ဘွဲ့ရနှင့် ငါးစိမ်းသည်

ငါးကြော်လေးစားချင်လာသဖြင့် ဈေးထဲကို ငါးဝယ်ရန်ရောက်လာသည်။ ကျွန်တော် ဝယ်နေကျ ငါးဆိုင်ရှိသည်။ ငါးကြင်းတစ်မျိုးတည်းရောင်းပြီး ဖော်ရွေသည်။ ဝယ်သူအကြိုက် မညည်းမညူ လုပ်ပေးလေ့ရှိ သည်။





ငါးရောင်းသူကို ငါးစိမ်းသည်ဟု ခေါ်ကြသည်။ ငါးစိမ်းသည်ဆိုသည်မှာ စွာတာတာ၊ ကက်ကက်လန်၊ မိုက်ရိုင်းသည်ဟု ထင်လျှင် ကျွန်တော်ငါးဝယ်သည့်ဆိုင်မှ “မရွှေ” ကိုခေါ်ပြချင်ပါသည်။




“ဦးလေး မရောက်တာကြာပြီ ... ဘာလဲ ဆိုင်ဟင်းကိုမုန်းလို့ ရောက်လာတာလား”




“မဟုတ်ပါဘူး ... ခရီးထွက်တာတွေ များနေလို့”




“ငါးကြင်းဖြူ ဗိုက်သားလေးနဲ့တွဲထားတဲ့အပိုင်း ချိန်လိုက်မယ်နော်”




“အစိတ်သားလောက်ပဲနော်”




“၃၅ ကျပ်သားရှိတယ် ဦးလေးရယ် ... ၃၀ သားဖိုးပဲပေး”




“အေး ... အေး ခုတ်လိုက်”




ငါးဝယ်လျှင်အပိုဆောင်းအဖြစ် ကြော်နိုင်သည့် အတုံးလောက်ဖြစ်စေရန် ခုတ်ထစ်ပေးသည်။ အကြေးထိုးပေး သည်။ ရေဆေးပေးသည်။ အိမ်ရောက်လျှင်တန်းကြော်ရုံသာဖြစ်သည်။




ငါးဝယ်ပြီးနောက် ငါးဆိုင်ရှေ့ရှိ လက်ဖက်ရည်ဆိုင်တွင် ကျွန်တော်ထိုင်သည်။ ထိုဆိုင်တွင် ခေါက်ဆွဲသုပ်ကောင်း သည်။ အကြော်လည်းရသည်။ ခေါက်ဆွဲသုပ်မှာပြီး ရေနွေးကြမ်းသောက်နေစဉ် မရွှေဆိုင်ကို အမျိုးသမီးကြီး တစ်ယောက် ဝင်လာသည်။ သူ့နောက်တွင် ဆွဲခြင်းဆွဲသော ကလေးတစ်ယောက်လည်း ပါလာသည်။




ပထမ ငါးမေးသည် ... အထက်စီး




ဒုတိယဈေးဆစ်သည် ... အကြိတ်အနယ်




တတိယအပိုတောင်းသည် ... ကလေးမုန့်ဖိုးတောင်းသလို




ဤအထိ ပြဿနာမရှိ။ မရွှေက စိတ်ရှည်သည်




“ငါးခုတ်ပေး”




“ကြော်တုံးလား ... ချက်တုံးလား"




“ငါပြောတဲ့အတိုင်းခုတ်”




ငါးရောင်းသူက အကြေးထိုးပေးသည်။ အူနုတ်ပေးသည်။ ခုတ်ပေးသည်။




“ဒီအတုံးကို နှစ်တုံးပြန်ခုတ်”




“အမြီးပိုင်းကို ထက်ဝက်ခြမ်း”




“ခေါင်းကိုထက်ခြမ်းပဲခုတ်လေ”




“နေဦး ... နေဦး ... ဒီအပိုင်း မကြိုက်ဘူး ... ဟိုတစ်ပိုင်းခုတ်ပြီး လဲပေး”




ကျွန်တော်က ဈေးဝယ်သူ၏ စီးပိုးလှသော အပြောနှင့် ခိုင်းစေချက်များကို ကြည့်နေမိသည်။ ကိုယ့်ရှေ့လာချသည့် ခေါက်ဆွဲကိုပင် မစားမိ။




“အစ်မရယ် ... ဒီတစ်ကောင်ဝယ်ရင် ဒီတစ်ကောင်က အပိုင်းကိုပဲရမှာပေါ့ ... ဟိုအပိုင်းသွားလဲပေးလို့ မရပါဘူး”




“အတူတူပဲဟာ ... ဘာကြာလို့လဲ”




“ကွာတယ်လေအစ်မ ... ဒါက ငါးကြင်းဖြူ”




“ကွာကွာ ... မကွာကွာအေ ... လဲပေးမလား ... မလဲပေးဘူးလား”




“အစ်မရယ် ... မဖြစ်နိုင်တာကို မပြောပါနဲ့ မရပါဘူး”




“ဟိုအတုံးကို ဒီအထဲထည့် ဒီတစ်တုံးကို ဟိုပြန်ထည့် ဘာဖြစ်လို့မရတာလဲ"




