ့။
" ငှက်ပေါက်လေးတွေလေ" လို့ သူက ပြောပြရှာပါတယ်။
အဲ့ဒီတစ်ချက် ကျွန်တော်ကြားလိုက်ပြီးကတည်းက ငှက်သားပေါက်လေးတွေက သစ်ပင်ရဲ့ ဘယ်နေရာမှာ ရှိနေတယ်ဆိုတာကို ကျွန်တော် သိလိုက်ရပါတော့တယ်။ နောက်ပြီး သူတို့အသံနဲ့ အတူ တခြားဆူညံသံအချို့ကိုပါ ကျွန်တော် ကြားလိုက်ရပါသေးတယ်။ ကျွန်တော်လည်း မျက်လုံးဖွင့်ပြီး မီနာ့ကို ကြည့်လိုက်၊ မျက်လုံးပြန်မှိတ်ပြီး ငှက်မည်းသားပေါက်လေးတွေရဲ့ ကျည်ကျည်ကျာကျာ အသံကို နားထောင်လိုက်နဲ့ လုပ်နေတော့တာပေါ့။ သူတို့ ငှက် မိသားစုလေး အသိုက်ထဲမှာစုပြီး နေကြမှာကို ကျွန်တော် မြင်ယောင်မိပါတယ်။
" သူတို့ရဲ့ အရိုးတွေက ငါတို့အရိုးတွေထက် ပိုနုတယ်ဟ" လို့ မီနာက ပြောလိုက်ပါတယ်။
ကျွန်တော် မျက်လုံးပြန်ဖွင့်ကြည့်လိုက်တော့ သူက အရိုးစုပုံကို ဆက်ဆွဲနေတာကို တွေ့လိုက်ရတယ်လေ။
" သူတို့အရိုးတွေက ဟောင်းလောင်းပေါက်လိုကို ဖြစ်နေတာဟ။ နင် အဲ့ဒါကို သိလား"
" အင်း...ထင်တာပဲ"
သူက စာအုပ်နားမှာကျနေတဲ့ အရိုးလေးတစ်ချောင်းကို ကောက်ကိုင်လိုက်ပါတယ်။
" ဒါကတော့ ခိုငှက်ရဲ့ အရိုးလို့ ထင်တာပဲ" ဆိုပြီး မီနာက အရိုးကို ချိုးပစ်လိုက်တော့ အရိုးအလယ်က အစူးလေးတွေ အဖြစ်အနားသတ်လို့ ကျိုးသွားတော့တာပေါ့။ ငှက်တွေရဲ့ အရိုးဟာ အပ်လေးတစ်ချောင်းလို သေးငယ်လှပေမဲ့ အတွင်းထဲမှာ ဟောင်းလောင်းပေါက်ဖြစ်ကြောင်း မီနာက ကျွန်တော့်ကို ပြောပြပေးခဲ့ပါတယ်။
" ဒီလို အရိုးထဲမှာ လေ တွေရှိနေတာကို အရိုးတွင်း လေခိုအောင်းစေခြင်း လို့ ခေါိတယ်ဟ။ နင့် လက်နဲ့ စမ်းကြည့်ပါလား" လို့ သူက ပြောလိုက်တယ်လေ။
ကျွန်တော်လည်း အရိုးလေးကို လက်ဝါးပေါ်တင်ပြီး အရိုးအလယ်က အပေါက်လေးကို ကြည့်ကာ အစွန်းထွက် အစူးလေးတွေကို လက်နဲ့ စမ်းသပ်ကြည့်လိုက်ပါတော့တယ်။
"ဒါကလည်း ဆင့်ကဲပြောင်းလဲဖြစ်စဉ်ရဲ့ အကျိုးဆက်တစ်ခုပဲဟ" လို့ မီနာက ပြောလိုက်ပါတယ်။
"အရိုးတွေက ပေါ့ပါးပေမဲ့ သန်မာတယ်။ ဒီအရိုးတွေက ငှက်တွေ လေထဲမှာ ပျံသန်းနိုင်အောင် ထောက်ပံ့ပေးထားတာလေ။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာကတည်းက ငှက်တွေရဲ့ ခန္ဓာဗေဒက သူတို့ကို ကောင်းကောင်း ပျံသန်းလို့ရအောင် တဖြည်းဖြည်း ပြောင်းလဲလာခဲ့ကြတာ။ နင်တောင်မှ ဟိုတနေ့က အရိုးစုပုံ ဆွဲသေးတယ်မဟုတ်လား။ ငါ့မှာတော့ အဲ့ဒီပုံ မရှိဘူးဟ"
သူက ကျွန်တော့်ကို တချက် ကြည့်လိုက်ပါတယ်။
" နင် ငါပြောတာ နားလည်လား။ နင်တို့ ကျောင်းမှာ အဲ့ဒါ သင်ပြီးသွားပြီ မဟုတ်လား"
" ထင်တာပဲ" လို့ ကျွန်တော်က ခတ်ပြတ်ပြတ် ပြန်ဖြေလိုက်တော့ သူက ကျွန်တော့်ကို ပြန်ကြည့်နေလိုက်ပါတော့တယ်။
" တနေ့ကျရင် ငါ နင့်ကို အာခီရော့ပ်တာရပ်စ် လို့ခေါ်တဲ့ ကမ္ဘာဦး ငှက်ကြီးအကြောင်း ပြောပြဦးမယ် သိလား။ ဒါနဲ့ ဒီနေ့ရော ကလေး အခြေအနေက ဘယ်လိုရှိတယ်တဲ့လဲ"
" ဒီနေ့လည်ပဲ ငါတို့ သူ့ဆီသွားကြမှာလေ။ ဒါပေမယ့် သူ အဆင်ပြေမယ်လို့ပဲ ငါ ထင်ပါတယ်"
" ကောင်းသားပဲ"
မီနာက သူ့လက်ဝါးနှစ်ဖက်ကို ပူးကပ်ပြီး လက်မကြားကနေ လေမှုတ်သွင်းကာ ဇီးကွက်အော်သံလေးပြုလိုက်ပါတော့တယ်။
" တော်တယ်နော်... ငါတော်တယ်နော်" လို့တောင် သူကရေရွတ်နေလိုက်ပါသေးတယ်။
" ငါလည်း မနေ့ညက အဲ့ဒီ ဇီးကွက်တွန်သံလေး လုပ်သေးတယ်ဟ " လို့ ကျွန်တော် သူ့ကို ပြောလိုက်ပါတယ်။
" မနက် ဝေလီဝေလင်း အချိန်လေးလေ။ မနက် အစောကြီးတုန်းက မဟုတ်လား"
" ဟုတ်လား"
" ဒါမှမဟုတ် နင်ပါ အပြင်ကို ထွက်ကြည့်နေခဲ့တာလား။ ဇီးကွက်တွန်သံလုပ်နေတာ နင်ပေါ့လေ"
" အဲ့ဒါတော့ ငါလည်း သေချာမသိဘူးလေ"
" သေချာ မသိဘူး ဟုတ်လား"
" ငါက အိပ်မက်တွေ မက်တတ်တယ်ဟ။ ငါက အိပ်နေရင်းလည်း လမ်းလျှောက်တတ်တယ်။ တခါတလေများဆို ငါ တကယ်လုပ်မိတဲ့ ကိစ္စတွေကိုတောင် အိပ်မက်မက်နေတယ်ပဲ ထင်နေခဲ့ ဖူးတယ်။ တခါတလေကျပြန်တော့လည်း ငါ အိပ်မက် မက်နေတယ်လို့ ထင်နေတဲ့ အရာတွေက တကယ်ဖြစ်နေတဲ့ အရာတွေဖြစ်နေပြန်ရော"
မီနာက ကြောင်တောင်တောင်နဲ့ ကျွန်တော့်ကို ကြည့်နေလိုက်ပါတော့တယ်။
" ငါ နင့်ကို မနေ့ညက အိပ်မက် မက်တယ် သိလား မိုက်တယ်" လို့ သူ ကျွန်တော့်ကို ပြောလိုက်ပါတယ်။
" တကယ်လား"
" အင်း...ဒါပေမယ့် အဲ့ဒါက အရေးမကြီးပါဘူးလေ။ ဒါနဲ့ နင်ပြောတော့ နင့်မှာ လျှို့ဝှက်ချက်တစ်ခုရှိတယ်ဆို။ နင်ပဲ ငါ့ကို ပြစရာတစ်ခု ရှိတယ်ဆိုပြီးတော့...."
" ဟုတ်တယ်လေ"
" ဒါဖြင့် ပြလေဟာ"
" အခုတော့ မဟုတ်သေးဘူးဟ။ ဒီနေ့ နေ့လည်ပိုင်းလောက် ဖြစ်ဖြစ် ငါ နင့်ကို လိုက်ပြမယ်လေ"
သူက ကျွန်တော့်ကို ငေးကြည့်နေလိုက်ပါတယ်။
" နင် မနေ့က အိမ်အပြင်ဘက်ရောက်နေတယ်မဟုတ်လား" လို့ မီနာက ထမေးလိုက်ပါတော့တယ်။
" မနေ့ညက မီးအလင်းရောင်ထဲမှာ ငါနင့်ကိုတွေ့လိုက်တယ်။ နင့်ကို ကြည့်ရတာ ဖြူဖပ်ဖြူလျော်နဲ့လေ။ ပင့်ကူအိမ်တွေနဲ့ ယင်ကောင်တွေကလည်း နင့် ခန္ဓာကိုယ်ပေါ်မှာ အများကြီးပဲ။ နင် ဇီးကွက်တစ်ကောင်ကို အော်နေခဲ့တာ မဟုတ်လား"
ကျွန်တော်လည်း သူ့ကို ပြန်စိုက်ကြည့်နေလိုက်တာပေါ့။
အဲ့ဒီအချိန်မှာပဲ အဖေက ကျွန်တော့်နာမည်ကို လှမ်းခေါ်လိုက်ပါတော့တယ်။
" မိုက်ကယ်ရေ....မိုက်ကယ်"
"ကဲ...ငါ နင့်ကို ဒီနေ့လည်မှ ပြန်တွေ့မယ်နော် မီနာ" လို့ပဲ ကျွန်တော် ပြန်ပြောလိုက်နိုင်ပါတော့တယ်။
အခန်း (၁၈)
"မစ္စ ဒန်ဒိုတောင် ဖုန်းလှမ်းဆက်သေးတယ် သားရဲ့" လို့ အဖေက ဆေးရုံသွားနေတဲ့ လမ်းမှာ ပြောပါတယ်။
" သူက သားအကြောင်းလှမ်းမေးတာတဲ့လေ"
" ဟုတ်လား အဖေ။ ကောင်းသားပဲ"
" သားရဲ့သူငယ်ချင်းတွေက သားကို လွမ်းနေတယ်လို့ ပြောတယ်ကွ"
" ကျွန်တော် သူတို့နဲ့ တနင်္ဂနွေနေ့ တွေ့ရမှာပါ အဖေ"
" ဒါဆို သားက ကျောင်းကို မလွမ်းသေးဘူးပေါ့ ဟုတ်လား"
ကျွန်တော် အဖေ့ကို ပုခုံးသာတွန့်ပြလိုက်ပါတော့တယ်။
" မသိဘူးလေ"
" ဒါမှမဟုတ် သားလည်း မကြာခင်ကျောင်းပြန်တက်ဖို့ ကြိုးစားကြည့်ပေါ့ကွ။ အဖေကတော့ သားကို စာတွေ အများကြီး မလွတ်စေချင်ဘူးကွာ"
"သား မီနာ့ဆီကနေ အများကြီးသင်ယူနေပါတယ်ဗျ။ သူက ငှက်တွေနဲ့ ဆင့်ကဲဖြစ်စဉ်တွေ အကြောင်းလည်း နားလည်တယ်ဆိုတော့ တော်တော် ဗဟုသုတရှိတာပဲ"
" အင်း...အဲ့ဒါကလည်း အဲ့ဒါပေါ့။ သားတောင် တရုတ်စာမီနူးကို အလွတ်ရနေသေးတာပဲ မဟုတ်လား"
ဆေးရုံရောက်တော့ ညီမလေးကို ဖန်ပုံးလေးထဲမှာ တွေ့လိုက်ရပါတယ်။ ဒါပေမယ့် သူ့ခန္ဓာကိုယ်ပေါ်မှာ ဝိုင်ယာကြိုးတွေ၊ ပြွန်တွေတော့ မရှိတော့ပါဘူးလေ။ အမေက ဖန်ပုံးအဖုံးကို ဖွင့်ပေးတော့ ကျွန်တော်လည်း ညီမလေးကို ချီပြီး ဒူးပေါ်တင်ထားလိုက်ပါတော့တယ်။ ကျွန်တော် ညီမလေးတစ်ယောက် ဘယ်လောက်တောင် ကြီးထွားပြီး သန်မာလာသလဲဆိုတာကို စမ်းသပ် နေခဲ့မိတာပေါ့။
သူကတော့ ကျွန်တော့်လက်ထဲမှာ လူးလွန့်နေတာပါပဲ။ သူ တချက် တချက် လှုပ်ရှားလိုက်တိုင်း သူ့ကျောပေါ်က ရှည်လျားလှတဲ့ ကြွက်သားတစ်စုံရဲ့ လှုပ်ခတ်မှုကို ကျွန်တော် ခံစားမိပါတယ်။ ညီမလေးက ကျွန်တော့်လက်ညှိုးကို သူ့လက်ကလေးနဲ့ ဆွဲစုပ်ထားရင်း ဖျစ်ညှစ်နေပါတော့တယ်။ ခဏနေတော့ သူ့မျက်လုံးလေး ဖွင့်လာတယ်လေ။
" ကြည့်စမ်းပါဦးကွ" လို့ အဖေက ရေရွတ်လိုက်ပါတယ်။
" ညီမလေးက သားကို ပြုံးပြနေတယ် တွေ့လား သား"
ဒါပေမယ့် ညီမလေးမျက်နှာပေါ်က အမူအရာကတော့ အပြုံးတစ်ခုနဲ့ မတူလှပါဘူးလေ။ နောက်တော့ ဒေါက်တာ ဘလွန်းလို့ခေါ်တဲ့ ဆရာ၀န်တစ်ယောက်က ကျွန်တော်တို့ဆီ ရောက်လာခဲ့ပါတယ်။
" ကျွန်တော့် သမီးလေး အခြေအနေက ကောင်းလားတယ်မဟုတ်လား ဆရာ" လို့ အဖေက မေးလိုက်တယ်လေ။
" အတော့်ကို တိုးတက်လာပါတယ်ဗျာ" လို့ ဆရာ၀န်က ပြန်ဖြေလိုက်ပါတယ်။
" ဒါဆို ကျွန်တော်တို့ သူ့ကို မကြာခင် အိမ်ပြန်ခေါ်လို့ရတော့မှာပေါ့နော်" လို့ အဖေကဆိုတော့ ဒေါက်တာ ဘလွန်းက ပုခုံးပဲတွန့်ပြလိုက်ပါတယ်။ သူက ညီမလေးရဲ့ ပါးကို လက်နဲ့ စမ်းကြည့်လိုက်ပါသေးတယ်။
" ကျွန်တော်တို့ သူ့ကို သေချာ စောင့်ကြည့်ဖို့ လိုသေးတယ်ဗျ။ နောက်ထပ် ရက်အနည်းငယ်လောက်ပါပဲဗျာ" လို့သာ ဒေါက်တာက အဖေ့ကို ပြန်ဖြေလိုက်နိုင်ပါတယ်။
ပြီးတော့ သူက ကျွန်တော့်ကို ပြုံးပြကာ ပြောလိုက် ပါသေးတယ်။
" စိတ်ပူမနေပါနဲ့ ချာတိတ်ရာ" တဲ့လေ။
ကျွန်တော် ညီမလေးရဲ့ လက်ပြင်ရိုးလေးကို စမ်းကြည့်တော့ အင်မတန့်ကို သေးငယ်ပြီး နူးညံ့ပျော့ပြောင်းတဲ့ အထိအတွေ့ကို ခံစားလိုက်ရပါတယ်။ ကျွန်တော် သူ့ရဲ့ အသက်ရှူသံ ညှင်းညှင်းလေးကို တောင် ခံစားမိပါသေးတယ်။
" သား ညီမလေးက မကြာခင် ခြံထဲမှာတောင် ပြေးဆော့ နေနိုင်မှာပါကွယ်" လို့ အမေက ကျွန်တော့်ကို နှစ်သိမ့်ပေးပေမယ့် သူ့မျက်လုံးအိမ်ထဲက မျက်ရည်စတွေကိုတော့ ကျွန်တော် သတိမထားမိဘဲ မနေနိုင်ခဲ့ပါဘူး။
အမေက ကလေးကို ကိုင်နေတဲ့ ကျွန်တော့်လက်ကို ဆွဲပြီး ဟိုတစ်နေ့ကလို ခရင်မ်တစ်မျိုး ထပ်လိမ်းပေးလိုက်ပါတယ်။
" သားကို ကြည့်ရတာ ပင်ပန်းနေတဲ့ ပုံပဲနော်" လို့ ပြောရင်း အမေက အဖေ့ကို ကြည့်လိုက်တာပေါ့။
" ရှင်တို့ နှစ်ယောက် ညဘက်မအိပ်ဘဲ နေ,နေကြတာလားဟင်"
" သေချာတာပေါ့ကွာ" လို့ အဖေက ပြန်ဖြေလိုက်ပါတယ်။
" အဲ့ဒါ ဟို ဗီဒီယိုခွေတွေနဲ့ တရုတ်စာ ရယ်ဒီမိတ်တွေကို ညတိုင်း စားနေလို့ ဖြစ်မယ်ထင်တယ်။ ဟုတ်တယ် မဟုတ်လား သား" ဆိုပြီး အဖေက စစ်ကူတောင်းတော့ ကျွန်တော် ခေါင်းပဲ ပြန်ငြိတ်ပြလိုက်ပါတယ်လေ။
" ဟုတ်တယ် အဖေ"
ခဏနေတော့ ကျွန်တော် အပြင်ဘက် စင်္ကြန်လမ်းဆီကို တစ်ယောက်ထဲ ထွက်လာခဲ့ပါတော့တယ်။ ပြီးတော့ ကျွန်တော် သူနာပြုတစ်ယောက်ကို အဆစ်ရောင်ရောဂါ ခံစားနေရတဲ့သူတွေက ဘယ်ကိုသွားရသလဲလို့ မေးလိုက်တာပေါ့။ သူ့အဖြေအရတော့ အဲ့ဒီလိုရောဂါ ခံစားနေရတဲ့သူတွေက အပေါ်ဆုံးထပ်က လူနာဆောင် အမှတ် ၃၄ ကိုသွားရတယ်တဲ့။ နောက်ပြီးတော့ သူကပြောပါသေးတယ်။ အရိုးအဆစ်မကောင်းလို့ လှေကားတက်ဖို့မပြောနဲ့ လမ်းတောင် မ လျှောက်နိုင်တဲ့သူတွေကို ဟိုးထိပ်မှာ တင်ထားတာ အတော့်ကို ရူးမိုက်တဲ့ အကြံပဲတဲ့လေ။ ကျွန်တော်လည်း ဓါတ်လှေကားထဲ၀င်ပြီး သူပြောတဲ့ အထပ်ဆီ တက်လာလိုက် ပါတော့တယ်။
ကျွန်တော် ဓါတ်လှေကားထဲက ထွက်လာတော့ အမျိုးသမီးကြီးတစ်ဦးက လေးချောင်းထောက် လမ်းလျှောက်ကရိယာလေးသုံးပြီး ကျွန်တော့်ရှေ့က ဖြတ်သွားတာကို တွေ့လိုက်ရပါတယ်။ သူက "ဟောဟဲ ဟောဟဲ" နဲ့ကို အမောဆိုက်ကာ နားနေရတော့တာပေါ့။
" မောလိုက်တာနော်" လို့ အမျိုးသမီးကြီးက ရေရွတ်လိုက်ပါသေးတယ်။
"လူနာဆောင်လေး တစ်ပတ်ပတ်ဖို့ကို လမ်းမှာ သုံးခါလောက် နားရသေးတယ်။ မောလိုက်တာနော်" တဲ့လေ။
သူက လမ်းလျှောက်ကရိယာပေါ် မှီနေရင်းက ကျွန်တော့်ကို တချက် ကြည့်လိုက်ပါတယ်။
" ဒါပေမယ့် တို့က မကြာခင် ပြန်တောင်ကနေဦးမှာ သိလား"
သူ့လက်တွေကတော့ တွန့်လိမ်ကောက်ကွေးပြီး သူ့ရဲ့ လက်ဆစ်တွေကလည်း ရောင်ကိုင်းနေတာပါပဲ။
" အဆစ်ရောင် ရောဂါများလားဗျာ" လို့ ကျွန်တော် သူ့ကိုပြန်မေးလိုက်ပါတယ်။
"ဟုတ်တယ်ကွဲ့။ အဆစ်ရောင်ရောဂါလေ။ ဒါပေမယ့် တို့ကတော့ မကြာခင် ပြန်တောင်ကခုန် ပြီး ဒီရောဂါကို အနိုင်ယူပြလိုက်ဦးမယ်။ ခဏလေးပဲ ဖြစ်ဖြစ်ပေါ့ကွယ်"
" ကျွန်တော့်မှာလည်း အဆစ်ရောင်ရောဂါခံစားနေရတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်ဗျ" လို့ ကျွန်တော် သူ့ကို ပြောပြလိုက်တယ်လေ။
" သနားစရာကွယ်"
" သူ့ကို ဘယ်လို ကူညီပေးလို့ရလဲဟင်"
" အင်း...အဆစ်ရောင်ရောဂါကတော့ နောက်ဆုံးမှာ အမြဲတမ်း သူကချည်း အနိုင်ယူတတ်တာ ပါပဲကွယ်။ ဒါပေမယ့် လူတချို့ကတော့ ငါးကြီးသည်းခြေဆီကို မှီဝဲပြီး စိတ်အေးသက်သာစွာ နေကြတာပဲကွဲ့။ တို့အတွက်ကတော့ မယ်တော် မေရီ့ဆီမှာ ဆုတောင်းပြီး ဒေါက်တာ မက်နဘိုလာကိုလည်း သူ့ရဲ့ ကတ်ကြေး၊ လွှ၊ ပလတ်စတစ်၊ ကော် စတဲ့ အသုံးအဆောင်တွေ အလုံအလောက်ရှိပါစေလို့ပဲ ဆုတောင်းနေရတာပေါ့"
သူက ကျွန်တော့်ကို မျက်စိမှိတ်ပြလိုက်ပါသေးတယ်။
" ကဲ...လမ်းဆက်လျှောက်လိုက်ဦးမယ်ကွယ်။ အရေးကြီးတာကလည်း ဒါပဲကွဲ့။ ဒီ အိုမင်းနေတဲ့ အရိုးကို လမ်းဆက်လျှောက်ပေးရဦးမယ်။ ဒီထက်ပိုပြီး မပျက်ဆီးခင်လေးမှာပေါ့လေ"
အမျိုးသမီးကြီးလည်း " အကဘုရင်" ဆိုတဲ့ သီချင်းလေးကို ညည်းရင်း ဖြည်းဖြည်းချင်းဆီ ဆက်လျှောက်သွားပါတော့တယ်။
အဲ့ဒီတော့ ကျွန်တော်လည်း လူနာဆောင် အမှတ် ၃၄ ဆိုတဲ့ ဆိုင်းဘုတ်နောက် ဆက်လျှောက်သွားလိုက်တော့တာပေါ့။
ကျွန်တော် အဆောင်ထဲကို ကြည့်လိုက်တော့ အထဲမှာ မျက်နှာချင်းဆိုင်ခင်းထားတဲ့ လူနာကုတင်ပေါင်း မြောက်များစွာကို တွေ့လိုက်ရတယ်လေ။ လေးချောင်းထောက် လမ်းလျှောက်စက်ကလေးတွေနဲ့ လမ်းစမ်းလျှောက်နေကြတဲ့လူ တချို့ကိုလည်း ကျွန်တော် တွေ့လိုက်ရပါတယ်။ တချို့ကတော့လည်း ကုတင်ပေါ်မှာ လှဲနေကြ၊ ထိုင်နေကြ၊ သိုးမွှေးထိုးနေကြ၊ ကုတင် တစ်ခုနဲ့ တစ်ခု လှမ်းပြီး စကားပြောနေကြနဲ့ အလုပ်ရှုပ်နေကြပုံပါပဲ။ တချို့များ ကြပြန်တော့လည်း ကုတင်ပေါ်မှာ ရှုံ့မဲ့လို့ ဝေဒနာခံစားနေရတာကိုလည်း ကျွန်တော် တွေ့လိုက်ရတာပေါ့။ ဟိုးအဝေးက ထောင့်တစ်နေရာမှာတော့ အဖြူရောင် ကုတ်အင်္ကျီရှည်ကြီးတွေ ၀တ်ထားတဲ့ ဆရာ၀န်တစ်အုပ်နဲ့ ကျောင်းသားတစ်အုပ်က အနက်ရောင်၀တ်ထားတဲ့ လူကြီးရဲ့ အနားမှာ ဝိုင်းဖွဲ့လို့ နေကြပါတော့တယ်။ အဲ့ဒီလူကြီးပြောသမျှစကားကို သူတို့တွေက မှတ်စုစာအုပ်လေးနဲ့ မှတ်နေကြတယ်လေ။ သူက လူနာဆောင်ထဲကို ခြေလှမ်းကျဲကျဲနဲ့ လျှောက်လာတော့ သူ့နောက်က ကျောင်းသားတွေကလည်း လိုက်လာကြပါတယ်။ သူက လူနာတွေကို ခေါင်းငြိတ်ပြလိုက် လက်ပြလိုက်နဲ့ အလုပ်ရှုပ်နေတော့တာပါပဲ။ နောက်ပြီး သူက လူနာတချို့ရဲ့ ကုတင်ဘေးမှာရပ်ရင်း သူတို့ စကားကို ခေါင်းတငြိတ်ငြိတ်နဲ့ ပြုံးရင်း နားထောင် လိုက်ပါသေးတယ်။ နောက်တော့ သူက သူနာပြုဆရာမတစ်ယောက်ကို လက်ဆွဲနှုတ်ဆက်ပြီး လူနာဆောင် တံခါးဆီ ခပ်မြန်မြန် လမ်းလျှောက်လာခဲ့ပါတော့တယ်။ သူတို့ လူအုပ်ကြီး လူနာဆောင်ထိပ်ဘက်လျှောက်လာတော့ ကျွန်တော်က တံခါး၀မှာ ပိတ်ရပ်နေမိတယ်လေ။
" တဆိတ်လောက်ပါ ခင်ဗျာ" လို့ ကျွန်တော် သူ့ကို ပြောလိုက်ပါတယ်။ ဒါပေမယ့် အနက်ရောင်အင်္ကျီနဲ့ လူကြီးက ဆက်လျှောက်သွားနေဆဲပါ။
" ဒေါက်တာ မက်နဘိုလာ ခင်ဗျား" လို့ ကျွန်တော် သူ့နာမည်ခေါ်လိုက်တော့ သူက ရပ်ပြီး ကျွန်တော့်ကို ငုံ့ကြည့်လိုက်တာပေါ့။ တခြား ဆရာ၀န်တွေနဲ့ ကျောင်းသားတွေလည်း ကျွန်တော့်ဘေးမှာ ဝိုင်းပြီး ရပ်နေလိုက်ကြပါတော့တယ်။
" အဆစ်ရောင် ရောဂါအတွက် ဘာက ကောင်းလဲဗျ" လို့ ကျွန်တော် သူ့ကို ဆက်မေးလိုက်တော့ သူက မျက်လုံးမှိတ်ပြီး ပြုံးတယ်လေ။
" အပ် တစ်ချောင်းပေါ့ကွယ်" ဆိုပြီး သူက ပြန်ဖြေလိုက်ပါတယ်။
ပြီးတော့ သူက ဆေးထိုးအပ်ကြီးနဲ့ ထိုးနေတဲ့ဟန်လုပ်ပြပြီး ပြောလိုက်ပါသေးတယ်။
" ဟောဒီအရိုးဆုံနေရာကို ဆေးထိုးအပ်နဲ့ နာနာထိုး ရတယ်ကွဲ့"
သူက ဆေးထိုးအပ်နဲ့ထိုးလို့ နာတဲ့ဟန် လုပ်ပြတော့ ဘေးက ဆရာ၀န်တွေက တိတ်တခိုးလေး ရယ်ကြတာပေါ့။
" ပြီးတော့ လွှတစ်ချောင်းလိုသေးတယ်"
သူက လက်မောင်းနဲ့ လွှဖြတ်နေတဲ့ဟန်လုပ်ပြီး မျက်နှာကို ရှုံ့မဲ့ပြလိုက်ပါတယ်။
" အရိုးတချို့ကိုဖြတ်ထုတ် ....ပြီးရင် အသစ်လေးတွေ ပြန်တပ် ပေးရတယ်" လို့ သူက စကားဆက်လိုက်တယ်လေ။
ဒေါက်တာ မက်နဘိုလာက အပ်ကို အပ်ချည်ထိုးနေတဲ့ဟန် လုပ်ပြပြီး အပ်ချုပ်နေတဲ့ဟန် ထပ်လုပ်ပြပါသေးတယ်။
" ဟောဒီလို ဟောဒီလို ချုပ်လိုက်တဲ့အခါ အသစ်အတိုင်းကို ပြန်ဖြစ်သွားတော့တာပေါ့"
ပြီးတော့မှ သူက အနာတွေအကုန်ပျောက်သွားတဲ့ အမူအရာနဲ့ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပါတော့တယ်။
သူက ကျွန်တော့်ဆီ ခန္ဓာကိုယ်ကို ကိုင်းကာ
" ဒီက ဆရာလေးက အဆစ်ရောင်ရောဂါ ခံစားနေရလို့လားကွဲ့" လို့ မေးလိုက်တော့ ကျွန်တော် သူ့ကို ခေါင်းခါပြလိုက်တာပေါ့။
" ကျွန်တော့် သူငယ်ချင်းပါဗျာ"
ဘေးနားက ဆရာ၀န်တွေလည်း အခုမှ ခေါင်းထောင်လာကြပါတော့တယ်။
" ဒါဖြင့်...ဆရာလေးရဲ့ သူငယ်ချင်းကို ကျုပ်ဆီလာဖို့ ပြောလိုက်ပေါ့။ ကျုပ် သူ့ကို ဆေးကြီးကြီးထိုး၊ လွှနဲ့ဖြတ်ထုတ်လို့ အားလုံး ပြင်ဆင်ပြီးတော့မှ အသစ်အတိုင်း ပြန်ပို့ပေးလိုက်မယ် လေ။ မကောင်းဘူးလား ကဲ"
သူ့ဘေးက ဆရာ၀န်တွေက တိတ်တခိုးလေး ထပ်ရယ်လိုက်ကြပါသေးတယ်။
"အဲ့ဒီလို မလုပ်ချင်ဘူးဆိုရင်တော့ ...." လို့ ဒေါက်တာ မက်နဘိုလာက စကား ဆက်လိုက်ပါတယ်။
"ပျော်ပျော်နေဖို့ပဲ အကြံပေးချင်ပါတယ်။ လက်မလျှော့လိုက်ပါနဲ့။ အမြဲတမ်း တက်တက်ကြွကြွနဲ့ နေပါ။ နောက်ပြီး ငါးကြီးဆီကိုလည်း မှီဝဲပေါ့လေ။ အဲ့ဒီအဆစ်တွေကို အငြိမ်မထားဘဲ လှုပ်ရှားပေးပါ"
သူက လက်နှစ်ဖက်ကို နောက်ပစ်လိုက်ပါတော့တယ်။
" ဘာမေးခွန်းများ ကျန်ပါသေးလဲ ခင်ဗျာ"
ကျွန်တော် သူ့ကို ခေါင်းခါပြလိုက်ပါတယ်။ အဲ့ဒီတော့ သူက သူ့ဘေးမှာရပ်နေတဲ့ ဆရာ၀န်တွေကို တချက် ကြည့်လိုက်တာပေါ့။
" ဒီဆရာလေးရဲ့ သူငယ်ချင်းကို ဘာအကြံများ ပြုချင်ကြသေးလဲဗျ"
အားလုံးက ခေါင်းခါပြလိုက်ကြတယ်လေ။
" ဒါဖြင့် ကျုပ်တို့လည်း ဆက်သွားကြတာပေါ့" ဆိုပြီး ဒေါက်တာ မက်နဘိုလာလည်း စင်္ကြန်လမ်းဆီကို ဆက်လျှောက်သွားပါတော့တယ်။
ကျွန်တော်ကတော့ အဲ့ဒီနေရာမှာပဲ စဉ်းစားရင်း ကျန်နေခဲ့လေရဲ့။
" သား...တယောက်ယောက်ကိုများ ရှာနေတာလားကွဲ့" လို့ သူနာပြုတစ်ယောက်က ကျွန်တော့်ကို မေးလိုက်ပါတယ်။
" မဟုတ်ပါဘူးဗျာ"
သူက ပြုံးလိုက်တယ်လေ။
" ဒေါက်တာက တကယ်တော်တဲ့သူပါကွယ်။ ဒါပေမယ့် သူက သိပ်အစအနောက်သန်တာ။ သားရဲ့ သူငယ်ချင်းကိုလည်း လက်မလျှော့ဘဲ ပြုံးပြုံးလေး နေဖို့ ပြောလိုက်ဦးနော်။ အဆစ်ရောင်ရောဂါကို အနိုင်မပေးလိုက်ပါနဲ့လို့ အားပေးလိုက်စမ်းပါ"
ကျွန်တော်လည်း ဓါတ်လှေကားစီးပြီး ညီမလေးရှိရာ လူနာဆောင်ဆီ ပြန်လာခဲ့ပါတော့တယ်။
အမေနဲ့ အဖေကတော့ လက်ချင်းတွဲချင်း ညီမလေးကို စိုက်ကြည့်နေကြလေရဲ့။
" ဟယ်လို သား..." လို့ အမေက ကျွန်တော့်ကို လှမ်းပြောလိုက်ပါတယ်။ သူက ပြုံးပြဖို့ ကြိုးစားနေပေမဲ့ အမေ့မျက်၀န်းတွေက သူ ငိုထားတယ်ဆိုတာကို သက်သေပြနေကြတယ်လေ။
" ဟုတ်ကဲ့ အမေ"
" သား သန့်စင်ခန်းသွားတာ ကြာလိုက်တာနော်"
"ဟို တရုတ်စာတွေ အစားများလို့ ထင်ပါတယ်ကွာ" လို့ အဖေက ၀င် အရွှန်းဖောက်လိုက်တော့မှပဲ ကျွန်တော်တို့ ရယ်ဖြစ်ပါတော့တယ်။
" ငါးကြီးဆီလေး သောက်...ကြားလား သား" လို့အမေက ပြောလိုက်တာပေါ့။
" အဲ့ဒါဆို သားနေလို့ကောင်းသွားလိမ့်မယ်"
အမေက ကျွန်တော့်ကို တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်ပါသေးတယ်။
" သားက အမေ့အတွက် အကောင်းဆုံးပါပဲကွယ်။ ဘာပဲဖြစ်နေပါစေ...သားက အမေ့အတွက် အမြဲတမ်း အကောင်းဆုံးပဲ ဖြစ်နေမှာပါ" ဆိုပြီး အမေက တီးတိုးလေး ရေရွတ်လိုက်ပါတယ်။
အိမ်ရောက်တော့ အဖေလည်း အိမ်ရှေ့ခန်းပြင်ဖို့ အလုပ်ပြန်စရတော့တာပေါ့။ ကျွန်တော်ကတော့ ရေခဲသေတ္တာထဲက အညိုရောင် ဘီယာဘူးလေးတစ်ဘူးကို နှိုက်ကာ ဓါတ်မီးနဲ့အတူ ဂိုဒေါင်တံခါးအတွင်းထဲမှာ ထည့်ပြီး ဝှက်ထားလိုက်ပါတယ်။ ပြီးတော့ ကျွန်တော် အခန်းထဲက ခေါက်ဓါးကို ယူလိုက်ပြီး ရေချိုးခန်းထဲမှာထားတဲ့ ဗီရိုထဲက ငါးကြီးဆီအလုံးလေးတွေ တချို့ကိုလည်း အိပ်ကပ်ထဲထည့်ထားလိုက်ပါသေးတယ်။
အားလုံးပြင်ဆင်ပြီးတော့မှ ကျွန်တော်လည်း မီနာ့ကို သွား တွေ့လို့ရမလားဆိုပြီး အဖေ့ကို မေးလိုက်တယ်လေ။
" အဖေ့အတွက် စိတ်မပူပါနဲ့" လို့ အဖေက ပြန်ပြောပါတယ်။
" အဖေပဲ ဒါတွေလုပ်လိုက်မယ်။ သားကတော့ သူငယ်ချင်းနဲ့ ပျော်ပျော်နေရမယ်နော်" တဲ့လေ။
အခန်း (၁၉)
မြက်ခင်းပေါ်မှာ စောင်နဲ့ စာအုပ်တွေ ရှိနေသေးပေမဲ့ မီနာ့ကို တော့ ကျွန်တော် ခြံထဲမှာ မတွေ့မိပါဘူး။ ကျွန်တော် သူ့ကို တွေ့လိုတွေ့ငြား သစ်ပင်ပေါ် မော့်ကြည့်တော့လည်း သူက အဲ့ဒီမှာ မရှိခဲ့ဘူးလေ။ အဲ့ဒီတော့ ကျွန်တော်လည်း ခြံစည်းရိုးနံရံကိုကျော်တက်ပြီး သူတို့အိမ်တံခါးရှေ့ဆီ ရောက်အောင်သွားကာ လူခေါ်ခေါင်းလောင်းတီးလို့ ခေါ်လိုက်ပါတော့တယ်။ ခဏနေတော့ သူ့အမေကိုယ်တိုင် ထွက်လာတယ်လေ။
" မီနာ အိမ်ထဲမှာ ရှိလားဗျ" လို့ ကျွန်တော် သူ့ကို မေးလိုက်ပါတယ်။
မီနာ့အမေက မီနာ့အတိုင်းကို နက်မှောင်နေတဲ့ ဆံကေသာရှိပြီး ခါးမှာလည်း ပန်းချီဆေးတွေနဲ့ ရွှံ့တွေပေကျံနေတဲ့ ရှေ့ဖုံးခါးစည်းကို ၀တ်ထားလိုက်ပါသေးတယ်။
" ဟုတ်တယ်ကွဲ့။ သူက အထဲမှာ ရှိပါတယ်" ဆိုပြီး ပြန်ဖြေရင်း သူက လက်ကိုဆန့်တန်းကာ ကျွန်တော့်ကို နှုတ်ဆက်လိုက်ပါတော့တယ်။
" သားက မိုက်ကယ် မဟုတ်လားကွဲ့။ အဒေါ်က မစ္စ မက်ကီး ပါကွယ်"
ကျွန်တော်လည်း သူ့ကို လက်ဆွဲပြီး ပြန်နှုတ်ဆက်လိုက်တယ်လေ။
" မီနာရေ...." လို့ မစ္စ မက်ကီးက အိမ်ထဲကို လှမ်းအော်ခေါ်လိုက်ပါတယ်။
" ဒါနဲ့ သားညီမလေးကရော နေကောင်းရဲ့လားကွယ်" လို့ သူက ကျွန်တော့်ဘက်လှည့်ကာ ပြန်မေးတော့ ကျွန်တော်လည်း
"ဟုတ်...နေကောင်းပါတယ်။ ကျွန်တော်တို့ကတော့ သူ မကြာခင် နေပြန်ကောင်းလာမယ် လို့ပဲ တွေးထားပါတယ်" လို့ ပြန်ဖြေလိုက်တာပေါ့။
" ကလေးတွေဆိုတာ ခေါင်းမာတတ်တဲ့အမျိုးပါလေ။ အမြဲတမ်း တခုခုကို ကြိုးကြိုးစားစားနဲ့ တိုက်ခိုက်ရင်း သန်မာလာကြတာပါပဲ။ သားရဲ့ မိဘတွေကိုလည်း အဒေါ်က မေးတယ်လို့ ပြောလိုက်ပါဦး"
" ဟုတ်ကဲ့...ကျွန်တော် ပြောလိုက်ပါ့မယ်"
ခဏနေတော့ မီနာလည်း တံခါးဆီ ရောက်လာပါတော့တယ်။ သူ့ခါးမှာလည်း ပန်းချီဆေးတွေ ပေနေတဲ့ ခါးစည်းဖုံးတစ်ခု ၀တ်လို့ပါ။
" ငါတို့ ပုံစံငယ်လေး လုပ်နေတာဟ" လို့ သူက ကျွန်တော့်ကို ပြောလိုက်တာပေါ့။
"လာကြည့်,ကြည့်ပါလား" ဆိုပြီး သူက ကျွန်တော့်ကို မီးဖိုချောင်ဘက်ဆီ ခေါ်သွားပါတော့တယ်။ မီးဖိုချောင်ခန်းထဲက စားပွဲပေါ်မှာတော့ ပလတ်စတစ်အုပ်ထားတဲ့ ရွှံ့ပုံကြီးကို ကျွန်တော်တွေ့လိုက်ရပါတယ်။ စားပွဲခုံကို ပလတ်စတစ်တွေနဲ့ အုပ်ပြီး ရွှံ့ကို အပေါ်က တင်ထားတဲ့ ပုံမျိုးပေါ့။ ဘေးမှာလည်း ဓါးတွေနဲ့ သစ်သား ကိရိယာတွေ စုံလို့ရယ်ပါ။ မီနာ့ရဲ့ ငှက်ပုံဆွဲထားတဲ့ စာအုပ်ကတော့ ငှက်မည်းပုံစာမျက်နှာဆီ လှန်ထားတာကို ကျွန်တော် တွေ့လိုက်ရတာပေါ့။ နောက်တော့ မီနာက သူပုံသွင်းနေတဲ့ ရွှံ့ရုပ်လေး လိုက်ပြပါသေးတယ်။ သူ့ရွှံ့ရုပ်က အခုမှ အပုံလိုက်လေးပဲ ရှိသေးပေမဲ့ အဲ့ဒါက ငှက်တစ်ကောင်ရဲ့ သဏ္ဍာန်ရှိတယ်ဆိုတာကို ချွန်ထက်တဲ့နှုတ်သီး၊ ပြားချပ်တဲ့ အမြှီးနဲ့ သေးသွယ်တဲ့ခန္ဓာကိုယ်ကို ကြည့်ပြီး ကျွန်တော် ခန့်မှန်းမိပါတယ်။ မီနာက ရွှံ့တွေထပ်ထည့်ပြီး ငှက်မည်းရဲ့ ခန္ဓာကိုယ် သဏ္ဍာန်ကိုလက်နဲ့ပြုပြင်ကာ အတောင်ပံကို ဆက်ပြီး ပုံဖော်နေလိုက်ပါသေးတယ်။
" မီနာက အခုတော့ ငှက်တွေအပေါ် အစွဲအလမ်းကြီးနေတာကွဲ့" လို့ မစ္စ မက်ကီးက ပြောလိုက်တယ်လေ။
" တခါတလေဆို ရေကူးတတ်တဲ့သတ္တဝါတွေ၊ နောက်တခါကျတော့ ညဘက်မှာ ကုပ်ချောင်း ကုပ်ချောင်းသွားတတ်တဲ့ သတ္တဝါတွေ၊ တခါတခါများကျပြန်တော့ တွားသွားတတ်တဲ့ သတ္တဝါတွေကို သူက သဘောကျတတ်ပေမဲ့ အခုကျတော့ လေပေါ်ပျံတဲ့ သတ္တဝါတွေအပေါ် သဘောကျနေပြန်ပြီ တဲ့လေ"
ကျွန်တော် အခန်းကို လှည့်ပတ်ကြည့်လိုက်တော့ မြေခွေး၊ ငါး၊ ပုတ်သင်ညို၊ ကြွက်စတဲ့ ရွှံ့ရုပ်လေးတွေ အစုံတင်ထားတဲ့ စင်တစ်ခုကို တွေ့လိုက်ရပါတယ်။ ပြီးတော့ အဲ့ဒီစင်ပေါ်မှာ နှုတ်သီးချွန်ချွန်၊ လက်သည်းရှည်ရှည်နဲ့ မျက်နှာပြားပြားရှိတဲ့ ဇီးကွက်ရုပ်တစ်ခုကလည်း ရှိပါသေးတယ်။
" ဒီ အရုပ်တွေကို နင်လုပ်ထားတာလား မီနာ" လို့ ကျွန်တော် မေးတော့ သူက ရယ်ပါတယ်။
" အရုပ်လေးတွေက သိပ်လှတယ်နော်"
မီနာက ပျံသန်းနေတဲ့ ငှက်ဆိုရင် ရွှံ့ကို ဘယ်လိုပုံဖော်ရမလဲဆိုတာ ကျွန်တော့်ကိုဆက်ပြီး သင်ပြပါတယ်။ ပြီးတော့ ဓါးဦးချွန်ချွန်လေးနဲ့ အတောင်ပံက ငှက်မွှေးလေးတွေကို ပုံဖော်ရတယ် ဆိုတာကိုရောပေါ့။
"ဒီအရုပ်လေးကို မီးဖုတ်ပြီးလို့ စဉ့်ရည်နဲ့ပါ အချောသတ်ပြီးပြီဆိုရင် ငါကတော့ မျက်နှာကျက်မှာ ချိတ်ထားမှာ သိလား"
ကျွန်တော်လည်း ရွှံ့တချို့ကို ကောက်ကိုင်ပြီး လက်ချောင်းတွေနဲ့ ပွတ်သပ်ကာ လက်ဝါးနှစ်ဖက်ကြား လှိမ့်လိုက်ပါတော့တယ်။ ရွှံ့တွေရဲ့အထိအတွေ့က အေးစက်ပြီး ညက်ညော နေတာပါပဲ။ မီနာက သူ့လက်ချောင်းတွေကို လျှာနဲ့ယက်ပြီး ရွှံ့တွေကိုပွတ်ကာ ဘယ်လိုမျိုး ချောမွေ့အောင် ကိုင်တွယ်ရမလဲလုပ်ပြတော့ ကျွန်တော်လည်း သူ့နည်းတူ အတုခိုးကာ လိုက်လုပ်မိပါ သေးတယ်။ ကျွန်တော်ကတော့ ရွှံ့တုံးကို မြွေသဏ္ဍာန်ရအောင် ပုံဖော်လိုက်တာပေါ့။ ခဏနေတော့ ပြန်ဖျက်ပြီး လူဦးခေါင်းပုံသဏ္ဍာန်လေး ထပ်လုပ်လိုက်ပါတယ်။
အဲ့ဒီခဏလေးမှာ ကျွန်တော် ညီမလေးကို သတိရလိုက်တာမို့ ရွှံ့တုံးလေးကို နူးညံ့ ပျော့ပျောင်းတဲ့ သူ့ရဲ့လက်မောင်းလေးတွေ၊ ခြေထောက်လေးတွေနဲ့ သူ့ရဲ့ ဦးခေါင်းပုံလေး ဖော်လိုက်တော့တာပေါ့။
" မှော်အစွမ်း လိုပဲနော်..." လို့ မီနာက ပြောလိုက်ပါတယ်။
" ဟုတ်တယ် မှော်အစွမ်းလိုပဲ"
"တခါတလေ ငါလုပ်တဲ့အရုပ်လေးတွေက အသက်၀င်ပြီး ငါ့လက်ထဲကနေ လမ်းလျှောက် သွားတယ်၊ ပျံသန်းသွားတယ်လို့ ငါအိပ်မက် မက်ဖူးတယ် သိလား။ နင်တို့ရော ကျောင်းမှာ ရွှံ့နဲ့ ဆော့ဖူးလား"
" အင်း...တခါတလေပေါ့။ ငါ တခါတော့ ရွှံ့ကိုင်ရတဲ့ အတန်းကို တက်ဖူးတယ်"
" မိုက်ကယ် သမီးတို့နဲ့အတူ လာဆော့လို့ရလားဟင် အမေ" လို့ မီနာက သူ့အမေကို မေးလိုက်တော့ မစ္စ မက်ကီးက ကျွန်တော့်ကို ကြည့်လိုက်ပါတယ်။ သူ့မျက်လုံးအကြည့်တွေက မီနာ့လိုပဲ စူးရှတယ်ဆိုပေမဲ့ ပိုပြီး ကြင်နာတဲ့ပုံ ရှိတာ အမှန်ပါ။
" ရတာပေါ့ကွယ်" လို့ သူက ပြန်ဖြေလိုက်တယ်လေ။
"သမီးတို့က စာသင်ကျောင်းတွေနဲ့ ပတ်သက်ပြီး ဘယ်လိုထင်တယ်ဆိုတာ သူ့ကို ပြောပြထားတယ် အမေရဲ့ " လို့ မီနာက ပြောတော့ မစ္စ မက်ကီးက ရယ်လိုက်ပါတယ်။
" ပြီးတော့ သမီး သူ့ကို ဝီလီယမ် ဘလိတ် အကြောင်းလည်း ပြောပြထားသေးတယ် သိလား အမေ"
ကျွန်တော်ကတော့ ရွှံ့နဲ့ ညီမလေးပုံ ဆက်ဖော်နေဆဲပါ။ ကျွန်တော် ညီမလေးရဲ့ မျက်နှာသဏ္ဍာန်လေးကို ပုံဖော်ဖို့ ကြိုးစားလိုက်ပေမဲ့ ရွှံ့က ကျွန်တော့် လက်ထဲမှာပဲ ခြောက်သွေ့သွားပြီး တဖြည်းဖြည်း ကြွတ်ဆပ်လာပါတော့တယ်။ နောက်တော့ ကျွန်တော် မီနာနဲ့ အကြည့်ချင်းဆုံတော့ ကျွန်တော်လည်း အပြင်သွားဖို့ သူ့ကို မျက်နှာရိပ် မျက်နှာကဲ ပြလိုက်တော့တာပေါ့။
" သမီး မိုက်ကယ်နဲ့ အပြင်မှာ လမ်းသွားလျှောက်လို့ ရလား အမေ" လို့ သူက မစ္စ မက်ကီးကို လှမ်းမေးလိုက်ပါတော့တယ်။
" အင်းလေ။ ဒါဖြင့်သမီးရဲ့ ရွှံ့တွေကို ပလတ်စတစ်နဲ့ သေချာသိမ်းထားခဲ့ဦး။ အဲ့ဒါမှ သမီး ပြန်လာရင် ပြန်ဆော့လို့ရမှာပေါ့ကွယ်"
အခန်း (၂၀)
ကျွန်တော် မီနာ့ကို ခေါ်ပြီး အိမ်ရှေ့လမ်းဘက်ဆီကို ခပ်သုတ်သုတ်ပြေးသွားလိုက်ပါတယ်။ ပြီးတော့ ကျွန်တော် နောက်ဖေးလမ်းထဲ ချိုး၀င်လိုက်တော့တာပေါ့။ ကျွန်တော် ခြံစည်းရိုးနံရံတွေကို ကျော်ပြီး သူ့ကို ဦးဆောင်ကာ ခေါ်သွားခဲ့တယ်လေ။
" ငါတို့ ဘယ်ကို သွားနေကြတာလဲဟ"လို့ မီနာက မေးလိုက်ပါတယ်။
" သိပ်မဝေးတော့ပါဘူးဟ"
ကျွန်တော် တစ်နေရာရောက်တော့ မီနာ့ရဲ့ အဝါရောင် အင်္ကျီလေးနဲ့ ဂျင်းဘောင်းဘီလေးကို တချက် ပြန်ကြည့်မိလိုက်ပါတယ်။
" ငါတို့သွားမဲ့နေရာက ညစ်ပတ်နေတာပဲဟ။ နောက်ပြီး အန္တရာယ်ကလည်း များသေးတယ်" လို့ ကျွန်တော်ကပြောတော့ မီနာက ချက်ချင်းဆိုသလို သူ့ အင်္ကျီကို လည်ပင်းထိဖုံးအောင် ကြယ်သီးတပ်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပါတော့တယ်။
" ကောင်းသားပဲ" လို့ သူကပြောလိုက်ပါသေးတယ်။
" ဆက်သွားလေ မိုက်ကယ်"
ကျွန်တော်လည်း ကျွန်တော်တို့ခြံရဲ့ နောက်ဖေးတံခါးကို ဆွဲဖွင့်လိုက်တော့တာပေါ့။
" ဒီနေရာလား " လို့ မေးပြီး မီနာကလည်း ကျွန်တော့်ကို စိုက်ကြည့်လိုက်တယ်လေ။
" ဟုတ်တယ်ဟ။ ဟုတ်တယ်"
ပြီးတော့ ကျွန်တော် ဂိုဒေါင်တံခါးရှေ့မှာ မီနာနဲ့အတူ မတ်တပ်ရပ်နေလိုက်ပါတော့တယ်။ သူကတော့ ဂိုဒေါင်ထဲကို တချက် လှမ်းကြည့်လိုက်တာပေါ့။ ကျွန်တော်က ကြိုဝှက်ထားတဲ့ ဘီယာဘူးနဲ့ ဓါတ်မီးကို ဂိုဒေါင်တံခါးကြားကနေ ဆွဲထုတ်လိုက်ပါတယ်။
" ငါတို့ ဒါတွေလိုလိမ့်မယ်ဟ"
ပြီးတော့ ကျွန်တော် အိတ်ကပ်ထဲက ငါးကြီးဆီအလုံးလေးတွေကို ထုတ်ပြီး သူ့ကို ပြလိုက်တယ်လေ။
" ပြီးတော့ ဒါတွေရောပဲ...."
