သတ္တမနေ့ - တော်ကောင်းမင်း
ဘာသာပြန်သူ၏ အမှာ
သတ္တမနေ့ မှာ တရုတ်စာရေးဆရာ ယွီဟွာ၏ နောက်ဆုံးထွက်ရှိထား သော ဝတ္ထုရှည် ဖြစ်ပြီး၊ ၂ဝ၁၃ ခုနှစ်တွင် ထုတ်ဝေခဲ့ပါသည်။ ၄င်းဝတ္ထုမှာ သေပြီးအလွန် ဇာတ်လမ်းတစ်ပုဒ် ဖြစ်၏။ ဝတ္ထုထဲတွင် သေပြီးလူ တစ်ယောက်ဖြစ်သော ယန်ဖေးက မိမိ၏ သေပြီးနောက် ခုနစ်ရက်တာကာလ အတွေ့အကြုံများကို ပြောပြရင်း လူ့လောက၏ ယုတ္တိမဲ့သည့် ဖြစ်ရပ်များကိုပါ နောက်ကြောင်းပြန်ပြထားပေသည်။ ဝတ္ထုထဲက အဓိက ဇာတ်ကောင် ယန်ဖေးမှာ လူ့အဖွဲ့အစည်းထဲက သာမညောင်ည တစ်ယောက်သာ ဖြစ်၏။ မယားဖြစ်သူ က တခြား ယောက်ျားနောက် ပါသွား၏။ ကင်ဆာရောဂါသည် ဖခင်ကလည်း နှုတ်မဆက်ဘဲ ထွက်ခွာသွား၏။ တစ်နေ့သ၌ စားသောက်ဆိုင်တွင် ပေါက်ကွဲမှု တစ်ခုနှင့် ကြုံပြီး ယန်ဖေးတစ်ယောက် ရုပ်ပျက်ဆင်းပျက် သေသွားလေ၏။ သေပြီးနောက် ယန်ဖေးမှာ အသုဘကိစ္စ စီစဉ်ပေးမည့်သူ မရှိ။ ဝမ်းနည်းခြင်း အထိမ်းအမှတ် လက်ပတ်နက်ကိုပင် ကိုယ့်ဘာသာ ကြံဖန် ရှာပတ်၍ ကိုယ့်အတွက် ကိုယ် ဝမ်းနည်းခြင်းအထိမ်းအမှတ် လုပ်ရ၏။ သက်ရှိလူတွေ နေထိုင်ကြသည့် ကမ္ဘာမှာ လူတို့သည် မွေးကတည်းက တန်းတူညီမျှ မရှိကြသလို၊ သေပြီးချိန်မှာလည်း တန်းတူညီမျှ မရှိကြသည်ကို ဝတ္ထုအစမှာပင် ဖတ်ရှုသိရှိရမည် ဖြစ်သည်။ တန်းတူညီမျှ ရှိသည့် နေရာကား အဘယ်မှာနည်း။ ထိုတန်းတူ ညီမျှရှိသည့် နေရာဆီ သို့ ယန်ဖေးတစ်ယောက် သေလွန်ပြီး နောက် ဖခင်ပျောက် ရှာပုံတော်ဖွင့်ရင်း ရောက်ရှိသွားလေသည်။
သတ္တမနေ့ ဝတ္ထုတွင် သေပြီးသူများသည် မီးသင်္ဂြိုဟ်ခံရပြီး အရိုးပြာ ကို အရိုးအိုးထဲ ထည့်၍ သင်္ချိုင်း မြေကွက်တွင် မြှုပ်နှံသင်္ဂြိုဟ်ခံရပြီးမှသာ ငြိမ်ဝပ်စွာ နားစက်နိုင်မည်ဆိုပြီး ဝတ္ထုရေးဆရာက သတ်မှတ်ထား၏။ သို့ဖြစ်၍ အရိုးအိုး မရှိသူများ၊ သင်္ချိုင်းမြေကွက် မရှိသူများမှာ ငြိမ်ဝပ်စွာ နားစက်ဖို့ရာ မဖြစ်နိုင်ကြချေ။ ထိုသူတို့သည် ငြိမ်ဝပ်စွာ နားစက်ရာနှင့် သက်ရှင်နေထိုင်ရာ နေရာနှစ်ခုကြားက စပ်ကူးမပ်ကူး နေရာတစ်ခုတွင် လှုပ်ရှားသွားလာ နေကြရ၏။ ထိုအကြောင်းတွေကို ဝတ္ထုရေးဆရာက ခုနစ်ရက် ခွဲ၍ ရေးဖွဲ့ကာ၊ ထိုသူတို့ လှုပ်ရှား သွားလာရာ ထိုနေရာကို အခြားကမ္ဘာတစ်ခုအဖြစ် ဖန်တီးလိုက်လေ၏။ သက်ရှိလူတွေ နေထိုင်ကြသည့် ဟိုဘက်ကမ္ဘာတုန်းမှာ ထုတ်ဖော်မပြောနိုင်သည့်၊ အများမသိနိုင်သည့် အဖြစ်မှန်များကို