အနှေးလူ - တော်ကောင်းမင်း

 


ဘာသာပြန်သူ၏ အမှာ

 

အနှေးလူ မှာ နိုဗဲဆုရ စာရေးဆရာကြီး ဂျေ အမ် ကူဇေး၏ ၂၀၀၅ ခုနှစ်တွင် ထုတ်ဝေသော ဝတ္ထု ဖြစ်သည်။ ဂျေ အမ် ကူဇေးသည် ၂ဝဝ၃ ခုနှစ်တွင် စာပေဆိုင်ရာ နိုဗဲဆု ဆွတ်ခူး ရရှိခဲ့ပေရာ ဤဝတ္ထုမှာ သူ ဆုရပြီးနောက် ပထမ ဆုံး ထွက်ရှိလာသည့် ဝတ္ထု ဖြစ်လေသည်။

မြန်မာပြန် အနေဖြင့်မူ ယခု ဝတ္ထုသည် တတိယမြောက် ဂျေ အမ် ကူဇေး ဝတ္ထု ဖြစ်၍ ရှေ့ နှစ်အုပ်မှာ အရှက် နှင့် မိုက်ကယ် ကေ၏ ဘဝနှင့် ခေတ် ဖြစ်ပေသည်။ ရှေ့နှစ်အုပ်နှင့် မတူသည်မှာ ယခုဝတ္ထုသည် တောင်အာဖရိက နောက်ခံဝတ္ထု မဟုတ်တော့ဘဲ သြစတြေးလျကို နောက်ခံပြုထားသည့် ဝတ္ထု ဖြစ်နေခြင်း ပေတည်း။ ဂျေ အမ် ကူဇေး သည် ယခုအခါ ဩစတြေးလျသို့ ပြောင်းရွှေ့၍ နေထိုင်လျက် ရှိသည်။

သာယာသည့် မနက်ခင်း တစ်ခုတွင် အသက် ခြောက်ဆယ်ကျော် အရွယ် ပေါ ရေမွန် စက်ဘီးစီး၍ ဈေးဝယ် ထွက်လာရင်း ကား အတိုက် ခံလိုက်ရပြီး ခြေတစ်ဖက် အဖြတ် ခံလိုက်ရခြင်းမှ ဇာတ်လမ်း စခဲ့သည်။ သည့်နောက်တွင် သူ့ကို လာရောက် ပြုစုပေးသည့် လင်ရှိ မယား၊ ကလေး သုံးယောက် အမေ ခရိုအေးရှား သူနာပြု မာရီယားနား အပေါ် မငြိတွယ်သင့်သော သံယောဇဉ် ငြိတွယ်မိ၏။ ထိုသံယောဇဉ် နှောင်ကြိုးကို ပိုရှုပ်စေပြီးမှ ပြန်ဖြေပေးခဲ့သူမှာ စာရေး ဆရာမ အဲလစ်ဇဘက် ကော့စတယ်လို ဆိုသူ အဘွားကြီး။ အဲလစ်ဇဘက် ကော့စတယ်လိုမှာ ဤဝတ္ထု မတိုင်မီ ၂ဝဝ၃ ခုနှစ်က ဂျေ အမ် ကူဇေး ထွက်ရှိခဲ့သော အဲလစ်ဇဘက် ကော့စတယ်လို Elizabeth Costello ဝတ္ထုထဲက ဇာတ်ကောင် လည်း ဖြစ်သည်။

ယခု ဝတ္ထုကို ဂျေ အမ် ကူဇေးသည် သမားရိုးကျ ရေးဟန်မှ ဖောက်ထွက်၍ တစ်မူထူးသော ရေးဟန်ဖြင့် ရေးဖွဲ့ ထားပေရာ ဝတ္ထုထဲက အဲလစ်ဇဘက် ကော့စတယ် လိုမှာ ဝတ္ထုရေးဆရာ၏ ကိုယ်ပွားသဖွယ် ဖြစ်၍ ဇာတ်ကောင် ပေါ ရေမွန်ကလည်း မိမိအား ကြိုးကိုင်ခြယ်လှယ်ဖို့ ရောက်ရှိလာသူ ဝတ္ထုရေးဆရာမ တစ်ဖြစ်လဲ အဲလစ်ဇဘက် ကော့စတယ်လို ကို အပြင်းအထန် ငြင်းဆန်ခဲ့လေသည်။

ထိုသို့သော ဝတ္ထုရေးဟန်ကို အင်္ဂလိပ်လို metafiction ဟုလည်း ခေါ်ကြသည်။

မြန်မာပြန် အဖြစ် ထွက်ရှိပြီး ဖြစ်သော ဂျေ အမ် ကူဇေး၏ ဝတ္ထုများ အနက် မိုက်ကယ် ကေ၏ ဘဝနှင့် ခေတ် မှာ အသက် သုံးဆယ်ကျော် အရွယ် အနှိမ်ခံ လူသား တစ်ယောက် အကြောင်းကို ရေးဖွဲ့ထားခြင်း ဖြစ်၍ အရှက် မှာ အသက် ငါးဆယ်ကျော် အရွယ် ပညာတတ် လူတန်းစား တစ်ယောက် အကြောင်းကို ရေးဖွဲ့ ထားကာ ယခု အနှေးလူ မှာမူ အသက် ခြောက်ဆယ်ကျော် အရွယ် ဒုက္ခိတ တစ်ယောက် အကြောင်းကို ရေးဖွဲ့ ထားပေသည်။

အရှက် ဝတ္ထုကို ပထမဆုံးသော မြန်မာပြန် ဂျေ အမ် ကူဇေး ဝတ္ထု အဖြစ် ၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလတွင် လည်းကောင်း၊ ဒုတိယအုပ် အနေဖြင့် မိုက်ကယ် ကေ၏ ဘဝနှင့် ခေတ် ဝတ္ထုကို ၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာလတွင် လည်းကောင်း ဘဝ တက္ကသိုလ်က ထုတ်ဝေခဲ့ပြီး ယခု အနှေးလူ ဝတ္ထုမှာ တတိယအုပ် ဖြစ်ပေသည်။

ဤသို့လျှင် ဂျေ အမ် ကူဇေး၏ အနှေးလူ ဝတ္ထုကို မြန်မာ စာဖတ် ပရိသတ်နှင့် မိတ်ဆက်ပေးလိုက်ပါသည်။

 

တော်ကောင်းမင်း

၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီလ။


Comming Soon 

Comments

Most Popular

ဖား - တော်ကောင်းမင်း

တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့်

ငြိမ်းတယ် ချမ်းတယ် မိုး - မင်းကျော်

နှင်းရိပ်ပြာ‌မှောင် - မောင်ရှင်စော

တစ္ဆေ - မင်းကျော် - Book Review

ရူးမူရာကာမိ - တိုကျိုကျဆုံးခန်း လက်ရွေးစင်ဝတ္ထုတိုများ - မိုးသက်ဟန်

စကားလက် သို့မဟုတ် လေရူးသုန်သုန် အဆက် - တင်မောင်မြင့်

ရွက်လှပန်း - မိုးမိုး(အင်းလျား)

မာန် - မောင်ထွန်းသူ - Book Review