မီနာကတော့ မျက်မှောင်ကလေးကြုတ်လို့ ကျွန်တော့်ကို ပြန်ကြည့်နေပါတော့တယ်။
"ငါ့ကို ယုံလိုက်စမ်းပါဟာ" လို့သာ ကျွန်တော် သူ့ကို ပြောလိုက်ရပေမဲ့ ကျွန်တော်ကိုယ်တိုင်က တွန့်ဆုတ်နေခဲ့တာ ကို လိမ်လို့မရပါဘူးလေ။
" ဒီဂိုဒေါင်က နင်ထင်သလောက်လည်း အန္တရာယ် ရှိနေတာတော့ မဟုတ်ပါဘူးဟ။ ငါက ငါမြင်နေရတဲ့ အရာကို နင် မမြင်ရမှာကို စိုးရိမ်နေမိတာပါ"
မီနာက ကျွန်တော့်လက်ကလေးကိုကိုင်ပြီး ဖျစ်ညှစ်လိုက်ပါတယ်။
"အဲ့ဒီမှာ ရှိတဲ့အရာကို ငါတွေ့နိုင်မှာပါဟာ" လို့ သူက တီးတိုးလေး ရေရွတ် လိုက်ပါသေးတယ်။
" ငါ့ကို အဲ့ဒီကို ခေါ်သွားလေ မိုက်ကယ်"
ကျွန်တော်လည်း ဓါတ်မီးကို ခလုတ်ဖွင့်ပြီး ဂိုဒေါင်ထဲကို ခြေလှမ်း လှမ်းလိုက်ပါတော့တယ်။ အထဲရောက်တော့ အရင်အတိုင်းပဲ မှောင်ရိပ်ထဲက သတ္တဝါလေးတွေရဲ့ ဖျတ်ခနဲ ပြေးလွှားသံတွေက ကျွန်တော်တို့ကို ကြိုဆိုလိုက်ကြတာပေါ့။ မီနာတစ်ယောက် ကြောက်ကြောက်နဲ့ တုန်လှုပ်နေတာကို ကျွန်တော် ခံစားမိပါတယ်။ သူ့လက်ဝါးလေးမှာ ချွေးစေးတွေတောင် ပြန်နေပြီလေ။
ကျွန်တော် သူ့လက်ကို တင်းတင်ဆွဲကိုင်ထားပေးလိုက်ပါတော့တယ်။
" ရပါတယ်ဟ။ ငါနဲ့ သာ နီးနီးကပ်ကပ်လေးနေနော် မီနာ"
ကျွန်တော်တို့ နှစ်ယောက်လည်း အမှိုက်တွေနဲ့ ပရိဘောဂအစုတ်တွေကြားထဲ ဆက်ပြီး တိုး၀င်လာခဲ့ကြပါတယ်။ ပင့်ကူအိမ် အမျှင်တွေကလည်း ကျွန်တော်တို့ ခန္ဓာကိုယ်နဲ့ အ၀တ်အစားတွေမှာပါ ငြိတွယ်ကုန်ကြတော့တာပေါ့။ ယင်မည်းရိုင်းတွေကလည်း ပါပါသေးတယ်။ မျက်နှာကြက် ကလည်း တကျွိကျွိအော်မြည်လာတဲ့အပြင် ဆွေးမြည့်နေတဲ့ သစ်သားတွေဆီကလည်း ဖုန်မှုန့်တွေ ကျဆင်းလာခဲ့ကြတယ်လေ။ ကျွန်တော်တို့ လက်လက်ခြောက် ပုံးခွံတွေနား ရောက်လာတော့ ကျွန်တော် တုန်လှုပ်မိပါတယ်။ မီနာက ကျွန်တော်မြင်တဲ့အရာကို မမြင်ရမှာလည်း ဖြစ်နိုင်တယ် မဟုတ်ပါလား။ ကျွန်တော်က ဒီတချိန်လုံး အမြင်မှားနေတာလည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော် အရင်ကလို အိပ်မက်တွေမက်နေတာများလားဆိုတာ ကျွန်တော် မသဲကွဲနိုင်တော့ပါဘူး။
ကျွန်တော်လည်း ရှေ့ကိုမှီရင်း လက်ဘက်ခြောက်ပုံးခွံတွေကြားကို ဓါတ်မီးအလင်းရောင်နဲ့ ထိုးကြည့်လိုက်ပါတော့တယ်။
"မင်း လာပြန်ပြီလား" ဆိုတဲ့ သူ့ရဲ့ ခြောက်ကပ်ကပ် အသံကို ကျွန်တော် ကြားလိုက်ရပါတယ်။
မီနာဖြင့် အောင့်အီးနေတဲ့ ကြားထဲကတောင် လန့်ပြီး အော်မိလိုက်ပါသေးတယ်။ သူ့လက်တွေကလည်း အေးစက် တောင့်တင်း နေတော့တာပေါ့။ ကျွန်တော်လည်း သူ့ကို ကျွန်တော့်အနားကို ဆွဲကပ်ထားပေးလိုက်ပါတော့တယ်။
"အားလုံး အဆင်ပြေသွားမှာပါ မီနာ" လို့ ကျွန်တော် သူ့ကို တီးတိုးလေး အားပေးလိုက်ပါတယ်။
"ကျွန်တော့် သူငယ်ချင်းကို ခေါ်လာတယ်ဗျ။ ကျွန်တော် သူ့ကို ခေါ်လာမယ်လို့ ပြောထားတယ်လေ။ ဒါက မီနာပါ"
အဲ့ဒီတော့ နံရံကိုမှီကာထိုင်နေတဲ့ သူက မီနာ့ကို လှမ်းကြည့်ပြီး မျက်လွှာ ပြန်ချနေလိုက်ပါတယ်။
ကျွန်တော် သူ့ကို လက်ထဲက ဘီယာဘူးကို ပြလိုက်ပါသေးတယ်။
" ကျွန်တော် ဒါလည်း ယူလာတယ်ဗျ"
သူက ရယ်လိုက်ပါတယ်။ ပြုံးတော့ မပြုံးပါဘူးလေ။
ကျွန်တော် သူ့အနားကိုတိုးကပ်လိုက်ပါတယ်။ ပြီးတော့ ကျွန်တော် ခေါက်ဓါးလေးနဲ့ ဘီယာဘူးအဖုံးကို ထိုးဖွင့်ပြီး သူ့ဘေးမှာ ၀င်ထိုင်လိုက်တော့တာပေါ့။ အဲ့ဒီတော့ သူက ခေါင်းကို နောက်လှန်ချလို့ ကျွန်တော့်ကို သူ့ပါးစပ်ထဲ ဘီယာလောင်းချပေးဖို့ အမူအရာလုပ်ပြတယ်လေ။ ကျွန်တော်လည်း သူ့ပါးစပ်ထဲ ဘီယာအချို့လောင်းချပေးတော့ သူက အငမ်းမရ မျိုချရှာပါတယ်။ ဘီယာရည် အချို့တောင် သူ့ပါးစောင်ကနေ သူ့ရဲ့ အနက်ရောင် ၀တ်စုံကြီးပေါ်ကို စီးကျသွားကြပါသေးတယ်။
" ပန်း၀တ်ရည်လေးတွေပါလား" လို့ သူက ငြီးလိုက်ပါတယ်။
" နတ်ဘုရားတွေအတွက် ယမကာပဲကွ"
သူက နောက်တစ်ခါ ခေါင်းကို ထပ်လှန်ချလိုက်တော့ ကျွန်တော်လည်း နောက်တစ်ချီ ဘီယာ ထပ်လောင်းချပေး လိုက်ပါတယ်။
ကျွန်တော် မီနာ့ကို လှမ်းကြည့်လိုက်တော့ သူ့ခမျာ အမှောင်ထဲကနေ အံ့ဩစရာ မြင်ကွင်းကြီးကို အသက်ရှူမှားလောက်အောင် စောင့်ကြည့်နေတာကို တွေ့လိုက်ရတာပေါ့။
" ဦးက ဘယ်သူလဲဟင်" လို့ မီနာက တိုးတိုးလေး မေးလိုက်ပါတော့တယ်။
" မင်း သိစရာမလိုပါဘူးကွာ" လို့ သူက ပြန်ဖြေလိုက်တယ်လေ။
"ကျွန်တော် ဆရာ၀န်တစ်ယောက်နဲ့ တွေ့ခဲ့သေးတယ်ဗျ။ သူက ဟို ဒေါက်တာ သေမင်း မဟုတ်ပါဘူး။ ဦးကို ရောဂါပျောက်အောင် ကုပေးနိုင်မဲ့ သူပါ"
"ဘယ်ဆရာ၀န်မှ မလိုချင်ဘူး။ ဘယ်သူမှမလိုဘူး။ ဘာမှမလိုဘူးကွာ။ ငါ့ကို အေးအေးဆေးဆေး နေခွင့်ပေးကြစမ်းပါ"
" ဒါဆို ဦးသေသွားမှာပေါ့။ ဦးရဲ့ အရိုးတွေ ကျိုးပဲ့ပြီး သေသွားလိမ့်မယ်"
" ကျိုးချင်လည်း ကျိုးပါစေပေါ့ကွာ" ဆိုပြီး သူက ခေါင်းကို နောက်လှန်ချလိုက်ပါတော့တယ်။
" ဘီယာထည့်ပေးဦး"
ကျွန်တော်လည်း သူ့ပါးစပ်ထဲ ဘီယာထပ်လောင်းချပေးလိုက်တယ်လေ။
"ကျွန်တော် ဒါတွေလည်း ယူလာသေးတယ် သိလား" ဆိုပြီး ကျွန်တော် ငါးကြီးဆီ ဆေးလုံးလေးတွေကို သူ့ကိုပြလိုက်ပါတယ်။
" လူတချို့က ဒီဆေးကို စွဲစွဲမြဲမြဲ မှီဝဲလေ့ရှိကြတယ်တဲ့"
သူက နှာခေါင်းတရှုံ့ရှုံ့နဲ့ အနံ့ခံလိုက်တာပေါ့။
" ဟင်း...ငါးညှီနံ့ရတယ်။ သေးသေးသွယ်သွယ်၊ချွဲကျိကျိနဲ့ ရေထဲမှာနေတဲ့ သတ္တဝါတွေပဲ" ဆိုပြီး သူက အသံအက်ကွဲကွဲနဲ့ မှတ်ချက်ချလိုက်ပါတယ်။
ကျွန်တော်ဖြင့် မျက်လုံးထဲမှာ မျက်ရည်စတွေတောင် ထွက်လာမိတာ အမှန်ပါ။
" သူက အဲ့ဒီလိုပဲ ထိုင်နေတာဟ" လို့ ကျွန်တော် မီနာ့ကို ပြောလိုက်ပါတယ်။
"သူက ဂရုလည်းမစိုက်ဘူးလေ။ သေဖို့ကို ထိုင်စောင့်နေတဲ့အတိုင်းပဲ။ ငါလည်း ဘာလုပ်ပေးရမလဲ မသိတော့ဘူးဟာ" လို့ ကျွန်တော်က ဆိုတော့
" ဘာမှမလုပ်နဲ့ပေါ့" ဆိုပြီး သူက ခြောက်ကပ်ကပ် အသံနဲ့ ၀င်ပြောလိုက်ပါသေးတယ်။
ပြီးတော့ သူက မျက်လုံးမှိတ်လို့ ခေါင်းကို ငိုက်စိုက်ချနေလိုက်ပါတော့တယ်။
ခဏနေတော့ မီနာလည်း ကျွန်တော်တို့ နှစ်ယောက်ကြားမှာ ၀င်ထိုင်ကာ သူ့ရဲ့ ဖြူဖပ်ဖြူလျော် မျက်နှာကို သေချာကြည့်နေလိုက်တော့တာပေါ့။ သူ့ခန္ဓာကိုယ်ပေါ်မှာလည်း ပင့်ကူမျှင်တွေနဲ့ ယင်မည်းရိုင်း အသေကောင်တွေက ကပ်တွယ်နေသလို ပင့်ကူတွေနဲ့ ပိုးတောင်မာတွေ ကလည်း ဟိုဟိုဒီဒီ လျှောက်သွားနေကြလေရဲ့။ မီနာက ကျွန်တော့်လက်ထဲက ဓါတ်မီးကို ယူပြီး အနက်ရောင်၀တ်စုံအောက်က ပိန်လှီခြောက်ကပ်နေတဲ့ သူ့ခန္ဓာကိုယ်ကို အလင်းရောင်ထိုးကာ သေချာ ကြည့်နေလိုက်ပါတယ်။ သူက နံရံကို မှီပြီး ခြေထောက်နှစ်ဖက်ကို ဆန့်တန်းထားကာ ယောင်ကိုင်းနေတဲ့ လက်နှစ်ဖက်ကိုလည်း ဘေးမှာချထားလို့ ခြေပစ်လက်ပစ်ကို ထိုင်နေခဲ့တာလေ။ ပြီးတော့ မီနာက သူ့ဘေးမှာကျနေတဲ့ အနက်ရောင် အမွှေး အလုံးလေးကို ကောက်ယူလိုက်ပါတော့တယ်။
" ဦးက ဘယ်သူလဲဟင်" လို့ မီနာက ထပ်မေးလိုက်ပါတယ်။
" ဘယ်သူမှ မဟုတ်ဘူး"
မီနာလည်း သူ့ရဲ့ ဖြူဖပ်ဖြူလျော် ပါးပြင်ကို ကိုယ်တိုင် လက်နဲ့ ထိတွေ့ကြည့်လိုက်တယ်လေ။
" အေးစက်ပြီး ခြောက်ကပ်နေတာပဲနော်။ ဦး ဒီမှာ ရှိနေတာ ဘယ်လောက် ကြာပြီလဲ"
" ကြာသင့်သလောက် ကြာပြီ"
" ဦးက သေသွားပြီလားဟင်"
သူက စိတ်မရှည်တဲ့အသံနဲ့ ညည်းလိုက်ပါတော့တယ်။
" ကလေးတွေကတော့ကွာ...တခါလာလည်း ဒါပဲ မေးနေကြတယ်"
" မီနာ့ကို ပြောပြလိုက်ပါလား ဦး" လို့ ကျွန်တော် သူ့ကို ၀င်ပြောလိုက်ပါတယ်။
" သူက တော်တယ်ဗျ။ သူက ဘာလုပ်ရမလဲဆိုတာ သိမှာပါ"
အဲ့ဒီတော့ သူကရယ်တယ်လေ။ ပြုံးတော့ မပြုံးခဲ့ပါဘူး။
" သူ့မျက်နှာကို ငါ့ကို ပြစမ်းပါဦး" ဆိုပြီး နောက်ဆုံးတော့ သူက တောင်းဆို လာတော့တာပေါ့။
မီနာက ဓါတ်မီးအလင်းရောင်နဲ့ သူ့မျက်နှာကိုထိုးပြလိုက်ပါတယ်။ အလင်းရောင်အောက်က သူ့မျက်နှာကတော့ ပါးနှစ်ဖက်လုံး ဖြူဖွေးဆွတ်ပြီး မျက်လုံးနဲ့ ပါးစပ်နေရာမှာ အမည်းကွက်ကြီး ဖြစ်နေပါတော့တယ်။
" သမီး နာမည်က မီနာပါ" လို့ မီနာက ပြောလိုက်ပါတယ်။
သူက အလိုက်တသင့်ပြန်မဖြေတော့ မီနာက သက်ပြင်းလေးချလိုက်တာပေါ့။
" သမီး နာမည်က မီနာဆို...ဦးနာမည်က..." ဆိုပြီး မီနာက ထပ်ပြီး ပြောလိုက်ပါသေးတယ်။
" မင်းက မီနာ...ငါက သေတော့မဲ့ လူနာကွ" ဆိုပြီး သူက ခပ်ပြတ်ပြတ် ပြန်ဖြေလိုက်ပါတယ်။
မီနာလည်း သူ့ရဲ့လက်ကို ဆွဲကိုင်လိုက်ပါတော့တယ်။ ပြီးတော့ မီနာက သူ့ရဲ့ လက်ရှည်အင်္ကျီအနားကို ခေါက်ပြီး တွန့်လိမ် ပိန်လှီနေတဲ့ လက်ကောက်၀တ်ကို စမ်းသပ်ကြည့် လိုက်တယ်လေ။
" ဒါက ထုံးကျောက်ဖြစ်တည်ခြင်းပဲဟ" လို့ မီနာက ရေရွတ်လိုက်ပါတယ်။
"အရိုးတွေက မာကျောလာပြီး လှုပ်ရှားလို့ မရဖြစ်လာတာလေ။ ဒီအတိုင်းသာဆို တဖြည်းဖြည်းနဲ့ သူ့ခန္ဓာကိုယ်က ကျောက်တုံးအဖြစ်ကို ပြောင်းသွားလိမ့်မယ်"
"အင်း...မင်းက သိပ်တော့မတုံးလှဘူးပေါ့လေ" လို့ သူက အက်ကွဲကွဲအသံနဲ့ ပြန်ပြောလိုက်ပါတယ်။
" နောက်ပြီး ကျန်သေးတယ်။ ဒီဖြစ်စဉ်ကြောင့် စိတ်အာရုံကြောတွေလည်း ဒီထက်ပိုပြီး စဉ်းစားတွေးတောလို့ မရတော့ဘဲ သေဆုံးသွားလိမ့်မယ်။ စိတ်အာရုံကပါ အရိုးတွေလို မာကျောတောင့်တင်းလာကြမှာလေ။ နောက်ဆို သူ့တစ်ကိုယ်လုံးမှာ ရှိတဲ့ အရိုးတွေက ကျောက်တုံး တစ်တုံးထဲမှာ ထည့်ပြီး ကျောက်ချထားသလို ဖြစ်သွားမှာ သေချာတယ်။ အဲ့ဒါကို ကျောက်တုံးအဖြစ်သို့ ပြောင်းလဲခြင်းလို့ ခေါ်တယ်လေ"
သူက သက်ပြင်းချလိုက်ပါတယ်။
"ဘီယာ ထည့်ပေးစမ်းပါဦး" လို့ သူကပြောတော့ ကျွန်တော်လည်း သူ့ပါးစပ်ထဲကို ဘီယာအချို့ ထပ်လောင်းထည့်ပေးလိုက်ပါတော့တယ်။
" ဒီကောင်မလေးကို ဒီနေရာကနေ ခေါ်သွားစမ်းပါကွာ" လို့ သူက ကျွန်တော့်ကို တီးတိုးလေးပြော လိုက်ပါတယ်။
လေပြည်တစ်ချက်ခတ်တော့ ဂိုဒေါင်အမိုးက လှုပ်ခတ်သွားသလို ကျွန်တော်တို့ ခေါင်းပေါ်ကို ဖုန်တွေကလည်း တဖွဲဖွဲကျလာပါတော့တယ်။ သူ့ဆီက အသက်ရှူနံ့ကို ရလိုက်တော့ မီနာ့ခမျာ မျက်နှာကလေး ရှုံ့မဲ့သွားတော့တာပေါ့။ ကျွန်တော်လည်း မီနာ့လက်ကို ကိုင်ပြီး သူ့ရဲ့ ပုခုံးပေါ်က လက်ပြင်ရိုးတွေပေါ်ကို တင်ပေးလိုက်ပါတယ်။ ပြီးတော့ ကျွန်တော် မီနာ့လက်ညှိုးတွေကိုကိုင်ပြီး သူ့အနက်ရောက် ၀တ်စုံပေါ်က အဖုအဖောင်းကြီးကို စမ်းသပ်ခိုင်းလိုက်တယ်လေ။ မီနာလည်း သူ့ရဲ့ လက်ပြင်ရိုးနှစ်ဖက်စလုံးကို လက်နဲ့ သေချာ စမ်းသပ်ကြည့်လိုက်ပါတယ်။ မီနာ ကျွန်တော့်ကို တစ်ချက်ပြန်ကြည့်လိုက်တော့ ဓါတ်မီးအလင်းရောင်မှာ သူ့မျက်လုံးတွေက တောက်ပနေတာကို ကျွန်တော် တွေ့လိုက်ရပါတော့တယ်။
မီနာ့မျက်နှာက သူ့မျက်နှာကိုတောင် ထိကပ်မိတော့မတတ်ကို နီးကပ်နေခဲ့တာ အမှန်ပါ။ သူတို့နှစ်ယောက်ရဲ့ ဖြူဆွတ်ဆွတ် အသားအရေက အလင်းရောက်အောက်မှာ တောက်ပလို့ နေကြပါတော့တယ်။
" ဦးက ဘာလဲဟင်" လို့ မီနာက တီးတိုးလေး ရေရွတ်လိုက်ပါတယ်။
သူက ဘာမှတော့ ပြန်မဖြေခဲ့ပါဘူး။ သူက ခေါင်းကိုငိုက်စိုက်ချလို့ မျက်လုံးကိုစုံမှိတ်ကာ ထိုင်နေဆဲပါ။
" သမီးတို့ ဦးကို ကူညီပေးလို့ရပါတယ်" လို့ မီနာက ဆက်ပြောလိုက်တယ်လေ။
ကျွန်တော်လည်း မျက်လုံးအိမ်ကနေ မျက်ရည်စတွေ လိမ့်ဆင်းလာတာကို ခံစားမိလိုက် ရပါတယ်။
"သမီးတို့ ဦးကို တနေရာရာဆီ ခေါ်သွားပေးလို့ ရတယ် သိလား။ အဲ့ဒီမှာဆို ပိုပြီး လုံခြုံလိမ့်မယ်။ ဘယ်သူမှလည်း သိမှာ မဟုတ်ဘူးလေ။ ဦးသာ တကယ်တမ်း ထိုင်ရင်းနဲ့ပဲ အသက်ထွက်သွားဖို့ ဆန္ဓရှိတယ်ဆိုရင်တောင် အဲ့ဒီနေရာက ပိုအဆင်ပြေမှာပါ"
အဲ့ဒီအချိန်မှာ ကျွန်တော်တို့ ခြေထောက်ကို အ မွှေးပွပွနဲ့ ပွတ်တိုက်မိတဲ့ ခံစားချက်လေးကို ခံစားလိုက်ရတော့ ကျွန်တော်လည်း ဓါတ်မီးအလင်းရောင်နဲ့ အောက်ကို ထိုးကြည့်လိုက် ပါတော့တယ်။ ကျွန်တော်တို့ ခြေထောက်အောက်မှာတော့ ကြောင်ကလေး ၀စ်စပါးက ရောက်နေလေရဲ့။
" ဟယ်....ဝစ်စပါး ပါလား" လို့ မီနာက ရေရွတ်လိုက်တယ်လေ။
ကြောင်လေးက သူ့အနားသွားပြီး ရောင်ကိုင်းနေတဲ့ သူ့လက်ကို အမွှေးပွပွခန္ဓာကိုယ်လေးနဲ့ ပွတ်နေတော့ သူက သက်ပြင်းချလိုက်ပါတော့တယ်။
" နူးညံ့ပြီး ချောမွေ့နေတဲ့ သတ္တဝါလေးပဲ" လို့ သူက ရေရွတ်လိုက်တာပေါ့။
သူက ရှိရှိသမျှအားနဲ့ လက်ကို မလို့ ကြောင်လေးကို အမွှေးသပ်ပေးလိုက်ပါသေးတယ်။
" သိပ် ချစ်စရာကောင်းတဲ့ သတ္တဝါပဲနော်"
ကြောင်ကလေးကလည်း သူ့ရဲ့အထိအတွေ့မှာ ညင်ညင်သာသာနဲ့ ငြီးငြူနေလိုက် ပါတော့တယ်။
ဂိုဒေါင်ခေါင်မိုးက သစ်သားဆွေးတွေကနေ တကျွိကျွိ အသံတွေ ထပ်ကြားလိုက်ရသလို ဖုန်တွေကလည်း ကျွန်တော်တို့ ခေါင်းပေါ်ကို ထပ်ပြီး ကျလာခဲ့ပါတယ်။
" ကျေးဇူးပြုပြီး ကျွန်တော်တို့ ဦးကို တနေရာရာ ရွှေ့ပေးခွင့်ပြုပါနော်" လို့ ကျွန်တော်က ပြောတော့ သူက
" ဘီယာထည့်ပေးစမ်းပါဦး" လို့ ရေရွတ်လိုက်ပါတယ်။
ကျွန်တော်လည်း ငါးကြီးဆီတစ်လုံးပါ သူ့ကို ကမ်းလိုက်တာပေါ့။
" ဒီ ဆေးလုံးပါ ရောသောက်လိုက်နော်"
သူက ခေါင်းကို နောက်လှန်ချပေးပြန်တော့ ကျွန်တော်လည်း ဘီယာနဲ့အတူ ငါးကြီးဆီ တစ်လုံးပါ သူ့ပါးစပ်ထဲ ထည့်ပေးလိုက်ပါတော့တယ်။
နောက်တော့ သူက မျက်လုံးဖွင့်လို့ မီနာ့ကို စူးစူးဝါးဝါးကြည့်နေလိုက်ပါတယ်။ မီနာကလည်း သူ့ကို မမှိတ်မသုန် ပြန်ကြည့်နေလေရဲ့။
"ဦး သမီးတို့ကို ကူညီခွင့်ပေးမှကို ဖြစ်မယ်" လို့ မီနာက သူ့ကို ပြတ်ပြတ်သားသား ပြောလိုက်ပါတယ်။
သူက အချိန်အတော်ကြာတဲ့အထိ နှုတ်ဆိတ်ကာ ငြိမ်နေလိုက်တယ်လေ။ နောက်ဆုံးမှပဲ သက်ပြင်းလေးချလို့ အဖြေ ပြန်ပေးလိုက်တယ်။
" မင်းတို့ သဘောကျသာ လုပ်ပါ" တဲ့လေ။
အခန်း (၂၁)
ကျွန်တော်နဲ့ မီနာ ခြံထဲမှာ မတ်တပ်ရပ်နေမိခဲ့ကြပါတယ်။ ကြောင်လေး ၀စ်စပါးကလည်း အနားမှာ ဟိုဟိုဒီဒီလျှောက်သွားနေလေရဲ့။ ကျွန်တော်တို့လည်း ဆံပင်နဲ့ ခန္ဓာကိုယ်ပေါ်မှာကပ်နေတဲ့ ပင့်ကူမျှင်တွေနဲ့ ယင်မည်းရိုင်းတွေကို တစ်ယေယာက်နဲ့ တစ်ယောက် ကြည့်ပြီး ဖယ်ရှားပေးလိုက်ကြပါတော့တယ်။ မီနာရဲ့ မျက်လုံး အကြည့်တွေကတော့ အခုထက်ထိကို စူးရှနေဆဲပါ။
" သူက သိပ်ကို ထူးခြားတဲ့ သူပဲနော်" လို့ မီနာက စပြောလိုက်တယ်လေ။
လေအဝှေ့မှာ ဂိုဒေါင်က ကျွိခနဲအသံပြုလို့ အိကျသွားပါသေးတယ်။
" ငါတို့ သူ့ကို ဒီညပဲ အပြင်ခေါ်ထုတ်ကြရအောင်လေ" လို့ မီနာက ဆက်ပြောလိုက်ပါတယ်။
" ငါတို့ တစ်ယောက်နဲ့ တစ်ယောက် ဇီးကွက်လို အသံပေးပြီး ခေါ်ကြတာပေါ့။ နောက်ပြီး ငါတို့ မအိပ်ဘဲ စောင့်နေကြမယ်လေ မိုက်ကယ်"
ကျွန်တော်နဲ့ မီနာ တစ်ယောက်ကို တစ်ယောက် တဒင်္ဂလောက် စိုက်ကြည့် နေမိပါတော့တယ်။
" သိပ်ကို ထူးခြားတဲ့ သူပဲဟယ်" ဆိုပြီး သူကတော့ ဆက်ရေရွတ်နေဆဲပါ။
ပြီးတော့ မီနာက သူ ဂိုဒေါင်ထဲကနေ ကောက်ယူလာတဲ့ အမွှေးအတောင်တွေ အလုံး မည်းမည်းလေးကို လက်ဖြန့်ပြီး ကျွန်တော့်ကို ပြလိုက်တယ်လေ။
" အဲ့ဒါ ဘာကြီးလဲဟ" လို့ ကျွန်တော် သူ့ကို မေးလိုက်ပါတယ်။
အဲ့ဒီတော့ မီနာက သူ့ နှုတ်ခမ်းလေးကို ကိုက်လိုက်တာပေါ့။
" ဒါက ငါထင်နေတဲ့ အရာတော့ မဖြစ်နိုင်ပါဘူးလေ။ မဖြစ်နိုင်ပါဘူး.."
အဲ့ဒီအချိန်မှာပဲ အဖေက နောက်ဖေးတံခါးပေါက်ကနေထွက်လာပြီး ကျွန်တော်နဲ့ မီနာကို ကြည့်နေတာကို ကျွန်တော် လှမ်းတွေ့လိုက်ပါတော့တယ်။
" ငါ အခုတော့ သွားရတော့မယ်ဟ" လို့ ကျွန်တော် မီနာ့ကို ပြောလိုက်ပါတယ်။
" ငါ ခြံထဲမှာ အလုပ်ဆက်လုပ်ရဦးမယ်"
" ဒါဖြင့် ငါလည်း အိမ်ပြန်ပြီး ငှက်မည်းရုပ်လေး ဆက်လုပ်လိုက်ဦးမယ်လေ"
" အင်း...ငါတို့ မနက် အရုဏ်တက်လောက် ပြန် တွေ့ကြမယ်နော်"
" အင်းပါ...ငါ မအိပ်ဘဲ စောင့်နေမယ်" ဆိုပြီး မီနာက ကျွန်တော့်လက်ကို ဖျစ်ညှစ်လို့ သူတို့အိမ်ဘက်ကို ကြောင်လေး ၀စ်စပါးနဲ့အတူ ပြေးထွက်သွားပါတော့တယ်။
ကျွန်တော်လည်း ခြံထဲပြန်၀င်လာခဲ့ရင်း အဖေ့ကို လက်လှမ်းပြလိုက်ပါတယ်။ ကျွန်တော်ဖြင့် ရင်တွေတောင်တုန်နေခဲ့တာ အမှန်ပါ။ ကျွန်တော် ခြံထဲမှာ ဒူးထောက်ထိုင်ချပြီး ရိုးတံပင်တွေကို ဆွဲလိမ်ကာ နှုတ်လိုက်ပါတော့တယ်။ အဲ့ဒီတော့ မြေကြီးပွပွထဲက ပိုးကောင်လေးတွေက သုတ်သီး သုတ်ပြာနဲ့ ထွက်ပြေးကုန်ကြတော့တာပေါ့။
" သူ မသေတော့ဘူး...သူ သေမှာ မဟုတ်တော့ဘူး" လို့သာ ကျွန်တော် ရေရွတ်နေမိတယ်လေ။
နောက်တော့ အဖေလည်း ခြံထဲဆင်းလာခဲ့ပါတော့တယ်။ ကျွန်တော်တို့ လိမ္မော်ရည် အတူသောက်ရင်း အိမ်နံရံကို မှီထိုင်ကာ အမောဖြေနေခဲ့ကြပါတယ်။
အဖေက ပြုံးတယ်လေ။
" သားက မီနာ့ကိုတော့ သဘောကျသားပဲ ဟုတ်တယ်မဟုတ်လား" လို့ အဖေက မေးတော့ ကျွန်တော် ပုခုံးတွန့်ပြလိုက်ပါတယ်။
" ဟုတ်ပါတယ်ကွာ" လို့ အဖေက ဆက်ပြောလိုက်ပါသေးတယ်။
" သူက သိပ်ကို ထူးခြားတဲ့သူပါ အဖေ" လို့ပဲ ကျွန်တော် ပြန်ဖြေလိုက်ပါတော့တယ်။
အခန်း (၂၂)
ကျွန်တော်နဲ့ ညီမလေးက ငှက်မည်းရဲ့ အသိုက်ထဲမှာ အတူတူ ရောက်ရှိလို့နေပါတယ်။ ညီမလေးရဲ့ ခန္ဓာကိုယ်က ငှက်မွှေးတွေနဲ့ ဖုံးအုပ်ထားတော့ နူးညံ့ပြီး နွေးထွေးနေတော့တာပေါ့။ ငှက်မည်းကြီးကတော့ အိမ်ခေါင်မိုးပေါ်မှာ အတောင်ပံကို တဖျတ်ဖျတ်မြည်အောင် ရိုက်ခတ်ရင်း စူးစူးဝါးဝါး အော်မြည်ကာ နားနေပါတော့တယ်။ ဒေါက်တာ မက်နဘိုလာနဲ့ ဒေါက်တာ သေမင်းတို့ကတော့ ကျွန်တော်နဲ့ ညီမလေးတို့ရဲ့ အောက်ကခြံထဲမှာ ရှိနေကြတယ်လေ။ သူတို့ရှေ့မှာလည်း ကတ်ကြေး၊ဓါးနဲ့ လွှတွေ တင်ထားရဲ့ စားပွဲတစ်လုံးကလည်း ရှိနေပါသေးတယ်။ ဒေါက်တာ သေမင်းရဲ့ လက်ထဲမှာတော့ ဆေးထိုးအပ်ကြီး ချွန်မြမြကို ကိုင်ထားတော့တာပေါ့။
" ကလေးလေးကို အောက်ကိုခေါ်လာခဲ့စမ်း" လို့ သူက အော်ပြောလိုက်ပါတယ်။
" ငါတို့ ဒီကလေးကို အကောင်းတိုင်းဖြစ်အောင် ပြန်လုပ်ပေးရမယ်" တဲ့လေ။
ညီမလေးခမျာ ကြောက်လွန်းလို့ စူးစူးဝါးဝါးနဲ့ကို အော်နေရတော့ရှာတာပါ။ ပြီးတော့ ညီမလေးက အသိုက်ရဲ့အစွန်းမှာ မတ်တပ်ရပ်ပြီး သူ့ရဲ့ အတောင်ပံတွေကို တဖျတ်ဖျတ် ခပ်ကာ အသိုက်ထဲကနေ ပျံသန်းသွားပါတော့တယ်။ ကျွန်တော် သူ့ရဲ့ ခန္ဓာကိုယ်ပေါ်က အကွက်တွေကို မျက်ဝါးထင်ထင်တွေ့လိုက်ရပါတယ်။ သူက အတောင် အလက် မစုံသေးဘူး မဟုတ်ပါလား။ အဲ့ဒီတော့ သူ့ရဲ့ အတောင်တွေကလည်း လေထဲမှာ အကြာကြီး မဝဲပျံနိုင်တော့ဘူးပေါ့ဗျာ။ ကျွန်တော် သူ့ကို အသိုက်ထဲ ပြန်ဆွဲချဖို့ လက်လှမ်းလိုက်ပါသေးတယ်။ ဒါပေမယ့် ကျွန်တော့်လက်တွေက ကျောက်တုံးတစ်တုံးလို မာကျောတောင့်တင်းနေခဲ့တယ်လေ။
" ဆက်သွားလေ..." လို့ ခြံထဲက ဒေါက်တာ နှစ်ယောက်က အော်လိုက်ကြပါတယ်။ ပြီးတော့ သူတို့ ရယ်ကြတာပေါ့။
" သွားလေ ကလေး...ဆက်ပြီး ပျံသန်းလိုက်စမ်းပါကွယ်"
ဒေါက်တာ မက်နဘိုလာက ကျွန်တော်တို့ အောက်ကနေ လွှတစ်ချောင်းကိုင်လို့ စောင့်နေခဲ့ပါတော့တယ်။
ညီမလေးကလည်း အသိုက်နှုတ်ခမ်းကနေ ဒယီးဒယိုင်နဲ့ လျှောက်နေခဲ့တယ်လေ။
အဲ့ဒီအချိန်မှာပဲ ဇီးကွက်တွန်သံကြားပြီး ကျွန်တော် လန့်နိုးလာပါတော့တယ်။ အလင်းရောင် မှိန်မှိန်လေးတောင် ကျွန်တော့် ပြတင်းပေါက်နားမှာ မြင်နေရပါပြီ။ ကျွန်တော်လည်း ခြံထဲကို လှမ်းကြည့်လိုက်တော့ မီနာက လက်ကလေးအုပ်လို့ ကျွန်တော်တို့အိမ်ဘက်လှည့်ပြီး အသံပေးနေတာကို တွေ့လိုက်ရတာပေါ့။
" အူး...အူး...အူး....အူး...."
" ငါ တစ်ညလုံး မအိပ်ဘူး သိလား" လို့ ကျွန်တေယ်လည်း မီနာ့ဆီ ရောက်ရောက်ချင်း ပြောလိုက်တယ်လေ။
" ပြီးတော့မှ ခုနလေးတင် ငါတောင်မသိလိုက်ဘဲ ရုတ်တရက် အိပ်ပျော်သွားတယ်ဟ"
" ဒါပေမယ့် နင်က အခုတော့ နိုးနေပြီမဟုတ်လား" လို့ မီနာက မေးလိုက်ပါတယ်။
" အင်း"
" ငါတို့ ဒါ အိပ်မက်မက်နေတာ မဟုတ်ဘူးနော်"
" ဟုတ်တယ်။ ဒါ ငါတို့ အိပ်မက် မက်နေတာ မဟုတ်ဘူး"
" ငါတို့ အတူတူ အိပ်မက် မက်နေတာလည်း မဟုတ်ဘူးနော်"
" ငါတို့အတူတူ အိပ်မက်မက်ခဲ့တယ်ဆိုရင်တောင် ဘယ်လိုလုပ် သိနိုင်မှာလဲဟ"
ငှက်မည်းလေးတစ်ကောင်တောင် ခေါင်မိုးဆီ ပျံသန်းလာပြီး မနက်ခင်း သီချင်းလေး ဆိုနေတာကို ကျွန်တော်တို့ တွေ့လိုက်ရပါတော့တယ်။
" ကဲ...အချိန်ဖြုန်းမနေ သင့်တော့ဘူးဟ" လို့ ကျွန်တော် မီနာ့ကို ပြောလိုက်တယ်လေ။
ကျွန်တော်တို့လည်း ဂိုဒေါင်တံခါးဆီသွားပြီး အထဲကို ၀င်လိုက်ကြပါတော့တယ်။ ကျွန်တော်တို့ အထဲက ပရိဘောဂ အဟောင်းတွေကို ကျော်ဖြတ်ပြီး တစ်နေရာ အရောက်မှာတော့ ကျွန်တော် သူ့မျက်နှာကို ဓါတ်မီးအလင်းရောင်နဲ့ ထိုးကြည့်လိုက်တော့တာပေါ့။
" ဦး...သမီးတို့နဲ့ လိုက်ခဲ့ရမယ်နော်" လို့ မီနာက သူ့ကို ပြောလိုက်ပါတယ်။
သူကတော့ သက်ပြင်းချလိုက် ညည်းလိုက်ပါပဲ။
" ငါက နေမကောင်းဘူးကွ" လို့ နောက်ဆုံးတော့ သူက ပြောလာတယ်လေ။
သူ ကျွန်တော်တို့ကိုတော့ ကြည့်မနေခဲ့ပါဘူး။
" ငါက သေလောက်အောင် နေမကောင်းဖြစ်နေတဲ့သူပါကွာ"
ကျွန်တော်တို့လည်း သူရှိရာ လက်ဘက်ခြောက်ပုံးခွံတွေကြားထဲတိုး၀င်ပြီး သူ့ဘေးမှာ ထိုင်ချလိုက်ကြပါတော့တယ်။
" ဦး... သမီးတို့နဲ့ လိုက်ကို လိုက်ရမယ်နော်" လို့ မီနာက ထပ်ပြောလိုက်တော့ သူက
" ငါက ကလေးတစ်ယောက်လို အားနည်းနေတယ်ကွ" လို့ ညည်းရှာပါတယ်။
" ကလေးတွေက အားမနည်းပါဘူး ဦးရယ်" ဆိုပြီး မီနာက သူ့ကို ပြန်အားပေးလိုက်ပါတယ်။
" ကလေးတစ်ယောက်က အစားစားချင်လို့ အော်ငိုတာ ဒါမှမဟုတ် အစားရှိရာဆီသွားဖို့ တရွတ်တိုက်ဆွဲလို့ ကြိုးစားပြီး ရောက်အောင်သွားတာကို ဦး မြင်ဖူးတယ် မဟုတ်လား။ ငှက်မည်းလေးတစ်ကောင်က သူ့ဘ၀ရဲ့ ပထမဆုံး ပျံသန်းဖို့ကို ရဲရဲဝံ့ဝံ့ ကြိုးစားတာကို ရော ဦးမြင်ဖူးလား"
မီနာက သူ့ရဲ့ ချိုင်းအောက်ကိုလက်ထည့်ပြီး ဆွဲမလိုက်ပါတော့တယ်။
" ကျေးဇူးပြုပြီး ကြိုးစားပါဦးရှင်" လို့ မီနာက ရေရွတ်လိုက်တယ်လေ။
ကျွန်တော်လည်း သူ့ကို ဆွဲမဖို့ ကူညီလိုက်ပါတယ်။ သူကိုယ်တိုင်ကလည်း ကျွန်တော်တို့ဆွဲရာဆီ စိတ်ပါလက်ပါနဲ့ ထဖို့ ကြိုးစားလာတာကို ကျွန်တော်တို့ ခံစားမိလိုက်ရတယ်လေ။
" ငါ ကြောက်နေမိတယ်ကွ" ဆိုပြီး သူက ခြောက်ကပ်ကပ် အသံနဲ့ ပြောတော့ မီနာက သူ့အနားကပ်ကာ သူ့ရဲ့ ဖြူဆွတ်ဆွတ်မျက်နှာကို အနမ်းလေးပေးလိုက်ပါတော့တယ်။
" မကြောက်ပါနဲ့ ဦးရယ်။ သမီးတို့ ဦးကို အန္တရာယ် ကင်းမဲ့နေရာဆီ ခေါ်သွားကြမှာပါ"
သူ ကြမ်းပြင်ကနေ ထဖို့လှုပ်ရှားလိုက်တော့ သူ့ရဲ့အရိုးတွေကပါ ဂျိုးဂျိုးဂျွတ်ဂျွတ် အသံတွေ မြည်လာကြတော့တာပေါ့။ သူကတော့ နာလွန်းလို့ ငြီးငြူကာ ကျွန်တော်တို့ကို မှီနေရပါတော့တယ်။ သူ့ခန္ဓာကိုယ်ကို တုန်လှုပ် ခြောက်ခြားစွာနဲ့ မတ်တပ်ထရပ်လာတော့ သူက အဖေ့လောက်နီးပါး အရပ်ရှည်တာကို ကျွန်တော် သတိထားမိလိုက်ပါတယ်။ နောက်ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးကလည်း ဘယ်လိုမှ ထင်မှတ်မထားလောက်အောင်ကို ပေါ့ပါးလွန်းလှတာကိုရောပေါ့။ ကျွန်တော်နဲ့ မီနာလည်း သူ့ကို ချိုင်းတစ်ဖက်တစ်ချက်စီကနေ ချီမကြရင်း သူ့ရဲ့ ကျောပေါ်က လက်ပြင်ရိုးပေါ်ကို လက်နဲ့ စမ်းသပ်မိကြပါသေးတယ်။ သူ့၀တ်စုံအောက်က လက်ပြင်ရိုးဟာ လက်မောင်းတစ်စုံကို ခေါက်သိမ်းထားတဲ့အတိုင်းကို ထိုးထိုးထောင်ထောင် ရှိလှတဲ့အပြင် အင်မတန် နူးညံ့ပျော့ပြောင်း တာကိုလည်း ကျွန်တော်တို့ သိလိုက်ရပါတော့တယ်။ အဲ့ဒီတော့ ကျွန်တော်နဲ့မီနာလည်း ကျွန်တော်တို့ လက်နဲ့ စမ်းသပ်မိလိုက်တဲ့ အရာအကြောင်း တွေးရင်း တစ်ယောက်ကို တစ်ယောက် အံ့ဩခြင်းများစွာနဲ့ ကြည့်လိုက်မိကြပါတယ်။
" အင်မတန့်...အင်မတန်ကို ထူးခြားတဲ့ သူပါပဲရှင်" လို့ မီနာက ရေရွတ်လိုက်ပါသေးတယ်။
" ဦး လမ်းလျှောက်လို့ရလားဟင်" လို့ ကျွန်တော် သူ့ကို မေးလိုက်တော့ သူက တအီအီနဲ့ ငြည်းလိုက်ပါတယ်။
" ဖြည်းဖြည်းချင်း လျှောက်နော် ဦး။ ကျွန်တော်တို့ကို မှီထား"
ကျွန်တော် နောက်ကျောပေးပြီး လက်ဘက်ခြောက်ပုံး အပုံကို ကိုယ်နဲ့တိုက်ကာ ထွက်လာခဲ့ပါတယ်။ မီနာကတော့ သူ့ကို ကျောကနေ ထိန်းကိုင်ထားပေးခဲ့တာပေါ့။ သူ့ရဲ့ ခြေထောက်အစုံလည်း ဂိုဒေါင်ကြမ်းပြင် ညစ်ပတ်ပတ်ပေါ်မှာ တရွတ်တိုက်ဆွဲကာ ရွေ့လျား လာခဲ့ပါတော့တယ်။ ကျွန်တော်တို့ လှုပ်ရှားမှုကြောင့် ဂိုဒေါင်ထဲမှာလည်း အသံဗလံတွေက ဆူညံလို့ နေတော့တာပေါ့။ ဂိုဒေါင်အမိုးက တကျွိကျွိမြည်တော့ ဖုန်တွေကလည်း ကျွန်တော်တို့ခေါင်းပေါ် ကျလာသလို သူ့ရဲ့ အသက်ရှူသံကလည်း ပြင်းလာပါတယ်။ သူ့တစ်ကိုယ်လုံးကလည်း တုန်ရီလှိုက်မောပြီး နာကျင်နေတဲ့ပုံပါပဲ။ ဂိုဒေါင်တံခါးဆီရောက်ရောက်ချင်း သူက မနက်မိုးသောက် အလင်းဆီကနေ မျက်နှာကို ချက်ချင်းလွှဲလိုက်တယ်လေ။ ပြီးမှ သူက တဖြည်းဖြည်းနဲ့ အလင်းရောင်ကို သူ့ရဲ့ စူးရှတဲ့မျက်လုံးတွေနဲ့ ပြန်ကြည့်လိုက်ပါတော့တယ်။ မီနာနဲ့ ကျွန်တော်လည်း ဖြူဆွတ် ခြောက်ကပ်နေတဲ့ သူ့မျက်နှာကို အခုမှပဲ သေသေချာချာ ကြည့်ခွင့်ရလိုက်တာ အမှန်ပါ။ နက်မှောင်တဲ့ သူ့ရဲ့ ဆံပင်တွေက ခေါင်းပေါ်မှာ ရှုပ်ထွေးနေသလို သူ့ကိုယ်ပေါ်မှာ ကပ်တွယ်နေကြတဲ့ ဖုန်တွေ၊ ပင့်ကူမျှင်၊ ယင်မည်း၊ ပင့်ကူနဲ့ ပိုးတောင်မာတွေကလည်း ကြမ်းပြင်ဆီ ပြုတ်ကျလာခဲ့ ကြတယ်လေ။ သူက ထင်ထားသလောက် မအိုမင်းသေးဘူးဆိုတာလည်း ကျွန်တော် တွေ့လိုက်ရပါတယ်။ သူ့ကို ကြည့်ရတာ လူငယ်တစ်ယောက် အတိုင်းပါပဲ။ မီနာဖြင့် အသံထွက်ပြီးတောင် ရေရွတ်မိလိုက်ပါတယ်။
" ဦးက သိပ်ကို လှပတဲ့ သူပဲနော်"
ကျွန်တော် ခြံထဲကနေ အိမ်ဘက်ကိုလှမ်းကြည့်လိုက်တော့ ပြတင်းပေါက်မှာ ဘယ်သူမှ ရှိမနေလို့ တော်ပါသေးတယ်။
" လာပါ...ဆက်သွားကြရအောင်..."
ကျွန်တော်လည်း ခြံတံခါးကိုဖွင့်ပြီး သူ့ကို လက်ကနေ ဆွဲလာတော့တာပေါ့။ သူက မီနာ့ကို မှီထားရင်းကနေ ကျွန်တော့်နောက်ကို ဒယီးဒယိုင်နဲ့ လိုက်ပါလာခဲ့ပါတော့တယ်။
ပြီးတော့ ကျွန်တော် တံခါး ပြန်ပိတ်လိုက်ပါတယ်။
ကျွန်တော်တို့နားက ခရမ်ဒန်လမ်းပေါ်က ကားသံတွေတောင် ကြားနေရပါပြီ။ ခြံထဲ နဲ့ အိမ်ခေါင်မိုးပေါ်မှာ ရောက်နေကြတဲ့ ငှက်တွေကလည်း သီချင်းလေးဆိုလို့ မနက်ခင်းကို စောင့်ကြိုနေကြလေရဲ့။ ကြောင်လေး ၀စ်စပါးလည်း ကျွန်တော်တို့နား ရောက်လာခဲ့တယ်လေ။
" ငါတို့ သူ့ကို ဒီနားကနေ ဆက်သယ်သွားကြရအောင်" လို့ ကျွန်တော် ပြောလိုက်တော့ မီနာကလည်း
" အင်း" လို့ ပြန်ဖြေရှာပါတယ်။
ကျွန်တော် သူ့ရဲ့နောက်မှာ မတ်တပ်ရပ်လိုက်တော့ သူက ကျွန်တော့်လက်မောင်းတွေကို မှီလိုက်ပါတယ်။ မီနာကတော့ သူ့ခြေထောက်တွေကို ကိုင်ဆွဲလိုက်တော့တာပေါ့။
ကျွန်တော်တို့ဖြင့် သူ့ခန္ဓာကိုယ်ရဲ့ ပေါ့ပါးမှုကို ခံစားမိပြီး အံအားသင့်မိရပါသေးတယ်။ ကျွန်တော် ခဏလောက် မျက်လုံးမှိတ်ထားပြီး ဒါတွေ အားလုံးက အိပ်မက်တစ်ခုပဲ ဖြစ်ရမယ်လို့ စိတ်ကူးယဉ်နေမိလိုက်ပါတယ်။ အိပ်မက်ထဲမှာဆို အခု ကျွန်တော် လုပ်နေသမျှအရာအားလုံးက ဖြစ်နိုင်တယ် မဟုတ်ပါလား။ ကျွန်တော့်လက်မောင်းကို ထိတွေနေတဲ့ သူ့လက်ပြင်ရိုးနားက အဖုအဖောင်းကြီးကို ကျွန်တော် ခံစားမိလိုက်ရတယ်လေ။ ကျွန်တော်နဲ့ မီနာလည်း ခပ်သုတ်သုတ် ဆက်သွားလိုက်ကြပါတော့တယ်။
ကျွန်တော်တို့ အိမ်နောက်ဖေးလမ်းကြားတစ်ခုပြီး တစ်ခုကိုဖြတ်ကျော်ပြီးတဲ့နောက်မှာတော့ အစိမ်းရောင်ခြံတံခါးကြီးရှိတဲ့ အိမ်ဆီရောက်လာခဲ့ကြတယ်လေ။ မီနာက သူ့မှာ အသင့်ပါလာတဲ့ သော့နဲ့ ခြံတံခါးကိုဖွင့်လိုက်ပါတယ်။ ပြီးတော့ ကျွန်တော်တို့လည်း ခြံတံခါးကိုဖြတ်ပြီး 'အန္တရာယ်ရှိသည်' လို့ရေးထားတဲ့ အနီရောင် ဆိုင်းဘုတ် ရှိရာ အိမ်တံခါးဆီ ရောက်လာခဲ့ကြတာပေါ့။ မီနာက သူ့သော့လေးနဲ့ တံခါးကိုဖွင့်ပြီးတဲ့အခါမှာတော့ ကျွန်တော်တို့လည်း အမှောင်ထုကိုဖြတ်ပြီး ပထမဆုံး အခန်းထဲကို ၀င်ရောက်လာကာ သူ့ကို ကြမ်းပြင်ပေါ်ချထားလိုက်ပါတော့တယ်။
ကျွန်တော်တို့ဖြင့် သူ့ကို လမ်းတလျှောက်လုံး သယ်လာရလို့ တုန်လှုပ်ပြီး မောဟိုက်နေခဲ့ ကြတာပေါ့။ သူကလည်း နာကျင်လွန်းလို့ ငြည်းတွားနေခဲ့တယ်လေ။ ကျွန်တော်တို့ သူ့ကို ညင်သာစွာ ထိတွေ့လိုက်ပါတယ်။
" ဦး အန္တရာယ်ကင်းပါပြီရှင်" လို့ မီနာက သူ့ကို ပြောလိုက်ပါတယ်။
မီနာက သူ့ရဲ့ အပေါ်ရုံ ရင်ကွဲသိုးမွေးအင်္ကျီကို ချွတ်ပြီး ခေါက်ကာ သူ့ရဲ့ ခေါင်းအောက်မှာ ထားလိုက်ပါတော့တယ်။
" သမီးတို့ ဦး နေသာအောင် တခြားပစ္စည်းတွေ ယူလာပေးမယ်နော်။ သမီးတို့ ဦးကို နေကောင်းအောင် ပြုစုပေးမှာပါ။ ဦး ဘာလိုချင်လဲဟင်" လို့ မီနာက ဆက်မေးတော့ ကျွန်တော် ပြုံးလိုက်ပါတယ်။
" ၂၇ နဲ့ ၅၃ ပဲပေါ့" လို့ ကျွန်တော်ပြောလိုက်တော့ သူကလည်း
" ၂၇ နဲ့ ၅၃ ပဲ" ဆိုပြီး တီးတိုးလေး ရေရွတ်လိုက်ပါတယ်။
" ကျွန်တော် အခုတော့ ပြန်ရတော့မယ်" လို့ ကျွန်တော် သူ့ကို ပြောလိုက်ပါတယ်။
" ကျွန်တော့် အဖေလည်း မကြာခင် နိုးတော့မယ်ဗျ"
" သမီးလည်း ပြန်ရတော့မယ်"
ကျွန်တော်နဲ့ မီနာ တစ်ယောက်ကို တစ်ယောက်ကြည့်လို့ ရယ်လိုက်ကြပါတယ်။ ပြီးတော့ သူ့ကို ကျွန်တော်တို့ တချက် ကြည့်လိုက်ကြတာပေါ့။
" ကျွန်တော်တို့ သိပ်မကြာပါဘူးဗျာ"
မီနာက သူ့ရဲ့ ခြောက်ကပ်ကပ် မျက်နှာကို နမ်းပြီး သူ့ရဲ့ ကျောပြင်ကို လက်နဲ့ နောက်တစ်ခါ စမ်းသပ်ကြည့်လိုက်ပါတယ်။ မီနာ့မျက်လုံးတွေကတော့ အံ့ဩ၀မ်းသာမှုနဲ့ ပျော်ရွှင်မှုတွေ ပြည့်နှက်ကာ တောက်ပကြည်လင်နေတော့တာပေါ့။
" ဦးက ဘယ်သူလဲဟင်" လို့ မီနာက သူ့ကို မေးလိုက်ပါတယ်။
သူက နာကျင်တဲ့မျက်နှာပေးနဲ့ တချက် မျက်လုံးမှိတ်ထားလိုက်ပါသေးတယ်။ ပြီးတော့မှ သူက
" ငါ့ နာမည်က စကဲလစ်ပါ" လို့ ပြန်ဖြေလိုက်ပါတော့တယ်။
အခန်း (၂၃)
အဲ့ဒီနေ့မနက်ခင်းမှာပဲ မနက်စာစားပြီးချိန်လောက်မှာ မစ္စဒန်ဒိုက ဖုန်းခေါ်ခဲ့ပါတယ်။ သူက ကျောင်းသွားရင်းနဲ့ စက်ဘီးလေးစီးလို့ ကျွန်တော်တို့အိမ်ကို လာခဲ့သေးတယ်လေ။ သူ့စကားအရတော့ ကျွန်တော့်သူငယ်ချင်းတွေက ကျွန်တော့်ကို ကျောင်း ပြန်တက်စေချင် ကြတယ် တဲ့။
"သားက ကျောင်းမှာဆိုရင် ဘောလုံးအလု သိပ်တော်တာလို့ ပြောကြတယ်ကွဲ့" လို့ သူကပြောပါတယ်။
အဖေကတော့ ကျွန်တော်တို့ အိမ်ပြင်နေတဲ့ အခြေအနေကို သူ့ကို ရှင်းပြခဲ့တယ်လေ။ ပြီးတော့ အဖေက မစ္စဒန်ဒို့ကို နောက်ဖေးခြံကြီးကို လိုက်ပြလိုက်ပါသေးတယ်။ မစ္စဒန်ဒိုကတော့ ကလေးသာ အိမ်ပြန်ရောက်လာရင် အားလုံးက သစ်လွင်တောက်ပြောင်သွားမှာပဲ လို့ အားပေးရှာ ပါတယ်။ သူက သူ့ရဲ့ ကျောပိုးအိတ်လေးထဲက ၀က်ဝံရုပ် အနက်လေးကို ထုတ်ပြီး ကလေးအတွက်လို့ဆိုကာ အဖေ့ကို ကမ်းပေးလိုက်ပါတော့တယ်။
" နောက်ပြီး ဒါကတော့ သားအတွက်ပေါ့...စိတ်မကောင်းပါဘူးကွယ်" လို့ သူက ကျွန်တော့်ကို ပြောပါတယ်။
အဲ့ဒါက ဆရာရက်စ်ပူတင် နဲ့ မျောက်မျက်နှာဆရာဆီက လာတဲ့ အိမ်စာတွေရယ်ပါ။ စာရွက်ပေါ်မှာတော့ အဖြေဖြေဖို့ ကွက်လပ်တွေချန်ထားတဲ့ မေးခွန်းတွေက တန်းစီနေတော့တာပေါ့။ နောက်ပြီး အဲ့ဒီထဲမှာ မစ္စ ကလာ့စ်ဆီက မှတ်ချက်တစ်ခုကလည်း ပါပါသေးတယ်။
'အိမ်စာတော့ မဟုတ်ပါဘူးကွယ်။ ပုံပြင်လေးတစ်ပုဒ်ရေးခဲ့ပါ။ နေမြန်မြန် ပြန်ကောင်းပါစေနော်' တဲ့လေ။
ပြီးတော့ အဲ့ဒီစာရွက်တွေကြားထဲမှာ သင်္ချာပုစ္ဆာတွေ နဲ့ အနီရောင် ကပ်ခွာလေးကပ်ထားတဲ့ ဂျူးလိယက်နှင့် ကန္တာရကြီး (Julius and Wilderness)ဆိုတဲ့ စာအုပ်တစ်အုပ်လည်း ပါပါတယ်။
မစ္စဒန်ဒို စက်ဘီးလေးစီးလို့ ပြန်သွားတော့ အဖေက သူ့ကို လှမ်းကြည့်ပြီး ရယ်လိုက်တာပေါ့။
" ကဲ...သားရေ...ကျောင်းပြေးလေးအတွက်လည်း နားချိန်ဆိုတာ မရှိတော့ဘူးပေါ့ကွာ" လို့ သူကပြောလိုက်ပါတယ်။
" အဖေပဲ အလှဆင်တာ ဆက်လုပ်လိုက်မယ်။ သားကတော့ အိမ်စာတွေ ပြီးအောင် လုပ်ထားရမယ်နော်"
ကျွန်တော်လည်း ဘောပင်တစ်ချောင်းနဲ့ အိမ်စာစာရွက်ကိုင်ပြီး မီနာတို့ ခြံရှေ့က လမ်းကို သွားလိုက်ပါတော့တယ်။ မီနာကတော့ သူ့အမေနဲ့အတူ ခြံထဲက သစ်ပင်အောက်မှာ စောင်လေးခင်းလို့ ထိုင်နေခဲ့တယ်လေ။ သူ့အမေကတော့ ထိုင်ပြီး စာဖတ်နေသလို မီနာကလည်း စာအုပ်အမည်းလေးထဲမှာ သည်းသည်းမဲမဲ ပုံဆွဲနေလေရဲ့။ ကျွန်တော် ခြံရှေ့မှာ ရပ်နေတာမြင်တော့ သူက ပြုံးပြပြီး ကျွန်တော့်ကို လက်ယပ်ခေါ်လိုက်ပါတယ်။
မီနာက ကျွန်တော့် အိမ်စာစာရွက်တွေကို ကြည့်လိုက်ပါတော့တယ်။
" လူသားတွေဟာ မျောက်များမှ _______ ဖြစ်ကြပါတယ်။
ဒါဟာ _________ ဖြစ်စဉ်ဖြစ်ပါတယ်။
ဒီသီအိုရီကို ချားလ်စ်_______က ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်"
ကျွန်တော့် စာရွက်တွေထဲမှာ အဲ့ဒီလို ဝါကျတွေ အများကြီး ရှိပါသေးတယ်။ မီနာကတော့ အဲ့ဒီဝါကျတွေကို အသံထွက်လို့ ဖတ်နေတော့တာပေါ့။ သူက ကွက်လပ်တွေခံထားတာကို မြင်တိုင်း သီချင်းလေးဆိုသလိုကို သံနေသံထားနဲ့ ဆိုနေလိုက်သေးတာပါ။
ဝါကျ သုံးကြောင်းလောက်ဖတ်ပြီးတော့ သူက ရပ်ပြီး ကျွန်တော့်ကို ကြည့်လိုက်တယ်လေ။
" ဒါက တကယ်ပဲ နင် နေ့တိုင်း လုပ်နေရတဲ့ အိမ်စာဟုတ်လား မိုက်ကယ်" လို့ သူ ကျွန်တော့်ကို မေးလိုက်တော့ သူ့အမေက အားနာနာနဲ့ ၀င်ပြောရှာပါတယ်။
" မီနာရယ်..."
