ဟေ့ ဖေလိုးမ - ခက်ဇော်
ဟေ့..ဖလိုးမ
ခက်ဇော်
ထီးအစုတ်တွေ၊ ဓာတ်မီးအစုတ်တွေ တို့လို့ တွဲလောင်း ချိတ်ထားတဲ့ ထမ်းပိုးကို သူ့ရဲ့ လေးတိုင်စင် တဲအိမ်လေးရှေ့ ဝုန်း ခနဲ ပစ်ချလိုက်တာနဲ့.. ကိုကြက်ရိုး မူးလာပြီဆိုတာ တပိုင်းလုံးသိပါပြီ။ တပိုင်းလုံးလည်း သိပြီဆိုမှတော့ ကိုကြက်ရိုးမိန်းမ မဌေးနဲ့ ကလေးတွေလည်း မသိပဲ ဘယ်နေမလဲ။
တပတ်ဆယ်ရက်နီးပါး.. ရွာစဉ်လှည့်.. ထီး၊ဓာတ်မီးပြင်ခရီးစဉ်ကအပြန်၊ ငွေလျှံလာတဲ့ ကိုကြက်ရိုး အိမ်ကိုတန်းမပြန်ပဲ လမ်းထိပ်က. သန်းဆန်းအရက်ဆိုင်ထဲ ဝင်သွားပြီဆိုတာနဲ့ မဌေးက နီးစပ်ရာကောင်ကို ခါးထစ်ခွင်၊ ကျန်တဲ့သူတွေကို လက်ဆွဲလို့... သူ့အမေ အိမ်ကို ရထားတွဲကြီးလို တသီကြီးပြေးကြတာပဲ။
မပြေးလို့ကလည်းမရ။ လူကသာ ကြက်ရိုး။ မူးပြီဆို ဂျူဒိုမန်းကွဆိုပြီး မိန်းမနဲ့ကလေးတွေကို လက်သွေးတတ်တာကိုး။ ကိုကြက်ရိုးက ဘယ်သူမှမရှိတော့တဲ့ သူ့အိမ်ရှေ့ ကွပ်ပျစ်လေးမှာ ပစ်လှဲလိုက်တယ်။ တန်းမှာလှမ်းထားတဲ့ ပုဆိုးပိုင်းလေးကို ခေါင်းခုပြီး သူ့ မိန်းမနာမည်ကို ခေါ်တယ်။
"ဟေ့ကောင်မ..မိဌေး...ဟေ့..မိဌေး..နင်တို့ဘယ်မှာလဲ"
ထုံးစံအတိုင်း ပြေးကြပြီဆိုတာ ကိုကြက်ရိုး.သိလိုက်တယ်။
ဒီတော့ သူကလည်း ထုံးစံမပျက်ပါပဲ။
"ဟေ့... ဟိုဘက်အိမ်က... ဖလိုးမ.. နင် ငါ့မိန်းမကို အိမ်ကပြေးဖို့ မြှောက်ပေးပြန်ပြီလား" ကိုကြက်ရိုးတို့အိမ်နဲ့ ခြံစည်းရိုးတဖက်ပဲခြားတဲ့...မလှမူရဲ့ ခေါင်းက ဆတ်ခနဲထောင်သွားပါတယ်။ ဒါဖြစ်နေကျ တိုက်ပွဲခေါ်သံပဲ။
မလှမူ ဟာ ဆန်ဆေးနေရာကနေ အိုးကို ဆတ်ခနဲ ပစ်ချပြီး..ထမီကို တိုတိုဝတ်လိုက်တယ်။
"ဟဲ့..ခွေးသူတောင်းစား.. ကြက်ရိုး.. နင့်မယား သူ့ဟာသူ ဘယ်သွားသေလဲမသိတာကို.. ငါ့ကို လာဆဲရလား.. မုဆိုးမဆိုပေမယ့် နင်စော်ကားချင်တိုင်း စော်ကားမရဘူး... မအေယိုးရဲ့... ကာလနာတိုက်.. ချီးကားတိုက်မယ့်.. သူတောင်းစား... နင်မူးရင် အိပ်နေ"
မလှမူ ရဲ့ ပါးစပ်စက်သေနတ် အတွဲလိုက်က မိနစ်ဝက်လောက်တော့ ကြာပါတယ်။ မလှမူ အသံတိတ်သွားချိန်မှာ ကိုကြက်ရိုး မှိန်းနေရာက သတိဝင်လာတယ်။
"ဟေ့..ဖလိုးမ"
ဒီတခါတော့ ထမင်းချက်ဖို့ မီးပြောင်းမှုတ်နေတဲ့ မလှမူဟာ မီးပြောင်းကို ဘေးချ.. အသက်ကို ဝ အောင်ရှူပြီး ကီ သွင်းလိုက်တယ်။
"ဟဲ့.မျိုးမစစ်ကောင်..အားအားယားယား..ငါ့လာမဆဲနဲ့..နင်သာ မအေလိုး.. နှမလိုး.. ခွေးသူခိုး.. ကလေကချေ.. ကိုယ်မေကိုယ်........#$%@*!"
