Anna Karenina - အင်နာကာရနီနာ - တင်မောင်မြင့်
အင်နာကာရနီနာ
တင်မောင်မြင့်August 08, 2025
Leo Tolstoy ရဲ့ ကမ္ဘာကျော် ဂန္တဝင်ဝတ္ထုကြီး ဖြစ်တာကြောင့် “အင်နာကာရနီနာ” ဆို စာသမားတိုင်း ရင်းနှီးပြီးသား ဖြစ်မှာပါ။ ရုရှားနိုင်ငံရဲ့ ဓလေ့ကို ဖီဆန်၍ 1870 ခုနှစ်လောက်က ထွက်ရှိခဲ့တဲ့ သည်ဝတ္ထုဟာ အိမ်ထောင်ရေး ဖောက်ပြန်မှုအခန်းတွေ ပါဝင်ထားလို့ အငြင်းပွားခဲ့ရဆုံး စာအုပ်ကြီးလည်း ဖြစ်ပါတယ်။
အိမ်ထောင်ရေးဖောက်ပြန်မှု တစ်ခုတည်းကိုသာ အသားပေးရေးထားတာမျိုး မဟုတ်ပဲ Russia နိုင်ငံရဲ့ နိုင်ငံရေးအယူအဆတွေ ဒဿနတွေ ဝါဒီပိုင်းဆိုင်ရာတွေကို အသေးစိတ် ထည့်သွင်းဖော်ပြ ပေးထားတာ ကြောင့် ထိုအကြောင်းအရာများကိုပါ စာဖတ်သူတို့ လေ့လာသိရှိနိုင်မှာပါ။ “အင်နာကာရနီနာ” ဆိုသော အမျိုးသမီးဟာ ချမ်းသာသော လူကုံထံအသိုင်းအဝိုင်းမှာ ကြီးပြင်းလာခဲ့ရသူ၊ အင်မတန်ကိုမှ ချောမောလှပ၍ ကျက်သရေရှိလှသူ၊ မိမိထက် အသက် ၂၀ ကွာတဲ့ “ကာရာနင်” ဆိုတဲ့ အရာရှိကြီးနဲ့ လက်ဆက်ခဲ့ပြီး သားတစ်ယောက် မွေးဖွားခဲ့တယ်။
“ကာရာနင်” ဟာ လူရိုးလူအေး၊ အလုပ်ကလွဲ ကျန်တာမသိပေမဲ့ မိသားစုအတွက် လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးတတ်သူ။ လူအများအမြင်မှာတော့ အင်နာ့ဘဝဟာ လှပတင့်တယ်ပေမယ့် မြင်သူတိုင်း အားကျရလောက်တဲ့ အနေအထား ဖြစ်ပေမယ့် အချစ်မပါတဲ့ အိမ်ထောင်ရေးကို တည်ဆောက်ခဲ့တဲ့ အချိန်ကစ သူမဘဝရဲ့ ပျော်စရာတွေ ဆိတ်သုဉ်းသွားတယ်လို့ ခံစားနေရင်း စိတ်ခံစားချက်ကင်းမဲ့တဲ့ သံပတ်ပေးအရုပ်လို နေထိုင်ရင်း သူမ ချစ်သူဖြစ်လာမယ့် ' ဗရွန်စကီ ' နဲ့ ဆုံကြပါလေရော ….
