ပြည်သူကို အလုပ်အကျွေးပြုကြ - နေမင်းနိုင်(မြန်မာပြန်)

 


ပြည်သူကို အလုပ်အကျွေးပြုကြ - နေမင်းနိုင်(မြန်မာပြန်)

 

Yan Lianke ရဲ့ Serve The People! ကို နေမင်းနိုင်က ပြည်သူကိုအလုပ်အကျွေးပြုကြ ! အမည်နဲ့ မြန်မာပြန်တဲ့စာအုပ်။

ယန်းလျန်ခဲရဲ့ အားကောင်းတဲ့အရေးအသားနဲ့ အားကောင်းတဲ့စရိုက်ဖွဲ့တွေကို ဆရာနေမင်းနိုင်ပဲ မြန်မာပြန်ခဲ့တဲ့ အိပ်မက်ရွာစာအုပ်နဲ့ စာအုပ်လေးအုပ် စာအုပ်တွေ ဖတ်ပြီး ကျေနပ် သဘောကျခဲ့ရတယ်။ ယန်းလျန်ခဲရဲ့ လက်ရာတွေကို တရုပ်ပြည်မကြီးမှာ ပိတ်ပင်ခံရတာများလို့ ပြင်ပမှာပဲ ထုတ်ဝေဖြန့်ချိ ခဲ့ရတယ်လို့ဆိုတယ်။ အခုစာအုပ်ဟာလည်း ကနဦးမှာ မဂ္ဂဇင်းမှာဖော်ပြခဲ့တာကြောင့် အာဏာပိုင်တွေက သိရှိထားကြပြီး ဖြန့်ချိခွင့် ပိတ်လိုက်တာကြောင့် ရိုက်နှိပ်ထားတဲ့အုပ်ရေ လေးသောင်းဟာ မဖြန့်ချိလိုက်ရဘူးတဲ့။

ဒီစာအုပ်မှာလည်း ယန်းလျန်ခဲရဲ့ အားကောင်းတဲ့စရိုက်ဖွဲ့နဲ့ အရေးအသားကို ဖတ်ရတယ်။ ရှေ့ကဖတ်ထားတဲ့ စာအုပ်နှစ်အုပ်နဲ့စာရင် အခုစာအုပ်က ပိုပြီးဝတ္ထုမြောက်တယ်လို့ ဆိုနိုင်ပါတယ်။ အရင်စာအုပ် နှစ်အုပ်က အချက်အလက်ကို အသေးစိတ် သရုပ်ဖော်ချက်တွေနဲ့ အားကောင်းပြောင်မြောက်စွာ ရေးဖွဲ့ခဲ့တာတွေ့ရပြီး သွေးရောင်းဝယ်ရေး စျေးကွက်နဲ့ သေရေးဒုက္ခကြီးကို ကွက်ကွက်ကွင်းကွင်း ပုံဖော်ထားတဲ့ အိပ်မက်ရွာ၊ ပညာတတ်တွေကို ပြန်လည်သွေးသစ်လောင်း ရေးအကြောင်းပြက်ပြက်ထင်ထင် ရေးဖွဲ့ထားတဲ့ စာအုပ်လေးအုပ် အဖြစ် အချက်အလက်တွေရဲ့ အားကို အများကြီး သုံးထားတာ ဖတ်ခဲ့ရတယ်။

အခုစာအုပ်မှာကျတော့ ပြည်သူကို အလုပ်အကျွေးပြုကြ ဆိုတဲ့ မော်စီတုန်းခေတ်သရုပ်ကို ဝတ္ထုဟန်အပြည့်နဲ့ သရော်ချက်ပြင်းပြင်းကို ရုပ်လုံးပေါ်အောင် ရေးဖွဲ့ထားတာ တွေ့ရတယ်။ သရော်ချက်ဟာ ဝတ္ထုတစ်အုပ်လုံးကို လွှမ်းခြုံနေပြီး ၊ဝတ္ထုဇာတ်ကွက်တိုင်း ကလည်း သရော်ချက်နဲ့ စေးကပ်ထားတာကို တွေ့ရတယ်။ အားကောင်းတဲ့ အရေးအသားကို အားပြု ရေးဖွဲ့ထားတယ်လို့လည်း သဘောရပါတယ်။

