ရင်ဆိုင်တွေ့ရာဝယ် AN ENCOUNTER - ဘုန်းမြင့်(မန္တလေး)
ရင်ဆိုင်တွေ့ရာဝယ်
AN ENCOUNTER
ကျွန်တော်တို့အား ဝိုင်းလ်ဝက်စ်နှင့် စတင်မိတ်ဆက်ပေးသူ မှာ ဂျိုးဒီလ်လုံ ဖြစ်သည်။ “သည်ယူနီယံဂျက်”၊ “လခ်” နှင့် “သည်ဟက်ဖ်ပဲနိမာဗယ်” စသည့် စာအုပ်ဟောင်းများ စုဆောင်းထားသော စာကြည့်တိုက်ကလေး သူ့တွင် ရှိနေခဲ့သည်။ ညနေ ကျောင်းဆင်းလျှင် သူတို့အိမ်နောက်ဖေးရှိဥယျာဉ်ထဲတွင် ကျွန်တော်တို့ နေ့တိုင်းဆုံမိကြပြီး လူနီ စစ်ပွဲတိုက်တမ်း ကစားခဲ့ကြသည်။ သူနှင့် သူ့ညီ ခပ်ဝဝ ငပျင်းလီယိုတို့က မြင်းဇောင်းထဲမှ ခုခံစဉ် ကျွန်တော်တို့က တရစပ် ဝိုင်းဝန်း တိုက်ခိုက်ခဲ့ကြသည်။ သို့မဟုတ်ပါက ကျွန်တော်တို့သည် မြက်ခင်းပေါ်တွင် စစ်တိုက်ခဲ့ကြသည်။ သို့သော် ကျွန်တော်တို့ မည်သို့ပင် တိုက်ခိုက်ခဲ့စေကာမူ ဝိုင်းဝန်းပိတ်ဆို့ရာမှာရော၊ စစ်ပွဲ၌ပါ မည်သည့်အခါမှ အနိုင် မရ ခဲ့ကြပေ။ ကျွန်တော်တို့၏ တိုက်ခိုက်မှုများကို ဂျိုးဒီလ်လုံ၏ စစ်အောင်ပွဲ အထိမ်းအမှတ်အကဖြင့် အဆုံးသတ်ခဲ့ကြသည်။ သူ့မိဘများသည် ဂါးဒင်းနားလမ်းရှိ ဘုရားကျောင်း၏ မနက် ရှစ်နာရီ ဝတ်ပြုပွဲသို့ နေ့တိုင်း တက်ရောက်ကြသည်။ အိမ်ဦးခန်း တွင် မစ္စက်ဒီလ်လုံ၏ တည်ငြိမ်အေးချမ်းမှု ရနံ့သာ လွှမ်းနေခဲ့သည်။ သို့သော် သူ့ထက်ငယ်ပြီး သူ့ထက် ပိုကြောက်ရွံ့တတ်သော ကျွန်တော်တို့အတွက် သူသည် ကြမ်းကြမ်းတမ်းတမ်း ကစားတတ်သူ ဖြစ်ခဲ့သည်။ ဥယျာဉ်ထဲတွင် ခုန်ပေါက်ပြေးလွှား နေသောအခါ သူသည် ရက်ဒ် အင်ဒီးယန်းနှင့် တူလှတော့သည်။ လက်ဖက်ရည် ကရားစွပ်ကို ခေါင်း၌ စွပ်ပြီး သံပုံးကို လက်သီးဖြင့်ထုရင်း သံကုန် အော်တော့သည်။
“ဟား၊ ယာကာ၊ ယာကာ၊ ယာကာ”
သူ ဘုန်းကြီးဝတ်တော့မည်ဟု ကြားရသောအခါ မည်သူကမှ မယုံကြည်နိုင်အောင် ဖြစ်ကြရသည်။ မည်သို့ပင် ဖြစ်စေ၊ ဤသတင်းမှာ အမှန်ပင် ဖြစ်သည်။
ထိန်းမနိုင် သိမ်းမရသော စိတ်ဓာတ်မျိုး ကျွန်တော်တို့ အပေါင်းအသင်းများကြားတွင် ပျံ့နှံ့နေခဲ့သည်။ ထို စိတ်ဓာတ်၏ လွှမ်းမိုးမှုအောက်၌ ယဉ်ကျေးမှု အရ ခြားနားမှုလေးများ၊ အဖွဲ့အစည်း ကွဲပြားမှုများကို ပစ်ပယ်ခဲ့ကြသည်။ ကျွန်တော်တို့ တပေါင်းတစည်းတည်း အုပ်စုဖွဲ့လိုက်ကြသည်။ တချို့ကလည်း ရဲရဲဝံ့ဝံ့၊ တချို့ကတော့ နောက်သလို ပြောင်သလို နှင့်၊ တချို့ကတော့ ကြောက်ကြောက်ရွံ့ရွံ့။ အနာခံပြီး ကြမ်းကြမ်းတမ်းတမ်း မရှိလှသည့် ရက်ဒ်အင်ဒီးယန်း ထဲတွင် ကျွန်တော် တစ်ယောက် အပါအဝင် ဖြစ်သည်။ ဝိုင်းလ်ဝက်စ် စာပေများနှင့် ဆက်နွှယ်နေမှုရှိသော စွန့်စားခန်း များသည် ကျွန်တော်တို့ ပင်ကိုသဘာဝနှင့် အလှမ်း ဝေးလှသည်။ သို့သော် အနည်းဆုံးတော့ ထွက်ပေါက်ပေးနိုင် ခဲ့သည်။ ရက်စက်ကြမ်းကြုတ်မှုနှင့် မိန်းမလှကလေးများ ပြတ်တောင်းပြတ်တောင်းပါသော အမေရိကန် စုံထောက် ဝတ္ထုများကို ကျွန်တော်က ပိုမိုနှစ်သက်သည်။ ဤစာအုပ်လေးတွင် ဘာမှ မှားမှားယွင်းယွင်း မပါရှိသည့်တိုင်၊ ဤစာအုပ်များကို ကျောင်းတွင် တိတ်တိတ်ပုန်း လှည့်ဖတ်ကြရသည်။ တစ်နေ့တွင် ဖာသာ ဘတ်တလာက ရောမရာဇဝင် ဖတ်သည်ကို နားထောင်နေစဉ် လူကောင်ကြီးသည့် ဂျိုး ဒီလ်လုံထံမှ “သည်ဟက်ဖ်ပဲနိမာဗယ်” ကူးယူသွားသော စာရွက်မိသွားခဲ့သည်။
“ဒီ စာမျက်နှာလား၊ ဒါမှမဟုတ် ဒီ စာမျက်နှာလား၊ ဒါလား။ ကဲ … ဒီလ်လုံ ထ ထ၊ “နေ့သည်ကောင်းစွာ” ဆက်ဖတ်၊ ဘယ်လိုနေ့လဲ။ “နေအရုဏ် မကျင်းမီ”။ မင်း လေ့လာပြီးပြီလား၊ မင်းအိတ်ထောင်ထဲက ဘာလဲ”
ဂျိုးဒီလ်လုံက ကော်ပီကူးထားသော စာရွက်များကို အပ်လိုက်သောအခါ အားလုံး ရင်တွေ ဒိတ်ဒိတ်ခုန်မိကြပြီး၊ အားလုံး ကိုယ်နှင့် ဘာမျှမဆိုင်သယောင် နေလိုက်ကြသည်။ ဖာသာ ဘတ်တလာက မျက်မှောင်ကြုတ်ထားပြီး လှန်လှော ကြည့်ရှုနေခဲ့သည်။