မီနာကတော့ တခစ်ခစ်နဲ့တောင် ရယ်လျှက်ပါပဲ။ သူက ကျွန်တော့် စာအုပ်လေးကို လှန်လှောကာ ကြည့်လိုက်တယ်လေ။ အဲ့ဒီစာအုပ်က မှော်၀င်ပုံပြင်တွေပြောတတ်တဲ့ ကောင်လေးရဲ့ ပုံပြင်တွေက အမှန်တကယ် ဖြစ်လာခဲ့တဲ့ ဇာတ်ကြောင်းလေးပါ။
" အင်း...စာအုပ်လေးကတော့ မဆိုးပါဘူး။ ဒါပေမယ့် အနီရောင် ကပ်ခွာက ဘာလို့ ကပ်ထားရတာလဲဟ"
" အဲ့ဒါက စာဖတ်သူတွေအတွက် အသက်အပိုင်းအခြား အညွှန်းလေ။ ဘယ်လို အသက်အပိုင်းအခြားရှိတဲ့သူတွေက ဒီစာအုပ်ကို ဖတ်သင့်လဲလို့ ခွဲခြားပေးထားတာပေါ့"
" ဒါဖြင့် တခြားလူတွေက ဒီစာအုပ်ကို ဖတ်ချင်တယ်ဆိုရင်ရော"
" ဟယ်...မီနာရယ်..." လို့ သူ့အမေက ထပ်ပြီး သူ့ကို သတိပေးလိုက်ပါသေးတယ်။
"နောက်ပြီး ဝီလီယမ် ဘလိတ်ကရော ဘယ်လိုအသက်အရွယ်အတွက် သင့်တော်တယ်တဲ့လဲ" လို့ မီနာက ကျွန်တော့်ကို မေးခွန်းတွေ အဆက်မပြတ် မေးလိုက်ပါတော့တယ်။
" 'ကျားကြီး ကျားကြီး ခြေရာကြီး
တောကြီး မျက်မည်း တစ်ကောင်တည်း' တဲ့လားဟ။ ဒီစာအုပ်က စာဖတ်အကောင်းဆုံးသူ အတွက်လား၊ အညံ့ဆုံးသူ အတွက်လားဟယ်။ ဒီစာအုပ်လေးကိုဖတ်ဖို့များ အသက်အရွယ် ပိုင်းခြားထားရတယ်လို့"
ကျွန်တော်လည်း ဘာပြန်ပြောရမှန်းမသိတော့ မီနာ့ကိုသာ စိုက်ကြည့်နေလိုက်ပါတော့တယ်။ ကျွန်တော်ဖြင့် အခုချက်ချင်းပဲ သူတို့ ခြံထဲကထွက်ပြီး အိမ်ကိုသာ ပြန်ပြေးချင်လိုက်မိတာ အမှန်ပါ။
"ဒီ စာအုပ်က စာဖတ်အညံ့ဆုံးသူတွေအတွက် ရည်ရွယ်တာသာဆိုရင် စာဖတ်အားကောင်းတဲ့ သူတွေက ဒီစာအုပ်ကို ဖတ်မှာတောင် မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါက သူတို့အတွက် အင်မတန့်ကို ရူးသွပ်ချင်စရာကောင်းလွန်းလို့လေ"
" ဟယ်...ဒီကလေးမနှယ်" လို့ ရေရွတ်ပြီး မီနာ့အမေက ကျွန်တော့်ကို အားနာနာနဲ့ ပြုံးကြည့်နေလိုက်ပါတော့တယ်။
" စိတ်ထဲမထားပါနဲ့ သားရယ်... သူက တခါတလေ စိတ်ကြီး ၀င်တတ်တယ်ကွဲ့"
" ထားပါတော့လေ" ဆိုပြီး မီနာက သူ့စာအုပ်ထဲမှာ ပုံဆက်ဆွဲနေလိုက်တော့တာပေါ့။
ပြီးတော့ သူက ကျွန်တော့်ကို တချက် မျက်လုံးလှန်ကြည့်လိုက်ပါတယ်။
"ဆက်လုပ်လေ။ နင့်ရဲ့ အိမ်စာတွေကို ကျောင်းသားကောင်းလေး တစ်ယောက် ပီပီ ဆက်လုပ်လိုက်စမ်းပါဦး"
မီနာ့အမေကလည်း ပြုံးလိုက်ပါတော့တယ်။
" အဒေါ် အထဲ၀င်လိုက်ဦးမယ်နော်။ မီနာ သားကို ထပ်စနေရင် သူ့ကို 'ပါးစပ်ပိတ်ထား' လို့သာ ပြောလိုက်။ ကြားလား သား"
" ဟုတ်ကဲ့" လို့သာ ကျွန်တော် ပြန်ဖြေလိုက်ပါတယ်။
သူထွက်သွားတော့ မီနာနဲ့ ကျွန်တော်လည်း အချိန်အတော်ကြာအောင် စကားစ ပြတ်နေခဲ့တော့တာပေါ့။ ကျွန်တော်လည်း ဂျူးလိယက်နှင့် ကန္တာရကြီး စာအုပ်ကို ဖတ်ချင်ယောင် ဆောင်နေလိုက်ပါတယ်။ ဟန်ဆောင်နေရတာဆိုတော့ စာလုံးတွေ အားလုံးက ကျွန်တော့်အတွက် ဘာအဓိပ္ပါယ်မှ မရှိခဲ့တာ အမှန်ပါ။
"နင် ဘာတွေ ရေးနေတာလဲ" လို့ ကျွန်တော်လည်း နောက်ဆုံးတော့ သူ့ကို မေးလိုက်ပါတော့တယ်။
" ငါ့ ဒိုင်ယာရီလေ။ နင်ရယ် ငါရယ် စကဲလစ်ရယ် အကြောင်းပေါ့ဟ" လို့ သူက ပြန်ဖြေပါတယ်။
ကျွန်တော့်ကိုတော့ သူ မော့်မကြည့်ခဲ့ပါဘူး။
" တခြားလူတွေက ဖတ်ရင် ဘယ်လိုလုပ်မလဲ" လို့ ကျွန်တော် ဆက်မေးလိုက်တော့ သူက
" ဘာကိစ္စ သူတို့က ဖတ်ရမှာလဲ။ ဒီ ဒိုင်ယာရီက ငါ့အတွက် ကိုယ်ပိုင်ပစ္စည်းဆိုတာ သူတို့ သိကြတာပဲလေ" ဆိုပြီး စာအုပ်ထဲမှာ ဆက်ခြစ်နေလိုက်တော့တာပေါ့။
ကျွန်တော်လည်း ကျောင်းမှာရေးရတဲ့ ကျွန်တော့် ဒိုင်ယာရီအကြောင်းတွေးမိလိုက်ပါတယ်။ ကျောင်းမှာ ကျွန်တော်တို့ အပတ်တိုင်းဆိုသလို ဒိုင်ယာရီ ရေးရလေ့ရှ်ိတယ်လေ။ အမြဲတမ်း ဆိုသလိုလည်း မစ္စကလာ့စ်က ကျွန်တော်တို့ ရေးထားသမျှကို ဖတ်ပြီး သတ်ပုံနဲ့ ပုဒ်ဖြတ် ပုဒ်ရပ် မှန်၊ မမှန် စစ်ဆေးလေ့ရှိပါတယ်။ အဲ့ဒါတွေကိုဖတ်ပြီး သူက ကျွန်တော်တို့ကို ကျောင်းခေါ်ကြိမ်၊ တိကျမှု၊ လိမ္မာရေးခြားရှိမှုအတွက်လိုမျိုး အမှတ်တောင်မှ ပေးတတ်ပါသေးတယ်။ ကျွန်တော် ဒီတခါတော့ မီနာ့ကို ကျောင်းက ကိစ္စတွေ မပြောဖို့ သတိထားပြီး နေလိုက်ပါတော့တယ်။ ကျွန်တော်ဖြင့် မျက်လုံးအိမ်ထဲ မျက်ရည်စတွေတောင် ခံစားလိုက်ရပါတယ်။ ဒီလိုနဲ့ ညီမလေးအကြောင်း တွေးမိတော့ ကျွန်တော် ပိုပြီးတော့တောင် ငိုချင်လာတော့တာပေါ့။
" ငါတောင်းပန်ပါတယ်ဟာ" လို့ မီနာက ပြောပါတယ်။
" ငါတကယ် စိတ်မကောင်းပါဘူးဟာ။ စာသင်ကျောင်းတွေနဲ့ ပတ်သက်ပြီး ငါ မကြိုက်တာ နင်လည်း သိသားပဲ။ အဲ့ဒါကြောင့် ငါ အခုလို ပြောလိုက်မိတာပါ မိုက်ကယ်ရယ်" ဆိုပြီး သူက ကျွန်တော့်လက်ကို ကိုင်ထားလိုက်ပါတော့တယ်။
" နောက်ပြီး ငါ စိတ်လှုပ်ရှားနေမိတယ် သိလား" လို့ သူက တီးတိုးလေး ပြောလိုက်ပါတယ်။
" နင်ရယ် ငါရယ် စကဲလစ်ရယ် အကြောင်းကိုပေါ့ဟယ်။ ငါတို့ သူ့ဆီကိုသွားကြရအောင်နော်။ သူက ငါတို့ကို စောင့်နေမှာဟ။ ငါတို့ သူ့အတွက် ဘာယူသွားရင် ကောင်းမလဲဟင်"
အခန်း (၂၄)
" ဒါက ဘယ်လိုနေရာကြီးလဲဟ" လို့ ကျွန်တော် မီနာ့ကို မေးလိုက်ပါတယ်။ မီနာကတော့ ခြံတံခါးကို သူ့ရဲ့သော့လေးနဲ့ ဖွင့်နေခဲ့တာပေါ့။
ပြီးတော့ ကျွန်တော်တို့ ခြံစည်းရိုးတံခါးအောက်ကနေ ခေါင်းငုံ့လို့၀င်ပြီး ' အန္တရာယ် ရှိသည်' ဆိုတဲ့ ဆိုင်းဘုတ်ကပ်ထားတဲ့ အခန်းဆီပြေးသွားလိုက်ကြပါတော့တယ်။
" ဒီအိမ်နဲ့ခြံက ငါ့အဘိုးပိုင်တာလေ" လို့ သူက ပြန်ဖြေခဲ့ပါတယ်။
" အဘိုးက ပြီးခဲ့တဲ့ နှစ်ကပဲဆုံးသွားတာဟ။ သူက ဒီအိမ်နဲ့ခြံကို ငါ့အတွက်အမွေဆိုပြီး သေတမ်းစာထဲမှာ ထည့်ရေးခဲ့တာပေါ့ဟာ။ အဲ့ဒီတော့ ငါ့အသက် ၁၈ ပြည့်တဲ့အခါ ဒီဟာက ငါ့အပိုင်ဖြစ်ပြီလေ" ဆိုပြီး မီနာက သော့ခလောက်ထဲကို သော့တံလှည့်ကာ ဖွင့်လိုက်တာပေါ့။
"မကြာခင် ငါတို့လည်း ဒီအိမ်ကြီးကို ပြန်ပြင်ကြတော့မှာဟ။ ပြီးရင်တော့ ငါတို့ အိမ်ငှားတင်ဖို့ စဉ်းစားထားတယ်"
ကျွန်တော်တို့ အထုပ်လေးတွေသယ်ပြီး အခန်းထဲ၀င်လိုက်တော့ ကြောင်လေး ၀စ်စပါး ကလည်း ကျွန်တော်တို့နဲ့အတူ ပါလာတာကို တွေ့လိုက်ရပါတယ်။
" စိတ်မပူပါနဲ့ဟယ်" လို့ မီနာက ပြောလိုက်ပါတယ်။
" အိမ်ပြင်မဲ့သူတွေလာဖို့ အဝေးကြီးလိုပါသေးတယ်"
ကျွန်တော်လည်း ဓါတ်မီးအလင်းရောင်လေးကိုဖွင့်လို့ ကျွန်တော်တို့ စကဲလစ်ကို ထားခဲ့ကြတဲ့ အခန်းထဲ ဆက်လျှောက် လာလိုက်တာပေါ့။ သူက အဲ့ဒီမှာ ရှိမနေခဲ့ပါဘူး။ အခန်းရဲ့ အနေအထားကလည်း ဘယ်သူမှ ဒီနေရာ မရောက်ဖူးသလိုကို တိတ်ဆိတ်ငြိမ်သက်ကာ နေပါတော့တယ်။ နောက်တော့ ကျွန်တော်တို့ မီနာ့ သိုးမွှေးအင်္ကျီလေးကို တံခါးနောက်မှာ တွေ့လိုက်ရပါတယ်။ ကြမ်းပြင်ပေါ်မှာလည်း ယင်မည်း အသေကောင်တွေ ကလည်း ပြန့်ကျဲလို့ ရယ်ပါ။ နောက်ပြီးတော့ ကျွန်တော်တို့လည်း လှေကားဆီကနေ အသံပြုလိုက်တဲ့ ၀စ်စပါးရဲ့ အသံကို ကြားလိုက်ရတော့တာပေါ့။ ကျွန်တော်တို့ လျှောက်လမ်းဆီကို ပြန်ပြေးပြီး ကြည့်လိုက်တော့မှပဲ စကဲလစ်ကို လှေကားထစ်ရင်းဆီမှာ ပက်လက်လန်နေတာကို တွေ့လိုက်ရပါတော့တယ်။
ကျွန်တော်တို့ သူ့အနားမှာ ထိုင်ချလိုက်တော့ သူက
" မောတယ်ကွာ" လို့ ခြောက်ကပ်ကပ်အသံနဲ့ ရေရွတ်လိုက်တယ်လေ။
" နေမကောင်းဖြစ်လွန်းလို့ သေတော့မယ်။ အကိုက်အခဲပျောက်ဆေးပြားလေး ပေးစမ်းပါဦး"
ကျွန်တော်လည်း သူ့အပေါ်အင်္ကျီအိတ်ကပ်ထဲကို လက်နှိုက်ပြီး ဆေးပြားနှစ်ပြားကို သူ့ပါးစပ်ထဲ ထည့်ပေးလိုက်ပါတယ်။
" ဦး နေရာ ရွှေ့နိုင်တယ် ဟုတ်လား" လို့ ကျွန်တော် ပြောလိုက်တာပေါ့။
" ကိုယ့်ဘာသာကိုယ် ရွှေ့နိုင်နေပြီဟုတ်လား ဦး"
သူကတော့ နာကျင်ဒဏ်ကိုခံစားနေတဲ့ကြားက ကျွန်တော့်ကို မျက်စိမှိတ်ပြလိုက်ပါတယ်။
အဲ့ဒီတော့
" ဦးက ဟိုးအပေါ်တက်ချင်လို့လားဟင်" လို့ မီနာက ၀င်မေးလိုက်တော့တာပေါ့။
" ဟုတ်တယ်။ ဒီထက် ပိုမြင့်တဲ့နေရာဆီကို တက်ချင်တယ်ကွယ်" လို့ သူက တီးတိုးလေး ပြန်ဖြေလိုက်တယ်လေ။
ကျွန်တော်တို့လည်း ပါလာတဲ့ အထုပ်တွေကိုချပြီး စကဲလစ်ကို လှေကားရင်းဆီ ချီဆွဲသွားလိုက်ကြပါတော့တယ်။
သူကတော့ လမ်းတလျှောက်လုံး မချိမဆန့်ကို ငြည်းတွားနေတော့တာပေါ့။
" ငါ့ကို ချပေးစမ်းပါဦး" လို့ သူက ပြောလိုက်တယ်လေ။
ကျွန်တော်တို့ သူ့ကို မျက်နှာကြက်အဖြူရောင် မြင့်မြင့်နဲ့ ဖြူဖျော့ဖျော့ရှိလှတဲ့ နံရံပါတဲ့ အိပ်ခန်းထဲမှာ နေရာချပေးလိုက်ကြပါတယ်။ ကျွန်တော်တို့ သူ့ကို နံရံမှာ မှီလို့ ထိုင်ခိုင်းထားခဲ့ တာပေါ့။ ပြတင်းပေါက်ဆီက တိုး၀င်လာတဲ့ အလင်းတန်းတွေကြောင့် ခြောက်ကပ်ကပ် သူ့မျက်နှာကလည်း နဂိုထက်ကို ပိုပြီး ဖြူဆွတ်ဆွတ် ဖြစ်နေပါတော့တယ်။
ခဏနေတော့ ကျွန်တော်လည်း လှေကားပေါ်မှာထားခဲ့တဲ့ အထုပ်တွေကို ပြန်ယူလိုက်ပါတယ်။ ပြီးတော့ ကျွန်တော် အထုပ်ကိုဖြေပြီး အထဲက စောင်ကို ထုတ်လိုက်တယ်လေ။ ကျွန်တော်တို့ သူ့အတွက် အကိုက်အခဲပျောက်ဆေးနဲ့ ငါးကြီးဆီလုံးလေးတွေ ထည့်ဖို့ ပလပ်စတစ် ခွက်လေး ချပေးလိုက်ပါတယ်။ ပြီးတော့ ကျွန်တော် ဘီယာတစ်ဘူးကို အပေါက်ဖောက်ပြီး ဘေးမှာ ချထားပေးလိုက်တော့တာပေါ့။ နောက်ပြီး ကျွန်တော်တို့ ယူလာတဲ့အထဲမှာ ချိစ့် အသားညှပ်ပေါင်မုန့် နဲ့ ချောကလက်ချောင်း တ၀က်ကလည်း ပါ,ပါသေးတယ်။
" ဒါတွေ အားလုံး ဦးအတွက်ပါရှင်" လို့ မီနာက စကဲလစ်ကို တီးတိုးလေးပြောလိုက်ပါတယ်။
"ကျွန်တော်တို့ ဦးကို ကူညီပေးပါရစေနော်" လို့ ကျွန်တော်ပြောလိုက်တော့ သူက ခေါင်းကိုတွင်တွင်ခါပြီး လေးဘက်ထောက်ကာ စောင်ပုံရှိရာဆီ တွားသွားလိုက်ပါတော့တယ်။ ကျွန်တော်ဖြင့် သူ့မျက်လုံးအိမ်ထဲက မျက်ရည်တွေ ကြမ်းပြင်ပေါ် လိမ့်ဆင်းကျလာတာကိုတောင် အလင်းရောင်ကြောင့် မြင်လိုက်ရပါသေးတယ်။ သူက စောင်ပုံနားရောက်တော့ မောပြီး ကြမ်းပြင်ပေါ် ပုံရက်သားအနေအထားနဲ့ ဒူးထောက်လို့ လှဲနေလေရဲ့။ မီနာကလည်း သူ့ဘေးနားကိုသွားပြီး ဒူးကလေးထောက်လို့ သူ့ကို ကြည့်လိုက်တယ်လေ။
"သမီးတို့ ဦးကို နေသာအောင် လုပ်ပေးမယ်နော်" လို့ မီနာက စကဲလစ်ကို ပြောလိုက်ပါတယ်။
နောက်တော့ မီနာက စကဲလစ်ရဲ့ အပေါ်ရုံအင်္ကျီ ကြယ်သီးကို ဖြုတ်လိုက်ပါတော့တယ်။ မီနာ သူ့ရဲ့ အင်္ကျီကို ပုခုံးကနေ ဆွဲချွတ်ဖို့ ကြိုးစားနေတုန်းမှာပဲ စကဲလစ်က
" မလုပ်နဲ့" လို့ ရုတ်တရက် တားလိုက်တော့တာပေါ့။
"ရပါတယ် ဦးရယ်။ သမီးတို့ကို ယုံလို့ရပါတယ်ရှင်" လို့ မီနာက သူ့ကို ဖျောင့်ဖျပေးရှာပါတယ်။
အဲ့ဒီတော့ သူက ငြိမ်နေခဲ့တယ်လေ။ မီနာလည်း လက်ခေါက်တင်ထားတဲ့ အပေါ်ရုံအင်္ကျီကို ဖြေချပြီး စကဲလစ်ရဲ့ ခန္ဓာကိုယ်ပေါ်ကနေ ချွတ်ချလိုက်ပါတော့တယ်။ ကျွန်တော်နဲ့ မီနာလည်း အဲ့ဒီအချိန်မှာပဲ ကျွန်တော်တို့ စိတ်ကူးထဲက အရာလေးကို မျက်ဝါးထင်ထင် မြင်လိုက်ရတော့တာပေါ့။ စကဲလစ်ရဲ့ အပေါ်ရုံအင်္ကျီအောက်မှာ ရှပ်အင်္ကျီကို ဖောက်ထွက်ပြီး အတောင်ပံတစ်စုံရှိနေတာကို ကျွန်တော်တို့ တွေ့လိုက်ရပါတယ်။ အပေါ်ရုံကို ချွတ်ချလိုက်တော့ သူ့လက်ပြင်ရိုးက အတောင်ပံတွေ ကလည်း လွတ်လွတ်လပ်လပ်နဲ့ကို ပြန့်ကားလာတယ်လေ။ စကဲလစ်ရဲ့ အတောင်ပံတွေက ကျိုးပဲ့ပျက်ဆီးနေတဲ့အပြင် တွန့်လိမ် ကောက်ကွေးနေပြီး သူ့ရဲ့ ပုခုံးထက်ကနေ တဆတ်ဆတ်နဲ့ကို လှုပ်ခါနေကြပါတော့တယ်။ စကဲလစ်ရဲ့ အတောင်ပံတွေဟာ သူ့ရဲ့ ပုခုံးတွေထက် ကြီးမားကျယ်ပြန့်လွန်းတာမို့ သူ့ခေါင်းအထက်မှာ ထိုးထွက်လို့ နေတော့တာပေါ့။
စကဲလစ်ကတော့ ဒူးထောက်လျက် အနေအထားကနေ ခေါင်းကို ကြမ်းပြင်ပေါ်စိုက်လို့ နာကျင်မှုကို ခံစားရင်း မျက်ရည်တွေ ကြမ်းပြင်ပေါ် စီးကျနေဆဲပါ။ မီနာလည်း စကဲလစ်ဆီ တိုးကပ်ပြီးတော့ သူ့ရဲ့နဖူးလေးကို လက်နဲ့ ညင်သာစွာ သပ်ပေးလိုက်ပါတယ်။ ပြီးတော့ သူက စကဲလစ်ရဲ့ အတောင်ပံတွေကိုလည်း သူရဲ့ လက်ကလေးနဲ့ ထိတွေ့ကြည့်လိုက်တယ်လေ။
" ဦးက သိပ်လှတာပဲနော်" လို့ မီနာက ရေရွတ်လိုက်ပါတယ်။
" ငါ့ကို အိပ်ခွင့်ပေးပါ...ငါ့ကို အိမ်ပြန်ခွင့်ပြုပါတော့ကွာ" ဆိုပြီး စကဲလစ်က တုန်တုန်ယင်ယင်နဲ့ ပြောလိုက်ပါတော့တယ်။
စကဲလစ်က ကြမ်းပြင်ဆီ ခေါင်းစိုက်လို့ ငြိမ်နေပေမဲ့ သူ့ရဲ့ အတောင်ပံတွေကတော့ တဆတ်ဆတ်နဲ့ တုန်လှုပ်နေဆဲပါ။ ကျွန်တော်တို့လည်း စောင်ပုံလေးကို စကဲလစ်ရဲ့ အတောင်ပံတွေနား ရွှေ့ထားကာ သူ့ရဲ့အတောင်ပံက အမွှေးအတောင်တွေကို လက်နဲ့ ထိတွေ့ကြည့်မိလိုက်ပါတယ်။ ခဏကြာတော့ စကဲလစ်ရဲ့ အသက်ရှူသံတွေလည်း ငြိမ်ကျသွားပြီး အိပ်ပျော်သွားတော့တာပေါ့။ ကြောင်လေး ၀စ်စပါးကလည်း ကျွန်တော်တို့ အနားမှာ အသံလေးပြုလို့ နေပါတော့တယ်။
မီနာနဲ့ ကျွန်တော် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြပါတယ်။ ကျွန်တော်ဖြင့် စကဲလစ်ရဲ့ အတောင်ပံတွေဆီ နောက်တစ်ခါ လက်လှမ်းရင်း တုန်လှုပ်နေခဲ့မိတာ အမှန်ပါ။ ကျွန်တော် သူ့ရဲ့ အတောင်ပံတွေကို လက်ဖျားလေးနဲ့ ထိတွေ့ကြည့်မိလိုက်ပါတယ်။ ကျွန်တော့်လက်နဲ့ ထိစပ်နေတဲ့ အမွှေးအတောင်တွေအောက်မှာတော့ အရိုးတွေ၊ အရွတ်တွေနဲ့ ကြွက်သားတွေ ရှိနေခဲ့တာပေါ့။ ပြီးတော့ ကျွန်တော် စကဲလစ်ရဲ့ အသက်ရှူသံဖျော့ဖျော့ကို အတောင်ပံတွေဆီကနေ ခံစားလိုက်ရတယ်လေ။
ကျွန်တော် ပြတင်းပေါက်ကာ နားဆီသွားပြီး သစ်သားတန်းလေးတွေကြားကနေ ပြင်ပလောကကြီးကို ချောင်းကြည့်လိုက်ပါတော့တယ်။
" နင် ဘာလုပ်နေတာလဲ မိုက်ကယ်" လို့ မီနာက မေးတော့ ကျွန်တော်လည်း
"အပြင်လောကကြီး တကယ်ရှိသေးရဲ့လား ပြန်ကြည့်နေတာပါ" လို့ ပြန်ဖြေလိုက်တော့တာပေါ့။
အခန်း (၂၅)
ကျွန်တော့် ညီမလေး ခန္ဓာကိုယ်မှာ ဝိုင်ယာကြိုးတွေတပ်ပြီး ဖန်ပုံးလေးထဲမှာ ပြန်နေရပြန်ပါတယ်။ ဒီတစ်ခါတော့ ဖန်ပုံးလေးကိုတောင် ပိတ်ထားပါတော့တယ်။ အထဲမှာတော့ ညီမလေးခမျာ အနှီးဖြူလေးနဲ့ထုပ်ပြီး တုပ်တုပ်တောင် မလှုပ်ရှာပါဘူး။ သူ့ရဲ့ ဖြောင့်စင်းတဲ့ ဆံပင်နက်နက်ကလေးကတော့ ရှုပ်ထွေးလို့ကို နေတော့တာပေါ့။ ကျွန်တော် သူ့ရဲ့ နူးညံ့တဲ့ အရေပြားလေးပေါ်ကို ကျွန်တော့်လက်နဲ့ သပ်ပေးချင်မိပါတယ်။ သူက လက်ကလေးနှစ်ဖက်ကို ခေါင်းနားကပ်လို့ လက်သီးလေးဆုပ်နေတာကိုပဲ ကျွန်တော် အပြင်ကနေ တွေ့လိုက်ရတယ်လေ။ အမေရော အဖေပါ စကားတစ်ခွန်းမှ မပြောခဲ့ကြပါဘူး။ ကျွန်တော်ကတော့ မြို့ပြရဲ့ ဆူညံသံတွေနဲ့ ဆေးရုံတွင်းက လှုပ်ရှားသံတွေကို အားစိုက် နားထောင်ရင်း ကိုယ့်အသက်ရှူသံကိုတောင် ပြန်ကြားလိုက်ရတော့တာပေါ့။ ပြီးတော့ ကျွန်တော့်ဘေးမှာရှိတဲ့ အမေနဲ့အဖေ့ရဲ့ အသက်ရှူသံ ပြင်းပြင်းကိုလည်း ကျွန်တော် ကြားလိုက်ရပါသေးတယ်။ သူတို့ကတော့ မျက်ရည်မကျမိအောင် နှပ်တရှုပ်ရှုပ်နဲ့ကို ထိန်းနေကြလေရဲ့။ ကျွန်တော်လည်း ဆေးရုံထဲက ဆူညံသံတွေကို ဖောက်ထွက်ပြီး တခြားကမ္ဘာကနေ ထွက်လာသလားထင်ရတဲ့ ညင်သာငြိမ့်ငြောင်းတဲ့ ညီမလေးရဲ့ အသက်ရှူသံ လေးကို ကြားရအောင် အာရုံစိုက်ကာ နားထပ်စွင့်လိုက်ပါတော့တယ်။ ကျွန်တော် မျက်စိမှိတ်ပြီး သူ့ရဲ့ အသက်ရှူသံလေးကို ကြားတဲ့အထိကို အာရုံစိုက်ကာ ကြိုးစား နားထောင်လိုက်တယ်လေ။ ညီမလေးရဲ့ အသက်ရှူသံလေးကိုသာ ကျွန်တော် နားထောင်နိုင်မယ်ဆိုရင် ညီမလေးက ကျွန်တော်တို့ကို ဘယ်တော့မှ ခွဲခွာသွားမှာ မဟုတ်ဘူးလို့သာ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် အယုံသွင်းနေမိတော့တာပေါ့။
ကျွန်တော်တို့ ကားပါကင်ထိုးတဲ့နေရာဆီ ပြန်ဖို့ အပြင်ဘက် လမ်း လျှောက်လာတော့ အဖေက ကျွန်တော့်လက်ကို ကိုင်ထားပါတယ်။ ကျွန်တော်တို့ ဓါတ်လှေကားထဲကနေ ထွက်လာတော့ တစ်ခါကဆုံဖူးတဲ့ ဆေးရုံအပေါ်ထပ်က အမျိုးသမီးကြီးက လေးချောင်းထောက် လမ်းလျှောက်ကိရိယာလေးကို အားပြုလို့ တောက်တောက် တောက် တောက် နဲ့ လမ်းလျှောက်နေတာကို ကျွန်တော်တွေ့လိုက်ရတာပေါ့။ သူက မောလွန်းလို့ ကိရိယာကို အားပြုကာ နားနေရင်းက ကျွန်တော့်ကို ပြုံးပြလိုက်ပ့တယ်။
"တစ်ထပ်ရောက်တိုင်း သုံးခါနားလိုက်၊ ဓါတ်လှေကားနဲ့ အဆင်း အတက် သုံးကြိမ်လောက် လုပ်လိုက်နဲ့ဆိုတော့ ကွယ်...." လို့ သူက စကားပြောနေရင်းက မောလွန်းလို့ အသက်ရှူလိုက်ပါသေးတယ်။
" ....မောတယ်...သိပ်မောတယ်ကွယ်..."
အဖေက မျက်လုံးလေးမှိတ်ပြပြီး သူ့ကို ဖော်ဖော်ရွေရွေနဲ့ ခေါင်းငြိတ်ပြလိုက်တယ်လေ။
" ရောက်တော့မယ်...ရောက်တော့မယ်" ဆိုပြီး အမျိုးသမီးကြီးက ရေရွတ်လို့ သူ့ရဲ့ ကိရိယာလေးကို လက်ထောက်ကာ ကနေဟန်လုပ်လိုက်ပါသေးတယ်။
" တို့က မကြာခင် ပြန်တောင် ကလိုက်ဦးမှာကွဲ့။ စောင့်သာကြည့်နေ..."
ပြီးတော့ သူက တွန့်လိမ်နေတဲ့ သူ့လက်နဲ့ ကျွန်တော့် ပုခုံးကို အသာအယာသပ်လိုက်ပါတယ်။
" သားလေးကို ကြည့်ရတာ ဒီနေ့ ၀မ်းနည်းနေတဲ့ပုံပဲနော်။ သားရဲ့ သူငယ်ချင်းဆိုတဲ့သူကိုရော သွားကြည့်ပြီးပြီလားဟင်" လို့ သူ ကျွန်တော့်ကိုမေးလိုက်တော့ ကျွန်တော် သူ့ကို ခေါင်းငြိတ်ပြလိုက်တယ်လေ။ သူကလည်း ပြန်ပြုံးပြရှာပါတယ်။
"အဒေါ်က မကြာခင် အိမ်ပြန်ရတော့မှာကွဲ့။ သားသူငယ်ချင်းလည်း နေပြန်ကောင်း လာမှာပါကွယ်။ အမြဲတမ်း လှုပ်လှုပ်ရှားရှားနဲ့ ပျော်ပျော်သာနေလို့ ပြောလိုက် ကြားလား" ဆိုပြီး သူက အကဘုရင် ဆိုတဲ့ သီချင်လေးညည်းလို့ ထော့နင်း ထော့နင်းနဲ့ ထွက်သွားပါတော့တယ်။
အဲ့ဒီတော့ အဖေက ကျွန်တော်တို့မေးတော့တာပေါ့။
" သားရဲ့ သူငယ်ချင်းဆိုတာ ဘယ်သူလဲကွ"
" ဘယ်သူမှ မဟုတ်ပါဘူး အဖေ"
နောက်တော့ အဖေလည်း မေ့သွားတယ်ထင်ပါတယ်။ ကားထဲရောက်တော့ အဖေ့မျက်နှာပေါ်မှာ မျက်ရည်တွေကျနေတာ ကျွန်တော် တွေ့လိုက်ရတယ်လေ။
ကျွန်တော်လည်း မျက်လုံးလေးမှိတ်ပြီးတော့သာ ညီမလေးရဲ့ အသက်ရှူသံလေးနဲ့ နှလုံးခုန်သံလေးကို ပြန်ကြားယောင်နေမိလိုက်ပါတယ်။ ကျွန်တော် အဲ့ဒီအသံလေးကို စိတ်ထဲမှာ တေးမှတ်ထားပြီး အကြိမ်ကြိမ် ပြန်တွေးနေမိတော့တာပေါ့။ ကျွန်တော့် ရင်ဘတ်ကို စမ်းပြီး ညီမလေးရဲ့ နှလုံးခုန်သံလေးကို ကျွန်တော် ထည့်သိမ်းထားလိုက်ပါတယ်။ လမ်းပေါ်ရောက်တော့ ကားသံတွေကလည်း ဆူညံလာသလို အဖေကလည်း မျက်ရည်တွေကို နှပ်ရှုပ်လို့ အဆုံးသတ် လိုက်ပါတော့တယ်။ ကျွန်တော်ကတော့ ငြိမ်ငြိမ်လေးနေပြီး ညီမလေးရဲ့ နှလုံးခုန်သံလေး ကျွန်တော့်စိတ်ထဲက ပျောက်ကွယ်မသွားအောင် ကြိုးစားနေမိပါတယ်။
အခန်း (၂၆)
"ကဲ ဒီမှာကြည့်။ ဒီအကောင်ကို အာခီရော့ပ်တာရပ်စ် (ကမ္ဘာဦး ငှက်ကြီး) လို့ခေါ်တယ်။ ပျံသန်းနိုင်တဲ့ ဒိုင်နိုဆောမျိုးနွယ်ပေါ့ဟာ" ဆိုပြီး မီနာက ပြောလိုက်ပါတယ်။
သူက စွယ်စုံသုတကျမ်းစာအုပ် အထူကြီးကို မြက်ခင်းပေါ်ပစ်ချပြီး ကျွန်တော့်ကို ဖွင့်ပြလိုက်တယ်လေ။ ကျွန်တော်တို့လည်း ကို့ယို့ကားယား ခန္ဓာကိုယ်နဲ့ ဆူးတွေပါတဲ့ ကိုင်းပေါ်မှာ နားနေတဲ့ သတ္တဝါကို ကြည့်လိုက်ကြပါတယ်။ သူ့အနောက်က မီးတောင်တွေကတော့ မီးခိုးတွေ၊ မီးလျှံတွေနဲ့ တောက်လောက်နေတော့တာပေါ့။ ဘေးမှာလည်း အခြား ကုန်းနေဒိုင်နိုဆောမျိုးတွေ ဖြစ်တဲ့ သစ်ကုလားအုပ်သဏ္ဍာန် ဒစ်ပလိုဒစ်ကပ်စ်၊ ကျောကုန်းမှာ ဆူးတောင်သဏ္ဍာန်ပါတဲ့ စတက်ဂိုဆောရပ်စ် စတဲ့ သတ္တဝါတွေကလည်း မညီမညာ မြေပြင်ပေါ်မှာ အသီးသီး ရှိနေကြပါသေးတယ်။ "ဒိုင်နိုဆောတွေက မျိုးသုဉ်းပျောက်ကွယ်သွားကြပြီလို့ ငါတို့တွေက ယုံကြည်ထားကြတယ်လေ" ဆိုပြီး မီနာက ဆက်ပြောလိုက်ပါသေးတယ်။
" ဒါပေမယ့် သူတို့ဆီက ဆင်းသက်လာတဲ့ မျိုးဆက်အချို့ကတော့ ငါတို့နဲ့အတူ အခုထိ ယှဉ်တွဲနေထိုင်နေကြသေးတယ်ဆိုတဲ့ ယူဆချက်လည်း ရှိသေးတယ်ဟ။ သူတို့တွေက သစ်ပင်တွေ၊ ခေါင်းမိုးထပ်တွေမှာ အသိုက်ဆောက်ပြီး နေတတ်ကြတယ်တဲ့လေ။ နောက်ပြီး သူတို့က သီချင်းလည်း ဆိုတတ်ကြသေးတယ်။ အဲ့ဒီတော့ ငါအခုပြတဲ့ အာခီရော့ပ်တာရပ်စ် မျိုးနွယ်က အသက်ရှင်ကျန်ခဲ့ပြီးတော့ အခုခေတ်ရဲ့ ငှက်မျိုးစိတ်တွေအဖြစ် ဆင့်ကဲပြောင်းလဲဖြစ်လာခဲ့ကြတာပဲ ဖြစ်ရမယ်"
မီနာက စာအုပ်ထဲက သတ္တဝါရဲ့ ကျုံလှီနေတဲ့ အတောင်ပံကို လက်နဲ့ ထိတွေ့ကြည့်လိုက်ပါတယ်။
" သူ့မှာ အတောင်ပံနဲ့ အမွှေးအတောင်တွေ ရှိတာကို နင် တွေ့လား။ ဒါပေမယ့် ဒီသတ္တဝါက အကောင်ကြီးပြီးတော့ အရိုးတွေကလည်း အပြည့်အစုံပါသေးတဲ့ အခြေအနေမှာပဲ ရှိသေးတယ်လေ။ သူ့ရဲ့ တိုတိုတုတ်တုတ် အမြှီးကြီးကိုပဲ ကြည့်ပါလား။ အဲ့ဒါကြောင့် ကမ္ဘာဦးငှက်တွေက သစ်ပင်တစ်ပင်ကနေတစ်ပင်ဆီ၊ ကျောက်တုံးတစ်တုံးကနေ တစ်တုံးဆီ လိုမျိုး အကွာအဝေး အနည်းငယ်ကိုပဲ ပျံသန်းနိုင်ကြတယ်ဟ။ ဒီနေ့ခေတ်က ငှက်တွေလို လေထဲမှာ အကြာကြီး ပျော့ပျော့ပျောင်းပျောင်းနဲ့ ပျံသန်းနိုင်မဲ့ ခန္ဓာကိုယ် အချိုးအစား သူတို့မှာ မရှိခဲ့ကြဘူးလေ။ အရိုးတွင်း လေခိုခြင်း ဖြစ်စဉ် မဖြစ်ပွားခဲ့သေးဘူးလို့ပဲ ဆိုရမှာပေါ့ဟာ"
ကျွန်တော် မီနာ့ကို ကြောင်ကြည့်နေလိုက်မိပါတယ်။
" နင် ဘာမှ မမှတ်မိတော့ဘူးလား။ ငှက်တွေရဲ့ အရိုးထဲမှာ လေသိပ်သည်းဆတစ်မျိုး ခိုအောင်းနေတာကို အရိုးတွင် လေခိုအောင်းခြင်းဖြစ်စဉ်လို့ ခေါ်တယ်လို့ ငါ နင့်ကို ပြောပြဖူးတယ်လေဟာ။ အဲ့ဒီဖြစ်စဉ်ကြောင့် ငှက်တွေက လေထဲမှာ လွတ်လွတ်လပ်လပ်နဲ့ ပျံသန်းနိုင်ကြတာပေါ့" လို့ မီနာက ကျွန်တော့်ကို ပြန်ရှင်းပြနေတုန်းမှာပဲ ငှက်မည်းတစ်ကောင်က ကျွန်တော်တို့ခေါင်းပေါ်မှာရှိတဲ့ သစ်ပင်ကနေ ကောင်းကင်ဆီကို တဟုန်ထိုး ပျံသန်းသွားပါတော့တယ်။
"နင်သာ အာခီရော့ပ်တာရပ်စ် သတ္တဝါ တစ်ကောင်ကို ကိုင်ကြည့်မယ်ဆိုရင် ကျောက်တုံးတစ်တုံးလိုပဲ လေးလံတာကို တွေ့ရလိမ့်မယ်ဟ။ ငါ ဟိုတနေ့က လုပ်တဲ့ ရွှံ့ရုပ်လေးလို အလေးချိန်ရှိတာမျိုးပေါ့ဟာ "
ကျွန်တော် မီနာ့ရဲ့ မျက်၀န်းတွေကို ကြည့်လိုက်မိပါတယ်။ သူ့မျက်လုံးတွေက ကျွန်တော် တခုခုပြောမှာကို လိုလိုလားလားနဲ့ တောင့်တနေတဲ့ပုံပါပဲ။ ကျွန်တော် ရုတ်တရက်ဆိုသလို ညီမလေးအကြောင်းပဲ ပြောပြရရင်ကောင်းမလား ဒါမှမဟုတ် စကဲလစ်အကြောင်းပဲ ပြောပြရင် ကောင်းမလားဆိုပြီး ဝေခွဲရခက်မိသွားတော့တာပေါ့။ ပြီးတော့ ကျွန်တော်လည်း စကဲလစ်ရဲ့ အတောငိပံဖွားဖွားနဲ့ ညီမလေးရဲ့ နှလုံးခုန်သံလေး အကြောင်းကို ဆက်တွေးနေမိပါတော့တယ်။
" ဆင့်ကဲပြောင်းလဲခြင်း ဖြစ်စဉ် ဆိုတာ အဆုံးသတ် မရှိဘူးဟ" လို့ မီနာက စကားဆက်ရင်း ကျွန်တော့် အနားတိုးကပ်လာပါတော့တယ်။
" ငါတို့က အမြဲတမ်း အသစ်အသစ်တွေကို လက်ခံနိုင်ဖို့ ကြိုးစားနေရမယ် သိလား မိုက်ကယ်။ ငါတို့ အခုပိုင်ဆိုင်ထားတဲ့ ခန္ဓာကိုယ်ပုံစံက လူသားမျိုးနွယ်အတွက် နောက်ဆုံးသော စံ ပုံစံ မဟုတ်တာလည်း ဖြစ်နိုင်တယ် မဟုတ်လား"
မီနာက ကျွန်တော့်လက်ကို ဆွဲကိုင်လိုက်ပြီး ဆက်ပြောလိုက်ပါသေးတယ်။
" ငါတို့တွေက သိပ်ကိုထူးခြားဆန်းကြယ်တဲ့ မျိုးစိတ်တွေပဲဟ" တဲ့လေ။ ပြီးတော့ သူက ကျွန်တော့်ကို စိုက်ကြည့်နေတော့တာပေါ့။
"စကဲလစ်...စကဲလစ်...ဟေ့ စကဲလစ်..." လို့ မီနာက အဆက်အစပ်မရှိ တီးတိုးလေးခေါ်နေတော့ ကျွန်တော်လည်း သူ့ကို ကြောင်တောင်တောင်နဲ့ မျက်တောင်မခတ်တမ်း ပြန်ပြီး စိုက်ကြည့်နေမိပြန်ပါတယ်။ သူ့ကိုကြည့်ရတာ စကဲလစ်ကို ကျွန်တော့်ခန္ဓာကိုယ်ထဲကနေ ဆွဲထုတ်နေတဲ့အတိုင်းပါ။ မီနာရော ကျွန်တော်ပါ အတွေးကိုယ်စီနဲ့ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေမိလိုက်ကြပါတော့တယ်။
ခဏနေတော့ တခိုးခိုး တခစ်ခစ်နဲ့ လှောင်ရယ်သံတွေပါ ထွက်ပေါ်လာတော့တာပေါ့။ ကျွန်တော်တို့ အပေါ်ကို မော့ကြည့်လိုက်တော့ လီကီနဲ့ ကုထ်တို့က ဟိုဘက် ခြံစည်းရိုးနံရံပေါ်ကနေ ကျွန်တော်တို့ကို ငုံ့ကြည့်ပြီး ရယ်နေတာကို တွေ့လိုက်ရပါတော့တယ်။
အခန်း (၂၇)
"မင်း ဘာတွေဖြစ်နေတာလဲကွ" လို့ လီကီနဲ့ ကုထ်က ကျွန်တော့်ကို အတင်းမေးနေ ကြပါတော့တယ်။
" မင်း တခုခုတော့ ဖြစ်နေတာ သေချာတယ် မဟုတ်လား"
ကျွန်တော်ကလည်း ကျွန်တော်ပါပဲလေ။ ကျွန်တော် အရင်ကလို ဘောလုံးလိုက်မလုနိုင်သလို ဘောလုံးကလည်း ကျွန်တော့်ဆီကနေ အမြဲတမ်း လွဲချော်နေပါတော့တယ်။ နောက်ပြီး ဘောလုံးက ကျွန်တော့် ခြေထောက်ထဲ တည့်တည့်ရောက်လာတော့ ကျွန်တော်က တက်နင်းမိလို့ ချော်လဲပြီး တံတောင်ဆစ်တောင် ပွန်းသွားပါသေးတယ်။ မီနာကလည်း သူတို့အိမ်ထဲက သစ်ပင်ပေါ်တက်ထိုင်ပြီး စာအုပ်လေးတစ်အုပ် ကိုင်လို့ ကျွန်တော်ရယ် လီကီရယ်နဲ့ ကုထ်တို့ သုံးယောက် ဘောလုံး ကစားနေတာကို စိုက်ကြည့်နေတော့ ကျွန်တော့်ခမျာ တုန်တုန်ရီရီနဲ့ကို ဖြစ်နေတော့တာပါပဲ။
" မိုက်ကယ်က နေမကောင်းဖြစ်နေလို့ ဖြစ်မှာပါကွ" လို့ လီကီက ပြောလိုက်ပါတော့ ကုထ်က
" အပိုတွေ...သူက နေမကောင်းဖြစ်နေတာမှ မဟုတ်တာ။ သူ စိတ်ညစ်နေတာပဲဖြစ်ရမယ်" ဆိုပြီး ပြန်ပက်လိုက်တော့တာပေါ့။
ပြီးတော့ ကုထ်က ကျွန်တော် ဘောလုံးကို ခေါင်းပေါ်ရောက်အောင် ပင့်တင့်နေတာကို ကြည့်လိုက်ပါတယ်။ ဘောလုံးကတော့ ကျွန်တော့် ဒူးခေါင်းနဲ့ ခတ်မိပြီး မြောင်းထဲကျသွားတယ်လေ။
" ငါ မဆော့တာ ကြာလို့ပါကွ"လို့ပဲ ကျွန်တော် သူတို့ကို ဆင်ခြေပေးလိုက်ပါတယ်။
" ဟင်း...အပိုတွေပါကွာ။ မင်းက ပြီးခဲ့တဲ့ တစ်ပတ်ကပဲ ကျောင်းမှာ အကောင်းဆုံး ဘောလုံးသမား ဖြစ်ခဲ့တာ မဟုတ်ဘူးလားကွ" ဆိုပြီး ကုထ်က စကားနာထိုးလိုက်တယ်လေ။
လီကီကလည်း
" အေးလေ ဟုတ်သားပဲကို" လို့ သံယောင်လိုက်,လိုက်တာပေါ့။
" အဲ့ဒါ ဟိုကောင်မလေးကြောင့် မဟုတ်လား" လို့ ကုထ်က စကားဆက်လိုက်ပါတယ်။
" ဟိုမှာလေ သစ်ပင်ပေါ် တက်ထိုင်နေတာ။ ခုနက သူနဲ့ အတူ ထိုင်နေတဲ့ ကောင်မလေးပေါ့"
အဲ့ဒီတော့ လီကီက ပြုံးစေ့စေ့လုပ်လိုက်ပါတယ်။
" အေး ဟုတ်မယ်ကွ"
ကျွန်တော် သူတို့ကို ခေါင်းခါပြကာ
" မဟုတ်ပါဘူးကွာ" လို့ အသံတုန်တုန်နဲ့ ငြင်းပြလိုက်ရပါသေးတယ်။
ကျွန်တော့် အသံတွေကလည်း ကျွန်တော့် ခြေထောက်နည်းတူ တုန်ရီနေခဲ့တာ အမှန်ပါ။
သူတို့နှစ်ယောက်ကတော့ စပ်ဖြဲဖြဲ လုပ်နေကြဆဲပါပဲ။
" ဟုတ်တယ်ကွ...ဒီကောင်မလေးကြောင့်ပဲ ဖြစ်ရမယ်" ဆိုပြီး လီကီက ပြောလိုက်ပါတယ်။
" သစ်ပင်ပေါ်ကို မျောက်လို တက်တတ်နေတဲ့ ကောင်မလေးပဲကွ" လို့ ကုထ်ကလည်း ထပ်ပြောလိုက်ပါသေးတယ်။
" ပြီးတော့ သစ်ကိုင်းပေါ်မှာ ထိုင်နေတဲ့ ပုံကလည်း ကျီးကန်းကြီးနားနေတဲ့ အတိုင်းပဲ"
ကျွန်တော်ကတော့ သူတို့နှစ်ယောက်ကို ဘယ်လိုမှ ရှင်းပြဖို့ မတတ်သာတော့ပါဘူးလေ။
ကျွန်တော် လီကီ့ကို မျက်လုံးနဲ့ စေ့စေ့ကြည့်လိုက်ပါတယ်။ လီကီက ကျွန်တော်နဲ့ သူငယ်ချင်းအဖြစ် ခင်လာခဲ့တာ အတော်ကြာပါပြီ။ အခုတော့ ကျွန်တော် သူ့ကို ရုပ်တည်ကြီးနဲ့ ကြည့်နေတာတောင် လီကီက စပ်ဖြဲဖြဲမျက်နှာပေးနဲ့ သူပြောချင်ရာ ဆက်ပြောနေဆဲပါ။
"သူက အဲ့ဒီကောင်မလေးနဲ့ လက်တောင်တွဲထားတာကွ" လို့ လီကီက ကုထ်ကို ပြောလိုက်ပါတယ်။
"နောက်ပြီး အဲ့ဒီကောင်မလေးကလည်း သူ့ကို အင်မတန် ထူးခြားတဲ့သူလို့ ပြောလိုက်သေးတယ်လေ" ဆိုပြီး ကုထ်က စကားထောက်လိုက်ပါသေးတယ်။
" တော်ပါတော့ကွာ" လို့ပဲ ကျွန်တော် ပြန်ပြောလိုက်နိုင်တာပေါ့။
ပြီးတော့ ကျွန်တော် သူတို့ကိုကျောခိုင်းပြီး အိမ်နောက်ဖေး လမ်းကြားထဲကို ဦးတည်လိုက်ပါတော့တယ်။ သူတို့ကတော့ ကျွန်တော့်နောက်ကနေ အူလျားဖားလျား ပြေးလိုက်လာကြတယ်လေ။ ကျွန်တော်လည်း နောက်ဖေးလမ်းကြားထဲက ဂိုဒေါင်ကိုကာထားတဲ့ ပျဉ်ချပ်ကြီးကိုမှီလို့ ထိုင်ချလိုက်ပါတယ်။ ကျွန်တော့် စိတ်ထဲမှာတော့ လီကီနဲ့ ကုထ်တို့ကို ဒီမှာ ဆက်ပြီး ရှိစေချင်သလို အခုချက်ချင်းပဲ ပြန်သွားစေချင်တဲ့ ဆန္ဒတွေနဲ့ ဒွိဟဖြစ်နေလို့ နေတော့တာပါပဲ။ ကျွန်တော် အရင်ကလိုမျိုး ဘောလုံးပြန်ကန်တတ်ချင်ပါတယ်။ ကျွန်တော် အရာရာကို အရင်ကလိုမျိုး ပြန်ပြီး အဆင်ပြေစေချင်မိတယ်လေ။
လီကီက စိတ်မကောင်းတဲ့ မျက်နှာနဲ့ ကျွန်တော့်ဘေးမှာ ၀င်ထိုင်လိုက်ပါတော့တယ်။
" ငါ့ညီမလေးက နေမကောင်းဖြစ်နေတယ်ကွ" လို့ ကျွန်တော် သူ့ကို ပြောပြလိုက်ပါတယ်။
" သိပ်ကို နေမကောင်းဖြစ်နေတာလေ။ ဆရာ၀န်တွေကလည်း ငါက အဲ့ဒါကြောင့် စိတ်ဖိစီးနေတာလို့ ပြောတယ်"
" အင်းပါကွာ" လို့ သူက ပြန်ပြောပါတယ်။
" အင်း...ငါသိပါတယ်။ တောင်းပန်ပါတယ်ကွာ" တဲ့လေ။
ကုထ်ကတော့ ဘောလုံးကို ပျဉ်ပြားကြီးဆီ ကန်ရင်း ဆော့နေလေရဲ့။
" ဒီပျဉ်ပြားကို မကန်နဲ့ကွ။ မကြာခင် ပြိုသွားလိမ့်မယ်" လို့ ကျွန်တော် သူ့ကို လှမ်းပြောတော့ ကုထ်က ရယ်တယ်လေ။
" အမယ်...မင်းက ဘယ်လိုသိလဲ" ဆိုပြီး ကုထ်က ဘောလုံးကို ဆက်ကန်နေလိုက်ပါတယ်။
" မလုပ်ပါနဲ့ဆိုကွာ" လို့ပြောရင်း ကျွန်တော်လည်း မတ်တပ်ထရပ်ကာ သူ့ကို ဂုတ်ကနေ ဆွဲထားလိုက်တော့တာပေါ့။
" မလုပ်နဲ့တော့ကွ"
ကုထ်က ငေါ့တော့တော့နဲ့ ရယ်လိုက်ပါတယ်။
" ဘာကို မလုပ်ရမှာလဲ မိုက်ကယ်" လို့ သူက မိန်းကလေးတစ်ယောက် လေသံအတိုင်း ကနွဲ့ကလျနဲ့ ကျွန်တော့်ကို ရွဲ့လိုက်ပါသေးတယ်။
ကျွန်တော်လည်း သူ့ကို ဂိုဒေါင်ပျဉ်ချပ်ကြီး တွန်းလိုက်ပြီး သူ့ မျက်နှာဘေးက နံရံကို လက်သီးနဲ့ ထိုးလိုက်တော့တာပေါ့။
ကုထ်က လီကီ့ကို မျက်စိမှိတ်ပြီး အချက်ပြပြီး ပြောလိုက်ပါတယ်။
" တွေ့လား...ငါပြောသားပဲ" တဲ့လေ။
ကျွန်တော် သူ့ကို စိတ်တိုတိုနဲ့ နောက်တစ်ခါ နံရံကို ထပ်ထိုးလိုက်တော့ ဝုန်းခနဲဆိုသလို ဂိုဒေါင်ကြီးလည်း ပြိုကျလာပါတော့တယ်။
" ဘာလဲဟ..." ဆိုပြီး လီကီ့ခမျာ ကြောင်သွားရပါတယ်။
နောက်ထပ် အက်ကွဲသံတစ်ခုထွက်လာပြီး ခဏနေတော့ အရာရာက ပြန်လည် ငြိမ်သက်သွားခဲ့တယ်လေ။
ကျွန်တော်တို့လည်း ဂိုဒေါင်ဘေးက ခြံတံခါးပေါက်ကနေ အထဲကို ခြေဖျားထောက်လို့ ပြန်၀င်လာခဲ့တော့တာပေါ့။ ကျွန်တော်တို့ ဂိုဒေါင် ရှေ့တံခါးပေါက်ကနေ အထဲကို ချောင်းကြည့်လိုက်ကြပါတယ်။ အထဲမှာတော့ ဖုန်မှုန့်တွေက အရင်ကထက်ကို ပိုပြီး ကျနေကြတာကို ကျွန်တော် တွေ့လိုက်ရတယ်လေ။
ပြီးတော့ နောက်ထပ် အက်ကွဲသံတစ်ခုကို ကျွန်တော် ကြားလိုက်ရပါသေးတယ်။
" ဘာလဲဟ..." လို့ ကုထ်က ရေရွတ်လိုက်ပါတယ်။
ကျွန်တော်ကလည်း
" ငါ့အဖေကို သွားခေါ်မှ ဖြစ်တော့မယ်" လို့ ပြောလိုက်တော့တာပေါ့။
အခန်း (၂၈)
တူအသေးတစ်ချောင်းနဲ့ သံရှည်ရှည်လေးတွေကို သုံးပြီး အဖေက ပျဉ်ပြားတချို့ကို ဂိုဒေါင်တံခါးမှာ ကပ်ရိုက်လိုက်ပါတယ်။ အဖေ့တူတစ်ချက်ထုတိုင်း ဂိုဒေါင်တစ်ခုလုံးက တုန်ခါနေတော့တာပေါ့။ အဖေက ကျွန်တော်တို့ကို နောက်ဆုတ်နေဖို့ သတိပေးလိုက်တယ်လေ။ ကျွန်တော်တို့လည်း နောက်မှာရပ်လို့ အဖေလုပ်နေတာကိုပဲ စောင့်ကြည့်နေလိုက်ကြပါတော့တယ်။ ပြီးတော့ အဖေက အနက်ရောင် အိမ်သုတ်ဆေးအရောင် စိုစိုနဲ့ ' အန္တရာယ်' ဆိုတဲ့ စာသားကို သံရိုက်ထားတဲ့ ပျဉ်ချပ်ပေါ်မှာ ရေးသားလိုက်ပါသေးတယ်။ခဏနေတော့ အဖေက ဘီယာ ကျွန်တော်တို့က ကုတ်ခ် အချိုရည် တစ်ဘူးဆီသောက်ရင်း အိမ်နံရံကို မှီကာ ထိုင်နေလိုက်ကြပါတော့တယ်။
" ငါလည်း ဒီဂိုဒေါင်ကို အန္တရာယ်ကင်း အောင် မြန်မြန်ရှင်းပစ်မှပါလေ" လို့ အဖေက ပြောလိုက်ပါတယ်။
" ကျွန်တော့် ဦးလေးက ဆောက်လုပ်ရေးလုပ်သားဗျ" လို့ ကုထ်က ၀င်ပြောလိုက်တာပေါ့။
" သူက အမြဲတမ်း ဂိုဒေါင်တွေ၊ အခန်းတိုးချဲ့တာတွေ လုပ်နေကြလေ"
" ဟုတ်လားကွ" လို့ အဖေက သူ့ကို ပြန်နေးလိုက်ပါတယ်။
" ဟုတ်တယ်ဗျ။ သူသာဆို ဦးကို ဒီဂိုဒေါင်ကြီးကို ဖြိုချပြီးမှ အသစ်ပြန်ဆောက်ဖို့ ပြောမှာ သေချာတယ်"
" ဪ...ဒီလိုလား"
" ဟုတ်တယ်။ တချို့အိမ်ရှင်တွေကျပြန်တော့ ဟိုးအရင်ကတည်းက ဖြိုချပစ်လိုက်သင့်တဲ့ အရာတွေကို သိမ်းထားချင်ကြသေးတယ်ဗျ"
ကျွန်တော် ဂိုဒေါင်ကြီးကို လှမ်းကြည့်ပြီး အဲ့ဒီနေရာမှာ မြေကွက်လပ်ကြီးပဲ ကျန်ခဲ့တော့မှာ ပါလားလို့ တွေးနေမိလိုက်ပါတော့တယ်။
" ပြီးတော့ ကျွန်တော့်ဦးလေး အဆိုအရဆို ဆယ်ပေါင်တူကြီးတွေ၊ အမှိုက်ပုံးကြီးတွေနဲ့ လုပ်ရတဲ့ အလုပ်က အကောင်းဆုံးပဲတဲ့လေ" လို့ ကုထ်က ဆက်ပြောလိုက်ပါတယ်။
ပြီးတော့ ကုထ်က သူ့လက်ထဲက အချိုရည်ဘူးကို တကျိုက်မော့လိုက်ပါသေးတယ်။ အဲ့ဒီအချိန်မှာပဲ ငှက်မည်းတစ်ကောင်က ဂိုဒေါင်အမိုးပေါ်မှာ လာနားတာကို ကျွန်တော် မြင်လိုက်ရတာပေါ့။ အဲ့ဒီငှက်မည်းက သူ့ငှက်သားပေါက်လေးတွေကို အစာကျွေးဖို့ ကျွန်တော်တို့ခြံထဲက တီကောင်တွေနဲ့ ပိုးတောင်မာတွေ လာရှာမှန်း ကျွန်တော်ရိပ်မိပါတယ်လေ။
" ဟိုးက ငှက်က ငါတို့ကို ဒီနေရာမှာထိုင်နေတာ မကြိုက်တဲ့ပုံပဲနော်" လို့ ကျွန်တော်က စကားစလိုက်တော့ ကုထ်က သူ့လက်ကို သေနတ်သဏ္ဍာန်ကွေးရင်း ငှက်ကို မျက်စိမှေးလို့ ချိန်နေလိုက်ပါတယ်။
" မိပြီကွ" ဆိုပြီး သူကရေရွတ်ရင်း သေနတ်ထဲက ကျည်ဆန်ထွက်သွားလို့ နောက်ကို ယိုင်လဲသွားတဲ့အတိုင်းတောင် သရုပ်ဆောင်လိုက်ပါသေးတယ်။
အဖေကလည်း လီကီနဲ့ ကုထ်တို့ကို လာလည်တဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောလိုက်ပါတယ်။
" မင်းတို့ သူငယ်ချင်း မိုက်ကယ်က မှိုင်နေတာကွ" လို့ အဖေက သူတို့နှစ်ယောက်ကို ပြောလိုက်တာပေါ့။
" သူ့သူငယ်ချင်းတွေနဲ့ ပြန် ဆော့လိုက်မယ်ဆို ဆရာ၀န် ပြောတဲ့အတိုင်း နေပြန်ကောင်းလာစေမှာ သေချာပါတယ်ကွာ"
" ဒါပေမယ့် ဂိုဒေါင်နားတော့ သွားဆော့လို့ မရတော့ဘူးနော် ဦး" လို့ လီကီက ပြောလိုက်ပါတယ်။
" အင်း ဟုတ်တယ်။ ဂိုဒေါင်နားတော့ သွားဆော့လို့ မရဘူး"
ကျွန်တော်တို့လည်း ဘောလုံးကောက်ပြီး အိမ်ရှေ့လမ်းဘက်ဆီ ပြန်ထွက်လာခဲ့ ကြပါတော့တယ်။ မီနာကတော့ သစ်ပင်ပေါ်မှာ မရှိတော့ပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း အခုမှ ဘောလုံးကန်ရတာ လမိုင်းကပ်လာတယ်လို့ ထင်မိပါတယ်။ ဒါပေမယ့် ကျွန်တော် မီနာထိုင်နေကြ သစ်ပင်လေးဆီ ခဏခဏ လှမ်းကြည့်နေမိပြန်တယ်လေ။ မီနာများ တစ်ယောက်တည်း စကဲလစ်နဲ့ သွားတွေ့နေသလားလို့ ကျွန်တော် တွေးမိလိုက်ပါသေးတယ်။
ကျွန်တော် ဘယ်လောက်ကြာကြာ စဉ်းစားနေမိတယ်မသိပါဘူး။ လီကီနဲ့ ကုထ်တို့ ရယ်သံကြားတော့မှ ကျွန်တော် သူတို့ကို သတိပြန်ရမိတယ်လေ။
" ကဲ ဘယ်လိုလဲကွ။ လွမ်းနေပြီလား" လို့ ကုထ်က ကျွန်တော့်ကို စကားနာထိုးလိုက်တာပေါ့။
ကျွန်တော် မျက်ခုံးပင့်လို့ ပြုံးပြဖို့ ကြိုးစားလိုက်ပါတယ်။ ပြီးတော့ ကျွန်တော်လည်း အိမ်ရှေ့ခြံစည်းရိုးနံရံမှာ သွားထိုင်နေလိုက်ပါတော့တယ်။
" ဒါနဲ့ အဲ့ဒီကောင်မလေးက ဘယ်သူလဲကွ" လို့ လီကီက စပြီး မေးတော့တာပေါ့။
ကျွန်တော် သူ့ကို ပုခုံးပဲပြန်တွန့်ပြလိုက်ပါတယ်။
" သူ့နာမည်က မီနာတဲ့ကွ"
" သူက ဘယ်ကျောင်းကလဲ"
" သူက ကျောင်းမနေဘူးလေ"
သူတို့နှစ်ယောက် ကျွန်တော့်ကို ကြောင်ကြည့်လိုက်ကြပါတော့တယ်။
" ဘယ်လို...ဘယ်လို..." ဆိုပြီး လီကီက ယောင်လိုက်သလို ကုထ်ကလည်း
" သူက ဟော်ကီကစားတဲ့သူလား" ဆိုပြီး ကျွန်တော့်ကို မေးလိုက်ပါတယ်။
" သူ့အမေက သူ့ကို အိမ်မှာပဲ သင်ပေးတာကွ" လို့ ကျွန်တော် ပြန်ဖြေလိုက်တော့ သူတို့နှစ်ယောက် မျက်လုံးအပြူးသားနဲ့ ကျွန်တော့်ကို ပြန်ကြည့်ကြပါလေရော။
" ဘယ်လိုလဲဟ။ ငါက ကလေးတိုင်း မဖြစ်မနေ ကျောင်းတက်ရတယ်ပဲ ထင်နေတာ" လို့ လီကီက ရေရွတ်လိုက်ပါတော့တယ်။
" ဒီ ကောင်မလေး ဘယ်လောက်တောင် ပျော်နေမလဲဆိုတာ စဉ်းစားကြည့်စမ်း" လို့ ကုထ်က ပြောလိုက်တယ်လေ။ သူတို့နှစ်ယောက်လုံး ခဏလောက် တိတ်သွားကြပါသေးတယ်။
" ဒီကောင်မလေးက သိပ်ကံကောင်းတဲ့ သူပဲကွ" ဆိုပြီး ခဏနေတော့ လီကီက ထပြောလိုက်တော့တာပေါ့။
" ဒါပေမယ့် သူငယ်ချင်းလိုချင်ရင်ရော သူက ဘယ်လိုလုပ်မှာလဲကွ" လို့ ကုထ်က သူ့ကို စကားထောက်လိုက်တယ်လေ။
" ပြီးတော့ ဘယ်သူကရော နေ့တိုင်း အိမ်မှာချည်းနေချင်မှာလဲကွာ"
" သူတို့က စာသင်ကျောင်းတွေဟာ ကလေးတွေကို သင်ယူမှုကနေ တားမြစ်ထားတယ်လို့ ထင်ကြတယ်ကွ" လို့ ကျွန်တော် သူတို့ကို ပြောပြလိုက်ပါတယ်။
" စာသင်ကျောင်းတွေက ကျောင်းသားတိုင်းကို မတူတူအောင် လိုက်ညှိနေတဲ့ နေရာလို့ သူတို့က သတ်မှတ်ထားတယ် တဲ့လေ"
" အပိုတွေပါကွာ" လို့ ကုထ်က ပြောတော့ လီကီကလည်း
" အေးလေ" ဆိုပြီး ထောက်ခံလိုက်ပါသေးတယ်။
" မင်းလည်း စာသင်ကျောင်းမှာ တစ်နေကုန် စာတွေချည်း သင်နေရတာပဲကို " လို့ လီကီက ပြောတော့ ကျွန်တော်လည်း ပုခုံးသာ ပြန်တွန့်ပြလိုက်နိုင်ပါတယ်။
" ဟုတ်ရင်လည်း ဟုတ်မှာပေါ့ကွာ"
" ဘာလဲ...မင်းက အဲ့ဒါကြောင့် ကျောင်းမတက်တော့တာလား မိုက်ကယ်" လို့ လီကီက ကျွန်တော့်ကို တည့်မေးလိုက်တော့တာပေါ့။
" မင်း ကျောင်းကို ဘယ်တော့မှ ပြန်မတက်တော့ဘူးလား မိုက်ကယ်။ မင်းကလည်း ဟိုကောင်မလေးရဲ့ အမေ သင်တာကို နာခံမလို့ပေါ့လေ"
" ဘယ်ကသာကွာ။ ဒါပေမယ့် သူတို့က ငါ့ကို တခုခု သင်ပေးမယ်လို့တော့ ပြောတယ်ကွ" လို့ ကျွန်တော် သူ့ကို ပြန်ဖြေလိုက်ပါတယ်။
" ဘာတွေ သင်ပေးမှာလဲ"
" ရွှံ့နဲ့ အရုပ်လုပ်တာနဲ့ ဝီလီယမ် ဘလိတ် အကြောင်း... အဲ့ဒီလိုမျိုးတွေပေါ့"
" ဝီလီယမ် ဘလိတ်က ဘယ်သူတုန်းဟ" လို့ ကုထ်က ၀င်ပြောလိုက်ပါတယ်။
" မြို့ထဲမှာ သားသတ်ဆိုင် ဖွင့်ထားတဲ့ လူကြီးလား"
"ဘယ်ကသာ...သူက စာသင်ကျောင်းတွေဟာ ကလေးတွေကို အပျော်တွေပျောက်ဆုံးအောင် လုပ်တယ်လို့ ဆိုတယ်တဲ့ကွ။ သူက ပန်းချီဆရာ တဖြစ်လဲ ကဗျာကြီးလေ"
လီကီနဲ့ ကုထ် တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ပြုံးလိုက်ပါတယ်။ လီကီဖြင့် ကျွန်တော့်မျက်နှာကိုတောင် စေ့စေ့မကြည့်နိုင်တော့လောက်အောင်ကို စပ်ဖြဲဖြဲဖြစ်နေခဲ့တာပါ။ ကျွန်တော်ကတော့ မျက်နှာတစ်ခုလုံး ပူစပ် ပူလောင်ကို ခံစားနေရတော့တာပေါ့။
" ဒီလိုလေကွာ..." လို့ ကျွန်တော် စကားဆက်လိုက်ပါတယ်။
" ငါကတော့ မင်းတို့ကို အကုန် ရှင်းမပြတတ်ဘူးကွ။ ဒါပေမယ့် ကမ္ဘာပေါ်မှာ အံ့အားသင့်စရာ ကောင်းတဲ့ အရာတွေ အများကြီးရှိသေးတယ်လေ"
ကုထ်က သက်ပြင်းချလို့ ခေါင်းခါရင်း ဘောလုံးကို သူ့ဒူးနှစ်ဖက်ကြားမှာ ပုတ်နေလိုက်ပါတော့တယ်။
" အဲ့ဒီ အံ့အားသင့်စရာဆိုတာကို ငါ ကိုယ်တိုင်မြင်ခဲ့ပြီးပြီကွ" လို့ ကျွန်တော်ဆက်ပြောတော့ လီကီက ကျွန်တော့်ကို စိုက်ကြည့်နေလိုက်ပါတယ်။
ကျွန်တော်လည်း သူတို့နှစ်ယောက်ကို 'အန္တရာယ်ရှိသည်' လို့ ရေးထားတဲ့ တံခါးကြီးအကြောင်းနဲ့ စကဲလစ်အကြောင်း ပြောပြီး ကိုယ်တိုင် လိုက်ပြဖို့အထိတောင် စဉ်းစားမိလိုက်ပါသေးတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သူတို့နှစ်ယောက်ကို ကျွန်တော် မြင်ခဲ့၊ ထိတွေ့ခဲ့ရတဲ့ အရာကို ပြလိုက်ချင်မိပါတယ်။
အဲ့ဒီအချိန်မှာပဲ
" ကဲ...ဟိုမှာ လာပြန်ပါပြီဗျာ" လို့ ကုထ်က ရုတ်တရက် ဆိုလိုက်ပါတော့တယ်။
ကျွန်တော်တို့ နောက်ကို လှည့်ကြည့်လိုက်တော့ သစ်ပင်ပေါ် တက်နေတဲ့ မီနာ့ကို တွေ့လိုက်ရတာပေါ့။
" မျောက်မလေးဟ" လို့ လီကီကလည်း ပြောလိုက်ပါသေးတယ်။ ကုထ်ကလည်း တခစ်ခစ် ရယ်နေလေရဲ့။
"ဟေး...ဆင့်ကဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာ ရက်စ်ပူတင်က မှန်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်ကွ။ ဒီကောင်မလေးကိုသာ သူမြင်လိုက်မယ်ဆို ငါတို့က မျောက်တွေကနေ ဆင်းသက်လာတယ်ဆိုတာ သူ သက်သေပြနိုင်မှာ သေချာတယ်ဟေ့" လို့ ကုထ်က ရယ်ရင်းလက်စနဲ့ ပြောလိုက်ပါတော့တယ်။
အခန်း (၂၉)
သစ်ပင်ပေါ်ကနေ စိုက်ကြည့်နေတဲ့ မီနာ့ရဲ့ မျက်လုံးတွေက သိပ်ကို အေးစက် မာကြောလွန်းလှပါတယ်။
သူက သီချင်းဆိုဟန်လေးနဲ့တောင် ကျွန်တော့်ကို ခနဲ့လိုက်ပါသေးတယ်။
" ကျောင်းမတက်ရလို့ တော်ပါသေး
အရူးဖြစ်ဖို့ ဝေလာဝေး" တဲ့လေ။
" နင်ဘာမှ နားမလည်ပါဘူးဟာ" လို့ ကျွန်တော် သူ့ကို ပြန်ပြောလိုက်ပါတယ်။
" ငါတို့က ကျောင်းမှာ ပုံသွင်းခံနေရတာလည်း မဟုတ်ဘူး။ ငါ့သူငယ်ချင်းတွေကလည်း အရူးမဟုတ်ဘူး မီနာ"
" ဖြစ်ရချည်သေး"
"ဟုတ်တယ်.... နင်က ဘာမှသိတာမှ မဟုတ်တာ။ နင်က နင့်ကိုယ်နင် ထူးခြားတယ်လို့ ထင်နေပေမဲ့ တကယ်တမ်းတော့ နင်က တခြားလူတွေလိုပဲ ပြောရဆိုရခက်တဲ့သူလေ။ နင်က ဝီလီယမ် ဘလိတ်အကြောင်း သိကောင်းသိလိမ့်မယ် မီနာ။ ဒါပေမယ့် နင်က သာမန်လူတွေ အကြောင်းတော့ ဘာမှ မသိဘူးသေးပါဘူး ဟာ"
" ဖြစ်ရချည်းသေး"
" ဟုတ်တယ်။ ဖြစ်ရတယ်" ဆိုပြီး ကျွန်တော်လည်း ကိုယ့်ခြေထောက်ကိုယ် ပြန်ငုံ့ကြည့်လို့ လက်သည်းခွံထဲက ချေးကို ခွာနေလိုက်ပါတော့တယ်။ ပြီးတော့ ကျွန်တော် ဘာလုပ်ရမှန်းမသိတာနဲ့ ခြံစည်းရိုးနံရံကို ခြေထောက်နဲ့ ကန်နေမိတော့တာပေါ့။
" သူတို့က ငါ့ကို မုန်းနေတာဟ" လို့ မီနာက ပြောလိုက်ပါတယ်။
" သူတို့ ငါ့ကို ကြည့်နေတဲ့ အကြည့်တွေကို ငါမြင်သားပဲ။ ငါက နင့်ကို သူတို့ဆီကနေ ခွဲထုတ်သွားလိမ့်မယ်လို့ ထင်နေကြတာလေ။ တော်တော်တုံးတဲ့ ကောင်လေးတွေပဲ"
" သူတို့က ငတုံးမဟုတ်ဘူး မီနာ"
" တုံးတယ်။ ဘောလုံးတစ်လုံးတည်းကို လုကန်၊ တစ်ယောက်နဲ့တစ်ယောက် လိုက်တွန်းပြီး အသားကုန်အော်ဟစ်နေကြတာ တောခွေးတွေအတိုင်းပဲ။ ငတုံးလေးတွေ...နင်ရောပဲ သိလား မိုက်ကယ်"
"တောခွေး ဟုတ်လား။ သူတို့ကလည်း နင့်ကို မျောက်မလေးလို့ ခေါ်တယ်။ ကဲ...နင် ကြိုက်လား ပြော"
"ကြည့်ပါလား။ ငါမပြောဘူးလား။ သူတို့က ငါ့ကို သိလည်းမသိကြဘဲ မုန်းနေကြတာပါလို့ဆို"
" ဒါဖြင့် နင်ကြတော့ရော သူတို့အကြောင်း သိတာမှတ်လို့"
" ငါက သိသင့်သလောက် သိပြီးပြီလေ။ ဘာမှလည်း ထပ်သိစရာမလိုတော့ဘူး။ ဘောလုံးကန် လျှောက်ပြေးပြီး အော်ဟစ်နေကြတဲ့ ငတုံးလေးတွေ"
" ဖြစ်ရချည်သေး"
" ဟုတ်တယ်။ ဟို ဆံပင်အနီရောင်နဲ့ လူကောင် သေးသေးလေးဆိုရင်...."