ဝတ္ထုဇာတ်လမ်းအနေနဲ့ကတော့ အထူးတလည် မဟုတ်ပါဘူး။ တမ်မမှူးအိမ်မှာ အိမ်တော်သားအနေနဲ့ တာဝန်ကျတဲ့ ဝူတာဝမ်းနဲ့ တမ်မမှူးရဲ့ဇနီးလျှူလန်းတို့ရဲ့ နောက်မီးလင်းဇာတ် ဖြစ်ပါတယ်။ တမ်မမှူးက ပန်းသေနေသူ ဖြစ်လေတော့ ပထမဇနီးတုန်းကလည်း စက်ရုံအလုပ်သမားနောက်ကို ကောက်ကောက်ပါ လိုက်သွားတာနဲ့ ကြုံခဲ့ရတယ်။ အခုယူထားတဲ့ လျှူလန်းကလည်း အိမ်ထောင်သုခငတ်မွတ် နေရသူဖြစ်တယ်။ အဲဒီမှာ တောရွာမှာထားခဲ့ရတဲ့ မိန်းမနဲ့ ဝေးကွာနေတဲ့ ဝူတာဝမ်းနဲ့ အိမ်ထောင့်သုခ မခံစားရတဲ့ လျှူလန်းတို့ဟာ ဖောက်ပြန်ဇာတ်ခင်းကြတဲ့ အဆင့်ကို ရောက်သွားတယ်။

တမ်မမှူးကလည်း နာမည်ကောင်းရှိတဲ့သူ၊ လျှူလန်းကလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ထက်မြက်သူ၊ ဝူတာဝမ်းကလည်း နာမည်ကောင်းတွေ ဆုတံဆိပ်တွေ ရထားသူ။ ချောမောလှပတဲ့ လျှူလန်းဟာ တမ်မမှူးကတော် ဆိုတဲ့ ဂုဏ်ကို အမိအရဆွဲကိုင်ထားသူ ဖြစ်တယ်။ တမ်မမှူးက အထူးတာဝန်နဲ့ နှစ်လကြာ ခရီးထွက်သွားရချိန်မှာ ဝူတာဝမ်းနဲ့လျှူလန်းတို့ဟာ မီးကုန်ယမ်းကုန် အချစ်ပွဲတွေ နွှဲကြပါတော့တယ်။ သူတို့နှစ်ယောက်ရဲ့ အချစ်ပွဲတွေဟာ ကာမဖြေဖျောက်မှု သက်သက်သာမကတော့ဘဲ အချစ်နဲ့လူးစပ်ထားတဲ့ စိတ်ရောကိုယ်ပါ ဆက်ဆံမှုတွေ ဖြစ်သွားကြတယ်။

သူတို့နှစ်ယောက်ရဲ့ ဖောက်ပြန်မှုဟာ အလွန်ကြီးမားတဲ့ ပြစ်မှုကြီးဖြစ်တယ်။ တပ်မမှူးရဲ့ အိမ်တော် ပထမထပ်မှာ လျှူလန်းနေတယ်။ ဝူတာဝမ်းက အိမ်တော်ရဲ့မီးဖိုချောင်နဲ့ အိမ်တော်ဝင်း ထိန်းသိမ်းရေး တာဝန်ယူရပြီး၊ အိပ်ချိန်မှာ သူ့ဘားတိုက်ပြန်အိပ်ရတယ်။ တပ်မမှူးက ဝူတာဝမ်းကို တင်းကျပ်စွာ တားမြစ်ထားတာ ကတော့ အိမ်အပေါ်ထပ်ကို လုံးဝခြေဦးမလှည့်ဖို့ပဲ ဖြစ်တယ်။ ဝူတာဝမ်းက ခြေဦးမလှည့်ပေမယ့် လျှူလန်းက ဝူတာဝမ်းဆီကို ခြေဦးတည့်လာခဲ့တယ်။

