လက်ဖက်ရည်ဆိုင် - မြသန်းတင့်
လက်ဖက်ရည်ဆိုင်
တရုတ်စာရေးဆရာကြီး လောရှိ၏ ‘လက်ဖက်ရည်ဆိုင်” ပြဇာတ်ရှည်ကြီးသည် တရုတ်ပြည်နှင့် နိုင်ငံတကာတွင် ထင်ရှားကျော်ကြားသော ပြဇာတ်ကြီးတစ်ပုဒ် ဖြစ်သည်။ တရုတ်ပြည်တွင်း၌ စတင် ကပြခဲ့ပြီး ဂျပန်၊ အနောက်ဂျာမဏီနှင့် အမေရိကန်ပြည်ထောင်စုတို့တွင်လည်း မကြာသေးမီက စင်တင်ကပြခဲ့ရာ များစွာလူကြိုက်များသည်။ လောရှိ၏ ‘လက်ဖက်ရည်ဆိုင်’ပြဇာတ်ကြီးသည် အပိုင်းသုံးပိုင်းပါရှိ၍ ၁၈၉၈ ခုနှစ်မှ ၁၉၄၈ ခုနှစ်အထိ နှစ်ပေါင်းငါးဆယ်အတွင်း ပီကင်းမြို့မှ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို နောက်ခံပြုရေးထားသည့် ပြဇာတ်ကြီးဖြစ်ပြီး ဇာတ်ဆောင်ပေါင်း ခြောက်ဆယ်ကျော်ပါရှိသည်။ လက်ဖက်ရည်ဆိုင်ကို နောက်ခံပြုကာ တရုတ်ပြည်တွင် ပြောင်းလဲနေသော အခြေအနေ အရပ်ရပ်တို့ကို ဖော်ပြသွားသည်။
လောရှိသည် ‘လန်ချားသမား' အမည်ရှိ ဝတ္ထုရှည်ကြီး တစ်ပုဒ်ကိုလည်း ရေးခဲ့သေးရာ ယင်းကို ဘာသာအမျိုးမျိုးသို့ ပြန်ဆိုခဲ့ပြီး ဖြစ်သည်။ မြန်မာနိုင်ငံတွင် စစ်ပြီးစက တက်တိုး မြန်မာပြန်၍ ထုတ်ဝေ ခဲ့ပြီးဖြစ်သည်။
အခြားသော ထင်ရှားသည့်ပြဇာတ်ရှည် တစ်ပုဒ်မှာ ‘နဂါးမုတ်ဆိတ်မြောင်း’ ဟူသော ပြဇာတ်ဖြစ်သည်။ လောရှိသည် တရုတ်ပြည်လွတ်မြောက်ရေးရသည့်အခါတွင် အမေရိကန် ပြည်ထောင်စုတွင် နေထိုင်ရာမှ ပြန်လာခဲ့ပြီး စာပေများကို ဆက်လက်ပြုစုခဲ့ရာ ၁၉၆၆ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။

Comments
Post a Comment
တခုခု ပြောထားခဲ့ပါ။