ငါးဖမ်းသမား
၂၀၁၉ ခုနှစ် အမျိုးသားစာပေ ဝတ္ထုရှည်ဆုကိုရရှိထားတဲ့ ဒီစာအုပ်ဟာ ဝေဒနာတွေ အကြောင်း၊ နေ့စဉ်ဘဝထဲက ကျွန်တော်တို့ မကြားနိုင်တဲ့ အော်သံတွေအကြောင်း ဖြစ်ပါတယ်။ အဲဒီအော်သံ အဲဒီဝေဒနာတွေမှာ ဘဝတွေ၊ လူသားဖြစ်တည်မှုတွေ၊ နိုင်ငံရဲ့စီးပွားရေး၊ လူမှုရေး အဆင့်အတန်း တွေကလည်း ထင်ဟပ်လို့ပါပဲ။
အဲဒီဝေဒနာ အကြောင်းကို ခံစားသိမြင်လွယ်တဲ့ ကလောင် တစ်ချောင်းက ဖန်တီးပုံဖော် လိုက်တဲ့အခါ ဝေဒနာဟာ အများကြား သိလာပါတယ်။ အဲဒီဝေဒနာကို ကြားသိခံစားခွင့်၊ ငြိတွယ်ခွင့်၊ ဒဏ်ရာတွေကို မျှဝေခံစားနိုင်ခွင့်ရသွားပါတယ်။
အနာဖေးတက်နေတဲ့ ဒဏ်ရာတွေကို ကုတ်ခြစ်ပြရင်း အော်သံတွေ အကြောင်း ပြောပြ သွားမယ့် ဇာတ်ကောင်က မြန်မာနိုင်ငံရဲ့ ဘွဲ့ရပညာတတ်လို့နာမည်ခံထားရတဲ့ မျိုးကိုကို။ ဘွဲ့လက်မှတ်ကိုင်ထားရင်းနဲ့မှ ဆယ်နှစ်ကျော်အရွယ် ကောင်လေးတစ်ယောက်သာ ရှိတဲ့ အရက်ဆိုင် လေးကို မန်နေဂျာလုပ်ရင်း ကိုယ့်ဘဝအတွက် မေးခွန်းတွေကို မရေရာမသေချာ အဖြေရှာနေရတဲ့ လူငယ်တစ်ယောက်။
ဒီလူငယ်တစ်ယောက်ရဲ့ သင်္ဘောတက်ဖို့ အိပ်မက်မှာ ကြေးက ကြီးလွန်းလှကြောင်း သူ့ဘဝ၊ သူ့ဝန်းကျင်၊ သူ့ခံစားချက်တွေနဲ့ သူ့နိုင်ငံက ကိုယ်စားပြုပြောပေးထားတဲ့ အော်သံတွေကိုလည်း ကြားရမှာဖြစ်ပါတယ်။ သူတစ်ယောက်တည်းရဲ့ အသံမဟုတ်ဘဲ သူနဲ့အတူတွေ့ရမယ့် မိသားစုကွဲ၊ ဘဝကွဲနဲ့ ကံကြမ္မာငင်နေတဲ့ အော်သံတွေကိုလည်း စူးနစ်နေအောင် ကြားရမှာဖြစ်ပါတယ်။
ငါးတစ်ကောင်ရဲ့ အသက်ကို ကိုယ့်အသက်နဲ့ စတေးထပ်ထားရတဲ့၊ လူသားတစ်ယောက်ရဲ့ ဖြစ်တည်မှုဆိုတာ လားလားမှ ရှာမတွေ့နိုင်တဲ့၊ မြန်မာဆိုတာနဲ့ နာမ်နှိမ်ပြီးသားဖြစ်နေတဲ့ ဒီဖြစ်ရပ်မှန် ဇာတ်လမ်းထဲက အော်သံတွေမှာ ဇာတ်သိမ်းခန်းရောက်လေ နာကျင်ရလေ၊ နာကျည်းရလေ၊ ကြေကွဲရလေဖြစ်ပါတယ်။ အနည်းဆုံးတော့ ဝေဒနာပြင်းပြမှုတွေနဲ့ တောက်ခေါက်သံလေး တစ်ချက် လောက်တော့ ပြုလိုက်မိမယ့်စာအုပ်ဖြစ်ပါတယ်။
Comments
Post a Comment
တခုခု ပြောထားခဲ့ပါ။