ကယ်တင်ရှင် — သင့်လူ

 


၁၉၇၀ ပြည့်လွန်နှစ်တွေက တောင်အာဖရိက ဆိုဝီတိုမှာ အီးပုံးထမ်းနေတဲ့ ကောင်မလေးတစ်ယောက်ဟာ နောင်တစ်ချိန်ကျရင် ဆွီဒင်ဘုရင်နဲ့ ဝန်ကြီးချုပ်တို့နဲ့အတူ အာလူးတင်ကားတစ်စီးထဲ ပိတ်မိနေဖို့ အလားအလာ ဘယ်လောက်ရှိမလဲ။


နွမ်ဘီကို မာရီကီ တွက်ထားတာတော့ ၄၅,၇၆၆,၂၁၂,၈၁၀ ကြိမ်မှာ တစ်ကြိမ်။


သာမန်ဆို မဖြစ်နိုင်ဘူးပေါ့။ Jonas Jonasson ကတော့ အဲ့ဒီမဖြစ်နိုင်လောက်တဲ့ တစ်ကြိမ်ကိုပဲ ဝတ္ထုတစ်အုပ် ရေးပစ်လိုက်တယ်။


နွမ်ဘီကိုက ဆိုဝီတိုမှာ မွေးတယ်။ ကျောင်းတက်ခွင့်မရဘူး။ ငယ်ငယ်ကတည်းက မိလ္လာသန့်ရှင်းရေးအလုပ် လုပ်ရတယ်။ ဒါပေမဲ့ ကိန်းဂဏန်းတွေကို ထူးထူးခြားခြား နားလည်ပြီး လူတစ်ယောက်ပြောနေတာ နားထောင်ရင်း သူဘာကြံနေလဲပါ မြန်မြန်ရိပ်မိတတ်တယ်။


နောက်ပိုင်း စာဖတ်စာရေးသင်ယူပြီး စာကြည့်တိုက်သွားဖို့ ကြိုးစားတယ်။ စာကြည့်တိုက်တော့ မရောက်ဘူး။ လမ်းမှာ အရက်မူးနေတဲ့ အင်ဂျင်နီယာတစ်ယောက်ရဲ့ကားနဲ့ တိုက်ခံရပြီး အဲ့ဒီကနေ တောင်အာဖရိကရဲ့ လျှို့ဝှက်နျူကလီးယားအစီအစဉ်ထဲ ရောက်သွားတယ်။


ဝတ္ထုထဲမှာ အနုမြူဗုံး ခြောက်လုံးလုပ်ရမယ့်အစီအစဉ်ကနေ ခုနစ်လုံးမြောက်တစ်လုံး အပိုထွက်လာတယ်။


ပြဿနာက အဲ့ဒီဗုံးဟာ စာရင်းထဲမှာ မရှိဘူး။


မရှိဘူးဆိုပေမဲ့ တကယ်တော့ ရှိနေတယ်။


နွမ်ဘီကိုကို သဘောကျမိတာ သူဉာဏ်ကောင်းတာတစ်ခုတည်းကြောင့် မဟုတ်ဘူး။ သူ့ဘေးကလူတွေ မာန၊ နိုင်ငံရေးအယူဝါဒ၊ အာဏာနဲ့ လောဘနောက် လိုက်နေချိန်မှာ သူက လောလောဆယ် ဖြေရှင်းရမယ့်ပြဿနာကိုပဲ ကြည့်တယ်။


လူတွေက ကမ္ဘာကြီးကို ပြောင်းမယ်လို့ အော်နေကြတယ်။ နွမ်ဘီကိုကတော့ ဒီညဘယ်မှာအိပ်မလဲ၊ နောက်တစ်လှမ်းဘာလုပ်မလဲ၊ ဒီဗုံးကြီး မပေါက်အောင် ဘယ်လိုထားမလဲဆိုတာ စဉ်းစားနေတယ်။


