ဇော်ဂျီ ကဗျာပေါင်းချုပ်
ဇော်ဂျီ ကဗျာပေါင်းချုပ်
[ ၁၉၂၄ ခုနှစ်မှ ၁၉၈၇ ခုနှစ် အတွင်း ရေးဖွဲ့ခဲ့သမျှ ကဗျာများ စုစည်းထားသည်။ ]
ထုတ်ဝေသူ၏ အမှာ
မြန်မာစာပေ လောက ခေတ်စမ်းကဗျာများကို စတင် ရေးသားခဲ့သူ ဆရာဇော်ဂျီ၏ ကဗျာပေါင်းချုပ် စာအုပ်ကို ထုတ်ဝေနိုင်ရန် ယခင် ထုတ်ဝေခဲ့ဖူးသော ဆရာဇော်ဂျီ၏ ကဗျာစာအုပ်များနှင့် ကဗျာများရေးသား ထည့်သွင်းခဲ့သော စာစောင် မဂ္ဂဇင်းများကို တိုက်ဆိုင် ညှိနှိုင်းခဲ့ပါသည်။
ဆရာဇော်ဂျီ၏ ရှေးဦးပိုင်း ကဗျာများကို ဝံသယုဝ မဂ္ဂဇင်း၊ တက္ကသိုလ် ကျောင်းတိုက် မဂ္ဂဇင်း၊ ဂန္ထလောက မဂ္ဂဇင်း အစရှိသော မဂ္ဂဇင်းများတွင် တွေ့ရပါသည်။ နောက်ပိုင်း ကဗျာများကို ရှုမဝ၊ မြဝတီ၊ ငွေတာရီ စသော မဂ္ဂဇင်းများတွင် တွေ့ရပါသည်။
ဆရာဇော်ဂျီ၏ လုံးချင်းကဗျာ စာအုပ်များ အနေနှင့် ၁၉၅၁ ခုနှစ်တွင် ပိတောက်ရွှေဝါ ကဗျာများကို ရှုမဝ စာအုပ်တိုက်က ထုတ်ဝေခဲ့ပါသည်။ ၁၉၆၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ကလောင်အသင်းက ဆရာဇော်ဂျီ၏ ဗေဒါလမ်း ကဗျာများကို ထုတ်ဝေခဲ့ပါသည်။ ၁၉၆၄ ခုနှစ်တွင် ပန်းကံ့ကော် စာစဉ်က ပိတောက်ရွှေဝါ ကဗျာများကို ပြန်လည်ပုံနှိပ် ထုတ်ဝေပါသည်။
၁၉၆၇ ခုနှစ်တွင် ပုဂံ စာအုပ်တိုက်က ဇော်ဂျီ၏ ကဗျာပေါင်းချုပ်ကို ပုံနှိပ်ထုတ်ဝေခဲ့ပါသည်။ ၁၉၇ဝ ပြည့်နှစ်တွင် ကံ့ကော်မြေ စာပေက ဗေဒါလမ်း ကဗျာများကို ထုတ်ဝေခဲ့ပါသည်။
၁၉၇၄ ခုနှစ်တွင် ဆရာဇော်ဂျီ၏ ကဗျာပေါင်းချုပ်သစ်ကို စံပယ်ဦးစာပေက ထုတ်ဝေခဲ့ပါသည်။
၁၉၈၇ ခုနှစ်တွင် ဘဝတက္ကသိုလ် စာပေတိုက်က ဆရာဇော်ဂျီ၏ ရှေးခေတ်ပုဂံ ကဗျာများနှင့် အခြားကဗျာများကို ထုတ်ဝေခဲ့ပါသည်။ ထိုစာအုပ်သည် ၁၉၈၇ ခုနှစ် အမျိုးသားစာပေဆု (ကဗျာ)ကို ရရှိခဲ့ပါသည်။
ဆရာဇော်ဂျီ၏ ကဗျာပေါင်းချုပ် ပြန်လည် ထုတ်ဝေနိုင်ရန် စီစဉ်ရာတွင် ၁၉၇၄ ခုနှစ်တွင် စံပယ်ဦး စာပေက ထုတ်ဝေခဲ့သော ဆရာဇော်ဂျီ ကဗျာပေါင်းချုပ်သစ်နှင့် ၁၉၈၇ ခုနှစ် ဘဝတက္ကသိုလ် စာပေက ထုတ်ဝေခဲ့သော “ရှေးခေတ် ကဗျာများနှင့် အခြားကဗျာများ” စာအုပ်နှစ်အုပ်တို့ကို တစ်စုတည်း ပူးပေါင်း၍ “ဆရာဇော်ဂျီ ကဗျာပေါင်းချုပ်” အဖြစ် ထုတ်ဝေခြင်း ဖြစ်ပါသည်။ ထိုစာအုပ်များတွင် မပါသေးသော ကဗျာများကိုလည်း ရှာဖွေ၍ ထည့်သွင်းထားပါသည်။ ပြည့်စုံနိုင်သမျှ ပြည့်စုံအောင် ကြိုးပမ်းထားပါသည်။
ယခုကဲ့သို့ ဆရာဇော်ဂျီ၏ ကဗျာပေါင်းချုပ် စာအုပ်ကို ထုတ်ဝေနိုင်ရန် ခွင့်ပြုခဲ့သော ဆရာဇော်ဂျီ မိသားစုကို လည်းကောင်း၊ ဆရာမင်းယုဝေကို လည်းကောင်း အထူး ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင် အပ်ပါသည်။
စာပေလောက စာအုပ်တိုက်
Comments
Post a Comment
Comments