စကားလက် သို့မဟုတ် လေရူးသုန်သုန် အဆက် - တင်မောင်မြင့်


စကားလက် သို့မဟုတ် လေရူးသုန်သုန် အဆက် - တင်မောင်မြင့်

 

အမေရိကန်စာရေးဆရာမကြီး မာဂရက်မစ်ချယ်ရဲ့ "Gone with the wind" ဆိုတဲ့ ကမ္ဘာကျော် ဂန္တဝင်ဝတ္ထုကြီးရဲ့ ဘာသာပြန်ဖြစ်တဲ့ ဆရာကြီး  မြသန်းတင့်ရဲ့ "လေရူးသုန်သုန်"

ဝတ္ထုကြီးကို ဖတ်ပြီးတဲ့သူတိုင်းက မချင့်မရဲစိတ်၊ ခံပြင်းတဲ့စိတ်၊ အားမလိုအားမရတဲ့ စိတ်တွေ ဖြစ်ပေါ်လာကြပြီး  မုမအွန်နိုင်ပဲ ရှိနေကြတဲ့ သူတွေဖြစ်မှာပါ။

"Gone With the Wind’ ကို ကြိုက်လျှင် ဒီဝတ္ထုကြီး၏ အဆက်ကိုလည်း ကြိုက်ကြမှာပါ။ ‘Gone With the Wind’ လို ကမ္ဘာကျော်   အချစ်ဝတ္ထုကြီးကို တုနှိုင်းဖို့ မဖြစ်နိုင်ပါ။ သို့ပေမဲ့ ရက်ဘတ်တလာ ဘာဖြစ်သွားသလဲ၊ စကားလက် ဘယ်ရောက်သွားသလဲ ဆိုတာ Gone With the Wind ဖတ်ပြီးသူတိုင်း သိချင်နေကြပါသည်"ဟု စာအုပ်အစတွင် ဖော်ပြထားသည့်အတိုင်း လေရူးသုန်သုန် ပရိသတ်တွေအတွက် မျှော်လင့်စောင့်စားရတဲ့ စာအုပ်ပဲဖြစ်ပါတယ်။

အယ်လက်ဇန္ဒရားရစ်ပလေ သည် မာဂရက်မစ်ချယ်၏ လေကို မိအောင် Gone with the wind ကို အကြိမ်ကြိမ်ဖတ်ခဲ့၊ ခရီးအကြိမ်ကြိမ်ထွက်၊ ရုပ်ရှင်ကိုပါကြည့်၊ အချိန်များစွာအကုန်ခံ အပင်ပန်းခံ၍ ဖြစ်ပေါ်လာသော စာအုပ်ဖြစ်ကြောင်း ပြောပြထားပါသည်။ ထို့အတူ ရစ်ပလေ၏ စာအုပ်ကို ဘာသာပြန်သူ ဆရာတင်မောင်မြင့် အဖို့လည်း မသက်သာပါ။ မူရင်းဝတ္ထုကို ဖတ်ခဲ့ရသလို ဆရာမြသန်းတင့်၏ လေရူးသုန်သုန် ကိုလည်း အကြိမ်ကြိမ်ဖတ်ပြီးမှ "စကားလက်" ဖြစ်ပေါ်လာကြောင်းကို ပြောပြထားပါသည်။

သိကြတဲ့အတိုင်း ရက်က စကားလက်ကို သည်းမခံ၊ အထင်လွဲ၊ စိတ်ကုန်ပြီး စကားလက်ရဲ့ အချစ်ကို မြင်အောင်မကြည့်နိုင်ပဲ ထွက်ခွာသွားပါတယ်။ အခုစာအုပ်မှာတော့  စကားလက်က ရက် ပြန်လာအောင် ကြိုးစား အားထုတ်တော့မှာ ဖြစ်ပါတယ်။ အက်ရှလေ အပေါ် ဖြူစင်ပေးနေတာတောင်မှ အထင်လွဲတဲ့ လူတွေရဲ့စကား၊ အကြည့်တို့အောက်မှာ ကြံ့ကြံ့ခံတဲ့ စကားလက် ဖြစ်ခဲ့တယ်။ သူ့စိတ်တွေ စုစည်းမရရင်၊ အင်အားနည်းနေရင် သူ ခွန်အားယူတဲ့နေရာက မြိုင်သာယာ။ သူ့အတွက် တစ်ဖန်ပြန်လည် မွေးဖွားခြင်းတွေ ပေးမယ့် မြိုင်သာယာ။ မြိုင်သာယာကို ပြန်လိုက်ရင် အကြံဉာဏ်တွေထွက်၊ အင်အားတွေ ဖြစ်လာခဲ့တဲ့ စကားလက်ဟာ အခု ရက် ကို ပြန်ခေါ်နိုင်မလား ဆိုတာကို စာအုပ်အစကတည်းက ရင်တထိတ်ထိတ်နဲ့ ဖတ်နေရပါတယ်။

