လီဇာ - မောင်စည်သူ
လီဇာ - မောင်စည်သူ (LIZA OF LAMBETH - W. SOMERSET MAUGHAM)
ဆမ္မားဆက်မွန်ရဲ့ လီဇာကို စာပေဝေဖန်သူတွေက Naturalism စာပေလို့ ဆိုတယ်ဗျ။ ဒါနဲ့လိုက်ရှာကြည့်တော့ A literary movement that applies scientific determinism to fiction, showing characters shaped by heredity, environment, and social conditions.
မျိုးရိုး၊ ပတ်ဝန်းကျင်နှင့် လူမှုအခြေအနေတွေက ဇာတ်ကောင်တွေရဲ့ ဘဝကို ကြိုတင်သတ်မှတ် ပေးတယ် ဆိုတာကို သိပ္ပံနည်းကျပြသတဲ့ စာပေပုံစံတစ်မျိုးလို့ ဆိုရင် နီးစပ်မလား။
အခုဒီစာအုပ်ထဲက မိန်းမလှလေး လီဇာ က Victorian ခေတ်က လန်ဒန်မြို့ရဲ့ အဆင်းရဲဆုံးရပ်ကွက် Lambeth မှာ မွေးဖွားလာခဲ့တဲ့ အလုပ်သမားအမျိုးသမီးပါ။ စက်ရုံမှာ အလုပ်လုပ်တယ်။အိမ်မှာ အရက်စွဲနေတဲ့ အမေနဲ့ နေရတယ်။ ပညာရေးမရှိ။ အနာဂတ်မျှော်လင့်ချက်မရှိ။ ရုပ်ရည်ကတော့ အတော်လှတယ်။ လည်ပြန်ငေးရလောက်အောင် လူကြိုက်များ၊ ထင်ရှားတယ်ပေါ့။
စာအုပ်ရဲ့ပထမပိုင်းမှာ လီဇာတစ်ယောက် ပုရိသတွေရဲ့ အသည်းနှလုံးကို ဖမ်းစားနေတာ မြင်ရတော့ လူအုပ်ထဲက တစ်ယောက်နေရာက အမြင်မျိုးနဲ့ သူမရဲ့ ဆွဲဆောင်မှုမှာ အညှို့ခံလိုက်ရတယ်။ သို့သော်လည်း ဖတ်ရင်းဖတ်ရင်း မယားရှိပြီးသား ကလေးအဖေဂျင်နဲ့ လီဇာ ဆုံလိုက်ကတည်းက မသိမသာ စိတ်ထဲ လေးလံလာတယ်။ စာအုပ်အဆုံးသတ်ကို ရောက်မှပဲ တစ်လျှောက်လုံး တရိပ်ရိပ်တိုးလာနေတဲ့ အထုပ်အပိုးကြီးကို သတိပြန်ပြုမိရတဲ့အဖြစ်။
လီဇာရဲ့အဖြစ်က ဆင်းရဲလို့ ဒီလိုဖြစ်ရတာပါဆိုတဲ့ အချက်ကိုတော့ဖြင့် လက်မခံချင်ဘူး။ ပတ်ဝန်းကျင် လွှမ်းမိုးမှုကိုတော့ဖြင့် အတိုင်းအတာတစ်ခုထိ လက်ခံရလိမ့်မယ် ထင်တယ်။ လိင်၊ အရက်၊ အိမ်တွင်းအကြမ်းဖက်မှု၊ ဆင်းရဲဒုက္ခ စတာတွေနဲ့ လီဇာလို မိန်းမလှလေးဟာ မအပ်စပ်ပေမယ့် ပတ်ဝန်းကျင်၊ လူမှုအသိုင်းအဝိုင်းမှာ ဒါတွေဟာ မြင်နေကြားနေကျ ဖြစ်နေလေတော့ အတုယူစရာ၊ သာမန်ဖြစ်ရပ်တွေ ဖြစ်လာတယ်။ လီဇာဟာ ကြာတစ်ပွင့်ဆိုရင် နွံထဲကကြာဟာ ကြည်လင်ပြာလဲ့နေတဲ့ ရေကန်သာထဲက ကြာလောက် မလှမှာကတော့ သဘာဝပဲမလား။