ဒီတခါတော့ မလှမူ ရဲ့ အဆဲစကေးက တမိနစ်ကျော်ပါတယ်။ တမိနစ်ကျော်ဆိုတော့ တဖက်ခြံက ကိုကြက်ရိုးလည်း မှေးခနဲလေး အိပ်ပျော်မလိုဖြစ်သွားတာပေါ့။ မှောင်စလည်းပျိုးပြီကိုး။ ထမင်းအိုးလေး နည်းနည်း ပွက်ပွက်ဆူလာချိန်ဆို မလှမူ ကလေးတွေလည်း တနေကုန် ကမြင်းလို့ဝ ပြီး ပြန်လာပြီ။ အသံတွေကြောင့် ကိုကြက်ရိုး နိုးသွားတယ်။ အာခေါင်ခြောက်လာတာနဲ့ ဘေးနားက ရေအိုးစင်က ရေတခွက် သောက်ပြီး ချောင်းရှင်းလိုက်သေးရဲ့။
"ဟေ့...ဖလိုးမ"
ထမင်းအိုးငှဲ့နေတဲ့ မလှမူက အကြီးမကြီးကို ခေါ်ပြီး ထမင်းအိုးငှဲ့ခိုင်းလိုက်တယ်။ ပြီးတာနဲ့... အသက်ကို တဝကြီးရှူလိုက်ပြီး။
"အံမယ်လေး.. ကိုတင်မောင်ရေ... ဒီမှာ.ရှင်သနားလှပါချည်ရဲ့ဆိုပြီး ခြံတခြမ်းဖဲ့ရောင်းပေးလိုက်တဲ့ အကောင်က.. အခုဆို .. စောက်ရည်သောက်ပြီး စောက်ရူးထနေတဲ့ မအေလိုးက မိန်းမတယောက်တည်းဆိုပြီး စော်ကားလို့ရမယ် ထင်နေတာ... ဒီမယ်... အောက်တန်းစား သူတောင်းစား.. မိမဆုံးမ.. ဖမဆုံးမ.. က ဟိုးလွန်ခဲ့တဲ့ ဆယ်နှစ်ကတည်းက ငါတို့ ခြံမြေဘေးမှာ ကပ်ယက်နေပြီး စားစရာမရှိလို့... သွားလေသူ ငါ့ယောက်ျားက$#@!$&"
ဒီတခါတော့ မလှမူ က သွားလေသူ သူ့လင်တော်မောင်ကို တိုင်တည်ပြီး သမိုင်းလေး တဖြတ်၊ အဆဲလေးတဖြတ် ဝင်ပါတယ်။ ဆဲသံနောက်မှာ သူ့သမီးတွေက "တော်ပါတော့ အမေရယ်" "အမေ အမူးသမားနဲ့ ဖက်ဖြစ်မနေနဲ့" ဆိုတဲ့ ဟာမိုနီသံပါ ပါသေး။ အဆဲသက်သက်မဟုတ်ပဲ သမိုင်းကြောင်းပါ ခင်းတာဆိုတော့.. ငါးမိနစ်လောက်တော့ ကြာသွားပါတယ်။ မလှမူ ရဲ့ ဆဲသံဆိုသံဆုံးတော့.. ကိုကြက်ရိုးက ဟောက်သံတောင် ထွက်နေပါပြီ။ မလှမူတို့ မိသားစု ထမင်းစားသောက်ကြ ပန်းကန်တွေဆေးကြတော့ ရေတိုင်ကီက ကိုကြက်ရိုးခြံစည်းရိုးနဲ့ ကပ်လျက် ခွေးတွေကလည်း အကြွင်းအကျန်လုဖို့ ပြေးလာပြီး ကိုက်ကြ။
ကိုကြက်ရိုး နိုးလာပြန်ပြီ။
"ဟေ့..ဖလိုးမ"
လျှာလိပ်သံကြီး၊ အာလုတ်သံလေးလေးကြီးတခွန်း။
"ဟဲ့..ခွေးသူတောင်းစား..နင်ငါ့ကို...#$%!^&**"