စံပြစစ်သားဝူတာဝမ်းဟာ ဥက္ကဋ္ဌကြီးမော်ရဲ့ သြဝါဒတွေကို အသက်နဲ့ထပ်တူ လက်ခံသူဖြစ်တယ်။ ပြည်သူကိုအလုပ်အကျွေးပြုကြ ဆိုတာကို သွေးသစ္စာဆိုထားသလို မြဲတဲ့ စံပြစစ်သားဖြစ်တယ်။ ဝူတာဝမ်းအတွက် လျှူလန်းဆိုတာဟာ စိတ်နဲ့တောင် ပြစ်မှားလို့မရတဲ့သူ ဖြစ်တယ်။ အနားသီရင်ကို အဆိပ်ပြင်းပြင်းသင့်မယ့်သူ ဖြစ်တယ်။

သူတို့နှစ်ယောက် ဖောက်ပြန်ကြတာဟာ တပ်မမှူးကတော်နဲ့ တပ်ကြပ်တစ်ယောက်တို့ ဖောက်ပြန်ကြတယ် ဆိုတာထက် ပိုတယ်။ ဒါဟာ ဒီဝတ္ထုမှာ အရေးပါတဲ့ ဆက်တင်တစ်ခုဖြစ်တယ်။ သိုထားတဲ့ ဖွဲ့တည်မှု တစ်ခုလို့လည်း ဆိုနိုင်တယ်။

ဒီဝတ္ထုရဲ့ အားအကောင်းဆုံး ဖွဲ့တည်မှုကတော့ ပြည်သူကိုအလုပ်အကျွေးပြုကြ ဆိုတဲ့ ဆောင်ပုဒ်နဲ့ အဲဒီဆောင်ပုဒ်ကို အဓိပ္ပာယ်ဖွင့်ဆိုမှု၊ အဓိပ္ပာယ်ဖွင့်ဆိုမှုအပေါ်မှာ တုန့်ပြန်မှုတွေ ဖြစ်တယ်။ ယန်းလျန်ခဲရဲ့ အားကောင်းတဲ့ အရေးအသားနဲ့ စရိုက်ဖွဲ့တွေဟာ သရော်ချက်ပူးကပ်မှုနဲ့အတူ ပြောင်မြောက်စွာ ဖြစ်တည်လာပါတယ်။

အားကောင်းလွန်းတဲ့ သင်္ကေတတွေ၊ ထပ်တူပြုသရော်ချက်တွေဟာ ဝတ္ထုကိုပိုကြီးမားတဲ့ တောက်ပြောင်မှု အဖြစ် သိပ်သည်းတင်းရင်း သွားစေတယ်။ ပြည်သူကို အလုပ်အကျွေးပြုကြ ဆိုတဲ့ ဆောင်ပုဒ်ပါ လေးထောင့်သစ်သားတုံး ကလေးဟာ ဝူတာဝမ်းရဲ့ မီးဖိုချောင်ထဲမှာ မြင်သာထင်သာထားရှိပြီး၊ တစ်ချိန်လုံး သတိကပ်နေအောင် သတိပေးလျက်ရှိတယ်။ အဲဒီဆောင်ပုဒ်ကလေးဟာ သူ့နေရာမှာမရှိဘဲ နေရာပြောင်းသွားပြီ ဆိုရင် အဲဒါဟာ လျှူလန်းက ဝူတာဝမ်းကို သူ့ဆီတက်လာဖို့ အချက်ပြတာ ဖြစ်တယ်။ အမိန့်ပေးတာဖြစ်တယ်။ နောက်ပိုင်းမှာ ချစ်သူနှစ်ယောက် ချိန်းတွေ့တာ ဖြစ်လာတယ်။ အဲဒီနောက် လင်မယားနှစ်ယောက် အချစ်ပွဲနွှဲရန် ချိန်းဆိုမှုဖြစ်လာတယ်။ ပြည်သူကိုအလုပ်အကျွေးပြုကြ ဆိုတဲ့ ဆောင်ပုဒ် သစ်သားတုံးလေးဟာ ဖောက်ပြန်သူတို့ရဲ့ ချိန်းဆိုမှုအတွက် အောင်သွယ်ဖြစ်သွားတယ်။

ဒါကတော့ ဒီစာအုပ်မှာ အားပြင်းတဲ့သရော်ချက်တွေ ဘယ်လိုပုံဖော်ထားတယ် ဆိုတာကို အမြည်း အနေနဲ့ မိတ်ဆက်ပေးတာပါ။