“ဘယ်လို အညစ်အပတ်တွေလဲ” သူက ပြောလိုက် သည်။ “သည်အက်ပက်ချီချိမ်း” ရောမရာဇဝင်ကို လေ့လာ ရမယ့်အစား မင်း ဖတ်နေတာက ဒါလား။ ဒီလို စုတ်ပဲ့တဲ့ စာအုပ်မျိုး၊ ငါ့ရဲ့ ကျောင်းထဲမှာ နောက်ထပ် မမြင် မတွေ့ ပါရစေ နဲ့။ ဒီစာအုပ်ကို ရေးတဲ့သူဟာ ငါ ထင်ပါတယ်၊ အတော်ဆင်းရဲတဲ့သူမို့ အရက်ဖိုးရအောင် ရေးတာ ဖြစ်မယ်။ မင်းလို ပညာ တတ်တဲ့ လူငယ်လေးတစ်ယောက်က ဒီလို စာအုပ်မျိုး ဖတ်တယ်ဆိုတာ ငါတော့ အံ့အားသင့်မိတယ်။ တကယ်လို့ မင်းဟာ အစိုးရကျောင်းသား တစ်ယောက်ဆိုရင် ငါ နားလည်နိုင်ပါသေးတယ်။ ကဲ …… ခု ဒီလ်လုံ၊ ငါ မင်းကို ပြင်းပြင်းထန်ထန် သတိပေးတယ်။ မင်းရဲ့ အလုပ်ကို လုပ်ပါ၊ မဟုတ်ရင် ....”
ယခုကဲ့သို့ စာသင်ချိန်အတွင်း ပြစ်တင်ကြိမ်းမောင်းမှုသည် ဝိုင်းလ်ဝက်စ်၏ အောင်မြင်မှု အလင်းရောင်။ ကျွန်တော့်အတွက် မှေးမှိန်သွားစေခဲ့သည်။ မဝေခွဲနိုင်အောင် ဖြစ်သွားရသော လီယို၏ မျက်နှာကလည်း ကျွန်တော့် သိစိတ် တစ်ခုလုံးကို နိုးကြွသွားစေခဲ့သည်။ သို့သော် ကျောင်း ပရိဝုဏ်၏ ထိန်းချုပ်မှုသြဇာ ဝေးလံသွားသောအခါ၊ ကျွန်တော်သည် အရိုင်းစိတ်များကို ပြန်လည် တောင့်တမိခဲ့ပြန်သည်။ အစီအစဉ်ကျနသော ထွက်ပြေးမှုက ကျွန်တော့်အား ဖိတ်ခေါ်သယောင် ရှိနေခဲ့သည်။ နောက်ဆုံး၌ ညနေခင်းတွင် စစ်တိုက်တမ်း ကစားရသည်မှာလည်း၊၊ မနက်ပိုင်း ကျောင်းတက် ရချိန်များကဲ့သို့ပင် ကျွန်တော့်အဖို့ ပင်ပန်း နွမ်းနယ်လာခဲ့ရတော့သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော် က တကယ်စွန့်စားမှုမျိုးကို လိုလားနေခဲ့သောကြောင့် ဖြစ်သည်။ သို့သော် တကယ်စွန့်စားမှုမျိုး ဆိုသည်မှာ အိမ်မှာပဲနေနေ လူ့အဖို့ မဖြစ်နိုင်ကြောင်း ကျွန်တော် စဉ်းစားမိသည်။ ပြင်ပ၌ ရှာဖွေရမည် ဖြစ်သည်။
ကျောင်းတက်ရသည့် ပင်ပန်းနွမ်းနယ်မှုမှ အနည်းဆုံး တစ်ရက်ဖြစ်ဖြစ် လွတ်မြောက်အောင် လုပ်ရမည်ဟု ကျွန်တော် စိတ်ပိုင်းဖြတ်လိုက်ချိန်မှာ၊ နွေရာသီ ကျောင်းပိတ်ရက် နီးကပ်လာချိန်တွင် ဖြစ်သည်။ လီယိုဒီလ်လုံနှင့် မာဟိုနီ ဆိုသည့် ကောင်လေးတို့နှင့်အတူ တစ်နေ့တာ ခြေကျင် ခရီးဆက်ဖို့ ကြံစည်လိုက်ကြသည်။ တစ်ယောက်ကို ခြောက်ပဲနိစီ ထည့်ကြရသည်။ ကင်နဲလ်တံတားကို မနက်ဆယ်နာရီ အရောက် ချိန်းလိုက်ကြသည်။ မာဟိုနီ၏ အစ်မကြီးက သူ့အတွက် ခွင့်စာကို ရေးပေးမည်။ လီယိုက သူ့အစ်ကိုကို နေမကောင်းဟု ပြောမည်။ ကျွန်တော်တို့သည် သင်္ဘောများဆီ ရောက်သည့်တိုင် ဂိုထောင်လမ်းတစ်လျှောက်မှ သွားကြရန် စီစဉ်ထားသည်။ ထို့နောက် ကူးတို့ဖြင့် ကူးပြီး ပီဂျင်း ဟောက်စ် သို့ အရောက်သွားကြရန် ဖြစ်သည်။ လီယိုက ဖာသာ ဘတ်တလာကျောင်းမှ တစ်ယောက်ယောက်နှင့် တိုးမည် ကို စိုးရိမ်နေသည်။
သို့သော် မာဟိုနီက ဖာသာဘတ်တလာသည် ပီဂျင်း ဟောက်စ်တွင် ဘာလုပ်စရာရှိ၍ ရောက်နေရမည်နည်းဟု ယုတ္တိတန်သော မေးခွန်းကို မေးလိုက်သည်။ ကျွန်တော်တို့ စိတ်အေးသွားကြရသည်။ ကျွန်တော်၏ ပထမအကြံအစည် ကို အထမြောက်အောင် ဆောင်ရွက်လိုက်သည့်အနေနှင့် ခြောက်ပဲနိ တောင်းလိုက်သည်။ တစ်ချိန်တည်းမှာပင် ကျွန်တော့် ပိုက်ဆံ ခြောက်ပဲနိကိုလည်း ထုတ်ပြလိုက်သည်။ နောက်ဆုံး အစီအစဉ်များကို ပြုလုပ်နေချိန် မသွားမီ တစ်ရက်အလိုတွင် ကျွန်တော့်စိတ်များသည် မသိမသာ လှုပ်ရှားနေခဲ့သည်။
ကျွန်တော်တို့သည် ရယ်ရယ်မောမောနှင့် လက်ဆွဲ နှုတ်ဆက်လိုက်ကြပြီးနောက် မာဟိုနီက ပြောလိုက်သည်။
“အဖွဲ့တို့ မနက်ဖြန်ကျမှ တွေ့ကြတာပေါ့”