တစ်ဖက် ဆွီဒင်မှာလည်း ပုံမှန်မဟုတ်တဲ့ မိသားစုတစ်စု ရှိတယ်။ ဘုရင်စနစ်ကို မုန်းတဲ့အဖေတစ်ယောက်၊ ဟိုလ်ဂါလို့ နာမည်တူပေးထားတဲ့ အမြွှာသားနှစ်ယောက်။ နှစ်ယောက်မွေးထားပြီး တစ်ယောက်ပဲ မွေးစာရင်းသွင်းထားလို့ နောက်တစ်ယောက်က လူစစ်စစ်ဖြစ်ပေမဲ့ အစိုးရစာရင်းအရ မရှိတဲ့လူ ဖြစ်နေတယ်။


နောက်ပိုင်း နွမ်ဘီကိုကလည်း စာရွက်စာတမ်းအရ အဆင်မပြေ။ သူတို့ဘေးမှာရှိတဲ့ ဗုံးကလည်း တရားဝင် မရှိ။


တကယ်ရှိနေတဲ့ လူနှစ်ယောက်နဲ့ တကယ်ရှိနေတဲ့ ဗုံးတစ်လုံး။


စာရွက်ပေါ်မှာတော့ မရှိဘူး။


ဒီအချက်ကို တော်တော်သဘောကျမိတယ်။ စနစ်ဆိုတာ လူကို အတည်ပြုပေးဖို့လုပ်ထားတာပေမဲ့ စာရွက်တစ်ရွက် မရှိတာနဲ့ အသက်ရှင်နေတဲ့လူတစ်ယောက်ကိုတောင် “မရှိဘူး” လို့ သတ်မှတ်ပစ်နိုင်တယ်။


ဒီအချက်က ဝတ္ထုရဲ့ သရော်ချက်ထဲမှာ သဘောကျစရာအကောင်းဆုံးတစ်ခု ဖြစ်မယ်ထင်တယ်။


ဒီစာအုပ်ရဲ့ဟာသကလည်း ထူးတယ်။ ရယ်စရာစကားတွေ အတင်းထည့်ပြောတာမဟုတ်ဘူး။ ဆိုးရွားတဲ့ကိစ္စတစ်ခုကို ဘာမှမဖြစ်သလို မျက်နှာတည်တည်နဲ့ ပြောချလိုက်တာမျိုး။


နွမ်ဘီကို ကားတိုက်ခံရတယ်။ နောက်ဆုံး တိုက်ခံရသူကပဲ အပြစ်ရှိသလို ဖြစ်သွားတယ်။


အနုမြူဗုံးတစ်လုံး အပိုထွက်လာတယ်။ ပြောပုံက ကုန်လှောင်ရုံမှာ ပစ္စည်းတစ်ခု စာရင်းပိုနေတာလောက်ပဲ။


ဖတ်နေတုန်း ရယ်ရတယ်။ ခဏကြာမှ ကိုယ်ရယ်လိုက်တဲ့အကြောင်းက တကယ်တော့ မရယ်ရတဲ့ကိစ္စ ဖြစ်နေတယ်။


apartheid ခေတ် တောင်အာဖရိက၊ စစ်အေးကာလ၊ နျူကလီးယားလက်နက်၊ ထောက်လှမ်းရေး၊ ဆွီဒင်တော်ဝင်စနစ်နဲ့ နိုင်ငံတကာနိုင်ငံရေးတွေ ပါပေမဲ့ သမိုင်းသင်ခန်းစာလို မရေးထားဘူး။ တကယ့်သမိုင်းဖြစ်ရပ်တွေကြား စိတ်ကူးယဉ်ဇာတ်ကောင်တွေကို ထိုးထည့်ထားတယ်။


ဒါပေမဲ့ “ဒီလိုဘယ်ဖြစ်နိုင်မလဲ” ဆိုတာနဲ့ပဲ ချိန်မယ်ဆိုရင် ဒီစာအုပ်နဲ့ အဆင်မပြေနိုင်ဘူး။ Jonasson က လက်တွေ့ဆန်တဲ့ကမ္ဘာတစ်ခု ဖန်တီးနေတာမဟုတ်ဘဲ လက်တွေ့ကမ္ဘာကိုယ်တိုင် ဘယ်လောက်ပေါက်ကရနိုင်သလဲဆိုတာ ချဲ့ပြနေတာ။


