ရုပ်ပုံလွှာ - ဒဂုန်တာရာ

နိဒါန်း

 

စာဖတ်ပရိသတ်အချို့သည် ဤစာအုပ်၌ပါရှိသော ရုပ်ပုံလွှာဆောင်းပါးများကို (ဝါ) စာတန်းများကို အချို့အချို့သော ဂျာနယ်မဂ္ဂဇင်းတို့၌ ၁၉၄၆ ခုနှစ်မှစ၍၊ ထုံ့ပိုင်းထုံ့ပိုင်း ဖတ်ရှုခဲ့ပြီး ဖြစ်မည်ဟု ထင်ပါသည်။

ဒဂုန်တာရာသည် ဤစာအုပ်ကို ‘ရုပ်ပုံလွှာ’ ဟု အမည်မှည့်ထားရာ၊ ထိုသို့ပင် အမည်မှည့်ထိုက်သည်ဟု ယူဆပါသည်။ အဘယ်ကြောင့်ဆိုသော် ဆောင်းပါးများတွင် ဒဂုန်တာရာသည် မိမိ တက္ကသိုလ်ကျောင်းသားဘဝက သိကျွမ်းခင်မင်ခဲ့သော ပုဂ္ဂိုလ်များ အကြောင်းကို၊ ထိုပုဂ္ဂိုလ်တို့၏ ကိုယ်, နှုတ်, နှလုံးအမူအရာတို့မှလည်းကောင်း၊ ပတ်ဝန်းကျင်မှ လည်းကောင်း တစေ့တစောင်း အကွက်ကောင်း၍ ရေးစီရင်ထားသောကြောင့် ဖြစ်လေသည်။

ထိုပုဂ္ဂိုလ်တို့အပေါ်၌ ထားရှိခဲ့သော ဒဂုန်တာရာ၏ အချို့အချို့သော အယူအဆ အကြားအမြင်တို့နှင့် စပ်လျဉ်း၍ စာဖတ်ပရိသတ်သည် ဒဂုန်တာရာနှင့် သဘောချင်း တိုက်ဆိုင်ခြင်း ရှိချင်မှ ရှိပေလိမ့်မည်။ သို့ရာတွင် ဒဂုန်တာရာ၏စေတနာနှင့် ကလောင်သွေးဆောင်မှုတို့ကိုကား လေးစားကြရမည်သာ ဖြစ်လေသည်။ စင်စစ်မှာ ဒဂုန်တာရာ၏ ဆောင်းပါးများကြောင့် မြန်မာစာပေတွင် လူ့သမိုင်းရေးပုံရေးနည်း အသစ်တမျိုး တိုးလာပြီဟုပင် ဆိုနိုင်လေသည်။

စာဆိုဉာဏ်ရှိသူတို့သည် လူ့သဘာဝ၌လည်းကောင်း၊ လောကအဖြစ်အပျက်၌လည်းကောင်း ဝမ်းမြောက်ဖွယ်အကွက်၊ ကြေကွဲဖွယ်အကွက် စသော အကွက်များကို မြင်တတ်ကြသူများလည်း ဖြစ်၍ နှစ်သက်ဖွယ်ဖြစ်အောင် တင်ပြတတ်သူများလည်း ဖြစ်ပေသည်။ ထိုသို့ မြင်တတ်၍ ထိုသို့တင်ပြတတ်သောသူများ၏ စာပေမျိုးသည် ပြည်သူလူထု၏ ဉာဏ်ပညာတိုးတက်ရေးတွင် ရှေ့ဆောင်ရှေ့ရွက်သဖွယ် ဖြစ်လေသည်။ ထိုစာပေမျိုးသည် ပတ်ဝန်းကျင်ကို သတိမမူနေတတ် သူတို့အား သတိမူချင်လာအောင် ပြုပေးတတ်လေသည်။ နား၊ မျက်စိကို ဖွင့်ပေးတတ်လေသည်။ စေတနာကို နှိုးဆော်ပေးတတ်လေသည်။

အကြင်နိုင်ငံတခုတွင် ပတ်ဝန်းကျင်ကို သတိမမူခြင်း၊ နားမျက်စိ မသုံးခြင်း၊ စေတနာ ထုံထိုင်းခြင်းတို့သည် ရှိ၏။ ထိုနိုင်ငံတွင် တိုးတက်ခြင်း မရှိ ဖြစ်တတ်သည်။ ရှိစေကာမူ နှေးကွေးတတ်သည်။ ဤသို့ပင် ထင်မိလေသည်။ ဤစာအုပ်တွင် စာခံပုဂ္ဂိုလ်တို့သည် နိုင်ငံက သိသော ပုဂ္ဂိုလ်များလည်း ဖြစ်သည်။ ထိုပုဂ္ဂိုလ်တို့၏အတိတ်ကို ဆောင်ပြထားပုံမှာလည်း နှစ်သက်ဖွယ် ဖြစ်လေရာ၊ ဤစာအုပ်သည် စာရေးဆရာလောက၌လည်းကောင်း၊ စာဖတ်ပရိသတ် လောက၌လည်းကောင်း ပတ်ဝန်းကျင် သတိမမူခြင်း၊ နားမျက်စိ မသုံးခြင်း၊ စေတနာ ထုံထိုင်းခြင်းတို့ကို ဖယ်ရှား၍ ဉာဏ်ပညာကို ပွင့်လန်းအောင်ပြုရာတွင် အားကောင်းတခု ဖြစ်မည်ဟု ယူဆပါသတည်း။

ဇော်ဂျီ

၂၂-၅-၁၉၅၅

Comments