ထိုနေ့ညက ကောင်းကောင်းအိပ်မရခဲ့။ ကျွန်တော် က အနီးဆုံးလူ ဖြစ်၍ မနက်လင်းသည်နှင့် တံတားသို့ ကျွန်တော် ရောက်ရှိလာခဲ့သည်။ လူရှင်းနေသော ဥယျာဉ်ထောင့်မှ အမှိုက်ပုံးအနီး ရှည်လျားသည့် မြက်တောအတွင်း ကျွန်တော့် ကျောင်းလွယ်အိတ်ကို ဖွက်ထားလိုက်ပြီးနောက် တူးမြောင်းပေါင်အတိုင်း လျှောက်လာခဲ့သည်။ နေရောင် ဖြာသော ဇွန်လ၏ ပထမပတ်အတွင်းမှာ ဖြစ်သည်။ ကျွန်တော်သည် တံတားပေါင်တန်းပေါ်တွင်ထိုင်ရင်း ညတွင်းချင်း ဆေးတိုက်ထားသော ကင်းဘတ်ဖိနပ်ကို ငုံ့ကြည့်ပြီး သဘောကျနေမိသည်။ လူအပြည့်တင်ထားသော လှည်းကို တောင်ပေါ် လမ်းတစ်လျှောက် သက်သက်သာသာဖြင့် ဆွဲသွားသော မြင်းများကို ကြည့်နေမိသည်။ မြင့်မားလှသော သစ်ပင်တန်းကြီး၌ ရွက်နုများ ဝေနေသည်။ အရိပ်များက ရေပြင်၌ ထင်ဟပ်နေသည်။ တံတားမှ ကျောက်တုံးကြီးများမှာ ပူနွေးစ ပြုလာခဲ့သည်။ ကျွန်တော့်ခေါင်းထဲမှ စိတ်ကူးဖြင့် စည်းချက်လိုက်ရင်း ကျောက်တုံးကို ပုတ်နေမိခဲ့သည်။ ကျွန်တော် ပျော်ရွှင်နေသည်။
ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်ခန့် ထိုင်နေခဲ့ပြီးနောက် ကျွန်တော်သည် နီးကပ်နေသော မာဟိုနီ မီးခိုးရောင်ဝတ်စုံ ကို လှမ်းမြင်လိုက်ရသည်။ သူသည် တောင်ကုန်းလမ်း တစ်လျှောက် ပြုံးပြုံး ပြုံးပြုံးနှင့် တက်လာခဲ့ပြီး ကျွန်တော့်နံဘေး တက်ထိုင် သည်။ ကျွန်တော်တို့ ထိုင်စောင့်နေကြစဉ် သူက အတွင်းအင်္ကျီအိတ်ထဲ၌ ဖောင်းနေသော လေးခွကို ထုတ်ယူ လိုက်ပြီး သူ မည်ကဲ့သို့ ပြင်ဆင်လာကြောင်း ပြောပြသည်။ ကျွန်တော်က ဘာကြောင့် ယူလာရတာလဲဟု မေးသောအခါ သူက ငှက်ကင်စားဖို့ဟု ပြောသည်။ မာဟိုနီသည် ဗန်းစကား အသုံးများပြီး၊ ဖာသာဘတ်တလာ ကိုလည်း အိုးလ် ဘမ်ကာ ဟု ခေါ်လေ့ရှိသည်။ ဆယ့်ငါးမိနစ်ခန့် ထပ်စောင့်ခဲ့သော်လည်း လီယိုဒီလ်လုံကို အရိပ်အယောင်မျှ မတွေ့ရ။ နောက်ဆုံး၌ မာဟိုနီက ခုန်ဆင်းလိုက်ပြီး-
“လာပါကွာ သွားစို့၊ ဖက်တီးက တို့ကို ဘတ်သွားပါပြီ”
“သူ့ပိုက်ဆံကျတော့ကော” ကျွန်တော် မေးလိုက်သည်။
“ဒါ ဘုံပိုင် ဖြစ်သွားပြီ၊ သူ အဆုံးခံရမှာပေါ့” မာဟိုနီ က ပြောလိုက်သည်။
“တို့အတွက် ပိုကောင်းတာပေါ့ကွာ၊ ပိုများလာတာပေါ့”
ဗိုက်ထရီယိုးလ်ဝေါ့ခ် ရောက်သည်အထိ ကျွန်တော်တို့ မြောက်ကမ်းနားလမ်းအတိုင်း လျှောက်လာခဲ့ကြသည်။ ထို့နောက် ညာဘက်ချိုးပြီး ဂိုထောင်လမ်းသို့ ရောက်ရှိလာခဲ့သည်။ လူမြင်ကွင်းမှ ဝေးသည်နှင့် မာဟိုနီသည် ရက်ဒ် အင်ဒီးယန်း အဖြစ် တစ်စခန်း ထ တော့သည်။ အဝတ်အစား စုတ်စုတ်ပြတ်ပြတ်နှင့် ကောင်မလေးများကို သူက လေးခွ ဖြင့် လိုက်လံခြောက်လှန့်သည်။ နွမ်းပါးစွာ ဝတ်ဆင်ထားသော ကောင်လေးနှစ်ယောက်က အတင့်ရဲပြီး ကျွန်တော်တို့ကို ကျောက်ခဲများဖြင့် ပေါက်သောအခါ၊ သူက ပြန်လည် တိုက်ခိုက်ဖို့ အဆိုပြုလာခဲ့သည်။ ကျွန်တော်က ကောင်လေးတွေမှာ ငယ်လွန်းနေသောကြောင့် ငြင်းဆန်လိုက်သည်။ အဝတ်အစားနွမ်းပါးသည့် အုပ်စုက “ဘုန်းကြီးကျောင်းသား” ဟု အော်ဟစ်ရင်း ကျန်ခဲ့သည်။ ကျွန်တော်တို့ကို ပရိုတက်စတင့် ဘာသာဝင်များဟု ထင်ကြသောကြောင့် ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် မာဟိုနီက အသားမည်းပြီး၊ သူ့ ဦးထုပ်တွင် ခရစ်ကက်အသင်းမှ ငွေတံဆိပ်လေး တပ်ဆင် ထားသောကြောင့် ဖြစ်သည်။ “စမုသင်းအိုင်းရင်း” သို့ ရောက်ရှိလာသောအခါ ကျွန်တော်တို့က ဝန်းရံပိတ်ဆို့ တိုက်ခိုက် တမ်း ကစားလိုသော်လည်း၊ အနည်းဆုံး သုံးယောက် ရှိမှ ရမည်ဖြစ်၍ မကစားကြရ။ ဒီလ်လုံအား ငကြောက် ဖြစ်ကြောင်း နှင့်၊ ညနေ သုံးနာရီထိုးလျှင် မစ္စတာရိုင်ယင်ထံမှ သူ မည်မျှရမည်ကို မှန်းဆကြည့်ရင်းဖြင့် သူ့ကို လက်စားချေလိုက် ကြသည်။
