ပါစီဂျက်ဆန် နှင့် အိုလံပစ် နတ်ဘုရားများ - ကမ္ဘာဦးကျိန်စာ
ပါစီဂျက်ဆန် နှင့် အိုလံပစ် နတ်ဘုရားများ - ကမ္ဘာဦးကျိန်စာ
ကမ္ဘာဦးကျိန်စာ ဆိုတဲ့ စာအုပ်က Percy Jackson စီးရီး မှ အတွဲ ၃ ဖြစ်ပါတယ်။
ဂရိဒဏ္ဍာရီလာ နတ်ဘုရားတွေဟာ ကျွန်တော်တို့ နေထိုင်နေတဲ့ ၂၁ ရာစု ခေတ်သစ်ကမ္ဘာကြီးထဲမှာ တကယ်ရှိနေပြီး သာမန်လူတွေကြားထဲ ရောနှောသွားလာနေမယ်ဆိုရင် ဘယ်လိုဖြစ်မလဲဆိုတဲ့ အတွေးနဲ့တင် ဒီဇာတ်လမ်းက စိတ်ဝင်စားဖို့ အတော်ကောင်းနေပါပြီ။ Rick Riordan ရဲ့ “ပါစီဂျက်ဆန်နှင့် အိုလံပစ်နတ်ဘုရားများ - ကမ္ဘာဦးကျိန်စာ” ဆိုတဲ့ ဒီစာအုပ်က လူငယ်တွေအတွက် ရေးထားတာမှန်ပေမဲ့ လူကြီးတွေပါ လက်မလွှတ်နိုင်အောင် ဆွဲဆောင်ထားနိုင်တဲ့ လက်ရာတစ်ခုပါပဲ။
ဇာတ်လမ်းအစမှာတင် ပါစီ၊ အန်နာဘတ်နဲ့ သစ်ပင်ဘဝကနေ လူပြန်ဖြစ်လာတဲ့ သာလီယာတို့ဟာ ဆယ်တာဂရိုဗာရဲ့ အရေးပေါ် အကူအညီတောင်းမှုကြောင့် ဝက်စ်အိုဗာဟော စစ်ကျောင်းဆီကို ရောက်သွားကြပါတယ်။ အဲဒီမှာ နတ်သွေးနှောတဲ့ ကလေးသစ် နှစ်ယောက်ဖြစ်တဲ့ ဘီရန်ကာနဲ့ နီကို ဒီအန်ဂျလို မောင်နှမကို ရှာတွေ့ခဲ့ပေမဲ့ မမျှော်လင့်ထားတဲ့ တိုက်ခိုက်မှုတွေ၊ မိစ္ဆာတွေရဲ့ ကြားဖြတ်နှောင့်ယှက်မှုတွေနဲ့ ကြုံရပါတော့တယ်။ အဆိုးဆုံးကတော့ တိုက်ပွဲကြားထဲမှာ ပါစီ့ရဲ့ အခင်ဆုံးသူငယ်ချင်း အန်နာဘတ် ပျောက်ဆုံးသွားခဲ့တာပါပဲ။
ဒီစာအုပ်မှာ ထူးခြားတာက အမဲလိုက်နတ်သမီး အာတီးမစ်နဲ့ သူမရဲ့ အမဲလိုက်အဖွဲ့ဝင် မိန်းကလေးတွေရဲ့ အခန်းကဏ္ဍပါ။ သူတို့ရဲ့ ပေါ်ထွန်းလာမှုက ဇာတ်လမ်းကို ပိုပြီး ကျယ်ပြန့်သွားစေသလို၊ အာတီးမစ်ကိုယ်တိုင် အဖမ်းခံလိုက်ရတဲ့အခါမှာတော့ အိုလံပတ်စ်တောင်ရဲ့ ကံကြမ္မာဟာ စိုးရိမ်စရာ အခြေအနေကို ရောက်သွားခဲ့ရပါတယ်။
“ငါးယောက်က အချုပ်နှောင်ခံရတဲ့ နတ်သမီးရှိရာ အနောက်အရပ်ကို ခရီးနှင်ရမယ်” ဆိုတဲ့ ဟောကိန်းနဲ့အတူ ပါစီတို့အဖွဲ့ဟာ အချိန်နဲ့တစ်ပြေးညီ စွန့်စားခန်းထွက်ခဲ့ကြရပါတယ်။ ဒီခရီးစဉ်မှာ တွေ့ကြုံရတဲ့ တဲလော့စ် ကြေးရုပ်ကြီး၊ နီမီယန်ခြင်္သေ့ နဲ့ ကောင်းကင်ကြီးကို ကိုယ်တိုင်ပခုံးနဲ့ ထမ်းထားရတဲ့ ဝန်ထုပ်ဝန်ပိုးတွေဟာ စာဖတ်သူကို ဇာတ်ရှိန်အပြည့်နဲ့ ခေါ်ဆောင်သွားမှာပါ။
အထူးသဖြင့် ခရိုနော့စ်ရဲ့ စစ်တပ်ကြီးက အင်အားတိုးလာပုံ၊ ဒဏ္ဍာရီထဲက အက်လတ်စ်လို တိုက်တန်ကြီးတွေ ပြန်လည်နိုးထလာပုံတွေက ဒဏ္ဍာရီဟောင်းတွေကို ခေတ်သစ်နောက်ခံနဲ့ အသက်သွင်းထားတာ အတော်လေး ပီပြင်လှပါတယ်။ ဇာတ်သိမ်းပိုင်းမှာ နီကို ဒီအန်ဂျလိုရဲ့ ဖုံးကွယ်ထားတဲ့ အမှန်တရား ပေါ်ထွက်လာပုံကလည်း နောက်တွဲစာအုပ်တွေကို မဖတ်ဘဲ မနေနိုင်အောင် တွန်းအားပေးနေသလိုပါပဲ။
ဒဏ္ဍာရီတွေကို စိတ်ကူးယဉ်ဆန်ဆန်နဲ့ ဖန်တီးထားတာထက် လူသားဆန်တဲ့ ခံစားချက်တွေ၊ သူငယ်ချင်းအချင်းချင်း သစ္စာရှိမှုတွေနဲ့ သေသေချာချာ ယှက်နွယ်ထားတဲ့ ဒီစွန့်စားခန်းကို စာမျက်နှာအစကနေ အဆုံးထိ မရပ်မနား ဖတ်ရှုကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

ရှေ့နှစ်အုပ်ဖတ်ပြီးသွားလို့ အဆက် မျှော်နေတာ ဖတ်ရတော့မယ် ကျေးဇူးပါ
ReplyDeleteဟုတ်ကဲ့ပါခင်ဗျ။
Delete