သတင်းတွေကို ဘာကြောင့် မဖတ်သင့်တာလဲ - ကက်စပါဇော်
သတင်းတွေကို ဘာကြောင့် မဖတ်သင့်တာလဲ
(သတင်း ထင်ယောင်ထင်မှားဖြစ်မှု)
စူမတ်တြားမှာ ငလျှင်လှုပ်ပါတယ်။ ရုရှားမှာ လေယာဉ်ပျက်ကျပါတယ်။ လူတစ်ယောက်ဟာ သူ့သမီးကို မြေအောက်ခန်းထဲမှာ နှစ်ပေါင်း သုံးဆယ်ကြာ ပိတ်နှောင်ထားပါ တယ်။ ဟိုက်ဒီကူလမ် နဲ့ ဆီးလ် ခွာပြဲသွားပြီ။ အမေရိကဘဏ်ရဲ့ မှတ်တမ်းတင်လောက်တဲ့ လစာများ။ ပါကစ္စတန်မှ တိုက်ခိုက်မှုများ။ မာလီ သမ္မတ နှုတ်ထွက်မှု။ သံလုံးပစ် ပြိုင်ပွဲမှ ကမ္ဘာ့စံချိန်သစ်တင်မှု။
ခင်ဗျား တကယ်ပဲ ဒါတွေအားလုံးကို သိဖို့ လိုပါရဲ့လား။
ကျွန်တော်တို့ဟာ သတင်းအချက်အလက်များများရပြီး တကယ်တမ်းသိတာကတော့ နည်းနည်းပဲရှိပါတယ်။ ဘာကြောင့်ပါလဲ။ အကြောင်းရင်းကတော့ လွန်ခဲ့တဲ့ ရာစုနှစ် နှစ်ခုလောက်မှာ ကျွန်တော်တို့ဟာ အသိပညာကို အဆိပ်သင့်စေမယ့် သတင်း ဆိုတဲ့အရာကို တီထွင်ဖန်တီး ခဲ့ကြလို့ပဲ ဖြစ်ပါတယ်။ သကြားဟာ ခန္ဓာကိုယ်အတွက် လိုအပ် သလိုပဲ သတင်းဟာ စိတ်အတွက် လိုအပ်ပါတယ်။ သကြားဟာ လူကို နှုတ်မြိန်စေပါတယ်။ အစာချေဖျက်လွယ်ပါတယ်။ ဒါပေမယ့် ရေရှည်မှာတော့ ဘေးအန္တရာယ်ဖြစ်စေ ပါတယ်။
လွန်ခဲ့တဲ့ သုံးနှစ်က ကျွန်တော် စမ်းသပ်ချက်တစ်ခုကို စတင်လုပ်ဆောင်ခဲ့ပါတယ်။ သတင်းဖတ်တာတွေ သတင်းနားထောင်တာတွေကို မလုပ်တော့ဘဲ ရပ်တန့်ပစ်ခဲ့ပါ တယ်။ သတင်းစာနဲ့ မဂ္ဂဇင်းတွေ အတွက် ပုံမှန်ဖတ်ဖို့ စာရင်းသွင်းထားတာတွေကို ရုပ်သိမ်းခဲ့ပါတယ်။ တယ်လီဗီးရှင်းနဲ့ ရေဒီယိုကြေးသွင်းထားတာတွေကို ရပ်ခဲ့ပါတယ်။ ကျွန်တော့် အိုင်ဖုန်းထဲက သတင်း အက်ပလီကေးရှင်းတွေကို ဖျက်ပစ်လိုက်ပါတယ်။ အလကားဖြန့်ဝေတဲ့ သတင်းစာတွေကို ထိတောင် မထိကြည့်တော့ပါဘူး။ လေယာဉ်စီး ရင်း တစ်ယောက်ယောက်က ကျွန်တော့်ကို အဲ့သလို သတင်းစာတွေ ဖတ်ဖို့ပေးလာရင်လဲ အကြောင်းတစ်ခုခုပြပြီး ငြင်းပယ်လိုက်ပါတယ်။ ပထမ တစ်ပတ်မှာတော့ အတော် ခက်ခဲပါတယ်။ အင်မတန်ကို နေရခက်ပါတယ်။ သတင်းတစ်ခုခု လွတ်သွားမှာကို စိုးထိတ်တဲ့စိတ်က အဆက်မပြတ်ဖြစ်နေခဲ့ပါတယ်။ အချိန်အနည်းငယ် ကြာလာတဲ့ အခါ မှာတော့ အမြင်သစ်တစ်ခု ကျွန်တော့်မှာ ဖြစ်လာပါတယ်။ သုံးနှစ်ကြာပြီးတဲ့နောက်မှာ ရလဒ်ကတော့ အတွေးတွေရှင်းလာပါတယ်။ တန်ဖိုးရှိတဲ့ ထိုးထွင်းသိမြင်မှုတွေ ဖြစ်လာ ပါတယ်။ ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေကို ချနိုင်လာပါတယ်။ အားလပ်ချိန်တွေလည်း ပိုရလာပါတယ်။ အကောင်းဆုံးအချက်လည်းရှိပါသေးတယ်။ အဲ့သလို သတင်းတွေကို ဖြတ်တောက်ထားပေမယ့်လည်း တကယ်အရေးကြီးတဲ့ အချက်တွေကို ကျွန်တော် လွတ်မသွားခဲ့ပါဘူး။ ကျွန်တော့်ရဲ့ လူမှု ကွန်ယက် (Facebook ကိုပြောတာမဟုတ်ပါဘူး .. အပြင်မှာ တကယ်ရှိတဲ့ မိတ်ဆွေအပေါင်းအသင်း ကွန်ယက်ကိုပြောတာပါ) ဟာ သတင်းတွေကို စစ်ထုတ်ပေးပြီး တကယ့်အရေးကြီးသတင်း တွေကို သူတို့ဆီကနေ ကျွန်တော်ရပါတယ်။
သတင်းတွေနဲ့ အဆက်ဖြတ်ထားဖို့ အကြောင်းပြချက်တွေ တစ်ဒါဇင်လောက်ရှိပါတယ်။ ထိပ်ဆုံးက အကြောင်းပြချက် သုံးခုကတော့ .. ပထမဆုံးအနေနဲ့ပြောရရင် ကျွန်တော်တို့ ဦးဏှောက်ဟာ ကွဲပြားခြားနားတဲ့ သတင်းအချက်အလက်တွေကို အချိုးမညီမျှစွာ တုန့်ပြန်ပါတယ်။ ကဲ့ရဲ့ပြစ်တင်ဖွယ်ကိစ္စတွေ၊ တုန်လှုပ်ခြောက်ခြားဖွယ် ကိစ္စတွေ၊ လူပုဂ္ဂိုလ်နဲ့ ဆိုင်တဲ့ကိစ္စတွေ၊ ကျယ်ကျယ်လောင်လောင်ဖြစ်တဲ့ ကိစ္စတွေ၊ အလျှင်အမြန်ပြောင်းလဲနေတဲ့ အသေးစိတ်အချက်အလက်တွေ စတာတွေဟာ ကျွန်တော်တို့ကို လှုံ့ဆော်နေကြပါတယ်။ ဒါပေမယ့် အကောင်အထည်မဲ့ ကိစ္စရပ်တွေ၊ ရှုပ်ထွေးပြီး စနစ်တကျမရှိတဲ့ သတင်းတွေကတော့ ကျွန်တော်တို့ကို လှုံ့ဆော်မှု မလုပ်ကြပါဘူး။ သတင်းထုတ်လုပ်သူတွေဟာ ဒီအချက်ကို အမြတ်ထွက်အောင် အသုံးချတတ်ကြပါတယ်။ လူတွေစိတ်ဝင်စားအောင် ဆင်ထားတဲ့ ဇာတ်လမ်းတွေ၊ တောက်တောက်ပြောင်ပြောင်ဖြစ်အောင်လုပ်ထားတဲ့ ရုပ်ပုံတွေ၊ စိတ်အာရုံကို ထိခိုက်စေတဲ့ သတင်းအချက်အလက်တွေ စတာတွေကို ဖန်တီးပြီး လူတွေရဲ့ အာရုံစိုက်မှု ရအောင်လုပ်ကြပါတယ်။ သူတို့ရဲ့ စီးပွားရေးလုပ်ပုံလုပ်နည်းပုံစံကို ခဏပြန်စဉ်းစားကြည့်ပါ။ စီးပွားရေးသမားတွေက ကြော်ငြာနေရာတွေကို ဝယ်ပါတယ်။ ပြီးတော့ သူတို့ရဲ့ ကြော်ငြာတွေကို လူတွေပိုမိုမြင်ရအောင်လုပ်ပေးဖို့အတွက် သတင်းသမားတွေကို ငွေကြေးပံ့ပိုးမှုတွေလုပ်ပါတယ်။ ရလဒ်ကတော့ သိမ်မွေ့ပြီးထင်ရှားမှု မရှိတဲ့ အရာတွေ၊ ရှုပ်ထွေးတဲ့အရာတွေ၊ အကောင်အထည်မဲ့ အရာတွေ၊ လေးနက်တဲ့ကိစ္စတွေဟာ ကျွန်တော်တို့ဘဝအတွက် ပိုမိုအသုံးဝင် ဆီလျှော်နေမယ်ဆိုရင်တောင်မှ၊ ကမ္ဘာလောက ကို ကျွန်တော်တို့ ပိုမိုနားလည် သဘောပေါက်စေမယ် ဆိုရင်တောင်မှ သတင်းသမား တွေက အဲ့ဒါတွေကို ဖယ်ထုတ်ပစ်လိုက်ကြပါတော့တယ်။ သတင်းအချက်အလက် ဆာလောင်မှုရဲ့ ရလာဒ်အနေနဲ့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ ကြုံတွေ့ရမယ့် မသေချာ မရေရာမှုတွေနဲ့ ခြိမ်းခြောက်စိန်ခေါ်မှုတွေဆီကို ကစဉ့်ကလျားဖြစ်ပြီး အစီအစဉ် တကျမရှိလှတဲ့ စိတ်ပိုင်းဆိုင်ရာ မြေပုံတွေနဲ့ လျှောက်သွားနေကြရပါတယ်။
ဒုတိယအချက်အနေနဲ့ ပြောရရင် သတင်းတွေဟာ ဆီလျှော်မှု မရှိပါဘူး။ လွန်ခဲ့တဲ့ ဆယ့်နှစ်လမှာ သတင်းအချက်အလက်ပေါင်း (၁၀၀၀၀) လောက်ကို ခင်ဗျား လက်ခံရရှိ ခဲ့ပါလိမ့်မယ်။ တစ်ရက် တစ်ရက်ကို သုံးဆယ်ထက်မနည်းပေါ့။ ရိုးရိုးသားသား ဖြေကြည့်ပါ။ အဲ့ဒါတွေထဲက ခင်ဗျားကို ခင်ဗျားရဲ့ ဘဝ၊ အလုပ်အကိုင်၊ စီးပွားရေးကိစ္စ တွေမှာ ပိုကောင်းတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ဖို့ အထောက် အကူပြုနိုင်ခဲ့တဲ့ သတင်းအချက်အလက် တစ်ခု (တစ်ခုတည်းပါ) ကို ပြောပြပေးကြည့်ပါ။ ပြီးတော့ အဲ့ဒီသတင်းအချက် အလက်ကို မရခဲ့ရင် ဖြစ်မယ့် အခြေအနေနဲ့လည်း နှိုင်းယှဉ်သုံးသပ်ကြည့်ပါ။ ကျွန်တော် လူ (၁၀၀၀၀) ကိုလိုက်မေးကြည့်တဲ့အခါမှာ ဘယ်သူမှ နှစ်ခုထက်ပိုပြီး မပြောနိုင်ခဲ့ ပါဘူး။ စိတ်ပျက်စရာ ရလဒ်တစ်ခုပါပဲ။ သတင်းထုတ်ပြန်တဲ့ အဖွဲ့အစည်းတွေကတော့ သူတို့ရဲ့ သတင်းအချက်အလက်တွေဟာ ခင်ဗျားကို အများနဲ့ ယှဉ်ပြိုင်ရာမှာ အားသာချက်ကို ဖြစ်စေပါတယ်လို့ အခိုင်အမာပြောဆိုနေကြပါတယ်။ လူအတော်များများကတော့ အဲ့သလို ယုံကြည်နေကြပါတယ်။ တကယ့်လက်တွေ့မှာတော့ သတင်းအချက်အလက်တွေဟာ ခင်ဗျားကို အများနဲ့ယှဉ်ပြိုင်ရာမှာ အားနည်းချက်ဖြစ်စေတာကိုပဲ တွေ့နေရပါတယ်။ သတင်းတွေဟာ လူတွေကို တကယ်အကျိုးကျေးဇူး ဖြစ်စေတယ်ဆိုရင် စာနယ်ဇင်းသမားတွေဟာ ဝင်ငွေနှိုင်းယှဉ်မှု ဇယားမှာ ထိပ်ဆုံးကိုရောက်နေသင့်ပါတယ်။ တကယ်တမ်းမှာတော့ အဲ့ဒါနဲ့ ဆန့်ကျင်ဖက်ဖြစ်နေပါတယ်။