မြစ်အနီးသို့ ကျွန်တော်တို့ ရောက်ရှိလာခဲ့ကြသည်။ ကျောက်တံတိုင်း မြင့်မြင့်ကြီးများ ကာရံထားသော ဆူဆူ ညံညံ လမ်းထဲ၌ ကျွန်တော်တို့ အချိန် အတော်ဖြုန်းလိုက်မိကြသည်။ ဝန်ချီစက်ကြီးများဖြင့် လုပ်ကိုင်နေကြသည်ကို မလှုပ် မယှက် ရပ်ကြည့်နေခဲ့မိသဖြင့်၊ သယ်ပို့နေကြသော လှည်းဆရာကြီးများ၏ အော်ငေါက်ခြင်းကို ခံကြရသည်။ ဆိပ်ကမ်းသို့ ရောက်သောအခါ မွန်းလွဲပြီ။ ကမ်းနားမှ သံပိုက်တန်းများပေါ် ထိုင်ရင်း ကျွန်တော်တို့ ဘန်းမုန့်ကြီးများကို စားနေခဲ့ ကြသည်။ ဒဗ္ဗလင်၏ စီးပွားရေးလုပ်ငန်းများကို ကြည့်၍ ကျွန်တော်တို့ ကျေနပ်အားရနေကြသည်။ စက်လှေကြီးများက အဝေးဆီ၌ မီးခိုးများ မှုတ်ထုတ်၍ အချက် ပေးနေခဲ့ကြသည်။ “ရင်းဆမ်း” အလွန်တွင် တံငါလှေ အုပ်စုများကို တွေ့မြင် ရသည်။ တစ်ဖက်ဆိပ်ကမ်းမှ ခွာနေသော ရွက်ဖြူဖြူကြီးများဖြင့် သင်္ဘောကြီးများကိုလည်း တွေ့မြင်ရသည်။ ထိုရွက် သင်္ဘောကြီးများဖြင့် ပင်လယ်တွင်းသို့ လိုက်ပါထွက်ပြေးသွားရလျှင် ကောင်းမည်ဟု ပြောလိုက်သည်။ ကျွန်တော်က မြင့်မား လှသော ရွက်တိုင်များကို ကြည့်၍၊ ကျောင်းမှ ပြတ်တောင်းပြတ်တောင်း ပထဝီ အကြောင်း ကို ကျွန်တော့် မျက်စိရှေ့၌ အကောင်အထည်လိုက် မြင်တွေ့လိုက်ရသည်။ ကျွန်တော်တို့ စိတ်ထဲတွင် ကျောင်းရော၊ အိမ်ရော ပျောက်ကွယ် သွားခဲ့သည်။ သူတို့ သြဇာလွှမ်းမိုးမှုသည် ကျွန်တော်တို့အပေါ် လျော့ပါးလိုက်လာခဲ့သည်ဟု ထင်ရသည်။
လစ်ဖီသို့ ကျွန်တော်တို့ ကူးတို့ဖြင့် ကူးခဲ့ကြသည်။ ကူးတို့ပေါ်တွင် အလုပ်သမားနှစ်ယောက်၊ အိတ်တစ်အိတ် နှင့် ဂျူးတစ်ယောက်တို့ လိုက်ပါလာခဲ့ကြသည်။ ကျွန်တော်တို့သည် မလှုပ်မယှက် ငြိမ်နေမိသည်အထိ အလေးအနက် ဖြစ်နေမိခဲ့သည်။ သို့သော် လမ်းတွင် တစ်ကြိမ်မျှ တစ်ယောက်နှင့် တစ်ယောက် မျက်လုံးချင်း ဆုံမိကြရာ ကျွန်တော်တို့ ရယ်လိုက်မိကြသည်။ ကျွန်တော်တို့ တစ်ဖက်ကမ်းသို့ ရောက်သောအခါ ကျက်သရေရှိလှသော ရွက်တိုင် သုံးတိုင်ပါ သင်္ဘောကြီး ကမ်းမှ ခွာနေသည်ကို ကြည့်နေမိကြသည်။ ရပ်ကြည့်နေကြသူများထဲမှ တစ်ယောက်က နော်ဝေးဂျီးယန်းပိုင် ရွက်သင်္ဘောကြီးဟု ပြောလိုက်သည်။ ကျွန်တော်က သင်္ဘောပဲ့ပိုင်းမှ ဒဏ္ဍာရီဝင် ပန်းပုလက်ရာများကို ကြည့်၍ အဓိပ္ပာယ် ဖော်ကြည့်မိသော်လည်း အဖြေရှာ မရခဲ့ပေ။ ကျွန်တော်က ပြန်လျှောက်လာခဲ့ပြီး သင်္ဘောသားများထဲတွင် မျက်လုံး စိမ်းစိမ်းနှင့်လူ ပါ မပါကို ကြည့်လိုက်သည်။ ကျွန်တော့်ခေါင်းထဲ၌ မရှင်းမလင်း ဖြစ်နေသောကြောင့် ဖြစ်သည်။ သင်္ဘော သားများ၏ မျက်လုံးများသည် အပြာ၊ မီးခိုးနှင့် အနက်ရောင်များ ဖြစ်ကြသည်။ မျက်လုံးစိမ်းနှင့် ဆိုနိုင်လောက်သော သင်္ဘောသားများမှာ ဆိပ်ကမ်း ကပ်စဉ်က ကုန်းပေါင်ပျဉ်ထိုးတိုင်း ပရိသတ် ပွဲကျအောင် နောက်တတ်သည့် သင်္ဘောသား ဖြစ်သည်။
“ကောင်းပြီ၊ ကောင်းပြီ”
မြင်ကွင်းကို ညည်းငွေ့လာသောအခါ ကျွန်တော်တို့သည် ရင်းဆမ်းမှ ထွက်ခွာလာခဲ့ကြသည်။ နေ့သည် မှုန်မှုန် မှိုင်းမှိုင်း ဖြစ်လာခဲ့သည်။ ကုန်စုံဆိုင်များ၏ အလှပြ မှန်ဗီရိုထဲမှ မှိုတက်နေသော ဘီစကွတ်များသည် ဖြူရော်နေခဲ့ပြီး၊ ကျွန်တော်တို့က ဘီစကွတ်နှင့် ချောကလက်အချို့ ဝယ်လိုက်ကြသည်။ တံငါ မိသားစုများ နေထိုင်ရာ လမ်းများထဲသို့ လှည့်လည်သွားလာရင်း ဘီစကွတ်နှင့် ချောကလက်ကို အာသာငမ်းငမ်းဖြင့် စားလျက် ရှိနေခဲ့ကြသည်။ နွားနို့ဆိုင် ရှာမတွေ့ သဖြင့် ကျွန်တော်တို့က လမ်းဘေးဆိုင် တစ်ဆိုင် ဝင်ပြီး “ရပ်စ်ဗယ်ရီ လင်မနစ်” နှစ်ပုလင်း ဝယ်လိုက်သည်။ နှစ်ပုလင်း သောက်ပြီး လန်းလန်းဆန်းဆန်း ရှိလာသောအခါ မာဟိုနီက ကြောင်တစ်ကောင်ကို လမ်းထဲအထိ လိုက် တိုက်ခိုက်သည်။ သို့သော် ကြောင်က လယ်ကွင်းထဲ ဝင်ပြေးသွားခဲ့သည်။ နှစ်ယောက်လုံး ပင်ပန်းလာခဲ့ကြသည်။ လယ်ကွင်းများထဲ ရောက်သည်နှင့် ဆင်ခြေလျှော ရှိရာဘက်သို့ တန်းတန်းမတ်မတ် လာခဲ့ကြသည်။ ထိပ်မှ ကြည့်လျှင် “ဒေါ်ဒါ” ကို မြင်နေရသည်။
