အပြစ်မဲ့ အပြစ်သား - သက်ပိုင်
အပြစ်မဲ့ အပြစ်သား - သက်ပိုင်
The Boy In The Striped Pajamas (အပြစ်မဲ့အပြစ်သား)
ဘာသာပြန် ထားတာကတော့ စာရေးဆရာ သက်ပိုင်ပေါ့၊ စာရေးဆရာက သူ့အကြောင်းကို သိပ်အကျယ်တဝင့် ရေးထားတာမျိုးတော့ မရှိဘူး။
ဒီစာအုပ်က စာအုပ်အနေနဲ့ နာမည်ကြီးသလို ရုပ်ရှင်ထွက်တော့လည်း တော်တော် နာမည်ကြီးခဲ့တယ်။ ဘာသာပြန်ဆိုပေမဲ့ ထိထိမိမိနဲ့ စာအုပ်ကို လက်က မချချင်ရလောက်အောင် အရေးအသား စွမ်းရည်ကတော့ လေးစားလောက်ပါတယ်။ ဒီထဲမှာ ဇာတ်အိမ်တည်ထားတာက လူငယ်လေး နှစ်ယောက်ကိုပေါ့။ ဂျာမန်စစ်ဗိုလ်တစ်ယောက်ရဲ့ အငယ်ဆုံးသားလေး ဘရူနို နဲ့ ဂျူးကလေးအကျဥ်းသား ရှမူးလ်နဲ့ပေါ့။ ရှမူးလ်အပိုင်းကတော့ စာအုပ်ရဲ့ တစ်ဝက်လောက်မှ စပါတာပါ။ ဖျူရီလို့ခေါ်တဲ့ ဟစ်တလာ ဘရူနိုတို့အိမ် ညစာလာစားတဲ့ ရက်ကနေစပြီး ပျော်ရွှင်စရာဘရူနိုဘဝဟာ တစ်ဆစ်ချိုး ပြောင်းသွားပါတော့တယ်။
ဘရူနိုရဲ့ ဘာလင်အိမ်ကနေ အိပ်မက်ဆိုးဖြစ်တဲ့ ဂျူးအကျဥ်းထောင်နားက အိမ်ကိုပြောင်းရပြီး နောက်မှာ တွေ့ဖို့ အကြောင်းဖန် လာတာပေါ့။ ကလေးသဘာဝ သူငယ်ချင်းသံယောဇဥ်တွေ ပတ်ဝန်းကျင်ရှုခင်းအပေါ် သာယာမှုတွေကို အပြောင်းအလဲအဖြစ် မြင်ရတဲ့အခါ ရက်သတ္တပတ်လောက် စိတ်ညစ်တဲ့ဒဏ်ကို အလူးအလဲ ခံခဲ့ရပါတယ်။
ဇာတ်လမ်းပြန်ဆက်ရရင် ငယ်စဥ်ကတည်းက ဖခင်ရဲ့လောင်းရိပ်မိလာတဲ့ ဘရူနို ဟာ ဂျာမန်လူမျိုးတွေသာ အမြင့်မြတ်ဆုံး ဆိုတဲ့ မှိုင်းသွင်းခံထားရပါတယ်။ ဘာမှမသိမနားလည်သေးတဲ့ ဘရူနိုဟာ စိတ်ကလေးကတော့ အဖြူထည်လေးပေါ့။ မေးခွန်းတွေနဲ့ ပြည့်နှက်နေပြီး အရာရာကို စူးစမ်းချင်နေပါတယ်။ ကိုယ်ချင်းစာ သနားတတ်တဲ့ ဓာတ်ခံရှိသူပီပီ လိမ်ဆင်တွေနဲ့ သမိုင်းနဲ့ပထဝီကို သူမုန်းပါတယ် သူ့အကြိုက် ပြဇာတ်နဲ့ ဂီတတွေကို သင်ချင်ပေမယ့် ဆရာမိဘတွေရဲ့ အရောင်ဆိုးမှုကြောင့် လွတ်"လပ်"လေ့လာခွင့် မရခဲ့ပါဘူး။