တတိယအချက်အနေနဲ့ သတင်းတွေဟာ ခင်ဗျားရဲ့ အချိန်ကို ဖြုန်းတီးနေပါတယ်။ ပုံမှန်လူတစ်ဦးဟာ တစ်ပတ်မှာ နေ့တစ်ဝက်လောက်ကို လတ်တလောဖြစ်ပျက်နေတဲ့ သတင်းတွေကို ဖတ်ရှု ့ရင်း ကုန်ဆုံးနေရပါတယ်။ ကမ္ဘာလုံးဆိုင်ရာ သတ်မှတ်ချက်အရ အဲ့ဒါဟာ အကန့်အသတ်မဲ့ ထုတ်လုပ်မှုစွမ်းအား ဆုံးရှုံးမှု ဖြစ်ပါတယ်။ (၂၀၀၈) ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ မွမ်ဘိုင်းအကြမ်းဖက်တိုက်ခိုက်မှုကို ကြည့်ပါ။ အသိအမှတ်ပြုမှုကို ဆာလောင်ငတ်မွတ်တာကြောင့် အကြမ်းဖက်သမားတွေဟာ လူ (၂၀၀) ကို သတ်ဖြတ်ခဲ့ပါတယ်။ လူသန်း (၁၀၀၀) ဟာ အဲ့ဒီ အနိဋ္ဌာရုံဖြစ်ရပ်အတွက် သူတို့ရဲ့ အချိန် တစ်နာရီကို အသုံးပြုလိုက်ကြတယ် ဆိုကြပါစို့။ သူတို့ဟာ အချိန်နဲ့အမျှ ထုတ်ပြန် တဲ့ သတင်းသစ်တွေကို နားထောင်ကြရင်း၊ တောင်စဉ်ရေမရ ဝေဖန်ကြတဲ့ ကျွမ်းကျင်သူဆိုတဲ့ သူတွေရဲ့ ဝေဖန်ချက်တွေနဲ့ မှတ်ချက်တွေကို ဖတ်ရင်း သူတို့အချိန်တွေကို အသုံးပြုလိုက်ကြတယ် ဆိုကြပါစို့။ ဒါဟာ တကယ်တမ်းလက်တွေ့နဲ့ နီးစပ်တဲ့ ခန့်မှန်းချက်တစ်ခုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အိန္ဒိယဟာ နေထိုင်သူလူဦးရေ သန်း တစ်ထောင်ထက် မနည်းရှိတာကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ရှေးရိုးနည်းနဲ့တွက်ချက်လိုက်တဲ့ သန်းတစ်ထောင် အမြှောက် တစ်နာရီ ဆိုတာဟာ အလုပ်ချိန် နာရီပေါင်း သန်းတစ်ထောင် ဆုံးရှုံးသွားခြင်းနဲ့ ညီမျှပါတယ်။ ဒီကိန်းဂဏန်းကို ပြောင်းလဲပြီးတွက်ချက်လိုက်ရင် အသက်ပေါင်း (၂၀၀၀) ဆုံးရှုံးသွားတာနဲ့ ညီမျှပါတယ်။ အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားတာရဲ့ ဆယ်ဆ ဖြစ်ပါတယ်။ ထိတ်လန့်စရာကောင်းပေမယ့် တိကျတဲ့ လေ့လာသုံးသပ်မှုပဲဖြစ်ပါတယ်။
ကျွန်တော်ခန့်မှန်းရမယ်ဆိုရင် သတင်းတွေကို ကျောခိုင်းလိုက်ခြင်းဟာ ဒီစာအုပ်မှာ ကျွန်တော် တင်ပြခဲ့ပြီးဖြစ်တဲ့ အခြားသော အစွဲမှား ကိုယ့်ဆယ့်ရှစ်ခုကို ပြုပြင်ကျော်လွှား နိုင်ခြင်းလိုပဲ အကျိုးကျေးဇူး ရှိပါလိမ့်မယ်။ သတင်းတွေနောက်လိုက်ပြီး အချိန်ဖြုန်းတတ်တဲ့အကျင့်ကို လုံးဝ ဖယ်ရှားပါ။ အဲ့ဒါတွေ လုပ်နေမယ့်အစား ဆောင်းပါးတွေ စာအုပ် တွေကို ဖတ်နေလိုက်ပါ။ ဟုတ်ပါတယ်။ တကယ်တော့ လောကအကြောင်းနားလည်ဖို့ရာကိစ္စမှာ စာအုပ်တွေကို ဘယ်အရာကမှ မယှဉ်နိုင်ပါဘူး။
The art of thinking clearly
Rolf Dobelli

Comments
Post a Comment
Comments