အုပ်ဖွဲ့ပျံ ကြိုးကြာသံများ - နေဝင်းမြင့်

 

အုပ်ဖွဲ့ပျံ ကြိုးကြာသံများ

နေဝင်းမြင့်

အုပ်ဖွဲ့ပျံ ကြိုးကြာသံများ

အမှာ

 

ကျွန်တော့်တွင် အသံသွင်းကြိုးခွေ (တိပ်ခွေ) တော်တော်များများ ရှိသည်။ များသောအားဖြင့်က သီချင်းတိပ်ခွေတွေ ဖြစ်သည်။ အထူးသဖြင့်ကတော့ မြန်မာသံတွေ ဖြစ်၏။ တချို့ တိပ်ခွေတွေကတော့ ကျွန်တော့်အလုပ်နှင့် ပတ်သက်သည့် လူပုဂ္ဂိုလ် တွေ့ဆုံ မေးမြန်းထားသည့် အင်တာဗျူးတိပ်ခွေတွေဖြစ်သည်။ စီးပွားရေး၊ လူမှုရေး၊ ပတ်ဝန်းကျင်ရေးရာတွေ များပါသည်။ အထူးသဖြင့် ပညာရှင်များနှင့် တွေ့ဆုံ အသံသွင်းထားချက်တွေ ဖြစ်သည်။ သည်တိပ်ခွေတွေနှင့်အတူ အနုပညာရှင်တချို့၏ အသံတိပ်ခွေတွေလည်း ရှိသည်။

တချို့ မနက်ခင်းတွေမှာ သီချင်းနားထောင်ဖြစ်သည်။ တချို့ မနက်ခင်းတွေမှာတော့ စာပေပညာရှင်တွေရဲ့အသံတွေကိုပဲ အမှတ်တရ နားထောင်ဖြစ်ပါသည်။ သည်အသံတွေက သီချင်းတွေလိုပဲ ခံစားမှု တစုံတရာ ပေးမြဲဖြစ်သည်။ တချို့အသံတွေက ကျွန်တော့်ကို ပြောပြသည့် အသံတွေ။ တချို့အသံတွေက အုပ်စုကလေးတစုကို ဆွေးနွေးထားသည့် အသံတွေ။ တချို့အသံတွေက ဟောပြောချက်တွေ။ တချို့အသံတွေက ကျွန်တော့်မေးမြန်းတောင်းဆိုမှုက စီးဆင်းလာခြင်း ဖြစ်ကာ၊ တချို့အသံတွေက အများကိုပြောသည့် အသံတွေ ဖြစ်သည်။

အကြောင်းအရာက စုံသည်။ တချို့က သူ့ဘဝ သူ့အကြောင်း၊ တချို့က သီးခြား အကြောင်းအရာကလေး တခုခု၊ တချို့က အမှတ်တရစကား၊ တချို့က ကျယ်ပြန့်သော ခြုံငုံဆွေးနွေးချက်များ။ နောက်တချက်က ပြည့်ပြည့်စုံစုံ ပြောကြတာ ရှိသလို တချို့ ဖျတ်ခနဲ ပြောလိုက်တာမျိုးလည်း ရှိသည်။ သည်တိပ်ခွေထဲက အကြောင်းအရာတချို့ကို စာမျက်နှာပေါ် တင်လိုက်ခြင်းသာ ဖြစ်သည်။ သည်စာစုအတွက် ခေါင်းစဉ်ကို ကျွန်တော် စဉ်းစားသည့်အခါ ကနေ့ ခေတ်စားနေသည့် “Wild Geese Pattern” ဆိုတာကို သတိရသည်။ ငန်းရိုင်းပျံ ပုံသဏ္ဌာန်။ ဒါပေမဲ့ ငန်းရိုင်းကို ကျွန်တော် မကြိုက်။ ပိုမို ပူနွေးသောအရပ်သို့ အုပ်စုဖွဲ့ ပျံသန်းသော ငှက်တွေထဲမှာ ကြိုးကြာတွေလည်း ပါနိုင်သည်။ ကျွန်တော်တို့ရှေ့က ပျံသန်းနေကြသည့် ကြိုးကြာငှက်များ၏ အသံတွေ။

ကျွန်တော့်မှာ တောင်းပန်စရာ တချက်တော့ ရှိသည်။ စာစုများအဖြစ် ဖော်ပြရန်အတွက် ဆရာ၊ ဆရာမကြီးများကို ကျွန်တော် မတောင်းပန်နိုင်ခဲ့ခြင်း ဖြစ်သည်။ ခွင့်မတောင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ဤစာစုများဖြင့်သာ ကျွန်တော် တောင်းပန်အပ်ပါသည်။

Download Epub Kfx 


Comments