" ဝီလီယမ် ဘလိတ်ကလည်း လူကောင်သေးသေးနဲ့ ဆံပင် အနီရောင် ရှိတာပဲလေ"
" နင် ဘယ်လိုသိလဲ"
" ကြည့်ပါလား။ နင်က ဘယ်သူမှ နင့်လောက် မသိဘူးဆိုပြီး ထင်ထားတာကိုး"
" ဘာမှ မဟုတ်ဘူး"
" ဟုတ်တယ်"
မီနာက ကျွန်တော့်ကို ဆက်မပြောတော့ဘဲ သူ့နှုတ်ခမ်းကို တင်းတင်းစေ့ထား လိုက်ပါတော့တယ်။ ပြီးတော့ သူက သစ်ပင်ကြီးရဲ့ ပင်စည်ဘက်ကို ခေါင်းလှည့်လို့ နေလိုက်တယ်လေ။
" နင် အိမ်ပြန်တော့ဟာ မိုက်ကယ်" လို့ သူက ပြောလိုက်ပါတယ်။
" နင့်ဘာသာ အိမ်ပြန်ပြီး ဟို ရူးကြောင်ကြောင် ဘောလုံးနဲ့ သွားဆော့နေ။ ငါ့ကို လာမရှုပ်နဲ့"
အဲ့ဒီတော့ ကျွန်တော်လည်း နံရံကို ခြေထောက်နဲ့ တစ်ချက်ကန်ပြီး သူ့ခြံထဲက ထွက်လာခဲ့ပါတော့တယ်။ ကျွန်တော် အိမ်ရှေ့တံခါးကနေ အိမ်ထဲ ပြန်၀င်လာတော့ အဖေက အပေါ်ထပ်ကနေ ကျွန်တော့်နာမည် လှမ်းခေါ်တာကိုကြားလိုက်ရတယ်လေ။ ကျွန်တော်ကတော့ အိမ်ထဲကနေ အိမ်နောက်ဖေးကို တည့်တည့်မတ်မတ်လျှောက်သွားပြီး အိမ်နောက်ဖေးခြံထဲမှာ ထိုင်ချလိုက်ပါတယ်။ ကျွန်တော့် မျက်လုံးထဲက မျက်ရည်စတွေ လိမ့်ဆင်းမလာအောင် ကျွန်တော် မျက်လုံးအစုံကို တင်းတင်းကြပ်ကြပ် မှိတ်ထားလိုက်တော့တာပေါ့။
အခန်း (၃၀)
ဇီးကွက်တွန်သံတွေကြောင့် ကျွန်တော် လန့်နိုးသွားပါတယ်။ ဒါမှမဟုတ် ဇီးကွက်တွန်သံနဲ့ ဆင်တူတဲ့ အသံတစ်ခုလည်း ဖြစ်နိုင်ပါတယ်လေ။ ကျွန်တော်လည်း ညအမှောင်ထဲကို လှမ်းကြည့်လိုက်မိတော့တာပေါ့။ လမင်းကြီးကတော့ မိုးကောင်းကင်မှာ လိမ္မော်ရောင် မီးသီးလုံးကြီး ချိတ်ဆွဲထားသလိုရှိနေပြီး ဘုရားရှိခိုးကျောင်း မျှော်စင်ကြီးနဲ့ မီးခိုးခေါင်းတိုင်တွေရဲ့ အပေါ်ကို အလင်းရောင် ဖြန့်ကျက်လျှက် ရှိနေပါတော့တယ်။ လမင်းကြီးအနားက မိုးကောင်ကင်ဟာ အပြာရောင် နက်နက်ရှိပြီး တဖြည်းဖြည်းနဲ့ အဝေးကိုရောက်လာလေ နက်မှောင်လာလေပါပဲ။ ကြယ်ကလေးတွေရဲ့ မှိတ်တုတ်မှိတ်တုတ် အလင်းကသာ မိုးကောင်းကင်မှာ ဟိုတစ်ကွက် ဒီတစ်ကွက် ထွန်းလင်းလို့နေကြပါတယ်။ ကျွန်တော်တို့ခြံထဲမှာတော့ ဂိုဒေါင်ကြီးရဲ့ နက်မှောင်နေတဲ့ အရိပ်က ခြံစည်းရိုးထောင့်မှာ ကြီးစိုးလို့ နေတော့တာပေါ့။
ကျွန်တော် ခြံထဲမှာ ငှက်တွေများ ရှိနေမလားလို့ ကြည့်လိုက်ပေမဲ့ ဘာကိုမှ မတွေ့ခဲ့ရပါဘူး။
" စကဲလစ်...စကဲလစ်" လို့ ကျွန်တော် ရေရွတ်မိလိုက်ပါတယ်။
ပြီးတော့ ကျွန်တော် စကဲလစ်ဆီသွားဖို့ကိစ္စကို မီနာ့အကြောင်း အရင်တွေးမိတော့ ကိုယ့်ကိုယ်ကိုယ်တောင် အပြစ်တင်မိလိုက်ပါသေးတယ်။
ကျွန်တော် အိပ်ရာထဲ ပြန်လှဲနေလိုက်ပါတယ်။ခဏနေတော့ ကျွန်တော် ရုတ်တရက် အိပ်မောကျသွားပြီး အိပ်မက် စမက်တော့တာပေါ့။ အိပ်မက်ထဲမှာ စကဲလစ်က ဆေးရုံ လူနာဆောင်ထဲ၀င်လာပြီး ကျွန်တော့် ညီမလေးကို ဖန်ပုံးထဲကနေ ကောက်ချီလိုက်တယ်တဲ့လေ။ သူက ညီမလေး ခန္ဓာကိုယ်ပေါ်က ဝိုင်ယာကြိုးတွေနဲ့ ပြွန်တွေကို ဆွဲဖြုတ်ပစ်လိုက်တော့ ညီမလေးကလည်း စကဲလစ်ရဲ့ ခြောက်ကပ်ကပ် အသားအရေကို သူ့ရဲ့ နူးညံ့တဲ့ လက်ချောင်းလေးတွေနဲ့ ထိလိုက်ပြီး တခစ်ခစ် ရယ်နေပါတော့တယ်။ နောက်တော့ စကဲလစ်က ညီမလေးကို လက်မောင်းထဲမှာ ပွေ့ချီပြီး ဟိုးက နက်မှောင်လှတဲ့ ကောင်းကင်ကြီးဆီကို ပျံသန်းသွားတော့တာပေါ့။ပြီးတော့ စကဲလစ်က ညီမလေးကိုချီရင်း ကျွန်တော်တို့ နောက်ဖေးခြံထဲမှာ ရပ်ပြီး ကျွန်တော့်ကို လှမ်းခေါ်လိုက်ကြပါတယ်။
" မိုက်ကယ်...ဟေး...မိုက်ကယ်"
စကဲလစ်က ခြံထဲမှာ မတ်တပ်ရပ်ပြီး ရယ်နေပါသေးတယ်။ ညီမလေးကတော့ သူ့ရင်ခွင်ထဲမှာ လှုပ်ခတ်နေတော့တာပေါ့။ သူတို့နှစ်ယောက်လုံးကိုကြည့်ရတာ သိပ်ကို အားအင်တွေ ပြည့်၀နေတဲ့ အတိုင်းပါပဲ။
" မိုက်ကယ်...." လို့ စကဲလစ်က ရွှန်းစိုနေတဲ့ မျက်လုံးအကြည့်နဲ့ ကျွန်တော့်ကို ထပ်ခေါ်လိုက်ပါတယ်။
"ဟေး မိုက်ကယ်....မိုက်ကယ်..."
အဲ့ဒီမှာပဲ ကျွန်တော် နောက်တစ်ခါ အိပ်ရာကနေ လန့်နိုးသွားတော့တာပေါ့။ ကျွန်တော် ဇီးကွက်သံကို ထပ်ကြားလိုက်ရပါတယ်။ ကျွန်တော်လည်း ည၀တ်အင်္ကျီနဲ့ ဂျင်းဘောင်းဘီလေး ကောက်စွတ်လို့ အောက်ထပ်ကို ခြေဖော့ဆင်းရင်း ခြံထဲကို ထွက်လာခဲ့ပါတော့တယ်။ ခြံထဲမှာတော့ ကျွန်တော် ထင်ထားတဲ့အတိုင်း ဘာမှ ရှိမနေခဲ့ပါဘူးလေ။ ကျွန်တော် ခြံထဲမှာ မတ်တပ်ရပ်ရင်း မြို့ပြရဲ့ ဆူညံသံတွေကို အာရုံစိုက်ကာ နားထောင်နေလိုက်ပါတယ်။ ပြီးတော့ ကျွန်တော် နောက်ဖေးခြံတံခါးကနေ အပြင်ထွက်ပြီး ဘာမှ အကြောင်းမထူးမှာ သိသိရက်နဲ့ မီနာတို့ အိမ်ဘက်ဆီ လမ်းဆက်လျှောက်လာခဲ့မိတယ်လေ။ ကျွန်တော် လမ်းလျှောက်လာရင်း ကျွန်တော့်ခြေထောက်ကို တခုခုက လာပြီး ပွတ်တိုက်နေတဲ့ ခံစားချက်ကို ခံစားမိလိုက်ရပါတယ်။
" ဟင်...၀စ်စပါး ပါလား" လို့ ကျွန်တော် ရေရွတ်မိလိုက်တာပေါ့။
ကြောင်လေးက ကျွန်တော် လမ်းလျှောက်ရင်း လိုက်ပါလာတယ်လေ။
ခြံရှေ့ရောက်တော့ တံခါးက ဟစေ့စေ့ဖြစ်နေတာကို ကျွန်တော်တွေ့လိုက်ရပါတယ်။ လရောင်ကြောင့် ခြံတံခါးရဲ့ မှောင်ရိပ်က ခြံထဲမှာ ကြီးစိုးလို့နေပါတော့တယ်။ 'အန္တရာယ် ရှိသည်' လို့ရေးထားတဲ့ တံခါးရှေ့က လှေကားထစ်လေးမှာ မီနာက ဒူးခေါင်းပေါ် တံတောင်ဆစ်ထောက်လို့ ဖြူဖပ်ဖြူလျော်နဲ့ ထိုင်နေတာကို ကျွန်တော် တွေ့လိုက်ရတာပေါ့။ ကျွန်တော်ကလည်း သူ့ကို အရင်ဆုံးခေါ်ဖို့ တွန့်ဆုတ်နေတာနဲ့ မီနာနဲ့ ကျွန်တော်ဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေမိကြပါတော့တယ်။
"နင် ဘာလို့ ဒီလောက်ကြာနေရတာလဲဟာ" လို့ သူက ကျွန်တော့်ကိုစပြီး မေးလိုက်တယ်လေ။ ကျွန်တော် သူ့ကို သေချာကြည့်နေလိုက်ပါတယ်။
"ငါက ဒီညတော့ ငါတစ်ယောက်ထဲ ဒီကို လာရတော့မယ် ထင်နေတာဟ" လို့ သူဆက်ပြောတော့ ကျွန်တော်လည်း
" ငါက နင်တစ်ယောက်ထဲ သွားချင်နေတယ်ထင်လို့ပေါ့" လို့ စကားပြန်လိုက်ပါတော့တယ်။
၀စ်စပါးက မီနာ့အနားကိုတိုးသွားပြီး အမွှေးထူထူ သူ့ခန္ဓာကိုယ်လေးနဲ့ မီနာ့ခြေထောက်ကို ပွတ်သပ်လိုက်ပါတယ်။
" ဪ မိုက်ကယ်ရယ်...."
ကျွန်တော်လည်း သူ့ကို ဘာပြန်ပြောရမှန်းမသိတာနဲ့ မီနာထိုင်နေတဲ့ လှေကားထစ်ရဲ့ အောက်တစ်ထစ်မှာ ထိုင်ချလိုက်တာပေါ့။
"ငါတို့ ဒီအတိုင်းပဲ စိတ်ဆိုးနေတုန်း ပြောမိကြတာပါဟာ" လို့ မီနာက စကားဆက်လိုက်ပါသေးတယ်။
'' ငါ နင့်ကို ပြောတာလွန်သွားတယ် မိုက်ကယ်"
ကျွန်တော် သူ့ကို ဘာမှ ပြန်မပြောခဲ့ပါဘူး။ အဲ့ဒီအချိန်မှာပဲ ဇီးကွက်တစ်ကောင်က ခြံထဲကို ပျံသန်းလာပြီး နောက်ဘက်နံရံမှာ နားနေလိုက်တယ်လေ။ ပြီးတော့ ဇီးကွက်က တအူးအူးနဲ့ အသံပြုလိုက်ပါတော့တယ်။
" ငါ့ကို စိတ်မဆိုးနဲ့တော့နော်။ ငါ့သူငယ်ချင်း ပြန်လုပ်ပါ မိုက်ကယ်ရယ်" ဆိုပြီး မီနာက တီးတိုးလေး ကျွန်တော့်ကို ပြောလိုက်ပါတယ်။
" ငါက နင့်သူငယ်ချင်းပါ မီနာ"
" ဒါပေမယ့် နင်က သူငယ်ချင်းကိုလည်း စိတ်ဆိုးတတ်တာပဲ မဟုတ်လား။ နင် ဒီနေ့ ငါ့ကို မုန်းနေခဲ့တာလေ"
" အဲ့ဒါကတော့ နင်ရောပဲလေဟာ"
နောက်ထပ် ဇီးကွက်တစ်ကောင်ပါ ထပ်မံပျံသန်းလာပြီး ပထမဇီးကွက်ရဲ့ ဘေးမှာ နားနေလိုက်ပါတယ်။
" ငါ ညဘက်တွေကို သဘောကျတယ် သိလား မိုက်ကယ်။ ကမ္ဘာကြီးက အိပ်မောကျနေတဲ့ အခုလို ညအချိန်မှာ ဘာမဆို ဖြစ်နိုင်တယ်လို့ ငါ ယုံကြည်ထားတယ်ဟ"
ကျွန်တော် လရိပ်ဆမ်းပြီး ငွေရောင်သမ်းနေတဲ့ သူ့မျက်နှာပေါ်က နက်မှောင်နေတဲ့ မျက်လုံးတစ်စုံ ကို မော့ကြည့်မိလိုက်ပါတယ်။ ဒီအတိုင်းသာဆို မီနာ့မျက်နှာက လမင်းကြီးဖြစ်နေပြီး စကဲလစ်က သူ့ရဲ့ အလင်းရောင်အောက်က ကောင်းကင်ကြီးပေါ်မှာ ပျံသန်းနေတယ်လို့ ကျွန်တော် နောက်တစ်ခါ အိပ်မက်မက်မိတော့မယ် ထင်ပါတယ်။
ကျွန်တော် သူ့ဘေးကို တိုးလိုက်တော့တာပေါ့။
" ငါ နင့်သူငယ်ချင်းလုပ်ပါ့မယ် မီနာ" လို့ ကျွန်တော် သူ့ကို ပြန်ဖြေလိုက်ပါတော့တယ်။
မီနာက ပြုံးတယ်လေ။ ကျွန်တော်တို့လည်း လမင်းကြီးကို မော့်ကြည့်ရင်း ထိုင်နေမိခဲ့ကြပါသေးတယ်။ မကြာခင်မှာပဲ ဇီးကွက်တွေ နိုးထလာပြီး မြို့လယ်ဘက်ကို ပျံသန်းထွက်ခွာသွားကြတာကို ကျွန်တော်တို့ တွေ့လိုက်ရပါတယ်။ ကျွန်တော်လည်း တံခါးကို ကျောမှီလို့ထိုင်နေရင်း တချက် တချက် အိပ်ပျော်မိသွားမလားတောင် ထင်မိပါသေးတယ်။
"စကဲလစ်...စကဲလစ်" လို့ ကျွန်တော် ယောင်မိလိုက်ပါတယ်။
ခဏနေတော့ ကျွန်တော်တို့လည်း အိပ်ချင်ပြေသွားအောင် မျက်လုံးကို ပွတ်သပ်လိုက်ကြတယ်လေ။
ပြီးတော့ မီနာက သူ့ရဲ့သော့တံလေးကို သော့ပေါက်ထဲ ထည့်ပြီး ဖွင့်လိုက်တော့တာပေါ့။
အခန်း (၃၁)
ကျွန်တော်တို့ နှစ်ယောက်လုံး ဓါတ်မီးမပါလာခဲ့ကြပါဘူး။ ပျဉ်ပြားချပ်တွေကြားထဲက တိုး၀င်လာတဲ့ အလင်းရောင်ကလည်း မှိတ်တုတ်မှိတ်တုတ် နဲ့မို့ ကျွန်တော်တို့လည်း အမှောင်ထဲမှာ စမ်းတဝါးဝါးနဲ့ လျှောက်နေခဲ့ကြပါတော့တယ်။ ကျွန်တော်နဲ့ မီနာက တစ်ယောက်လက်တစ်ယောက် ကိုင်ထားပြီး ကျန်တဲ့ လက်တစ်ဖက်ကို အမှောင်ထဲ တစမ်းစမ်းနဲ့ သွားနေလဲ့ကြတာပါ။ ကျွန်တော်တို့ခမျာ နံရံတွေကို ၀င်တိုက်လိုက်၊ ကြမ်းပြင်ပေါက်တွေထဲ ခြေချော်လိုက်နဲ့ လှေကားရှိရာဆီ ရောက်လာခဲ့ရတယ်လေ။ ပြီးတော့ ကျွန်တော်တို့လည်း လှေကားထိပ်ထိရောက်အောင်တက်ပြီး စကဲလစ်ကို ထားခဲ့တဲ့ အခန်းတံခါးကို ဖွင့်ကာ ဖြည်းဖြည်းချင်း စမ်းလို့ အထဲကို၀င်သွားလိုက်ပါတော့တယ်။
" စကဲလစ်...စကဲလစ်"
ဘာအသံမှတော့ ပြန်မကြားခဲ့ရပါဘူး။ အဲ့ဒီတော့ ကျွန်တော်နဲ့ မီနာလည်း ရှေ့ကို ခြေတစ်လှမ်းချင်းစီလှမ်းလို့ ဆက်တိုးလိုက်ကြတာပေါ့။ ကျွန်တော်တို့ နှစ်ယောက်လုံး အသက်ရှူမှားပြီး တစ်ကိုယ်လုံး တုန်ရီနေတာကိုတောင် ခံစားမိပါသေးတယ်။ ကျွန်တော့် နှလုံးခုန်သံတွေလည်း မြန်နေမိတယ်လေ။ ကျွန်တော် မျက်စိကိုကျယ်ကျယ်ဖွင့်ပြီး စကဲလစ် ရှိနေမယ်လို့ ထင်ရတဲ့ကြမ်းပြင်ဆီကို အမှောင်ကို အံတုကာ အားစိုက်လို့ ကြည့်လိုက်ပါတယ်။ ဒါပေမယ့် အဲ့ဒီနေရာမှာ စောင်နဲ့ ခေါင်းအုံးကလွဲလို့ ဘာမှ မရှိခဲ့ပါဘူး။ ကျွန်တော့်ခြေထောက်နားမှာတော့ စကဲလစ်စားထားတဲ့ ပလတ်စတစ် ပန်ကန်ပြားနဲ့ ဘီယာဘူး ရှိနေခဲ့ပါတယ်။
" သူ ဘယ်ရောက်သွားတာလဲဟ" လို့ မီနာက မေးလိုက်ပါတယ်။
" စကဲလစ်..." လို့ ကျွန်တော်တို့လည်း အမှောင်ထဲ ချာလည် ပတ်လည် ကြည့်ရင်း တီးတိုးလေး ခေါ်လိုက်ကြတာပေါ့။
" စကဲလစ်...စကဲလစ်"
ကျွန်တော်တို့ လှေကားရင်းဆီ ပြန်ရောက်လာခဲ့ကြပါတယ်။ ပြီးတော့ ကျွန်တော်နဲ့ မီနာ အပေါ်ထပ်ကိုတက်တဲ့ နောက်ထပ် လှေကားတစ်ကွေ့ကို ထပ်တက်လိုက်ကြတယ်လေ။ အပေါ်ထပ်က အခန်းတွေကို ဖွင့်ပြီး သူ့နာမည်ခေါ်ပေမယ့်လည်း အခန်းထဲက မည်းမှောင်နေတဲ့ အမှောင်ထုနဲ့ မောဟိုက်နေတဲ့ ကျွန်တော်တို့ရဲ့ အသက်ရှူသံကလွဲရင် သူ့ရဲ့အရိပ်အယောင်ကို လုံး၀ မတွေ့ရတော့ပါဘူး။ ကျွန်တော်တို့ လှမ်းခေါ်နေတဲ့ စကဲလစ်ဆိုတဲ့ အသံကသာ ပဲ့တင်ရိုက်ခတ်သံပြီး အခန်းထဲမှာ ကြီးစိုးနေပါတော့တယ်။ အဲ့ဒီတော့ ကျွန်တော်တို့လည်း အပေါ်ထပ်လှေကား နောက်တစ်ကွေ့ကို ဆက်တက်လိုက်ကြပါတယ်။
လှေကားရင်းဆီရောက်တော့ ကျွန်တော်နဲ့ မီနာ တုန်ရီနေတဲ့ ခန္ဓာကိုယ် ကိုယ်စီနဲ့ လက်ချင်းတွဲရင်း ရပ်လိုက်ကြတာပေါ့။ အရပ်ရှစ်မျက်နှာလုံး ဘယ်နေရာကြည့်ကြည့် အမှောင်ထုက ဖုံးလွှမ်းလို့နေပါတော့တယ်။ ကျွန်တော့်ဘေးမှာ ရှိတဲ့ တစ်ခုတည်းသော သက်ရှိသတ္တဝါဆိုလို့လည်း မီနာကလွဲရင် မရှိခဲ့ပါဘူး။
" ငါတို့ စိတ်ကို ငြိမ်ငြိမ်ထားရမယ်ဟ" လို့ မီနာက တီးတိုးလေး ပြောလိုက်ပါတယ်။
" ငါတို့ နားထောင်ရမယ် သိလား။ ဟိုတစ်ခါ ငှက်မည်းလေးရဲ့ သားပေါက်လေးတွေအသံကို နားထောင်တဲ့အတိုင်းလေ"
" အင်း"
" ငြိမ်ငြိမ်လေးရပ်နေနော် မိုက်ကယ်။ ပြီးရင် အမှောင်ထုထဲကို အားစိုက်ပြီး နားစွင့်ထားလိုက်"
ကျွန်တော်တို့လည်း လက်ချင်းတွဲထားပြီး အမှောင်ထုထဲကို နားစွင့်လိုက်ကြပါတော့တယ်။ အဲ့ဒီတော့ မြို့ထဲက ပျံ့လွင့်လာတဲ့ တစီစီအသံတွေ၊ အိမ်ထဲက ကြမ်းပြင်ရဲ့ အက်ကွဲသံတွေနဲ့ ကိုယ့်အသက်ရှူသံကိုတောင် ကျွန်တော် ပြန်ကြားလိုက်ရပါတယ်။ ကျွန်တော် ဒီ့ထက်ပိုပြီး အာရုံစိုက်ကာ နားထောင်လိုက်တော့ ညီမလေးရဲ့ အသက်ရှူသံလေးကို ပြန်ကြားယောင် လိုက်ရတာပေါ့။ ညီမလေးရဲ့ နှလုံးခုန်သံလေးကို ကြားယောင်မိတိုင်း သူ အန္တရာယ်ကင်းတယ်ဆိုတဲ့ အသိနဲ့ ကျွန်တော် ၀မ်းသာမိပါတယ်။
" နင် ကြားရလား မိုက်ကယ်" လို့ မီနာက မေးလိုက်ပါတယ်။
ကျွန်တော် မီနာ ပြောတဲ့အတိုင်း လိုက်နာပြီး ဆက်နားထောင်လိုက်တယ်လေ။ ရုတ်တရက် ကျွန်တော့် နားထဲကို အသိုက်ထဲက ငှက်ပေါက်လေးတွေရဲ့ အော်မြည်သံလို အသံလေးတွေ ၀င်ရောက်လာပါတော့တယ်။ ဒါက ကျွန်တော်တို့ရဲ့ အပေါ်ဘက်က လာနေတာပါ။ ဒီ အက်ကွဲကွဲ စူးရှရှ အသံလေးက စကဲလစ်ရဲ့ အသက်ရှူသံပါပဲ။
" အင်း...မီနာ ငါကြားလိုက်တယ်" လို့ ကျွန်တော် သူ့ကို ပြန်ဖြေလိုက်ပါတယ်။
နောက်တော့ ကျွန်တော်တို့လည်း လှေကားထစ်ရဲ့ နောက်ဆုံးတစ်ကွေ့ကို ဆက်တက်လိုက်ပြီး အပေါ်ဆုံးအထပ်ရဲ့ တံခါးရှေ့ကို ရောက်လာပါတော့တယ်။ ကြောက်ရွံ့စိတ်တွေ ကြီးစိုးနေရင်းက တံခါးလက်ကိုင်လေးကိုကိုင်ပြီး ကျွန်တော်တို့ ဖြည်းညှင်းညင်သာစွာ လှည့်ဖွင့်လိုက်ကြပါတယ်။
အခုံးသဏ္ဍာန်ကွေးထားတဲ့ ပြတင်းပေါက်ဆီကနေ လရောင်က တိုးဝင်လို့နေပါတယ်။ စကဲလစ်က ပြတင်းပေါက်ဘောင်ရှေ့မှာထိုင်ပြီး လမင်းကြီးကို အရိုအသေပေးနေဟန်နဲ့ ဦးညွှတ်နေခဲ့တယ်လေ။ ခေါင်းငုံ့ထားပြီး အတောင်ပံကို ခေါက်ထားတော့ သူ့မျက်နှာ ဖြူဖပ်ဖြူလျော်ပေါ်ကို အရိပ်မည်းကြီးက လွှမ်းမိုးနေတော့တာပေါ့။ ကျွန်တော်နဲ့ မီနာ အခန်းထဲကို ၀င်လာပြီး နံရံမှာ ကပ်နေလိုက်ပေမယ့် စကဲလစ်က ကျွန်တော်တို့ကို လှည့်မကြည့်ခဲ့ဘူးလေ။ ကျွန်တော်တို့လည်း နှုတ်ဆိတ်နေခဲ့ကြပါတယ်။ တကယ်တော့ ကျွန်တော်တို့ စကဲလစ်နားကို ကပ်ဖို့ကိုတောင် ကြောက်ရွံ့နေခဲ့တာပါ။ ခဏနေတော့ အပြင်ဘက်ကနေ ပျံသန်းလာတဲ့ ဇီးကွက်တစ်ကောင်က စကဲလစ်ရဲ့ ရှေ့မှာရှိတဲ့ လရောင်အောက်က ပြတင်းပေါက်ဘောင်မှာ လာ နားနေလိုက်တယ်လေ။ ပြီးတော့ အဲ့ဒီဇီးကွက်က သူ့ရဲ့ နှုတ်သီးကို ဟပြီး ပြတင်းပေါက်ခုံပေါ်ကို တခုခုထွေးချ ကာ ပျံသန်းသွားပါတော့တယ်။ ခဏနေတော့ နောက်ထပ်ဇီးကွက်တစ်ကောင်ပါ ထပ်ရောက်လာပြီး ပြတင်းပေါက်ဘောင်မှာနားလို့ စောစောက ဇီးကွက်အတိုင်း နှုတ်သီးထဲက တခုခုကို ထပ်မံအန်ချသွားတာကို ကျွန်တော်တို့ မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရပါသေးတယ်။ နောက်တော့ စကဲလစ်က ခန္ဓာကိုယ်ကို ရှေ့ကိုကိုင်းပြီး ဇီးကွက်တွေ အန်ချသွားတဲ့ အရာတွေကို ဝါးမြိုစားသောက်လိုက်ပါတော့တယ်။
" ဇီးကွက်တွေက စကဲလစ်ကို အစာရှာကျွေးနေကြတာပဲဟ" လို့ မီနာက တီးတိုးလေး ရေရွတ်လိုက်ပါတယ်။
တကယ်လည်း သူပြောတဲ့အတိုင်း ဟုတ်နေခဲ့တာပါပဲ။ ဇီးကွက်တစ်ကောင်စီ လာအန်ချသွားတိုင်း စကဲလစ်က သူတို့ချန်ခဲ့တဲ့ အရာတွေကို မြိန်ရည်ယှက်ရည်နဲ့ ဝါးမြိုနေတော့တာပေါ့။
နောက်ဆုံးတော့ စကဲလစ်က ကျွန်တော်တို့ဘက်ကို ပြန်လှည့်လာပါတော့တယ်။ သူ့ရဲ့ဖြူဖပ်ဖြူလျော်မျက်နှာနဲ့ စူးရှတဲ့အကြည့်တွေရှိတဲ့ သူ့ရဲ့ မျက်လုံးတွေက အခုတော့ အနက်ရောင် ၀တ်ရုံရဲ့ အရိပ်အောက်မှာ ပျောက်ကွယ်လို့နေတယ်လေ။ မီနာလည်း ကျွန်တော့်လက်ကို ကြောက်ကြောက်လန့်လန့်နဲ့ ကိုင်ထားလိုက်ပါတယ်။ ကျွန်တော်တို့ နှစ်ယောက်လုံး စကဲလစ်အနားသွားဖို့ ကြောက်ရွံ့နေခဲ့မိတာ အမှန်ပါ။
" ငါ့ဆီ လာပါ" လို့ စကဲလစ်က ပြောလိုက်ပေမယ့် ကျွန်တော်တို့ နှစ်ယောက် တုပ်တုပ်မှ မလှုပ်ရဲခဲ့ပါဘူး။
" ငါ့ဆီ လာကြပါကွာ"
အဲ့ဒီတော့မှ မီနာက ကျွန်တော့်ရှေ့ကနေ ထွက်သွားလိုက်ပါတော့တယ်။
ကျွန်တော်တို့ စကဲလစ်ရှိရာ အခန်းအလယ်ခေါင်အထိ လျှောက်သွားလိုက်တယ်လေ။ အခုတော့ သူက မားမားမတ်မတ်ကို မတ်တပ်ရပ်နေနိုင်ပါပြီ။ သူ့ကိုကြည့်ရတာလည်း အင်မတန့်ကို အားအင်တွေ ပြည့်၀နေတဲ့ပုံပါ။ လရောင်သက်ဆင်းနေတဲ့ အခန်းအလယ်ခေါင်မှာ ကျွန်တော်ရယ်၊ မီနာရယ်၊ စကဲလစ်ရယ် သုံးယောက်သား လက်ချင်းတွဲလို့ ဝိုင်းမိသွားပါတယ်။ စကဲလစ်က ကျွန်တော့်ကို မကြောက်ဖို့ နှစ်သိမ့်ပေးတဲ့အလား ကျွန်တော့်လက်ကို အသာအယာ ဖျစ်ညှစ်လိုက်တယ်လေ။ သူ ကျွန်တော့်ကို ပြုံးပြတော့ သူ့ပါးစပ်က ခံတွင်းနံ့ကို ရပြီး ကျွန်တော် အန်ချမိတော့မလိုတောင် ဖြစ်သွားရပါသေးတယ်။ ဇီးကွက်တွေကျွေးထားတဲ့ အစာကို စားထားတဲ့ သူ့ခံတွင်းနံ့က ခွေး၊ မြေခွေး၊ ငှက်မည်း ဒါမှမဟုတ် ဇီးကွက်တို့လို့ အသားစားသတ္တဝါတွေရဲ့ အနံ့အတိုင်း ဆိုးရွားလို့ကို နေတော့တာပါ။ စကဲလစ်ကတော့ ကျွန်တော့်ကို ပြုံးပြလိုက် ကျွန်တော့်လက်ကို ဖျစ်ညှစ်လိုက်နဲ့ကို လုပ်နေပါတယ်။ ခဏနေ သူက ခန္ဓာကိုယ်တစောင်းအတိုင်း ဘေးဘက်ကို တဖြည်းဖြည်း လှည့်လာတော့ ကျွန်တော်နဲ့ မီနာလည်း သူ့လှုပ်ရှားမှုအတိုင်း ရေလိုက် ငါးလိုက်လုပ်နေရင်း ကျွန်တော်တို့အားလုံးလည်း ဝိုင်းကြီးပတ်ပတ်လည်နေပါတော့တယ်။ ကျွန်တော်တို့ အဲ့ဒီလိုလှည့်ပတ်နေတော့ တစ်ယောက်ချင်းစီက အလင်းရောင်အောက်နဲ့ အမှောင်ထဲကို တစ်လှည့်စီ ရောက်နေတော့တာပေါ့။ စကဲလစ်နဲ့ မီနာတို့ အလင်းရောင်အောက် ရောက်တိုင်း သူတို့နှစ်ယောက်ရဲ့ မျက်နှာက အရင်ကထက်ကို အမူအရာကင်းမဲ့ပြီး ငွေရောင်သမ်းလာတာကို ကျွန်တော် သတိထားမိပါတယ်။ သူတို့ရဲ့ မျက်လုံးတွေကလည်း တဖြည်းဖြည်းနဲ့ ပိုပိုပြီး နက်မှောင် စူးရှလာကြတယ်လေ။ ရုတ်တရက် ကျွန်တော် ကြောက်လန့်ပြီး သူတို့နှစ်ယောက်ဆီက ထွက်ပြေးသွားဖို့ ကြိုးစားလိုက်ပေမယ့် စကဲလစ်က ကျွန်တော့်လက်ကို တင်းကြပ်စွာ ဆွဲထားလိုက်ပါတယ်။
" မရပ်လိုက်ပါနဲ့ မိုက်ကယ်" လို့ သူက ကျွန်တော့်ကို ပြောလိုက်ပါသေးတယ်။
သူနဲ့ မီနာက စူးရှတဲ့အကြည့်တွေနဲ့ ကျွန်တော့်ကို ဖောက်ထွက်မတတ်ကို ကြည့်နေကြပါတော့တယ်။
"ဟင့်အင်း မိုက်ကယ်...နင် မရပ်လိုက်နဲ့နော်" ဆိုပြီး မီနာကပါ ကျွန်တော့်ကို တားလိုက်ပါတယ်။ ကျွန်တော် မရပ်ဖြစ်ခဲ့ပါဘူး။ ခဏနေတော့ ကျွန်တော်တို့ သုံးယောက်လုံး ပြုံးနေမိကြတယ်လေ။ ကျွန်တော့် နှလုံးခုန်သံတွေကလည်း တဖြည်းဖြည်းနဲ့ စည်းချက်ညီလာတာကို ကျွန်တော် ခံစားမိပါတယ်။ ကျွန်တော် စကဲလစ်နဲ့ မီနာတို့ရဲ့ နှလုံးခုန်သံကိုပါ ခံစားမိလာရတယ် ထင်ပါတယ်။ သူတို့ရဲ့ အသက်ရှူသံတွေကပါ ကျွန်တော့် အသက်ရှူသံတွေနဲ့ အတူ စည်းချက် ညီလာကြတာပေါ့။ ကျွန်တော်တို့ သုံးယောက်က တစ်ယောက်တည်း ဖြစ်လာသလားတောင် ကျွန်တော် တွေးနေမိပါတော့တယ်။ ကျွန်တော်တို့ရဲ့ ဦးခေါင်းတွေကလည်း လရောက်အောက်မှာ လှည့်ပတ်နေရင်း ကြီးမားလာတယ်လို့ ကျွန်တော် ထင်မိတယ်လေ။ ခဏနေတော့ ကျွန်တော့်ခြေထောက်အောက်က ကြမ်းပြင်ကိုတောင် ကျွန်တော် မခံစားမိတော့ပါဘူး။ ကျွန်တော် သိတာတစ်ခုကတော့ ကျွန်တော်တို့ သုံးယောက်ဟာ လက်ချင်းတွဲလို့ လှည့်ပတ်နေရင်း မီနာ့ ပုခုံးပေါ်ကနေ အရိပ်သဏ္ဍာန် အတောင်ပံတစ်စုံ ပေါ်ထွက်လာတယ် ဆိုတာပါပဲ။ ကျွန်တော့် ပုခုံးပေါ်ထက်ကနေလည်း အမွှေးအတောင်အစုံနဲ့ အတောင်ပံတစ်စုံ ထိုးထွက်လာတာကို ကျွန်တော် ခံစားမိပါတယ်။ ကျွန်တော်ရယ် မီနာရယ် စကဲလစ်ရယ်ဟာ လေပေါ်မှာ ပျံဝဲ လည်ပတ် နေကြပါတော့တယ်။ ခရိုးလမ်းမကြီးပေါ်မှာရှိတဲ့ အိမ်ကြီးရဲ့ ခန်းမလယ်ခေါင်က လေထဲမှာ ကျွန်တော်တို့ သုံးယောက် ပျံဝဲနေကြတယ်ဆိုတာ ကျွန်တော် ကောင်းကောင်းကြီး နားလည် သဘောပေါက်လိုက်ပါတော့တယ်။
ခဏနေတော့ အရာရာက ပြန်လည် ရပ်တန့်သွားခဲ့ပါတယ်။ ကျွန်တော်တို့သုံးယောက်လည်း ကြမ်းပြင်ပေါ် ပြန်ပြုတ်ကျလာခဲ့ကြတယ်လေ။ စကဲလစ်က ကျွန်တော်တို့ဘေးမှာ ၀င်ထိုင်ကာ ကျွန်တော်နဲ့ မီနာ့ရဲ့ ဦးခေါင်းကို သူ့လက်နဲ့ ထိလိုက်ပါတယ်။
" ကဲ...အခုတော့ အိမ်ပြန်တော့နော်" တဲ့လေ။
" ဒါပေမယ့် ဦးက ဘယ်လိုလုပ် အခုလိုဖြစ်နေရတာလဲ" လို့ ကျွန်တော်မေးလိုက်ပါတယ်။
စကဲလစ်က သူ့လက်ညှိုးကို နှုတ်ခမ်းနားကပ်လို့ စဉ်းစားနေဟန် လုပ်လိုက်တာပေါ့။
"ဇီးကွက်တွေနဲ့ နတ်သား နတ်သမီးလေးတွေ ကြောင့် ပေါ့ကွယ်" လို့ သူက ပြန်ဖြေလိုက်ပါတယ်။
ကျွန်တော် သူ့ကို မေးခွန်းထပ်မေးဖို့ ပြင်နေတုန်းမှာပဲ စကဲလစ်က ကျွန်တော့်ထက်အရင် စကားဖြတ်ပြောလိုက်ပါသေးတယ်။
" ဒီည လေးကို မင်းတို့ အမြဲ အမှတ်ရပါ" တဲ့လေ။
ကျွန်တော်တို့လည်း အခန်းထဲကနေ စမ်းတ၀ါး၀ါးနဲ့ ပြန်ထွက်လာခဲ့ကြပါတော့တယ်။ ကျွန်တော်တို့ လှေကားပေါ်ကနေဆင်းပြီး တံခါးပေါက်ကနေ ထွက်လာပြီးတော့ ခြံထဲကို ပြန်ရောက်လာခဲ့ကြတော့တာပေါ့။ ကျွန်တော်ရော မီနာပါ ရှေ့ဆက်လျှောက်ဖို့ကို တွန့်ဆုတ်နေခဲ့ပါတယ်။
" နင်ရော ငါ ခံစားသလို ခံစားလိုက်ရလား မီနာ" လို့ ကျွန်တော် သူ့ကို မေးလိုက်ပါတယ်။
" အင်း...ငါတို့ အားလုံး အတူတူ ခံစားခဲ့ကြရတာပါဟာ"
ကျွန်တော်တို့ ရယ်လိုက်ကြပါတယ်။ ကျွန်တော် မျက်စိမှိတ်ပြီး ကျွန်တော့် ပုခုံးထက်မှာ ရှိခဲ့တဲ့ အတောင်ပံရဲ့ အမွှေးအတောင်နဲ့ အရိုးတွေကို ပြန်ပြီး ခံစားကြည့်လိုက်တာပေါ့။ ပြီးတော့ ကျွန်တော် မျက်စိဖွင့်ပြီး မီနာ့ကျောပေါ်က အတောင်ပံလေးကိုလည်း မြင်ယောင်ကြည့် လိုက်တယ်လေ။
"အဲ့ဒါက ထပ်ဖြစ်ဦးမှာပါ....ဟုတ်တယ် မဟုတ်လား မိုက်ကယ်" လို့ မီနာကမေးတော့ ကျွန်တော်လည်း
" အင်း" လို့ ပြန်ဖြေမိလိုက်တယ်လေ။
ကျွန်တော်တို့ သုတ်သီးသုတ်ပြာပြေးလာရင်း နောက်ဖေးလမ်းကနေ ခြံထဲ၀င်ဖို့ တံခါးနားရောက်တော့ ခဏလောက်နားပြီး အသက်၀၀ ရှူလိုက်ကြပါတယ်။ အဲ့ဒီအချိန်မှာပဲ အဖေ့အော်သံကို ကျွန်တော် ကြားလိုက်ရတော့တာပေါ့။
" မိုက်ကယ်ရေ...သား...မိုက်ကယ်"
ကျွန်တော်တို့လည်း ဘာလုပ်ရမှန်းမသိဘဲ ကြောင်ပြီး ရပ်နေတုန်း အဖေက အိမ်နောက်ဖေးတံခါးဆီ ရောက်လာပါတော့တယ်။ အဖေ့အသံက စိုးရိမ်ထိတ်လန့်မှုတွေနဲ့ ပြည့်နှက်နေတာ သိသာလွန်းပါတယ်။
" သား...မိုက်ကယ်..."
ပြီးတော့ အဖေလည်း ကျွန်တော်နဲ့ မီနာက နောက်ဖေးလမ်းကြားထဲမှာ လက်ချင်းတွဲလို့ မတ်တပ်ရပ်နေကြတာကို တွေ့လိုက်ရတော့တာပေါ့။
" မိုက်ကယ်....သား..."