အချိန်အတော် နောက်ကျနေခဲ့ပြီ။ လာရင်းဖြစ်သော “ပီဂျင်းဟောက်စ်” သို့ အရောက် ခရီးနှင်မိကြသည်။ ညနေ လေးနာရီမထိုးခင် ကျွန်တော်တို့ အိမ်အရောက် ပြန်ကြရမည် ဖြစ်သည်။ မဟုတ်လျှင် ဘူးပေါ်သလို ပေါ်ကုန်ပေတော့ မည်။ မာဟိုနီက သူ့လက်ထဲမှ လေးခွကို ဝမ်းပန်းတနည်း ကြည့်လိုက်သည်။ သူ့စိတ် ပြန်လည်ရွှင်ပျမလာခင် ကျွန်တော် က အိမ်ကို မီးရထားစီးပြန်ကြရန် ပြောလိုက်သည်။ နေသည် တိမ်တိုက်များအကြား ဝင်သွားပြီး ကျွန်တော်တို့အား စားကြွင်းစားကျန်များ၊ ထိုင်းမှိုင်းလေးလံသော စိတ်ကူးများဖြင့် ကျန်ရစ်စေခဲ့သည်။
ကွင်းပြင်ထဲတွင် ကျွန်တော်တို့ နှစ်ယောက်မှအပ တခြား မည်သူ တစ်ဦးတစ်ယောက်မှ ရှိမနေခဲ့ပေ။ တာရိုးပေါင် ပေါ်တွင် တစ်ယောက်နှင့်တစ်ယောက် စကားမပြောမိကြဘဲ အချိန်အတော်ကြာသည်အထိ လဲလျောင်းနေမိကြသည်။ ကျွန်တော်သည် မိန်းကလေးများ ဗေဒင်ဟောတမ်း ကစားရာတွင် အသုံးပြုလေ့ရှိသော ပင်စည်စိမ်းစိမ်းကလေး များကို ကိုက်နေမိရင်းက သူ့အား ပျင်းရိလေးတွဲ့စွာ ကြည့်နေမိသည်။ သူက တာရိုးတစ်လျှောက် ဖြည်းဖြည်းချင်း လျှောက်လာ နေသည်။ လက်တစ်ဖက်က တင်ပါးပေါ် ထောက်၍၊ ကျန်လက်တစ်ဖက်က တုတ်ကောက်မှ ပန်းပွားကို ထောက်ရင်း လျှောက်လာနေသည်။ သူသည် နက်မှောင်မှောင် အစိမ်းရင့်ဝတ်စုံ ခပ်နွမ်းနွမ်းကို ဝတ်ဆင်ထားသည်။ ဂျယ်ရီဦးထုပ် ဟုခေါ်သော ဦးထုပ်မြင့်မြင့်ကြီးကို ဆောင်းထားသည်။ သူ့ကြည့်ရသည်မှာ အသက်အားဖြင့် အတော်ကြီးပုံ ရသည်။ သူ့ နှုတ်ခမ်းမွေးများ ဖြူနေသောကြောင့် ဖြစ်သည်။ ကျွန်တော်တို့ ခြေရင်းဘက်မှ သူ ဖြတ်လျှောက်သွားသောအခါ သူက ကျွန်တော်တို့ကို ဖျတ်ခနဲ မော့ကြည့်လိုက်ပြီး ဆက်လျှောက်သွားသည်။ ကျွန်တော်တို့က သူ့ကို လိုက်ကြည့်နေမိခဲ့ ကြသည်။ ခြေလှမ်း ငါးဆယ်ခန့် လွန်သွားသောအခါ သူက ပြန်လှည့်လျှောက်လာခဲ့သည်။ ကျွန်တော်တို့ ရှိရာသို့ သူ ဖြည်းဖြည်းချင်း လျှောက်လာနေသည်။ မြေပြင်ကို လက်ကိုင်တုတ်ဖြင့် တစ်ချက်ချင်း ဖြည်းဖြည်း ထောက်ထောက် ကြည့်နေသဖြင့် မြက်ခင်းထဲတွင် တစ်စုံတစ်ရာ ရှာဖွေနေသယောင် ထင်ရသည်။
ကျွန်တော်တို့ ရှေ့တည့်တည့်တွင် သူ ရပ်လိုက်ပြီး လှမ်း၍ နှုတ်ဆက်လိုက်သည်။ ကျွန်တော်တို့က ပြန်နှုတ်ဆက် လိုက်သည်။ ကျွန်တော်တို့ဘေးမှ ဆင်ခြေလျှောတွင် သူက သတိဖြင့် ဝင်ထိုင်လိုက်သည်။ သူက ရာသီဥတု အကြောင်း နှင့် စကား စလိုက်သည်။ နွေရာသီတွင် အတော် ပူအိုက်လိမ့်မည်ဟု ပြောသည်။ ရာသီဥတု အကြီးအကျယ် ပြောင်းလိုက် လာခဲ့သည်မှာ သူ ငယ်ရွယ်စဉ်မှစ၍ ဖြစ်ကြောင်း ပြောပြသည်။ ဘဝတွင် အပျော်ဆုံး အချိန်ကာလမှာ ကျောင်းနေစဉ် ကာလ ဖြစ်သည်မှာ သံသယဖြစ်စရာ မလိုကြောင်း သူက ပြောလိုက်သည်။ သူက သောမတ်စ်မိုး သို့မဟုတ် ဆာ ဝေါ်လတာ စကော့နှင့် လော့ဒ် လစ်တန်တို့၏ စာများကို ဖတ်ဖူးသလားဟု ကျွန်တော်တို့ကို မေးလိုက်သည်။ ကျွန်တော်က သူပြောသော စာရေးဆရာများ၏ စာအုပ်များကို အကုန်ဖတ်ဖူးဟန် ဆောင်လိုက်သည်။ သို့နှင့် နောက်ဆုံး၌ သူက ပြောလိုက်သည်။
“အား .... မင်းကလည်း ငါ့လိုပဲ စာဂျပိုးတစ်ယောက် ပါပဲလား။ အခု ……”
သူက ကျွန်တော်တို့ နှစ်ယောက်ကို မျက်လုံးအပြူးသားနှင့် ကြည့်နေမိသော မာဟိုနီအား လက်ညှိုးထိုးရင်း မေးလိုက်သည်။
“သူကတော့ တစ်မျိုးပဲ၊ သူက အကစားသန်တယ်”
သူက သူ့အိတ်ထဲတွင် ဆာဝေါ်လတာစကော့နှင့် လော့ဒ်လစ်တန်တို့၏ စာအုပ်များ အားလုံးရှိပြီး၊ ဖတ်ရသည် မှာလည်း ဘယ်တော့မှ မငြီးဟု ဆိုလိုက်သည်။
“အမှန်တော့ ....”
