ဂျေ၊ အမ်၊ ကူဇေး

 


ဂျေ၊ အမ်၊ ကူဇေး

 

နိုဗဲ စာပေဆုရ ကမ္ဘာကျော် ဝတ္ထုရေးဆရာကြီး ဂျေ၊ အမ်၊ ကူဇေးကို ၁၉၄ဝ ပြည့်နှစ်တွင် တောင်အာဖရိကနိုင်ငံ၊ ကိပ်တောင်းမြို့၌ ဖွားမြင်သည်။ မိဘမျိုးရိုးမှာ ၁၇ ရာစုက တောင်အာဖရိကတွင် လာရောက် အခြေချခဲ့သော ဒပ်ချ်နွယ်ဖွားများ ဖြစ်ကြသည်။

ဂျေ၊ အမ်၊ ကူဇေးသည် ကိပ်တောင်း တက္ကသိုလ်မှ အင်္ဂလိပ်စာနှင့် သင်္ချာ ဂုဏ်ထူးတို့ဖြင့် ဘွဲ့ရရှိပြီးနောက် ၁၉၆၂ ခုနှစ်မှ ၁၉၆၅ ခုနှစ်အထိ အင်္ဂလန်နိုင်ငံတွင် ကွန်ပျူတာ ပရိုဂရမ်မာ တဦးအဖြစ် လုပ်ကိုင်ခဲ့သေး၏။ ၁၉၆၅ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု အော်စတင်မြို့ရှိ တက္ကဆက် တက္ကသိုလ်သို့ ဖူးဘရိုက် ပညာသင် အစီအစဉ်ဖြင့် တက်ရောက်ခဲ့ပြီးလျှင် ၁၉၆၉ ခုနှစ်တွင် ဘာသာဗေဒ ပါရဂူဘွဲ့ကို ရရှိခဲ့ပြန်သည်။ ထို့နောက် ဘပ်ဖလိုမြို့ရှိ နယူးယောက် ပြည်နယ် တက္ကသိုလ်တွင် အင်္ဂလိပ်စာ သင်ကြားပို့ချသည်။ ဘပ်ဖလိုမြို့တွင် ၁၉၇၁ ခုနှစ်အထိ နေထိုင်စဉ် ကာလအတွင်း သူ၏ ပထမဆုံး ဝတ္ထု မှောင်ရီမြေ Dusklands ကို စတင် ရေးသားခဲ့သည်။

ထို့နောက် ကူဇေးသည် တောင်အာဖရိကသို့ ပြန်လာပြီး ကိပ်တောင်းတက္ကသိုလ်မှာ အင်္ဂလိပ်စာပေ သင်ကြားပို့ချသည်။ စာပေဆိုင်ရာ ပါမောက္ခလည်း ဖြစ်လာခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် ကိပ်တောင်းတက္ကသိုလ်မှ အငြိမ်းစားယူပြီးနောက် ကူဇေးသည် အက်ဒီလိတ် တက္ကသိုလ် အင်္ဂလိပ်စာ ဌာနမှာ ဂုဏ်ထူးဆောင် သုတေသီတဦး ဖြစ်လာခဲ့သည်။ ထိုမျှမက ရှီကာဂို တက္ကသိုလ်မှာလည်း ပါမောက္ခအဖြစ် ၂၀၀၃ ခုနှစ် အထိ ထမ်းဆောင်ခဲ့သေး၏။

ဂျေ၊ အမ်၊ ကူဇေးအား အက်ဒီလိတ် တက္ကသိုလ်၊ အောက်စဖို့ တက္ကသိုလ်၊ နယူးယောက် ပြည်နယ် တက္ကသိုလ် အစရှိသည့် တက္ကသိုလ်ကြီးများကလည်း ဂုဏ်ထူးဆောင် ပါရဂူဘွဲ့များ အသီးသီး ပေးအပ် ချီးမြှင့်ခဲ့သေးသည်။