ဖိနှိပ်လေရုန်းထွက်တတ်တဲ့ လူသဘာဝအတိုင်း ဘရူနိုလေးဟာ အခန်းပြတင်းပေါက်က ခပ်လှမ်းလှမ်းက တံတိုင်းခတ်ထားတဲ့ ရွာက ရွယ်တူကလေးတွေ (ဂျူးကလေးအကျဥ်းသားတွေ) ဆီ သွားချင်စိတ် ပြင်းပြနေခဲ့ပါတယ်။ ဒီစိတ်ကပဲ တံတိုင်းတစ်ဖက် ကိုယ်စီခြားနေတဲ့ ရှမူးလ်ဆိုတဲ့ ကောင်လေးနဲ့ တွေဖို့ဖန်လာတာပါပဲ။
ပိန်လှီလွန်းတဲ့ သူ့သူငယ်ချင်းလေးကို အစားအစာ ခိုးဝှက်စွန့်စား သယ်လာပေးတတ်တဲ့ စိတ်ကောင်းရှိတဲ့ ဘရူနိုဟာ တစ်နေ့မှာ သူ့အဖေရဲ့လက်ထောက် လက်ဖ်တနင် ခိုင်းစေမှုနဲ့ သူတို့အိမ်ဆီ ရောက်လာတဲ့ ရှမူးလ်ကို အစာခိုးကျွေးတာ မိသွားပြီး လိမ်လည်ပြီး ကိုယ်လွတ်ရုန်းကာ မတတ်သာတဲ့အဆုံး သူငယ်ချင်းကို သစ္စာဖောက်ခဲ့ရပါတယ်။ အဲ့စိတ်နဲ့ပဲ သူ့သူငယ်ချင်းအပေါ် အားနာနေပြီး စိတ်မကောင်းဖြစ်နေရတဲ့ ဘရူနိုဟာ နေ့တိုင်း ခြံစည်းရိုးကို သွားပေမယ့် တစ်ပတ်လောက် ရှမူးလ်က မပေါ်တော့ဘူးလေ။ ရှမူးလ်ပြန်ပေါ်လာတဲ့နေ့မှာ ရှမူးလ်နဲ့အတူ သတင်းဆိုးလည်း ပါလာခဲ့ပါတယ်။ သူ့အဖေ ပျောက်နေကြောင်းပေါ့။
သူငယ်ချင်းကိုခင်တဲ့စိတ်၊ အားနာတဲ့စိတ်နဲ့ ဘရူနိုဟာအရဲစွန့်ပြီး သူအမြဲပြန်ချင်နေပါတယ် ဆိုတဲ့ ဘာလင်အိမ်ကို မပြန်ရခင် တစ်ရက်အလိုမှာ ရှမူးလ်နဲ့ပူးပေါင်းပြီး အကျဥ်းထောင်ထဲကို ရုပ်ဖျက်ဝင်ကာ ရှမူးလ်အဖေ ရှာပုံတော် ထွက်ခဲ့ပါတယ်။ ကံအကြောင်းမလှစွာနဲ့ ဆယ်ကျော်သက် ကောင်လေး နှစ်ယောက်စလုံးဟာ နာဇီဂျာမနီတို့ရဲ့ ဂျူးသန်းနဲ့ချီအား လူမဆန်စွာ သတ်ခဲ့ကြတဲ့ ဓာတ်ငွေ့ခန်း လုံပိတ်ကြီးထဲမှာ ပိတ်မိပြီး ရှမူးလ်အဖေအပါအဝင် သန်းပေါင်းများစွာသော ဂျူးလူမျိုးတို့ သွားရာနောက်ကို လိုက်သွားခဲ့ကြပါတော့တယ်။
youths_book_reflections
bookreview - The Boy In The Striped Pajamas (အပြစ်မဲ့အပြစ်သား) - သက်ပိုင်

Thank
ReplyDelete