အဖေက ပြေးလာပြီး ကျွန်တော့်ကို ဖက်ထားလိုက်ပါတော့တယ်။
"သမီးတို့ အိပ်ရင်းနဲ့ ယောင်ပြီး လမ်းလျှောက်နေကြတာပါ" လို့ မီနာက ချက်ချင်းပဲ ဆင်ခြေပေးလိုက်တယ်လေ။
" ဟုတ်တယ် အဖေ" ဆိုပြီး ကျွန်တော်ကလည်း ထောက်ခံလိုက်ပါတယ်။ အဖေကတော့ ကျွန်တော့်ကို မလွှတ်တမ်း ဖက်ထားဆဲပါ။
" သား ဘာလုပ်နေမိမှန်း မသိတော့ဘူး အဖေ။ သား အိပ်မက်မက်နေတာပါ။ သား ယောင်ပြီး လမ်းလျှောက်မိနေတာပါ အဖေ"
အခန်း (၃၂)
ဒေါက်တာ သေမင်းက ကျွန်တော့်ကို စားပွဲခုံမှာ မျက်နှာချင်းဆိုင်ထိုင်ပြီး ကြည့်နေလိုက်ပါတယ်။ သူက ရှည်လျားလှတဲ့ လက်ချောင်းတွေနဲ့ ကျွန်တော့်လက်ကို ကိုင်ကြည့်တော့ သူ့ဆီက ဆေးရွက်ကြီးနံ့တောင် ကျွန်တော်ရလိုက်ပါသေးတယ်။ ပြီးတော့ ကျွန်တော် သူ့အရေပြားပေါ်က အမည်းရောင် အစက်အပြောက်တွေကို တွေ့လိုက်ရတာပေါ့။ အဖေကတော့ ဘေးကနေ ကျွန်တော် ညတုန်းကပျောက်သွားတဲ့အကြောင်း၊ အိပ်နေရင်း ယောင်ပြီးလမ်းလျှောက်နေတဲ့ အကြောင်းကို တတွတ်တွတ် ရှင်းပြနေလေရဲ့။ အဖေ့အသံကို နားထောင်ပြီး ကျွန်တော့်သာ တကယ် ပျောက်သွားခဲ့ရင် အဖေ ဘယ်လောက်တောင် စိတ်ဆင်းရဲနေရမလဲဆိုတာ ကျွန်တော် ခန့်မှန်းမိပါတယ်။ ကျွန်တော်ဖြင့် အဖေ့ကို ကျွန်တော် အဆင်ပြေကြောင်း၊ အရာရာက အဆင်ပြေသွားမှာ ဖြစ်ကြောင်း ကို ရှင်းပြချင်လိုက်တာဗျာ။
" ကျုပ် အိပ်ရာက ရုတ်တရက်နိုးတော့ ကလေးက မရှိတော့ဘူးဗျ။ ကျုပ်လည်း သူမရှိတော့ဘူးဆိုတာ ချက်ချင်းကို သိလိုက်တာပဲဗျို့။ ကျုပ်တို့ က လူတစ်ယောက်ကို သိပ်ချစ်တဲ့အခါ စိတ်ထဲကနေ သူတို့ ဒုက္ခရောက်နေရင် အလိုလိုသိတတ်တာပဲ မဟုတ်လား ဆရာ ဒန်..." ဆိုပြီး အဖေက ပြောလိုက်ပါတယ်။
ဒေါက်တာ ဒန် တဖြစ်လဲ ဒေါက်တာ သေမင်းက အဖေ့ကို ပြန်ပြုံးပြဖို့ ကြိုးစားလိုက်ပေမယ့် သူ့အကြည့်တွေက အူတူတူနဲ့ရယ်ပါ။
" နောက်ပြီး သားနဲ့ ကောင်မလေးတစ်ယောက်လည်း ရှိသေးတယ်ဆို ဟုတ်လား" လို့ သူက ကျွန်တော်ကို မေးလိုက်တာပေါ့။
" ဟုတ်တယ် ဆရာဒန်" လို့ အဖေက ၀င်ဖြေလိုက်ပါတယ်။
" ကောင်မလေးက သား ညဘက်ယောင်ပြီး လမ်းလျှောက်လာတာကို သူ့ ပြတင်းပေါက်ကနေ လှမ်းမြင်လိုက်တာတဲ့လေ။ သူကလည်း ချက်ချင်းပဲထွက်ပြီး ကူညီပေးရှာပါတယ်ဗျာ။ ဟုတ်တယ်မဟုတ်လား သား"
ကျွန်တော် အဖေ့ကို ခေါင်းပဲပြန်ငြိတ်ပြလိုက်တယ်လေ။
ဒေါက်တာ သေမင်းကတော့ နှုတ်ခမ်းတစ်ချက် သပ်လိုက်တာပေါ့။
" မီနာ တဲ့လား။ ဒီကောင်မလေးကတော့ ဦးရဲ့ လူနာမဟုတ်ဘူးကွ။ အဲ့ဒီတော့ ဦး လည်း သူ့ကို မသိဘူးပေါ့လေ" ဆိုပြီး သူက ကျွန်တော့်ကို ပြုံးပြဖို့ ကြိုးစားလိုက်ပါတယ်။
" သားက အိပ်ရင်း ယောင်ပြီး လမ်းလျှောက်တတ်တယ် ဟုတ်လား"
သူက မျက်ခုံးလေး ပင့်လိုက်ပါသေးတယ်။
" အဲ့ဒါက တကယ်ပဲလား မိုက်ကယ်"
ကျွန်တော်လည်း ဘာအဖြေပြန်ပေးရမှန်းမသိတော့ သူ့ကို စိုက်ကြည့်နေမိ လိုက်ပါတော့တယ်။
" ဟုတ်ကဲ့ ဆရာ။ အမှန်ပါ"
ဒေါက်တာသေမင်းက အေးစက်ခြောက်သွေ့တဲ့ မျက်လုံးအကြည့်တွေနဲ့ ကျွန်တော့်ကို စိုက်ကြည့်နေဆဲပါ။ သူ့အတွက်တော့ လှပတဲ့ အတောင်ပံတွေ ဘယ်တော့မှ ပေါက်မလာနိုင်တာ ကျိန်းသေပါတယ်။
" လာစမ်းပါဦး။ သားကို ဦး သေချာကြည့်ပါရစေဦးကွ"
ကျွန်တော် သူ့ရှေ့မှာမတ်တပ်ရပ်လိုက်တော့ ဒေါက်တာ သေမင်းက အလင်းရောင်စူးစူး လင်းတဲ့ ပစ္စည်းလေးနဲ့ ကျွန်တော့် မျက်လုံးထဲကို မီးထိုးလို့ကြည့်လိုက်ပါတယ်။ ပြီးတော့ သူက ကျွန်တော့် နားကိုလည်း စမ်းသပ်ကြည့်ပါသေးတယ်။ သူက ကျွန်တော့်အနားကပ်နေတော့ သူ့အသက်ရှူသံရော သူဆီက အနံ့ကိုရောပါ ကျွန်တော် ရနေတော့တာပေါ့။ ပြီးတော့ သူက ကျွန်တော့်အင်္ကျီကို မတင်ပြီး နားကြပ်လေးနဲ့ ရင်ဘတ်ကို ထောက်လို့ နားထောင်လိုက်ပါတော့တယ်။ သူ့ရဲ့ လက်က စိုထိုင်းထိုင်းဖြစ်နေတာကို ကျွန်တော် ခံစားလိုက်ရတယ်လေ။
" ဒီနေ့က ဘာနေ့လဲကွ" သူက ကျွန်တော့်ကို မေးလိုက်ပါတယ်။
" အခုက ဘာလကို ရောက်နေတာလဲ။ နောက်ပြီး ၀န်ကြီးချုပ်ရဲ့ နာမည်ကရော ဘယ်သူလဲ "
ကျွန်တော် သူ့မေးခွန်းတွေကို တစ်ခုချင်းစီ ပြန်ဖြေနေတုန်း အဖေ့ခမျာ ဘေးနားမှာ နှုတ်ခမ်းကိုက်လို့ ခြေမကိုင်မိ လက်မကိုင်မိနဲ့ ထိုင်နေခဲ့ရတယ်လေ။
" တယ်တော်တဲ့ ကလေးပဲ" လို့ သူက ချီးကျူးပြီး ကျွန်တော့်ပါးကို စမ်းသပ်လိုက်ပါတယ်။
" ကဲ...အခု သား ဦးကို ပြောပြချင်တာရော ရှိသေးလားကွ"
ကျွန်တော်လည်း သူ့ကို ခေါင်းပြန်ခါပြလိုက်တာပေါ့။
" မရှက်ပါနဲ့ကွာ" လို့ ပြောပြီး သူက ကျွန်တော့်ကို နှစ်သိမ့်ပေးတယ်လေ။
"ဦးနဲ့ သားရဲ့ အဖေက သားအခုတလော ခံစားနေရတဲ့ ကိစ္စတွေအားလုံးကို ဆွေးနွေးပြီးသားပါကွ"
ဒါပေမယ့်လည်း ကျွန်တော် ခေါင်းကိုသာ တွင်တွင်ခါလိုက်ပါတော့တယ်။
" ကလေးက ကျန်းမာရေးကောင်းပါတယ်ဗျ" လို့ အဖေ့ကို သူက ပြောလိုက်ပါတယ်။
"ကလေးကိုသာ ပုံမှန်အတိုင်း ဆက်စောင့်ကြည့်နေလိုက်ပါ" ဆိုပြီး ဆက်ပြောရင်း ဒေါက်တာ သေမင်းက ပြုံးပြီး ကျွန်တော့်ကို ကြည့်လိုက်တာပေါ့။
" ပြီးတော့ ကလေး ညဘက် အိပ်ရာထဲရောက်အောင်လည်း ဂရုစိုက်ဦးဗျ"
ဒေါက်တာ သေမင်းက ကျွန်တော့်ကို သူ့အနားလာဖို့ ဆွဲခေါ်လိုက်ပါတော့တယ်။
"အခုအချိန်တော့ အရာရာက သားအတွက် ခက်ခဲနေလိမ့်မယ်ကွဲ့။ သားရဲ့ ခန္ဓာကိုယ်ကလည်း တဖြည်းဖြည်း ပြောင်းလဲလာပြီလေ။ ဒီကမ္ဘာကြီးက သားအတွက် ထူးဆန်းတဲ့ နေရာကြီးလည်း ဖြစ်ကောင်းဖြစ်နေလိမ့်မယ်။ ဒါပေမယ့် သား အဆင်ပြေသွားမှာပါ"
" မစ္စတာ အာနီ့ကိုရော ဦး ဆေးကုပေးဘူးလားဟင်" လို့ ကျွန်တော် သူ့ကို မေးလိုက်တော့ သူက မျက်ခုံးပင့်လို့ ပြန်ကြည့်လိုက်တော့တာပေါ့။
" အာနီ မိုင်ယာစ်လား...ဒီအိမ်ရဲ့ အရင်ပိုင်ရှင်ကိုပြောတာလားကွ။ ဟုတ်တယ်...မစ္စတာ မိုင်ယာစ်က ဦးရဲ့ လူနာတစ်ယောက်ဖြစ်ခဲ့တာပေါ့ကွာ"
" သူက တချို့အရာတွေနဲ့ပတ်သက်ပြီး မြင်ရတဲ့အမြင်တွေအကြောင်း ပြောဖူးလားဟင်"
" အရာတွေ ဟုတ်လား"
" ထူးဆန်းတဲ့အရာတွေပေါ့။ ဥယျာဉ်ထဲမှာ...အိမ်ထဲမှာ မြင်ရတဲ့ ထူးဆန်းတဲ့အရာတွေလေ"
အဖေကတော့ ကျွန်တော်တို့ နှစ်ယောက်ပြောနေတာကို နှုတ်ခမ်းကိုက်လို့ ကြည့်နေတာကို ကျွန်တော် မြင်လိုက်ရပါတယ်။
" မစ္စတာ မိုင်ယာစ်က သိပ်နေမကောင်းဖြစ်နေတာကွဲ့" လို့ ဒေါက်တာသေမင်းက ကျွန်တော့်ကို ပြန်ဖြေလိုက်တယ်လေ။
" သူက သေလောက်တဲ့ ရောဂါကို ခံစားနေရတာပါ"
" ဟုတ်ကဲ့...ကျွန်တော် သိပါတယ်"
" အင်း...အဲ့ဒီလိုလူမျိုးတွေက ရောက်တတ်ရာရာတွေ ပြောတတ်ကြတယ်ကွ။ တောင်စဉ် ရေမရ စကားတွေပေါ့ကွာ"
" ဒါဆို သူ အဲ့ဒီအကြောင်း ပြောခဲ့ဖူးလားဟင်"
" သူက သူမြင်ရတဲ့ အမြင်တချို့အကြောင်းတော့ ပြောဖူးပါတယ်။ ဒါပေမယ့် လူတော်တော်များများက လည်း ဒီလိုပြောနေကြပဲလေ" ဆိုပြီးတော့ ဒေါက်တာ သေမင်းက ကျွန်တော့် ပုခုံးကို အေးစက်စက်လက်တွေနဲ့ ထပ်မံကိုင်တွယ်လိုက်ပါတော့တယ်။
" ဦးကတော့ သားက သူငယ်ချင်းတွေနဲ့ ဘောလုံးကစားဖို့လိုနေတယ်လို့ ထင်တယ်ကွ။ သား ကျောင်းပြန်တက်ဖို့လိုတယ်လေ"
သူက အဖေ့ကို တစ်ချက်လှမ်းကြည့်ပြီး ပြောလိုက်ပါသေးတယ်။
" ကျုပ်ကတော့ ကလေးကို ကျောင်းပြန်တက်စေချင်တယ်ဗျ။ အိမ်ထဲမှာ နေတာ သိပ်များနေပြီလေ"
ဒေါက်တာ သေမင်းက ကျွန်တော့်ခေါင်းကို အသာအယာပုတ်လိုက်ပါတယ်။
" ဒီဦးနှောက်လေးထဲမှာ အတွေးတွေးအများကြီးနဲ့ စိုးရိမ် ပူပန်မှုတွေ ပြည့်နှက်နေပြီကွ" တဲ့လေ။
သူထိုင်ခုံကနေ ထလာတော့ အဖေကလည်း သူ့ကို အိမ်ရှေ့တံခါးထိ လိုက်ပို့ပေးလိုက်ပါတော့တယ်။ သူတို့နှစ်ယောက် လမ်းတလျှောက် တတွတ်တွတ်နဲ့ တခုခုကို တိုင်ပင်နေကြတာကို ကျွန်တော် မီးဖိုချောင်ထဲကနေ ကြားလိုက်ရတာပေါ့။
" ကဲ...ဒါဆိုရင် မနက်ဖြန် ကျောင်းပြန်တက်ကြရအောင်ပေါ့ကွာ" လို့ အဖေက အခန်းထဲ ပြန်၀င် လာလာချင်း ပြောလိုက်ပါတယ်။ အဖေ့က ကျွန်တော့်ရှေ့မှာ ဘာကိုမှ မစိုးရိမ်တဲ့နေတဲ့ပုံ ဖမ်းနေပေမယ့် အဖေ့မျက်လုံးထဲက စိုးရိမ်မှုအရိပ်အယောင်တွေကို ကျွန်တော် သဘောပေါက်မိပါတယ်လေ။
" သား တောင်းပန်ပါတယ် အဖေ" လို့ ကျွန်တော် အဖေ့ကို ပြောလိုက်ပါတယ်။
ကျွန်တော်တို့ နှစ်ယောက် ဖက်ပြီး ခဏလောက် နေတော့ ခြံထဲကို လှမ်းကြည့်လိုက်မိကြတာပေါ့။
" သား ခုနက အာနီ့အကြောင်း ဘာလို့မေးတာလဲကွ" လို့ အဖေက မေးလိုက်တယ်လေ။
" သားလည်း မသိဘူး အဖေ။ ဒီအတိုင်း ပြောမိသွားတာပါ"
" သား ပြောတာ အမှန်ပဲလား။ သား တကယ်ပဲ ယောင်ပြီး လမ်းလျှောက်နေခဲတာလားဟင်"
ကျွန်တော် အဖေ့ကို အရာအာလုံး ဖွင့်ပြောပြဖို့ စဉ်းစားမိလိုက်ပါသေးတယ်။ စကဲလစ်၊ မီနာ၊ ဇီးကွက်တွေနဲ့ ကျွန်တော််တို့ ဘာလို့ ညလယ်ခေါင်ကြီး ခြံထဲရောက်နေရလဲဆိုတဲ့ ကိစ္စတွေ အားလုံးကိုပေါ့။ ဒါပေမယ့်လည်း ဒီကိစ္စတွေက ဘယ်လောက်တောင် ရှင်းပြရခက်ခဲလိုက်မလဲ ဆိုတာကိုပါ ကျွန်တော် တွေးမိလိုက်တာပေါ့။ အဲ့ဒီတော့ ကျွန်တော်လည်း
" ဟုတ်ပါတယ် အဖေ။ အမှန်ပါပဲ" လို့သာ ပြန်ဖြေလိုက်ပါတော့တယ်။
အခန်း (၃၃)
နောက်နေ့တော့ ကျွန်တော် ကျောင်းသွားဖြစ်ခဲ့ပါတယ်။ ဆရာ ရက်စ်ပူတင်ကတော့ ကျွန်တော့်ကို အတန်းထဲ ပြန်ကြိုဆိုပြီးပြီဆိုတာနဲ့ သူ့၀သီအတိုင်း စာချည်းသင်နေတော့တာပါပဲ။ သူက ကျွန်တော် စာတွေအများကြီး လွတ်နေပြီဆိုပေမယ့် မကြာခင် ပြန်ပြီး လိုက်မှီလိမ့်မယ်လို့ ထင်ပါတယ်တဲ့လေ။ ကျွန်တော်လည်း သူ့ကို ဆင့်ကဲဖြစ်စဉ်အကြောင်း လေ့လာနေတဲ့ အကြောင်းနဲ့ ကမ္ဘာဦး ငှက်ကြီးအကြောင်း ပြောပြဖြစ်ပါသေးတယ်။ ဆရာကတော့ မျက်ခုံးတပင့်ပင့်နဲ့ကို ဖြစ်နေတော့တာပေါ့။
" လူသားတွေထဲမှာရော အာခီရော့ပ်တာရပ်စ် လို့ ပျံသန်းနိုင်တဲ့သူတွေ ရှိမယ်လို့ ထင်လား ဆရာ" လို့ ကျွန်တော် သူ့ကို မေးလိုက်ပါတယ်။
ဆရာက ကျွန်တော့်ကို ကြည့်နေလိုက်တယ်လေ။
" လူစင်စစ်ကနေ အတောင်ပံပေါက်ပြီး ပျံသန်းနိုင်တဲ့ လူမျိုးကို ပြောတာပါ ဆရာ" လို့ ကျွန်တော် ထပ်ပြောလိုက်တော့ ကုထ်ရဲ့ ခိုးရယ်သံကို ကျွန်တော်ကြားလိုက်ရပါတော့တယ်။
" ဆရာ့ကို ဟိုမျောက်မလေးအကြောင်းလည်း ပြောပြလိုက်ဦး မိုက်ကယ်ရေ" လို့တောင် သူက အထွန့်တက်လိုက်ပါသေးတယ်။
အဲ့ဒီတော့
" ဘာတွေပြောနေကြတာလဲကွဲ့" ဆိုပြီး ဆရာက ထ မေးရတော့တာပေါ့။
" မျောက်မလေးပါ ဆရာ" လို့ ကုထ်က ကျွန်တော့်အစား ၀င်ဖြေလိုက်ပါတယ်။
လီကီကတော့ အနားကနေ ကုထ်ကို ပါးစပ်ပိတ်ထားဖို့ ပြောနေတာ ကျွန်တော် ကြားလိုက်မိပါရဲ့။
" ဆရာပြောသလို မျောက်ကနေဆင်းသက်လာတဲ့ လူတွေထဲမှာ လူမဖြစ်သေးတဲ့ မျောက်တွေ ကျန်သေးတယ် ဆရာရဲ့။ မျောက်မလေးနဲ့ မျောက်ထီးလေးတွေလေ" လို့ ကုထ်က အလိုက်ကမ်းဆိုးမသိ ဆက်ပြောနေတာကြောင့် ကျွန်တော်လည်း သူ့ကို လျစ်လျူရှုထားလိုက် ပါတော့တယ်။
"ကျွန်တော်တို့ ပျံသန်းချင်တယ်ဆို အရိုးတွေထဲမှာ လေခိုအောင်းတဲ့ ဖြစ်စဉ် ဖြစ်ပေါ်ဖို့ လိုအပ်တယ် မဟုတ်လား ဆရာ"
ဆရာက ကျွန်တော့်ဆီလျှောက်လာပြီး ကျွန်တော့်ဆံပင်ကို လက်နဲ့ အသာအယာ ထိုးဖွာလိုက်တယ်လေ။
"အတောင်ပံတွေကတော့ အကူအညီ ဖြစ်ကောင်းဖြစ်မှာပေါ့ကွာ" လို့ သူက ပြောလိုက်ပါတယ်။
' ဒါပေမယ့် သားကို ကြည့်ရတာ စာတွေအများကြီး ဖတ်ထားပုံရတယ်နော်။ တော်တယ် မိုက်ကယ်...တော်တယ်။ နောက်ပြီး ကုထ်...မင်းလည်း သူငယ်ချင်းကို စနေတာရပ်လိုက်တော့။ ဒီအတန်းထဲမှာ ဘယ်သူကမျောက်လွှဲကျော်လဲဆိုတာ ဆရာတို့ အားလုံးသိသားပဲ"
ကုထ်က တခစ်ခစ်နဲ့ ရယ်နေပါတော့တယ်။ ဆရာ အတန်းရှေ့ပြန်သွားတော့ သူက မျောက်လိုတောင် ဖာန်ဖီပြလိုက်သေးတယ်လေ။ ဆရာကတော့ ကျွန်တော်တို့က ဆင့်ကဲဖြစ်စဉ် သင်ခန်းစာကို လေ့လာပြီးပြီမို့ အခုတော့ ခန္ဓာကိုယ်အတွင်းပိုင်း အင်္ဂါတွေဖြစ်တဲ့ ကြွက်သား၊ နှလုံး၊ အဆုတ်၊ အစာခြေစနစ်၊ အာရုံကြော စနစ်နဲ့ ဦးနှောက်အကြောင်းစတဲ့ အရာကို လေ့လာနေကြပြီလို့ ပြောပါတယ်။
" ကျောင်းကိုသာ မှန်မှန် ပြန်တက်ပါ မိုက်ကယ်။ ဆရာတို့ သားကို စာတွေ အများကြီး မလွတ်သွားစေချင်ဘူးကွ" လို့ ဆရာက ကျွန်တော့်ကို မှာလိုက်ပါတယ်။
" ဟုတ်ကဲ့ပါ ဆရာ"
နောက်တော့ ဆရာက လူ့ခန္ဓာကိုယ်ပြ ကားချပ်ကို ဖြန့်ချလိုက်တော့တာပေါ့။ အဲ့ဒီကားချပ်ပေါ်ကလူရဲ့ ခန္ဓာကိုယ်ပေါ်မှာတော့ အနီရောင်ရင့်ရင့် အဆုတ်၊နှလုံးသား၊ အစာအိမ်နဲ့ အူလမ်းကြောင်း၊ သွေးကြော၊အာရုံကြော၊ နီညိုရောင် ကြွက်သား ၊ အဖြူရောင် အရိုး၊ အပြာရောင်နဲ့ အညိုရောင်စပ် ဦးနှောက်စတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ကွက်ကွက်ကွင်းကွင်း ဖော်ပြထားပါတယ်။ ဆရာက ပြူးနေအောင် ပုံဖော်ထားတဲ့ မျက်လုံးကြီးကနေစလို့ ရှင်းပြတော့ အတန်းထဲက ကျောင်းသားတချို့တောင် လန့်သွားကြပါသေးတယ်။
" ဒါက မင်းတို့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းပဲလေ" လို့ ဆရာကပြောတော့ ကုထ်က ရယ်တယ်လေ။
ဆရာ ရက်စ်ပူတင်လည်း ကုထ်ကို အတန်းရှေ့ထွက်လာဖို့ လှမ်းခေါ်လိုက်ပါတယ်။ ပြီးတော့ ဆရာက ကုထ်ကို မတ်တပ်ရပ်ခိုင်းပြီး သူ့ခန္ဓာကိုယ်ကို ခန္ဓာဗေဒ ပြတဲ့ ကားချပ်ကြီးလို့ သဘောထားခိုင်းကာ တစ်ချက်ချင်းစီ ရှင်းပြနေပါတော့တယ်။
" တွေ့လား။ အပြင်ပန်း ပုံသဏ္ဍာန်က ဘယ်လောက်ပဲ ဆိုးရွားနေပါစေ တို့တွေက ခန္ဓာကိုယ်အတွင်းပိုင်းမှာတော့ အတူတူချည်းပဲလေ။ ဒါကတော့ ဆရာတို့ မစ္စတာ ကုထ်ရဲ့ ခန္ဓာကိုယ်ကို ခွဲစိတ်လိုက်တဲ့အခါမှာတွေ့ရမယ့် အင်္ဂါအစိတ်အပိုင်းတွေပေါ့ကွယ်"
ဆရာက ပြုံးလိုက်ပါသေးတယ်။
" ဒါပေမယ့် တကယ်တမ်း ခန္ဓာကိုယ်ထဲက အစိတ်အပိုင်းတွေကတော့ ပုံတွေထဲကလောက် ဘယ်လှမလဲကွယ်"
ကုထ်လည်း စားပွဲဆီ ပြန်လာထိုင်နေလိုက်ပါတော့တယ်။
" ကဲ အခုတော့ သားတို့ သမီးတို့ အားလုံးရဲ့ လက်ကို ဘယ်ဘက်ရင်အုံအပေါ် အခုလိုလေးတင်ပြီး စမ်းကြည့်လိုက်ကြပါဦးကွယ်။ သားတို့ သမီးတို့ရဲ့ နှလုံးခုန်သံကို စမ်းသပ်ကြည့်ကြပါဦး"
ကျွန်တော်တို့ အားလုံးလည်း ဆရာပြောတဲ့အတိုင်း လိုက်လုပ်ခဲ့ကြတယ်လေ။ ကျွန်တော်က ကျွန်တော့်နှလုံးခုန်သံရော ညီမလေးရဲ့ နှလုံးခုန်သံကိုပါ ခံစားလို့ရတယ်ဆိုတာ ဆရာ့ကို ပြောပြလိုက်မယ်ဆို တစ်တန်းလုံး ဝိုင်းရယ်ကြမှာ သေချာပါတယ်။
" နှလုံးဆိုတာ ဆရာတို့အတွက် အင်ဂျင်ပဲကွဲ့။ ဆရာတို့ အိပ်နေသည်ဖြစ်စေ၊ နိုးနေသည်ဖြစ်စေ နှလုံးက အမြဲတမ်း ခုန်နေရတယ်လေ။ သူ့ရဲ့ လုပ်ဆောင်ချက်က သိပ်ကို တည်ငြိမ်လွန်းလို့ တခါတလေဆို ဆရာတို့က သူတည်ရှိနေတယ် ဆိုတာကိုတောင် မေ့နေတတ်ကြ ပါသေးတယ်။ တကယ်လို့များ ဒီနှလုံးခုန်သံက ရပ်သွားခဲ့မယ် ဆိုရင်တော့ဖြင့်....."
ဆရာ့စကားတောင် မဆုံးသေးပါဘူး။ ကုထ်က ရုတ်တရက်ထပြီး လည်ပင်းညှစ်ခံနေရသလို မသက်မသာနဲ့ ရှုံ့မဲ့ပြီး အသက်ငင်နေတဲ့ပုံ လုပ်ပြပါရောလား။
" မှန်ပါတယ် မစ္စတာ ကုထ်"
ပြီးတော့ ဆရာကိုယ်တိုင်ကပါ သူ့ရင်ဘတ်ကိုဖိလို့ အသက်ရှူကြပ်နေတဲ့အသံပြုရင်း စားပွဲခုံပေါ်မှာ မှောက်အိပ်ကာ သေချင်ယောင်ဆောင်ပြလိုက်ပါသေးတယ်။
ကျွန်တော်လည်း အတန်းထဲကို တစ်ချက်ကြည့်လိုက်တော့ ကျွန်တော့်ဘေးက ကလေးတွေကလည်း ဆရာ့အတိုင်း သေချင်ယောင်ဆောင်လိုက်ကြတာကို တွေ့ရတယ်လေ။
လီကီက ကျွန်တော့်ကို သူ့စားပွဲကနေ လှမ်းကြည့်နေခဲ့ပါတယ်။ သူ့ကိုကြည့်ရတာ ကျွန်တော်နဲ့ သူငယ်ချင်း ပြန်ဖြစ်ဖို့ ဆန္ဒရှိတဲ့ပုံပါပဲ။
နေ့လည်စာစားချိန်ရောက်တော့ ကျွန်တော် အရင်ကလို ဘောလုံးပြန်ကစားဖြစ်ခဲ့ပါတယ်။ ကျွန်တော် ဘောလုံးကို ဆွဲယူလာလိုက်၊ လူကာလိုက်၊ လက်နဲ့ ပုတ်ပြီး သယ်လာလိုက်နဲ့ လုပ်ရင်း ဂိုးသွင်းနိုင်ခဲ့တယ်လေ။ ကျွန်တော်တစ်ယောက်တည်းချည်း ဂိုးလေးဂိုးဆက်တိုက်သွင်းပြီး နောက်ထပ် သုံးဂိုးပါ အပိုထပ်သွင်းလိုက်နိုင်တော့ ကျွန်တော့်အဖွဲ့ကပဲ အသာစီး အနိုင်ရလိုက် တော့တာပေါ့။ ဘောလုံးပွဲပြီးတော့ ကျွန်တော့် ဂျင်းဘောင်းဘီလည်း ဘေးဘက်ကနေ ထက်ခြမ်းကွဲသွားသလို ကျွန်တော့်လက်ဆစ်မှာလည်း ပွန်းရာ ပဲ့ရာတွေ အပြည့်နဲ့ပါ။ ကျွန်တော့် မျက်လုံးအပေါ်နား မှာတောင် ပွန်းပဲ့ ဒဏ်ရာလေးတစ်ခု ရသွားတာမို့ သွေးတောင် စီးကျလာပါသေးတယ်။
ကျွန်တော်တို့ အဖွဲ့ကလူတွေလည်း ကျောင်း၀င်းထဲ ပြန်၀င်လာတော့ ကျွန်တော့်ကို သူရဲကောင်းကြီးတစ်ယောက်လိုကို ၀န်းရံထားကြတော့တာပါပဲ။ ဒီတစ်ခါ ကျွန်တော်ဆော့တဲ့ပုံစံက အကောင်းဆုံးပဲလို့ သူတို့က ချီးကျူးကြပါတယ်။ ပြီးတော့ သူတို့က ကျွန်တော့်ကို နောက်ထပ် ကျောင်းမပျက်ဖို့ ပြောတယ်လေ။ ကျွန်တော့်က အသင်းအတွက် လိုအပ်တဲ့ ကစားသမား တစ်ယောက်ပါ ဆိုပဲ။
" စိတ်မပူပါနဲ့ကွာ" လို့ လီကီက ပြောလိုက်ပါတယ်။
" သူက ဒီတစ်ခါတော့ ကျောင်းမပျက်တော့ပါဘူးကွ။ ဟုတ်တယ်မဟုတ်လား မိုက်ကယ်"
နေ့လည်ပိုင်းအတန်းချိန်ရောက်တော့ ကျွန်တော် မစ္စ ကလာ့စ်နဲ့ ပြန်ဆုံရတော့တာပေါ့။ ကျွန်တော် သူခိုင်းတဲ့အတိုင်း မြစ်ကမ်းလေးဘေးက စွန့်ပစ်ထားတဲ့ ဂိုဒေါင်ဟောင်းကြီးထဲကို ၀င်ပြီး စူးစမ်းခဲ့တဲ့ ကောင်လေးတစ်ယောက်အကြောင်း ပုံပြင်ရေးပေးခဲ့ပါတယ်။ ပုံပြင်ထဲက ကောင်လေးက ဂိုဒေါင်ထဲမှာ ညစ်ပတ်နံစော်နေတဲ့ ခြေသလုံးအိမ်တိုင်လူကြီး တစ်ယောက်နဲ့ တွေ့ခဲ့ရပေမယ့် တကယ်တော့ အဲ့ဒီလူကြီးက သူ့ရဲ့ ရှေးဟောင်း ၀တ်ရုံကြီးအောက်မှာ အတောင်ပံတစ်စုံကို ဝှက်ထားခဲ့တယ်တဲ့လေ။ ကောင်လေးက လူကြီးကို ချောကလက်နဲ့ အသားညှပ်ပေါင်မုန့်တွေ ကျွေးတော့ လူကြီးလည်း ပြန်လည် သန်စွမ်းလာပါတော့တယ်။ ကောင်လေးမှာ ကာရာဆိုတဲ့ သူငယ်ချင်းတစ်ယောက်လည်း ရှိပါသေးတယ်။ နောက်ဆုံးတော့ လူကြီးက ကောင်လေးနဲ့ ကာရာတို့ကို လေပေါ်မှာ ပျံသန်းရတဲ့ ခံစားချက်ကို သင်ကြားပေးပြီးတဲ့နောက်မှာတော့ ဟိုးအဝေးကို ပျံသန်းထွက်ခွာသွားတော့တာပေါ့။
မစ္စကလာ့စ်က ကျွန်တော့်ဘေးမှာထိုင်လို့ အဲ့ဒီပုံပြင်ကို ဖတ်ပြီး မျက်ရည်တွေပါ ကျလာပါတော့တယ်။
" သိပ် ချစ်ဖို့ကောင်းတဲ့ ပုံပြင်လေးပါပဲ မိုက်ကယ်ရယ်" လို့ သူက ပြောတယ်လေ။
" သား စာရေးတဲ့ ပုံစံလေးက အရင်ကထက် ပိုကောင်းလာတယ်နော်။ သား အိမ်မှာ နေတုန်းက လေ့ကျင့်ထားတာလားကွဲ့"
ကျွန်တော် သူ့ကို ခေါင်းငြိတ်ပြလိုက်ပါတယ်။
" ကောင်းတယ်။ သားက တကယ့်ကို ပါရမီပါတဲ့ ကလေးပဲ သိလား မိုက်ကယ်။ သား ဒီထက်ပိုပြီး စာများများရေးသင့်တယ်"
အဲ့ဒီအချိန်မှာပဲ အတွင်းရေးမှူး မစ္စမောရ် က အတန်းထဲ ၀င်လာပြီး မစ္စကလာ့စ်နားကပ်ကာ တိုးတိုး တိုးတိုးနဲ့ တခုခုကို လာပြောလိုက်ပါတော့တယ်။ ပြီးတော့ သူတို့ နှစ်ယောက်လုံး ကျွန်တော့်ကို ကြည့်လိုက်ကြတယ်လေ။ မစ္စမောရ်ကလည်း ကျွန်တော့်ကို သူနဲ့အတူ ခဏလောက် လိုက်ခဲ့ဖို့ ပြောပါတယ်။ သူ့နောက်က လိုက်သွားရင်း ကျွန်တော်ဖြင့် တကယ့်ကို တုန်လှုပ်နေမိတော့တာပါပဲ။ ကျွန်တော်လည်း ရင်ဘတ်ပေါ်ကို လက်တင်ရင်း ကျွန်တော့်နှလုံးခုန်သံလေးကို ခံစားနေမိလိုက်ပါတော့တယ်။ မစ္စမောရ်က ကျွန်တော့်ကို စင်္ကြန်လမ်းအဆုံးက သူ့ရုံးခန်းထဲ ခေါ်သွားခဲ့တယ်လေ။ အဖေက ကျောင်းကို ဖုန်းဆက်ပြီး ကျွန်တော်နဲ့စကားပြောစရာရှိတယ်လို့ ပြောတဲ့အကြောင်း သူက ကျွန်တော့်ကို ရှင်းပြပါသေးတယ်။
ကျွန်တော် ဖုန်းကိုကိုင်လိုက်ရင်း စိတ်လှုပ်ရှားလွန်းလို့ ကိုယ့်နှုတ်ခမ်းကိုတောင် ပြန်ကိုက်နေမိပါတယ်။ အဖေကတော့ တဖက်ကနေ အသက်ပြင်းပြင်းရှူလိုက်၊ သက်ပြင်းချလိုက်နဲ့ပါ။
" ညီမလေး ကိစ္စလား အဖေ" လို့ ကျွန်တော် အဖေ့ကို အရင်မေးလိုက်ပါတော့တယ်။
" ဟုတ်တယ် သား။ တခုခုတော့ ဖြစ်နေတယ်ထင်တယ်။ အဖေ ချက်ချင်းပဲ ဆေးရုံကို လိုက်သွားရမယ်ကွ"
" တခုခု ဟုတ်လား အဖေ"
"အဖေလည်း သေချာမသိပါဘူးကွာ။ သူတို့က အဖေနဲ့ သားအမေကို စကားပြောချင်တယ်လို့ ပြောတယ်"
" သားရော မပါဘူးလား အဖေ"
" အဖေ မီနာ့ရဲ့ အမေကို အကူအညီတောင်းထားတယ် သား။ သား သူတို့အိမ်မှာ ညစာစားပြီး အဖေ ပြန်လာတဲ့အထိ စောင့်နေနော်။ အဖေ သိပ်မကြာလောက်ပါဘူးကွာ။ ခဏနေပြီး ပြန်လာမှာပါ"
" ညီမလေး အဆင်ပြေသွားမှာလားဟင် အဖေ"
"သူတို့ကတော့ အဲ့ဒီလို ပြောကြတာပဲ သားရ။ သူတို့လည်း အကောင်းဆုံး ကူညီပေးနေကြတာပါပဲကွာ။ ဒီညတော့ ဘာမှ မဖြစ်လောက်ပါဘူး။ မနက်ဖြန်လောက်မှပဲ သူတို့လည်း တခုခု အဖြေပေးနိုင်မယ် ထင်တယ်ကွ"
" သား အိမ်မှာနေသင့်ခဲ့တာပါ အဖေ။ သား ညီမလေးအကြောင်းကို တွေးပေးနေခဲ့ သင့်တာ"
" အဖေပဲ သားအစား ညီမလေးကို အနမ်းပေး,ပေးမယ်နော် သား"
" ပြီးတော့ အမေ့ကိုရော နမ်းပေးပါဦး အဖေ"
"ကောင်းပြီ သား။ သားက သတ္တိရှိတဲ့ ကလေးပါကွာ"
တကယ်တော့ ကျွန်တော် အဖေပြောသလို သတ္တိမရှိခဲ့ပါဘူး။ ကျွန်တော့်တစ်ကိုယ်လုံး တုန်လှုပ်ကာ ကြောက်ရွံ့နေခဲ့မိပါ တော့တယ်။
အခန်း (၃၄)
ကျွန်တော် မီနာနဲ့အတူ သူတို့အိမ် မီးဖိုချောင်ထဲက စားပွဲမှာ ထိုင်နေလိုက်ပါတယ်။ မီနာ့အမေကတော့ ကျွန်တော်တို့ကို ဂရုမစိုက်နိုင်အားဘဲ မီးဖိုချောင်စင်မှာ ဆလပ်ရွက်၊ ခရမ်းချဉ်သီးနဲ့ ပေါင်မုန့်လှီးနေခဲ့တယ်လေ။ စားပွဲပေါ်မှာလည်း စာရွက်တွေ နဲ့ ပန်းချီဆေးတွေ ပေကျံလို့ပါ။ မီနာက တစ်နေ့လည်ခင်းလုံး ပန်းချီဆွဲနေခဲ့တာပေါ့။ သူ့မျက်နှာပေါ်နဲ့ လက်တွေမှာလည်း ပန်းချီဆေးတွေက ပေကျံလို့နေပါတော့တယ်။ သူဆွဲထားတဲ့ပုံထဲမှာ စကဲလစ်က အတောင်ပံတွေ ဖြန့်ကားပြီး မတ်တပ်ရပ်နေခဲ့တယ်လေ။ မီနာ့ ပန်းချီထဲက စကဲလစ်ကတော့ ကျွန်တော်တို့ကို ငေးကြည့်ပြီး ပြုံးပြနေပါတော့တယ်။
" နင့်အမေ မြင်သွားရင် ဘယ်လိုလုပ်မလဲ" လို့ ကျွန်တော် သူ့ကို ပြောလိုက်တာပေါ့။
" ဒါက ဘာလဲဆိုတာ ငါ့အမေမှ မသိတာ" ဆိုပြီး မီနာ ကပြန်ဖြေဖြေချင်းမှာပဲ မီနာ့ အမေက ကျွန်တော်တို့ဘက် လှည့်လာပါတော့တယ်။
" မီနာက ပုံဆွဲတာတော်တယ်နော်။ ဟုတ်တယ်မဟုတ်လားသား.... မိုက်ကယ်"
ကျွန်တော် သူ့ကို ခေါင်းပဲ ခပ်သုတ်သုတ် ပြန်ငြိတ်ပြလိုက်တယ်လေ။
" ဒါက ဝီလီယမ် ဘလိတ် မြင်ခဲ့တယ် ဆိုတဲ့အရာပေါ့ဟ။ သူက နတ်သား နတ်သမီးတွေနဲ့ ဝိဉာဉ်တွေကို မြင်ဖူးတယ်လို့ ဆိုဖူးတယ်လေ။ ငါတို့လည်း ဒီထက် အာရုံစူးစိုက်ပြီး ကြည့်မြင်နိုင်မယ်ဆို တွေ့ရမှာပဲဟ" ဆိုပြီး မီနာ့အမေက ဝီလီယမ် ဘလိတ်တစ်ယောက် သူနေထိုင်ရာ လန်ဒန်မြို့ကနေအိမ်မှာ မြင်ခဲ့ဖူးတယ်ဆိုတဲ့ အတောင်ပံနဲ့ သတ္တဝါပုံကို ကျွန်တော့်ကို ပြလိုက်ပါတယ်။
" ဒါမှမဟုတ် သူတို့တွေကို တွေ့မြင်နိုင်တဲ့ နည်းလမ်းကိုသာ သိမယ်ဆိုရင် အဒေါ်တို့လည်း မြင်နိုင်မှာ ပေါ့ကွယ် " လို့ သူက ပြောလိုက်ပါသေးတယ်။ပြီးတော့ သူက ကျွန်တော့် ပါးကို လက်နဲ့ ထိလိုက်တယ်လေ။
"ဒါပေမယ့် အဒေါ့်အတွက်တော့ မီနာနဲ့ မိုက်ကယ်ဆိုတဲ့ နတ်သား၊ နတ်သမီးလေး နှစ်ယောက်ရှိရင်နဲ့ပဲ လုံလောက်ပါပြီကွယ်"
မီနာ့ အမေက ကျွန်တော့်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေလိုက်ပါတော့တယ်။
" ဟုတ်တယ်ကွဲ့။ အဒေါ်ကတော့ သားနဲ့ သမီးကို ကြည့်လိုက်တာနဲ့ နတ်သားလေးနဲ့ နတ်သမီးလေးတွေလို့ပဲ မြင်တယ်"
ကျွန်တော် ရုတ်တရက် ညီမလေးကို တွေးမိလိုက်တာပေါ့။ သူဆိုရင်ရော နူးညံ့ဖြူစင်တဲ့ မျက်လုံးလေးတွေနဲ့ ဘာတွေကိုများ မြင်နိုင်လိမ့်မလဲနော်။ ပြီးတော့ ညီမလေးများ မတော်တဆ သေဆုံးသွားမယ်ဆိုရင်ရော ဘာတွေကို မြင်ရမှာပါလဲ။
ကျွန်တော် ညီမလေးအကြောင်း မတွေးမိအောင် အာရုံလွှဲဖို့ ကြိုးစားလိုက်ပါတယ်။ ပြီးတော့ ကျွန်တော် စားပွဲပေါ်က စာရွက်တစ်ရွက်ကောက်ယူပြီး ကုထ်ပုံဆွဲနေလိုက်ပါတော့တယ်။ ကျွန်တော် ကုထ်ရဲ့ ဆံပင်ကိုအနီရောင်ခြယ်ပြီး တွန့်လိမ် ကောက်ကွေးနေတဲ့ ခြေတွေ လက်တွေ ထည့်ပေးလိုက်တာပေါ့။
" အဲ့ဒါ နင့်သူငယ်ချင်း မဟုတ်လား" လို့ မီနာက မေးလိုက်တယ်လေ။
" အမြင်ကပ်ချင်စရာ ကောင်လေးပဲ"
ကျွန်တော် မီနာ့ကို တစ်ချက်ပြန်ကြည့်လိုက်ပြီး သူ့ရဲ့ ပုခုံးပေါ်က အတောင်ပံတွေကို ပြန်မြင်ယောင်မိလိုက်ပါတော့တယ်။ မီနာ့အမေကတော့ သီချင်းလေး ညည်းနေတော့တာပေါ့။
" အိပ်မက်ကလေးမက်ပါတယ်...ဘာကိုဆိုလိုသလဲကွယ်
အိပ်မက်ထဲမယ် ကိုယ်ကကွယ်....ဘုရင်မကြီးဖြစ်နေတယ်....."
"ငါ ဒီနေ့ သူ့ဆီသွားခဲ့တယ် သိလား" လို့ မီနာက ကျွန်တော့်ကို တီးတိုးလေး ပြောလိုက်ပါတယ်။
ကျွန်တော်ကတော့ ကုထ်ရဲ့ ခေါင်းပေါ်မှာ ချိုတွေတပ်ပေးလိုက်တော့တာပေါ့။
" ငါ နင့်ကို အရင်လာရှာပါသေးတယ် မိုက်ကယ်ရယ်။ နင့်အဖေကပြောတယ်....နင် ကျောင်းသွားနေတယ်တဲ့လေ။ ငါ့ကိုလည်း သူက တခုခုလုပ်မနေဘူးလား။ စာမလုပ်ဘူးလားတောင်မှ မေးလိုက်သေးတယ် သိလား"
ပြီးတော့ မီနာက ကျွန်တော့်အနားကပ်လာပြီး ကုထ်ရဲ့ ပါးစပ်ကနေ လျှာမည်းမည်းကြီးတစ်ခု ထွက်ကျနေတဲ့ဟန် ၀င်ဆွဲလိုက်ပါသေးတယ်။ သူ့အမေကတော့ သီချင်းထဲမှာ နစ်မြောနေဆဲပါပဲ။
" စိုးရိမ်သောက ကင်းစေမယ်....
နတ်သားတွေက စောင့်ရှောက်တယ်.."
" ဒါနဲ့လေ စကဲလစ်ကမေးတယ်
' မိုက်ကယ် ဘယ်မှာလဲ' တဲ့။
ငါကလည်း
' ကျောင်းတက်နေပါတယ်ရှင်' လို့ ပြန်ဖြေလိုက်တာပေါ့ဟ။
သူကပြောသေးတယ်။
' ကျောင်း ဟုတ်လား။ သူက ငါ့ကို ကျောင်းတက်ဖို့ ပစ်ထားခဲ့တယ် ဟုတ်လား" တဲ့လေ။
ငါလည်း နင်က သူ့ကို ကျောင်းသွားတက်ဖို့ ပစ်ထားခဲ့တာ မဟုတ်ပါဘူးလို့ ပြောပြလိုက်ပါတယ်။ နင်ကလည်း သူ့ကို ချစ်ပါတယ်လို့ပေါ့"
" ငါ သူ့ကို ချစ်ပါတယ်" လို့ ကျွန်တော် မီနာ့ကို တိုးတိုးလေး ပြန်ဖြေလိုက်ပါတယ်။
" အင်းလေ။ အဲ့ဒါကြောင့်လည်း နင်က နင့်ညီမလေး သေသွားမှာကို သိပ်ကြောက်နေတယ်လို့ ငါ စကဲလစ်ကို ပြောပြလိုက်တယ်"
" ငါ့ ညီမလေးက သေမှာမဟုတ်ပါဘူးဟာ။ သူ မသေရဘူး"
" စကဲလစ်က သူ့ကို လာကြည့်ပါဦးလို့ နင့်ကိုမှာလိုက်တယ်"
မီနာက နှုတ်ခမ်းကိုက်လို့ ကျွန်တော့်အနားတိုးက တီးတိုးလေး ပြောလိုက်ပါသေးတယ်။
" သူက မကြာခင် အဝေးကို ထွက်သွားတော့မှာတဲ့ဟ"
မီနာ့အမေရဲ့ သီချင်းသံက ကျွန်တော့်နားထဲ တိုး၀င်လာပြန်ပါတော့တယ်။
" အတောင်ပံလေးများ ဖြန့်ကာရယ်...
မိုးသောက် ကောင်းကင်ယံ၀ယ်....
လှုပ်ကာ လူးကာနဲ့ပါကွယ်...ပျံသန်းလိုက်ချင်တယ်"
" ထွက်သွားတော့မယ် ဟုတ်လား" လို့ ကျွန်တော် မီနာ့ကို ပြန်မေးလိုက်တာပေါ့။
"ဟုတ်တယ်"
" ဘယ်ကိုလဲဟ"
မီနာက ခေါင်းခါပြလိုက်ပါတယ်။
" သူက ဘာမှမပြောဘူးဟ"
" ဒါဆို ဘယ်တော့လဲ"
" မကြာခင်ပေါ့ဟာ"
ကျွန်တော်လည်း မီနာ့စကားကြောင့် တုန်ရီနေတဲ့ လက်တွေနဲ့ စာရွက်တစ်ရွက် ကောက်ယူလိုက်ပါတော့တယ်။ ပြီးတော့ ကျွန်တော် ကောင်းကင်ယံမှာ ပျံသန်းနေတဲ့ စကဲလစ်ရဲ့ ပုံကို စိတ်ကူးပြီး ဆွဲလိုက်ပါတယ်။
ကျွန်တော့်နားထဲကို မီနာ့အမေရဲ့ သီချင်းလေးတစ်ပိုဒ်က ထပ်မံတိုး၀င်လာခဲ့ပါသေးတယ်။
" နတ်သားကလေး ပြန်လာတယ်...
တို့မှာတော့ကွယ် မပျိုရွယ်..."
မီနာ့အမေက ညစာစားဖို့ ပန်းကန်ပြားတွေတင်ဖို့ရာ စားပွဲခုံကို နေရာရှင်းလိုက်ပါတယ်။
" ပျိုမြစ်နုနယ် တို့ဘ၀လေးရယ်...