“အမျိုးအစား မတူဘူး အစ်မရယ် ... ဈေးလည်းမတူဘူး”




“ဘာဖြစ်ဖြစ်အေ ထည့်လိုက်ပါ”




“မရပါဘူးအစ်မရယ်”




“ညည်းတို့ ငါးစိမ်းသည်တွေဟာလေ လက်ပေါက်ကိုကပ်တယ် ... ငါကလည်း အဆင့်မရှိတာနဲ့မှ ဖက်ပြောမိတာ မှားပါတယ်”




“အဲသည်လို မပြောပါနဲ့ အစ်မကြီးရယ် ... လူတိုင်း သူ့အဆင့်နဲ့သူတော့ ရှိပါတယ်”




“ညည်းအဆင့် ဘယ်လောက်ရှိလဲ ... ငါက ဘွဲ့ရပြီးပြီ”




“အစ်မ ... နောက်လူတွေ ရောင်းရဦးမယ်နော် ... ဒီမှာ ၂၆၅၀ ကျပါတယ်”




“ရော့ ၃၀၀၀”




မရွှေက ပိုငွေကို ပြန်အမ်းလိုက်သည်။




အမျိုးသမီးက ပြန်အမ်းငွေကို လက်နှင့်မကိုင် ရွံသလို မျက်နှာထားဖြင့်




“ဟဲ့ ... တူးတူး ယူလိုက်စမ်း” ဟုပြောလိုက်သည်။




သူ့နောက်က ကောင်မလေးက ပိုက်ဆံနှင့် ငါးထုပ်ကို ယူလိုက်သည်။




အမျိုးသမီးက




“ရွံလိုက်တာ” ဟုပြောကာထွက်သွားသည်။




ကျွန်တော်ကထင်နေသည်မှာ မရွှေ ပွဲကြမ်းလိမ့်မည်ဟု ထင်နေသည်။




သို့သော် ငါးရောင်းသည့်မရွှေက ပြုံးနေသည်။ ကျွန်တော် အံ့ဩသွားမိသည်။ ရုပ်ရှင်တွေထဲမှာဆိုလျှင် ပွဲကြမ်းပြီ။ အပြင်တွင် အမှန်တကယ်တွေ့ နေရသည်က ပြောင်းပြန်ဖြစ်နေသည်။




ကားစီးလာသည့် ဘွဲ့ရဆိုသော အမျိုးသမီးက ကက်ကက်လန်၊ မတူမတန်သလိုအော်ဟစ် ပြောဆိုနေချိန်တွင် ငါးရောင်းသည့် ငါးစိမ်းသည် မရွှေက ယဉ်ကျေးလိမ္မာ အေးဆေးစွာ တုံ့ပြန်နေသည်။




ဘွဲ့ဆိုတာ အဆင့်လား




ဘွဲ့ရထားသည်နှင့် အဆင့်တစ်ခုကိုရောက်သွားသည်တော့ မှန်ကောင်းမှန်မည်။ သို့သော် ငါးစိမ်းတန်းတွင် ဂုဏ်ထုတ်ဖော်ကာ ရိုင်းစိုင်းတင်စီးပြသည်မှာ ဘွဲ့ရအဆင့်လား။




မရွှေ ဘယ်နှတန်းအောင်သည်မသိ။ လက်ထဲတွင် လက်ကောက်တွေ နှစ်ဖက်စလုံး ပြည့်နေအောင် ဝတ်ထား သည်။ လည်ပင်းတွင်လည်း လက်မလုံးလောက်ဆွဲကြိုးကြီး ဆွဲထားသည်။ သူဂုဏ်မောက်မည်ဆိုလျှင် မောက်နိုင်သည်။ သို့သော် ကိုယ့်ဖောက်သည်ကို ရိုသေလေးစားစွာ ဆက်ဆံသည်။ ပြန်ပြီးရန်မတွေ့။




မရွှေ ရန်တွေ့တတ်ကောင်း တွေ့တတ်မည်။




သို့သော် ပညာတတ် ဘွဲ့ရဆိုသူက သူ့ကို ကက်ကက်လန်ရန်တွေ့သွားစေ သူကပြန်ပြီး ရန်မတွေ့။




မရွှေသည်တကယ့်ပညာတတ်တစ်ယောက်။




သို့သော် ငါးရောင်းနေသည်။




တင်ညွန့်

၂၂.၁၁.၂၀၁၉

Comments

Most Popular

ဖား - တော်ကောင်းမင်း

တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့်

ငြိမ်းတယ် ချမ်းတယ် မိုး - မင်းကျော်

နှင်းရိပ်ပြာ‌မှောင် - မောင်ရှင်စော

တစ္ဆေ - မင်းကျော် - Book Review

ရူးမူရာကာမိ - တိုကျိုကျဆုံးခန်း လက်ရွေးစင်ဝတ္ထုတိုများ - မိုးသက်ဟန်

စကားလက် သို့မဟုတ် လေရူးသုန်သုန် အဆက် - တင်မောင်မြင့်

ရွက်လှပန်း - မိုးမိုး(အင်းလျား)

မာန် - မောင်ထွန်းသူ - Book Review