မိန်းကလေးတွေဆို အပျော်သာ တွဲလေ့ရှိတဲ့ ' ဗရွန်စကီ ' ဟာ မမအင်နာကို တွေ့တော့ အလွန်ကြွေ မရမကလိုက်ကပ် ဇွတ်ချစ်၊ အစပိုင်းမှာ အင်နာ ရှောင်ပေမယ့် နောက်ပိုင်းတော့ ငြိသွားတယ်။
တကယ့် ပြဿနာက အဲ့ဒီမှာ စတာ။ ကာရာနင် အင်နာ ဗရွန်စကီ တို့ သုံးပွင့်ဆိုင် လွန်ဆွဲမှု ပြဿနာ စိတ်ခံစားချက်တွေ စကားလုံးအပြောအဆိုတွေ၊ အင်နာနဲ့ ဗရွန်စကီတို့ အပိုင်း၊ အင်နာရဲ့ စိတ်အတက်အကျ၊ သားဖြစ်သူကိုလည်း လုံးဝ မခွဲနိုင်၊ ချစ်တဲ့သူ အနားမှာလည်း နေချင်တဲ့ သူမစိတ်တွေ… ဖတ်ရတာ အင်မတန်ကို သဘာဝကျ အင်မတန် အရသာရှိသောပါပဲ။
အချစ်ကြောင့် အပျော်ရွှင်ရဆုံး ဖြစ်ခဲ့ရသလို အချစ်ကြောင့် အပူလောင်ရဆုံး ဖြစ်ခဲ့ရတဲ့ ' အင်နာ '…
ရာထူး စည်းစိမ် မိမိဘဝတစ်ခုလုံး ပုံအော ချစ်ခဲ့ပေမယ့် ကာမပိုင်အမျိုးသမီးကိုမှ ချစ်မိလို့ ပူလောင်ရပြန်တဲ့ ' ဗရွန်စကီ '.…
အကြိုက်ဆုံး သဘောအကျရဆုံး ဇာတ်ကောင်က ' ကာရာနင်'
တစ်ဖက်မှာ ခွှင့်လွှတ်နိုင်စွမ်းရှိသလို တစ်ဖက်မှာ ခွင့်မလွှတ်နိုင် ငြိုးမာန်ကြီးသော ကာရာနင်ပါ။ အင်နာ ဖောက်ပြန်သွားတဲ့အခါ စွန့်လွှတ်ဝံ့ခဲ့ပြီး သူ့ရဲ့ စိတ်ထိန်းသွားနိုင်ပုံဟာ လေးစားစရာ သိပ်ကောင်းတယ်၊ စိတ်ထားတတ်တယ် ပြောရမှာပေါ့။
ပူလောင်မှုတွေနဲ့ ဆန့်ကျင်ဘက်အရပ်မှာ လီဗင်နဲ့ ကစ်တီအတွဲ။ ရိုးရှင်းအေးချမ်းတွေမှုနဲ့ နေထိုင်ကြတဲ့ မိသားစုလေး။ ကစ်တီ့အပေါ် အချစ်လွန် သဝန်ထထကြောင်တတ်တဲ့ တောပျော်ကြီး လီဗင်အခန်းတွေ ဖတ်ရတာလည်း ကြိုက်တယ်။ လီဗင့်အတွေး လီဗင့်စရိုက်ကို ပုံဖော်ထားတာ ကြွတက်နေရော၊ တခါတလေ သူ့အတွေးတွေ လိုက်မမှီလို့ ပြန်ပြန်ဖတ်ယူတယ်။
ရုရှား စာအုပ်တို့ရဲ့ ထုံးစံအတိုင်း ခမ်းနာသော ဇာတ်အိမ်အဖွဲ့ များပြားလှတဲ့ ဇာတ်ကောင် (အထက်တန်းလွှာ အသိုင်းအဝိုင်းကြီးနဲ့တင် အရေးပါလှသော ဇာတ်ကောင်က ၂၆ ယောက်ပါ )
ဇာတ်ကောင်တစ်ဦးချင်းစီရဲ့ စိတ်ဓာတ်၊ နေထိုင်ပြုမှုပုံ၊ ယုတ္တိကျလှတဲ့ လူ့စရိုက် သဘောသဘာဝ တွေကအစ အသေးစိတ်ကျကျ ပုံဖော်ခြယ်မှုန်းထားနိုင်တာ တကယ်ကို အံ့ဩ လက်ဖျားခါ ယူရပါတယ်။
စ လယ် ဆုံး ဘာတစ်ခုမှ လိုအပ်ချက် မရှိ ဟာကွက်မရှိ၊ အတွေးပေါင်းများစွာ ကျန်ရစ်စေခဲ့တဲ့ ' အင်နာကာရနီနာ ' ဟာ ဘယ်အရာနဲ့မှမတူ သီးသန့်တည်ရှိနေမယ့် Novel မျိုးပါ။
စာမျက်နှာ ၆၄၆ မျက်နှာဖြင့် ပါဝင်ဖွဲ့စည်းထားပြီး ရာပြည့်စာအုပ်တိုက်မှ ၂၀၁၀ ဩဂုတ်လတွင် ပထမအကြိမ်အဖြစ် ထုတ်ဝေဖြန့်ချိထားပါတယ်။

Comments
Post a Comment
တခုခု ပြောထားခဲ့ပါ။