ဆံပင်ဖြူပြောင်း ဇရာမျိုးကောင်းလေတယ်"
"ကဲပါ ညစာစားကြရအောင်။ အားလုံးအဆင်သင့်ဖြစ်ပြီကွဲ့။ အိုး...မိုက်ကယ်...သားဆွဲထားတဲ့ ပုံလေးက ချစ်စရာ ကောင်းလိုက်တာကွယ်" လို့ သူက ကျွန်တော့်ကို ချီးကျူးလိုက်ပါတော့တယ်။
အခန်း (၃၅)
ညနေခင်းအလင်းရောင် ပျောက်တဲ့အထိ ကျွန်တော် မီနာတို့အိမ် မီးဖိုချောင်ထဲက စားပွဲလေးမှာ အဖေ့ကို ထိုင်စောင့်နေခဲ့ပါတယ်။ အဖေကတော့ ပြန်မလာသေးပါဘူးလေ။ ကျွန်တော် အိမ်ရှေ့ခန်းကို ခဏခဏသွားပြီး အဖေ့အလာကိုမျှော်နေတော့ မီနာ့အမေကပါ ကျွန်တော့်ကို ဖြောင့်ဖြပေးရှာပါတယ်။
" မပူပါရယ် သားရယ်။ သာစအဖေက မကြာခင် ပြန်လာမှာပါ။ အရာအားလုံးက အဆင်ပြေသွားလိမ့်မယ်လို့ အဒေါ်ယုံကြည်ပါတယ်ကွယ်"
ကျွန်တော်နဲ့ မီနာလည်း ပုံတွေချည်း ထိုင်ဆွဲဖြစ်ခဲ့ပါတော့တယ်။ ကျွန်တော်တို့ မိသားစု ညီမလေးအနားမှာ ဝိုင်းပြီး မတ်တပ်ရပ်နေတဲ့ ပုံ၊ ဖြူဖပ်ဖြူလျော်မျက်နှာ၊ မျက်လုံးနက်နက်နဲ့ မျက်ခုံးအပေါ်ထိချထားတဲ့ ဆံပင်လေးရှိတဲ့ မီနာ့ပုံ နဲ့ ဂိုဒေါင်ကြမ်းပြင်မှာ ဖုန်တွေတက်လို့ လှဲအိပ်နေတဲ့ စကဲလစ်ရဲ့ပုံ စတဲ့ ရောက်တတ်ရာရာပုံတွေ ကျွန်တော် ဆက်ဆွဲနေခဲ့မိပါတယ်။ ပြီးတော့ အခုံးသဏ္ဍာန်ပြတင်းပေါက်နားမှာ မားမားမတ်မတ်နဲ့ မတ်တပ်ရပ်ပြီး ဇီးကွက်တွေ ရဲ့ အလည်မှာရှိနေတဲ့ စကဲလစ်ရဲ့ပုံကိုလည်း ကျွန်တော် ဆွဲဖြစ်ပါသေးတယ်။ ကျွန်တော် ပြောင်းလဲသွားတဲ့ စကဲလစ်ရဲ့ ပုံကို မျက်လုံးနဲ့ စေ့စေ့ကြည့်မိတယ်လေ။ သူ ဘယ်လိုလုပ် အခုလို ပြောင်းလဲသွားရတာပါလိမ့်နော်။ တရုတ်ဟင်းပွဲတွေ၊ ငါးကြီးဆီ၊ အကိုက်အခဲပျောက်ဆေး၊ ဘီယာနဲ့ တိရိစ္ဆာန် အသေကောင်တွေကပဲ အခုလို သူ့ကို သန်စွမ်းလာအောင် ကူညီခဲ့သလား ကျွန်တော် မစဉ်းစားတတ်တော့ပါဘူး။ နောက်တော့ ကျွန်တော် အိပ်ရာ၀တ်အင်္ကျီနဲ့ ခြံထဲကိုလှမ်းကြည့်နေတဲ့ အာနီမိုင်ယာစ်ရဲ့ ပုံကို ဆက်ဆွဲလိုက်ပါတယ်။ ကျွန်တော်ပုံတွေ ပိုဆွဲလာလေ၊ ကိုယ့်ကိုယ်ကိုယ် ပိုပြီး လွတ်လပ်လာလေလို့တောင် ထင်မိပါသေးတယ်။ ကျွန်တော် စာရွက်ပေါ်မှာ ချဆွဲတဲ့ ပုံတွေက တဖြည်းဖြည်းနဲ့ ကျွန်တော့် အတွေးထဲမှာ တွေးနေတဲ့၊ ကျွန်တော့်မျက်စိနဲ့ တပ်အပ်မြင်ခဲ့ရတဲ့ အရာတွေနဲ့ ပိုပိုပြီး တူလာတာကို တွေ့လိုက်ရတာပေါ့။ ဒါပေမယ့်လည်း ကျွန်တော် ဘယ်လောက်ပဲ စိတ်နှစ်ပြီး ပုံဆွဲနေပါစေ၊ ကျွန်တော့် စိတ်ထဲကနေတော့ ညီမလေးအတွက် စိတ်ပူမိနေဆဲပါ။ ကျွန်တော် ညီမလေးရဲ့ မျက်လုံးကျယ်ကျယ်လေးတွေ၊ သေးကွေးလှတဲ့ သူ့ရဲ့ လက်မောင်းလေးတွေနဲ့ သူ ကျွန်တော့်ပေါင်ပေါ်မှာ ထိုင်လိုက်တိုင်း ကျွန်တော်တွေ့ရတဲ့ သူ့ရဲ့ ခန္ဓာကိုယ် သဏ္ဍာန်လေးတွေကို တစ်ပုံပြီး တစ်ပုံ ဆွဲနေမိပါတော့တယ်။ နောက်တော့ ကျွန်တော် အိပဲ့ အိပဲ့နဲ့ လမ်းလျှောက်နေကြမယ့် သက်ကြီးရွယ်အို လူနာတွေ၊ ဝိုင်ယာကြိုးတွေ၊ ပြွန်တွေ၊ အသံတစီစီမြည်နေမယ့် ကိရိယာတွေနဲ့ ပြုံးပြတတ်တဲ့ သူနာပြုဆရာမတွေ စတဲ့ ညီမလေး မြင်နေရမယ့် လောကကြီးရဲ့ သဏ္ဍာန်ကို ဆက်ဆွဲမိတယ်လေ။ ညီမလေးက ဖန်ပုံးထဲမှာ နေရတာဆိုတော့ သူ့ပတ်၀န်းကျင်က ပုံရိပ်တွေက ကျွန်တော့် ပုံတွေထဲကလို တွန့်လိမ်ကောက်ကွေးပြီး ထူးဆန်းနေကြမယ် ဆိုတာ သေချာပါတယ်။ နောက်ဆုံးမှာတော့ ကျွန်တော် စကဲလစ်က ညီမလေးရဲ့ လူနာဆောင်ထဲ ရောက်နေတဲ့ပုံ ဆွဲမိသွားပါတော့တယ်။ ညီမလေး စကဲလစ်ကို မြင်လိုက်ရတဲ့အခါ ခံစားရမယ့် ပေါက်ကွဲထွက်လာမဲ့ စိတ်ခံစားချက်တွေကို ကျွန်တော် ပုံဖော်နေမိတယ်လေ။
မီနာက ကျွန်တော့် ပုံတွေကို တစ်ပုံပြီး တစ်ပုံ သေချာကြည့်ပြီး အနားမှာ စုပုံထားလိုက်ပါတော့တယ်။ ပြီးတော့ သူက ကျွန်တော့်လက်ကို ဆွဲကိုင်လိုက်တယ်လေ။
" နင် အရင်က ဒီလောက် ပုံမဆွဲဖူးပါဘူး မိုက်ကယ်။ နင်က အခုတော့ တော်တော့်ကို လက်ရည်တွေတက်ပြီး သတ္တိရှိလာပြီဟ သိလား" လို့ သူက ပြောတော့ ကျွန်တော် သူ့ကို ပုခုံးပဲ ပြန်တွန့်ပြလိုက်ပါတယ်။
"ဘောလုံးကစား တော်ချင်ရင် ဘောလုံးကစားပြီး လေ့ကျင်ရတာပဲလေ။ အခုလို ပုံဆွဲတော်ချင်ရင်လည်း ပုံဆွဲပြီး လေ့ကျင့်ရတာပဲပေါ့" လို့ ကျွန်တော် သူ့ကို ပြန်ပြောလိုက်ပါတော့တယ်။
ကျွန်တော်နဲ့ မီနာ အဖေ့ကို မိုးစုံးစုံးချုပ်တဲ့အထိ စောင့်နေခဲ့ကြပါသေးတယ်။ ညဘက်ရောက်လာတော့ ငှက်မည်းလေးတွေက သစ်ပင်ပေါ်နဲ့ ခြံစည်းရိုးပေါ်တွေမှာ နားပြီး သီချင်းတွေ ဆိုကုန်ကြတော့တာပေါ့။ မီနာ့အမေက မီးအိမ်လေးကို ခလုတ်ဖွင့်လိုက်ပါတော့တယ်။ ခဏနေတော့ ဖုန်းသံမြည်လာခဲ့ပေမယ့် အဖေ့ဆီကတော့ မဟုတ်ခဲ့ပါဘူးလေ။ မီနာ့အမေက ကျွန်တော်တို့ကို အချိုပွဲအနေနဲ့ ချောကလက်ပြားတချို့ပေးတော့ ကျွန်တော်လည်း ချောကလက်ကို ဖြည်းဖြည်းချင်းစားပြီး အဖေ့ကို ဆက်စောင့်နေခဲ့ပါတယ်။ မီနာ့အမေကတော့ တချိန်လုံး သီချင်းလေး ညည်းလို့ အလုပ်လုပ်နေခဲ့တာပါ။ သူ ဆိုတဲ့ သီချင်းတွေက ဝီလီယမ် ဘလိတ်ရဲ့ သီချင်းတွေလည်း ပါသလို တခါတလေ ရှေးဟောင်း သီချင်းတွေလည်း ပါပါတယ်။ မီနာကတောင် တချက် တချက် အသံအားကောင်းကောင်းနဲ့ သူ့အမေနောက်က လိုက်ဆိုလိုက်ပါသေးတယ်။
" အနောက်အရပ်ကို နေမင်း၀င်
ညနေကြယ်လည်း ထွန်းလင်းချင်
ငှက်ကလေးတွေ နားကြတော့
တို့လည်း နားရာ ရှာရမပေါ့"
ကျွန်တော် နှုတ်ဆိတ်နေတာမြင်တော့ မီနာက ပြုံးလိုက်တယ်လေ။
" နင်လည်း မကြာခင် ငါတို့နဲ့အတူ သီချင်းဆိုတတ်လာမှာပါဟာ" လို့ သူက ပြောလိုက်ပါတယ်။
အပြင်ဘက်မှာလည်း ညအမှောင်က တဖြည်းဖြည်းနဲ့ ကြီးစိုးလာပါတော့တယ်။
" မိုက်ကယ်...ငါ နင့်ကို ပြစရာရှိသေးတယ် သိလား" ဆိုပြီး မီနာက အိုးအလွတ်တစ်လုံးထဲကို ရေနွေးအနည်းငယ်ထည့်ပြီး စားပွဲခုံပေါ် တင်လိုက်ပါတယ်။ ပြီးတော့ သူက စင်တစ်ခုပေါ်မှာ တင်ထားတဲ့ အရိုးတွေနဲ့ အမွှေးအမျှင်တွေကို စုပြီးလုံးချေ ထားတဲ့ အလုံးလေးကိုယူလိုက်တာပေါ့။ အဲ့ဒီအမွှေးအမျှင်လုံးလေးက မီနာ ကျွန်တော်တို့ အိမ်က ဂိုဒေါင်ထဲက ယူလာတဲ့ဟာနဲ့တောင် ဆင်တူပါသေးတယ်။ မီနာက အဲ့ဒီအလုံးလေးကို ရေနွှေးထဲထည့်ပြီး လက်နဲ့ ဖြည်လိုက်တော့ အဲ့ဒီအမွှေးအမျှင် အလုံးလေးဟာ အရေပြားတစ်ခုရဲ့ အစိတ်အပိုင်း ဖြစ်တယ်ဆိုတာကို ကျွန်တော် တွေ့လိုက်ရပါတော့တယ်။ မီနာက အရေပြားထဲက အရိုးလေးတစ်ချောင်းကို ဆွဲထုတ်လိုက်ပါတယ်။ အဲ့ဒါက တိရိစ္ဆာန်ငယ်လေးတစ်ကောင်ရဲ့ ဦးခေါင်းဖြစ်နေခဲ့တယ်လေ။
မီနာ့အမေက သူ့သမီးလုပ်နေတာကို ကြည့်ပြီး ပြုံးလိုက်ပါတယ်။
" ဇီးကွက် အန်ဖတ်ပါလားကွဲ့" လို့ သူကပြောလိုက်ပါသေးတယ်။
" ဟုတ်တယ် အမေ" လို့ ဖြေပြီး မီနာက ကျွန်တော့်ကို ပြန်ကြည့်လိုက်တာပေါ့။
" ဇီးကွက်တွေက သူတို့ရဲ့ သားကောင်တွေကို တစ်ကိုယ်လုံးမျိုချလေ့ရှိတယ် မိုက်ကယ်ရဲ့။ သူတို့တွေက အသားတွေကို အစာခြေပြီး အစာခြေဖို့မတတ်နိုင်တဲ့ အရေပြား၊ အရိုးနဲ့ အမွှေးအတောင်စတဲ့ အစိတ်အပိုင်းတွေကိုတော့ ပြန်အန်ထုတ်ကြလေ့ရှိတယ်။ အဲ့ဒီတော့ ဇီးကွက်တစ်ကောင်ရဲ့ အန်ဖတ်ကို ကြည့်လိုက်တာနဲ့ အဲ့ဒီဇီးကွက် ဘာတွေစားထားတယ်ဆိုတာ သိနိုင်တယ်လေ။ ဒီအန်ဖတ်အရဆိုရင်တော့ ဒီဇီးကွက်က ကြွက်တွေကို စားထားတာပဲဖြစ်ရမယ်"
မီနာ့အမေလည်း ဟိုဘက်လှည့်ပြီး ပန်းကန်ဆေးနေလိုက်ပါတော့တယ်။ အဲ့ဒီတော့မှ မီနာက
"ဒီအန်ဖတ်က ငါ ဂိုဒေါင်ထဲက ကောက်လာခဲ့တဲ့ဟာလေ" လို့ တီးတိုးလေး ပြောလိုက်ပါတယ်။
" ဂိုဒေါင်ထဲမှာ ဒီလို အန်ဖတ်တွေ အများကြီးပဲဟာ နင် သိလား မိုက်ကယ်"
"ဒါတွေက စကဲလစ် အန်ထားတာတွေပေါ့" လို့ ကျွန်တော် ပြန်မေးတော့ သူက ခေါင်းငြိတ်ပြလိုက်တယ်လေ။
" နင် ဘာကိုဆိုလိုချင်တာလဲ မီနာ"
မီနာက ခေါင်းခါပြလိုက်ပါတယ်။
" ဒါဆို စကဲလစ်က ဘာ သတ္တဝါလဲဟ"
မီနာကတော့ ခေါင်းကိုသာ တွင်တွင်ခါနေပါတော့တယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဘာပြန်ပြောရမှန်း မသိခဲ့တာ အမှန်ပါ။
" သိပ်ကိုထူးခြားတဲ့ သတ္တဝါပေါ့ဟာ" လို့ မီနာက ကျွန်တော့်ကို ပြောလိုက်ပါတယ်။
ကျွန်တော် အပြင်ဘက်ကို လှမ်းကြည့်လိုက်တော့ မှောင်ရီဝိုးတဝါးကောင်းကင်အောက်မှာ သစ်ပင်တွေက အရိပ်တောင် ထိုးနေကြပါပြီ။ ကျွန်တော် ကောင်းကင်ကို မော့်ကြည့်လိုက်တော့ အိပ်တန်းတက်ဖို့ ပျံသန်းသွားကြတဲ့ ငှက်တွေကို တွေ့လိုက်ရတာပေါ့။
ခဏနေတော့ အဖေဆီက ဖုန်း၀င်လာပါတော့တယ်။ မီနာအမေ ကျွန်တော့်ဆီ ဖုန်းခွက် လှမ်းပေးတော့ ကျွန်တော်ဖြင့် ကြောင်ပြီး ရပ်ကြည့်နေမိပါသေးတယ်။
အဲ့ဒီတော့ သူက ပြုံးတယ်လေ။
" ရပါတယ် သားရယ်။ ဖုန်းလာကိုင်လိုက်ပါကွယ်"
အဖေကတော့ အရာရာက အဆင်ပြေသွားပြီလို့ ပြောပါတယ်။ ညီမလေးက အိပ်မောကျနေသလို ဆရာ၀န်တွေနဲ့လည်း သူ စကားပြောပြီးပြီတဲ့လေ။ အဖေက အမေ့အနားမှာ ခဏလောက် အတူရှိနေပေးလို့ ကြာနေတာပါဆိုပဲ။
" ညီမလေး အဆင်ပြေရဲ့လား အဖေ" လို့ ကျွန်တော် မေးလိုက်ပါတယ်။
" သူတို့က ညီမလေးကို ဘာလုပ်ကြမှာတဲ့လဲဟင်"
" ဆရာ၀န်တွေက ညီမလေးကို မနက်ဖြန် ခွဲစိတ်ကြလိမ့်မယ် သား"
"ဘာ ဖြစ်လို့လဲဟင် အဖေ"
အဖေ ဘာမှ ပြန်မဖြေခဲ့ပါဘူး။
" အဖေ...သူတို့က ညီမလေးကို ဘာလို့ ခွဲစိတ်ကြမှာလဲဟင်"
အဖေ ကျွန်တော့်ကို ပြန်ဖြေတဲ့အသံထဲမှာ သက်ပြင်းချသံနဲ့အတူ စိုးရိမ်ထိတ်လန့်သံတွေ ပါနေတာကို ကျွန်တော် သတိထားမိလိုက်ပါတယ်။
" ဆရာ၀န်တွေက သားညီမလေးရဲ့ နှလုံးကို ခွဲစိတ်ပေးကြမှာ သားရ"
အဖေ ဘာတွေ ဆက်ပြောသလဲဆိုတာတော့ ကျွန်တော် မကြားမိတော့ပါဘူးလေ။ အဖေကတော့ ကျွန်တော်နဲ့ မကြာခင်ပြန်တွေ့မယ်ဆိုလား၊ အရာရာက အဆင်ပြေသွားမယ်ဆိုလား၊ အမေကလည်း ကျွန်တော့်ကို မေးတယ်ဆိုလား တတွတ်တွတ်နဲ့တော့ ဆက်ပြောနေခဲ့ပါသေးတယ်။ ကျွန်တော် ရုတ်တရက် ဖုန်းခွက်ကို ပြန်ချလိုက်ပါတယ်။
" ဆရာ၀န်တွေက ညီမလေးရဲ့ နှလုံးကို ခွဲစိတ်ကြတော့မယ်" လို့သာ ကျွန်တော် ရေရွတ်န်ေတော့တယ်။
အခန်း (၃၆)
ကျွန်တော်နဲ့ မီနာတို့ အိမ်ရှေ့ခြံထဲကို ထွက်လာပြီး အဖေ့ကားလေး လမ်းထဲချိုး၀င်လာမှာကို မျှော်နေခဲ့ကြပါတယ်။ ကျွန်တော်တို့ အိမ်ရှေ့တံခါးကို ဖွင့်ထားခဲ့တာမို့ အိမ်ထဲကမီးအလင်းရောင်ကပါ အပြင်ကို ဖြာထွက်နေတော့တာပေါ့။ ခဏနေတော့ ခြံတံခါးနံရံနားက အမှောင်ထုထဲကနေ ကြောင်လေး၀စ်စပါးက အမြှီးလေး နှံ့ကာ ထွက်လာခဲ့ပါတော့တယ်။ သူက ကျွန်တော်တို့ ခြေထောက်နားမှာ ကပ်ပြီးထိုင်နေခဲ့တယ်လေ။
"ဒါတွေအားလုံးက ဘာကိုဆိုလိုတာလဲ မီနာ" လို့ ကျွန်တော်ကပဲ အရင် စကားစလိုက်ပါတယ်။
"စကဲလစ်က သားကောင်တွေကို အရှင်အတိုင်းဖမ်းစားပြီး ဇီးကွက်တွေလို ပြန်အန်ထုတ်တယ်ဆိုရင် သူက ဘာသတ္တဝါလဲ မီနာ" ဆိုတော့ သူက ပုခုံးပြန်တွန့်ပြတယ်လေ။
" ငါလည်း ဘယ်လိုလုပ်သိမှာလဲဟ"
" သူက ဘာသတ္တဝါများလဲဟာ"
"ဪ...ကဲ မသိနိုင်ပါဘူးဆို။ တခါတလေ ဒီလောကကြီးထဲမှာ ငါတို့မသိနိုင်တဲ့ အရာတွေရှိတယ်ဆိုတာ လက်ခံထားရမယ်ဟ။ ဒါဖြင့် နင့်ညီမလေးက ဘာလို့ နေမကောင်း ဖြစ်တာလဲ။ ငါ့အဖေကရော ဘာလို့ဆုံးသွားရတာလဲ။ အဲ့ဒါမျိုးတွေပေါ့ဟာ"
မီနာက ကျွန်တော့်လက်ကို ကိုင်ထားလိုက်ပါတယ်။
"တခါတလေကျတော့ ငါတို့က အရာရာကို သိနိုင်ရမယ်လို့ ထင်ထားပေမယ့် တကယ်တမ်းမှာတော့ မဖြစ်နိုင်ဘူးလေ။ အဲ့ဒီအခါကျရင် ငါတို့က တတ်နိုင်သလောက် စိတ်ကူးယဉ် ကြည့်ပြီးတော့ပဲ လက်ခံပေးရမှာပေါ့"
ကျွန်တော်တို့ သစ်ပင်ပေါ်မှာရှိတဲ့ အသိုက်ထဲက အပျံသင်ခါစ ငှက်ပေါက်လေးတွေ အကြောင်း ဆက်ပြောဖြစ်ခဲ့ကြပါတယ်။ ကျွန်တော်တို့ ငှက်လေးတွေရဲ့ အသက်ရှူသံကို နားထောင်ဖို့ကြိုးစားလိုက်ကြတယ်လေ။ ငှက်လေးတွေ အိပ်တန်းတက်ရင် ဘယ်လို အိပ်မက်တွေ မက်ကြသလဲလို့တောင် ကျွန်တော်တို့ သိချင်မိပါသေးတယ်။
"တခါတလေ သူတို့လည်း သိပ်ကြောက်နေမှာပဲ သိလား" လို့ မီနာက စကားဆက်လိုက်ပါတယ်။
"သူတို့အိပ်နေတုန်း ကြောင်က သစ်ပင်ပေါ်တက်လာတယ်လို့ အိပ်မက်မက်ချင်လည်း မက်နေကြမှာလေ။ ဒါမှမဟုတ် နှုတ်သီးဆိုးဆိုးနဲ့ ကျီးကန်းကြီးတွေအကြောင်း၊ လက်သရမ်းပြီး အဆော့ကြမ်းတဲ့ ကလေးတွေအကြောင်းကိုရောပေါ့။ ဒါပေမယ့် သူတို့ အိမ်မက်ကောင်းလေးတွေ မက်တဲ့အခါလည်း ရှိကြမှာပါ။ သူတို့ရဲ့ဘ၀အကြောင်း၊ တနေ့ သူတို့မိဘတွေလို ဝေဟင်မှာ ပျံသန်းနိုင်မယ့်အကြောင်း မျိုးလေ။ တနေ့တော့ သူတို့တွေလည်း ဒီသစ်ပင်ကြီးကို စွန့်ခွာပြီး ကိုယ်ပိုင်အသိုက်လေးတွေ၊ ကိုယ်ပိုင် မိသားစုလေးတွေ နဲ့ နေကြမှာပါဟာ"
ကျွန်တော်လည်း လက်ကို ရင်ဘတ်ပေါ်တင်ထားလိုက်ပါတယ်။ ဆရာ၀န်တွေက ညီမလေးရဲ့ ရင်ဘတ်ကို ခွဲစိတ်ကြမယ်ဆို၊ သူ့ရဲ့ နှလုံးသားလေးကို ခွဲစိတ်ကြမယ်ဆိုရင် ကျွန်တော် ဘယ်လိုခံစားရမှာပါလဲ။ မီနာ့လက်ချောင်းလေးတွေကလည်း သေးသွယ်ပြီး အေးစက် ခြောက်ကပ်လို့သာ နေပါတော့တယ်။ ကျွန်တော် သူ့လက် သွေးခုန်နှုန်းကို စမ်းသပ်မိတယ်လေ။ ပြီးတော့ ကျွန်တော် လက်တွေလည်း တဖြည်းဖြည်းနဲ့ တုန်ရီလာတော့တာပေါ့။
" ငါတို့တွေက ငှက်ပေါက်လေးတွေလိုပဲနော်" လို့ မီနာက ပြောလိုက်ပါတယ်။
" ပျော်ရွှင်မှုတွေတ၀က်၊ ကြောက်ရွံ့မှုတွေ တ၀က်နဲ့ ရောထွေးနေတာပေါ့ဟာ"
ကျွန်တော် မျက်လုံးကိုစုံမှိတ်ပြီး ကျွန်တော့်ရဲ့ ပျော်ရွှင်မှုတွေက ဘယ်မှာ ပုန်းခိုနေကြသလဲဆိုတာကို စဉ်းစားနေလိုက်ပါတော့တယ်။ ပြီးတော့ စုံမှိတ်ထားတဲ့ မျက်လုံးတွေဆီက မျက်ရည်ပူတွေ လိမ့်ဆင်းလာတာကိုလည်း ကျွန်တော် ခံစားမိတယ်လေ။ ၀စ်စပါးကလည်း ကျွန်တော့် ဂျင်းဘောင်းဘီကို သူ့လက်သည်းတွေနဲ့ ကုတ်ဆွဲနေတော့တာပေါ့။ ကျွန်တော် စကဲလစ်လိုမျိုး ဘယ်သူမှမရှိတဲ့ ခေါင်မိုးထပ်မှာ ဇီးကွက်တွေကို ကြည့်ပြီး အရာရာကိုမေ့လို့ နေလိုက်ချင်မိတာ အမှန်ပါ။
"နင်က သိပ် သတ္တိရှိတာပဲ မိုက်ကယ်ရယ်" လို့ မီနာက ကျွန်တော့်ကို နှစ်သိမ့်ပေးလိုက်ပါတယ်။
အဲ့ဒီအချိန်မှာပဲ အဖေ့ရဲ့ကားက ဆူညံတဲ့အင်ဂျင်သံနဲ့ စူးရှတဲ့ အလင်းရောင်ထိုးလို့ ရောက်ချလာပါတော့တယ်။ ကျွန်တော့်စိတ်အစဉ်မှာလည်း ကြောက်ရွံ့တုန်လှုပ်မှုတွေက အင်မတန့်ကို တိုးပွားလာရတော့တာပေါ့ဗျာ။
အခန်း (၃၇)
အဲ့ဒီညက ကျွန်တော် တစ်ညလုံး အိပ်မက်တွေမက်လိုက် လန့်နို့လိုက်နဲ့ ရှည်လျားလှတဲ့ ညတာကြီးကို ဖြတ်သန်းခဲ့ရပါတယ်။ အဖေကတော့ ဘေးခန်းမှာ အိပ်လို့ ဟောက်တောင် ဟောက်နေလိုက်သေးတယ်လေ။ လလည်းမသာတာမို့ ညအမှောင်ဟာ သိပ်သည်းပြီး ဘာမှကို မမြင်ရနိုင်လောက်အောင် ဖြစ်နေပါတော့တယ်။ ကျွန်တော့်အိပ်ရာဘေးက နာရီလေးကလည်း တစ်နာရီ၊ နှစ်နာရီ၊ သုံးနာရီ စသဖြင့် အချိန်တွေဆီကို တဖြည်းဖြည်းချင်း ကူးသန်းလည်ပတ် နေခဲ့ပါတယ်။ ဒီညမှ ထူးထူးဆန်းဆန်း ဇီးကွက်သံတွေလည်း မကြားရသလို၊ မီနာနဲ့ စကဲလစ်ဆီကလည်း ဘာသံမှကို မကြားရတာမို့ ကမ္ဘာကြီးတစ်ခုလုံး ရပ်တန့်သွားသလိုကို ကျွန်တော် ခံစားနေခဲ့ရတာ အမှန်ပါ။ နောက်ဆုံးတော့ ကျွန်တော် ပြန်အိပ်ပျော်သွားတယ်ထင်ပါတယ်။ ကျွန်တော်နိုးလာတော့ နေလည်းအတော်မြင့်နေသလို ကျွန်တော့်မျက်စိတွေလည်း ကျိန်းစပ် နေတာကိုပါ ခံစားလိုက်ရတယ်လေ။
နောက်တော့ စိတ်မပါ့တပါ့နဲ့ မနက်စာ ပေါင်မုန့်နဲ့ လက်ဖက်ရည်သောက်ရင်း အဖေနဲ့ ကျွန်တော် စကားအချေအတင်တွေ ပြောဖြစ်ခဲ့ကြပါသေးတယ်။
" မဟုတ်ဘူး အဖေ။ ကျွန်တော် ကျောင်းမသွားဘူး။ ကျွန်တော် ဘာလို့ ကျောင်းသွားရမှာလဲ။ ဒီနေ့တော့ မသွားချင်ဘူးဗျာ"
" မင်းကို ငါခိုင်းတဲ့အတိုင်း လုပ်ကိုလုပ်ရမယ်ကွ။ မင်းအမေနဲ့ ညီမလေးအတွက် အကောင်းဆုံး အကောင်းဆုံးဖြစ်မယ့်အရာကို မင်းလုပ်ရမယ်လေ"
"အဖေက ကျွန်တော့်ကို မျက်စိအောက်မှာ မရှိစေချင်တာမဟုတ်လား။ အဲ့ဒါမှ အဖေ ကျွန်တော့်အကြောင်းကို တွေးစရာမလို စိတ်ပူစရာမလိုဘဲ ဟို သောက်ကလေးအကြောင်းကိုပဲ တွေးပူချင်နေတာ မဟုတ်လား"
" 'သောက်' ဆိုတာ မသုံးစမ်းနဲ့ကွာ"
"သုံးမယ်ဗျာ။ သောက်ကလေး.... သောက်ကလေး...သောက်ကလေး။ အဖေ လုံး၀ မတရားဘူးဗျ"
အဖေလည်း စိတ်တိုတိုနဲ့ စားပွဲကို ဆောင့်ကန်လိုက်တော့ စားပွဲပေါ်က နို့ပုလင်းက မှောက်ကျသွားသလို ယိုပုလင်းလည်း ကြမ်းပြင်ပေါ်လိမ့်ကျကာ ကွဲသွားပါတော့တယ်။
" တွေ့လား" လို့ အဖေက ကျွန်တော့်ကို အော်လိုက်ပါတယ်။
" တွေ့လား။ မင်းကြောင့် အဖေ ဘာတွေလုပ်မိပြီလဲဆိုတာ မင်းမြင်လား"
အဖေ လက်ကိုမြှောက်ပြီး ရွယ်လိုက်ပါသေးတယ်။ သူ စားပွဲခုံကိုရွယ်သလား၊ ကျွန်တော့်ကို ပဲ ရွယ်သလားဆိုတာတော့ ကျွန်တော်လည်း မပြောတတ်ပါဘူးလေ။
"မင်းရဲ့ သောက် ကျောင်းကိုသာ သွားစမ်းပါကွာ။ ငါ့မျက်စိရှေ့က မြန်မြန်သာ ထွက်သွားတော့"
အဖေက ပြောချင်ရာပြောပြီး ခဏနေတော့မှ ကျွန်တော့်နားလျှောက်လာပြီး ကျွန်တော့်ကို ဖက်ထားလိုက်ပါတော့တယ်။
"သားကို အဖေချစ်ပါတယ်ကွာ။ သားကို အဖေ သိပ်ချစ်တာပေါ့" လို့ သူက တီးတိုးလေးပြောလိုက်တယ်လေ။
ပြီးတော့ ကျွန်တော်တို့ သားအဖ နှစ်ယောက်လုံး ငိုနေမိကြတော့တာပေါ့။
" သား အဖေနဲ့ လိုက်ချင်တယ်ဆိုလည်း လိုက်ခဲ့လေ" ဆိုပြီး အဖေက ပြောလိုက်ပါတယ်။
"ဒါပေမယ့် ဟိုမှာ သားလုပ်ပေးနိုင်တာ ဘာမှတော့ ရှိမှာ မဟုတ်ဘူးကွ။ အဖေ တတ်နိုင်တာဆိုလို့ လည်း ဆေးရုံမှာစောင့်ရင်း အရာရာ အဆင်ပြေသွားပါစေလို့ ဆုတောင်းနေဖို့ပဲ ရှိတယ် သားရ"
ခဏနေတော့ မီနာက ကျွန်တော်တို့ အိမ်ရှေ့တံခါးကို လာခေါက်တယ်လေ။ သူ့လက်ထဲမှာ ကြောင်လေး ၀စ်စပါးကိုလည်း ပွေ့ချီထားလိုက်ပါသေးတယ်။
"မိုက်ကယ်...ငါ နင့်အကူအညီလိုလို့ဟ" လို့ မီနာက ပြောတော့ အဖေက ခေါင်းငြိတိလိုက်တာပေါ့။
" အဖေ ခွဲစိတ်ချိန်အပြီး နေ့လည်ပိုင်းလောက် သားဆီပြန်လာခဲ့မယ်နော်။ အခုတော့ မီနာနဲ့ သွားဆော့လိုက်ဦး ကြားလား သား"
မီနာက ကျွန်တော့်ကို သူတို့ခြံထဲ ခေါ်သွားခဲ့ပါတယ်။ သူက ကြောင်လေးကို ပွေ့ချီထားတော့ အိမ်ခေါင်မိုးပေါ်မှာ နားနေတဲ့ ငှက်မည်းလေးက အန္တရာယ်ကို သတိပေးတဲ့အသံနဲ့ စူးစူးဝါးဝါး အော်လိုက်ပါတော့တယ်။
"ကဲ ကောင်ဆိုးလေး" ဆိုပြီး မီနာက ၀စ်စပါးကို ခြံထဲထည့်ကာ တံခါးပိတ်ခဲ့ လိုက်ပါတော့တယ်။
"ငှက်သားပေါက်လေးတွေက အပြင်တောင် ထွက်နေကြပြီဟ" လို့ မီနာက ပြောလိုက်တယ်လေ။
" နင် ငြိမ်ငြိမ်လေးနေနော်။ ကြောင်တွေလာတာကိုလည်း ကြည့်ထားဦး"
ကျွန်တော်နဲ့ မီနာလည်း အိမ်ရှေ့လှေကားထစ်လေးမှာ ငြိမ်ငြိမ်လေး ထိုင်နေလိုက်ကြတယ်လေ။
" ဟိုမှာ ခြံစည်းရိုးအောက်မှာ တွေ့လား။ နံရံနားမှာပေါက်နေတဲ့ နှင်းဆီပင် အောက်မှာလေ" လို့ မီနာက ကျွန်တော့်ကို ပြောပြလိုက်ပါတယ်။
ကျွန်တော်လည်း အဲ့ဒီတော့မှ သူပြောတဲ့နေရာကို သေသေချာချာ စိုက်ကြည့်ရင်း ခြံစည်းရိုးအောက်က မှောင်မှောင်မည်းမည်း နေရာလေးထဲမှာ နှုတ်သီးကလေးတွေ ရှေ့ထုတ်လို့ သွားနေကြတဲ့ အညိုရောင် ဘောလုံးသဏ္ဍာန် ငှက်ပေါက်စလေးတွေကို တွေ့လိုက်ရပါတော့တယ်။
"ဒါက ငှက်ကလေးတွေအတွက် ပထမဆုံး အသိုက်ရဲ့ အပြင်ဘက်မှာ ရှင်သန်ရတဲ့ အတွေ့အကြုံပဲဟ။ သူတို့က မပျံသန်းနိုင်ကြသေးဘူးလေ။ အဲ့ဒီတော့ သူတို့မိဘတွေကပဲ သူတို့ကို အစာရှာကျွေးရတယ်။ ဒါပေမယ့် အခုက သူတို့ မိဘတွေမရှိတဲ့အချိန်မို့ သူတို့ခမျာ အမှောင်ထုထဲမှာ ဟိုလျှောက် ဒီလျှောက်လုပ်ရင်း အစာကို မျှော်နေရရှာတာပေါ့"
ခဏနေတော့ ငှက်ကလေးတွေရဲ့ မိဘတွေလည်း ခြံစည်းရိုးနားကို ရောက်လာ ကြပါတော့တယ်။ အညိုရောင် အမွှေးအတောင်တွေနဲ့ ငှက်မေမေကြီးက သစ်ပင်ရဲ့ အနိမ့်ဆုံးကိုင်းမှာနားနေလိုက်သလို အနက်ရောင်အမွှေးအတောင်တွေနဲ့ ငှက်ဖေဖေကြီးကတော့ ခြံစည်းရိုးပေါ်မှာ နေရာယူလိုက်တယ်လေ။ သူတို့နှစ်ယောက်လုံးရဲ့ နှုတ်သီးထဲမှာလည်း တီကောင်တွေက တွန့်လိမ် တွန့်လိမ်နဲ့ ပါလာခဲ့ကြတာပေါ့။ ပြီးတော့ ငှက်ဖေဖေကြီးနဲ့ ငှက်မေမေကြီးတို့က ငှက်သားပေါက်လေးကို လည်ချောင်းသံနဲ့ တကွပ်ကွပ် အသံပြုလိုက်ကြ ပါတော့တယ်။
" သူတို့ ပထမဆုံး အသိုက်ပြင်ထွက်ကြတာပဲ ထင်တယ်ဟ" လို့ မီနာက ပြောလိုက်ပါတယ်။
" ၀စ်စပါးသာ အနားမှာရှိနေရင် ငှက်ပေါက်လေးတွေထဲက တစ်ကောင်ကောင်ကတော့ အစားခံရမှာ ကျိန်းသေတယ် သိလား"
ငှက်ကြီးတွေက ကျွန်တော်နဲ့မီနာ့ကို သတိထားမိတယ်ထင်ပါတယ်။ သူတို့က အခြေအနေ စောင့်ကြီးပြီးမှ တဖြည်းဖြည်း ခြံထဲဆင်းလာကြတယ်လေ။ ငှက်မေမေကြီးက နှင်းဆီခြုံပုတ် အောက်မှာ ဟိုဟိုဒီဒီလျှောက်ပြေးနေတဲ့ ငှက်ပေါက်လေးကို အစာကျွေးလိုက်သလို ငှက်ဖေဖေကြီ ကလည်း ခြံစည်းရိုးအောက်မှာ ရောက်နေတဲ့ ငှက်ကလေးကို သူ့နှုတ်သီးထဲက အစာခွံ့လိုက်တော့တာပေါ့။ ပြီးတော့ ငှက်ကြီးနှစ်ကောင်လည်း အဝေးကို ပျံသန်း သွားကြပါတော့တယ်။
" သူတို့ အဲ့ဒီလို တစ်နေ့လုံးလုပ်နေမှာဟ။ အဝေးကို ပျံပြီး အစာရှာလိုက်၊ ငှက်ကလေးတွေကို ပြန်လာကျွေးလိုက်နဲ့ ညနေစောင်းတဲ့အထိ လုပ်နေကြမှာလေ။ နောက်ပြီး နေ့တိုင်းနေ့တိုင်းလည်း အဲ့ဒီအတိုင်းပဲ ငှက်ပေါက်ကလေးတွေ အပျံတတ်လာတဲ့အထိ လုပ်နေကြမှာ"
ကျွန်တော်တို့လည်း တိုးတိုးလေးနေကာ ဆက်ကြည့်နေလိုက်ကြပါတယ်။
" ကြောင်အကိုက်ခံရမှာ ငါစိုးရိမ်လိုက်တာဟယ်" လို့ မီနာက ပြောလိုက်ပါသေးတယ်။
" နောက်ပြီး ကျီးကန်းတွေနဲ့ ခွေးတွေ ရန်ကလည်း ကြောက်ရသေးတယ်"
အဖေလည်း ခဏနေတော့ အိမ်ထဲကနေ ထွက်လာခဲ့ပါတယ်။ သူက မီနာတို့ခြံထဲ ၀င်လာတော့ မီနာက အဖေ့ကို လက်ညှိုးလေး နှုတ်ခမ်းနားကပ်ရင်း တိတ်တိတ်နေဖို့ အချက်လှမ်းပြလိုက်ပါတယ်။ အဲ့ဒီတော့ အဖေလည်း ခြေဖျားထောက်လို့ ကျွန်တော်တို့နား ဆက်လျှောက်လာခဲ့ရတော့တာပေါ့။
" ငှက်ပေါက်လေးတွေက အသိုက်အပြင်ထွက်နေကြပြီ ဦးရဲ့" လို့ မီနာက အဖေ့ကို ပြောပြလိုက်တယ်လေ။ ပြီးတော့ သူက အဖေ့ကို သေချာ လက်ညှိုးထိုးပြလိုက်ပါသေးတယ်။
" ဪ ဟုတ်သားပဲကွ" လို့ အဖေက ရေရွတ်လိုက်ပါတယ်။
" ဟုတ်တယ်။ တကယ်ပဲ ငှက်ကလေးတွေပါပဲ" တဲ့လေ။
အဖေလည်း ကျွန်တော်နဲ့ မီနာ့ဘေးမှာ ၀င်ထိုင်ပြီး တိုးတိုးလေးနေလိုက်ပါတော့တယ်။
" သူတို့ကို ကြည့်ရတာ ချစ်စရာမကောင်းဘူးလားကွ ဟေ" ဆိုပြီး အဖေက ကျွန်တော့်ပါးကို လက်နဲ့ကိုင်လို့ ပြုံးပြလိုက်ပါသေးတယ်။ ခဏနေတော့ အဖေ ဆေးရုံသွားဖို့ အချိန်ကျလာပါတော့တယ်။
" အရာရာ အဆင်ပြေသွားလိမ့်မယ်လို့သာ သား တွေးနေနော်။ အဲ့ဒါဆို အရာရာက တကယ်ပဲ အဆင်ပြေသွားလိမ့်မယ်ကွ"လို့ မှာပြီး အဖေက ကားပေါ်တက်လို့ ဆေးရုံဆီကို ဖြည်းညှင်းစွာနဲ့ မောင်းထွက်သွားပါတယ်။ ကျွန်တော်နဲ့ မီနာလည်း ခြံထဲမှာ ငှက်မောင်နှံက သူတို့ သားပေါက်လေးတွေကို အစာကျွေးနေတာကို ဆက်ပြီး စောင့်ကြည့်နေခဲ့ပါတော့တယ်။
အခန်း (၃၈)
မနက်ခင်းနေအတော်ပွင့်လာတော့ မီနာ့အမေက ကျွန်တော်နဲ့ မီနာ့အတွက် လက်ဖက်ရည်လေး ယူလာပေးရှာပါတယ်။ သူက ကျွန်တော်တို့ဘေးက လှေကားထစ်မှာ ၀င်ထိုင်လိုက်တယ်လေ။ ပြီးတော့ မစ္စမက်ကီးက ငှက်သားပေါက်လေးတွေအကြောင်း၊ ပွင့်လန်းလာတော့မယ့် ပန်းပွင့်လေးတွေအကြောင်း၊ နွေးထွေးလာတဲ့ ရာသီဥတု နဲ့လေထုအကြောင်း စသဖြင့် ရောက်တတ်ရာရာ ထွေရာလေးပါးပြောနေလိုက်ပါတယ်။ သူ့စကားအရဆို နွေဦးရာသီဆိုတာက အေးခဲပြီး သေဆုံးနေတဲ့ ကမ္ဘာကြီးကို အသက်ပြန်သွင်းပေးလိုက်တာပဲတဲ့လေ။ နောက်ပြီး မစ္စမက်ကီးက ကျွန်တော်တို့ကို ဟိုးမြေအောက်ကမ္ဘာကြီးရဲ့ အမှောင်ထုထဲမှာ နှစ်စဉ်နှစ်တိုင်း ခြောက်လနီးပါးနေထိုင်ဖို့ အမိန့်ပေးခံထားရတဲ့ နတ်ဘုရားမ ပါစက်ဖနီအကြောင်းလည်း ပြောပြပါသေးတယ်။ အဲ့ဒီနတ်ဘုရားမက မြေအောက်ကမ္ဘာမှာ ပိတ်မိနေတဲ့အချိန်ကိုရောက်နေတဲ့အခါ ဆောင်းတွင်းဖြစ်ပေါ်ပြီး နေ့တာကလည်း တိုတောင်းကာ အေးခဲလာတယ်ဆိုပဲ။ အဲ့ဒီတော့ ကမ္ဘာမြေကြီးပေါ်က သတ္တဝါတွေလည်း အန္တရာယ်နဲ့ဝေးရာမှာ ပုန်းလျှိုးကွယ်လျှိုးနဲ့ နေထိုင်ရတော့တာပေါ့။ နတ်ဘုရားမ ပါစက်ဖနီတစ်ယောက်ကို မြေအောက်ကမ္ဘာကနေ လွှတ်လိုက်တဲ့အခါမှာတော့ သူက ကမ္ဘာ မြေကြီးပေါ်ကို ပြန်လည် ခရီးနှင်လာတတ်ပြီး နွေဦးရာသီလည်း ပွင့်လန်းလာတတ်ပါတော့တယ်။ ကမ္ဘာမြေကြီးက အရောင်အဝါ ပွင့်လန်းသာယာပြီး သူ့ကို ကြိုဆိုလို့နေတော့တာပေါ့။ ဒါကြောင့် နွေဦးရာသီဟာ နွေးထွေးပြီး အရောင်အဝါ စုံလင်နေတာဖြစ်ပါတယ်။ တိရိစ္ဆာန်တွေကလည်း ဆောင်းခိုအိပ်တန်းတက်ရာကနေ နိုးထလာကာ သားပေါက်လေးတွေ သန္ဓေတည်လာကြတယ်လေ။ သစ်ပင်တွေကလည်း ဒါကြောင့် နွေဦးရာသီမှာ အဖူးအပွင့် အခက်အလက် အသစ်တွေ ဝေဆာလို့ နေတော့တာပါ။ နောက်ဆုံးတော့ အသက်စွမ်းအင်က တဖန်ပြန်လည် နိုးထလာခဲ့ကြပြီ မဟုတ်ပါလား။
" ရှေးဟောင်း ယုံတမ်းပုံပြင်ကြီး မဟုတ်လားဗျ" လို့ ကျွန်တော် မစ္စမက်ကီးကို ပြောလိုက်ပါတယ်။
" ဟုတ်တယ်လေ သားရဲ့။ ဒါပေမယ့် အဲ့ဒီယုံတမ်း ပုံပြင်လေးကလည်း အမှန်တရားနဲ့ နီးစပ်နိုင်တာပဲ မဟုတ်လားကွဲ့။ သားရဲ့ ဘေးပတ်ပတ်လည်ကို ကြည့်ကြည့်စမ်းပါဦး။ ငှက်သားပေါက်လေးတွေ၊ ပန်းလေးတွေ၊ နေရောင်ခြည်လေးတွေ ထွန်းလင်းတောက်ပနေတာက နတ်ဘုရားမ ပါစက်ဖနီကို ကမ္ဘာမြေပေါ်ပြန်လာဖို့ ကြိုနေကြတယ်လို့ မထင်ဘူးလား"
မစ္စ မက်ကီးက ကျွန်တော့်ပုခုံးပေါ် သူ့လက်တင်လို့ တရင်းတနှီးနဲ့ အားပေးစကား ပြောလိုက်ပါသေးတယ်။
" နွေဦးရာသီမှာ အင်မတန် ထူးခြားကောင်းမွန်တဲ့ အဖြစ်အပျက်လေးတွေဖြစ်ပေါ်တတ်တယ် မိုက်ကယ်ရဲ့။ သားလည်း မကြာခင် သားရဲ့ကိုယ်ပိုင် နတ်ဘုရားမလေး ပါစက်ဖနီကို အိမ်ဂေဟာသစ်ဆီ ကြိုဆိုနိုင်မှာပေါ့ကွယ်"
အဲ့ဒီလိုနဲ့ ကျွန်တော်ရယ်၊ မီနာရယ်၊ မစ္စ မက်ကီးရယ် သုံးယောက်သား ပါစက်ဖနီ့ အကြောင်းကို ထိုင်ပြီး တွေးနေမိပါတော့တယ်။ ပါစက်ဖနီက မှောင်မည်းနေတဲ့ ဥမင်လှိုဏ်ခေါင်း ထဲကနေ ခက်ခက်ခဲခဲနဲ့ ကျွန်တော်တို့ ရှိရာဆီ ပြေးလာနေတယ်လို့ ကျွန်တော် တွေးမိတယ်လေ။ သူက လမ်းတွေမှားပြီး ကျောက်တုံးကျောက်ဆောင်တွေကို ခေါင်းနဲ့ ၀င်တိုက်မိတဲ့အခါလည်း ရှိကောင်းရှိပါလိမ့်မယ်။ တခါတလေတော့လည်း သူခမျာ ဆင်းရဲပင်ပန်းလွန်းလို့ စိတ်ပျက်ပြီး အမှောင်ထဲမှာ ငိုမိတဲ့အခါလည်း ရှိပေမပေါ့။ ဒါပေမယ့် သူ ဒီထက်ပိုပြီး မလျှော့တဲ့ ဇွဲနဲ့ ကြိုးစားခဲ့ပါလိမ့်မယ်။ သူက မြေအောက်ကမ္ဘာမှာရှိတဲ့ ရေခဲမြစ်ကို ကျော်ဖြတ်ပြီး တစ်တောင်ဆင်း တစ်တောင်တက်လို့ ရွှံ့ညွန်၊ နွံ၊ သံ၊ ဒိုင်နိုဆော သတ္တဝါတွေရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းနဲ့ ရှေးဟောင်းမြို့တော်တွေရှိရာ နေရာတွေပါမကျန် ဖြတ်သန်းကာလာရမှာ အသေအချာပါ။ လူကို ဆွဲပတ်ရစ်နွယ်တတ်တဲ့ နွယ်ပင်ရှိရာသစ်ပင်ကြီးကြောင့် သူ့ခန္ဓာကိုယ်မှာ သွေးထွက်သံယို ဒဏ်ရာ အနာတရ ရချင်ရပါစေ ပါစက်ဖနီက ကမ္ဘာမြေကြီးပေါ်ကို အရောက်သွားဖို့ စိတ်အားထက်သန် နေပါလိမ့်မယ်။ မကြာခင်မှာပဲ သယက ကမ္ဘာမြေကြီးပေါ်က နွေးထွေလှတဲ့ နေရောင်ခြည်လေးရဲ့ အထိအတွေ့ကို ခံစားနိုင်တော့မယ် မဟုတ်ပါလား။
အဲ့ဒီအချိန်မှာပဲ မီနာ့အမေရဲ့ စကားကြောင့် ကျွန်တော့်အတွေးလေးတွေ လွင့်စင် ကွယ်ပျောက် သွားရပါတော့တယ်။
"ဒါဖြင့် အမေကတော့ ငှက်ကလေးတွေကို ဆက်ကြည့်နေလိုက်ဦးမယ်ကွယ်။ သမီးတို့နှစ်ယောက် အတူတူ တစ်နေရာရာမှာ ဆော့လိုက်ကြဦးပေါ့ ဟုတ်ပြီလား"
အဲ့ဒီတော့ မီနာက ကျွန်တော့်လက်ကိုဆွဲပြီး သူ့အမေရှေ့က ခေါ်ထုတ်လာတော့တာပေါ့။
ကျွန်တော်ဖြင့် အိပ်မက်မက်ရင်း ယောင်ပြီး လမ်းလျှောက်နေရသလိုကို ခံစားနေရ တော့တာပါပဲ။ မီနာတို့အိမ်က ကျွန်တော့်အမြင်မှာတော့ ဒယီးဒယိုင်နဲ့ကို ယိမ်းထိုးနေတော့တာပါ။ နေအလင်းရောင်ကြောင့်လည်း ခေါင်မိုးက တံလျှပ်တွေကလည်း ကျွန်တော့် မျက်စိကို ပြန်ရိုက်ခတ်နေကြပါတော့တယ်။ ငှက်တွေကလည်း ကောင်းကင်ကြီးပေါ်မှာ ဖြန့်ကျဲထားသလိုကို ဟိုဟိုဒီဒီ ပျံသန်းနေကြတော့တာပေါ့။ ကားလမ်းမကြီးက ကျွန်တော့်မျက်စိထဲမှာ နက်မှောင်နေတဲ့ ရေကန်ကြီးဖြစ်နေသလို ကားသံတွေကလည်း ဘယ်ကမှန်းမသိ ဆူညံစွာ ထွက်ပေါ်နေခဲ့ကြပါတယ်။
မီနာက ကျွန်တော့်လက်မောင်းကို ဆွဲကိုင်လိုက်တယ်လေ။
" နင် အဆင်ပြေရဲ့လား မိုက်ကယ်" လို့ မီနာကမေးလိုက်ပါတယ်။
" နင် အဆင်ပြေတာ သေချာရဲ့လား ဟယ်"
ကျွန်တော်တို့ 'အန္တရာယ်ရှိသည်' ဆိုတဲ့ တံခါးဆီ ရောက်လာခဲ့ကြပါတော့တယ်။ မီနာကပဲ ကျွန်တော့်ကို ဦးဆောင်ပြီး ခြံတံခါးကိုဖွင့်လို့ အထဲကို ခေါ်သွားပေးခဲ့တာပေါ့။ ကျွန်တော်တို့လည်း တံခါးတွေ၊ ဖုန်တက်နေတဲ့ အခန်းတွေကို တဖြည်းဖြည်းချင်း ကျော်ဖြတ်လာခဲ့ကြပါတယ်။ ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် စကားမပြောဖြစ်ဘဲ အပေါ်ဆုံးထပ်ကို ရောက်အောင်သာ တက်နေခဲ့ကြတယ်လေ။ မီနာကတော့ ကျွန်တော့်ကို လူမမာတစ်ယောက်လို၊ အဘိုးကြီးတစ်ယောက်လိုကို တွဲထားရတော့တာပါပဲ။
အပေါ်ဆုံးအထပ်ဆီရောက်တော့ သူကကျွန် တော့်ကို ပြောလိုက်ပါတယ်။
"စကဲလစ် ငါတို့ကို စောင့်နေမယ်ထင်တယ် မိုက်ကယ်။ သူက နင့်ကို တွေ့ရင် သိပ်ပျော်သွားမှာပဲ သိလား"
မီနာ တံခါးလက်ကိုင်ကိုလှည့်ပြီး ဖွင့်လိုက်တော့ အခန်းထဲကို အခုံးသဏ္ဍာန် ပြတင်းပေါက်ကနေ နေအလင်းရောင်၀င်နေတာကို တွေ့လိုက်ရပါတယ်။
ကျွန်တော်တို့ နှစ်ယောက် အခန်းထဲကို ကြောင်ပြီး ကြည့်နေမိကြတယ်လေ။
စကဲလစ် အခန်းထဲမှာ မရှိခဲ့ပါဘူး။
မီနာကတော့ အောက်ထပ်ကအခန်းတွေကို ဆင်းပြေးပြီး တံခါးတစ်ခုချင်းဆီကို လိုက်ဖွင့်ကြည့် နေတော့တာပေါ့။ သူ အော်ခေါ်နေတဲ့အသံတွေ၊ ကြမ်းပြင်ပေါ် ပြေးသွားတဲ့ အသံတွေကို ကျွန်တော် ကြားနေရဆဲပါ။
" စကဲလစ်...စကဲလစ်...စကဲလစ်"
ပြီးတော့ မီနာက ကျွန်တော့်ဆီ တဖြည်းဖြည်းချင်း ပြန်လျှောက်လာပါတယ်။ သူ့မျက်နှာက အရင်ကထက်ကို ဖြူဖပ်ဖြူလျော်ဖြစ်နေခဲ့တာ အသေအချာပါပဲ။ သူ့မျက်လုံးအိမ်ထဲမှာလည်း မျက်ရည်စတွေက တွဲလဲခိုလို့ပါ။
" သူ...သူမရှိတော့ဘူး မိုက်ကယ်" လို့ မီနာက တီးတိုးလေး ပြောလိုက်တယ်လေ။
" စကဲလစ် ဒီမှာ မရှိတော့ဘူးဟ"
ကျွန်တော််တို့လည်း ပြတင်းပေါက်ဆီပြေးပြီး ကောင်းကင်ကြီးကို မော့်ကြည့်လိုက်ကြ ပါတော့တယ်။ ကျွန်တော်ဖြင့် ခြေထောက်တွေတောင် မခိုင်တော့ဘဲ ထိုင်ချမိလိုက်တော့တာပေါ့။ ကျွန်တော် ပစ်လဲမကျသွားအောင် ပြတင်းပေါက်ဘောင်ကို လက်နဲ့ ဆွဲကိုင်ထားလိုက်ပါတယ်။ ပြီးတော့ ကျွန်တော့်နှလုံးခုန်သံလေးကို စမ်းကြည့်လိုက်တယ်လေ။
" အိုး...မီနာရေ" လို့ ကျွန်တော် ယောင်မိသွားပါတယ်။
" ဘာလဲ မိုက်ကယ်။ ဘာဖြစ်တာလဲ"
" ငါ့နှလုံးခုန်သံတွေ ရပ်တန့်သွားပြီဟ။ ငါ့နှလုံးခုန်သံကို နင်စမ်းကြည့်ပါလား။ ငါ ဘာမှ မခံစားရတော့ ဘူးဟာ"
မီနာက အသက်ရှူအောင့်လို့ ကျွန်တော့်ရင်ဘတ်ကို လက်နဲ့ စမ်းသပ်ကြည့်လိုက်ပါတယ်။ ပြီးတော့ သူ ကျွန်တော့်နာမည်ခေါ်လိုက်တယ်ထင်ပါတယ်။
ကျွန်တော့် အသိစိတ်ထဲ အမှောင်ထုကြီးက တိုး၀င်လာပါတော့တယ်။
အခန်း (၃၉)
"ဟို...ဒေါက်တာ သေမင်းကို မခေါ်နဲ့နော်" လို့ ကျွန်တော် တိုးတိုးလေးရေရွတ်လိုက်ပါတယ်။
" ဒေါက်တာ သေမင်းကို မခေါ်ပါနဲ့ဟာ"
ကျွန်တော် ခုနက ကြမ်းပြင်ပေါ်ကို ပုံလျက်သားလဲကျသွားခဲ့တာပါ။ မီနာက ကျွန်တော့် ဘေးမှာ ဒူးထောက်ထိုင်ပြီး ကျွန်တော့်နဖူးကို လှုပ်လို့ ကျွန်တော့်နာမည် ခေါ်နေခဲ့တာပေါ့။
" ဒေါက်တာ သေမင်းကို မခေါ်နဲ့နော်" လို့ ကျွန်တော်ထပ်ပြောလိုက်ပါသေးတယ်။
" အင်းပါ...မခေါ်ပါဘူး"
ကျွန်တော် ထထိုင်ဖို့ ကြိုးစားလိုက်ပါတယ်။ ကျွန်တော် ပြတင်းပေါက်နံရံလေးကို မှီပြီး ထိုင်နေလိုက်တာပေါ့။
"မိုက်ကယ်...နင့်ရင်ဘတ်ကို စမ်းကြည့်စမ်းပါဦး" လို့ မီနာပြောတော့ ကျွန်တော် ပြန်စမ်းကြည့်မိလိုက်ပါတယ်။ ကျွန်တော့် ရင်ဘတ်ဆီက နှလုံးခုန်သံလေးကို ကျွန်တော် ခံစားမိတယ်လေ။
"တွေ့လား။ နင်ဘာမှ မဖြစ်ပါဘူးဟ..."
" ဒါပေမယ့် ဒါက ငါ့နှလုံးခုန်သံလေဟာ။ ငါ့ညီမလေးရဲ့ နှလုံးခုန်သံမဟုတ်ဘူး"
" ဪ မိုက်ကယ်ရယ်...."