၂၀၀၂ ခုနှစ်မှ စ၍ ကူဇေးသည် သြစတြေးလျနိုင်ငံသို့ ပြောင်းရွှေ့ နေထိုင်လာပြီး ၂၀၀၆ ခုနှစ်တွင် သြစတြေးလျနိုင်ငံသား ဖြစ်လာသည်။

၁၉၇၄ ခုနှစ်တွင် ဂျေ၊ အမ်၊ ကူဇေး၏ ပထမဆုံး ဝတ္ထု မှောင်ရီမြေ Dusklands ထွက်လာသည်။ ဆက်၍ တိုင်းပြည်၏ နှလုံးအိမ်မှာ In the Heart of the Country; လူရိုင်းများကို စောင့်မျှော်ခြင်း Waiting for the Barbarians; မိုက်ကယ် ကေ၏ ဘဝနှင့် ခေတ် Life & Times of Michael K; ရန်သူ Foe; သံခေတ် Age of Iron; ပီတာစဘတ်က ဆရာကြီး The Master of Petersburg; အရှက် Disgrace; အဲလစ်ဇဘက် ကော့စတယ်လို Elizabeth Costello; အနှေးလူ Slow Man; နှစ်ဆိုးတနှစ်၏ ဒိုင်ယာရီ Diary of a Bad Year စသည့် ဝတ္ထုများအပြင် ဝတ္ထုဟန် အတ္ထုပ္ပတ္တိများဖြစ်သည့် ချာတိတ်ဘဝ Boyhood: Scenes from Provincial Life; cas no Youth: Scenes from Provincial Life II; နွေကာလ Summertime စသည်တို့ကို ထုတ်ဝေခဲ့ပေသည်။

သူ၏ စာအုပ် အရေအတွက်မှာ မများလှသော်လည်း ရရှိသည့် စာပေဆုတွေကမူ မနည်းလှပေ။ နိုဗဲ စာပေဆုအပြင် ဘွတ်ကာ စာပေဆု၊ စီအင်န်အေ စာပေဆု၊ ဂျော်ဖရီ ဖေဘာ စာပေဆု၊ အိုင်းရစ်တိုင်း နိုင်ငံတကာ ဝတ္ထု စာပေဆု စသဖြင့်။ ထိုအထဲမှ မိုက်ကယ် ကေ၏ ဘဝနှင့် ခေတ်နှင့် အရှက်တို့ဖြင့် ကူဇေးသည် ဘွတ်ကာ စာပေဆု Booker Price ကို နှစ်ထပ်ကွမ်း ဆွတ်ခူး ရရှိသော ပထမဆုံး စာရေးဆရာ ဖြစ်လာခဲ့သည်။ သို့ဖြစ်လင့်ကစား လူတွေနှင့် ခပ်ရှောင်ရှောင် နေလေ့ရှိသည့် ကူဇေးသည် ဘွတ်ကာ စာပေဆု ချီးမြှင့်ပွဲ နှစ်ကြိမ်စလုံးသို့ ကိုယ်တိုင် ဆုတက်မယူခဲ့ချေ။

တော်ရုံတန်ရုံနှင့် အင်တာဗျူး မခံဘဲ စကားနည်း နှုတ်ဆိတ်သူ တဦးဖြစ်သော သူ့ကို တကိုယ်တော် ဧကစာကျင့်သမားကြီးဟုပင် ပြောစမှတ် ပြုကြသည်။ စက်ဘီးစီး ဝါသနာ ပါသော သူသည် အရက် ဆေးလိပ် မဆိုထားဘိ၊ အသားကိုပင် မစားသည့် သက်သတ်လွတ်သမားလည်း ဖြစ်သည် ဆို၏။

အရှက်ကို ၁၉၉၉ ခုနှစ်တွင် ဗြိတိန်နိုင်ငံ၌ စတင် ထုတ်ဝေခဲ့ရာ အတော်ကလေး ဟိုးလေးတကျော် ဖြစ်သွားသည်။ ထိုနှစ်မှာပင် ထိုဝတ္ထုဖြင့် သူ့အား ဘွတ်ကာ စာပေဆု ထပ်မံ ချီးမြှင့်လိုက်သဖြင့် ကူဇေးသည် ဘွတ်ကာ စာပေဆုကို နှစ်ထပ်ကွမ်း ရရှိသည့် ပထမဆုံး စာရေးဆရာ ဖြစ်လာသည်။

