ယုန်တောင်ပြေး ခွေးမြောက်လိုက် ပြေ (ဆေး-၂)

 

ယုန်တောင်ပြေး ခွေးမြောက်လိုက်

ပြေ (ဆေး-၂)

တရုတ်စာရေးဆရာမ ရှောင်းလူကော့ (Xiaolu Guo) ရဲ့ "UFO In Her Eyes" ကို ဆရာပြေ (ဆေး-၂) က "ယုန်တောင်ပြေး ခွေးမြောက်လိုက်" ဆိုတဲ့ အမည်နဲ့ မြန်မာမှုပြုထားတဲ့ ဒီစာအုပ်က ရိုးရိုးတန်းတန်း ဝတ္ထုတစ်ပုဒ်ထက်စာရင် မှတ်တမ်းရုပ်ရှင်တစ်ကားကို ကြည့်နေရသလို ခံစားချက်မျိုး ပေးစွမ်းနိုင်ပါတယ်။ ဇာတ်လမ်းက တရုတ်ပြည် ဟူနန်ပြည်နယ်ထဲက "ငွေတောင်" ဆိုတဲ့ ရွာလေးတစ်ရွာကို အခြေခံထားတာပါ။ ဥက္ကဋ္ဌကြီးမော်ရဲ့ ဇာတိနဲ့ မလှမ်းမကမ်းမှာရှိပြီး ဆင်းရဲနွမ်းပါးလှတဲ့ ဒီရွာလေးမှာ ကြောင်ရင့် ဆိုတဲ့ အသက် ၃၀ ကျော် လယ်သူမတစ်ယောက်က UFO လို့ ယူဆရတဲ့ သံပန်းကန်ပြားပျံကြီးတစ်ခုကို မြင်လိုက်ရတယ်လို့ သတင်းပို့ရာကနေ ဇာတ်လမ်းက စတင်တာဖြစ်ပါတယ်။

ဒီစာအုပ်ရဲ့ ထူးခြားချက်က ဇာတ်ကြောင်းပြောပြတဲ့ ပုံစံပါ။ ရိုးရိုးဝတ္ထုတွေလို အညွှန်းတွေ၊ အဖွဲ့အနွဲ့တွေနဲ့ သွားတာမျိုးမဟုတ်ဘဲ အစိုးရထောက်လှမ်းရေး အေးဂျင့်တွေရဲ့ စုံစမ်းစစ်ဆေးမှု မှတ်တမ်းတွေ၊ အင်တာဗျူးတွေ၊ တရားဝင်ပေးစာတွေနဲ့ ဒိုင်ယာရီတွေကတစ်ဆင့် ဇာတ်လမ်းကို ဖော်ပြသွားတာပါ။ ဒီလိုပုံစံက ဖတ်ရတဲ့သူကို UFO ဆိုတာထက် UFO မြင်လိုက်ရတဲ့ ဖြစ်ရပ်တစ်ခုက ရွာသူရွာသားတွေရဲ့ လူမှုဘဝနဲ့ စိတ်နေစိတ်ထားပေါ် ဘယ်လိုသက်ရောက်သွားလဲဆိုတာကို ပိုပြီးအာရုံစိုက်မိစေပါတယ်။ UFO ကြောင့် ရွာသူကြီး ကျန်လီရဲ့ ဦးဆောင်မှုအောက်မှာ ငွေတောင်ရွာလေးက "ငါးနှစ်စီမံကိန်း" တွေနဲ့ အရှိန်အဟုန်ပြင်းပြင်း ပြောင်းလဲတိုးတက်ဖို့ ကြိုးစားလာပုံတွေကို သရော်စာဆန်ဆန်နဲ့ လက်တွေ့ကျကျ မြင်တွေ့ရမှာပါ။

ဇာတ်ကောင်တွေဖြစ်တဲ့ ရိုးသားအေးဆေးပြီး ဘဝဒဏ်ကို အောက်ခြေကနေ ခံစားနေရတဲ့ ကြောင်ရင့်၊ ရွာကို တိုးတက်စေချင်တဲ့ ရည်မှန်းချက်ကြီးမားလွန်းတဲ့ သူကြီးကျန်လီ၊ သင်္ချာကို အစွဲအလမ်းကြီးတဲ့ ကျောင်းအုပ်ကြီး၊ အတိတ်က နာကျင်စရာတွေကို မမေ့နိုင်သေးတဲ့ အဘိုးအိုတွေရဲ့ စကားပြောဟန်တွေက အတုအယောင်မပါဘဲ သဘာဝကျပါတယ်။ တရုတ်ပြည်ရဲ့ နိုင်ငံရေးနောက်ခံတွေ၊ ရှေ့သို့ခုန်ပျံကျော်လွှား စီမံကိန်းကြောင့် ကြုံခဲ့ရတဲ့ အငတ်ဘေးတွေနဲ့ ခေတ်သစ်စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေအကြားမှာ လယ်သမားတွေရဲ့ ဘဝက ဘယ်လိုမြေစာပင်ဖြစ်နေရလဲဆိုတာကို စာရေးသူက ပရိယာယ်နဲ့ ရေးပြသွားတာပါ။ UFO ဆိုတာက ဇာတ်လမ်းကို တွန်းပို့ပေးတဲ့ အကြောင်းပြချက်တစ်ခုသာဖြစ်ပြီး၊ တကယ်တမ်းတော့ လူသားတွေရဲ့ လောဘ၊ မျှော်လင့်ချက်နဲ့ ခေတ်စနစ်ရဲ့ ရိုက်ခတ်မှုတွေအကြောင်းကို ပိုပြီး ထိထိမိမိ ဖော်ပြထားပါတယ်။ ဆရာပြေ (ဆေး-၂) ရဲ့ မြန်မာပြန်ဆိုချက်ကလည်း ဒေသန္တရစကားပြောဟန်တွေကို မြန်မာစာဖတ်သူတွေ နားလည်လွယ်အောင်၊ ဖတ်လို့ချောမွေ့အောင် ဘာသာပြန်ထားနိုင်တာကို တွေ့ရပါတယ်။ ခေတ်စနစ်ရဲ့ သားကောင်ဖြစ်နေရတဲ့ ကျေးလက်လူတန်းစားတွေရဲ့ ဘဝကို တစ်စောင်းကြည့်ချင်သူတွေအတွက် သတိပြုမိစေမယ့် စာအုပ်တစ်အုပ်လို့ ဆိုနိုင်ပါတယ်။

Review By Whisper Of Words

Coming Soon 

Comments

Most Popular

ဖား - တော်ကောင်းမင်း

တသိမ့်သိမ့်ဒွန် - တက္ကသိုလ် နန္ဒမိတ် ၊ မြတ်ငြိမ်း၊ တင်မောင်မြင့်

ငြိမ်းတယ် ချမ်းတယ် မိုး - မင်းကျော်

နှင်းရိပ်ပြာ‌မှောင် - မောင်ရှင်စော

တစ္ဆေ - မင်းကျော် - Book Review

ရူးမူရာကာမိ - တိုကျိုကျဆုံးခန်း လက်ရွေးစင်ဝတ္ထုတိုများ - မိုးသက်ဟန်

စကားလက် သို့မဟုတ် လေရူးသုန်သုန် အဆက် - တင်မောင်မြင့်

ရွက်လှပန်း - မိုးမိုး(အင်းလျား)

မာန် - မောင်ထွန်းသူ - Book Review