ကျွန်တော် ခေါင်းထဲပြန်ကြည်သွားအောင် တံတွေးမြိုချပြီး မျက်လုံးကို စုံမှိတ်ကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ပါတယ်။ ကျွန်တော့် နှလုံးခုန်သံကို ကျွန်တော် ပြန်ကြားနေရပြီပဲ မဟုတ်ပါလား။
" ဒါက ငါ့ရဲ့ နှလုံးခုန်သံဟ မီနာရ။ ညီမလေးရဲ့ နှလုံးခုန်သံမဟုတ်တော့ဘူး။ ငါ့ ညီမလေး သေသွားပြီးထင်ပါတယ်ဟာ"
" နင်က ဘယ်လိုလုပ် သေချာသိမှာလဲ မိုက်ကယ်ရယ်"
ကျွန်တော် မတ်တပ်ထရပ်လိုက်ပါတော့တယ်။
" ငါ ပြောတာမှန်တယ် ထင်တယ် မီနာ"
မီနာက ကျွန်တော့်ကို အခန်းထဲကနေ တွဲပြီး အပြင်ထွက်လာခဲ့တော့တာပေါ့။
" ဒါနဲ့ စကဲလစ်ရော ဘယ်မှာလဲ" လို့ ကျွန်တော် သူ့ကို မေးလိုက်ပါသေးတယ်။
မီနာကတော့ ဘာမှ ပြန်မဖြေခဲ့ပါဘူးလေ။
" နင် နေရာတိုင်း ရှာတာ သေချာလို့လား" လို့ ကျွန်တော် သူ့ကို ထပ်မေးတော့မှ မီနာ့ဆီက
" ဟုတ်တယ်။ ငါ သူ့ကို နေရာတိုင်းမှာ ရှာခဲ့တာပါ" လို့ အသံထွက်လာပါတော့တယ်။
ကျွန်တော် ရင်ဘတ်ကို ထပ်စမ်းကြည့်လိုက်တော့ အခုထိ ညီမလေးရဲ့ နှလုံးခုန်သံကို မခံစားတော့မှန်း သတိထားမိပါတယ်။
" ငါ့ ညီမလေး သေသွားပြီဟ" လို့ ကျွန်တော် မီနာ့ကို ပြောလိုက်ပါတယ်။
"နင့် ညီမလေး အဆင်ပြေနေတာလည်း ဖြစ်နိုင်ပါတယ်" ဆိုပြီး မီနာကတော့ ပြေရာပြေကြောင်း ရှင်းပြရှာပါတယ်လေ။
" ငါ ဆေးရုံကို ဖုန်းဆက်ရမယ် မီနာ" ဆိုပြီး ကျွန်တော် သူ့ကို ပြန်ပြောလိုက်ပေမယ့် တကယ်တော့ ဆေးရုံကိုဖုန်းခေါ်ဖို့ ကျွန်တော့်မှာ သတ္တိ မရှိခဲ့ပါဘူး။
ကျွန်တော်တို့ ခြံထဲပြန်ဆင်းလာတော့ ငှက်ပေါက်လေးတွေက ခြံစည်းရိုးအောက်နားမှာ ဟိုသွားဒီသွားနဲ့ လမ်းစမ်းလျှောက်နေကြတာကို တွေ့လိုက်ရပါတယ်။ ခြံအပြင်ဘက် လမ်းထဲက ကြောင်တစ်ကောင်ကတော့ အမှိုက်ပုံးနားမှာ ပုန်းခိုပြီး ကျွန်တော်တို့ကိုရော၊ ငှက်ပေါက်လေးတွေ ကိုပါ အန္တရာယ်ပြုမယ့် မျက်လုံးတွေနဲ့ စောင့်ကြည့်နေတော့တာပေါ့။
"နင့်အဖေ မကြာခင် နင့်ဆီ ပြန်လာမှာပါဟာ" လို့ မီနာက ကျွန်တော့်ကို အားပေးလိုက်ပါတယ်။
" သူပြန်လာရင် အရာရာက အဆင်ပြေသွားပြီဆိုတဲ့ သတင်း နင် ကြားရမှာပါ"
"နင် ငါ့အဖေကို ခုနက အကြောင်း သွားမပြောနဲ့နော် မီနာ။ အဖေ ငါ့အတွက်ပါ စိတ်ပူနေရမှာမျိုး ငါ မဖြစ်စေချင်ဘူး"
မီနာက ပြုံးပြီး ကျွန်တော့်လက်ကို ဖျစ်ညှစ်လိုက်ပါတော့တယ်။
"စကဲလစ်က ဘယ်ရောက်နေတာလဲဟ" လို့ ကျွန်တော် ထပ်မေးတော့ မီနာက ခေါင်းခါပြပါတယ်။ အဲ့ဒီတော့ ကျွန်တော်တို့လည်း လမ်းဆက်လျှောက်လာခဲ့ကြတယ်လေ။ ကျွန်တော်တို့ခေါင်းပေါ်က ကောင်းကင်ယံမှာတော့ ငှက်အုပ်ကြီးတစ်အုပ်က ပျံသန်းလို့ နေပါတော့တယ်။
"ဝီလီယမ် ဘလိတ်ကလည်း အဲ့ဒီလို မေ့လဲကျဖူးတယ်ဟ သိလား" ဆိုပြီး မီနာက စကားပြန်စလိုက်ပါတယ်။
" သူ့အဆိုအရဆို အင်မတန်ပြင်းထန်တဲ့ ခံစားချက်တွေကို ခံစားရတဲ့အခါ စိတ်ဝိဉာဉ်ဟာ လူ့ခန္ဓာကိုယ်ကနေ တင်္ဒဂလောက် ထွက်ခွာသွားတတ်ပြီး ပြန်လည်ခိုအောင်း လာတတတ်တယ်တဲ့။ တခါတလေ အပျော်လွန်ပြီးတော့လည်း မေ့လဲတတ်သလို အလှအပတစုံတရာကို အလွန်အကြူး ခံစားလိုက်ရတဲ့ အခါတွေမှာလည်း မေ့လဲတတ်တယ်လို့ သူက ဆိုတယ်"
ကျွန်တော်တို့ လမ်းလျှောက်နေရင်း ကျွန်တော့်ခန္ဓာကိုယ်က အဆစ်ရောင်ရောဂါ ခံစားနေရသလိုကို လေးလံထိုင်းမှိုင်းလာပြီး ကျောက်တုံးတစ်တုံးလို ပြောင်းလဲလာတယ်လို့တောင် ကျွန်တော် ခံစားမိလိုက်ရပါသေးတယ်။
" နင် ငါပြောတာ နားလည်တယ် မဟုတ်လား မိုက်ကယ်"
ကျွန်တော် သူ့အမေးကို ပြန်မဖြေနိုင်ခဲ့ပါဘူး။ ကျွန်တော့်ပါးစပ်တစ်ခုလုံး ခြောက်သွေ့ပြီး ချဉ်လာသလို ကျွန်တော် ခံစားနေရတာပေါ့။ ဟို ဇီးကွက်တွေထားခဲ့တဲ့ အကြွင်းအကျန်တွေ မျိုချလိုက်ရသလိုကို မအီမသာနဲ့ ဖြစ်နေတော့တာပါ။ အဲ့ဒီတော့ မီနာကချည်း စကားဆက်ပြော နေပါတော့တယ်။
"ဟုတ်တယ်ဟ။ ဝီလီယမ်က အဲ့ဒီလိုကိုပြောခဲ့တာ။ စိတ်ဝိဉာဉ်က လူ့ခန္ဓာကိုယ်ကနေ ထွက်သွားလိုက် ပူးကပ်လိုက်ဆိုတော့ ကနေတဲ့အတိုင်းပေါ့ဟာ" ဆိုပြီး သူက တစ်ယောက်တည်း ရယ်နေခဲ့တယ်လေ။
ကျွန်တော်တို့ မီနာ့အိမ်ဆီပြန်သွားပြီး လှေကားရင်းမှာထိုင်လို့ ငှက်ပေါက်လေးတွေကို ဆက်ကြည့်ဖြစ်ခဲ့ကြပါတယ်။
" စကဲလစ်က သူ ပြောထားတဲ့အတိုင်း ဟိုးအဝေးကို အပြီးအပိုင်ထွက်သွားတာများလား မသိဘူးနော်" လို့ ကျွန်တော် မီနာ့ကို ပြောလိုက်ပါတယ်။
ပြီးတော့ ကျွန်တော် လက်နဲ့ ရင်ဘတ်လေးကိုဖိလို့ အဖေ့ပြန်အလာကို စောင့်မျှော် နေခဲ့ရပါတော့တယ်။
အခန်း (၄၀)
မီနာ့အမေက သူ့ဒူးပေါ်မှာ သစ်သားပြားလေးတင်လိုက်ပါတယ်။ ပြီးတော့ သူက အဲ့ဒီ သစ်သားပြားပေါ်မှာ တလည်းသီးကိုတင်ပြီး စိမ်ပြေနပြေစားနေလိုက်တော့တာပေါ့။
" ပိုမီဂရန်နိတ် (တလည်းသီး)တဲ့ကွယ်။ အဲ့နာမည်လေးက မလှလွန်းဘူးလား" လို့ သူကပြောလိုက်ပါတယ်။
သူက တလည်းသီးကို ဓါးနဲ့ လေးစိတ်ခြမ်းလိုက်တော့ တလည်းသီးထဲကနေ အနီရောင်ရဲရဲ အရည်တွေ စီးကျလာပါတော့တယ်။ နောက်ပြီး အသီးထဲကနေလည်း အနီရောင်အစေ့ရာကျော်က ထွက်ပေါ်လာတယ်လေ။
" ပါစက်ဖနီ နတ်ဘုရားမက မြေအောက်ကမ္ဘာမှာ စောင့်ဆိုင်းနေတဲ့ အချိန်မှာ ဒီ တလည်းသီးကို စားနေခဲ့တယ်လို့ ဆိုကြတယ်ကွဲ့" ဆိုပြီး မီနာ့အမေက ကျွန်တော်နဲ့ မီနာ့ကို တလည်းသီး တစ်စိတ်ဆီ ကမ်းလိုက်ပါတယ်။ သူကိုယ်တိုင်လည်း တစ်စိတ်ယူစားလိုက်တယ်လေ။ မီနာ့အမေက တတည်းစေ့လေးတွေကို ထိုးစားဖို့ ပင်အပ်ကလေး တစ်ချောင်းလည်း ပေးလိုက်ပါသေးတယ်။ ကျွန်တော်တို့လည်း အစေ့မှာကပ်နေတဲ့ အသားချိုချိုလေးတွေကို အပ်ကလေးနဲ့ထိုးပြီး တမြုံ့မြုံ့စားနေကြတော့တာပေါ့။
"ဒီအသီးထဲက အစေ့လေးတွေကို ကြည့်စမ်းပါဦး။ ဒီအစေ့တစ်စေ့ချင်းဆီက သစ်ပင်တစ်ပင် ဖြစ်လာနိုင်သလို သစ်ပင်တစ်ပင်ဆီကနေလည်း ရာချီတဲ့ တလည်းသီးတွေ ပြန်ပြီး သီးပွင့် လာနိုင်တယ်လေ။ အဲ့ဒီ အသီးတွေမှာပါတဲ့ အစေ့တွေကနေလည်း အပင်တွေက ပြန်ပေါက်ဦးမယ် ဆိုတော့ သူ့ရဲ့ သက်တမ်းက အနန္တထိတောင် ရှည်နေတော့မှာပေါ့ မဟုတ်ဘူးလား"
ကျွန်တော် သူ့စကားနားထောင်နေရင်း ကျွန်တော့်လျှာပေါ်က အစေ့လေးကို လက်နဲ့ ကိုင်က်ြည့်လိုက်ပါတယ်။
" စဉ်းစားကြည့်စမ်းပါဦးကွယ်..." ဆိုပြီး မီနာ့အမေကတော့ သူ့စကားနဲ့သူ နစ်မြောနေဆဲပါ။
"တကယ်လို့ အစေ့တစ်စေ့ချင်းကသာ အပင်ပြန်ပေါက်လာမယ်ဆို ဒီကမ္ဘာမြေလောကကြီး ထဲမှာ တလည်းသီးပင်တွေချည်း အုပ်စိုးသွားမှာကွဲ့"
ကျွန်တော် နှုတ်ခမ်းသပ်လိုက်တယ်လေ။ မီနာကတော့ ကျွန်တော့်ဘေးနားမှာ ထိုင်နေခဲ့တာပေါ့။ ကျွန်တော်တို့ မနက်ခင်းကတည်းက ကူးချည် သန်းချည်နဲ့ ငှက်သားပေါက် လေးတွေကို အစားကျွေးနေတဲ့ ငှက်မည်းမောင်နှံကို ဆက်ကြည့် နေလိုက်ကြပါတယ်။ ကျွန်တော်ကတော့ မိုးကောင်းကင်ကြီးကို မော့်ကြည့်ပြီး စကဲလစ်တစ်ယောက် ဟိုးအဝေးကြီးက ဝေဟင်မှာ အမည်းရောင် အစက်အပြောက်လေးအဖြစ်နဲ့ ပျံသန်းနေမယ့်ပုံကို စိတ်မှန်းကြည့်မိ နေပါတော့တယ်။ ခဏနေ မီနာတို့ အိမ်ထဲကနေ ဖုန်းလာတဲ့အသံကြားတော့ မစ္စ မက်ကီးက သုတ်သီးသုတ်ပြာနဲ့ ပြေးပြီး ဖြေလိုက်ပါတယ်။ ကျွန်တော့်ခမျာ အဖေ့ဆီက ဖုန်းလာတာများလား ဆိုပြီးတော့ ရင်တုန် ပန်းတုန်ကို ဖြစ်နေမိတော့တာပေါ့။ ဒါပေမယ့် အဲ့ဒီဖုန်းက အဖေ့ဆီက မဟုတ်ခဲ့ပါဘူး။
ကျွန်တော် တလည်းသီးထဲက အစေ့လေးတွေကို လက်နဲ့ ဖယ်နေလိုက်ပါတယ်။
"အခုရော...နင့် နှလုံးခုန်သံက ဘယ်လိုဖြစ်နေပီ့လဲ မိုက်ကယ်" လို့ မီနာက ကျွန်တော့်ကို မေးလိုက်ပါတော့တယ်။
ကျွန်တော် ရင်ဘတ်ကို လက်နဲ့စမ်းပြီး ညီမလေးရဲ့ နှလုံးခုန်သံလေးကို ခံစားကြည့် လိုက်ပါသေးတယ်။ ညီမလေးရဲ့ နှလုံးခုန်သံလေးကို ကျွန်တော် လုံး၀ပျောက်ဆုံးသွားခဲ့ရပါပြီ။
" ငါ့ ညီမလေးရဲ့ နှလုံးခုန်သံ မရှိတော့ဘူး မီနာ" လို့ပဲ ကျွန်တော် စိတ်ပျက်လက်ပျက်နဲ့ ပြန်ဖြေလိုက်ပါတော့တယ်။
နေမင်းကြီးကလည်း တဖြည်းဖြည်းနဲ့ ပိုပြီး ပူပြင်းလာခဲ့တယ်လေ။
မကြာခင်မှာပဲ မစ္စဒန်ဒိုက စက်ဘီးကလေးနင်းလို့ ကျွန်တော်တို့လမ်းထဲ ဝင်လာရင်း မီနာတို့ခြံထဲမှာ ထိုင်နေတဲ့ ကျွန်တော့်ကို တွေ့သွားတာပေါ့။ မစ္စဒန်ဒို ခြံထဲ၀င်လာတော့ ခေါင်မိုးပေါ်မှာ နားနေကြတဲ့ ငှက်မည်းတွေက အချင်းချင်း ကျွက်ကျွက်ညံအောင် သတိပေး လိုက်ကြသလို ခြံစည်းရိုးနားက ငှက်ပေါက်လေးတွေကလည်း ဘေးလွတ်ရာဆီ သုတ်သုတ်ပြာပြာနဲ့ ပြေးပုန်းနေလိုက်ကြပါတော့တယ်။
" သိပ်ကို ရာသီဥတုသာယာတဲ့ နေ့လေးပဲနော်" လို့ မစ္စဒန်ဒိုက စကားစပြီး ကျွန်တော်တို့ကို ပြုံးပြလိုက်ပါတယ်။
" ကျောင်းက သူငယ်ချင်းတွေက သားကို လွမ်းနေကြတာ မိုက်ကယ်ရဲ့"
မီနာ့အမေက မစ္စဒန်ဒို့ကို ကျန်နေတဲ့ တလည်းသီး တစ်စိတ်လှမ်းလိုက်တော့ မစ္စဒန်ဒိုက အစေ့ကို စုပ်စားရင်း ရယ်လိုက်တယ်လေ။
" တလည်းသီးပါလား။ ကျွန်မ ဒီအသီးမစားဖြစ် တော့တာ ဆယ့်နှစ်နှစ်သမီးထဲကပေါ့ရှင်" လို့ သူက ရေရွတ်လိုက်ပါတယ်။
ပြီးတော့ လီကီနဲ့ ကုထ်တို့က ကျွန်တော့်ကို လွမ်းနေကြတဲ့အကြောင်း သူက ပြောပါသေးတယ်။
" သားသူငယ်ချင်းတွေကလေ
'မိုက်ကယ့်ကို ပြန်ခေါ်လာခဲ့ပါ' ဆိုပြီးတော့ကို ပြောနေကြတာ သားရဲ့"
မစ္စဒန်ဒိုက ကျွန်တော့်ကို ဖိုင်တစ်ခု ကမ်းလိုက်ပါတယ်။ အဲ့ဒီအထဲမှာ ခန္ဓာကိုယ် အတွင်းပိုင်းပုံနဲ့ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းအချို့ကို မြှားတွေထိုးထားတဲ့ ကားချပ်လေးကို ကျွန်တော်တွေ့လိုက်ရတာပေါ့။ ဆရာ ရက်စ်ပူတင်ရဲ့ မှတ်စုထဲမှာ ကျွန်တော့်ကို ဒီမြှားထိုးထားတဲ့ အစိတ်အပိုင်းတွေရဲ့ နာမည်ကို ချရေးဖို့ မှာထားပါတယ်။
မီနာနဲ့ ကျွန်တော် အဲ့ဒီရုပ်ပုံကားချပ်ကို အတူတူကြည့်လိုက်ကြတာပေါ့။
"ညို့သကျည်းရိုး" လို့ ကျွန်တော်တို့ ပုံကိုကြည့်ပြီး အတူတူ ရွတ်လိုက်တယ်လေ။
" ဒါက တံကျင်ရိုး၊ ရင်ညွန့်ရိုး၊ ညှပ်ရိုး၊ လက်ဖျံရိုး၊ တံတောင်ရိုး၊ ကျောက်ကပ်၊ အသည်း၊ အဆုတ်၊ နှလုံး၊ ဦးနှောက်"
"ပြီးတော့ ၀င်လိုက်ထွက်လိုက်ဖြစ်နေတဲ့ မမြင်ရတဲ့ ဝိဉာဉ်ရောပဲ" လို့ မီနာက ထပ်ကွန့်လိုက်တော့ မစ္စဒန်ဒိုက သူ့ကို ပြန်ကြည့်လိုက်ပါတော့တယ်။ မစ္စဒန်ဒိုရဲ့ အကြည့်တွေအရ ကုထ်တစ်ယောက် မီနာ့အကြောင်းတွေ လျှောက်ပြောထားမှန်း ကျွန်တော် ခန့်မှန်းမိပါတယ်။ သူ့စကားအရဆို မီနာက မျောက်ရူးမလေး၊ သစ်ကိုင်းပေါ်မှာ ကျီးကန်းထိုင်,ထိုင်တဲ့ကောင်မလေး၊ ဒါမှမဟုတ် ကျွန်တော့်ကို ကျောင်းမသွားရအောင် တားနေတဲ့ ကောင်မလေးဆိုတဲ့ အသုံးအနှုန်း တွေထဲက တစ်ခုပဲဖြစ်ရပါမယ်။
မစ္စကလာ့စ်ဆီက မှတ်စုတစ်ခုလည်း ပါပါသေးတယ်။
" သားနောက်ဆုံးရေးခဲ့တဲ့ ပုံပြင်လေးလို နောက်ထပ် ပုံပြင်လေး တစ်ပုဒ်လောက်ရေးပါ မိုက်ကယ်။ ချစ်စရာကောင်းမယ့် ပုံပြင်လေးပေါ့။ သားရဲ့ စိတ်ကူးတွေကို ပျံသန်းခွင့် ပေးလိုက်ပါကွယ်" တဲ့လေ။
ကျွန်တော် မျက်စိကို စုံမှိတ်ထားလိုက်ပါတော့တယ်။ တကယ်ဆို ကျွန်တော် ဘာဆိုဘာကိုမှ မတွေးချင်မိတာ အမှန်ပါ။ ကျွန်တော့်ညီမလေးကလည်း သေဆုံးသွားပြီဖြစ်သလို စကဲလစ်ကလည်း ကျွန်တော့်ဆီကနေ စွန့်ခွာသွားပြီပဲ မဟုတ်ပါလား။ ဒီကမ္ဘာကြီးက အခု ကျွန်တော့်အတွက်တော့ အေးစက်မာကျောပြီး ကြောက်မက်ဖွယ်နေရာ အတိဖြစ်နေခဲ့ပါပြီ။ မစ္စဒန်ဒိုက ကျွန်တော်ဟာ ဘောလုံးကစားတဲ့နေရာမှာ သိပ်တော်ကြောင်း၊ ကျောင်းမှာဆိုလည်း သိပ်ပျော်တတ်တဲ့ကလေး ဖြစ်ကြောင်း ပြောနေတုန်း ခေါင်မိုးပေါ်က ငှက်အုပ်က ကျွက်ကျွက်ညံအောင်ကို အော်မြည် နေကြပါတော့တယ်။
မီနာ့အမေက ပြုံးလိုက်ပါတယ်။
"ဒါနဲ့ သားညီမလေးရော ဘယ်လိုတဲ့လဲ မိုက်ကယ်" လို့ သူက နောက်ဆုံးတော့ မေးလာပါတော့တယ်။
" မသိပါဘူးဗျာ" လို့ ကျွန်တော် စိတ်ပျက်လက်ပျက်နဲ့ ပြန်ဖြေတော့ မီနာက အနားကနေ
"သူတို့ကလေးကို ဒီနေ့ ခွဲစိတ်ကြမယ်လို့ ပြောပါတယ်ရှင်" လို့တောင် ၀င်ပြောလိုက်ပါသေးတယ်။
" အိုကွယ်။ သနားစရာ ကလေးနှယ်" လို့ မစ္စဒန်ဒိုက ရေရွတ်လိုက်တာပေါ့။
" ဟုတ်တယ်ရှင့်။ နောက်ပြီး ပွင့်ပွင့်လင်းလင်းပြောရမယ်ဆို မိုက်ကယ်က အခုလိုစိတ်မျိုးနဲ့ ကျောင်းကိစ္စရော၊ ဘောလုံးကစားတဲ့ ကိစ္စကိုပါ အာရုံစိုက်နိုင်မယ်မထင်ပါဘူး မစ္စဒန်ဒိုရှင့်" လို့ မီနာက ခပ်ပြတ်ပြတ်ပြန်ပြောတော့ သူ့အမေက သက်ပြင်းချပြီး လှမ်းဟန့်တယ်လေ။
"အို... ဟဲ့ သမီး...မီနာ"
" ဟုတ်တယ်လေ အမေကလည်း...ငါပြောတာ မဟုတ်ဘူးလား မိုက်ကယ် ဟင်"
ကျွန်တော် သူတို့ကို ဘာမှ ပြန်ပြော မနေတော့ဘဲ ခြံစည်းရိုးနံရံနားမှာသာ သွားထိုင်နေလိုက်ပါတော့တယ်။
" တွေ့လား... မစ္စဒန်ဒို။ မိုက်ကယ်က သူ့ညီမလေးအတွက် ၀မ်းနည်းနေတာရှင့်"
နောက်တော့ အဖေ့ကားလေးက လမ်းထဲကို ကွေ့၀င်လာပြီး ကျွန်တော့်ရှေ့မှာ ထိုးရပ်လိုက်ပါတော့တယ်။ အဖေ ကားထဲက ထွက်လာလာချင်း ကျွန်တော် အဖေ့နားကို အပြေးသွားလိုက်တာပေါ့။ အဖေကလည်း ကျွန်တော့်ကို ပြန်ဖက်ထားလိုက်ပါတယ်။ ပြီးတော့ အဖေက ပြောလိုက်တယ်။
" အားလုံး ပြီးဆုံးသွားပါပြီ သားရာ" တဲ့လေ။
အခန်း (၄၁)
ကျွန်တော် အမှားကြီးမှားသွားခဲ့ပါတယ်။ ညီမလေးက မသေခဲ့ဘူးလေ။ သူ့ကို မေ့ဆေးထိုးပေးထားတဲ့အတွက်ကြောင့်သာ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်မောကျနေခဲ့တာပေါ့။ စောင်လေးခြုံပြီး အိပ်နေတဲ့ သူ့အသက်ရှူသံလေးကိုတောင် ကျွန်တော်ကြားမိပါသေးတယ်။ အမေက ညီမလေးရဲ့ ရင်ဘတ်မှာ ခွဲစိတ်ထားတဲ့ ချုပ်ရိုးအပေါက်ကြီးရှိပြီးတော့ ပတ်တီးထူထူနဲ့ စည်းထားရတဲ့ အကြောင်း ပြောပြပါတယ်။ သူ့ဘေးနားမှာလည်း ညီမလေးရဲ့ နှလုံးခုန်သံနဲ့အတူ စည်းချက်ညီ အော်မြည်နေကြတဲ့ စက်တွေနဲ့ ပိုက်တွေ၊ ပြွန်တွေကလည်း ရှုပ်ထွေးလို့ရယ်ပါ။
" ဆရာ၀န်တွေက အခုတော့ အားလုံး အဆင်ပြေသွားပါပြီ လို့ပြောတယ် သားရဲ့။ ဒီတခါတော့ သေချာပါတယ်ကွယ်" လို့ အမေကပြောပါတယ်။
ကျွန်တော်ရယ်၊ အဖေရယ်၊ အမေရယ် သုံးယောက်သား လက်ချင်းတွဲလို့ ညီမလေးကို ငုံ့ကြည့်နေခဲ့မိကြပါတော့တယ်။
" ဆရာ၀န်တွေက ညီမလေးကို ခွဲစိတ်နေရင်းနဲ့ လက်လျှော့လိုက်ရတော့မယ်လို့တောင် ထင်နေကြတာတဲ့" ဆိုပြီးပြောရင်း အမေက ကျွန်တော့်ကို ဖက်ထားလိုက်ပါတယ်။
" ဒါပေမယ့် သားညီမလေးက အခုတော့ အသက်စွမ်းအင်တွေ ရလိုက်သလိုကို ပြန်လည်ရှင်သန်လာနိုင်ခဲ့ပြီကွဲ့"
ခဏနေတော့ သူနာပြုဆရာမတစ်ယောက်က အခန်းထဲ ၀င်လာပြီး ညီမလေးဘေးက စက်တွေ၊ ဝိုင်ယာကြိုးတွေနဲ့ ပြွန်တွေကို စစ်ဆေးကြည့်လိုက်ပါတယ်။ ပြီးတော့ သူက ကျွန်တော့်ခေါင်းလေးကို လက်နဲ့ အသာအယာ သပ်လိုက်တယ်လေ။
" သားရဲ့ ညီမလေးက သိပ်ကို ခေါင်းမာတဲ့ကလေးပဲကွဲ့။ သူ ကြီးလာရင် သိပ်ကို ကြံ့ခိုင်တဲ့သူဖြစ်မှာသေချာတယ်။ သူက ဘယ်တော့မှ အရှုံးမပေးဘူးလေ" ဆိုပြီး သူနာပြုဆရာမက ကျွန်တော့်ကို ညီမလေးအကြောင်း ပြောပြပါတယ်။
" သား...သား ညီမလေးအတွက် ဆုတောင်းပေးနေသေးတယ် မဟုတ်လားဟင်" လို့ အမေက ကျွန်တော့်ကို မေးလိုက်တယ်လေ။
" ဟုတ်ကဲ့ အမေ"
" ဒါနဲ့ အဖေတို့ သားညီမလေးကို ဘာနာမည်ပေးရင် ကောင်းမလဲကွဟေ" လို့ အဖေက ပြောတော့ ကျွန်တော်လည်း မဆိုင်းမတွဘဲ
" ပါစက်ဖနီ လို့ ခေါ်ပါလား" ဆိုပြီးဖြေလိုက်တော့ အဖေရော အမေပါ ရယ်လိုက်ကြပါသေးတယ်။
" နာမည်က ရှည်လိုက်တာကွာ" လို့ အဖေက ပြန်ပြောပါတယ်။
"အမေကတော့ သမီးလေးနာမည်ကို တိုတိုတုတ်တုတ်နဲ့ သန်စွမ်းကျန်းမာတဲ့ အဓိပ္ပါယ် ပေါက်တာလေး မှည့်စေချင်တယ်"
" ဒါဖြင့် ဂတ်စ် လို့ ခေါ်ပါလား" လို့ အဖေပြောတော့ ကျွန်တော်တို့ ရယ်လိုက်မိပါတယ်။
" ဘွတ်ခ်ျ ဆိုရင်ရော အမေ"
" ဂါ့သ် ကရော မကောင်းဘူးလား ဟင်"
" ဘတ်စတာ ဆိုတာကလည်း ကောင်းသားပဲကွ"
" ဟေး...ဒီမှာ ကြည့်စမ်း..." အမေက ရုတ်တရက် စကားဖြတ်ပြောလိုက်ပါတော့တယ်။
" ညီမလေးက အိပ်မက်မက်နေတယ် တွေ့လား သား"
ညီမလေးရဲ့ မျက်လုံးတွေက မှိတ်ထားတဲ့ မျက်ခွံတွေအောက်မှာ လှုပ်ရှားနေတာကို ကျွန်တော် သတိထားမိလိုက်ပါတယ်။
"သူဘာတွေ အိပ်မက် မက်နေသလဲ သိချင်လိုက်တာကွာ" လို့တောင် အဖေက ရေရွတ်လိုက်ပါသေးတယ်။
" သိပ်ကို ပျော်စရာကောင်းတဲ့ အိပ်မက်လေးဖြစ်ပါစေလို့ပဲ ကျွန်မ မျှော်လင့်ပါတယ်ရှင်"
" မင်း ဆန္ဒအတိုင်းပဲဖြစ်မှာပါကွာ။ သမီးလေးရဲ့ မျက်နှာကိုကြည့်ပါလား။ ချိုမြိန်ပြီးတော့ ပြုံးတုံ့တုံ့လေးကို ဖြစ်နေတာကွ။ သူက နတ်သမီးလေးပဲဖြစ်ရမယ်သိလား။ ကိုယ်တို့ သမီးလေးကို အိန်ဂျယ်လာ လို့တောင် နာမည်ပေးလို့ရတယ်။ဒါပေမယ့် ခေါ်ရတာ နည်းနည်းတော့ ရှည်တယ်ကွ"
" နောက်ပြီး ထူးဆန်းတာ တစ်ခုရှိသေးတယ်ရှင့် သိလား" လို့ အမေက ပြောလိုက်ပါတယ်။ ပြီးတော့ အမေက သူ့ဘာသာ ပြောသင့်မပြောသင့်ပြန်စဉ်းစားပြီး ခေါင်းခါလိုက်တယ်လေ။
" ဘာများလဲကွ" ဆိုပြီး အဖေ ထပ်မေးလိုက်မှ အမေက ခပ်ရှက်ရှက်နဲ့ ပြောပြပါတော့တယ်။
" ဒီလိုရှင့်.... ကျွန်မ မနေ့ညက ဒီမှာ သမီးလေးကို စောင့်ရင်း ဟိုဘက်လှည့်လိုက်၊ ဒီဘက်လှည့်လိုက်နဲ့ လှဲအိပ်နေတုန်းမှာ အိပ်မက်လိုလို တကယ်ပဲလိုလို ထူးထူးဆန်းဆန်း အဖြစ်အပျက် တစ်ခုကို ကြုံတွေလိုက်ရတယ်ရှင့်။
" ဘာများလဲ မိန်းမရာ..."
" ကျွန်မ...ကျွန်မ လူတစ်ယောက်ကို အိပ်မက်ထဲမှာ တွေ့လိုက်ရတာပါရှင်။ ကျွန်မ မျက်လုံးကြောင်ပြီး နိုးနေပေမယ့် အဲ့ဒီအဖြစ်အပျက်က ကျွန်မအတွက်တော့ အိပ်မက်တစ်ခုလိုပဲ သိလား။ သူက သမီးလေးကို ရပ်ပြီး ကြည့်နေတာလေ။ သူ့တစ်ကိုယ်လုံးကလည်း ညစ်ပတ်ပြီး ရှေးဟောင်း ၀တ်ရုံ ဖုန်အလိမ်းလိမ်းကြီးကလည်း ခြုံထားလိုက်သေးတယ်။
သူ့ကျောကုန်းပေါ်မှာလည်း ဘုကြီးနဲ့ရယ်ပါရှင်။ ဆံပင်တွေကလည်း ရှုပ်ပွနေတော့ ကျွန်မဖြင့် ရုတ်တရက် လန့်ဖျပ်သွားမိတာ အမှန်ပဲ။ ကျွန်မ သူ့ကို ကလေးအနားမကပ်အောင် တွန်းထုတ်ပစ်လိုက်ချင်မိတာပေါ့။ ကျွန်မ သူ့ကို ရှိရှိသမျှ အားတွေစိုက်ထုတ်ပြီး
' ကလေးအနား မကပ်နဲ့' လို့ အော်ပစ်လိုက်ချင်တာ အရမ်းပဲရှင်။ ကျွန်မ ဆရာ၀န်တွေနဲ့ သူနာပြုတွေကို လှမ်းပြီး အကူအညီတောင်းဖို့ကြိုးစားတာတောင် ထူးဆန်းတာ တစ်ခုက ကျွန်မ ခန္ဓာကိုယ်ကို လုံး၀ လှုပ်ရှားလို့မရသလို စကားလည်း တစ်ခွန်းမှ ပြောလို့မရခဲ့ဘူးလေ။ ကျွန်မဖြင့် အဲ့ဒီလူက သမီးလေးကို ကောက်ချီသွားတော့မှာကို စိတ်ထဲကကို သိနေခဲ့ပါတယ်။ နောက်တော့ သူက ရုတ်တရက် ကျွန်မဘက်လှည့်ပြီး ကြည့်လိုက်တော့ သူ့မျက်နှာက မြေဖြူခဲလို ဆွတ်ဆွတ်ဖြူပြီး ခြောက်ကပ်နေတာကို ကျွန်မတွေ့လိုက်ရတယ်လေ။ သူ့မျက်လုံးထဲက အကြည့်တွေကြောင့် သူဟာ သမီးလေးကို အန္တရာယ်ပြုမှာမဟုတ်မှန်း ကျွန်မ ခန့်မှန်းမိပါတယ်။ အရာရာက အဆင်ပြေသွားမယ်လို့ကို သူ့မျက်လုံးတွေက ကျွန်မကို ပြောနေသလိုပဲရှင့်...."
အမေက စကားပြော ခဏရပ်ပြီး ခေါင်းခါလိုက်ပါသေးတယ်။
" ပြီးတော့ရော..." လို့ အဖေက အမေ့ကို စကားထောက်လိုက်တာပေါ့။
"ပြီးတော့ သူက သမီးလေးကို သူ့လက်နှစ်ဖက်နဲ့ ကောက်ချီလိုက်တယ်လေ။ သမီးလေးကလည်း အိပ်ရာက နိုးနေပါပြီ။ သူတို့နှစ်ယောက်က မျက်လုံးချင်းဆုံပြီး အကြာကြီး ကြည့်နေခဲ့ကြတာရှင့်။ နောက်တော့ သူက နောက်ကို အနည်းငယ်ဆုတ်ပြီး သူ့ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပါလေရော...."
" အက,ကနေသလိုမျိုးလား အမေ" လို့ ကျွန်တော် စကားဖြတ်ပြောလိုက်ပါတယ်။
" ဟုတ်တတယ် သား။ သူတို့ကို ကြည့်ရတာ ကနေတဲ့အတိုင်းပဲ။ အဲ့ဒီအထဲမှာမှ အထူးဆန်းဆုံးဖြစ်ရပ်ကတော့လေ...."
အမေက သူ့စကားကို သူ အရင်ပြန်ရယ်ပြီး ကျွန်တော်တို့ကို ဆက်ပြောပြတယ်လေ။
" အထူးဆန်းဆုံးကတော့ သမီးလေးရဲ့ ကျောမှာ အတောင်ပံတွေပေါက်နေတယ်လို့ ကျွန်မ မြင်လိုက်ရတာပဲရှင့်။ တကယ့် အမွှေးအတောင်တွေနဲ့ အတောင်ပံမဟုတ်ဘဲ လေထဲမှာ မျက်စိနဲ့ မြင်နိုင်ရုံလောက်လေး ပေါ်နေတာမျိုးပါရှင်။ သမီးလေးကျောပေါ်က အတောင်ပံလေးကိုမြင်ပြီး ကျွန်မဖြင့် သိပ်ရယ်ချင်မိတာပဲ သိလား။ လူထူးဆန်းကြီးရဲ့ လက်ပေါ်မှာရောက်နေတဲ့ သမီးလေးက အတောင်ပံတွေ ပေါက်နေရတယ် လို့ရှင်။ ပြီးတော့ သူက သမီးလေးကို ပြန်ချပြီး ကျွန်မကို တစ်ခေါက်ပြန်ကြည့်လိုက်ပါသေးတယ်။ အဲ့ဒီမှာ အရာရာက ပြီးဆုံးသွားတာပဲလေ။ ကျွန်မလည်း တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်သွားလိုက်တာ မနက်မိုးလင်းတဲ့ အထိပါပဲ။ ကျွန်မနိုးလာတော့ ဆရာ၀န်တွေက သမီးလေးကို ခွဲစိတ်ဖို့တောင် အဆင်သင့်ပြင်နေကြပြီလေ။ ထူးထူးဆန်းဆန်း ကျွန်မ သမီးလေးအတွက် စိုးရိမ်စိတ်တွေ မရှိတော့ဘူးရှင့်။ ကျွန်မ သမီးလေးကို နမ်းပြီး သူ့ကို ဘယ်လောက်ချစ်ကြောင်း ပြောပြီးတဲ့အခါမှာတော့ ဆရာ၀န်တွေက သမီးလေးကို ခွဲစိတ်ခန်းထဲ ခေါ်သွားကြပါတော့တယ်ရှင်။ ကျွန်မကတော့ အပြင်ဘက်မှာ အရာရာက အဆင်ပြေသွားတော့မှာပဲ ဆိုတဲ့ အသိနဲ့ ကျန်နေခဲ့ပါရောလား"
" ဟင်...ဒီလိုကြီးလားကွ" လို့ အဖေက တအံ့တဩနဲ့ ပြန်မေးလိုက်ပါတော့တယ်။
" ဟုတ်တယ်။ ဒီလိုကြီးပဲရှင့်"
ပြီးတော့ အမေက ကျွန်တော့်ကို ပုတ်လို့ ပြောလိုက်ပါသေးတယ်။
" အမေ သားမေးတဲ့မေးခွန်းကိုတောင် တွေးနေမိသေးတယ်။ လက်ပြင်ရိုးတွေ ဘာလို့ ရှ်ိရတာလဲ ဆိုတာလေ"
ကျွန်တော် အမေ့ကို ပြုံးပြီး ခေါင်းငြိတိပြလိုက်ပါတယ်။
" ဟုတ်တယ် အမေ...ဟုတ်တယ်"
ညီမလေးရဲ့ မျက်လုံးတွေက စောစောကထက်ကိုပိုပြီး လှုပ်ရှားနေတာကိုကြည့်ရတာ အိပ်မက်ကောင်းလေးမက်နေတဲ့ပုံပါပဲ။
"ငါ့သမီးလေးကတော့ကွာ... သူဘာတွေများ အိပ်မက်မက်နေသလဲ ဆိုတာ ငါသိချင်လိုက်တာ" လို့ အဖေ ရေရွတ်လိုက်တော့ ကျွန်တော် တစ်ယောက်တည်း တီးတိုးလေး ရေရွတ်လိုက်မိပါတော့တယ်။
" စကဲလစ်လေ...စကဲလစ်ပေါ့ဗျ"
" ဒါက အဆုံးသတ်တော့မဟုတ်သေးဘူး ကွဲ့" ဆိုပြီး အမေက စကားပြန်စလိုက်ပါတယ်။
"သားလည်း နားလည်တယ်မဟုတ်လား။ညီမလေးကို အမေတို့ ပိုပြီး ကာကွယ်စောင့်ရှောက် ပေးရဦးမယ်လေ"
"ဟုတ်...သား သိပါတယ် အမေ။ သားတို့ ညီမလေးကို အများကြီး ၊အများကြီး ချစ်ပေးကြမယ်နော်"
ခဏနေ ကျွန်တော်တို့ စင်္ကြန်လမ်းဆီ ပြန်ထွက်လာခဲ့ကြတော့ ဒေါက်တာ မက်နဘိုလာ တစ်ယောက် အဖြူရောင်ကုတ်အင်္ကျီတွေ၀တ်ထားတဲ့ ကျောင်းသားတွေ ခြံရံပြီး ဓါတ်လှေကားထဲက ထွက်လာတာကို ကျွန်တော် လှမ်းမြင်လိုက်ရပါတယ်။ ကျွန်တော်လည်း အဖေ့ကို ခဏလောက် စောင့်ဖို့ပြောပြီး ဒေါက်တာ့ဆီကို ပြေးသွားလိုက်တယ်လေ။ ဒေါက်တာက ကျွန်တော့်ကို ငုံ့ကြည့်လိုက်တာပေါ့။
"ဆရာ...ကျွန်တော် ဆရာ့ကို အဆစ်ရောင်ရောဂါ ခံစားနေရတဲ့ ကျွန်တော့်သူငယ်ချင်း အကြောင်း ပြောပြဖူးတယ်လေ။ ဆရာ မှတ်မိလားဗျ"
သူက ပါးဖောင်းလို့ စဉ်းစားနေဟန်လုပ်လိုက်ပါသေးတယ်။
" ဪ...သိပြီ။ ဘာလဲ..အခုတော့ သူက ဆရာ့ရဲ့ ဆေးထိုးအပ်ကြီးကြီးရယ် လွှရယ်နဲ့ ကုသဖို့ အသင့်ဖြစ်ပြီတဲ့လား" လို့ သူက ကျွန်တော့်ကို ပြန်မေးလိုက်တာပေါ့။
" မဟုတ်ပါဘူး ဆရာ။ သူက အခု အတော်လေး နေကောင်းလာပါပြီ"
"အိုး ကောင်းတာပေါ့ကွယ်။ ငါးကြီးဆီ သောက်ပြီး နဲ့ မျှော်လင့်ချက် ကောင်းကောင်းလေး ထားလိုက်တာ ကောင်းသွားပြီ မဟုတ်လား ကဲ။ အခုတော့ ဆရာ့လက်က သူလွတ်သွားပြီပေါ့"
ဒေါက်တာ့ဘေးက ကျောင်းသားတချို့က ရယ်လိုက်ကြပါတယ်။
" ချစ်ခြင်းမေတ္တာက လူတစ်ယောက်ကို နေပြန်ကောင်းလာအောင် ကုသပေးလို့ရလား ဆရာ" လို့ ကျွန်တော် ထပ်မေးလိုက်ပါသေးတယ်။
အဲ့ဒီတော့ ဒေါက်တာက မျက်ခုံးပင့်လို့ နှုတ်ခမ်းကိုက်ပြီး မေးစေ့ကို လက်နဲ့ ထောက်နေလိုက်တာပေါ့။ သူ့ဘေးနားက ကျောင်းသူတစ်ယောက်ကတောင် မှတ်စုစာအုပ်ဖွင့်ပြီး ဘောပင်နဲ့ အသင့်စောင့်ဆိုင်းလို့ နေပါတော့တယ်။
" ချစ်ခြင်းမေတ္တာဟုတ်လား" လို့ ဒေါက်တာက ပြန်မေးလိုက်တယ်လေ။
"အင်း... ဆရာ၀န်တစ်ယောက်က ချစ်ခြင်းမေတ္တာအကြောင်း ဘယ်လိုလုပ် အပြည့်အ၀ သိနိုင်ပါ့မလဲကွယ်" ဆိုပြီး မှတ်စုစာအုပ် ကိုင်ထားတဲ့ ကျောင်းသူလေးကို ဒေါက်တာက မျက်စိမှိတ်ပြလိုက်တော့ ကျောင်းသူလေးခမျာ ရှက်သွေးဖြာသွားရရှာတယ်လေ။
" အချစ်ဆိုတာ သူငယ်ပမာ ရှင်သန်ကြီးထွားတတ်ပေသည်။
အချစ်ဆိုတာ သူငယ်ပမာ သေခြင်းတရားကို အနိုင်ယူသည်"
" ဝီလီယမ် ဘလိတ်ရဲ့ ကဗျာလား ဆရာ" လို့ ကျွန်တော် သူ့ကို ပြန်မေးလိုက်တော့ ဒေါက်တာက ရယ်တယ်လေ။
" ကဲ ကြည့်စမ်းပါဦး။ ကျုပ်တို့ရှေ့ရောက်နေတာက စာပေကဝိလေး ပါကလားဗျ" ဆိုပြီး သူက ပြုံးလိုက်ပါတယ်။
" ဆရာလေးရဲ့ သူငယ်ချင်းကိုလည်း ကျုပ်က သူနဲ့ မတွေ့ရဖို့ မျှော်လင့်ပါတယ်လို့ ပြောလိုက်ပါဦး"
ဒေါက်တာ မက်နဘိုလာက ကျွန်တော့်ကို မျက်စိတစ်ဖက်မှိတ်ပြပြီး သူနဲ့ ကျောင်းသားတွေနဲ့ အတူ လှည့်ထွက်သွားပါတော့တယ်။ ကျွန်တော်လည်း အဖေ့ဆီ ပြန်ပြေးသွားလိုက်ပါတယ်။
"ဒါကရော ဘာကိစ္စတွေလဲ သားရေ" လို့ အဖေကတော့ ကြောင်တောင်တောင်နဲ့ မေးနေတော့တာပေါ့။
"ဘာမှမဟုတ်ပါဘူး အဖေ။ ညီမလေးဆေးရုံတက်နေတုန်း သားနဲ့ သိကျွမ်းခဲ့တဲ့ လူတစ်ယောက်ပါ" ဆိုတော့ အဖေကလည်း ရယ်ပါတယ်။
" ငါ့သားက လူထူးဆန်းလေးပဲကွ"
အိမ်အပြန်လမ်းမှာ အဖေက ကားတံခါးကိုချပြီး 'ဒက်ကိုတာမြို့ရဲ့ တောင်ကုန်းညိုပြာ' သီချင်းလေးကို ဟဲလိုက်ပါသေးတယ်။ ကျွန်တော်လည်း အဖေ့သီချင်းနောက်က သံယောင်လိုက်ပြီး လက်နှစ်ဖက်ကို ပါးစပ်မှာကပ်လို့ ဇီးကွက်တွန်တဲ့အသံလေး ပြုလိုက်ပါတယ်။
" အမယ်...ဘယ်ဆိုးလို့လဲကွ" လို့ အဖေက ပြောတယ်လေ။
"အဖေတောင် သားလုပ်တဲ့ အသံ သဘောကျတယ်။ နောက်ကျရင် အဖေ့ကို ပြန်သင်ပေးပါဦးကွ ဟုတ်ပြီလား။ အခုတော့ အဖေ အိမ်အရောက် ကားမောင်းလိုက်ဦးမယ်"
ကျွန်တော်တို့ လူစည်ကားတဲ့ မြို့ထဲက လမ်းမပေါ်မှာ ကားမောင်းရင်း အပြုံးကိုယ်စီနဲ့ ရှိနေခဲ့ကြပါတယ်။
" ညီမလေးက အန္တရာယ်လုံး၀ ကင်းသွားတာတော့ မဟုတ်သေးဘူး သားရ။ သား အဲ့ဒါကို နားလည်တယ် မဟုတ်လား"
" ဟုတ်ကဲ့ အဖေ။ ဒါပေမယ့် ညီမလေးက မကြာခင် နေကောင်းသွားမှာ မဟုတ်လား အဖေ"
" ဒါပေါ့ကွ။ သား ညီမလေးက သေချာပေါက်ကို နေကောင်းသွားမှာပါ သားရာ"
ပြီးတော့ အဖေက သီချင်းဆက်ဆိုနေလိုက်ပါတယ်။
"အခုတော့ အဖေတို့လည်း အိမ်ပြင်တဲ့ကိစ္စကို ပြန်စရတော့မှာပေါ့ကွာ ဟုတ်တယ် မဟုတ်လား။ ဒီညတော့ တို့သားအဖ ၂၇ နဲ့ ၅၃ ပဲ ဆွဲကြတာပေါ့ ဟုတ်ပြီလား"
" ၂၇ နဲ့ ၅၃..." လို့ ကျွန်တော်ရေရွတ်မိလိုက်ပါတယ်။
" နတ်သုဒ္ဓါပဲဗျ အဖေရ"
"ဟေ...နတ်သုဒ္ဓါဟုတ်လား။ ငါ့သားစကား အဖေကတော့ သဘောကျသဟေ့။ ကဲ အဲ့ဒီ နတ်သုဒ္ဓါကို တို့သားအဖ နှစ်ယောက် ဒီည လွေးကြတာပေါ့ကွာ"
အခန်း (၄၂)
အဲ့ဒီနေ့ညနေခင်း နေ၀င်ပြီး အချိန်အတော်ကြာတော့ ကျွန်တော်နဲ့ မီနာတို့လည်း ၂၇ နဲ့၅၃ အကြွင်းအကျန်တွေရယ်၊ ဘီယာပုလင်းတစ်လုံးရယ်ကို စက္ကူအိတ်ထဲထည့်ဆွဲပြီး အိမ်အပြင်ဘက် ထွက်လာခဲ့ကြပါတယ်။ လမ်းမပေါ်မှာ ညမီးသီးတွေကလည်း ထွန်းလင်းစပြုနေကြသလို လေထုကလည်း အေးလွန်းပြီး မိုးကောင်းကင်ကြီးဆီမှာ ကြယ်တွေက ပြိုးပြိုးပြက်ပြက် လင်းနေကြတော့တာပေါ့။ ကျွန်တော်တို့ အသက်တစ်ခါ ရှူသွင်း ရှူထုတ်လုပ်လိုက်ရင်တောင် အခိုးအငွေ့တွေ ထွက်တဲ့အထိ ရာသီဥတုက အေးချမ်းနေခဲ့တာပါ။ ကျွန်တော်လည်း လမ်းလျှောက်နေရင်းကနေ ကျွန်တော့်အမေရဲ့ အိပ်မက်အကြောင်း မီနာ့ကို ပြောပြလိုက်ပါတယ်။
" သိပ်ကိုထူးခြားတာပဲနော်" လို့ မီနာက ရေရွတ်လိုက်တယ်လေ။
ပြီးတော့ သူကပြုံးပြီး စကဲလစ်က ကျွန်တော်တို့ သူရဲ့ အကူအညီလိုအပ်တိုင်း ကူညီပေးဖို့ အသင့်ရှိနေမှာပါလို့ ပြောလိုက်ပါသေးတယ်။ ကျွန်တော်တို့ နှစ်ယောက်လုံး စကဲလစ်ကို တစ်ခေါက်လောက်တွေ ပြန်တွေ့မိချင်ခဲ့ကြတာ အသေအချာပါပဲ။
နောက်ဖေးလမ်းကြားထဲရောက်တော့ ကြောင်လေး ၀စ်စပါးက ကျွန်တော်တို့နောက် အပြေးလိုက်လာတာကို တွေ့လိုက်ရပါတယ်။
" ကောင်ဆိုးလေး..." လို့ ခေါ်ပြီး မီနာက ကြောင်လေးကို လက်နဲ့ ပွတ်သပ်ပေးလိုက်တာပေါ့။ ပြီးတော့ သူက ရယ်တယ်လေ။
"ဒီနေ့တစ်နေ့လုံး အစားချည်းစားရင်း ငှက်ပေါက်လေးတွေက တော်တော်လေး သန်မာလာကြသလို ပိုပြီးတော့လည်း ရဲတင်းလာကြတယ်ဟ သိလား။ သူတို့က ခြံထဲကိုတောင် ရဲရဲတင်းတင်းနဲ့ ခဏခဏ လျှောက်နေကြသေးတယ်။ ငှက်ကလေးတွေ အစာစားနေတာကို ၀စ်စပါးက ငါ့ဘေးနားထိုင်ကြည့်ပြီး မာန်ဖီနေတယ်လေ"
မီနာက ကြောင်လေးကို လက်နဲ့ သပ်လိုက်ပါသေးတယ်။
" နင်က တော်တော် အကျင့်မကောင်းတဲ့ ကောင်ဆိုးလေးပဲနော် " လို့ မီနာက ဆိုတော့ ၀စ်စပါးက သူ့လက်ထဲကနေ ထွက်သွားပါတော့တယ်။
ကျွန်တော်တို့လည်း 'အန္တရာယ်ရှ်ိသည်' ဆိုတဲ့ တံခါးဆီကို မဝံ့မရဲ့နဲ့ ရောက်လာခဲ့ကြ တော့တာပေါ့။ အိမ်ကြီးတစ်ခုလုံးကိုလည်း တိတ်ဆိတ်ငြိမ်သက်ခြင်းတို့က လွှမ်းခြုံလျှက် ရှိနေပါတော့တယ်။ ခေါင်းမိုးထပ်မှာ ဇီးကွက်တွေလည်း မရှိသလို စကဲလစ်လည်း မရှိခဲ့ပါဘူး။ ပြတင်းပေါက် ဘောင်နားမှာတော့ ကျွန်တော်တို့ ကြွက်သေတစ်ကောင်၊ ၀က်သားနယ်ခြောက်သိပ်တဲ့ နေရာမှာသုံးတဲ့ အခွံနဲ့ ပိုးတောင်မာအသေကောင်အပုံတွေကို တွေ့လိုက်ရပါတယ်။
ကျွန်တော်နဲ့ မီနာလည်း နံရံကို မှီလို့ ကြမ်းပြင်ပေါ်ထိုင်ချပြီး ဟိုးကောင်းကင်ကြီးကို မျှော်ကြည့်လိုက်ကြတာပေါ့။
" ငါကတော့ ငါ့ညီမလေး ဒီတစ်ခါတော့ တကယ် နေကောင်းသွားပြီထင်တယ်ဟ" လို့ ကျွန်တော် စကားစလိုက်ပါတယ်။
မီနာက ကျွန်တော့်ကို ပြန်ပြုံးသလို ၀စ်စပါးကလည်း အသံလေးပြုလိုက်တယ်လေ။
" ငါ့ ရင်ဘတ်ကို စမ်းကြည့်ပါလား မီနာ"
မီနာက သူ့လက်ကို ကျွန်တော့်ရင်ဘတ်ပေါ်တင်လိုက်ပါတယ်။
" နင်ရော ခံစားလို့ရလားဟင်။ ငါ့နှလုံးခုန်သံတွေထဲမှာ ငါ့ညီမလေးရဲ့ နှလုံးခုန်သံကို နင် ခံစားမိလား မီနာ" လို့ ကျွန်တော် ပြောလိုက်တော့ မီနာက သေသေချာချာ အာရုံစူးစိုက်လိုက် တော့တာပေါ့။
" ငါတော့ သေချာ မသိဘူး မိုက်ကယ်ရယ်" လို့ သူက ပြန်ဖြေရှာပါတယ်။
" ထပ်စမ်းကြည့်ပါဦးဟာ။ နင့်လက်ကို ငါ့ရင်ဘတ်ပေါ်တင်ထားပြီး သေချာ အာရုံစိုက်လို့ ခံစားကြည့်စမ်းပါ။ ငါ့ နှလုံးခုန်သံရဲ့ အတွင်းပိုင်းမှာရှိတဲ့ အသိုက်ထဲက ငှက်ပေါက်ကလေးတွေ ကျည်ကျည်ကျာကျာအော်သံလေးလို အသံသေးသေးလေးကို နင် သေချာခံစားကြည့်ပါဟာ"
မီနာက မျက်လုံးလေးမှိတ်လို့ ထပ်ပြီး စမ်းကြည့်လိုက်ပါတယ်။ ပြီးတော့ သူ ပြုံးတယ်လေ။
" ဟုတ်တယ် မိုက်ကယ်။ ငါ...ငါ ခံစားလို့ရပြီဟ။ ဒီနေရာလေးမှာ ငါ အဲ့ဒီအသံလေးကို ခံစားလို့ရတယ်"
" အဲ့ဒါ ငါ့ညီမလေးရဲ့ နှလုံးခုန်သံလေ။ အဲ့ဒီအသံလေးက အခုတော့ မရပ်တော့ဘူးဟ"
မီနာက ဝီလီယမ်ဘလိတ်ရဲ့ သီချင်းလေးတစ်ပုဒ်တောင် ထဆိုလိုက်ပါသေးတယ်။
" အနောက်ရပ်မှာ နေမင်း၀င်
ညနေခင်း ကြယ်လည်း ထွန်းလင်းချင်..."
ဒီတစ်ခါတော့ ကျွန်တော်ကိုယ်တိုင်ပါ မီနာနဲ့ အတူတူ သီချင်းဆိုမိလိုက်ပါတယ်။
"ငှက်ကလေးတွေ နားကြတော့
တို့လည်း နားရာ ရှာရမပေါ့....."
" တွေ့လား။ ငါပြောသားပဲ။ နင်လည်း တစ်နေ့တော့ ငါနဲ့အတူ သီချင်းလိုက်ဆိုမှာပါလို့" ဆိုပြီး မီနာက ၀မ်းသာအားရ ပြောလိုက်ပါတယ်။
ညဉ့်လည်း တဖြည်းဖြည်း နက်သထက်နက်လာပြီမို့ ကျွန်တော်တို့ အိမ်ပြန်ဖို့ အချိန်တန်လာမှန်း မပြောရဘဲ သိလိုက်ကြတာပေါ့။
" ငါ့သဘောအတိုင်းသာဆို ဒီမှာပဲ အိပ်ပစ်လိုက်မှာပဲ သိလား မိုက်ကယ်" လို့ မီနာက ပြောလိုက်တယ်လေ။
" အခုလိုမျိုးပဲပေါ့။ ငါ တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင် နေချင်တယ်ဟာ"
ကျွန်တော်လည်း သက်ပြင်းလေး ချလိုက်မိပါတော့တယ်။
" ဒါပေမယ့် ငါတို့ပြန်ရတော့မယ်လေဟာ"
ကျွန်တော်တို့ နှစ်ယောက်လုံး ဒီခေါင်မိုးထပ်လေးကနေ စွန့်ခွာဖို့ကို တွန့်ဆုတ်နေမိပါတယ်။
အဲ့ဒီအချိန်မှာပဲ ရုတ်တရက်ဆိုသလို လေထုထဲကနေ ဝုန်းခနဲဆိုတဲ့အသံကြီးနဲ့အတူ မှောင်မှောင်မည်းမည်း အရာကြီးတစ်ခုက ပြတင်းပေါက်ဘောင်ပေါ်မှာ လာနားနေလိုက် တော့တာပေါ့။ ပြတင်းပေါက်ဘောင်တောင် အိကျသွားလောက်တဲ့ အလေးချိန်နဲ့ လာနားနေတဲ့ အရာကြီးက စကဲလစ်ရယ်ပါ။သူကတော့ ကျွန်တော်တို့ကို မမြင်သေးဘူးထင်ပါတယ်။ စကဲလစ်က ပြတင်းပေါက် ဘောင်ပေါ်ကနေ ကြမ်းပြင်ပေါ်ကို ခုန်ဆင်းလိုက်ပြီး အသက်၀အောင် ရှူနေလိုက်ပါသေးတယ်။ သူ့ရဲ့ ကျောကုန်းပေါ်က အတောင်ပံတွေကလည်း တဖျတ်ဖျတ်နဲ့ ရိုက်ခတ်ပြီး ငြိမ်ကျသွားတော့တာပေါ့။
" စကဲလစ်" လို့ ကျွန်တော် သူ့ကို လှမ်းခေါ်လိုက်တယ်လေ။
အဲ့ဒီတော့မှ သူ့ရဲ့ ဖြူဆွတ်ဆွတ်မျက်နှာက ကျွန်တော်တို့ဘက် လှည့်လာပြီး မျက်နှာချင်း ဆိုင်လိုက်ပါတော့တယ်။
"မိုက်ကယ်...မီနာ" ဆိုပြီး သူက ရေရွတ်လိုက်ပါတယ်။ သူ့ရဲ့ အသံက အားနည်းနေပုံ ပေါက်ပေမယ့် သူ့မျက်နှာကတော့ ကျွန်တော်တို့နှစ်ယောက်ကို အပြုံးလေးနဲ့ နှုတ်ဆက်နေတယ်လေ။
ကျွန်တော် သူ့ကို စက္ကူအိတ်လေး ကမ်းလိုက်ပါတယ်။
" ကျွန်တော်တို့ ဦးအတွက် ဒါယူလာတယ်ဗျ။ ၂၇ နဲ့ ၅၃ လေ"
" ဟ..တယ်ဟုတ်ပါလား"
ကျွန်တော်လည်း စက္ကူအိတ်ထဲက ပလတ်စတစ်ဗန်းလေးကို ထုတ်ပြီး သူ့နား ယူသွား လိုက်ပါတော့တယ်။ ကျွန်တော်နဲ့ မီနာ သူ့ဘေးမှာ ဒူးထောက်ထိုင်လိုက်ကြပါတယ်။ စကဲလစ်ကတော့ သူ့ရဲ့ ကောက်ကောက်ကွေးကွေး လက်တွေနဲ့ ဗန်းထဲက အချဉ်ရည်ကို ၀က်သားပြားရယ်၊ ပဲပင်ပေါက်ရယ်နဲ့ တို့ပြီး တစ်မျှင်ချင်းစားနေတော့တာပေါ့။ ပြီးတော့ သူက ဖြူဆွတ်ဆွတ် လျှာကြီးနဲ့ လက်တစ်ချောင်းလုံးကိုလည်း သပ်လိုက်ပါသေးတယ်။
"အချိုမြိန်ဆုံး ပန်း၀တ်ရည်လို....နတ်သုဒ္ဓါလိုကို ကောင်းတယ်ကွ" လို့ စကဲလစ်က ရေရွတ်လိုက်ပါတယ်။
" ပြီးတော့ ဒါလည်း ပါသေးတယ်ဗျ" ဆိုပြီး ကျွန်တော်လည်း ဘီယာဗူးကို ဖွင့်ပေးလိုက်တော့ စကဲလစ်က သူ့ပါးစပ်ထဲ လောင်းချပေးဖို့ ခေါင်းငဲ့ပေးတယ်လေ။
" ငါက ဒီညတော့ ကြွက်သေကောင် အေးစက်စက်နဲ့ နှစ်ပါးသွားရမယ် မှတ်တာ၊ အခုတော့ ညစာစားပွဲကြီးနဲ့ တိုးနေပါရော့လား ဟေ့" ဆိုပြီး စကဲလစ်က စားလိုက်၊ လေတက်လိုက်နဲ့ အားရကျေနပ်နေပါတော့တယ်။
" မင်းတို့နှစ်ယောက်ကလေ..."
