စက်နှင့် မျက်ရည် - သစ္စာနီ
အမှာစာ
ယနေ့ကမ္ဘာမှာ သိပ္ပံနှင့်နည်းပညာကမ္ဘာ ဖြစ်သည်။ ယနေ့ အနုပညာသည်လည်းကောင်း၊ ဒဿနသည်လည်းကောင်း၊ သိပ္ပံနည်းပညာများနှင့် နှီးနှောဆက်စပ်လာသည်။ အခြေခံသိပ္ပံအဆင့်လောက်မှ မရှိလျှင် အဖျင်းဆုံး ဟောလီးဝုဒ်မှ ရိုက်ကူးသော ရုပ်ရှင်ကားများကိုပင် နားမလည်နိုင်ဘဲ ရှိသည်။ တချို့က သိပ္ပံဝတ္ထုများကို ပို့စ်မော်ဒန် သဘောတရားများနှင့် ဆက်နွယ်သော လက္ခဏာအဖြစ် လက်ခံကြသည်။
မကြာသေးမီက ကမ္ဘာ့အကောင်းဆုံး စာအုပ်တစ်ရာ ရွေးချယ်သောအခါ အက်စီမော့၊ ရေးဗရက်ဘာရီ၊ အာသာစီကလပ်တို့၏ သိပ္ပံဝတ္ထုရှည်များ ပါလာသည်ကို တွေ့ရသည်။ အက်စီမော့နှင့် အာသာစီ ကလပ်တို့မှာ ခိုင်မာသော သိပ္ပံအချက်အလက်များကို အခြေခံရေးသူများ ဖြစ်၍၊ ရေးဘရက်ဗာရီကမူ အင်မတန် ကဗျာဆန်သော သိပ္ပံဝတ္ထုတွေ ရေးတတ်သည်။ (ယခု ဝတ္ထုတိုပေါင်းချုပ်တွင် သူတို့သုံးယောက်လုံး၏ ဝတ္ထုများ ပါဝင်သည်)
မြန်မာစာပေလောကတွင် သိပ္ပံဝတ္ထုများ ခေတ်မစားလှသော်လည်း ကာလအတော်စောစောကပင် ကြိုကြိုကြားကြား ထွက်နေခဲ့သည်။ သိပ္ပံဗထွေး၏ ဝတ္ထုတွေကို ဂရုပြုမိသည်။ ထင်ရှားသော ဘာသာပြန် စာအုပ်မှာ တင့်တယ်မြန်မာပြန်သော ”အခြားသော စကြဝဠာမှ ဂြိုဟ်” ဖြစ်သည်။ (ရန်ကုန်မြို့တွင် ရုပ်ရှင်အဖြစ် ရုံတင်သဖြင့် ကြည့်ခဲ့ဖူးသည်။) ၁၉၈ဝ ခုနှစ်တဝိုက် ဖြစ်မည်ထင်သည်။ ရှုမဝတွင် ကျော်စိန်မင်း၏ သိပ္ပံဝတ္ထုတိုများ အစဉ်တစိုက် ပါလာရာ၊ လူအတော်များများပင် စိတ်ဝင်တစား စောင့်စားဖတ်ရှုခဲ့ကြသည်။
ဒဂုန်မဂ္ဂဇင်းကို အပေါင်းအသင်းတွေ စီစဉ်ထုတ်ဝေကြသောအခါ ”တာရာလင်းနွယ်” ဟူသော ကလောင်နာမည်ခွဲဖြင့် ကျွန်တော် သိပ္ပံဝတ္ထုတိုတွေ ရေးဖြစ်ခဲ့သည်။ မာဂျီတို့ကျောင်း (အက်စီမော့) ၊ ဘယ်ဝယ် ဘယ်ဆီ (ရေးဘရက်ဗာရီ) တို့လို တိုက်ရိုက်ဘာသာပြန် ဝတ္ထုတွေ ပါသော်လည်း အများစုမှာ မှီငြမ်းပြုဝတ္ထုများသာ ဖြစ်ပါသည်။ ထိုအထဲတွင် (စက်နှင့်မျက်ရည်) လို၊ (ကာလဝါဟန) လို ပင်ကိုယ်ရေးဝတ္ထု တွေလည်းပါသည်။
ရေးရခြင်းရည်ရွယ်ချက်မှာ သိပ္ပံဒဿန (ခေတ်မီအတွေး အခေါ်) ကို စာဖတ်သူတို့ အနည်းအကျဉ်းဖြစ်ဖြစ် တီးခေါက်မိစေလို၍ ဖြစ်သည်။ ဥပမာ ”ကောင်းကင်လမ်းမ” လို ဝတ္ထုမျိုးမှာ သိပ္ပံဝတ္ထုဆိုသော်လည်း ခေတ်ကြိုကာလ မဟုတ်ဘဲ အတိတ်ခေတ် တရုတ်နိုင်ငံ ပဒေသရာဇ်စနစ်ကို အခြေခံရေးပြတာမျိုး ဖြစ်သည်။
ထိုစဉ်က ကျွန်တော်နှင့်အပြိုင်ပင် ဆရာမောင်ထင်က စစ်ပြန်မဂ္ဂဇင်းတွင် သိပ္ပံဘာသာပြန်ဝတ္ထုတွေ ရေးနေသလို ဆရာမြသန်းတင့်ကလည်း ရှုမဝတွင် သိပ္ပံဘာသာပြန်ဝတ္ထုတွေ ရေးသားနေသည်။ ဆရာ မြသန်းတင့် သိပ္ပံဝတ္ထုတိုများမှာ လုံးချင်းနှစ်တွဲအဖြစ် စုပေါင်းထုတ်ဝေခဲ့ပြီး ဖြစ်သည်။ ဆရာမောင်ထင်၏ သိပ္ပံဝတ္ထုတိုများကိုလည်း မုံရွေးက ထုတ်ဝေတော့မည်ဟု ကြော်ငြာထားသည်။ ဆရာကျော်စိန်မင်း၏ သိပ္ပံဝတ္ထုတိုများလည်း ဆိုင်ပေါ်ရောက်တော့မည်ဟု ကြော်ငြာတာ တွေ့လိုက်ရ၏။ ဆရာမင်းကျော်ကလည်း သူ မကွယ်လွန်မီ ကျော်လှိုင်ဦးအမည်ဖြင့် ဂျပန်သိပ္ပံဝတ္ထုတိုများကို စုစည်းထုတ်ဝေသွားသည်။
မြန်မာနိုင်ငံ သိပ္ပံစာပေထွန်းကားရေးတွင် သဲတစ်ပွင့် ဖြစ်စေတော့ဟူသော ရည်ရွယ်ချက်ဖြင့် ကျွန်တော်၏ ဝတ္ထုတိုများကိုလည်း စုစည်းထုတ်ဝေလိုက်ရပါသည်။

Comments
Post a Comment
တခုခု ပြောထားခဲ့ပါ။