စကားလက်နဲ့အတူတူ ချာလက်စတန်၊ ဆဗားနား တလျှောက် ရွက်လွင့်ရမှာ ဖြစ်ပါတယ်။ စကားလက်အဖေရဲ့ အိုင်းရစ်အမျိုးတွေ ဆီမှာ သူ့ရဲ့ နေထိုင်မှုပုံစံနဲ့ မတူကွဲပြားတာတွေကို သိမြင်ခံစား ရဦးမှာပါ။ နောက်တခါ အိုင်ယာလန်၊ ဘယ်လီဟာရာ တို့ကိုလည်း အလည်ခေါ်ဦးမည့်အပြင် စကားလက်ရဲ့ လေ့လာနိုင်စွမ်း၊ စီးပွားရေးတွက်ချက်ပုံ တို့က  တကယ့်ကို သဘောကျစရာတွေ ဖြစ်ပါတယ်။ စကားလက်က ငယ်ငယ်က ယောက်ျားတိုင်းကို ညုခဲ့၊ ခရာခဲ့တဲ့ ကောင်မလေးအဖြစ်ကနေ ကိုယ့်အမှားကို ပြန်သုံးသပ်နိုင်စွမ်း၊ စိတ်ခံစားချက်ကို မြိုသိပ်နိုင်စွမ်းရှိတဲ့ အမျိုးသမီးလေးအဖြစ် ဖတ်နေရင်းကို ပြောင်းလဲလို့ လာပါတယ်။ ဘယ်အရာကိုမဆို မကြောက်တတ်တဲ့စိတ်၊ လိုချင်တာကို ဖန်တီးယူနိုင်စွမ်းကတော့ အရင်ကထက် လက်စောင်းထက်လို့ လာပါတယ်။

စကားလက်ရဲ့ မြော်မြင်နိုင်စွမ်းက အားမကျပဲ မနေရအောင်ကို ဖြစ်ရသလို  ရက်နဲ့ ပြန်အဆင်ပြေမလား၊ သူ့အချစ်ကို ရက် မြင်ပါ့မလား၊ ကံကြမ္မာက မျက်နှာသာပေးမလား၊ အငတ်ဘေး၊ စစ်ဘေးကိုတောင် ကျော်လွှားခဲ့တဲ့ စကားလက်တစ်ယောက် ဘာတွေကြုံတွေ့ရဦးမလဲ ဆိုတာ လေရူးသုန်သုန်အဆက် စကားလက် မှာ ဆက်ဖတ်ရှုကြပါဦးနော်။

 

Review By ဝဿန်အေးချမ်း


Comments

  1. အရမ်းဖတ်ချင်နေတာလေး ဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်

    ReplyDelete

Post a Comment

တခုခု ပြောထားခဲ့ပါ။

Most Popular

ဖား - တော်ကောင်းမင်း

တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့်

ငြိမ်းတယ် ချမ်းတယ် မိုး - မင်းကျော်

နှင်းရိပ်ပြာ‌မှောင် - မောင်ရှင်စော

တစ္ဆေ - မင်းကျော် - Book Review

ရူးမူရာကာမိ - တိုကျိုကျဆုံးခန်း လက်ရွေးစင်ဝတ္ထုတိုများ - မိုးသက်ဟန်

ရွက်လှပန်း - မိုးမိုး(အင်းလျား)

မာန် - မောင်ထွန်းသူ - Book Review