အမေ့အိမ်က ငရဲခန်း - သက်ပိုင်

(Dave Pelzer ၏ A Child Called ‘It’ ကို ဆရာသက်ပိုင်မှ မြန်မာပြန်ဆိုခြင်း)

“မြင့်မိုရ်တောင်ဦး မကကျူးသည့်” အစရှိတဲ့ မိဘဘုန်းတော်ဘွဲ့တွေကို ကြားဖူးကြမှာပါ။ ဒါပေမဲ့ မိခင်တွေမှာ မေတ္တာတင်မက အခြားဆိုးရွားတဲ့ အမှောင်ဘက်ခြမ်းတွေ ရှိနေနိုင်တာကိုရော သတိပြုမိကြပါသလား။ ထုတ်ဖော်ပြောဖို့ရော ရဲကြပါသလား။ 

ဆရာသက်ပိုင်ဘာသာပြန်တဲ့ အမေ့အိမ်က ငရဲခန်းစာအုပ်ကတော့ မိခင်ဆိုတာလည်း ကြောက်မက်ဖွယ်ကောင်းတဲ့ သားရဲတစ်ကောင် ဖြစ်နိုင်တယ်ဆိုတာကို မီးမောင်းထိုးပေးတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ဒါ့အပြင် “ကလေးတစ်ယောက်ကြီးပြင်းဖို့ တစ်ရွာလုံး တာဝန်ယူရတယ်” ဆိုတဲ့ စကားကို သေသေချာချာ သဘောပေါက်သွားအောင် လုပ်ပေးတဲ့ စာအုပ်ပါ။

ဒီထဲမှာ ရက်စက်တဲ့ နှိပ်စက်ပုံတွေနဲ့ ဝမ်းနည်းဖွယ်ရာ အဖြစ်အပျက်တွေ ပါတာကြောင့် စိတ်နုနယ်သူတွေ မဖတ်ဖို့တော့ သတိပေးချင်ပါတယ်။ ဒီထဲမှာ ကလေး ၄ နှစ်သားကနေ ၁၂ နှစ်သား (သူ ကယ်ဆယ်ခြင်းမခံရခင်) အထိ ဖြစ်ရပ်တွေကို ကလေးရှုထောင့်ကနေ ဖော်ပြထားတာကြောင့် ပိုပြီးကရုဏာသက်ရပါတယ်။ ဒါ့အပြင် ကြင်နာပြီး အိမ်မှုကိစ္စနိုင်နင်းတဲ့ မိခင်အဖြစ်ကနေ မကောင်းဆိုးဝါးအဖြစ် အသွင်ပြောင်းသွားတဲ့ မိခင်ဖြစ်သူကို အံ့ဩမိပါတယ်။ သူမဟာ ကလေးငါးယောက်ထဲကနေ တစ်ယောက်တည်းကိုသာ အပြစ်ပုံချပြီး ရက်ရက်စက်စက် ဒဏ်ခတ်ခဲ့သလို၊ ကျောင်းက အိမ်တွင်းအကြမ်းဖက်မှုတိုင်စာ ရောက်လာတဲ့အခါမှာလည်း သူ့အပြစ်လွတ်စေဖို့ တဒင်္ဂကောင်းပြခဲ့သူပါ။

တစ်ဖက်မှာလည်း စကားခိုးပြောရုံ၊ အစာခိုးကျွေးရုံနဲ့ နောက်ဆုံးမှာ အိမ်ကထွက်သွားရုံသာ တတ်နိုင်ခဲ့တဲ့ အဖေဖြစ်သူကိုလည်း အားမရမိတာ အမှန်ပါပဲ။ နောက်ဆုံးတော့ မိခင်ဖြစ်သူရဲ့ ဖြေရှင်းချက်နဲ့ လိမ်လည်မှုအောက်မှာ ဘာမှဆက်မလုပ်နိုင် ဖြစ်သွားတဲ့ ကျောင်းနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တို့ကိုလည်း ဘာပြောနိုင်မှန်းမသိအောင် ဖြစ်သွားရပါတယ်။

စာရေးဆရာလည်းဖြစ် ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်လည်း ဖြစ်တဲ့ ကလေးရဲ့ စိတ်ဓာတ်ကိုတော့ အားကျချီးကျူးမိပါတယ်။ဒီစာအုပ်ဟာ အဆိုးတွေထဲက ပြန်နလန်ထတဲ့ ကြံ့ကြံ့ခံစိတ်ဓာတ်ကို ဖော်ကျူးနိုင်တာကြောင့် ချီးမွမ်းသံတွေညံခဲ့ပေမဲ့ ဝေဖန်သံလည်း ပေါ်ပေါက်ခဲ့ပါတယ်။ အချို့တွေကတော့ စာအုပ်ပါအဖြစ်အပျက်တွေက တကယ်ဖြစ်ခဲ့တာထက် ချဲ့ထွင်ရေးသားခဲ့တယ်လို့ ဆိုခဲ့သလို သူ့ညီတစ်ယောက်ကလည်း ညှဉ်းပန်းမှုတွေ မရှိခဲ့ဘူးလို့ ငြင်းထားပါသေးတယ်။

ဒါပေမဲ့လည်း ကလေးတစ်ယောက်ကို ကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်ခြင်းအမှုမှာ ဘယ်သူက တာဝန်ရှိသလဲ။ မွေးဖွားခဲ့တဲ့ မိဘတွေမှာပဲ အလုံးစုံတာဝန်ရှိသလား။ ကလေး ပညာသင်ယူနေတဲ့ ကျောင်း၊ ထိတွေ့မြင်နေရတဲ့ အိမ်နီးနားချင်း ပတ်ဝန်းကျင်မှာရော ဘယ်လောက်တာဝန်ရှိသလဲဆိုတဲ့ မေးခွန်းတွေကို မေးမိစေတာတော့ အမှန်ပါပဲ။

#အမေ့အိမ်ကငရဲခန်း #A_Child_Called_‘It’
#သက်ပိုင် #Dave_Pelzer
#whisperofwords
Review_By_Catherine_Phyu

Comments