ဒီဘက်ကမ္ဘာသို့ ရောက်လာပြီးမှ ထုတ်ဖော်ပြောနိုင်၊ အများသိနိုင်ကြ၏။ ဒီဘက်ကမ္ဘာမှာ အချိန်ကြာမြင့်စွာ နေလာပြီးသည်နှင့် အမျှ ထိုသူတို့ထဲက အချို့မှာ ရုပ်ကောင်ပင် မကျန်တော့ဘဲ အရိုးစုသာ ကျန်တော့၏။ သို့ဖြစ်စေကာမူ ထိုနေရာ မှာ လူတိုင်း တန်းတူညီမျှ ရှိကြ၏။ ထိုနေရာသည်ကား သေပြီးနောက် ငြိမ်ဝပ်စွာ နားစက်နိုင်မည့် သင်္ဂြိုဟ်ရာ နေရာမရှိသူတို့ နေထိုင်ရာမြေ “သေပြီးသင်္ဂြိုဟ်ရာမဲ့မြေ” ဖြစ်လေသည်။
သတ္တမနေ့ ဝတ္ထုမှာ စာအုပ်မထွက်ခင်ကပင် တရုတ်ပြည် စာအုပ်ဆိုင်များထံမှ အမှာစာ အုပ်ရေ ခုနစ်သိန်းကျော် တက်လာခဲ့ပြီး၊ အုပ်ရေ ရှစ်သိန်းကျော် ပုံနှိပ်ခဲ့ရသည်ဟု ဆိုပါသည်။ ၂ဝ၁၃ ခုနှစ်၏ အာရုံ စိုက်ခံရမှု အများဆုံးနှင့် အငြင်းပွားမှု အဖြစ်ရဆုံး တရုတ်ဝတ္ထုတစ်အုပ် လည်း ဖြစ်ခဲ့လေသည်။ ဤလူ့ဘောင် အဖွဲ့အစည်း၏ ဖြစ်ရပ်တွေ အဘယ်မျှထိအောင် သဘာဝကျစွာ ယုတ္တိမဲ့၊ အဓိပ္ပာယ်မဲ့နေသည်ကို ဤဝတ္ထု၌ ဖတ်ရှုရမည် ဖြစ်ပါသည်။
၂ဝ၁၈ ခုနှစ်၊ ဇူလိုင်လ
ယွီဟွာ
၁၉၆ဝ ပြည့်နှစ်တွင် တရုတ်နိုင်ငံ၊ ကျဲ့ကျန်းပြည်နယ်၊ ဟန်ကျိုးမြို့၌ မွေးဖွား။ သွားဆရာဝန် ငါးနှစ်လုပ်ဖူး။ ၁၉၈၃ ခုနှစ်တွင် စာ စရေး။ လုံးချင်းအနေဖြင့် ဝတ္ထုရှည် ငါးအုပ်၊ ဝတ္ထုတို ဝတ္ထုလတ်ပေါင်းချုပ် ခြောက်အုပ်၊ အက်ဆေးပေါင်းချုပ် ငါးအုပ် ထုတ်ဝေပြီးဖြစ်။ သက်ရှင်နေ၊ ရွှီစန်းကွမ်း သွေးရောင်းမှတ်တမ်း၊ မိုးဖွဲထဲမှာ ဟစ်ကြွေး၊ ညီနောင်၊ သတ္တမနေ့၊ ဝေါဟာရဆယ်ခုထဲက တရုတ်ပြည် စသည်တို့မှာ အထူး ထင်ရှား။ သူ၏ စာပေလက်ရာများထဲက အတော်များများကို အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ အီတာလျံ၊ စပိန်၊ ပေါ်တူဂီ၊ ဒပ်ချ်၊ ဆွီဒင်၊ နော်ဝေး၊ ဘူဂေးရီးယား၊ ချက်၊ စလိုဗက်၊ ရုရှား၊ ဟန်ဂေရီ၊ ရိုမေးနီးယား၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား အစရှိသည့် ဘာသာပေါင်း ၃ဝ ကျော်သို့ ပြန်ဆိုပြီး ဖြစ်။ အီတလီနိုင်ငံမှ Grinzane Cavour Prize (၁၉၉၈)၊ အိုင်ယာလန်နိုင်ငံ မှ James Joyce Award (၂၀၀၂) ပြင်သစ်နိုင်ငံမှ Ordre des Arts et des Lettres of France (၂၀၀၄)၊ တရုတ်နိုင်ငံမှ Special Book Award of China (၂ဝဝ၅)၊ ပြင်သစ်နိုင်ငံမှ Prix Courrier International (၂၀၀၈) အစရှိသော ဆုများရရှိ။

Comments
Post a Comment
တခုခု ပြောထားခဲ့ပါ။