ဒဗ္ဗလင်မြို့ကလူများ - မြင့်သန်း

 

အမှ

 

ကနဦးက ဂျိမ်းဂျွိုက်(စ)၏ ဒဗ္ဗလင်မြို့ကလူများ အမည်ဖြင့် စာအုပ်ထုတ်ရန် လည်းကောင်း၊ ဘတ်ကက်၏ ပြဇာတ်များ အမည်ဖြင့် စာအုပ်ထုတ်ရန် လည်းကောင်း ဟူသော ရည်ရွယ်ချက်ဖြင့် ဘာသာပြန်ခဲ့ပါသည်။ စိတ်တိုင်းမကျသဖြင့် အကြိမ်ကြိမ် ပြန်လည်တည်းဖြတ်နေရင်း အချိန်ကုန် နေခဲ့ပါသည်။ ဂျိုက်(စ)နှင့် ဘတ်ကက်တို့ နှစ်ဦးစလုံးမှာ အိုင်းရစ်များ ဖြစ်ကြပါသည်။ ဥရောပအခြေခံ အိုင်းရစ်စာရေးဆရာများဟု လက်ခံထားကြပါသည်။ အင်္ဂလိပ်ဘာသာအပြင် အခြား ဥရောပဘာသာစကားများ ကိုလည်း ကျွမ်းကျင်နှံ့စပ်ကြသူများ ဖြစ်သည်။

ဤစာအုပ်ပါ ဂျွိုက်(စ)နှင့် ဘတ်ကက်တို့၏ အရေးအသားများမှာ ထိုစာအုပ်များမှ ကောက်နုတ်ဖော်ပြခြင်း မျှသာ ဖြစ်သည်။ မြည်းစမ်းလိုသူတို့ မြည်းစမ်းကြည့်နိုင်ရန် ဖြစ်ပါသည်။ အခြေခံမတူညီမှုများ များပြားလှသည်ဖြစ်၍ လွယ်လွယ်ဖြင့် သဘောကျမည် မထင်။ ဘာသာပြန်ခြင်း၏ ရည်ရွယ်ချက်တွင် ကမ္ဘာ့စာပေကို သိသင့်သည်ဟူသော အယူအဆဖြင့် ပြန်ဆိုခြင်းသာ ဖြစ်ပါသည်။ သို့အတွက် ပြန်ဆိုရာတွင် အရေးအသား၏ အကြောင်းအရာသာမက ပုံစံကိုလည်း သတိထားရပါသည်။ ထို့ကြောင့် စာပါ အကြောင်းအရာအချို့၏ နောက်ခံသမိုင်းကြောင်းများကို ကြိုးစား၍ ရှင်းလင်းထားပါသည်။

ဂျွိုက်(စ)တွေ၊ ကာ(ဖ)ကာတွေ မသိလည်း ဖြစ်တယ်ဟူသော အမြင်ရှိသူများအတွက် ဤစာအုပ်သည် အကျိုးတစ်စုံတစ်ရာ ရှိလောက်သော စာအုပ်မျိုး မဟုတ်ပါ။ သိရန်မလိုသဖြင့် ဖတ်ရန်မလိုပါ။ အကယ်၍ တစ်စုံတစ်ယောက်က အလကားပေးသည့်တိုင် မဖတ်သင့်ပါ။ ရွာခရိုးတွင် ထိုင်ရင်း ကောက်ရိုးစဖြင့် သွားကြားထိုးနေသည်က ပို၍ ကောင်းပါလိမ့်မည်။ ‘မိုးပါးတဲ့နှစ် သန်လယ် နစ်တယ်’ ဆိုသကဲ့သို့သာ ဖြစ်ပါသည်။ သန်လယ်အတွက် ရေများများလိုပါသည်။ ရေမရှိ ဘာဖြစ်တုန်းဆိုသော် ဘာမှမဖြစ်ပါ။ ဘာမှမဖြစ်ခြင်းသည် ဘာမှ မဖြစ်သောကြောင့် ဘာမှမဖြစ်ပါ။

ဂျွိုက်(စ)သည် သူ၏ ထုတ်ဝေသူများအား တောင်းဆိုချက်တစ်ခု ပြုခဲ့သည်။ စကားပြောများကို အတွင်းလှည့်၊ အပြင်လှည့် ကော်မာများဖြင့် မသုံးစွဲရန် ဖြစ်သည်။ ဤဘာသာပြန်တွင်လည်း မူရင်းစာရေးဆရာ၏ တောင်းခံချက်ကို လေးစားသောအားဖြင့် သူ၏ မူရင်းတွင် ပုံနှိပ်ခဲ့သည်အတိုင်း သုံးစွဲထားပါသည်။

ဆိုခဲ့ပြီးသည်အတိုင်း ဂျွိုက်(စ) တို့၊ ကာ(ဖ) ကာတို့ကို သိရန်မလိုဟု လက်ခံထားသူများ အနေဖြင့် ဤစာအုပ်ကို ဝယ်၍သော် လည်းကောင်း၊ ငှား၍သော် လည်းကောင်း၊ သို့မဟုတ် အလကားရလျှင်ပင် မဖတ်စေချင်ပါ။ ဖတ်၍ လည်း အကျိုးထူးမည် မဟုတ်ကြောင်း ထပ်မံ အသိပေးပါရစေ။ သိချင်သူများ အတွက်မူ သိရုံကလေးမျှသာ သိလိုက်ကြရသည် ဆိုသော် ဝမ်းမြောက်ရပါမည်။

မြင့်သန်း

 Download Epub Kfx


Comments