ဒီလိုပုံစံမျိုးနဲ့ မော်စီတုန်းရဲ့ ဝါဒနဲ့ သဘောတရား တွေကို တလျှောက်လုံး သရော်ထားတယ်။ အတည်ပေါက်တွေကို သရော်ထားတဲ့ အချက်တွေကလည်း ပြောင်မြောက်တယ်လို့ ဆိုချင်တယ်။ မော်စီတုန်းဝါဒ တွေဟာ ဖောက်ပြန်သူ နှစ်ရောက်ရဲ့ အာသာပြင်းပြင်းချစ်ရည်လူးခန်း တွေမှာ အသုံးတော်ခံရတဲ့ နောက်ခံတီးလုံးတွေ ဖြစ်နေတော့တယ်။

ဝူတာဝမ်းနဲ့ လျှူလန်းတို့ရဲ့ဖောက်ပြန်ခန်း၊ ချစ်ရည်လူးခန်းတွေဟာ သူတို့ရဲ့ ချစ်ဆိပ်တက်ကြတာတွေ သာမကဘဲ သူတို့ရဲ့တန်ပြန် တော်လှန်စိတ်ကိုပါ သွေးထိုးပေးနေတာကို ပါးပါးလေးနဲ့ ပေါ်လွင်အောင် ရေးဖွဲ့သွားတာကတော့ ယန်းလျန်ခဲကို အထင်ကြီးမိစေတဲ့ ဖန်တီးမှုအနုပညာလို့ပဲ ဆိုနိုင်လေရဲ့။

ဝူတာဝမ်းဟာ ကျေးလက်က လယ်သမားတစ်ယောက် ဖြစ်ပြီး၊ တပ်ထဲဝင်နိုင်အောင် ကြိုးစားပြီး တပ်သားကောင်း ဖြစ်အောင် ကြိုးပမ်းခဲ့တယ်။ ဒါကလည်း သူနဲ့ နေရာချထားပေးခဲ့တဲ့ ကျေးရွာဘုံရိပ်သာရဲ့ စာရင်းကိုင်က သူ့သမီးနဲ့ နေရာချပေးပြီး တပ်သားကနေ တဆင့်ပြီးတဆင့် အရာရှိဖြစ်အောင် ကြိုးစားကာ သူ့သမီးကို မြို့ပေါ်မှာ ခေါ်ထားနိုင်တဲ့အထိ ကြိုးပမ်းဖို့ စာချုပ်နဲ့ လက်ထပ်ပေးခဲ့တာကြောင့် အရာရှိ ဖြစ်လာရေးဟာ သူ့အတွက် ရည်မှန်းချက်ဖြစ်တယ်။

လျှူလန်းကကျတော့ မော်ရဲ့ဝါဒတွေကို အာဂုံဆောင်နိုင်တဲ့ သာမန်အရပ်သူလေးကနေ တော်ကောက်လို့ စင်ပေါ် ရောက်လာရသူ ဖြစ်တယ်။ တပ်မမှူးကတော်ဆိုတဲ့ ကြီးကျယ်တဲ့ဂုဏ်ဟာ ဘာနဲ့မှမလဲနိုင်တဲ့၊ လုံးဝမစွန့်လွှတ်နိုင်တဲ့ ဂုဏ်ဖြစ်တယ်။ ယောကျ်ားက ပန်းသေနေပေမယ့် တပ်မမှူးကတော်ဆိုတဲ့ ဂုဏ်က ကြီးမားခန်းနားလွန်းတယ်။ ဒီဂုဏ်အတွက် သူ့ဘဝကို အိမ်ထောင်သုခမရှိတဲ့ အိမ်ထောင်ရေး အချုပ်အနှောင်ထဲမှာ ပိတ်လှောင်ကျေနပ်နေရသူဖြစ်တယ်။