သူက ပြောလိုက်သည်။
“ကောင်လေးတွေ ဖတ်လို့ မရနိုင်တဲ့ စာအုပ်မျိုးတွေ လစ်တန်စာအုပ်တွေထဲမှာ ရှိနေတယ်”
မာဟိုနီက ကောင်လေးများ ဘာ့ကြောင့် ဖတ်လို့ မရနိုင်တာလဲဟု မေးလိုက်သည်။ သူ့မေးခွန်းကြောင့် ကျွန်တော် စိတ်လှုပ်ရှားသွားပြီး ရင်ထဲ၌ အောင့်သွားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ထိုလူကြီးက ကျွန်တော့်ကို မာဟိုနီ ကဲ့သို့ပင် ခပ်ညံ့ညံ့တစ်ယောက်ဟု ထင်သွားမည်စိုးသောကြောင့် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ထိုလူကြီးက ပြုံးရုံသာ ပြုံးနေ လိုက်သည်။ သူ၏ ဝါကျင်သော သွားများကြားတွင် ဟောင်းလောင်းပေါက်များကို ကျွန်တော် မြင်တွေ့လိုက်ရသည်။ ထို့နောက် သူက ကျွန်တော်တို့ နှစ်ယောက်အနက် မည်သူ့တွင် ရည်းစားရှိနေသနည်းဟု မေးလိုက်သည်။ မာဟိုနီက သူ့တွင် ရည်းစားသုံးယောက် ရှိသည်ဟု ပြောလိုက်သည်။ ထိုလူကြီးက ကျွန်တော့်တွင် ရည်းစား ဘယ်နှစ်ယောက်ရှိသလဲ ဟု မေးလိုက်ပြန်သည်။ မရှိဟု ကျွန်တော် က ဖြေလိုက်သည်။ သူက ကျွန်တော့်ကို မယုံ၊ အနည်းဆုံး တစ်ယောက်တော့ ရှိရမည်ဟု သူက သေချာပေါက် တွက်သည်။ ကျွန်တော် နှုတ်ဆိတ်နေလိုက်သည်။
“ပြောစမ်းပါ” မာဟိုနီက ထိုလူကြီးအား မလေး မစားနှင့် မေးလိုက်သည်။
“ခင်ဗျားမှာကော ဘယ်နှစ်ယောက်ရှိသလဲ”
ထိုလူကြီးက အရင်အတိုင်း ပြုံးစစနှင့် သူ ကျွန်တော်တို့ အရွယ်တုန်းက ရည်းစားများစွာ ရှိခဲ့သည်ဟု ပြောလိုက် သည်။ “ယောက်ျားလေးမှန်သမျှ” …. သူက ပြောလိုက်သည်။
“ရည်းစားတော့ ရှိကြတာပါပဲ”
သူ့အသက်အရွယ်မျိုးဖြင့် ဤကိစ္စမျိုးအပေါ် သူ၏ သဘောထားသည် ကျွန်တော့်အဖို့ အံ့အားသင့်စရာပင်။ ကျွန်တော့်စိတ်ထဲတွင် ကောင်လေးတွေနှင့် ပတ်သက်၍ ရည်းစားရှိတတ်ကြသည်ဆိုသည်မှာ လက်ခံနိုင်ဖွယ်ရှိသည် ဟု ကျွန်တော် တွေးမိခဲ့သည်။ သို့သော် သူ့ပါးစပ်မှ ထွက်သော စကားလုံးများကိုမူ ကျွန်တော် မနှစ်သက်ပေ။ သူသည် အဘယ့်ကြောင့် ကြောက်ရွံ့မိသကဲ့သို့ သို့မဟုတ် ရုတ်တရက် စိမ့်ချမ်းသွားသကဲ့သို့ တစ်ကြိမ်၊ နှစ်ကြိမ်လောက် တုန်တုန် ယင်ယင် ဖြစ်သွားခဲ့သည်ကို ကျွန်တော် တွေးကြည့်မိလိုက်သည်။ သူ စကားဆက်ပြောသောအခါ လေယူလေသိမ်း ကောင်းမွန်ကြောင်း တွေ့ရသည်။ မိန်းကလေးများ အကြောင်းနှင့် ပတ်သက်၍ သူက စတင်ပြောကြားတော့သည်။ သူတို့လေးတွေ၏ ဆံပင်များ အဘယ်အထိ နူးညံ့ကြောင်း၊ လက်ကလေးတွေမှာ မည်မျှအထိ အိစက်ညက်ညောကြောင်း၊ အကယ်၍ အကြောင်းသိလျှင် မိန်းကလေးများသည် စိတ်ထဲတွင် ထင်မိသလောက်မကောင်း၊ စသည်တို့ကို ပြောပြသည်။ လှပသော မိန်းကလေးများ၏ သွယ်လျသော လက်ချောင်းလေးများ၊ နူးညံ့သော ဆံပင်များကို စေ့စေ့ကြည့်ရင်းဖြင့် သူ ကြိုက်နှစ်သက်တာ ဘာတစ်ခုမျှ မရှိဟု ဆိုသည်။ သူ ပြောဆိုနေသမျှမှာ အလွတ်ရထားသော စာသားများကို ထပ်ခါ တလဲလဲ ရွတ်ပြနေခြင်း သို့မဟုတ် ကိုယ့်စကားလုံးကိုယ် သဘောကျမိ၍လော မပြောတတ်၊ တဖြည်းဖြည်းနှင့် သူ့စိတ်များ သည် ဝဲလည်လိုက်လာသည့် အသွင်ကို ဆောင်နေသည်ဟု ကျွန်တော့်စိတ်ထဲ၌ ထင်မိသည်။ တစ်ခါတစ်ရံတွင် အများ သိပြီး ဖြစ်သော အချက်များကို ရည်ညွှန်းပြောဆိုသကဲ့သို့ ရှိနေတတ်ပြီး၊ တစ်ချက် တစ်ချက်တွင်မူ အသံကို နှိမ့်၍ ခပ်ဆန်းဆန်း ပြောတတ်သည်။ သူ ပြောပုံက တစ်ပါးသူများ မကြားစေလိုသည့် လျှို့ဝှက်ချက်ကို ကျွန်တော်တို့ကိုသာ အသိပေးသကဲ့သို့ ရှိတော့သည်။ သူက စကားကို ထပ်ခါတလဲလဲ ပြောနေသည်။ အလှည့်အပြောင်းလေးများလုပ်၍ သူ၏ ထိုင်းမှိုင်းငြီးငွေ့ဖွယ် လေသံဖြင့် ပြောနေခြင်း ဖြစ်သည်။ ကျွန်တော်က တောင်ကုန်းအခြေသို့ ငေးကြည့်ရင်း သူ့စကားများ ကို နားထောင်နေမိသည်။