သူက စကားဆက်လိုက်ပါသေးတယ်။
"မင်းတို့နှစ်ယောက်က နတ်သားလေးနဲ့ နတ်သမီးလေးပဲကွ သိလား"
ကျွန်တော်လည်း မီနာလည်း စကဲလစ် အစာစားရင်း ပြန်လည်လန်းဆန်းလာတာကို စောင့်ကြည့်နေလိုက်ကြပါတော့တယ်။
" ဦး ကျွန်တော့် ညီမလေးဆီကိုသွားခဲ့တာလား" လို့ ကျွန်တော် သူ့ကိုမေးလိုက်ပါတယ်။ အဲ့ဒီတော့ သူက ရယ်တယ်လေ။
" အင်း။ ကလေးလေးက ချစ်စရာလေးပဲကွ"
" ဒါဆို သူ့ကို ကျန်းမာအောင် ဦးလုပ်ပေးခဲ့တာပေါ့"
"ကလေးက သူ့ဘာသာသူ သန်မာပြီးသားပါကွာ။ သူ့နှလုံးသားက သိပ်ကို သန်စွမ်းလွန်းတယ် လေ။ တကယ်တမ်းပြောရမယ်ဆို သူကသာ ငါ့ကိုပြန်ပြီး စွမ်းအင်တွေ တိုးလာအောင် လုပ်ပေးလိုက်တာကွ" ဆိုပြီး စကဲလစ်က ဘီယာတစ်ကျိုက်မော့လိုက်ပါတော့တယ်။
" ဒါပေမယ့် အခုတော့ ငါလည်း မောသဟေ့။ သိပ်မောတယ်"
စကဲလစ်က မီနာ့မျက်နှာနဲ့ ကျွန်တော့်မျက်နှာကို သူ့လက်နဲ့ ထိတွေ့လိုက်ပါတယ်။
" အခု ငါ တဖြည်းဖြည်းနဲ့ ပြန်ကျန်းမာလာပါပြီ။ ဟောဒီက နတ်သား၊နတ်သမီးလေးတွေနဲ့ ဇီးကွက်တွေရဲ့ ကျေးဇူးကြောင့်ပေါ့"
စကဲလစ်က အစားအသောက်တွေနဲ့ ဘီယာဗူးကိုဘေးချပြီး နံရံကို မှီလိုက်ပါတယ်။ ကျွန်တော်ရယ်၊ မီနာရယ်၊ စကဲလစ်ရယ် သုံးယောက်သား စက်ဝိုင်းသဏ္ဍာန် ဝိုင်းပြီး ထိုင်နေမိခဲ့ ကြတာပေါ့။ ပြီးတော့ ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ပြုံးမိကြပါသေးတယ်။
"ဦးက အဝေးကို ထွက်သွားတော့မလို့ဆို" လို့ ကျွန်တော်ကပဲ စပြီး သူ့ကို မေးလိုက်ပါတော့တယ်။
စကဲလစ်က မျက်စိမှိတ်ပြီး ခေါင်းငြိတ်ပြတယ်လေ။
"ဦးက ဘယ်ကိုသွားမှာလဲဟင်" လို့ ကျွန်တော်ထပ်မေးတော့ သူက ပုခုံးတွန့်ပြီး မိုးကောင်းကင်ကြီးဆီကို လက်ညှိုးထိုးပြလိုက်ပါတယ်။
" တနေရာရာပေါ့ကွာ"
ကျွန်တော်လည်း သူ့ရဲ့ အေးစက် ခြောက်ကပ်နေတဲ့ လက်ကို ကိုင်ထားလိုက်တော့တာပေါ့။
" ဦးက ဘာကြီးလဲဟင်" လို့ ကျွန်တော် သူ့ကို တီးတိုးလေး မေးလိုက်ပါတယ်။
စကဲလစ်ရဲ့ အဖြေကတော့ ပုခုံးတွန့်ပြတာပါပဲ။
"တခုခုပေါ့ကွာ..မင်းတို့လိုလူနဲ့ တူတဲ့သတ္တ၀ါတစ်ကောင်၊ တိရိစ္ဆာန်နဲ့တူတဲ့ သတ္တဝါတစ်ကောင်၊ ငှက်နဲ့တူတဲ့ သတ္တဝါတစ်ကောင် ဒါမှမဟုတ် နတ်သားနဲ့တူတဲ့ သတ္တဝါတစ်ကောင် လို့ပဲ မှတ်ထားလိုက်ပေါ့"
စကဲလစ်က ကျွန်တော်တို့ကို ပြုံးပြလိုက်ပါတယ်။
" ကဲ...အခုတော့ မတ်တပ်ရပ်ကြရအောင်ကွာ" လို့ သူက ပြောလိုက်တယ်လေ။
ကျွန်တော်တို့ သုံးယောက် တစ်ယောက်လက်ကို တစ်ယောက်ကိုင်ပြီး အကြည့်ချင်းဆုံအောင် ကြည့်လိုက်ကြပါတော့တယ်။ တဖြည်းဖြည်းချင်း ကျွန်တော်တို့တွေ ပြောင်းလဲလာတာကို ကျွန်တော် ခံစားမိတယ်လေ။ ကျွန်တော့်ကျောကရော၊ မီနာ့ကျောဆီကပါ မျက်စိနဲ့ မြင်သာလောက်တဲ့ အတောင်ပံတွေ ပေါ်ထွက်လာတဲ့အထိ ကျွန်တော်တို့ တဖြည်းဖြည်းပြောင်းလဲလာခဲ့ပါတယ်။ နောက်ဆုံးတော့ ကျွန်တော်တို့တွေ လေပေါ်မှာ ဝဲပျံပြီးတော့မှ ကြမ်းပြင်ပေါ် ခြေထောက် ထောက်လို့ ပြန်ရပ်မိပါတော့တယ်။
" သမီးတို့ ဦးကို အမြဲတမ်း အမှတ်ရနေမှာပါရှင်" လို့ မီနာက ပြောလိုက်ပါတယ်။
စကဲလစ်က ခါးကိုင်းကိုင်း ခန္ဓာကိုယ်ကြီးကို ကုန်းလို့ ကျွန်တော်တို့ နှစ်ယောက်ကို ဖက်ထားလိုက်တော့တာပေါ့။
သူက နှုတ်ခမ်းမှာပေနေတဲ့ အချဉ်ရည်စက်ကို လျှာနဲ့သပ်ပြီး ပြောလိုက်ပါသေးတယ်။
" ၂၇ နဲ့ ၅၃ ကျွေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ကွာ" တဲ့လေ။
" ငါ့ရဲ့ ဘ၀ကို ပြန်ရှင်သန်အောင် လုပ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။အခုတော့ မင်းတို့လည်း အိမ်ပြန်ရတော့မယ် မဟုတ်လား"
ကျွန်တော်နဲ့ မီနာတို့လည်း စကဲလစ်ကို လှည့်တကြည့်ကြည့်နဲ့ အခန်းတံခါးရှိရာဆီ ရောက်အောင် သွားလိုက်ကြပါတော့တယ်။ အခန်းတံခါးကို အပြင်ကနေ ပြန်ပိတ်သွားတဲ့အထိကို ကျွန်တော် စကဲလစ်ရဲ့ မျက်နှာကို ကြည့်နေမိတယ်လေ။ စကဲလစ်ကလည်း အခန်းထဲကနေ နူးညံ့ကြင်နာတဲ့ မျက်လုံးတွေနဲ့ ကျွန်တော့်ကို ပြန်ကြည့်နေခဲ့ပါတယ်။ နောက်ဆုံးတော့ ကျွန်တော်တို့လည်း အိမ်ကြီးရဲ့ အောက်ထပ်ကို ပြန်ဆင်းလာပြီး ခြံထဲရောက်တော့ အမှောင်ထဲမှာ ကျွန်တော်တို့ကို စောင့်နေတဲ့ ကြောင်လေး ၀စ်စပါးကို တွေ့လိုက်ရပါတော့တယ်။
အခန်း (၄၃)
နောက်တစ်နေ့ ကျောင်းမှာ ကျွန်တော် အတော့်ကို နေလို့ထိုင်လို့ကောင်းခဲ့ပါတယ်။ ဘောလုံးကစားတော့လည်း ဘယ်သူကမှ ကျွန်တော့်ဆီက ဘောလုံး ရအောင် မကစားနိုင်ကြဘူးလေ။ ကျွန်တော် ဘောလုံးကို ခြေထောက်နှစ်ချောင်းကြားမှာ ဝေ့ဝိုက်ယူလိုက်၊ ပုတ်ယူလိုက်၊ ဆတ်ခနဲ ကန်လိုက်နဲ့ကို လုပ်နေခဲ့တာပါ။ ပြီးတော့ တစ်ဖက်အသင်းက လူတွေကိုလည်း ကျွန်တော် ကောင်းကောင်းကြီး လူချင်းတိုက်လို့ ဘောလုံးသယ်ပြီး နောက်ခြေထောက်လေးနဲ့ ကျွန်တော့်အသင်းဘက်ဆီ ပြန်ပေးလိုက်တော့ ကျွန်တော်တို့အသင်းက ဂိုးရသွားပါလေရောလား။ အဝေးကစ်နဲ့ ကန်လိုက်တဲ့ တစ်လုံးကလည်း ဂိုးပိုက်ခြင်းထဲကို ဝေ့ဝိုက်ပြီး ၀င်သွားတော့ ကျွန်တော်တို့ချည်း ဂိုးသွင်းဖြစ်နေပါတော့တယ်။
ကျောင်းပြန်တက်ဖို့ ခေါင်းလောင်းထိုးတော့ ခြံ၀န်းထဲက ကျောင်းသားတွေလည်း ရုတ်ရုတ်သဲသဲနဲ့ အတန်းထဲ ပြေး၀င်သွားကြပါတော့တယ်။ အဲ့ဒီတော့မှ လီကီက ကျွန်တော့်ဆီ ပြေးလာတယ်လေ။
" မင်း ကံကောင်းနေပါ့လားကွ မိုက်ကယ်ရ" လို့ သူက ပြောလိုက်ပါတယ်။
" မင်း နောက်တစ်ခါဆို အခုလို ဆော့နိုင်မှာ မဟုတ်ပါဘူးကွာ"
ကျွန်တော် လီကီ့စကားကို ရယ်လိုက်ပါတယ်။
" ကံကောင်းတယ် ဟုတ်လား။ ဒါဖြင့် မင်း ကြည့်ကြည့်လေ" ဆိုပြီး ကျွန်တော် ဘောလုံးကို လီကီ ၀င်ဆွဲနိုင်အောင် သူ့ရှေ့မှာ ပုတ်ပြလိုက်ဝာာပေါ့။ ပြီးတော့မှ ကျွန်တော် သူ့လက်ထဲ ဘောလုံးမရောက်အောင် ခြေထောက်ကြားကနေ ပုတ်ပြီး ဘောလုံးကို ဆက်ဆွဲသွားလိုက်ပါတယ်။ လီကီက ကျွန်တော့်နောက်ကျောကနေ ခြေထောက်ခံပြီး ဘောလုံးလုလိုက်တော့ ကျွန်တော်ရော သူပါ မြေကြီးပေါ် မှောက်ရက်လဲကျသွားခဲ့ပါတော့တယ်။
" ဒါ ပြစ်ဒဏ်ဘောကွ။ ဖောင်း(Foul) သွားပြီ" လို့ ကျွန်တော် သူ့ကို လှမ်းအော်လိုက်ပါတယ်။
ဒီလိုနဲ့ ကျွန်တော်တို့ မြက်ခင်းပေါ်မှာ နပမ်းလုံးကြပါလေရော။ လီကီက ကျွန်တော့်ထက် လူကောင်ကြီးတာမို့ သူက ကျွန်တော့်ကိုယ်ပေါ်ကနေ ခွပြီး ကျွန်တော့် ပုခုံးကို တက်ဖိထားပါတော့တယ်။
လီကီက စပ်ဖြဲဖြဲလုပ်နေတယ်လေ။
"ပြောစမ်းပါဦး... ဘာဖြစ်တယ်" လို့ သူက အနိုင်ရတဲ့ လေသံနဲ့ ကျွန်တော့်ကို ခနဲ့လိုက်ပါတယ်။
" ပြစ်ဒဏ်ဘောကွ...ဖောင်းဘော...လာမညစ်နဲ့" လို့ ကျွန်တော် သူ့ကို ထပ်ပြောတော့ လီကီက ကျွန်တော့်ကို ထိုးလိုက်တော့မယ့်အတိုင်း လက်သီးနဲ့ ဆတ်ခနဲ ရွယ်ပြီး ခြောက်လိုက်ပါသေးတယ်။ ပြီးတော့ သူက ခွက်ထိုးခွက်လန် ထရယ်ပြီး ကျွန်တော့်ဘေးမှာ ၀င်လှဲနေလိုက်ပါတော့တယ်။
"မိုက်လှချည်လားကွ မိုက်ကယ်။ မင်း ဘောလုံးကစားတာ သိပ်တော်လာတာပဲကွ" လို့ လီကီက နောက်ဆုံးတော့ ၀န်ခံလိုက်တယ်လေ။
ကျွန်တော်တို့ အတန်းထဲမ၀င်သေးဘဲ နေနေတော့ မစ္စဒန်ဒိုက လာခေါ်လာတော့တာပေါ့။
" ကဲ ဟိုနှစ်ယောက်...အထဲ၀င်တော့လေ။ နောက်ကျနေဦးမယ်"
ကျွန်တော်လည်း လီကီလည်း အတန်းထဲကို ပြန်၀င်လာခဲ့ပါတော့တယ်။
" မင်း ကျောင်းမလာတာကြာတော့ ငါတို့အချင်းချင်းတောင် စိမ်းနေပြီကွ မိုက်ကယ်ရ"
" အင်း ငါသိပါတယ်ကွာ"
" မင်း ဘာတွေလုပ်ခဲ့လဲဆိုတာ ငါ့ကိုပြောပြမယ် မဟုတ်လား" လို့ လီကီကမေးလိုက်တော့ ကျွန်တော် သူ့ကို တစ်ချက်ပြန်ကြည့်လိုက်ပါတယ်။ သူ့ကိုကြည့်ရတာ တကယ် သိချင်နေတဲ့ပုံပါ။
" အင်းပါ။ ငါ မင်းကို တနေ့တော့ ပြောပြပါ့မယ်"
ကျွန်တော်တို့ တံခါးနားရောက်တော့ ကုထ်က ကျွန်တော်တို့ကို စောင့်နေတာ တွေ့လိုက်ရတယ်လေ။
" မင်းကိုပြောပြီးရင်တော့ အဲ့ဒီ အရူးကောင်ကိုလည်း ပြောပြရဦးမှာပေါ့ကွာ။ သူကတော့ ယုံမယ်မထင်ဘူးဟေ့" လို့ ကျွန်တော် လီကီ့ကို တီးတိုးလေးပြောလိုက်ပါသေးတယ်။
နောက်တော့ မစ္စဒန်ဒိုရဲ့ အော်သံကို ကျွန်တော်တို့ ထပ်ပြီး ကြားလိုက်ရပါတော့တယ်။
" ဟဲ့ ကလေးတွေ...လာကြလေ...အတန်းထဲ...မြန်မြန်"
အခန်း (၄၄)
အချိန်က တစ်နေ့ပြီးတစ်နေ့ ဖြတ်ကျော်သွားသလို ကျွန်တော်လည်း အဖေ အိမ်ပြင်တာကို ကူညီပေးရင်း အချိန်ကုန်ဆုံးဖြစ်ခဲ့ပါတယ်။ ကျွန်တော် အဖေ့ကို နံရံသုတ်ဆေးဖျော်ပေးတာ၊ ပြတင်းပေါက်ဘောင်နဲ့ တံခါးဘောင်ကို ဂရုတစိုက်နဲ့ ဆေးသုတ်ပေးတာ လုပ်ပြီး ကူညီပေးခဲ့တယ်လေ။ ကျွန်တော်တို့ အမေနဲ့ ညီမလေးကိုလည်း ဆေးရုံမှာ သွားကြည့်ဖြစ်ခဲ့ ကြပါသေးတယ်။ ညီမလေးလည်း အခုတော့ အကြာကြီး အိပ်နေရာကနေ နိုးလို့ တဖြည်းဖြည်းနဲ့ ကျန်းမာသန်စွမ်းလာခဲ့ပါပြီ။ ဆရာ၀န်တွေက ညီမလေး ခန္ဓာကိုယ်မှာတပ်ထားတဲ့ ဝိုင်ယာကြိုးတွေ၊ ပြွန်တွေနဲ့ စက်ပစ္စည်းတွေကို ပြန်ဖြုတ်သိမ်းသွားတာကို တွေ့ရတာ ကျွန်တော် ၀မ်းသာမိပါတယ်။ ညီမလေးရင်ဘတ်က ပတ်တီးစည်းထားတဲ့ အနာကလည်း တဖြည်းဖြည်း ပြန်ကျက်လာပြီတဲ့လေ။ ညနေတိုင်းဆိုသလို ညီမလေးက ကျွန်တော့်ပေါင်ပေါ်မှာထိုင်ပြီး ခန္ဓာကိုယ်ကိုလှန်ချလိုက်၊ ပါးစပ်ကနေ ဂလုဂလု အသံပြုလိုက်နဲ့ ဆော့နေတတ်ပါပြီ။ အခုတော့ သူက ကျွန်တော်တို့ကို ကြည့်ပြီး လျှာထုတ်ပြတာတောင် လုပ်တတ်နေပြီမဟုတ်ပါလား။ ပြူးကျယ်နေတဲ့ သူ့မျက်လုံး တွေကလည်း ပြုံးပြနေတဲ့ အတိုင်းပါပဲ။
"ဟယ် ကြည့်စမ်းပါဦး။ အစအနောက်သန်တဲ့ ကောင်မလေးပဲနော်" လို့ ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် ပြောဖြစ်ကြပါသေးတယ်။
အမေကလည်း ပြောပါတယ်။
"အမေတို့ မကြာခင်အိမ်ပြန်လာတော့မှာနော်။ ငါ့သားတော့ လွတ်အောင် ပြေးပေတော့" တဲ့လေ။
ကျွန်တော် ဆေးရုံရောက်တိုင်း ဒေါက်တာ မက်နဘိုလာကိုရှာမိပါသေးတယ်။ ဒါပေမယ့် ကျွန်တော် သူ့အရိပ်အယောင်ကိုတောင် မတွေ့မိပါဘူး။
အဖေနဲ့ ကျွန်တော်လည်း ရယ်ဒီမိတ် တရုတ်စာတွေ အများကြီး စားဖြစ်ကြပါတယ်။ အမေရှေ့ရောက်ရင်တော့ ကျွန်တော်တို့ အဲ့ဒီကိစ္စကို လျှို့ဝှက်ထားခဲ့ကြတာပေါ့။နို့မို့ဆို အမေက ကျွန်တော်တို့ကို အစာအိမ်သန့်ရှင်းရေးဆိုပြီး တစ်လလုံး အရွက်သုတ်ပဲ စားခိုင်းနေမှဖြင့်
ဒုက္ခ။ ကျွန်တော် အဖေ့ ဗိုက်ပူပူကို လက်နဲ့ တို့ပြီး နောက် လိုက်ပါတယ်။
" အများကြီးစားရင်တော့ မကောင်းဘူးနော် ဦး၀တုတ်ရေ"
" ဒါဆို သားက ၂၇ နဲ့ ၅၃ မစားချင်တော့ဘူးလား" လို့ အဖေက ပြန်မေးလိုက်တယ်လေ။
" ဟုတ်တယ် အဖေ။ သား ဒီတစ်ခါ....အင်း...ဒီတစ်ခါ ၁၉ နဲ့ ၄၂ ပဲ ပြောင်းစားတော့မယ်"
"တယ်ဟုတ်ပါလားဟ။ ဒါလည်း စိတ်မှန်းနဲ့ ခန့်မှန်းလိုက်တာပေါ့လေ ဟုတ်လား"
စားပြီးသောက်ပြီးရင်တော့ ကျွန်တော် မီနာ့ဆီ သွားနေကြပေါ့။ ကျွန်တော်တို့ သူတို့အိမ်က မီးဖိုချောင်ထဲမှာ ပုံဆွဲဖြစ်ကြပါတယ်။ ဝီလီယမ်ဘလိတ်ရဲ့ စာအုပ်တွေဖတ်တာ၊ အိမ်အိုကြီးတွေကို သွားတဲ့ စွန့်စားခန်းစာအုပ်တွေ၊ စိတ်ကူးယဉ်နိုင်ငံက ထူးဆန်းတဲ့ အကြောင်းတွေပါတဲ့ စာအုပ်တွေလည်း ကျွန်တော်တို့ ဖတ်ဖြစ်ကြပါသေးတယ်။
ညနေတိုင်းဆို မီနာက ကျွန်တော့်ကို မေးတော့တာပါပဲ။
" နင့် ညီမလေး ဘယ်တော့ အိမ်ပြန်လာမှာလဲ မိုက်ကယ်။ ငါဖြင့် စောင့်တောင် မစောင့်နိုင်တော့ဘူးဟာ။ ငါက သူ့ကို တစ်ခါမှတောင် မတွေ့ဖူးသေးဘူးလေ"
ညီမလေး အိမ်မရောက်လာခင် ကျွန်တော်နဲ့ မီနာတို့ ဟိုအိမ်ကြီးဆီက ခေါင်မိုးထပ်ကို တစ်ခါ သွားဖြစ်ခဲ့ကြပါသေးတယ်။ အဲ့ဒီအထပ်ကနေဆို နေမင်းကြီးက ပိုပြီး တောက်ပနေတယ်လို့တောင် ကျွန်တော် ထင်မိပါတယ်။ နေမင်းကြီးကတော့ သူ့ရဲ့ အရင်နေရာမှာပဲ တစ်မြို့လုံးကို ထွန်းလင်းနေခဲ့တာပါလေ။
ခေါင်မိုးထပ်တစ်ခုလုံး တိတ်ဆိတ်ပြီး ငြိမ်သက်နေတော့ မီနာက ကျွန်တော့်ကို အခန်းထောင့်က အသိုက် အောက်မှာကျနေတဲ့ အန်ဖတ်အလုံးလေးတွေကို လက်ညှိုးထိုးပြီး ပြလိုက်ပါတယ်။
" အဲ့ဒီအနားမသွားနဲ့နော်" လို့ မီနာက သတိပေးလိုက်ပါတယ်။
" ဇီးကွက်တွေက နင့်ကို အသေခံပြီး ဆိတ်ကြလိမ့်မယ်ဟ"
ကျွန်တော်တို့လည်း အခန်းရဲ့ တစ်ဖက်ခြမ်းက ထောင့်လေးမှာ စကဲလစ်ကို အောက်မေ့ရင်း ရပ်နေမိပါတော့တယ်။
" အခုတော့ တခြားလူတစ်ယောက်က သူ့ကို ရှာတွေ့သွားပြီ ထင်ပါတယ်ဟာ" လို့ မီနာက ပြောလိုက်တယ်လေ။
" အင်း ဟုတ်တယ်။ ငါလည်း ဒီလိုပဲ မျှော်လင့်ပါတယ်ဟာ"
ပြီးတော့ ကျွန်တော်တို့ အမိုးခုံးပြတင်းပေါက်အောက်က ကြမ်းပြင်မှာ အသည်းပုံလေး ကုတ်ခြစ်ထားတာကို တွေ့လိုက်ရပါတယ်။ အသည်းပုံလေးရဲ့ အပြင်ဘက်မှာတော့
'ကျေးဇူးတင်ပါတယ်....အက်စ်" ဆိုပြီး ရေးထားတာပေါ့။ အသည်းပုံထဲမှာတော့ အဖြူရောင် ငှက်မွှေးလေး သုံးပင်က ကျနေခဲ့တယ်လေ။
ကျွန်တော်တို့လည်း ငှက်မွှေးလေးတွေကို ကောက်ကိုင်ပြီး ပြုံးလိုက်မိပါတယ်။
" ငှက်မွှေးက သုံးခုတောင်ဟ" လို့ မီနာက ရေရွတ်လိုက်တာပေါ့။
"တစ်ခုက ငါ့ညီမလေး အတွက်ပဲ ဖြစ်ရမယ်" ဆိုပြီး ကျွန်တော်လည်း ကောက်ချက် ချလိုက်ပါတော့တယ်။
ကျွန်တော်တို့ ကြမ်းပြင်ပေါ် ထိုင်ချလိုက်တော့ ဇီးကွက်တချို့က အခန်းထဲကနေ ပျံသန်းလာပြီး ပြတင်းပေါက်ဘောင်မှ နားနေလိုက်ကြတာပေါ့။ ပြီးတော့ ဟိုးဘက်ထောင့်က နံရံနားက အမှောင်ထုထဲကနေလည်း ဇီးကွက်ငှက်ပေါက်လေး နှစ်ကောင်က ဆတ်တောက် ဆတ်တောက်နဲ့ လမ်းလျှောက်ပြီး ထွက်လာကြပါတော့တယ်။ ငှက်ပေါက်လေးတွေခမျာ အမွှေးတောင် မစုံကြသေးတာမို့ ကိုယ်လုံးတီးပုံနဲ့ကို ဖြစ်နေကြတာပါ။ သူတို့ရဲ့ နှုတ်သီး သေးသေးလေးတွေ ကနေလည်း ကျည်ကျည်ကျာကျာ အသံက ပြုလိုက်ကြပါသေးတယ်။ သူတို့လေးတွေရဲ့ လှပနုနယ်တဲ့ အသွင်လေးတွေကို ကြည့်ပြီး ကျွန်တော်နဲ့ မီနာတို့ အသက်ရှူတောင် မှားမိတာ အမှန်ပါပဲ။ ပြီးတော့ ဇီးကွက်ကြီးတွေက အစာရှာဖို့ထွက်သွားကြပါတော့တယ်။ ကျွန်တော်တို့လည်း ဇီးကွက်ကြီးတွေ ပြန်လာပြီး သားပေါက်လေးတွေကို အစာခွံ့ကျွေးတာကို ကြည့်နေလိုက်ကြတယ်လေ။ ငှက်ပေါက်လေးတွေကတော့ တိရိစ္ဆာန်အသေကောင်ရဲ့ အသားကို မြိန်ရည်ယှက်ရည်နဲ့ကို စားနေကြတော့တာပေါ့။
" အရိုင်းကောင်လေးတွေ " လို့ ကျွန်တော် ရေရွတ်လိုက်ပါတယ်။
" ဟုတ်တယ်ဟ။ သူတို့တွေက လှပပြီး ချစ်စရာကောင်းတဲ့ အရိုင်းကောင်လေးတွေပဲ"
ကျွန်တော်တို့ ပြုံးပြီး အိမ်ထဲကနေ ပြန်ထွက်ဖို့ ခြေလှမ်းပြင်နေတုန်းမှာပဲ ဇီးကွက်တချို့က ကျွန်တော်တို့ဆီကို တည့်တည့်မတ်မတ်ကြီး ပျံသန်းလာတာကို ကြုံလိုက်ရပါတော့တယ်။ သူတို့က ကျွန်တော်နဲ့ မီနာ့ရှေ့မှာ ကြွက်သေတစ်ကောင်နဲ့ ငှက်သေလေးတစ်ကောင် ချပေးလိုက်တယ်လေ။ ငှက်ကလေးခမျာ လောလောလတ်လတ် ကိုက်သတ်ခံထားရတာမို့ အမွှေးတွေမှာ သွေးတွေတောင် ရဲရဲနီစိုစွတ်နေတော့တာပါပဲ။ ပြီးတော့ ဇီးကွက်တွေက အပြင်ဘက်ကို ပြန်လည် ပျံသန်းသွားပြီး သစ်ကိုင်းမှာနားလို့ ဇီးကွက်သံပေးလိုက်ကြပါတော့တယ်။
" အရိုင်းကောင်တွေပဲနော််" လို့ ကျွန်တော် ထပ်မံ ရေရွတ်မိပြန်ပါတယ်။
" အသတ်အဖြတ် ကျွမ်းကျင်တဲ့ သူတွေပဲဟ။ သူတို့က နင်နဲ့ ငါ့ကို လက်ဆောင်အဖြစ်နဲ့ အစာလာကျွေးသွားတာ ထင်တယ်နော် မိုက်ကယ်" ဆိုပြီး မီနာက ပြောလိုက်တယ်လေ။
" အင်း...သူတို့က ငါတို့ကိုလည်း အတောင်ပံနဲ့ သတ္တဝါတွေလို့ ထင်နေပုံရတယ်"
"မပြောတတ်ဘူးလေ။ ဟုတ်ရင်လည်း ဟုတ်နေမှာပေါ့ဟာ" လို့ မီနာက ပြောလိုက်ပါသေးတယ်။
ကျွန်တော်တို့လည်း ဇီးကွက်တွေချပေးခဲ့တဲ့ အသေကောင်လေးတွေကို ကောက်ပြီး ခြေဖျားထောက်လို့ အိမ်ပြင်ထွက်သွားလိုက်ကြပါတော့တယ်။
" မင်္ဂလာညချမ်းပါ ဇီးကွက်ပေါက်လေးတွေရေ" လို့ ကျွန်တော်တို့ နှုတ်ဆက်ခဲ့တယ်လေ။
အိမ်ပြင်ရောက်တော့ ကျွန်တော်တို့ ကြွက်သေနဲ့ ငှက်သေကောင်ကို ခြံထဲမှာ မြေမြှုပ်ပေးလိုက်ကြပါတော့တယ်။ ကျွန်တော်တို့ ခြံထဲကနေ အိမ်ခေါင်မိုးထပ်ကို မော့်ကြည့်လိုက်တော့ လရောင်အောက်မှာ အစာကိုကိုက်ချည်ပြီး ကူးချည် သန်းချည်နဲ့ ပျံသန်းနေတဲ့ ဇီးကွက်တွေကို တွေ့လိုက်ရပါတယ်။
" အိမ်ပြင်သမားတွေက မကြာခင် လာကြတော့မှဟ" လို့ မီနာက ငြည်းတွားလိုက်တယ်လေ။
" ငါကတော့ ငှက်ပေါက်လေးတွေ မပျံနိုင်ခင်အထိ သူတို့ အိမ်ကို ဘာမှမလုပ်နိုင်အောင် စီစဉ်ရဦးမယ်ဟာ" ဆိုပြီး မီနာက ရေရွတ်လိုက်ပါတော့တယ်။
အခန်း (၄၅)
စနေနေ့ရောက်တော့ ကျွန်တော်တို့ခြံထဲက ဂိုဒေါင်ကိုပြင်ဖို့ အိမ်ပြင်သမား သုံးယောက် ရောက်လာခဲ့ကြပါတယ်။ ဦးထုပ်ဆောင်းထားတဲ့ အဘိုးကြီး မစ္စတာ ဘတ်လေတဲ့လေ။ ကျန်တဲ့နှစ်ယောက်က သူ့သားနှစ်ယောက်ဖြစ်တဲ့ နစ်ခ်နဲ့ ဂတ်စ် ရယ်ပါ။ သူတို့က ဂိုဒေါင်နံရံကို လက်နဲ့တွန်းပြီး နှဲ့ကြည့်လိုက်တာပေါ့။ အဲ့ဒီတော့ ဂိုဒေါင်အမိုးဆီက တကျွိကျွိနဲ့အသံတွေနဲ့အတူ ခေါင်မိုးက အောက်ကို အိကျလာပါတော့တယ်။ သူတို့ ဂိုဒေါင်နံရံက အုတ်ချပ်တွေကို လက်နဲ့ထိကြည့်တော့လည်း အုပ်ချပ်တွေက တဘုတ်ဘုတ်နဲ့ကို ကြွေကျလာတော့တာပါပဲ။ ပြီးတော့ သူတို့က အဖေ သံနဲ့ရိုက်ထားတဲ့ သစ်သားပြားကို ဆွဲဖြုတ်ပြီး အထဲကို လှမ်းကြည့်လိုက်ကြပါတယ်။
မစ္စတာ ဘတ်လေက သူ့ရဲ့ ဦးထုပ်ကိုချွတ်ပြီး သူ့ရဲ့ ခေါင်းပြောင်ပြောင်ကို ကုတ်လိုက်ပါသေးတယ်။
"ကျုပ်ကတော့ ပိုက်ဆံပိုပေးမယ်ဆိုရင်တော့ ဒီဂိုဒေါင်ထဲ မ၀င်ရဲဘူးဗျ" လို့ သူက ပြောလိုက်တယ်လေ။
မစ္စတာ ဘတ်လေက ပုခုံးတွန့်ပြီးအဖေ့ကို လှမ်းကြည့်လိုက်ပါတယ်။
" ကျုပ် ဘာပြောမလဲဆိုတာ ခင်ဗျားလည်း ရိပ်မိလောက်မှာပါ မဟုတ်ဘူးလားဗျ"
" ထင်တာပါပဲဗျာ" လို့ အဖေက ပြန်ဖြေလိုက်တာပေါ့။
" ဒီလောက် အခြေအနေဆို ဘာမှပြင်မနေတော့ဘဲ အကုန်ဖြိုချပြီး အစက ပြန်ဆောက်မှ ရမှာဗျ"
အဖေက ကျွန်တော့်ကို တစ်ချက်ကြည့်လိုက်ပါသေးတယ်။
" ကဲ...သားရေ။ သားရော ဘယ်လိုထင်လဲကွ"
" မသိဘူးလေ အဖေရ"
"လွယ်ပါတယ်ဗျာ" ဆိုပြီး မစ္စတာ ဘတ်လေက ကျွန်တော်တို့ကို စကားဖြတ်လို့ ပြောလိုက်ပါတယ်။
" ခင်ဗျားတို့ အခုသာ မဖြိုပစ်ဘူးဆိုရင်လည်း သူ့ဘာသာသူ တဖြည်းဖြည်းပြိုကျသွားတာကို ထိုင်စောင့်နေရမှာပဲလေ"
အဲ့ဒီတော့ အဖေက ရယ်ပါတယ်။
" ဒါဖြင့်လည်း ဆန္ဒရှိတဲ့အတိုင်းသာ လုပ်ပါဗျာ။ အထဲက ပစ္စည်းတချို့ကို အပြင်ထုတ်ပြီး ဖြိုသာချပစ်လိုက်ပါတော့"
မစ္စတာဘတ်လေတို့လည်း သူတို့ဂိုဒေါင်ထဲ အလုပ်လုပ်နေတုန်း ပြိုကျမှာစိုးလို့ စတီးဒေါက်တိုင်တွေ ထောက်ပြီးမှပဲ အထဲ၀င်သွားလိုက်ကြပါတော့တယ်။ သူတို့လည်း အထဲက ပစ္စည်းအစုတ်အပြတ်တွေကို ဆွဲထုတ်ပြီး ခြံထဲက မစ္စတာအာနီရဲ့ အိမ်သာကမုတ်ဟောင်းကြီး ဘေးနားပုံထားလိုက်ကြတာပေါ့။ ပစ္စည်းတွေထဲမှာတော့ အံဆွဲဟောင်းတွေ၊ ဘေစင်ဟောင်းတွေ၊ ဘိလပ်မြေအိတ်တွေ၊ တံခါးအကျိုးအပဲ့တွေ၊ အနားစုတ်နေတဲ့ ခေါက်ကုလားထိုင်တွေ၊ စုတ်ပဲ့နေတဲ့ ကော်ဇော၊ ကြိုးခွေ၊ သတင်းစာနဲ့ မဂ္ဂဇင်းဟောင်း၊ လျှပ်စစ်မီးကြိုးခွေ၊ သံအိတ်စသဖြင့် တိုလီမုတ်စတွေ စုံစိနေတာပါပဲ။ သူတို့ အပြင်ကို ပစ္စည်းတွေထုတ်လာတော့မှပဲ ကျွန်တော်နဲ့ အဖေလည်း သေချာ စစ်ဆေးကြည့်မိပါတော့တယ်။ အဖေနဲ့ ကျွန်တော်က ပစ္စည်းတွေကို ကြည့်ရင်း
" ဒီတစ်ခုကတော့ နောက်ကျရင် အသုံး၀င်လောက်ပါတယ်လေ" နဲ့
"ဒါကတော့ အမှိုက်သက်သက်ပဲဟေ့" ဆိုတဲ့ စကားကို ထပ်တလဲလဲပြောရင်း ကောင်းနိုးရာရာ လေးတွေ ရွေးထုတ်နေခဲ့ကြတာပေါ့။ နောက်တော့ အမှိုက်သယ်တဲ့ကားကြီး တစ်စီးရောက်လာပြီး နောက်ဖေးလမ်းကြားမှာ အမှိုက်ပုံးကြီးတစ်ပုံး လာချပေးတော့ ကျွန်တော်တို့လည်း လွှင့်ပစ်ရမယ့် ပစ္စည်းတွေကို စုပြီးထည့်လိုက်ပါ တော့တယ်။ ကျွနိတော်တို့တစ်ကိုယ်လုံး ည်း ယင်ကောင်အသေတွေ၊ ပင့်ကူအသေတွေ၊ အုတ်ခဲအကျိုးအပဲ့ တွေနဲ့ ဖုန်တွေ လိမ်းကျံလျက်သားဖြစ်နေခဲ့ပါတယ်။ အမှိုက်တွေ အားလုံး ရှင်းပြီးတော့ ကျွန်တော်တို့လည်း အနားယူပြီး လက်ဘက်ရည်သောက်ရင်း အမှိုက်ပုံကြီးကို ကြည့်လို့ ရယ်မိပါသေးတယ်။
ကျွန်တော် ဂိုဒေါင်ကြီးရဲ့ တံခါးနားသွားပြီး အထဲကို ကြည့်နေတော့ အဖေက အလန့်တကြား လှမ်းအော်တယ်လေ။
" သား....မိုက်ကယ်..."
" ဟုတ်ကဲ့ အဖေ။ သားသိပါတယ်။ သား အထဲ၀င်မလို့မဟုတ်ပါဘူး"
ပြီးတော့ အဖေက ကျွန်တော်တို့ အိမ်ပြောင်းလာကတည်းက ကျွန်တော်ဟာ ဒီဂိုဒေါင်ထဲကို လှစ်ခနဲ လှစ်ခနဲ ၀င်,၀င်သွားတတ်ကြောင်း ဆက်ပြောနေပါတော့တယ်။
" ကျုပ်သားတွေလည်း ငယ်ငယ်တုန်းက ဒီလိုပါပဲဗျာ" လို့ မစ္စတာ ဘတ်လေက အဖေ့ကို ပြန်ပြောလိုက်တာပေါ့။
"အဲ့ဒီလို ပြောမရ ဆိုမရကလေးတွေဆို ကြောက်စရာကောင်းတာ တခုခုနဲ့သာ ခြောက်လိုက်ဗျို့။ နောက်ဆို အနားတောင် ကပ်ရဲမှာ မဟုတ်တော့ဘူး"
ကျွန်တော်ကတော့ ဂိုဒေါင်တံခါး၀လေးကနေ အထဲကို ဆက်ကြည့်နေခဲ့ပါတယ်။ အုတ်ကျိုးအုတ်ပဲ့တွေ၊ ဖုန်တွေ၊ အိုးခြမ်းပဲ့တွေက အထဲမှာ ပြန့်ကျဲနေသလို ဟိုးထောင့်နားလေး မှာလည်း ပလတ်စတစ်ဗန်းတွေ၊ ဘီယာဗူးခွံတွေ၊ ငှက်မွှေးတွေနဲ့ အံဖန်အလုံးလေးတွေ ရှိနေတာကို ကျွန်တော် တွေ့လိုက်ရတယ်လေ။ ကျွန်တော်လည်း သက်ပြင်းချပြီး တီးတိုးလေး ရေရွတ်လိုက်ပါတော့တယ်။
" နှုတ်ဆက်ပါတယ် စကဲလစ်ရယ်"
နောက်တော့ မစ္စတာဘတ်လေနဲ့ အဖေတို့လည်း ကျွန်တော့်နား ရောက်လာတော့တာပေါ့။
" တွေ့လား" ဆိုပြီး မစ္စတာ ဘတ်လေက လက်ညှိုးထိုးလို့ အဖေ့ကို ပြောလိုက်ပါတယ်။
" ကြည့်ရတာ ခင်ဗျားဂိုဒေါင်ထဲကို အိမ်ခြေရာမဲ့တစ်ယောက်တောင် သုံး၊လေးညလောက် ၀င်နေသွားတဲ့ ပုံပဲဗျ။ သူ့ခေါင်းပေါ် ဂိုဒေါင်ပြိုမကျတာသာ ကံကောင်းတယ် ဆိုရမှာပေါ့ဗျာ"
ကျွန်တော်တို့ လက်ဘက်ရည်သောက်တာပြီးတော့ မစ္စတာ ဘတ်လေက လက်နှစ်ဖက်ကို ပွတ်လို့ သူ့သားနှစ်ယောက်ကို ပြောလိုက်ပါတယ်။
" ကဲ...ငါ့ကောင်တို့ရေ။ အချိန်မလင့်ခင် ဒီဂိုဒေါင်ကို မြန်မြန် ဖြိုချလိုက်ကြရအောင်ဟေ့"
သူတို့အလုပ်လုပ်တဲ့ အချိန်က တစ်နာရီ နဲ့ နှစ်နာရီကြားလောက်ပဲ ကြာလိုက်တယ် ထင်ပါတယ်။ အဖေနဲ့ ကျွန်တော်ကတော့ မီးဖိုချောင်ထဲထိုင်ပြီး မစ္စတာ ဘတ်လေတို့ သားအဖ သံတူရွင်းတွေ၊ လွှတွေနဲ့ ဆယ်ပေါင်တူကြီးတွေသုံးပြီး အလုပ်လုပ်တာကို ထိုင်ကြည့်နေခဲ့တယ်လေ။ ခေါင်မိုးကြီးတစ်ခါပြိုကျတိုင်း၊ နံရံတစ်ချပ်ပြိုကျတိုင်း ဟိန်းထွက်လာတဲ့ အသံကြီးကြောင့် ကျွန်တော်တို့ သားအဖ နှစ်ယောက်လန့်မိပါသေးတယ်။ မကြာခင်မှာပဲ ဂိုဒေါင်ကြီးလည်း အုတ်တွေ၊ သစ်သားတွေနဲ့ ဖုန်တွေ စုပုံထားတဲ့ အမှိုက်ပုံကြီးဘ၀ကို ပြောင်းသွားရတော့တာပေါ့။
" ကဲ...ကောင်းရောကွာ" လို့ အဖေက ပြောလိုက်ပါတယ်။
" အနည်းဆုံးတော့ သားတို့ ညီမလေး အတွက် ဥယျာဉ်လှလှလေး လုပ်ပေးလို့ရတော့မှာပေါ့ အဖေရာ" လို့ ကျွန်တော် အဖေ့ကို နှစ်သိမ့်ပေးလိုက်တယ်လေ။
အဖေက ခေါင်းတငြိတ်ငြိတ်နဲ့ လုပ်နေပြီး ဥယျာဉ်ထဲမှာ မြက်ခင်းလေးလုပ်မယ့်အကြောင်း၊ ရေကန်လေး ထည့်မယ့်အကြောင်း၊ ငှက်တွေအသိုက်လုပ်လို့ ရအောင်လည်း ချုံပင်လေးတွေ စိုက်ဦးမယ့်အကြောင်း တသီတတန်းကြီး ပြောနေပါတော့တယ်။
" ကဲ...အဖေ့စကားအတိုင်းသာဆို နတ်ဥယျာဉ်လေးလိုကို လှနေမှာ မြင်ယောင်သေးသကွာ" လို့ အဖေက ကြွေးကြော်လိုက်ပါတယ်။
အားလုံးပြီးတော့ နစ်ခ်နဲ့ ဂတ်စ်က ခါးထောက်လို့ အမှိုက်ပုံကြီးကို ကြည့်နေလိုက်ပါတယ်။ မစ္စတာဘတ်လေခမျာလည်း ဖုန်တွေပေကျံပြီး တစ်မျက်နှာလုံး ဖြူဆွတ်နေတော့တာပေါ့။ အဲ့ဒီတော့မှ ကျွန်တော်နဲ့ အဖေက သူတို့အတွက် လက်ဘက်ရည် ပြင်ပြီး ခြံထဲဆင်းသွားလိုက် ကြပါတော့တယ်။
"တို့ သားအဖတွေ လုပ်ထားတဲ့ အမှိုက်ပုံကြီး ကြည့်မကောင်းဘူးလားကွ" လို့ မစ္စတာ ဘတ်လေက သူ့သားတွေကို လှည့်ပြောလိုက်တော့ ဂတ်စ်က
"ဖြစ်ရချည်သေး။ အဖေကဖြင့် တူတောင်မထုနိုင် တော့ဘဲနဲ့ဗျာ" လို့ ပြန်ပြောလိုက်ပါတော့တယ်။
အခန်း (၄၆)
တနင်္ဂနွေနေ့ရောက်တော့ ညီမလေး အိမ်ပြန်ရောက်လာခဲ့ပါတယ်။ ရာသီဥတုကလည်း တကယ့်ကို နွေးထွေးလာပြီဆိုတော့ ကြည့်ရတာ နွေဦးရာသီဆီ လုံးလုံးလျားလျား ကူးပြောင်းလာခဲ့ပြီ ထင်ပါတယ်လေ။ အဖေက ကားနဲ့ အမေ့ကိုသွားကြိုနေတုန်း ကျွန်တော်ကတော့ မီးဖိုချောင်ထဲမှာ မနေ့ညက ရယ်ဒီမိတ် မှာစားထားတဲ့ အကြွင်းအကျန်အခွံတွေကို သတင်းစာနဲ့ထုပ်ပြီး အမှိုက်ပုံးထဲ ထည့်လိုက်ပါတော့တယ်။ ပြီးတော့ ကျွန်တော် အမေ့အတွက် ရေနွေးတစ်အိုး တည်ထား ပေးလိုက်တာပေါ့။ ကျွန်တော် အဖေ့အတွက်လည်း ဘီယာတစ်ဗူးနဲ့ ခွက်ကို အဆင်သင့် ချထားပေးလိုက်ပါသေးတယ်။
ကျွန်တော် အပေါ်ထပ်က ညီမလေးရဲ့ ပုခက်အောက်မှာ စကဲလစ်ချန်ထားခဲ့တဲ့ ငှက်မွှေးလေးကို ထိုးထည့်ထားလိုက်ပါတယ်။ ဒီအိပ်ရာလေးနဲ့ အိပ်ပြီး ညီမလေးတစ်ယောက် အိပ်မက်လှလှလေး တွေ မက်တော့မှာကို စဉ်းစားမိတော့ ကျွန်တော် ပြုံးမိလိုက်ပါတော့တယ်။
နောက်တော့ ကျွန်တော်လည်း မစ္စတာ ဘတ်လေတို့ သားအဖ ဖြိုချသွားလို့ ကွက်လပ်ကြီးကျန်ခဲ့တဲ့ ဂိုဒေါင်နေရာဆီ ကြည့်လိုက်မိပါတယ်။ ဂိုဒေါင်ရဲ့ ပြိုကျမတတ်ဖြစ်နေတဲ့ နံရံကြီးမရှိတော့ပေမယ့် အောက်ခံ သစ်သားတန်းတချို့ကတော့ ခြံထဲမှာ စိုက်လျက် ကျန်နေပါသေးတယ်။ ပြီးတော့ ဒီအရုပ်ဆိုးဆိုး မြေကွက်လပ်မှာ မကြာခင် ဖြစ်လာတော့မယ့် ခြုံပင်လေးတွေ၊ ပန်းပင်လေးတွေနဲ့ မြက်ခင်းလှလှလေးတွေ ပြည့်နေမယ့် ပန်းဥယျာဉ်လေးကို ကျွန်တော် စိတ်ကူးယဉ်ကြည့်မိလိုက်တယ်လေ။
အိမ်ရှေ့က ကားသံကြားတော့ ကျွန်တော်ဖြင့် ရန်တွေတောင် တုန်ပြီး တစ်ကိုယ်လုံး လှုပ်မရ ဖြစ်နေမိပါသေးတယ်။ ကျွန်တော် အသက်ပြင်းပြင်းရှူပြီး စကဲလစ်အကြောင်း တွေးလိုက်ပါတယ်။ ပြီးတော့မှ ကျွန်တော် အိမ်ရှေ့တံခါးကို သွားဖွင့်လိုက်တော့တာပေါ့။ အဖေက ညီမလေးကို သူ့လက်မောင်းထဲမှာ ပွေ့ချီထားပါတယ်။ အမေကတော့ ပြုံးပြီး ကျွန်တော့်ကို ရပ်ကြည့်နေတယ်လေ။
"အိမ်ကနေ ကြိုဆိုပါတယ် အမေ" လို့ ကျွန်တော် အမေ့ကို ပြောလိုက်ပါတယ်။ တကယ်တော့ ဒီစကားပြောဖို့တောင် ကျွန်တော် အတော်လေး လေ့ကျင့်ထားခဲ့ရတာပါ။
အမေက တုန်ရီနေတဲ့ ကျွန်တော့်လက်ကိုကိုင်ပြီး အိမ်ထဲ ၀င်လာခဲ့ပါတော့တယ်။ အမေက ကျွန်တော့်ကို မီးဖိုချောင်ထဲ ခေါ်သွားခဲ့တယ်လေ။ ပြီးတော့ အမေက ကျွန်တော့်ကို ခုံပေါ်မှာ ထိုင်ခိုင်းပြီး ညီမလေးကို ကျွန်တော့်လက်ထဲထည့်လိုက်ပါတယ်။
" သား ညီမလေးက ဘယ်လောက်လှသလဲဆိုတာ ကြည့်လိုက်စမ်းပါဦးကွယ်။ ညီမလေးက ဘယ်လောက်တောင် သန်မာသလဲဆိုတာ ကြည့်ပါဦး သားရယ်"
ကျွန်တော် ညီမလေးကို လက်နဲ့ ချီမလိုက်တော့ ညီမလေးက ကျွန်တော့်လက်ထဲမှာ ထကတော့မလိုကို လှုပ်ရှားနေတော့တာပေါ့။ သူက လက်တွေဆန့်တန့်ပြီး လက်သေးသေးလေးနဲ့ ကျွန်တော့်မျက်နှာကို ကိုင်ဖို့ ကြိုးစားလိုက်ပါသေးတယ်။ သူက ကျွန်တော့်နှုတ်ခမ်းကို လက်နဲ့ဆွဲပြီး ကျွန်တော့်လျှာကိုပါ လျှောက်ကိုင်နေပါတော့တယ်။ သူ့လက် ကျွန်တော့်လျှာပေါ် ရောက်လာတော့ ကျွန်တော် နို့အရသာလိုလို၊ ဆားအရသာလိုလို ထူးထူးဆန်းဆန်း အရသာတစ်ခုကို ရလိုက်တယ်လေ။ ညီမလေးကတော့ အသံသေးသေးလေးပြုလို့ ဂလုဂလုနဲ့ လုပ်နေတော့တာပါပဲ။ ကျွန်တော် သူ့ကို အနားကပ်ပြီး သူ့မျက်လုံးနက်နက်ထဲကို သေချာကြည့်လိုက်တော့ ညီမလေးကလည်း ကျွန်တော့်မျက်လုံးထဲကို စိုက်ကြည့်ပြီး ပြုံးပြပါတယ်။ ကြည့်ရတာ သူက ကျွန်တော့်အိပ်မက်တွေကို ကျွန်တော့်မျက်လုံးအကြည့်တွေကနေတဆင့် မြင်သွားတဲ့ပုံပါပဲ။
"ညီမလေးက ဆေးစစ်ချက်တွေလုပ်ဖို့တော့ ဆက်သွားနေရဦးမှာ သားရဲ့" လို့ အမေက ပြောပါတယ်။
"ဒါပေမယ့် ဆရာ၀န်တွေက သူ့အတွက် အန္တရာယ်ရှိတဲ့ အဆင့်က ကျော်သွားပြီလို့ ပြောကြပါတယ်ကွယ်။ နောက်ဆုံးတော့ သား ညီမလေးက ကျန်းမာလာနိုင်ပြီကွဲ့"
ကျွန်တော်တို့ ညီမလေးကို စားပွဲခုံပေါ်တင်ပြီး သူ့ဘေးမှာ ဝိုင်းထိုင်လိုက်ကြပါတော့တယ်။ ကျွန်တော်တို့ ဘာပြောရမှန်းမသိ ဖြစ်နေခဲ့ကြတာပေါ့။ အမေက လက်ဘက်ရည်သောက်ပြီး ထိုင်နေခဲ့သလို အဖေကလည်း ဘီယာသောက်လို့ အမောဖြေနေလိုက်ပါတယ်။ ကျွန်တော်ရယ်၊ အမေရယ်၊ အဖေရယ် သုံးယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ရယ်လိုက် ငိုလိုက်နဲ့ ဖြစ်နေခဲ့ကြတယ်လေ။
ခဏနေတော့ ကျွန်တော် အိမ်ရှေ့ကနေ တံခါးခေါက်သံကြားလိုက်ရပါရောလား။ ကျွန်တော် သွားဖွင့်လိုက်တော့ မီနာတစ်ယောက် မတ်တပ်ရပ်နေတာကို တွေ့လိုက်ရပါတယ်။ သူ့ကို ကြည့်ရတာ ရှက်ကိုးရှက်ကန်းဖြစ်နေတဲ့ပုံပါ။ ကျွန်တော် သူဒီလိုဖြစ်တာ တစ်ခါမှ မတွေ့ဖူးပါဘူး။ မီနာ ဘာပြောလိုက်သလဲ ကျွန်တော် မမှတ်မိတော့ပါဘူး။ သူက ရှက်ရှက်နဲ့ ထွေရာလေးပါး လျှောက်ပြောရင်း ကျွန်တော့်ကို ကြည့်လို့ စပ်ဖြဲဖြဲနဲ့ ပြုံးနေတယ်လေ။
" လာပါ...လာကြည့်လေ" လို့ ကျွန်တော် သူ့ကို အိမ်ထဲ ခေါ်လိုက်ပါတယ်။
ကျွန်တော်သူ့ကို လက်ဆွဲပြီး မီးဖိုချောင်ထဲ ခေါ်လာခဲ့လိုက်တာပေါ့။ မီနာက အဖေနဲ့ အမေ့ကိုတောင် 'မင်္ဂလာ ညနေခင်းပါရှင်၊ သမီး ရောက်လာလို့ စိတ်မရှိပါနဲ့နော်' ဆိုပြီး ယဉ်ယဉ်ကျေးကျေးနဲ့ နှုတ်ဆက်လိုက်ပါသေးတယ်။ အဖေက မီနာ စားပွဲခုံကို လာလို့ရအောင် ခုံရွှေ့ပေးလိုက်တော့ မီနာက ကလေးနားကို တိုးသွားလိုက်ပါတော့တယ်။
" ကလေးလေးက ချစ်စရာလေးနော်" လို့ မီနာကပြောလိုက်ပါတယ်။
" သူက အင်မတန့်ကို ထူးခြားတဲ့ ကလေးပဲရှင့်"
ပြီးတော့ မီနာ့စကားကြောင့် မီနာအပါအ၀င် ကျွန်တော်တို့အားလုံး ရယ်မိလိုက်ကြ တော့တာပေါ့။
မီနာက ရှက်ကိုးရှက်ကန်း မျက်နှာပေးနဲ့ ဆက်ပြောပါသေးတယ်။
" သမီး လက်ဆောင်တစ်ခုယူလာသေးတယ်ရှင့် ။ အဒေါ်တို့ စိတ်မရှိဘူးလို့ ထင်ပါတယ်ရှင်" ဆိုပြီး မီနာက သူယူလာတဲ့ စက္ကူလိပ်ကိုဖြည်ချလိုက်တော့ အထဲမှာ စကဲလစ်က အတောင်ပံကြီးဖြန့်လို့ ဖြူဆွတ်ဆွတ် မျက်နှာပေးနဲ့ ပြုံးနေတာကို တွေ့လိုက်ရတယ်လေ။
အမေဖြင့် အသက်ရှူတောင် မှားသွားမယ်ထင်ပါတယ်။
အမေက ကျွန်တော်နဲ့ မီနာ့ကို တချက်ကြည့်လိုက်ပါသေးတယ်။ ကျွန်တော်ကတော့ အမေ ဒီကိစ္စနဲ့ ပတ်သက်ပြီး တခုခုမေးတော့မယ်ပဲ ထင်နေခဲ့တာပေါ့။ အမေက ပြုံးပြီးတော့ပဲ နေလိုက်ပါတယ်လေ။
" သမီး လျှောက်ဆွဲထားတာပါရှင်" လို့လည်း မီနာက ဖြေရှင်းချက်ထုတ်လိုက်ပါတယ်။
" ကလေးလေးက သူ့အခန်းထဲမှာ ဒီပုံလေးထားရင် ကြိုက်လောက်မယ် ထင်လို့ပါရှင်"
"သမီးရဲ့ ပန်းချီကားက ချစ်စရာကောင်းပါတယ် မီနာရယ်" လို့ပြောပြီးအမေက ပန်းချီကားကို လှမ်းယူလိုက်ပါတော့တယ်။
" ကျေးဇူးတင်ပါတယ် ရှင်" ဆိုပြီး မီနာက မတ်တပ်ထရပ်လိုက်တယ်လေ။
" ဒါဆို သမီး အဒေါ်တို့ကို မရှုပ်တော့ဘူးနော်"
ကျွန်တော် မီနာ့ကို အိမ်ရှေ့တံခါးထိ လိုက်ပို့ပေးလိုက်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ ပြုံးပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပါတော့တယ်။
" မနက်ဖြန်မှ တွေ့မယ် မီနာ"
" မနက်ဖြန်မှ တွေ့မယ် မိုက်ကယ်"
ညနေခင်းရဲ့ ဆည်းဆာအောက်မှာ လမ်းလျှောက်ပြီးခြံထဲက ထွက်သွားတဲ့ မီနာ့ကို ကျွန်တော် ကြည့်နေမိပါတယ်။ သူလမ်းထဲရောက်သွားတော့ ကြောင်လေး ၀စ်စပါးကလည်း တစ်နေရာကနေ ထွက်လာပြီး သူ့ခြေထောက်နားကပ်လို့နေတယ်လေ။ မီနာ ဆောင့်ကြောင့်ထိုင်ချပြီး ၀စ်စပါးကို လက်နဲ့ အသာအယာသပ်လိုက်တုန်း သူ့ကျောကုန်းပေါ်က အတောင်ပံလေးကိုတောင် ကျွန်တော် ဖြတ်ခနဲ တွေ့လိုက်ရပါသေးတယ်။
မီးဖိုချောင်ထဲ ပြန်ရောက်တော့ အဖေနဲ့ အမေက ညီမလေးအတွက် နာမည်ရွေးနေကြတာကို ကျွန်တော်တွေ့လိုက်ရတာပေါ့။
" ပါစက်ဖနီ ဆို မကောင်းဘူးလား အဖေ" လို့ ကျွန်တော်ပြောတော့ အဖေက
" စကားထောက်လွန်းပါတယ်ကွာ" လို့ ပြောပါတယ်။
ကျွန်တော်တို့ ညီမလေးအတွက် နာမည်ကို အတော်လေး စဉ်းစားလိုက်ရပါတယ်။ နောက်ဆုံးတော့ ကျွန်တော်တို့ ညီမလေးကို
"ဂျွိုင်း" (ပျော်ရွှင်မှုလေး) ရယ်လို့ပဲ နာမည်မှည့်လိုက်ကြပါတော့တယ်။
သက်ပိုင် (မြန်မာပြန်သည်။)
၂၈.၁၂.၂၀၂၀
Whisper Of Words
Https://whisper1of.blogspot.com/
စာအုပ်အညွှန်း
https://whisper1of.blogspot.com/2026/02/skellig-by-david-almond.html

Download link မရှိပါ
ReplyDeleteစာအုပ်အညွှန်း post ထဲမှာပါ။
DeleteTelegram Channel မှာ ဖိုင်။ တိုက်ရိုက် တင်ပေးထားပါတယ်။ https://t.me/TheBookR