ဝူတာဝမ်းနဲ့လျှူလန်းတို့ဟာ သူတို့လာရောက်ခဲ့ရာ နောက်ကြောင်းကိုယ်စီမှာ အကြိတ်အခဲတွေ အဖြစ် တန်ပြန်တော်လှန်ရေး အသိတွေ ကိန်းအောင်းနေခဲ့ကြတာ ဖြစ်တယ်။ သူတို့ရဲ့ စိတ်လွတ်ကိုယ်လွတ်၊ နှလုံးသားအလိုနဲ့ ရမ္မက်ဆန္ဒတွေ အားပါးတရ ဖွင့်ထုတ်ကြချိန်မှာ အဲဒီငုတ်နေတဲ့ တန်ပြန် တော်လှန်ရေး စိတ်တွေဟာ ပွင့်ထွက်လာကြတော့တယ်။ ရင်သိမ့်တုန် ချစ်ရည်လူးခန်းတွေနဲ့အတူ အားကောင်းလှတဲ့ သရော်ချက်တွေဟာ မီးမောင်းကြီးအောက်မှာ ထိန်လင်းမြင်သာဖြစ်နေတော့တယ်။

ဒီဝတ္ထုမှာ ပြည်သူကို အလုပ်အကျွေးပြုကြဆိုတဲ့ ဆောင်ပုဒ်က ဦးဆောင်နေတာဖြစ်ပြီး အခြားသော သဘောတရားတွေကလည်း အားကောင်းကောင်းနဲ့ သရော်ဝေဖန်ခံနေရတာကို တွေ့ရတယ်။ မော်ဝါဒကို နှုတ်ဖျားမှာ တပ်ထားသလို ရင်ထဲကိုလည်း အတင်းထိုးသိပ်ထားကြရတဲ့ သူတွေဟာ မော်ဝါဒရဲ့ အနင်းအချေကို ခံကြရတဲ့အခါ ပေါက်ကွဲကြတယ်။

တန်ပြန်တော်လှန်ရေးဆန်တဲ့ တုန့်ပြန်မှုတွေကို အန္တရာယ်ရှောင်ပြီး ဖော်ပြကြတယ်။

ဝူတာဝမ်းနဲ့ လျှူလန်းတို့ကျတော့ အချစ်စမ်းရင်း တုန့်ပြန်ကြတယ်။ အချစ်စမ်းရင်း ဆန့်ကျင်ကြတယ်။ အချစ်ပြိုင်ရာမှာ ဖျက်ဆီးခံရတဲ့ အပရိကတွေအဖြစ် မလှမပ ဝပ်စင်းပေးရတဲ့ သင်္ကေတတွေ ဖြစ်ကြတယ်။ အဲဒီလှောင်ပြောင်ချက်ဟာ ဒီဝတ္ထုမှာ အထွတ်အထိပ်ကို ရောက်လာတာ တွေ့ရတယ်။ သူတို့နှစ်ယောက်ရဲ့ အာသာပြင်းပြတဲ့ အချစ်လူးခန်းမှာ မော်ဝါဒဟာ အတုံးအရုံးပြိုကျပျက်စီးပြီး တစ်စစီဖြစ်သွားသလောက် အရေးအသားက ပြင်းထန်လှပနေတယ်လို့ ဆိုနိုင်တယ်။

ဝူတာဝမ်းနဲ့ လျှူလန်းတို့ရဲ့ ဖောက်ပြန်မှုနဲ့ မော်ဝါဒ၊ မော်ဝါဒီတို့ရဲ့ ဖောက်ပြန်မှုတွေကို သရော်ချက်နဲ့ပဲ တရားစီရင်ထားတယ်လို့ ဆိုနိုင်တယ်။ ဒါကြောင့်ပဲ ဒီဝတ္ထုဟာ ပြည်မကြီးမှာ အပိတ်အပင်ခံရတာ ဖြစ်နိုင်တယ်လို့ တွေးမိတယ်။ ဆတ်ဆတ်ခါ နာတယ်ဆိုတာထက် ပိုမိုတဲ့ အနာမျိုး ဖြစ်နိုင်တယ်မဟုတ်လား။

သဘောကျတဲ့ အချက်တွေ အများကြီးရှိတဲ့အထဲက ဝူတာဝမ်းနဲ့ လျှူလန်းတို့ရဲ့ ချစ်ရည်လူးခန်းတွေကို ရေးဖွဲ့ထားတဲ့ ယန်းလျန်ခဲရဲ့အရေးအသားတွေ သိမ်မွေ့ထိရှနေတာကို သဘောကျစရာအဖြစ် လေ့လာရတာဖြစ်ပါတယ်။