အတန်ကြာသောအခါ သူတစ်ယောက်တည်း ဒိုင်ခံ ပြောနေခြင်း ရပ်သွားတော့သည်။ သူက ဖြည်းဖြည်းချင်း ထ ရပ်လိုက်ပြီး ကျွန်တော်တို့ကို မိနစ်အနည်းငယ် ထားရစ်ခဲ့ဦးမည် ဆိုသည်။ ကျွန်တော် ငေးနေသည့်ဘက်မှ မျက်နှာ မလှည့်ရဘဲ ကွင်းပြင်၏ အစွန်းဆီသို့ သူ ဖြည်းညင်းစွာ ထွက်ခွာသွားနေသည်ကို တွေ့လိုက်ရသည်။ သူ ထွက်သွား သောအခါ ကျွန်တော်တို့ နှုတ်ဆိတ်နေမိကြသည်။ မိနစ် အနည်းငယ်မျှ ငြိမ်နေခဲ့ကာ၊ ပြီးနောက် မာဟိုနီ၏ အသံကို ကြားလိုက် ရသည်။
“ဒီမယ် ငါ ပြောမယ်၊ သူ ဘာလုပ်နေတယ်ဆိုတာ ကို ကြည့်လိုက်”
ကျွန်တော်က ပြန်လည်း မပြော၊ လှည့်လည်း မကြည့်သဖြင့် မာဟိုနီက ထပ်ပြောလိုက်သည်။
“ငါပြောမယ်၊ ဒီလူကြီးဟာ အတော်ဆန်းတာပဲ”
“တို့နာမည်ကို သူ မေးလာခဲ့ရင် ……” ကျွန်တော်က ပြောလိုက်သည်။
“မင်းက မာဖီ၊ ငါက စမစ်နော် .... မှတ်ထား”
ကျွန်တော်တို့ စကားဆက်မပြောဖြစ်ကြပြန်။ ထို လူကြီး ကျွန်တော်တို့အနား ပြန်လာထိုင်ခဲ့လျှင် ကျွန်တော်တို့ အနေနှင့် ဆက်ထိုင်နေရကောင်းနိုး၊ ထ သွားရကောင်းနိုး ချင့်ချိန်နေမိကြသည်။ သူ ဝင်ထိုင်၍မှ ဖင်နေရာ မကျသေး ခင်၊ မာဟိုနီက ခပ်စောစောက လွတ်သွားသော ကြောင်ကို မြင်လိုက်၍ ဆတ်ခနဲ ထ သွားပြီး ကွင်းပြင်ထဲ အပြေးလိုက်ဖမ်း တော့သည်။ ထိုလူနှင့် ကျွန်တော်က မာဟိုနီ ကြောင် လိုက်ဖမ်းသည်ကို ကြည့်နေမိကြသည်။ ကြောင် လွတ်ထွက်သွား ပြန်သည်။ မာဟိုနီက ကြောင်ထွက်ပြေးသွားသော တံတိုင်းပေါ် ကျောက်ခဲဖြင့် ပေါက်လျက် ရှိနေခဲ့သည်။ ခဲ အပေါက် ရပ်နားသောအခါ သူသည် ကွင်းပြင်ထဲ၌ ရည်ရွယ်ချက် မရှိဘဲ လမ်းသလားနေမိသည်။
အတန်ကြာ နားပြီးမှ ထိုလူကြီးက ကျွန်တော်တို့ကို စကားစလိုက်သည်။ ကျွန်တော့်သူငယ်ချင်းမှာ အတော် စရိုက်ကြမ်းသည်ဟု သူက ပြောလိုက်သည်။ ကျောင်းမှာ သူ ခဏခဏ အရိုက်ခံရသလားဟုလည်း မေးသည်။ ကျွန်တော် က သူပြောသလို အရိုက်ခံရအောင် ကျွန်တော်တို့သည် အစိုးရကျောင်းသား မဟုတ်ဟု အောင့်သက်သက်နှင့် ပြန်ဖြေ လိုက်မည် ပြုပြီးမှ အသာ ငြိမ်နေလိုက်သည်။ သူက ကောင်လေးများကို ရိုက်နှက် ဆုံးမရသည့်အကြောင်း စတင် ပြောတော့သည်။ သူ့စိတ်သည် သူ့စကားတွင် သူ ပြန်သာယာနေမိသည့်အလား အကြောင်းအရာသစ် တစ်ခု၏ ဗဟိုဆီသို့ တစ်ရစ်ပြီးတစ်ရစ် တက်လာခဲ့သည်။ ကောင်လေးများသည် ထိုကဲ့သို့ အမျိုးအစားတွင် ပါဝင်နေခဲ့လျှင် ရိုက်ဖို့ ကောင်းလိုက်သည်မှာ ငါးဖယ်တေသလိုကို ရိုက်နှက်ပစ်သင့်ကြောင်း ပြောသည်။ ကောင်လေးတစ်ယောက်သည် စရိုက် ကြမ်းပြီး ထိန်းမနိုင် သိမ်းမရ ဖြစ်လာခဲ့လျှင် ရေရေလည်လည် ရိုက်ဆုံးမရုံမှအပ တခြားဘာမှ လုပ်၍ မရဟု ဆိုသည်။ သူ လိုလားသည်မှာ ဘဲဥကြိမ် ရေစိမ်ရိုက်သည့် အဖြစ်မျိုးသာ။ ကျွန်တော်က သူ့သဘောထားကို အံ့အားသင့်မိသဖြင့် သူ့ကို အမှတ်မထင် မော်ကြည့်မိလိုက်သည်။ ထိုသို့ ကြည့်လိုက်စဉ် လှုပ်နေသော နဖူးရေအောက်မှ စိမ်းပြာပြာနှင့် စူးစူးရှရှ သူ့မျက်လုံးများနှင့် အကြည့်ချင်း ဆုံလိုက်မိသည်။ ကျွန်တော် မျက်စိလွှဲပစ်လိုက်ရ ပြန်သည်။
