အကြံဉာဏ်ဖြင့် ကြီးပွားရေး - ရွှေဥဒေါင်း
အကြံဉာဏ်ဖြင့်ကြီးပွားရေး - ရွှေဥဒေါင်း
တစ်ခါမှာတော့ ပုံမှန်နဲ့မတူတဲ့ တက်ကျမ်းတစ်ခုကို review ပေးပါရစေ။ ငယ်ဘ၀ ဆရာကြီးဦးစံရှားကို ဖန်တီးခဲ့တဲ့ ဘာသာပြန် မြန်မာမှုပညာရှင် ဆရာကြီးရွှေဉဒေါင်းရဲ့ စာအုပ်ပဲဖြစ်ပါတယ်။
စာအုပ်နာမည်ကတော့ “အကြံဉာဏ်ဖြင့်ကြီးပွားရေး” ဆိုတဲ့ ကြီးပွားရေးစီးပွားရေး စာအုပ်ပဲဖြစ်ပါတယ်။ "အကြံဉာဏ်ဖြင့် ကြီးပွားရေး" စာအုပ်သည် Napoleon Hill ၏ "Think and Grow Rich" ကို ဆရာကြီး ရွှေဥဒေါင်း က ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါတယ်။ ဒီအပြင် မူရင်းအင်္ဂလိပ်စာအုပ်ပါ အဓိကအချက် (၁၃) ချက်အား ဆရာကြီးက (၁၀) ချက်အဖြစ် ပြန်ဆိုထားသည်ကို တွေ့ရပါတယ်။
ဤစာအုပ်သည် မူရင်း "Think and Grow Rich" ၏ အနှစ်သာရများကို အခြေခံထားသော်လည်း ဆရာကြီး ရွှေဥဒေါင်း၏ ထူးခြားသော ဘာသာပြန်ဟန်ကြောင့် မြန်မာစာဖတ် ပရိသတ်အတွက် ပိုမိုနက်ရှိုင်းသော အဓိပ္ပာယ်များ ဆောင်ကျဉ်းပေးတဲ့ စာအုပ်လည်း ဖြစ်ပါတယ်။ မြန်မာ့ရိုးရာ ဉာဏ်ပညာ ပေါင်းစပ်မှုတွေနဲ့ ဆရာကြီးသည် မူရင်း အတွေးအခေါ်များကို ဗုဒ္ဓဘာသာ၏ ပါဠိတော်၊ တရားတော်များနှင့် ယှဉ်တွဲ၍ ရှင်းလင်းဖော်ပြထားသည်ကို တွေ့ရှိရသည်။ ဤသို့ပြုလုပ်ခြင်းဖြင့် မြန်မာစာဖတ်သူများ အနေနှင့် စိမ်းစိမ်းခြစ်ခြစ် မဟုတ်ဘဲ ရင်းနှီးကျွမ်းဝင်သော ယဉ်ကျေးမှုနောက်ခံဖြင့် လက်ခံနားလည် လွယ်သွားပါတော့တယ်ဗျ။
ဘာသာပြန်ဆိုရာတွင် ရှေးဟောင်းမြန်မာစာ၏ ခမ်းနားသော ဟိတ်ဉာဏ်ပညာဆန်သော အရေးအသားကို အသုံးပြုထားပါတယ်။ ဥပမာအားဖြင့်၊ "ဆန္ဒိဒ္ဓိပါဒ် – ပြင်းစွာသော ဆန္ဒ ရှိခြင်း" ကဲ့သို့သော ပါဠိဝေါဟာရများ ထည့်သွင်းအသုံးပြုထားခြင်းသည် ဘာသာပြန်ချက်၏ ရှိရင်းစွဲ ဂုဏ်သိက္ခာကို မြှင့်တင်ပေးထားတဲ့ အချက်ပါပဲ။ စာအုပ်ပါ အကြောင်းအရာများကို အခန်း (၁၀) ခန်းသာ ခွဲခြားဖော်ပြထားပြီး၊ မူရင်းစာအုပ်ရှိ အချက် (၁၃) ချက်အနက် နောက်ဆုံးအချက် (၃) ချက်ကို ချန်လှပ်ထားတဲ့ကို အချက်ကိုတွေ့ရပါတယ်။ ဒါက ဆရာကြီးရဲ့ ရွေးချယ်မှုပင်ဖြစ်ပြီး စာဖတ်သူများအား စဉ်းစားစရာ ဖြစ်စေပါတယ်။
ဤစာအုပ်သည် ဖတ်ရှုပြီးရုံဖြင့် အောင်မြင်မှုကို မရနိုင်ကြောင်း ဆရာကြီးက အလေးထား ဖော်ပြထားပြီးတော့ စာအုပ်ပါ နည်းလမ်းများကို လက်တွေ့ဘဝတွင် မည်သို့အသုံးချရမည်ကို လမ်းညွှန်ထားသည်မှာ ဤစာအုပ်၏ ထူးခြားချက်တစ်ခုပါပဲ။
"အကြံဉာဏ်ဖြင့် ကြီးပွားရေး" စာအုပ်သည် မူရင်း "Think and Grow Rich" ၏ အနှစ်သာရကို မြန်မာ့ပုံစံနဲ့ စိတ်၀င်စားဖွယ် ပေါင်းစပ် ဖော်ပြထားသော ဘာသာပြန်စာအုပ်ကောင်း တစ်အုပ်ဖြစ်သည်။ ဆရာကြီး ရွှေဥဒေါင်း၏ ပညာရည်ပြည့်ဝသော ဘာသာပြန်ဟန်နှင့် ဗုဒ္ဓဘာသာ ဉာဏ်ပညာများကို ထည့်သွင်း ရှင်းလင်းထားမှုကြောင့် ဤစာအုပ်သည် အောင်မြင်ရေးလမ်းညွှန် စာအုပ်တစ်အုပ်သာမက မြန်မာ့ယဉ်ကျေးမှု ဆိုင်ရာ အတွေးအခေါ် စာအုပ်တစ်အုပ် အသွင်လည်း ဆောင်နေတဲ့ စာအုပ်ကောင်းပါပဲ။ စာအုပ်ရဲ့ ဘာသာပြန်ဆိုဟန် အဆင့်အတန်းသည် မြန်မာဘာသာဖြင့် အတွေးအခေါ်ကောင်းများ လေ့လာလိုသူတိုင်း အတွက် အထူးသင့်တော်ပါကြောင်း အကြံပြုပြီး ဖတ်ရှု့ဖို့တိုက်တွန်းပါတယ်။
Review By Htoo Aung

Comments
Post a Comment
တခုခု ပြောထားခဲ့ပါ။