သတိရခြင်းများ တစိမ့်စိမ့် - လွင်မောင်မောင်
အမှာ
သူဟာ ၁၉၉၃၊ ၁၉၉၄ တွေတုန်းက ထွက်ခဲ့တဲ့ တာရာရဲ့ အလင်းတန်းများနဲ့ ပုလဲသီတကွဲစီ သီချင်းစီးရီးများထဲက တေးရေးလွင်မောင်မောင် ဖြစ်ပါတယ်။ စိန်ပန်းနီနီ ငုပန်းဝါဝါတွေ အောက်မှာ အရည်ပျော်လုမတတ် ကတ္တရာလမ်းမများပေါ်က မန္တလေးတက္ကသိုလ် နေ့စွဲများမှာ ကျွန်တော်တို့ ကချင်ပြည်နယ် ကျောင်းသားတွေ ပင်တိုင်ထိုင်တဲ့ ရွှေမင်းသား လက်ဖက်ရည်ဆိုင် (အခု Friend နေရာ) မှာ တာရာသီချင်းတွေကို ကျွန်တော်တို့ နားထောင်စွဲလမ်းခဲ့ရပါတယ်။ ကျွန်တော်တို့ နှစ်သက်တဲ့ ယူမိုးရဲ့ ကစားပွဲများ စီးရီး (၁၉၉၆) မှာလည်း လွင်မောင်မောင် ထပ်ပါလာပါတယ်။ သူဟာ ရန်ကင်း ဂီတလောကနဲ့ လှည်းတန်း စာပေလောကတွေမှာ ကျင်လည်ကျက်စားခဲ့တယ်။
သူ့ရဲ့ မူးယစ်ဝေသော နွေဦးနေ့တွေ ပြိုလဲပျက်သုဉ်း ပျောက်ဆုံး ကွယ်ပခြင်းတွေကို သူတွေ့ကြုံခံစားခဲ့ရတယ်။ ပျောက်ဆုံးသွားတဲ့ မရှိတော့ခြင်းတွေဟာ သူ့ဆီမှာတော့ အမြဲ ရှိနေခဲ့ပြန်တယ်။ ရန်ကင်းက လက်ဖက်ရည်ဆိုင် တစ်ဆိုင်မှာ သူနဲ့ ဆုံတွေ့ကြတော့ သူဟာ စကားကို အဆက်မပြတ် ပြောတယ်။ သူဟာ ဘာသာစကားကို အသုံးပြုပြီး မရှိတော့ခြင်းတွေကို ပြန်ရှိလာအောင် တည်ဆောက်နေသူပဲ။ သူ့တည်ဆောက်မှုတွေထဲမှာ လှည်းတန်းအက်ဆေး၊ အင်းလျားအက်ဆေး စာအုပ်တွေ စီစဉ်ထုတ်လုပ် နေတာတွေလည်း ပါဝင်ပါတယ်။
သူ့အရေးအသားတွေဟာ ကျွန်တော်တို့ရဲ့ ဝါကျင့်ကျင့် ဘဝတွေကို မှတ်ဉာဏ်မှာ ရောင်ပြန်လာဟပ်စေပါတယ်။ သူ့အတိတ်လွမ်း ဝေဒနာမှာ လူငယ်လူလတ်ဘဝ မြို့ပြ ခံစားမှုနဲ့၊ ကလေးဘဝ ကျေးလက်ခံစားမှုတွေ ပါဝင်တယ်။ အချိန်နှစ်ခု၊ နေရာနှစ်မျိုး နောက်ခံကနေ သစ်ရွက်ခြောက်တွေ တဖွဲဖွဲကြွေနေရင်း၊ လန်းဆန်းမိုးစက်တွေလည်း တပြိုင်တည်း ဖြန်းပက်နေပါလိမ့်မယ်။
သူဟာ မနက်တိုင်း အင်းလျားကန်ဘောင်မှာ လမ်းလျှောက်ရင်း၊ အင်းလျားကို ဖြတ်တိုက်လာတဲ့လေကို ရှူသွင်းရင်း၊ သူ့ကိုယ်သူ ရှူထုတ်ရင်း ဆက်သွယ်မှု ပြုလုပ်နေပါတယ်။ ဒီစာအုပ်ကနေတစ်ဆင့် သူ့ကို ပြန်လည် ဆက်သွယ်နိုင်ပါတယ်။
ဝေးခေါင်
၂၇ ဇန်နဝါရီ ၂ဝ၁၉
Download Epub Kfx

Comments
Post a Comment
တခုခု ပြောထားခဲ့ပါ။