ရာပြည့်တိုက်ထုတ် စာအုပ်အဖုံးက လီဇာကို သရုပ်ဖော်ထားတာ သတိထားမိတယ်ဗျ။ ကျားနဲ့ ပနံသင့်နေတဲ့ မိန်းမပျိုတစ်ယောက်၊ တစ်ကိုယ်လုံးကို အနက်ရောင်ဂါဝန် ဆင်မြန်းထားပြီး ဦးထုပ် ဆောင်းထားတယ်။ အဖုံးနဲ့ ဇာတ်လမ်းက မတူပေမယ့် လီဇာရဲ့ သရုပ်သကန်ကို သေချာ ပုံဖော် ပြထားနိုင်တာကို ခံစားမိတယ်။
လီဇာကို ဖတ်ရတာ ‘မေ’စာအုပ်ထဲက သခင်ဗဟိန်းရဲ့ အမှာစာထဲကလို ရှန်ပိန်တစ်ခွက် သောက်ရသလိုပဲ။ ထူးထူးကဲကဲ ရှိန်းခနဲ ဖိန်းခနဲဖြစ်သွားတဲ့ ခံစားချက်မျိုး ခပ်ဆင်ဆင် ရလိုက်တယ်။ ဒီလိုဆိုလို့ လီဇာနဲ့ မေဟာ တူပါတယ်လို့ သိမ်းကျုံးယူဆလိုခြင်း မဟုတ်ပါဘူး။ ဒီဝတ္ထုဟာ မြန်မာ့ စာဖတ်ဝါသနာရှင်တွေနဲ့ မစိမ်းတဲ့ ဆမ္မားဆက်မွန်ရဲ့ ပထမဆုံး ဝတ္ထုလက်ရာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဝတ္ထုကို သူက Lambethမြို့ St.Thomas ဆေးရုံမှာ ဆေးကျောင်းသားအနေနဲ့ အလုပ်ဝင်စဉ်က ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကနေ ဖြစ်လာတဲ့ ဇာတ်လမ်းလို့ဆိုတယ်။ သူက သူ့ခေတ်သူ့ခါက အခြားစာရေးဆရာတွေနဲ့ မတူဘဲ စောင့်ကြည့်လေ့လာ မှတ်တမ်းတင်တဲ့ သဘောမျိုးနဲ့ အောက်အလွှာ လူတန်းစားဘဝကို သရုပ်ဖော် တင်ဆက်ပြတယ်။ ဒီဝတ္ထုနဲ့ပတ်သက်ပြီး အတော်လေးလည်း ဝေဖန်ခံခဲ့ရတယ်လို့ ဖတ်ရတယ်ဗျ။ ဆမ္မားဆက်မွန်ကို ဆရာဝန်ဘဝကနေ စာရေးဆရာဘဝ ရောက်အောင် တွန်းပို့ခဲ့တဲ့ ကျော်ကြားမှုတွေအထဲ ဒီစာအုပ်ဟာလည်း တစ်အုပ်အပါအဝင်ပေါ့။
စာရေးဆရာ မောင်စည်သူအကြောင်း ထပ်ရှာကြည့်တော့ ဒဂုန်တာရာရဲ့ဦးလေး ဖြစ်တယ်လို့ ဆိုပါတယ်။ ရှုမဝမှာ ဘာသာပြန်ထည့်ပြီး နောက်မှ ရာပြည့်က ၂၀၂၀မှာ ငွေရတုအထိမ်းအမှတ် အဖြစ် ပထမအကြိမ် ထုတ်ဝေခြင်း ဖြစ်ပါကြောင်း။ အချိန်ရရင် ဖတ်ရှုကြည့်ကြပါဦးခင်ဗျာ။
#Youths_book_reflections #လီဇာ #မောင်စည်သူ #bookreview
https://youthsbookreflections.blogspot.com
#Liza_of_Lambeth #SomersetMaugham #Naturalism
စာအုပ်ဖတ်ရန်
https://whisper1of.blogspot.com/2026/02/liza-mg-si-thu.html
Download Epub Kfx
ဆမ္မားဆက်မွန်
https://en.wikipedia.org/wiki/W._Somerset_Maugham
မောင်စည်သူ

Download မရသေးဘူးလား ရှင့်
ReplyDeleteTelegram ချန်နယ်မှာ မတင်ရသေးလို့ပါ။ အဲဒီမှာ တင်ရင်းနဲ့ ဒီမှာ လည်း တခါတည်း တင်ပါတယ်။
DeleteCan't download.
ReplyDelete✔️
Delete