ထိုလူကြီးက သူ၏ တစ်ဖက်သတ် ပြောဆိုမှုကြီးကို စတင်လိုက်ပြန်သည်။ အကယ်၍ သူ့အနေနှင့် ကောင်လေး တစ်ယောက်သည် ကောင်မလေးတစ်ယောက်နှင့် စကားပြောနေခဲ့လျှင်၊ သို့မဟုတ် ရည်းစားရှိမှန်း သိနေခဲ့ရလျှင် သူသည် ကောင်လေးကို ကြာပွတ်နှင့် ရိုက်ပြီးရင်း ရိုက်မည် ဟု ပြောသည်။ သို့မှသာ မိန်းကလေးများနှင့် စကားမပြောရ ဆိုသည် ကို ထိုကောင်လေးအား ဆုံးမပြီးသား ဖြစ်လိမ့်မည်။ ထို့နောက် ကောင်လေးတစ်ယောက်သည် ရည်းစားရှိလျက်နှင့် မရှိ ပါဟု ညာပြောခဲ့လျှင်၊ သူ့အနေနှင့် ကောင်လေးတွေ ကမ္ဘာကြီးထဲ ရောက်မလာအောင်ကို ကြာပွတ်နှင့် ရိုက်မည် ဟု ဆိုသည်။ သူ့တွင် ဤအလုပ်ထက် ကြိုက်နှစ်သက်သော အလုပ်မျိုး ကမ္ဘာပေါ်တွင် မရှိတော့။ ထိုကလေးမျိုးကို သူ မည်သို့ မည်ပုံ ရိုက်နှက်မည့် အကြောင်းတို့ကို ပုံပေါ်အောင် ပြောပြလျက် ရှိနေသည်။ သူ ပြောပြပုံမှာ အလွန်အကျူး လျှို့ဝှက်ဆန်းပြားမှုကို တစ်ဆင့်ချင်း ဖြေပြသကဲ့သို့ ရှိတော့သည်။ ထိုသို့ လုပ်ရသည်ကိုလည်း သူ အနှစ်သက်ဆုံး။ သူ၏ ငြီးငွေ့ဖွယ် လေသံဖြင့် လျှို့ဝှက်ဆန်းပြားမှုကို ပြောပြရာ သူ့အသံမှာ မြတ်နိုးလေးစားဖွယ် ကောင်းလာပြီး၊ သူ့ကို နားလည် သဘောပေါက်အောင် ကျွန်တော့်ကို ရှင်းလင်း တောင်းပန်နေသယောင် ထင်လာခဲ့ရတော့သည်။
သူ့ တစ်ကိုယ်တော်မိန့်ခွန်း ပြီးဆုံးသွားခဲ့ပြန်သည်။ ထို့နောက် ကျွန်တော်က ဆတ်ခနဲ ထ ရပ်လိုက်သည်။ မဟုတ်လျှင် ကျွန်တော့်ရင်ထဲ၌ ကတုန်ကယင်ဖြစ်အောင် စိတ်လှုပ်ရှားနေမှု ပေါ်သွားတော့မည် ဖြစ်သည်။ ကျွန်တော် ခဏ ဆိုင်းနေလိုက်သည်။ ကင်းဘတ်ဖိနပ်ကို ပြင်စီးဟန် ဆောင်လိုက်သည်။ ထို့နောက် ကျွန်တော်တို့ သွားရတော့မည့် အကြောင်းကို ပြောလိုက်သည်။ သူ့ကို နှုတ်ဆက်လိုက်သည်။ ကုန်းလျှောကို ကျွန်တော် တည်ငြိမ်စွာ တက်လှမ်း လာခဲ့ သည်။ သို့သော် သူက ကျွန်တော့်အား ခြေမျက်စိမှ လှမ်းဆွဲဖမ်းလိုက်မည်ကို ကြောက်စိတ်ဖြင့် ရင်များ ထိတ်ထိတ်ခုန် နေသည်။ ကုန်းလျှောထိပ်သို့ ရောက်သောအခါ ကျွန်တော် လှည့်ကြည့်လိုက်သည်။ သူ့ကိုတော့ မကြည့်။ ကွင်းပြင်ထဲ လှမ်းအော်ခေါ်လိုက်သည်။
“မာဖီရေ”
ရဲတင်းဟန်ဆောင်၍ ဇွတ်ညှစ်အော်လိုက်ရသော ကို ကျွန်တော့်အသံပင်။ ကျွန်တော်၏ ရွံမုန်းဖွယ် နည်းဗျူဟာ ကြောင့် ကျွန်တော် ရှက်မိပါသည်။ ကျွန်တော်က ထိုနာမည် ထပ်အော်ခေါ်လိုက်ပြန်သည်။ မာဟိုနီက ကျွန်တော့်ကို လှမ်း၍ မြင်တွေ့သွားသောအခါ ပြန်ထူးလိုက်သည်။ ကွင်းပြင်ကို ဖြတ်၍ သူ ကျွန်တော့်ဆီ ပြေးလာနေချိန်တွင် ကျွန်တော့် ရင်များ ခုန်လိုက်ပါဘိ။ ကျွန်တော့်ကို အကူအညီပေးရန် သူ ပြေးလာသကဲ့သို့ ဖြစ်နေသည်။ ကျွန်တော် ဝမ်းနည်းနေ မိသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်သည် သူ့ အပေါ်၌ အမြဲတမ်း အထင်အမြင် နည်းနည်းသေး ခဲ့သောကြောင့် ဖြစ်သည်။
ဘုန်းမြင့် (မန္တလေး)
[စပယ်ဖြူ၊ အမှတ် (၆၉)၊ စက်တင်ဘာ၊ ၁၉၉၁]

Comments
Post a Comment
တခုခု ပြောထားခဲ့ပါ။