အဖေညာတယ် - လင်းအိမ်

အဖေ ...
ကျွန်တော့် ကို ညာခဲ့တာလား .. ။

ကျွန်တော်ငယ်ငယ်တုန်းက အဖေ အပြင်ထွက်ပြီဆိုရင် လက်ဆွဲပြီး လိုက်နေကျ။ စပ်စုတတ်တဲ့ ဗီဇပါတော့ မသိတာမြင် လက်ညှိုးထိုးမေးတော့တာပဲ။ အဖေကလည်း ကျွန်တော် သိလိုသမျှ အကုန်ဖြေခဲ့ပါရဲ့.. ။

ဒါပေမယ့် ..
အဖေ ညာခဲ့တယ်။

အပြင်မှာ နေကျဲကျဲတောက်ပူနေတယ်။ အဖေနဲ့ကျွန်တော်က ခြံထဲ အရိပ်ကောင်းတဲ့ အပင်အောက်မှာ အတူထိုင်နေကြတာပါ။

အဲဒီချိန်မှာပဲ "ပုန်းရည်ကြီးတွေ၊ အညာဇီးသီးတွေ ရမယ် "

စျေးတောင်းလေးကို ထမ်းပြီး အော်ရောင်းသွားတဲ့ လူတစ်ယောက် ကျွန်တော်တို့အိမ်ရှေ့ကနေ ဖြတ်သွားတယ်။ နေကပူတဲ့အထဲ ထီးမပါ ဘာမပါဆိုတော့ ချွေးတွေ ရွှဲနေရောပဲလေ။

 "ဖေဖေ၊ ဟိုလူကြီးက နေပူထဲထီးလည်းမဆောင်းဘူးနော် "

" နေအပူထက် ဘဝအပူက သူ့အတွက်အရေးကြီးတာကိုး သားရဲ့ "

" ဘဝအပူဟုတ်လား ဖေဖေ "

" ဟုတ်တာပေါ့ သား ရယ်။ ပညာမတတ်ခဲ့တော့ သူ့ခမြာ အရိပ် မရှိရှာဘူး။ နေပူထဲ ပင်ပင်ပန်းပန်းး ရှာဖွေစားသောက်ရတာပေါ့ "

" ပညာတတ်ရင် အရိပ်ရှိတာလား ဖေဖေ "

" ဒါပေါ့ သားရဲ့။ ပညာတတ်တော့ အရိပ်အောက်မှာ ပန်ကာအောက်မှာ ဘောဘ်ပန်လေး ကိုင်ပြီးလုပ်ရုံပဲ။ သားလည်း ဟိုစျေးသည်လို မပင်ပန်းရအောင် စာကြိုးစားရမယ်နော် "

" ဟုတ်ကဲ့ .. ဖေဖေ "


ခါတိုင်းထက် နှစ်ဆ စာတွေပိုကျက်ဖြစ်တယ်။
" သား .. ထမင်းစားပြန်တာ နောက်ကျလှချည်လား။ ချွေးတွေလည်း တစ်ကိုယ်လုံး ရွှဲလို့။ ပုဆိုးလေးနဲ့ စင်အောင်သုတ်လိုက်နော် ၊ "

" ဟုတ်တယ် မေမေရေ .။ ပြန်လာခါနီးမှ ရထားဆိုက်လာတော့ တစ်ကြောင်း၊ နှစ်ကြောင်း ဆွဲလိုက်ရတာ "
" နေပူကြီးထဲမှာ ပင်ပန်းလိုက်တာသားရယ် "

" ဘယ်တတ်နိုင်မလဲ မေမေရယ်။ လက ကုန်တော့မယ်။ အိမ်လခဖိုး အတွက်ပါ ပိုရှာရတာပေါ့။ သား မပင်ပန်းပါဘူး မေမေရ "

" သား အဖေသာရှိနေခဲ့ရင် ငါ့ သားလေး ဒီလို ပင်ပန်းမှာ မဟုတ်ဘူး "

အဖေ့တမ်းချင်းလေးနဲ့ အမေ ငိုပြီ။ သက်ပြင်းကို မသိမသာလေးထုတ်ရင်း ဆိုက္ကားကို အရိပ်ထဲ ထိုးရပ်ထားလိုက်တယ်။ ချွေးသုတ်ဖို့ အမေ ကမ်းပေးလာတဲ့ ပုဆိုးဟောင်းလေးက မျက်ရည်သုတ်ဖို့ ဖြစ်သွားတာကို အမေ့ကို မသိစေချင်ပါ။

အိမ်ထဲအဝင်ဧည့်ခန်းလေးမှာ ဓါတ်ပုံ နှစ်ပုံ ကယှဉ်တွဲ ချိတ်ထားတယ်။ ဝိဇ္ဇာဘွဲ့ရ အဖေ့ဓါတ်ပုံနဲ့ သိပ္ပံဘွဲ့ရ ကျွန်တော့်ဓါတ်ပုံလေးက အင်မတန်မှ ကျက်သရေရှိလိုက်ပါဘိ ။

လင်းအိမ်
(ဟဟတစ်မျက်နှာဆုရဝတ္ထုတို)
#ဆရာရဲ့fbအကောင့်မှ ကူးယူထားပါသည်။

Comments

Most Popular

ဖား - တော်ကောင်းမင်း

တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့်

ငြိမ်းတယ် ချမ်းတယ် မိုး - မင်းကျော်

နှင်းရိပ်ပြာ‌မှောင် - မောင်ရှင်စော

တစ္ဆေ - မင်းကျော် - Book Review

ရူးမူရာကာမိ - တိုကျိုကျဆုံးခန်း လက်ရွေးစင်ဝတ္ထုတိုများ - မိုးသက်ဟန်

စကားလက် သို့မဟုတ် လေရူးသုန်သုန် အဆက် - တင်မောင်မြင့်

ရွက်လှပန်း - မိုးမိုး(အင်းလျား)

မာန် - မောင်ထွန်းသူ - Book Review