(ဆရာနေမင်းနိုင်ရဲ့ မြန်မာပြန်အသုံးအနှုံး အားထုတ်ထားတာ တွေ ကလည်း ကောင်းမွန်လှတာ တွေ့ရတယ်) ဖောက်ပြန်ခြင်း၊ ဖောက်ပြန်ရေး၊ ဖောက်ပြန်သူ စတဲ့အသုံးတွေကို အားကောင်းတဲ့ အရေးအသားနဲ့ လှပစွာ သရော်ထားတဲ့ အလုပ်ကောင်းတစ်ခုလို့ သဘောရပါတယ်။ ဖတ်ကြည့်သင့်တယ်လို့ ညွှန်းစရာ ရှိသလားဆိုရင် ညွှန်းရမယ့်စာအုပ်ပါပဲ။ စာအုပ်နဲ့ပတ်သက်လို့ ထိတွေ့ခံစား လေ့လာရတာတွေ အများကြီးရှိပေမယ့် အမြည်းသဘောလောက်ပဲ မျှဝေပေးလိုက်တာဖြစ်ပါတယ်။

ဝတ္ထုဇာတ်သိမ်းကလည်း ဝတ္ထုကို လည်ပြန်ကြည့်မိစေပြီး၊ ဝူတာဝမ်းနဲ့ လျှူလန်းတို့ရဲ့ ဖောက်ပြန်မှုကြီးဟာ ဘယ်သူ့ကို ပိုအကျိုးရှိစေခဲ့သလဲ ဆိုတာကိုလည်း တွေးမိစေပါတယ်။ ဖောက်ပြန်မှုရဲ့ ကြီးလေးသော ပြစ်ဒဏ်ကို ခံစားရမယ့် ဝူတာဝမ်းဟာ မိသားစုကို မြို့ပေါ်ခေါ်နိုင်ခဲ့ပြီး၊ နေရာကောင်းတစ်ခုမှာလည်း အလုပ်ရသွားစေတယ်။ အဲဒီလိုပဲ လျှူလန်းကလည်း ကလေးတစ်ယောက် အပိုဆောင်းနိုင်ခဲ့ပြီး လင်တော်မောင်နဲ့ မော်ကြွားနိုင်တဲ့ဘဝကို ဆက်လက် ပိုင်ဆိုင်သွားတယ်။ ဒီသရော်ချက်က ဝတ္ထုကို လည်ပြန် ကြည့်မိပြန်ပြီး သဘောကျသွားရတဲ့ အသိမ်းဖြစ်ပါတယ်။

ဒါကြောင့် ဒီဝတ္ထုဟာ ပြောစရာ၊ လေ့လာစရာ၊ ဆင်ခြင်တွေးတောစရာတွေ အများကြီး ပါဝင်နေတယ်လို့ ပြောတာ ဖြစ်ပါတယ်။

ဘာသာပြန်တဲ့ ဆရာနေမင်းနိုင်နဲ့ ထုတ်ဝေတဲ့ Book Tree ကို အခုလိုဖတ်ခွင့်၊ လေ့လာခွင့်ရလို့ ကျေးဇူးတင်တယ်။

၂၀၂၅၊ဒီဇင်ဘာလမှာ Book Tree ကထုတ်ဝေဖြန့်ချိတယ်။ စာမျက်နှာ ၂၀၂။တန်ဖိုး ၁၅၀၀၀ ကျပ်။

စိုးဘားဒိုင်

Comments

Most Popular

ဖား - တော်ကောင်းမင်း

တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့်

ငြိမ်းတယ် ချမ်းတယ် မိုး - မင်းကျော်

နှင်းရိပ်ပြာ‌မှောင် - မောင်ရှင်စော

တစ္ဆေ - မင်းကျော် - Book Review

ရူးမူရာကာမိ - တိုကျိုကျဆုံးခန်း လက်ရွေးစင်ဝတ္ထုတိုများ - မိုးသက်ဟန်

စကားလက် သို့မဟုတ် လေရူးသုန်သုန် အဆက် - တင်မောင်မြင့်

ရွက်လှပန်း - မိုးမိုး(အင်းလျား)

မာန် - မောင်ထွန်းသူ - Book Review