မလှမူ စဆဲပြီဆိုတာနဲ့ ကိုကြက်ရိုးက...ပုဆိုးပိုင်းလေးပေါ် ခေါင်းတင်ပြီး ပြန်အိပ်တာပဲ။ ဒီလိုနဲ့ ညနေ၆ နာရီကနေ ည ၉ နာရီထိုးတဲ့အထိ။
ကိုကြက်ရိုး တရေးနိုး။
"ဟေ့..ဖလိုးမ" ထအော်။
မလှရီက တစ်ဖလိုးမ တိုင်း အနည်းဆုံး နှစ်မိနစ်ပြန်ဆဲ။ ရပ်ကွက် ကလည်း.. ကိုကြက်ရိုးမူးလာတိုင်း ဖြစ်နေကျ.. ဒီဇာတ်လမ်းကို ရိုးအီနေပြီ။ နောက်ပြီး ကိုကြက်ရိုးတို့နဲ့ မလှမူတို့က အမျိုးတွေလည်း ပတ်တော်နေ ကြသေးတာကိုး။ နောက်တရက်ကျ.. အနဲရေ အကားရေ နဲ့ ပြန်ဖြစ်သွားကြတာမဟုတ်လား။
"ဟေ့..ဖလိုးမ"
ဟော့ ပြောလို့မှ မဆုံးသေး။ ဆရာကြီးဗိုလ်ကြက်ရိုး နိုးသွားပြီ။
ဘယ်ကတည်းက နားစွင့်နေမှန်းမသိတဲ့ မလှမူက အိပ်ရာထဲကနေ ခြေထောင်ခေါင်မိုးကို ကြည့်ပြီး မိုးမွှန်အောင် ဆဲတော့တာပဲ။ မိုးကလည်းချုပ်ပြီဆိုတော့... ကြည်ကြည်ဌေး ဝင်လာတော့မယ် လို့ ရပ်ကွက်က သိလိုက်ပြီ။ ကြည်ကြည်ဌေး ဆိုတာ မလှမူသမီး အကြီးမကို ရပ်ကွက်က ပေးထားတဲ့နာမည်။ ဘာလို့လဲဆိုတော့.. ဟိုးအရင်က ရုပ်ရှင်ကားထုတ်တွေမှာ ဇာတ်သိမ်းပြီဆို မင်းသမီးကြည်ကြည်ဌေး ငိုပြီလေ။ တနည်းအားဖြင့် ကြည်ကြည်ဌေး ငိုပြီးရင် ဇာတ်သိမ်းပြီပေါ့။
ကဲ ပရိသတ်ကြီး မျှော်လင့်သလို ကြည်ကြည်ဌေးလာပါပြီ။
"အနဲ...ရယ်.. သမီးတောင်းပန်ပါတယ်.. အမားကလည်း တော်ပါတော့... ကိုယ့်ဆွေမျိုးအချင်းချင်း ဒီလိုဖြစ်နေတာ သမီးရှက်လှပါတယ်.. သမီးကိုသာ သတ်လိုက်ကြပါတော့.. အင့်ဟာ..အင့်ဟာ"
ကြည်ကြည်ဌေးကလည်း သူ့ထုံးစံအတိုင်း ပြောဆိုငိုယိုပြီး သူတို့တဲရဲ့ ဝါးကြမ်းပြင်ကို လက်ဖမိုးခံပြီး နဖူးနဲ့ တိုက်ပြန်တာပါပဲ။ ဝါးကြမ်းတွေဆိုတော့ တဗြန်းဗြန်းနဲ့ အသံအကျယ်ကြီးထွက်ပြီး နာတော့ ဘယ်နာမလဲ။ ဒီတော့မှ ကိုကြက်ရိုးလည်း မူးမူးနဲ့ အိပ်ပျော်။ မလှမူလည်း မောမောနဲ့ အိပ်ပျော်။
မနက်မိုးလင်းရင်တော့.. ကိုကြက်ရိုးက အာရားနားဒါး သီချင်းလေးဆိုပြီး သူ့မိန်းမနဲ့ကလေးတွေကို သွားခေါ်ဖို့ပြင်။ မလှမူ ခမြာတော့..အသံတွေကို ဝင်လို့။
ခက်ဇော်

Comments
Post a Comment
တခုခု ပြောထားခဲ့ပါ။