လူတစ်ယောက် မိုက်မဲတာထက် အဖွဲ့အစည်းကြီးတစ်ခုလုံး စနစ်တကျ မိုက်မဲသွားတာက ပိုရယ်ရတယ်။


ပြီးတော့ ပိုကြောက်ဖို့လည်း ကောင်းတယ်။


ဒီစာအုပ်ကို စဖတ်တုန်းကတော့ ဆိုဝီတိုက အီးပုံးထမ်းသမလေးတစ်ယောက် ဆွီဒင်ဘုရင်နား ဘယ်လိုရောက်သွားမလဲဆိုတာ သိချင်တာ။


နောက်နည်းနည်းရောက်တော့ အဲ့ဒီမေးခွန်းကို မေ့သွားတယ်။


အခု စာရင်းထဲမှာ မရှိတဲ့ အနုမြူဗုံးကြီးတစ်လုံး ရှိနေပြီ။


ဘယ်သူ့ဆီ အပ်ရမလဲ။


ပစ်ထားလို့ မရဘူး။ အိမ်မှာထားလို့ မရဘူး။ ပေါက်သွားလို့ကတော့ ပိုမဖြစ်ဘူး။


ဒီတော့ ဘာလုပ်ကြမလဲ။


ဒီစာအုပ်ကို ဆရာ သင့်လူက  ဇာတ်ကြောင်းပြောသံကို သွက်သွက်လက်လက် ထိန်းထားပြီး ဇာတ်ကောင်တွေရဲ့စကားပြောခန်းတွေမှာ အရပ်သုံးစကားနဲ့ ဆဲသံတွေကို အားမနာတမ်း သုံးထားတယ်။ ‘စောက်ပိန်း’၊ ‘စောက်ရူး’၊ ‘သေနာကျကြီး’ ဆိုတဲ့ ပြန်ဆိုချက်တွေက ချောမွေ့ယဉ်ကျေးအောင် ပြင်ထားတာထက် ဇာတ်ကောင်တွေရဲ့ ဗရုတ်သုက္ခသဘာဝနဲ့ ပိုလိုက်တယ်။ တချို့အရွှန်းတွေမှာ နိုင်ငံခြားဝတ္ထုတစ်အုပ်ကို ဖတ်နေတာပါလားဆိုတာတောင် မေ့သွားတတ်တယ်။


နိုင်ငံရေးသရော်စာ၊ မဖြစ်နိုင်လောက်တဲ့ စွန့်စားခန်းနဲ့ မရယ်ရတဲ့ကိစ္စကို တည်တည်ကြီးပြောလို့ ရယ်မိရတဲ့ ဟာသမျိုး ကြိုက်တယ်ဆို “ကယ်တင်ရှင်” ကို စမ်းဖတ်ကြည့်သင့်တယ်။


အစမှာဖော်ပြထားတဲ့ ၄၅,၇၆၆,၂၁၂,၈၁၀ ကြိမ်မှာ တစ်ကြိမ်သာဖြစ်နိုင်တဲ့ အာလူးတင်ကားအဖြစ်ဆီ နွမ်ဘီကို ဘယ်လိုရောက်သွားမလဲဆိုတာ သိထားရုံနဲ့ ဇာတ်လမ်းပေါက်မသွားဘူး။ ဆိုဝီတိုက မိလ္လာစခန်းနဲ့ ဆွီဒင်ဘုရင်ကြားမှာ ဘာတွေဝင်ရှုပ်ကြဦးမလဲဆိုတာကမှ တကယ့်ဖတ်စရာပါ။ တစ်ခန်းလောက်ပဲဆိုပြီး စဖတ်ဖို့တော့ မကောင်းဘူး။ ဒီစာအုပ်ရဲ့ တစ်ခန်းက နောက်တစ်ခန်းကို မသိမသာ လက်ဆွဲခေါ်သွားတတ်လို့ပါ။


#ကယ်တင်ရှင် #သင့်လူ

#Jonas Jonasson

#Whisper_Of_Words_Mmepub 

Comments