ထို့မတိုင်ခင် ၁၉၈၃ ခုနှစ်ကလည်း မိုက်ကယ် ကေ၏ ဘဝနှင့် ခေတ် ဝတ္ထုဖြင့် ဘွတ်ကာ စာပေဆု ရရှိပြီး ဖြစ်၏။

တဖန် ၂၀၀၀ ပြည့်နှစ်တွင် ထိုဝတ္ထုကို အမေရိကန်ပြည်ထောင်စု၌ ထုတ်ဝေသောအခါ National Bestseller စာရင်းဝင် ဖြစ်လာသည်။

ထို့ပြင် The New York Times Book Review ၏ ထိုနှစ်အတွက် အကောင်းဆုံး စာအုပ် စာရင်းဝင် တအုပ်လည်း ဖြစ်လာခဲ့သည်။

ဤသို့ဖြင့် အရှက် ဝတ္ထုသည် ဂျေ၊ အမ်၊ ကူဇေး၏ ကိုယ်စားပြုလက်ရာ ဖြစ်လာတော့သည်။

ကူဇေးသည် လူတို့၏ အတွင်းစိတ်ကို လှစ်ဟပြတတ်သည့် စာရေးဆရာကြီး ဖြစ်၏။ သူ၏ ကလောင်အောက်တွင် ဟန်ဆောင် မျက်နှာဖုံး နောက်ကွယ်က လူ့ပင်ကိုစရိုက်တို့မှာ ကွင်းကွင်းကွက်ကွက် ထင်ရှားလာခဲ့သည်။

မိုက်ကယ် ကေ၏ ဘဝနှင့် ခေတ်ထဲက မိုက်ကယ် ကေ၊ အရှက်ထဲက ဒေးဗစ် လူရီ၊ အနှေးလူ ထဲက ပေါရေမွန် စသည့် ဇာတ်ကောင်များသည် အကျဉ်းအကျပ်ထဲမှာ ရှင်သန်ခွင့် ရရှိရန် ရုန်းကန်နေကြသည့် ဂျေ၊ အမ်၊ ကူဇေး၏ ထင်ရှားသော ဇာတ်ကောင်များ ဖြစ်ကြသည်။

ဂျေ၊ အမ်၊ ကူဇေးသည် ၁၉၆၃ ခုနှစ်တွင် ဖီလီပါ ဂျူဘာနှင့် လက်ထပ်ခဲ့ပြီး ၁၉၈ဝ ပြည့်နှစ်တွင် ကွာရှင်းခဲ့သည်။ သမီး တယောက်၊ သား တယောက် ထွန်းကားခဲ့ပြီးလျှင် သားဖြစ်သူမှာ ၁၉၈၉ ခုနှစ်တွင် မတော်တဆမှုကြောင့် ကွယ်လွန်သွားရှာသည်။

၂ဝဝ၃ ခုနှစ်တွင် ဂျေ၊ အမ်၊ ကူဇေးသည် နိုဗဲ စာပေဆု ချီးမြှင့်ခံရလေသည်။

Most Popular

ဖား - တော်ကောင်းမင်း

တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့်

ငြိမ်းတယ် ချမ်းတယ် မိုး - မင်းကျော်

နှင်းရိပ်ပြာ‌မှောင် - မောင်ရှင်စော

တစ္ဆေ - မင်းကျော် - Book Review

ရူးမူရာကာမိ - တိုကျိုကျဆုံးခန်း လက်ရွေးစင်ဝတ္ထုတိုများ - မိုးသက်ဟန်

စကားလက် သို့မဟုတ် လေရူးသုန်သုန် အဆက် - တင်မောင်မြင့်

ရွက်လှပန်း - မိုးမိုး(အင်းလျား)

မာန် - မောင်ထွန်းသူ - Book Review